Tuesday, August 31, 2010

ရက်နှစ်ရက်ရဲ့ ဒဿန


တစ်သက်မှာ ရက်နှစ်ရက်ပဲရှိတယ်။ အဲဒီရက်တွေက "ပထမဆုံးရက်"နဲ့ "နောက်ဆုံးရက်"ဖြစ်တယ်။

Steve Paul Jobsရဲ့ မိန်းမပိုးနည်းကနေ စပြောကြရအောင်!

Steve Paul Jobs ဆိုတာ apple ကုမ္ပဏီကို စတည်ထောင်ခဲ့သူ၊ ကမ္ဘာ့ပထမဆုံး ပါဆင်နယ်ကွန်ပြူတာကို တီထွင်ခဲ့သူဖြစ်တယ်။ တစ်နည်းပြောရရင် i Phoneရဲ့သူဌေးဖြစ်တယ်။ ၁၉၈၅ခုနှစ်မှာ Jobsဟာ သူတည်ထောင်ခဲ့တဲ့ ပန်းသီးကုမ္ပဏီကနေ မောင်းထုတ်ခံခဲ့ရတယ်။ အဲဒီတုန်းက သူခံရတဲ့ ထိုးနှက်ချက်တွေကို သင်ခန့်မှန်းကြည့်နိုင်ပါတယ်။ ဒါပေမယ့် Jobs ကြာကြာလဲကျမနေဘူး။ အချိန်တိုအတွင်းမှာ လဲကျနေရာက သူထရပ်နိုင်ခဲ့တယ်။

တစ်နေ့တော့ တက္ကသိုလ်ကျောင်းရဲ့ ဟောပြောပွဲတစ်ခုမှာ သူ့ဟောပြောတာကို လာနားထောင်တဲ့ "သူမ" ကို သူတွေ့ခဲ့တယ်။ ဟောပြောပွဲပြီးချိန် "သူမ"နဲ့ သူစကားစမြည်သွားပြောတယ်။ ဖုန်းနံပါတ်တောင်းတယ်။ တကယ်တော့ အဲဒီညနေမှာ သူမကို ညစာဖိတ်ကျွေးဖို့ သူစိတ်ကူးခဲ့ပေမယ့် အစည်းအဝေးတက်ရောက်ဖို့ ရှိတာကြောင့် သူမဖိတ်ဖြစ်ခဲ့ဘူး။ နေရာကနေ ခွါခါနီး Jobs ဟာ မေးနေကျမေးခွန်းအတိုင်း သူ့ကိုယ်သူ ပြန်မေးမိတယ်။ ဒီမေးခွန်းက သူမနက် မှန်ကြည့်တိုင်း မေးနေကျမေးခွန်းဖြစ်တယ်။

"တကယ်လို့ ဒီနေ့ဟာ ငါ့ရဲ့နောက်ဆုံးနေ့ဖြစ်ခဲ့မယ်ဆိုရင် ဒီနေ့မှာ ငါဘာတွေလုပ်မလဲ?"

Jobsဟာ သူ့ကိုယ်သူ အဲဒီလိုမေးပြီး အဖြေချက်ချင်းထုတ်တယ်။ ဟောပြောခန်းထဲသွားပြီး သူမကို သူသွားပြန်ရှာတယ်။ ပြီးတော့ ညစာအတူစားကြတယ်။ အဲဒီသူမ Laurene Powell က ဒီနေ့ သူ့ရဲ့ဇနီးမယားဖြစ်လာခဲ့တယ်။

Jobsရဲ့ အဆိုတချို့က ဒီလိုဆိုပါတယ်။ "ဘ၀မှာ ဆုံးဖြတ်ချက်ကြီးကြီး ချရခါနီးမှာ ကိုယ့်ကိုယ့်ကို သေဆုံးတော့မယ်လို့ ကျွန်တော်သတိပေးတတ်တယ်။ ဒါဟာ ကျွန်တော်သုံးခဲ့ဖူးသမျှ နည်းတွေထဲက အရေးပါဆုံးနည်းပေါ့။ ဘာလို့လဲဆိုတော့ အရာတိုင်းလိုလို--- ရှိသမျှမျှော်လင့်ချက်တွေ၊ နာမည်ကောင်းတွေ၊ အခက်အခဲတွေ ဒါမှမဟုတ် ရှုံးနိမ့်ခြင်းရဲ့ကြောက်ရွံ့မှုစတာတွေက သေမင်းနဲ့ ရင်ဆိုင်ရချိန် ပျောက်ဆုံးကုန်တယ်။ တကယ့်အရေးပါတဲ့ အရာတွေပဲ ကျန်ရစ်ခဲ့တယ်"

"ကိုယ့်ကိုယ့်ကို သေဆုံးတော့မယ်လို့ သတိပေးတာဟာ ကျွန်တော်သိသလောက် ကျရှုံးမှုထောင်ချောက်ထဲတိုးဝင်ချိန် မကြောက်ရွံ့ဖိုတားဆီးပေးတဲ့ အကောင်းဆုံးနည်းဖြစ်တယ်။ လူတွေဟာ မွေးတုန်းက ဘာမှပါမလာသလို၊ သေတော့လည်း ဘာမှပါမသွားဘူး။ ဒါကြောင့် ကိုယ့်စိတ်အတိုင်းမဖြစ်ဘူးဆိုတာ မရှိဘူး"

ကျွန်တော်တို့လည်း စိတ်ငြိမ်ငြိမ်ထားပြီး ဒီနေ့ဟာ ကိုယ့်ရဲ့နောက်ဆုံးနေ့ဖြစ်ခဲ့မယ်ဆိုရင် ဒီနေ့မှာ ကိုယ်ဘာလုပ်မလဲ?လို့ မေးကြည့်ပါ။

"ပထမဆုံးရက်"ဆိုတာ ကျောင်းဖွင့်တဲ့ပထမရက်မှာ ကျွန်တော်တို့ဟာ ကျောင်း၊ ဖတ်စာအုပ်၊ ကျောင်းသူကျောင်းသား စတာတွေကို စိတ်ဝင်တစားရှိကြတယ်။ ပထမဆုံးရက် အလုပ်စ၀င်တဲ့နေ့မှာ ကိုယ့်ကိုယ်နှိမ့်ချပြီး ကျွန်တော်တို့ ကြိုးကြိုးစားစား သင်ယူချင်ကြတယ်။
ပထမဆုံး ချိန်းတွေ့တဲ့ရက်မှာ တွေ့ဆုံချိန် တစ်မိနစ်၊ တစ်စက္ကန့်ကိုတောင် ကျွန်တော်တို့ တန်ဖိုးထားတယ်။
ပထမဆုံး ရာထူးတိုးတဲ့ရက်မှာ တာဝန်ကျေကျေ ထမ်းဆောင်ဖို့ ရည်မှန်းချက်ရှိကြတယ်။
ပထမဆုံးရက်တိုင်းဟာ ကျွန်တော်တို့ အင်အားအရှိဆုံး၊ အသွက်လက်ဆုံး၊ အတက်ကြွဆုံးရက်ဖြစ်ခဲ့တယ်။

တစ်သက်မှာ နှစ်ရက်ထဲနဲ့ အရာရာကို နေ့တိုင်းပိုင်ဆိုင်စေပါတယ်။
ပထမဆုံးရက်အတိုင်း ခွန်အားသစ်တွေ ပြည့်ဖြိုးမယ်၊ တက်ကြွမယ်။
နောက်ဆုံးရက်အတိုင်း ကြောက်ရွံ့မှုကင်းမယ်၊ အတွယ်တာကင်းမယ်။
"ပထမဆုံးရက်" ကို အသုံးပြုပြီး စိတ်သစ်၊ ခွန်အားသစ်တွေနဲ့ အရာတိုင်းကို တက်တက်ကြွကြွလုပ်ဆောင်ခဲ့ရင် အောင်မြင်မှုပန်းတိုင်းဆီ မုချရောက်ပါတယ်။ "နောက်ဆုံးရက်"ကို အသုံးပြုပြီး နောက်ခြေတစ်လှမ်းအတွက် ခံစားချက်ကို ရွေးမယ်ဆိုရင် ရှေ့သို့ပိုလှမ်းမယ့် အားအင်တွေကိုရပါတယ်။

တစ်သက်မှာ ရက်နှစ်ရက်ပဲရှိတယ်။ အဲဒီနှစ်ရက်နဲ့ အရာရာတိုင်းကို သင်နေ့တိုင်းပိုင်ဆိုင်နိုင်ပါတယ်။

http://share.youthwant.com.tw/sh.php?id=31022887&do=D


နိုင်းနိုင်းစနေ ဘာသာပြန်သည်


Share/Bookmark

Monday, August 30, 2010

18++


18++ ဆိုတဲ့ သင်္ကေတကို လူတိုင်းသိကြပါတယ်။ ၁၈နှစ်နှင့်အထက် ဖြစ်ပါတယ်။ ဒီလိုသင်္ကေတကို များသောအားဖြင့် အင်တာနက်ပေါ်မှာ အများဆုံးတွေ့ရလေ့ရှိတယ်။ လျပ်ပေါ်လော်လီ ရုပ်ပုံတွေ၊ ညစ်ညမ်းစာတွေ၊ ဗီဒီယိုတွေတင်ထားတဲ့ ၀က်ဆိုက်တွေ၊ သွေးထွက်သံယိုပုံတွေ တင်ထားတဲ့ဆိုက်တွေမှာ ၁၈နှစ်အောက်မ၀င်ရဆိုပြီး သတိပေးစာတွေ ရေးကပ်ထားတာ တွေ့ရတတ်တယ်။ တချို့ဝက်ဆိုက်က အဲဒီလိုရေးကပ်ထားတဲ့အပြင် ၁၈နှစ်ပြည့်က ဆက်ဝင်ရန် ဒီခလုတ်ကိုနှိပ်ပါ။ မပြည့်ကထွက်ခွါပါဆိုတဲ့ စည်းမျဉ်းတွေပါ ထုတ်ထားကြတယ်။


အင်တာနက်ပေါ်မှာက ကိုယ်၁၈နှစ်ပြည့်မပြည့်ဆိုတာကို လူတွေမသိနိုင်ကြဘူး။ ဒါပေမယ့် အဲဒီလို 18++ ဆိုတဲ့ သတိပေးစာကို နိုင်ငံတော်တော်များများက စူပါမားကက်နဲ့ ကုန်စုံဆိုင်တွေရဲ့ ဆေးလိပ်၊ အရက်ကောင်တာတွေမှာလည်း တွေ့ရတတ်တယ်။ ၁၈နှစ်အောက် ကလေးသူငယ်များအား ဆေးလိပ်၊ အရက်မရောင်းပါဆိုတဲ့စာတမ်းကို ချိတ်ဆွဲထားကြတယ်။ ၁၈နှစ်ပြည့်မပြည့် မသကာင်္ရင် မှတ်ပုံတင်တောင်းကြည့်ပြီးမှ ရောင်းပေးတာမျိုးလည်းရှိတယ်။

ဆေးလိပ်၊ အရက်ကောင်တာတင်မကဘူး။ တချို့နိုင်ငံရဲ့ နိုပ်ကလပ်၊ KTV တွေမှာလည်း ၁၈နှစ်အောက်တွေကို ၀င်ခွင့်မပေးပါဘူး။ အဲဒီနေရာတွေကိုသွားဖို့ မှတ်ပုံတင် ဒါမှမဟုတ် မွေးသက္ကရာဇ်ပါတဲ့ နေထိုင်ခွင့်ကတ်တွေပြမှ ၀င်ခွင့်ရှိပါတယ်။ အဲဒီနေရာမျိုးတွေမှာ ရဲတွေ ရှောင်တခင်ဝင်စစ်တတ်တာကြောင့် ဂိတ်စောင့်တွေက ၁၈နှစ်အောက်တွေ လိမ်ပြီးမ၀င်အောင် အထူးသတိထားကြပါတယ်။

နိုင်ငံတော်တော်များများမှာ ၁၈နှစ်ပြည့်မှ Adult ဖြစ်ပြီ၊ အရွယ်ရောက်ပြီလို့ သတ်မှတ်ကြတယ်။ ၁၈နှစ်ကျော်ရင် ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ကြတယ်။ ကိုယ်ပိုင်တွေးတော၊ ဆုံးဖြတ်ခွင့်ရကြတယ်။ မဲပေးခွင့်ရှိကြတယ်။ လူလားမြောက်ပြီလို့ ဆိုပါတယ်။

ဒါပေမယ့် ကျွန်မတွေ့ဖူးတဲ့ မြန်မာပြည်က ၁၈နှစ်အောက်တွေက အရွယ်ရောက်စောတယ်လို့ ဆိုရမလား မသိပါဘူး။

"သားရေ.. ဆေးလိပ်တလိတ်ပြေးဝယ်ပေးပါ. မီးပါတို့ခဲ့နော်" ဆိုတာမျိုး
"သမီးရေ.. ဘီယာတစ်ပုလင်းလောက် ၀ယ်ခဲ့ပါ" ဆိုတာမျိုးတွေ တွေ့နေရတတ်သလို ဘယ်အရက်၊ ဘယ်ဆေးလိပ်ဆိုင်ကမှလည်း ၁၈နှစ်အောက် မ၀င်ရ၊ မ၀ယ်ရဆိုတဲ့ သတိပေးစာတွေလည်း ရေးထားတာ မတွေ့ရပါဘူး။

တစ်လောက တက္ကသိုလ်ရိပ်သာလမ်းမှာရှိတဲ့ နိုပ်ကလပ်တစ်ခုကို ညီမလေးတွေနဲ့ ကျွန်မရောက်ဖြစ်ခဲ့တယ်။ ၀င်ပေါက်မှာ ၁၈နှစ်အောက်မ၀င်ရလို့ ရေးမထားသလို ဘာ အထောက်အထားမှလည်း ပြစရာမလိုခဲ့ပါဘူး။ နိုပ်ကလပ်ထဲမှာတော့ ၁၈နှစ်အောက်လား၊ အထက်လား အသက်ခန့်မှန်းလို့မရတဲ့ ကောင်လေး၊ ကောင်မလေးလှလှတွေ အများကြီးတွေ့ခဲ့တယ်။

ရွာတွေမှာက ပိုဆိုးပါတယ်။ ညနေညခင်းရောက်ရင် အရက်ဆိုင်၊ ဘီယာဆိုင်တွေမှာ အရက်ပုလင်းထည့်ထားတဲ့ လွယ်အိတ်ကို မနိုင်တနိုင်လွယ်ပြီး သူတို့မိဘတွေအတွက် အရက်ဝယ်ပေးရတဲ့ ကလေးတွေကို တွေ့ရတတ်တယ်။ မ၀ယ်ပေးရင် အရိုက်ခံရ၊ ၀ယ်ပေးပြန်တော့လည်း ရှက်တာခံရဆိုသလို တချို့ကလေးတွေဆိုရင် သိတတ်တဲ့အရွယ်ရောက်နေပေမယ့် မလွန်ဆန်နိုင်ခဲ့ကြဘူး။ ဒါမျိုးတွေကို ရုပ်ရှင်၊ ဗီဒီယိုဇာတ်ကားတွေမှာလည်း တွေ့ရလေ့ရှိတယ်။

အသက်(၁၀)နှစ်မပြည့်တဲ့ ကျောင်းသားကလေးတွေ ကျောင်းတံခါးဝမှာ ဆေးလိပ်ခိုးသောက်တာကို တွေ့ခဲ့ဖူးတယ်။ တချို့နိုင်ငံက ကလေးတွေလည်း ခိုးသောက်ကြတာပဲ။ ဒါက အဆန်းတော့မဟုတ်ဘူး။ ဒါပေမယ့် ဒီမှာက ၁၈နှစ်အောက် မ၀ယ်ရဆိုတာမျိုးလည်းမရှိတော့ ခိုးသောက်ရတာ ပိုလွယ်လွန်းနေတယ်။ အရွယ်ရောက်စောလွန်းလို့ပဲလား...? ရေးရင်း ရေးရင်း ကျွန်မလည်း ဆက်မရေးတတ်တော့ဘူး။ အဆုံးမသတ်တတ်တော့ဘူး။ ကိုယ်တိုင်ပဲ အဆုံးသတ်ပေးကြပါလို့.. ကျွန်မ အစ,စမိ အပြစ်ရှိ၏။

နိုင်းနိုင်းစနေ


Share/Bookmark

Saturday, August 28, 2010

How To Spur People On To Success


How To Spur People On To Success
အောင်မြင်တဲ့လမ်းဆီရောက်ဖို့ လူတွေကို ဘယ်လိုစေ့ဆော်မလဲ?

ကျွန်တော့်မိတ်ဆွေ Pete Barlowက တိရစ္ဆာန်တွေဖျော်ဖြေတတ်ဖို့ လေ့ကျင့်ပေးသူဖြစ်တယ်။ သူ့ဘ၀အချိန်တော်တော်များများကို ဆပ်ကပ်၊ ပဒေသာကပွဲတွေနဲ့ နယ်တကာလှည့်လည် ဖျော်ဖြေခဲ့တယ်။ ခွေးကလေးတွေ ဖျော်ဖြေဖို့ သူလေ့ကျင့်ပေးတာကို ကျွန်တော်အရမ်းနှစ်သက်တယ်။ ခွေးကလေးတွေ လေ့ကျင့်မှုတိုးတက်လာတိုင်း Peteက သူတို့လေးတွေကို ဖွဖွလေးပုတ်ပြီး အသားတုံးတစ်တုံး ချီးမြှင့်တတ်တယ်။

ဒါက ဘာအသစ်အဆန်းမှတော့ မဟုတ်ဘူး။ လွန်ခဲ့တဲ့ရာစုနှစ်တွေမှာလည်း တိရစ္ဆာန်တွေကို ဒီလိုနည်းနဲ့ပဲ လေ့ကျင့်ခဲ့တာချည်းပဲ။

ဒါကြောင့် ကျွန်တော်စဉ်းစားမိတာက ဘာဖြစ်လို့ ဒီလိုနည်းကို အသုံးပြုပြီး လူတွေရဲ့အပြုအမှု ပြောင်းလဲတိုးတက်အောင် ကျွန်တော်တို့ မလုပ်နိုင်ရသလဲ? ခွေးကလေးတွေကို လေ့ကျင့်သလို ဘာဖြစ်လို့ ကြာပွတ်အစား အသားတုံးကို အသုံးမပြုသလဲ? ဆူဆဲပြစ်တင်တာကို ဘာဖြစ်လို့ ချီးမွမ်းတာနဲ့ အစားမထိုးသလဲ? အနည်းငယ်သော ပြောင်းလဲမှုပဲဖြစ်ပါစေ ကျွန်တော်တို့ ချီးမွမ်းခဲ့ရင် ဒီလိုချီးမွမ်းခြင်းဟာ သူတို့ကို ပိုတိုးတက်ဖို့ လှုံ့ဆော်နိုင်ပါလိမ့်မယ်။

စိတ်ပညာရှင် Jess Lairရေးသားတဲ့ "I'm not Much, Baby-But I'm All I Got" (ကျွန်တော်အတော်ကြီးမဟုတ်ဘူး။ ဒါပေမယ့် တတ်နိုင်သမျှ ကျွန်တော်လုပ်တယ်) ဆိုတဲ့စာအုပ်ထဲမှာ ဒီလိုရေးသားထားတယ်။

"ချီးမွမ်းခြင်းဟာ လူတွေအတွက် နွေးထွေးတဲ့ နေရောင်ခြည်နဲ့တူတယ်။ နေရောင်ကင်းမဲ့ရင် ပန်းပင်တွေ မကြီးထွား၊ မပွင့်လန်းနိုင်ဘူး။ ဒါပေမယ့် နှမြောစရာကောင်းတာက လူအများစုဟာ တစ်ခြားလူအပေါ် ပြစ်တင်ဝေဖန်မှုတွေသာ သွန်းလောင်းတတ်ကြတယ်။ ချီးမွမ်းတဲ့နွေးထွေးရောင်ခြည်ကို ပက်ဖြန်းဖို့ တွန့်တိုတတ်ကြတယ်"

ကျွန်တော့်ဘ၀ကို ပြန်ပြောင်းကြည့်ရင် ချီးမွမ်းစကားတွေက ကျွန်တော့်အနာဂတ်ကို အများကြီးပြောင်းလဲစေခဲ့တာကို တွေ့တယ်။ သင့်ဘ၀မှာလည်း ချီးမွမ်းစကားတွေ ပြည့်ခဲ့သလား? သမိုင်းဟာ ချီးမွမ်းခြင်းဆိုတဲ့ မှော်ပညာတွေနဲ့ ဆွဲဆောင်ပြည့်နှက်ခဲ့တယ်။

သာဓကပြရရင် လွန်ခဲ့တဲ့နှစ်များစွာက အီတလီNaplesမှာ (၁၀)နှစ်အရွယ် ကောင်လေးတစ်ယောက်ရှိခဲ့တယ်။ သူဟာ အဆိုတော်တစ်ဦးဖြစ်ဖို့ တောင့်တခဲ့တယ်။ ဒါပေမယ့် သူ့ရဲ့ပထမဆုံးဆရာက သူ့ကို အားပေးအားမြှောက် မပြုခဲ့တဲ့အပြင် "မင်း ဆိုနိုင်မှာ မဟုတ်ဘူး။ မင်း အသံမကောင်းဘူး။ မင်းရဲ့အသံက ပြတင်းလိတ်ကာတွေကို တိုက်တဲ့လေနဲ့တူနေတယ်" လို့ ဝေဖန်ခဲ့တယ်။

ဒါပေမယ့် ကောင်လေးရဲ့မိခင်က အဲဒီလို မဟုတ်ခဲ့ဘူး။ ဆင်းရဲသားလယ်သမားဖြစ်တဲ့ မိခင်က ကောင်လေးကိုပွေ့ဖက်ပြီး သူ့အသံကောင်းကြောင်း အမြဲချီးမွမ်းစကားဆိုခဲ့တယ်။ ကောင်လေးဆိုနိုင်မှန်း၊ တဖြေးဖြေးပြောင်းလဲ တိုးတက်နိုင်မှန်း မိခင်ကသိတယ်။ ဒါကြောင့် ငွေစုပြီး ကောင်လေးကို အဆိုသင်တန်းကျောင်း ပို့ခဲ့တယ်။ မိခင်ရဲ့အားပေးမှု၊ ချီးမွမ်းမှုအောက်မှာ ကောင်လေးဘ၀ပြောင်းလဲလာခဲ့ပြီး နာမည်ကြီး အော်ပရာအဆိုတော်အဖြစ် အောင်မြင်ခဲ့တယ်။ အဲဒီကောင်လေးရဲ့နာမည်က Enrico Caruso ပဲဖြစ်တယ်။

၁၉ရာစုအစ အင်္ဂလန်နိုင်ငံလန်ဒန်မှာ လူငယ်တစ်ယောက်ရှိခဲ့တယ်။ လူငယ်ဟာ စာရေးဆရာတစ်ဦးဖြစ်ဖို့ ဆန္ဒပြင်းပြခဲ့တယ်။ ဒါပေမယ့် သူ့အတွက် အရာရာတိုင်းက အဆင်မပြေခဲ့ဘူး။ အကြွေးမဆပ်နိုင်လို့ သူ့ဖခင် ထောင်ကျသွားတယ်။ ဒါနဲ့ အတန်းပညာကို ၄နှစ်ပြည့်အောင် သူမသင်ခဲ့ရဘူး။ ဒါတင်မက ငတ်တစ်လှည့် ပြတ်တစ်လှည့် သူကြုံခဲ့ရတယ်။ နောက်တော့ ဂိုဒေါင်ပျက်တစ်ခုမှာ တံဆိပ်ကပ်တဲ့အလုပ်ကို သူရခဲ့တယ်။ ညအချိန်မှာ တခြားဆင်းရဲသား ကောင်လေးနှစ်ယောက်နဲ့အတူ အလင်းမရတဲ့ ထပ်ခိုးမှာ သူအိပ်ခဲ့တယ်။ ကိုယ့်ရဲ့စာရေးနိုင်စွမ်းကို အယုံအကြည်မဲ့တဲ့သူဟာ သူစာရေးနေတာကို လူတွေသိပြီး လှောင်ပြောင်ကဲ့ရဲ့မှာစိုးလို့ ညသန်းခေါင်လူခြေတိတ်မှ တိတ်တိတ်လေး စာတိုက်ပုံးထဲ သွားထည့်တတ်တယ်။ စာတွေကို သူရေးမြဲရေးတယ်။ ဒါပေမယ့် တစ်ပုဒ်တလေမှ ဖော်ပြခံရတာ မရှိခဲ့ဘူး။ နောက်ဆုံး နေကောင်းရက်မြတ်တစ်ရက်မှာ သူ့စာမူ အဖော်ပြခံရတယ်။ စာမူခမရခဲ့ပေမယ့် အယ်ဒီတာဆီက ချီးမွမ်းစာတစ်စောင်ကို သူရခဲ့တယ်။ လူငယ်ဟာ မျှော်လင့်မထားတဲ့ အသိအမှတ်ပြုခြင်းကြောင့် သူအရမ်းဝမ်းသာခဲ့တယ်၊ လမ်းမပေါ် ဦးတည်ရာမဲ့ သူလျှောက်သွားခဲ့တယ်။ မျက်ရည်တွေ သူ့ပါးပြင်ပေါ် စီးကျခဲ့တယ်။

