Monday, November 29, 2010

ကြော်ငြာ (၇၉)


Nikol ရဲ့ Baking Dish ကြော်ငြာလေးပါ။ Treat your food to something good တဲ့။ အစားအစာကို ဖြစ်ကတတ်ဆန်းမဟုတ်ဘဲ သူ့တံဆိပ်ဇလုံနဲ့ ကောင်းကောင်းမွန်မွန် ဆက်ဆံခိုင်းပုံရတယ်။ ဇလုံထဲကကြက်တောင် ရေချိုးကန်ထဲရောက်နေသလို ဇိမ်ခံလို့...


Kit Kat ချောကလက် ကြော်ငြာလေးပါ။ ချောကလက်ရောင် ဆေးသုတ်ထားတဲ့ ထိုင်ခုံက တကယ့်ချောကလက်လို စားချင်စရာ...

iPod... ငါ မင်းအဖေပါတဲ့။ Kiss FM ကြော်ငြာလေးပါ။ တိတ်ခွေက iPodမထွက်ခင်ထွက်ခဲ့တာဆိုတော့ သူ့အဖေဖြစ်လောက်မှာပါလေ...

Softlan Ultra အဝတ်နူးညံ့ဆေးကြော်ငြာပါ။ နပန်းသတ်ဖို့တောင် မေ့နေပြီ....

WMF ဓားကြော်ငြာပါ။ ဓားဘယ်လောက်ထက်ကြောင်း ကြော်ငြာထားပါတယ်။ ဟင်းတစ်ခါချက်ရင် စဉ်းတုံးတစ်ခါ လဲရမယ့်ပုံပဲ....

Scotch Tape ကြော်ငြာလေးပါ။ Tape ဘယ်လောက်ခိုင်ခန့်ကြောင်း ကြော်ငြာထားပါတယ်။


denver water ရဲ့ ပိုက်ပျော့ကြော်ငြာပါတဲ့...


သူတို့ကသူတို့ရဲ့ ကုန်ပစ္စည်းကို ကြော်ငြာပါတယ်။
ကျွန်မက သူတို့ရဲ့အတွေးစိတ်ကူးကို မျှဝေပါတယ်။

နိုင်းနိုင်းစနေ


Share/Bookmark

Sunday, November 28, 2010

လောင်းရိပ်ပန်းများ ပွင့်လန်းစေသူ


"လောင်းရိပ်ပန်း"ဆိုသူ ပေးပို့လာတဲ့ စာလေးတစ်ပုဒ်ပါ။ သူ့ငယ်စဉ်ဘဝ ခံစားချက်တချို့လို့ဆိုထားပါတယ်။ ဘလော့ပေါ်တင်ပြီး မျှဝေပါဆိုလို့ မျှဝေလိုက်ပါတယ်။ အားပေးကြပါဦးလို့....


လောင်းရိပ်ပန်းများ ပွင့်လန်းစေသူ

လောကတွင် လောင်းရိပ်ဖန်တီးသူများရှိသလို လောင်းရိပ်မိနေသူများကို ခက်ခက်ခဲခဲပြုစုကာ မြေတောင်မြောက်ပေးသူများလည်း ရှားရှားပါးပါး ရှိနေတတ်ပါသည်၊ ထိုသူများအဖို့ လွယ်ကူလှသည် မဟုတ်ပါ၊ ပြုစုသူကိုယ်တိုင် လောင်းရိပ်အောက်ကို ဝင်ရပေမည်၊ ထိုအခါ လောင်းရိပ်ဖန်တီးသူ၏ ထိုးနှက်ချက်များနှင့်အတူ စိတ်သောကရောက်စရာ စိတ်ပျက်စရာများ ရှိလာရမည် မဟုတ်ပါလား၊ ကိုယ်ကျိုးစွန့်နိုင်စွမ်း အနစ်နာခံနိုင်စွမ်းရှိမှသာ လုပ်ဆောင်နိုင်ကြပေမည်။ အမေသည် ထိုသို့သော မြင့်မြတ်လှသည့် သူတစ်ယောက် ဖြစ်ခဲ့ပါသည်။

အမေသည် နူးညံ့သိမ်မွေ့သော မြန်မာပီသသည့် မိန်းခလေးဖြစ်ပြီး အေးချမ်းစွာနေထိုင်ချင်သူဖြစ်သည်။ သို့ပါသော်လည်း သူ့အိမ်ထောင်သည် ဘဝသည် လောင်းရိပ်ဖန်တီးသူ၏ ထိုးနှက်ချက်များကြောင့် စိတ်ညီးညူးဖွယ်အတိ ဖြစ်ခဲ့ရသည်။ အမေသည် စကားနည်း၍ သည်းခံခွင့်လွတ်တတ်သလောက် လောင်းရိပ်ဖန်တီးသူ အဖေသည်ကား ဆန့်ကျင်ဖက်တည်း။ အမေသည် ကားလမ်းပင်မပေါက်နိုင်သော ဇနပုဒ်တောရွာကလေးတွင် ကြီးပြင်းလာသူဖြစ်ပြီး ရိုးသားကြိုးစားသူဖြစ်သည်။ မည်မျှပင်ကြိုးစားသူ ဖြစ်စေကာမူ ရနိုင်သည့် အခွင့်အရေး မရှိသည်ကို မည်သို့ရယူနိုင်မည်နည်း။

တောင်ကြီးဖဝါးအောက် ဆိုသော်လည်း တောင်ရှိမှ ဖဝါးအောက်ရောက်နိုင်မည် မဟုတ်ပါလော။ ထို့ကြောင့် ထိုတောရွာကလေးနှင့် အနီးဆုံးတွင်ရှိသည့် တစ်ခုတည်းသော မူလတန်းကျောင်းကိုသာ ပြီးဆုံးအောင် တက်နိုင်ခဲ့သည်။


အဖေသည်ကား သူနေထိုင်သည့် နေရာနှင့်အညီ ရရှိနိုင်သော အမြင့်ဆုံးပညာကို ရယူနိုင်ခဲ့သည်။ ထိုသို့ ကွာခြားလှသည့် အခြေအနေများစွာ ဖန်တီးခံထားရသော အဖေနှင့်အမေ အကြောင်းပါခဲ့ခြင်းသည် ထိုအိမ်ထောင်စုအတွက် မောဟဒေါသများ ဖြစ်စေနိုင်သော အချက်တစ်ခုပင်ဖြစ်သည်။


အမေသည် သားကိုဘုရင် လင်ကိုဘုရားဆိုသည့် ဆိုရိုးစကားအတိုင်း ကျင့်ကြံနေထိုင်ခဲ့သူဖြစ်ပြီး၊ အဖေနှင့် ကျွန်တော်တို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးသူ တစ်ယောက်အနေဖြင့်သာ အသက်ရှင် ရပ်တည်ခဲ့သည်။ သို့သော်လည်း အဖေ့ဒေါသများ အမြင့်မားဆုံး စုပုံကျရောက်ရာ ဗဟိုနေရာမှာ အမေ့အပေါ် တည်ရှိခဲ့ရုံသာမက၊ ကျွန်တော်တို့မောင်နှမများ မသိနားမလည်တတ်မှုကြောင့်လည်း နေ့စဉ်လိုလို စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲ ဖြစ်ခဲ့ရသည်။

ကျွန်တော်တို့အိမ်သည် မောင်နှမများစွာရှိသော မိသားစုဖြစ်သော်လည်း ပျော်ရွှင်စွာ ခုန်ပေါက်ပြေးလွားသံများ ကြားရလေ့မရှိဘဲ၊ ညစဉ်လိုလို အိပ်ရာဝင်ချိန်တိုင်း အဖေ့ဒေါသကို တနည်းမဟုတ်တနည်းဖြင့်သာ ကြားနေရလေ့ရှိသည်။ အဖေသည် ဒေါသထွက်တိုင်း အိပ်နေသည့်သူများ မအိပ်ရလေအောင် ထောင်ထားသော ခြင်ထောင်များ ဆွဲဖြတ်ခြင်း၊ ပန်းကန်ခွက်ယောက်များ ခွဲပြစ်ခြင်း စသည့် စိတ်ညစ်ဖွယ်များ ဖန်တီးရုံသာမက၊ မထင်ရင်မထင်သလို ရိုက်နှက်တတ်သည်ပင်၊ ထိုအခါမျိုးတွင် အမေနှင့်တကွ ကျွန်တော်တို့မောင်နှမအားလုံးသည် ထောင့်တစ်နေရာ အသီးသီးတွင် ငြိမ်ကုတ်နေရလေ့ ရှိသည်။ မည်သည့်ပြဿနာဖြစ်ဖြစ် သူကိုယ်တိုင်လဲ ကျိုးသင့်ကြောင်းသင့်ရှင်းမပြ၊ ပြန်လည်ပြောဆို ခွင့်လဲမပေး၊ ပြန်ပြောသူသည် သေဒဏ်ပေးထိုက်သည်ဟု မှတ်ယူနေဟန် တူပါသည်။


ကျွန်တော်တို့ဘက်မှ ရပ်တည်ပေးလေ့ရှိသည့်အမေမှာ အဆိုးဆုံးခံရသည့်အကြောင်း ပြောစရာမလိုပါ။ အမေကိုယ်တိုင် ဆဲဆိုကြိမ်းမောင်းခံရခြင်းနှင့် ရိုက်နှက်ခံရခြင်းများ ရှိနေစေကာမူ၊ အမေသည် အဖေ့ ကောင်းချက်များကို ရှာဖွေဖန်တီးခြင်းတစ်မျိုး၊ ဘာသာရေးနှင့် ဆုံးမခြင်းတစ်ဖ၊ုံ ဖခင်အား မုန်းတီးခြင်း မပေါ်ပေါက်စေရန် နည်းမျိုးစုံဖြင့် ကာကွယ်ပေးလေ့ရှိပြီး၊ လောင်းရိပ်မိနေသူ ကျွန်တော်တို့အတွက် အလင်းပြသူတစ်ယောက်အဖြစ် မိသားစုမပြိုကွဲအောင် ထိမ်းသိမ်းနေထိုင်ခဲ့သည်။ သူကိုယ်တိုင်ပင် သေကြောင်းကြံစည်ခဲ့ဖူးကြောင်း၊ ကျွန်တော်တို့မျက်နာကြောင့် အောင်မြင်အောင် မလုပ်နိုင်ကြောင်း၊ အမေ ကျွန်တော့်ကိုပြောပြဖူးသည်။ ထိုစကားကို ကျွန်တော်သတိရတိုင်း ရင်နင့်စွာခံစားခဲ့ရဖူးပါသည်။ အမေသည် ငြိမ်းချမ်းမှုကို တစ်ဦးတည်း ရှာဖွေနိုင်သည့်တိုင် မိသားစုတွင်းမှ ထွက်ခွာမသွားပါ။ ကျွန်တော်တို့ မောင်နှမများသည်သာ မိသားစုကို ထိန်းသိမ်းရန် မစဉ်းစားမိဘဲ၊ ပညာမစုံခင်မှာပင် မိသားစုအတွင်းမှ အသီးသီး ထွက်ခွာလာခဲ့ကြပါသည်။

အားလုံးအသီးသီး ထွက်ခွာသွားကြပြီးသည့် နောက်ဆုံး အမေသည်လည်း ထွက်ခွာသွားပါတော့သည်။ အမေထွက်ခွာသွားသည့် နေရာသည်ကား ကျွန်တော်တို့ကဲ့သို့မဟုတ်။ အမေ့အတွက် ငြိမ်းချမ်းးရာကို ဦးတည်နိုင်သည့် လူ့လောကမှ ထွက်ခွာသွားခြင်းဖြစ်သည်။ အမေရှိစဉ်က အမေ့အတွက် ကျွန်တော်မျက်ရည် အကြိမ်ကြိမ် ကျခဲ့ဖူးသော်လည်း အမေဆုံးပါးချိန်တွင်မူ မျက်ရည်မကျခဲ့မိပါ။ ငြိမ်းချမ်းမှုကို အမေရရှိသွားပြီဟု နားလည်ပေးလိုက်လို့လား ကျွန်တော်ကိုယ်တိုင် မစဉ်းစားတတ်တော့ပါ....


လောင်းရိပ်ပန်း
(ဘဝအနစ်နာခံ၍ ကိုယ်ကျိုးစွန့်သူ အမေများကို ဂုဏ်ပြုသောအားဖြင့် ထုတ်ဖော်ပါသည်)


Share/Bookmark

ယနေ့ ရှော့ပင်းထွက်သည်


ဒီနေ့မှာ ကြားဖူးနားဝစကားတစ်ခွန်းဖြစ်တဲ့ "ခရစ္စမတ်ရှော့ပင်း"ကို လုပ်ဖြစ်တယ်။ တကယ်တော့ လိုအပ်တာတွေသွားဝယ်တာပါ။ ခရစ္စမတ်နားနီးနေလို့ ခရစ္စမတ်ရှော့ပင်းလို့ ကိုယ့်ကိုကိုယ် မရမက သတ်မှတ်လိုက်ပါတယ်။ (သည်းခံပေးပါ)

ခရစ္စမတ်နားနီးလို့ ပစ္စည်းတွေကို ၅ဝ%ဈေးလျော့ပါသတဲ့။ ခေါင်းလောက်လျော့တာ လည်ပင်းနားရောက်ပါတယ်။ လည်ပင်းလောက်လျော့တော့ လည်တိုင်နားရောက်ပါတယ်။ ၂ဝဝတန်ပစ္စည်းကို တစ်ဝက်လျော့တော့ ၁ဝဝကျန်တယ်။ မဝယ်နိုင်ပါဘူး။ ၁ဝဝတန်ကို တစ်ဝက်လျော့တယ်။ ဒါလည်း မဝယ်နိုင်သေးပါဘူး။ နောက်ဆုံးမှာ ၃ဝတန်ကို တစ်ဝက်လျော့တဲ့ အထည်လေးတွေပဲ ကောက်ယူလာခဲ့တယ်။ ကိုယ်တန်ရာတန်ရာပေါ့။ ခပ်တည်တည်ပဲ...


ဒါလေးတွေမြင်တော့ စင်ကာပူက ရှော့ပင်းကြိုက်တဲ့ အစ်မကြီးတစ်ယောက်ကို သွားသတိရမိတယ်။ သူကဝယ်ပြီး လူတွေကို လက်ဆောင်ပြန်ပြန်ပေးတတ်တော့ သူသာပါရင် ဒီထဲကပစ္စည်းတစ်ခုခုတော့ သူ့ဆီက ကိုယ်လက်ဆောင်ပြန်ရမှာ သေချာနေတယ်။ ခုတော့ လှည့်ပြန်ကြည့် လှည့်ပြန်ကြည့်ပဲ လုပ်ခဲ့တယ်။

ဒါလေးစားတော့ စင်ကာပူက ဘာဂါကြိုက်တဲ့ အစ်မကြီးတစ်ယောက်ကို သွားသတိရမိပြန်တယ်။ သူက အပြင်ထွက်တိုင်း ဘာဂါဆိုတာကြီးပဲ။ သူသာပါရင် အအေးလေးတော့ ကိုယ်ကပ်သောက်ရအုန်းမယ်။ ခုတော့ ဘာဂါကို ဒီအတိုင်း ရေနဲ့မျိုချခဲ့တယ်။

ခရစ္စမတ်နားနီးတော့ ဘယ်နားကြည့်ကြည့် နီနီ၊ စိမ်းစိမ်း၊ ဖြူဖြူ အပြင်အဆင်တွေကို တွေ့ရတယ်။


လိုအပ်တာလေး လက်တစ်ဆွဲစာလောက် ဝယ်ခဲ့ပြီး "Tangled"ဆိုတဲ့ ကာတွန်းကားကို သွားကြည့်ဖြစ်တယ်။ ကာတွန်းကားဆိုပေမယ့် လာကြည့်တဲ့လူတွေထဲမှာ လူကြီးတွေ တော်တော်များတာကို တွေ့ရတယ်။
ကိုယ်လို့ပဲ ကာတွန်းကားကြိုက်သူတွေ ဖြစ်လိမ့်မယ်။ ရုပ်ရှင်ကြည့်ဖြစ်တော့လဲ စင်ကာပူက ရုပ်ရှင်ကြိုက်တဲ့ အစ်မကြီးကို သွားသတိရမိပြန်တယ်။ သူသာပါရင် ဒီရုပ်ရှင်အကြောင်းကို ကိုယ်ရေးစရာ မလိုတော့ဘူးလေ။ ဒါပေမယ့်လည်း မရေးတော့ပါဘူး... "Tangled"ဆိုတဲ့ 3Dရုပ်ရှင်ကို ကြည့်ဖြစ်အောင် ကြည့်ကြပါလို့ပဲ တိုက်တွန်းလိုက်တော့မယ်း)

နိုင်းနိုင်းစနေ


Share/Bookmark

Saturday, November 27, 2010

သားချစ်အတွက် ပေးစာ


သားချစ် (Seth)

သားအသက် အခုမှ(၃)နှစ်ပဲရှိသေးတော့ သားစာမဖတ်တတ်သေးဘူး။ ဒီစာထဲမှာ သားကိုဖေဖေပြောပြချင်တဲ့ အကြောင်းအရာတွေကို သားပိုလို့နားလည်သေးမှာ မဟုတ်ဘူး။ ဒါပေမယ့် သားရင်ဆိုင်ကြုံတွေ့လာရမယ့်ဘဝနဲ့ ဖေဖေရဲ့ဘဝအခြေအနေ၊ ဖေဖေသင်ခဲ့တာတွေ ဒါတွေကို ဖေဖေအချိန်ယူပြီး တွေးတောခဲ့တယ်။ သားရင်ဆိုင်ကြုံတွေ့လာရမယ့် အခက်အခဲတွေကို ကြိုတင်ပြင်ဆင်နိုင်ဖို့ ဖခင်တစ်ဦးဖြစ်တဲ့ ဖေဖေ့မှာ တာဝန်ရှိတယ်လို့ ဖေဖေထင်တယ်။

စာထဲကအကြောင်းအရာကို ဒီကနေ့ သားနားလည်သေးမှာ မဟုတ်ဘူး။ ဒါပေမယ့် တစ်ချိန်ချိန် သားကြီးပြင်းလာတဲ့အခါ ဖေဖေမျှဝေခဲ့တဲ့ အကြောင်းအရာတွေထဲကနေ အသိပညာနဲ့ တန်ဖိုးတချို့ကို သားရှာတွေ့နိုင်မယ်လို့ ဖေဖေမျှော်လင့်တယ် သား။

