Tuesday, June 29, 2010

သင့်အပြော ချိုမြိန်သလား?


ဒီမနက် ဖေဖေအိမ်ရာထတော့ အိမ်မှာဘယ်သူမှ ရှိမနေဘူး။ ဒါနဲ့ သမီးမေမေရဲ့ဟမ်းဖုန်းကို ကောက်ဆက်တော့ ဖုန်းကို သမီးကကိုင်တယ်။

“သမီးတို့ ဘယ်သွားနေကြတာလဲ?”လို့ ဖေဖေမေးတယ်။

“ဒီနေ့ တရုတ်စာသင်တန်းရှိတယ်ဆိုတာ မသိဘူးလား?” ဖုန်းတစ်ဘက်က သမီးအသံကို ကြားလိုက်တယ်။ “ဆရာမအိမ်အသွားလမ်းမှာ ရောက်နေတယ်” လို့ သမီးပြောတယ်။

ညစာထမင်းစားချိန်မှာ ကြောင်အိမ်ထဲက ဘီယာပုလင်းကိုယူဖို့ ဖေဖေ မီးဖိုထဲရောက်လာတယ်။ အဲဒီအချိန်မှာ သမီးလည်းရောက်လာပြီး ဖေဖေရှေ့ကနေ တစ်ခုခုယူဖို့ ကြောင်အိမ်ကိုဖွင့်တယ်။

“သမီး ဘာယူမလို့လဲ?” ဖေဖေအမေးကို သမီးက ပြန်မဖြေဘဲ ကြောင်အိမ်ထဲကနေ ပန်းကန်တစ်ချပ်ယူပြီး ဖေဖေ့မျက်စိရှေ့ဝှေ့ယမ်းပြတယ်။ ပြီးတော့ လှည့်ထွက်သွားခဲ့တယ်။

မနက်မှာ သမီးကျောင်းသွားဖို့ ပြင်ဆင်ရတာမို့ ဖေဖေစကားများများ မပြောခဲ့ဘူး။ သမီးစိတ်ခံစားချက် ပျက်ပြားမှာစိုးလို့ ညနေ ထမင်းမစားခင်မှာလည်း ဖေဖေမပြောခဲ့ဘူး။ ဒါပေမယ့် သမီးကို ဖေဖေအသိပေးစကားပြောဖို့ အချိန်တန်နေပြီ။

သမီးမူကြိုတက်စမှာ မိဘတွေကို ကျောင်းကအသိပေးစာတစ်စောင် ပို့ပေးခဲ့တာ သမီးမှတ်မိသေးလား? အဲဒီအသိပေးစာမှာ မိဘတွေဟာ ကလေးငယ်တွေနဲ့ ဘယ်လိုပြောဆိုဆက်ဆံရမလဲဆိုတာ လမ်းညွှန်ထားတယ်။

“ကလေးငယ်တွေဟာ တိုက်ရိုက်ပြောတဲ့၊ ဟုတ်မှန်တဲ့စကားတွေကို နားထောင်တယ်” လို့ အသိပေးစာမှာ ရေးထားတယ်။

“အန္တရာယ်ဖြစ်စေနိုင်တဲ့ အပြုအမူကို ကလေးတွေပြုလုပ်မိတဲ့အခါ လူကြီးတွေက “အမြင့်ပေါ်တက်နေတာ သေချင်နေလား?” လို့ မဆူပူသင့်ဘူး။ လူကြီးအပြောကို ကလေးတွေနားမလည်ဘဲ ဘာလုပ်ဘာကိုင်ရမှန်း မသိဖြစ်တတ်တယ်။ လူကြီးတွေရဲ့ ခက်ထန်တဲ့မျက်နှာထားကြောင့် အစက မြဲမြဲကိုင်ထားတဲ့ ကလေးငယ်ရဲ့လက်ဟာ လန့်ပြီးလွှတ်ချတာတို့၊ လက်လွတ်လိုက်တာတို့ ဖြစ်တတ်တယ်။ ဒါကြောင့် လူကြီးတွေက ကလေးတွေကို “မြန်မြန်ဆင်းခဲ့ အန္တရာယ်ရှိတယ်”ဆိုတဲ့ တိုက်ရိုက်စကား၊ နားထောင်ရုံနဲ့ သူတို့နားလည်လွယ်တဲ့ တည့်စကားကို ပြောပေးရမယ်။

မကြာသေးခင်က သမီးတို့ကျောင်းမှာ စာရွက်တစ်ရွက်ဝေတာ သမီးမှတ်မိလား? အဲဒီစာရွက်ပေါ်မှာ လိမ္မာယဉ်ကျေးတဲ့စကားတွေ ဘယ်လိုပြောရမယ်ဆိုတာ သင်ထားတယ် မဟုတ်လား? စာရွက်ပေါ်မှာ "Nice Expressions"လို့ ရေးထားတယ်။

(Please)
(Thank You.)
(Excuse Me.)
(I am Sorry.)
(How Are You Doing?)
(Have A Good Time!)
(That Is Really Nice.)
(Let's Take Turns.)
(I'll Share with you.)
(Come And Sit With Us.)
(Can I Help You With That?)
(Come And Play With Us.)
(You Are A Good Friend.)
(It's Your Turn Now.)
(You Are Very Good At That.)
(I Like Your Idea.)
(I Understand How You Feel.)
(There Is Always Room For you.)
(I'll Show You Now.)
(Good Luck.)

အဲဒီစာရွက်ကို သမီးယူလာတုန်းက ဖေဖေတော်တော် အံ့သြသွားခဲ့သေးတယ်။

“အမလေး… အလယ်တန်းတက်တော့မယ့် ကလေးတစ်ယောက်ကို ဒီလိုအခြေခံတွေ သင်နေသေးတယ်” လို့ ဖေဖေပြောခဲ့တယ်။

ဒါပေမယ့် ဒီနေ့မှာ ဖေဖေနားလည်လိုက်ပါတယ်။ ကလေးတွေဟာ ကြီးပြင်းလာတာနဲ့အမျှ ကိုယ်ပိုင်အသိ၊ အမြင်တွေရှိလာတယ်။ တဖြည်းဖြည်း အရွယ်ရောက်လာလေ ယဉ်ကျေးသိမ်မွေ့တဲ့ အပြောတွေ သင်ပေးရလေဖြစ်တယ်။ ဒါကို ဖေဖေ သာဓကပြရရင် ဒီမနက် ဖေဖေကို သမီးပြောခဲ့တဲ့စကားတွေက ယဉ်ကျေးသိမ်မွေ့ပါသလား?

“သမီးတို့ ဘယ်သွားနေကြတာလဲ”လို့ ဖေဖေမေးတုန်းက “တရုတ်စာသင်တန်းသွားတဲ့ လမ်းပေါ်မှာပါ” လို့ ဘာလို့ သမီးတိုက်ရိုက်မပြောဘဲ “ဒီနေ့ တရုတ်စာ သင်တန်းရှိတယ်ဆိုတာ မသိဘူးလား?” လို့ နားထောင်ရခက်တဲ့စကားကို သမီးပြောခဲ့တာလဲ?

သမီး… သမီး ကြီးပြင်းပြီး အရွယ်ရောက်နေပါပြီ။ စကားပြောနည်းတွေကို သမီးနားလည်သင့်နေပြီ။ စကားပြောတတ်တဲ့လူတွေဟာ နားထောင်ရခက်တဲ့၊ ရန်လိုတဲ့စကားတွေနဲ့ တစ်ဘက်လူကို ဖိအားပေး မပြောတတ်ကြဘူး။

တကယ်လို့ ဒီနေ့ ရာသီဥတုအေးတယ်ဆိုပါစို့ ၊ သမီးက အနွေးထည်မဝတ်ဘဲနေရင် သမီးမေမေက “ခဲပြီး သေသွားချင်လား?” လို့ သမီးကိုအော်မယ့်အစား “ဒီနေ့ အေးတယ်။ အင်္ကျီများများဝတ်ထား” လို့ပြောရင် သမီးဘယ်လို ခံစားရမလဲ?

တကယ်လို့ ကျောင်းခန်းထဲမှာ သမီးပြတင်းပေါက်ဖွင့်ထားရင် သူငယ်ချင်းတွေက “နင်မချမ်းဘူးလား? နင်မချမ်းလည်း ငါတို့ချမ်းတယ်” လို့ ပြောမယ့်အစား “ပြတင်းပေါက် ပိတ်လိုက်နော်၊ အအေးမိနေဦးမယ်” လို့ ဂရုစိုက်စကားဆိုရင် သမီးဘယ်လို ခံစားရမလဲ?

“အင်္ကျီများများဝတ်”၊ “ပြတင်းပေါက်မဖွင့်နဲ့” ဆိုတဲ့စကားတွေက အကောင်းဘက် (positive)က စကားတွေဖြစ်တယ်။ သမီးမူကြိုတက်တုန်းက သမီးနဲ့ပြောဆိုဖို့ ဖေဖေတို့ကို ဆရာမတွေ သင်ပေးထားတဲ့အတိုင်းပဲ သမီး။

အဲဒီစကားတွေဟာ သမီး မရှင်းလင်း၊ မရိုးရှင်းတဲ့ “အမေးစကား” တွေထက်စာရင် ပိုကောင်းတယ် မဟုတ်လား?

