သူဟာ တစ်ယောက်တည်း အထီးကျန်နေတဲ့ ပန်းချီဆရာတစ်ဦးဖြစ်တယ်။ စိတ်ကူးအိပ်မက်တွေကလွဲလို့ သူ့မှာ ဘာမှမရှိခဲ့ပါဘူး။ စိတ်ကူးအိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ ဟိုးအဝေးက Kansasဆိုတဲ့မြို့ကို သူခရီးထွက်ခဲ့တယ်။
မြို့ရောက်တာနဲ့ သတင်းစာတိုက်တစ်တိုက်မှာ သူအလုပ်လျှောက်ခဲ့တယ်။ သတင်းစာအတွက် လိုအပ်တဲ့သရုပ်ဖော်၊ ဆောင်းပါးတွေကို သူရေးနိုင်ကြောင်းလျှောက်ခဲ့ပေမယ့် တာဝန်ရှိသူတွေက သူ့ဆောင်းပါးတွေကို ဆန်းသစ်ဆွဲဆောင်မှု မရှိဘူးဆိုပြီး ခေါင်းခါငြင်းဆန်ခဲ့ကြတယ်။
အငြင်းဆန်ခံရတဲ့သူဟာ အပြင်ထွက်ပြီး အလုပ်လုပ်ဖို့ကြိုးစားနေကြတဲ့ တစ်ခြားလူငယ်တွေလို ကျရှုံးခြင်း၊ မျှော်လင့်ချက်မဲ့ခြင်း၊ စိတ်ဓာတ်ကျခြင်း စတဲ့အရသာကို ပထမဆုံးအကြိမ် ခံစားခဲ့ရတယ်။
နောက်ဆုံးမှာ ဘုရားကျောင်းအတွက် ပန်းချီဆွဲပေးရတဲ့အလုပ်ကို သူရခဲ့တယ်။ ဒါပေမယ့် ရတဲ့လုပ်အားခက နည်းလွန်းတာကြောင့် အခန်းမငှားနိုင်ခဲ့ရှာဘူး။ အဲဒီလိုနဲ့ စွန့်ပစ်ကားဂိုဒေါင်တစ်ခုကို အခမဲ့ငှားရမ်းပြီး သူ့ရဲ့ယာယီအလုပ်ခန်းလေး လုပ်ခဲ့တယ်။ ဓာတ်ဆီနံ့၊ ဆီချေးနံ့တွေနံစော်နေတဲ့ ဂိုဒေါင်ထဲမှာနေပြီး နေ့တိုင်း ညဥ့်နက်သည့်တိုင် သူအလုပ်လုပ်ခဲ့တယ်။
အခန်းထဲမှာနေတဲ့ အတောအတွင်း သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့အရာက ကြွက်ပဲဖြစ်တယ်။ သူအိပ်ချိန်မီးပိတ်လိုက်တာနဲ့ ကြမ်းပြင်ပေါ်မှာ တကျိကျိအော်မြည်ပြီး ပြေးလွှားနေတဲ့ကြွက်သံကို သူကြားခဲ့ရတယ်။ ဒါပေမယ့် နောက်တစ်ရက်မှာ အင်အားအပြည့်နဲ့ အလုပ်လုပ်နိုင်ဖို့ အဲဒီအသံတွေကိုသည်းခံပြီး သူအိပ်ခဲ့တယ်။ ပင်ပန်းတဲ့အတွက် ခေါင်းချတာနဲ့ သူအိပ်မောကျသွားတတ်တယ်။ ဒီလိုနဲ့ ကားဂိုဒေါင်ဟောင်းလေးထဲမှာ ဆင်းရဲသား ပန်းချီဆရာတစ်ဦးနဲ့ ကြွက်တစ်ကောင်တို့ဟာ အတူတကွ နေထိုင်ခဲ့ကြတယ်။
တစ်ညမှာ ခေါင်းငိုက်စိုက်အလုပ်လုပ်နေရာက ညောင်းညာတဲ့ဒဏ်ကြောင့် ရုတ်တရက် အကြောဆန့်ဖို့ သူခေါင်းထောင်လိုက်တဲ့အချိန် ဝါကျင်ကျင်မီးရောင်အောက်က လင်းလက်နေတဲ့မျက်လုံးတစ်စုံကို သွားတွေ့မိတယ်။ ဒီလိုကြွက်တစ်ကောင်ကို လွန်ခဲ့တဲ့နှစ်တွေမှာသာ သူတွေ့မိခဲ့ရင် နည်းအမျိုးမျိုးသုံးပြီး သတ်မိမှာအမှန်ပါပဲ။ ဒါပေမယ့် အခုချိန်မှာ သူ့အတွက် ကြွက်ရှင်တစ်ကောင်ဟာ ကြွက်သေတစ်ကောင်ထက် ပိုစိတ်ဝင်စားစရာကောင်းနိုင်မယ်လို့ သူထင်ခဲ့တယ်။
