Monday, July 26, 2010

ကြုံရဆုံရ တခဏမှာ


(၁)
တစ်နေ့နေ့လယ်က တူ၊ တူမလေးတွေနဲ့အတူ ကျွန်မချယ်ရီFMလေဒီယို နားထောင်နေတယ်။ သီချင်းမြူးမြူးလေးလာရင် အကြီးနှစ်ယောက်က လိုက်ကလိုက်၊ လိုက်ဆိုလိုက်နဲ့ ပျော်နေကြတယ်။ (၄)နှစ်ကျော်သာရှိသေးတဲ့ တူအငယ်ဆုံးတစ်ယောက်က သီချင်းမရလို့ ဟိုလှုပ်ဒီလှုပ်နဲ့ ကပဲကနေတယ်။ ခဏနေတော့ ဇော်ဝင်းထွဋ်ရဲ့ "ဆေးပေါင်းခတဲ့ည" သီချင်းလာပါတယ်။ ဒါကို သူလည်းဆိုတတ်ကြောင်း အားကျမခံ ထအော်ပါတယ်။

"သေးပေါက်ချတဲ့ည... သေးပေါက်ချတဲ့ည" ပါတဲ့.......... !_!

(၂)
တူမလေးက သူ့အမေကို ပြောတယ်။

"မာမား.. မနက်ဖြန် အာဇာနည်နေ့ ကျောင်းတစ်ရက်ပိတ်တယ်လို့ ဆရာမက ပြောတယ်"

ဒါကို မူကြိုတက်နေတဲ့ တူအငယ်ဆုံးက မေးပါတယ်။

"မာမား... လေးဖြူနေ့က ဘယ်နေ့လဲ? လေးဖြူနေ့မှာ ကျောင်းဘယ်နှရက် ပိတ်မှာလဲ" !_!

(၃)
ဧည့်ခန်းမှာ ကျွန်မတို့ သီချင်းခွေထိုင်ကြည့်နေတယ်။ စာတမ်းထိုးပြီးတော့ မျက်စိသိပ်မကောင်းတဲ့ ခြံစောင့်အန်တီက ကျွန်မကိုမေးတယ်။

"ကြက်ဖဆိုတာ ဘယ်တစ်ယောက်လဲ?"

"ဟိုး..အင်္ကျီအဖြူနဲ့ တစ်ယောက်လေ..."

"ဟို ဝ ဝ တစ်ယောက်ကရော"

"J မီတဲ့"

ဒါကိုသူက ဘာကြားမိတယ် မသိပါဘူး.... အခုလိုထပြောပါတယ်။

"ခုခေတ်အဆိုတော်တွေ နာမည်ရှားနေလား မသိဘူး။ တစ်ယောက်က ကြက်ဖ.. တစ်ယောက်က ကြက်မြီးတဲ့ .. ကြားကြားဖူးဘူး" !_!

(၄)
ကျောင်းပိတ်ရက်တစ်ရက်မှာ တူ၊ တူမတွေ ပအိုဝ့်ကုန်းမှာနေတဲ့ သူတို့အဘိုးအိမ်ကို သွားလည်ကြတယ်။ ဟိုဆော့ဒီဆော့နဲ့ ကလေးတွေပီပီ တွေ့ရာသစ်ပင်ပေါ်တက်တယ်။ တွေ့သမျှတွင်းတွေထဲ ဝင်ဆော့ကြတယ်။ ခဏနေတော့ တူအငယ်တစ်ယောက် အူယားဖားယားနဲ့ ပါးစပ်ကလည်း "ကလိုင်ချဉ်... ကလိုင်ချဉ်"နဲ့ တစ်ကိုယ်လုံး တွန့်လိမ်ပြီး ဟိုကုတ်ဒီကုတ်နဲ့ သူ့ဒေါ်လေးဆီ ပြေးလာတယ်။

"ကလိုင်ချဉ်... ကလိုင်ချဉ်" နဲ့ ဒါကို ပအိုဝ့်လူမျိုး သူ့ဒေါ်လေးက နားမလည်ဘူး။ တူလေးက အင်္ကျီကိုပွတ်ပွတ်ပြီး ပါးစပ်က တအော်အော်နဲ့ တစ်အိမ်လုံး ပတ်ပြေးနေတယ်။ သူ့ပုံကြည့်ရတာ အကောင်တစ်ကောင်နေပုံမှန်း သိကြတယ်။ "ကလိုင်ချဉ်.. ကလိုင်ချဉ်" ဆိုလို့ ဘာကောင်ကိုက်မှန်း တစ်အိမ်လုံးလည်း နားမလည်ကြဘူး။ အင်္ကျီကို ပင့်ကြည့်လိုက်မှ ပုရွက်ဆိတ်နီကိုက်မှန်း သိတော့တယ်။

အင်းသားရွာမှာ ကြီးတော့ အင်းသားစကားပဲ ပြောတတ်တဲ့ တူလေးလေ... သူ့ဘိုးဘိုး အိမ်လာလည်တဲ့နေ့က အိမ်ရှေ့သရက်ပင်ပေါ် မှည့်ဝင်းနေတဲ့သရက်သီးကို အခူးခိုင်းတယ်။ သူ့ဘိုးဘိုးက "ဘယ်တစ်လုံး ယူမလဲ?" ဆိုတော့ "ပစောက်နီအလုံး.. ဟိုးနားက ပစောက်နီအလုံးယူမယ်" တဲ့။ စကားကလည်း မပီကလာ အင်းသားစကားနဲ့မို့ သူ့ဘိုးဘိုးက နားမလည်ဘူး။ သူလိုချင်တာ ဟိုးနားက ဝါဝါဝင်းဝင်းတစ်လုံးတဲ့.... ပအိုဝ့်လူမျိုး သူ့ဘိုးဘိုးကို မနည်းရှင်းပြလိုက်ရတယ်။ !_!

ကြုံရဆုံရ တခဏသာမှာ ခံစားတတ်ရင် ဘဝက ရယ်စရာ၊ ပျော်စရာတွေနဲ့ ပြည့်နှက်နေပါတယ်။

နိုင်းနိုင်းစနေ

Share/Bookmark

Friday, July 23, 2010

အင်းလေးကန်


ဆဋ္ဌမတန်း မြန်မာဖတ်စာအုပ်မှ တစ်လုံးမကျန်ကူးယူဖော်ပြပါသည်။

ပြည်ထောင်စုမြန်မာနိုင်ငံတွင် လမ်းကို မြေတွင်မတွေ့ရ ရေတွင်သာတွေ့ရသောအရပ်၊ ခရီးကို လှည်းနှင့်မသွား၊ လှေနှင့်သွားသောအရပ်၊ လှေကိုလက်ဖြင့်မလှော် ခြေနှင့်လှော်သောအရပ်၊ အိမ်ကိုကုန်းတွင်မဆောက် ရေတွင်ဆောက်သောအရပ်ကို ပြပါဆိုလျှင် အင်းလေးကန်ကို ပြရပါလိမ့်မည်။

အင်းလေးကန်သည် ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း(၂၉ဝဝ)ကျော်မြင့်သော ရှမ်းပြည်နယ် ညောင်ရွှေချိုင့်ဝှမ်းတွင် တောင်နှင့်မြောက်တန်းလျက်တည်ရှိသည်။ ယခင်က ဤအင်းကြီးသည် အလျား၃၆မိုင်ခန့်၊ အနံ၈မိုင်ခန့် ရှိခဲ့သော်လည်း ယခုအခါတွင်မူ အလျား၁၂မိုင်ခန့်၊ အနံ၎မိုင်ခန့်သာရှိတော့သည်။

အင်းလေးကန်၏ သမိုင်းမှာ ဤသို့ဖြစ်သည်။ ပုံဂံပြည်အလောင်းစည်သူမင်းကြီး တိုင်းခန်းလှည့်လည်ခဲ့ရာ ဤအင်းကြီးသို့ရောက်လာသည်။ မင်းကြီး၏ အမှုထမ်းများတွင် ထားဝယ်သားများလည်း လိုက်ပါလာကြသည်။ ထိုထားဝယ်သား မင်းမှုထမ်းများသည် အင်းကြီးထဲတွင် နမ့်ပန်၊ ဟဲယာ၊ နောင်တော၊ ရွာကြီးဘန့်ပုံးဆိုသော ရွာလေးရွာကို တည်ထောင်နေထိုင်ကြသည်။ အင်းထဲက ရွာလေးရွာကို အင်းလေးရွာဟုခေါ်ရာမှာ အင်းကြီးသည်လည်း အင်းလေးကန်ဟု အမည်တွင်ခဲ့သည်။

အင်းလေးကန်ကို တောင်များဝန်းရံလျက်ရှိသည်။ အရှေ့ဘက်ရှိ ဆင်တောင်နှင့် အနောက်ဘက်ရှိ သန်းတောင်တို့မှာ အင်းလေးရေပြင်တွင် အရိပ်ကျလျက်ရှိသည်။ တောင်အရိပ်အောက်ရေပြင်တွင် ကျွန်းများ အနှံ့အပြားရှိကြသည်။ ဤကျွန်းများကို မှီခို၍တည်ဆောက်ထားသော ရွာများမှာလည်း အနှံ့အပြားပင်ဖြစ်သည်။ ဤရွာများတွင်နေထိုင်ကြသော သူတို့သည် ထားဝယ်သားများမှ ဆင်းသက်လာသူများဖြစ်ကြသည်။ ရှမ်းအမျိုးသားများက အင်းသားများကို မန့်နောင်ဟုခေါ်ကြသည်။ မန့်ဆိုသည်မှာ မြန်မာ၊ နောင်ဆိုသည်မှာ ကန်ဟုဆိုလိုသည်။ ကန်တွင်းနေ မြန်မာများဟု အဓိပ္ပာယ်ရသည်။

အင်းလေးကန်ထဲတွင် ထူးဆန်းသောအရာများမှာ ကျွန်းမျောများဖြစ်သည်။ ရေစီးဖြင့်ရွေ့မျောနေသော ကျွန်းများဖြစ်သဖြင့် ကျွန်းမျောဟုသာမန်ခေါ်ကြသော်လည်း အင်းသားများကမူ ကုန်းပေါ်ဖုတ်ဟုခေါ်ကြသည်။ အင်းရေတိမ်တွင် မြက်ပင်၊ ကိုင်းပင်၊ မှော်ပင်၊ ရေညှိပင်များ အစုလိုက်ပေါက်ကြသည်။ ထိုအပင်များသည် အချိန်ကြာသောအခါ ရေပေါ်သစ်ဆွေးကျွန်းများ ဖြစ်လာကြသည်။ ကျွန်းမျောများသည် ၄ပေ၊ ၅ပေခန့်ထုရှိ၍ မြက်ပင်၊ ကိုင်းပင်များပေါက်ကြသည်။

ကျွန်းမျောများသည် အင်းသားများ၏ စားဝတ်နေရေးကို များစွာကျေးဇူးပြုသည်။ ကျွန်းမျောကြီးများကို မှီ၍ ရွာတည်ကြသည်။ အိမ်၊ ကျောင်း၊ ဇရပ်စသည်တို့ကို ဆောက်ကြသည်။ စိုက်ပျိုးရေးလုပ်ဆောင်ကြသည်။ ကျွန်းမျောငယ်များကို မှီ၍ ငါးလုပ်ငန်းကိုလည်း လုပ်ကိုင်ကြသည်။

အင်းသားတို့သည် ကျွန်းမျောကြီးများပေါ်တွင် အသီးအနှံ့စိုက်ပျိုးကြသည်။ ၎င်းကိုရေခြံလုပ်ငန်းဟုခေါ်သည်။ ကြက်သွန်၊ ပဲ၊ ငရုတ်၊ ခရမ်းချဉ်စသော ဟင်းသီးဟင်းရွက် အမျိုးမျိုးကို ရေခြံများတွင် စိုက်ပျိုးကာ မြို့ရွာများသို့ ပို့ဆောင်ရောင်းချကြသည်။ အင်းလေးကန်တွင် ခရမ်းချဉ်သီး အများဆုံးထွက်သည်။ ရေခြံလုပ်ငန်းကို သီတင်းကျွတ်လတွင်စ၍ တပို့တွဲလလောက်တွင် အဆုံးသတ်သည်။ ထိုအခါ အင်းထဲတွင် ငါးလုပ်ငန်းပေါ်လာသည်။ ဤသို့ရာသီအလိုက် အသက်မွေးကျောင်းမှုကို ပြုရသဖြင့် တံငါခြောက်လ ခြံခြောက်လဆိုသော အင်းသားတို့၏ ဆိုရိုးစကားပေါ်ပေါက်လာသည်။

ငါးလုပ်ငန်းတွင် အသုံးပြုသော ငါးဖမ်းကိရိယာအမျိုးမျိုးမှာ စိတ်ဝင်စားဖွယ်ကောင်းသည်။ ထိုငါးဖမ်းကိရိယာများမှာ ပိုက်၊ စန့်၊ ယက်သဲ့၊ ဆောင်း၊ မြှုံး၊ ဟူးခေါ်ယင်း၊ ငါးမျှားချိတ်၊ ခက်ရင်း စသည်တို့ဖြစ်သည်။

အင်းထဲမှရသော ငါးအမျိုးမျိုးမှာ ငါးဖိန်း၊ ငါးခုံးမ၊ ငါးတောင်နွယ်၊ ငါးလူး၊ ငါးရံ့၊ ငါးခူ၊ ငါးဖယ်၊ ငါးသားဖွဲခေါ် ငါးပေါက်ကလေးများ စသည်တို့ဖြစ်ကြသည်။ ဤငါးမျိုးမျိုးတို့ကို ပိုက်ချခြင်း၊ စန့်ခင်းခြင်း၊ ယက်သဲ့ဆွဲခြင်း၊ ဆောင်းအုပ်ခြင်း၊ မြှုံးထောင်ခြင်း၊ ယင်းပိတ်ခြင်း၊ ငါးမျှားချိတ်ဖြင့်မျှားခြင်း၊ ခက်ရင်းဖြင့်ထိုးခြင်း စသည့်နည်းအမျိုးမျိုးဖြင့် ဖမ်းယူကြသည်။ ပိုက်ဆောင်းခေါ် ငါးဖမ်းကိရိယာမှာ လက်ခုပ်တစ်ဖောင်မကမြင့်သော ဆောင်းကျဲကြီးဖြစ်သည်။ ဆောင်းအတွင်းတွင် အိတ်ရှည်သဏ္ဌာန်ပိုက်ကို သွင်း၍ ဆောင်းရိုးတံများတွင် တွယ်ဆက်ထားသည်။ ငါးဖမ်းသူသည် လှေတစ်စင်းနှင့် ကန်ရေပြင်တွင် လှည့်လည်သွားလာကာ ငါးရှိမည်ထင်ရသော နေရာသို့ရောက်သောအခါ ဤပိုက်ဆောင်းဖြင့်အုပ်၍ ဖမ်းသည်။

စန့်ခေါ်သော ငါးဖမ်းကိရိယာမှာ အလျား၉ပေ၊ အနံ၎ပေရှိသော ပိုက်ကို ယကွင်းသဖွယ် ဝါးခြမ်းနှစ်ချောင်းဖြင့် ထောင့်လေးထောင့်ကို ကြက်ခြေခတ်ချည်ထားသည်။ ပြီးလျှင် ထိုဝါးစိုက်၍တန်းစီထားသော ကျွန်းမျောကလေးများတွင် လာရောက်မှီခိုကြသော ငါးများကို စန့်ခင်း၍ဖမ်းသည်။

နည်းအမျိုးမျိုးဖြင့် ဖမ်း၍ရသော အင်းငါးများနှင့် ပုစွန်များကို ရှမ်းပြည်နယ်တောင်ပိုင်းနေ လုပ်သားပြည်သူတို့ စားသုံးကြသည်။ အင်းလေးငါးပိနှင့် ငါးခြောက်များကိုမှု ရှမ်းပြည်နယ်တောင်ပိုင်းနှင့် မြောက်ပိုင်းနေ လုပ်သားပြည်သူတို့က စားသုံးလေသည်။

အင်းသားများသည် လက်မှုပညာအရာတွင်လည်း ထူးချွန်ပြောင်မြောက်ကြသည်။ ပန်းပဲလုပ်ငန်း၊ လက်သမားလုပ်ငန်း၊ ယွန်းထည်လုပ်ငန်း၊ ငွေပန်းတိမ်လုပ်ငန်း၊ နိဗ္ဗာန်ကုန်လုပ်ငန်း စသည်တို့ဖြင့် အသက်မွေးကြသည်။ အင်းသားပညာသည်တို့ ကျွမ်းကျင်စွာလုပ်ဆောင်သော လုပ်ငန်းကြီးတစ်ရပ်မှာ ပိုးထည်လုပ်ငန်းဖြစ်သည်။ အင်းပေါခုံ၊ သာလေ၊ မန်ကျည်းဆိပ်၊ ဟဲလုံ၊ မိုင်မျိုး စသောရွာများက ရက်လုပ်သည့် တွဲလုံချည်၊ စည်းလုံချည်၊ ဇင်းမယ်လုံချည်၊ အင်းလေးလုံချည်၊ ပိုးလွယ်အိတ်၊ ချည်လွယ်အိတ်များကို မြန်မာနိုင်ငံ အနှံ့အပြားတွင်တွေ့နိုင်သည်။ ပဒုမ္မာကြာရိုးမှအမျှင်များဖြင့်လည်း ကြာသင်္ကန်းရက်လုပ်ကြသည်။

အင်းသားများသည် စကားပြောဆိုဆက်ဆံရာတွင် ယဉ်ကျေးသိမ်မွေ့ကြသည်။ သာယာပြေပြစ်ကြသည်။ သူတို့ပြောသော မြန်မာစကားသည် ထားဝယ်စကားနှင့် အသံထွက်ဆင်၍ ပုံဂံခေတ်ရေးသားပုံနှင့် နီးစပ်သည်ဟုဆိုကြသည်။ အထူးထင်ရှားသောအချက်မှာ လဆွဲသံကို ပြောဆိုနေဆဲရှိခြင်းဖြစ်သည်။ လိမ့်ကျသည်ကို က္လသည်၊ စာသင်ကျောင်းကို က္လောင်း၊ ချော့မော့သည်ကို ခ္လေါ့သည်။ ရေချိုးသည်ကို ခ္လိုးသည်ဟူ၍ သုံးနှုန်းပြောဆိုလေ့ရှိသည်။