နောက်ပြီး ရှင်းလင်းတဲ့ တဲ့တိုးစကားအများကို “အမေးစကား”အဖြစ် သမီးပြောင်းသုံးလို့ ရနေတာပဲ မဟုတ်လား?

သာဓကပြရရင် “sorry, သမီးခဏ အပြင်ထွက်လို့ ရနိုင်မလား?”
“sorry, တစ်မိနစ်လောက် အချိန်ပေးနိုင်မလား?”
“sorry, နောက်တစ်ခေါက် ထပ်ပြောပေးနိုင်မလား?”
“ငရုတ်ကောင်း ပုလင်းကို ကျေးဇူးပြုပြီး ကမ်းပေးနိုင်မလား?”

ဒီလို မေးခွန်းစကားတွေဟာ လူတွေကို “အပြစ်ပြောနေတာ မဟုတ်ဘူး”
“ကျွန်မ ကိစ္စရှိလို့ မသွားမနေရ သွားရမှာ” လို့ ကိုယ့်ကိုယ် အပြစ်ပြောနေတာဖြစ်တယ်။

“ကျွန်မ မေးစရာရှိလို့၊ မနှောင့်ယှက်ချင်ဘဲ နှောင့်ယှက်မိတာပါ”
“ကျွန်မ သိပ်နားမရှင်းလို့ နောက်တစ်ခေါက် ထပ်ပြောခိုင်းမိတာပါ”
“ဝေးလွန်းလို့ ရှင့်ကို အကူအညီတောင်းရတာပါ” စတဲ့စကားတွေဟာ
“ကျွန်မ ကိစ္စရှိလို့ သွားရမယ်”
“ကျွန်မ တစ်ခုမေးချင်တယ်”
“နောက်တစ်ခေါက် ထပ်ပြောပါ”
“ငရုတ်ကောင်း ပုလင်းပေးပါ” ဆိုတဲ့ စကားတွေထက် ပိုမယဉ်ကျေးဘူးလား သမီး?

နောက်ပြီး ညစာမစားခင် မီးဖိုထဲ သမီးပန်းကန်လာယူတဲ့ ကိစ္စကိုပြောချင်တယ်။

မျက်နှာအမူအရာ၊ အသံ (ဥပမာ- ဟင့်၊ အင်း၊ ဟေ့) စတာတွေနဲ့ တခြားလူကို ခိုင်းစေတဲ့လူတွေဟာ မယဉ်ကျေးကြဘူး သမီး….

အနောက်တိုင်းမှာလည်း အတူတူပဲ။ တခြားလူကို ခိုင်းစေတော့မယ်ဆိုရင် အသံမပါဘဲ အမူအရာနဲ့သာ ခိုင်းစေတာဟာ လုံးဝမယဉ်ကျေးဘူး။

ဥပမာနဲ့ပြောရရင် စားသောက်ဆိုင်မှာ စားသောက်နေတုန်း ရေနွေးကြမ်းကုန်သွားတယ်ဆိုပါစို့။ ဆိုင်ဝန်ထမ်းကို “ကျေးဇူးပြုပြီး ရေနွေးထပ်ထည့်ပေးနိုင်မလား?” လို့ သမီးပြောသင့်တယ်။

ဒါမှမဟုတ် ဖန်ခွက်ကိုထိုးပြပြီး လွယ်ကူတဲ့စကားနဲ့ “ကျွန်မ...ရနိုင်မလား?” (May I?)လို့ မေးသင့်တယ်။ ဆိုင်ဝန်ထမ်းက ကိုယ်နဲ့ဝေးဝေးမှာရှိခဲ့ရင် တခြားလူအနှောင့်အယှက်ဖြစ်အောင် မအော်ခေါ်ရသလို ခွက်အလွတ်ကို လက်ညှိုးထိုးပြပြီး ခိုင်းစေလို့ မရဘူးသမီး… တကယ်လို့ ခွက်အလွတ်ကိုထိုးပြပြီး စကားမပြောခဲ့ရင်တောင် သူ့ကိုကြည့်ပြီး သမီးပြုံးပြရမယ်။

ဘဏ် ဒါမှမဟုတ် စာတိုက်ကို သမီးရောက်ခဲ့ရင် မှန်ပြတင်းနောက်မှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းတွေကို ခေါ်ချင်ရင် မှန်ကိုခေါက်ပြီး သမီးမခေါ်သင့်ဘူး။ စကားအပြောနဲ့ ခေါ်သင့်တယ်။ တကယ်လို့ မှန်ပြတင်းခေါက်မှ သူတို့ကြားနိုင်မယ်၊ သိနိုင်မယ်ဆိုရင်လည်း ခေါက်ပြီး “ဆောရီး… အနှောင့်အယှက်ပေးမိပြီလား” ဆိုတဲ့ စကားတစ်ခွန်းတော့ ပါရလိမ့်မယ်။

အခု သမီးသေချာပြန်စဉ်းစားကြည့်ပါ။ ဖေဖေ ဘာကိုဆိုလိုချင်သလဲဆိုတာ သမီး သဘောပေါက်ပြီလား?

ညစာစားတုန်းက ဖေဖေ့ရှေ့ကနေ သမီးပန်းကန်လှမ်းယူချိန် ကိုယ်တိုင်ယူပြီးသည့်တိုင် “ဖေဖေ… သမီးကို ပန်းကန်တစ်ချပ်ပေးနိုင်မလား?” လို့ သမီးပြောသင့်တယ်။

သမီးဘာယူမလို့လဲလို့ ဖေဖေမေးတာကို “ပန်းကန်ယူမလို့”လို့ သမီးပြောသင့်တယ်။ ပန်းကန်ယူပြီး ဖေဖေမျက်နှာရှေ့ ဝှေ့ယမ်းပြရမှာ မဟုတ်ဘူး။

နောက်ဆုံး စိတ်ဝင်စားစရာအရာနှစ်ခု သမီးကို ဖေဖေပြောပြချင်တယ်။

ဖေဖေဂုဏ်ထူးတန်းတက်တုန်းက စားသောက်ဆိုင်မှာ အလုပ်လုပ်နေတဲ့ သူငယ်ချင်းတစ်ယောက်က ဖေဖေကို လာပြောတယ်။

“တကယ်လို့ ဆိုင်မှာလာစားတဲ့ ဧည့်သည်ဟာ မျက်နှာထားတင်းမာပြီး မျက်နှာအမူအရာနဲ့ပဲ ခိုင်းစေမယ်ဆိုရင် သူစားမယ့်ဟင်းထဲ ငါတံတွေး ထွေးထည့်ပစ်လိုက်တယ်”

နောက် ကောင်စစ်ဝန်ရုံးမှာ အလုပ်လုပ်တဲ့ သူငယ်ချင်းတစ်ယောက်က “ပြတင်းပေါက်ခေါက်ပြီး ခေါ်တဲ့လူကို ငါလုံးဝမကြိုက်ဘူး။ ငါဟာ တိရစ္ဆာန်ရုံထဲက တိရစ္ဆာန်တစ်ကောင်မဟုတ်ဘူး။ ပြတင်းပေါက်ခေါက်ပြီး ခေါ်ရင် ငါအလုပ်များချင် ဟန်ဆောင်နေလိုက်ပြီး သူ့ကို စောင့်နေစေတယ်။ သူဆက်တိုက်ခေါက်ပြီးခေါ်ရင် ငါသူ့ကို စရစ်တယ်၊ အပြစ်ရှာလိုက်တာပဲ” လို့ပြောတယ်။

သူတို့နှစ်ယောက်ရဲ့ အမူအကျင့်တွေဟာ မကောင်းဘူးလို့ ငြင်းလို့မရဘူး။ ဒါပေမယ့် ကိုယ့်ကိုယ်တိုင်ကရော ဒီအမူအကျင့်တွေကို မသိနိုင်ဘူးလား? သတိမထားနိုင်ဘူးလား? မယဉ်ကျေး၊ မသိမ်မွေ့ရင် ကိုယ်ပဲ အမြဲနစ်နာဆုံးရှုံးရတယ်။ ကိုယ်အင်္ဂါရုပ်ရည်ကို ဖေဖေတို့ ပြောင်းလဲလို့မရနိုင်ပေမယ့် အဲဒီရုပ်ရည်ပေါ်မှာ အပြုံးတွေတော့ ဖေဖေတို့ ဆင်မြန်းနိုင်ကြပါတယ် သမီး....

မူရင်းရေးသားသူ -
Liu Yong (劉鏞) သမီးအတွက်ပေးစာ

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Monday, June 28, 2010

"တုံးလည်"သို့ တစ်ခေါက်


တစ်နေ့က ကျွန်မတို့ "တုံးလည်" ရောက်သွားခဲ့သေးတယ်။ အဲဒီနေ့က နေသာလိုက် မိုးရွာလိုက်ပေါ့....

