Friday, December 31, 2010

နှစ်သစ်မှာ လိုအင်ဆန္ဒပြည့်ပါစေ


နှစ်တစ်နှစ်က ကုန်ဆုံးသွားပြန်ပါပြီ။ နှစ်ဟောင်းကိုစွန့်ပြီး နှစ်သစ်ကိုကြိုဖို့ လူတွေ အဆင်သင့်ဖြစ်နေကြပါပြီ။

နှစ်ဟောင်းမှာ ကျွန်မအတွက်တော့ အပြောင်းအလဲ ထွေထွေထူးထူးမရှိခဲ့ပါဘူး။ နေရာတစ်နေရာကနေ နောက်တစ်နေရာအသစ်တစ်ခုဆီ ပြောင်းလဲတာပဲ ရှိခဲ့ပါတယ်။ (၂ဝ၁ဝ)ဟာ အပြောင်းအလဲ အထွေအထူးမရှိခဲ့ပေမယ့် ကျွန်မအတွက် အပျော်ရွှင်ဆုံးနှစ်လို့ ဆိုရမယ်။ မောင်ညီမ၊ တူ၊ တူမတွေနဲ့ ကျွန်မအတူရှိခဲ့တဲ့ အချိန်တွေပိုများခဲ့လို့ပါ။ နောက် ပူပင်ကြောင့်ကျမှု ဘာမှမရှိခဲ့တဲ့နှစ်လို့လည်း ဆိုရပါမယ်။ အရာရာအဆင်ပြေခဲ့တဲ့ နှစ်တစ်နှစ်ပေါ့။ နောင်နှစ်(၂ဝ၁၁)မှာလည်း ပျော်ရွှင်စရာနှစ်၊ ပူပင်ကြောင့်ကျမှုမရှိတဲ့နှစ်အဖြစ် မျှော်လင့်မိပါတယ်။

နှစ်တစ်နှစ်ကုန်ဆုံးတဲ့အခါ လူတွေက အဲဒီနှစ်ရဲ့ တစ်နှစ်တာအကောင်း၊ အဆိုးတွေကို ဝေဖန်ပိုင်းခြားကြပါတယ်။ ကျွန်မလည်း ဘလော့ရေးခဲ့တဲ့ (၂ဝ၁ဝ)တစ်နှစ်တာအတွက် စာဖတ်သူဆီကနေ ဒီဘလော့ရဲ့အကောင်းအဆိုး အသံလေးတွေကို ကြားချင်ပါတယ်။ ကြားခွင့်ရှိနိုင်မယ်လို့လည်း မျှော်လင့်ပါတယ်။ တစ်နှစ်တာရဲ့ နောက်ဆုံးနေ့တစ်နေ့မို့ ကော်မန့်ပေးဖို့ မတွန့်တိုကြပါနဲ့လို့ ...း)

လမ်းဟာ လျှောက်ရင်းလျှောက်ရင်း ဘေးချော်သွားတတ်သလိုမျိုး၊ မျဉ်းဖြောင့်တစ်ကြောင်းက ဆွဲရင်းဆွဲရင်း စောင်းသွားတတ်သလိုမျိုး တစ်ခါတလေ ကျွန်မအမှားအယွင်း လုပ်မိတတ်တယ်။ ရိုင်းပျမိတတ်တယ်။ ကိုယ့်မျက်ချေး ကိုယ်မမြင်ဖြစ်မိတတ်တယ်။ ဒါကြောင့်
(၂ဝ၁ဝ)တစ်နှစ်တာမှာ ကျွန်မလုပ်ခဲ့မိသမျှ ကောင်းတာပဲဖြစ်ဖြစ်၊ ဆိုးတာပဲဖြစ်ဖြစ် ဘယ်သူမဆို လွတ်လွတ်လပ်လပ်ဝေဖန်၊ လမ်းညွန်ပေးနိုင်ပါတယ်။ ကျွန်မကိုယ်ကျွန်မ ဆင်ခြင်နိုင်ဖို့ပါ။ ကျေးဇူးတင်ပါတယ်...း)

နှစ်သစ်မှာ လိုအင်ဆန္ဒပြည့်ဝကြပါစေ

ချစ်ခင်လေးစားစွာဖြင့်
နိုင်းနိုင်းစနေ


Share/Bookmark

လူ့ဘဝ "သုံးခု"


လူ့ဘဝ "လိုအပ်ချက်သုံးခု"

တရုတ်စာရေးဆရာမ Bing Xin(冰心)က ပြောခဲ့တယ်။

"ယောက်ျားလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် သူ့ဘဝတစ်သက်ဟာ ပန်းတစ်ပွင့်နဲ့တူသင့်တယ်။ ပန်းမှာ အရောင်၊ အနံ့၊ အရသာရှိသလို လူ့ဘဝမှာလည်း အရည်အချင်း၊ ခံစားချက်နဲ့ ပျော်ရွှင်ခြင်းတွေရှိသင့်တယ်။ ဒီသုံးချက်မှာ တစ်ခုခုလျော့နေလို့ မဖြစ်ဘူး"


လူ့ဘဝ "ဆေးသုံးလက်"


ပါမောက္ခ Hu Shih(胡适) က ဘွဲ့ရကျောင်းသားတွေကို စကားတစ်ခွန်း လက်ဆောင်ပါးခဲ့တယ်။ အဲဒီစကားက လူ့ဘဝမှာ "အမေးဆေး"၊ "ဝါသနာဆေး"နဲ့ "ယုံကြည်မှုဆေး"ဆိုတဲ့ "ဆေးသုံးလက်" ရှိသင့်တယ်ဆိုတာဖြစ်တယ်။


လူ့ဘဝ "ကျောက်ဆောင်သုံးခု"

ပြင်သစ်နာမည်ကြီးစာရေးဆရာ (Honoré de Balzac)က လူငယ်တွေကို သတိပေးစကားပြောခဲ့တယ်။ "မိမိကိုယ့်ကိုယ်အထင်ကြီးခြင်း"၊ "စိတ်ကြီးဝင်ခြင်း" နဲ့ "အယုံလွယ်ခြင်း"ဟာ လူ့ဘဝရဲ့ ကျောက်ဆောင်သုံးခုဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။


လူ့ဘဝ "ဖိုခုံလောက်သုံးချောင်း"

ပန်းချီဆရာ Feng Zikai(豐子愷)က လူ့ဘဝကို ဖိုခုံလောက်နဲ့ နှိုင်းယှဉ်ပြခဲ့တယ်။

ပြည့်ဝတဲ့ပင်ကိုစရိုက်က ဖိုခုံလောက်တစ်ခုနဲ့တူတယ်။ တည့်မတ်မှန်ကန်ခြင်း၊ ကြင်နာခြင်း၊ တင့်တယ်ခြင်းက ဖိုခုံလောက်ခြေထောက် သုံးချောင်းနဲ့တူတယ်။ မှန်ကန်ခြင်းက အရိုးအဆစ်တွေဖြစ်တယ်။ ကြင်နာခြင်းက သွေးကြောတွေဖြစ်တယ်။ တင့်တယ်ခြင်းက အရေခွံအသားတွေဖြစ်တယ်။ ဒီသုံးခုက "လူ"ကို ဒေါက်ထောင့်ထားတယ်။


လူ့ဘဝ "ဦးနှောက်သုံးလုံး"

ရုရှားနာမည်ကြီးစာရေးဆရာ (Аnton chekhov)က သူ့ရဲ့အောင်မြင်မှုအတွေ့အကြုံကို ခုလိုပြောသွားခဲ့တယ်။

"လူ့ဘဝတစ်သက်မှာ ဦးနှောက်သုံးလုံးရှိတယ်။ မွေးရာပါ ဦးနှောက်တစ်လုံး၊ စာအုပ်စာပေကရတဲ့ ဦးနှောက်တစ်လုံးနဲ့ ဘဝကရတဲ့ဦးနှောက်ဆိုပြီး ဦးနှောက်သုံးလုံးရှိတယ်"


လူ့ဘဝ "ဓလေ့စရိုက်သုံးခု"

ရုရှားစာရေးဆရာ Nikolay Gavrilovich Chernyshevskyက "နက်နဲတဲ့အသိပညာ"၊ "တွေးတောတဲ့အလေ့အထ"၊ "မြင့်မြတ်တဲ့စိတ်ဓာတ်"တွေက လူ့ဘဝရဲ့ဓလေ့စရိုက်သုံးခုလို့ သတ်မှတ်ခဲ့တယ်။


လူ့ဘဝ "သော့သုံးချောင်း"

ပြင်သစ်စာရေးဆရာ Victor-Marie Hugoက "လူတွေရဲ့အသိဉာဏ်ကို ထိန်းချုပ်တဲ့ သော့သုံးချောင်းရှိတယ်။ တစ်ချောင်းက ကိန်းဂဏန်းတွေကိုဖွင့်ဖို့၊ တစ်ချောင်းက စာတွေကိုဖွင့်ဖို့၊ ကျန်တစ်ချောင်းက (ဂီတ)သင်္ကေတတွေကိုဖွင့်ဖို့ဖြစ်တယ်။ အဲဒီထဲမှာ အသိပညာ၊ အတွေးအခေါ်၊ စိတ်ကူးအတွေးတွေပါတယ်"လို့ ဆိုခဲ့တယ်။


လူ့ဘဝ "လိုအပ်ချက်သုံးခု"

ပြင်သစ်သိပ္ပံပညာရှင် Louis Pasteurက "ရည်မှန်းချက်၊ အလုပ်အကိုင်နဲ့ အောင်မြင်ခြင်းက လူ့ဘဝရဲ့လိုအပ်ချက်သုံးခုဖြစ်တယ်။ ရည်မှန်းချက်က အလုပ်အကိုင်ရဲ့တံခါးမဖြစ်တယ်။ အလုပ်အကိုင်က အမြင့်ကိုတက်လှမ်းတဲ့ ခရီးစဉ်ဖြစ်တယ်။ ဒီခရီးစဉ်ရဲ့အဆုံးမှာ သင့်ကြိုးစားမှုကို ကောင်းချီးပေးမယ့် အောင်မြင်ခြင်းက စောင့်ဆိုင်းနေတယ်"လို့ ဆိုခဲ့တယ်။


လူ့ဘဝ "သင်ယူခြင်းသုံးခု"

တရုတ်ပြည် ဟန်မင်းဆက်ခေတ်မှာ Liu Xiang(劉向)က "ငယ်ရွယ်စဉ် သင်ယူခြင်းက ထွက်စ နေနဲ့တူတယ်။ လူငယ်ပိုင်း သင်ယူခြင်းက နေ့လယ်နေနဲ့တူတယ်။ အရွယ်အိုချိန် သင်ယူခြင်းက ဖယောင်းတိုင်းအလင်းနဲ့တူတယ်"လို့ဆိုပြီး လူ့ဘဝရဲ့သင်ယူုခြင်းရလဒ်ကို သုံးပိုင်းခွဲပြခဲ့တယ်။ လူတွေကို အရွယ်ကောင်းချိန်ကို ဖမ်းဆုပ်ပြီး ကြိုးစားသင်ယူသင့်ကြောင်းပြောခဲ့တယ်။


လူ့ဘဝ "မှန်သုံးချပ်"

လူတွေဟာ မိမိကိုယ့်ကိုယ် ခွဲခြမ်းစိတ်ဖြာကြည့်ဖို့ မှန်သုံးချပ်လိုအပ်တယ်။ အဲဒီမှန်သုံးချက်က အဏုကြည့်မှန်၊ အကြီးချဲ့မှန်နဲ့ မျက်နှာပြင်ညီမှန်ဖြစ်တယ်။

အဏုကြည့်မှန်နဲ့ မိမိရဲ့လိုအပ်ချက်ကို ကြည့်ရမယ်။
အကြီးချဲ့မှန်နဲ့ သူတစ်ပါးရဲ့ကောင်းကွက်ကို ကြည့်ရမယ်။
ပြင်ညီမှန်နဲ့ မိမိရဲ့အဆင့်အတန်း၊ ဂုဏ်ကို ကြည့်ရမယ်။


လူ့ဘဝ "လူသုံးမျိုး"

လူ့တစ်သက်မှာ "မိဘဆွေမျိုး၊ ဆရာသမား၊ သူငယ်ချင်း"ဆိုတဲ့ လူသုံးမျိုးပိုင်ဆိုင်တဲ့ဘဝထက် ပိုပြည့်စုံတဲ့ဘဝဆိုတာ မရှိနိုင်တော့ဘူး။ မိဘဆွေမျိုးတွေဟာ နွေးထွေးခိုလှုံရာနေရာနဲ့တူတယ်။ ဆရာသမားတွေက ဦးခေါင်းထက်က နေအလင်းရောင်နဲ့တူတယ်။ သူငယ်ချင်းတွေက အောင်မြင်ခြင်းဆီသွားတဲ့ ရွှေတံတားနဲ့တူတယ်။ ဘဝမှာ ဒီလိုလူသုံးမျိုးနဲ့ ဆုံတဲ့အခါ ကွေ့ရှောင်မသွားပါနဲ့ တန်ဖိုးထားမြတ်နိုးလိုက်ပါ။


လူ့ဘဝ "လိုအပ်ချက်သုံးခု"

လူ့ဘဝရဲ့ လိုအပ်ချက်သုံးခုက "ရိုးသားခြင်း၊ လုံ့လရှိခြင်း၊ ရိုသေကိုင်းရှိုင်းခြင်း" ဖြစ်တယ်။ ဒီလိုအပ်ချက်သုံးခုရှိမှ လူ့ဘဝက လင်းလက်တဲ့ရောင်ခြည်တွေနဲ့ လင်းဖြာနိုင်မှာဖြစ်တယ်။

http://www.meiwenzhan.com/renshengzheli/mingyan/20090719/1137.html

နိုင်းနိုင်းစနေ ဘာသာပြန်သည်။ (ဘာသာမပြန်တတ်တဲ့ စာနှစ်ကြောင်းကို ချန်လှပ်ထားပါသည်)


Share/Bookmark

Thursday, December 30, 2010

ပိုးကောင်နှစ်ကောင်ရဲ့ပုံပြင်


ဒီလိုထူးဆန်းတဲ့ ပိုးကောင်တစ်မျိုးရှိခဲ့တယ်။ အဲဒီပိုးကောင်ကို **FuBan(蝜蝂)လို့ခေါ်တယ်။ FuBanဟာ တွားသွားချိန် တွေ့သမျှအရာအားလုံး သူ့ကျောပေါ်ပစ်တင်ရတာကို နှစ်သက်တဲ့ပိုးကောင်ဖြစ်တယ်။ စားလို့ရမှန်းမသိ၊ စားလို့ကောင်းမှန်းမသိ လမ်းပေါ်တွေ့သမျှအရာတွေ သူ့ကျောပေါ်ကောက်တင်တတ်လို့ Fubanဟာ ပစ္စည်းတွေပိပြီး ရှေ့ဆက်ဖို့ ခြေလှမ်းတွေ ခက်ခဲနှေးကွေးခဲ့ရတယ်။ ဒါပေမယ့် Fubanဟာ ခေါင်းထောင်ပြီး လေးလံတဲ့ပစ္စည်းတွေနဲ့ မောမောပန်းပန်း မရပ်မနား ရှေ့ဆက်တွားနေတတ်တယ်။

Fubanဟာ လောဘကြီးတဲ့ပိုးကောင်ဖြစ်တယ်။ Fubanရဲ့နောက်ကျောဟာ ချောမွတ်မနေအောင် ဖန်ဆင်းထားတာကြောင့် သူကောက်တင်သမျှအရာတွေက သူ့ကျောပေါ်ကနေ မလျှောကျနိုင်ခဲ့ဘူး။ နောက်ဆုံးမှာ ကျောပေါ်က များများလာတဲ့ပစ္စည်းတွေကြောင့် Fubanဟာ ရှေ့ဆက်မတွားနိုင်ဖြစ်ခဲ့ရတယ်။

ဒီလိုအဖြစ်ကိုတွေ့မြင်ကြတဲ့ စိတ်ကောင်းရှိသူတွေက Fuban တွားသွားနိုင်အောင် သူ့ကိုယ်ပေါ်ပိနေတဲ့ အရာတွေကို ဖယ်ရှားပေးတတ်ကြတယ်။ Fubanက သူ့ကိုယ်ပေါ်ကအရာတွေကို ဖယ်ရှားပေးသူကို ကျေးဇူးမတင်တဲ့အပြင် ဖယ်ရှားလိုက်တဲ့အရာတွေကို မရမက သူ့ကျောပေါ်ပြန်ကောက်တင်တတ်တယ်။