အင်းသားတို့သည် ရတနာသုံးပါးကို အလွန်ရိုသေကိုင်းရှိုင်းကြသည်။ အလှူအတန်း ရက်ရောကြသည်။ အင်းလေးတစ်ဝိုက်တွင် ခမ်းနားကြီးကျယ်သော ဘုရား၊ တန်ဆောင်း၊ ကျောင်း၊ ဇရပ်တို့များစွာရှိသည်။ ဖောင်တော်ဦးဘုရားမှာ အလွန်တန်ခိုးကြီးသည်။ သီတွင်းကျွတ်လတွင် ဖောင်တော်ဦးဘုရားပွဲတော်ကို ကမ်းညွတ်မျှစည်ကားစွာ ကျင်းပသည်။ ဤပွဲတော်တွင် ခြေဖြင့်လှော်၍ပြိုင်သော လှေပွဲမှာ အလွန်အံ့သြဖွယ်ကောင်းသည်။

အင်းလေးသဘာဝပုံစံ အလှအပကို ပြည်တွင်း၊ ပြည်ပခရီးသည်များ လာရောက်လေ့လာကြသည်။ ခရီးသွားလုပ်ငန်းဖြင့် အင်းလေးဒေသဖွံ့ဖြိုးတိုးတက်လာသည်။ ထိုသို့ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ အင်းလေကန်ကြီးရေရှည် တည်တံ့အောင် ကန်ကြီးကို ထိန်းသိမ်း၍ မှော်၊ ဒိုက်များဆယ်ယူခြင်း၊ သစ်တောထိန်းသိမ်းခြင်း စသော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းကို ပူးပေါင်းပါဝင် လုပ်ကိုင်ရန်လိုအပ်ပါသည်။

နိုင်းနိုင်းစနေ

Share/Bookmark

Thursday, July 22, 2010

ခွင့်လွတ်စိတ်


Matthiola incana (紫罗兰)ဆိုတဲ့အပင်က သူ့ကိုနင်းချေတဲ့ခြေထောက်ကိုတောင် သူ့ကိုယ်ပေါ်က ရနံ့တွေနဲ့ မွှေးကြိုင်စေသတဲ့.... ဒါဟာ ခွင့်လွတ်ခြင်းပဲဖြစ်တယ်။

ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ ဦးနှောက်ထဲမှာ တခြားလူတွေ ဘယ်လို ပြုမူနေထိုင်သင့်တယ်ဆိုတဲ့ ကန့်သတ်ချက်တချို့ကို ထည့်ထားတတ်တယ်။ အကယ်၍ တစ်ဖက်သားက ကိုယ့်ကန့်သတ်ချက်ကို ဆန့်ကျင်ရင်၊ မလိုက်နာရင် သူတို့ကို မုန်းတီးတတ်ကြတယ်။ တခြားလူက "ကျွန်တော်တို့"ရဲ့ ကန့်သတ်ချက်ကို အရေးမလုပ်တာနဲ့ ကျွန်တော်တို့ စိတ်တိုမုန်းတီးရတာဟာ ရယ်စရာကောင်းမနေဘူးလား?

တစ်ဖက်သားကို ခွင့်မလွတ်တာနဲ့ တစ်ဖက်သားကို ဆုံးမရာရောက်တယ်လို့ လူအများက ထင်ကြတယ်။ တနည်းအားဖြင့် "မင်းကိုငါခွင့်မလွတ်မချင်း မင်းကံဆိုးမယ်မှတ်" ဆိုသလိုဖြစ်တယ်။ တကယ်တော့ ဒေါသအခိုးအငွေ့တွေနဲ့ အိပ်မပျော်၊ စားမဝင်ဘဲ တကယ့်ကံဆိုးသူက ကျွန်တော်တို့ ကိုယ်တိုင်ဖြစ်နေပါတယ်။

လူတစ်ယောက်ကို စိတ်တိုဒေါသထွက်တဲ့အခါ မျက်စိမှိတ်ပြီး ကိုယ့်ခံစားချက်ကို ခံစားကြည့်ပါ။ ကိုယ့်ခန္ဒာကို ခံစားကြည့်ပါ။ တခြားလူမှာအပြစ်ရှိတယ်လို့ ကိုယ်ခံစားမိရင် ကိုယ်ကိုယ်တိုင်လည်း မပျော်ရွှင်နိုင်ပါဘူး။

လူတစ်ယောက်မှာ ကိုယ်ကြိုက်သလို လုပ်ပိုင်ခွင့်၊ ကိုယ်နားလည်သလို နေနိုင်ခွင့်ရှိတယ်။ ဒါပေမယ့် တစ်ဘက်လူ အားနာစိတ်ရှိအောင် လုပ်ဖို့က မလွယ်လှတဲ့အပြင် "ကိုယ့်စားဝတ်နေရေး"ကိုလည်း ထိခိုက်စေတယ်။

လူအကြိုက် နတ်မလိုက်နိုင်ဆိုသလို မိုးသက်လေပြင်းကျလို့ ကိုယ့်အိမ်မြေအောက်ခန်း ရေမြှုပ်သွားတယ်ဆိုပါစို့။

"ရာသီဥတုကို ငါတစ်သက် လုံးဝခွင့်မလွတ်နိုင်ဘူးကွာ" လို့ သင်ပြောနိုင်မလား?

ငှက်တစ်ကောင် ကိုယ့်ခေါင်းပေါ် မစင်စွန့်ချတာနဲ့ ငှက်ကို မုန်းတီးလို့ ရနိုင်မလား? တကယ်လို့ မရနိုင်ခဲ့ရင် ဘာဖြစ်လို့ တခြားသူကိုလည်း မုန်းတီးနေကြဦးမလဲ? လေပြင်းမုန်တိုင်း၊ ငှက်တွေကို ထိန်းချုပ်နိုင်တဲ့အာဏာ ကျွန်တော်တို့မှာ မရှိသလို တခြားလူကိုလည်း ကျွန်တော်တို့ မထိန်းချုပ်နိုင်ခဲ့ဘူး။ ဘုရားသခင်က လူတွေကို မုန်းတီးဖို့ လောကကြီးကို တည်ခဲ့တာမဟုတ်ဘူး။ တစ်ဖက်သားကို နာကျင်တယ်၊ မုန်းတီးတယ်ဆိုတဲ့အရာတွေကို လူတွေကပဲ ဖန်တီးခဲ့တာဖြစ်တယ်။

ခွင့်လွတ်တာနဲ့ပတ်သက်ပြီး ပြောရရင် ပထမဦးဆုံး မိဘတွေကို ခွင့်လွတ်ရမယ်။ လောကကြီးမှာ ခြောက်ပစ်ကင်းတဲ့ မိဘတွေမရှိဘူး။ ကိုယ်ငယ်ရွယ်စဉ်မှာ "ရာနှုန်းပြည့် မိဘကောင်းပီသရမယ်"ဆိုတဲ့ စာအုပ်တွေ၊ ကျမ်းတွေ ဈေးကွက်ထဲမှာ မရှိခဲ့သေးဘူး။ အိမ်ထဲ၊ အိမ်ပြင်၊ မိသားစုတာဝန် နောက်တခြားကိစ္စအဝဝကို သူတို့လုပ်ဆောင်ကြရတယ်။ သူတို့ဘက်က ချွတ်ယွင်းတာပဲဖြစ်ဖြစ်၊ အမှားလုပ်မိတာပဲဖြစ်ဖြစ် သူတို့ကို ခွင့်လွတ်ရမယ်။ သူတို့ကို တစ်ရက်ခွင့်မလွတ်နိုင်ရင် ကိုယ်လည်း တစ်ရက်နေ့ကူးကောင်းလိမ့်မှာ မဟုတ်ဘူး။

"အကယ်၍ အရမ်းဆိုးသွမ်းယုတ်မာတဲ့ လူတစ်ယောက်ကို ကျွန်တော်ခွင့်လွတ်ရမလား?" လို့ သင်မေးကောင်း မေးလိမ့်မယ်။

ကျွန်တော့်မှာ Sandy ဆိုတဲ့ မိတ်ဆွေတစ်ဦးရှိတယ်။ ၁၉၈၇ခုနှစ် ဇန်နဝါရီလမှာ စိတ္တဇလူနာတစ်ဦးဟာ သေနတ်ကိုင်ပြီး သူအိမ်ထဲကျူးကျော်ဝင်ရောက်ခဲ့တယ်။ အဲဒီလူဟာ ပန်းကောင်းတစ်ပွင့်လို ဖူးပွင့်နေတဲ့ သူ့သမီး(၃)ယောက်ကို ပစ်သတ်သွားခဲ့တယ်။

ဒီအဖြစ်ဆိုးက စန္ဒီကို စူးစူးနစ်နစ် နာကျင်စေခဲ့တယ်။ သူ့နာကျင်မုန်းတီးမှုတွေကို ဘယ်သူက ဘာနဲ့မျှ မနှိုင်းပြတတ်ခဲ့ဘူး။

အချိန်တွေ တဖြည်းဖြည်း ကုန်လွန်လာတာနဲ့အမျှ သူငယ်ချင်းမိတ်ဆွေတွေရဲ့ အားပေးနှစ်သိမ့်မှုကြောင့် ခွင့်လွတ်ခြင်းလမ်းကြောင်းပေါ် သူရောက်လာခဲ့တယ်။ နာကျင်မုန်းတီးခြင်းတွေကို သူစွန့်ပြီး လူသတ်သမားကို ခွင့်လွတ်ခဲ့တယ်။ ရှိသမျှအချိန်တွေ အသုံးပြုပြီး လူတွေကို သူအကူအညီပေးတယ်။ သူတစ်ပါးကိုပေးတဲ့ အကူအညီနဲ့ စိတ်ရဲ့တည်ငြိမ်ခြင်း၊ ခွင့်လွတ်ခြင်းကို သူရယူတယ်။

အတွေ့အကြုံအရ ကံကြမ္မာဆိုးတွေကြောင့် ဖြစ်ပေါ်လာတဲ့ နာကျင်မုန်းတီးခြင်းတွေကို လူ့ဝန်းကျင်မှာ ဂရုစိုက်ခြင်းအဖြစ် သူပြောင်းလဲပစ်နိုင်ခဲ့တယ်။ အကယ်၍ စန္ဒီကိုမေးခဲ့ရင် "နာကျင်မုန်းတီးခြင်းကို စွန့်လွတ်လိုက်တာ ကိုယ့်ကိုယ်တိုင်အတွက်ပဲဖြစ်တယ်။ ကိုယ်ကောင်းကောင်းမွန်မွန် ရှင်သန်ဖို့အတွက်ဖြစ်တယ်" လို့ သူပြန်ဖြေပါလိမ့်မယ်။

စန္ဒီနဲ့အဖြစ်တူတဲ့ လူတွေမှာ နှစ်မျိုးနှစ်စားရှိကြောင်း ကျွန်တော်သတိထားမိတယ်။ ပထမတစ်မျိုးက ကိုယ့်ဘဝကို နာကျင်မုန်းတီးခြင်းရဲ့အရိပ်အောက်မှာ ရှင်သန်စေတဲ့လူနဲ့ နောက်တစ်မျိုးက အဲဒီနာကျင်မုန်းတီးခြင်းတွေကို ကိုယ်ချင်းစာစိတ်၊ နားလည်စိတ်အဖြစ် ပြောင်းလဲနိုင်သူဖြစ်တယ်။

ဝမ်းနည်းကြေကွဲစရာ၊ ဖျားနာတာ၊ အထီးကျန်တာနဲ့ မျှော်လင့်ချက်မဲ့တာတွေဟာ လူတိုင်းရှောင်လွဲလို့ မရနိုင်တဲ့အရာတွေဖြစ်တယ်။ တနည်းနည်း၊ တစ်ချိန်ချိန်မှာ လူတိုင်းကြုံတွေ့နိုင်တယ်။ အဖိုးတန်ပစ္စည်း ဆုံးရှုံးခံရတဲ့လူတိုင်း အချိန်အတိုင်းအတာတစ်ခုထိတော့ ခံစားရစမြဲပါပဲ။ အဲဒီလိုခံစားပြီးနောက် ကိုယ်ပိုကြံ့ခိုင်သွားသလား? ပိုပျော့ညံ့သွားသလား? ဒါဟာ အဓိကအချက်ပဲဖြစ်တယ်။

မူရင်းရေးသားသူ -- Andrew Mathus

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

Share/Bookmark

Wednesday, July 21, 2010

ချစ်စရာ စာတိုလေး


ကလေးတွေနဲ့ စကားပြောရတာ ခက်တဲ့အလုပ်တော့ မဟုတ်ဘူး။ တကယ်ခက်တာက ကိုယ်ပြောတဲ့စကားကို သူတို့နားထောင်မထောင် ဆိုတာပဲဖြစ်တယ်။

ကျွန်မရဲ့ကလေးတွေက ကျောင်းတက်စအရွယ်မှာ အပြစ်ကင်း၊ ရိုးရှင်းတဲ့အပြုအမူတချို့ကို သူတို့လေ့ကျင့်ထားပြီဖြစ်ကြောင်း ကျွန်မ သတိထားမိတယ်။ ဥပမာ- ကျွန်မပြောနေတဲ့စကားကို တကယ်စိတ်ဝင်စားနေသယောင် သူတို့ဟန်ဆောင်တတ်တယ်။ တကယ်တော့ ကျွန်မရဲ့စကားတွေ သူတို့နားထဲဝင်တာမဟုတ်ဘူး။ စက်ရုပ်လို ခေါင်းမပြတ်ညိတ်ပြီး ရှေ့တည့်တည့်ကို ကြည့်ရင်း သူတို့နားထောင်နေသယောင် ဟန်ဆောင်တတ်တယ်။ အကယ်၍ ဒီကလေးတွေနဲ့ နှစ်အတော်ကြာ ကျွန်မတို့ ဖြတ်သန်းနေရဦးမယ်ဆိုရင် သူတို့နဲ့ပြောဆိုဆက်ဆံဖို့ နည်းလမ်းတွေ ရှာရတော့မယ်ဆိုတာကို ကျွန်မသိလိုက်တယ်။

အကြံဥာဏ်နည်းလမ်းသစ်တွေ တွေးတောရှာကြံပြီးနောက် ကလေးတွေဟာ စာတွေ စဖတ်တတ်တဲ့အချိန်ကစပြီး စာတို(note)လေးတွေ တွေ့တိုင်း လိုက်လိုက်ဖတ်တတ်တာကို ကျွန်မသတိပြုမိတယ်။

အကယ်၍ စာတိုလေးက တခြားမောင်နှမအတွက် ဒါမှမဟုတ် ကျွန်မအမျိုးသားအတွက်ဆိုရင် ပိုအကျိုးထိရောက်တာကို တွေ့ရတယ်။ အကယ်၍ စာကို ကွန်ပြူတာစာ ဒါမှမဟုတ် အဲဒီစာတိုလေးကို စာအိတ်ပုံအောက် ထည့်ဝှက်ထားတာက စာကိုရေခဲသေတ္တာပေါ် ကပ်ထားတာထက် သူတို့ကို ပိုဂရုစိုက်မိစေနိုင်ကြောင်း ကျွန်မသတိထားမိတယ်။

စစချင်းမှာ "ကျေးဇူးပြုပြီး သင့်ဖိနပ်ကို သိမ်းဆည်းပါ"၊ "ကိတ်မုန့်မစားပါနှင့်" စတဲ့ စာတိုလေးတွေနဲ့ ကျွန်မစမ်းသပ်ခဲ့တယ်။ ဒီနည်းက အစမှာ အရမ်းထိရောက်မှုရှိခဲ့တယ်။ "စာတိုလေး" လက်ခံရရှိတာနဲ့ ကိုယ့်ကိုယ်ကို ကြီးပြင်းလာပြီလို့ သူတို့ခံစားမိကြတယ်။ ဒါပေမယ့် ဒီနည်းက သူတို့တဖြည်းဖြည်း အရွယ်ရပြီး နားလည်လာတာနဲ့အမျှ အသုံးမဝင်တော့ဘူး။

တစ်ခါတလေ သူတို့အိပ်ခန်းဝမှာ စာရွက်ကြီးနဲ့ သတိပေးစာတွေ ကျွန်မရေးကပ်ထားတတ်တယ်။ ဒါကိုဖတ်ပြီး "ဟင်း... ဒါက ဘာစာတိုလဲ မေမေ" လို့ မသိနားမလည်သလို သူတို့မေးတတ်တယ်။ အဲဒီနောက် စာတွေကို ကျွန်မ ရေးမကပ်တော့ဘူး။ ကျွန်မလည်း အမည်အမျိုးမျိုး အတပ်ခံခဲ့ရတယ်။ ကျွန်မဟာ "အိမ်စေ"၊ ထိန်းသိမ်းစောင့်ရှောက်သူ"၊ "အကြမ်းဖက်သမား" စသည်ဖြင့် ချန်ထားတဲ့စာတိုနောက်လိုက်ပြီး ကျွန်မလည်း ရာထူးအမျိုးမျိုး အပြောင်းခံရတယ်။

အကယ်၍ သူတို့ရဲ့အိပ်ခန်း အရမ်းရှုပ်ပွနေချိန် ကျွန်မက "မသိမ်းဆည်းပါက အပိုင်သိမ်းရန် သတိပေးသည်" လို စာလုံးကြီးကြီး ရေးကပ်ပြီး အခန်းကို သော့ခတ်ပစ်လိုက်ရင် သူတို့ဆီက သိသာတဲ့တုန့်ပြန်မှုကို ရတတ်တယ်။ "အကြမ်းဖက်သမား" လို့ စာတိုလေးထားပြီး သူတို့တုန့်ပြန်တတ်တယ်။ အကယ်၍ အိပ်ခန်းကို ချက်ချင်းမသိမ်းဆည်းဘူးဆိုရင် "အကြမ်းဖက်သမား"က အခန်းထဲက ပစ္စည်းတွေ အကုန်သယ်ထုတ်တော့မယ်ဆိုတာ သူတို့သိတယ်။

"ထိန်းသိမ်းစောင့်ရှောက်သူ" လည်း စာတိုလေးချန်ပြီး သတိပေးတတ်တယ်။ အကယ်၍ ရေချိုးခန်းဘေစင် မသန့်ရှင်းရင် ရေချိုးခန်းသုံးပိုင်ခွငသ့်တွေ သူတို့ဆုံးရှုံးရတယ်။ အကယ်၍ ကြမ်းပြင်ပေါ် မုန့်စမုန့်နတွေ ကျကျန်ခဲ့ရင် "ပုရွတ်ဆိတ်"ကလည်း စာတိုလေးတွေ ချန်ထားတတ်တယ်။

စာတိုတိုင်းက သူတို့ကို အပြစ်ရှာတဲ့စာတွေတော့ မဟုတ်ဘူး။ တစ်ခါက "အိမ်စေ" ထားခဲ့တဲ့ စာတိုလေးက သူတို့ရဲ့လုပ်ဆောင်ချက်တွေ တိုးတက်ကောင်းမွန်ကြောင်း သူတို့ကို သိစေခဲ့တယ်။ ဥပမာ- "ကလေးတို့ရေ... မင်းတို့ သွားမတိုက်ကြတော့ဘူးလား? ဘာဖြစ်လို့ အခုတစ်လော ကြမ်းပြင်ပေါ်၊ မှန်ပေါ်နဲ့ မီးအိမ်တွေပေါ်မှာ သွားတိုက်ဆေးရာတွေ မတွေ့တော့တာလဲ? ဆက်ပြီး ကြိုးစားပါ"

နောက်စာတိုတစ်စောင်က "မင်းတို့ရဲ့အိပ်ရာတွေ သပ်ရပ်နေတာ နှစ်ပတ်ရှိပြီနော်၊ မင်းတို့တခြားနေရာ သွားအိပ်ကြတာလား?"