အစကတော့ တုံးလည်ကို ကျွန်မတို့ အင်းလေးဘက်ကနေ စက်လှေနဲ့သွားမလို့ပါပဲ။ ဒါပေမယ့် အဲဒီဘက်မှာ ရေခန်းသွားပြီဆိုလို့ ကျွန်မတို့ခေါင်တိုင်ဘက်ကနေ ဆိုင်ကယ်နဲ့ပတ်ပြီး သွားခဲ့ကြတယ်။ သွားဖူးတဲ့လူက ခေါင်တိုင်နဲ့ တုံးလည်ကို ဆိုင်ကယ်အမြန်မောင်းရင် နာရီဝက်ကြာတယ်လို့ဆိုတယ်။ တကယ်တမ်းသွားကြည့်တော့ ခေါင်တိုင်လွန်တာနဲ့ လမ်းက ကျောက်ခင်းလမ်း၊ တချို့နေရာတွေမှာ မြေလမ်းဖြစ်ပြီး မိုးရွာထားလို့ တချို့နေရာမှာ ရွံ့အိုင်တွေဖြစ်နေတယ်။ တချို့နေရာဆို လမ်းဆင်းလျှောက်ရတဲ့အထိ လမ်းဆိုးပါတယ်။ ဆိုင်ကယ်ကို ဖြေးဖြေးမောင်းလိုက်၊ မြန်မြန်မောင်းလိုက်နဲ့ နာရီဝက်၊ တစ်နာရီမက ကျွန်မတို့စီးခဲ့ရတယ်။ လမ်းဆိုးတဲ့အပြင် နေရာကလည်း ခေါင်လွန်းပါတယ်။ တစ်ရွာနဲ့တစ်ရွာ ဝေးလွန်းပြီး တောအုပ်တွေချည်းမို့ တစ်ခါမှမသွားဖူးတဲ့နေရာမို့ နည်းနည်းတော့ ကြောက်မိတယ်။ ဒါပေမယ့် ကျွန်မတို့အဖွဲ့က ရှစ်ယောက်ဆိုတော့ အင်အားတော့တောင့်တယ်း)


တောင်ကြီးကနေ ဆိုင်ကယ်နှစ်နာရီကျော်ကျော်လောက် စီးပြီးနောက် တုံးလည်ကို ကျွန်မတို့ရောက်ပါတယ်။ တုံးလည်ရွာက ရွာကြီးဖြစ်ပြီး တောင်ခြေမှာတည်ရှိပါတယ်။ လယ်ကွက်တွေကြားမှာ ရွာပတ်ဝန်းကျင်က စိမ်းစိမ်းစိုစိုမို့ နေချင်စရာလေးပါ။ "ရေတွေတော်တော်ခန်းသွားတယ်၊ နို့မဟုတ်ရင် မော်တော်ဒီအထိရောက်တယ်"လို့ လမ်းမှာတွေ့တဲ့ ရွာခံတွေကပြောပါတယ်။


ရွာထိပ်ဘုန်းကြီးကျောင်းမှာ ဆိုင်ကယ်တွေ ထားခဲ့ကြပြီး လာရင်းအကြောင်းနဲ့ လမ်းမှာတွေ့တဲ့ ရွာသားတွေကို ကျွန်မတို့ လမ်းမေးပါတယ်။ "မှော်နတ်ဆရာမအိမ်လား? ဟိုးမှာ.." လို့ ထရံကာထားတဲ့ နှစ်ထပ်အိမ်ကို ညွှန်ပြကြတယ်။ အဲဒီ သူတို့ပြောတဲ့ မှော်နတ်ဆရာမအိမ်ရောက်တော့ ဆရာမက ရှိမနေဘူး။ ဘုန်းကြီးကျောင်းမှာ ဆွမ်းကျွေးလို့ ဒီနေ့ပိတ်ထားတယ်လို့ဆိုတယ်။ ကျွန်မတို့မှာ ခရီးဝေးကနေ ခက်ခက်ခဲခဲ လာခဲ့ရတာမို့ ဆရာမကို သွားရောက်ခေါ်ပေးဖို့ ပြောတယ်။ တကယ်တမ်းတော့ ကျွန်မတို့ တုံးလည်ကို သွားသာသွားကြတာ.. တစ်ယောက်မှ မေးမြန်းချင်လို့ သွားကြတာမဟုတ်ဘူး။ မရောက်ဖူးလို့၊ ကြည့်ချင်လို့ သွားကြတာဖြစ်တယ်။ တကယ်လို့ ကျွန်မတို့ရောက်တုန်း တခြားမေးမြန်းသူတွေရှိရင် လူများမေးမြန်းနေတာကို ကြည့်ပြီး ပြန်လာကြဖို့ စိတ်ကူးထားကြတာပါ။ ကျွန်မတို့ရောက်တော့ ပိတ်ထားတယ်၊ တခြားမေးသူတွေလည်းမရှိတော့ ဆရာမကို ဘုန်းကြီးကျောင်းကနေ ကျွန်မတို့ အတင်းသွားပြန်ခေါ်ပြီး မေးလိုက်ကြပါတယ်။

ဆရာမက အသက်(၃၈)နှစ်အရွယ်ဖြစ်ပြီး ပိန်ပိန်ပါးပါးလေးပါ။ ကျွန်မတို့သွားခေါ်တုန်းက သူ့ပုံစံက ရှက်ကိုးရှက်ကန်းနဲ့ အားနာပုံပေါက်နေတယ်။ ဆရာမဆိုတဲ့ ဟိတ်ဟန်တစ်စက်မှ ရှိမနေပါဘူး။ ဒီအတတ်ကို ဘုရားရှိခိုး၊ ပုတီးစိတ်ရာက သူ့အလိုလို တတ်မြောက်လာတာဖြစ်ပြီး လွန်ခဲ့တဲ့(၁၄)နှစ်ကတည်းကလို့ ဆိုပါတယ်။ စတတ်မြောက်တုန်းက မနက်(၇)နာရီက ည(၇)နာရီထိ ထိုင်ဟောနေရတာကြောင့် အရိုးချဉ်ဆီတက်ရောဂါဆိုလားဖြစ်ပြီး နားလိုက်ရသေးတယ်လို့ဆိုတယ်။ ခုပြန်ဟောတာ နှစ်သိပ်မကြာသေးပါဘူးတဲ့။

ကျွန်မတို့ကို ဘယ်နှစ်ယောက်၊ ဘယ်နှပွဲဟောမလဲလို့ သူမေးပါတယ်။ အသေမေးမှာလား? အရှင်မေးမလားလို့လည်း ဆိုတယ်။ ကျွန်မတို့က မြင်ဖူးသည်ရှိအောင် သွားတာဖြစ်ပြီး မေးမြန်းဖို့ စိတ်မကူးထားလို့ ပါလာတဲ့လူတွေကို နင်မေး၊ ငါမေးနဲ့ ဖြစ်နေခဲ့တယ်။ နောက်ဆုံးမှာ မတင်မေက ကွယ်လွန်သွားပြီဖြစ်တဲ့ သူ့အမေကို မေးပါတယ်။ မတင်မေ အမေရဲ့ဝိညာဉ် ဆရာမကိုယ်ထဲဝင်တော့ ဆရာမရုပ်ဟာ သူ့နဂို(၃၈)နှစ်ရုပ်နဲ့ မတူတော့ဘဲ အသက်(၅ဝ)အဘွားအိုလို ချက်ချင်းအိုကျသွားပြီး ရှမ်းသံလိုလို၊ တရုတ်သံလိုလို အသံပြောင်းသွားပါတယ်။ (မတင်မေ အမေကရှမ်းလူမျိုးပါ) ကိုယ်လက်အမူအရာတွေလည်း ပြောင်းသွားပါတယ်။ မတင်မေက သူ့အမေနဲ့မတူဘူးလို့ဆိုတယ်။ ကျန်သူတွေက တူတယ်လို့ဆိုတယ်။ ကျွန်မလည်း တူလား? မတူလား? မဝေခွဲတတ်တော့ပါဘူး....