ချီးမွမ်းခြင်းနဲ့ အသိအမှတ်ပြုခံရခြင်းက လူငယ့်ဘ၀တစ်ခုလုံးကို ပြောင်းလဲစေခဲ့တယ်။ အဲဒီအယ်ဒီတာသာ သူ့ကို အားမပေးခဲ့ရင် သူ့တစ်သက်ကို ဂိုဒေါင်ပျက်ထဲမှာပဲ တံဆိပ်ကပ်ရင်း ကုန်ဆုံးရလိမ့်မယ်။ လူငယ်နာမည်ကို သင်ကြားဖူးကြပါလိမ့်မယ်။ သူကတော့ အင်္ဂလန်က နာမည်ကြီးစာရေးဆရာ Charles Dickens ပဲဖြစ်ပါတယ်။

လန်ဒန်မှာနေတဲ့ နောက်လူငယ်တစ်ယောက်က ကုန်စုံဆိုင်မှာ အလုပ်လုပ်တယ်။ သူဟာ မနက်၅နာရီမှာ အိပ်ရာကထရပြီး ဆိုင်ကိုသန့်ရှင်းရတယ်။ ပြီးတော့ ကျွန်တစ်ယောက်လို တစ်နေ့ကို (၁၄)နာရီကြာ အလုပ်လုပ်ရတယ်။ နေ့စဉ်နေ့တိုင်း တကုပ်ကုပ်လုပ်နေရတဲ့ အလုပ်ကို သူငြီးငွေ့လာခဲ့တယ်။ ၂နှစ်နေပြီးနောက် ဒီလိုအလုပ်ကို သူသည်းမခံနိုင်တဲ့အဆုံး မနက်ခင်းတစ်ခုမှာ မနက်စာတောင်မစားဘဲ (၁၅)မိုင်ခန့်ဝေးတဲ့ မိခင်အလုပ်လုပ်တဲ့ နေရပ်စီ သူခြေကျင်ပြန်ခဲ့တယ်။ အိမ်စေအလုပ်လုပ်တဲ့ မိခင်ကို သူရင်ဖွင့်ပြောပြခဲ့တယ်။

အဲဒီလို ဘ၀က သူ့ကိုဗျာများစေတဲ့အကြောင်း မိခင်ကို သူငြီးတွား ငိုကြွေးခဲ့တယ်။ ဒီလိုအလုပ်မျိုး သူသည်းမခံနိုင်ခဲ့လို့ သူ့ကိုပြန်ပို့ရင် ကိုယ့်ကိုယ်အဆုံးစီရင်မယ့်အကြောင်း ကျိန်ပြောခဲ့တယ်။ အဲဒီနောက် အရင်က သူ့ဆရာဆီ သူကြုံတွေ့နေရတဲ့အကြောင်းကို စာတစ်စောင်ရေးပို့ခဲ့တယ်။ ဆရာလည်း သူ့ဆီ စာတစ်စောင်ရေးပို့ခဲ့တယ်။ စာထဲမှာ သူ့ကိုချီးကျူးထားတဲ့အပြင် ထက်မြက်တဲ့သူ့အတွက် ဒီထက်ပိုကောင်းတဲ့အလုပ်ရနိုင်ကြောင်း ရေးထားတယ်။ အဲဒီနောက် ကျောင်းမှာ သူ့ကိုဆရာအဖြစ် ခန့်အပ်ခဲ့တယ်။

အဲဒီချီးကျူးစာက လူငယ်ရဲ့အနာဂတ်ကို ပြောင်းလဲစေခဲ့ပြီး အင်္ဂလန်ရဲ့စာပေသမိုင်းကိုလည်း အကျိုးသက်ရောက်စေခဲ့တယ်။ နောက်တော့ လူငယ်ဟာ စာပေတွေရေးသားခဲ့တယ်။ သူရေးတဲ့စာတွေက အရောင်းရဆုံးစာအုပ်ဖြစ်ခဲ့ပြီး သန်းကျော်သူဌေးဖြစ်ခဲ့တယ်။ ဒီလူငယ်ကို သင်သိကောင်းသိလိမ့်မယ်။ သူက H. G. Wells ပဲဖြစ်တယ်။

ကဲ့ရဲ့ဝေဖန်တာကို ချီးမွမ်းတာနဲ့ အစားထိုးတာဟာ B.F.Skinner's ပညာရေးရဲ့ အခြေခံသဘောတရားဖြစ်တယ်။ အဲဒီခေတ်က နာမည်ကြီးတဲ့ ဒီစိတ်ပညာရှင်ဟာ တိရစ္ဆာန်နဲ့လူတွေကို လေ့လာစမ်းသပ်မှု အများအပြားလုပ်ခဲ့တယ်။ စမ်းသပ်ချက်မှာ ကဲ့ရဲ့ဝေဖန်မှုနည်းပြီး ချီးမွမ်းမှုပိုများရင် လူတွေကို ခွန်အားတွေ ပိုမိုဖြည့်တင်းပေးနိုင်ပြီး ဂရုစိုက်မှုနည်းရင် အပြုအမှုနဲ့ခွန်အားတွေကို ချည့်နဲ့လာစေနိုင်တာကို တွေ့ခဲ့တယ်။

Rocky Mount, North Carolina မှာနေတဲ့ John Ringelspaugh က ဒီနည်းနဲ့ သူ့ကလေးတွေကို ပြုပြင်ပြောင်းလဲခဲ့တယ်။ သာမန်အားဖြင့် မိဘတွေက ကလေးတွေအပေါ် အော်ဟစ်ရတာကို နှစ်သက်ကြတယ်။ သာဓကအများမှာ ဒီလိုအော်ဟစ်ဆက်ဆံနည်းက ကလေးတွေရဲ့အပြုအမှုကို မပြောင်းလဲ မတိုးတက်စေတဲ့အပြင် ပိုဆိုးစေပါတယ်။ ကလေးတွေပိုဆိုးလာလေ မိဘတွေက ပိုဆူပူကြိမ်းမောင်းလေ ဒီလိုနဲ့ မဆုံးနိုင်တဲ့ ပြဿနာက တစ်ဝဲ၀ဲလည်လေဖြစ်နေတော့တယ်။


***အခုလက်ရှိဖတ်နေတဲ့ (တရုတ်လိုဘာသာပြန်ထားတဲ့) Dale Carnegie ရဲ့ "How To Win Friends And Influence People"ရဲ့ စာအုပ်ထဲက စာပိုဒ်လေးတစ်ခုပါ။ အဲဒီစာအုပ်ကို အီးဘွတ်အနေနဲ့ http://erudition.mohit.tripod.com/_Influence_People.pdf မှာလည်း ၀င်ဖတ်နိုင်ပါတယ်။ ဖတ်ဖူးသူတွေလည်း ရှိကြမှာပါ။ သူ့စာတွေဟာ ထုတ်ဝေတာနှစ်တွေကြာခဲ့ပေမယ့် အခုချိန်ထိ အသုံးဝင်နေပါတယ်။ ကြိုက်နှစ်သက်ကြမယ်လို့ မျှော်လင့်ပါတယ်။

နိုင်းနိုင်းစနေ ဘာသာပြန်သည်


Share/Bookmark

Friday, August 27, 2010

အမေရိကန်က Stellaဆု


အမေရိကန်မှာ နှစ်စဉ်နှစ်တိုင်း Stellaဆုကို ချီးမြှင့်တယ်။ အချီးမြှင့်ခံရသူတွေက အဲဒီနှစ်ရဲ့အအောင်မြင်ဆုံးနဲ့ ကိုးရိုးကားယားအနိုင်ဆုံး အကျိုးဆောင်ကိုယ်စားလှယ်ရှေ့နေ၊ ဂျုရီလူကြီးအဖွဲ့တွေဖြစ်တယ်။

Stella Liebeck ကြောင့် Stellaဆုလို့ အမည်တွင်ခဲ့တာဖြစ်တယ်။ အသက်(၈၁)နှစ်ရှိတဲ့ Stella Liebeck ဟာ တစ်ခါက ကားမောင်းရင်း ကော်ဖီသောက်ခဲ့တယ်။ ကော်ဖီမတော်တဆဖိတ်ပြီး သူ့ပေါင်ကို အပူလောင်သွားခဲ့လို့ McDonalds' ကုမ္ပဏီကိုတိုင်ခဲ့တာ လျော်ကြေးငွေ မီလီယံများစွာရခဲ့တယ်။

၂၀၀၂ခုနှစ်မှာ ရွေးခဲ့တဲ့အမူတွေကး

(၁) Austin, Texas

Catherine Robertsonလို့ခေါ်တဲ့ အမျိုးသမီးတစ်ဦးဟာ ပရိဘောကအရောင်းဆိုင်ကို တိုင်ခဲ့လို့ လျော်ကြေးငွေ ၇သိန်း၈သောင်းရခဲ့တယ်။ အခင်းဖြစ်ပွားခဲ့ပုံက ပရိဘောကဆိုင်အတွင်း သူလှည့်လည်ကြည့်ရှုနေတုန်း ဆော့ကစားနေတဲ့ ကလေးတစ်ယောက်ရဲ့ခြေထောက်နဲ့တိုက်မိပြီး သူလဲကျသွားခဲ့တယ်။ ဆိုင်ဝန်ထမ်းတွေက ဆိုင်ထဲမှာ ကလေးတွေဆော့ကစားတာကို မတားမြစ်ခဲ့လို့ဆိုတယ်။ အဲဒီကလေးက တခြားကလေးမဟုတ်ဘဲ သူ့ကလေးပဲဖြစ်တယ်။

(၂) Los Angeles

အသက်(၁၉)နှစ်ရှိတဲ့ Carl Trumanဟာ ဆေးဖိုးလျော်ကြေးငွေ ၇သောင်း ၈ထောင်ရခဲ့တယ်။ အခင်းဖြစ်ပွားခဲ့ပုံက သူ့အိမ်နီးချင်းတစ်ယောက် သူ့လက်ကို ကားနဲ့ကြိတ်လိုက်မိလို့ဆိုတယ်။ အကြောင်းက အိမ်နီးချင်းရဲ့ကားဘီးဖုံးကို သူခိုးယူဖြုတ်နေတုန်း သတိမထားမိဘဲ ကြိတ်မိလို့ဖြစ်တယ်။

(၃) Pennsylvania

ဒီတုံးတုံးအအ သူခိုးရဲ့နာမည်က Terence Dicksonဖြစ်တယ်။ သူဟာ အိမ်တစ်အိမ်ကိုခိုးအပြီး ကားဂိုဒေါင်ကနေ ထွက်ဖို့ပြင်တယ်။ အဲဒီမှာ ကားဂိုဒေါင်က အလိုအလျှောက်ဖွင့်ပိတ်တဲ့ တံခါးပျက်နေခဲ့လို့ သူဖွင့်မရခဲ့ဘူး။ အိမ်ကြီးရဲ့တံခါးကိုလည်း သူသော့ခတ်ခဲ့လို့ ကားဂိုဒေါင်ထဲ ပိတ်မိနေခဲ့တယ်။ အိမ်ပိုင်ရှင်တွေက အပန်းဖြေခရီးထွက်နေတာကြောင့် ဂိုဒေါင်ထဲမှာ ၈ရက်ကြာ သူပိတ်မိနေခဲ့တယ်။ ကိုလာတစ်ဗူး၊ ခွေးစာတစ်အိတ်နဲ့ သူအသက်ဆက်ခဲ့ရတယ်။ အဲဒီကလွတ်မြောက်ပြီး အိမ်ရှင်ရဲ့ အာမခံကုမ္ပဏီကို သူတိုင်တန်းခဲ့တာ လျော်ကြေးငွေ ၅သိန်းရခဲ့တယ်။

(၄) Arkansas Little Rock

Jerry William ခေါ်သူရဲ့တင်ပါးကို ဘေးအိမ်က ခွေးကိုက်လိုက်တယ်။ အကြောင်းက Jerry William ဟာ BBသေနတ်နဲ့ ခွေးကိုပစ်ခဲ့လို့ ခွေးကစိတ်တိုပြီး ကိုက်လိုက်တာဖြစ်တယ်။

တရားရုံးက ခွေးပိုင်ရှင်ကို ဆေးဖိုးဝါးခ ၁သောင်း၎ထောင်၅ရာ လျော်စေခဲ့တယ်။

(၅) Philadelphia

စားသောက်ဆိုင်တစ်ဆိုင်က Lancaster, Pennsylvania ကလာတဲ့ Amber Carson ဆိုသူကို ၁သိန်း၁သောင်း၃ထောင်ငါးရာ အလျော်ပေးလိုက်ရတယ်။ အကြောင်းက စိုနေတဲ့ကြမ်းပြင်ကြောင့် ချော်လဲသွားလို့ဖြစ်တယ်။

ကြမ်းပြင်ဘာကြောင့် စိုရသလဲ?

စက္ကန့်(၃၀)မတိုင်မီက Amber Carsonဟာ သူ့ချစ်သူနဲ့ ငြင်းခုံပြီး ချစ်သူကိုသူက အအေးနဲ့ပက်လိုက်လို့ဖြစ်တယ်။

(၆) Delaware, Clement

Cara Walton က ၃ကျပ်ခွဲတန် ၀င်ပေါက်လက်မှတ်မပြနိုင်လို့ အိမ်သာပြတင်းပေါက်ကနေ နိုပ်ကလပ်ထဲဝင်ဖို့ ကြိုးစားခဲ့တယ်။ ကံမကောင်းစွာနဲ့ လဲကျပြီး ရှေ့သွားနှစ်ချောင်းကျိုးသွားခဲ့တယ်။ အဲဒီမှာ သွားစိုက်ခလျော်ကြေးငွေ ၁သောင်းနှစ်ထောင်ကို သူရလိုက်တယ်။

(၇) Oklahoma

Oklahomaမှာနေတဲ့ Marv Gresinski ဟာ အဲဒီနှစ်ရဲ့အကောင်းဆုံးဆုကို ရသွားခဲ့ပါတယ်။

Marv Gresinski ဟာ တစ်နေ့မှာ ၃၂ပေရှည်တဲ့ ခရီးသွားကား(Motor home)ကို ၀ယ်ခဲ့တယ်။ (ကားထဲမှာ ကုတင်၊ အိမ်သာ၊ မီးဖိုချောင်ပါတယ်)အိမ်အပြင် ဟိုင်းဝေးလမ်းတစ်နေရာမှာ Marv Gresinski ဟာ ကားကို တစ်နာရီ ၇၀မိုင်နှုန်းမောင်းပြီး ကားမောင်းနေရာက မီးဖိုခန်းမှာ ကော်ဖီသွားကျိုနေခဲ့တယ်။ နောက်တော့ ကား မှောက်ပါလေရော...

ကံကောင်းစွာနဲ့ သူမသေခဲ့ပေမယ့် ကားကုမ္ပဏီကို သူတိုင်းကြားခဲ့တယ်။ တိုင်းကြားရခြင်းက ရှင်းလင်းချက်စာအုပ်မှာ ကားမောင်းနေရာကထပြီး ကော်ဖီမကျိုရလို့ မရေးထားလို့ဆိုတယ်။ လျော်ကြေးငွေ ၁၇သိန်း၅သောင်းရလိုက်တယ်။

အမူဖြစ်ပြီးနောက် ကားကုမ္ပဏီက အဲဒီအချက်ကို စာအုပ်ထဲထည့်လိုက်ရတယ်။

ကိုးရိုးကားယားနိုင်တဲ့ အမူခင်းတွေပါ။ ဖတ်ပြီး လျော်ကြေးရဖို့ လိုက်မလုပ်ပါနဲ့။ နိုင်ငံတိုင်းမှာ ဒီဆုမျိုး ရှိနိုင်မှာမဟုတ်ပါဘူး။

http://en.wikipedia.org/wiki/Stella_Award

နိုင်းနိုင်းစနေ ဘာသာပြန်သည်


Share/Bookmark

Thursday, August 26, 2010

မတူတဲ့လူနဲ့ အတူနေရင် မတူတဲ့ဘ၀ကိုရမယ်


မတူတဲ့လူနဲ့ အတူနေရင် မတူတဲ့ဘ၀ကို ရမှာပဲ

တကယ်လက်တွေ့ဘ၀မှာ ဘယ်သူနဲ့ သင်ပေါင်းသင်းနေတယ်ဆိုတာက အရမ်းကို အရေးပါပါတယ်။ အဲဒီဘယ်သူက သင်ကြီးပြင်းရာ လမ်းတစ်လျှောက်က သင့်အောင်မြင်မှု၊ ကျရှုံးမှုတွေကို ဆုံးဖြတ်ပေးပါလိမ့်မယ်။

အလုပ်ကြိုးစားသူနဲ့နေရင် သင်မပျင်းတတ်တော့ဘူး။
အကောင်းမြင်တတ်သူ၊ အပြုသဘောဆောင်သူနဲ့နေရင် သင်မထိုင်းမှိုင်း၊ အားမငယ်တတ်တော့ဘူး။
အသိပညာရှိသူနဲ့နေရင် သင်အသိပညာတိုးမယ်။
မြင့်မြတ်သူနဲ့နေရင် အထွတ်အထိပ်ကို သင်ရောက်မယ်။

သိပ္ပံပညာရှင်တွေရဲ့ ဆန်းစစ်ချက်မှာ "လူဆိုတာ သွယ်ဝိုက်ပြီးပြောတဲ့စကားတွေကို နားလည်တဲ့ တစ်မျိုးတည်းသော သတ္တ၀ါဖြစ်တယ်။ အကောင်းဘက် သွယ်ဝိုက်တဲ့စကားတွေက လူတွေရဲ့ ခံစားချက်နဲ့ စိတ်အခြေအနေကို အကောင်းဘက် သက်ရောက်စေတယ်။ ကိုယ်ရေကိုယ်သွေးတွေကို လှုံဆော်ပေးတယ်။ လုပ်နိုင်စွမ်းကို မြှင့်တင်ပေးတယ်။ ရှေ့သို့တက်လှမ်းစေတယ်၊ ကြိုးပမ်းအားထုတ်စေတယ်"

အပျက်သဘောဆောင်သူတွေနဲ့ ဝေးနိုင်သမျှ ဝေးဝေးနေပါ။ နို့မဟုတ်ရင် သင့်စိတ်ကူးအိပ်မက်တွေ အခိုးခံလိမ့်ရမယ်။ သင့်စိတ်ဓာတ်တွေ ယိုယွင်းကုန်လိမ့်မယ်၊ တိုးတက်ချင်စိတ်တွေ ကုန်ခမ်းလိမ့်မယ်။

အပြုသဘောဆောင်သူတွေက နေမင်းကြီးနဲ့တူတယ်။ ဘယ်နေရာရောက်ရောက် အလင်းရောင်ကို ဆောင်ပေးတယ်။ အပျက်သဘောဆောင်သူတွေက လမင်းနဲ့တူတယ်။ လပြည့်၊ လကွယ် အလင်းပေးတာတောင် မတူဘူး။

စိတ်သဘောထားက အရာရာကို ဆုံးဖြတ်ပေးတယ်။ ဘယ်လိုစိတ်သဘောထားရှိရင် ဘယ်လို အနာဂတ်ကို ရစေပါတယ်။ အကျင့်စရိုက်က ကံကြမ္မာကို ဆုံးဖြတ်ပေးတယ်။ ဘယ်လို အကျင့်စရိုက်က ဘယ်လိုဘ၀ကို ရစေပါတယ်။

တချို့ကပြောတယ်။ လူ့ဘ၀မှာ ကံကောင်းခြင်း သုံးကြိမ်ရှိသတဲ့။
ကျောင်းနေချိန်မှာ ဆရာကောင်းနဲ့တွေ့တာ ကံကောင်းခြင်းပဲ
အလုပ်လုပ်ချိန် ဆရာသမားကောင်းနဲ့တွေ့တာ ကံကောင်းခြင်းပဲ
အိမ်ထောင်ပြုချိန် အိမ်ထောင်ဖက်ကောင်းနဲ့တွေ့တာလည်း ကံကောင်းခြင်းပဲ။
တစ်ခါတလေ သူတို့ရဲ့ အပြုံးတစ်ပွင့်၊ နွေးထွေးတဲ့စကားတစ်ခွန်းက သင့်ဘ၀ကို နေရောင်ခြည်နဲ့ လင်းလက်စေနိုင်တယ်။

ဘ၀မှာ ကံမကောင်းခြင်းဆိုတာက သင့်ဘေးမှာ အပြုသဘောဆောင်သူ၊ အကောင်းမြင်သူ ကင်းမဲ့လို့ဖြစ်တယ်။ ဝေးဝေးလှမ်းမြင်နိုင်သူ မရှိလို့ဖြစ်တယ်။ ဒါကြောင့် သင့်ဘ၀က အမှောင်ထဲမှာ အရောင်ပျောက်နေတာဖြစ်တယ်။

စကားတစ်ခွန်းက ဒီလိုဆိုပါတယ်။
"သင်ဘယ်သူလဲ အရေးမကြီးဘူး။ အရေးကြီးတာက သင်ဘယ်သူနဲ့ အတူနေနေသလဲ" ဆိုတာဖြစ်တယ်။

ကြက်မ,၀ပ်လို့ ကြီးပြင်းခဲ့ရတဲ့ လင်းယုန်ဟာ သူ့ကိုယ်သူကြက်ပါဆိုပြီး ပျံသန်းခြင်းအတတ်ကို လက်လွတ်ခဲ့တယ်။ အတောင်ဖြန့်ပြီး ကောင်းကင်ပြာပေါ် သူဘယ်လို ပျံသန်းဦးမလဲ?

သိုးကြားမှာ ကြီးပြင်းခဲ့တဲ့ မြေခွေးဟာ ကြမ်းကျုတ်တဲ့စိတ်ပျောက်ပြီး သိုးကိုချစ်မိသွားခဲ့တယ်။
မြက်ခင်းပြင်မှာ သူဘယ်လို့ ဒုန်းစိုင်းပြီး သားကောင်ရှာတော့မလဲ?