ဒီလိုနဲ့ စာတိုလေးတွေက ကျွန်မတို့မိသားစုကြားမှာ ရေပန်းစားခဲ့တယ်။ မိသားစုဝင်တစ်ဦးဦး ခရီးထွက်တဲ့အခါ အဝတ်အစားကြားမှာ စာတိုလေးတွေကို တွေ့ရတတ်တယ်။ ကလေးတွေ ပျော်ပွဲစားထွက်တဲ့အခါပဲဖြစ်ဖြစ်၊ ကျွန်မအမျိုးသား အလုပ်ကိစ္စနဲ့ ခရီးသွားတာပဲဖြစ်ဖြစ် စာတိုလေးတွေ သူတို့ရတတ်တယ်။ တစ်ခါက ကျွန်မအမျိုးသားတစ်ယောက်တည်း တည်းခိုခန်းမှာ တည်းနေတုန်း သူ့ရဲ့တခြားခြေအိတ်တစ်ဖက်ကနေ စာတိုလေးတစ်စောင်ကိုတွေ့တယ်။ စာက စာလုံးပေါင်းအမှားနဲ့ မညီညာတဲ့လက်ရေးနဲ့ ရေးထားတဲ့ "ဖေဖေ့ကို လွမ်းတယ်" လို့ရေးထားတယ်။ စာဖတ်ပြီး သူကြည်နူးမိခဲ့တယ်။

ကျွန်မလည်း စာတိုလေးတွေ ရတတ်တယ်။ အဝတ်လျော်ဆိုင်မှာ ကျောင်းဝတ်စုံတွေ သွားယူပေးဖို့ သူတို့ရဲ့အသိပေးစာတိုတွေ ဒါမှမဟုတ် သူတို့အတွက် ခေါင်းလိမ်းဆီတွေဝယ်ဖို့ အသိပေးစာတွေဖြစ်တယ်။ တစ်ခါတလေ တုံးတုံးအအ စာတိုလေးတွေကို သူတို့ရေးတတ်တယ်။ ဥပမာ- "ကိုယ်တိုင်လုပ်တဲ့မုန့်က သားသမီးတွေကို အချစ်ခံရကြောင်း ခံစားစေတယ်"

တချို့ရိုးရှင်းတဲ့ စာတိုလေးတွေက ကျွန်မကို နက်နက်နဲနဲ ခံစားစေတတ်တယ်။ ဥပမာ- တစ်နေ့မနက်က ဒုတိယတန်းတက်နေတဲ့ သမီးလေးနဲ့ ကျွန်မ ကတောက်ကဆဖြစ်ပြီး မပျော်ရွှင်ခဲ့ဘူး။ သမီးလေးက ခြေဆောင့်ပြီး ကျောင်းတက်ဖို့ ထွက်သွားခဲ့တယ်။ ကျွန်မက ကုန်စုံဆိုင်ဘက်ထွက်လာပြီး တစ်လမ်းလုံး ငါဟာ ကမ္ဘာပေါ်မှာ ဆင်းရဲဒုက္ခအခံရဆုံးမိခင်လို့ ကိုယ့်ကိုယ်ထင်မိတယ်။ ဆိုင်ရောက်တော့ ဝယ်စရာစာရင်းစာရွက်ကိုကိုင်ပြီး ဘာမှမဝယ်ဘဲ လေးလေးသွဲ့သွဲ့နဲ့ ဆိုင်ထဲမှာ လူးလားခေါက်ပြန် ကျွန်မလျှောက်နေမိတယ်။ တအောင့်ကြာတော့ စာရင်းစာရွက်ကို ကျွန်မကြည့်လိုက်တော့ ကျွန်မရေးထားတဲ့ စာနှစ်ကြောင်းကြားမှာ "ဆောရီး" ဆိုတဲ့ မညီမညာ ကလေးလက်ရေးကို တွေ့လိုက်တယ်။ ကျလုလုမျက်ရည်ကို ကျွန်မသုတ်လိုက်တယ်။ လှုပ်ရှားနေတဲ့စိတ်ကိုထိန်းပြီး ပေါ့ပါးတဲ့ခြေလှမ်းတွေနဲ့ လိုအပ်တဲ့ပစ္စည်းတွေကို ကျွန်မဝယ်ခဲ့တယ်။

ထူးခြားတဲ့တချို့အချိန်မှာ ကျွန်မလည်း စာတိုတွေရေးတတ်တယ်။ ကလေးတွေ အခက်အခဲနဲ့ကြုံအခါ သူတို့ရဲ့ပေါင်မုန့်၊ ချောကလက် ဒါမှမဟုတ် ဖိနပ်တွေထဲမှာ အားပေးတဲ့စာတိုလေးတွေ ကျွန်မချန်ထားတတ်တယ်။

အရေးပါတဲ့နေ့ရက်တွေကိုလည်း ကျွန်မမှတ်သားထားတတ်တယ်။ ဥပမာ- သူတို့ရဲ့ စာမေးပွဲရက်၊ အဆိုပြိုင်ပွဲရက် ဒါမှမဟုတ် တခြားဝမ်းနည်းအောင်းမေ့ရစရာ နေ့ရက်တွေ... ဒီလိုရက်တွေမှာ သူတို့အတွက် အားပေးစာလေးတွေ ကျွန်မရေးတတ်တယ်။

တစ်ခုခုကို အောင်အောင်မြင်မြင်နဲ့ သူတို့လုပ်နိုင်တဲ့အခါ သူတို့ရဲ့ခေါင်းအုံးအောက် ဒါမှမဟုတ် သွားတိုက်တံဘေးမှာ သူတို့ကိုချီးကျူးတဲ့ စာတိုလေးတွေ ကျွန်မချန်ထားတတ်တယ်။ သာမန်အားဖြင့် စာတိုလေးတွေ ရတဲ့အချိန် ဘာစကားလုံးတွေနဲ့မှ သူတို့ မတုန့်ပြန်တတ်ပေမယ့် တစ်ခါတလေ စာတိုလေးကြည့်ပြီး "မိုက်တယ်... အရမ်းမိုက်တယ်.. မေမေ" လို့ သူတို့ပြောတတ်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုစာတိုလေးတွေက တုန့်ပြန်မှုတစ်ခုခုတော့ ရစမြဲပါပဲ။

ကျွန်မတို့မိသားစုအတွက် ဒီလိုစာတိုလေးတွေက ကိုယ့်သဘောထားကို ဖော်ပြပေးတဲ့ အကောင်းဆုံးနည်းဖြစ်တယ်ဆိုတာကို ကျွန်မတဖြည်းဖြည်း သတိထားလာမိတယ်။ ဒီလိုနည်းနဲ့ များပြားတဲ့အိမ်အလုပ်အကြောင်း ကျွန်မငြီးတွားစရာ မလိုခဲ့ဘူး။ အခက်အခဲ ဒုက္ခနဲ့ကြုံချိန် စာတိုလေးတွေက ကျွန်မကို အင်အားတွေ၊ နှစ်သိမ့်မှုတွေ ပေးခဲ့တယ်။ ချီးမွမ်းစကားတွေကို စကားလုံးအဖြစ်နဲ့ ချရေးလိုက်တာနဲ့ ဒီစကားတွေဟာ ပိုအဓိပ္ပာယ်ရှိကြောင်း ထင်ရှားစေခဲ့တယ်။ ပိုအရေးပါတာတစ်ခုက ပြဿနာတစ်ခုခုကို ပိုကောင်းတဲ့နည်းနဲ့ ဖြေရှင်းချင်တဲ့အချိန်မှာ ဟာသပါတဲ့စာတိုလေးတွေနဲ့ ကျွန်မအသုံးပြုနိုင်ခဲ့တာပဲဖြစ်တယ်။

ဒီနှစ်တွေအတွင်းမှာ ကျွန်မလက်ခံရရှိတဲ့ စာတိုလေးတွေက အရင်ကရခဲ့တဲ့ စာလုံးပေါင်းအမှား၊ မညီညာတဲ့စာလုံး၊ စတန့်ထွင်ထားတဲ့ စာလုံး စတဲ့စာတိုတွေနဲ့ ကွဲပြားခဲ့တယ်။

အဝတ်လျှော်ဆိုင်ပို့မယ့် မင်္ဂလာဝတ်စုံပေါ်မှာ တွယ်ချိတ်နဲ့တွယ်ထားတဲ့ စာတိုလေးက "ဖေဖေနဲ့မေမေ ကျွန်တော့်အိပ်မက်ထဲကအတိုင်း ကျွန်တော့်အတွက် မင်္ဂလာပွဲကျင်းပပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်" လို့ ရေးထားတယ်။

ကျောင်းပြန်ဖွင့်လို့ တက္ကသိုလ်တက်ဖို့ ပြန်သွားတဲ့ ကျွန်မသမီးအငယ်ဆုံးရဲ့ စာတိုလေးတစ်စောင်ကို ကျွန်မရခဲ့တယ်။ သူ့အဝတ်ခြင်းထဲက လျှော်စရာအဝတ်တွေထုတ်ချိန် ခြင်းအောက်မှာ တွန့်ကြေနေတဲ့ စာတိုလေးတစ်စောင်က "မေမေ ... သက်ကျော်ရာကျော် ရှည်ပါစေ။ မေမေ့ကို အရမ်းချစ်တယ်" လို့ ရေးထားတယ်။

အချိန်တဖြည်းဖြည်း ကုန်လွန်ပြီး ကျွန်မရဲ့သားသမီးတွေ အိမ်ထောင်အသီးသီးကျပြီးနောက် စာတိုလေးနဲ့ ကူးလူးဆက်ဆံတဲ့ နေ့ရက်တွေ ကုန်ဆုံးပြီလို့ ကျွန်မထင်ခဲ့တယ်။ ဒါပေမယ့် မိဘအိမ်ပြန်ပြီး ကျွန်မတို့ကို သူတို့လာကြည့်ပြီးတဲ့နောက် ရက်အတန်ကြာမှာ မထင်မှတ်တဲ့နေရာတချို့မှာ သူတို့ရဲ့စာတိုလေးတွေကို မမျှော်လင့်ဘဲ ကျွန်မရတတ်တယ်။ သူတို့လိုပဲ ကျွန်မလည်း သူတို့အိမ်အလည်သွားတဲ့အခါမျိုးမှာ စာတိုလေးတွေကို ချန်ထားခဲ့တတ်သေးတယ်လေ.....

ကျွန်မအခုလက်ရှိဖတ်နေတဲ့ ကြက်ပေါင်းရည်စာအုပ်ထဲက မူရင်းရေးသားသူနာမည်မပါတဲ့ စာတစ်ပုဒ်ဖြစ်ပါတယ်။ ကျွန်မဘာပဲရေးရေး လာရောက်ဖတ်ရှုပြီး ကွန့်မန့်လေးတွေ ချန်ထားခဲ့တတ်သူတွေ၊ အီးမေးလ်ကနေ အားပေးသူတွေ၊ google reader ထဲကဖတ်ပြီး ကြိုက်နှစ်သက်တဲ့စာတွေကို likeလို့ မှတ်ချက်ပေးတတ်သူတွေ၊ စီဘောက်မှာ လာနှုတ်ဆက်သူတွေ၊ မထင်မှတ်ဘဲဖြစ်ဖြစ်၊ တမင်တကာပဲဖြစ်ဖြစ် တစ်ခုခုချန်ထားခဲ့တဲ့စာတိုလေးတွေက ကျွန်မအတွက် ချစ်စရာစာတိုလေးတွေ ဖြစ်ပါတယ်။ ကောင်းတာပဲချန်ချန်၊ ဆိုးတာပဲချန်ချန် ဒီဘလော့ထဲကိုလာပြီး ကျွန်မကိုအရေးတယူလုပ် ချန်ထားတာတွေဖြစ်တာမို့ ဝမ်းသာမိပါတယ်။ စာတိုလေးတွေအတွက် ကျေးဇူးတင်ပါတယ်လို့...

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

Share/Bookmark

စမ်းချောင်းလေးရဲ့ ခရီးစဉ်


Synergy Publicationကနေ မနေ့က ထပ်မံထုတ်ဝေလိုက်တဲ့ "စမ်းချောင်းလေးရဲ့ ခရီးစဉ်"လို့ အမည်ပေးထားတဲ့ ကျွန်မရဲ့ငါးအုပ်မြောက်စာအုပ်လေးဖြစ်ပါတယ်။ စိတ်ခွန်အားဖြည့်စာတွေ စုစည်းထားတဲ့ စာအုပ်လေးပါ။ စာအုပ်မျက်နှာဖုံးက ထုံးစံအတိုင်း ဇေယျာရဲ့လက်ရာဖြစ်ပါတယ်။ အခုဒီ ကျွန်မရဲ့စာအုပ်တွေကို ထုတ်ဝေပေးတဲ့ ထုတ်ဝေသူက အရမ်းသဘောကောင်းပါတယ်။ ကျွန်မရဲ့စာအုပ်တွေကို အရှုံးခံပြီး ထုတ်ပေးလို့ပါပဲ.. တကယ်လို့ ရေးထားတဲ့စာတွေ၊ ကဗျာတွေကို စာအုပ်အဖြစ် ထုတ်ဝေချင်ရင် သူနဲ့ဆက်သွယ်နိုင်ပါတယ်။ :)

နိုင်းနိုင်းစနေ


Share/Bookmark

Tuesday, July 20, 2010

ဇူလိုင် (၁၉)


ရင်ထဲမှာအတိုင်းမသိအောင်
ဝမ်းနည်းရပါတယ်
ကိုအောင်ဆန်းရယ်။

အကယ်ဆို သူဟာ
အပိုတွေကို မပြောတဲ့သူ
ဂုဏ်ပကာသနတွေကို ခါးတဲ့သူ
ဘဝကိုအရိုးအရှင်းဆုံး ဖြတ်ချင်သူ
အခုတော့ သူမရှိတော့ပါဘူး။
ဒါပေမယ့်
ဒီလေတွေကိုရှူတိုင်း
ဒီမြေကြီးကိုနင်းတိုင်း
ရင်ထဲမှာ အတိုင်းမသိ
သူ့ကို သတိရနေပါတယ်။

ငြိမ်းထွန်း

ကဗျာလေးတင်ပေးပါလို့ မေးလ်ပို့လာတဲ့ ကိုငြိမ်းထွန်းပါ။ ကျွန်မ ရွာပြန်နေတာနဲ့ ဒီနေ့မှတင်ဖြစ်တယ်။ တကယ်ဆို ဇူလိုင်(၁၉)မဟုတ်လည်း အာဇာနည်နေ့ကဗျာတွေ ဆောင်းပါးတွေ တင်လို့ရပါတယ်။ လူတိုင်းရင်မှာ ဇူလိုင်(၁၉)အာဇာနည်နေ့နဲ့ အာဇာနည်နေ့ဆိုတာဘာလဲဆိုတာလေး အမြဲရှိနေဖို့ လိုလိမ့်မယ်လို့ ထင်ပါတယ်။


Share/Bookmark

Thursday, July 15, 2010

စိတ်ကူးအိပ်မက်နဲ့ မျှော်လင့်ချက်


စိတ်ကူးအိပ်မက်သူတွေဟာ လူသားတွေရဲ့ဦးဆောင်သူ။ လမ်းပြညွှန်ကြားသူတွေဖြစ်တယ်။ သင်ဟာ စိတ်ကူးယဉ် အိပ်မက်မက်တတ်သူတစ်ဦးလား?