တစ်ယောက်ဟောပြီးတော့ ဘယ်သူထပ်ဟောမလဲလို့ မေးကြပြန်တယ်။ အသေလည်းမမေးချင်၊ အရှင်လည်း မေးဖို့မရှိတော့ ကိုယ်တိုင်မေးမယ်ရလားဆိုတော့ ရပါတယ်တဲ့.. ဒါနဲ့ ကိုယ်ကိုယ်တိုင် သိလိုရာတွေ မေးမြန်းကြပြန်တယ်။ တစ်ပွဲပြီးတိုင်း ဆရာမက ဆန်၊ ဖယောင်းတိုင်၊ အမွှေးတိုင်နဲ့ စေတနာရှိသလောက် ကန်တော့တဲ့ပိုက်ဆံကို ပန်းကန်ပြားတစ်ချပ်ပေါ်တင်ပြီး ဘုရားအရင်ပူဇော်ပါတယ်။ ပူဇော်ပြီး သူ့လက်နှစ်ဘက်နဲ့ ခေါင်းကိုကိုင်ပြီး ဘုရားစာလိုလို၊ ဂါထာလိုလို တအားအော်ရွတ်ပါတယ်။ ခေါင်းကိုကိုင်ထားရင် အားလုံးကို သူမြင်ရတယ်လို့ဆိုတယ်။ မေးမြန်းသူရဲ့ မွေးနေ့ နေ့သားကိုမေးပြီး နောက်ကိုလှည့်မကြည့်ဘဲ တောက်လျှောက် စကားထစ်အတာမျိုးမရှိဘဲ ဟောသွားလိုက်တာ (၄၅)မိနစ်လောက် ကြာပါတယ်။

ဆရာမ ဟောရတာ မောမှာဆိုးလို့ လိုရင်းတိုရှင်းပဲ ဟောပေးပါလို့ ပြောယူရတဲ့အထိပါပဲ။ သူက မမောပါဘူး... သူပြောနေတာ မဟုတ်ဘူး.. တခြားသူ ဝင်ပူးပြီးပြောနေတာလို့ ပြောပါတယ်။ တကယ်လည်း သူဟောတဲ့အချိန် သူ့နဂိုအင်းသားသံမဟုတ်ဘဲ ဗမာသံပေါက်ပြီး အသံကစူးပါတယ်။ သူဟောသမျှ တော်တော်များများ မှန်နေပါတယ်။

ဓာတ်ပုံရိုက်လို့ရလားလို့ ကျွန်မတို့ခွင့်တောင်းတော့ ပုံတော့ရိုက်ပါ၊ အသံမသွင်းပါနဲ့လို့ဆိုတယ်။ အရင်က သေသွားတဲ့လူတစ်ယောက်ကို သူ့အိမ်သားတွေ လာမေးကြတော့ ရိုးရိုးသေတာမဟုတ်ဘူး၊ ရင်ဘတ်မှာ တစ်ခုခုနဲ့ရိုက်ပြီး သေသွားတာလို့ ဟောလိုက်တာကို အသံသွင်းသွားပြီး အလောင်းကိုပြန်ဖော် စစ်ဆေးကြတာ ဟုတ်မှန်ခဲ့လို့ အမှုအခင်းဖြစ်ခဲ့ဖူးတယ်လို့ ဆိုတယ်။

ကျွန်မတို့လည်း အဲဒီမှာ ဟောပြီး မေးပြီး၊ ထုပ်သွားတဲ့ ကောက်ညှင်းပေါင်းတွေ ဝေမျှစားပြီး၊ မိုးမရွာခင် တောင်ကြီးကို ပြန်ခဲ့ကြတယ်။ မပြန်ခင် "တုံးလည်"အကြောင်းမေးတော့ ရွာနဲ့မနီးမဝေးမှာ (၃)တွင်း၊ ရွာနဲ့နည်းနည်းဝေးတဲ့နေရာမှာ (၂)တွင်းရှိတယ်လို့ ပြောပါတယ်။ သူတို့က နတ်ရေတွင်းလို့ ခေါ်ကြတယ်။ ရွာနဲ့မနီးမဝေးက တွင်းကို သွားကြည့်ချင်တယ်လို့ ကျွန်မတို့ ပြောတော့ သူတို့က "အခု တုံးမလည်နေဘူး"တဲ့။ တုံးမလည်တာပဲ ကောင်းပါတယ်လို့ ပြောခဲ့ပါတယ်။ တွင်းဆီသွားဖို့ ဆိုင်ကယ်ကို လမ်းဘေးမှာရပ်ခဲ့ပြီး လမ်းလျှောက်သွားကြည့်ရမယ်ဆိုလို့ ကျွန်မတို့လည်း မိုးရွာပြီး လမ်းချော်မှာ စိုးတာကတစ်ကြောင်း၊ ဆိုင်ကယ်ကို လမ်းဘေးမှာ မရပ်ရဲခဲ့တာကတစ်ကြောင်း၊ လမ်းမှာ လူပြတ်လို့ တွင်းဆီ ဘယ်ကဘယ်လိုသွားရမယ်ဆိုတာကို မေးမြန်းဖို့ လူရှာမတွေ့ခဲ့တာကတစ်ကြောင်း သွားမကြည့်ခဲ့တော့ပါဘူး။ မိုးခပ်ဖွဲဖွဲ စရွာချိန်မှာ အပြန်ညောင်ရွှေဘက်က ငါးကန်မှာ ငါးကင်သွားစားကြမယ်ဟေ့လို့ ကြုံးဝါးရင်း ဆိုင်ကယ်ကို သတိထားစီးပြီး ကျွန်မတို့ ပြန်လာခဲ့ကြပါတော့တယ်။

နိုင်းနိုင်းစနေ


Share/Bookmark

Wednesday, June 23, 2010

I love World Cup 2010



Chinese version


ဒါက ဘာဗာရှင်းပြောရမလဲ မသိဘူး.. သိုင်းကားဗာရှင်းထင်တာပဲ.. တော်တော်ရီရတယ်:P


Shakira ရဲ့ WakaWaka


WakaWaka အက ကနည်း

I love World Cup 2010 အင်တာနက်ပေါ်မှာ ပြတ်တောင်းပြတ်တောင်း ကြည့်ရတာလေး ဝေမျှပါတယ်။

နိုင်းနိုင်းစနေ


Share/Bookmark

Tuesday, June 22, 2010

ရေမပြာနိုင်တော့တဲ့ အင်းလေး


ညောင်ရွှေမြို့ကနေ ဖောင်တော်ဦးဘုရားသွားဖို့ လှေဆိပ်မှာ လှေစီးရပါတယ်။ ဘုရားက ညောင်ရွှေမြို့ရဲ့ (၁၃)မိုင်အကွာမှာ ရှိပါတယ်။ လှေဆိပ်ကရေခန်းတဲ့အတွက် လှေဝမ်းလည်း မြေကပ်နေပါပြီ။

ဘေးဝဲယာအိမ်အုတ်ရိုးတွေမှာ ကျန်နေတဲ့အရာတွေကို ကြည့်ခြင်းအားဖြင့် အရင်က ရေအမြင့်ကိုသိနိုင်ပါတယ်။

အင်းရေအပြင်အထွက် ချောင်းဘေးမှာ ခုတော့ အမှိုက်ကောက်တဲ့ ကလေးငယ်တွေနဲ့....

ဒီလိုစက်တွေနဲ့ တူးနေတာကို လမ်းတစ်လျှောက် (၃)နေရာလောက် တွေ့ခဲ့တယ်

ရေထဲကအိမ်တွေ ခုတော့ ကုန်းပေါ်မှာတင်လို့....

တောင်တွေကာရံထားတဲ့ အလယ်မှာ အင်းလေးရေပြင်ပြာတဲ့...
(၄)မိုင်အထိ အင်းရေတွေ မပြာနိုင်ခဲ့တော့ပါဘူး
ဝါကျင်ကျင် ရွံရေတွေအဖြစ်နဲ့သာ ရှိနေပါတယ်

ဟိုးဝေးဝေးက ဘိုတဲလည်း ခြေတံရိုးတွေရှည်လို့...

အင်းလယ်ခေါင် (၆)မိုင်လောက်ရောက်မှ အင်းရေက
သူ့နဂိုရုပ်အတိုင်း နည်းနည်းပြာလာတယ်
ဒါတောင် ဟိုးဝေးဝေးက ရွာတွေက ကုန်းပေါ်တင်လို့...
လူတစ်ရပ်စာ((၅)ပေ)လောက် ရေခန်းသွားပါသတဲ့...

အင်းရေပြင်က ကြည်လိုက်၊ နောက်လိုက်
ရေမှော်တွေ၊ သိုက်တွေနဲ့ ငါးရှာနေသူတွေ

အရင်က ဒီနေရာမှာ ဖောင်တော်တိမ်းမှောက်ခဲ့ဖူးတယ်။
တစ်ချိန်က ဟသာင်္ငှက် နုတ်သီးအထိ ရေကြီးဖူးသတဲ့....
ခုတော့ ဟသာင်္ငှက်လည်း ရေလယ်ခေါင်မှာရပ်ပြီး ရေငတ်လို့နေတယ်...

ဘုရားအဝင်လမ်းမှာ တချို့နေရာဆို မြေသားတွေတောင် ပေါ်တယ်

အသွားမတော်ရင် အခုလို မော်တော် ဆင်းတွန်းရလိမ့်မယ်
"ရွာမ" သွားတဲ့လမ်းခွဲမှာဖြစ်ပါတယ်
ရွာမရေပေါ်ဈေးလည်း ရေမရှိလို့ မလုပ်နိုင်တော့ဘူးတဲ့..