Fubanမှာ အမြင့်ကိုတွားတက်တတ်တဲ့ အကြိုက်တစ်မျိုးရှိသေးတယ်။ ကျောပေါ်က လေးတဲ့အရာတွေနဲ့ အမြင့်ကိုတွားတက်တဲ့ Fubanရဲ့နောက်ဆုံးအဖြစ်ကို စိတ်တွေးနဲ့ ခန့်မှန်းကြည့်နိုင်ပါတယ်။ အမြင့်ကိုရောက်လေ လေးလံတဲ့အရာတွေကြောင့် မောပန်းလေနဲ့ နောက်ဆုံးမှာ အမြင့်ပေါ်ကပြုတ်ကျပြီး
Fubanတွေ သေဆုံးရလေ့ရှိတယ်။

Fubanတွေဟာ သူတို့လိုချင်တောင့်တတဲ့အရာကို ပိုင်ဆိုင်သွားခဲ့ပါသလား?
ပိုင်ဆိုင်သွားပါတယ်... ဒီလို"ပိုင်ဆိုင်ခြင်း"က သူတို့ရဲ့ အသက်တစ်ချောင်းကိုပါ အဆစ်ပေးဆပ်လိုက်ရပါတယ်။


**ဒါဟာ တရုတ်ရာဇဝင်ပုံပြင်ထဲက Fubanပိုးကောင်ရဲ့ပုံပြင်လေးပါ။ ဒီပိုးကောင်နဲ့ လောဘရမ္ပက်ကြီးသူ၊ လာဘ်စားတာကို ဝါသနာထုံသူ၊ သေသည့်တိုင် ဥစ္စာပစ္စည်းနဲ့သေရသူတွေကို ခိုင်းနှိုင်းသရော်ကြပါတယ်။


အမေရိကန်မှာလည်း "Fuban" နဲ့ ခပ်ဆင်ဆင် ပုံပြင်တစ်ပုဒ်ရှိခဲ့တယ်။

အမေရိကန်တောင်ပိုင်းမှာ Oklahomaပြည်နယ်ရှိတယ်။ အဲဒီပြည်နယ်ဟာ မြေပြင်ကျယ်ပြန့်ပြီး ရာသီဥတုမျှတတယ်။ ဝါဂွမ်းတွေစိုက်ပျိုးဖို့ သင့်တော်တဲ့နေရာဖြစ်တယ်။ ဒါကြောင့် ဒေသခံတွေက အမျှင်ရှည်ဝါဂွမ်းတွေကို စိုက်ပျိုးပြီး ကြီးပွားခဲ့ကြတယ်။ ဒါပေမယ့် သိပ်မကြာပါဘူး။ ဝါဂွမ်းတွေ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလာသလို ဝါဂွမ်းကိုဖျက်ဆီးတဲ့ weevilခေါ်ပိုးတွေလည်း များလာခဲ့တယ်။

weevilပိုးတွေဟာ ကိုယ်ရှည်၆mmရှိပြီး နွေဦးပေါက်မှာ ဥဥကြတယ်။ ဥဥပြီး ၅ရက်မှာ ဥက အကောင်ငယ်ပေါက်တယ်။ အကောင်ငယ်တွေဟာ (၃)ပတ်အတွင်းကြီးထွားကြပြီး မျိုးပွားနိုင်ကြတယ်။ ဒီပိုးကောင်တွေဟာ တစ်ရာသီမှာ မျိုးဆက်(၄)ဆက်ထိပွားနိုင်တယ်။ weevil ပိုးကောင်ငယ်လေးတွေဟာ ဂွမ်းဖူးကို အရမ်းနှစ်သက်ကြတယ်။ ပိုးကျတဲ့နေရာတွေမှာ ဂွမ်းဖူးတွေကြွေကျပြီး ဝါဂွမ်းတွေမကြီးနိုင်၊ မပွင့်နိုင်ဖြစ်ကြရတယ်။ ဝါဂွမ်းစိုက်ပျိုးသူတွေက ပိုးသတ်ဆေးမျိုးစုံ ပက်ဖြန်းခဲ့ပေမယ့် အရာမရောက်ခဲ့ဘူး။


စိုက်ပျိုးထားတဲ့ဝါဂွမ်းတွေ အဖျက်ဆီးခံရတာကိုကြည့်ပြီး ဒေသခံတောင်သူတွေ စိတ်နာခဲ့ကြရတယ်။ စိတ်နာနာနဲ့ ဝါဂွမ်းမစိုက်ကြတော့ဘဲ ဝါဂွမ်းအစား မြေပဲ၊ ပဲနဲ့ပြောင်းတွေ စိုက်ပျိုးကြတယ်။ ပဲပြောင်းတွေကို အစာအဖြစ်ပြုလုပ်ကြပြီး တိရစ္ဆာန်တွေပါ မွေးမြူလာကြတယ်။ အဲဒီနောက် ဟင်းသီးဟင်းနှံတွေပါ စိုက်ပျိုးလာကြတယ်။ နှစ်(၂ဝ)လွန်ပြီးနောက် တောင်သူတွေဟာ ဒီလိုပြောင်းလဲစိုက်ပျိုးတာဟာ ဝါဂွမ်းစိုက်ပျိုးတာထက် အကျိုးအမြတ်ပိုရကြောင်း သိရှိလိုက်တယ်။

အဲဒီနောက် ဒေသခံတောင်သူတွေဟာ ပိုက်ဆံတွေစုပြီး weevilပိုးကောင်ကို ကျေးဇူးတင်တဲ့အနေနဲ့ weevilအတွက် အထိမ်းအမှတ်ကျောက်တိုင်ကို စိုက်ထူခဲ့ကြတယ်။ ကျောက်တိုင်ပေါ်မှာ "ကျွန်တော်တို့ကို ချမ်းသာ၊ ကြွယ်ဝအောင်လမ်းပြခဲ့တဲ့ weevilပိုးကောင်တွေကို အရမ်းကျေးဇူးတင်ပါတယ်" လို့ ရေးထိုးထားတယ်။

Oklahomaက တောင်သူဦးကြီးတွေ ဆုံးရှုံးခဲ့သလား?
ဟုတ်ကဲ့.. ဆုံးရှုံးခဲ့ပါတယ်။ ဒါပေမယ့် ဒီဆုံးရှုံးခဲ့ခြင်းက နောက်တစ်ချိန်မှာ ဆတိုးရရှိဖို့အတွက် ဖြစ်ခဲ့ပါတယ်။

weevilပိုးကောင် ပိုင်ဆိုင်ခဲ့သလား?
ဟုတ်ကဲ့.. ပိုင်ဆိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီပိုင်ဆိုင်ခြင်းက သူ့ကိုပျက်စီးစေခဲ့ပါတယ်။

Fubanနဲ့weevil ပိုးကောင်တွေဟာ အလွန်အမင်း "ပိုင်ဆိုင်"ချင်ခဲ့လို့ အသက်ကို "ဆုံးရှုံး"ခဲ့ကြရတယ်။ "ပိုင်ဆိုင်"ချင်လို့ "ဆုံးရှုံး"ရတဲ့အထဲမှာ ဒီပိုးကောင်နှစ်ကောင်ပဲ ရှိခဲ့တာမဟုတ်ပါဘူး။

တစ်ခုခုကို ပိုင်ဆိုင်ထားချိန်မှာ တခြားတစ်ဘက်မှာ ဆုံးရှုံးခြင်းဆိုတာရှိကြောင်း၊ တစ်ခုခုကို ဆုံးရှုံးနေချိန်မှာ တခြားတစ်ဘက်မှာ ဆတိုးအောင်နိုင်ဖို့ရှိကြောင်း ကျွန်တော်တို့ နားလည်ထားသင့်ပါတယ်။

http://www.meiwenzhan.com/renshengzheli/yuyan/20090310/549.html

နိုင်းနိုင်းစနေ ဘာသာပြန်သည်။



Share/Bookmark

နှင်း...


တနင်္ဂနွေနေ့က တစ်ပွင့်ပြီးတစ်ပွင့် ကျခဲ့တဲ့နှင်းတွေ ခုထိအရည်မပျော်နိုင်သေးဘူး။ လူသွား၊ ကားသွားဖို့ ရှင်းလိုက်တဲ့နှင်းတွေက နှင်းတောင်လေးတွေလို ဟိုနားတစ်ပုံ၊ ဒီနားတစ်ပုံ.... တချို့နေရာတွေမှာ အရည်ပျော်အောင် ဆားနဲ့အပက်ခံလိုက်ရပေမယ့် ပျော့ဖပ်ဖပ်နှင်းပွင့်လေးတွေက တစ်ပွင့်နဲ့တစ်ပွင့်စုပြီး မာကျောကျော နှင်းစိုင်နှင်းခဲအဖြစ်နဲ့ လမ်းဘေးဝဲယာတွေမှာ ရှိနေဆဲပါပဲ....

နိုင်းနိုင်းစနေ


Share/Bookmark

Tuesday, December 28, 2010

ကျွန်မကြိုက်တဲ့ အဆိုတော်များ(၁)


တရုတ်သီချင်း ဆွေးဆွေး အေးအေးလေးတွေ ခံစားနားဆင်ချင်သူတွေအတွက် ဘဝရဲ့အလွမ်း၊ အဆွေး၊ လောကဓံရဲ့အနိမ့်အမြင့်ကို သီချင်းအဖြစ်သီကျုးသူ ကျွန်မကြိုက်တဲ့အဆိုတော် Dick&Coyboyနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။


တရုတ်နာမည်--- 迪克牛仔
အခြားနာမည်---- ဒယ်ဒီ (老爹)
မွေးဖွားရာဇာတိ --- ထိုင်ဝမ် (高雄)
မွေးသက္ကရာဇ် ---- နိုဝင်ဘာလ ၂၇၊ ၁၉၆ဝခုနှစ်
အရပ် ---- ၁၇၇ cm
သွေးအမျိုးအစား ---- B

အဆိုတော်မဖြစ်ခင် ဘဝအမျိုးမျိုးမှာ သူကျင်လည်ခဲ့တယ်။ ဆောက်လုပ်ရေးမှာ အုတ်သယ်ဖူးတယ်။ ဒါဟာ သူ့ကိုတောင့်တင်းသန်မာတဲ့ ခန္ဓာကိုယ်ကိုရစေခဲ့တယ်။

နိမ့်တုံမြင့်တုံ လောကဓံတစ်ဝက်၊ စိတ်အားထက်သန်ခြင်းတစ်ဝက်နဲ့ ဘဝရဲ့သီချင်းတွေကို သူသီကျူးခဲ့တယ်။ လူ့ဘဝလမ်းခရီးမှာ တွေ့ကြုံနိုင်တဲ့ အတိုက်အခိုက်၊ အခက်အခဲတွေကို တန်ပြန်အံတုတိုက်ခိုက်ရင်း သီချင်းအဖြစ် သူသီကုံးခဲ့တယ်။

၁၉၉၈ခုနှစ်မှာ သူ့ရဲ့ရော့ခ်ဂီတအိပ်မက်ကို အကောင်အထည်ဖော်ဖို့ မွေးရပ်မြေကို သူခွာခဲ့တယ်။ ၁၉၉၉ခုနှစ်မှာ ပထမဆုံးစီးရီးကို ထုတ်နိုင်ခဲ့တယ်။ "ငါ့ကိုမေ့မလား! သူ့ကိုမေ့မလား!"ဆိုတဲ့ စီးရီးခေါင်းစဉ်သီချင်းက အဲဒီခေတ်အချိန်မှာ အကျော်ကြားဆုံးဖြစ်ခဲ့တယ်။

သူ့အကြောင်း အပြည့်အစုံကို ဒီမှာဖတ်နိုင်ပါတယ်။





နိုင်းနိုင်းစနေ


Share/Bookmark

Monday, December 27, 2010

အမှိုက်ပုံထဲက ရွှေမင်းသမီး


အမှိုက်ပုံထဲမှာ စာရေးဆရာ Hans Christian Andersenရဲ့ ပုံပြင်စာအုပ်တစ်အုပ်ကို သူကောက်ရခဲ့တယ်။ အဲဒီစာအုပ်လေးက သူ့အတွက် အဖိုးတန်ရတနာပစ္စည်း တစ်ခုလိုပါပဲ။ အိမ်ပြန်ရောက်ချိန် မီးရောင်မှိန်မှိန်အောက်မှာ ပုံပြင်စာအုပ်ကို လှန်လှောဖတ်ရင်း သူမိန်းမူးနေခဲ့တယ်။

သူ့နာမည်က Daniela Cottဖြစ်တယ်။ မိသားစုဝင်(၁၃)ဦးနဲ့ အာဂျင်တီးနားမြို့တော် Buenos Aires ရဲ့မြို့ပြင် ဆင်းရဲသားရပ်ကွက်တစ်ခုမှာ သူနေတယ်။ ဖခင်အလုပ်လက်မဲ့ဖြစ်ပြီးနောက် နဂိုဆင်းရဲတဲ့ သူတို့မိသားစုဟာ ပိုကြပ်တည်းသွားခဲ့တယ်။ မိဘတို့ရဲ့လေးလံတဲ့ဝန်ကို တစ်ဖက်တစ်လှမ်းက ကူညီနိုင်အောင် လိမ္မာသိတတ်တဲ့ Danielaဟာ ညနေကျောင်းဆင်းပြန်တိုင်း တွန်းလှည်းလေးတစ်ခုကိုတွန်းပြီး အရပ်လေးမျက်နှာ အမှိုက်လိုက်ကောက်ခဲ့တယ်။ အဲဒီကရတဲ့ ပိုက်ဆံအနည်းငယ်နဲ့ အိမ်ကို သူထောက်ပံ့ခဲ့တယ်။


အဲဒီညမှာ ပုံပြင်စာအုပ်ကိုဖတ်ရင်း Danielaစိတ်တွေ လှုပ်ရှားနေခဲ့တယ်။ သူလည်းပဲ ဆင်းရဲတဲ့စင်ဒရဲလားလေးလို မင်းသားလေးနဲ့တွေ့ဆုံပြီး ပျော်ရွှင်တဲ့ဘဝကို ရနိုင်ပါမလား?

ဘဝကို မျှော်လင့်ချက်အသစ်တွေနဲ့ Daniela စမျှော်လင့်ခဲ့မိတယ်။ မှန်ထဲက ကိုယ့်ပုံရိပ်ကို အကဲခတ်ပြီး သူအားရကျေနပ်စွာ ရယ်မောတတ်တယ်။ အဲဒီနောက် ဖခင်ကို စိတ်အားထက်သန်စွာနဲ့ "တန်ဖိုးရှိတဲ့အရာတွေ ပိုကောက်ရအောင် သူဌေးရပ်ကွက်ထဲ သမီးသွားကြည့်ချင်တယ်" လို့ သူပြောလိုက်တယ်။

အဲဒီနေ့ကအဖြစ်အပျက်ကို Daniela တစ်သက် မေ့မရခဲ့ဘူး။ အဲဒီနေ့ညနေခင်းမှာ အမှိုက်ပုံးထဲကအမှိုက်တွေကို သူဂရုတစိုက် လှန်လှောနေခဲ့တယ်။ ရုတ်တရက် သူ့ကို တစ်ယောက်ယောက်က တိုက်ချလိုက်တယ်။ လဲကျရာက သူကုန်းရုန်းထချိန် သူရှေ့မှာ လူတစ်ယောက် ရပ်နေတာကို တွေ့လိုက်တယ်။

အဲဒီလူဟာ ရုပ်ရည်ချောမော ခန့်ညားပြီး အနောက်တိုင်းဝတ်စုံကို သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားတယ်။ Danielaရဲ့မျက်နှာ ရှက်သွေးတစ်ချက်ဖြာသွားတယ်။ သူ့အမှားမဟုတ်ခဲ့ပေမယ့် အဲဒီလူကို "ဆောရီး" လို့ဆိုပြီး သူအရင်တောင်းပန်မိတယ်။ ဒါပေမယ့် မထင်မှတ်ပါဘူး.. အဲဒီလူဟာ မျက်နှာရှစ်ခေါက်ချိုးနဲ့ နှာခေါင်းကိုလက်နဲ့ပိတ်ပြီး ဒေါသတကြီးသူ့ကို အော်ဟစ်လိုက်တယ်။

"ဘယ်က အမှိုက်ကောက်တဲ့ ကောင်မလဲ.. သွား.. မြန်မြန်ထွက်သွား"

ဒီစကားတစ်ခွန်းက Daniela ရင်ကို ပြောမပြနိုင်တဲ့ ခံစားမှုတွေနဲ့ ခံစားသွားစေခဲ့တယ်။ တွန်းလှည်းကို အမြန်တွန်းပြီး နေရာကနေ သူပြေးထွက်ခဲ့တယ်။ လမ်းမပေါ်မှာ အထက်တန်းကျကျ ဝတ်စားထားတဲ့ မြင့်မြတ်တဲ့ မိန်းကလေးတွေကို လက်မောင်းမှာချိတ်ထားကြတဲ့ "မင်းသား"လို ဝတ်ဆင်ထားတဲ့ အမျိုးသားတွေဟာ သူ့ကိုတွေ့လိုက်တာနဲ့ လက်ကိုင်ပုဝါထုတ်ပြီး နှာခေါင်းကို ပိတ်ထားတတ်ကြတယ်။ အဲဒီတခဏ စင်ဒရဲလားမင်းသမီးရဲ့ ကံကြမ္မာဟာ ပုံပြင်စာအုပ်ထဲမှာပဲရှိကြောင်း Daniela သဘောပေါက် နားလည်လိုက်တယ်။

အဲဒီနောက်မှာတော့ ဘာ"မင်းသား"ကိုမှ Daniela စိတ်ကူးမယဉ်ခဲ့တော့ဘူး။ မျှော်လင့်ချက် မထားခဲ့တော့ဘူး။ ဒါပေမယ့် ကိုယ့်အားကိုယ်ကိုးမယ်ဆိုတဲ့ အကျိုးဆက်တစ်ခုကိုတော့ သူရလိုက်တယ်။ ဆင်းရဲခြင်းဟာ တခဏသာဆိုတာကို သူစွဲမြဲယုံကြည်ထားတယ်။ ကိုယ့်အားကိုယ်ကိုး၊ ကိုယ့်ကိုယ်ကိုယုံကြည်ပြီး ပျော်ရွှင်တဲ့ဘဝကို တစ်နေ့ပိုင်ဆိုင်ရမယ်လို့ သူမျှော်လင့်ခဲ့တယ်။

အဲဒီတစ်နေ့ကို Daniela လုံးဝထင်မှတ်မထားခဲ့ဘူး။ ကံကောင်းခြင်းနတ်သမီးက တခြားနည်းနဲ့ သူ့ကိုတိတ်တဆိတ် ကောင်းချီးတွေပေးနေခဲ့တယ်။ တစ်ညနေမှာ နောက်ဆုံးအမှိုက်အိတ်ကို တွန်းလှည်းပေါ် သူတင်နေတုန်း အမျိုးသမီးတစ်ဦး သူ့ကို လှမ်းခေါ်လိုက်တယ်။

"မိန်းကလေး.. မိန်းကလေး... မင်း မော်ဒယ်လ်ဂဲလ်လုပ်ချင်သလား?"