လူ့ဘဝကို ပိုအဓိပ္ပါယ်ရှိစေပြီး လူအများကို အခက်အခဲက ကျော်လွှားစေနိုင်တာတွေဟာ စိတ်ကူးအိပ်မက်ရှိသူတချို့ရဲ့ လုပ်ဆောက်ချက်တွေကြောင့်ဖြစ်တယ်။ ဒီလိုစိတ်ကူးအိပ်မက်ရှိသူတွေကို ကျွန်တော်တို့ ကျေးဇူးတင်သင့်ပါတယ်။

တကယ်လို့ လူ့သမိုင်းမှာ စိတ်ကူးအိပ်မက်သူတို့ရဲ့ လုပ်ဆောင်ချက်တွေကို ဖျောက်ပစ်ခဲ့ရင် ပျင်းရိဖို့ကောင်းတဲ့ သမိုင်းစာအုပ်ကို ဘယ်သူကမှ သွားဖတ်နေတော့မှာ မဟုတ်ဘူး။ စိတ်ကူးအိပ်မက်ရှင်တွေဟာ ပင်ပန်းဆင်းရဲဒဏ်ကိုမမူဘဲ ခါးကုန်း၊ ချွေးစက်မြေခတဲ့အထိ လူသားတွေအတွက် ညီညာတဲ့လမ်းကို ဖောက်ခဲ့ကြတယ်။ ဒီနေ့ခေတ်ရဲ့ တိုးတက်ပြောင်းလဲမှုတွေဟာ အရင်ခေတ်ရဲ့ စိတ်ကူးအိပ်မက်တွေ ပေါင်းစပ်ထားတာဖြစ်သလို အရင်ခေတ်တစ်ခေတ်စီရဲ့ အကောင်အထည်ဖော်ထားတဲ့ စိတ်ကူးအိပ်မက်တွေကြောင့်ဖြစ်တယ်။

တကယ်လို့ စိတ်ကူးအိပ်မက်သူတွေသာ အမေရိကားတိုက် အနောက်ခြမ်းကို သွားရောက်မစူးစမ်းခဲ့ရင် ဒီနေ့ရဲ့ အမေရိကားက အတ္တလန်တိတ်သမုဒ္ဒရာမှာပဲ ရှိနေဦးမှာဖြစ်တယ်။

လူသားတွေအတွက် အပေးဆပ်ဆုံး၊ တန်ဖိုးအရှိဆုံးလူတွေဆိုတာ အမြင်ကျယ်ပြီး ကြိုမြင်တတ်တဲ့ စိတ်ကူးအိပ်မက်သူတွေဖြစ်တယ်။ သူတို့ဟာ အသိဥာဏ်နဲ့ ပညာတွေကို ပေါင်းစပ်ပြီး လူသားတွေရဲ့ကောင်းကျိုးကို တည်ဆောက်ခဲ့သလို အမြင်ကျဉ်းမြောင်းသူ၊ အလွန်အကျွံစွဲလမ်းယုံကြည်သူတွေကိုလည်း ကယ်တင်ခဲ့တယ်။ ကြိုမြင်တတ်တဲ့ စိတ်ကူးအိပ်မက်ရှိသူတွေဟာ သာမန်လူတွေ မလုပ်နိုင်တဲ့ကိစ္စကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်သူတွေဖြစ်တယ်။

တွေးတောခြင်းက အနုပညာရှင်၊ ဂီတပညာရှင်နဲ့ ကဗျာဆရာတွေအတွက် အရမ်းအသုံးဝင်တယ်လို့ လူတချို့က ပြောကြပေမယ့် တကယ့်လက်တွေ့ဘဝမှာ အဲဒီလောက်ထိ မသိသာခဲ့ဘူး။ ဒါပေမယ့် နိုင်ငံ့အသီးသီးက ခေါင်းဆောင်တိုင်းဟာ စိတ်ကူးအိပ်မက်ယဉ်သူ၊ တွေးတောသူတွေဖြစ်ခဲ့ကြတယ်။ လုပ်ငန်းရှင်ပဲဖြစ်ဖြစ်၊ ကုန်သည်ကြီးတွေပဲဖြစ်ဖြစ်၊ စီးပွါးရေးခေါင်းဆောင်ပဲဖြစ်ဖြစ် သူတို့မှာ ကြီးမားတဲ့စိတ်ကူးအိပ်မက်၊ ကြံ့ခိုင်တဲ့ယုံကြည်မှုနဲ့ ကြိုးပမ်းအားထုတ်မှုတွေ ရှိကြတယ်။

အီတလီလူမျိုး Marconiဟာ radio telegraphကို ထီထွင်ခဲ့သူဖြစ်ပြီး သူ့စိတ်ကူးအိပ်မက်ကို လူတွေထူးဆန်းအံ့သြအောင် အကောင်အထည်ဖော်ခဲ့တယ်။ အကောင်အထည်ဖော်ခဲ့တဲ့ ဒီစိတ်ကူးအိပ်မက်ကြောင့် ပင်လယ်ပြင်မှာ လေမုန်တိုင်းဒဏ်ခံနေရတဲ့ သဘောင်္ကို ကယ်တင်နိုင်ခဲ့တယ်။ မုန်တိုင်းဒဏ်ခံနေရသူတွေက ကြိုးမဲ့ကိုအသုံးပြုပြီး ကယ်တင်ဖို့ အချက်ပေးနိုင်ခဲ့လို့ဖြစ်တယ်။

Radio telegraphကို မထီထွင်နိုင်ခင်မှာ Radio telegraphဟာ လူတွေရဲ့စိတ်ကူးအိပ်မက်ဖြစ်ခဲ့တယ်။ အဲဒီအိပ်မက်ကို Marconi က အကောင်အထည်ဖော်နိုင်ခဲ့တယ်။ လူလူချင်း၊ နိုင်ငံအချင်းချင်း ဆက်သွယ်ရာမှာ Radio telegraphဟာ များစွာအထောက်အကူဖြစ်ခဲ့တယ်။

George Stephenson ဟာ ဆင်းရဲသား သတ္တုတွင်းလုပ်သားတစ်ဦးဖြစ်တယ်။ ဒါပေမယ့် သူ့စိတ်ကူးအိပ်မက်ဖြစ်တဲ့ မီးရထားကို ထီထွင်အကောင်အထည် ဖော်နိုင်ခဲ့လို့ လူတွေရဲ့ သွားရေးလာရေး၊ လမ်းပန်းဆက်သွယ်ရေးကို လွယ်ကူမြန်ဆန်စေခဲ့တယ်။

ရဲရင့်တဲ့ Rogersဟာ လေယာဉ်စီးရင်း ဥရောပတိုက်ကို ဖြတ်ကျော်ပျံသန်းတဲ့ စိတ်ကူးအိပ်မက်ကို အကောင်အထည်ဖော်နိုင်ခဲ့တယ်။

Feltရဲ့ စိတ်ကူးအိပ်မက်ဖြစ်တဲ့ အတ္တလန်တိတ်သမုဒ္ဒရာကို ဖြတ်ကျော်တဲ့ကြေးနန်းကို အကောင်အထည်ဖော်နိုင်ခဲ့တာကြောင့် အမေရိကားနဲ့ဥရောပကို လွယ်ကူမြန်ဆန်တဲ့ ကူးလူးဆက်ဆံမှုတွေ ရှိစေခဲ့တယ်။

အောင်မြင်ကျော်ကြားသူတချို့မှာ ထူးခြားတဲ့စိတ်ကူးအိပ်မက်တွေ ပိုင်ဆိုင်လာနိုင်အောင် အင်္ဂလန် စာပေပညာရှင် ရှိတ်စပီးယားရဲ့ အကျိုးကျေးဇူးတွေလည်း များစွာပါဝင်ခဲ့တယ်။ ရှိတ်စပီးယားကြောင့် ပျက်စီးယိုယွင်းမှုတွေထဲကနေ ထူးဆန်းမှုတွေကို တွေ့စေခဲ့တယ်။ သာမန်ကိစ္စရပ်ထဲကနေ ထူးခြားဆန်းကြယ်မှုတွေကို တွေ့စေခဲ့တယ်။

လူတွေပိုင်ဆိုင်တဲ့ အင်အားအမျိုးမျိုးထဲမှာ စိတ်ကူးအိပ်မက်ရဲ့အင်အားက အကြီးမားဆုံးဖြစ်တယ်။ တကယ်လို့ မနက်ဖြန်မှာ ပိုကောင်းနိုင်တယ်လို့ ကျွန်တော်တို့ စိတ်ကူးယုံကြည်ခဲ့ရင် ဒီကနေ့ရဲ့ ပင်ပန်းဆင်းရဲခြင်းတွေကို ကျွန်တော်တို့ ဂရုစိုက်နေစရာ မလိုတော့ဘူး။ ကြီးမားတဲ့ စိတ်ကူးအိပ်မက်ရှိသူတွေက ကိုယ့်ရှေ့မှာ သံတံတိုင်းတွေခြားထားမှာကို တွေးမကြောက်ခဲ့ဘူး။ အဲဒီတံတိုင်းတွေက ရှေ့ဆက်မယ့်ခြေလှမ်းတွေကို မတုန့်နှေးစေခဲ့ဘူး။

တကယ်လို့ လူတစ်ယောက်မှာ စိတ်အနှောင့်ယှက်၊ နာကျင်ခြင်း၊ အခက်အခဲစတဲ့အရာတွေကို ပျော်ရွှင်ခြင်း၊ သက်တောင့်သက်သာဖြစ်ခြင်း၊ ချိုမြိန်ခြင်းအဖြစ်သို့ ပြောင်းလဲနိုင်တဲ့ အင်အားရှိခဲ့ရင် အဲဒီအင်အားဟာ အဖိုးမဖြတ်နိုင်တဲ့ ကျောက်မျက်ရတနာပဲဖြစ်တယ်။ တကယ်လို့ ဘဝမှာ စိတ်ကူးအိပ်မက်တွေကို ကျွန်တော်တို့ လက်လွတ်ဆုံးရှုံးခဲ့ရင် ကြံ့ခိုင်တဲ့ယုံကြည်မှု၊ ပြည့်ဝတဲ့မျှော်လင့်ချက်၊ ရဲစွမ်းသတ္တိနဲ့ ဆက်လက်ရင်ဆိုင်နိုင်မယ့်အင်အားတွေ ဆုံးရှုံးလိုက်တာနဲ့ အတူတူပဲဖြစ်တယ်။

အမေရိကန်လူမျိုးတွေဟာ စိတ်ကူးအိပ်မက်ကို အင်မတန်ကြိုက်နှစ်သက်သူတွေဖြစ်တယ်။ ဘဝမှာ ဘယ်လောက်ပဲ ဆင်းရဲဒုက္ခခံစားနေရပါစေ ကံတရားနောက်မလိုက်ဘဲ နေ့ရက်ကောင်းတွေ ကိုယ့်ဆီ အရောက်လာနိုင်သေးတယ်လို့ ယုံကြည်ကြသူတွေဖြစ်တယ်။

ကုန်စုံဆိုင်က ဝန်ထမ်းအများစုဟာ ကိုယ်ပိုင်ဆိုင်တစ်ခုဖွင့်နိုင်ဖို့ စိတ်ကူးယဉ်တတ်ကြတယ်။
လုပ်ငန်းခွင်က အလုပ်သမအများစုဟာ လှပတဲ့အိမ်ထောင်တစ်ခု တည်ဆောက်နိုင်ဖို့ စိတ်ကူးအိပ်မက်တတ်ကြတယ်။
အောက်ခြေလူတန်းစားတချို့က ရာထူး၊ အာဏာကြီးကြီး ဆုပ်ကိုင်နိုင်ဖို့ စိတ်ကူးတတ်ကြတယ်။

စိတ်ကူးအိပ်မက်ရှိသူတွေမှာမှ မျှော်လင့်ချက်တွေ ရှိနိုင်တယ်။ အဲဒီမျှော်လင့်ချက်တွေက လူတွေရဲ့ကိုယ်ထဲကိန်းအောင်းနေတဲ့ အရည်အချင်း၊ အသိဥာဏ်ကို နှိုးဆွပေးတယ်။ ကြိုးပမ်းလိုစိတ်ကို မြင့်တင်ပေးတယ်။ လင်းလက်တဲ့အနာဂတ်ကို ပိုင်ဆိုင်စေတယ်။

ဒါပေမယ့် စိတ်ကူးအိပ်မက်ရှိတိုင်း မပြည့်စုံသေးပါဘူး။ အဲဒီစိတ်ကူးအိပ်မက်ကို အကောင်အထည်ဖော်မယ့် စိတ်ဓာတ်နဲ့ဆုံးဖြတ်ချက်ရှိဖို့လည်း လိုပါသေးတယ်။ တကယ်လို့ စိတ်ကူးသာရှိပြီး အကောင်အထည်ဖော်ဖို့ အင်အားမစိုက်ထုတ်နိုင်ခဲ့ရင် အဲဒီစိတ်ကူးတွေက လေထဲတိုက်ဆောက်သလို အလာဟဿဖြစ်သွားပါလိမ့်မယ်။ စိတ်ကူးအိပ်မက်တွေ အကောင်အထည်ဖော်နိုင်အောင် အင်အားစိုက်ထုတ်ပြီး မပြတ်ကြိုးစားမှ အဲဒီအိပ်မက်ရဲ့ ကြီးမားတဲ့တန်ဖိုးကိုရမှာဖြစ်တယ်။

တခြားအင်အားတွေလိုပဲ... စိတ်ကူးအိပ်မက်ရဲ့ အင်အားကိုလဲ မသမာ၊ မမှန်ကန်တဲ့နည်းအဖြစ် သုံးနိုင်ပါတယ်။ ဥပမာ- လူတစ်ယောက်ဟာ ဘာအလုပ်မှမလုပ်ဘဲ တစ်နေကုန် စိတ်ကူးထိုင်ယဉ်နေမယ်၊ သူ့ဘဝအချိန်အားလုံးကို လေထဲတိုက်ဆောက်သလို စိတ်ကူးတွေနဲ့သာ ကုန်စေခဲ့ရင် သူ့ဘဝဟာ သေဆုံးသည့်တိုင် ဘာမှတိုးတက်ခဲ့မှာ မဟုတ်ဘူး။

စိတ်ကူးအိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ ကိုယ်ပိုင်ကြိုးစားမှုတွေ လိုအပ်ပါတယ်။ အိပ်မက်တွေရှိပြီးနောက် မပြတ်ကြိုးစားမှ အဲဒီအိပ်မက်တွေကို အကောင်အထည်ဖော်နိုင်မှာဖြစ်တယ်။

စိတ်ကူးအိပ်မက်တွေ အားလုံးထဲမှာ လူတွေကို အကျိုးပြုတဲ့ စိတ်ကူးအိပ်မက်က တန်ဖိုးအရှိဆုံးဖြစ်တယ်။ John Harvardဟာ ငွေကြေးအကုန်အကျခံပြီး ဟားဗတ်ကျောင်းကို စတင်တည်ထောင်ခဲ့တယ်။ နောက်ပိုင်းအဲဒီကျောင်းဟာ ဟားဗတ်တက္ကသိုလ်ဆိုပြီး ကမ္ဘာမှာနာမည်ကြီးခဲ့တယ်။ ဒါဟာ သိပ်ကောင်းတဲ့ ဥပမာတစ်ခုဖြစ်တယ်။

လူတွေဟာ စိတ်ကူးအိပ်မက်ရှိရုံမက စိတ်ကူးအိပ်မက်တွေကို ယုံကြည်ကိုးကွယ်ဖို့လည်း လိုတယ်။ ပြီးတော့ အဲဒီစိတ်ကူးအိပ်မက်တွေ အကောင်အထည်ဖော်ဖို့ ကိုယ့်ကိုယ်လည်း အားပေးတတ်ရမယ်။ လူတိုင်းမှာ အမြင့်ကို တက်လှမ်းလိုစိတ်ရှိကြတယ်။ အဲဒီလိုစိတ်ဟာ သံလိုက်အိမ်မြှောင်နဲ့တူပြီး လူတွေကို လင်းလက်တဲ့လမ်းဆီရောက်အောင် လမ်းညွှန်ပြသနေတယ်။ ကောင်းမွန်တဲ့စိတ်ကူးအိပ်မက်က သင့်ဘဝ အနာဂတ်လမ်းခရီးမှာ အောင်မြင်ခြင်းတွေနဲ့ ပြည့်စုံမယ်လို့ ကြိုတင်နိမိတ်ပြနေတာနဲ့တူတယ်။

စိတ်ကူးအိပ်မက်နဲ့ နှိုင်းယှဉ်ရင် လူတွေရဲ့စိတ်ထဲက မျှော်လင့်ချက်ဟာ ပိုတန်ဖိုးရှိတာကို တွေ့ရတယ်။ မျှော်လင့်ချက်ဆိုတာ ကောင်းမွန်တဲ့အနာဂတ်ရဲ့ ရှေ့ပြေးနိမိတ်ဖြစ်တယ်။ လူတွေကို လမ်းပြညွှန်ကြားသူဖြစ်တယ်။ လူတွေရဲ့ ရည်မှန်းချက် အနိမ့်အမြင့်၊ အောင်မြင်နိုင်ချေ ရှိမရှိဆိုတာကို သူတို့ရဲ့မျှော်လင့်ချက်နဲ့ တိုင်းတာလို့ရတယ်။

လူတချို့က သူတို့ရဲ့မျှော်လင့်ချက်ကို အချိန်ကြာလာတာနဲ့အမျှ တဖြည်းဖြည်း အရောင်မှိန်းစေတတ်ကြတယ်။ ကိုယ့်မျှော်လင့်ချက်ကို ဘယ်လိုထားရမယ်၊ ဘယ်လို စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားရမယ်ဆိုတာကို သူတို့ နားမလည်တဲ့အချိန်မှာဖြစ်တယ်။ မျှော်လင့်ချက်ဆိုတာ ကိုယ့်ကိုယ်အင်အားတွေ ဖြည့်ပေးပြီး ကိုယ့်ရဲ့စိတ်ကူးတွေကို တကယ်ဖြစ်ပေါ်စေတယ်ဆိုတာကို သူတို့သဘောက်မပေါက်ခဲ့လို့ဖြစ်တယ်။

မျှော်လင့်ချက်ဆိုတာ လူတွေရဲ့ ဆန်းသစ်ထီထွင်စေချင်တဲ့ အင်အားကို နှိုးကြားစေတယ်၊ လုပ်ဆောင်ချက်တွေ အဆုံးထိလုပ်ဆောင်နိုင်အောင် အားပေးတယ်၊ အရည်အချင်း လုပ်နိုင်ကိုင်နိုင်စွမ်းကို မြင့်တင်ပေးပြီး စိတ်ကူးယဉ်ဘဝကနေ တကယ့်လက်တွေ့ဘဝကို အရောက်တွန်းပို့ပေးတဲ့အရာဖြစ်တယ်။