အမှန်တော့ သင်ဟာထူးကဲသူပါ။ ဒါပေမယ့် သင့်ဘေးက အဆိုးမြင်သူကြောင့် ရှေ့သို့တက်လှမ်းချင်တဲ့ သင့်ခွန်အားတွေ ဆုတ်ယုတ်ကုန်တယ်။ စိတ်ဓာတ်တွေ ညံ့ဖျင်းကုန်တယ်။

စာကောင်းတွေဖတ်တယ်၊ အသိပညာရှိသူဆီ ချည်းကပ်တယ်ဆိုတာ လူ့ဘ၀ရဲ့ အကောင်းဆုံးကံနှစ်ခုဖြစ်တယ်။ လူ့ဘ၀ဆန်းကြယ်ပုံကို ဒီအရာနှစ်ခုနဲ့ သင်ယူနိုင်တယ်။ လက်ထဲ ဆောင်ထားနိုင်တယ်။

ဘ၀ရဲ့လှပခြင်းဆိုတာ တစ်ပါးသူကို နှင်းဆီလက်ဆောင်ပေးတယ်။ ကိုယ့်လက်ထဲမှာလည်း နှင်းဆီရနံ့တွေ ကျန်ခဲ့တယ်။ ဒါဟာ လူ့ဘ၀ဖြစ်တယ်။

ထက်မြက်သူနဲ့နေချင်ရင် သင်ထက်မြက်ရလိမ့်မယ်။
ထူးကဲသူနဲ့နေချင်ရင် သင်ထူးကဲရလိမ့်မယ်။

သူတစ်ပါးရဲ့ကောင်းကွက်ကို အလွယ်တကူမြင်ပြီး ကိုယ့်အတွက်ခွန်အားအဖြင့်၊ သင်ယူစရာအဖြင့် ပြောင်းလဲမယ်။ ဒီလိုဆိုရင် သင်ဟာ ထက်မြက်သူဖြစ်ပါတယ်။ လူ့ဘ၀ရဲ့ အခွင့်အရေးကို လက်ဆုပ်လက်ကိုင်ပြုပြီး ကိုယ့်အခွင့်အရေးအဖြင့် ပြောင်းလဲမယ်။ ဒီလိုဆိုရင် သင်ဟာ ထူးကဲသူဖြစ်ပါတယ်။

သူတစ်ပါးရဲ့ အောင်မြင်မှုကို ကိုယ့်အောင်မြင်မှုအတိုင်း ပြင်းပြမယ်။
သူတစ်ပါးရဲ့ အကောင်းဆုံးကို သင်ယူပြီး အကောင်းဆုံးကိုယ် လုပ်မယ်။
သူတစ်ပါးရဲ့ အသိပညာကို ဆည်းပူးပြီး အောင်မြင်တဲ့ကိုယ် လုပ်မယ်။

မတူတဲ့လူနဲ့ အတူနေရင် မတူတဲ့ဘ၀ကို ရပါတယ်။

မူရင်း--http://www.renhe.cn/team/showtopic-74973.html

နိုင်းနိုင်းစနေ ဘာသာပြန်သည်


Share/Bookmark

Wednesday, August 25, 2010

ကွာရှင်းဟိုတယ်


သူနဲ့သူမ မင်္ဂလာဆောင်တာ (၁၀)နှစ်တင်းတင်း ပြည့်ခဲ့ပြီ။ လင်မယားနှစ်ယောက်ကြားမှာ ဘာစိတ်လှုပ်ရှားမှုမှ မရှိတော့သလို စိတ်ဝင်စားမှုလည်း မရှိတော့ဘူး။ အချိန်ကြာလေ သူမကို တာဝန်နဲ့ဝတ္တရားအရ သူဆက်ဆံနေရတယ်လို့ သူထင်လာလေဖြစ်တယ်။ သူမအပေါ် သူငြီးငွေ့လာခဲ့တယ်။ အထူးသဖြင့် သူ့အလုပ်မှာ အသစ်ဝင်လာတဲ့ သွက်သွက်လက်လက် ကောင်မလေးတစ်ယောက်ကြောင့် ဖြစ်တယ်။ ကောင်မလေးက သူ့ကို ရှုးသွပ်စေခဲ့တယ်။ ဒါဟာ သူ့ရဲ့ဒုတိယအရွယ် စိတ်လှုပ်ရှားခြင်းလို့ သူထင်ခဲ့တယ်။

အကြိမ်ကြိမ် တွေးတောဆုံးဖြတ်ပြီးနောက် သူမနဲ့ကွာရှင်းဖို့ သူဆုံးဖြတ်လိုက်တယ်။ ဒီလိုခံစားချက်မျိုးက သူမအတွက် ထုံကျင်နေပါပြီ။ တည်တည်ငြိမ်ငြိမ်နဲ့ သူ့ရဲ့တောင်းဆိုချက်ကို သူမခေါင်းညိတ်ခဲ့တယ်။ နှစ်ဦးသား တရားရုံးသွားပြီး ကွာရှင်းခဲ့ကြတယ်။ ကွာရှင်းစာချုပ်ပေါ်မှာ လက်မှတ်ထိုးပြီး ရုံးကနေ သူတို့ထွက်လာကြတယ်။ နှစ်ယောက်စလုံး သူတစ်လမ်း ကိုယ်တစ်လမ်း လွတ်လပ်သူတွေဖြစ်သွားကြပြီ။ ဒါပေမယ့် ဘာကြောင့်မှန်းမသိ သူ့စိတ်ထဲမှာ ဟာတာတာခံစားနေရတယ်။ သူမကို သူတစ်ချက်ကြည့်ပြီး....

"မိုးတောင်ချုပ်နေပြီ။ ငါတို့ညစာအတူသွားစားရအောင်"

"ကောင်းပြီလေ... "ကွာရှင်းဟိုတယ် (Divorce hotel)" ဆိုတဲ့ စားသောက်ဆိုင်အသစ် ဖွင့်ထားတယ်လို့ ကြားတယ်။ အဲဒီ"ကွာရှင်းဟိုတယ်"က ကွာရှင်းပြတ်စဲပြီးစ ဇနီးမောင်နှံတွေ နောက်ဆုံးတစ်နပ်အတွက် သီးသန့်ဖွင့်ထားတဲ့ ဟိုတယ်ပါတဲ့။ အဲဒီမှာ သွားစားရအောင်" သူ့ကိုတစ်ချက်ကြည့်ပြီး သူမပြောတယ်။

သူခေါင်းညိတ်ပြီး နှစ်ဦးသားနှုတ်ဆိတ်လို့ ဟိုတယ်ထဲ ရှေ့ဆင့်နောက်ဆင့် ၀င်သွားကြတယ်။

"ကောင်းသော ညနေခင်းပါ"

အခန်းထဲထိုင်လိုက်တာနဲ့ ဟိုတယ်ဝန်ထမ်းက ရောက်လာတယ်။

"ဘာများ သုံးဆောင်ကြမလဲရှင်?"

"မင်း မှာကွာ" သူမကို ကြည့်ပြီး သူပြောလိုက်တယ်။

"ကျွန်မ အပြင်သိပ်မထွက်တော့ ဒါတွေကို မသိဘူး။ ရှင်ပဲ မှာပါ" သူမခေါင်းခါပြီး ပြောတယ်။

"ဆောရီး..... ကျွန်မတို့ ကွာရှင်းဟိုတယ်မှာ စည်းကမ်းတစ်ခုရှိတယ်။ ဒီညစာကို မိန်းမဖြစ်သူက ယောက်ျားကြိုက်တတ်တာတွေ မှာပေးရသလို ယောက်ျားဖြစ်သူကလည်း မိန်းမကြိုက်တတ်တာတွေကို မှာပေးရပါတယ်။ ဒါကို "နောက်ဆုံးအမှတ်တရ" လို့ ခေါ်ပါတယ်"

"ကောင်းပြီလေ" ဆံပင်ကို သူမသပ်တင်ပြီး ဟင်းတွေမှာလိုက်တယ်။

"ငါးပေါင်းတစ်ပွဲ၊ မှိုကြော်တစ်ပွဲ၊ မှိုနားရွက်သုပ်တစ်ပွဲ.. ဒီဟင်းတွေအားလုံး ဂျင်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြု မထည့်နဲ့နော်။ ကျွန်မအမျိုးသား....အော်.. ဒီအမျိုးသားက အဲတာတွေမစားဘူး"

"လူကြီးမင်းကရော ဘာမှာမလဲ?" ၀န်ထမ်းက သူ့ကိုကြည့်ပြီး မေးတယ်။

တခဏလောက် သူငေးကြောင်သွားမိတယ်။ လက်ထပ်ပြီး (၁၀)နှစ်မှာ ကိုယ့်မိန်းမဘာကြိုက်တတ်မှန်း သူမသိခဲ့ဘူး။ ပါးစပ်ကြီးဟပြီး သူဘာပြောရမှန်း မသိဖြစ်နေခဲ့တယ်။

"ဒါတွေပဲ လုပ်ပါ။ အဲဒီဟင်းက ကျွန်မတို့နှစ်ယောက်စလုံးကြိုက်တဲ့ ဟင်းပါ" သူ့အဖြစ်ကို သူမက အလျင်အမြန် ၀င်ကယ်တယ်။

ဝန်ထမ်းကောင်မလေးက ရယ်ပြီး "တကယ်တမ်းပြောရရင် ကျွန်မတို့ ကွာရှင်းဟိုတယ်ကို နောက်ဆုံးအကြိမ် ညစာလာစားကြတဲ့ ဇနီးမောင်နှံတွေက ဘာမှ စားချင်စိတ်ရှိကြတော့တာ မဟုတ်ဘူး။ ဒါကြောင့် ဒီ"နောက်ဆုံးအမှတ်တရ" ကို မစားကြတော့ဘဲ ကျွန်မတို့ဟိုတယ်က ကွာရှင်းသူတွေအတွက် အထူးစီမံထားတဲ့အအေးကိုပဲ သောက်ကြရအောင်၊ ကျွန်မတို့ဟိုတယ်ကို ရောက်လာသူတိုင်းက ဒါကို မငြင်းဘဲ မှာကြတယ်"

"အင်း.. ဒါဆိုလည်း အအေးပဲ မှာကြတာပေါ့" သူတို့နှစ်ဦးစလုံး ခေါင်းညိတ်ပြီး ပြောတယ်။

သိပ်မကြာဘူး။ ၀န်ထမ်းကောင်မလေးက အအေးနှစ်ခွက်လာပို့တယ်။ တစ်ခွက်က ရေခဲပါတဲ့ အပြာနုရောင်အရည်ဖြစ်ပြီး တစ်ခွက်က အငွေ့ထောင်းထောင်းထနေတဲ့ အနီရောင်အရည်ဖြစ်တယ်။

"ဒီအအေးတွေကို "မီးတောက်တစ်ဝက်၊ ပင်လယ်ရေတစ်ဝက်" လို့ခေါ်တယ်။ သုံးဆောင်နိုင်ပါပြီ"

ဝန်ထမ်းကောင်မလေးက ပြောပြောဆိုဆို နေရာကခွာတယ်။ အခန်းတစ်ခုလုံး တိတ်ဆိတ်နေတယ်။ နှစ်ယောက်သား မျက်နှာချင်းဆိုင်ထိုင်ပြီး ဘာပြောရမှန်းမသိ ဖြစ်နေကြတယ်။

"တောက်... တောက်.. တောက်"

တံခါးခေါက်သံနဲ့အတူ ၀န်ထမ်းကောင်မလေး ၀င်လာပြန်တယ်။

"လူကြီးမင်း... သူ့ကို ပထမဆုံးအကြိမ် ပန်းစည်းလက်ဆောင်ပေးတဲ့အဖြစ်ကို မှတ်မိသေးလား? အခု အရာအားလုံးက ပြီးဆုံးသွားခဲ့ပြီ။ လင်မယား မဟုတ်တော့လည်း သူငယ်ချင်းမိတ်ဆွေအဖြစ် အသိအမှတ်ပြုလို့ရတယ်။ သူ့ကို နှင်းဆီတစ်ပွင့် လက်ဆောင်ပေးလိုက်ပါဦး"

သူမတစ်ကိုယ်လုံး တုန်လှုပ်သွားမိတယ်။ လွန်ခဲ့တဲ့(၁၀)နှစ်က သူပန်းစည်းပေးတဲ့ ပုံရိပ်တွေကို သူမမြင်ယောင်လာမိတယ်။ အဲဒီတုန်းက ဆွေမရှိ၊ မျိုးမရှိတဲ့ သူစိမ်းမြို့မှာ သူတို့ဘာမှမရှိခဲ့ဘူး။ အရာအားလုံး သုညကစခဲ့ကြတယ်။ နေ့လယ်နေ့ခင်းမှာ နေရာအနှံ့ သူတို့အလုပ်လိုက်ရှာကြတယ်။ ရုန်းကန်ကြတယ်။ ညအခါ ညဈေးမှာ သူမဈေးရောင်းထွက်သလို သူက စားသောက်ဆိုင်မှာ ပန်းကန်ဆေးတယ်။ ညနက်သန်းခေါင်ရောက်မှ ငှားနေတဲ့ ၁၀ပေပတ်လည် အခန်းကျဉ်းထဲ သူတို့ပြန်ခဲ့ကြတယ်။ နေ့ရက်တွေကို ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်း ဖြတ်ကျော်ခဲ့ရလည်း သူတို့ပျော်ရွှင်ခဲ့ကြတယ်။

အဲဒီမြို့ကိုရောက်တဲ့ ပထမဆုံးအကြိမ် ချစ်သူများနေ့မှာ သူမအတွက် သူ ပထမဆုံးအကြိမ် နှင်းဆီအနီရဲရဲတစ်ပွင့် လက်ဆောင်ပေးတယ်။ သူမ မျက်ရည်ကျအောင် ပျော်ရွှင်ခဲ့မိတယ်။

(၁၀)နှစ်တိုင်ခဲ့ပါပြီ။ သူတို့ဘ၀ အရာအားလုံး ပြည့်စုံလာချိန် လမ်းခွတစ်နေရာမှာ သူတို့ရောက်နေခဲ့တယ်။ အတိတ်ကအကြောင်းတွေ တွေးရင်း သူမ မျက်ရည်ကျမိတယ်။

"မလိုတော့ပါဘူး..." လက်ကာပြပြီး သူမပြောတယ်။

လွန်ခဲ့တဲ့(၁၀)နှစ်အဖြစ်ကို သူလည်း မြင်ယောင်နေမိတယ်။ သူမအတွက် နှင်းဆီပန်းမပေးမိတာ ၅နှစ်၊ ၆နှစ်ရှိခဲ့မှန်း အခုမှ သူသတိရတယ်။

"လိုတယ်.. ပန်းယူမယ်" လက်ပြပြီး သူပြောတယ်။

ဝန်ထမ်းကောင်မလေးက နှင်းဆီတစ်ပွင့်ကိုယူပြီး နှစ်ပိုင်းခွဲလိုက်တယ်။ ပြီးနောက် ပွင့်ဖပ်တွေကို သူတို့ရဲ့အအေးခွက်ထဲ ပစ်ထည့်လိုက်တယ်။ ပွင့်ဖပ်တွေက အအေးထဲပျော်ဝင်ကုန်တယ်။

"ဒီနှင်းဆီပွင့်က ကျွန်မတို့ ဟိုတယ်က ကောက်ညှင်းနဲ့ အထူးပြုလုပ်ထားတဲ့ နှင်းဆီတွေပါ။ ဒါဟာလည်း လူကြီးမင်းတို့အတွက် တတိယမြောက် စားစရာတစ်ခုပါပဲ။ ဒါကို "ရောင်ပြန်အလှ" လို့ခေါ်တယ်။ လူကြီးမင်းတို့ ဖြေးဖြေးသုံးဆောင်ကြပါ။ လိုအပ်ရင် ကျွန်မကိုခေါ်လိုက်ပါ"

ဝန်ထမ်းကောင်မလေးက ပြောပြောဆိုဆို လှည့်ထွက်သွားတယ်။

"xx...ဟို.... မောင် ......"

သူ့အသံတွေ လည်ချောင်းဝမှာ ပျောက်နေတယ်။ သူမလက်ကို သူဖမ်းဆုပ်လိုက်တယ်။ သူမလက် လှုပ်သွားတယ်။ ဒါပေမယ့် မရုန်းမိဘူး။ နှစ်ဦးသား တစ်ယောက်ကိုတစ်ယောက် မျက်နှာချင်းဆိုင်ကြည့်နေကြတယ်။ ဘာမှ မပြောဖြစ်ကြဘူး။

"ဖပ်"

ရုတ်တရက် မီးမှိတ်သွားတယ်။ အခန်းတစ်ခုလုံး မှောင်အတိကျသွားတယ်။ အပြင်က အရေးပေါ်ခေါင်းလောင်းသံ မြည်လာပြီး အခန်းထဲ မီးခိုတွေ လှိမ့်ဝင်လာတယ်။

"ဘာဖြစ်တာလဲ?"

နှစ်ယောက်လုံး အမြန်ထရပ်လိုက်ကြတယ်။

"ဟိုတယ် မီးလောင်နေတယ်ဗျို့။ အားလုံး လုံခြုံရေးလမ်းညွှန်ဘက် အမြန်သွားကြပါ"

အပြင်က အသံကုန်အော်ဟစ်သံကို ကြားလိုက်တယ်။

"မောင်.... ကျွန်မကြောက်တယ်!" သူ့ရင်ခွင်ထဲ သူမတိုးဝင်လိုက်တယ်။

"မကြောက်နဲ့... မောင်ရှိတယ်။ လာ... အပြင်ကို ထိုးထွက်ရအောင်" သူမကို တင်းတင်းပွေ့ပြီး သူပြောတယ်။

အပြင်ကိုရောက်တော့ အပြင်ကမီးရောင်နဲ့လင်းနေတာကို တွေ့လိုက်တယ်။ ဘာမှမဖြစ်ပျက်ခဲ့သလို အရာတိုင်းက သူ့နေရာနဲ့သူရှိနေတယ်။ အဲဒီအချိန်မှာ ၀န်ထမ်းကောင်မလေးရောက်လာပြီး...

"ဆောရီး... လူကြီးမင်းတို့ကို ထိတ်လန့်စေခဲ့ပြီ။ ဟိုတယ်ကြီး မီးမလောင်ပါဘူး။ အခန်းထဲ မီးခိုးတွေကို တမင်လွတ်ခဲ့တာပါ။ ဒါဟာ ကျွန်မတို့ရဲ့ စတုတ္ထမြောက်ဟင်းပါပဲ။ ဒါကို "ရင်ထဲက ရွေးချယ်ခြင်း" လို့ ခေါ်တယ်။ အခန်းထဲ ပြန်ဝင်နိုင်ပါပြီ"

အခန်းထဲ သူတို့ပြန်ဝင်လာခဲ့ကြတယ်။ အခန်းထဲမှာ ပကတိအတိုင်း မီးရောင်နဲ့လင်းနေတယ်။ သူမကို သူဆွဲပွေ့ပြီး...

"ဟန်နီ... ၀န်ထမ်းကောင်မလေး ပြောတာမှန်တယ်။ အခုနားက ဟန်နီနဲ့မောင်ရဲ့ တကယ့်ရင်ထဲက ရွေးချယ်တာတွေဖြစ်တယ်။ တကယ်တော့ မောင်တို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် မခွဲနိုင်ကြဘူး။ မနက်ဖြန် မောင်တို့မင်္ဂလာပြန်ဆောင်ကြရအောင်ကွာ"

"မောင် ဆန္ဒရှိလို့လား?" နုတ်ခမ်းကိုက်ပြီး သူမမေးတယ်။

"ဆန္ဒရှိတာပေါ့။ အခု ဘာမဆို မောင်နားလည်သဘောပေါက်လာပြီ ဟန်နီ။ မောင်တို့ မနက်ဖြန် အစောကြီး မင်္ဂလာဆောင်ရအောင်ကွာ။ ရှင်းမယ်ဟေ့...." ပြောပြောဆိုဆို ၀န်ထမ်းကောင်မလေးကို သူလှမ်းအော်လိုက်တယ်။

ဝန်ထမ်းကောင်မလေးဝင်လာပြီး အနီရောင်ငွေတောင်းခံလွှာကို ကမ်းပေးတယ်။

"လူကြီးမင်းတို့နှစ်ယောက်အတွက် ဒါဟာ ဒီဟိုတယ်ရဲ့နောက်ဆုံးလက်ဆောင်ပါ။ ဒါကို "ထာဝရတောင်းခံလွှာ" လို့ခေါ်တယ်။ နှစ်ယောက်လုံး ထာဝရသိမ်းထားပေးပါ"

စာရွက်ကို သူကြည့်လိုက်တယ်။ သူ့မျက်လုံးအိမ်မှာ မျက်ရည်တွေ ပြည့်လျံလာတယ်။

"ဘာဖြစ်တာလဲ?" သူမ စိုးရိမ်တကြီးမေးတယ်။

"ဟန်နီ... မောင်မှားပါတယ်။ မောင်တောင်းပန်ပါတယ် ဟန်နီ" စာရွက်ကို ကမ်းပေးရင်း သူပြောတယ်။

စာရွက်ကို သူမကြည့်လိုက်တယ်။ စာရွက်ပေါ်မှာ ရေးထားတာက.......

နွေးထွေးတဲ့ မိသားစုတစ်စု
ကြိုးစားရုန်းကန်ခဲ့တဲ့ လက်တစ်စုံ
သင့်ပြန်အလာကို ညနက်သန်းခေါင်အထိစောင့်နေတဲ့ မငြိမ်းတဲ့မီးတစ်ပွင့်
ကျန်းမာရေးဂရုစိုက်ပါလို့ ၁၂ ရာသီလုံးမှာတဲ့စကား
အနှိုင်းမဲ့တဲ့ ဂရုစိုက်မှု
ယောက္ခမအတွက် အပြုအစု
ကလေးအတွက် မနက်မိုးချုပ်စောင့်ရှောက်မှု
သင်ကြိုက်တဲ့အစားအစာအတွက် အချက်အပြုတ်
သင့်အတွက် ဆုံးရှုံးလိုက်ရတဲ့ နုပျိုခြင်းတွေ....
ဒါဟာ သင့်ဇနီးမယားပဲဖြစ်တယ်။

"မောင်.... မောင်လည်း ပင်ပန်းပါတယ်။ ဒီနှစ်တွေမှာ မောင်ကို ကျွန်မ လျစ်လျူရှူမိခဲ့တယ်"

လက်ထဲကစာရွက်ကို သူမကမ်းပေးပြီး ပြောတယ်။ စာရွက်ကို သူကြည့်လိုက်တယ်။ စာရွက်ပေါ်မှာ ရေးထားတာက....

ယောက်ျားတစ်ယောက်ရဲ့တာဝန်
ကြီးလေးတဲ့တာဝန်ကို ပုခုံးနှစ်ဘက်နဲ့ ထမ်းထားတယ်
ညနက်သန်းခေါင်မှ ပင်ပင်ပန်းပန်းပြန်လာတယ်
စားဝတ်နေရေးအတွက် နေရာအနှံ့ပြေးလွှားရတယ်
ပြောမထွက်ခဲ့တဲ့ စိတ်ဆင်းရဲခြင်းတွေ
မျက်နှာပေါ်က ရင့်ရော်ခြင်းတွေ
ခယ်မ၊ ယောက္ခမတွေအတွက် တာဝန်တွေ
ကျရှုံးခြင်း၊ ဆုံးရှုံးခြင်းနဲ့ ရုန်းကန်မှုတွေ
မိသားစုအတွက်၊ သားသမီးအတွက် မေတ္တာတွေ....
ဒါဟာ သင့်ခင်ပွန်းပဲဖြစ်တယ်။

နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ပြီး သူတို့ငိုမိကြတယ်။ ငွေရှင်းပြီး ဟိုတယ်မန်နေဂျာကို သူတို့ကျေးဇူးတင် စကားပြောကြတယ်။ အဲဒီနောက် တစ်ယောက်လက်ကိုတစ်ယောက်တွဲပြီး ဟိုတယ်က သူတို့ထွက်ခဲ့ကြတယ်။ ပျော်ရွှင်သွားကြတဲ့ သူတို့နောက်ကျောပုံရိပ်ကိုကြည့်ပြီး ဟိုတယ်မန်နေဂျာ ခေါင်းတဆတ်ဆတ်ညိတ်နေခဲ့ပါတော့တယ်။

"သိပ်ပျော်စရာကောင်းတာပဲ။ ကျွန်တော်တို့ ကွာရှင်းဟိုတယ်က မိသားစုတစ်စုကို ကယ်တင်လိုက်ပြန်ပြီ"

မူရင်း--google search or http://blog.jxwmw.cn/u/3747/archives/2009/17838.html

နိုင်းနိုင်းစနေ ဘာသာပြန်သည်

Share/Bookmark

Monday, August 23, 2010

ကျွန်မ နိုင်ငံခြားပြန်


ကျွန်မရဲ့ မောင်နှမ၊ ဆွေမျိုးသားချင်း၊ သူငယ်ချင်းတချို့က နိုင်ငံခြားပြန်ဆိုရင် ဘာမဆို လုပ်တတ်တယ်၊ ဘာမဆိုသိတယ်လို့ ထင်နေကြတဲ့လူတွေပါ။ ကျွန်မက တစ်ခုခုကို မသိဘူး၊ မလုပ်တတ်ဘူး၊ မလုပ်ရဲဘူးဆိုတိုင်း "နိုင်ငံခြားပြန်ဖြစ်ပြီး ဒါလေးတောင် မတတ်ဘူးလား၊ မသိဘူးလား"လို့ ကျွန်မကို သူတို့အမြဲပြောတတ်တယ်။ သူတို့အသိ၊ သူတို့အမြင်မှာ နိုင်ငံခြားပြန်ဆိုတာ ဥုံဖွဆရာတွေလို အရာရာကို သိနားလည်သူလို့ ထင်နေကြတယ်။

ဥပမာ-- အခု ကျွန်မရန်ကုန်ရောက်တုန်း လမ်းမဖြတ်ကူးရဲဘူး၊ ဘတ်စ်ကားမစီးရဲဘူး ဆိုပါစို့။ "နိုင်ငံခြားပြန်ဖြစ်ပြီး ဒီလမ်းလေးတောင် မကူးရဲဘူးလား" လို့ သူတို့ပြောကြတယ်။ အဲဒီအခါ ကျွန်မက "ကျွန်မနေခဲ့ဖူးတဲ့ နိုင်ငံခြားမှာ ကားတွေကို ဒီမှာလို စည်းမဲ့ကမ်းမဲ့ မမောင်းကြဘူး၊ လူတွေက လူကူးမျဉ်းကြားရောက်ရင် ကားတွေကို အရှိန်လျော့မောင်းကြတယ်။ မီးပွိုင့်မရှိတဲ့ လူကူးမျဉ်းကြားဆိုရင်လည်း ကားတွေရပ်ပေးပြီး လူတွေကို အရင်ကူးစေတယ်။ ဒီမှာလို သေသွားမယ်? ဘာမယ်နဲ့ မအော်ကြဘူး။ လမ်းကူးဖို့ ရပ်နေတဲ့လူတွေကို အပြုံးနဲ့လက်ပြပြီး အရင်ကူးစေတယ်။