အဲဒီအမျိုးသမီးက အာဂျင်တီးနားရဲ့ နာမည်ကြီး ဆွဲကြိုးဒီဇိုင်းဆရာ Marina Gonzalez ဖြစ်တယ်။
ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ကို Marina က ဒီလိုပြန်ပြောင်း ပြောပြတယ်။

"အဲဒီတုန်းက ကျွန်မတို့ ခြံရှေ့မှာ Daniela အမှိုက်ကောက်နေတယ်။ သူဟာ အဝတ်အစား စုတ်စုတ်ပြတ်ပြတ် ဝတ်ဆင်ထားတယ်ဆိုပေမယ့် သူ့ကိုယ်ပေါ်မှာ လူ့တစ်ဘက်သားကို ဆွဲဆောင်စေတဲ့ ရိုးသားတဲ့ ရုပ်လက္ခဏာရှိတယ်။ အဖက်မလုပ်တဲ့ မာနတစ်မျိုးရှိတယ်။ ဒါဟာ သူ့ရဲ့ထူးခြားတဲ့ ဘဝအတွေ့အကြုံက သူ့ကိုပုံဖော်ခဲ့တာဖြစ်မယ်"

Daniela Cott

Marinaရဲ့ ကူညီပံ့ပိုးမှုကြောင့် လေ့ကျင့်ရေးစတိတ်စင်ပေါ် Daniela ရောက်သွားခဲ့တယ်။ ကြိုးစားအားထုတ်မှု၊ လုံ့လတွေက Danielaကိုပြောင်းလဲစေခဲ့တယ်။ ပထမအကြိမ်ပြုလုပ်တဲ့ ဖျော်ဖြေရေးပွဲမှာ လူအများရဲ့အသိအမှတ်ပြုတာကို သူခံခဲ့ရတယ်။ တဖြေးဖြေး သူနာမည်ရလာခဲ့တယ်။

(၂ဝဝ၈)ခုနှစ် ကမ္ဘာ့လက်ရွေးစင် မော်ဒယ်ပြိုင်ပွဲမှာ အာဂျင်တီးနားက လက်ရွေးစင်ပေါင်း(၁ဝဝဝ)ကျော်ကို အောင်နိုင်ပြီး Elite Model Lookအဖြစ် Daniela အနိုင်ရ ဗိုလ်ဆွဲသွားခဲ့တယ်။ နာမည်ရ အောင်မြင်လာတဲ့ Danielaကို ကမ္ဘာ့အရပ်ရပ်က သူဌေးသားတွေ လာရောက်ပိုးပန်းခဲ့ကြတယ်။ ဒါတွေအားလုံးကို Daniela ငြင်းပယ်ခဲ့ပါတယ်။

"ဒီအချိန်မှာ ကျွန်မအလုပ်ချင်ဆုံးက ကျွန်မရဲ့အောင်မြင်မှုနဲ့ ဆင်းရဲကြပ်တည်းတဲ့ အမှိုက်ကောက်သူတချို့ရဲ့ ဘဝကိုမြှင့်တင်ပေးဖို့ပါပဲ။ နောက်ပြီး မိန်းကလေးတချို့ကိုလည်း ကျွန်မမှာချင်ပါတယ်။ ကိုယ့်ဘဝမျှော်လင့်ချက်တွေကို "မင်းသား" ရဲ့ ကိုယ်ပေါ်မှာ ပုံမအပ်ပါနဲ့။ ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်ကိုယ့်ကို ယုံကြည်အားထားမှ ပျော်ရွှင်ငြိမ်းချမ်းတဲ့ဘဝကို ရနိုင်မှာဖြစ်တယ်"

http://www.meiwenzhan.com/renshengzheli/gushi/20100125/4954.html

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

နှင်းတစ်ပွင့် ဘယ်လောက်လေးသလဲ?


မနေ့ကနဲ့ ဒီနေ့.... မတူပါဘူး..... (မနေ့ကပုံနဲ့ ဒီနေ့ပုံ မတူတာရှာပါ)


ခိုတစ်ကောင်နဲ့ စာကလေးတစ်ကောင် စကားပြောနေကြတယ်။


ခို "စာကလေးရေ... နှင်းတစ်ပွင့် ဘယ်လောက်လေးသလဲ? သိရင် ပြောပြပါလား?"

စာကလေး "အလေးချိန်မရှိတာထက် နည်းနည်းပိုလေးတယ်"

ခို "ဘယ်လို! နားမလည်ဘူးဗျာ..."

စာကလေး "ခင်ဗျားကို အဖြစ်အပျက်တစ်ခု ပြောပြမယ်။ တစ်ခါက သစ်ပင်ကြီးတစ်ပင်ပေါ်မှာ ကျွန်တော်နားနေတယ်။ အဲဒီတုန်းက နှင်းတွေကျနေတယ်။ တဖွဲဖွဲလေးပဲ မကြီးဘူး။ ကျွန်တော်လည်း နှင်းတွေကိုကြည့်ရင်း ဘာမှလုပ်စရာမရှိတာနဲ့ သစ်ကိုင်းတစ်ကိုင်းပေါ် ကျနေတဲ့နှင်းတွေကို ထိုင်ရေနေလိုက်တယ်။ တစ်ပွင့်... နှစ်ပွင့်.... နှင်းပွင့်ပေါင်း (၃၅၇၂၉၅၁)ပွင့်အထိ ဘာမှမထူးခြားခဲ့သေးဘူး။ ဒါပေမယ့် နှင်းပွင့်ပေါင်း (၃၅၇၂၉၅၂)ပွင့်မှာ သစ်ကိုင်းကြီး ရုတ်တရက်ကျိုးကျသွားတယ်"

တစ်ခါတလေမှာ မပြောပလောက်တဲ့ အာဃာတစိတ်နဲ့ အတွေးအခေါ်တချို့က နှင်းပွင့်နဲ့တူတယ်။ စစချင်းမှာ ဘာမှ မခံစားမိသလို ဘာမှမဖြစ်လောက်ဘူးလို့လည်း ထင်နိုင်တယ်။ ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ တဖြည်းဖြည်းစုပုံများပြားလာပြီး မကောင်းမှုမှာလည်း အလေးချိန်ရှိကြောင်း တစ်နေ့နေ့ တစ်ချိန်ချိန်ကျမှ သင်သတိထားလာမိတတ်ပါတယ်။

http://www.mybetter.cn/story/html/418880.htm

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Sunday, December 26, 2010

နှင်းတွေလည်း ကျလေပြီ


နှင်းမုန်တိုင်းရှိတယ်ဆိုလား! မနက်ဖြန်ထိ ကျနိုင်ပါသတဲ့....

ကမ္ဘာ့တစ်ခြမ်းမှာ အေးခဲနေတယ်
ကမ္ဘာ့တစ်ခြမ်းမှာ ပူနွေးနေတယ်
ကမ္ဘာ့တစ်ခြမ်းမှာ မိုးတုတွေရွာတယ်
ကမ္ဘာ့တစ်ခြမ်းမှာ ရေကြီးနေတယ်
ကမ္ဘာ့တစ်ခြမ်းမှာ ငတ်မွတ်နေတယ်
ကမ္ဘာ့တစ်ခြမ်းမှာ ပေါလောနေတယ်
ကမ္ဘာ့တစ်ခြမ်းမှာ လွတ်လပ်နေတယ်
ကမ္ဘာ့တစ်ခြမ်းမှာ ဖိစီးနေတယ်
ကမ္ဘာ့တစ်ခြမ်းမှာ လင်းထိန်နေတယ်
ကမ္ဘာ့တစ်ခြမ်းမှာ မည်းမှောင်နေတယ်
ကမ္ဘာ့ကြီးဟာ လုံးတယ်လား?
လုံးနေရင် အရာအားလုံး ညီမျှရမှာပေါ့....

နိုင်းနိုင်းစနေ


Share/Bookmark

ဖခင်ရဲ့ဆုလာဘ်


(၁၉)ရာစုခေတ်က အိန္ဒိယမှာ ကိုယ့်အိမ်ရှေ့ကညောင်ပင်ကို ငြိမ်ငြိမ်သက်သက် ငေးမောပြီး တွေးတောနေတတ်တဲ့ ကောင်လေးတစ်ယောက်ရှိခဲ့တယ်။ အိုမင်းရင့်ရော်တဲ့ညောင်ပင်ရဲ့ အလင်းအရိပ်တိုင်းက သူ့ကိုအံ့သြစေခဲ့တယ်။ သူ့မှာ ထူးဆန်းတဲ့တွေးတောမှုလေးတွေ ရှိခဲ့တယ်။ ရိုးရှင်းပြီး လှပတဲ့စကားလုံးတွေ၊ ရင်ထဲက ဖော်မပြတတ်တဲ့ပျော်ရွှင်မှုတွေကို စကားလုံးတွေနဲ့ သူချရေးချင်ခဲ့တယ်။

သူ့ဖခင်က အကြင်နာတွေနဲ့ ပြည့်နေသူတစ်ယောက်ပါ။ မနက်တိုင်း သူနဲ့အတူလမ်းလျှောက်ပြီး လမ်းလျှောက်ချိန်မှာ ဖခင်က စိတ်ဝင်စားစရာ အဖြစ်အပျက်တွေ သူ့ကိုပြောပြလေ့ရှိတယ်။ ဖခင်ပြောတဲ့ အဖြစ်အပျက်တိုင်းက သူ့ကိုထူးဆန်းနှစ်သက်စေခဲ့တယ်။ မနက်စာစားပြီးတိုင်း ဖခင်နဲ့အတူ ကျမ်းစာတွေ၊ ဘာသာရပ်ခြားစကားတွေ သူရွတ်ဖတ်ခဲ့တယ်။ ကဗျာတွေ လေ့လာသင်ယူခဲ့တယ်။

ကဗျာတွေကို သူပိုနှစ်သက်ခဲ့တယ်။ ကဗျာတွေထဲကနေ အဆုံးမရှိတဲ့ပျော်ရွှင်မှုကို သူခံစားရတယ်။ ကဗျာတွေကို သူစွဲလမ်းနှစ်သက်ခဲ့မိတယ်။ ညောင်ပင်အောက်က သူ့ရဲ့စိတ်ကူးတွေဟာ စကားလုံးအဖြစ်နဲ့ ခုန်ပေါက်ထွက်လာပြီး သူ့ရဲ့ကဗျာတွေဖြစ်လာခဲ့တယ်။ အဲဒီကဗျာတွေဟာ ကလေးငယ်တစ်ယောက်ရဲ့ ရိုးစင်းတဲ့ စိတ်ဝိညာဉ်ကို မြူးတူးစေခဲ့တယ်။

ကဗျာတွေကို သူစရေးခဲ့တယ်။ ဘာကဗျာပဲဖြစ်ဖြစ် တစ်ပုဒ်ပြီးတစ်ပုဒ် ကဗျာတွေအများကြီး သူရေးဖြစ်ခဲ့တယ်။

အဲဒီနေ့က သူ့အခန်းရှေ့ ဖခင်ဖြတ်တော့ သူ့ကဗျာတွေကို တွေ့လိုက်တယ်။ ကဗျာတိုင်းမှာ ကလေးအတွေးတွေ ထင်ဟပ်နေတာကို ဖခင်တွေ့လိုက်တယ်။ ဖခင်က သူ့ကိုစာကြည့်ခန်းထဲ ခေါ်လိုက်တယ်။ သူ့ရင်ထဲကအရှင်သခင်ရဲ့ ဝေဖန်သံကို သူဂနာမငြိမ် စောင့်ဆိုင်းနေခဲ့တယ်။

ဖခင်ဘယ်လို ပြောမလဲ?

"ဟာ... ဆိုးလိုက်တာ... သင့်တော်တဲ့ စကားလုံးတွေကို သားသုံးရမယ်" လို့ ပြောမလား?
"အင်း.. မဆိုးဘူးပဲ... သားဆက်ကြိုးစားပါ" လို့ ပြောမလား?