လောကကြီးဟာ အပေးအယူမျှတဲ့ ရောင်းဝယ်သူဖြစ်တယ်။ ကိုယ်လိုချင်တဲ့အရာကို ကိုယ်ပေးဆပ်သလောက် ပြန်ရစေတယ်။ လူတွေရဲ့ တွေးတောခြင်းက သစ်မြစ်နဲ့တူတယ်။ သစ်မြစ်တွေလို ရှေ့နောက်တောင်မြောက် အရပ်ရပ်ကို ဖြန့်ကျက်တွေးတောပြီး ဘဝအတွက် မျှော်လင့်ချက်တွေကို သယ်ဆောင်လာကြတယ်။

တကယ်လို့ တောင်အရပ်သာမရှိခဲ့ရင် ဆောင်းခိုငှက်တွေက ဆောင်းရာသီမှာ တောင်အရပ်ကို ပျံသန်းပြီး ဆောင်းခိုကြမှာမဟုတ်ဘူး။ တောင်အရပ်က ဆောင်းခိုငှက်တွေကို မျှော်လင့်ချက်တွေ ဖြစ်စေခဲ့လို့ဖြစ်တယ်။

ဘုရားသခင်က လူတွေကို မျှော်လင့်ချက်တွေ ပေးတယ်။ မျှော်လင့်ချက်နဲ့ လူတွေကို ပိုကြီးမြတ်၊ ပိုသာယာတဲ့ဘဝကို ဖြစ်စေခဲ့တယ်။ ပိုဖွံ့ဖြိုးတိုးတက်တဲ့ လူ့ဘဝတွေ ဖြစ်စေခဲ့တယ်။ ဒါကြောင့် မျှော်လင့်ချက်တွေကို ကြိုးစားလုပ်ဆောင်ခဲ့ရင် အဲဒီမျှော်လင့်ချက်တွေက တကယ့်အကောင်အထည် ပေါ်စေနိုင်ပါတယ်။

မျှော်လင့်ခြင်းမှာလည်း သင့်မြတ်တာနဲ့ မသင့်မြတ်တာဆိုပြီး နှစ်မျိုးရှိတယ်။ သင့်မြတ်တဲ့မျှော်လင့်ချက်ဆိုတာ အလွန်အကျွံစိတ်ကူးယဉ်တာတွေ၊ မသုံးမဝင်နိုင်တာတွေ မဟုတ်ဘူး။ လူတွေအတွက် အဖိုးတန်ဆုံး မျှော်လင့်ချက်ဆိုတာ ကောင်းမွန်တဲ့လူ့ဘဝ၊ လူ့စရိုက်နဲ့ တာရှည်ခံတဲ့အရည်အချင်းတွေကို ထုတ်ဖော်တာပဲဖြစ်တယ်။

လူတစ်ယောက်ရဲ့ မျှော်လင့်ချက်ထဲကနေ သူ့ရဲ့အရည်အချင်းအတိုးအလျော့ကို ခန့်မှန်းနိုင်တယ်။
လူတစ်ယောက်ရဲ့ တွေးတောခြင်းထဲကနေ သူ့ရဲ့အကျင့်စိတ်ဓာတ်နဲ့ သူ့ဘဝအခြေအနေကို ခန့်မှန်းနိုင်တယ်။
လူတစ်ယောက်ရဲ့ ဘဝတစ်ခုလုံးကို သိဖို့ သူ့ရဲ့အတွေးအခေါ်ကို သိရုံနဲ့လုံလောက်နိုင်ပါတယ်။

မျှော်လင့်ချက်ရှိပြီးနောက် လူတစ်ယောက်ရဲ့ အတွေးအခေါ်နဲ့ ခံစားချက်တွေဟာ အလွယ်တကူ မပြောင်းလဲတတ်တာကို တွေ့ရတယ်။ မျှော်လင့်ချက်ရှိပြီးတဲ့ လူတစ်ယောက်မှာ မြင့်မားတဲ့ရည်ရွယ်ချက်၊ စေ့စပ်တဲ့တွေးခေါ်မှုနဲ့ ခိုင်မာတဲ့ဆုံးဖြတ်ချက်တွေ ရှိလာနိုင်တဲ့အပြင် မလိုအပ်တဲ့၊ နိမ့်ကျတဲ့အတွေးနဲ့ လုပ်ရပ်တွေကို စိတ်ထဲအဝင်မခံတော့ဘူး။ ဘယ်အရာမဆို၊ ဘာပဲလုပ်လုပ် မြင့်မားတဲ့ရည်ရွယ်ချက်နဲ့ ကြိုးကြိုးစားစား လုပ်ဆောင်လာတာကို တွေ့ရတယ်။

ကြံ့ခိုင်တဲ့ တွေးတောမှုက လူတွေရဲ့ မျှော်လင့်ချက်ကို တိုးတက်ပြောင်းလဲစေနိုင်သလို နဂိုရှိရင်းစွဲ အရည်အချင်းကိုလည်း ထုတ်ဖော်စေနိုင်တယ်၊ အောင်မြင်ဖို့တားဆီးထားတဲ့ အတားအဆီးတွေကို တွန်းလှန်နိုင်သလို အားငယ်စိတ်ကိုလည်း ချေဖျက်နိုင်တယ်။ မဖြစ်နိုင်ဘူးလို့ မျက်စိနဲ့ဆုံးဖြတ်ထားတဲ့ အရာတွေကို မျှော်လင့်ချက်ထားပြီး ကြိုးကြိုးစားစား ဇွဲလုံလနဲ့ လုပ်ဆောင်ခဲ့ရင် အောင်မြင်မှုက တစ်နေ့မှာ ကိုယ့်ဆီရောက်လာမှာ မလွဲပါဘူး။

မျှော်လင့်ချက်ဆိုတာ တကယ်ဖြစ်စေတဲ့ လမ်းစဖြစ်တယ်။ ကျန်းမာတဲ့ခန္ဒာရှိဖို့ မျှော်လင့်တာပဲဖြစ်ဖြစ်၊ မြင့်မြတ်တဲ့ လူ့အကျင့်စရိုက်၊ အောင်မြင်တဲ့စီးပွါးပညာရှင်ဖြစ် မျှော်လင့်တာပဲဖြစ်ဖြစ် မှန်ကန်တဲ့နည်းလမ်းနဲ့ အစွမ်းကုန်ကြိုးစားခဲ့ရင် တကယ့်လက်တွေ့မှာ အကောင်အထည်ပေါ်နိုင်ပါတယ်။

မျှော်လင့်ချက်အပေါ် ခိုင်မာတဲ့ဆုံးဖြတ်ချက် ထပ်ဖြည့်လိုက်တာနဲ့ အဲဒီလူဟာ ရှေ့တိုးမယ့် အင်အားကိုရစေတယ်။ မျှော်လင့်အချက်အပေါ် ကြိုးစားတဲ့ဇွဲလုံလထပ်ဖြည့်လိုက်တာနဲ့ အဲဒီလူဟာ ရည်ရွယ်ချက်ပန်းတိုင်ကို အရောက်လှမ်းနိုင်တယ်။ မျှော်လင့်ချက်ရှိပြီး ခိုင်မာတဲ့ဆုံးဖြတ်ချက်၊ ကြိုးစားမှုသာမရှိခဲ့ရင် အဲဒီမျှော်လင့်ချက်က သဲထဲရေသွန်သလို အရာရောက်နိုင်မှာ မဟုတ်ဘူး။ ဘယ်လောက်ပဲကြီးမားမြင့်မြတ်တဲ့ မျှော်လင့်ချက်ပဲဖြစ်ဖြစ် လုံ့လဝီရိယနဲ့ အကောင်အထည်ဖော်ဖို့ မကြိုးစားခဲ့ရင် အငွေ့အဖြစ်နဲ့ပဲ ပျောက်ဆုံးသွားနိုင်ပါတယ်။

အင်ဂျင်နီယာတွေရဲ့ ဦးနှောက်ထဲမှာ ဖန်ဆင်းမှုတွေ ပြည့်နေသလို လူတွေရဲ့စိတ်မှာလည်း လူ့ဘဝတိုက်တာကြီးကို မဆောက်ခင် မှန်ကန်တဲ့မျှော်လင့်ချက်တွေ ရှိသင့်တယ်။

အင်ဂျင်နီယာတွေဟာ အိမ်ပုံစံဆွဲပြီး လုပ်ငန်းမစခဲ့ရင် ဘယ်လောက်ခန့်ညားတဲ့အိမ်ပုံစံပဲဖြစ်ဖြစ် စက္ကူစုတ်တစ်ရွက်ပေါ်မှာပဲ ရှိနေမှာဖြစ်တယ်။ ထို့အတူ စိတ်ကူးမျှော်လင့်ချက်တွေကို ကြိုးစားပြီး အကောင်အထည်မဖော်ခဲ့ရင် အဲဒီမျှော်လင့်ချက်တွေဟာ ပူစီဖောင်းတွေလို လေထဲပျောက်ကွယ်သွားမှာဖြစ်တယ်။

တကယ်လို့ ဘဝတိုးတက်ပြောင်းလဲဖို့အတွက် နည်းလမ်း၊ အကြံအစည်တစ်ခုခုရှိခဲ့ရင် အဲဒီနည်းလမ်း အကြံအစည်ကို ကြံ့ကြံ့ခံလက်ကိုင်ထားသင့်တယ်။ အဲဒီအကြံအစည်ကို ရင်ဘတ်တစ်နေရာမှာ ထည့်ထားပြီး အကောင်အထည်မပေါ်မခြင်း လက်မလွတ်သင့်ဘူး။

မျှော်လင့်ချက်နဲ့ ပြည့်နေတဲ့ နှလုံးသားတစ်စုံဟာ ဆန်းသစ်ထီထွင်လိုစိတ်ရှိတယ်။ ဒီလိုဆန်းသစ်လိုစိတ်ကလည်း လူတစ်ယောက်ရဲ့ အရည်အချင်း၊ တွေးတောမှုတွေကို တကယ်ဖြစ်စေနိုင်ပါတယ်။

အမြဲတစေ ကောင်းမှန်တဲ့မျှော်လင့်ချက်တွေ ရှိမယ်။ လင်းလက်တဲ့အနာဂတ်တွေ ရှိတယ်လို့ မျှော်လင့်မယ်၊ လှပတဲ့စိတ်ကူးအိပ်မက်တွေ နောက်ဆုံးမှာ တကယ်အကောင်အထည်ဖော်နိုင်တယ်လို့ မျှော်လင့်မယ်၊ ဒီလိုမျှော်လင့်ခြင်းတွေက ကြီးမားတဲ့ စိတ်ဓာတ်ခွန်အားကို ဖြစ်စေပါတယ်။

ကိုယ့်အနာဂတ်လမ်းခရီးတွေအတွက် ကောင်းမွန်တဲ့ မျှော်လင့်ချက်ရှိခြင်းက ကြိုးစားလိုစိတ်ကို နှိုးဆွပေးတယ်။ အိုးအိမ်ထူထောင်ပြီး သာယာတဲ့မိသားစုဘဝကို တည်ဆောက်မယ်၊ အလုပ်အကိုင်ရာထူး တိုးမြှင့်ပြီး သူတစ်ပါးထက် ထူးချွန်မယ် .... စတဲ့မျှော်လင့်ချက်တွေက ကျွန်တော်တို့ကို ပိုကြိုးစားရုန်းကန်ဖို့ အင်အားတွေပေးပါတယ်။

လောကမှာရှိတဲ့ လူအများက ဒီကမ္ဘာပေါ်မှာရှိတဲ့ လှပခန့်ညားတဲ့အရာတွေ၊ ထည်ဝါတဲ့နေအိမ်တွေ၊ တန်ဖိုးကြီးလှပတဲ့ အဝတ်အထည်တွေ၊ တခြားလည်ပတ်စရာ ပျော်ရွှင်စရာတွေဟာ သူတို့အတွက် ကြိုတင်ပြင်ဆင်ပေးထားတဲ့ အရာမဟုတ်ဘဲ တခြားသူအတွက်လို့ ထင်ထားကြတယ်။ ယုံကြည်ထားကြတယ်။ ကိုယ်တိုင်က ဒီလိုခန့်နားထည်ဝါလှပတဲ့ အရာတွေနဲ့မထိုက်ဘူးဆိုပြီး မျှော်လင့်ချက်မဲ့တတ်ကြတယ်။ တကယ်လို့ ဒီလိုအောက်ကျတဲ့အတွေး၊ နိမ့်ကျတဲ့မျှော်လင့်ချက်ရှိတဲ့ လူတစ်ယောက်က လှပခန့်ညားတဲ့အရာတွေကို ပိုင်ဆိုင်ခံစားနိုင်ပါတော့မလား?

တကယ်လို့ လူတစ်ယောက်ဟာ လှပတဲ့အရာတွေကို မခံစားချင်ဘူး၊ နိမ့်ကျတဲ့အတွေးတွေလည်းရှိမယ်၊ ဘာမျှော်လင့်ချက်မှလည်း မထားဘူး၊ လောကကြီးမှာရှိတဲ့ ပျော်ရွှင်စရာတွေက ကိုယ့်အတွက်မဟုတ်ဘူး.. တခြားလူအတွက်ပဲလို့ ထင်မှတ်ထားမယ်ဆိုရင် အဲဒီလူဟာ ဘယ်တော့မှ ဖြစ်ထွန်းပေါက်မြောက်မှာ မဟုတ်ဘူး။

ကျွန်တော်တို့က ဘာကိုမျှော်လင့်ရင် ဘာရမှာဖြစ်တယ်။ ကြိုးစားပြီးလည်း မျှော်လင့်ရမယ်။ တကယ်လို့ ဘာမှမမျှော်လင့်ခဲ့ရင် ဘာမှရမှာမဟုတ်ဘူး။ ဆင်းရဲဒုက္ခကြားမှာနေပြီး ဘာမျှော်လင့်ချက်မှ မထားသူတစ်ယောက်က ချမ်းသာသုခကို ခံစားရမှာ မဟုတ်ပါဘူး။

မျှော်လင့်ချက်တွေရှိပြီး စိတ်ထဲမှာ မယုံကြည်မှု၊ သံသယစိတ်တွေရှိမယ်၊ ကိုယ့်ကိုယ်ကို မလုပ်နိုင်ဘူးလို့ သံသယဖြစ်မယ်၊ ရှုံးနိမ့်မှာကို ကြိုတွေးကြောက်မယ်ဆိုရင်လည်း မျှော်လင့်ချက်တွေ အကောင်အထည်ဖော်နိုင်မှာ မဟုတ်ဘူး။ မိမိကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့ မျှော်လင့်ချက်ကသာ အောင်မြင်နိုင်မှာဖြစ်တယ်။

ဒါကြောင့် လူတစ်ယောက်မှာ ဇွဲလုံလ၊ ကြိုးပမ်းမှု၊ ဆန်းသစ်မှုတွေရှိသင့်တယ်။ မှန်ကန်တဲ့တွေးခေါ်မှု ရှိဖို့က အရေးကြီးဆုံးဖြစ်တယ်။

တချို့က တစ်ဘက်မှာ ဒီလိုလုပ်နေရင်း အခြားတစ်ဘက်မှာ ဟိုလိုတွေးတတ်တယ်။ ဒီလိုလူမျိုးက နောက်ဆုံးမှာ အရှုံးနဲ့ပဲ ရင်ဆိုင်ရတတ်တယ်။ ဥပမာ- ချမ်းသာကြွယ်ဝဖို့ မျှော်လင့်ပြီး အောက်ကျတဲ့ အမှုအကျင့်တွေ ရှိနေမယ်ဆိုရင် အဲဒီလူဟာ ချမ်းသာကြွယ်ဝတဲ့ တံခါးပေါက်ဆီ ဘယ်တော့မှ လျှောက်လှမ်းနိုင်မှာ မဟုတ်ဘူး။

တချို့လူတွေက အလုပ်ကို ကြိုးစားပမ်းစား လုပ်ဆောင်ကြပေမယ့် မအောင်မြင်၊ မဖြစ်ထွန်းကြဘူး။ ဒါဟာ သူတို့ရဲ့ စိတ်ဓာတ်က ကြိုးစားမှုနဲ့ မကိုက်ညီလိုဖြစ်တယ်။ ----- လက်ရှိအလုပ်ကို လုပ်ကိုင်နေချိန် တခြားအလုပ်ကို တွေးတောကြံစည်နေတာမျိုးဖြစ်တယ်။ သူတို့လက်ကိုင်ထားတဲ့ မှားယွင်းတဲ့အမှုအကျင့်က သူတို့တကယ်လိုချင်တဲ့အရာကို မသိမသာ မောင်းထုတ်နေတာဖြစ်တယ်။ ကောင်းမွန်တဲ့မျှော်လင့်ချက် မထားတာဟာ မျှော်လင့်ချက်ကို အကောင်အထည်မပေါ်စေတဲ့ ဆူးညှောင့်ခလုတ်ဖြစ်တယ်။ "ကိုယ့်စိတ်ဝိညာဉ်က ဘာကိုမျှော်လင့်ရင် ဘာဖြစ်မယ်" ဆိုတဲ့စကားကို လူတိုင်းစွဲစွဲမြဲမြဲ မှတ်ထားသင့်ပါတယ်။

ကြောက်ရွံ့စိတ်က လူတွေရဲ့ခွန်အားကို လျော့နည်းစေတယ်။
ကြောက်ရွံ့ခြင်းမှာ အာဏာရှိတယ်။
ကြောက်ရွံ့ခြင်းက ဘဝရေကြည်ထွက်ပေါက်ကို ခြောက်ခမ်းစေတယ်။
ကြောက်ရွံ့ခြင်းရောယှက်နေတဲ့ ဘဝဟာ အရာတိုင်းကို မအောင်မြင်နိုင်ဘူး။

ကြီးမားတဲ့မျှော်လင့်ချက်၊ နက်နဲတဲ့ယုံကြည်မှုတွေကမှ လူတွေရဲ့ပျော့ညံ့ချက်ကို ကုစားနိုင်မှာဖြစ်တယ်။ ကောင်းမွန်တဲ့အကျင့်တွေ မွေးထုတ်ပေးမှာဖြစ်တယ်။