သား အသက်ငယ်သေးတယ်။ ဘဝက သားကို စမဖျက်ဆီးသေးဘူး။ သားရဲ့ဘဝခရီးလမ်းပေါ်ကို စိတ်ပျက်ခြင်း၊ ကြေကွဲခြင်း၊ အထီးကျန်ခြင်း၊ ရုန်းကန်ခြင်း၊ နာကျင်ခြင်းတွေနဲ့ မခင်းကျင်းထားသေးဘူး။ ငြီးငွေ့စရာကောင်းတဲ့ ကာလကြာအလုပ်တွေနဲ့ နေ့စဉ်ဘဝ ရိုက်နှက်ချက်တွေက သားကို လက်ပန်းမကျစေသေးဘူး။

ဒီ့အတွက် ကျေးဇူးတင်ပါ။ ဘဝရဲ့အလှဆုံးအဆင့်တစ်ဆင့်မှာ သားရောက်နေပါတယ်။ ဒီလိုလှပတဲ့ အဆင့်တွေကို ဘဝမှာ သားကြုံတွေ့ရဦးမှာပါ။ ဒါပေမယ့် ဒါတွေကို လွယ်လွယ်မရနိုင်ဘူးသား။ ထိုက်သင့်တဲ့တန်ဖိုးနဲ့ စွန့်စားမှုတွေကို ပေးဆပ်မှရနိုင်လိမ့်မယ်။

ဖေဖေမျှဝေပေးမယ့် ဖေဖေသင်ယူခဲ့တဲ့ အကောင်းဆုံးအရာတွေက သားရဲ့ဘဝခရီးလမ်းကို အထောက်အကူပြုလိမ့်မယ်လို့ ဖေဖေမျှော်လင့်တယ် သား။ အကြံဉာဏ်တွေကိုတော့ အစာပလာ(ဟင်းခတ်အမွှေးအကြိုင်)လို့ပဲ သဘောထားလိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ဖေဖေနဲ့သင့်တော်တယ်ဆိုတိုင်း သားနဲ့အသုံးတည့်နိုင်မှာ မဟုတ်ဘူးလေ။


ဘဝက ရက်စက်နိုင်တယ် Life Can Be Cruel

သားရဲ့ဘဝထဲမှာ မကောင်းသူတွေလည်း ရှိနိုင်တယ်။ သူတို့နဲ့အသွင်မတူလို့ ဒါမှမဟုတ် ဒီထက်ကောင်းတဲ့အကြောင်းပြချက် မရှိလို့ဆိုပြီး သားကို သူတို့ကဲ့ရဲ့လှောင်ပြောင်ကြလိမ့်မယ်။ သားကို သူတို့ အနှိမ်ကျင့်ကောင်း ကျင့်မယ်။ ဒါမှမဟုတ် ထိခိုက်နာကျင်စေအောင် လုပ်မယ်။

ဒီလိုလူမျိုးတွေနဲ့ သင့်မြတ်အောင်နေဖို့ သင်ယူရုံမှတစ်ပါး သားမှာတခြားလုပ်နိုင်တာ မရှိတော့ဘူး သား။ တစ်ပြိုင်တည်းမှာပဲ သူငယ်ချင်း အပေါင်းအသင်းတွေကို သားရွေးတတ်ရမယ်။ သားအပေါ် တကယ်ကြင်နာတဲ့သူ၊ သားကို တကယ်ဂရုစိုက်သူတွေ၊ သားအပေါ်ကောင်းတယ်လို့ သားထင်တဲ့လူတွေကို သူငယ်ချင်းလုပ်ပါ။ ဒီလိုသူငယ်ချင်းမျိုး သားရှာတွေ့ရင် ဒီခင်မင်မှုကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားပါ။ သူတို့ကို တန်ဖိုးထားပါ။ သူတို့နဲ့ အတူနေဖို့ အချိန်ပေးပါ။ သူတို့အပေါ်ကောင်းပါ။ ချစ်မြတ်နိုးပါ။

တစ်ခါတလေမှာ အောင်မြင်မှုအစား စိတ်ပျက်အားငယ်တာတွေနဲ့ သားကြုံတွေ့ရလိမ့်မယ်။ ဘဝဆိုတာ သားဖြစ်ချင်တဲ့အတိုင်း အမြဲတမ်း အဆင်ပြေချောမွေ့နေမှာ မဟုတ်ဘူး။ ဒါဟာ နောက်ထပ် သားသင်ယူ၊ ဆက်ဆံရမယ့် အရာပါ။ ဒီအရာတွေက သားကို ချောက်နက်ထဲတွန်းချနေသည့်တိုင် သားတောင့်ခံပြီး ရှေ့ဆက်ရမယ်။ စိတ်ပျက်အားငယ်ခြင်းတွေကို လက်ခံပြီး ကြံ့ခိုင်ခြင်းကို သင်ယူရမယ်။ မထင်မှတ်ဘဲ ကျရောက်နိုင်တဲ့ အန္တရာယ်တွေကိုမမူဘဲ သားရဲ့စိတ်ကူးအိပ်မက်ကို အကောင်အထည်ဖော်နိုင်ရမယ်။ အပျက်သဘောကို အပြုသဘောအဖြစ် ပြောင်းလဲတတ်ဖို့ သင်ယူနိုင်ရမယ်။ အဲဒီနောက်မှာတော့ ဘဝရဲ့အကောင်းဆုံးတွေကို သားလုပ်နိုင်ပါလိမ့်မယ်။

သားဘဝမှာ သားချစ်တဲ့ချစ်သူရဲ့ အသဲခွဲခြင်း၊ စွန့်လွတ်ခြင်းတွေကို သားခံရလိမ့်ဦးမယ်။ ဒီလိုကိစ္စမျိုးနဲ့ သားသိပ်မကြုံတွေ့ရဖို့ ဖေဖေမျှော်လင့်ပါတယ်။ တကယ်လို့ ကြုံလာခဲ့ရင်၊ ရွေးချယ်ခွင့်မရခဲ့ရင်လည်း နောက်တစ်ကြိမ် ဒဏ်ရာတွေကို ဖြေးဖြေးချင်းကုစားပြီး ဘဝလမ်းကို သားဆက်လျှောက်ပါ။ ပိုကောင်းတဲ့ဘဝလမ်းကိုရောက်ဖို့ ဒီဒဏ်ရာ၊ ဒီနာကျင်မှုတွေကို လမ်းခင်းကျောက်လို သဘောထားပြီး မိမိကိုယ့်ကိုယ် ကြံ့ခိုင်သန်မာဖို့ သင်ယူပါ။


ဘာအကြောင်းပဲဖြစ်ဖြစ် အတောင်ပံဖြန့်ပြီး ဘဝကိုပွေ့ဖက်ပါ
But Be Open to life Anyway


ဟုတ်ပါတယ်။ ဘဝခရီးလမ်းတစ်လျှောက်မှာ ရက်စက်မှုတွေ၊ ဆင်းရဲဒုက္ခတွေနဲ့ သားကြုံတွေ့နိုင်ပါတယ်။ ဒါပေမယ့် ဒီအရာတွေကြောင့် လတ်ဆတ်တဲ့အသစ်အဆန်းတွေကို သားမငြင်းပယ်မိပါစေနဲ့။ ဘဝကို အရှုံးမပေးနဲ့။ မပုန်းရှောင်နဲ့။ ကိုယ့်ကိုယ် မပိတ်လှောင်နဲ့။ အသစ်အဆန်းတွေကို ပွေ့ဖက်ပါ။ အတွေ့အကြုံသစ်ကို ယူပါ။ မိတ်ဆွေသစ်တွေကို လက်ခံပါ။

သား (၁ဝ)ကြိမ်အသဲကွဲကောင်း ကွဲလိမ့်မယ်။ ဒါပေမယ့် (၁၁)ကြိမ်မြောက်မှာ အကောင်းဆုံးမိန်းကလေးကို သားတွေ့နိုင်တယ်။ တကယ်လို့ အသဲကွဲလို့ဆိုပြီး အချစ်ရဲ့တံခါးအပြင်ဖက်မှာ ကိုယ့်ကိုယ် ပိတ်လှောင်သော့ခတ်ထားရင် အဲဒီမိန်းကလေးနဲ့ ဘဝမှာအပျော်ဆုံးအချိန်တွေကို သားလက်လွတ်သွားလိမ့်မယ်။

သားကြုံတွေ့ခဲ့ရသူတွေရဲ့ အလှောင်ပြောင်၊ အနိုင်ကျင့်တာကို သားခံရကောင်း ခံရလိမ့်မယ်။ ဒီလိုကို့ရို့ကားယားနိုင်တဲ့ လူတစ်ဒါဇင်လောက်နဲ့ တွေ့ကြုံပြီးရင် စစ်မှန်တဲ့ သူငယ်ချင်းကောင်းတစ်ယောက်ကို သားတွေ့ပါလိမ့်မယ်။ တကယ်လို့ သူငယ်ချင်းမိတ်ဆွေသစ်တွေနဲ့ သားမပေါင်းသင်းဘူး၊ ပွင့်ပွင့်လင်းလင်းလည်း မရှိဘူးဆိုရင် သားထိခိုက်နာကျင်ရလိမ့်မယ် မဟုတ်ဘူး။ ဒါပေမယ့် တစ်ပြိုင်တည်းမှာပဲ သားဘဝမှာ အခက်အခဲကြုံချိန် သားကို ကူညီဖေးမပေးမယ့်သူ၊ သားဘဝအတွက် အလှဆုံးအချိန်ကို သယ်ဆောင်လာပေးမယ့်သူ၊ ဒီလိုမယုံနိုင်စရာလူတချို့နဲ့ ခင်မင်ရင်းနှီးဖို့ အခွင့်အရေးကိုတော့ သားဆုံးရှုံးသွားလိမ့်မယ်။

အကြိမ်ပေါင်းများစွာ သားရှုံးနိမ့်လိမ့်မယ်။ ဒါပေမယ့် ရှုံးနိမ့်ဖို့ ခွင့်ပြုလိုက်ပြီး ဆက်မကြိုးစားခဲ့တော့ရင် ပြီးမြောက်အောင်မြင်ခြင်းရဲ့ အထွတ်အထိပ်က အောင်မြင်ခြင်းရဲ့ အရသာမျိုးကို သားခံစားရလိမ့်မယ် မဟုတ်ဘူး။ ရှုံးနိမ့်ခြင်းဆိုတာ အောင်မြင်ခြင်းရဲ့ လှေကားထစ်ပါ သား။

ဘဝဆိုတာ ပြိုင်ပွဲမဟုတ်ဘူး Life Isn't a Competition

ကျောင်းမှာ၊ တက္ကသိုလ်မှာ၊ အလုပ်မှာပဲဖြစ်ဖြစ် သားထက် ပိုသာလွန်ချင်တဲ့သူတွေကို သားကြုံတွေ့ရလိမ့်မယ်။ ပိုကောင်းတဲ့ကား၊ ပိုကြီးတဲ့အိမ်၊ ပိုကောင်းတဲ့အဝတ်အစား၊ ပိုမိုက်တဲ့ကစားစရာတွေကို သူတို့ပိုင်ဆိုင်ချင်ကြတယ်။ သူတို့အတွက် ဘဝဆိုတာ ပြိုင်ပွဲတစ်ခုလို ကိုယ့်ကိုယ်ပျော်ရွှင်ဖို့ တခြားလူထက် သာလွန်အောင် သူတို့ယှဉ်ပြိုင်ကြတယ်။

ဒီနေရာမှာ လျှို့ဝှက်ချက်တစ်ခုရှိတယ် သား။ ဘဝဆိုတာ ပြိုင်ပွဲမဟုတ်ဘူး။ ဘဝဆိုတာ ခရီးတစ်ခုပဲဖြစ်တယ်။ တကယ်လို့ ဒီခရီးမှာ တခြားသူ သဘောကျဖို့ပဲလုပ်မယ်၊ တခြားသူထက် သာလွန်ဖို့ပဲလုပ်မယ်ဆိုရင် ဒီခရီးကို သားဖြုန်းတီးနေမိပြီ။ ဆန့်ကျင်ဘက်အနေနဲ့ ဒီခရီးကိုနှစ်သက်အောင် သားသင်ယူပါ။ အပျော်ရွှင်ဆုံးခရီးဖြစ်အောင် လုပ်ပါ။ အမြဲတမ်း သင်ယူတဲ့ခရီးဖြစ်အောင် လုပ်ပါ၊ အမြဲတမ်း ချစ်ခြင်းမေတ္တာတွေနဲ့ တိုးတက်တဲ့ခရီးလမ်း ဖြစ်အောင်လုပ်ပါ သား။

ပိုကောင်းတဲ့ကားတစ်စီး ပိုင်ဆိုင်ဖို့ ဒါမှမဟုတ် ပိုကောင်းတဲ့အိမ်တစ်လုံး ပိုင်ဆိုင်ဖို့ ဒါမှမဟုတ် ပစ္စည်းဥစ္စာကြောင့် ဒါမှမဟုတ် ဝင်ငွေပိုကောင်းတဲ့ အလုပ်တစ်ခုအတွက်နဲ့ စိုးရိမ်စိတ်တွေ မပိုနဲ့သား။ ဒါတွေဟာ အရေးမပါသလို သားကိုလည်း ပျော်ရွှင်စေမှာ မဟုတ်ဘူး။ ဒါတွေကို သားရယူခဲ့ရင် ဒီထက် သားပိုလိုချင်လာလိမ့်မယ်။ ဆန့်ကျင်ဘက်အနေနဲ့ ရှိတာနဲ့ ရောင့်ရဲတင့်တိမ်တတ်ဖို့ သားသင်ယူပါ။ ငွေရှာပြီးမှ ဝယ်ယူရမယ့် ပစ္စည်းအပေါ် ဖြုန်းတီးမယ့်အချိန်ကို တခြား သားတကယ်နှစ်သက်တဲ့ အရာတွေကို လုပ်ပါသား။

သားမက်မောတဲ့အရာကို သားရှာတွေ့ပြီဆိုရင် မလျော့တဲ့ဇွဲနဲ့ ရအောင်ရယူပါ။ ကြွေးဆပ်တဲ့အလုပ်ထဲ ကိုယ့်ကိုယ် မပင်ပန်းပါစေနဲ့။ ဘဝဆိုတာ တိုတောင်းလွန်းတယ်။ ဒါကြောင့် ကိုယ်ငြီးငွေ့တဲ့အလုပ်ပေါ်မှာ အချိန်ကို ပိုမဖြုန်းတီးသင့်ဘူး သား။


ချစ်ခြင်းမေတ္တာက သားရဲ့ ဘဝစည်းမျဉ်းဖြစ်သင့်တယ်
Love Should Be Your Rule


တကယ်လို့ စကားလုံးတစ်လုံးနဲ့ သားဘဝကို ပံ့ပိုးကူညီထားစေမယ်ဆိုရင် အဲဒီစကားလုံးဟာ ချစ်ခြင်းမေတ္တာပဲဖြစ်မယ်။ ဒါဟာ ကြားရသူအဖို့ မဲပြာပုဆိုးလို ဖန်တစ်ရာတေ ဖြစ်ကောင်းဖြစ်မယ်။ ဒါကို ဖေဖေလည်းသိတယ်။ ဒါပေမယ့် ဒီထက်ပိုကောင်းတဲ့ ဘဝစည်းမျဉ်းမရှိဘူးဆိုတာ ဖေဖေကို ယုံပါ။

လူတချို့က အောင်မြင်ခြင်းကို ဘဝရဲ့စည်းမျဉ်းလို့ သတ်မှတ်ကြတယ်။ သူတို့ဟာ ဘဝမှာ ကြောင့်ကြမှုတွေနဲ့ နေထိုင်ရလိမ့်မယ်။ မပျော်ရွင်သလို ဘဝလည်း တိမ်ကောနေလိမ့်မယ်။

လူတချို့ရဲ့ ဘဝစည်းမျဉ်းက တစ်ကိုယ်ကောင်းဆန်မှုဖြစ်တယ်။ သူတို့ရဲ့ရလိုမှုကို တခြားလူရဲ့ရလိုမှုဖြစ်အောင် လုပ်ဆောင်တယ်။ ဒီလိုလူမျိုးတွေဟာ အထီးကျန်ကျန် နေရသလို ဘဝဆုံးသည့်တိုင် ပျော်ရွှင်ရမှာ မဟုတ်ဘူး။

နောက်ပြီး လူတချို့က ဖြောင့်မတ်မှန်ကန်ခြင်းအတွက် အသက်ရှင်တယ်ဆိုပြီး သူတို့ရဲ့လမ်းကြောင်း ဖြောင့်မတ်တာကို ကြိုးစားဖော်ညွန်းကြတယ်။ ပြီးတော့ သူတို့လမ်းကြောင်းအတိုင်း မနေထိုင်သူတွေကို ဆိုဆုံးမတတ်ကြတယ်။ လူတွေကို သူတို့ဂရုစိုက်ပေမယ့် အပျက်သဘောကို ဆောင်နေခဲ့တယ်။ နောက်ဆုံးမှာ သူတို့ရဲ့ ကြောက်ရွံ့စရာကောင်းတဲ့ အဖော်အဖက် ကိုယ်ပိုင်ဖြောင့်မတ်မှန်ကန်တာကိုပဲ ရင်ဝယ်ပိုက်ပြီး ဘဝဆုံးကုန်ကြတယ်။

ချစ်ခြင်းမေတ္တာနဲ့ သားဘဝကို ကူညီပံ့ပိုးပါ။ ဇနီးမယားကို ချစ်ပါ။ သားသမီးကို ချစ်ပါ။ မိဘ၊ သူငယ်ချင်း အပေါင်းအသင်းတွေကို နှလုံးသားနဲ့အရင်းခံပြီး ချစ်ပါ။ သူတို့လိုအပ်တာတွေကို ပေးပါ။ ချစ်ခြင်းမေတ္တာကလွဲလို့ ရက်စက်တဲ့၊ သဘောမတူတဲ့၊ အေးစက်တဲ့ ဒါမှမဟုတ် မျှော်လင့်ချက်မဲ့တဲ့ အရိပ်မယောင် စိုးစိမျှ မပြပါနဲ့။ သားရဲ့စိတ်ဝိညာဉ်ကို သူတို့အပေါ် ဖြန့်ကျက်ထားပါ။