အရင် သူငယ်ချင်းတစ်ယောက် ပို့ပေးဖူးတဲ့ပုံပါ
ရွာမ၊ ရွာမဈေးဖြစ်ပါတယ်

ဖော်တော်ဦးဘုရားကတော့ မြင်တဲ့အတိုင်းပါပဲ
လှေကားထစ်တွေတောင် ထပ်နိမ့်ထားရတယ်

ဖောင်တော်

မော်တော်ဆိုက်ရာနေရာမှာ မြေသားတွေက ပျော့အိပျော့အိ
စက်လှေသမားနဲ့ ကလေးငယ်တွေက ပြောပါတယ်
"အစ်မတို့ရေ... ဖြည်းဖြည်းဆင်း ကျွံကျမယ်။ အောက်က အပွါကြီးတဲ့"

အင်းသား ကောက်ညှင်းကျည်ထောက်ပါတဲ့။ (၃)စည်း ငါးရာကျပ်ဖြစ်ပါတယ်။

အများဖူးရအောင်

အင်းလေးကန်က ဒီလိုစီးဆင်းဖြစ်တည်ပါသတဲ့...
ဘုရားဘေးက စားသောက်ဆိုင်၊ လက်ဆောင်ဆိုင်တွေဆီ စက်လှေနဲ့မရောက်တော့ဘူး။
တံတားနဲ့ပဲ ရောက်တော့တယ်။
ဟိုး အနီရောင်မှတ်တိုင်မှာ ရေအမြင့် ငါးပေဆိုတဲ့နေရာက ရွံ့တွေနဲ့ ပေနေပါတယ်။

ဘုရားအပြန်မှာ အရင်ကလို မော်တော်တွေ ရွာထဲ လှည့်ပတ်မပြန်နိုင်တော့ဘူး
ချောင်းတွေမှာ ရေနည်းကုန်လို့ပါ..

ရွံ့တွေ နှုန်းတွေကို ဒီလိုလည်း စုပ်ထုတ်နေကြတာပဲ
ဒီလိုစက်မျိုး (၂)နေရာလောက်တွေ့ခဲ့တယ်။
ဒါပေမယ့် ကန်ရေပြင်က ကျယ်တော့ လုပ်အားနဲ့မမျှသလိုပါပဲ..
ရေကျသွားလို့လားမသိ ဘယ်နေရာကြည့်ကြည့် မြက်ရိုင်းတွေချည်းပဲ...
ကျွန်းမျောတွေဘက် လှေနဲ့လည်း မရောက်နိုင်၊ ခြေကျင်လည်း မသွားရဲဖြစ်နေသတဲ့
မြေသားတွေပျော့ပြီး ကျွံကျမှာစိုးလို့ပါတဲ့...

ဖော်တော်ဦးဘုရားကအပြန် ညောင်ရွှေမြို့နဲ့ မနီးမဝေးက ဘုရားဘက် လှည့်ဝင်ခဲ့သေးတယ်
တောင်ကြီး-ညောင်ရွှေကားဂိတ်တောင် ရေမရှိလို့ အဲဒီဘုရားဘက်အထိ ရွေ့ခဲ့ပြီတဲ့..

စက်လှေလည်း ရေပေါ်မဆင်းနိုင်ရှာတော့ဘူး

ညောင်ရွှေမြို့ပေါ်က ဘုရားတချို့ပါ

ညောင်ရွှေစော်ဘွား အုတ်ဂူလို့ ပြောပါတယ်
ခြုံတွေထူပြီး ဝင်ပေါက်လည်း မတွေ့ခဲ့ပါဘူး...
"တံ;လုံ " ပြောသလိုပါပဲ.. ညောင်ရွှေမြို့သမိုင်းအကြောင်း
ကျွန်မလည်း များများစားစားမသိလှဘူး။
ဓာတ်ပုံတချို့ပဲ ဝေမျှနိုင်ခဲ့ပါတယ်။

နိုင်းနိုင်းစနေ


Share/Bookmark

Sunday, June 20, 2010

ညောင်ရွှေဈေးသို့တစ်ခေါက်



မရည်ရွယ်ပါဘူး.. တစ်နေ့က ကျွန်မခြေရှည်ပြီး အင်းလေးဘက်ရောက်သွားခဲ့တယ်။ အဲဒီနေ့က ညောင်ရွှေဈေးနေ့ဖြစ်ပါတယ်။ ကျွန်မတို့ဘက်မှာ တောင်ကြီး၊ တောင်နီ၊ ရွှေညောင်၊ ညောင်ရွှေ၊ ဟဲဟိုးဆိုပြီး ငါးရက်တစ်ဈေးရှိပါတယ်။ ညောင်ရွှေဈေးနေ့မို့ ကျွန်မလည်းအားနေတာနဲ့ ဈေးသွားသုံးရင်း မတွေ့တာကြာပြီဖြစ်တဲ့ မြန်မာချက်ကခင်ခဲ့တဲ့ သူငယ်ချင်းလင်မယားကိုလည်း သွားရှာရင်း အင်းလေးဘက်ကို ရောက်ဖြစ်ခဲ့တာဖြစ်တယ်။ ညောင်ရွှေမြို့ကို ရွှေညောင်မြို့ဘက်ကနေ လမ်းခွဲသွားရပြီး (၇)မိုင်ကွာဝေးပါတယ်။


ညောင်ရွှေမြို့က အင်းလေးကန်ရဲ့အစမို့ အရင်က အခုလိုမိုးရာသီမှာဆို လမ်းဘေးဝဲယာမှာ ရေတွေဖွေးဖွေးလှုပ်နေပါပြီ။ အခုတော့ နိုင်ငံတစ်ဝှမ်း မိုးခေါင်ရေရှားတဲ့အတွက် လယ်တွေလည်း ခုချိန်ထိ ပတ်ကြားအက်နေတုန်းပါပဲ။ တချို့နေရာ ရေစုပ်တင်ထားတဲ့ လယ်ကွက်ထဲက စပါးပင်တွေလည်း မသန်ပါဘူး။ စပါးနှံ့တွေက ဟိုတစ်ပင် ဒီတစ်ပင် ထိုးထိုးထောင်ထောင်၊ ဝါကျင်ကျင်ဖြစ်နေပါတယ်။


အရင်က ပေါရိဿ၊ ရွှေရန်ပြေစတဲ့ လမ်းဘေးဝဲယာကရွာတွေဟာ အင်းလေးရဲ့ ရှေ့ပြေးနိမိတ်အဖြစ် ချောင်းတွေ၊ မြောင်းတွေမှာ ရေတွေ လျှံတက်နေတတ်တယ်။ အခုတော့ လှေငယ်လေးလည်း ကုန်းပေါ်တင်လို့...

ညောင်ရွှေဈေးက ငါးရက်တစ်ဈေးမို့ အနီးအနား ရွာပတ်ဝန်းကျင်ကလူတွေနဲ့ စည်ကားနေပါတယ်။ ညောင်ရွှေမြို့ခံတွေဟာ အများအားဖြင့် အင်းသားလူမျိုးတွေမို့ ညောင်ရွှေဈေးတစ်ခုလုံးက ဈေးသည်ဈေးဝယ်တွေရဲ့ အင်းသားသံတွေနဲ့ ညံနေပါတယ်။

"ချီးချဉ်တစ်ပိဆာ ဘယ်လောက်အ"
"ရှစ်ရာ"
"ခြမ်းဆီး အစိတ်ဆား တစ်ရာငါးဆယ် တစ်ပိဆာလုံးယူရင် ငါးရာထားပေးမယ်"
"တဆီးတစ်ဖူး နီရာ.. နီဖူး ဆုံးရာနဲ့ယူအ"

ညောင်ရွှေဈေးရောက်လို့ စားဖြစ်အောင် စားရမယ့်
အင်းသားလူမျိုးတွေရဲ့ ငါးထမင်းနယ် (တစ်ပွဲငါးရာကျပ်)

ဝက်သားချဉ် (တစ်ပွဲငါးရာကျပ်)

ထမင်းပြား

ထမင်းပြားကိုတော့ ကျွန်မ မမြင်ဖူး၊ မစားဖူးလို့ ဘေးကဆိုင်မှာ လူများမှာစားနေတုန်း ပုံတောင်းရိုက်လိုက်တာပါ။ ထမင်းပြားက ထမင်းကိုပြားနေအောင်နယ်ပြီး ထမင်းပေါ်မှာ မုန့်တီတင်၊ နောက် ဟင်းအနှစ်ဝါဝါကြီးတွေတင်၊ ထိုဟူးကြော်ညှပ်ထည့်ပြီး ငရုတ်ဆီနီရဲရဲလေး ဆမ်းထားတာ တွေ့ခဲ့ရတယ်။ စားသူကတော့ အားရပါးရ နယ်ဖပ်စားနေတာပဲ...

နို့ဆီဗူးနဲ့ ချိန်ပြီးရောင်းတဲ့ မြေခဲ

မြေခဲကို ဗိုက်ကြီးသည်တွေစားသလို သာမန်လူတွေလည်း စားကြတယ်။ မြေခဲက မြေနံ့သင်းပြီး စားတဲ့အခါ ခပ်စေးစေးဖြစ်တယ်။ တချို့မြေခဲတွေဆို လိမ္မော်ရောင်သမ်းပြီး လှတယ်။ အရသာက မြေကြီးစားနေရသလိုပဲ (အော်.. မြေခဲပါဆိုမှး) ငယ်ငယ်တုန်းကပဲ စားခဲ့ဖူးတယ်။ ကြီးလာတော့ ဘာကြောင့်မှန်းမသိ မစားရဲတော့ဘူး။ ဆေးဖက်ဝင်မယ်ထင်တာပဲ... ရွာက သက်ကြီးရွယ်အိုတွေကို မြေခဲအကြောင်း ပြန်မေးကြည့်ပါအုန်းမယ်...