ကလေးငယ်ဟာ ခေါင်းငုံ့ပြီး ဖခင်ရဲ့စကားသံကို စောင့်ဆိုင်းနေခဲ့တယ်။

နွေးထွေးနူးညံ့တဲ့အပြုံးနဲ့ ဖခင်ဟာ အံဆွဲထဲက ချက်စာအုပ်ကိုယူပြီး "တကယ်လို့ ဘုရင်က အဖေတို့ရဲ့စကားလုံးတွေကို နားလည်ခဲ့ရင် အဖေတို့ရဲ့စာတွေကို သူဂုဏ်ပြုလိမ့်မယ်။ ပြီးတော့ ဒီကဗျာဆရာကိုလည်း သူဂုဏ်ပြုလိမ့်မယ်။ တကယ်လို့ ဘုရင်က အဲဒီလိုမလုပ်ခဲ့ရင် အဖေကပဲ ဒီကဗျာဆရာကို ဂုဏ်ပြုရလိမ့်မယ်" လို့ဆိုတယ်။

အဲဒီနောက် ဖခင်ဟာ သူ့ကို အသစ်စက်စက် ချက်တစ်စောင် ကမ်းပေးလိုက်တယ်။

ဖခင်ရဲ့ဂုဏ်ပြုမှုအောက်မှာ သူပျော်ရွှင်မြူးတူးနေခဲ့တယ်။ ဖခင်ရဲ့ယုံကြည်မှုအတိုင်း ရှင်ဘုရင်လည်း သူ့စကားလုံးတွေကို နားလည်လိမ့်မယ်လို့ သူယုံကြည်မိတယ်။ စကားလုံးထဲ ကွယ်ဝှက်ထားတဲ့ အဆုံးမရှိအလှတွေကို မြင်တွေလိမ့်မယ်လို့ သူမျှော်လင့်မိတယ်။ ဒီလမ်းကို သူဆက်လျှောက်မယ်။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ အဲဒီကဗျာ.. အဲဒီလှပတဲ့ကဗျာတွေကို ဘုရင်ကြီး စိတ်လှုပ်ရှားသက်ဝင်မိမယ်၊ ဘုရင့်အပြင် တခြားလူအများကိုလည်း သက်ဝင်စေလိမ့်မယ်လို့ သူယုံကြည်မိတယ်။

(၁၈၇၈)ခုနှစ် စက်တင်ဘာ ၂၂ရက်နေ့မှာ သူ(၁၇)နှစ်ပြည့်ပြီး လူလားမြောက်ခဲ့တဲ့အချိန် ဝေးလံတဲ့ အင်္ဂလန်နိုင်ငံ လန်ဒန်တက္ကသိုလ်မှာ ဥပဒေပညာကို သူသွားရောက် သင်ယူဆည်းပူးခဲ့တယ်။ ကိုယ့်နိုင်ငံပြန်ပြီး ရှေ့နေတစ်ဦးလုပ်ဖို့ သူပြင်ဆင်ခဲ့တယ်။ ဒါပေမယ့် သူ့ရင်ဘတ်တစ်နေရာမှာ အမြစ်တွယ်ကိုင်းအောင်းခဲ့တဲ့ မျိုးစေ့လေးတစ်စေ့က တစ်နေ့တခြား ကြီးထွားလာခဲ့တယ်။ သူ့ကဗျာတွေကို သူမေ့မရနိုင်ခဲ့ဘူး။ ကဗျာထဲက ထူးဆန်းလှပတဲ့အရာတွေကို သူတမ်းတမိတယ်။ အချိန်တိုတို(၂)နှစ်အတွင်းမှာ အိန္ဒိယကို သူပြန်လာခဲ့တယ်။ ညောင်ပင်ရှိတဲ့အရပ်ကို သူပြန်လာခဲ့တယ်။

ကဗျာတွေကို သူမပြတ်ရေးခဲ့တယ်။ စကားလုံး တစ်လုံးချင်းစီကနေ ပျော်ရွှင်ခြင်းတွေကို သူရှာခဲ့တယ်။

(Rabindranath Tagore) ရာဘင်ဒြာနသ်တဂိုးဆိုတဲ့ သူ့နာမည်ကို တဖြည်းဖြည်း လူသိများလာခဲ့တယ်။

(၁၉၁၃)ခုနှစ်မှာ တဂိုးဟာ စာပေနိုဘယ်လ်ဆုကို ရရှိခဲ့တယ်။ အာရှတိုက်မှာ ပထမဦးဆုံး နိုဘယ်လ်ဆု ရသူဖြစ်ခဲ့တယ်။ နောက်ဆုံးမှာတော့ သူ့စကားလုံး၊ သူ့ကဗျာ၊ သူရေးစပ်တဲ့ အလှအပတွေကို တစ်ကမ္ဘာလုံး သိနားလည်ခဲ့ပါတယ်။

တဂိုးမအောင်မြင်ခင်မှာ သူ့ကို ပထဦးဆုံး ဂုဏ်ပြုချီးမြှင့်ခဲ့သူဟာ ဖခင်ဖြစ်တယ်။ သူ့ကို ဖခင်ပေးခဲ့တဲ့ ချက်လက်မှတ်ဟာ ရိုးရိုးချက်လက်မှတ် မဟုတ်ခဲ့ဘူး။ သူ့ကိုယုံကြည်မှုတွေ ပြည့်စေတဲ့ လက်မှတ်တစ်စောင်ဖြစ်တယ်။ ---- သားဟာ ဉာဏ်ပညာရှင်ကြီးပါ။ အဖေယုံကြည်တယ်ဆိုတဲ့ လက်မှတ်ဖြစ်တယ်။

ဘယ်သူကမှ တခြားသူအကူအညီမပါဘဲ တစ်ယောက်တည်းထီးထီးနဲ့ မအောင်မြင်နိုင်ပါဘူး။ အောင်မြင်လင်းလက်တဲ့ ရောင်ခြည်နောက်မှာ သေးငယ်နွေးထွေးတဲ့ ဖယောင်းတိုင်တစ်တိုင်က အမြဲရှိပါတယ်။ အဲဒီဖယောင်းတိုင်က အကူအညီမဲ့ငယ်ရွယ်တဲ့ စိတ်ဝိညာဉ်တစ်စုံကို အလင်းပေး လမ်းပြနေခဲ့ပါတယ်။

ထူးထူးခြားခြား မွေးဖွားလာသူတစ်ယောက်မဟုတ်တဲ့ သာမန်လူတစ်ယောက်ကို သင့်ယုံကြည်မှုနဲ့ သူ့ရဲ့မိမိကိုယ်ကိုယ်ယုံကြည်မှုကို ဖြည့်ပေးပြီး ထူးခြားတဲ့လူတစ်ဦးဖြစ်အောင် သင် စွမ်းဆောင်နိုင်ပါတယ်။ ထုံအနေသူတစ်ယောက်ဟာ သင့်ယုံကြည်မှုကြောင့် ထူးခြားအောင်မြင်တဲ့ ဉာဏ်ကြီးရှင်တစ်ဦးလည်း ဖြစ်နိုင်ပါတယ်။ ဒါကို သင်ယုံကြည်ခဲ့မယ် ဆိုရင်ပေါ့....

http://www.meiwenzhan.com/chenggonglizhi/ganwu/20100504/6820.html

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Friday, December 24, 2010

ခရစ္စမတ်လက်ဆောင် ဘာဘီရုပ်


**Micrel (麦瑞·格丽丝) (၁၃)နှစ်အရွယ်မှာ ထူးချွန်တဲ့ဆရာဝန်တစ်ဦး ဖြစ်ချင်ခဲ့တယ်။ (**နာမည် ဘာသာပြန် မှားကောင်းမှားနိုင်ပါတယ်)

အဲဒီနှစ်က ခရစ္စမတ်နေ့မှာ Micrelတစ်ယောက် ကုတင်ခေါင်းရင်းထက် ခြေအိတ်လေးချိတ်တင်ပြီး ပြည့်စုံတဲ့ လူရိုးစုပုံစံငယ်တစ်ခု ပိုင်ဆိုင်ရဖို့ ဆုတောင်းနေခဲ့မိတယ်။

ပြင်ဆင်ပြီးတဲ့ လူရိုးစုပုံစံတစ်ခုကို အဖေယူပြန်လာခဲ့တယ်။ ဒါပေမယ့် အဖေဟာ လူရိုးစုကို Micrelရဲ့ခုတင်ခေါင်းရင်းထက်က ခြေအိတ်ထဲ ထည့်မပေးဘဲ အိမ်ထဲက ဖယောင်းရုပ်တွေထားတဲ့ အခန်းထဲထည့်ခဲ့တယ်။

ဒီအရိုးစုရဲ့အရိုးတွေဟာ သံမဏိသတ္တုတွေနဲ့ ချိတ်ဆက်ထားတဲ့ လူရိုးစုဖြစ်တယ်။ အချိန်နှစ်ပတ်ထဲနဲ့ အရိုးစုတွေကို ပုံစံမပျက် Micrel ဖြုတ်နိုင်၊ တပ်နိုင်ခဲ့တယ်။

Micrelဟာ အမြဲတမ်း လက်ထဲမှာ အရိုးစုတစ်ခု ကိုင်ထားရတာကို နှစ်သက်သူဖြစ်တယ်။ ဒါကြောင့်လည်း သူ့မှာ သူငယ်ချင်းတွေ နည်းသထက်နည်းခဲ့ရတယ်။ ကလေးတွေထဲမှာ ဒီလို ကြက်သီးထစေတဲ့အရာကို နှစ်သက်တဲ့လူတွေ ရှားတယ်။ ထူးဆန်းတဲ့ သူ့အပြုအမှုကြောင့် သူငယ်ချင်းတွေ ရှောင်ခဲ့ကြတာဖြစ်တယ်။

The Johns Hopkins ဆေးတက္ကသိုလ်ကို သူဝင်ခွင့်ရတဲ့အချိန် ကုသမှုမှာ အတွေ့အကြုံ မရှိသေးပေမယ့် ရောဂါအခြေအနေတွေ လေ့လာဆန်းစစ်ရာမှာ သူ့အရည်အချင်းက ဆေးတက္ကသိုလ်(၄)နှစ်တက်ခဲ့တဲ့ ကျောင်းသားတွေထက် သာခဲ့တယ်။

သူ့ရဲ့ထူးခြားတဲ့ အရည်အချင်းကြောင့် The Johns Hopkins ဆေးတက္ကသိုလ်က ပါမောက္ခတွေနဲ့အတူ သင်ခန်းစာတွေကို လေ့လာနိုင်တဲ့ ကျောင်းသားသစ်တစ်ဦးအဖြစ် သူ့ကိုလက်ခံခဲ့တယ်။ ဆေးတက္ကသိုလ်လက်အောက်ခံ ဆေးခန်းတွေမှာ ကုသလေ့လာဖို့၊ အတွေ့အကြုံယူဖို့ သူ့ကိုလက်ခံခဲ့ကြတယ်။

ဆေးတက္ကသိုလ်ရဲ့ ဒုတိယပါမောက္ခချုပ်က "ဘာဖြစ်လို့ မရ ရမှာလဲ? "ရောမ"ကိုရောက်ဖို့ သူဒီလောက်ထိ ကြိုးစားထားခဲ့ပြီးပြီ။ သူ့တိုးတက်မှုတွေ မြန်ဆန်အောင် ငါတို့စမ်းကြည့်သင့်တယ်" လို့ ပြောခဲ့တယ်။

ဆေးရုံကခွဲစိပ်မှုတစ်ခုမှာ အကူလက်ထောက်အဖြစ် Micrel ပါဝင်ခဲ့တယ်။ ဒါပေမယ့် သွေးကိုမြင်တာနဲ့ မူးလဲတတ်မှန်း သူ့ကိုယ်သူ သတိထားလိုက်မိတယ်။ ဆရာဝန် ခွဲစိပ်လိုက်တဲ့နေရာမှာ သွေးတွေစိမ့်ထွက်လာတာကို မြင်ရင် သူ့ခြေတွေ၊ လက်တွေ အေးခဲသွားပြီး ခေါင်းမူးလာတတ်တယ်။ ဆရာဝန်ပြောတာကို သေသေချာချာ နားမထောင်မိခင်မှာ ကြမ်းပြင်ပေါ် သူလဲကျသွားတတ်တယ်။

ဒီလိုအခြေအနေမျိုးနဲ့ ဒီဆရာဝန်အလုပ်ကို ရပ်တန့်လိုမဖြစ်ဘူးဆိုပြီး Micrelဟာ တစ်ယောက်တည်း လက်တွေ့ခန်းထဲမှာ ဖားခွဲလိုက်၊ ကြွက်ခွဲလိုက်နဲ့ စမ်းသပ်ကြည့်ခဲ့တယ်။ မျက်မှန်နက်ကြီးကိုတပ်ပြီး နီရဲတဲ့သွေးတွေ မတွေ့အောင် စမ်းသပ်ခဲ့ပေမယ့် သူမအောင်မြင်ခဲ့ဘူး။ စိမ်းရွှင်ရွှင် သွေးနံ့ကိုရတာနဲ့ သူ့ရဲ့ခေါင်းမူးတဲ့ဝေဒနာက စလာပြန်တယ်။

သွေးတွေမြင်ရဖို့၊ မခွဲစိတ်ရဖို့ ကျောင်းကသူ့ကို ကိုယ်တွင်းရောဂါဆေးပညာဖက် ပြောင်းဖို့ အကြံပေးခဲ့တယ်။ ဒါပေမယ့် ကိုယ်တွင်းရောဂါမှာလည်း ခွဲစိပ်ရတဲ့အချိန်ခါရှိမှန်း လူတိုင်းမေ့နေကြတယ်။

ခွဲစိပ်မှုတစ်ခုမှာ ထပ်မူးလဲခဲ့တဲ့ Micrelဟာ သူ့အနာဂတ်လမ်းကို သူ မဖမ်းဆုပ်နိုင်ခဲ့တော့ဘူး။ အဲဒီလိုနဲ့ ကျောင်းနားပြီး သူအိမ်ပြန်ခဲ့တော့တယ်။ အိပ်ခန်းထဲမှာ တစ်နေကုန်ထိုင်ပြီး သူစိတ်ဓာတ်ကျနေခဲ့တယ်။ ကိုယ့်ကိုယ် အဆုံးစီရင်ဖို့ထိ သူတွေးခဲ့မိတယ်။

Micrelကိုချစ်တဲ့ အဘွားက ဒီ့အတွက် စိုးရိမ်ပူပန်ခဲ့ရတယ်။ Micrelနဲ့တွေ့ပြီး သေချာဆွေးနွေးဖို့ ဆုံးဖြတ်လိုက်တယ်။

အဲဒီနေ့ညနေက အဘွားဟာ "ကမ္ဘာ့ရူခင်း" ပုံတွေကိုရှာပြီး Micrel အခန်းထဲရောက်လာခဲ့တယ်။ အဲဒီနောက် လှပတဲ့ရူခင်းပုံတွေ တစ်ပုံပြီးတစ်ပုံ Micrel ကိုပြလိုက်တယ်။

အဘွားရဲ့လုပ်ရပ်ကို Micrel နားမလည်ခဲ့ဘူး။ နောက်ဆုံးပုံကို ပြပြီးနောက် အဘွားဟာ Micrelရဲ့ လှပတဲ့ ရွှေရောင်ဆံပင်တွေကို ပွတ်သပ်ပေးရင်း "သမီး... ဒီလောကမှာ "ရောမမြို့"ပဲ ရှိတာမဟုတ်ဘူး။ သမီးသာ စိတ်ပါတယ်ဆိုရင် ရောမလိုလှတဲ့၊ ရောမထက်လှတဲ့ နေရာတွေကိုလည်း သမီးရောက်နိုင်ပါတယ်"

အဘွားရဲ့နွေးထွေးကြင်နာတဲ့ အကြည့်ကြောင့် Micrel ရုတ်တရက် ငိုချမိတယ်။

မျက်ရည်တွေက Micrelရဲ့ အရင်တုန်းက စိတ်ကူးအိပ်မက်တွေကို တိုက်စားသွားခဲ့တယ်။ အကြောင်းအမျိုးမျိုးကြောင့် ရည်မှန်းချက်နဲ့ ကိုယ်လွဲချော်သွားတဲ့အခါ ဒါမှမဟုတ် အကောင်အထည် မဖော်နိုင်တော့တဲ့အခါ အတင်းအကျပ်စေခိုင်းခြင်းက ကိုယ့်ကိုယ်နစ်တာဖြစ်မှန်း သူသိလိုက်တယ်။ ဦးတည်ရာမမှန်ရင် လမ်းတစ်ဝက်မှာရပ်ပြီး နောက်ဦးတည်ရာအသစ်တစ်ခုကို ပြောင်းလဲစတင်ဖို့ သူနားလည်လိုက်တယ်။

Micrelအဘွားရဲ့ လှပတဲ့ရူခင်းပုံတွေကို ကျွန်တော်တို့ကျေးဇူးတင်ရမယ်။ အဲဒီညနေခင်းက နေရောင်ခြည်နဲ့ နွေးထွေးနေတဲ့ ညနေခင်းလေးဖြစ်တယ်။

Micrelတစ်ယောက် နောက်ကျောင်းတစ်ကျောင်းကို ထပ်ရွေးလိုက်တယ်။ ဘွဲ့ရပြီးနောက် သတင်းစာတစ်စောင်မှာ ကမ္ဘာ့ကို ကယက်ရိုက်နေတဲ့ Barbieရုပ်အကြောင်း ဆွေးနွေးထားတာကို သူဖတ်လိုက်ရတယ်။ Barbieရဲ့ ပရိသတ်တွေက Barbieရဲ့ ခန္ဓာကိုယ်ဟာ ပျော့ပျောင်းမှုမရှိဘူး၊ တောင့်ခဲနေတယ်၊ လှုပ်ရှားလို့ရတဲ့ အကြောအဆစ်တွေ နည်းတယ်။ မျက်လုံး သိပ်မကြီးဘူး။ လူနဲ့ခပ်ဆင်ဆင်နီးပါးတူလာဖို့ မျှော်လင့်ထားတာတွေ ဝေးပြီလို့ ပြောထားကြတယ်။


လူခန္ဓာကိုယ်ဖြစ်လာအောင် အရိုးတွေနဲ့ တည်ဆက်ထားတဲ့ အရိုးစုပုံစံကို Micrel ပြန်မြင်ယောင်လာမိတယ်။ အရင်တုန်းက သူသိနားလည်ခဲ့တဲ့ အသိပညာတွေကို Micrel ပြန်သတိရလာမိတယ်။ အဲဒီနောက် Mixko ကုမ္ပဏီထဲ သူဝင်လိုက်ပြီး ကမ္ဘာ့အချစ်တော် ဘာဘီရုပ်လေးကို လူတွေနဲ့ပိုတူအောင် လှုပ်ရှားနိုင်တဲ့ အရိုးအဆစ်တွေ ထီထွင်ပေးလိုက်တယ်။ ဘာဘီအရုပ်ရဲ့ နဖူးနဲ့မျက်လုံးကို ပိုကျယ်စေပြီး ပိုသွက်လက်အောင် လှုပ်ရှားနိုင်တဲ့နေရာတွေ ပိုထည့်ခဲ့တယ်။