သားချစ်တဲ့သူကိုပဲ သားချစ်ရမှာမဟုတ်ဘူး။ သားရဲ့ အိမ်နီးနားချင်း၊ လုပ်ဖော်ကိုင်ဖက်၊ သူစိမ်းတွေကိုလည်း သားချစ်ရမယ်။ သူတို့ဟာ သားရဲ့လူသားမျိုးနွယ်ထဲက မောင်နှမတွေပါ။ သားတွေ့ကြုံတဲ့ လူတိုင်းကို အပြုံးတစ်ပွင့်ပေးပါ၊ ကောင်းတဲ့ စကားတစ်ခွန်းပေးပါ၊ ရင်းနှီးတဲ့ အပြုအမှုတစ်ခုပေးပါ။ ကူညီဖို့ လက်တစ်စုံကမ်းပါ။

အိမ်နီးနားချင်း၊ သူစိမ်းတွေအပြင် သားရဲ့ရန်သူကိုလည်း သားချစ်ရမယ်။ သားအပေါ် အရက်စက်ဆုံးလူ၊ သားအပေါ် မကောင်းခဲ့သူတွေကို ချစ်ပါ။ သူ့ရဲ့ အနှိပ်စက်ခံ ဝိညာဉ်တစ်စုံက သားရဲ့ချစ်ခြင်းမေတ္တာကို လိုအပ်နေပါတယ်။

အရေးကြီးဆုံးက ကိုယ့်ကိုကိုယ် ချစ်ဖို့ပါပဲ သား။ တခြားလူ ဝေဖန်လာတဲ့အခါ ကိုယ့်ကိုကိုယ် ရုပ်ဆိုးတယ်၊ တုံးအတယ် ဒါမှမဟုတ် ချစ်ဖို့မထိုက်တန်ဘူးလို့ အတင်းအကြပ် မတွေးတောမိဖို့ သားသင်ယူပါ။ ကိုယ့်ကိုကိုယ် ပြီးပြည့်စုံသူတစ်ယောက်၊ ပျော်ရွှင်ထိုက်သူ၊ အချစ်ကိုပိုင်ဆိုင်ထိုက်သူလို့ တွေးတောပြီး ကိုယ့်ကိုကိုယ်ချစ်တတ်ဖို့ သင်ယူပါ သား။

နောက်ဆုံးပြောချင်တာက သားကို ဖေဖေချစ်တယ်။ ထာဝရချစ်တယ်ဆိုတာကို နားလည်ထားပါ။ ထူးခြားဆန်းကြယ်တဲ့၊ ကြောက်ဖို့ကောင်းတဲ့၊ ချောက်ချားစရာကောင်းပြီး နောက်ဆုံးမှာ မယုံနိုင်စရာနဲ့ပြည့်နေတဲ့ ဘဝခရီးလမ်းကို သားစရတော့မယ်။ သားဘေးမှာ ဖေဖေရှိနေပါတယ် သား။ ကြံတိုင်းအောင်ပြီး ဆောင်တိုင်းမြောက်ပါစေ....

ချစ်တဲ့
သားရဲ့ဖေဖေ

http://www.duwenzhang.com/wenzhang/yingyuwenzhang/20090206/35912.html
(အင်္ဂလိပ် + တရုတ်)

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Thursday, November 25, 2010

ဖုန်းဆက်ပါ၊ အိမ်ပြန်ပါ


"မေမေ.. သား သုံးဖို့ ပိုက်ဆံမရှိတော့ဘူး။ ပိုက်ဆံလွှဲပေးပါဦး"

"ဘယ်လောက်ယူမလဲ သား?"

"နှစ်သိန်းလောက်ပေါ့ မေမေရယ်"

"လိုရမယ်ရ သုံးသိန်းလွှဲပေးလိုက်ပါ အမေကြီး။ ကျန်းမာရေးလည်း ဂရုစိုက်ဦး သား"

"ဒါဆို သား ကျောင်းသွားတော့မယ်နော် ဖေဖေနဲ့မေမေ။ ပိုက်ဆံလွှဲဖို့ မမေ့နဲ့နော်"

နောက်တစ်ရက် ငွေငါးသိန်းရောက်လာခဲ့တယ်။


ပထမနှစ်း
"မေမေ.. သား အိမ်ပြန်ချင်တယ်"

"ဘယ်တော့ ပြန်လာမလဲ သား?"


"ငွေလိုပြန်ပြီလား သား? ဖေဖေ လွဲလာပေးရမလား?"


"မဟုတ်ဘူး ဖေဖေ။ အိမ်ပဲပြန်ချင်တာပါ။"


"အင်း.. ဒါဆိုလည်း ကျောင်းပိတ်တာနဲ့ ပြန်ခဲ့တော့သား။ ကားလက်မှတ်တွေ ကြိုဖြတ်ထားလိုက်။ ကျန်းမာရေးလည်း ဂရုစိုက်ဦးနော်"


"ဟုတ်ကဲ့.. ဖေဖေနဲ့မေမေ"

ကျွန်တော်နဲ့ဖုန်းပြောပြီးနောက် မေမေငိုတယ်လို့ နောက်မှကျွန်တော်သိခဲ့ရတယ်။ ကျွန်တော်စိတ်ကြိုက် ကျွန်တော်နဲ့အကျွမ်းမဝင်တဲ့ဒီမြို့မှာ ကျောင်းတက်ဖို့ ဖေဖေသဘောတူခဲ့တယ်ဆိုပြီး ဖေဖေကို မေမေက အပြစ်ဆိုခဲ့တယ်တဲ့။

ဒုတိယနှစ်၊ တတိယနှစ်
"သား.. ဖုန်းမဆက်တာကြာပြီနော်။ အလုပ်များနေလား?"

"အလုပ်များတယ် မေမေ၊ ဖုန်းဆက်ဖို့ အချိန်တောင်မရဘူး"


"သားမေမေ သားကို လွမ်းနေတယ် သားရေ။ အိမ်မှာ သူတစ်ယောက်ထဲ အားရင်ဖုန်းလေးဘာလေး ဆက်ပါဦး"


"ဟုတ်ကဲ့ပါ ဖေဖေ၊ ခုတလော အလုပ်များလို့ပါ။ အချိန်ရရင် သားဆက်လိုက်ပါမယ်"


"ဒီနေ့ ဘယ်နှနာရီကားလဲ သား! ကားဂိတ်မှာ ဖေဖေလာစောင့်နေမယ်"

"မစောင့်နဲ့ ဖေဖေ၊ ဒီတစ်ခေါက် ကျောင်းပိတ်တာ သားအိမ်မပြန်တော့ဘူး။ သူငယ်ချင်းတွေနဲ့ လျှောက်လည်ဖို့ ချိန်းထားတယ်"


"သားကြိုက်တဲ့ အစားအစာတွေနဲ့ သားမေမေ စောင့်နေတယ် သား"


"သူငယ်ချင်းတွေနဲ့အတူ လျှောက်လည်ရတဲ့ အခွင့်အရေးကနည်းတယ် ဖေဖေရဲ့"


"သား အိမ်ပြန်ရတဲ့ အခွင့်အရေးကလည်း နည်းတယ်လေ။ သားနဲ့ နှစ်ဝက်နေမှတစ်ခါ ဖေဖေတို့ဆုံကြရတယ်"


အဲဒီနေ့က သူငယ်ချင်းတွေနဲ့လျှောက်လည်ပြီး အိမ်ပြန်ချိန်ညနက်သွားတယ်။ ကျွန်တော့်အတွက် ပြင်ဆင်ထားတဲ့ဟင်းတွေ အရာမယွင်းခဲ့ဘူး။ သားမရှိတော့ ထမင်းစားရတာ မမြိန်လိုက်တာတဲ့ မေမေကပြောတယ်။


အလုပ်သင်
"မေမေ... အလုပ်သင်က ပင်ပန်းလိုက်တာ သားအိမ်ပြန်မယ်"

"ပြန်ခဲ့သား.. သားကို မေမေတို့ ကျွေးထားနိုင်ပါတယ်"


"ပြန်ခဲ့သား.... ဖေဖေအလုပ်လုပ်နိုင်သေးတယ်။ သားကို ကျွေးထားနိုင်ပါတယ်"


ဖေဖေ၊ မေမေတို့ရဲ့ စကားက အိမ်ပြန်ချင်သူကျွန်တော့်ကို အိမ်ချက်ချင်းပြန်စေခဲ့တယ်။


အလုပ်သင် ဒုတိယနှစ်


"အလုပ်များနေလားသား! ထမင်းတွေ ပုံမှန်စားရဲ့လား?"

"အလုပ်များတယ် မေမေ၊ ဖြစ်သလိုပဲ ခေါက်ဆွဲပြုတ်ပဲစားတယ်"

"ခေါက်ဆွဲပြုတ်ပဲ စားလို့ရမလား သား? အဟာရလည်း လိုသေးတယ်။ ဆိုင်ဟင်းတွေ မှာစားလေ"


"ဟုတ်ကဲ့ပါ.. မေမေ"


အားလပ်ရက် အိမ်ပြန်ဖြစ်တော့ အိမ်ရှေ့မြေကွက်လပ်မှာ ငါးခြောက်၊ ဝက်အူချောင်းစတဲ့ အခြောက်စာတွေ အများကြီးလှန်းထားတာ တွေ့လိုက်တယ်။ "ဒါတွေက အလုပ်မရှုပ်ဘူး။ ဆီထည့်ကြော်စားရုံပဲ"တဲ့ မေမေကပြောတယ်။ ကျွန်တော်ပြန်တော့ မေမေကိုယ်တိုင် စိတ်ရှည်လက်ရှည်ကြော်ထားတဲ့ အစားအစာတွေကိုလည်း ပုလင်းလိုက် ထည့်ပေးလိုက်သေးတယ်။


ယခုလက်ရှိး
"မေမေ... သားအခြေတကျဖြစ်တာနဲ့ မေမေကို သားခေါ်လိုက်မယ်။ အခု သားပိုက်ဆံစုနေတယ် မေမေ"

"အဲဒီနိုင်ငံမှာ ပစ္စည်းတွေဈေးကကြီးနဲ့ သားပဲ ချွေတာသုံးပါ"


"သား ပိုက်ဆံရှိပါတယ် မေမေ၊ မေမေလာရင် တည်းဖို့နေရာလည်း ရှိပါတယ်"


"သားဖေဖေကို မေမေစောင့်ရှောက်ရဦးမယ် သားရယ်"


ဖေဖေက မေမေကို မခွဲနိုင်သူမှန်း ကျွန်တော်သိတယ်။ မေမေ့မှာ အမြဲစိုးရိမ်ပူပန်နေရမယ့်ကံ ပါခဲ့ပုံရတယ်။ သူတို့ဆီ ကျွန်တော်ဖုန်းဆက်တိုင်း ပြောဖြစ်တဲ့စကားတွေက ဒီသုံးလေးခွန်းပဲရှိတယ်။ ဒီစကားပဲကြားနေရလို့ မေမေစိတ်ရှုပ်နေလောက်ပြီလို့ ကျွန်တော်ထင်တယ်။

အလုပ်များလို့ သူတို့ဆီဖုန်း
သုံးလေးရက်လောက် မဆက်ဖြစ်ခဲ့အခါ မေမေက ကျွန်တော့်ကို နေကောင်းလား? ထမင်းဝ,ဝစားရဲ့လား? အရမ်းပင်ပန်းနေပြီလား?လို့ မေးတတ်တယ်။ တစ်နေ့တစ်ခါ ဖုန်းပြောနေလို့ မေမေ့မှာလည်း ပြောစရာများများစားစား ရှိမှာမဟုတ်ဘူးလို့ ကျွန်တော်ထင်ခဲ့တယ်။ တကယ်တော့ ကျွန်တော့်အတွက် မေမေ့မှာ ပြောစရာစကားတွေ အများကြီးရှိတယ်။ အိမ်ပြန်တိုင်း စားပွဲဝိုင်းမှာ ကျွန်တော်ကြိုက်တဲ့ ဟင်းတွေရှိတယ်။

ဖေဖေ၊ မေမေတို့နဲ့ဖုန်းပြောတိုင်း ကျွန်တော့်ကို နေကောင်းလား? ထမင်းဝ,ဝစားရဲ့လား? အရမ်းပင်ပန်းနေပြီလား? လို့ အမြဲမေးတတ်တယ်။ ကျွန်တော်ကတော့ သူတို့ကို အမြဲမမေးခဲ့ဖူးသလို မေးဖို့လည်း မေ့နေတတ်တယ်။

အရင်တုန်းကတော့ သူတို့ဟာ ကျွန်တော့်ရဲ့ကောင်းကင်ကြီးပါ။ သူတို့က"တစ်"ဆိုရင် ကျွန်တော်က"နှစ်"လို့ မဆန့်ကျင်ရဲခဲ့ပါဘူး။ ဒါပေမယ့် ခုချိန်မှာတော့ ကျွန်တော်ဘာပြောပြော သူတို့နားထောင်တော့တယ်၊ ကျွန်တော်ပြောသမျှ အမှန်ဖြစ်တယ်။ သူတို့ဟာ တစ်နေ့တခြား အိုမင်းလာပြီ။ အားကိုးမှီခိုဖို့ စရှာပြီ။ သူတို့တစ်သက်မှာ ပိုင်ဆိုင်တာဆိုလို့ ကျွန်တော်ပဲရှိတော့တယ်။

သူငယ်ချင်းတစ်ယောက်က ပြောဖူးတယ်။

"တစ်နှစ်မှာ ကျွန်တော်တို့ အိမ်၅ခေါက်ပြန်တယ်ထား၊ မိဘတွေ အသက်(၁ဝဝ)ထိ နေနိုင်ခဲ့ရင်တောင် သူတို့ကို အကြိမ်(၂ဝဝ)လောက်ပဲ ကျွန်တော်တို့တွေ့နိုင်တော့မယ်"တဲ့။ မိဘနဲ့တွေ့ဆုံရချိန်က တဖြည်းဖြည်း နည်းနည်းသွားပါပြီ။

တစ်နှစ်ကို ၆-၇ကြိမ်ပြန်ခဲ့တယ်ထားဦး။ ပြန်တိုင်းလည်း အလျင်စလိုသွား အလျင်စလိုပြန်နဲ့ သူတို့နဲ့ စကားကောင်းကောင်း ပြောခဲ့ရတာနည်းတယ်။ "အခုပဲ အိမ်ပြန်ရောက်တယ်၊ အခုပဲ သွားတော့မလား? အိမ်ကို တည်းခိုခန်းများ မှတ်နေသလား"လို့ မေမေက မကျေမချမ်းရွတ်ပါတယ်။ ဒီလိုစကားကြားတိုင်း ကျွန်တော်မျက်ရည်လည်မိတယ်။ သူတို့က ကျွန်တော်ကို သူတို့နဲ့အတူ အိမ်မှာကြာကြာနေစေချင်ကြတယ်။ သူတို့ရဲ့ ဒီလိုတောင်းဆိုမှုနည်းနည်းလေးကို ကျွန်တော် မဖြည့်ဆည်းပေးနိုင်ခဲ့ကြဘူး။

မိဘတွေ သက်ရှိထင်ရှားရှိနေသေးတယ်ဆိုရင် အိမ်ကို မကြာခဏဖုန်းဆက်ပါ။ သူတို့အတွက် အချိန်မိနစ်ပိုင်းလေးပေးရတာ မခက်ခဲပါဘူး။ ချစ်သူအတွက် အချိန်တစ်နာရီပေးနိုင်ရင် မိဘအတွက်လည်း အချိန်၅မိနစ် ပေးနိုင်ရပါမယ်။ ပြောစရာစကားမရှိလည်း ဒီနေ့ ဘာစားသလဲ? ဒီနေ့ဘာတွေ အလုပ်များသလဲ?လို့ အရင်က ကျွန်တော်တို့ကို သူတို့မေးခဲ့တာတွေ ပြန်မေးပါ။ ထပ်ထပ်မေးခံရလို့ ကျွန်တော်တို့စိတ်ရှုပ်ခဲ့သလို သူတို့ရှုပ်လိမ့်မယ် မဟုတ်ပါဘူး။

ကျွန်တော်တို့ရဲ့ ဘဝအတွက်၊ ရှေ့ရေးအတွက်ဆိုတာတွေက သူတို့ကို လျစ်လျူရှူစေတဲ့ အကြောင်းရင်းဖြစ်တယ်။ သူတို့အပေါ် ကျွန်တော်တို့ တင်ကျန်နေတဲ့အကြွေးတွေ အများကြီး... ဒါတွေကို ဒီနေရာမှာ တောင်းပန်လိုက်ချင်ပါတယ်.. "ခွင့်လွတ်ပါ ဖေဖေနဲ့မေမေရယ်" လို့...