လှပတဲ့အနာဂတ်ကို ခံစားဖို့ မျှော်လင့်ထားတယ်၊ ကျန်းမာပျော်ရွှင်ခြင်းတွေကို မျှော်လင့်ထားတယ်၊ လူရာဝင်ဖို့ မျှော်လင့်တယ်... ဒီလိုမျှော်လင့်ချက်တွေက အောင်မြင်ဖို့အတွက် လူတစ်ယောက်ရဲ့ အရင်းအနှီးတွေဖြစ်တယ်။ အောင်မြင်သူအများမှာ (positive)အကောင်းမြင်မျှော်လင့်တတ်တဲ့ အကျင့်ရှိတယ်။ လက်ရှိမှာ ဘယ်လိုအခက်အခဲမျိုးကို ရင်ဆိုင်နေရပါစေ သူတို့ဟာ ကိုယ့်ကိုယ်ယုံကြည်မှု၊ "နောက်ဆုံးမှာ အောင်နိုင်ရမယ်" ဆိုတဲ့ ခိုင်မာတဲ့ဆုံးဖြတ်ချက်တွေရှိကြတယ်။ ဒီလိုဖြောင့်မှန်တဲ့ မျှော်လင့်ခြင်းက ထူးခြားတဲ့အင်အားတွေကို ဖြစ်စေပြီး နောက်ဆုံးမှာ မျှော်မှန်းထားတဲ့ ပန်းတိုင်ဆီ အရောက်လှမ်းစေတယ်။

မျှော်လင့်ခြင်းက လူတွေရဲ့အရည်အချင်းကို ဖော်ထုတ်ပေးနိုင်တယ်။ ငုတ်လျှိုးနေတဲ့အင်အားကို နှိုးထစေတယ်။ ဒီလိုအင်အားအရည်အချင်းတွေဟာ မျှော်လင့်ချက်မရှိ၊ နှိုးထပေးသူမရှိခဲ့ရင် ကြာလာတာနဲ့အမျှ နစ်မြှုပ်ပျောက်ကွယ်သွားနိုင်တယ်။

လူတိုင်း ကိုယ်လိုချင်တာ၊ မျှော်လင့်တာတွေကို အကောင်အထည်ဖော်နိုင်တယ်လို့ ယုံကြည်ထားသင့်တယ်။ သံသယမရှိသင့်ဘူး။ သံသယအတွေးတွေကို မောင်းထုတ်နိုင်မှာ အောင်မြင်နိုင်မယ်။ ခိုင်မာတဲ့ယုံကြည်မှုနဲ့ ရှေ့သို့တက်လှမ်းမယ်ဆိုရင် လှပတဲ့အောင်မြင်မှုကို ကျွန်တော်တို့ မလွဲမသွေ ဆွတ်ခူးနိုင်မှာဖြစ်ပါတယ်။

စာရေးဆရာ Dale Carnegieရဲ့ "စိတ်ကူးအိပ်မက်ဆိုတာ အောင်မြင်ခြင်းရဲ့လမ်းစ" ဆိုတဲ့ စာတစ်ပုဒ်ပါ။ စာထဲမှာ ဝါကျအချို့ ထပ်တလဲလဲပါနေတာကို တွေ့ပါလိမ့်မယ်။ တချို့အရာတွေဟာ ကျွန်မတို့သိပြီးသားဆိုပေမယ့် ထပ်တလဲလဲ အသိပေးရတဲ့အခါမျိုးလည်း ရှိတတ်ပါတယ်။ တချို့စာတွေက စာဖတ်သူကို ကြက်သီးမွေးညင်းထအောင် စိတ်ဓာတ်ခွန်အားတွေဖြစ်စေတယ်။ ကျွန်မထပ်တလဲလဲ ဖတ်ဖြစ်ခဲ့တဲ့ဒီစာကို နားလည်သလို ဘာသာပြန်လိုက်ပါတယ်။ ကျွန်မနားလည်သလိုမို့ အခြားသူဖတ်ပြီး နားမလည်ခဲ့ရင် ကျွန်မရဲ့ပျော့ညံ့ချက်သာဖြစ်ကြောင်း ကြိုတင်တောင်းပန်ချင်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

Share/Bookmark

Wednesday, July 14, 2010

လက်လွတ်ခြင်း အတတ်ပညာ


သူ့ရဲ့ဖခင်က နယူးယောက်က နာမည်ကြီး စတော့ရှယ်ယာအေ့ဂျင်တစ်ဦး၊ မိခင်က မကျော်ကြားသေးတဲ့ အနုပညာရှင်တစ်ဦးဖြစ်တယ်။ ဒါကြောင့် မိဘနှစ်ပါးဆီရဲ့ ကိန်းဂဏန်းပညာနဲ့ ဂီတပညာဟာ သူ့သွေးထဲစီးနေခဲ့တယ်။

ပျော်ရွှင်တဲ့ဘဝနဲ့ သူကြီးပြင်းနိုင်ခဲ့ပေမယ့် (၄)နှစ်အရွယ်မှာ မသင့်မြတ်တဲ့ ပြဿနာတွေနဲ့ မိဘနှစ်ပါး ကွာရှင်းလိုက်ကြတယ်။ မိခင်နောက် သူလိုက်ခဲ့တယ်။ မိခင်က ဂီတကို အလွန်မြတ်နိုးသူဖြစ်ပြီး ဂီတတူရိယာတော်တော်များများကို တီးခတ်နိုင်သူဖြစ်တယ်။ မိခင်ရဲ့ ထိန်းချုပ်သွန်သင်မှုအောက်မှာ သူလည်းတဖြည်းဖြည်း ဂီတကို နှစ်သက်လာခဲ့တယ်။

(၈)နှစ်အရွယ်မှာ မိခင်နဲ့အတူ ဥယျာဉ်တစ်ခုစီ သူအလည်အပတ်ရောက်ခဲ့တယ်။ ရောက်တာနဲ့ ခါတိုင်းလိုပဲ ရောင်စုံမိုးပျံပူဖောင်းတွေနဲ့ မြက်ခင်းပေါ်မှာ သူပြေးလွှားဆော့ကစားနေခဲ့တယ်။ ငှက်ကလေးတစ်ကောင်လို အပျော်ထဲနစ်ဝင်နေတဲ့ သူ့ကိုတွေ့တော့ မိခင်လည်း ရပ်ကြည့်မနေနိုင်ဘဲ သူနဲ့အတူ ဆော့ကစားခဲ့တယ်။ အချိန်အတော်ကြာ ဆော့ကစားပြီး မောဟိုက်လာကြလို့ မြက်ခင်းတစ်နေရာမှာ သူတို့အနားယူလိုက်ကြတယ်။ အနားယူချိန် မိခင်က အိတ်ထဲကနေ Harmonicaကို ထုတ်ပြီး ပါးစပ်ပေါ်တေ့မှုတ်လိုက်တယ်။ မိခင်နှုတ်ခမ်းပေါ်က တူရိယာလေးဟာ ဘယ်ညာယိုင်ပြီး နားဝင်ချိုတဲ့အသံတွေ လွှင့်ပျံထွက်လာခဲ့တယ်။

တေးသံသာတွေ လွင့်ထွက်လာတဲ့ Harmonica ကို သူစိတ်ဝင်စားပြီး မိခင်ရဲ့လက်ထဲကနေ ယူဖို့ကြိုးစားတယ်။ ဒါပေမယ့် လက်ထဲကိုင်ထားတဲ့ ပူဖောင်းတွေကိုလည်း သူလက်မလွတ်ချင်ခဲ့ဘူး။ ခဏလောက် သူတွေဝေပြီးနောက် လက်ထဲက မိုးပျံပူဖောင်းတွေကို လွှတ်လိုက်ပြီး မိခင်လက်ထဲက Harmonicaကို သူယူလိုက်တယ်။ အဲဒီနေ့မှာပဲ Harmonica မှုတ်နည်းကို သူသင်ယူနိုင်ခဲ့တယ်။ နုနယ်တဲ့ Harmonicaသံက ဥယျာဉ်တစ်ခုလုံး လွှမ်းမိုးသွားခဲ့တယ်။

အဲဒီနေ့မှာပဲ ဘယ်အရာကို လက်လွတ်လို့ရတယ်၊ ဘယ်အရာကို လက်လွတ်လို့ မရဘူးဆိုတဲ့ အသိတစ်ခုကို နားလည်သလို၊ နားမလည်သလိုနဲ့ သူပထမဆုံးအကြိမ် ခံစားခဲ့ရတယ်။

အဲဒီနောက် ဂီတကို သူနှစ်နှစ်ခြိုက်ခြိုက် စွဲလမ်းခဲ့တယ်။ အထက်တန်းကျောင်းပြီးတာနဲ့ နယူးယောက်က Miliya ဂီတကျောင်းကို သူတက်ရောက်ခဲ့တယ်။ သင်ယူနေဆဲမှာ ဂီတဘက်မှာ သူမထူးချွန်နိုင်ကြောင်း ကိုယ့်ကိုယ် သတိထားလာခဲ့မိပြီး ဂီတအပေါ် သူငြီးငွေ့လာခဲ့တယ်။ တစ်ချိန်တည်းမှာပဲ ကိန်းဂဏန်းသင်္ချာနဲ့ စီးပွါးရေးဘာသာရပ်တွေကို သူစိတ်ဝင်းစားမိပြန်တယ်။ ဂီတကို လက်လွတ်ပြန်ရင်လည်း နှမြောမိတာမို့ ရှေ့မတိုး နောက်မဆုတ်သာ သူဖြစ်နေခဲ့တယ်။ အဲဒီအချိန်မှာ (၈)နှစ်အရွယ်က လက်မလွတ်ချင်ဘဲ နောက်ဆုံးမှာ လက်လွတ်လိုက်ရတဲ့ မိုးပျံပူဖောင်းကို သူသွားသတိရမိတယ်။ အဲဒီလိုနဲ့ ဂီတကျောင်းကနေ သူနုတ်ထွက်ခဲ့တယ်။ နယူးယောက်တက္ကသိုလ်မှာ စီးပွါးရေးပညာကို သူသင်ယူခဲ့တယ်။ အဲဒီကမှာ စီးပွါးရေးဘွဲ့ရပြီး (၂)နှစ်အကြာမှာ မာစတာဘွဲ့ကို သူရခဲ့ပြန်တယ်။ အဲဒီနောက် ကိုလံပီယာတက္ကသိုလ်ကို သူဆက်တက်ရောက်ခဲ့တယ်။

ကိုလံပီယာတက္ကသိုလ် တက်နေစဉ်အတွင်း မိသားစုဝင်ငွေ အကြပ်အတည်းကြောင့် ကျောင်းလခတွေ သူမပေးနိုင်ခဲ့ဘူး။ အဲဒီလိုနဲ့ သူကျောင်းထွက်ခဲ့ရပြန်တယ်။ အဲဒီနောက်တော့ ရှည်လျားတဲ့သူ့ဘဝခရီးမှာ လက်လွတ်သင့်တာတွေ သူလက်လွတ်ခဲ့ပြီး စီးပွါးရေးပညာကိုပဲ တစိုက်မတ်မတ် လေ့လာသင်ယူခဲ့တယ်။

နောက်ဆုံး အသက်(၅၁)နှစ်မှာ ကိုလံပီယာတက္ကသိုလ်က (PhD)ဘွဲ့ကိုသူရခဲ့တယ်။ (၁ဝ)နှစ်လွန်ပြီးနောက် သူဟာ သမ္မတ Reaganခန့်အပ်တဲ့ (Federal Reserve Board) အမေရိကန်ဘဏ္ဍာသိုမှီရေးအဖွဲ့ ဥက္ကဌဖြစ်လာခဲ့တယ်။ သူက Alan Greenspan ပဲဖြစ်တယ်။

Alan Greenspanဟာ ပူဖောင်းကိုလက်လွတ်ပြီး Harmonicaကို သင်ယူခဲ့တယ်။ အဲဒီနောက် ဂီတအပေါ် ငြီးငွေ့ပြီး စီးပွါးရေးပညာကို သင်ယူခဲ့ပြန်တယ်။ လက်လွတ်သင့်တဲ့အရာ တော်တော်များများကို သူလက်လွတ်ခဲ့ပြီး စီးပွါးရေးပညာကို သူဆည်းပူးခဲ့တယ်။ နောက်ဆုံး အမေရိကန်ရဲ့ အောင်မြင်ကျော်ကြားတဲ့ လူတစ်ဦးဖြစ်လာခဲ့တယ်။

လက်လွတ်သင့်တဲ့အရာကို ကျွန်တော်တို့ လက်လွတ်တတ်ကြရမယ်။ လက်လွတ်ခြင်းဆိုတာ စွန့်ပစ်ခြင်းကိုပြောတာ မဟုတ်ဘူး။ စိတ်ရှုပ်ပြီး အကုန်စွန့်လွတ်လိုက်တာမျိုး မဟုတ်ဘူး။ ရွေးချယ်ခွင့်နှစ်ခုမှာ တစ်ခုကို လက်လွတ်လိုက်တာဖြစ်တယ်။ လက်ထဲဆုတ်ကိုင်ထားတဲ့ အစာကို မလွတ်ချင်တဲ့မျောက်ဟာ နောက်ဆုံးမှာ အဖမ်းခံခဲ့ရတယ်။ လက်မလွတ်ဘဲ အရာတိုင်းကို ဆုတ်ကိုင်ထားချင်ရင် တခြားဒီထက်ပိုကောင်းတဲ့အရာတွေကို လေ့လာသင်ယူဖို့ ကျွန်တော်တို့မှာ အချိန်ရော အင်အားပါ နည်းသွားတတ်တယ်။

"လက်လွတ်နိုင်တယ်" ဆိုတာ အရင်ဆုံး "လက်လွတ်"မှ "အောင်နိုင်ခြင်း" ကိုရတာဖြစ်တယ်။ လူတိုင်းမှာ လက်နှစ်ဘက်ပဲရှိတာကြောင့် ကိုယ်လိုချင်တဲ့အရာတိုင်းကို မြဲမြဲဆုတ်ကိုင်ထားနိုင်မှာ မဟုတ်ဘူး။ စမ်းပြီး လက်လွတ်ကြည့်ပါ။ လက်လွတ်တာများလေ ပြန်ရတာများလေဆိုတာကို သတိထားမိပါလိမ့်မယ်။ လက်မလွတ်တတ်ရင် အရာဟောင်းကိုပဲ ဆုတ်ကိုင်ထားပြီး နေရာမှာတင် သင်ရပ်ကျန်ရစ်နေလိမ့်မယ်။

ဘဝရဲ့ ပူပင်သောက၊ စိုးရိမ်ကြောင့်ကြမှု၊ စိတ်ညစ်စရာတွေကို လက်လွတ်ကြည့်ပါ။ အရောင်စုံပြီး လှပတဲ့ဘဝကို သင်မသိမသာ ခံစားမိပါလိမ့်မယ်။

http://en.wikipedia.org/wiki/Alan_Greenspan

http://baike.baidu.com/view/63757.htm


နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Tuesday, July 13, 2010

အချစ်ရဲ့အရိပ်အရောင်


သမီးလေးဒိုင်နာ မိတ်ကပ်လိမ်းခြယ်ပြိုင်ပွဲမှာဝတ်ဖို့ အင်္ကျီတစ်ထည်ကို ကျွန်မရှာနေတယ်။ ထပ်ခိုးက သေတ္တာဟောင်းထဲမှာ လှန်လျောရင်း ဖဲကြိုးနဲ့ချည်ထားတဲ့ ဗူးလေးတစ်လုံးကို ကျွန်မသွားတွေ့တယ်။ ဗူးထဲမှာ ဘာတွေထည့်ထားတယ်ဆိုတာကို ကျွန်မ မမှတ်မိတော့ဘူး။ ဖဲကြိုးနဲ့ချည်ထားပုံထောက်တော့ အဓိပ္ပါယ်ရှိတဲ့ အမှတ်တရပစ္စည်းတွေ ဖြစ်လိမ့်မယ်လို့ ကျွန်မထင်တယ်။ ထော်ဒယ်အိပ်ခန်းထဲရောက်နေတဲ့ ကျွန်မခင်ပွန်း တွမ်ရဲ့တဒုန်းဒုန်း တဒိုင်းဒိုင်း ထုသံကို ထပ်ခိုးပေါ်ကနေ ကျွန်မကြားနေရတယ်။ ရုံးပိတ်ရက် စနေနေ့တိုင်း တွမ်က လက်သမားအလုပ်ကို လုပ်တတ်တယ်။ အရင်ပတ်ကလည်း ကျွန်မအတွက် ပန်းအိုးစင်လေး လုပ်ပေးပြီးပြီ။ ဒီတစ်ပတ်မှာ ထော်ဒယ်အတွက် ကျောက်စရစ်ခဲစုတဲ့ သေတ္တာတစ်လုံးကို သူလုပ်နေတယ်။

ဗူးပေါ်က ဖဲကြိုးကို ကျွန်မအလျင်စလို ဆွဲဖြည်လိုက်တယ်။ ဗူးကိုဖွင့်မယ့်တခဏ ဗူးထဲကပစ္စည်းတွေကို ဖြတ်ခနဲကျွန်မသတိရလိုက်တယ်။ ကျွန်မ ဘယ်လိုမေ့နိုင်မလဲ? ဗူးထဲမှာ ကျွန်မ နုပျိုစဉ်ကအပျော်တွေ၊ မိန်းမပျိုတစ်ယောက်ရဲ့ အိပ်မက်တွေ၊ တွမ်ပေးတဲ့ချစ်သူများနေ့ ပထမဆုံးလက်ဆောင်ရယ်၊ နောက်ပြီး ရွှေဘောလုံးပါတဲ့ ဆွဲကြိုးတစ်ကုံးရယ်... အဲဒီဆွဲကြိုးက တွမ်တက္ကသိုလ်တက်စဉ် ကျောင်းအားကစားပွဲမှာ ရခဲ့တဲ့လက်ဆောင်ဖြစ်တယ်။

ကျွန်မတို့အတူနေထိုင်ခဲ့တဲ့အချိန်တွေကို တကျော့ပြီးတကျော့ ကျွန်မလှန်လျောကြည့်မိတယ်။ ညိုးနွမ်းနေတဲ့ နှင်းဆီတစ်ပွင့်၊ ကျွန်မရဲ့(၁၈)နှစ်ပြည့် မွေးနေ့လက်ဆောင်ဆွဲကြိုးတစ်ကုံး၊ စွဲမက်စရာကောင်းတဲ့ အချစ်ကဗျာနဲ့ ကြင်နာမှုတွေ၊ နာကျင်မှုတွေပြည့်နေတဲ့ စာတွေ.....