အရင်က သွေးမြင်တိုင်း မူးလဲတတ်တဲ့ ဆေးပညာကိုသာ ခေါင်းမာမာနဲ့ ဆက်ရွေးခဲ့ရင် ဒီကနေ့မှာ ဘာဖြစ်လာခဲ့မယ်ဆိုတာကို Micrel မတွေးတတ်ခဲ့ဘူး။ ဘာမှ ဖြစ်မလာနိုင်သလို အဝေးက သူတမ်းတခဲ့တဲ့ ရောမကိုလည်း ဘယ်တော့မှ ရောက်နိုင်ခဲ့မှာ မဟုတ်ဘူး။

တကယ်တော့ အဘွားပြောတာ မှန်ခဲ့ပါတယ်။ လောကမှာ လှပတဲ့ရောမမြို့တစ်မြို့ပဲရှိတာ မဟုတ်ပါဘူး။ ဦးတည်ရာလမ်းမှာလည်း ရောမမြို့တစ်မြို့ပဲ ပန်းတိုင်ရှိတာ မဟုတ်ပါဘူး။ ရောမထက်လှတဲ့၊ ရောမမြို့နီးနီးလှတဲ့အရာတွေ အများကြီးရှိပါသေးတယ်။

http://www.meiwenzhan.com/chenggonglizhi/ganwu/20090818/1748.html (ဦးတည်ရာလမ်းမှာ ရောမမြို့ပဲရှိတာ မဟုတ်)

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

ကျွန်မကြိုက်တဲ့ အဆိုတော်များ


တရုတ်သီချင်းကို များသောအားဖြင့် နားမလည်လို့ နားမထောင်ကြသူတွေများပါတယ်။ နားမလည်ပေမယ့် ဒီနေရာမှာ ကျွန်မကြိုက်တဲ့ တရုတ်အဆိုရှင်တချို့နဲ့ သူတို့ရဲ့သီချင်းတွေကို မိတ်ဆက်ပေးချင်ပါတယ်။ ကြိုက်နှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

တိမ်မြှုပ်နေတဲ့သူ့ကို စတူးဖော်ပေးခဲ့တဲ့ အဆိုတော် Dick Cowboy(迪克牛仔) နဲ့အတူ Roger

တရုတ်နာမည် --- 杨培安
အင်္ဂလိပ်နာမည် --- Roger
မွေးဖွားရာဇာတိ---- ထိုင်ဝမ်
မွေးသက္ကရာဇ် ---- ဇွန်လ ၅ရက် ၁၉၇၁ခုနှစ်
အရပ် --------- ၁၇၈ cm
သွေးအမျိုးအစား -- AB

အသက်(၃၆)မှ ပထမဆုံးစီးရီးကို စထုတ်ဖြစ်တဲ့သူ့ကို "သက်ကြီးလူသစ်"လို့ တင်စားကြသလို အသံအားမြင့်တဲ့အတွက် "သံမဏိအဆုတ်ပိုင်ရှင်"လို့လည်း တင်စားကြတယ်။

၁၉၉၁ခုနှစ် ကျောင်းသားဘဝမှာ YAMAHAကကျင်းပတဲ့ အဆိုပြိုင်ပွဲမှာ ဆုရခဲ့ပေမယ့် ၁၅နှစ်အကြာမှာမှ Skyhigh တေးသံသွင်းရဲ့ ပံ့ပိုးမှုကြောင့် ထိုင်ပေတက်ပြီး အသံသွင်းဖြစ်ခဲ့တယ်။ သူ့ရဲ့ထူးခြားတဲ့ အသံကြောင့် တခဏအတွင်းမှာပဲ ပရိသတ်ရဲ့ အသိအမှတ်ပြုတာကို ခံခဲ့ရတယ်။ ရတဲ့ဆုတွေက များလွန်းလို့ မရေးတော့ပါဘူး။ အပြည့်အစုံကို ဒီနေရာမှာ ဖတ်နိုင်ပါတယ်။ ကျွန်မသိသလောက် သူ့သံစဉ်တွေကို မြန်မာပြန်ဆိုထားတာမျိုး မကြားဖူးသေးပါဘူး။ သီချင်းတွေကို ဒီနေရာမှာ တောင်းလုပ်နိုင်ပါတယ်။







နိုင်းနိုင်းစနေ


Share/Bookmark

Thursday, December 23, 2010

ခရစ္စမတ်လက်ဆောင် ခြေအိတ်တစ်စုံ


ခရစ္စမတ်အကြိုည အချိန်ကည(၁၁)နာရီရှိနေခဲ့ပါပြီ။ ဆူညံလှုပ်ရှားတဲ့ လမ်းမထက်မှာ လူတွေတဖြည်းဖြည်း ကျဲလာခဲ့တယ်။ ရံဖန်ရံခါ အလောတကြီး အိမ်ပြန်ပြီး နှစ်သစ်ကိုကြိုဆိုကြမယ့်သူတချို့ကို နီယွန်မီးအောက်မှာ တွေ့နေရတယ်။ နှစ်သစ်တစ်နှစ် ရောက်လာခဲ့ပြန်ပါပြီ။

"ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ ဒီကနေ့ ဈေးရောင်းရတာ သိပ်မဆိုးဘူး..."

အလုပ်များတဲ့နေ့တစ်နေ့မှာ နောက်ဆုံးဈေးဝယ်လာသူတစ်ယောက်ကို ဖိနပ်ဆိုင်အပြင်ဖက် ပို့ဆောင်ပြီးနောက် Mrs. Smith ရေရွတ်လိုက်တယ်။ Mrs. Smith တို့လင်မယားနှစ်ဦးရဲ့ မျက်နှာပေါ်က ဖုံးဖိမထားနိုင်တဲ့ လှုပ်ရှားပျော်ရွှင်တဲ့ အပြုံးကို လင်းထိန်တဲ့မီးရောင်အောက်မှာ အထင်းသားမြင်နေရတယ်။

ဆိုင်ပိတ်ချိန်ရောက်ပါပြီ။ Mrs. Smithက ဆိုင်တွင်းသန့်ရှင်းရေးကို အကျွမ်းတဝင် စလုပ်တယ်။ Mr. Smith က တံခါးပေါက်စီလျှောက်သွားပြီး မနက်ကထောင်ခဲ့တဲ့ ဆိုင်းပုဒ်ကို သိမ်းဖို့ပြင်တယ်။ ဖိနပ်မျိုးစုံထားတဲ့ မှန်ပြတင်းရှေ့အရောက် Mr. Smith ရုတ်တရက် ရပ်လိုက်မိတယ်။ မှန်ပြတင်းကနေဖြတ်ပြီး ကောင်လေးငယ်တစ်ယောက်ရဲ့ မျက်လုံးတစ်စုံကို သူတွေ့လိုက်မိတယ်။

Mr. Smithက မှန်ပြတင်းဘက် အမြန်လျှောက်သွားပြီး သေချာအောင် ထပ်ကြည့်တယ်။ အသက်(၈)နှစ်,(၉)နှစ်အရွယ် မီးသွေးကောက်တဲ့ ကောင်လေးတစ်ယောက်ကို သူတွေ့လိုက်မိတယ်။ အအေးဒဏ်ကြောင့် ထုံကျင်နေတဲ့ခြေထောက်မှာ မတော်မတန်တဲ့ ဖိနပ်ကြီးတစ်စုံကို ကောင်လေးစီးထားတယ်။ မီးသွေးမှုန့်တွေနဲ့ ညစ်ပတ်နေတဲ့ဖိနပ်ဟာ ရုပ်လုံးတောင်မပေါ်တော့ပါဘူး။ Mr. Smith လျှောက်လာတာကိုတွေ့တော့ ကောင်လေးဟာ မှန်ပြတင်းထဲက လှပတဲ့ဖိနပ်တွေကြည့်နေတဲ့အကြည့်ကို ဖိနပ်ဆိုင်ပိုင်ရှင် Mr. Smithဘက် လွှဲလိုက်တယ်။ သူ့မျက်လုံးထဲမှာ မရေရာတဲ့မျှော်လင့်ချက်တွေ ပြည့်နေတယ်။

Mr. Smithက ခါးကိုညွတ်ပြီး "မယ်ရီခရစ္စမတ်ပါ ကောင်ကလေး... အန်ကယ် ဘာများကူညီပေးရမလဲ?" လို့မေးတယ်။

Mr. Smithအမေးကို ကောင်လေးပြန်မဖြေခဲ့ဘူး။ သူ့မျက်လုံးတွေဟာ မှန်ပြတင်းထဲက ဖိနပ်ဘက်ဆီ ရွေ့သွားပြန်တယ်။ အချိန်အတော်ကြာမှ "ကျွန်တော့်ခြေထောက်နဲ့ တော်တန်တဲ့ ဖိနပ်တစ်စုံစွန့်ပေးဖို့ ဘုရားသခင်ဆီ ကျွန်တော်တောင်းဆိုနေပါတယ်။ ကျွန်တော့်တောင်းဆိုမှုကို ဘုရားသခင်ဆီရောက်အောင် ပေးပို့ပေးနိုင်မလား? အန်ကယ့်ကို ကျေးဇူးတင်ပါတယ်"

ဒီအချိန်မှာ ပစ္စည်းတွေသိမ်းနေတဲ့ Mrs. Smithလည်း သူတို့ဆီလျှောက်လာပြီး ကောင်လေးကို ခြေဆုံးခေါင်းဆုံး အကဲခတ်တယ်။ ပြီးတော့ Mr. Smithကို တစ်ဘက်ခေါ်သွားပြီး "ကောင်လေးကြည့်ရတာ သနားစရာလေးပါ။ သူတောင်းဆိုတာကို ဖြည့်ပေးလိုက်ပါ" လို့ပြောတယ်။

Mrs. Smithရဲ့အပြောကို Mr. Smithက ခေါင်းခါငြင်းဆန်ပြီး ပြောတယ်။

"မဟုတ်ဘူး.. သူလိုနေတာ ဖိနပ်တစ်စုံမဟုတ်ဘူး။ ဘီရိုထဲက အကောင်းဆုံး ခြေအိတ်တစ်စုံကို ထုတ်လိုက်ပါ။ ပြီးတော့ ရေနွေးတစ်ဇလုံယူခဲ့ပါ"


Mrs. Smithနားမလည်စွာနဲ့ နေရာကခွာခဲ့တယ်။
ကောင်လေးရဲ့အနားနား Mr. Smithအမြန်သွားပြီး ကောင်လေးကို ပြောလိုက်တယ်။

"ဝမ်းသာပါတယ်....ကောင်လေးငယ်.. မင်းတောင်းဆိုတာကို ဘုရားသခင်ဆီ အန်ကယ် အကြောင်းကြားလိုက်ပါပြီ။ ဘုရားသခင်က ချက်ချင်းအကြောင်းပြန်ပါလိမ့်မယ်"

အဲဒီအချိန်မှာ Mrs. Smith ရေနွေးတစ်ဇလုံနဲ့ ပြန်ရောက်လာတယ်။ Mr. Smithက ခုံပုလေးတစ်လုံးယူပြီး ကောင်လေးကို ထိုင်ခိုင်းလိုက်တယ်။ အဲဒီနောက် ကောင်လေးခြေထောက်က ဖုန်တွေနဲ့ပေရေနေတဲ့ ဖိနပ်ကိုချွတ်လိုက်ပြီး ထုံကျင်အေးခဲနေတဲ့ ကောင်လေးရဲ့ခြေထောက်ကို ရေနွေးထဲစိမ်ထည့်လိုက်တယ်။
ခြေထောက်ကို အသာအယာပွတ်သပ် ဆေးကျောပေးရင်း Mr. Smithက လေးလေးနက်နက်နဲ့ စကားစတယ်။

"ကောင်လေး.. တကယ်စိတ်မကောင်းဘူးကွာ... မင်းတောင်းဆိုတဲ့ ဖိနပ်တစ်စုံကို ဘုရားသခင်က မပေးဘူး။ ဘုရားသခင်ကပြောတယ်... မင်းကို ဖိနပ်တစ်စုံမပေးနိုင်ဘူး။ မင်းကို ခြေအိတ်တစ်စုံပဲ ပေးသင့်တယ်တဲ့"

ကောင်လေးရဲ့မျက်နှာပေါ်က အပြုံးဟာ Mr. Smith စကားကြောင့် ရုတ်တရက် တည်သွားခဲ့တယ်။
Mr. Smithက စကားကို အမြန်ဆက်ပြောပြန်တယ်။

"ဒါပေမယ့် စိတ်မပူနဲ့ ကောင်လေး။ အန်ကယ်ပြောတာကို သေချာနားထောင်... လူတိုင်းလူတိုင်း သူတို့ရင်ထဲက ဘုရားသခင်ဆီ တောင်းဆိုမှုတွေရှိကြတယ်။ ဒါပေမယ့် ဘုရားသခင်က လူတွေကို အဆင်သင့်ဖြစ်ပြီးတဲ့ အရာတွေကို မပေးဘူး။ ရွှေငွေရတနာ တောင်းဆိုတဲ့လူတွေကို ဘုရားသခင်က ဂေါ်ပြားနဲ့ မြေပုံစာရွက်ပဲ ပေးသလိုမျိုးပေါ့။ တကယ့်ရွှေငွေရတနာကို ပိုင်ဆိုင်နိုင်ဖို့ ကိုယ်တိုင်တူးဖော်ရတယ်။ အဓိက,က ငါလုပ်နိုင်တယ်ဆိုတဲ့ ယုံကြည်မှုကို လက်ကိုင်ထားရတယ်။ ကိုယ့်ကိုကိုယ်ယုံကြည်မှ အနာဂတ်က လင်းလက်မယ်"

"အန်ကယ်လိုပေါ့... အန်ကယ် ငယ်ငယ်တုန်းက ဘုရားသခင်ဆီ ဖိနပ်ဆိုင်တစ်ဆိုင် ပိုင်ဆိုင်ရဖို့ တောင်းဆိုခဲ့တယ်။ ဒါပေမယ့် ဘုရားသခင်က အန်ကယ့်ကို ဖိနပ်ပြင်တဲ့ပစ္စည်းတစ်စုံပဲ ပေးခဲ့တယ်။ အဲဒီပစ္စည်းတွေကို ကောင်းကောင်းအသုံးချရင် အရာရာကို ပိုင်ဆိုင်နိုင်မယ်လို့ အန်ကယ်ယုံကြည်ခဲ့တယ်။ အနှစ်(၂ဝ)အတွင်းမှာ ဖိနပ်တိုက်တဲ့အလုပ်ကို အန်ကယ်လုပ်ခဲ့တယ်။ ဖိနပ်ပြင်တဲ့ တပည့်၊ အလုပ်သမား၊ ဖိနပ် ဒီဇိုင်းဆွဲသူ... အစရှိတာတွေ လုပ်ခဲ့တယ်။ အခုချိန်မှာ ဒီလမ်းပေါ်က အကောင်းဆုံးဖိနပ်ဆိုင်ကို အန်ကယ်ပိုင်ဆိုင်ခဲ့ရုံမက လှပတဲ့ဇနီးမယားတစ်ဦးနဲ့ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုတစ်စုကိုလည်း ပိုင်ဆိုင်ခဲ့ပါတယ်။ ကောင်လေး.. မင်းလည်းအဲဒီလိုပဲ... ဒီခြေအိတ်တစ်စုံကိုယူပြီး မင်းစိတ်ကူးအိပ်မက်ထဲက ဖိနပ်ကိုလိုက်ရှာပါ။ နောက်ပြန်မလှည့်နဲ့.. ဘယ်တော့မှ လက်မလွတ်နဲ့။ ဒါမှ တစ်နေ့နေ့မှာ မင်းလည်းအသေအချာကို အောင်မြင်ပါလိမ့်မယ်"


ခြေထောက်ဆေးပြီးနောက် Mr.Smithတို့ဇနီးမောင်နှံလက်ထဲကနေ "ဘုရားသခင်"ပေးတဲ့လက်ဆောင် ခြေအိတ်တစ်စုံကို ကောင်လေးလှမ်းယူလိုက်တယ်။ တာဝန်တစ်ခုကို လွှဲပြောင်းယူလိုက်သလိုမျိုး လှမ်းယူလိုက်ပြီး ဆိုင်ထဲကနေ ထွက်သွားခဲ့တယ်။ ခြေလှမ်းအနည်းငယ်လှမ်းပြီး ဖိနပ်ဆိုင်ကို သူနောက်ပြန်တစ်ချက် လှည့်ကြည့်တယ်။ Mr.Smithတို့ဇနီးမောင်နှံနှစ်ဦး သူ့ကိုလက်ပြရင်း "ဘုရားသခင်ရဲ့ စကားကို သေသေချာချာ မှတ်ထားပါ ကောင်လေး.. တစ်နေ့ မင်းအောင်မြင်မှာပါ။ မင်းရဲ့ကောင်းသတင်းကို ငါတို့စောင့်မျှော်နေမယ်" လို့ပြောတယ်။ သူတို့ကို ကောင်လေးခေါင်းညိတ်ပြရင်း ခြေလှမ်းကျဲကျဲနဲ့ ညအမှောင်ထဲဝင်ရောက် ပျောက်ကွယ်သွားခဲ့တယ်။


လျှပ်တစ်ပြက်အတွင်းမှာ အနှစ်(၄ဝ)ကျော်က မြန်မြန်ဆန်ဆန် ကုန်လွန်သွားခဲ့တယ်။ ခရစ္စမတ်ရာသီကို ရောက်လာခဲ့ပြန်ပါတယ်။ Mr.Smith မနက်စောစော တံခါးဖွင့်တာနဲ့ သူစိမ်းတစ်ယောက်ရဲ့စာတစ်စောင်ကို လက်ခံရလိုက်တယ်။ စာအိတ်ကိုဖွင့်ကြည့်တော့ စာထဲမှာ ရေးထားတာက....