မိဘမေတ္တာက တစ်ကိုယ်ကောင်းမဆန်ဘူး။ တုန့်ပြန်မှု မလိုလားဘူး။ သားသမီးတွေ ကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာအောင် ပြုစုပျိုးထောင်ရတာ မလွယ်ကူဘူး။ သူတို့လုပ်သမျှ အရာအားလုံးဟာ သားသမီးတွေအတွက်ပဲဖြစ်တယ်။ ဒါကြောင့် အချိန်ရရင် ဖုန်းဆက်ပါ၊ အိမ်ပြန်ပါလို့ မိဘတွေကိုယ်စား တောင်းဆိုလိုက်ပါတယ်။


http://www.duwenzhang.com/wenzhang/qinqingwenzhang/ganwuqinqing/20101031/160786.html

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Monday, November 22, 2010

မလိုအပ်တဲ့ ဝန်ထုပ်တွေကို လွတ်ချခဲ့ပါ


ဝမ်းနည်းကြေကွဲနေတဲ့ လူငယ်တစ်ဦးဟာ အထုပ်ကြီးတစ်ထုပ်ထမ်းပိုးပြီး မိုင်ပေါင်းများစွာကနေ ဆရာတော်တစ်ပါးဆီ ရောက်လာခဲ့တယ်။ ဆရာတော်ဆီရောက်တာနဲ့ သူက "ဆရာတော်.. တပည့်တော် အထီးကျန်လွန်းနေပါတယ်။ နာကျင်ကြေကွဲနေပါတယ်။ နှစ်ရှည်လျှောက်လှမ်းခဲ့ရတဲ့ ဘဝခရီးလမ်းကြောင့် တပည့်တော် ပင်ပန်းနွမ်းနယ်နေပါတယ်။ ဖိနပ်လည်း ပေါက်ပြဲခဲ့ပါပြီ။ ခြေထောက်နှစ်ဖက်မှာလည်း ဆူးဒဏ်ရာတွေ ပြည့်ခဲ့ပါပြီ။ လက်တွေလည်း သွေးတစိမ့်စိမ့်နဲ့ ထိရှခဲ့ပါပြီ။ နှစ်အတော်ကြာ ဟစ်အော်ခဲ့ရတဲ့ လည်ချောင်းလည်း ကွဲအက်နေခဲ့ပါပြီ..... ဘာဖြစ်လို့ တပည့်တော်ရင်ထဲက နေရောင်ခြည်ကို တပည့်တော် မတွေ့ရသေးတာလဲ ဘုရား?" လို့ လျှောက်တင်တယ်။

အဲဒီအခါမှာ ဆရာတော်က "ဒကာတော် အိတ်ထဲမှာ ဘာတွေထည့်ထားတာလဲ?"လို့ မေးတယ်။

လူငယ်က "အိတ်ထဲကပစ္စည်းတွေဟာ တပည့်တော်အတွက် အင်မတန်အရေးပါတဲ့ ပစ္စည်းတွေပါဘုရား။ ထည့်ထားတာတွေက လဲကျတိုင်း တပည့်တော် နာကျင်ခံစားခဲ့ရတဲ့ ဝေဒနာတွေ၊ ထိခိုက်တိုင်း ငိုကြွေးခဲ့ရတာတွေ၊ အထီးကျန်တိုင်း စိတ်ရှုပ်ခဲ့ရတာတွေ... အဲဒါတွေနဲ့ ဆရာတော်ဆီ တပည့်တော် အရောက်လာခဲ့တာပါဘုရား" လို့ လျှောက်တင်တယ်။

ဒီလိုနဲ့ ဆရာတော်ဟာ လူငယ်ကိုခေါ်ပြီး မြစ်ကမ်းတစ်ခုဆီ ရောက်လာခဲ့တယ်။ သူတို့က လှေတစ်စီးကိုလှော်ပြီး မြစ်ကိုဖြတ်ခဲ့ကြတယ်။ တစ်ဘက်မြစ်ကမ်းပေါ် ရောက်တာနဲ့ ဆရာတော်က "ဒကာတော် ဒီလှေကိုထမ်းပိုးပြီး ခရီးဆက်ပါ"လို့ ဆိုတယ်။ ဒါကို လူငယ်က တအံ့တသြနဲ့ "လှေကိုထမ်းပြီး ခရီးဆက်ရမယ်! ဒီလောက်လေးတဲ့လှေကို တပည့်တော် ဘယ်ထမ်းပိုးနိုင်မှာလဲ ဘုရား" လို့ ပြန်မေးတယ်။

"ဟုတ်ပါတယ်။ ဒီလှေကို ဒကာ မထမ်းပိုးနိုင်ပါဘူး။ ဆရာတော်တို့ မြစ်ကိုဖြတ်တော့ လှေကိုအသုံးပြုခဲ့ကြတယ်။ တဘက်ကမ်းရောက်တာနဲ့ လှေကိုထားခဲ့ပြီး ခရီးဆက်ကြတယ်။ တကယ်လို့ မထားခဲ့ရင် အဲဒီလှေဟာ ဆရာတော်တို့အတွက် ကြီးလေးတဲ့ ဝန်ထုပ်ဝန်ပိုးဖြစ်သွားပြီ။ နာကျင်တာတွေ၊ အထီးကျန်တာတွေ၊ ဝမ်းနည်းကြေကွဲတာတွေ၊ မျက်ရည်တွေ.. ဒါတွေဟာ လူ့ဘဝအတွက် အသုံးဝင်ပါတယ်။ ဘဝကို တိုးတက်၊ ကြိုးစားစေတဲ့အရာတွေပါ။ ဒါပေမယ့် ဒါတွေကိုမမေ့ဘဲ တမ်းတမ်းတတ စွဲလမ်းနေရင်တော့ ဒါတွေဟာ ဘဝရဲ့ဝန်ထုပ်ဝန်ပိုးတွေ ဖြစ်သွားတော့တယ်။ ဒါကြောင့် ဒါတွေကို လွတ်ချပါ။ ဘဝကို ဝန်ထုပ်ဝန်ပိုးတွေနဲ့ မလေးလံနေပါစေနဲ့"

လူငယ်ဟာ ဆရာတော်မိန့်ကြားတဲ့အတိုင်း ကြီးလေးတဲ့အိတ်ကိုချပြီး ခရီးဆက်ခဲ့တယ်။ ဒီတစ်ကြိမ်မှာ သူ့ရဲ့ခြေလှမ်းတွေဟာ သွက်လက်ပေါ့ပါးလာတာကို ခံစားမိတယ်။ အရင်ကထက် သူ ပိုပျော်ရွှင်လာခဲ့တော့တယ်။

ဘဝမှာ စိတ်ဖိစီးမှုတွေများတယ်၊ စိတ်ရှုပ်စရာတွေများတယ်၊ မပျော်ရွှင်ဘူးလို့ ကျွန်မတို့ မကြာခဏ ခံစားကြရတယ်။ ဒါဟာ မလိုအပ်တဲ့ဝန်ထုပ်တွေကို ကျွန်မတို့ရဲ့စိတ်က ထမ်းပိုးထားလို့ဖြစ်တယ်။ ဒါတွေဟာ ကျွန်မတို့ရဲ့အလုပ်အကိုင်၊ နေ့စဉ်ဘဝကို ပင်ပန်းနွမ်းနယ်စေပါတယ်။

တကယ်လည်း လူ့ဘဝမှာ ဖယ်ရှားလို့မရနိုင်တဲ့ ဝန်ထုပ်ဝန်ပိုးများစွာရှိတယ်။ ဒီဝန်ထုပ်တွေထဲမှာ မလိုအပ်တာတွေလည်းပါတယ်။ လွန်ကဲတဲ့ လိုချင်တောင့်တမှုတွေ၊ တောင်းဆိုမှုတွေ ဒါမှမဟုတ် စိုးရိမ်ပူပန်မှုတွေက ဒီဝန်ထုပ်တွေကို ပိုလေးလံစေပါတယ်။

ပိုလျှံနေတဲ့၊ မလိုအပ်တဲ့ဝန်ထုပ်တွေကို လွတ်ချလိုက်ပါ။ ဘဝဟာရိုးရှင်းပြီး သက်တောင့်သက်သာ ဖြစ်သွားတာကို ခံစားမိပါလိမ့်မယ်။ စာရေးဆရာတစ်ဦးက ဒီလိုရေးခဲ့ဖူးတယ်။

ဘဝမှာ မလိုအပ်တဲ့၊ ထမ်းမထားနိုင်တဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ဆိုင်ရာဆိုင်ရာဆီ လွဲထားလိုက်ပါ။

ငွေကြေးကို ဘဏ်ဆီ လွဲထားလိုက်ပါ။
မေ့လျော့တတ်တဲ့အရာကို မှတ်စုစာအုပ်ဆီ လွဲထားလိုက်ပါ။
လုပ်စရာအလုပ်ကို တာဝန်ရှိတဲ့ ဝန်ထမ်းတွေဆီ လွဲထားလိုက်ပါ။
ကြိုတင်ခန့်မှန်း မသိနိုင်တဲ့ အနာဂတ်ကို ကံကြမ္မာဆီ လွဲထားလိုက်ပါ။
ဒီနေ့မပြီးဆုံးနိုင်တဲ့ ကိစ္စကို မနက်ဖြန်ဆီ လွဲထားလိုက်ပါ။
စိတ်ရှုပ်စရာကို အလိုလိုပျောက်သွားနိုင်တဲ့ ခံစားချက်ဆီ လွဲထားလိုက်ပါ။
အရွယ်ရောက်ကလေးတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို သူတို့ကိုယ်တိုင်ထမ်းပိုးဖို့ လွဲထားလိုက်ပါ။
ပိုလျှံတဲ့ လွမ်းဆွတ်မှုတွေကို မျက်စိရှေ့က တိမ်လွှာတွေဆီ လွဲထားလိုက်ပါ။
သည်းမခံနိုင်တဲ့အရာ၊ စိတ်ထိခိုက်စရာတွေကို အတွင်းသိသူငယ်ချင်းတွေဆီ လွဲထားလိုက်ပါ။
ချစ်သူရဲ့ဂတိသစ္စာတွေကို ချစ်သူကိုယ်တိုင် ထိန်းသိမ်းဖို့ လွဲထားလိုက်ပါ။
မိမိရဲ့အပြုအမှု၊ သဘောထားတွေကို တခြားသူအဖိုးဖြတ်ဖို့ လွဲထားလိုက်ပါ။
မိမိနဲ့မဆိုင်တဲ့အရာတွေကို ဘုရားသခင်ဆီ လွဲထားလိုက်ပါ။
အနာဂတ်အတွက် တွေးပူတဲ့ကိုယ့်အပူကို အနာဂတ်ဆီလွဲထားလိုက်ပါ။
ပင်ပန်းနွမ်းနယ်ခဲ့တဲ့ လမ်းခရီးကို ရေချိုးသန့်စင်ဖို့ လွဲထားလိုက်ပါ။
စိတ်ပင်ပန်းမှုဒဏ်တွေကို နှစ်ခြိုက်တဲ့အနားယူခြင်းဆီ လွဲထားလိုက်ပါ။
မနက်ဖြန်အတွက် ရိတ်သိမ်းမှုကို ဒီကနေ့ရဲ့ကြိုးစားမှုဆီ လွဲထားလိုက်ပါ။
ချစ်သူခင်သူဆုံးရှုံးရတဲ့ ဝေဒနာကို အလိုလိုမေ့လျော့၊ မေ့ပျောက်သွားနိုင်မယ့် အချိန်ဆီ လွဲထားလိုက်ပါ။

ရင်ဘတ်ထဲကမြေရိုင်းကို မကြာခဏ သန့်ရှင်းပြုပြင်ပေးပါ။ မလိုအပ်တဲ့ ဝန်ထုပ်ဝန်ပိုးတွေကို လွတ်ချခဲ့ပါ။ နေ့စဉ်ဘဝကို ဖွံ့ဖြိုးတဲ့အားအင်တွေနဲ့ ပျော်ပျော်ရွှင်ရွှင် ကျွန်မတို့ ရှင်သန်နိုင်ကြပါတယ်။

မူရင်းရေးသားသူ -- Hu Bao Lin

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Sunday, November 21, 2010

နိုကိုဥသုပ်


ဒီနေ့လုပ်စားဖြစ်တဲ့ နိုကိုဥသုပ်လေးပါ။ ပထမဆုံး နိုကိုဥနဲ့ မုန်လာဥနီကို ခြစ်ပြီး ရေအေးအေးလေးနဲ့ စိမ်ထားလိုက်ပါတယ်။

ပါဝင်တဲ့ပစ္စည်းတွေကတော့ -- ပုဇွန်ခြောက်၊ ငပိနည်းနည်း၊ ငရုတ်သီးစိမ်း၊ ငရုတ်သီးခြောက်မီးဖုတ်၊ ကြက်သွန်ဖြူ၊ ခရမ်းချဉ်သီး၊ သံပရာသီး၊ ဆား၊ ကြံသကာ၊ ထိုင်းကလာတဲ့ ငပိငံပြာရည်၊ မြေပဲဆံလှော်

အစာပလာအားလုံးကို ဆုံနဲ့ မညက်တညက်ထောင်းပြီး (ဆုံမရှိရင် ဓားနဲ့တောက်တောက်စင်းနိုင်ပါတယ်) ရေအေးစိမ်ထားတဲ့ နိုကိုဥ၊ မုန်လာဥနီကို ရေစစ်ပြီး ထည့်သုပ်လိုက်ရုံပါပဲ။ အငန်၊ အစပ်၊ အချဉ်၊ အချိုကို မိမိစိတ်ကြိုက် ထည့်စားနိုင်ပါတယ်။


လုပ်ရလွယ်ပြီး စားလို့လည်းကောင်းတဲ့ နိုကိုဥသုပ်လေးပါ။ အဆီအအိမ့်တွေနဲ့ ငြီးငွေ့နေသူတွေအတွက် သင့်တော်ပါတယ်။ နိုကိုဥအစား သခွားသီး၊ သရက်သီး၊ သဘောင်္သီးတွေကိုလည်း ဒီအတိုင်း လုပ်စားနိုင်ပါတယ်။


နိုင်းနိုင်းစနေ


Share/Bookmark

Friday, November 19, 2010

၂ဝ၁ဝ တောင်ကြီးတန်ဆောင်တိုင်



သူငယ်ချင်းတစ်ယောက် ပေးပို့လာတဲ့ ၂ဝ၁ဝ တောင်ကြီးတန်ဆောင်တိုင်ရဲ့ နေ့လွတ်၊ ညလွတ် မီးပုံးပျံလေးတွေပါ။ မျှဝေပါတယ်....

နိုင်းနိုင်းစနေ


Share/Bookmark

တွေးတွေးပြီးရယ်


(၁)
တစ်ခါက ခရီးသွားတစ်ဦးဟာ လူသားစားတိုင်းပြည်ရဲ့ စားသောက်ဆိုင်ထဲ ရောက်သွားခဲ့တယ်။ စားသောက်ဆိုင်ရဲ့ ကြော်ငြာဆိုင်းပုဒ်မှာ ဟင်းအမည်နဲ့ဈေးနှုန်းတွေ ရေးကပ်ထားတာကို သူတွေ့လိုက်တယ်။


ဖာသာအသား = ၃ ဒေါ်လာ
မုဆိုးအသား = ၄ ဒေါ်လာ
သူဌေးအသား = ၅ ဒေါ်လာ
နိုင်ငံအကြီးအကဲအသား = ၂၅ ဒေါ်လာ

နိုင်ငံအကြီးအကဲအသားက တခြားအသားတွေထက် ဈေးကြီးနေလို့ ခရီးသွားက သိချင်စိတ်နဲ့ ဆိုင်ရှင်ကို မေးလိုက်ပါတယ်။

"နိုင်ငံအကြီးအကဲအသားက တခြားအသားထက် ဆေးကျောရတာ လက်ဝင်တာကြောင့် ပိုဈေးကြီးရတာပါ" ဆိုင်ရှင်က ပြန်ဖြေပါတယ်။


(၂)
ဖခင်တစ်ဦးဟာ သားကြီးလာရင် ဘာဖြစ်နိုင်မလဲဆိုတဲ့ စမ်းသပ်မှုတစ်ခု ပြုလုပ်ခဲ့တယ်။ စမ်းသပ်မှုမှာ ဖခင်က စားပွဲခုံပေါ် ပစ္စည်း(၃)မျိုးတင်လိုက်တယ်။

၁ဝတန်ဒေါ်လာတစ်ရွက်---- ဘဏ်လုပ်ငန်းရှင် ကိုယ်စားပြုပါတယ်။
ကျမ်းစာတစ်အုပ် -------- ဘာသာရေးအကြီးအကဲ ကိုယ်စားပြုပါတယ်။
ဝီစကီတစ်ပုလင်း -------- အရက်သမား ကိုယ်စားပြုပါတယ်။

ဖခင်ဟာ စားပွဲပေါ်ပစ္စည်းတွေတင်ပြီး သားပြန်အလာကို တံခါးနောက်ကနေ ချောင်းကြည့်နေခဲ့တယ်။ တအောင့်နေတော့ သားဟာ လေလေးချွန်ပြီး ပြန်လာပါတယ်။ စားပွဲပေါ်က ပစ္စည်းတွေကိုတွေ့တော့ ဘေးဘီကို လှည့်ကြည့်လိုက်တယ်။ အခန်းထဲမှာ တစ်ယောက်မှမရှိမှန်း သိတော့ ဒေါ်လာကိုယူပြီး အလင်းမှာထောင်ကြည့်လိုက်တယ်။ ပြီးတော့ ကျမ်းစာကို လှန်လျောကြည့်တယ်။ ပြီးတော့ ဝီစကီပုလင်းကိုဖွင့်ပြီး နမ်းကြည့်တယ်။ အဲဒီနောက် ပိုက်ဆံကို အိတ်ကပ်ထဲထည့်၊ ကျမ်းစာကို လက်မောင်းကြားညှပ်ပြီး ဝီစကီပုလင်း မ,ပြီး လေလေးချွန်လို့ ပြန်ထွက်သွားတယ်။

သားအပြုအမှုကို ကြည့်ပြီး ဖခင်ဖြစ်သူ လန့်သွားတယ်။ ပါးစပ်ကလည်း စကားတစ်ခွန်း ခုန်ထွက်ပါလာတယ်။

"အလို... သူ နိုင်ငံအကြီးအကဲ လုပ်မှာပါလား!"


(၃)
ကုန်သည်တစ်ဦးဟာ သူ့လုပ်ငန်းကောင်းစွာ လည်ပတ်နိုင်ဖို့ နိုင်ငံအကြီးအကဲတစ်ဦးကို ကားတစ်စီးလက်ဆောင်ပေးပြီး လာဘ်ထိုးသတဲ့။ ဒါပေမယ့် အကြီးအကဲက မျက်နှာမာနဲ့ "ဒီမှာ... ဒီလိုအပြုအမှုဟာ ငါ့ရဲ့ဂုဏ်သိက္ခာကို ထိခိုက်တယ်ဗျ၊ ဒီလိုလာဘ်ထိုးတာကို ငါလုံးဝ လက်မခံနိုင်ဘူး"လို့ဆိုတယ်။

ကုန်သည်က ပျာပျာသလဲ "ဒါကို ကျွန်တော်နားလည်ပါတယ်။ ဒါဆို ဒီလိုလုပ်ပါလား ခင်ဗျား။ ဒီကားကို(၁ဝ)ဒေါ်လာနဲ့ ကျွန်တော်ရောင်းပေးမယ်။ ဘယ်လိုလဲ?"