မြေခဲအကြောင်း ထပ်ဖြည့်စွက်ချက်း ဟဲဟိုးမြို့ဘက်မှာ မြေခဲတွင်းဆိုတာရှိပြီး မြေခဲတွင်းက တူးယူရရှိတဲ့မြေခဲကို စားတဲ့အချိန်မှာ မွှေးအောင်၊ ကြွပ်အောင် လူတွေကကြပ်ခိုးပေါ် တင်ထားတတ်ကြတယ်။ ကြပ်ခိုးပေါ်တင်မှလည်း မြေခဲက မွှေးပြီးကြွပ်စေတယ်လို့ဆိုတယ်။ လူတွေက မြေခဲကို မွှေးလို့ စားကြခြင်းသာ ဖြစ်တယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်သူတွေ ချဉ်ခြင်းတပ်စားကြတယ်။ မြေခဲဟာ ဆေးဖက်မဝင်တဲ့အပြင် များများစားသုံးသူတွေကို ဖောရောင်စေတယ်လို့ သိရပါတယ်။

ကျွန်မကြိုက်တဲ့ သာကူကျိုလည်း စားခဲ့သေးတယ်

အင်းသားတွေကြိုက်တဲ့ မုန့်ကြော်တွေ

ဈေးထဲမှာ လည်ပတ်စားသောက်ပြီး သူငယ်ချင်းကိုသွားရှာတော့ သူတို့က ဘုရားလိုက်ပို့ပေးမယ်လို့ ဆိုတယ်။ ဖောင်တော်ဦးဘုရားကို ကျွန်မ မရောက်တာလည်း နှစ်နဲ့ချီကြာပြီမို့ သူတို့အပို့ကို ကျွန်မအလွယ်တကူ ခေါင်းညိတ်ခဲ့တယ်။ အဲဒီလိုနဲ့ စက်လှေတစ်စီးငှားပြီး ကျွန်မတို့ ဖောင်တော်ဦးဘုရားဘက် ဦးလှည့်ခဲ့ကြပါတယ်။

နိုင်းနိုင်းစနေ


Share/Bookmark

Monday, June 14, 2010

မေမေရဲ့ ချိုချဉ်လေး



ငယ်ငယ်တုန်းက ဆိုးလွန်းလို့ ကျွန်တော်မကြာခဏ ထိခိုက်ဒဏ်ရာရတယ်။ အနာတရဖြစ်တိုင်း မေမေကို ကျွန်တော်ငိုငိုယိုယိုနဲ့ လိုက်ရှာတိုင်း မေမေက ကျွန်တော့်ကို ချိုချဉ်တစ်လုံးပေးပြီး "မငိုနဲ့သား .. ချိုချဉ်စားလိုက်ရင် မနာတော့ဘူး" လို့ အမြဲပြောတတ်တယ်။ မေမေပေးတဲ့ချိုချဉ်လေးငုံ့ပြီး ကျွန်တော် ဆက်ပြေးလွှား ဆော့ကစားတတ်ခဲ့တယ်။

ကျောင်းပြီးတဲ့နှစ်မှာ ကျွန်တော်နဲ့(၂)နှစ်ကြာ ချစ်ကြိုက်ခဲ့တဲ့ကောင်မလေး ကျွန်တော့်ကိုထားသွားခဲ့တယ်။ ဆုံးရှုံးဝမ်းနည်းတဲ့နွံထဲ မဆယ်တင်နိုင်လောက်အောင် ကျွန်တော်နစ်ခဲ့ရတယ်။

"ငယ်ငယ်တုန်းကလို ဒဏ်ရာတွေကိုကုပေးတဲ့ ချိုချဉ်လေးရှိနိုင်သေးရင် သိပ်ကောင်းမှာပဲ" လို့ မေမေကို ဝမ်းပန်းတနည်း ကျွန်တော်ပြောဖြစ်ခဲ့တယ်။

ရုံးပိတ်ရက် မနက်ခင်းတစ်ခုမှာ ဖုန်းသံကြောင့် ကျွန်တော်နိုးလာခဲ့တယ်။ မေမေက သူ့ထမင်းထုပ် မေ့ကျန်ခဲ့လို့ သူအလုပ်ရှိရာ ဆေးရုံကို လာပို့ပေးဖို့ ကျွန်တော့်ကိုဖုန်းဆက်တာဖြစ်တယ်။ မေမေပြောတဲ့အတိုင်း ဆေးရုံဆောင်သုံးထပ်က ပြင်ပထိခိုက်ဒဏ်ရာကုဆောင်ကို ကျွန်တော်ရောက်လာခဲ့တယ်။
အဆောင်မှာ လက်ကျိုးသူ၊ ပေါင်ပြတ်သူတွေနဲ့ ပြည့်နေတယ်။ ကျွန်တော်ရောက်လာတော့ မေမေရှိမနေဘူး။ (၄)ထပ်က အခန်း(၄၁၆)ကိုလိုက်ခဲ့ဖို့ မေမေမှာခဲ့တယ်လို့ ကလေးမတစ်ယောက်က လာပြောတယ်။ ဒီကလေးမမှာလည်း ခြေတစ်ဘက်ပဲရှိတာကို ကျွန်တော်သတိထားမိတယ်။ ငယ်ရွယ်နုပျိုတဲ့ ကလေးမကိုကြည့်ပြီး ကျွန်တော်စိတ်မကောင်းဖြစ်မိတယ်။

(၄)ထပ်က အရေပြားကုဆောင်ဖြစ်တယ်။ အခန်း(၄၁၆)ကိုရောက်တော့ မေမေရှိမနေပြန်ဘူး။ တိတ်ဆိတ်နေတဲ့အခန်းက ကျွန်တော့်ကို မွေးညှင်းထစေခဲ့တယ်။ ပြတင်းပေါက်ဘေးရပ်နေတဲ့ မျက်နှာတစ်ခုလုံး မီးလောင်ဒဏ်ရာတွေနဲ့ လူနာတစ်ယောက်က ကျွန်တော့်မေမေ အခန်း(၅ဝ၁)မှာလို့ ပြောတယ်။

အခန်း (၅ဝ၁)မှာလည်း မေမေကို မတွေ့ခဲ့ဘူး။ ကျွန်တော့်အမေးကိုကြားတော့ ဆယ်နှစ်အရွယ် မျက်လုံးစုံလိုက်ကန်းနေတဲ့ ကလေးငယ်တစ်ယောက်က "ဦးဦး... ဦးဦး... ဘွားဘွားကို ဝရန်တာထိပ်က ဂိုဒေါင်မှာလာရှာပါလို့ မှာထားတယ်" လို့ပြောတယ်။

ဂိုဒေါင်တံခါးဖွင့်လိုက်တာနဲ့ ထိုင်နေတဲ့မေမေကို ကျွန်တော်တွေ့တယ်။ အဲဒီတခဏ အရာအားလုံးကို ကျွန်တော် သဘောပေါက်လိုက်တယ်။ မေမေက ကျွန်တော့်ကို လူနာခန်းတွေ လိုက်ကြည့်စေချင်ခဲ့တာဖြစ်တယ်။ ကျွန်တော်အရမ်း ကံကောင်းခဲ့ပါတယ်။ ကျွန်တော်ဆုံးရှုံးရတယ်ဆိုလို့ အလိမ်ညာခံခဲ့တဲ့အချစ်ပဲရှိတယ်။
ကျွန်တော့်ခန္ဓာကိုယ်တွေ ကျန်းမာနေတယ်။ ကျွန်တော် လွတ်လွတ်လပ်လပ် သွားလာနိုင်တယ်။

အခက်အခဲ၊ ပြဿနာအများစုက ဖြေရှင်းလို့ရနိုင်တယ်။ ဒါပေမယ့် များသောအားဖြင့် လူတွေက အခက်အခဲ ဖြေရှင်းနေချိန်မှာ မျှော်လင့်ချက်ကို မဲ့ပစ်တတ်ကြတယ်။
အခုတော့ ငယ်ငယ်တုန်းကလို လဲကျတိုင်း ဒဏ်ရာကိုကုပေးတဲ့ချိုချဉ် ကျွန်တော့်အနားမရှိခဲ့တော့ပေမယ့် ကျွန်တော့်စိတ်ထဲမှာတော့ မေမေရဲ့ချိုချဉ်လေးက ခုထိတိုင် ရှိနေတုန်းပါပဲ။


google search or 母亲的糖果 (မေမေရဲ့ချိုချဉ်လေး)

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

Share/Bookmark

Sunday, June 06, 2010

စိတ်အလှတစ်ခု ဖန်ဆင်းခြင်း


ပူပြင်းတဲ့ညနေခင်းတစ်ခုမှာ ညနေစာအတွက် ကျွန်မအလုပ်ရှုပ်နေတယ်။ ယောက်ျားဖြစ်သူကလည်း ကျွန်မနဲ့အတူ အရှုပ်တွေလုပ်နေတယ်။ ဒါဟာ သူ့ရဲ့စိတ်ကောင်းလေးပါ။ သူဘာမှမလုပ်တတ်သည့်တိုင် ကျွန်မအလုပ်ရှုပ်နေတာတွေ့တိုင်း ဘာကူရမလဲ? ဘာလုပ်ပေးရမလဲနဲ့ ကျွန်မကို သူကူချင်ခဲ့တယ်။ သူ့စိတ်ကောင်းလေးကို ကျွန်မ ကျေးဇူးတင်မိပါတယ်။ ဒါပေမယ့် ဟိုယောင်ယောင်၊ ဒီယောင်ယောင် ပျာယာခတ်နေတဲ့ သူ့ကိုကြည့်ပြီး ကျွန်မပိုစိတ်ရှုပ်လာမိတယ်။