"လေးစားရပါတဲ့ အန်ကယ်နဲ့အန်တီ

လွန်ခဲ့တဲ့နှစ်(၄ဝ)ကျော်က ခရစ္စမတ်အကြိုညမှာတွေ့ခဲ့တဲ့ မီးသွေးကောက်ကောင်လေးတစ်ယောက်ကို မှတ်မိသေးပါရဲ့လား? အဲဒီတုန်းက ဘုရားသခင်ဆီ ဖိနပ်တစ်စုံသူတောင်းဆိုခဲ့ပေမယ့် ဘုရားသခင်က သူ့ကို ဖိနပ်မပေးခဲ့ဘဲ ရွှေထက်အဖိုးတန်တဲ့ စကားတွေနဲ့ ခြေအိတ်တစ်စုံကို စွန့်ခဲ့တယ်။ အဲဒီခြေအိတ်တစ်စုံက သူ့ရဲ့ယုံကြည်မှုနဲ့ အညံမခံတဲ့စိတ်ကို နှိုးဆွခဲ့တယ်။ ဒီလိုကူညီမှုက တခြားကိုယ်ချင်းစာတဲ့အကူအညီထက် ပိုအရေးပါခဲ့ပါတယ်။ ခြေအိတ်တစ်စုံပေးပြီး စိတ်ကူးအိပ်မက်ထဲက ဖိနပ်ကိုလိုက်ရှာစေခဲ့တဲ့ အန်ကယ်တို့ရဲ့အသိပညာက ကြီးမြတ်လွန်းလှပါတယ်။

တကယ်ပဲ ကျေးဇူးတင်ပါတယ်။ သဘောကောင်းပြီး အသိကြွယ်တဲ့ အန်ကယ်နဲ့အန်တီရေ.. အန်ကယ်တို့ပေးတဲ့ ခြေအိတ်နဲ့ သူ့အတွက် တန်ဖိုးအရှိဆုံးဖြစ်တဲ့ ဖိနပ်တစ်စုံကို သူရှာတွေ့ခဲ့ပါပြီ။ သူ အမေရိကန်သမ္မတ ဖြစ်နေခဲ့ပါပြီ။ ကျွန်တော်က အဲဒီမီးသွေးကောက်တဲ့ ကောင်လေးပဲဖြစ်ပါတယ်"


စာရဲ့အဆုံး အောက်မှာ "Abraham Lincoln" လို့ လက်မှတ်ရေးထိုးထားပါတယ်။

http://www.meiwenzhan.com/chenggonglizhi/ganwu/20090315/591.html

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Wednesday, December 22, 2010

တစ်သက်တာအတွက် ခရစ္စမတ်လက်ဆောင်


ရင်ထဲစွဲကျန်ရစ်စေတဲ့ ဒီလို တကယ့်အဖြစ်အပျက်လေးတစ်ခု ရှိခဲ့ပါတယ်။

ခရစ္စမတ်ရောက်တော့မယ်။ အမေရိကန် ချီကာဂို အနောက်မြောက်အရပ်မှာရှိတဲ့ Park Pridgeမြို့ရဲ့ နေရာအနှံ့မှာ ခရစ္စမတ်ကိုကြိုဆိုတဲ့ အသက်အငွေ့တွေနဲ့ စည်ကားလို့နေခဲ့တယ်။

အလယ်တန်းကျောင်းတက်နေတဲ့ "ရှယ်လီ"ဟာ မကြာသေးခင်က လက်ခံရရှိခဲ့တဲ့ ခရစ္စမတ်ကတ်တွေကို အထပ်လိုက်ကိုင်ပြီး သူငယ်ချင်း"ဟီလာရီ"ကိုကြွားဖို့ ပြင်ဆင်နေခဲ့တယ်။ ဒါပေမယ့် ဟီလာရီယူလာတဲ့ ခရစ္စမတ်ကတ်က သူ့ထက်ပိုများနေတာကို တွေ့လိုက်ရတယ်။

"နင့်မှာ သူငယ်ချင်းတွေ များလာချည်လား? နည်းတစ်နည်းတော့ ရှိရမယ်?" ရှယ်လီက အားကျကျမေးတယ်။

"နည်းကတော့... တခြားသူအပေါ် ရိုးသားမယ်၊ နွေးထွေးမယ်"လို့ပြောပြီး ဟီလာရီဟာ ရှယ်လီကို လွန်ခဲ့တဲ့(၂)နှစ်က သူတွေ့ကြုံခဲ့တဲ့ အဖြစ်အပျက်တစ်ခုကို ပြောပြခဲ့တယ်။

"အဲဒီအချိန်က နွေဦးရာသီပေါ့။ နွေးနွေးထွေးထွေး ညနေခင်းတစ်ခုမှာ ဖေဖေနဲ့ကျွန်မ ပန်းခြံထဲလမ်းလျှောက်နေခဲ့တယ်။ အဲဒီအချိန်မှာ ရယ်စရာကောင်းတဲ့ အဘွားအိုတစ်ဦးကို ကျွန်မတွေ့လိုက်တယ်။ ဒီလောက်ပူနွေးတဲ့ ရာသီဥတုမှာ သူကသိုးမွေးအင်္ကျီအထူကြီးကို ဝတ်ထားတယ်။ လည်ပင်းမှာလည်း သားရေပုဝါ ပတ်ထားတယ်။ သူ့ပုံစံက နှင်းတွေအရမ်းကျနေလို့ ဝတ်ထားသလိုမျိုးပဲ။ ဖေဖေရဲ့လက်မောင်းကို ကျွန်မအသာအယာဆွဲပြီး "ဖေဖေ... အဲဒီအဘွားအိုရဲ့ပုံစံက ရယ်စရာ အရမ်းကောင်းတာပဲနော်"လို့ ပြောလိုက်တယ်"

"ကျွန်မရဲ့စကားကြောင့် ဖေဖေရဲ့ပုံစံ အရမ်းတည်ကြည်သွားတယ်။ ခဏလောက်တိတ်ဆိတ်သွားပြီးမှ ဖေဖေ စကားစတယ်။

"
ဟီလာရီ... သမီးကြည့်ရတာ အရည်အချင်းတစ်ခု လျော့နေသလိုပဲ။ တခြားလူကို သမီး မနှစ်သက်၊ မလိုလားတတ်ဘူး။ ဒါဟာ တခြားလူနဲ့ ပြောဆိုဆက်ဆံတဲ့အခါ သမီးမှာ ရိုးသားမှုနဲ့ ဖော်ရွေမှုမရှိကြောင်း သက်သေပြနေတာပဲ"

"အဲဒီတုန်းက ဖေဖေဟာ ပြဿနာကို အကြီးချဲ့နေတယ်လို့ ကျွန်မထင်ခဲ့တယ်။ ဖေဖေ့ကို မကျေမနပ်နဲ့ "အဲဒီအဘွားအိုရဲ့ပုံစံကို ရယ်စရာကြီးလို့ ဖေဖေမထင်ခဲ့ဘူးပေါ့?" လို့ ကျွန်မပြန်မေးတယ်"

"သမီးနဲ့ ဆန့်ကျင်ဖက်ပဲ.. အဲဒီအဘွားအိုပုံစံကို ဖေဖေနှစ်သက်တယ်" လို့ ဖေဖေပြန်ပြောတော့ ကျွန်မအရမ်း အံ့သြသွားမိတယ်"

"အဲဒီအဘွားအိုဟာ ဖျားနေလို့၊ နေထိုင်မကောင်းသေးလို့ အနွေးထည်၊ မာဖလာတွေ ဝတ်ထားတာလည်း ဖြစ်နိုင်တယ်။ ဒါပေမယ့် သစ်ကိုင်းပေါ်က ပန်းပွင့်တစ်ပွင့်ကို သူကြည့်လိုက်တဲ့ပုံစံက အရမ်းကို အသက်ဝင်နေတယ်။ ကဲ.. သူ့ပုံစံ ချစ်စရာကောင်းမနေဘူးလား? နွေဦးရာသီကို သူငမ်းလင့်နေတယ်။ သဘာဝကို သူနှစ်သက်၊ သဘောကျတယ်။ ဒီအဘွားအိုဟာ လူကိုဆွဲဆောင်စေတယ်လို့ ဖေဖေထင်တယ်" လို့ ဖေဖေက ဆက်ပြောတယ်။

"အဲဒီအချိန်ကျမှ အဘွားအိုကို နောက်တစ်ခေါက် ကျွန်မသေချာပြန်ကြည့်မိတယ်။ အဘွားအိုဟာ ဖေဖေပြောသလိုပဲ နွေဦးကိုတောင့်တတဲ့ အရိပ်အယောင်တွေ သူ့မျက်လုံးထဲ ထင်ဟပ်နေတယ်။ မျက်နှာပေါ်ပေါ်နေတဲ့ သူ့အပြုံးတွေက သူ့နှလုံးသားရဲ့အပျော်ကို မဖုံးဖိထားနိုင်ခဲ့ဘူး။

"ဖေဖေဟာ အဘွားအိုရှေ့ ကျွန်မကိုခေါ်သွားပြီး အပြုံးလေးနဲ့ "နွေဦးကို အရသာခံနေတဲ့ အန်တီ့ရဲ့ပုံစံက လူကိုဆွဲဆောင်စေတယ်။ အန်တီကြောင့် နွေဦးရာသီက ပိုလှသွားပါတယ်" လို့ပြောတယ်။ အဘွားအိုဟာ စိတ်လှုပ်ရှားစွာနဲ့ "ကျေးဇူး..... ကျေးဇူးတင်ပါတယ်" ပြောပြောဆိုဆို သူ့လက်ဆွဲအိတ်ထဲကနေ ဘီစကတ်တစ်ထုပ်ထုတ်ပြီး ကျွန်မကို လှမ်းပေးတယ်။ "သမီးလေးက အရမ်းချစ်ဖို့ကောင်းတာပဲ" တဲ့။

အဲဒီအဖြစ်အပျက်နောက်ပိုင်း ဖေဖေက ကျွန်မကို "သူတစ်ပါးကိုရိုးရိုးသားသား၊ ကြင်ကြင်နာနာနဲ့ လိုလားတတ်ရတယ်။ လူတိုင်းမှာ ဖေဖေတို့လိုလားနှစ်သက်စေတဲ့အရာတွေ ရှိတယ်။ ဒါမှ သမီးမှာ သူငယ်ချင်းတွေ အများကြီးရှိလာနိုင်တယ်" လို့ပြောခဲ့ပါတယ်။

ဟီလာရီ ရဲ့အဖြစ်အပျက်က ရှယ်လီစိတ်ကို နက်နက်ရှိုင်းရှိုင်း လှုံ့ဆော်ခဲ့တယ်။

အချိန်ကမြားအလျင်လို မြန်ဆန်ခဲ့တယ်။ မျက်စိတစ်မှိတ်အတွင်းမှာ ခရစ္စမတ်ရက်ကို ရောက်လာခဲ့တယ်။ အဲဒီနေ့က အိမ်မှာ ခရစ္စမတ်သစ်ပင်၊ လက်ဆောင်တွေ ပြင်ဆင်ရင်းနဲ့ ဟီလာရီတစ်ယောက် အလုပ်များနေခဲ့တယ်။ အဲဒီအချိန်မှာ ရှယ်လီတစ်ယောက် မျက်နှာပေါ်မှာ အပြုံးတွေနဲ့ အိမ်ထဲပြေးဝင်လာပြီး ဟီလာရီကို အားပါးတရပွေ့ဖက်လိုက်တယ်။ ပြီးတော့ "ဟီလာ.. ကျေးဇူးတင်ပါတယ်။ ဒီနှစ်ခရစ္စမတ်မှာ ငါ ခရစ္စမတ်ကတ်တွေ (၈၂)ခုတောင် ရလိုက်တယ်။ မနှစ်ကထက် ၁ဝဆတောင် ပိုခဲ့ပါတယ်" လို့ပြောတယ်။

"ငါပေးမယ့် ကတ်လေးလဲ ထည့်တွက်လိုက်ပါဦး"

ဟီလာရီ
က ပြောပြောဆိုဆို အလှဆုံးကတ်တစ်ခုကို ကမ်းပေးလိုက်တယ်။ ကတ်ပေါ်မှာက "လိုလားနှစ်သက်တယ်ဆိုတာ ခင်မင်ရင်းနှီးဖို့ ပေါင်းကူးတံတားလေးပါ။ သူတစ်ပါးကို ကြင်ကြင်နာနာနဲ့ လိုလားတတ်ပါစေလို့ ဆန္ဒပြုပါတယ်" လို့ ရေးထားတယ်။

ဖခင်ရဲ့အသွန်အသင်ကို
ဟီလာရီ စွဲစွဲမြဲမြဲမှတ်ယူခဲ့တယ်။ အလယ်တန်းကနေ တက္ကသိုလ်အထိ အဲဒီနောက် အလုပ်အထိ၊ လောကကြီးထဲအထိ ဘယ်နေရာရောက်ရောက် ဟီလာရီဟာ သူငယ်ချင်းတွေ ဝိုင်းဝိုင်းလည်တဲ့ဗဟို ဖြစ်ခဲ့တယ်။ ဒီနေ့အထိ သူဟာ အမေရိကန်မှာသာမက တစ်မ္ဘာလုံးရဲ့ စိတ်ဝင်စား၊ အလေးထားမှုကို ခံနေတဲ့ (Hillary Clinton) ဖြစ်ခဲ့တယ်။

တကယ်တော့ လိုလား၊ နှစ်သက်တယ်ဆို တခြားလူကို အပေါ်ယံသာမန်လောက်ပဲ ချီးကျူးတာမျိုး မဟုတ်ပါဘူး။ လူတစ်ယောက်ရဲ့ နှလုံးသားထဲကနေ လှပတဲ့ အပြုသဘောဆောင် တွေးတောမှုကိုပါ ရောင်ပြန်ဟပ်စေပါတယ်။ နွေဦးရာသီလို ကြည်လင်နွေးထွေးတဲ့ စိတ်ရှိသူမှသာ နွေဦးရဲ့အလှအပကို ခံစားတတ်မှာဖြစ်တယ်။ နှလုံးသားထဲမှာ နေရောင်ရှိမှ မြင်မြင်သမျှအရာတွေ လင်းလက်မှာဖြစ်တယ်။ ဖြူစင်ရိုးသားတဲ့ တွေးတောမှုက သေးငယ်တဲ့ အပြုအမှုလေးကိုတောင် ကြီးကျယ်မြင့်မြတ်စေပါတယ်။ သူတစ်ပါးကို နှစ်သက်လိုလားတတ်မှ အပြုသဘောဆောင်တဲ့၊ အကောင်းမြင်တတ်တဲ့ အတွေးတွေကို မွေးမြူတတ်မှာ၊ တစ်သက်လုံး ခံစားတတ်မှာဖြစ်တယ်။

http://www.meiwenzhan.com/renshengzheli/gushi/20090612/711.html

နိုင်းနိုင်းစနေ ဘာသာပြန်သည်။



Share/Bookmark

Tuesday, December 21, 2010

NY သို့ခဏ


တနင်္ဂနွေနေ့က နယူးယောက်ရောက်သွားတယ်။ ဒီတောသူမကို ရထားစီးဖူးအောင်၊ ခရစ္စမတ်သစ်ပင် မြင်ဖူးအောင်ပါတဲ့... ချမ်းချမ်းစီးစီးဒုက္ခခံလို့ ကိုယ့်ဒုက္ခကိုယ်ရှာတယ်ဆိုတာ ဒါမျိုးဖြစ်မယ်။ တကူးတက၊ တစ်ဝေးတစ်လံ နယူးယောက်အသွားကို အသိကားကြုံနဲ့ လိုက်ခဲ့တယ်။ အပြန်မှာတော့ ရထားစီးဖူးအောင် ကားကြုံနဲ့လိုက်မပြန်တော့ဘူး။ ခေါ်တဲ့နောက် လိုက်သွားတာပဲ.. လေကတဖြူးဖြူး၊ မိုးကတအုံအုံ၊ လူကတတိုးတိုး၊ နှာခေါင်းနဲ့ပါးက ခဲပြီးနီနေပြီ။ နားရွက်တွေ ပြုတ်ကျသွားမလား ထင်ရတယ်။ လမ်းဘေးက ရေအိုင်တွေ ရေခဲဖြစ်နေပြီ။ သွေးပူအောင် လမ်းမြန်မြန်လျှောက်တယ်၊ လူကိုမြန်မြန်ရှောင်တယ်၊ နှုတ်ခမ်းတွေက စကားပြောမရအောင် ထုံကျင်နေတယ်။ မောလ်ထဲခဏဝင် အအေးခိုတယ်၊ ပြန်ထွက်တယ်၊ ပြန်လျှောက်တယ်။ တောင်ကြီးသူဆိုတော့ ဒီကအအေးကို ခံနိုင်မှာပေါ့နော်တဲ့... အေးတာချင်း တူမှမတူတာ ခံနိုင်ရိုးလား?