အတိတ်ဒီရေနောက် ကျွန်မစီးမျောခဲ့တယ်။ ချစ်စ၊ ခင်စ၊ ကြင်နာစအချိန်တွေက ရွှေရောင်အချိန်တွေလို တန်ဖိုးရှိတယ်။ ခါးသက်ပြီး ချိုမြိန်တဲ့ ငြင်းခုန်မှုတွေရှိတယ်။ မျက်ရည်ဝဲသီတဲ့ ခွင့်လွတ်နားလည်မှုတွေပါတယ်။ နုနယ်တက်ကြွမှုတွေ၊ တမ်းတလွမ်းဆွတ်မှုတွေပါတယ်။ တွမ်က အဲဒီလိုလေးနက်အာရုံစိုက်ပြီး အချစ်ကြီးခဲ့တယ်။

မျက်ရည်တစ်စက်က ဖဲကြိုးပေါ် စီးကျလာတယ်။ မျက်လုံးတွေကို ပွတ်ပြီး ကိုယ့်ကိုယ်ကျွန်မ သတိပေးမိတယ်။

"Lanna Xi အသက်(၃၄)နှစ်ရှိတဲ့ မိန်းမတစ်ဦးမှာ ဘာစိတ်ကူးယဉ်စရာတွေ ရှိဦးမလဲ?"

မပျော်ရွှင်တဲ့ ခံစားမှုတစ်ခုက ကျွန်မရင်ဝမှာလာဆို့တယ်။ ကြာခဲ့ပါပြီ... ကျွန်မကို တွမ်လက်ဆောင်တွေ မပေးခဲ့တာ ကြာခဲ့ပါပြီ။ ဒါပေမယ့် ကျွန်မအပေါ်ထားတဲ့ တွမ်ရဲ့အချစ်ကို ကျွန်မ သံသယမဖြစ်မိဘူး။ နှစ်ဦးသား ကုတင်ပေါ်လဲလျောင်းပြီး တီးတိုးစကားဆိုချိန်၊ အားပါတဲ့လက်နှစ်ဘက်နဲ့ ကျွန်မကို သူပွေ့ဖက်ချိန် အရာအားလုံးက ကျွန်မအတွက် ချိုမြိန်လှပနေဆဲပါ။ ဒါပေမယ့် တစ်ချိန်က အယုယ၊ အကြင်နာတွေကို ကျွန်မလွမ်းဆွတ်မိတယ်။ ဗူးထဲမှာ အချစ်တွေနဲ့ပြည့်လို့နေတယ်။

ညစာစားချိန်မှာ ကျွန်မစကားနည်းနေတယ်။ ဒိုင်နာနဲ့ ထော်ဒယ်က စကားတတွတ်တွတ်နဲ့ ကျွန်မအဖြစ်ကို သတိမထားမိကြဘူး။ ဒါပေမယ့် မျက်လုံးတစ်စုံက ကျွန်မကို ဂရုစိုက်ကြည့်နေတယ်ဆိုတာ ကျွန်မသိတယ်။ တွမ်ပန်းကန်ကိုင်ပြီး ကျွန်မနဲ့အတူ မီးဖိုထဲလိုက်ဝင်ခဲ့တယ်။

"Lan... ဘာဖြစ်တာလဲ? ငါ့ကို ပြောပြနိုင်မလား?"

ကျွန်မ ဘာပြောရမှန်းမသိဖြစ်နေတယ်။ လက်သုတ်ပြီး အိတ်ကပ်ထဲကနေ ဘောလုံးဆွဲကြိုးကို ကျွန်မထုတ်လိုက်တယ်။

"ဒါကို မှတ်မိသေးလား?"

"ဟား...." ဝင်းပတဲ့မျက်နှာနဲ့ တွမ်က ဝမ်းသာအားရ အော်တယ်။

"ဘယ်မှာတွေ့တာလဲ?"

"ထပ်ခိုးပေါ် သေတ္တာထဲက ဗူးလေးတစ်ခုထဲမှာ...ဗူးထဲမှာ တခြားပစ္စည်းတွေလည်း ရှိသေးတယ်" ကျွန်မဆက်ပြီးပြောတယ်။ "လက်ဆောင်ရှိတယ်၊ ကဗျာရှိတယ်၊ နောက်ပြီး ကျွန်မတို့ရဲ့မေတ္တာစာတွေရှိတယ်။ အဲဒီတုန်းက ကျွန်မတို့ စိတ်ကူးယဉ်ဆန်လိုက်ကြတာ...ကြင်နာလိုက်ကြတာ... အိပ်မက်ထဲ ရှင်သန်နေရသလိုပဲ"

"Lan..." ကျွန်မငိုတော့မယ်ဆိုတာကို သိတဲ့တွမ်က သူ့ရင်ခွင်ထဲ ကျွန်မကိုဆွဲသွင်းတယ်။

"အဲဒီတုန်းက ရှင် ကျွန်မကို နက်နက်နဲနဲ ချစ်ခဲ့... ချစ်ခဲ့တယ်နော်" မျက်နှာကို တွမ့်ရင်ခွင်ထက်အပ်ပြီး ကျွန်မပြောတယ်။

"ခုတော့.. ဘယ်လိုဖြစ်ရတာလဲ တွမ်... အဲဒီတုန်းက အကြင်နာတွေ ဘယ်ရောက်ကုန်ပြီလဲ?"

"နေ့စဉ်စားဝတ်နေရေးက ငါတို့ကို ပြောင်းလဲလိုက်တာပါ... Lan။ အိပ်မက်ထဲကနေ ငါတို့နှိုးထခဲ့ကြပြီး တကယ့်လက်တွေ့ဘဝကို စခဲ့ကြတာပါ"

"ဒါပေမယ့် အဲဒါတွေက အရမ်းလှပခဲ့တယ်လေ။ မပြောင်းလဲသင့်ဘူး၊ ကျွန်မတို့ မဆုံးရှုံးသင့်ဘူး"

ကျွန်မကို ပွေ့ဖက်ထားတဲ့ တွမ်ရဲ့လက်တွေ တဖြည်းဖြည်း ပြေလျော့လာတယ်။

"ဟုတ်တယ်... အားလုံးဟာ လှပခဲ့တယ်။ ဒါပေမယ့် အဲဒီအရာတွေကို ဘယ်သူက မပျောက်မပျက်သိမ်းထားနိုင်မလဲ? ပြောင်းလဲသင့်တာတွေ ပြောင်းသွားမှာပဲ။ ငါတို့ ဘာဆုံးရှုံးသွားတယ်လို့ နင်ထင်သလဲ Lan.. ငါစိတ်မကောင်းဘူးကွာ..."

တွမ်က ပြောပြောဆိုဆို ကုလားထိုင်ပေါ်က သတင်းစာကို ကောက်ယူပြီး မီးဖိုက ထွက်သွားခဲ့တယ်။

ပန်းကန်တွေ တိုက်ဆေးရင်း နာကျင်နေတဲ့စိတ်ကို ကျွန်မဖြည်တယ်။ တွမ်လည်းနာကျင်သွားမယ်လို့ ကျွန်မထည့်မတွက်ခဲ့မိဘူး။

အိုးခွက်ပန်းကန်တွေတိုက်ဆေးရင်း ဒေါ်လေးEmilyပြောခဲ့တဲ့စကားကို ကျွန်မသွားသတိရတယ်။

"သမီးရေ... သေချာမှတ်ထားနော်။ ဒီအိုးခွက်ပန်းကန်တွေက နေ့တိုင်းသုံးရမှာ..." ကျွန်မရဲ့နားမလည်တဲ့ဟန်ကြောင့် ဒေါ်လေးကဆက်ပြီး "ဒီပစ္စည်းတွေကို မပြတ်အမြဲသုံးပေးမှ သူ့ရဲ့တန်ဖိုးက ထားဝရတည်မြဲမှာ။ သုံးတဲ့ကာလကြာလေ သူ့တန်ဖိုးက မြင့်လေပဲ။ အမြဲသုံးစွဲမှ သူ့အသုံးဝင်တာကို ပိုသိစေတယ်လေ"

လက်ထဲကငွေဇွန်းကို ကျွန်မတစ်ချက်ကြည့်လိုက်တယ်။ ဇွန်းက အရောင်တောက်ပပြီး လှနေတယ်။ ဒီနှစ်တွေမှာ ကျွန်မတို့ရဲ့ ငွေရောင်အိုးခွက်ပန်းကန်တွေ ပိုပြီး လှသထက် လှလာတယ်။ ဒီငွေထည်ပစ္စည်းတွေက ကျွန်မရဲ့နေ့ရက်အချိန်တွေကို ဖြည့်တင်းပေးရင်း သူတို့ရဲ့တန်ဖိုးကို ပိုမြင့်တင်နေတယ်ဆိုတာ ကျွန်မနားလည်လိုက်တယ်။

ပြတင်းပေါက်အပြင်ဘက် ကျွန်မလှမ်းကြည့်လိုက်တယ်။ ဥယျာဉ်ထဲမှာ ပန်းမာန်တွေနဲ့ ပြည့်နေတယ်။ လှပတဲ့နှင်းဆီတွေရယ်၊ ပန်းပင်တိုင်းက တွမ်ရဲ့ဂရုစိုက်ပြုစုပျိုးထောင်မှုအောက်မှာ ရှင်သန်ကြီးထွားလာခဲ့တာဖြစ်တယ်။ သူဆောက်ထားတဲ့ ဂိုဒေါင်က ရာဇဝင်ပုံပြင်ထဲက သစ်သားအိမ်ငယ်လေးလိုပါပဲ။ အဲဒီတုန်းက ကျွန်မလက်ကို တယုတယဆွဲပြီး အဖြူရောင်အနားနဲ့
အပြာရောင်ဆေးသုတ်ထားတဲ့ ဂိုဒေါင်တံခါးဆီ ကျွန်မကို သူဆွဲခေါ်ခဲ့တယ်။

"ရှင်ဘုရင်ရဲ့နန်းတော်နဲ့ မနှိုင်းသာပေမယ့် သူ့စတိုင်လ်နဲ့သူတော့ရှိတယ် မဟုတ်လား"

"အင်း.. စတိုင်လ် အမိုက်စားလေးပဲ" တွမ်ရဲ့အပြောကို ကျွန်မ ဝမ်းသာအားရ ထောက်ခံအားပေးခဲ့တယ်။

နောက်ပြီး... နောက်ပြီး ရှိပါသေးတယ်။ တွမ်လုပ်ပေးတဲ့ ပန်းအိုးစင်လေး၊ နောက်ပြီး ထော်ဒယ်အတွက် ကျောက်စရစ်ခဲစု သေတ္တာလေး....

"မေမေ... ဒါဟာ Crystal Palace ... ဒါဟာ ဖေဖေရဲ့အပြောင်မြောက်ဆုံးလက်ရာပဲ" ထော်ဒယ်က အားရဝမ်းသာပြောတယ်။

ဒီအရာတွေဟာ အခုတစ်လော ကျွန်မတို့အတွက် တွမ်ကပေးတဲ့ လက်ဆောင်တွေဖြစ်တယ်။ ကျွန်မတို့ကို လက်ဆောင်အများအပြား သူပေးခဲ့ဖူးတယ်။ အဲဒီလက်ဆောင်တွေက ယောက်ျားတစ်ယောက်ရဲ့ အကြင်နာမေတ္တာနဲ့ ဂရုစိုက်မှုကို ပြသနေပါတယ်။ သူ့မှာ အချစ်ရဲ့အရိပ်အရောင်တွေ မရှိတော့ဘူးလို့ ထင်ပြီး ဒါဟာ ကျွန်မဘဝရဲ့နစ်နာမှုလို့ ကျွန်မဘာကြောင့် ထင်ရက်ခဲ့သလဲ?

ဗူးလေးတစ်ဗူးမှာ ကျွန်မတို့ လက်မထပ်ခင်က အချစ်တွေကို ထည့်သွင်းထားသလို ဒီအိမ်ကြီးကတော့ ကျွန်မတို့အတွက် ပြည့်စုံတဲ့ဘဝကို နေ့တိုင်းဖြည့်တင်းပေးနေတယ်။

ခါးစည်းပုဝါနဲ့ စိုနေတဲ့လက်ကို ကျွန်မသုတ်လိုက်တယ်။ ဧည့်ခန်းထဲက တီဗီသံကို ကျွန်မကြားနေရတယ်။ တွမ် ညနေသတင်း ကြည့်နေပြီထင်ပါတယ်။ တွမ်ဆီ ကျွန်မသွားလိုက်တယ်။

တံခါးပေါက်ရောက်တာနဲ့ ခြေလှမ်းတွေကို ကျွန်မတန့်လိုက်တယ်။ အခန်းထဲမှာ ဘယ်သူမှရှိမနေဘူး။ တွမ်စိတ်မကောင်းအောင် ကျွန်မလုပ်လိုက်မိပြီထင်ပါတယ်။ ဒါပေမယ့် တွမ်မှာ ပြဿနာတစ်ခု၊ အခက်အခဲတစ်ခုကို ဖြေရှင်းနိုင်တဲ့ နည်းတွေရှိတယ်။ ပြဿနာတစ်ခုကို ဦးနှောက်နဲ့သေချာစီစစ်၊ တွေးတောပြီးမှ သူဖြေရှင်းတတ်တယ်။

နေရာကနေခွါဖို့ ကျွန်မလှည့်ထွက်ချိန် ရင်ခွင်တစ်ခုနဲ့ တိုက်လုလုဖြစ်သွားတယ်။ တွမ်က တိတ်တိတ်ဆိတ်ဆိတ် ကျွန်မနောက်မှာ ရပ်နေတာဖြစ်တယ်။

"အင်း... တွမ်ကို ကျွန်မရှာနေတာ..." ကျွန်မအသံတွေ တုန်ယင်နေတယ်။

"ကိုယ် ဒီမှာလေ"

"တွမ်......."

တွမ်က နောက်ပစ်ထားတဲ့လက်ကို ထုတ်လိုက်တယ်။ သူ့လက်ထဲမှာ စက္ကူနဲ့ ပတ်ထားတဲ့ နှင်းဆီတစ်ပွင့်ပါလာတယ်။ ကျွန်မအရမ်းနှစ်သက်တဲ့ ပန်းတစ်ပွင့်....

"သတိထားနော်.. ဆူးရှိတယ်"

တွမ်ကို ကျွန်မတင်းတင်းလေး ပွေ့ဖက်လိုက်မိတယ်။

"တကယ်ပါ.. Lan။ (၁၈)နှစ်အရွယ်ဆီ ငါတို့ပြန်မရောက်နိုင်တော့ဘူး။ ဒါပေမယ့် အချစ်ရဲ့အရိပ်အရောင်က ဘယ်အသက်အရွယ်မှာပဲဖြစ်ဖြစ် လှပနေတယ်" ကျွန်မနဖူးကို နမ်းပြီးသူပြောတယ်။

"နှင်းဆီပန်းနဲ့အတူ ကဗျာတစ်ပုဒ်ရေးမလိုပဲ... ဒါပေမယ့် တချို့အရာတွေက စကားလုံးတွေနဲ့ ဘယ်လိုမှ ဖော်ပြလို့ မရနိုင်ဘူး Lan"

တွမ်ရဲ့နှုတ်ခမ်းအစုံက ကျွန်မပါးပြင်ပေါ် နွေးနွေးထွေးထွေး လာထိတယ်။

ရင်ခုန်၊ ကြည်နူးစရာကောင်းတဲ့၊ ရိုမန်တစ်ဆန်တဲ့အချစ်တွေနဲ့ (၁၈)နှစ်အရွယ်ဆီ ကျွန်မတို့ မရောက်နိုင်ခဲ့တော့ပေမယ့် အချစ်ရဲ့ အရိပ်အရောင်တွေက ဘယ်အသက်အရွယ်မှာပဲဖြစ်ဖြစ် လှပနေတယ်။ သာယာတဲ့ မိသားစုတစ်စုရယ်၊ လိမ္မာတဲ့ သားသမီးတွေရယ်၊ ပြည့်စုံတဲ့ဘဝတစ်ခုရယ်.... နောက် မရေမတွက်နိုင်တဲ့ အရာတွေ.. ဒါတွေဟာ ကျွန်မအတွက် တွမ်ပေးတဲ့
လက်ဆောင်တွေပဲ မဟုတ်ပါလား?


မူရင်း--- အချစ်ရဲ့အရိပ်အရောင် (爱的示意)

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

Share/Bookmark

Monday, July 12, 2010

လယ်စိုက်ချိန်


တစ်နေ့က ညီမလေးတို့လယ်စိုက်လို့ လယ်ထဲလိုက်သွားဖြစ်တယ်။ ရိုက်ခဲ့တဲ့ လယ်စိုက်ပုံတချို့ကို မျှဝေလိုက်ပါတယ်။

လယ်မစိုက်ခင် ရှေ့တစ်ရက်နှစ်ရက်မှာ ပျိုးအရင်နုတ်ရပါတယ်

ပျိုးကို ပျိုးနုတ်ပျဉ်နဲ့ အပင်ညီညီ၊ အထုံးရွယ်တူ ထုံးပါတယ်

အဲဒီနောက် လယ်တစ်ကွက်စီမှာ ပျိုးတွေ ထမ်းပုံရပါတယ်

ကျွဲကျောင်းသားရယ် ပျိုးထမ်းသူရယ်

အရင်က လယ်တွေကို ကျွဲနဲ့ပဲ ထွန်ယက်ကြရတယ်။ ကျွဲနဲ့က မနက်နဲ့ညပဲ အသုံးပြုရတာကြောင့် အချိန်အရမ်းပေးရပါတယ်။ လယ်စိုက်ခင် မတိုင်မီကတည်းက လယ်တောထဲမှာ (၂)လ၊ (၃)လ လောက်ကြိုသွားနေပြီး လယ်ကိုထွန်ရပါတယ်။

ခုတော့ ကျွဲနေရာအစား ထွန်စက်တွေနဲ့ အသုံးပြုလာကြလို့ အချိန်ကုန်သက်သာပြီး လွယ်ကူလာပါတယ်။ ကျွဲမသုံးတော့လို့ မျော့တွေလည်း နည်းခဲ့တယ်လို့ ဆိုပါတယ်။

စုပုံထားတဲ့ ပျိုးတွေကို စိုက်မယ့်နေ့မှာမှ ချဲရပါတယ်

ပျိုးချဲသူရယ်၊ လယ်စိုက်သမတွေရယ်၊ သီချင်းတကြော်ကြော်ရယ်နဲ့...

