ကျွန်မတို့ တောင်ကြီးမြို့ကိုဝင်တဲ့ အတက်လမ်းနဲ့အဆင်းလမ်း နှစ်ခုဆုံတဲ့ ပစောက်ကွေ့နားမှာ ဆိုင်းပုဒ်ကြီးတစ်ခု ထောင်ထားတယ်။ အတက်လမ်းဆိုင်းပုဒ်ဘက်မှာ "ကြိုဆိုပါ၏"လို့ ရေးထားပြီး အဆင်းလမ်းဘက်မှာ "ပြန်လည်တွေ့ဆုံကြပါဦးစို့"လို့ ရေးထားတယ်။ ကျွန်မတို့က တောင်ကြီးမြို့နဲ့ရွာကို အဆင်းအတက်အမြဲလုပ်နေတော့ တောင်ကြီးမြို့က ကျွန်မတို့ကို ကြိုဆိုလိုက်၊ ပြန်လည်တွေ့ဆုံမယ်လို့ နှုတ်ဆက်လိုက်နဲ့ပေါ့။
ကျွန်မတို့မှာလည်း ဘဝအကွေ့တွေကများတော့ လူတွေနဲ့ တွေ့ဆုံလိုက်၊ ကွဲကွာလိုက်ပေါ့။ နေစရာအတည်တကျမရှိတဲ့ ကျွန်မမှာလည်း ဟိုရောက်လိုက် ဒီရောက်လိုက်ပါပဲ။ ခုလည်း ဘဝအကွေ့လေးတစ်ခုမှာ ပြန်လည်တွေ့ဆုံကြပါဦးစို့လို့ ကျွန်မနှုတ်ဆက်ဖို့ အချိန်တန်ခဲ့ပါတယ်။ ဆရာမအလုပ်ကထွက်၊ အင်တာနက်ကိုရောင်းပြီး ကျွန်မရဲ့ကိုယ်ရေးကိုယ်တာ ကိစ္စအတွက်နဲ့ တောင်ကြီးမြို့ကို ပြန်ပါတော့မယ်။ တောင်ကြီးကိုရောက်ရင် အင်တာနက်အခက်အခဲနဲ့ တစ်ခြားအခက်အခဲတွေကြောင့် အရင်ကလိုပို့စ်တွေကို မျက်စိနောက်လောက်အောင် တင်နိုင်တော့မှာ မဟုတ်ကြောင်း အများဝမ်းသာရအောင် အားနာပါးနာ ပြောခဲ့ချင်ပါတယ်။
ဘလော့ရေးခဲ့တဲ့ လေးနှစ်တာကာလအတွင်း အမြဲလာရောက်ဖတ်ရှု အားပေးကြသူအပေါင်းကို အထူးပဲကျေးဇူးတင်ပါတယ်။ ကျွန်မဘာရေးရေး ဖတ်ရှုပေးကြတဲ့အတွက်လည်း ဝမ်းသာမိပါတယ်။ ဟုတ်တာရော၊ မဟုတ်တာတွေရော ပို့စ်ပေါင်းများစွာ ကျွန်မရေးခဲ့ပါတယ်။ အဲဒီပို့စ်တွေကို မကြာခင်မှာ စာအုပ်တွေအဖြစ်နဲ့ Synergy Publication စာအုပ်တိုက်ကနေ ထွက်ရှိလာအုန်းမှာပါ။ အဲဒီအခါကျရင်လည်း ဆက်လက်အားပေးကြပါအုန်းလို့...း)
ဒီနှစ်တွေအတွင်း ကျွန်မဘက်က တစ်ခုခုအမှားအယွင်း လုပ်ခဲ့မိတာပဲဖြစ်ဖြစ်၊ ရိုင်းစိုင်း မောက်မာခဲ့မိတာပဲဖြစ်ဖြစ်ရှိခဲ့ရင် အပြစ်မယူဘဲ အသိဉာဏ်မဲ့သူအဖြစ် ခွင့်လွတ်နားလည်ပေးကြဖို့ တောင်းပန်ပါတယ်။
တောင်ကြီးကို လာလည်ကြဖို့ ဖိတ်ခေါ်ပါတယ်။ အခါအခွင့်သင့်လို့ တောင်ကြီးကိုရောက်ခဲ့ရင်လည်း ကျွန်မကို ဆက်သွယ်နိုင်ပါတယ်။ အိမ်ကြီးအိမ်ကောင်းတွေ မပိုင်ဆိုင်ထားပေမယ့် နွေးထွေးတဲ့ ကြိုဆိုမှုတော့ရှိပါတယ်။ လိုအပ်တဲ့ အကူအညီရှိရင်လည်း ကျွန်မကိုသတိရပါလို့... ဘလော့မရေးဖြစ်တော့ပေမယ့် တတ်နိုင်သလောက် ကူညီမှုတော့ ကျွန်မမှာရှိပါသေးတယ်။
အားလုံး လိုအင်ဆန္ဒပြည့်ဝကြပါစေလို့
တစ်ချိန်ချိန်မှာ ကျွန်မတို့ ပြန်လည်တွေ့ဆုံကြရအောင်....
အားလုံးကို ခင်မင်လေးစားလျှက်
နိုင်းနိုင်းစနေ