ခရစ္စမတ်နားနီးတော့ နေရာတိုင်းမှာ ခရစ္စမတ်အသက်အငွေ့တွေနဲ့....

Rockefeller Centerမှာ ခဏလာစိုက်ထားတဲ့ ဒီထင်းရူးပင်ကြီးကို အနယ်နယ်အရပ်ရပ်က လာကြည့်ကြတဲ့လူတွေက ထောင်ပေါင်း၊ သိန်းပေါင်း၊ သန်းပေါင်း... (အိမ်နောက်က လက်ပံပင်ကိုတောင် သတိရသွားတယ်။ အသီးသီး၊ အပွင့်ပွင့်ချိန် သစ်ပင်အောက်က ကလေးငယ်တွေ တပြုံးပြုံး၊ အပင်ပေါ်မှာ ငှက်တွေက တဝုန်းဝုန်း)

ဒီနေရာက နွေရာသီမှာ ကော်ဖီဆိုင်တဲ့၊ ဆောင်းရာသီမှာ ရေခဲတွေဖြည့်ပြီး စကိတ်စီးကြတယ်။

စကိတ်စီးဖို့ ရေခဲပြင်ညှိနေတာကို စိတ်ရှည်လက်ရှည်နဲ့ အချမ်းခံပြီး စောင့်နေကြတဲ့လူတွေက ကွင်းပတ်လည်မှာ အပြည့်.....

မီးကြိုးလေးတွေနဲ့ အလှဆင်ထားတဲ့ အိန်ဂျယ်လ်ပုံတွေ၊ မီးအိမ်လေးတွေ ......

ခရစ္စမတ်သစ်ပင်တွေက စိမ်းလိုက်၊ နီလိုက်၊ ဝါလိုက်၊ ဖြူလိုက်

Manhattanမြို့မှာရှိတဲ့ နာမည်ကြီးနေရာ Time Square.. ဒီနေရာမှာ ပြဇာတ်ရုံတွေ၊ ရောင်စုံကြော်ငြာမီးရောင်တွေကို အများဆုံးတွေ့မြင်ရတယ်။ လူတွေ ကျပ်ညှပ်နေတာပဲ...

ကင်းကောင်ရုပ်ရှင်ထဲက ကင်းကောင်တက်ခဲ့တဲ့ Empire State အဆောက်အဦး... လူတက်ချင်ရင်တော့ ၂၁ဒေါ်လာ ပေးရမယ်တဲ့...

ဟိုနားက မီးမှိတ်တုတ်မှိတ်တုတ် ခရစ္စမတ်သစ်ပင်၊ ဒီနားက လင်းထိန်ထိန်ခရစ္စမတ်သစ်ပင်တွေ ပတ်ကြည့်ခဲ့ပြီးနောက် လူမထုံခဲသွားခင် ရထားစီးပြီး အိမ်ပြန်ခဲ့တော့တယ်။

နိုင်းနိုင်းစနေ


Share/Bookmark

Sunday, December 19, 2010

အိမ်ထောင်ရေး အသိပညာ


(၁) ယဉ်ယဉ်ကျေးကျေး ငြင်းခုံပါ (Melissa ---၃၁နှစ်)

မင်္ဂလာပွဲကို တက်ရောက်နိုင်၊ မတက်ရောက်နိုင်ဆိုတဲ့ အတည်ပြုဖိတ်စာ ဒီဇိုင်းရေးဆွဲချိန်မှာ ဖိတ်စာရဲ့တစ်နေရာမှာ နေရာလွတ်တစ်ခု ကျွန်မအထူးတလည်ချန်ခဲ့တယ်။ အဲဒီနေရာလွတ်မှာ ဧည့်ခံပွဲလာရောက်ကြမယ့် ဧည့်သည်တော်တွေကို သူတို့နှစ်သက်တဲ့ အိမ်ထောင်ရေးဆောင်ပုဒ်တွေ ရေးပေးဖို့ ကျွန်မတောင်းဆိုခဲ့တယ်။

အိမ်ထောင်သက်တမ်း (၉)လအကြာမှာ အဲဒီဆောင်ပုဒ်တွေထဲက ဆောင်ပုဒ်တစ်ခုရဲ့အဓိပ္ပာယ်ကို ကျွန်မနားလည်ခဲ့ရတယ်။ အဲဒီဆောင်ပုဒ်က--- "ငြင်းခုံပါ။ ဒါပေမယ့် လူကို မတိုက်ခိုက်ပါနဲ့"ဆိုတာဖြစ်တယ်။ တကယ်လို့ ကျွန်မနဲ့ခင်ပွန်းမှာ မတူညီတဲ့ ခြားနားချက်တွေရှိခဲ့ရင် အဲဒီခြားနားချက်ကိုပဲ ကျွန်မတို့အာရုံစိုက်တယ်။ နှစ်ဦးနှစ်ဖက် ကသိကအောက်ဖြစ်စေတာမျိုးကို ကျွန်မတို့ရှောင်ခဲ့တယ်။

(၂) နေရာလပ် အနုပညာ (Patricia ---၂၆နှစ်)

"အင်္ကျီ၊ ဦးထုပ်၊ အသုံးအဆောင်ပစ္စည်းတွေအတွက် ကိုယ်ပိုင်အခန်းလေး(Cloakroom) ထားပါ"တဲ့။ ကျွန်မရဲ့အကောင်းဆုံးသူငယ်ချင်းက ကျွန်မကို ပြောပါတယ်။ ဒါဟာ မဖြစ်နိုင်သလိုပါပဲ.. ဒါပေမယ့် သူ့အကြံအတိုင်း ဘီရိုနှစ်ခုပါတဲ့ အိမ်ခန်းတစ်ခန်း ကျွန်မရှာတွေ့ခဲ့တယ်။ (ပိုကြီးတဲ့ဘီရိုကို ကျွန်မသုံးပါတယ်)

အခုဆိုရင် ကျွန်မနဲ့ခင်ပွန်းမှာ ကိုယ်ပိုင်နေရာလပ်လေးတွေ ပိုင်ဆိုင်ထားကြတယ်။ ဘယ်သူကမှ ဘယ်သူ့နေရာကို မကျူးကျော်ဘူး။ တကယ်လို့ သူ့ဖိနပ်တွေ တောင်လိုပုံနေပါစေ။ ဒါမှမဟုတ် ဝတ်ပြီးသားအင်္ကျီတွေ သူလျှောက်ပစ်ထားပါစေ... ကျွန်မနည်းနည်းမှ စိတ်အနှောင့်အယှက် မဖြစ်တော့ဘူး။

(၃) ထမင်းစားပွဲ ကစားနည်း (Dorn--- ၃၄နှစ်)

အန်တီကပြောတယ်။ တကယ်လို့ ကျွန်မညစာချက်တဲ့အလှည့်မှာ အိမ်ပြန်နောက်ကျခဲ့ရင် ထမင်းစားပွဲကို အရင်ပြင်ဆင်ထားပါ။ ဒါမှခင်ပွန်းက ထမင်းဟင်း အဆင်သင့် ချက်ပြုတ်ထားတယ်လို့ ထင်ပြီး အပြစ်မတင်မှာဖြစ်တယ်။ ပြီးမှ ညစာကို ကျွန်မစိတ်ချမ်းချမ်းသာသာ ပြင်ဆင်နိုင်မှာဖြစ်တယ်။ ဒီကစားနည်းက ရယ်စရာကောင်းနေပါတယ်။ ဒါပေမယ့် အိမ်ထောင်သက်(၃)နှစ်မှာ ကျွန်မအကြိမ်များစွာ စမ်းသပ်ခဲ့ဖူးပါတယ်။ တော်တော်လေး အသုံးဝင်ပါတယ်။

(၄) တီဗီ အသိပညာ (Angela---၂၇နှစ်)

ကျွန်မခင်ပွန်းက ရီမွန်ကွန်ထရို ထိန်းချုပ်တာကို အင်မတန်ကြိုက်သူဖြစ်တယ်။ ရီမွန်ကွန်ထရိုကို တစ်ယောက်တစ်လှည့် ထိန်းချုပ်ဖို့ မေမေက အကြံပေးပါတယ်။ ဒီညမှာ ကျွန်မအလှည့်ဆိုရင် ကြိုက်တဲ့တီဗီလိုင်းတွေ ကျွန်မကြည့်တယ်။ မနက်ဖြန်ညမှာ သူ့အလှည့်ပေးတယ်။ အဲဒီလိုပဲ သူ့အလှည့်မှာ သူကြိုက်တဲ့လိုင်းတွေ သူဘယ်လောက်ပြောင်းပြောင်း အရင်ကလို ကျွန်မ ခေါင်းမကိုက်တော့ဘူး။

(၅) စိတ်တူကိုယ်တူ (Amy--- ၂၇နှစ်)

အဘွားကကျွန်မကို ဂေါ့ဖ်ရိုက်သင်ဖို့ တိုက်တွန်းတယ်။

"သမီးယောက်ျားက ဂေါ့ဖ်ရိုက်တာကြိုက်ရင် သမီးလည်းလိုက်သွား.. အချိန်တွေကို သူနဲ့အတူကုန်ဆုံးပါ"

အဲဒီလိုနဲ့ ဂေါ့ဖ်ရိုက်သင်တန်းကို ကျွန်မတက်ဖြစ်တယ်။ အခုဆိုရင် ကျွန်မနဲ့ခင်ပွန်း တစ်လတစ်ခါ ဂေါ့ဖ်ရိုက်တယ်။ ဒီအားကစားကို ကျွန်မတို့နှစ်ယောက်လုံး နှစ်သက်ကြတယ်။ ကျွန်မရိုက်လိုက်တဲ့ ဘောလုံးကိုတွေ့အောင်ရှာဖို့ နာရီဝက်အချိန်ပေးရလည်း စိတ်တူကိုယ်တူတဲ့ ခံစားချက်က လူကို တကယ့်ကြည်နူးစေပါတယ်။

(၆) တည့်တည့်ဖြောင့်ဖြောင့် (Claire---၂၇နှစ်)

ခင်ပွန်းရဲ့အစ်မက ကျွန်မကို အကြံတစ်ခုပေးတယ်။ အဲဒီအကြံက ကျွန်မရဲ့အိမ်ထောင်သက် (၅)နှစ်လုံးကို အကျိုးပြုခဲ့တယ်။

"အိမ်ထောင်ရေးကို ထင်မြင်ချက်၊ ခန့်မှန်းချက်တွေပေးလို့ မရဘူး။ မေးစရာရှိရင် ကိုယ့်အိမ်ထောင်ဖက်ကို တိုက်ရိုက်မေးပါ။ ပြီးရင် သူပြောတာကို ယုံကြည်ပါ"

(၇) အပြစ်မရှာနဲ့ (Rebecca ---၃၁နှစ်)

မင်္ဂလာမဆောင်ခင် မေမေက ကျွန်မကို စာရွက်တစ်ရွက်ယူခိုင်းပြီး ကျွန်မလက်ထပ်ရမယ့်သူအပေါ် ကျွန်မ မကြိုက်တဲ့ အချက်သုံးချက်ကို အရေးခိုင်းတယ်။ ပြီးတော့ အဲဒီသုံးချက်ကို မေ့လိုက်ဖို့ပြောတယ်။ သူ့ရဲ့ချွတ်ယွင်းချက်ကို ခွင့်လွတ်နားလည်ပေးဖို့ ပြောတယ်။

"ဒီလူနဲ့ အသက်ထက်ဆုံးထိ အတူနေသွားမယ်လို့ ဆုံးဖြတ်ပြီးရင် အသေးအဖွဲ့ကိစ္စတွေနဲ့ သမီးတို့ရဲ့လမ်းကို မပိတ်မိစေနဲ့"

အိမ်ထောင်သက်(၈)နှစ်မှာ ကလေးနှစ်ယောက်အပြင် စီးပွားရေးလုပ်ငန်းနှစ်ခုနဲ့ ကျွန်မတို့ အရာရာအားလုံး အဆင်ပြေနေခဲ့တယ်။

(၈) ခြားနားတဲ့အမြင် (Bessie --- ၂၈နှစ်)

မင်္ဂလာမဆောင်ခင် ကျွန်မရဲ့သင်းအုပ်ဆရာက ကျွန်မနဲ့ခင်ပွန်းကို ပြောပါတယ်။

"ချွတ်ယွင်းချက်ရှိတဲ့ မင်းတို့နှစ်ယောက်က မပြည့်စုံတဲ့အိမ်ထောင်တစ်ခုကို ထူထောင်တော့မယ်။ ဒါဟာ သိပ်ကောင်းတယ်"

ဒီအပြောက ကျွန်မရဲ့အတွေးကို ပြောင်းလဲစေခဲ့ပါတယ်။ အရင်က လင်မယားဆိုရင် ဘာမဆို အမြင်တူသင့်တယ်လို့ ကျွန်မထင်ခဲ့တယ်။ အခုဆိုရင် ကျွန်မတို့နှစ်ယောက် တစ်ယောက်ရဲ့ခြားနားတဲ့အမြင်ကို တစ်ယောက်လက်ခံတတ်ဖို့ သင်ယူနိုင်ခဲ့တယ်။ တကယ်တော့ မတူတဲ့အမြင်တွေရှိနေခြင်းက ကျွန်မတို့ရဲ့ အတွေး၊ အမြင်ကို ပိုပြီးထူးစေခဲ့ပါတယ်။

(၉) လှောင်ပြောင်သရော်တဲ့ အိမ်ထောင်ရေး (Lisa---၃၁နှစ်)

မင်္ဂလာမဆောင်ခင်မှာ မွေးစားဖေဖေက ကျွန်မကို လှောင်ပြောင်သရော်တတ်ဖို့၊ ကိုယ့်ကိုကိုယ် သိပ်မလေးနက်ဖို့ ပြောတယ်။ အိမ်ထောင်သက်(၄)နှစ်မှာ ဒီစကားဟာ ရွှေထက်တန်ဖိုးရှိမှန်း ကျွန်မသိလိုက်တယ်။ ကျွန်မနဲ့ခင်ပွန်း မကြာခဏဆိုသလို အချင်းချင်း လှောင်ပြောင်ကြတယ်။ ရန်ဖြစ်နေတဲ့အချိန်မှာတောင် တစ်ဘက်သားရယ်မောဖို့ သရော်ကြတယ်။ တကယ်လို့ တစ်ယောက်ယောက်က အသံထွက်ရယ်ပြီဆိုရင် ဒီရန်ပွဲ ဆက်ဖြစ်နိုင်ပါဦးမလား?

http://www.5719.cn/Html/xinling/hunyinzhongdezhihui-6.html

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

အမြန်စာ


အချိန်ရှားပါးသူတွေအတွက် ကျွန်မကြိုက်တဲ့ မြန်မြန်ဆန်ဆန် ဟင်းချက်နည်းကို မျှဝေလိုက်ပါတယ် :D

မိစောဟင်းရည်အတွက် လိုအပ်တဲ့ပစ္စည်း-- မိစော(miso)၊ ထိုဟူးဖြူ၊ ရေညှိ၊ ကြက်သွန်မြိတ်