ဘတ်စ်ကားစီးတဲ့အခါမှာလည်း ကိုယ်ဆင်းမဲ့ မှတ်တိုင်ရောက်ရင် ခေါင်းလောင်းလေးတီးပြီး နောက်ပေါက်ကနေ အေးအေးဆေးဆေး ဆင်းရုံပဲ။ ဘတ်စ်ကားတစ်စီးလုံးမှာ ဒါရိုင်ဘာတစ်ယောက်ပဲ ပါတယ်။ အတက်မှာရှေ့ပေါက်ကတက်မယ်၊ အဆင်းမှာ နောက်ပေါက်ကဆင်းမယ်။ အေးအေးဆေးဆေးပဲ။ ဒီမှာလို အတက်မှာတွဲခေါ် အဆင်းမှာ ဆောင့်တွန်းဆင်းခိုင်းပြီး အော်ငေါက်ဆဲဆိုမယ့် စပယ်ယာ မရှိဘူး။

တစ်နေရာနဲ့တစ်နေရာ သွားရင်လည်း ဘတ်စ်ကားမှတ်တိုင်မှာ ရေးကပ်ထားတဲ့ လမ်းညွှန်မြေပုံကိုကြည့်ပြီး ကိုယ်ဘယ်ဘတ်စ်ကားစီးရမယ်ဆိုတာကို အလွယ်တကူသိနိုင်တယ်။ ဘယ်နံပတ်ဘတ်စ်ကားက ဘယ်ကိုရောက်တယ်ဆိုပြီး ရောင်စုံတွေနဲ့ ရှင်းရှင်းလင်းလင်း ရေးပြထားတယ်။ ဂိတ်ကို ဘတ်စ်ကားရောက်တဲ့အချိန်မှ ဖြည်းဖြည်းဆင်းလို့ရတယ်။ ဒီမှာလို ရပ်ချင်တဲ့နေရာရပ်၊ သူ့ကား ငါ့ကားအပြိုင်မမောင်းကြဘူး။ ဒီမှာက လမ်းဘေးမှာစိုက်ထားတဲ့ "မနှစ်က စည်းကမ်းမဲ့ လမ်းကူးမှုကြောင့် လူ(xx) သေဆုံးသည်"ဆိုတဲ့ ဆိုင်းပုဒ်ကိုတောင် သနားတယ်။ မျဉ်းကြားက ကူးရင်လည်း ကံမကောင်းရင် အတိုက်ခံရမှာပဲ။ နိုင်ငံခြားပြန်ဆိုတိုင်း ဘာမဆို လုပ်ရဲတယ်၊ သိတယ်လို့မထင်နဲ့" လို့ ပြောမိတယ်။

နိုင်ငံခြားပြန်ဆိုသလိုပဲ နိုင်ငံခြားက ပြန်လာစသူတချို့မှာ နိုင်ငံခြားက အကျင့်ကောင်းတချို့ ပါလာတတ်တယ်။ ဥပမာ-- တစ်ခုခုစားပြီး အမှိုက်ကို အမှိုက်ပုံးမတွေ့မချင်း မပစ်တတ်တဲ့အကျင့်၊ အဲဒီလို ကျွန်မလည်းပြန်လာစမှာ အမှိုက်ကို လက်ထဲချွေးစိုတဲ့အထိ ကိုင်ထားတတ်တယ်။ ဒါကို တချို့တွေက "အိုး.. အ လိုက်တာ။ အပင်ပန်းခံပြီး ကိုင်ထားသေးတယ်။ အခု ဒီလမ်းကိုကြည့် အမှိုက်တွေချည်းပဲ။ အမှိုက်ကိုင်ထားတဲ့ နင့်လက် တောင့်သာသွားမယ်။ အမှိုက်ပုံးတော့ တွေ့မှာမဟုတ်ဘူး။ အိမ်ကိုသာ ယူပြန်သွားတော့။ နိုင်ငံခြားပြန်ဖြစ်ပြီး ဒီလောက် အ ရသလား" ဆိုတာမျိုးတွေ ဖြစ်လာတယ်။

တကယ်တော့ ကျွန်မနေခဲ့ဖူးတဲ့ နိုင်ငံခြားက လူတိုင်းလည်း စည်းကမ်းရှိကြတာ မဟုတ်ပါဘူး။ ဒါပေမယ့် အများအားဖြင့် အမှိုက်ဆိုရင် အမှိုက်ပုံးထဲပစ်ထည့်ရမယ် ဆိုတာကိုတော့သိကြတယ်။ အမှိုက်တွေ အလွယ်တကူ ပစ်နိုင်အောင်လည်း လမ်းဘေးဝဲယာတစ်လျှောက်မှာ အမှိုက်ပုံးတွေထားပေးထားတယ်။ အထူးသဖြင့် လူစည်ကားတဲ့နေရာ၊ ဘတ်စ်ကားမှတ်တိုင်တွေမှာ အမှိုက်ပုံးရှိတယ်။ လူတွေကို အကျင့်ကောင်းတစ်ခုကူးစက်ဖို့ ခဲယဉ်းပေမယ့် အကျင့်ဆိုးကတော့ အလွယ်တကူ ကူးစက်လွယ်တယ်။ နိုင်ငံခြားပြန်ပြီး ၂နှစ်၊ ၃နှစ်အတွင်းမှာ အဲဒီအကျင့်က သင်စရာမလိုဘဲ အလိုလိုတတ်လာပါတယ်။ ဒါဟာ နေထိုင်မှု ပတ်ဝန်းကျင်အရ ဖြစ်လိမ့်မယ်။

ဘဏ်ဆိုရင် တန်းစီ၊ ဈေးဝယ်ရင် တန်းစီ၊ လူအများနဲ့လုပ်တဲ့ အလုပ်မှန်သမျှ တန်းစီတာဟာ နိုင်ငံခြား (နိုင်ငံတချို့)မှာ ကြီးပြင်းလာသူတွေအတွက် သင်စရာမလိုတဲ့ အကျင့်ကောင်းလေးပါ။ နိုင်ငံခြားရောက်စက ကြားဖြတ်တတ်တဲ့အကျင့်၊ တိုးတဲ့အကျင့်တွေ ကျွန်မမှာရှိခဲ့တယ်။ အဲဒီလိုကြားဖြတ်တဲ့အခါ လူတွေက ကျွန်မကို ဘာလို့ကြားဖြတ်တာလဲလို့ ရန်မရှာဘူး။ ပြုံးပြုံးလေးနဲ့ သနားစရာသတ္တ၀ါအဖြင့် ကြည့်နေတတ်တယ်။ အော်.. ဘယ်ဂြိုလ်ကလဲပေါ့....

မြန်မာပြည်ကိုရောက်တော့ တစ်ခုခုဆိုရင် အလိုလိုနေရင်း တန်းစီတတ်တဲ့အကျင့်က ပါလာတယ်။ အဲဒီအခါ ကျွန်မကတန်းစီရပ်တယ်။ လူတွေက ကျွန်မကို တစ်ယောက်ပြီးတစ်ယောက် တိုးတက်ကုန်တယ်။ ဒါနဲ့ ခရီးကမတွင်တော့ဘူး။ အလုပ်မပြီးတော့ဘူး။ အဲဒီအခါ သူငယ်ချင်းတချို့က "ရှေ့မတိုးဘဲ တန်းစီနေရင် နေ့ကူးသွားမယ်။ နိုင်ငံခြားပြန်ဖြစ်ပြီး ဒါလေးတောင် မသိဘူးလား" လို့ အပြစ်ဆိုကြတယ်။ နောက်တော့ ဒီပတ်ဝန်းကျင်မှာ နေသားကျသွားတော့လည်း ချွေးတလုံးလုံးနဲ့ လူအများနဲ့အပြိုင် ကျွန်မတိုးဝှေ့တတ်လာခဲ့တယ်။

နိုင်ငံခြားပြန်စ မြန်မာပြည်မှာ အင်တာနက်သုံးတော့ ဂျီမေးလ်ကိုတောင် ကျွန်မ မဖွင့်တတ်ခဲ့ဘူး။ ဆိုက်တွေကို ကျော်ခွဝင်ဖို့က ပိုဆိုးတယ်။ ဆိုင်မှာထိုင်ပြီး ဘေးလူကိုမေးလိုက်၊ ဆိုင်ဝန်ထမ်းကိုမေးလိုက်နဲ့ အချိန်တော်တော်ကြာ ၀င်မရခဲ့ဘူး။ အရင်က ဘယ်လိုကျော်ခွဝင်ရသလဲလို့ လူတွေမေးတိုင်း ကျွန်မနေတဲ့နိုင်ငံက အင်တာနက်တွေ ကျော်ခွစရာမလိုလို့ မကျော်ခွတတ်ဘူးလို့ဖြေတဲ့အခါ ကြီးကျယ်တယ်လို့ အထင်ခံရတယ်။ ကျော်ခွမှရတဲ့နေရာကို ရောက်လာတော့ ကျော်ခွဖို့ဆိုက်တွေမေးတိုင်း "နိုင်ငံခြားပြန်ဖြစ်ပြီး ဒါလေးတောင် မသိဘူးလား" လို့ ဆိုကြတယ်။

တကယ်တော့ နိုင်ငံခြားပြန်ဆိုတိုင်း အရာရာကို သိတတ်နားလည်ကြတာ မဟုတ်ဘူး။ ကျွန်မလို ထုံအအလူက ပိုတောင်ဆိုးသေးတယ်။ ဒါကြောင့် ဟိုဟာမသိဘူး၊ ဒီဟာမလုပ်ရဲဘူးလို့ ကျွန်မဆိုတဲ့အခါတိုင်း "နိုင်ငံခြားပြန်ဖြစ်ပြီး ဒါလောက်တောင် မသိဘူးလား" လို့ နိုင်ငံခြားပြန်....နိုင်ငံခြားပြန်နဲ့ အပြစ်မဆိုပါနဲ့။ နိုင်ငံခြားပြန်ဖြစ်ပြီး ဘာမှမသိနားမလည်တဲ့အခါ ဒီနိုင်ငံခြားပြန်ကျွန်မတစ်ယောက် သေသင့်တယ်လို့ပဲ မှတ်ယူပေးကြပါ။

နိုင်းနိုင်းစနေ

Share/Bookmark

Sunday, August 22, 2010

့ဖြစ်ပုံက...


ဟိုတုန်းက ကျောင်းတက်ဖော်သူငယ်ချင်းတစ်ယောက် ဖိတ်လို့ မနေ့ညက နီဂိုးလ်ဟော်တယ်မှာ ကျင်းပတဲ့ သူတို့ရဲ့ Myanmar Professional Tourist Guide ပါတီကို သွားတက်ဖြစ်တယ်။ စတိတ်ရှိုးလည်းပါတယ်၊ ဘူဖေးလည်း ကျွေးတယ်ဆိုလို့ သူက ကျွန်မကို ကောင်းကောင်းမွန်မွန် ၀တ်လာပါနော်တဲ့။ နဂိုကတည်းက ရှိုးထုတ်ချင်နေတဲ့ကျွန်မ လှလှပပဖြစ်အောင် နောက်ကျောပေါ်အင်္ကျီ အနက်အဖြူစပ်နဲ့ ဘောင်းဘီရှည် အဖြူရောင်ကို ၀တ်သွားတယ်။ ဘောင်းဘီက အပျော့သားမို့ လှမ်းလျှောက်တိုင်း လပ်လပ်လပ်လပ် ဖြစ်နေတယ်။ ခါးမှာလည်း ရောင်စုံကြွေသီးလေးတွေမို့ မီးရောင်အောက်မှာ ကိုယ်ကိုလှုပ်လိုက်တိုင်း လက်လက်လက်လက် ထနေပါတယ်။

ည ၆နာရီမှာ နီဂိုးလ်ဟော်တယ်ကို ကျွန်မတို့ရောက်တယ်။ (အရင်က နီဂိုးလ်ဟော်တယ် အခု ချာထရီယံဟော်တယ်လို့ နာမည်ပြောင်းထားပါတယ်။ ကားဆရာကို ဟော်တယ်နာမည်မေးကြည့်တော့ ချာတူးလန်ဟော်တယ်ဆိုလားပဲတဲ့) ပါတီကျင်းပမယ့်အခန်းကို ကမ်းခြေပုံစံ ပြင်ဆင်ထားပြီး ထိုင်းအစားအစာ ကျွေးပါတယ်။ ကျွန်မလည်း ရောက်တာနဲ့ အုန်းသီးတစ်လုံးကောက်ယူပြီး အုန်းရေလေးစုပ်ရင်း ဟိုဒီလှည့်ပတ်ကြည့်နေတယ်။ သူငယ်ချင်းနဲ့ ဓာတ်ပုံရိုက်ခိုင်းနေတယ်။ စင်ပေါ်မှာ သီရိဂျေမောင်မောင်လည်း သီချင်းစဆိုနေပြီ။ ဒီလိုနဲ့ တအောင့်နေတော့ ဟိုတယ်ဝန်ထမ်းအကူ ကောင်မလေးတစ်ယောက်က ကျွန်မနား တိုးတိုးကပ်ပြီး လာပြောပါတယ်။

"အစ်မ.. အစ်မ.. အစ်မနောက်က ဘောင်းဘီပြဲနေတယ်" တဲ့။

အယ်...... ဘယ်နားလေး ပြဲနေသလဲပေါ့။ ဘောင်းဘီက တစ်ခါမှ မ၀တ်ရသေးတဲ့အသစ်ဆိုတော့ ချုပ်ရိုးကပဲ ပြဲနေသလား? ဒါနဲ့ သူငယ်ချင်းကို အကြည့်ခိုင်းတယ်။ သူကလည်းပြောတယ်.. ချုပ်ရိုးမဟုတ်ဘူး၊ တင်ပါးနားမှာ နည်းနည်းပေါက်နေပါတယ်တဲ့။ အပေါက်က သိပ်မသိသာဘူးဆိုတာနဲ့ ကျွန်မလည်း မသိမသာလေးရပ်ပြီး ရှိုးကြည့်လိုက် အုန်းရေလေးသောက်လိုက် လုပ်နေတယ်။ စိတ်မလုံလို့ လက်ကတော့ ဘောင်းဘီပြဲတဲ့နေရာကို စမ်းစမ်းကြည့်နေတယ်။ အပေါက်က သေးသေးလေးကနေ ကြီးကြီးလာတယ်။ ကြည့်ရတာ မီးပူတိုက်တုန်း မီးကျွမ်းသွားတယ်ထင်ပါရဲ့.. အပေါက်က ရိပြီး တဖြည်းဖြည်း ပြဲပြဲလာတယ်။ ဘယ်လိုလုပ်မလဲ? လှလှပပ ရှိုးထုတ်တဲ့ရက်မှ ဘောင်းဘီအပြဲနဲ့ တိုးရတယ်လို့ သူငယ်ချင်းကိုမေးတယ်။ ၀န်ထမ်းကောင်မလေးကလည်း ပြောပါတယ်။

"အစ်မ .. အဆင်ပြေအောင် ကျွန်မ ဘာလုပ်ပေးရမလဲ? ဘောင်းဘီလဲမလား? ကျွန်မမှာ အပိုပါတယ်"

အပ်နဲ့အပ်ချည်ရနိုင်မလားလို့ သူ့ကို ကျွန်မပြန်မေးတော့ ချုပ်ချင်ရင် ချုပ်ပေးနိုင်ပါတယ်တဲ့။ ကောင်မလေးက သူတို့ဆီလာတဲ့ဧည့်သည် ဘယ်သူကိုမဆို တာဝန်ကျေကျေ ကူညီနေတော့တယ်။

အဲဒီလိုနဲ့ သန့်စင်ခန်းမှာ သူပေးတဲ့ဘောင်းဘီနဲ့လဲပြီး ပြဲနေတဲ့ဘောင်းဘီကိုချုပ်ဖို့ ပေးလိုက်ရတယ်။ သူပေးလိုက်တဲ့ ဘောင်းဘီနဲ့ပဲ ပွဲပြီးအောင်နေခဲ့တယ်။ ပွဲပြီးခါနီးတော့ ကောင်မလေးက လာပြောတယ်။

"ချုပ်တဲ့အခန်း ပိတ်သွားလို့ မချုပ်လိုက်ရဘူး အစ်မ၊ အစ်မပြန်တဲ့အချိန် ပြဲတဲ့နေရာနားမှာ အင်္ကျီဖြူနဲ့ ပတ်သွားပါလား? စတိုင်လ်တမျိုးပေါ့"

ဒီလောက်ကူညီတာကိုပဲ ကျေးဇူးတင်နေပါပြီ။ အင်္ကျီအဖြူတစ်ထည်ပါ ပေးငှားလိုက်မယ်ဆိုတော့ အားနာမိတယ်။ အင်္ကျီပြန်ပို့ဖို့ ခရီးကလည်းဝေးတော့ ရပါတယ်လို့ပြောပြီး သူငယ်ချင်းရဲ့ လက်ကိုင်အိတ်နဲ့ ကွယ်ပြီးပြန်ခဲ့ရတယ်။

ဖြစ်ပုံကအဲဒီလို မပြင်စဖူး အပြင်ထူး၊ မ၀တ်စဖူး အ၀တ်ထူး၊ မသွားစဖူး သွားမိတဲ့ ပါတီပွဲမှာ ကျွန်မဘောင်းဘီအပေါက်ကြီးနဲ့ တိုးခဲ့တယ်။ ဟိုတယ်ဝန်ထမ်းကောင်မလေးကို ကျေးဇူးတင်ကြောင်းပြောပြီး သူ့ကိုမုန့်ဖိုးလေးပေးမိတော့ "ကျွန်မက စေတနာနဲ့ လုပ်ပေးတာပါ အစ်မရယ်"ဆိုပြီး မယူဘူး။ မုန့်ဖိုးပေးမိလို့ သူတမျိုးထင်သွားမှာလည်း ကြောက်မိတယ်။ သူ့စေတနာကို စော်ကားရာ ရောက်သွားပြီလားလို့လည်း တွေးမိတယ်။ ကျေးဇူးတင်ပါတယ်ဆိုတာထက် ရင်ထဲက တကယ်လှိုက်လှိုက်လှဲလှဲ ခံစားတာတွေကို ကျွန်မထုတ်ဖော် မပြောပြတတ်လို့ သူငယ်ချင်းရဲ့အကြံအတိုင်း သူ့ကို မုန့်ဖိုးလေးပေးလိုက်မိတယ်ဆိုတာကို သူသိနိုင်ပါစေ။ သူ့ရဲ့ စေတနာရှိတဲ့ ကူညီမှုတစ်ခုကို ဘောင်းဘီအပြဲတွေမြင်တိုင်း ကျွန်မအမှတ်ရနေတော့မှာပါ။

နိုင်းနိုင်းစနေ


Share/Bookmark

Thursday, August 19, 2010

99 family !


ဟိုရှေးရှေးတုန်းက လောကကြီးတစ်ခုလုံးကို ပိုင်စိုးထားတဲ့ ဘုရင်ကြီးတစ်ပါးရှိတယ်။ ဘုရင်ကြီးဟာ အရာရာကို ပိုင်ဆိုင်ထားသည့်တိုင် အလိုဆန္ဒမပြည့်ဝခဲ့ဘူး၊ မပျော်ရွှင်ခဲ့ဘူး။ ပျော်ရွှင်ပွဲတွေ၊ ညစာစားပွဲတွေ ကျင်းပခဲ့လည်း သူ့ဘ၀ဟာ ဘာဖြစ်လို့ မပျော်ရွှင်မှန်း၊ အလိုမကျမှန်း ဘုရင်ကြီးလည်း စိတ်ရှုပ်နေခဲ့တယ်။

တစ်နေ့မှာ ဘုရင်ကြီးဟာ မနက်စောစောထပြီး နန်းတော်ထဲ လှည့်ပတ်ကြည့်ရှုခဲ့တယ်။ စားဖိုဆောင်အရောက်မှာ ပျော်ပျော်ရွှင်ရွှင် သီချင်းညည်းနေသံကို သူကြားလိုက်မိတယ်။ အသံလာရာနောက် ဘုရင်ကြီးလိုက်ကြည့်တော့ စားဖိုမှူးတစ်ဦးဖြစ်နေတာကို တွေ့တယ်။ သီချင်းညည်းနေတဲ့ စားဖိုမှူးရဲ့မျက်နှာပေါ်မှာ အပျော်တွေ ထင်ဟပ်နေတယ်။

ဘုရင်ကြီးက တအံ့တသြနဲ့ စားဖိုမှူးကို ဘာကြောင့် ဒီလောက်ပျော်ရွှင်ရသလဲလို့ မေးတယ်။

"အရှင်မင်းကြီး၊ ကျွန်တော်မျိုးဟာ စားဖိုမှူးတစ်ဦးသာဖြစ်ပေမယ့် ကျွန်တော်မျိုးရဲ့ဇနီး၊ သားသမီးတွေကို ကျွန်တော်မျိုးတတ်နိုင်သလောက် ပျော်ရွှင်စေပါတယ်။ ကျွန်တော်မျိုးတို့ သိပ်များများ မလိုပါဘူး။ နေဖို့ တဲအိမ်တစ်လုံးရှိမယ်၊ ဗိုက်ထဲမှာ အဆာရှိမယ်ဆိုရင် လုံလောက်ပါပြီ။ ဇနီးနဲ့ သားသမီးတွေက ကျွန်တော့်စိတ်ဓာတ်ကို ပံ့ပိုးကူညီသူတွေဖြစ်တယ်။ အိမ်ကို ကျွန်တော်ယူပြန်တဲ့ ဘာသေးသေးမွှားမွှားအရာမဆို သူတို့အလိုကို ပြည့်စေပါတယ်။ ကျွန်တော်မျိုးမိသားစုတွေ ပျော်ရွှင်လို့ ကျွန်တော်မျိုးလည်း ဒီလိုနေ့တိုင်းပျော်ရွှင်နေရတာပါ" လို့ စားဖိုမှူးက ဖြေတယ်။

ဘုရင်ကြီးဟာ စားဖိုမှူးပြောတဲ့စကားတွေကို အမတ်ကြီးတစ်ဦးနဲ့ တိုင်ပင်ဆွေးနွေးတယ်။ အမတ်ကြီးက "အရှင်မင်းကြီး ဒီစားဖိုမှူးက ၉၉ မိသားစုမဖြစ်သေးလို့ပါ" လို့ပြောတယ်။

"၉၉မိသားစု? ၉၉မိသားစုဆိုတာ ဘာလဲ" လို့ ဘုရင်ကြီးက သိလိုစိတ်နဲ့မေးတယ်။

"၉၉မိသားစုဆိုတာကို သိချင်ရင် အရှင်မင်းကြီး ဒီလိုလုပ်ပါ။ ပထမဦးဆုံး အထုပ်တစ်ထုပ်ထဲ ငွေပြား ၉၉စေ့ကိုထည့်ပြီး စားဖိုမှူးရဲ့ အိမ်တံခါးဝမှာ သွားချထားပါ။ ၉၉မိသားစုအကြောင်း အရှင်မင်းကြီး အမြန်ဆုံး သိလာပါလိမ့်မယ်"

အမတ်ကြီးပြောသလို ဘုရင်ကြီးဟာ ငွေပြား၉၉စေ့ ထည့်ထားတဲ့အထုပ်ကို ပျော်ရွှင်တဲ့စားဖိုမှူးအိမ်ရှေ့မှာ သွားချထားလိုက်တယ်။

အိမ်ပြန်လာတဲ့ စားဖိုမှူးဟာ အထုပ်ကိုတွေ့တာနဲ့ သိလိုစိတ်ပြင်းပြပြီး အထုပ်ကိုဖြည်ကြည့်လိုက်တယ်။ အထဲမှာ ငွေကြေးတွေကိုတွေ့တော့ ၀မ်းသာအားရ အော်ပါတယ်။

"အလို... ငွေတွေ... ဒီလောက်များတဲ့ ငွေတွေ!"

စားဖိုးမှူးဟာ အထုပ်ကို စားပွဲပေါ်ဖြည်ချပြီး ငွေတွေကို စရေတွက်တော့တယ်။

၉၉စေ့!

ဒီအရေအတွက် မဖြစ်နိုင်ဘူးဆိုပြီး ငွေတွေကို သူထပ်ရေတွက်ပြန်တယ်။ ဒါပေမယ့် ဘယ်လိုရေရေ ငွေပြားတွေဟာ ၉၉စေ့ဖြစ်နေတယ်။ စားဖိုမှူးရဲ့ စိတ်တွေ ရှုပ်ထွေးစပြုလာတယ်။ ၉၉စေ့ မဖြစ်နိုင်ဘူး? ဘယ်သူကမှ ၉၉စေ့ပဲ ထည့်ထားမှာမဟုတ်ဘူး။ ကျန်တဲ့ငွေပြား၁စေ့ ဘယ်ရောက်သွားပြီလဲ?