တောင်တန်းရယ်၊ သနပ်ဖက်ခြံရယ်၊ ပြောင်းဖူးခင်းရယ်၊ လယ်ကွင်းတွေရယ်

မနှစ်က ကောက်ရိုးတွေကို
ဒီနှစ် လယ်ရိတ်သိမ်းပြီးချိန်မှာ ကြက်သွန်စိုက်ဖို့ စုပုံထားလေရဲ့..

အုံ့မှိုင်းမှိုင်း တောင်တန်းအလှရယ်၊ စိမ်းစိုစို ပျိုးခင်းတွေနဲ့...
မိုးရာသီ လယ်စိုက်ချိန်မို့ မြင်မြင်သမျှအရာတွေက စိမ်းစိုလှပလို့...

နိုင်းနိုင်းစနေ


Share/Bookmark

Tuesday, July 06, 2010

ကျွန်မဖတ်ဖို့ (၁၆)


(၁)
ဘယ်လို အသက်အရွယ်ပိုင်းက အကောင်းဆုံးလဲ?

ပန်းပွင့်ကပြောတယ် "ပွင့်လန်းပြီး အကိုင်းအခက်တွေနဲ့ ဝေဆာတဲ့အရွယ်ဟာ အကောင်းဆုံးဖြစ်တယ်"

ဘယ်လို နုပျိုမှုက အကောင်းဆုံးလဲ?
နေမင်းကပြောတယ် "အလင်းရောင်တွေနဲ့တောက်ပတဲ့ နုပျိုမှုက အကောင်းဆုံးဖြစ်တယ်"

ဘယ်လိုစိတ်က အကြည်လင်ဆုံးလဲ?
လမင်းကပြောတယ် "ဖြူစင်ရိုးသားတဲ့စိတ်က အကြည်လင်ဆုံးဖြစ်တယ်"

ဘယ်လိုဘဝက အလှပဆုံးလဲ?
စင်ယော်ငှက်ကပြောတယ် "ရုန်းကန်လှုပ်ရှားနေရတဲ့ ဘဝက အပျော်ရွှင်ဆုံးနဲ့ အလှပဆုံးဖြစ်တယ်"

(၂) သူငယ်ချင်းဆိုတာဘာလဲ?

သူငယ်ချင်းဆိုတာ ပျော်ရွှင်တဲ့နေ့ရက်တွေထဲက ဂီတာတစ်လက်ဖြစ်တယ်။
ကိုယ့်ဘဝအတွက် ပျော်ရွှင်တဲ့တေးသွားတွေကို သယ်ဆောင်ပေးတယ်။

သူငယ်ချင်းဆိုတာ စိတ်ငြီးငြူစရာနေ့ရက်တွေထဲက နွေလေလေးဖြစ်တယ်။
မပျော်ရွှင်ခြင်းတွေကို ကိုယ့်အပါးကနေ အဝေးကို တိုက်ထုတ်ပေးတယ်။

သူငယ်ချင်းဆိုတာ အောင်မြင်ခြင်းလမ်းမပေါ်က ဆရာကောင်းတစ်ဦးဖြစ်တယ်။
အလင်းရောင်ရှိတဲ့အရပ်ဘက် ကိုယ့်ကိုလမ်းညွှန်ဦးဆောင်ပေးတယ်။

သူငယ်ချင်းဆိုတာ ကျရှုံးခြင်းလမ်းမပေါ်က မီးအိမ်လေးတစ်လုံးဖြစ်တယ်။
ငြိမ်ငြိမ်သက်သက်နဲ့ စိတ်ဝိညာဉ်ပေါ် ဖုံးလွှမ်းနေတဲ့ အမှောင်တွေကို မောင်းထုတ်ပေးတယ်။


(၃) ပျော်ရွှင်ခြင်းဆိုတာ ဘာလဲ?


ပျော်ရွှင်ခြင်းဆိုတာ ဆင်းရဲဒုက္ခနဲ့ ယှဉ်တွဲနေတဲ့ ကိတ်မုန့်တစ်တုံးဖြစ်တယ်။
ပျော်ရွှင်ခြင်းဆိုတာ အခက်အခဲနဲ့ ယှဉ်တွဲနေတဲ့ ခံစားချက်တူ အကြည့်တစ်ချက်ဖြစ်တယ်။
ပျော်ရွှင်ခြင်းဆိုတာ တစ်ကြိမ်တစ်ခါ ပွတ်သပ်ပေးတဲ့ ဖခင်ရဲ့လက်ကြမ်းဖြစ်တယ်။
ပျော်ရွှင်ခြင်းဆိုတာ သူငယ်ချင်းဆီကရတဲ့ ဂရုစိုက်စာလေးတစ်စောင်ဖြစ်တယ်။
ပျော်ရွှင်ခြင်းဆိုတာ မိခင်ရဲ့တဗျစ်တောက်တောက် စကားသံတွေဖြစ်တယ်။
ပျော်ရွှင်ခြင်းဆိုတာ ဆရာ/ဆရာမတွေရဲ့ ချစ်ခင်ရင်းနှီးတဲ့ နှုတ်ဆက်စကားဖြစ်တယ်။


(၄) အချစ်ဆိုတာ ဘာလဲ?

အချစ်ဆိုတာ ဆောင်းရာသီရဲ့ နေရောင်ခြည်ဖြစ်တယ်။ ဆာလောင်ချမ်းအေးနေသူကို အနွေးဓာတ်တွေ ပေးတယ်။

အချစ်ဆိုတာ ကန္တာရထဲက စမ်းရေတစ်ပေါက်ဖြစ်တယ်။ မျှော်လင့်ချက်မဲ့သူကို အသစ်တစ်ဖန်ရှင်သန်ဖို့ မျှော်လင့်ချက်တွေပေးတယ်။

အချစ်ဆိုတာ ကောင်းကင်အောက်က လတစ်စင်းဖြစ်တယ်။ အထီးကျန်ဆန်သူကို နှစ်သိမ့်မှုတွေပေးတယ်။

အချစ်ဆိုတာ နွေဦးရဲ့ မိုးရေတစ်စက်ဖြစ်တယ်။ ညိုးနွမ်းခြောက်သွေ့သူကို လန်းဆန်းမှုတွေပေးတယ်။


အချစ်ဆိုတာ နွေရာသီရဲ့ လေပြေလေညင်းဖြစ်တယ်။ ပူပင်သောက ခံစားနေသူကို အေးမြမှုတွေပေးတယ်။


အချစ်ဆိုတာ ညအမှောင်ထဲက မီးအိမ်တစ်လုံးဖြစ်တယ်။ လမ်းပျောက်သူကို ကမ်းကပ်နိုင်အောင် ကူညီပေးတယ်။



(၅) စာအုပ်က ကျွန်မတို့ရဲ့ စိတ်အဟာရအစာဖြစ်တယ်။ ကျွန်မတို့ကို စိတ်ခွန်အားတွေဖြစ်စေတယ်။


Jane Eyre ကပြောတယ်
" ကျွန်မတို့ တန်းတူညီမျှပါတယ်။ ကျွန်မဟာ ခံစားချက်မရှိတဲ့
စက်ကိရိယာမဟုတ်ဘူး"တဲ့။ ဒီစကားထဲကနေ မိန်းမတစ်ယောက်ရဲ့ ကိုယ့်ကိုယ်ကိုလေးစားမှုကို ကျွန်မ နားလည်ခဲ့ရတယ်။

Robert Browning ကပြောတယ်
"အချစ်မရှိရင် လောကတစ်ခုလုံး သင်္ချိုင်းတစပြင်နဲ့တူတယ်"တဲ့။
ဒီစကားထဲကနေ သူတစ်ပါးကို ချစ်ခြင်းမေတ္တာပေးကမ်းတာဟာ ဘယ်လောက်အရေးပါကြောင်း ကျွန်မ နားလည်ခဲ့ရတယ်။

Petőfi Sándor ကပြောတယ်
"လူ့ဘဝက တန်ဖိုးရှိတယ်၊ ဒါပေမယ့် ချစ်ခြင်းမေတ္တာမရှိတဲ့ ဘဝက အရာရာတန်ဖိုးမဲ့တယ်။ ဒါကြောင့် လူ့ဘဝအတွက် ချစ်ခြင်းမေတ္တာလည်း အရေးပါတယ်။ ဒါပေမယ့် လွတ်လပ်မှုကို လူတိုင်းတောင့်တကြတယ်။ ဘဝ၊ အချစ်ရှိပြီး လွတ်လပ်မှုမရှိရင် ပျော်ရွှင်နိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် လွတ်လပ်မှုရှိရင် အချစ်နဲ့ဘဝကိုတောင် လက်လွတ်နိုင်ကြတယ်"တဲ့ ဒီစကားထဲကနေ လွတ်လပ်မှုရဲ့တန်ဖိုးကို ကျွန်မနားလည်ခဲ့ရတယ်။

Lu-Xun ကပြောတယ်
"**နှုတ်ဆိတ်မှုထဲမှာ မပေါက်ကွဲရင် နှုတ်ဆိတ်မှုထဲမှာ သေဆုံးမယ်"တဲ့။ ဒီစကားထဲကနေ ပုန်ကန်မှုရဲ့အရေးပါပုံကို ကျွန်မနားလည်ခဲ့ရတယ်။

**လူတစ်ဦး သို့မဟုတ် နိုင်ငံတစ်နိုင်ငံဟာ ဖိနှိပ်ညင်းဆဲမှုတွေ ခံရတဲ့အခါ တစ်ခါတလေ အင်အားမမျှလို့ ဒါမှမဟုတ် ရွေးချယ်ဖို့လမ်းမရှိတာတွေနဲ့ နှုတ်ဆိတ်နေရတယ်။ ဖိနှိပ်မှုတွေ လွန်ကဲလာတဲ့အခါ၊ သည်းခံနိုင်တဲ့ အတိုင်းတာထက် ကျော်လွန်လာခဲ့အခါ ပုန်ကန်ဆန့်ကျင်ဖို့ ပေါက်ကွဲလာတတ်ကြတယ်။

တကယ်လို့ ဆန့်ကျင်ပုန်ကန်ဖို့တောင် သတ္တိမရှိဘူးဆိုရင် စိတ်ဓာတ်ရေးရာမှာရော၊ လုပ်နိုင်စွမ်းမှာရော သူဟာ သေဆုံးပြီးဖြစ်တယ်။

အင်တာနက်ပေါ်က ရှာဖွေဖတ်ရသမျှကို ကျွန်မဖတ်ဖို့ ဘာသာပြန်ပါတယ်။

နိုင်းနိုင်းစနေ


Share/Bookmark

Monday, July 05, 2010

မျောက်ကလေးနဲ့ မျောက်မေမေ


အမေရိကန် ဖလော်ရီတာက တိရစ္ဆာန်ရုံတစ်ခုမှာ Randyလို့ခေါ်တဲ့ မျောက်ကလေးတစ်ကောင် ထင်းရူးခက်ပေါ်မှာ ဆော့ကစားနေတယ်။ အဲဒီမှာ ထင်းရူးဆူးတွေက မျောက်ကလေးရဲ့လက်ကို မတော်တဆစူးသွားတယ်။ နာကျင်တဲ့မျောက်ကလေးဟာ အော်ပြီး မျောက်မေမေဆီပြေးသွားတယ်။ မျောက်ကလေးရဲ့ နာကျင်မှုကို ပြေပျောက်စေမယ့်နည်းက တစ်နည်းပဲရှိတယ်ဆိုတာကိုသိတဲ့ မျောက်မေမေက မျောက်ကလေးကို ရင်ခွင်ထဲ ထွေးပွေ့ပြီး ဆူးစူးမိတဲ့ဒဏ်ရာကို ညင်ညင်သာသာလေး နမ်းရှုံ့ပေးလိုက်တယ်။

ဓာတ်ပုံဆရာ Evan Hambrickက "မျောက်တွေဟာ လူတွေနဲ့ ဒီလောက်တူမယ်မှန်း ကျွန်တော် မယုံကြည်ခဲ့ဘူး။ အစက ထင်းရူးခက်တွေကိုပဲ မျောက်ကလေး ဝါးစားနေတယ်လို့ ကျွန်တော်ထင်နေတယ်။ ဒါပေမယ့် ရုတ်တရက် သူ့မျက်နှာရှုံ့မဲ့သွားတာ တွေ့လိုက်တယ်။ ကြည့်ရတာ ငိုတော့မယ့်အတိုင်းပဲ။ မျောက်တွေရဲ့ အပြုအမှုဟာ လူတွေနဲ့ တော်တော်များများတူတယ်ဆိုပေမယ့် ဒီလောက်တူလိမ့်မယ်လို့ ကျွန်တော်ထင်မထားဘူး။ ဓာတ်ပုံထဲမှာ မြင်ရတဲ့အတိုင်းပဲ သူတို့ဟာ အင်မတန် ဥာဏ်ထက်တယ်။ မျက်နှာအမှုအရာနဲ့ ခံစားရတာကိုပြတယ်။ နောက်ပြီး နှုတ်ခမ်း၊ လက်တွေနဲ့ ကြင်နာစိတ်ကိုပြတယ်" လို့ဆိုတယ်။

ဆက်ပြီး "မျောက်မေမေဟာ မျောက်ကလေးကို နမ်းရုံမက မျောက်ကလေးရဲ့လက်တွေကို ပွတ်သပ်နှိပ်နှယ်ပေးတယ်။ ပြီးတော့ ဖွဖွလေးနမ်းတယ်။ လူတွေဟာ ပွတ်သပ်နမ်းရှုံ့တာကို ကြိုက်တယ်။ မျောက်ကလည်း လူတွေအတိုင်းပဲ။ မျောက်ကလေးရဲ့ နာကျင်မှုကို အနမ်းနဲ့ပြေပျောက်စေတယ်။ တိရစ္ဆာန်တွေထဲမှာ ချန်ပန်စီမျောက်တွေဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးမေမေလို့ ကျွန်တော်ထင်တယ်" လို့ ဓာတ်ပုံဆရာ Evan Hambrick က ပြောပါတယ်။ သူဟာ ဒီတိရစ္ဆာန်ရုံမှာ မျောက်တွေကို လေ့လာဖို့ ရောက်ရှိနေသူဖြစ်ပြီး မျောက်သားအမိရဲ့ ဒီလိုအံ့သြစရာကောင်းတဲ့ အကြင်နာပြဓာတ်ပုံတွေကို ရိုက်ကူးနိုင်ခဲ့တယ်။

Evan Hambrickက "တစ်နေ့ကို ၃နာရီမှ ၅နာရီကြာ သူတို့ကို ကျွန်တော်စောင့်ကြည့်ခဲ့တယ်။ အကောင်းဆုံးပုံတွေ ရိုက်နိုင်ဖို့ ကျွန်တော်ကြိုးစားခဲ့တယ်။ မျောက်တွေက ဓာတ်ပုံအရိုက်ခံနိုင်သူတွေပါ။ လူတွေယုံနိုင်စရာမရှိတဲ့ အပြုအမှု၊ အမှုအရာတွေ သူတို့လုပ်နိုင်ခဲ့တယ်။ မျောက်ကလေးတွေက ချစ်စရာကောင်းသလို မျောက်မေမေတွေက အရမ်းကြင်နာတတ်တယ်။ မျောက်မေမေတစ်ခုခု ဝါးစားနေတာကိုတွေ့ရင် မျောက်ကလေးတွေက လက်ဖြန့်ပြီးတောင်းစားတတ်တယ်။ အဲဒီမှာ မျောက်မေမေက ကိုယ်စားနေတဲ့အစားကို မျောက်ကလေးအတွက် ကမ်းပေးတတ်တယ်"

ဆူးစူးမိတဲ့ မျောက်ကလေးရဲ့လက်ကို မျောက်မေမေက ဖွဖွလေးနမ်းပေးပြီး နာကျင်မှုကို ပျောက်စေတယ်


မျက်နှာအမှုအရာနဲ့ ကြင်နာမှုကို သူတို့ပြတယ်..

အင်တာနက်ပေါ်မှာ ဖတ်မိသမျှ ဝေမျှသည်။

နိုင်းနိုင်းစနေ



Share/Bookmark

ဟိုတုန်းက... အမှတ်တရ



Synergy Publicationက ထပ်မံထုတ်ဝေလိုက်တဲ့ ကျွန်မရဲ့(၄)အုပ်မြောက်စာအုပ်လေးပါ။ ဒီတစ်အုပ်က ကျွန်မရဲ့ ငယ်စဉ်ဘဝ အမှတ်တရ၊ တစ်ချိန်က တွေ့ခဲ့၊ ကြုံခဲ့၊ ခံစားဖူးခဲ့သမျှကို စုစည်းရေးသားထားတဲ့ စာအုပ်ဖြစ်ပါတယ်။ ထွက်ရှိပြီးသား ဘာသာပြန်စာအုပ်တွေလို ဗဟုသုတ၊ ပညာပေးလေးတွေ မပါပေမယ့် စာဖတ်သူတွေကို ပျော်ရွှင်ကြည်နူးမှုလေးတွေတော့ ပေးနိုင်မယ်လို့ထင်ပါတယ်။ မျက်နှာဖုံးပုံက အင်းလျားကန်ဘောင်ပုံလေးပါ.. မောင်ငယ် ဇေယျာရဲ့ လက်ရာဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်...

နိုင်းနိုင်းစနေ


Share/Bookmark