အနုပညာရှင်ကြီးတွေမှာရှိသင့်တဲ့ စိတ်ဓာတ်မျိုးနဲ့ ဆင်းရဲဒုက္ခတွေကို ခါးစည်းခံဖို့ သူပြင်ဆင်ဆုံးဖြတ်လိုက်ပြီး သူ့အတွက်တစ်ဦးတည်းသောအဖော် ချစ်စရာကောင်းတဲ့ ကြွက်ကလေးကို သူပြုံးပြီးကြည့်လိုက်မိတယ်။ ဒါပေမယ့် ကြွက်ကလေးက အရိပ်တစ်ခုလို လှစ်ခနဲသူရှေ့က ပျောက်ကွယ်သွားခဲ့ပါတယ်။
ပြတင်းပေါက်အပြင်ဘက်က လေတိုးသံကို နားစွင့်နေရင်း သူ့အနားမှာ ကြွက်ကလေးတစ်ကောင် ရှိနေခဲ့လို့ သူဟာ အထီးကျန်သူတစ်ယောက် မဟုတ်ကြောင်း ခံစားမိလိုက်တယ်။ ကြွက်ကလေးဟာ ရှက်သွေးဖြာပြီး ထွက်ပြေးသွားတဲ့ မိန်းမလှလေးလို သူ့အနား ပြန်လာဦးမယ်ဆိုတာကို ယုံကြည်ရင်း အလုပ်တွေကို သူဆက်လုပ်နေခဲ့တယ်။
သူယုံကြည်တဲ့အတိုင်း ကြွက်ကလေးက တစ်ကြိမ်ပြီးတစ်ကြိမ် သူ့အနားရောက်ရောက်လာခဲ့တယ်။ ညအချိန်သာမက နေ့အချိန်မှာလည်း ထွက်လာတတ်တဲ့ ကြွက်ကလေးကို သူမခြောက်လှန့်ခဲ့မိသလို၊ ထိခိုက်နာကျင်အောင်လည်း မလုပ်ခဲ့မိဘူး။ ကြမ်းပြင်ပေါ်က ကြွက်ကလေးဟာ ပုံစံအမျိုးမျိုးနဲ့ သူ့ကိုဖြေဖျော်နေခဲ့တယ်။ ပွဲကြည့်သူပရိသတ်အဖြစ်နဲ့ ကြွက်ကလေးကို ပေါင်မုန့်အနားသားတွေ ဖဲ့ခြွေပြီး သူဆုချခဲ့တယ်။
တဖြေးဖြေး သူတို့ကြားမှာ အချင်းချင်းယုံကြည်မှုတွေရှိလာခဲ့ပြီး မိတ်ဆွေဖွဲ့လာနိုင်ခဲ့တယ်။ စစချင်းမှာ ကြွက်ကလေးဟာ သူနဲ့အတန်ငယ်ဝေးတဲ့နေရာမှာပဲ နေရဲခဲ့တယ်။ နာကျင်ထိခိုက်အောင် သူမလုပ်မှန်းသိမှ တဖြေးဖြေး အနားကပ်လာရဲခဲ့တယ်။ နောက်ဆုံးမှာ ကြွက်ကလေးဟာ သူပန်းချီဆွဲနေတဲ့ ခုံပေါ်အထိ ခုန်တက်ရဲခဲ့ပြီး စတိုင်လ်အမျိုးမျိုးနဲ့ သူ့ကိုဖြေဖျော်နေခဲ့တယ်။ ကြွက်ကလေးကို သူမမောင်းထုတ်ရက်ခဲ့ဘူး။ ပုံစံအမျိုးမျိုးနဲ့ ပြေးလွှားဆော့ကစားနေတဲ့ ကြွက်ကိုပဲ တိတ်တဆိတ် သူငေးကြည့်နေခဲ့မိတယ်။
အချင်းချင်းယုံကြည်မှုက လှပတဲ့ပတ်ဝန်းကျင်တွေကို ဖန်ဆင်းနိုင်ပါတယ်။