ဒီလိုနဲ့ ငွေပြားတစ်ပြားကို စားဖိုမှူး စရှာတော့တယ်။ အိမ်ထဲအိမ်ပြင်မကျန် ရှာတယ်။ အိမ်ဝင်းထဲရှာတယ်။ ပင်ပန်းနွမ်းနယ်တဲ့အထိရှာလည်း ငွေတစ်ပြားကို သူ မတွေ့ခဲ့ဘူး။ စားဖိုမှူးဟာ တစစ မျှော်လင့်ချက်တွေမဲ့လာတယ်။ စိတ်ထဲမှာလည်း မပျော်ရွှင်တော့ဘူး။ ငွေတစ်ပြားကို မနက်ဖြန်ထပ်ကြိုးစားရှာမယ်လို့ သူဆုံးဖြတ်လိုက်တယ်။ ဒါမှ သူ့ငွေပြားတွေ တစ်ရာပြည့်မယ်။

ညက ငွေတစ်ပြားရှာရတဲ့ဒဏ်ကြောင့် နောက်တစ်နေ့မနက်မှာ အိပ်ရာထနောက်ကျခဲ့လို့ စားဖိုမှူးစိတ်မရွှင်ဖြစ်နေတယ်။ သူ့ကိုဘာဖြစ်လို့ မနှိုးရတာလည်းလို့ ဇနီးနဲ့ သားသမီးတွေကို သူအော်ငေါက်မိတယ်။ ငွေတစ်ပြားရှာဖို့ သူ့အချိန်တွေ ထိခိုက်ကုန်ပြီလို့ဆိုတယ်။

စားဖိုဆောင်ကို သူအလျင်စလိုရောက်လာခဲ့တယ်။ သူ့ပုံစံက ခါတိုင်းလို ပျော်ပျော်ရွှင်ရွှင် ဖြစ်မနေဘူး။ သီချင်းတွေလည်း မညည်းနိုင်သလို၊ လေလည်း မချွန်နိုင်တော့ဘဲ ခေါင်းငုံ့ပြီး အလုပ်တွေပဲ သိမ်းကျူံးလုပ်နေခဲ့တယ်။ ဘုရင်ကြီး သူ့ကို တိတ်တိတ်လေး အကဲခတ်နေတယ်ဆိုတာကိုလည်း သူ သတိမထားနိုင်ခဲ့တော့ဘူး။

စားဖိုမှူးရဲ့စိတ်တွေ ဒီလောက်အပြောင်းကြီးပြောင်းသွားခဲ့တာကို ဘုရင်နားမလည်နိုင်ဖြစ်ခဲ့တယ်။ ဒီလောက်များတဲ့ငွေကိုရတဲ့ စားဖိုမှူးဟာ ပိုပျော်သင့်တယ်လို့ ဘုရင်ကြီးထင်ခဲ့တယ်။ ဒီလိုနဲ့ အမတ်ကြီးကို မေးမြန်းပြန်တယ်။ အမတ်ကြီးက "အရှင်မင်းကြီး .. ဒီစားဖိုမှူးဟာ ၉၉မိသားစုထဲ လုံးဝ ၀င်ရောက်လာပါပြီ" လို့ ဖြေပါတယ်။

၉၉မိသားစုဆိုတာ သူတို့ဘယ်လောက်ပဲ ပိုင်ဆိုင်ထားသည့်တိုင် မပြည့်ဝတတ်သူတွေဖြစ်တယ်။ သူတို့ဟာ အဲဒီထပ်ဖြည့်မယ်ငွေကြေး "တစ်ပြား"အတွက် အလုပ်တွေကို နေ့မအား ညမအားလုပ်ကြတယ်။ "ရာ"ပြည့်မယ့် သူတို့ရဲ့လိုအင်ဆန္ဒအတွက် ပင်ပင်ပန်းပန်း အလုပ်လုပ်ကြတယ်။ "ရာ" ပြည့်နိုင်ဖို့ "တစ်"ကို အားအင်ကုန်ခမ်းတဲ့ထိ လိုက်ရှာပြီး ပျော်ရွှင်ခြင်းတွေ၊ ကျန်းမာရေးတွေစွန့်တဲ့လူတွေဟာ ၉၉မိသားစုပဲဖြစ်တယ်။

ဥစ္စာပစ္စည်းရဲ့ တစ်ရာပုံ တစ်ပုံနဲ့ ပျော်ရွှင်ခြင်းကိုဝယ်နိုင်ရင် ဒါဟာ ထိုက်တန်ပါတယ်။
ဒါပေမယ့် ဥစ္စာပစ္စည်း တစ်ပုံအတွက် ပျော်ရွှင်ခြင်းနဲ့ လဲတာက မထိုက်တန်ပါဘူး။
သင်ဟာ ၉၉ မိသားစုလား?

မူရင်း-- google search or 九九一族

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

Share/Bookmark

Tuesday, August 17, 2010

ပအိုဝ်းမ


ဘလော့ကြီးပွင့်နေတယ်တဲ့ ဂျီတော့မှာမြင်ရတဲ့တစ်ယောက်က သူ့စတပ်မှာ အဲဒီလိုရေးထားပါတယ်။ ဘန်းထားတဲ့ဘလော့ကြီး ကျော်ခွစရာမလိုဘဲ ပွင့်နေတယ်ဆိုတော့ ဒါဟာလည်း ပျော်စရာတစ်မျိုးပေါ့။ မဟုတ်ရင် ကျော်ခွဝင်တိုင်း မြင်ရတဲ့ဘလော့က အင်္ဂါမစုံဘူး.. အင်္ဂါမစုံဘူးဆိုတာက ပုံတင်တဲ့၊ စာကြောင်းညှိတဲ့ toolbarကို မမြင်ရဘူး။ စာလုံးတွေကို အရောင်တိုက်ရိုက်ခြယ်လို့ မရဘူး။ အဲဒီလို....

ခုတော့လည်း သူများတကာပြောသလို မြန်မာပြည်ကြီး ပျော်စရာကောင်းပါတယ်။ မီးလာလည်း ပျော်ရ၊ ရေလာလည်းပျော်ရ၊ အင်တာနက် ကော်နက်ရှင်ကောင်းလည်း ပျော်ရ၊ ဘလော့ကိုတိုက်ရိုက်ဝင်ရလည်း ပျော်ရ၊ ပျော်စရာတွေကြီးပါ..း) ပျော်လက်စနဲ့တစ်ခါထဲ မတင်ဖြစ်တာကြာတဲ့ ပုံတွေကို တင်လိုက်တယ်။ ပအိုဝ်းဝတ်စုံလေးပါ။ ပအိုဝ်းတိုင်းရင်းသားတို့ရဲ့ သနပ်ဖက်လှော်နည်းအကြောင်းရေးဖို့ ကြိုရိုက်ထားတဲ့ ပုံတွေပါ။ (ဘာမှလည်း မဆိုင်ဘူး :P) ကျွန်မရွာပြန်တုန်းက သနပ်ဖက်လှော်ချိန် မရောက်သေးတာနဲ့ လှော်ပုံ၊ လှော်နည်းတွေကို မရိုက်ခဲ့ရဘူး။ ဒါနဲ့ ဘလော့ကြီးပွင့်နေတုန်း ကိုယ့်ပုံကို ကြိုတင်လိုက်ပါတယ်။ နိုင်းနိုင်းစနေဆိုတာ ယောက်ျားလား? မိန်းမလား? လို့မေးသူတွေ မျက်နှာမြင် ရိုက်ချင်ပါစေလို့ ... :)

ပအိုဝ်းလူမျိုးတွေဟာ ပလိုင်း၊ ခေါင်းပေါင်းတွေနဲ့ ခွဲလို့မရသူတွေပါ

အပေါ်ကအင်္ကျီလက်ရှည်ကို ချွတ်လိုက်ရင် အထဲက အတိုတစ်ထည်ကို တွေ့ပါတယ် :O

နိုင်းနိုင်းစနေ


Share/Bookmark

Monday, August 16, 2010

မမြင်ရတဲ့တောင်ပံတစ်စုံ


"ငါဟာအမြဲတမ်း အထီးကျန်ခြင်းထဲ ကြံ့ကြံ့ခံ ရစ်ဝဲနေခဲ့တယ်။ နာကျင်ထိခိုက်တိုင်းလည်း မျက်ရည်မကျခဲ့ဘူး။ ငါ့မှာ မမြင်ရတဲ့ တောင်ပံတစ်စုံရှိမှန်း ငါသိတယ်။ အဲဒီတောင်ပံက ငါ့ကို အမြင့်သို့ ပျံစေတယ်၊ မျှော်လင့်ချက်မဲ့တာတွေကို ဖြတ်ကျော်စေတယ်... "

ဒါဟာ ထိုင်ဝမ်အဆိုတော် Angela Zhang ရဲ့ "မမြင်ရတဲ့တောင်ပံ" အမည်ရတဲ့ သီချင်းစာသားဖြစ်ပါတယ်။ ပထမဆုံးအကြိမ် ဒီသီချင်းကို နားထောင်မိစမှာ သီချင်းထဲ ကျွန်တော်စီးမျောခဲ့တယ်။ နောက်မှ ကျွန်တော်အပေါ်ထားတဲ့အမေရဲ့ ချစ်ခြင်းမေတ္တာတွေကို ဒီသီချင်းနဲ့ ကိုယ်စားပြုနိုင်မှန်း ကျွန်တော်သိလိုက်တယ်။

ပတ်ဝန်းကျင်တစ်ခွင်ကို ကျယ်လောင်တဲ့ အော်ဟစ်ငိုယိုသံတွေ နှိုးထချိန် လူ့လောကထဲ ကျွန်တော်ရောက်လာခဲ့တယ်။ ကျွန်တော်ငိုယိုပြီး ရောက်လာတဲ့အချိန်က အမေရဲ့အပြုံးပန်း အဝေဆာဆုံးအချိန်ဖြစ်မှန်း ကျွန်တော်ခန့်မှန်းကြည့်လို့ရတယ်။ ကျွန်တော့်ရဲ့ မွေးကင်းစကလေးအရွယ်ကနေ ကျောင်းသားဘ၀အထိ အဲဒီနောက် လူလတ်ပိုင်းအရွယ်ကနေ အခု အလုပ်ဝင်တဲ့အထိ ကျွန်တော်ရဲ့ခြေရာတိုင်းမှာ အမေရဲ့ကိုယ်ကျိုးမငဲ့တဲ့အချစ်တွေ ပါနေခဲ့တယ်။ အမေဟာ ကျွန်တော့်ဘ၀ရဲ့ ပထမဦးဆုံးသော ဆရာမဖြစ်တယ်။ ကျွန်တော့်ကို စကားပြောသင်ပေးတယ်၊ လမ်းလျှောက်တတ်ဖို့ ကူညီပေးတယ်။ လူပီသဖို့ သွန်သင်တယ်။ နောက်ပြီး........ အမေသင်ပေးခဲ့တဲ့ အရာတွေ အများကြီး....။

ကျွန်တော်ကျရှုံးချိန်မှာ အမေဟာ ကျွန်တော့်ရွက်တိုင်တွေကို ပဲ့ကိုင်ပေးသူ....ကျွန်တော်အမှားလုပ်မိချိန်မှာ အမေဟာ ရှေ့ဆက်မယ့် ကျွန်တော့်ခြေလှမ်းတွေကို စိတ်ရှည်လက်ရှည် ပြင်ဆင်ပေးတယ်။ အောင်မြင်မှု နည်းနည်းအတွက် ကျွန်တော်ဂုဏ်ယူဝင့်ကြွားတဲ့အခါ အမေဟာ ကျွန်တော့်အစ်မရင်းသဖွယ် အားသစ်တွေတိုးစေတယ်။ ရှေ့ဆက်မယ့်လမ်းတွေကို အခက်အခဲကြောင့် ကျွန်တော်လက်လွတ်ချင်တဲ့အခါ အမေဟာ "ခေါင်းဆောင်ဆိတ်" တစ်ကောင်လို ကျွန်တော့်ကို အောင်မြင်တဲ့ကမ်းပါးဆီ လမ်းပြခေါ်ခဲ့တယ်။ အိပ်မပျော်တဲ့ ညပေါင်းများစွာမှာ အမေဟာ ကုတင်ခေါင်းရင်းမှာထိုင်ပြီး ကျွန်တော့်ဆံပင်တွေကို ပွတ်သပ်ရင်း နှစ်သိမ့်အဖော်ပြုခဲ့တယ်။

ဒီနေ့မှာ ကျွန်တော်အလုပ်စ၀င်ရပြီ။ အရင်က မသိနားမလည်ခဲ့တာတွေကို ကျွန်တော်တွေးတောရင်း အမေ့ဆံနွယ်တွေ တဖြည်းဖြည်း ငွေရောင်သမ်းလာတာကို မြင်ယောင်မိတယ်။ ဖုန်းတစ်ဘက်က နာကျင်တဲ့ချောင်းဆိုးသံတွေကို ကြားယောင်မိတယ်။ အမေ အိုမင်းသွားခဲ့ပါပြီ။ အမေဟာ သူ့ဘ၀အချိန်တွေအားလုံးကို ကျွန်တော်တို့အတွက် နောင်တမဲ့စွာ ပေးဆပ်ခဲ့တယ်။ အမေနေကောင်းလားလို့ ကျွန်တော်စမမေးခင် "သား အစစအရာရာ အဆင်ပြေလား? နေကောင်းလား? အိမ်အတွက် စိတ်မပူနဲ့နော်။ အမေတို့အားလုံး နေကောင်းတယ်" လို့ အလျင်စလို အမေအရင်ပြောတတ်တယ်။

အမေ့အမြင်မှာ ကျွန်တော်ဟာကလေးပဲရှိသေးကြောင့် ကျွန်တော်သိတယ်။ အမေရင်ထဲမှာ ဘာဖြစ်နေမလဲ ကျွန်တ်ာသိတယ်။ သူ့ဂရုစိုက်မှုမရှိရင် မေတ္တာရဲ့အရသာကို ကျွန်တော်တို့ ခံစားရမှာမဟုတ်ဘူးလို့ အမေထင်တယ်။ အမေ ဘာအတွက် စိတ်ပူနေတယ်ဆိုတာ ကျွန်တော်သိတယ်။ ကျွန်တော်တို့ဘ၀ ဘယ်လိုပဲ သာယာပျော်ရွှင်နေပါစေ ကျွန်တော်တို့မှာ ဆင်းရဲဒုက္ခပြည့်နေမှာကို အမေစိုးရိမ်ခဲ့တယ်။ ကျွန်တော်တို့ဘယ်လောက်ပဲ ရင့်ကျက် ရင့်ကျက် ကျွန်တော်တို့အပေါ်ထားတဲ့ ပူပင်သောကကို အမေမလွတ်ချရဲခဲ့ဘူး။ ကျွန်တော်တို့ ဘယ်ရောက်ရောက် အမေဟာ မမြင်ရတဲ့တောင်ပံတစ်စုံနဲ့ ကျွန်တော်တို့ကို ကာကွယ်ထားတယ်၊ စောင့်ရှောက်ထားတယ်။ ကျွန်တော်တို့အပေါ်ထားတဲ့ အမေ့မေတ္တာတွေဟာ တခြားလူရဲ့အမြင်မှာ "အလိုလိုက်တဲ့အချစ်၊ နစ်မွန်းစေတဲ့အချစ်" လို့ အထင်မှားကောင်းမှားမယ်။

ကျွန်တော်(၄)တန်းနှစ်တုန်းက အဖြစ်တစ်ခုကို သွားသတိရတယ်။ အဲဒီနေ့က နေ့လယ်ကျောင်းဆင်းပြန်ချိန် သူငယ်ချင်းတချို့နဲ့ အမှတ်(၇)တံတားအောက် မြစ်ဘေးမှာ ကျွန်တော်တို့ ဆော့ကစားနေခဲ့တယ်။ (အမှတ်(၇)တံတားဆိုတာ ရွာတောင်နဲ့မြောက်ကို ဆက်သွယ်ထားတဲ့ မီးရထားတံတားဖြစ်ပြီး တံတားအောက်မှာ မြစ်ဝါမြစ်စီးဆင်းတယ်)။ ည(၈)နာရီအထိ ဆော့ကစားပြီးမှ ကျွန်တော်တို့အိမ်ပြန်တယ်။ အိမ်ရှေ့မှာ စိတ်ပူပြီး ခြေမကိုင်လက်မကိုင်မီဖြစ်နေတဲ့ အမေကိုတွေ့တယ်။ အိမ်ထဲရောက်တာနဲ့ အမေက ကျွန်တော့်ကိုဘယ်သွားသလဲလို့ မေးတယ်။ ကျွန်တော့်ကို တစ်ခါမှ မိဘတွေ မရိုက်ဖူးခဲ့လို့ထင်ပါတယ်...ဘယ်သွားခဲ့ကြောင်းကို ကျွန်တော်ခပ်ရဲရဲပြန်ဖြေတယ်။ နောက်တော့ စကားတောင်မဆုံးပါဘူး.. အမေအစိုးရိမ်လွန်ပြီး ကျွန်တော့်ကို ရိုက်တော့တယ်။ အချိန်အကြာကြီး ကျွန်တော်ငိုနေမိသလို အမေ့မျက်လုံးအိမ်တွေလည်း နီရဲနေတယ်။ အဲဒီညက အမေစကားတွေ အများကြီးပြောခဲ့တာကို ကျွန်တော်မှတ်မိနေတယ်။ အဲဒီထဲက စကားတစ်ခွန်းဟာ ကျွန်တော့်ရင်ထဲကို နက်နက်ရှိုင်းရှိုင်းဝင်ခဲ့တယ်။ အဲဒီစကားကြောင့်ပဲ ဒီနေ့ရဲ့အကျိုးရလဒ်ကို ကျွန်တော်ခံစားခဲ့ရတယ်။

"သား... အမေနဲ့သားအဖေ ဘယ်လောက်ပဲ ပင်ပန်းပါစေ၊ မောပါစေ။ သားတို့မောင်နှမတွေကို လူတစ်လုံး ကိုယ်တစ်လုံးဖြစ်အောင် အမေတို့ ပြုစုပျိုးထောင်ပေးမှာပဲ။ နေ့ရက်တွေကို အမေတို့ ဘယ်လောက်ပဲ ခက်ခက်ခဲခဲ ဖြတ်ကျော်ရပါစေ သားတို့ကို နေ့ကောင်းရက်မြတ်တွေ ရှိစေချင်တယ်သား"

ဒီလို အဖွဲ့အနွဲ့မပါ ရိုးရှင်းတဲ့စကားတစ်ခွန်းက ကျွန်တော့်ကို ဒီနေ့ထိ တွဲခေါ်ခဲ့တယ်။ ဒါဟာ အမေရဲ့ချစ်ခြင်းမေတ္တာပဲဖြစ်တယ်။

လူသားတွေရဲ့ အစစ်မှန်ဆုံး၊ အမြင့်မြတ်ဆုံးမေတ္တာ၊ ဟိုရှေးယခင်ကနေ ခုချိန်ထိ လူတွေချီးမွမ်း၊ ချီးကျူးခဲ့တဲ့မေတ္တာ၊ လူတွေကြားထဲက အချိုမြိန်ဆုံးတေးသံ.....အမေရဲ့မေတ္တာပဲဖြစ်ပါတယ်။

မူရင်း--- http://www.muqinqing.com.cn/a/muaisanwen/20100808/1632.html

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Sunday, August 15, 2010

အချစ်တွေ ဘယ်လောက်မှ လုံလောက်သလဲ?


တစ်ချိန်က စကားဟတာနဲ့ "+++က အရေးပါတာလား ငါက အရေးပါတာလား?" လို့ ပြောတတ်တဲ့ ကောင်လေးတစ်ယောက်နဲ့ ကျွန်မ ချစ်ကြိုက်ခဲ့ဖူးတယ်။

သူပြောတဲ့ "+++"က ဘယ်အရာမဆို ဖြစ်နိုင်တယ်။ ဥပမာ-- ကျွန်မရဲ့ချစ်သူဟောင်းဖြစ်မယ်၊ ကျွန်မရဲ့ သူငယ်ချင်းတွေဖြစ်မယ်၊ ရုပ်ရှင်ကားပိုင်းရှည်တစ်ကားလည်း ဖြစ်နိုင်တယ်။

ချစ်သူက သင့်ကို "တီဗီက အရေးပါတာလား? ငါကအရေးပါတာလား?" လို့မေးတဲ့အခါ သင့်စိတ်ထဲမှာ "ဒီ နုံအတဲ့ကလေးသူငယ် ငါ့ရှေ့ကပျောက်သွားတာ အကောင်းဆုံးပဲ" လို့ တွေးကောင်းတွေးလိမ့်မယ်။ အဲဒီနောက် နာရီဝက်ကြည့်ပြီး သူနဲ့ချိန်းတွေ့ဖို့ စိတ်ကူးထားတဲ့ သင့်စိတ်ကူးကိုပြောင်းပြီး တစ်နေကုန် အခွေတွေကို သင်ထိုင်ကြည့်ကောင်း ကြည့်နေလိမ့်မယ်။ အဲဒီမှာ ချစ်သူက "တီဗီကြည့်တာနဲ့" သူ့ကိုယ်သူ နှိုင်းလာတဲ့အခါ သူ့စိတ်ကို သင် ပိုဂလိချင်လာလိမ့်မယ်။ ဒါပေမယ့် သိပ်မကြာပါဘူး... သင့်ကိုယ်သင်လည်း မရင့်ကျက်သူဖြစ်ကြောင်း သင်သတိထားမိပါလိမ့်မယ်။

သူ့ကို သင်ချစ်တယ်။ သူနဲ့လက်ချင်းတွဲပြီး ပျော်ပျော်ပါးပါးလျှောက်လည်ဖို့ကိုလည်း သင်မျှော်လင့်တယ်။ ဒါပေမယ့် အခြေအနေက ဘာဖြစ်လို့ ဒီလိုပုံစံပြောင်းသွားခဲ့ရသလဲ? သင့်စိတ်ထဲမှာ သူစိတ်တိုတာကို ပျော်ရွှင်တာထက် ပိုစေချင်တာလား?

ဒီလိုအခြေအနေမျိုးကို တစ်ချိန်က ကျွန်မဆန်းစစ်ခဲ့ဖူးတယ်။ ဒါဟာ စိတ်နေသဘောထားကြောင့်ဖြစ်မယ်လို့ ကျွန်မထင်တယ်။

တကယ်လို့ သူငယ်ချင်းတွေနဲ့ ကျွန်မထွက်လည်တယ်ဆိုပါစို့။ "သူငယ်ချင်းတွေက အရေးပါတာလား? ငါက အရေးပါတာလား?" လို့ပြောမယ့်အစား "ပျော်ပျော်ကစားခဲ့နော်" လို့ သူပြောခဲ့ရင် ညနေ၀င်မိုးချုပ်ထိ သူ့ဖုန်းမကိုင်ဘဲ သူငယ်ချင်းတွေနဲ့ တစ်နေကုန်လျှောက်လည်မယ့် အစီအစဉ်ကိုဖျက်ပြီး သူ့ဆီ ကျွန်မအမြန်ပြန်လာမိလိမ့်မယ်။

တကယ်လို့ ဇာတ်လမ်းတွဲတွေ ကျွန်မကြည့်ချင်တဲ့အခါ ဖုန်းမချခင် "ဇာတ်လမ်းက အရေးပါတာလား ငါက အရေးပါတာလား?"လို့ ပြောမယ့်အစား "အင်း.. ကြည့်ပြီး စောစောအိပ်နော်"လို့ သူပြောခဲ့ရင် နာရီဝက်လောက်ပဲ အခွေကြည့်ပြီး မအိပ်ခင် သူ့ကိုတမင်မက်ဆေ့မပို့မယ့် စိတ်ကူးကိုဖျက်ပြီး "နင့်ကို ငါလွမ်းတယ်"လို့ သူ့ကို ကျွန်မဖုန်းဆက်မိလိမ့်မယ်။

နောက်ဆုံးမှာ အဲဒီကောင်လေးနဲ့ကျွန်မ လမ်းခွဲလိုက်ကြတယ်။ "နင့်အချစ်တွေ ငါ့အတွက် မလုံလောက်ဘူး" လို့ သူကဆိုပါတယ်။ ဘယ်လိုအခြေအနေမှ "လုံလောက်တယ်"လို့ ခေါ်သလဲလို့ သူ့ကို ကျွန်မ မေးကြည့်ချင်ပါတယ်။ သူကလွဲပြီး အရာရာကို ဥပေက္ခာပြုမှ လုံလောက်တယ်လို့ ဆိုရမလား? ကိုယ်ပိုင်လွတ်လပ်မှုတွေ၊ ကိုယ်ပိုင်အခွင့်အရေးတွေကို လက်လွတ်ပြီး အရာအားလုံး သူ့အတွက်ပေးဆပ်မှ လုံလောက်တယ်လို့ ခေါ်မလား?