ကျွန်မစိတ်ရှုပ်ဒေါသထွက်နေတုန်း ယောက်ျားက ပြတင်းပေါက်ဘက် ခေါင်းပြူကြည့်ပြီး

"မိန်းမရေ.. မြန်မြန်.. မြန်မြန်လာကြည့်.. အရမ်းလှတာပဲ!" လို့ ကျွန်မကိုခေါ်တယ်။

ယောက်ျားအခေါ်ကို စိတ်မရှည်စွာနဲ့ ကျွန်မထအော်တယ်။

"ခဏနေပါဦး! ငါ မအားသေးဘူး! "

ကျွန်မရဲ့လေသံထဲမှာ သူအလုပ်မကူဘဲ အချောင်ခိုနေတယ်ဆိုတဲ့ အပြစ်တင်သံပါနေတယ်။ တကယ်တမ်းတော့ သူ့အကူကိုလည်း ကျွန်မ မလိုခဲ့ပါဘူး။ ကျွန်မအအော်ကြောင့် သူ စိတ်မသက်မသာနဲ့ ငြိမ်ကျသွားခဲ့တယ်။

ငါးမိနစ်နေပြီးနောက် ကျွန်မလုပ်ပုံမဟုတ်သေးဘူးလို့ ကိုယ့်ကိုယ်ထင်ပြီး ကျွန်မကို ဘာကြည့်ခိုင်းတာလဲလို့ သူ့ကိုမေးလိုက်တယ်။

"လွန်ခဲ့တဲ့ငါးမိနစ်က ကောင်းကင်ပေါ်က တိမ်တွေလှလိုက်တာ...ခု မရှိတော့ဘူး"လို့ သူကဆိုတယ်။

သူ့လက်ညိုးညွှန်ရာ ပြတင်းပေါက်အပြင်ဘက် ကျွန်မလှမ်းကြည့်လိုက်တယ်။ ညနေဆည်းဆာနေရောင် ကောင်းကင်တစ်ခုလုံးကို အဝါဖျော့ရောင် ဆေးခြယ်ထားတယ်။ ထူးခြားလှပတဲ့ပုံ တစွန်းတစမှ ရှိမနေခဲ့ဘူး။ ပြတင်းပေါက်ဘက်အကြည့်လွှဲပြီး အလုပ်တွေကို ကျွန်မဆက်လုပ်နေလိုက်တယ်။ ဆည်းဆာနေက သူ့ဘာသာသူ ငုပ်လျှိုးသွားခဲ့တယ်။

ရက်မကြာမီ မနက်ခင်းတစ်ခုမှာ ကျွန်မအိပ်ရာကထပြီး မနက်စာပြင်ဆင်တယ်။ ပြီးတော့ ကလေးတွေကို ကျောင်းသွားဖို့ နှိုးတယ်။ ခါတိုင်းလည်း အိမ်မှာ ကျွန်မက အစောဆုံးထသူတစ်ယောက်မို့ ဒီနေ့လည်း မထူးခြားပါဘူး။ ခါတိုင်းလိုပဲ ခန်းဆီးကိုဆွဲပြီး ပြတင်းပေါက်တွေ ကျွန်မလိုက်ဖွင့်တယ်။ အဲဒီအချိန်မှာ ကောင်းကင်ပေါ်မှာ တိမ်တိုက်အထပ်အထပ်နဲ့ လှပနေတာကို ကျွန်မသွားတွေ့တယ်။ ခရမ်းတစ်ထပ်၊ ပန်းရောင်တစ်ထပ်နဲ့ တိမ်တွေရဲ့အနားမှာ ရွှေရောင်တွေနဲ့ ကွပ်ထားသလိုမျိုး မိုးကုတ်စက်ဝန်းအထိ ဖြန့်ကျက်ထားတယ်။

သဘာဝရဲ့ ထူးဆန်းအံ့သြဖွယ် အလှအပကိုကြည့်ရင်း ကျွန်မစိတ်ထဲမှာ ခံစားမှုတစ်မျိုး ဖြစ်ပေါ်လာခဲ့တယ်။ ဒီလိုခံစားမှုမျိုးကို ယောက်ျားနဲ့အတူ ကျွန်မမျှဝေခံစားချင်တယ်။ ဒါပေမယ့် အချိန်စောနေသေးတာနဲ့ အိပ်ပျော်နေတဲ့သူ့ကို ကျွန်မ မနှောင့်ယှက်ချင်ခဲ့ဘူး။ တအောင့်နေမှပဲခေါ်မယ်လို့ ကျွန်မတွေးလိုက်တယ်။ ဒါပေမယ့် ကျွန်မကိုယ်တစ်လှည့်စာမှာပဲ ကောင်းကင်အရောင်ပြောင်းပြီး ခုနားက လှပတဲ့ရူခင်းလည်း ပျောက်သွားခဲ့ပါတယ်။ နေမင်းရဲ့စူးရှတဲ့ ရွှေရောင်မျက်လုံးတွေပဲ ပြတင်းပေါက်ဘောင်ပေါ် ရောက်လာခဲ့တယ်။ ဒီအချိန်မှာ ယောက်ျားကိုနှိုးခဲ့လည်း အံ့သြလှပတဲ့ ခုနားကရူခင်းကို သူကြည့်ရမှာ မဟုတ်တော့ဘူး။

တစ်ခုခုဆုံးရှုံးသွားသလိုမျိုး ပြတင်းပေါက်ဘေးကနေ ကျွန်မခွါလိုက်တယ်။ အဲဒီတခဏ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကျွန်မယောက်ျား ကျွန်မကိုပြတင်းပေါက်အပြင်က ညနေဆည်းဆာအလှ ကြည့်ခိုင်းတာကို ရုတ်တရက် ကျွန်မသတိရလိုက်တယ်။ ကျွန်မစိတ်ရှုပ်နေခဲ့လို့ အဲဒီအလှကို ကျွန်မ မခံစားခဲ့ရဘူး။ အဲဒီတုန်းက သူရဲ့ခံစားချက်ကလည်း ကျွန်မရဲ့အခုလက်ရှိ ခံစားချက်လို တစ်ခုခုဆုံးရှုံးသွားသလို ခံစားခဲ့ရမယ် ထင်ပါတယ်။

တကယ်တော့ လှပတဲ့ဘယ်အရာကိုမဆို ကျွန်မတို့မြင်တဲ့အခါ ဒါမှမဟုတ် ခံစားမိတဲ့အခါ တခြားလူတွေနဲ့ ကျွန်မတို့ မျှဝေခံစားတတ်ကြတယ်။ အထူးသဖြင့် ကျွန်မတို့ ချစ်ခင်နှစ်သက်သူတွေကို မျှဝေချင်ကြတယ်။ ဒါပေမယ့် ဒီလိုမျှဝေတဲ့ အခွင့်အရေးက အကြောင်းတစုံတခုကြောင့် ပျက်သွားနိုင်တယ်။ ဒါမှမဟုတ် တစ်ဘက်လူရဲ့စိတ် မကြည်မသာဖြစ်နေတဲ့အချိန်၊ ဒါမှမဟုတ် တစ်ဘက်လူကိုယ့်အနားမှာ မရှိတဲ့အချိန်၊ ဒါမှမဟုတ် အကြောင်းတစ်ခုခုကြောင့် မျှဝေဖို့ ကျွန်မတို့ကြောက်မိတယ်၊ မျှဝေလို့မရဘူး၊ မျှဝေရမယ်လို့ နားမလည်ခဲ့ဘူး၊ ဒါမှမဟုတ် မျှဝေဖို့ငြင်းဆန်ခံရတယ်၊ မမျှဝေချင်ဘူးဆိုရင် နှစ်ဦးနှစ်ဘက်ရဲ့ ဆက်နွယ်မှုတွေက အလိုလိုဝေးသွားတတ်ကြတယ်။

တကယ်လို့ နေရာမှာတင် ချက်ချင်းထုတ်ဖော်ပြောခွင့်မရတဲ့ စိတ်ခံစားချက်က အချိန်ကြာသွားတဲ့အခါ ဘယ်ကဘယ်လို စပြောရမှန်းမသိ ဖြစ်သွားတာမျိုးလည်း ရှိတယ်။ တကယ်တော့ မျှဝေတယ်ဆိုတာစိတ်အချင်းချင်း ပြောဆိုဆက်ဆံ(Communicat)နေတာပါပဲ။