သိပ်မကြာခင်မှာ ပန်းချီဆရာဟာ Kansasမြို့ကိုစွန့်ပြီး ဟော်လီဝှဒ်မှာ ကာတွန်းကားတစ်ကား ရေးဆွဲပေးဖို့ ရောက်သွားခဲ့တယ်။ ဒါဟာ သူ့အတွက် အလွယ်တကူမရနိုင်တဲ့ အခွင့်အရေးဖြစ်တဲ့အပြင် သူ့ရဲ့တွေးတောမှုတွေကို ဖွင့်လှစ်ပေးတဲ့ တံခါးတစ်ချပ်လည်းဖြစ်ခဲ့တယ်။ ဒါပေမယ့် ကံမကောင်းစွာနဲ့ နောက်တစ်ကြိမ် ကျရှုံးခြင်းနဲ့ သူထပ်မှန်ရင်ဆိုင်ခဲ့ရရုံမက ကုန်းကောက်စရာ ငွေကြေးမရှိတဲ့အပြင် အလုပ်လက်မဲ့ဖြစ်ခဲ့ရတယ်။
ရှုံးနိမ့်တဲ့ဒဏ်၊ စိတ်ဓာတ်ကျခြင်းတွေနဲ့ မှောင်နက်မည်းမည်းအခန်းထဲမှာ ညအတော်များများကို မအိပ်ဘဲ ငုတ်တုတ်ထိုင်ပြီး သူဖြတ်သန်းခဲ့တယ်။ သူ့အရည်အချင်းနဲ့ သူ့လုပ်နိုင်စွမ်းကို စပြီး သူသံသယရှိလာခဲ့မိတယ်။ တကယ်ပဲ အသုံးမကျသူအဖြစ် သူ့ကိုယ်သူ ယုံမှားလာခဲ့မိတယ်။ ထွက်ပေါက်တစ်ခုအတွက် သူ့ကိုယ်သူ ဆန်းစစ်ခဲ့မိတယ်။
ဒုက္ခဆင်းရဲတွေနဲ့ ဘဝယိမ်းယိုင်နေချိန် တစ်ညမှာ Kansasမြို့မှာဆုံခဲ့တဲ့ ကြွက်ကလေးကို ရုတ်တရက် သူသတိရလာခဲ့မိတယ်။ ကြမ်းပြင်ပေါ်မှာ ခုန်ပေါက်ပြေးလွှားနေတဲ့ ကြွက်ကလေးကို မြင်ယောင်ရင်း လင်းလက်တဲ့အတွေးတစ်စ သူခေါင်းထဲဝင်လာခဲ့တယ်ဆိုရင်ပဲ နေရာကအမြန်ထပြီး ကြွက်ပုံတစ်ပုံကို သူရေးဆွဲလိုက်မိတယ်။
ဒီလိုနဲ့ သူရဲ့စုတ်တံအောက်ကနေ ခေတ်အဆက်ဆက် နာမည်ကြီးခဲ့တဲ့ Mickey Mouseဆိုတဲ့ ကြွက်တစ်ကောင် မွေးဖွားလာခဲ့တယ်။
အဲဒီဆင်းရဲသားပန်းချီဆရာက နောင်နောက်ခါ အမေရိကန်သမိုင်းမှာ Walt Disneyဆိုပြီး ထင်ရှားကျော်ကြားခဲ့သူ ဖြစ်ပါတယ်။
ဘုရားသခင်က ဒစ်စနီကို ကြွက်တစ်ကောင်ပဲပေးခဲ့တယ်။ ဒါတောင် ဒစ်စနီကိုယ်တိုင် စားစရာ ပေါင်မုန့်တစ်ချပ်တောင် မရှိတဲ့အချိန်မှာ ပေးခဲ့တာဖြစ်တယ်။ ငတ်နေချိန်မှာ ရောက်လာတဲ့ကြွက်ကို ဒစ်စနီက သတ်မစားခဲ့ပါဘူး! အဲဒီကြွက်ကို အသုံးပြုပြီး အဖိုးမဖြတ်နိုင်တဲ့ ကာတွန်းတိုင်းပြည်ကို တည်ထောင်နိုင်ခဲ့တယ်။ အောင်မြင်မှုဆိုတာ ကြီးမားတဲ့အခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်ခဲ့တဲ့ ကြိုးစားအားထုတ်မှုရဲ့ ရလဒ်ဖြစ်တယ်။ အောင်မြင်ဖို့ ချက်ချင်းလက်ငင်း လုပ်ယူလို့မရပါဘူး။ အောင်မြင်ဖို့ ကြိုးစားမှုတွေကို တဖြေးဖြေးစုပုံရပါတယ်။
မူရင်းရေးသားသူ -- Thomas Waterman
နိုင်းနိုင်းစနေ ဘာသာပြန်သည်။