သာမန်အားဖြင့် ငယ်ငယ်လေးကတည်းက စိတ်ကူးယဉ်ဆန်တဲ့အချစ်ဝတ္ထု၊ အချစ်ရုပ်ရှင်တွေနဲ့ ကြီးပြင်းလာခဲ့တဲ့ ကျွန်မတို့ဟာ အချစ်အတွက် ပေးဆပ်ရမှာကို လိုလားကြတယ်။ "အချစ်အတွက် အရာရာပေးဆပ်ရဲတယ်" ဆိုတာကို ယုံကြည်ထားကြတယ်။

ဒါပေမယ့် တစ်ခါတလေမှာ အချစ်ဟာ အလှူခံဖြတ်ပိုင်းနဲ့တူတယ်။ ကျွန်မတို့မှာ တစ်ပြားတစ်ချပ်မှမလှူတဲ့ ဆုံးဖြတ်ချက်တွေရှိပေမယ့် အသိစိတ်က ကျွန်မတို့ကို တစ်ကိုယ်ကောင်းမဆန်ဖို့ နှိုးဆော်နေတယ်။ မမြင်ရတဲ့ အသိစိတ်ကို အားနာတာကြောင့် စိတ်မပါတပါနဲ့ ပထအကြိမ် ကျွန်မတို့လှူတယ်။ ဒုတိယအကြိမ်၊ တတိယအကြိမ်... နောက်တော့ အလှူခံသူက ကျွန်မတို့လှူတာကို "လှူသင့်လှူထိုက်တယ်"လို့ ထင်ပြီး ကျေးဇူးစကားတစ်ခွန်းမှ မပြောဘဲ လှူသမျှကို ယူသွားတော့တယ်။ ကိုယ့်ဘက်ကချည်းပေးဆပ်ဖို့ ကျွန်မတို့ ပင်ပန်းနွမ်းနယ်လာတဲ့အခါ၊ တစ်ဘက်လူက အကြွေးတောင်းသူတစ်ယောက်လို "အချစ်အတွက် ပေးဆပ်မယ်ဆို" လို့ အတင်းအကျပ် တောင်းဆိုလာတဲ့အခါ၊ ပေးဆပ်ရမှာကို ကျွန်မတို့ ကြောက်တတ်လာတယ်။

ကျွန်မ မဆိုးဘူးလို့ ကျွန်မကိုယ်ကျွန်မထင်တယ်။ ဒါပေမယ့် "ချစ်တာ မလုံလောက်ဘူး" လို့ တခြားသူအပြစ်ဖို့တဲ့အခါ အပြစ်ရှိတဲ့လက်ဝါးကပ်တိုင်ကို ထမ်းထားရတယ်လို့ ကိုယ့်ကိုယ်ထင်မိတယ်။ လမ်းခွဲချိန်မှာလည်း ကျွန်မ မနာကျင်၊ မခံစားရခဲ့ရတာ မဟုတ်ဘူး။ ကျွန်မလည်း သူ့ကိုချစ်လို့ နာကျင်၊ ခံစားခဲ့တာရပါပဲ။

အချစ်ကို မတူတဲ့အတိမ်အနက်နဲ့ သတ်မှတ်ခဲ့လို့၊ သူ့အပေါ် ကျွန်မရဲ့အချစ်တွေ မလုံလောက်လို့၊ သူလိုအင်တွေများလို့ ဒါတွေဟာ ကျွန်မတို့ လမ်းခွဲကြတဲ့ အကြောင်းပြချက်ဖြစ်ခဲ့တယ်။

အင်တာဗျူးတစ်ခုမှာ ဒါရိုက်တာတစ်ဦး ဖြေခဲ့တဲ့အဖြေကို ကျွန်မသွားသတိရတယ်။ သူဖြေခဲ့တာက "အချစ်တွေ မလောက်လို့ လမ်းခွဲလိုက်ကြတယ်"တဲ့။

သူပြောချင်တဲ့ အကြောင်းအရာက ရိုမီယိုနဲ့ ဂျူးလိယက်လို နိုင်ငံအချင်းချင်း ရန်ငြိုးထားပြီး မညားကြတဲ့ဇာတ် အခုခေတ်မှာ မရှိတော့ဘူး။ အခုခေတ်လူတွေ လမ်းခွဲကြတဲ့အကြောင်းက အချစ်တွေ မလောက်လို့ဖြစ်တယ်။

အချစ်တွေမလောက်လည်း အချစ်က ရှိနေဦးမှာဖြစ်တယ်။ ဒါပေမယ့် လူတွေမှာ အချစ်ရှိနေရုံနဲ့ မလုံလောက်သေးဘူး။ သူနဲ့လမ်းခွဲလိုက်တယ်ဆိုတိုင်း သူ့ကိုယ်မချစ်လို့ မဟုတ်ဘူး။ အချစ်တွေ မလောက်လို့ဖြစ်တယ်။ လူ့ဘ၀လမ်းခရီးက ရှည်လျားတယ်။ အဲဒီလမ်းခရီးမှာ သူ့တစ်ယောက်ပဲ ရှိနေရုံနဲ့ မလုံလောက်နိုင်ပါဘူး။

နင့်ကိုငါချစ်တယ်။ ဒါပေမယ့် ငါ့မှာ သူငယ်ချင်း၊ အပေါင်းအသင်းဆိုတာရှိတယ်။ ၀တ်ကောင်းစားလှတွေကို ငါကြိုက်တယ်။ ဇာတ်လမ်းတွဲတွေ ငါကြိုက်တယ်။ ငါ့အချစ်၊ ငါမေတ္တာတွေကို ငါ့အလုပ်၊ ငါ့လွတ်လပ်မှုအတွက် ခွဲဝေပေးရဦးမယ်။ နင့်ကိုချစ်တဲ့ ငါ့အချစ်တွေ ဘယ်လောက်မှ လုံလောက်တယ်လို့ ထင်သလဲ?

မူရင်း--- google search or 愛,要多少才夠?

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Friday, August 13, 2010

ပျော်ရွှင်ခြင်းကို ဖမ်းဆုပ်ပါ


တချို့ကပြောတယ်။ ယောက်ျားနဲ့မိန်းမဆိုတာ မတူတဲ့ဂြိုလ်တွေက ဆင်းသက်လာတာကြောင့် တစ်ယောက်ကိုတစ်ယောက် နားလည်ဖို့ခက်သတဲ့။

ပျော်ရွှင်ခြင်းဆိုတာ ဘုရားသခင်ပေးသမျှကို ခံစားတတ်ခြင်းပဲလို့ ကျွန်တော်ဆိုချင်ပါတယ်။

ဥပမာ-- (၁) တစ်ဘက်လူရဲ့ ဘဝအခြေအနေကို လေးစားပါ

ကျွန်တော်သိတဲ့ ကောင်မလေးတစ်ယောက်က ရုပ်ချောတဲ့အပြင် အရည်အချင်းလည်းရှိတယ်။ ဒါပေမယ့် သူ့ကို ကြိုက်မယ့်သူ မရှိဘူးဖြစ်နေတယ်။ နောက်တော့ သူ့ကို ကျွန်တော်ကောင်လေးတစ်ယောက်နဲ့ မိတ်ဆက်ပေးလိုက်တယ်။ အဲဒီမှာသူတို့ချစ်သွားတယ် ဆိုပါတော့။ သူတို့ဟာ အရမ်းလိုက်ဖက်တဲ့အတွဲလို့ လူတွေပြောကြတယ်။ ဒါပေမယ့် သိပ်မကြာပါဘူး.. သူတို့ လမ်းခွဲလိုက်ကြတယ်။

နောက်မှ ကျွန်တော်အကြောင်းစုံသိရတာက မိန်းကလေးက ကောင်လေးကို ကျောင်းဆက်တက်စေချင်တယ်။ ဒါမှ ယှဉ်ပြိုင်မှုတွေကို အောင်နိုင်မယ်လို့ဆိုတယ်။ ကောင်လေးကိုအတင်းအဓမ္မ စာကျက်ဝိုင်းတွေ တက်စေတယ်။ ဒါမှ "နှစ်ယောက်အတူ ရှင်သန်ကြီးပြင်းနိုင်မယ်"လို့ဆိုတယ်။ ဒါပေမယ့် ကောင်လေးက စာမဖတ်ချင်ဘူး။ တနင်္ဂနွေနေ့ရောက်တိုင်း ကောင်မလေးက ကောင်လေးကို ဘုရားကျောင်းတွေ အတင်းတက်ခိုင်းတယ်။ "ဘာသာတစ်ခုထဲကို နှစ်ယောက်အတူ ယုံကြည်ကိုးကွယ်မှ ချစ်ခြင်းတွေ ကြာရှည်တည်မြဲစေမယ်" လို့ ကောင်မလေးကဆိုတယ်။

စစချင်းမှာ ကောင်မလေးရဲ့ တောင်းဆိုသမျှကို ကောင်လေးလိုက်လျောခဲ့တယ်။ ဒါပေမယ့် ရက်ကြာလာတာနဲ့အမျှ ဒါတွေကို ညှင်းပန်းနှိပ်စက်မှုတစ်မျိုးလို့ သူမြင်လာတယ်။

"ကျွန်တော့်ကို သူအရမ်းဖိအားပေးတယ်။ ဒါတောင် မင်္ဂလာမဆောင်ရသေးပါဘူးဗျာ.. မင်္ဂလာဆောင်ပြီး အတူနေရင် ဒီထက်ပိုဆိုးမယ်" လို့ ကောင်လေးက ပြောပါတယ်။

"ကျွန်မတို့ရဲ့အနာဂတ်အတွက် ကျွန်မပြင်ဆင်တာပဲ.. ကျွန်မ မှားလို့လား" လို့ ကောင်မလေးက စိတ်ပျက်လက်ပျက်ပြောတယ်။

တစ်ယောက်ကိုတစ်ယောက် ဘယ်လောက်ပဲချစ်ချစ် လူတိုင်းမှာ ကိုယ်ပိုင်အမြင်၊ လွတ်လပ်မှုတွေရှိတယ်။ ကျွန်တော်တို့ "ကောင်းတယ်" လို့ ထင်တဲ့အရာက တခြားလူရဲ့အမြင်မှာ ကောင်းချင်မှကောင်းလိမ့်မယ်။ ကိုယ့်အထင်၊ ကိုယ့်အမြင်၊ ကိုယ့်ဆုံးဖြတ်ချက်နဲ့ တခြားလူအပေါ် အတင်းအဓမ္မ ဝတ်မပေးပါနဲ့။

ဥပမာ--(၂) တစ်ဘက်လူရဲ့ဂုဏ်သိက္ခာကို လေးစားရမယ်

ကျွန်တော်တို့ဟာ အရင်းနှီးဆုံးသူတွေနဲ့ ပြောဆိုဆက်ဆံလေ မယဉ်ကျေးလေ အမြဲဖြစ်တတ်တယ်။ ဒီလို တစ်ဘက်သားကို မလေးစားတတ်မှုတွေက နောက်ဆုံးမှာ ရင်းနှီးမှုတွေကို လဲပြိုစေတဲ့ ကောက်ရိုးတစ်မျှင်ဖြစ်တယ်။

အင်တာဗျူးတစ်ခုမှာ မင်းသမီးတစ်ဦးက သူ့ချစ်သူဟောင်းအကြောင်း ပြောပြတယ်။ သူတို့လမ်းခွဲရတဲ့အကြောင်းကို ပြန်သုံးသပ်ပြတယ်။ "ကိုယ့်ကိုယ်တိုင်ကို ပိုအလေးထား" မိတဲ့အတွက် သူတို့လမ်းခွဲခဲ့ရတယ်လို့ ဆိုတယ်။ အရင်က သူ့အတွက် သူ့ချစ်သူ ပေးဆပ်သမျှ၊ အကောင်းလုပ်ပေးသမျှကို လုပ်သင့်လုပ်ထိုက်တယ်လို့ပဲ သူထင်ခဲ့တယ်။ တကယ်လို့ ချစ်သူက အမှားလေးတစ်ခုခု၊ ဒါမှမဟုတ် သူ့ကို ဥပေက္ခာပြုမိတာနဲ့ သူစိတ်တိုဒေါသထွက်ပြီး ချစ်သူကို ရန်ရှာခဲ့တယ်။ ဒီလိုနဲ့နောက်ဆုံးမှာ ချစ်သူက သူ့ကိုလမ်းခွဲဖို့ စကားစခဲ့တယ်လို့ဆိုတယ်။ "နင်ငါ့ကို ချစ်သူလို မဆက်ဆံဘဲ လက်အောက်ငယ်သားလို ဆက်ဆံနေတယ်" ဆိုတဲ့ချစ်သူရဲ့ စကားတစ်ခွန်းက သူ့အမှားကို သူသိစေခဲ့တယ်လို့ မင်းသမီးကပြောပါတယ်။

သေချာစဉ်းစားကြည့်ပါ.... သင် နောက်ဆုံးအကြိမ် ဘယ်သူ့အပေါ် သည်းခံစိတ်ပျောက်ခဲ့သလဲ? စိတ်တိုဒေါသထွက်ခဲ့သလဲ? များသောအားဖြင့် အဖြေက ကိုယ့်မိသားစု၊ ကိုယ့်ချစ်သူ အပေါ်မှာပဲဖြစ်တယ်။ တကယ်တော့ သူတို့ဟာ ကိုယ်နဲ့ပိုရင်းနှီး ပိုလေးစားရမယ့်လူတွေဖြစ်တယ်။ တစ်ဘက်လူကို လေးစားရမယ့် အမှုအကျင့်တွေ မဲ့လာတာနဲ့အမျှ ကျွန်တော်တို့ကြားက အချစ်တွေလည်း လျော့လျော့လာမှာဖြစ်တယ်။ ဒါဟာလုံးဝ မဖြစ်ထိုက်တဲ့အရာတွေပါ!

ဥပမာ-- (၃) ဝေဖန်ခြင်းကို ချီးမွမ်းခြင်းဖြင့် အစားထိုးပါ

ကျွန်တော်တို့က တခြားလူကို စကားမာတွေနဲ့ ပြောဆိုဆက်ဆံနိုင်ပေမယ့် တခြားလူဆီကနေတော့ နူးညံ့တဲ့တုန့်ပြန့်မှုကို လိုချင်ကြတယ်။ နူးညံ့သိမ်မွေ့တဲ့စကား၊ တည့်မတ်အကောင်းမြင်တဲ့စကားတွေက သံထည်လို မာကျောတဲ့ နှလုံးသားကိုတောင် အရည်ပျော်စေနိုင်ပါတယ်။

မိန်းမကြီးတစ်ဦးဟာ သူ့ယောက်ျား အမှိုက်သွန်ပျင်းတဲ့အကြောင်းကိုပဲ ပြောဆိုညည်းတွားနေခဲ့တယ်။ ဒီလိုကိစ္စအသေးအမွှားက သူ့ကိုအမြဲ စိတ်တိုဒေါသထွက်စေပြီး လင်ယောက်ျားကို အိမ်ထောင့်တာဝန် မမျှဝေသူ၊ သူ့ပင်ပန်းတာကို နားမလည်သူဆိုပြီး ဆဲဆိုနေခဲ့တယ်။ အဲဒီလို ဆဲဆိုဒေါသဖြစ်တဲ့အပြင် လင်ယောက်ျားကိုလည်း စကားမခေါ်မပြောပဲနေတယ်။ သူဘယ်လိုစိတ်တိုတို၊ ဘာနည်းနဲ့ပဲ သုံးခဲ့သုံးခဲ့ ယောက်ျားဖြစ်သူ အမှိုက်သွန်ဖို့အရေးကို မလှုံဆော်နိုင်ခဲ့ဘူး။

ဒီလိုနဲ့တစ်နေ့မှာ သားရဲ့မူကြိုဆရာမက "ရှင့်ယောက်ျားကို ကလေးတစ်ယောက်လို သဘောထားပါ။ ၅နှစ်အရွယ် ကလေးတစ်ယောက်ကို စကားပြောတဲ့ လေသံနဲ့ပြောကြည့်ပါ" လို့ သူ့ကို အကြံပေးခဲ့တယ်။

ဆရာမရဲ့ အကြံကို မယုံတစ်ဝက် ယုံတစ်ဝက်နဲ့ သူစမ်းသပ်ခဲ့တယ်။ အမှိုက်ကားလာတဲ့အချိန် ဧည့်ခန်းမှာ ခြေချိတ်ပြီး အခန့်သား တီဗီထိုင်ကြည့်နေတဲ့ ယောက်ျားကို လေသံလျော့ပြီး သူပြောလိုက်တယ်။

"ယောက်ျားရေ... ငါ့ကို အမှိုက်သွန်ပေးနိုင်မလား? သွန်ပေးနိုင်ရင် ငါ့ကိုနင် အများကြီး ကူညီလိုက်တာပဲ"

အမှိုက်သွန်ပြီးပြန်လာတဲ့ ယောက်ျားကို (၅)နှစ်အရွယ်ကလေးတစ်ယောက်ကို ချီးမွမ်းလိုက်သလို သူချီးကျူးလိုက်သေးတယ်။

"အရမ်းကျေးဇူးတင်တယ်။ ငါ့အပေါ် နင်အရမ်းသိတတ်တာပဲ!"

အဲဒီနောက်မှာတော့ မိန်းမဖြစ်သူဟာ စိတ်တိုဒေါသထွက်၊ မျက်နှာဆူပုပ်တဲ့ အပြုအမှုတွေ မလုပ်ခဲ့သလို ယောက်ျားဖြစ်သူကလည်း သူ့အသိနဲ့သူ အမှိုက်တွေ ကူသွန်ပေးခဲ့တယ်။ "ကဲ့ရဲ့ဝေဖန်"တာကို "ချီးမွမ်း" တာနဲ့ အစားထိုးတာဟာ အရာရာကို အကောင်းဘက် ပြောင်းလဲစေပါတယ်။

လူတွေအချင်းချင်း ပြောဆိုဆက်ဆံရာမှာ ကိုယ့်ထင်မြင်ချက်၊ ကိုယ့်အယူတွေကို ရှေ့တန်းတင်ပြီး ပြောဆိုဆက်ဆံတတ်ကြတယ်။ ဒီလိုအခြေအနေမျိုးမှာ ငြင်းခုန်ရန်ဖြစ်ဆိုတဲ့ဘက်ကို အများဆုံး ဦးတည်နေပါတယ်။ လောကကြီးမှာ ကျွန်တော်တို့ အချင်းချင်းလာဆုံကြတယ်။ ချစ်ကြိုက်ကြတယ်။ အပြစ်မြင်တာကို ခွင့်လွတ်တာနဲ့ အစားထိုးမယ်၊ တစ်ဘက်လူရဲ့ ကောင်းကွက်တွေကို တန်ဖိုးထားမယ်။ ဒါမှ ပျော်ရွှင်ခြင်းသော့ကို သင်မြဲမြဲဆုပ်ကိုင်နိုင်မှာဖြစ်တယ်။

မူရင်းရေးသားသူ-- Huang Tong (黃桐)老天給的幸福 要懂得享受

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Thursday, August 12, 2010

နိုင်းနိုင်းစနေသို့ ပေးစာ


မနိုင်းနိုင်းရေ

ကျွန်တော်က မနိုင်းနိုင်းရဲ့ ပရိတ်သတ်တယောက်ပါ။ ကျွန်တော် မနိုင်းနိုင်းရေးတဲ့ စာတွေကိုဖတ်ပြီး ဗဟုသုတလဲ အများကြီးရခဲ့ပါတယ်။ ကျွန်တော်က သူများတွေလို blogမှာ ခင်မင်ကြောင်း၊ ဟိုရေးဒီရေး မရေးတတ်ပေမယ့် မနိုင်းနိုင်းကို စိတ်ထဲက ချီးကျူးမိသူတယောက်ပါ။ ကျွန်တော် အခုမှ မနိုင်းနိုင်းဆီ email ပို့ရခြင်းကလဲ အကြောင်းတခုရှိပါတယ်။ ထူးထူးဆန်းဆန်း ကြော်ငြာတခုကို မနိုင်းနိုင်းရဲ့ blog မှာ ကြော်ငြာစေချင်လို့ပါ။ ကျွန်တော် တကယ်ပဲ စတတ်၊ မနောက်တတ်ပါဘူး။ ကျွန်တော့်ကို လူတိုင်းရဲ့အခက်အခဲတွေ သူတတ်နိုင်တဲ့ဘက်က ကူညီပေးဖို့ လက်ဆင့်ကမ်းပေးပါလို့ အကူအညီတောင်းလာလို့ ကျွန်တော် မနိုင်းနိုင်းရဲ့ blog မှာ ကြော်ငြာပေးဖို့ အကူအညီလေး တောင်းချင်ပါတယ်။ အဲဒါကတော့ သူက ဗေဒင်ဆရာ တယောက်ပါ။ သူ့နာမည်က ဆရာအောင်ဖုန်းမြင့်လို့ ခေါ်ပါတယ်။ သူက ဘယ်မှာနေတယ်ဆိုတာလဲ မပြောပါဘူး။ ပြီးတော့ ဘယ်သူ့ကိုမဆို အခကြေးငွေမယူဘဲ အလကား ဟောပေးတာဖြစ်ပါတယ်။ သူဆီကို ဆက်သွယ် ဖို့ကတော့ + ၉၅၁ ၅၄ဝ ၇၂ဝ ဖြစ်ပြီး မြန်မာစံတော်ချိန် မနက် ၆နာရီမှ ၉ နာရီအထိ မည်သည့်နိုင်ငံ မည်သည့်နေရာမှမဆို အခကြေးငွေမယူပဲ ဟောပေးနေတာ ဖြစ်ပါတယ်။ သူက ကျွန်တော့်ကို အကူအညီ ပြန်တောင်းခဲ့တာကတော့ ဘယ်သူဘယ်ဝါပဲဖြစ်ဖြစ် အကူအညီလိုတဲ့လူတိုင်းကို သူ့ဖုန်းနံပတ်လေး လက်ဆင့်ကမ်းပေးဖို့ပါ။ အဲဒါကြောင့် မနိုင်းနိုင်းဆီမှာ ကြော်ငြာရင် ပိုပြီးတော့ လူသိဖို့မြန်ဆန်ပြီး လူတိုင်း ဒုက္ခနဲ့ဝေးပြီး အဆင်ပြေနိုင်ကြဖို့ ကျွန်တော်လက်ဆင့်ကမ်း အကူအညီ တောင်းလိုက်ရပါတယ်။ ယုံယုံကြည်ကြည်နဲ့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းကို ကျွန်တော်အာမခံကြောင်းနှင့် မနိုင်းနိုင်းကိုယ်တိုင် အရင်မေးမြန်းနိုင်ကြောင်းကိုလဲ သတင်းကောင်းလေး ပေးပါရစေ။ တကယ်လို့ သူမေးခဲ့ရင် ကျွန်တော် မနိုင်းနိုင်းဆီမှာ အကူအညီတောင်း ကြော်ငြာပေးခဲ့ကြောင်းလေးကိုပါ ပြန်ပြီး လက်ဆင့်ကမ်းပေးလိုက်ပါနော်။

လေးစားစွာဖြင့်
xxxxxxx

"မနိုင်းနိုင်း ကူညီနိုင်မယ်ထင်ပါတယ်"လို့ ခေါင်းစဉ်တပ်ပြီး မနေ့က လက်ခံရရှိတဲ့ခဲ့ အီးမေးလ်လေးတစ်စောင်ပါ။ စိတ်ဝင်စားမယ့်သူတွေအတွက် အီးမေးလ်ပို့သူထံ ခွင့်တောင်းပြီး သူရေးထားသလို ဘလော့မှာဖော်ပြလိုက်ပါတယ်။ ကျေးဇူးတင်ပါတယ်း)

နိုင်းနိုင်းစနေ

Share/Bookmark

Warren Buffet


ရုပ်မြင်သံကြားလှိုင်း CNBC က ကမ္ဘာ့ဒုတိယအချမ်းသာဆုံးဖြစ်တဲ့၊ ထောက်ပံ့ကြေးငွေပေါင်း သန်း(၃၁ဝ,၀၀၀) လှူဒါန်းခဲ့တဲ့ Warren Buffet ကို တွေ့ဆုံမေးမြန်းခဲ့တယ်။ စိတ်ဝင်စားစရာ သူ့ဘဝအကြောင်းတချို့ကို အောက်မှာဖော်ပြထားပါတယ်။

Warren Buffet ဟာ (၁၁)နှစ်အရွယ်မှာ ပထမဦးဆုံးသော stockကို ဝယ်ခဲ့တယ်။ ဒါကို စတင်တာနောက်ကျတယ်လို့ အခုချိန်မှာ သူနောင်တရနေခဲ့တယ်။ အဲဒီတုန်းက stock ဈေးတွေဟာ အရမ်းဈေးပေါလို့ဖြစ်တယ်။ ရင်းနှီးမြှုပ်နှံတတ်ဖို့ သင့်ကလေးတွေကို အားပေးပါ။

(၁၄)နှစ်အရွယ်မှာ Warren Buffet ဟာ သတင်းစာပို့လို့ စုဆောင်းရရှိတဲ့ ဝင်ငွေနဲ့ ခြံတစ်ခြံဝယ်ခဲ့တယ်။ လူတစ်ယောက်ဟာ ကိုယ်စုဆောင်းထားတာနဲ့ ပစ္စည်းအများအပြား ဝယ်ယူနိုင်ပါတယ်။ သင့်ကလေးတွေကို စုဆောင်း၊ ဝယ်ယူတတ်ဖို့ အားပေးပါ။