ဆုပ်ကိုင်ပြရတဲ့ အရာဝတ္ထုတွေကမှ တစ်ဘက်သားနဲ့ မျှဝေခံစားနိုင်တာ မဟုတ်ပါဘူး။ နေဝင်ပန်းပွင့်တဲ့ ရူခင်းလေးလည်း ပေါ့ပေါ့ပါးပါး အတူတကွ မျှဝေနိုင်ပါတယ်။ အဲဒီလို မျှဝေတာဟာ အချင်းချင်းနားလည်မှုနဲ့ ဂရုစိုက်ကြင်နာမှုတွေကို တိုးစေသလို ချိုမြိန်ကြည်နူးတဲ့ ဆက်ဆံမှုကိုလည်း အစပျိုးပေးနိုင်ပါတယ်။

အခုချိန်မှာ ကျွန်မဘယ်လောက်ပဲ အလုပ်ရှုပ်၊ အလုပ်များနေပါစေ။ ယောက်ျားက ကျွန်မကိုကြည့်ခိုင်းတဲ့ ဘယ်အရာကိုမဆို လက်ထဲကအလုပ်ကို ချက်ချင်းချပြီး တစ်ချက်လောက်တော့ ကျွန်မပြေးကြည့်တတ်တယ်။ ကြောင်အချင်းချင်း ကိုက်နေတာပဲဖြစ်ဖြစ်၊ ငှက်ကလေးတွေ အစာစားနေတာပဲ ဖြစ်ဖြစ်ပေါ့။ မျှဝေတဲ့အခွင့်အရေးက ချက်ချင်းပျောက်ပျက်သွားတတ်ပါတယ်။ တကယ်လို့ အဲဒီအခွင့်အရေးကို ကျွန်မ မဆုပ်ကိုင်ထားတတ်ရင် အဲဒီသဘာဝအလှ၊ သဘာဝခံစားချက်တွေကို ဘယ်သူကမှ ကျွန်မအတွက် ချန်ထားပေးနိုင်မှာ မဟုတ်ပါဘူး။

** ထိုင်ဝမ်က သူငယ်ချင်းတစ်ယောက် ပေးပို့လာတဲ့ အီးမေးလ်ထဲက ဖြစ်ပါတယ်။ (釀造美麗的心情) ပါတဲ့...

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Friday, June 04, 2010

လပွတ္တာသို့ အလည်တစ်ခေါက်


နေကျဲကျဲပူတဲ့နေ့တစ်နေ့မှာ သင်္ကန်းကြီးဆိုတဲ့ ရွေးမြစ်ပေါ်က ရွာတစ်ရွာကို ကျွန်မတို့ရောက်ခဲ့ကြတယ်။ အဲဒီသင်္ကန်းကြီးရွာမှာ သူငယ်ချင်းတစ်ယောက် တာဝန်ခံဆောက်ထားတဲ့ မုန်တိုင်းဒဏ်ခံ အဆောက်အဦးကို သွားကြည့်ကြရင်း၊ ဆားချက်တာလည်း သွားလေ့လာရင်းနဲ့ပေါ့။

ရွာသား သုံးလေးရာတက်ခိုခဲ့တဲ့ သင်္ကန်းကြီးရွာက ဘုန်းကြီးကျောင်း

သင်္ကန်းကြီးရွာက ပင်လယ်နဲ့နီးတဲ့အတွက် နာဂစ်မုန်တိုင်းဒဏ်ကို အတော်လေးခံလိုက်ရတယ်။ ဒါပေမယ့် လူအသေအပျောက်နည်းခဲ့ပါသတဲ့။ မုန်တိုင်းလာတုန်းက ရွာဘုန်းကြီးကျောင်းပေါ် တက်ခိုခဲ့ကြလို့ အသက်ဘေးက လွတ်ခဲ့ကြရတယ်လို့ ရွာခံတွေက ပြောပြကြတယ်။ နေအိမ်တွေ မုန်တိုင်းနောက်လိုက်ပါပြီး ဒီဘုန်းကြီးကျောင်းပဲ ကျန်ခဲ့တယ်လို့ ဆိုကြတယ်။

ဒီလိုချောင်းတွေဖြတ်၊ တံတားတွေဖြတ်၊ ရွာတွေဖြတ် ဆိုင်ကယ်(၄၅)မိနစ်ကြာစီးပြီးနောက် သင်္ကန်းကြီးရွာကို ကျွန်မတို့ရောက်ပါတယ်။ မုန်တိုင်းဖြစ်ပြီးနောက် တစ်ရွာနဲ့တစ်ရွာကြား မြေလမ်းဖောက်ထားပေးတဲ့အတွက် သွားလာရလွယ်ကူပါတယ်။ အရင်ကဆို စက်လှေနဲ့ ချောင်းရိုးအတိုင်း သင်္ကန်းကြီးကိုရောက်ဖို့ (၃)နာရီကြာ စီးရသတဲ့...

လမ်းဘေးဝဲယာမှာ ဒီလို တဲသာသာ အိမ်တွေ အများကြီးတွေ့ခဲ့ရသလို

နိုင်ငံတော်က ဒီလိုအကွက်ချ ဆောက်လုပ်ပေးထားတဲ့ နေအိမ်တွေလည်း အများကြီးတွေ့ခဲ့တယ်

ဒီနေရာဟာ အရင်ကရွာလယ်ပါလို့ ပင်လယ်ကမ်းစပ်က ငုတ်တိုသာကျန်တော့တဲ့
အိမ်တိုင်တွေကို ညွှန်ပြပြီး ရွာခံတွေက ပြောပါတယ်။

ပုံမှာမြင်ရတဲ့ရွာရဲ့ ဟိုဘက်မှာ ပင်လယ်ပဲကျန်တော့တယ်။ ရွေးမြစ်ဝထိပ်မှာရှိတဲ့ ရွာတစ်ရွာပါ။
နာဂစ်တုန်းက တစ်ရွာလုံးပျောက်တယ် ပြောကြတယ်။ ခုတော့ တဲအိမ်အသစ်တွေနဲ့
နေရာဟောင်းက မခွါဘဲ အိုးအိမ်အသစ် သူတို့ထူထောင်ထားကြပြန်တယ်။

လူငါးရာဆန့် မုန်တိုင်းဒဏ်ခံ အဆောက်အဦးတဖြစ်လဲ အလယ်တန်းကျောင်းဖြစ်ပါတယ်။ မုန်တိုင်းရှိရင် ခိုလှုံနိုင်ပြီး မရှိရင် စာသင်နိုင်အောင် ဆောက်လုပ်ထားပါတယ်။ ဒီလိုအဆောက်အဦးမျိုး အဲဒီဝန်းကျင်မှာ သုံးခုရှိပါတယ်။ အဆောက်အဦးထဲမှာ အိမ်သာ၊ ရေချိုးခန်းတွေ အပြည့်အစုံ ထားရှိထားပါတယ်။

စာသင်ခုန်၊ ကျောက်သင်ပုန်းတွေနဲ့ သပ်သပ်ရပ်ရပ် ဆောက်လုပ်ပေးထားပါတယ်။ "ဒီလိုငွေကြေးအကုန်အကျခံပြီး ဆောက်ထားပေးတာ လူတွေ စည်းကမ်းရှိရှိ ထိန်းသိမ်းတတ်ဖို့ လိုမယ်နော်" လို့ ဝဲယာကိုကြည့်ပြီး သူငယ်ချင်းကို ကျွန်မပြောပါတယ်။ ဒါပေမယ့် စကားမဆုံးခင် ဆေးအသစ်သုတ်ထားတဲ့ နံရံထောင့်မှာ ကွမ်းသွေးတွေကို တွေ့လိုက်မိတယ်။

အဆောက်အဦးရဲ့နောက်မှာ ရေချိုရေလှောင်ကန်ကြီးလည်း ဆောက်ထားပါတယ်။

သင်္ကန်းကြီး၊ သင်္ကန်းလေးရွာက ရွာခံတွေက ငါးဖမ်း၊ ပုဇွန်ဖမ်း၊ ဆားချက်၊ ဂဏန်းမွေးတွေနဲ့ အသက်မွေးဝမ်းကြတယ်။ ဒါကြောင့်လည်း မုန်တိုင်းဒဏ်ဘယ်လောက်ပဲ ခံရပါစေ ပင်လယ်ကို သူတို့မခွဲနိုင်ခဲ့ကြဘူး။

ဒီသူငယ်ချင်းတွေနဲ့ ဘယ်နေ့ဘယ်အချိန်မှာ ကျွန်မတို့ ထပ်ဆုံဖြစ်ကြမယ်ဆိုတာ မသိနိုင်သေးပေမယ့် လပွတ္တာခရီးစဉ်နဲ့အတူ ခင်မင်စရာကောင်းတဲ့ သူတို့ကို ကျွန်မသတိရနေမိမှာပါ။ သူငယ်ချင်းရဲ့ သူငယ်ချင်းက ကိုယ့်သူငယ်ချင်းဖြစ်လာတယ်၊ ကိုယ့်သူငယ်ချင်းက သူ့သူငယ်ချင်းဖြစ်သွားတယ်။ အဲဒီလိုသူငယ်ချင်း စက်ဝိုင်းတွေ လည်နေသရွေ့ တစ်ချိန်ချိန်၊ တစ်နေရာရာမှာ ကျွန်မတို့ ထပ်ဆုံကြဦးမယ်ဆိုတာ ယုံကြည်မိပါတယ်။

နိုင်းနိုင်းစနေ


Share/Bookmark