အကြီးအကဲ ခဏစဉ်းစားလိုက်တယ်။ ပြီးတော့ ပြောလိုက်ပါတယ်။

"အင်း..ဒီလိုဆိုရင် ငါနှစ်စီးယူမယ်"


(၄)
အမျိုးသမီးတစ်ဦးဟာ လွတ်တော်အဆောက်အဦး တစ်ခုထဲရောက်သွားတယ်။ လှေကားတက်ချိန်မှာ မတော်တဆ ခြေချော်ပြီး လဲကျသွားတယ်။ ဒါကို လွတ်တော်အမတ်တစ်ဦးက သွားထူလိုက်တယ်။

"ကျေးဇူးတင်ပါတယ်ရှင်"

"ကျေးဇူးတင်စရာမလိုပါဘူး။ ရွေးကောက်ပွဲကျရင် ကျွန်တော့်ကို မဲထည့်ပါ"

"ခြေချော်တာက ခြေထောက်ပဲ နာသွားတာပါ။ ကျွန်မ ဦးနှောက်ကို မထိခိုက်သွားပါဘူး"


(၅)
အသစ်တက်တဲ့ အကြီးအကဲတစ်ဦးက ပြောင်းရွေ့သွားရမယ့် အကြီးအကဲဟောင်းကို မေးတယ်။

"ကျွန်တော့်ကို ဘာလျှို့ဝှက်ချက်တွေများ ဝေငှာပေးခဲ့ချင်ပါသလဲ?"

"လျှို့ဝှက်ချက်က သိပ်မများပါဘူး။ ပထမတစ်နှစ်မှာ ရိုးသားကြိုးစားပါ။ နာမည်ကောင်းယူပါ။ ဒုတိယနှစ်ရောက်ရင် မသိမသာစားပါ။ လူတွေ မသိအောင်စားပါ။ တတိယရောက်ရင် စားချင်သလောက်စားပါ။ အရင်(၂)နှစ်စလုံး နာမည်ကောင်းရထားတော့ ဘယ်လောက်စားစား လူတွေ သံသယမဖြစ်နိုင်တော့ဘူး"

"ဟာ... ရွှေထည့်ဖို့၊ ငွေထည့်ဖို့သေတ္တာတွေ ကျွန်တော်ပြင်ဆင်ထားတာ လွန်ခဲ့တဲ့(၃)နှစ်ကတည်းကဗျ၊ ဘာဖြစ်လို့ နောက်ထပ်(၃)နှစ် ကျွန်တော်စောင့်ဦးမလဲ!"

ဖုန်းထဲလက်ခံရတာတွေ ဘာသာပြန် မျှဝေပါတယ်။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Thursday, November 18, 2010

ကျရှုံးခြင်းရဲ့ အခြားတစ်ဘက်မှာ


အမေရိကား Atlantaပြည်နယ်မှာ Pembertonဆိုတဲ့ ဆေးစပ်သမားတစ်ဦးရှိတယ်။ သူဟာ လူကိုတက်ကြွစေတဲ့ ဆေးတစ်မျိုး တီထွင်နိုင်ဖို့ စမ်းသပ်နေခဲ့တယ်။ ယူကလစ်ပင်ကို အသုံးပြုပြီး နှစ်အတော်ကြာ သူကြိုးစားပမ်းစား စမ်းသပ်ခဲ့ပေမယ့် ဆေးစွမ်းက ထင်သလောက် အရာမရောက်ခဲ့ဘူး။

တစ်နေ့မှာ ခေါင်းကိုက်နေတဲ့လူနာတစ်ယောက် သူ့ဆီ ဆေးတောင်းဖို့ ရောက်လာခဲ့တယ်။ Pembertonက သူဖော်ထားတဲ့ ဆေးကိုယူပေးဖို့ အကူကောင်လေးကို ခိုင်းလိုက်ပါတယ်။ ကောင်လေးက ဆေးထဲကို ရေထည့်ရမယ့်အစား မှားပြီး ဆော်ဒါရေတွေ ထည့်လိုက်မိတယ်။ ဒါကို လူနာသောက်ပြီးမှ သိလိုက်ကြတယ်။ ဆေးမှားပေးမိတာကြောင့် လူတိုင်း ထိတ်လန့်ခဲ့ကြတယ်။

ဒါပေမယ့် ဆေးမှားသောက်မိတဲ့လူနာဟာ ဘာမှမဖြစ်တဲ့အပြင် ထူးထူးဆန်းဆန်း သူ့ရဲ့ခေါင်းကိုက်ဝေဒနာလည်း တော်တော်သက်သာသွားတာကို တွေ့လိုက်ရတယ်။

အဖြစ်အပျက်ပြီးနောက် ရက်အနည်းငယ်အကြာမှာ Pemberton အကြံတစ်မျိုးရလိုက်တယ်။ သူက ဦးနှောက်ဆေးတွေကို ဆော်ဒါရေနဲ့ရောပြီး စမ်းသပ်မှုတစ်ခုလုပ်လိုက်တယ်။ စမ်းသပ်ချက်မှာ အဲဒီအရည်တွေဟာ မွှေးပြီး သောက်ချင်စဖွယ်ဖြစ်သလို စိတ်တက်ကြွစေကြောင်း တွေ့ရှိလိုက်တယ်။ အဆင့်အဆင့် စမ်းသပ်မှုတွေ ပြုလုပ်ပြီးနောက် နောက်ဆုံးမှာ ကိုကာကိုလာဆိုတဲ့ အချိုရည်ကို ထီထွင်နိုင်ခဲ့တယ်။ ဆေးကနေ အချိုရည်ဖြစ်လာခဲ့တဲ့ ကိုကာကိုလာဟာ နောက်ဆုံးမှာ ကမ္ဘာအနှံ့ပြန့်ခဲ့တယ်။


"ငါတို့ရဲ့ ခွန်အားနဲ့ အချိန်တော်တော်များများကို ငါတို့ ဖြုန်းတီးလိုက်ကြပြီ။ အကြိမ်၂သောင်းစမ်းတာတောင် အလင်းပေးဝါယာ(Incandescent wire)လုပ်နိုင်တဲ့ပစ္စည်းကို ငါတို့ရှာမတွေ့ခဲ့ဘူး"လို့ အက်ဒီဆင်ရဲ့အကူတစ်ယောက်က အက်ဒီဆင်ကို ပြောပါတယ်။

"မဟုတ်ဘူး! အလင်းပေးဝါယာ မလုပ်နိုင်တဲ့ပစ္စည်း ၂သောင်းမျိုးကို ငါတို့သိလိုက်ရတာပါ"

ဒီလိုစိတ်ဓာတ်မျိုးကြောင့် နောက်ဆုံးမှာ အက်ဒီဆင်ဟာ Tungsten Wireနဲ့ လျှပ်စစ်မီးကို တီထွင်နိုင်ခဲ့ပြီး လူ့သမိုင်းကိုပြောင်းလဲနိုင်ခဲ့တယ်။

"ကျရှုံးခြင်းဆိုတာ အောင်မြင်ခြင်းရဲ့လှေကားထစ်" ဖြစ်တယ်။ ကျရှုံးတာမရှိရင်၊ အခက်အခဲနဲ့ ရင်မဆိုင်ဖူးရင် ကြီးမြတ်တဲ့အောင်မြင်ခြင်းဆိုတာလည်း မရှိနိုင်ဘူး။

"ကျွန်တော့်လုပ်သက်က အနှစ်(၃ဝ)ရှိနေပြီဗျာ။ ခင်ဗျားရာထူးတိုးပေးလိုက်တဲ့ လူတိုင်းထက် ကျွန်တော်အတွေ့အကြုံရှိတယ်" လို့ ရာထူးအတိုးမခံရသူတစ်ဦးက ငြီးတွားတယ်။

"မဟုတ်ဘူး! ခင်ဗျားမှာ အတွေ့အကြုံ တစ်နှစ်ပဲရှိသေးတယ်။ ကိုယ့်အမှားထဲကနေ ခင်ဗျား ဘာသင်ခန်းစာမှ မရခဲ့ဘူး။ ပထမဆုံးတစ်နှစ်လုပ်ခဲ့တဲ့ အမှားကိုပဲ ခင်ဗျား ထပ်တလဲလဲ ပြန်လုပ်နေတယ်"လို့ စစ်သူကြီးက ပြောပါတယ်။

မှားယွင်းခြင်းနဲ့ ကျရှုံးခြင်းဆိုတာ အောင်မြင်ခြင်းဆီကိုသွားတဲ့ လှေကားထစ်တွေဖြစ်တယ်။ အောင်မြင်မှုတိုင်းမှာ ကျရှုံးခြင်းရှိတယ်။ ကျရှုံးခြင်းတိုင်းက အောင်မြင်ခြင်းဆီ တက်လှမ်းတဲ့ လှေကားထစ်ဖြစ်တယ်။

ထက်မြက်သူ၊ အောင်မြင်သူတွေ အောင်မြင်ရတာက သူတို့မှာ အောင်မြင်ခြင်းလျှို့ဝှက်ချက်တွေ ရှိလို့မဟုတ်ဘူး။ ကျရှုံးခြင်းနဲ့ ရင်ဆိုင်ရသည့်တိုင် သူတို့ မငြီးတွား၊ လက်မလျှော့ခဲ့ကြလို့ ဖြစ်တယ်။

အောင်မြင်ခြင်းနဲ့ ကျရှုံးခြင်းကြားမှာ မဖြတ်နိုင်တဲ့စည်းတွေ ခြားမထားဘူး။ အောင်မြင်ခြင်းက ကျရှုံးခြင်းရဲ့ အစွန်းမှာရှိတယ်။ ကျရှုံးခြင်းက အောင်မြင်ခြင်းရဲ့ မိုးသောက်နေဖြစ်တယ်။ ကျရှုံးကြိမ်များလေ အောင်မြင်ခြင်းနဲ့ နီးကပ်လေဖြစ်တယ်။ အောင်မြင်ခြင်းဆိုတာ ကျရှုံးခြင်းပြီးမှ ရောက်လာတတ်သူဖြစ်တယ်။

ကျရှုံးခြင်းဆိုတာ ဘဝရဲ့အစိတ်အပိုင်းတစ်ခုထဲက တစ်ခုပါ။ ကျရှုံးခြင်းရှိမှ ထိုးတက်လိုစိတ်ရှိမယ်၊ ကြိုးစားလိုစိတ်ရှိမယ်၊ အသစ်အသစ် ဖန်ဆင်းလိုစိတ်ရှိမယ်။ ကျရှုံးခြင်းထဲမှာ လဲကျမသွားမချင်း အောင်မြင်ခြင်းပန်းတိုင်က အလှမ်းမဝေးတော့ပါဘူး။

ရေးသားသူ-- Hu Bao Lin

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Wednesday, November 17, 2010

တခြားလူကို ပြောင်းလဲဖို့.....


ကျွန်တော်ရဲ့ ငယ်ဘဝစိတ်ကူးအိပ်မက်က အသံလွှင့်ဌာနမှာ အသံလွှင့်သူ တစ်ဦးဖြစ်ဖို့ပါပဲ။ တက္ကသိုလ်ပထမနှစ်မှာ ကျွန်တော့်ဇာတိဖြစ်တဲ့ South Carolinaပြည်နယ် ကိုလံပီယာမြို့က အသံလွှင့်ဌာနတစ်ခုမှာ ကျွန်တော်ရဲ့ ပထမဆုံးအလုပ်ကို ရခဲ့တယ်။ အဲဒီအလုပ်ကို ကျွန်တော်အရမ်းနှစ်သက်ခဲ့တယ်။ တည်းဖြတ်သူဖြစ်တဲ့အထိ နှစ်အတော်ကြာ ကျွန်တော်အလုပ်လုပ်ခဲ့တယ်။ တည်းဖြတ်သူရဲ့ အလုပ်က တစ်မြို့လုံးအတွက် အကောင်းဆုံးအသံသွင်းထားသူရဲ့ ကြော်ငြာတွေကို လိုက်ဖက်တဲ့တီးလုံး သံစဉ်တွေ ထည့်ပေးတာဖြစ်တယ်။

Philက ကျွန်တော်ထက် အသက်(၂ဝ)နီးပါးကြီးတဲ့ အသံလွှင့်သူဖြစ်တယ်။ သူ့အသံက ခပ်သြသြနဲ့ ဆွဲဆောင်မှုအပြည့်ရှိတယ်။ အစကသူဟာ တည်းဖြတ်သူပါ။ ကျွန်တော်ရောက်လာပြီးမှ သူ့နေရာမှာ ကျွန်တော့်ကို အစားထိုးလိုက်တာဖြစ်တယ်။ Philအသံက တကယ့်ကို နားထောင်လို့ကောင်းပါတယ်။ အသံလွှင့်လောကရဲ့ စကားနဲ့ပြောရရင် "အသံပါရမီရှင်"လို့ ဆိုရလိမ့်မယ်။ သူဟာ ကြော်ငြာစာသားတွေလည်း အင်မတန် ရေးတတ်သူဖြစ်တယ်။ သူရဲ့အထူးခြားဆုံးက ကြော်ငြာတွေအတွက် လိုက်ဖက်တဲ့ သံစဉ်၊ တီးလုံးတွေကို ရွေးယူတာပဲဖြစ်တယ်။

Philဟာ (A M) အသံလွှင့်ခေတ်ကတည်းက ဒီအလုပ်လုပ်ကို လုပ်ခဲ့သူဖြစ်တယ်။ အခု ကျွန်တော်တို့ရဲ့ အသံလွှင့်ဌာနက (F M) ဖြစ်တယ်။ Philရဲ့ တတ်ကျွမ်းမှုက ခေတ်သစ်နည်းပညာနောက် အမှီမလိုက်နိုင်ခဲ့ဘူး။ သူတည်းဖြတ်တဲ့ ကြော်ငြာတွေက A M လိုင်းမှာ အရမ်းနားထောင်လို့ ကောင်းပေမယ့် FMလိုင်းမှာတော့ ရိုးလွန်း၊ သာမန်လွန်းနေပါတယ်။

တည်းဖြတ်သူဖြစ်စမှာ ကျွန်တော်အရမ်း စိတ်လှုပ်ရှားမိတယ်။ Philနဲ့ တခြားအသံလွှင့်သူတွေနဲ့ အလုပ်အတူလုပ်ရမှာကို ကျွန်တော်အရမ်းမျှော်လင့်ခဲ့တယ်။ သူတို့ဟာ ကျွန်တော်တို့နယ်မှာ နာမည်ကြီး အသံလွှင့်သူတွေဖြစ်တယ်။ သူတို့ရဲ့အသံတွေနဲ့ ကျွန်တော်ကြီးပြင်းခဲ့တယ်။ ဒါပေမယ့် သိပ်မကြာပါဘူး။ Philနဲ့ ကျွန်တော့်ကြားမှာ အဖုအထစ်လေး စလာခဲ့တယ်။ ကျွန်တော်လုပ်တဲ့ ကြော်ငြာတီးလုံးတွေ မချောမွတ်ဘူး။ ဘောင်မဝင်ဘူးလို့ သူကဆိုပါတယ်။ ကျွန်တော်တည်းဖြတ်တဲ့ သံစဉ်၊ တီးလုံးတွေကို သူမကြိုက်ဘူး။ ကျွန်တော်သိမ်းတဲ့ ဖိုင်ပုံစံတွေကို သူမကြိုက်ဘူး။ ကျွန်တော်ဘာလုပ်လုပ် သူမနှစ်သက်ဘူး ဖြစ်နေပါတယ်။

ဒီလိုနဲ့ Philကို နှစ်သက်ခဲ့ဖူးတဲ့ ကျွန်တော်ရဲ့ကြည်ညိုလေးစားမှုတွေ တဖြေးဖြေး ပျောက်ကွယ်လာခဲ့ပြီး သူ့ကို ကျွန်တော် အင်မတန် မုန်းတီးလာခဲ့မိတယ်။ စစချင်းမှာ သူ့ဆူဆဲဒဏ်ကို ကျွန်တော်ခေါင်းငုံ့ခံခဲ့ပြီး "sorry" လို့ ပြောတတ်ပေမယ့် နောက်ပိုင်းမှာ ကိုယ့်ကိုကိုယ် ကာကွယ်ပြီး ကျွန်တော်ပြောတတ်လာခဲ့တယ်။ သူမှားတယ်လို့ ကျွန်တော်ထင်တဲ့အမှားတွေကို ထုတ်ဖော်ပြောတော့တယ်။ သိပ်မကြာပါဘူး။ ကျွန်တော်တို့ဟာ တစ်ဦးကိုတစ်ဦး ပေါ်တင်ငြင်းခုန် ဆဲဆိုတော့တယ်။ အချင်းချင်း ဝေဖန်ပြီး ပြစ်တင်ရှုံ့ချတော့တယ်။

တည်းဖြတ်ခန်းမှာ အသံလုံမှန်နံရံကြီးတစ်ခု ခြားထားပါတယ်။ ကျွန်တော်တို့နှစ်ယောက်ဟာ မှန်နံရံ တစ်ဘက်တစ်ချက်ကနေ
အသံမကြားရဘဲ အမူအရာနဲ့တင် အချင်းချင်း ဝေဖန်ဆဲဆိုကြပါတယ်။ လည်ပင်းကြောတွေ ထောင်လာတဲ့အထိ၊ မျက်နှာတွေ နီးမြန်းလာတဲ့အထိ အော်ကြပါတယ်။ အသံမကြားဘဲ အမှုအရာနဲ့ ဆဲဆိုနေကြတဲ့ ကျွန်တော်တို့နှစ်ယောက်ရဲ့ အပြုအမှုက တခြားလုပ်ဖော်ကိုင်ဖက်ရဲ့ အမြင်မှာ ဘယ်လောက်ရယ်စရာ ကောင်းနေမလဲ!

တစ်နေ့မှာ ကျွန်တော်တို့နှစ်ယောက် ငြင်းခုန်ဆဲဆိုနေတုန်းမှာ Philဟာ နာရီတစ်ချက်ကြည့်ပြီး "နင့်ရဲ့အပိုစကားတွေ နားထောင်ဖို့ ငါအချိန်မရှိဘူး။ မိတ်ဆွေတစ်ယောက်နဲ့ ထမင်းစားဖို့ ငါချိန်းထားတယ်" လို့ဆိုပြီး အခန်းထဲကနေ ထွက်သွားပါတယ်။ မှန်ပြတင်းကနေ သူထွက်သွားရာဖက် ကျွန်တော်လိုက်ကြည့်မိတယ်။ ဧည့်ခန်းမှာ သူ့ကိုထိုင်စောင့်နေတဲ့ သူနဲ့အသက် မတိမ်းမယိမ်းအရွယ် လူတစ်ယောက်ကို ကျွန်တော်တွေ့လိုက်တယ်။ အဲဒီလူဟာ Philကိုတွေ့တာနဲ့ ပြုံးရွှင်တဲ့မျက်နှာနဲ့ ဖက်လှဲတကင်း ပွေ့ဖက်နှုတ်ဆက်ပါတယ်။

Philနဲ့ သူ့မိတ်ဆွေထွက်သွားတာကို ကျွန်တော်ငေးကြည့်နေခဲ့မိတယ်။ ကျွန်တော်စိတ်ထဲ တွေးနေမိတာက "Philမှာလည်း သူငယ်ချင်းရှိတယ်? ဒီလောက်အပေါက်ဆိုးတဲ့ သူ့မှာလည်း သူငယ်ချင်းရှိသေးတယ်?" လို့ဖြစ်တယ်။ ဒီအတွေးက ရယ်စရာဖြစ်ရင်လည်းဖြစ်မယ်။ ကျွန်တော်က ကျွန်တော်ကိုယ့်ကျွန်တော် သိပ်ဟုတ်တယ် ထင်နေခဲ့မိတယ်။ Philမှာ သူငယ်ချင်းရှိလိမ့်မယ်လို့ ကျွန်တော်လုံးဝ ထင်မထားခဲ့မိဘူး။ ဘယ်လိုဖြစ်ပြီး Phil ကို နှစ်သက်တဲ့လူလည်း ရှိပါလိမ့်?