Warren Buffet ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း (၅ဝ)ကျော် မင်္ဂလာဆောင်ပြီးက ဝယ်ထားတဲ့ အိမ်ခန်း၃ခန်းသာပါတဲ့ နေအိမ်မှာပဲ နေနေဆဲဖြစ်တယ်။ ခြံဝင်းစည်းရိုးခတ်မထားတဲ့ ဒီအိမ်လေးဟာ သူ့လိုအင်တွေကို ပြီးပြည့်စုံစေခဲ့ပြီလို့ ဆိုပါတယ်။ "ကိုယ်တကယ်လိုအပ်"တဲ့ အတိုင်းအတာထက် ကျော်လွန်တဲ့ပစ္စည်းကို မဝယ်ပါနဲ့။ သင့်ကလေးတွေကို ဒီလိုတွေးတောတတ်ဖို့၊ လုပ်ဆောင်တတ်ဖို့ အားပေးပါ။

Warren Buffet ဟာ ကိုယ်တိုင်ကားမောင်းလေ့ရှိတယ်။ ဒရိုက်ဘာမထားသလို ကိုယ်ရံတော်လည်း သူ့မှာမရှိဘူး။ ကိုယ်ပိုင်ဟန်နဲ့ ကိုယ့်ဘာသာကိုယ် လုပ်ဆောင်ပါ။

Warren Buffet ဟာ ကမ္ဘာ့အကြီးဆုံး ဂျက်လေယာဉ်ကုမ္ပဏီကို ပိုင်ဆိုင်သည့်တိုင် ဘယ်တော့မှ ကိုယ်ပိုင်ဂျက်လေယာဉ် မစီးသူဖြစ်တယ်။ စီးပွါးရေးနည်းလမ်းကျကျ အရာရာပြီးစီးနိုင်ဖို့ သူအမြဲတွေးတောလေ့ရှိတယ်။

သူ့ကုမ္ပဏီဖြစ်တဲ့ Berkshire Hathaway မှာ ကုမ္ပဏီပေါင်း (၆၃)ခုရှိတယ်။ သူဟာ ကုမ္ပဏီက စီမံခန့်ခွဲရေး အကြီးအကဲတွေကို တစ်နှစ်မှာ စာတစ်စောင်ရေးပို့လေ့ရှိတယ်။ အဲဒီစာထဲမှာ ကုမ္ပဏီရဲ့ ရည်မှန်းချက်တွေပါတယ်။ သူဟာ ဘယ်တော့မှ လုပ်ငန်းလုပ်ရိုးလုပ်စဉ် အစည်းအဝေးတွေ မလုပ်သလို ဖုန်းဆက်သူလည်း မဟုတ်ဘူး။ သင့်တော်တဲ့လူအတွက် သင့်တော်တဲ့အလုပ်ကို လုပ်စေတယ်။

စီမံခန့်ခွဲရေးအကြီးအကဲတွေကို သူစည်းကမ်းနှစ်ချက်ပဲထုတ်တယ်။
(၁) အစုရှင်ရဲ့ငွေတွေကို မဆုံးရှုံးစေနဲ့။
(၂) နံပါတ်(၁)စည်းကမ်းချက်ကို မမေ့ပါနဲ့။
ရည်မှန်းချက်ထားပြီး အဲဒီရည်မှန်းချက်အတိုင်း သေချာလုပ်ဆောင်ကြဖို့ မမေ့နဲ့လို့ဆိုပါတယ်။

Warren Buffet ဟာ လက်ကိုင်ဖုန်းမကိုင်သလို သူ့အလုပ်စားပွဲမှာလည်း ကွန်ပျူတာမထားပါဘူး။

အထက်တန်းလွှာ လှုပ်ရှားပျော်ရွှင်ပွဲတွေမှာ သူမပါသလို သူ့အားလပ်ချိန်က ပေါက်ပေါက်(Popcorn)တချို့နဲ့ တီဗီကြည့်တာပဲဖြစ်တယ်။ မထုတ်ဖော်၊ မကြွားဝါပါနဲ့။ စစ်မှန်တဲ့ ကိုယ်ပိုင်ဟန်အတိုင်းနေပြီး ကိုယ်လုပ်သမျှအရာပေါ် သာယာကြည်နူးပါ။

ဘီဂိတ်လ်က ကမ္ဘာပေါ် အချမ်းသာဆုံးလူဖြစ်တယ်။ လွန်ခဲ့တဲ့(၅)နှစ်မှာ ဘီဂိတ်လ်နဲ့ Warren Buffet တို့ ပထမဆုံးအကြိမ် ဆုံကြတယ်။ Warren Buffet ဟာ သူနဲ့ အရာရာမတူသူလို့ ဘီဂိတ်လ်က ထင်ခဲ့တယ်။ ဒါကြောင့် အဲဒီတွေ့ဆုံပွဲကို အချိန်တစ်နာရီပဲ သတ်မှတ်ခဲ့တယ်။ နောက်ဆုံးမှာ (၁ဝ)နာရီကျော်ကြာ သူတို့တွေ့ဆုံခဲ့ပြီး နောက်ဆုံးမှာ ဘီဂိတ်လ်ဟာ Buffet ကို ယုံကြည်ကိုးကွယ်သူဖြစ်လာခဲ့တယ်။

လူငယ်တွေကို Buffet ရဲ့ အကြံပေးချက်ကး

အကြွေးဝယ်ကတ် (Credit card)နဲ့ ဝေးဝေးနေပါ။ ကိုယ့်ကိုယ်ကို ရင်းနှီးမြှုပ်နှံပြီး အောက်ကအချက်တွေကို မှတ်ထားပါ။

(၁) ချမ်းသာကြွယ်ဝခြင်းက လူတွေကို မဖန်ဆင်းဘူး၊ လူတွေကသာ ချမ်းသာကြွယ်ဝမှုကို ဖန်ဆင်းတယ်။ ရိုးရှင်းတဲ့ ဘဝကို ဖြတ်သန်းပါ။

(၂) လူများပြောသလို လိုက်မလုပ်နဲ့၊ များများနားထောင်ပြီး အကောင်းဆုံးလို့ ကိုယ်ထင်တဲ့အရာကို လုပ်ပါ။

(၃) နာမည်ကြီးတံဆိပ်တွေနောက် မလိုက်နဲ့။ ကိုယ်နဲ့သင့်တော်ပြီး သက်တောင့်သက်သာရှိတဲ့ အဝတ်အစားကို ဝတ်ပါ။ ငွေကြေးတွေကို မလိုအပ်တဲ့ပစ္စည်းအပေါ် မသုံးဖြုန်းပါနဲ့။ တကယ့်ငွေကြေးလိုအပ်တဲ့ လူတွေအပေါ် ငွေကိုသုံးပါ။

(၄) ဒါဟာ သင့်ကိုယ်ပိုင် ဘဝဖြစ်တယ်။ ဘာဖြစ်လို့ သင့်ဘဝကို တခြားလူနဲ့ အထိန်းချုပ်ခံမလဲ?

အပျော်ရွှင်ဆုံးလူဆိုတာ အကောင်းဆုံးတွေကို ပိုင်ဆိုင်ထားချင်မှ ပိုင်ဆိုင်မယ်။ ဒါပေမယ့် ဘဝလမ်းတစ်လျှောက် တွေ့ကြုံခံစားရတဲ့ အရာတစ်ခုတိုင်းကို သူတို့တန်ဖိုးထားတယ်။ ဒီလို လူ့ဘဝလမ်းကို ကျွန်တော်တို့ ရွေးချယ်ကြပါစို့!

မူရင်း-- http://english.tw/space-3854-do-blog-id-12583.html

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Monday, August 09, 2010

အချစ်ရယ်.. ဘာကြောင့် ရန်ဖြစ်ရက်တယ်


ချစ်သူတွေ၊ လင်မယားတွေ အတူနေတာကြာပြီဆိုရင် ငြင်းခုန် ရန်ဖြစ်လေ့ရှိကြတယ်။ အကြောင်းအရာတစ်ခုနဲ့ အကြိမ်ကြိမ် ငြင်းခုန် ရန်ဖြစ်လေ့ရှိကြတယ်။

တကယ်လို့ ရန်လည်းဖြစ်မယ်၊ ခံစားချက်လည်း မပြောင်းချင်ဘူး.. တစ်ယောက်ကိုတစ်ယောက် ပိုချစ်ချင်တယ်၊ ပိုနားလည်ချင်အောင် ရန်ကို ဘယ်လိုဖြစ်ရမလဲ? ဘယ်လို ငြင်းခုန်ကြမလဲ?

ဟောလီဝုဒ်ရုပ်ရှင်တစ်ကားဖြစ်တဲ့ "Groundhog Day" ဇာတ်ကားက မိုးလေ၀သကြော်ငြာသူတစ်ဦးဖြစ်တဲ့ Phil Connors ( Bill Murray)က Pennsylvania မှာရှိတဲ့ မြို့လေးတစ်မြို့မှာ Groundhog Day ပွဲအကြောင်း သွားရောက်မေးမြန်းခဲ့တယ်။ မမျှော်လင့်တဲ့ နှင်းမုန်တိုင်းကြောင့် အဲဒီမှာ သူတစ်ညအိပ်ခဲ့ရတယ်။ ဒါပေမယ့် သူတည်းခဲ့တဲ့အချိန်က တစ်နေ့တည်း တစ်ရက်တည်းဖြစ်နေတယ်။ သူဘယ်တော့ နိုးထလာလာ အချိန်က ဖေဖော်ဝါရီလ ၂ ရက်ဖြစ်နေပြီး Groundhogကြွက်တွေ မြေအောက်က ထွက်တဲ့နေ့ပဲ ဖြစ်နေခဲ့တယ်။

မပြောင်းလဲတဲ့အချိန် တစ်ချိန်တည်းမှာပဲ ပိတ်မိနေတဲ့Philဟာ အဲဒီမြို့လေးမှာပဲ မပြောင်းလဲတဲ့နေ့ရက်တွေကို ဖြတ်သန်းနေရတယ်။ နေ့တိုင်းတွေ့နေတဲ့ လူတွေနဲ့တွေ့ပြီး ဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေနဲ့ပဲ ထပ်ထပ်ဆုံနေရတယ်။ တူတဲ့လမ်းတွေ လျှောက်ခဲ့ရတယ်။ ဖြစ်ပျက်တာတွေ ထပ်ထပ်ဖြစ်တာကြောင့် သူရူးမတတ်ဖြစ်ပြီး ကိုယ်ကိုယ့်အဆုံးစီရင်ဖို့ ကြိုးစားခဲ့တယ်။ သူဘယ်လို ခံစားခဲ့ရပါစေ သူနှိုးထလာတိုင်း ဖေဖော်ဝါရီလ ၂ ရက်ဖြစ်နေပြီး ဖြစ်ပြီးသမျှ ကိစ္စတွေပဲ ထပ်ထပ်ဖြစ်နေပြန်တယ်။

ကျွန်တော်တို့ဘ၀မှာလည်း ထပ်ခါထပ်ခါဖြစ်ခဲ့တဲ့ကိစ္စ၊ ဖြေရှင်းလို့မရတဲ့ကိစ္စ၊ စိတ်နောက်စရာတွေ ရှိခဲ့ဖူးကြမယ်။ အထူးသဖြင့် ကိုယ့်အိမ်ထောင်ဘက်နဲ့ ငွေကြေးကိစ္စ၊ သားသမီးကိစ္စ၊ ယောက္ခမ ချွေးမကြားကိစ္စ ဒါမှမဟုတ် အိမ်မှုကိစ္စတွေနဲ့ မပြတ်ငြင်းခုန်ကြရတယ်။ ရုပ်ရှင်ထဲက Philလိုပဲ အကြောင်းအရာတစ်ခုမှာ ဒါမှမဟုတ် ဒီလိုနေ့ရက်တွေမှာ တ၀ဲလည်လည်ဖြစ်နေကြရတယ်။

ရုပ်ရှင်ထဲက Philဟာ စစချင်းမှာ ကိုယ်ကြုံရသမျှကို သံသယဖြစ်တယ်။ နောက်ပိုင်းမှာ စိတ်ဓာတ်ကျပြီး မျှော်လင့်ချက်ပါမဲ့သွားတယ်။ နောက်ဆုံးမှ ကိုယ့်ကြုံသမျှအဖြစ်အပျက်ကို လက်ခံပြီး ထင်မြင်ချက်ပေးတာတွေ ရပ်လိုက်တယ်။ မပြောင်းလဲဘဲ ထပ်တလဲလဲဖြစ်နေတဲ့ နေ့ရက်တွေမှာ ကိုယ့်ကိုယ်ပျော်ရွှင်အောင်နေပြီး သူတစ်ပါးကို ဂရုစိုက်ရင်း၊ ကူညီရင်းနဲ့ ဖြတ်ကျော်ခဲ့တယ်။ ချစ်ခြင်းမေတ္တာနဲ့ ရှေ့မတိုး နောက်မဆုတ်သာတဲ့ အချိန်တွေကို ကျော်ဖြတ်ခဲ့တယ်။

ဖြေရှင်းလို့မရတဲ့ ခြားနားချက်တွေ ရှိနေလို့လား?


တကယ်တော့ ရန်ဖြစ်ငြင်းခုန်တာဟာ "တစ်ဘက်လူကို ဒုက္ခပေးတယ်"ဆိုတဲ့ စကားလုံးနဲ့ပဲ အလွယ်တကူ ရှင်းလင်းချက်ထုတ်လို့မရဘူး။ "ကိစ္စရပ်တစ်ခုနဲ့ မကြာခဏရန်ဖြစ်တာဟာ လင်မယားကြားမှာ ဖြေရှင်းလို့မရနိုင်တဲ့ ခြားနားချက်တွေ ရှိနေလို့ဖြစ်တယ်။ အဲဒီခြားနားချက်က လင်မယားနှစ်ယောက်ရဲ့ အချင်းချင်း တန်ဖိုးဖြတ်မှုကို မလိုလားလို့၊ ကိုယ့်မိသားစုဘက်ကစခဲ့တဲ့ ပြဿဒ်မီး ဒါမှမဟုတ် လူမှုရေးကြောင့် စတာတွေဖြစ်တယ်"။

တရုတ်စိတ်ရောဂါရှာဖွေရေးဌာန စိတ်ပညာဆရာဝန် Zhao Wentaoက "ငွေကြေးကြောင့် အမြဲရန်ဖြစ်တဲ့ လင်မယားနှစ်ယောက်ရှိတယ်။ ကိုယ့်ယောက်ျားဘာဖြစ်လို့ ဒီလောက်ကပ်စီးနည်းမှန်း မိန်းမဖြစ်သူ တွေးမတတ်ခဲ့ဘူး။ ပိုက်ဆံတွေကို တင်းတင်းဆုပ်ကိုင်ထားပြီး မိန်းမအသုံးအဖြုန်းကြီးတယ်လို့ပဲ သူအမြဲဆဲဆိုနေခဲ့တယ်။ ဒါကို မိန်းမက လက်မခံနိုင်ဖြစ်ခဲ့တယ်။ နောက်ပိုင်း မိဘအိမ်တစ်ခေါက်ပြန်ဖြစ်မှ ယောက်ျားဖြစ်သူဟာ ဆင်းရဲကြပ်တည်းတဲ့ မိသားစုဘ၀က ကြီးပြင်းလာခဲ့တာကို သိလိုက်ရတယ်။ ကိုယ်တိုင်ပိုက်ဆံရှာတတ်သည့်တိုင် ချွေတာသုံးစွဲခဲ့တယ်။ ဒါကို မိန်းမတဖြည်းဖြည်းနားလည်လာတဲ့အခါ ငြင်းခုန်တာတွေလည်း နည်းသွားတယ်"

နောက် အိမ်ရှင်မတစ်ဦးက သူ့ယောက်ျားအိမ်ပြန်ရောက်တိုင်း ပြောတတ်တဲ့စကားတစ်ခွန်းကို လက်မခံနိုင်ဖြစ်နေခဲ့တယ်။ သူ့ယောက်ျားပြောတဲ့စကားက "အိမ်ကရှုပ်ပွနေတာပဲ ဘာဖြစ်လို့ မသိမ်းတာလဲ?" ဖြစ်တယ်။ ဒီစကားတစ်ခွန်းနဲ့ လင်မယားနှစ်ယောက် အမြဲရန်ဖြစ်ရတယ်။ နောက်ပိုင်း အိမ်ထောင်တည်မြဲရေးသင်တန်းကို လင်မယားနှစ်ယောက်အတူတက်ဖြစ်မှ ကိစ္စရှင်းသွားတော့တယ်။

မိန်းမဖြစ်သူဟာ ငယ်ငယ်လေးတည်းက စည်းကမ်းတင်းကြပ်တဲ့ မိသားစုက မွေးဖွားခဲ့ပြီး နေအိမ်၊ အိပ်ခန်း မသပ်ရပ်တိုင်း အဆူအဆဲ ခံခဲ့ရလို့ဖြစ်တယ်။ ဒါကြောင့် ယောက်ျားဖြစ်သူ မတော်တဆပြောလိုက်တဲ့ စကားတစ်ခွန်းဟာ သူ့ကို အပြစ်ရှာ၊ ဆူဆဲခံခဲ့ရတဲ့ သူ့ငယ်ဘ၀ကို ပြန်ရောက်သွားစေလို့ဖြစ်တယ်။

မိန်းမရဲ့အခြေအနေကို နားလည်ပြီးနောက် အဲဒီစကားကို သူအလွယ်တကူ မပြောတော့ကြောင်း ယောက်ျားဖြစ်သူက အပြုံးနဲ့ပြောပါတယ်။ နောက်ပြီး မိန်းမအလုပ်များတဲ့အချိန် ကိုယ်တိုင်လည်း ပစ္စည်းတွေ ကူသိမ်းပေးတတ်လို့ ငြင်းခုန်ရန်ဖြစ်တာတွေ နည်းသွားတယ်လို့ ဆိုပါတယ်။

ရန်ဖြစ်လေ ပိုချစ်လေ ဖြစ်စေမယ်


ရန်ဖြစ် ငြင်းခုန်ခြင်းရဲ့နောက်မှာ ကိုယ့်စိတ်နဲ့ တစ်ဘက်လူရဲ့စိတ်ထဲမှာ ဖြေရှင်းလို့မရတဲ့ အစိုင်အခဲတွေရှိသေးကြောင်း သိစေပါတယ်။ အဲဒီအစိုင်အခဲတွေကို တမင်တကာပဲဖြစ်ဖြစ်၊ မတော်တဆပဲဖြစ်ဖြစ် ထိမိခဲ့ရင် မြေမြှုပ်ဗုံး နင်းမိသလို ချက်ချင်းပေါက်ကွဲတတ်တယ်။

အိမ်ထောင်ရေးနဲ့ Gender relations ကို လေ့လာတဲ့ စိတ်ရောဂါဆရာဝန် Mrs.Zhaoက ရန်ဖြစ်တယ်ဆိုတာ တစ်ဘက်သားနဲ့ ကိုယ့်ကိုယ်ပိုနားလည်စေတဲ့ အကောင်းဆုံးအခွင့်အရေးလို့ ဆိုပါတယ်။ ဒါပေမယ့် ဘယ်လိုရန်ဖြစ်မှ တစ်ဘက်သားကို ပိုနားလည်၊ ပိုရင်းနှီးစေမလဲ?

Mrs Zhaoက တစ်ဘက်သားအပေါ်ထားတဲ့ ကိုယ့်ရဲ့ အပြစ်တင်မှု၊ စိတ်တိုဒေါသထွက်မှုစတဲ့ ပေါက်ကွဲငြင်းခုန်တဲ့ဖြစ်ရပ်တွေကို အချင်းချင်း ဆက်ဆံပြောဆိုလို့ရတဲ့ အနေအထား၊ အချင်းချင်း လိုအပ်ချက်တွေကို ထုတ်ဖော်ပြောဆိုတဲ့ အနေအထားအဖြစ်သို့ ပြောင်းလဲပစ်ဖို့ အကြံပေးပါတယ်။

ဥပမာ-- ကိုယ်စိတ်တိုဒေါသထွက်တဲ့အချိန် ဘာဖြစ်လို့ ဒီလိုခံစားချက်မျိုးကို ကိုယ်ခံစားရသလဲဆိုပြီး အရင်ဆန်းစစ်ရမယ်။ ကိုယ့်ထင်မြင်ချက်တွေ ခြိမ်းခြောက်ခံနေရပြီလား? ဒါမှမဟုတ် ကိုယ်အလေးထားတဲ့လူ/အရာက ကိုယ့်ကိုယ်ထိခိုက်စေခဲ့တာလား? ဒါမှမဟုတ် ကိုယ်တောင်းဆိုတဲ့ တောင်းဆိုချက်တွေ မပြည့်ဝခဲ့လို့လား? ကိုယ့်ခံစားချက်ကို အရင်ဆန်းစစ်ပြီး တစ်ဘက်သားနဲ့ ကိုယ့်ရဲ့ခြားနားချက်ကို ရှာရမယ်။ သူ့ဘာဖြစ်လို့ ဒီလိုလုပ်၊ ဒီလိုပြောရတာလဲ? စသည်ဖြင့် ကိုယ်ရှုထောင့်ကနေပဲကြည့်ပြီး စိတ်တိုဒေါသထွက်ဖို့ မဟုတ်သလို ကိုယ့်ထင်မြင်ချက်၊ ယူဆချက်ကိုပဲ ခေါင်းမာတင်းခံနေဖို့ မဟုတ်ပါဘူး။

ဒါကိုနောက်ဥပမာနဲ့ ထပ်ပြရရင် အချိန်တိုင်းအလုပ်များပြီး ညမှ အိမ်ပြန်ရောက်တတ်တဲ့ ယောက်ျားဖြစ်သူဟာ ရုံးပိတ်ရက်မှာတောင် အိမ်မကပ်ဘဲ သူငယ်ချင်းတွေနဲ့ golf သွားရိုက်တယ်။ ဒါကို မိန်းမဖြစ်သူက ရုံးပိတ်ရက်ဆိုရင် အိမ်မှာပဲနေသင့်ကြောင်း စိတ်တိုဒေါသထွက်တယ်။ ဒါနဲ့ပဲ လင်မယားနှစ်ယောက် ရန်ဖြစ်ကြတယ်။ ဒါကို Mrs. Zhao က ဒီလိုအကြံပေးပါတယ်။ ပထမဦးဆုံး မိန်းမဖြစ်သူဟာ ကိုယ့်တောင်းဆိုးမှုတွေ ဘာမပြည့်ဝသလဲလို့ အရင်ဆန်းစစ်သင့်တယ်။ (ယောက်ျားဖြစ်သူ ကိုယ့်အနားမှာပဲ ရှိစေချင်တဲ့ ဆန္ဒလား? ဒါမှမဟုတ် အိမ်မှုကိစ္စ ကူလုပ်စေချင်တာလား?) နောက်ပြီး ယောက်ျားက ဘာဖြစ်လို့ golf ရိုက်ဖို့ သွားကိုသွားရတာလဲ? (လုပ်ဖော်ကိုင်ဖက်တွေကြောင့်လား? စိတ်အပန်းဖြေဖို့နဲ့ ကျန်းမာရေးအတွက်လား?) နှစ်ဦးနှစ်ဘက်ကြားမှာ ကိုက်ညှိနိုင်တဲ့အမှတ်တစ်ခုကို ရှာမတွေ့နိုင်တော့ဘူးလား? ဥပမာ- ယောက်ျားက အပတ်တိုင်း golf ထွက်မရိုက်ဘူး ဒါမှမဟုတ် golf ကစားပြီးလည်း ညနေစာ အိမ်ပြန်စားမယ်။ မိန်းမဖြစ်သူကလည်း ကိုယ့်တောင်းဆိုမှု၊ ကိုယ့်ဆန္ဒမှန်သမျှ လင်ယောက်ျားကိုပဲ မှီခိုနေဖို့မလိုဘဲ ကိုယ့်သူငယ်ချင်း၊ ကိုယ့်မိတ်ဆွေတွေနဲ့လည်း စိတ်ပျော်ရွှင်ရာတွေ ရှာနိုင်ကြောင်း သိနားလည်သင့်တယ်။

အချစ်၊ ယုံကြည်မှုကို တည်ဆောက်မယ်


သဘောထားကွဲလွဲမှုတွေကို ဖြေရှင်းနိုင်ခဲ့ပြီး (၁၀)နှစ်တိုင် မိသားစုပညာပေး ဆွေးနွေးလုပ်ငန်းတွေ လုပ်ဆောင်ခဲ့တဲ့ Zhao Wen Tao က လင်မယားကြားမှာ အလွယ်တကူ ငြင်းခုန်ရဖြစ်တတ်တဲ့ အရာတွေကို ဖြေရှင်းနိုင်တဲ့နည်းနဲ့ အကြံတွေကို ပေးပါတယ်။

အခုခေတ် အလယ်အလတ်တန်းစား ဇနီးမောင်နှံတွေဟာ များသောအားဖြင့် ငွေကြေးကိစ္စနဲ့ ရန်ဖြစ်လေ့ရှိကြတယ်။ မိန်းကလေးတွေဟာ ယောက်ျားတွေနဲ့ ရင်ဘောင်တန်းပြီး အလုပ်လုပ်လာကြတဲ့အတွက် အရင်ကထက် ပိုခေါင်းထောင်ရဲလာကြတယ်။ ဒါပေမယ့် ရန်ဖြစ်ငြင်းခုန်ရခြင်းမှာ ငွေကြေးက အဓိကမဟုတ်ဘဲ နှစ်ဦးစလုံးရဲ့ နောက်ခံဆက်စပ်မှုနဲ့ လုံခြုံမှုက ပိုအဓိကကျတယ်လို့ Zhao Wen Tao ကပြောပါတယ်။

ယောက္ခမ ချွေးမကြား ပြဿနာက လင်ယောက်ျားအပေါ်မှာ မူတည်တယ်။ လင်ယောက်ျားက ကြားဝင်ပြီး ဖျန်ဖြေသင့်တယ်။ မိန်းမရှေ့မှာဆိုရင် မိန်းမကိုနှစ်သိမ့်ပေးပြီး ကိုယ့်မိခင်ရှေ့မှာ မိခင်ရဲ့ခံစားချက်ကို နားလည်ပေးရမယ်။ နှစ်ဦးနှစ်ဘက်ရဲ့ လိုအင်ဆန္ဒကို ဖြည့်ဆည်းပေးတတ်ရမယ်။

ထို့အတူ တကယ်လို့ ယောက္ခမဘက်က ဒါမှမဟုတ် ကိုယ့်မိသားစုဘက်က ကိုယ့်အိမ်ထောင်ရေးကို လိုအပ်တာထက် ၀င်စွက်ဖက်ရင် ကိုယ့်မိသားစုအသီးသီးနဲ့ အကျိုးအကြောင်း ဆက်ဆံပြောဆိုသင့်တယ်။ မီးလောင်ရာ လေပင့်ပြီး ပြဿနာကို မျက်ကွယ်မပြုသင့်ဘူး။

ကလေးကိစ္စနဲ့ ရန်ဖြစ်ကြတဲ့ လင်မယားတွေကိုလည်း Zhao Wen Taoက မကြာခဏ ကြုံဖူးတယ်လို့ဆိုတယ်။ ကလေးတွေနဲ့ ရန်ဖြစ်တဲ့ကိစ္စမှာ အထူးသဖြင့် လူပျို၊ အပျိုဘောင်ဝင်စအရွယ်ဟာ မိဘတွေရဲ့ထိန်းသိမ်းမှုနဲ့ သက်ဆိုင်တာကြောင့် မကြာခဏ လင်မယားချင်း စကားများတတ်ကြတယ်။ တချို့မိသားစုက စည်းကမ်းတင်းကြပ်ပြီး တောင်းဆိုမှုတွေများတယ်။ တချို့မိသားစုက လွတ်လပ်ပွင့်လင်းပြီး ကိုယ့်ခံစားချက်ကို ထုတ်ဖော်ကြတယ်။ မတူတဲ့မိသားစုက ကြီးပြင်းလာကြတဲ့ လင်မယားတွေဟာ ကလေးတွေကို ပြုစုပျိုးထောင်ရာမှာ အခန့်မသင့် ငြင်းခုန်ရန်ဖြစ်လေ့ရှိကြတယ်။

လင်မယားအချင်းချင်း တစ်ယောက်ကောင်းကွက်ကို တစ်ယောက်မြင်တတ်ဖို့၊ ဝေဖန်တာ၊ အပြစ်ရှာတာတွေ နည်းနိုင်သမျှနည်းဖို့ Zhao Wen Tao က အကြံပေးထားပါတယ်။ ကိုယ့်ဆန္ဒအတိုင်း၊ ကိုယ်ထင်သလိုပဲဖြစ်ရမယ်၊ ကိုယ်ထင်တာမှ မှန်တဲ့ဆိုတဲ့ မျှော်လင့်ချက်တွေ မထားဖို့လည်း ဆိုထားပါတယ်။ ဥပမာပြောရရင် ကလေးတွေဟာ ဖခင်ကနေ စည်းကမ်းရှိတာတွေ သင်ကြားစေသလို မိခင်ဆီကနေ လွတ်လပ်ပွင့်လင်းတာလည်း သင်ကြားစေနိုင်ပါတယ်။

အိမ်မှုကိစ္စခွဲဝေရေးလည်း လင်မယားချင်း စကားများစေပါတယ်။ အိမ်မှုကိစ္စဆိုတိုင်း မိန်းမကိုပဲ လုပ်ခိုင်းရမယ်လို့ ထင်မြင်နေတဲ့ လင်ယောက်ျားတွေဟာ "အိမ်မှုကိစ္စတိုင်း မိန်းမကိုလုပ်ခိုင်းပြီး အိမ်ထောင်ရေးမှာ ငြင်းခုန်မှုတွေနဲ့ ပြည့်နေမယ့်အစား ငွေကုန်ကြေးကျခံပြီး အိမ်ဖော်တစ်ယောက်ရှာပြီး အိမ်ထောင်ရေးကို သဟဇာတရှိစေတာ ပိုအရေးပါတယ်" ဆိုတာမျိုး တွေးကြည့်သင့်တယ်လို့ Zhao Wen Tao က အကြံပေးထားပါတယ်။ သူထပ်အကြံပေးထားတာက အိမ်မှုကိစ္စမကူတဲ့ လင်ယောက်ျားကို တဗျစ်တောက်တောက်ရန်ရှာနေမယ့် မိန်းမဖြစ်သူကလည်း "တကယ်ပဲ ယောက်ျားကို အိမ်မှုကိစ္စခိုင်းရမလား? မိသားစုအတွက် သူပေးဆပ်နေတာတွေ မလုံလောက်သေးဘူးလား? သူမကူနိုင်တဲ့ အိမ်မှုကိစ္စကို တခြားနည်းနဲ့ မဖြေရှင်းနိုင်တော့ဘူးလား?" လို့ တွေးသင့်တယ်။ နောက်ခံဆက်စပ်မှု အကျိုးအကြောင်းကို အရင်သိအောင်လုပ်ပြီး ဖြေရှင်းနည်းကို ရှာတတ်ရမယ်။

အချစ်အတွက် ရင်းနှီးမြှုပ်နှံပါ၊ စုဆောင်းပါ


နှစ်ဦးနှစ်ဘက် ပြောဆိုဆက်ဆံရေးနဲ့ ငြင်းခုန်ရန်ဖြစ်ရေးအပြင် "အချစ်" နဲ့ "မိမိကိုယ်ကိုယ်လေးစားမှု" အပေါ်မှာလည်း ရင်းနှီးမြှုပ်နှံမှု၊ စုဆောင်းမှုတွေ များများလုပ်သင့်ကြောင်းလည်း Zhao Wen Tao က အကြံပေးထားပါသေးတယ်။ ရန်ဖြစ်ငြင်းခုန်တာနဲ့ အချစ်၊ ခံစားချက်တွေကို အလွယ်တကူ မပျက်ဆီးစေသင့်ပါဘူး။

"အချစ်"အကောင့်ထဲမှာ နှစ်ဦးနှစ်ဘက်ရဲ့ စိတ်ခံစားချက်၊ ထင်မြင်ချက်နဲ့ မျှဝေမှုတွေ စုဆောင်းထားမယ်။ မကြာခဏဆိုသလို သူ့အပေါ်ထား ကိုယ်ရဲ့ဂရုစိုက်မှု၊ ကြင်နာမှုတွေကို ထုတ်ဖော်ပြသပြီး နှစ်ဦးနှစ်ဘက်ရဲ့ အချစ်ကို မပြတ်ရှင်သန်စေမယ်။ မကြာခဏ ပွေ့ဖက်မှုတွေရှိပြီး သူ့ကောင်းကွက်ကို ချီးမွမ်းတတ်ရပါမယ်။

"မိမိကိုယ်ကိုယ်လေးစားမှု" အကောင့်ထဲမှာ ကိုယ်ဟာတန်ဖိုးရှိကြောင်း၊ လေးစားထိုက်ကြောင်း သူ့ကိုသိစေရမယ်။ ငြင်းခုန်ရန်ဖြစ်ချိန်မှာ ထိခိုက်နာကျင်စေတဲ့စကားတွေဟာ လေးစားမှုတွေလျော့စေနိုင်တာကြောင့် ရန်ဖြစ်ပြီးနောက်လည်း အရင်လို ချစ်နေတဲ့ဘ၀ကို သူလိုလိုလားလား ပြန်ရောက်စေရမယ်။

လေ့လာဆန်းစစ်ချက်တစ်ရပ်မှာ ချစ်ခင်သူရဲ့ကြားက ထိခိုက်နာကျင်စေတဲ့ စကားတစ်ခွန်းဟာ စကားကောင်း ၅ ခွန်းမှ ၁၀ခွန်းနဲ့မှ သင့်မြတ်နိုင်ကြောင်း ဆိုထားတယ်။ ဒါကြောင့် ရန်တွေမပြတ်ဖြစ်နေပြီး အချစ်အကောင့်ထဲ ဘာမှမစုဆောင်းထားရင်း တစ်ယောက်အပေါ် တစ်ယောက်ထားတဲ့ ခံစားချက်တွေဟာ အေးစက်သွားနိုင်တယ်။

တစ်ဦးနဲ့တစ်ဦး ချစ်ဖို့ရာ လွယ်ကူပေမယ့် ပေါင်းသင်းဖို့ရာခက်ပါတယ်။ ချစ်ဖို့ သင်ယူရသလို သဘောထားကွဲလွဲမှုတွေကို ဖြေရှင်းနိုင်ဖို့ ပိုသင်ယူရပါမယ်။ မသင်ယူနိုင်ခဲ့ရင် ရန်ပွဲငြင်းခုန်မှုတွေက ဘယ်တော့မှ ပြီးပြတ်နိုင်မှာ မဟုတ်ဘဲ အဖန်တလဲလဲဖြစ်နေလိမ့်မယ်။

"Groundhog Day" ဇာတ်ကားထဲကလို Philဟာ စစချင်းမှာ ကိုယ်ကြုံရသမျှကို သံသယဖြစ်တယ်။ နောက်ပိုင်းမှာ စိတ်ဓာတ်ကျပြီး မျှော်လင့်ချက်ပါမဲ့သွားတယ်။ နောက်ဆုံးမှ ကိုယ့်ကြုံသမျှအဖြစ်အပျက်ကို လက်ခံပြီး ထင်မြင်ချက်ပေးတာတွေ ရပ်လိုက်တယ်။ မပြောင်းလဲဘဲ ထပ်တလဲလဲဖြစ်နေတဲ့ နေ့ရက်တွေမှာ ကိုယ့်ကိုယ်ပျော်ရွှင်အောင်နေပြီး သူတစ်ပါးကို ဂရုစိုက်ရင်း၊ ကူညီရင်းနဲ့ ဖြတ်ကျော်ခဲ့တယ်။ ချစ်ခြင်းမေတ္တာနဲ့ ရှေ့မတိုး နောက်မဆုတ်သာတဲ့အချိန်တွေကို ကျော်ဖြတ်ခဲ့ပါတယ်။

မူရင်း-- googlesearch or 親愛的,為什麼總是為同樣的事情吵?

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

Share/Bookmark

Thursday, August 05, 2010

20 Things I Want My Kids to Know


20 Things I Want My Kids to Know by Hal Urban

ဒီစာအုပ်ကို Dr.Hal Urban က သူ့ရဲ့စာသင်နှစ်(၂၇)နှစ်နဲ့ သူရှင်သန်ခဲ့တဲ့နှစ်(၅၀) အတွေ့အကြုံတွေကို ပေါင်းစုပြီး လူ့ဘ၀မှာ အရေးပါဆုံးအချက်(၂၀)အဖြစ် ရေးသားထားတာဖြစ်တယ်။ မျက်မှောက်ခေတ် ပညာရေးနယ်ပယ်မှာ ဘ၀ပညာရေးနဲ့ အကျင့်စရိုက်ဖွံ့ဖြိုးမှု သွန်သင်မှုတွေနည်းလာတာကြောင့် ဒီစာအုပ်က လူငယ်လူရွယ်တွေအတွက် ဘ၀အဓိပ္ပာယ်ကို သိနားလည်ဖို့၊ အရည်အချင်းတွေ ထုတ်ဖော်နိုင်ဖို့၊ မှန်ကန်တဲ့စိတ်နေသဘောထားရှိဖို့နဲ့ ရွှေရောင်အနာဂတ်တွေ ပိုင်ဆိုင်ဖို့ အထောက်အကူဖြစ်စေမယ်လို့ သူမျှော်လင့်တယ်လို့ ဆိုထားပါတယ်။

ဒီစာအုပ်ရေးရခြင်းရဲ့ အကြောင်းရင်းကို စာရေးဆရာက ခုလိုထုတ်နုတ်ဖော်ပြထားပါတယ်။

(၁) လူငယ်တွေကို ကျွန်တော်ချစ်လို့၊ သူတို့ရဲ့ဘ၀တွေ သိနားလည်ဖို့ မလွယ်ကူလို့။
(၂) ကျောင်းမှာ "ဘယ်လိုရှင်သန်ရမယ်"၊ "လူ့ဘ၀အခြေခံလိုအပ်ချက်"တွေ မသင်လို့။
(၃) လူငယ်တွေဟာ ကိုယ့်အရည်အချင်းတွေ ထုတ်ဖော်နိုင်ဖို့ ပြင်ပလောကရဲ့ အကူအညီ လိုအပ်လို့။
(၄) အမှန်တရားဆိုတာ ဘယ်တော့မှ ရက်လွန်ဒိတ်မရှိလို့ဖြစ်တယ်။


အုပ်ထိန်းသူ မိဘတွေနဲ့မျှဝေနိုင်ဖို့ သူရေးခဲ့တဲ့အချက် (၂၀)ကို ဖော်ပြလိုက်ပါတယ်။

(၁) အောင်မြင်ခြင်းဆိုတာ ရယူခြင်းမဟုတ်ဘူး လုပ်ဆောင်ခြင်းဖြစ်တယ်

အောင်မြင်ခြင်းဆိုတာ ကျွန်တော်တို့လုပ်နိုင်သလောက် အကောင်းဆုံးလုပ်တာဖြစ်တယ်။
အောင်မြင်ခြင်းဆိုတာ လုပ်ဆောင်ခြင်းဖြစ်တယ်။ ရယူခြင်းမဟုတ်ဘူး။
ကြိုးစားတာဖြစ်တယ်၊ အောင်နိုင်တာမဟုတ်ဘူး။ (Wynn Davis)


(၂) လူ့ဘ၀က ခက်ခဲပင်ပန်းတယ်

လူ့ဘ၀မှာ ပြဿနာပေါင်း သောင်းခြောက်ထောင်ရှိတယ်။ အဲဒီပြဿနာတွေကို ကျွန်တော်တို့ညည်းညူမှာလား? ဖြေရှင်းမလား? (M. Scott Peck)


(၃) လူ့ဘ၀က ပျော်စရာတွေနဲ့ပြည့်နေတယ်

ရင်ဖွင့်ပြီးရယ်မောတယ်ဆိုတာ လူတွေရဲ့မွေးရာပါ အဆင့်အမြင့်ဆုံးအတတ်ပညာဖြစ်တယ်။ (Norman Cousins)


(၄) ရွေးချယ်ခြင်းကို မှီခိုပြီး ကျွန်တော်တို့အသက်ရှင်တယ်

လူ့လောကထဲ လာမှာလားလို့ ဘုရားသခင်က ကျွန်တော်တို့ကို မမေးခဲ့ဘူး။ လူ့လောကထဲလာဖို့ ကျွန်တော်တို့မှာ ရွေးချယ်ခွင့်မရှိပေမယ့် ဘ၀မှာ ဘယ်လိုရှင်သန်မယ်ဆိုတာကိုတော့ ကျွန်တော်တို့ရွေးခွင့်ရှိခဲ့တယ်။ (Henry Ward Beecner)


(၅) စိတ်သဘောထားဆိုတာ ရွေးချယ်ခြင်းတစ်မျိုးဖြစ်တယ်

လူ့ဘ၀မှာ ပိုင်ဆိုင်သမျှအရာအားလုံး လုယူနိုင်ပေမယ့် ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ် လုယူလို့မရတဲ့အရာတစ်ခုတော့ရှိတယ်။ အဲတာကတော့ ကိုယ်ရွေးချယ်တဲ့ စိတ်နေသဘောထားနဲ့ လွတ်လပ်မှုပဲဖြစ်တယ်။ (Viktor Frankl)


(၆) အကျင့်စရိုက်ဆိုတာ အောင်မြင်ခြင်းရဲ့သော့ချက်ဖြစ်တယ်

အောင်မြင်သူနဲ့ ရှုံးနိမ့်သူကြားမှာ မတူညီတဲ့အချက်တစ်ချက်ရှိတယ်။ အဲတာကတော့ မတူညီတဲ့ အကျင့်စရိုက်ဖြစ်တယ်။ (Og Madino)


(၇) ကျေးဇူးတုန့်ပြန်ခြင်းဆိုတာ အရမ်းကောင်းတဲ့အကျင့်ဖြစ်တယ်။

ကိုယ့်မှာမရှိတဲ့အရာတွေနဲ့ အပြစ်မဆိုပါနဲ့.... ကိုယ်မှာရှိတဲ့အရာတွေကို တန်ဖိုးထားပါ။ (H. Stanley Judd)


(၈) လူ့ဘ၀ကို ရိုသေလေးစားခြင်းပေါ်မှာ အခြေခံထားပါ

ဘယ်လိုအကြောင်းအရာ၊ အခြေအနေမှာပဲဖြစ်ဖြစ် တခြားလူကိုယ့်ကိုယ် ဘယ်လိုပြုမှုဆက်ဆံစေချင်တယ်ရင် ကိုယ်လည်း ဘယ်လိုပြုမှုဆက်ဆံပါ။ (Matthew Chapter 7 Lesson 12)


(၉) ရိုးသားခြင်းဆိုတာ အကောင်းဆုံးနည်းဗျူဟာဖြစ်တယ်

အပြည်ပြည်ဆိုင်ရာ လူမှုဆက်ဆံရေးမှာပဲဖြစ်ဖြစ်၊ လူလူချင်းဆက်ဆံရေး၊ အလုပ်သမား၊ ကုန်သည်ပွဲစား၊ ပညာရေး၊ မိသားစုနဲ့ ဒုစရိုက်နိမ်နင်းရာမှာပဲဖြစ်ဖြစ် ရိုးသားခြင်းက အကောင်းဆုံးနည်းဗျူဟာဖြစ်တယ်။ ရိုးသားခြင်းက လူအချင်းချင်းဆက်ဆံရေးကို အထိရောက်ဆုံး၊ အကြာရှည်ဆုံး ထူထောင်ပေးတဲ့ အခြေခံအုတ်မြစ်ဖြစ်တယ်။ (Ramsey Clark)


(၁၀) ညင်သာပြေပြစ်တဲ့ အပြောအဆိုက အရာအားလုံးကို အောင်နိုင်တယ်

လောကကြီးမှာ ကောင်းမွန်တဲ့အားပေးစကားလောက် အင်အားကြီးတဲ့အရာမရှိဘူး။ အပြုံးလေးတစ်ပွင့်၊ ပျော်ရွှင်စေတဲ့ စကားလေးတစ်ခွန်း၊ မျှော်လင့်ချက်ပြည့်တဲ့ စကားတွေက တစ်ဘက်သားကို ခွန်အားဖြစ်စေတယ်။ အခက်အခဲနဲ့ ရင်ဆိုင်ကြုံတွေ့တဲ့အခါ "မင်း လုပ်နိုင်တယ်" ဆိုတဲ့ စကားတစ်ခွန်းကို ပြောပေးပါ။ ( Richard M. Devos)


(၁၁) စစ်မှန်တဲ့ အရင်းခံက ရင်ထဲကလာတာဖြစ်တယ်

သင်ဟာ မည်သူမည်ဝါဖြစ်ဖြစ်၊ အသက်ဘယ်လောက်ကြီးကြီး တကယ်လို့ အောင်မြင်ခြင်းကို တစ်သက်ပိုင်ဆိုင်ချင်တယ်ဆိုရင် ရည်မှန်းချက်ပန်းတိုင်ကို တကယ့်ရင်ထဲမှာ အရင်းခံသင့်တယ်။ (Panl J. Meyer)


(၁၂) ရည်မှန်းချက်ဆိုတာ စိတ်ကူးအိပ်မက်ရဲ့ အောက်ခြေမျဉ်းဖြစ်တယ်

ရည်မှန်းချက်ရှိသူတွေ အောင်မြင်တယ်ဆိုတာ သူတို့ဟာ ဘယ်ကဘယ်လို ရှေ့ဆက်လှမ်းရမယ်ဆိုတာကို သိလိုဖြစ်တယ်။ (Earl Nightingale)


(၁၃) ကြိုးကြိုးစားစား လုပ်ဆောင်ခြင်းက ဘာနဲ့မှနှိုင်းလို့မရဘူး

ဘ၀အတွက် အကောင်းဆုံးဆုလဒ်က "ထိုက်တန်တဲ့အလုပ်ကို ကြိုးကြိုးစားစားလုပ်ဆောင်နိုင်တဲ့ အခွင့်အရေးပဲဖြစ်တယ်" (Theodore Roosevelt)


(၁၄) ရယူခြင်းရှိသလို ဆုံးရှုံးခြင်းလည်းရှိတယ်

ကိုယ်ဘာကိုလိုချင်သလဲ ဆုံးဖြတ်ပါ၊ ဘာနဲ့ ကိုယ်လှဲလှယ်နိုင်မလဲ ဆုံးဖြတ်ပါ။ အစီအစဉ်တွေ ရှင်းရှင်းလင်းလင်းချပါ။ ပြီးရင် စပြီး အလုပ်လုပ်ပါ။ (H. Lamar Hunt)


(၁၅) အောင်မြင်သူတွေက အချိန်တွေကို ဖန်တီးတယ်

အချိန်ဆိုတာ ဘ၀ဖြစ်တယ်။ ပြောင်းပြန်မစီးဘူး၊ နောက်တစ်ကျောပြန်မလာဘူး။ အချိန်ဖြုန်းနေတာဟာ ဘ၀ဖြုန်းနေတာပဲဖြစ်တယ်။ အချိန်ကို ဖမ်းဆုပ်တာဟာ ဘ၀ကို ဖမ်းဆုပ်တာပဲဖြစ်တယ်။ ဘ၀ကို ပြည့်ပြည့်၀၀ အသုံးချတာဖြစ်တယ်။ (Alan Lakein)


(၁၆) မိမိကိုယ်ကိုယ် လေးစားမှုဆိုတာ အောင်မြင်မှုတစ်မျိုးဖြစ်တယ်

မိမိကိုယ်ကိုယ်လေးစားမှုဆိုတာ သင့်ရင်ထဲ အနက်ရှိုင်းဆုံးနေရာကလာတဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးဖြတ်မှုတစ်ခုဖြစ်တယ်။ (Denis Waitley)


(၁၇) စိတ်ဓာတ်တစ်ခု ကြီးပြင်းရှင်သန်ဖို့ အာဟာရနဲ့ လေ့ကျင့်မှုတွေလိုတယ်

ခန္ဓာကိုယ်နဲ့ စိတ်ရဲ့သဟဇာတဖြစ်မှုက ကျွန်တော်တို့နဲ့ကျွန်တော်တို့ရဲ့ ကျန်းမာရေးကို အဆုံးအဖြတ်ပေးတယ်။ (Dr. Carl Thoresen)


(၁၈) လူတိုင်းမှာ ရှုံးနိမ့်တဲ့အတွေ့အကြုံရှိတယ်

တကယ်လို့ ရှုံးနိမ့်ခြင်းကို သင်လက်ခံနိုင်ရင် ရှုံးနိမ့်ခြင်းထဲကနေ သင် သင်ယူပါ။ တကယ်လို့ ရှုံးနိမ့်ခြင်းဆိုတာ အရောင်ခြယ်ထားတဲ့ပျော်ရွှင်မှုလို့ သင်ယုံကြည်ရင် ရှုံးနိမ့်ခြင်းထဲကနေ အကောင်းကို ရှာယူပါ။ အောင်နိုင်ခြင်းရဲ့ အခြေခံနဲ့စွမ်းရည်ကို သင်ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။ (Joseph Sugarman)


(၁၉) လူ့ဘ၀အခြေခံတရားတွေကို စိတ်ပါလက်ပါ တွေ့ကြုံခံစားပါ

ဒါဟƞ