အဲဒီညမှာ ကုတင်ပေါ်လဲရင်း ကျွန်တော်စဉ်းစားခန်း ဝင်နေမိတယ်။ အဲဒီလူဟာ Philကိုတွေ့တာနဲ့ ဘာဖြစ်လို့ အားရဝမ်းသာဖြစ်ပြီး ကျွန်တော်က Philကိုတွေ့တာနဲ့ ဘာဖြစ်လို့ စိတ်ပျက်ဒေါသဖြစ်ရတာပါလိမ့်? Philဟာ အမြင်ကပ်ဖို့ကောင်းသူပါ ---- ဟုတ်ပါတယ် ကျွန်တော်ကိုယ့်ကျွန်တော် ဒီလိုပဲ ပြောပြဖြစ်တယ်။ ဒါပေမယ့် Philဟာ အမြင်ကပ်ဖို့ကောင်းတယ်လို့ ကျွန်တော်ထင်သလို လူတိုင်းက ဘာလို့မထင်ပါလိမ့်?

Philနဲ့ သူ့မိတ်ဆွေရဲ့ ပေါင်းသင်းဆက်ဆံရေးက ကျွန်တော်နဲ့ Philရဲ့ပေါင်းသင်းဆက်စပ်ရေးနဲ့ မတူခဲ့ဘူး။ Philကိုဖော်ညွန်းတဲ့ ကျွန်တော်ရဲ့ဖော်ညွန်းချက်နဲ့ သူ့မိတ်ဆွေရဲ့ဖော်ညွန်းချက်တွေက ခြားနားနေတယ်။ Philကိုယ်Philပြောတဲ့ ရင်ထဲစကားတွေက သူ့မိတ်ဆွေကို သူနှစ်သက်တယ်ဆိုတဲ့ စကားဖြစ်သလို သူ့မိတ်ဆွေကိုယ်တိုင်ပြောတဲ့ ရင်ထဲကစကားဟာလည်း Philရဲ့ ကောင်းကွက်တွေပဲဖြစ်တယ်။

ကျွန်တော်မှာတော့ Philအကြောင်းတွေးမိတာနဲ့ ကျွန်တော်ရင်ထဲမှာ သူ့ဆိုးကွက်၊ သူ့ဝေဖန်အပြစ်တင်သံတွေပဲ ရှိနေခဲ့တယ်။ "Philဟာ တကိုယ်ကောင်းဆန်သူ၊ ဘဝင်မြင့်သူ၊ လူအမြင်ကပ်ဖို့ကောင်းသူ" ဒါတွေဟာ Philကို ဖော်ညွန်းတဲ့ ကျွန်တော်ရဲ့ဖော်ညွှန်းချက်ဖြစ်တယ်။ ဒါဟာ ကျွန်တော်ရင်ထဲမှာရှိတဲ့ Philရဲ့ ပုံပန်းသဏ္ဍာန်ဖြစ်တယ်။ နောက်ဆုံးမှာ ဒီလိုသဏ္ဍာန်ရှိတဲ့ လူတစ်ယောက်နဲ့ ကျွန်တော့်ဆက်ဆံရေးကို စခဲ့တယ်။

Philနဲ့ သူ့မိတ်ဆွေရဲ့ ဆက်ဆံရေးက ကျွန်တော်နဲ့မတူခဲ့ဘူး။ ဒါဟာ ဘာကြောင့်လဲဆိုတော့ သူ့ရင်ထဲမှာဖော်ညွန်းတဲ့ Philနဲ့ ကျွန်တော့်ရင်ထဲမှာ ဖော်ညွန်းတဲ့Philရဲ့ ဖော်ညွန်းချက်တွေ မတူလို့ဖြစ်တယ်။

"တခြားလူကို ငါ ဘယ်လိုပြောင်းလဲရမလဲ?" ဒါဟာ ကျွန်တော့်ကို လူအများကမေးတဲ့ မေးခွန်းဖြစ်တယ်။ Philနဲ့ကျွန်တော့်ရဲ့အတွေ့အကြုံက ဒီမေးခွန်းကို ဖြေနိုင်ဖို့ ကျွန်တော့်ကို အဖြေပေးခဲ့ပါတယ်။

"တခြားလူကို ပြောင်းလဲဖို့ တစ်ခုတည်းသောနည်းက သူ့အပေါ်ထားတဲ့ ကိုယ့်အထင်၊ ကိုယ့်အတွေးကို ပြောင်းလဲဖို့ပါပဲ"

"Relationship" (ပေါင်းသင်းဆက်ဆံခြင်း)ဆိုတဲ့ စာလုံးထဲမှာ "relate"ဆိုတဲ့စာလုံးက "ပြောပြတယ်" ဒါမှမဟုတ် "ဆက်သွယ်ပုံကိုပြတယ်"လို့ အဓိပ္ပာယ်ရတယ်။

တနည်းပြောရရင် "ပေါင်းသင်းဆက်ဆံရေးဆိုတာ လူတစ်ဦးနဲ့တစ်ဦး ဆက်ဆံပြောဆိုခြင်းဖြစ်တယ်။ ဒီလိုဆက်ဆံပြောဆိုတဲ့ အခြေခံက တစ်ဘက်လူအပေါ်ထားတဲ့ ကိုယ့်အမြင်ကို ကိုယ့်ကိုယ်ကို ပြန်ပြောပြနေတာဖြစ်တယ်။ ဒီလိုပြန်ပြောပြတဲ့အရာတွေက ဒီပေါင်းသင်းဆက်ဆံရေးကို အဆုံးအဖြတ်ပေးတယ်" (ရှင်းရှင်းပြောရရင် တစ်ဘက်လူအပေါ်မြင်တဲ့ ကိုယ့်အမြင်က ဆိုးနေရင် ဒီပေါင်းသင်းဆက်ဆံရေးက ဒီမှာတင်ပြီးသွားမယ် ဒါမှမဟုတ် ပိုဆိုးလာနိုင်တယ်။ တကယ်လို့ ကောင်းနေရင် ရှေ့ဆက်ဒီထက်ပိုကောင်းတဲ့ ပေါင်းသင်းဆက်ဆံရေးတွေ ရှိလာနိုင်တယ်)


ရေးသားသူ-- Will Bowen
မူရင်း--- Complaint free Relationships စာအုပ်မှ ကောက်နှုတ်ပါသည်။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Tuesday, November 16, 2010

ကျေးဇူးပြုပြီး ကူညီပေးပါ


အစ်မ မနိုင်းနိုင်း

ကိုယ့်ကိုယ်ပဲအရင် အမိတ်ဆက်ပေးပါရစေနော်။ ကျွန်မနာမည်က *****ပါ။ အစ်မစာတွေကို သဘောကျပြီး ပို့စ်အသစ်တင်တိုင်း ဖတ်ဖြစ်ပါတယ်။ ကျွန်မတွေ့ကြုံနေရတဲ့ လူမှုရေးအခက်အခဲလေးတစ်ခုကို ကူညီပေးဖြေရှင်းပေးပါလို့ အကူအညီတောင်းပါရစေနော်။

ကျွန်မကအခု စင်္ကာပူမှာ အလုပ်လုပ်နေပါတယ်။ နှစ်နှစ်ကျော်ရှိပါပြီ။ တွေ့ကြုံရတဲ့ ပြဿနာကတော့ အခန်းထဲ အတူတူနေတဲ့သူအချင်းအချင်းကို ဘယ်လိုအဆင်ပြေအောင် နေရမလဲဆိုတာပါပဲ အစ်မ။ ကျွန်မတို့က အခု ၃ယောက်နေပါတယ်။ ကျွန်မက စကားတော့ နည်းနည်းကျယ်ကျယ်ပြောတတ်ပါတယ်။ (ဆိုလိုတာက - အကြောင်းအရာတစ်ခုကို သိတယ်ဆိုရင်တော့ ပြောတတ်ပါတယ်။) အဲဒါကို တစ်ချို့တွေက ကြီးကျယ်ပြီး ပြောတယ်ထင်ကြတယ်။ ပြီးတော့ကျွန်မက တတ်သိနေတဲ့ပုံစံ ပြတယ်ထင်ကြတယ်။ တကယ်တော့ ကျွန်မစိတ်ရင်းက အဲလိုမဟုတ်ပါဘူး။ တကယ်ပြောတာပါ။ သူတို့ကို မျှဝေလိုတဲ့ဆန္ဒနဲ့ပါ။ သူများပြောလာရင်လည်း နားထောင်ပါတယ်။ စိတ်ဝင်တစားနဲ့လေ။ အဲဒါနားလည်မှုတွေလွဲတော့ နေရတာ စိတ်ဆင်းရဲတယ် အစ်မရယ်။

နောက်တစ်ခုက ၃ယောက်နေတော့ လုပေါင်းကြတယ်ပြောမလား မသိဘူး။ ကျွန်မက လူတစ်ယောက်ကို အဲဒီလိုမပေါင်းတတ်ပါဘူး။ သူများစကားပြောနေလည်း လုမပြောတတ်ဘူး။ ပြီးတော့ ကျန်တဲ့နှစ်ယောက်ပေါ့နော် အရမ်းပေါင်းပြီး စကားပြောနေလည်း မနာလိုမဖြစ်တတ်ဘူး။ ကိုယ့်ဘာသာပဲ နေတာပေါ့နော်။ အဲလိုဘယ်လိုဖြစ်လာလဲဆိုတော့ တဖြည်းဖြည်းနဲ့ အထီးကျန်လာတယ်။ ကိုယ်ကပဲ သိပ်အပေါင်းအသင်း မဆံ့သလိုဖြစ်လာတယ်။

ကျွန်မကိုယ့်ကိုယ်ကိုမို့ ပြောတာမဟုတ်ဘူးနော် အစ်မ။ မိန်းကလေးတော်တော်များများက ၂ ယောက်ပေါင်းမိပြီဆိုရင် အတင်းပြောတတ်တယ်နော်။ ကျွန်မအဲတာမျိုးဆို သိပ်လက်မခံချင်ဘူး။ ကျွန်မကိုပြောလာရင် အင်းအဲပဲလုပ်တယ်။ အဲဒါကြောင့်လည်း ပါမယ်ထင်တယ်။ နောက်တော့ သူတို့က ကျွန်မကို သိပ်လာမပြောတော့ဘူး။ ကျွန်မတကယ်တော့စည်းစောင့်တာပါ။ ပြောလည်းမပြောချင်ဘူး သူများတွေချစ်ခင်နေရင်လည်း မနာလိုမဖြစ်မိဘူး။ အဲလိုအချိန်တွေမှာ လုပြီးလည်းမပြောတတ်ဘူး။ ကျွန်မအဲလို လူမှုရေးပြဿနာတွေနဲ့ ကြုံနေရတာ စလုံးရောက်တည်းက ဆိုပါတော့။ ဒါပေမယ့် ဘယ်သူ့ကိုပြောလို့ ဘယ်သူ့ဆီက အကြံတောင်းရမှန်းလည်းမသိဘူး။ ဒီနေ့ အစ်မရဲ့ ကြုံရဆုံရဘလော့ဂါဘ၀ကိုဖတ်ရင်း မေးရတာနဲ့ သတိရပြီး အကူအညီတောင်းကြည့်တာပါ။ အစ်မရယ် ကူညီပါနော်။ တစ်ခါတစ်လေနေရတာ အရမ်းစိတ်ညစ်တယ်။ ဘယ်လိုနေရမယ်။ ဘယ်လိုပေါင်းသင်းဆက်ဆံရမယ် ဆိုတာလေးနဲ့ အစ်မဆုံးမချင်တာ ဆုံးမလို့ရပါတယ်။ ကျွန်မအသက် ၂၈ပါ။ အလုပ်ကတော့ စာရင်းကိုင်ပါအစ်မ။ အစ်မအရမ်းအလုပ်ရှုပ်မှာကိုသိလျှက်နဲ့ အကူအညီတောင်းရတဲ့ အတွက် အရမ်းပဲအားနာ ကျးဇူးတင်မိပါတယ်။ အစ်မနှင့် အစ်မမိသားစု စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ အသက်ရာကျော်ရှည်စွာနေထိုင်နိုင်ပြီး အစ်မလည်းစာတွေပိုရေးရင်း အောင်မြင်ပါစေလို့ဆုတောင်းပေးရင်း....


အစ်မကို အားကိုးလေးစားလျှက်
*****

လူတိုင်းကြုံတွေ့နိုင်တဲ့ လူမှုရေး အခက်အခဲလေးတစ်ခုပါ။ စင်ကာပူနေ ညီမငယ်တစ်ယောက်က သူတွေ့ကြုံနေရတဲ့ အခက်အခဲတစ်ခုကို မေးလ်ပို့ပြီး အကူအညီတောင်းခဲ့ပါတယ်။ ကျွန်မတစ်ယောက်တည်းရဲ့ ဦးနှောက်နဲ့ လုံလောက်တဲ့အကူအညီ မပေးနိုင်တာကြောင့် စာဖတ်သူတွေရဲ့ အကြံဉာဏ်၊ အတွေ့အကြုံ၊ ဖြေရှင်းနည်းတွေကို ထပ်တောင်းလိုက်ပါတယ်။ ကျေးဇူးပြုပြီး ကူညီပေးကြပါအုန်းလို့ ညီမငယ်ရဲ့ခွင့်ပြုချက်နဲ့ ဘလော့ပေါ်မှာ အကူအညီတောင်းလိုက်ပါတယ်။ ညီမငယ်ကိုယ်စား အားလုံးကို ကျေးဇူးတင်ပါတယ်။

နိုင်းနိုင်းစနေ



Share/Bookmark

စင်္ကာပူနိုင်ငံတွင် .....



ဆမ်ဘာဝမ်းတန်ဆောင်တိုင်ပွဲတော် ( 2010) ကိုစင်္ကာပူနိုင်ငံတွင် စည်ကားသိုက်မြိုက်စွာကျင်းပမည်

စင်ကာပူမှာနေထိုင်သူများ အားလုံးသိကြပြီး ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် များပြားလှတဲ့အလုပ်တွေကြောင့် မေ့ပြီးပွဲလွတ်သွားမှာစိုးလို့ စင်ကာပူနေ ညီမငယ်တစ်ယောက်က ပွဲကြိုက်သူတွေကို အသိပေးတဲ့အနေနဲ့ ထပ်ကြေညာခိုင်းလိုက်ပါတယ်။ ကုသိုလ်လဲယူ၊ အငြိမ့်လဲကြည့်၊ အခမဲ့တည်ခင်းတဲ့ စတုဒီသာကို အဝစားပြီး သူငယ်ချင်း၊ မိတ်ဆွေတွေနဲ့ ၂ဝ၁ဝ စင်ကာပူတန်ဆောင်တိုင်ပွဲကို (၂၁၊ ၁၁) တနင်္ဂနွေနေ့ ဆမ်ဘာဝမ်းမှာ ပျော်ပျော်ရွှင်ရွှင် ပါဝင်ဆင်နွဲနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

အသေးစိတ်ကို http://www.hninhaymar.com/2010/10/2010.html ဒီမှာဖတ်နိုင်ပါတယ်။

နိုင်းနိုင်းစနေ


Share/Bookmark

Friday, November 12, 2010

ကိုယ့်ကိုကိုယ်အောင်နိုင်ခြင်းက....


အထီးကျန်တာကို အရင်သည်းခံပါ ပြီးမှ ချန်ပီယံလုပ်ပါ

အကျင့်စရိုက်က ကံကြမ္မာကို အဆုံးအဖြတ်ပေးသတဲ့။ ကျွန်မက တစ်ယောက်တည်း ကိုယ့်အတွေးနဲ့ကိုယ် အေးအေးဆေးဆေးနေတတ်သူ၊ စိတ်ဓာတ်မာသူဖြစ်တယ်။ လူတချို့က ကျွန်မကို "အထီးကျန် ချန်ပီယံ" လို့တင်စားကြတယ်။

ကျွန်မရဲ့ငယ်စဉ်အိပ်မက်က ပန်းချီဆရာတစ်ဦးပါ။ (၃)နှစ်အရွယ်ထဲက ကျွန်မ ပန်းချီစဆွဲခဲ့တယ်။ အဲဒီတုန်းက မိဘတွေအလုပ်သွားကြတော့ အိမ်မှာတစ်ယောက်တည်းကျန်ခဲ့တဲ့ ကျွန်မကို သူတို့စိတ်မချကြဘူး။ ဒါနဲ့ ကျွန်မကို အိမ်ထဲမှာ တစ်နေကုန် သော့ခတ်သွားကြတယ်။ ကျွန်မလည်း အိမ်ထဲမှာ ဆိတ်ဆိတ်ငြိမ်ငြိမ်နဲ့ တစ်နေကုန် ပန်းချီဆွဲခဲ့တယ်။

အဲဒီအချိန်ကစပြီး တစ်ယောက်တည်း တိတ်တိတ်ဆိတ်ဆိတ် နေတတ်တဲ့အကျင့် ကျွန်မမှာပါခဲ့တယ်။ ကျွန်မမှာ သူငယ်ချင်းများများစားစား မရှိဘူး။ သူငယ်ချင်းများရင် အပျော်အပါးများမယ်။ အသွားအလာများမယ်။ ကျွန်မအကျင့်နဲ့ သိပ်မကိုက်သလို ကျွန်မရဲ့ဘောလုံးကျင့်ချိန်ကိုလည်း ထိခိုက်စေတယ်။ ကျွန်မ အိမ်မှာတစ်ယောက်တည်းနေပြီး စာအုပ်ဖတ်တယ်၊ ဟာသကားကြည့်တယ်၊ မုန့်စားတယ်၊ တစ်ခါတလေ မေမေနဲ့ ဈေးဝယ်ထွက်တယ်။ စိတ်ဖိအားများတ့အချိန် Yogaကျင့်တယ်။ တစ်ယောက်တည်း ဆိတ်ဆိတ်ငြိမ်ငြိမ်ထိုင်ပြီး ပေါ့ပါးတဲ့သံစဉ်တွေနဲ့ စိတ်ဖိအားကိုလျော့တယ်။ ဒါတွေဟာ ကျွန်မရဲ့အားလပ်ချိန်မှာ ကျွန်မအရမ်းနှစ်သက်တဲ့ အနားယူခြင်းတွေပါပဲ။

အခုချိန်မှာ ပြန်တွေးကြည့်ရင် အေးအေးဆေးဆေးသမားတွေက ဘိလိယက်ကစားသမားဖြစ်ဖို့ အရမ်းသင့်လျော်တယ်။ ဘိလိယက်ထိုးရင် အာရုံစူးစိုက်မှုရှိရတယ်။ တွေးတောရတယ်။ စိတ်ရှည်ရတယ်။ တည်ငြိမ်ရတယ်။ ဒါတွေအားလုံး ကျွန်မမှာရှိတယ်။ ဒီကနေ့ခေတ်မှာ တစ်ယောက်တည်း ထီးထီးနေနိုင်တဲ့သူ ရှားတယ်။ ဒါကြောင့် အထီးကျန်တာကို အရင်သည်းခံပါ။ ပြီးမှ ဆရာတစ်ဆူလုပ်ပါ။ ကောင်းမွန်တဲ့ စိတ်နေသဘောထားက အောင်မြင်ဖို့အတွက် မရှိမဖြစ်လိုအပ်ပါတယ်။


ကိုယ့်ကိုကိုယ်အောင်နိုင်ခြင်းက သူတစ်ပါးကိုအောင်နိုင်ခြင်းထက် အရေးကြီးတယ်

သိပ်မကြာခင်တုန်းက အမေရိကားပြိုင်ပွဲတစ်ခုမှာ ကျွန်မသွားယှဉ်ပြိုင်ခဲ့တယ်။ အမေရိကန်လက်ရွေးစင် Allison Fisherနဲ့ ယှဉ်ပြိုင်ရတဲ့ပွဲကို ကျွန်မတစ်သက်မမေ့ခဲ့ဘူး။

ကမ္ဘာ့နံပါတ်တစ်ဆိုတဲ့ ဒီလက်ရွေးစင်နဲ့ အရင်က ကျွန်မနှစ်ကြိမ်ယှဉ်ပြိုင်ခဲ့ဖူးတယ်။ တစ်လှည့်နိုင် တစ်လှည့်ရှုံးခဲ့တဲ့ရလဒ်က ဒီတစ်ခေါက် သူနဲ့ယှဉ်ပြိုင်ဖို့အတွက် ကျွန်မကို ပေါ့ပေါ့ပါးပါးရှိစေခဲ့တယ်။ ပြိုင်ပွဲပြိုင်နေတုန်း နှစ်ယောက်စလုံး (၈)မှတ်ညီနေချိန်ထိ ကျွန်မဘက်က အသာရနေခဲ့တယ်။ ဒါပေမယ့် ဒီလိုအခွင့်အရေးကို ကျွန်မ ပိုင်ပိုင်နိုင်နိုင် မဖမ်းချုပ်နိုင်ခဲ့ဘူး။ နောက်ပြီး အမေရိကန်မှာ ယှဉ်ပြိုင်တဲ့ပွဲဖြစ်လို့ အမေရိကန်လူမျိုးတွေက သူတို့ရဲ့လက်ရွေးစင်ကိုပဲ အနိုင်ရစေချင်ခဲ့တယ်။ ဒီလိုနဲ့ ကျွန်မနောက်ဆုံးတစ်ချက် ထိုးခါနီးမှာ အစီအစဉ်မှူးက ပရိသတ်တွေကို ပြိုင်ပွဲကနေ ထွက်ခွာနိုင်ပြီဖြစ်ကြောင်း ကြေညာတယ်။ အဲဒီမှာ ကွင်းပတ်လည်က ပရိသတ်တွေ လှုပ်လှုပ်ရှားရှားနဲ့ နေရာကခွာကြတယ်။ ဒီလိုရှုပ်ထွေးတဲ့ လှုပ်ရှားမှုတွေက ကျွန်မရဲ့အာရုံကို လာနောက်တယ်။ နောက်ဆုံး အသာစီးအနိုင်ရမယ့်ပွဲမှာ ကျွန်မရှုံးသွားခဲ့တယ်။

ပွဲပြီးတော့ ကျွန်မ အရမ်းဝမ်းနည်းမိတယ်။ ကမ္ဘာ့အဆင့်တစ်လက်ရွေးစင်နဲ့ နောက်ဆုံးယှဉ်ပြိုင်ပွဲမှာ ကျွန်မရဲ့မှားယွင်းချက်ကြောင့် ကျွန်မသူ့ကို မနိုင်ခဲ့ဘူး။ ကျွန်မကိုယ်ကျွန်မ ခွင့်မလွတ်နိုင်ခဲ့ဘူး။ အဲဒီညမှာ ကျွန်မလုံးဝ အိပ်မပျော်ခဲ့ဘူး။ ဖေဖေဆီဖုန်းဆက်ပြီး "ဒီကစားပွဲကို ကျွန်မတစ်သက်မှတ်ထားမယ်!" လို့ပြောခဲ့တယ်။

အိပ်လို့မရခဲ့တဲ့ကျွန်မ ပုံပြင်တစ်ပုဒ်ကို ထပ်လောင်းတွေးနေမိတယ်။ အဲဒီပုံပြင်က ကောင်မလေးတစ်ယောက်ဟာ ကမ်းမမြင်လမ်းမမြင်တဲ့ နွံတောထဲမှာ လမ်းလျှောက်နေခဲ့တယ်။ လမ်းပျောက်နေခဲ့သည့်တိုင် ထက်မြက်တဲ့ကောင်မလေးက မထိတ်လန့် မတုန်လှုပ်ခဲ့ဘူး။ သူထားခဲ့တဲ့ ခြေရာအတိုင်း နဂိုနေရာဆီရောက်အောင် ပြန်လာခဲ့ပြီး လမ်းသစ်ကိုရှာခဲ့တယ်။ နောက်ဆုံးမှာ အဆုံးမရှိတဲ့ နွံတောထဲကနေ သူရအောင် ထွက်နိုင်ခဲ့တယ်။ ဒီပုံပြင်က ကျွန်မကို ထပ်တဖန်ထိုးဆွနေခဲ့တယ်။ ပြိုင်ပွဲတစ်ခုရှုံးသွားပေမယ့် အဲဒီပြိုင်ပွဲထဲကနေ အမှားအယွင်းနဲ့ လိုအပ်ချက်တွေကို ရှာနိုင်ခဲ့ရင် အသစ်တဖန်ပြန်စနိုင်တဲ့ အင်အားကိုရစေပါတယ်။

လူ့ဘဝမှာ အရာရာက အမြဲတမ်း အဆင်ပြေနေမှာ မဟုတ်ဘူး။ ကိုယ်လျှောက်ခဲ့တဲ့လမ်းမှာ ခြေရာလေးတွေချန်ပြီး လမ်းပျောက်တဲ့အခါ စမှတ်ကို ရှာနိုင်ရင်ရပါပြီ။ ဒီလိုအဖြစ်အပျက်နဲ့ ကြုံပြီးနောက် လူတွေဟာ ကိုယ့်ကိုကိုယ်အောင်နိုင်ခြင်းက သူတစ်ပါးကိုအောင်နိုင်ခြင်းထက် ပိုအရေးကြီးတယ်ဆိုတာကို ကျွန်မ နားလည်ခဲ့ရတယ်။


အပင်ပန်းခံတာ ထိပ်ဆုံးရောက်ဖို့

ကျွန်မမိတ်ဆွေတွေက ကျွန်မကို "Xiao-Ting Pan ဒီနေ့လို အောင်မြင်လာမှာကို မျှော်လင့်ခဲ့ပြီးသားပါ" လို့ပြောကြတယ်။ ကျွန်မရဲ့ပေးဆပ်မှုတွေက တခြားလူတွေနဲ့စာရင် နှိုင်းပြလို့ မရမှန်း သူတို့သိထားလို့ဖြစ်တယ်။

ကျွန်မအသက်(၁၅)နှစ်မှာ ဖေဖေရဲ့ကစားရုံမှာ ဘောလုံးကျင့်နေခဲ့ပြီ။ အဲဒီကစားရုံမှာ ကျွန်မ(၄)နှစ်ကြာခဲ့တယ်။ ကစားရုံရဲ့ဘေး အိမ်လေးတစ်လုံးထဲမှာ တစ်ယောက်အိပ်ကုတင်တစ်လုံးနဲ့ အဝတ်ဘီရိုတစ်ခုက ကျွန်မရဲ့ပိုင်ဆိုင်သမျှတွေဖြစ်တယ်။ အဲဒီ(၄)နှစ်အတွင်းမှာ ဖေဖေက ကျွန်မကို ဘောလုံးကျင့်ချိန် တစ်နေ့(၈)နာရီက (၁၂)နာရီထိရှိရမယ်။ တစ်ပတ်မှာ နေ့တစ်ဝက်ပဲ အားလပ်ချိန်ရှိရမယ်လို့ သံမဏိစည်းကမ်း ချထားတယ်။ ကျွန်မဖျားလို့ မနက်ဆေးခန်းသွားရင် ညနေကစားရုံသွားပြီး အဲဒီတစ်နေ့စာကို ပြန်ကျင့်ရတယ်။

အရင်က ကျွန်မတို့ အရမ်းကြပ်တည်းတယ်။ ကျွန်မပြိုင်ပွဲရှိတိုင်း ဖေဖေအမြဲလိုက်တယ်။ ပီကင်းအထိ ကျွန်မတို့ရထားစီးသွားရတယ်။ ပီကင်းရောက်တော့ ပိုက်ဆံမရှိတာနဲ့ ဈေးအပေါဆုံး မြေအောက်ထပ်မှာ ကျွန်မတို့သားအဖ အခန်းငှားအိပ်ကြတယ်။ မြေအောက်ထပ်က စွတ်စိုမှောင်မည်းနေတော့ တံခါးဖွင့်တာနဲ့ စူးစူးဝါးဝါး အနံ့တွေရတယ်။ ပထမအကြိမ် ကျွန်မဗိုလ်စွဲတော့ ဆုကြေး (၄ဝဝဝယွမ်)ရတယ်။ ဒီငွေလေးနဲ့ ကြာကြာရပ်တည်နိုင်အောင် ဘဲကင်တစ်ခြမ်းလေးပဲဝယ်ပြီး ကျွန်မတို့ဂုဏ်ပြုနိုင်ခဲ့တယ်။ မွှေးကြိုင်တဲ့ ဘဲကင်တစ်ခြမ်းလေးကို ကြည့်ပြီး ကျွန်မ ငိုမိတယ်။ ဒါတွေအားလုံးကို ကျွန်မ သည်းခံနိုင်ပါခဲ့တယ်။

ကျွန်မအသက်(၁၅)နှစ် ဘောလုံးစကျင့်ချိန် ဖေဖေ စကားတစ်ခွန်းပြောခဲ့တယ်။ "အကောင်းဆုံးဖြစ်ချင်ရင် သူတစ်ပါးထက် ပိုပေးဆပ်ရမယ်၊ ပိုစွန့်လွတ်ရမယ်"တဲ့။ အရင်တုန်းက ဖေဖေဟာ နိုင်ငံကိုယ်စားပြု ဘောလုံးသမား၊ ဘတ်စကက်ဘော ဒိုင်လူကြီးတစ်ဦးဖြစ်ခဲ့တယ်။ နောက်တော့ စားဖိုမှူးလုပ်တယ်။ အကောင်းဆုံး စားဖိုမှူးအဖြစ် သတ်မှတ်ခံခဲ့ရတယ်။ မလုပ်ချင် မလုပ်နဲ့ လုပ်ပြီဆိုရင် ပိရမစ်ထိပ်က လူဖြစ်အောင်လုပ်လို့ ကျွန်မကို ဖေဖေကသူ့လိုဖြစ်ဖို့ မျှော်လင့်ခဲ့တယ်။ ဒီလိုရည်မှန်းချက်ကို အကောင်အထည်ဖော်ဖို့ တခြားသူ (၃)နာရီကျင့်တဲ့ ဘောလုံးကို ကျွန်မပိုကျင့်ဖြစ်ခဲ့တယ်။ ဒါမှ သူတစ်ပါးကို ကျော်လွန်နိုင်မယ်။

ဒီလိုအပြင်ပန်းမခံနိုင်ရင် ဒီလမ်းကို ခပ်စောစောစွန့်ပြီး တခြားလမ်းကို ရွေးချယ်သင့်တယ်။ ဒါပေမယ့်
ဒီလမ်းကို ရွေးပြီဆိုမှတော့ လူတိုင်းက အောင်မြင်ချင်တာချည်းပဲ။ အပင်ပန်းခံတာက အောင်မြင်ဖို့အတွက် အခြေခံလိုအပ်ချက်ဖြစ်တယ်။ အပင်ပန်းဒဏ်ကို ခံနိုင်တဲ့လူတွေက ချိုမြိန်တဲ့ အောင်မြင်ခြင်းအသီးအပွင့်ကို စားရမှာ ဧကန်မလွဲပါဘူး။




အမည် ....... Xiao-Ting Pan (潘晓婷)
တခြားအမည် ....... Nine ball champion
မွေးသက္ကရာဇ် ....... ၁၉၈၂ခုနှစ် ဖေဖော်ဝါရီ ၂၅ရက်
ကိုယ်စားပြုနိုင်ငံ ....... တရုတ်
အရပ် ....... ၁၆ဝ cm
ရရှိခဲ့တဲ့ ဆုများ ....... ၁၉၉၈ခုနှစ် European Cup အမျိုးသမီးပထမဆု၂ဝဝ၂ခုနှစ် အာရှ Number one cup အမျိုးသား အမျိုးသမီးတွဲပထမဆု၊ ဂျပန်Osaka ၃၅ကြိမ်မြောက် အမျိုးသမီးပထမဆု၊ ၂ဝဝ၄ခုနှစ် ကမ္ဘာ့အမျိုးသမီး 9ballပြိုင်ပွဲ တတိယဆု၊ ၂ဝဝ၅ခုနှစ် ဂျပန်(9ball Championship) အမျိုးသမီး ပထမဆု၊ .... etc

http://www.duwenzhang.com/wenzhang/lizhiwenzhang/20070821/791.html

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Thursday, November 11, 2010

ကျေးဇူးတရားပေးကမ်းပါ


အမေရိကန်က စီးပွားရေးလုပ်ငန်းရှင် Steeleဟာ ပရဟိတလုပ်ငန်းတွေမှာ တက်တက်ကြွကြွ ပါဝင်ခဲ့တယ်။ (၁ဝ)နှစ်ကျော်အတွင်းမှာ ကူညီထောက်ပံ့ခံရသူတွေရဲ့ မေတ္တာကို သူရခဲ့သလို အစိုးရပေးအပ်တဲ့ ပရဟိတဒါနရှင်ဆိုတဲ့ ဂုဏ်ပုဒ်ကိုလဲ ရခဲ့တယ်။ နှစ်စဉ်နှစ်တိုင်းရဲ့ ခရစ္စမအချိန်အခါဟာ Steeleမိခင် အလုပ်ရှုပ်တဲ့အချိန်ဖြစ်တယ်။ မိခင်နာမည်က Vidya လို့ခေါ်တယ်။ ခရစ္စမရောက်တဲ့နေ့မှာ Vidyaဟာ မနက်မိုးလင်းချိန်ကစ ညနေထမင်းစားချိန်ထိ လူတွေပေးပို့လာတဲ့ လက်ဆောင်တွေကို လက်ခံရပါတယ်။ သူလက်ခံရတဲ့ လက်ဆောင်အများစုက ကြက်ဆင်တွေဖြစ်တယ်။

ကုမ္ပဏီနဲ့ ပရဟိတလုပ်ငန်းကြား အလုပ်များခဲ့တဲ့ Steeleဟာ ဒီလိုနေ့ထူးနေ့မြတ်မှာမှ အိမ်မှာအနားယူရပါတယ်။ လက်ဆောင်တွေလက်ခံရင်း အလုပ်များနေတဲ့ မိခင်ကိုကြည့်ပြီး Steeleက နားမလည်ဟန်နဲ့ "မေမေ... မေမေ ဒါဘာလုပ်နေတာလဲ? ဒီကြက်ဆင်တွေက ဆင်းရဲသားတွေကို ဝေငှာပေးဖို့ အလုပ်ကလူတွေကို သားမှာခဲ့တာလေ။ သားတို့အိမ်မှာ ပြည့်စုံနေပြီပဲ မေမေ။ ဘာဖြစ်လို့ ဒီကြက်ဆင်တွေကို လက်ခံရသေးတာလဲ?" လို့မေးတယ်။

မိခင် Vidyaက သားအမေးကို ဂရုမစိုက်ဘဲ လူတွေလာရောက်ပို့သတဲ့ လက်ဆောင်တွေကို လက်ခံနေခဲ့တယ်။ ပါးစပ်ကလည်း "သိပ်ကျေးဇူးတင်တာပဲ။ ဈေးထဲ ကြက်ဆင်သွားဝယ်ပေးတဲ့လူမရှိလို့ ကျွန်မစိတ်ညစ်နေတာ။ အခုလို ကြက်ဆင်ပေးပို့လာတဲ့အတွက် အများကြီးဝမ်းသာပါတယ်။ ကျွန်မနဲ့ Steeleအတွက် ညစာလုံလောက်သွားပါပြီ"လို့ ပြောနေခဲ့တယ်။ ညနေထိ လက်ဆောင်လက်ခံပြီးချိန်ရောက်မှ မိခင် Vidyaဟာ သားဖက်လှည့်ပြီး စကားပြောတော့တယ်။

တစ်အိမ်လုံးပြည့်နေတဲ့ ကြက်ဆင်တွေကို ငေးကြည့်နေတဲ့သားကို Vidyaက "သား.. Steele... သားဟာ ပရဟိတလုပ်ငန်းရှင်ဆိုတာ မေမေသိတယ်။ သူတို့အတွက် ပစ္စည်းတွေကို သားပေးကမ်းမှန်း မေမေသိတယ်။ မေမေလည်း ပရဟိတလုပ်ငန်းရှင် တစ်ယောက်ပဲလေ။ သူတို့အတွက် မေမေလည်း လုပ်ပေးနိုင်တာ လုပ်ပေးသင့်တာပေါ့"

မိခင်ရဲ့စကားကို သူနားမလည်ခဲ့ဘူး။

"မေမေ... မေမေ့လို ပရဟိတလုပ်ငန်းရှင် ရှိမယ်မထင်ဘူး။ သားပေးကမ်းလိုက်တဲ့ ပစ္စည်းတွေကို မေမေကပြန်လက်ခံနေတယ်။ သားကို အလုပ်ရှုပ်အောင် မေမေလုပ်နေတာ မဟုတ်လား?"

"မဟုတ်ဘူး သား.. သားပြောတာ မဟုတ်သေးဘူး။ မေမေရဲ့ပရဟိတနဲ့ သားရဲ့ပရဟိတက အတူတူပဲ။ လူတွေကို သားပေးကမ်းလိုက်တာက ပစ္စည်းဥစ္စာတွေ၊ မေမေပေးကမ်းလိုက်တာက ကျေးဇူးတရားတွေ။ ဆင်းရဲသားပဲဖြစ်ဖြစ် လူတိုင်းလူတိုင်းက တခြားသူကို ကူညီချင်တဲ့ ဆန္ဒရှိကြတယ်။ သားက ပစ္စည်းဥစ္စာတွေကို ပေးကမ်းတယ်၊ ကျေးဇူးတွေကို ပြန်ရတယ်။ မေမေက ကျေးဇူးတရားကို ပေးကမ်းတယ်၊ ပစ္စည်းဥစ္စာတွေကို ပြန်ရတယ်။ လူတွေကို မေမေတို့တန်းတူ ကူညီလိုက်တာပဲ မဟုတ်လား သား?"

မိခင်ရဲ့စကားကို Steele နားလည်လိုက်တယ်။ မိခင်ရဲ့စေတနာကို သူသဘောပေါက်လိုက်တယ်။ မိခင်ကမှ တကယ့် ပရဟိတလုပ်ငန်းရှင်၊ သူက ငွေကြေးရှိတဲ့ စီးပွားလုပ်ငန်းရှင်လို့ သူထင်တယ်။ ပရဟိတလုပ်ငန်းရှင်ဆိုတာ လူတွေကို ပစ္စည်းဥစ္စာ စွန့်ကြဲပေးကမ်းသလို ကျေးဇူးတရားတွေလည်း ပေးကမ်းဖို့လိုသေးကြောင်း သူနားလည်လိုက်လို့ဖြစ်တယ်။

ရေးသားသူ-- Shen Xiang

နိုင်းနိုင်းစနေ ဘာသာပြန်သည်။



Share/Bookmark

Wednesday, November 10, 2010

ခေတ်ရေစီးထဲက သူတို့


ယနေ့ခေတ်ရေစီးကြောင်းမှာ အရှုးသွပ်ဆုံး အသက်(၇ဝ) DJဘွားဘွား
Mamy

၂ဝ၁ဝခုနှစ် သြဂုတ်လ။ ပဲရစ်မြို့ရဲ့ နှိုက်ကလပ်မှာ အသက်(၇ဝ)ကျော်အဘွားကြီးတစ်ဦး DJ လုပ်နေပြီလား? အမှန်အကန်ပါပဲ... အင်္ဂလန် DJ Ruth Flowers တဖြစ်လဲ DJ Mamyဟာ ဒီကနေ့ခေတ်ရဲ့ အသက်(၇ဝ)ကျော် အဘွားကြီး DJပဲဖြစ်ပါတယ်။ Cannes Film Festival ကတောင် သူ့ကိုဖိတ်ပြီး ဖြေဖျော်ခိုင်းသေးသတဲ့။ ရောင်စုံမီးရောင်တွေနဲ့ ရှုပ်ပွတဲ့အပြင်အဆင် ခလုတ်တွေကြားမှာ DJ Mamy ဟာ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး DJ ပွတ်လို့နေတယ်။ high အဖြစ်ဆုံး သံစဉ်တွေနဲ့ နှိုက်ကလပ်တစ်ခုလုံးကို ပိုတက်ကြွအောင် သူစွမ်းဆောင်နိုင်ခဲ့ပါတယ်။


ရင်သားပေါ် သူတို့သမီးဝတ်စုံ ဒါဟာခေတ်ရေစီးလား? အတုယူမှားဖို့လား!

၂ဝဝ၉ခုနှစ် ဒီဇင်ဘာလ။ ရွှေရောင်ဆံပင် မိန်းကလေးတစ်ယောက်ရဲ့ မင်္ဂလာဆောင်ဓာတ်ပုံတွေ အင်တာနက်မှာ ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့တယ်။ မိန်းကလေးရဲ့ မင်္ဂလာဆောင်ဝတ်စုံက လည်ဟိုက်လွန်းတဲ့အတွက်ကြောင့် အင်တာနက်သုံးတွေသူက ဒါဟာ ခေတ်ရေစီးကြောင်းကို အမီလိုက်တာလား! ဒါမှမဟုတ် လူတွေကို အတုယူမှားစေဖို့လား! လို့ ခန့်မှန်းကြတယ်။ ဒီမိန်းကလေးဟာ ရုရှားလူမျိုးဖြစ်မယ်လို့လည်း ထင်ကြတယ်။ အင်တာနက်သုံးစွဲသူ တချို့က ဒီလိုသူတို့သမီးဝတ်စုံဟာ လူတွေကို အထင်မြင်မှားစေနိုင်တယ်၊ အတုယူမှားစေနိုင်တယ်လို့ ဆိုပါတယ်။ တချို့ကလည်း သူတို့ဟာ အရမ်းချစ်ကြတဲ့ စုံတွဲဖြစ်မယ်ဆိုပြီး သူတို့သမီးရဲ့ ဒီလိုအဝတ်အစား အပြင်အဆင်ကို နားလည်ပေးနိုင်ကြောင်း ပြောပါတယ်။


မော်ဒယ်လောကရဲ့ "ဒဏ္ဍာရီ" အသက်(၈၁)နှစ်ရှိ မော်ဒယ်ဘွားဘွားDaphne Selfe

၂ဝဝ၉ခုနှစ် မတ်လ။ အင်္ဂလန်က အဘွားအိုတစ်ဦးဟာ သမိုင်းမှာ အသက်အကြီးဆုံး မော်ဒယ်ဂဲလ်အဖြစ် စံချိန်တင်ခဲ့တယ်။ (၈၁)နှစ်ရှိပြီးဖြစ်တဲ့ အဘွားအိုဟာ ကိုယ်လုံးကိုယ်ပေါက် လှနေသေးတဲ့အပြင် နာမည်ကြီးတံဆိပ်တွေရဲ့ မျက်နှာသာပေးတာကို ခံရပါသတဲ့။ အသက်(၈၁)နှစ် မော်ဒယ် Daphne Selfeဟာ ပလပ်စတစ်ဆာဂျင်ရီ လုံးဝမခွဲဖူးပါတဲ့။ မော်ဒယ်လျှောက်တဲ့အလုပ်နဲ့တင် တစ်နေ့ကို စတာလင်ပေါင်(၁ဝဝဝ) သူ့မှာ ဝင်ငွေရှိပါတယ်။ ဒါဟာ ပြိုင်ဆိုင်မှုများတဲ့ မော်ဒယ်လောကမှာ "ဒဏ္ဍာရီ" တစ်ပုဒ်လိုပါပဲ။ သားသမီး(၄)ယောက်နဲ့ မြေးတွေရှိတဲ့ အသက်(၈၁)နှစ် Daphne Selfeကတော့ ယနေ့အထိDolce &Gabbana (D&G)လို နာမည်ကြီးတံဆပ်တွေရဲ့ အလုအယှက် စာချုပ်ချုပ်ခြင်းကို ခံနေရပါသတဲ့။


ခေတ်ရေစီးကြောင်းပေါ်က အသက်(၇၈)နှစ်ရှိသူ အဘိုးအို

အသက်(၇၈)နှစ်ရှိသူ အဘိုးအိုတစ်ဦးဟာ နဂိုအသက်ကို မခန့်မှန်းနိုင်လောက်အောင် ပြင်ဆင်နိုင်ခဲ့ပါတယ်။ သူကတော့ တရုတ်ပြည် ဟူနန်ကဖြစ်ပြီး Latin အကကို ကြိုက်နှစ်သက်သူဖြစ်တယ်။ ကရခက်တဲ့ Hip-hopအကတွေကိုလည်း ကနိုင်ပါသတဲ့။ သူဟာ အရောင်အသွေးစုံ အဝတ်အစားတွေနဲ့ လိုက်ဖက်အောင် ပြင်ဆင်ဝတ်ဆင်နိုင်တာကြောင့် လမ်းသွားလမ်းလာတွေတောင် ၂ခါပြန်ကြည့်ရသတဲ့။ သူ့ကို "ခေတ်ရေစီးကြောင်းပေါ်က အသက်အကြီးဆုံးယောက်ျား" လို့ လူတွေက သတ်မှတ်ကြတယ်။


ခွေးကို လွတ်ကျောင်းနေသလိုမျိုး ကလေးတွေနဲ့
ဒီိလိုဘေးကင်းကြိုးတွေက ဂျာမဏီမှာ ခေတ်စားနေခဲ့ပါတယ်

၂ဝဝ၉ခုနှစ် စက်တင်ဘာလ။ ဂျာမဏီနိုင်ငံမှာ ကလေးတွေကို ဘေးကင်းကြိုးချည်ပေးတဲ့ မိဘတွေ ပိုပိုများလာခဲ့တယ်။ ညနေညခင်း လမ်းလျှောက်ထွက်တဲ့ ကလေးတွေကို မိဘတွေက ဘေးကင်းကြိုး ချည်ပေးတတ်တယ်။ ခွေးတွေကို လွတ်ကျောင်းနေသလိုမျိုး ဒီလိုမြင်ကွင်းက မြင်ရသူကို စိတ်ဝင်စားစေတယ်။ ဒီလိုလွတ်ကျောင်းနည်းက ဂျာမဏီနိုင်ငံမှာ ခေတ်ဖက်ရှင်တစ်ခုလို ဖြစ်နေခဲ့ပါတယ်။


၈ဝနောက်ပိုင်း ခေတ်ရေစီးထဲက ကိုရင်shidaoxin

၂ဝ၁ဝခုနှစ် အောက်တိုဘာလ။ ရှန်ဟိုင်းမြို့လမ်းဘေးတစ်နေရာက ညနေခင်းလက်ဖက်ရည်ဆိုင်မှာ ကိုရင်တစ်ပါးထိုင်နေတယ်။ လက်ဖက်ရည်မရောက်ခင် ကိုရင်က iphone3GS ကိုထုတ်ပြီး "Microblogပေါ်က သတင်းတွေကို အရင်ကြည့်မယ်"လို့ဆိုတယ်။ ဒီကိုရင်ဟာ Microblogပေါ်မှာ ပရိသတ်ပေါင်း ၅သောင်းကျော်ရှိတဲ့ ကိုရင်ဖြစ်တယ်။ ထုံးစံအရဆိုရင် ဘုန်းကြီးတွေဟာ တရားတွေအကြောင်းပဲ ပြောကြတယ်။ ဒါပေမယ့် ဒီကိုရင်က မတူဘူး။ သူ သီချင်းခွေထုတ်တယ်၊ သူဟာ အနုပညာဘုန်းကြီးပါလို့ ကြော်ညာတယ်။ သူ့ခရီးစဉ်ကို ကြော်ညာတယ်။ သတင်းထောက်တွေကို သူဘာလုပ်နေတယ်ဆိုတဲ့အကြောင်း အသိပေးတယ်။သူဟာ ၈ဝခုနှစ်နောက်ပိုင်းက သီချင်းဆို ဘလော့ရေးတဲ့ ခေတ်ရေစီးထဲက အနုပညာသည် ကိုရင်တစ်ပါးဖြစ်တယ်။


ခေတ်ရေစီးကြောင်းထဲက အသက်(၂ဝ) ဖိလစ်ပိုင်နိုင်ငံသား Bryan Boy

သူဟာ နာမည်ကြီးတံဆိပ် အဝတ်အစားနဲ့ မိန်းကလေးလို့ ဝတ်ဆင်တတ်သူတစ်ဦးဖြစ်တယ်။ နှစ်သက်သူတွေက သူ့ကို BB (Bryan Boy)လို့ခေါ်ကြတယ်။ မနှစ်သက်သူတွေက မကောင်းဆိုးဝါးလို့ဆိုတယ်။ ၂ဝဝ၉ခုနှစ် ဇွန်လမှာ သူနာမည်ကြီးခဲ့တယ်။ သူ့ပရိသတ်တွေ ကမ္ဘာအနှံ့ရှိခဲ့တယ်။ သူ့ကို ဖက်ရှင်လောကရဲ့ ထွတ်ခေါင်လို့ တင်စားကြတယ်။ သူကတော့ အသက်(၂ဝ)ရှိတဲ့ Bryanလို့ခေါ်တဲ့ ဖိလစ်ပိုင်နိုင်ငံသားဖြစ်တယ်။ Web Designer တစ်ဦးဖြစ်တဲ့ Bryanဟာ လွန်ခဲ့တဲ့ ၅နှစ်က ကိုယ်ပိုင်ဘလော့တစ်ခုတည်ခဲ့တယ်။ သူ့ဘလော့မှာ အဝတ်အစား၊ မော်ဒယ်ရှိုးတွေအပြင် နာမည်ကြီးတံဆိပ် ပစ္စည်းတွေကို ထည့်သွင်းရေးသားခဲ့တယ်။ များသောအားဖြင့် သူ့ကိုယ်ပိုင် မော်ဒယ်ရှိုးတွေ ပိုများတယ်။ လတိုင်း သူ့ဘလော့ကိုလာရောက် လည်ပတ်သူပေါင်း ၃သိန်းခွဲကျော် ရှိခဲ့တယ်။ နာမည်ကြီး ဒီဇိုင်းပညာရှင် Marc Jacobs ကတောင် သူ့ကိုမျက်နှာသာပေးခဲ့တဲ့အပြင် Fashion Week တွေမှာ သူ့ကိုပွဲထုတ်လေ့ရှိခဲ့တယ်။


Chongqingမြို့က ဦးလေးကြီး ဒီ မိုဟီးကန်းခေါင်းနဲ့ ခေတ်ရေစီးထဲ မျှောခဲ့တယ်

ဘက်ခ်ဟမ်ရဲ့ နုနယ်စဉ်ကထားခဲ့တဲ့ " မိုဟီးကန်းဆံပင်" ကို မှတ်မိကြသေးလား? ၂ဝဝ၉ခုနှစ် နိုဝင်ဘာလ။ အင်တာနက်ဖိုရမ်မှာ ဆွေးနွေးကြတဲ့အထဲမှာ တရုတ်ပြည် Chongqingမြို့က ကူလီထမ်းသူ ဒီ မိုဟီးကန်းခေါင်းနဲ့ လူလည်းပါတယ်။ မကြာပါဘူး.. အင်တာနက်ပေါ် သူ့ဓာတ်ပုံတွေပြန့်ပြီးနောက် ဒီလူချက်ချင်း နာမည်ကြီးလာခဲ့တယ်။ သူ့ကို Chongqingမြို့မှာ ခေတ်အဆန်ဆုံးလူလို့ တင်စားကြတယ်။


မိန်းမဖြစ်တုန်းက ကိုယ်ဝန်မလွယ်ဘဲ ယောက်ျားဖြစ်မှ ကိုယ်ဝန်လွယ်သူ Betty Thomas

၂ဝဝ၈ခုနှစ် ဇွန်လ။ အသက်(၃၄)နှစ်ရှိတဲ့ Thomas Beatieလို့ အမည်ရတဲ့ ယောက်ျားတစ်ဦးဟာ သမီးလေးတစ်ဦးကို ဖွားမြင်ခဲ့တယ်။ ဒါဟာ Thomasအတွက် ဘဝအပြောင်းအလဲတစ်ခုဖြစ်သလို အမေရိကန်ရဲ့ ယဉ်ကျေးမှုမှာလည်း မယုံနိုင်စရာအဖြစ် မှတ်တိုင်ထူခဲ့တယ်။ တကယ်တော့ Thomas Beatieဟာ မိန်းကလေးကနေ ယောက်ျားလေးဖြစ်အောင် ခွဲစိတ်ခဲ့သူပါ။ သူဟာ သုတ်ရေအေးခဲနည်း (Frozen Sperm)နဲ့ ကိုယ်ဝန်ယူခဲ့သူဖြစ်ပြီး အမေရိကန်ရဲ့ ပထမဦးဆုံး ကိုယ်ဝန်လွယ်ဖခင် ဖြစ်ခဲ့ပါတယ်။


Rapတရားဟောတဲ့ ခေတ်ရေစီးထဲက ဂျပန်ဘုန်းကြီး

အဆိုပညာကို နှစ်သက်တဲ့ ဂျပန်ကဘုန်းကြီး၊ Rapသီချင်းဆိုသလို တရားလည်းဟောတယ်။ ခါတိုင်းရွတ်ဆိုနေကျ တရားတော်ကို Rapအဖြစ် ပြောင်းလဲရွတ်ဆိုသူဖြစ်ပြီး အနှစ်(၄ဝဝ)သမိုင်းရှိတဲ့ Kyouyoji ဘုန်းကြီးကျောင်းမှာ (tab-dance)နဲ့ ဖြေဖျော်ဦးမယ်လို့ ဆိုပါတယ်။


*** ဂူဂယ်မှာ သူတို့ရဲ့ဝက်ဆိုက်၊ ပရိုဖိုင်းတွေကို ရှာဖတ်နိုင်ပါတယ်။ http://share.youthwant.com.tw ဒီဆိုက်ထဲကနေ နှစ်သက်မိတဲ့တချို့ကို မျှဝေပါတယ်။ ကျန်တာတွေကိုတော့ အဲဒီဆိုက်မှာ အပြည့်အစုံသွားကြည့်နိုင်ပါတယ်။

နိုင်းနိုင်းစနေ



Share/Bookmark