လိုအပ်သလောက် ရေထည့်ပြီး ရေဆူလာရင် မိစောထည့်၊ ထိုဟူးဖြူထည့်၊ ပြီးရင် ရေညှိထည့်၊ မီးပိတ်၊ ကြက်သွန်မြိတ်ထည့် (ပဲပင်ပေါက်ရှိရင် ပဲပင်ပေါက်ထည့်လဲရတယ်။ မိစောက ငန်ပြီးသားဖြစ်တဲ့အတွက် ဆားကိုမြည်းကြည့်ပြီးမှ ထည့်ပါ။ မိစောနည်းရင် ဟင်းရည်ကျဲပြီး သောက်လိုသိပ်မကောင်းပါ။ ဒါကြောင့် မိစောနည်းနည်း ပိုထည့်ပေးပါ။)


မုန်ညင်းဟင်းရည်အတွက် လိုအပ်တဲ့ပစ္စည်း-- အသား၊ ထိုဟူးဖြူ၊ ဂျင်း၊ မုန်ညင်း

လိုအပ်သလောက် ရေထည့်ပြီး ရေဆူရင် အသားလုံးထည့်၊ ဂျင်းထည့်၊ ထိုဟူးဖြူထည့်၊ ဆားထည့်၊ မုန်ညင်းထည့်ပြီး ဆူလာတာနဲ့ အိုးချနိုင်ပါပြီ။ (မုန်ညင်းနူးလွန်းရင် စားမကောင်းပါ)


ကန်စွန်းဥကြော်-- ကန်စွန်းဥကို အခွံခွာပြီး ဆီနဲ့ကြော်ပါ။ ဝါလာရင် ပန်းကန်ထဲထည့်ပြီး ဆားနည်းနည်းလေး ဖြူးပါ။ ချိုစိမ့်စိမ့် ကန်စွန်းဥကြော်ကို ရပါတယ်။

ငရုတ်သီးပွကြော်-- ကျွန်မကြိုက်တဲ့ အသီးတွေထဲမှာ ငရုတ်သီးလည်း ပါပါတယ်း) ငရုတ်သီးအပွက သိပ်မစပ်တာကြောင့် ခုလိုကြော်စားလို့ရပါတယ်။ ငရုတ်သီးကို ဆီနဲ့ကြော်ပါ။ ရလာရင် အခွံခွာပြီး ငံပြာရည်နဲ့ တို့စားနိုင်ပါတယ်။ အစိမ်းစားတာထက် ခုလိုကြော်စားတာက ပိုမွှေးပါတယ်။ (ငရုတ်သီးကို မကြော်ခင် အပေါက်ဖောက်ပါ။ ဆီစင်တတ်လို့ပါ)

မနက်စာတိုင်း ကော်ဖီ... ပေါင်မုန့်၊ ပေါင်မုန့်.. ကော်ဖီပဲစားလို့ ရိုးအီနေရင် ခုလိုခေါက်ဆွဲသုပ်လေး လုပ်စားနိုင်ပါတယ်။

ခေါက်ဆွဲအတွက် လိုအပ်တဲ့ပစ္စည်း-- ကြက်သွန်နီ၊ အသားတောက်တောက်စင်း၊ ခရမ်းချဉ်သီး၊ နံနံပင်

ကြက်သွန်နီကို သေးသေးလှီးပြီး မွှေးလာတဲ့ထိကြော်ပါ။ ပြီးရင် အသားထည့်ပါ၊ အရောင်ပြောင်းလာရင် ခရမ်းချဉ်သီးထည့်ပါ။ ဆားထည့်ပါ။ ခရမ်းချဉ်သီးတွေ ရေခြောက်သွား၊ ပြဲသွားတဲ့ထိကြော်ပြီးရင် ရပါပြီ။ (ခရမ်းချဉ်သီးကို ဒီအတိုင်းထည့်မကြော်ဘဲ၊ အရင်ပြုပ်ပြီး ကြော်ရင် ပိုအနူးမြန်ပါတယ်)

ရှမ်းခေါက်ဆွဲကို မစားခင်နာရီဝက်မှာ ရေစိမ်ထားပါ။ ပြီးရင် ရေနွေးတည်ပြီး ရေနွေးဖျောပါ။ ထည့်စားမယ့် ပန်းကန်ထဲ ဆယ်ထည့်ပါ။ ခုနားကကြော်ထားတဲ့ အစာပလာကို ခေါက်ဆွဲပေါ်တင်ပါ။ နံနံပင်ဖြူးပါ။ အချဉ်ကြိုက်ရင် သံပရာသီးညှစ်ပါ။ ဆားမလောက်ရင် ငံပြာရည်ထည့်ပါ။ (ခေါက်ဆွဲအတွက် အစာပလာကို ၂ရက် ၃ရက်စာ ပိုချက်ထားလို့ရပါတယ်း)

အချိန်တွေရှားပါးတဲ့အခါ၊ အလုပ်က ပင်ပန်းလာတဲ့အခါ၊ ဗိုက်မဆာလည်း မီးဖိုချောင်တာဝန်ကို ကျေကျေပွန်ပွန် ထမ်းဆောင်ရတဲ့အခါ ဒီလို မြန်မြန်ဆန်ဆန်ဟင်းတွေ ချက်ဖြစ်ပါတယ်။ :D

နိုင်းနိုင်းစနေ


Share/Bookmark

Saturday, December 18, 2010

အနှောင့်အယှက်ကို အပြုံးတစ်ပွင့်ပေးပါ


မနေ့ကရဲ့အဖြစ်အပျက်တွေကို ထမ်းပိုးရင်း၊ ခုနှစ်တွေကို နင်းဖြတ်လျှောက်ရင်း အရပ်ရှစ်မျက်နှာမှာ ကျွန်တော်တို့ ကျင်လည်ကျက်စားခဲ့ကြတယ်။ ကွေ့ကွေ့ကောက်ကောက် လမ်းပေါ်မှာ မိုးသက်လေပြင်းဒဏ်ကြောင့် အခက်အခဲတွေနဲ့ ကြုံခဲ့ရတယ်။ မညီမညာလမ်းပေါ်မှာ ခလုတ်ဆူးညှောင့် ထိခဲ့ရတယ်။ ဘဝက ဒီလိုပါပဲ.... နေရာတိုင်းမှာ စိန်ခေါ်မှုတွေ၊ စမ်းသပ်မှုတွေနဲ့ ပြည့်နေခဲ့တယ်။ တချို့စိန်ခေါ်၊ စမ်းသပ်မှုတွေက ကျွန်တော်တို့အတွက် ဖြေရှင်းကခက်တဲ့ နာကျင်မှုတွေဖြစ်ခဲ့တယ်၊ မရေမတွက်နိုင်တဲ့ အတားအဆီးတွေဖြစ်ခဲ့တယ်။

ပျော်ရွှင်တဲ့ဘဝမှာတောင်မှ နာကျင်မှုက ရှိတတ်သေးတယ်။ တချို့က ဘဝရဲ့အနှောင့်အယှက်၊ အတားအဆီးတွေကို တည့်တည့်ရင်ဆိုင်ဖြေရှင်းပြီး နာကျင်မှုကို လျော့ချတယ်။ တချို့က အတားအဆီးတွေကို ပုံကြီးချဲ့ပြီး နာကျင်မှုကို ကြီးထွားအောင်လုပ်ကြတယ်။ အနှောင့်အယှက်၊ အတားအဆီးအတွက် ကျွန်တော်တို့မှာ မတူတဲ့ဖြေရှင်းနည်းတွေကို ရွေးချယ်ပိုင်ခွင့်ရှိခဲ့ပါတယ်။ ဒါပေမယ့် အဲဒီအနှောင့်အယှက်၊ အတားအဆီးတွေကို အပြုံးတစ်ပွင့်ပေးလိုက်တာဟာ သူတို့ကို အသေထိုးသတ်လိုက်တာနဲ့ တူတူပဲဖြစ်တယ်။

အတားအဆီးကို အပြုံးတစ်ပွင့်ပေးလိုက်ပါ။ သူက ကျွန်တော်တို့ကို အောင်နိုင်ခြင်းစိတ်စွမ်းအားတွေ ပြန်ပေးလိမ့်မယ်။ ကျွန်တော်တို့ရဲ့ ရှေ့တိုးမယ့်ခြေထောက်ကို အတားအဆီးတချို့က အမြဲခလုတ်တိုက်စေပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့က ကျွန်တော်တို့ဘဝရဲ့ အရှင်သခင်ဖြစ်ရမယ်။ ဆူးညှောင့်ခလုတ်ရဲ့ရှေ့မှာ ကိုယ့်ကိုယ်ငြီးတွားပြီး လက်မြှောက်အရှုံးမပေးရဘူး။ အနှောင့်အယှက်နဲ့ကြုံသည့်တိုင် ပြုံးတတ်ဖို့သင်ကြားပြီး ကိုယ့်ကိုယ်အောင်နိုင်တတ်ရမယ်။

အတားအဆီးကို အပြုံးတစ်ပွင့်ပေးလိုက်ပါ။ သူက ကျွန်တော်တို့ရဲ့နာကျင်မှုကို ချက်ချင်း လျော့ချပေးပါလိမ့်မယ်။ နာကျင်မှုထဲမှာ ကာလကြာပိတ်နေတာဟာ လူကိုနစ်မွန်းစေပါတယ်။ အနှောင့်အယှက်ကြောင့်ဖြစ်လာတဲ့ နာကျင်မှုကို နေ့တိုင်းတွေးတောနေတာဟာ ရှေ့ဆက်ရမယ့်လှမ်းကို ပိုအနှောင့်အယှက်ဖြစ်စေပါတယ်။ အနှောင့်အယှက်ကို အပြုံးတစ်ပွင့်ပေးလိုက်တာက ကျွန်တော်တို့ကို အသစ်တစ်ဖန် ထူထူထောင်ထောင်ဖြစ်စေပါတယ်။ အနှောင့်အယှက်ရဲ့အရိပ်က ကင်းလွတ်စေပြီး ကြည်လင်တဲ့အနာဂတ်ကို ဦးတည်စေပါတယ်။

အီတလီစိတ်ပညာရှင် Giordano Brunoက Heliocentrism(နေသည် ဗဟိုဟုယူဆ)ကို ထောက်ခံခဲ့လို့ မီးရှို့အသတ်ခံခဲ့ရတယ်။ မီးရှို့အသတ်ခံရသည့်တိုင် Brunoဟာ ကိုယ့်ယုံကြည်မှုကိုကြံ့ကြံ့ခံရင်း အပြုံးမပျက်ခဲ့ဘူး။

အဟန့်အတားကျောက်ဆောင်တွေရှိတဲ့ မြစ်ချောင်းတွေမှ ရေစီးသံ တသွင်သွင်ရှိတယ်။
ဆောင်းဦးနှင်းတွေရဲ့ အရိုက်ခတ်ကြောင့် မေပယ်လ်ရွက်တွေ နီမြန်းလှပတာဖြစ်တယ်။
အခက်အခဲ၊ အတားအဆီးအမျိုးအမျိုးရှိမှ လူ့ဘဝရဲ့ လှုပ်ရှားမှုတွေက ပိုမြင့်မြတ်တာဖြစ်တယ်။


အမေရိကန် စိတ်ပညာရှင်တွေက "အပြုံးဟာ နာကျင်မှုအားလုံးကိုကျော်လွန်အောင် အင်အားဖြစ်စေသလို လူ့ဘဝကိုလည်း ပြောင်းလဲနိုင်စွမ်းရှိတယ်"လို့ ဆိုခဲ့တယ်။

မှန်ပါတယ်... လူတိုင်း အတားအဆီး၊ အနှောင့်အယှက်နဲ့ ကြုံနိုင်ပါတယ်။ ဒါပေမယ့် ပြုံးတဲ့သူကမှ အဲဒီအတားအဆီးကို မြင့်မြတ်တဲ့ကဗျာတစ်ပုဒ်ဖြစ်အောင် ဖန်တီးနိုင်တယ်။ စိတ်ဓာတ်ရဲ့မီးအိမ်တစ်လုံးအဖြစ် ရှေ့ဆက်မယ့်လှမ်းကို အလင်းပြနိုင်တယ်။ ဘဝရဲ့ဆူးညှောင့်ခလုတ်ကို အပေါ်သို့တက်လှမ်းတဲ့ လှေကားထစ်အဖြစ် ပြောင်းလဲနိုင်ပါတယ်။

အတားအဆီး၊ အနှောင့်အယှက်နဲ့ ရင်ဆိုင်ရတဲ့အခါ နာကျင်မှုကို ကြီးထွားအောင်လုပ်ခဲ့ရင် ဘဝဟာ မွဲခြောက်ပြီး အရောင်မဲ့နေပါလိမ့်မယ်။

အနှောင့်အယှက်နဲ့ကြုံတဲ့အခါ နာကျင်မှုကို အပြုံးနဲ့အစားထိုးပြီး ရင်ဆိုင်ပါ။
နစ်မွန်းမှုကို ရှေ့ဆက်မယ့်ခြေလှမ်းနဲ့ ဦးဆောင်ပါ။
လဲကျတာကို ထူထောင်တာနဲ့ အစားထိုးပါ။
အနှောင့်အယှက် တစ်ခါကြုံရတာနဲ့ လှပတဲ့လူ့ဘဝကို လက်လွှတ်ဖို့ မစဉ်းစားပါနဲ့။ အတားအဆီးကို အပြုံးနဲ့ရင်ဆိုင်တာဟာ ကျွန်တော်တို့ကို လေပြေလေညင်းလေး ခံစားစေသလို
လှပတဲ့မနက်ဖြန်တိုင်းကို အောင်မြင်မှု၊ ပျော်ရွှင်မှုတွေနဲ့ ကြုံတွေ့စေပါတယ်။

စိတ်ညစ်နေလား ကိုယ့်ကိုယ် အပြုံးတစ်ပွင့်ပေးပါ။
စိတ်ဓာတ်ကျနေလား ကိုယ့်ကိုယ်ကိုအပြုံးတစ်ပွင့်ပေးပါ။
အသဲကွဲနေလား ကိုယ့်ကိုယ်ကိုအပြုံးတစ်ပွင့်ပေးပါ။
ဘယ်လိုအချိန်မှာပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုအပြုံးတစ်ပွင့်ပေးပါ။
အပြုံးဆိုတာ လူတိုင်းနားလည်တဲ့ ဘာသာစကားဖြစ်တယ်။

http://www.5719.cn/Html/xinling/geicuozheyigeweixiao-27.html

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Friday, December 17, 2010

ကျွန်မ မျက်နှာများပါသည်


ကျွန်မမျက်နှာများပါတယ်။ မျက်နှာများရတဲ့အကြောင်းက ဒီိလိုပါ...

Face Bookတွေ ခေတ်စားတဲ့အချိန် မနှစ်ကပေါ့။ သူငယ်ချင်းတချို့ရဲ့ အဆွယ်ကောင်းမှုကြောင့် (မိုးလှိုင်ညလေ.. ဘာလုပ်နေလဲ မေးလိုက်တိုင်း Face Bookမှာ လယ်စိုက်နေတယ်၊ ပျိုးနုတ်နေတယ်၊ ကောင်မလေးတွေ ငမ်းနေတယ်ဆိုတာချည်းပဲ။ ပြီးတော့ သူမော်ဒယ်လ် လုပ်ခဲ့တုန်းက ပုံတွေကြွားထားတော့) Face Bookကို ကျွန်မလည်း ရောက်သွားခဲ့တယ်။ Face Bookမှာ ကိုယ့်နာမည်နိုင်းနိုင်းစနေနဲ့ ရီဂျစ်စတာလုပ်ပြီး၊ (လှတယ်လို့ထင်ရတဲ့) ကိုယ့်ဓာတ်ပုံလေးတွေ တင်ပြီးချိန်မှာ နယူးယောက်က သူငယ်ချင်းတစ်ယောက်ရဲ့ အီးမေးလ်ကို လက်ခံရရှိခဲ့ပါတယ်။

အီးမေးလ်ထဲမှာ သူက NineNine@နိုင်းနိုင်းစနေဆိုပြီး Face Bookမှာ Fun Clubလုပ်ထားတဲ့အကြောင်း၊ အဲဒီသူလုပ်ထားတာကို ကျွန်မအတွက် လက်ဆောင်ပေးပါတယ်ဆိုတဲ့ အကြောင်းတွေ ရေးထားတယ်။
Fun Culbဖွဲ့ရလောက်တဲ့ထိ ကျွန်မက ဘာမှမဟုတ်လေတော့ Fun Clubဆိုတာကို ကျွန်မနည်းနည်းရှက်မိပါတယ်။ လုပ်ပေးတဲ့ သူ့ကိုလည်း အားနာပါတယ်။ အဲဒီလိုနဲ့ လုပ်ထားတဲ့ကိုယ်ပိုင်Face Bookကို ကျွန်မDeletedပစ်လိုက်တယ်။ ဒါပေမယ့် Face Bookက လုံးဝDeleted အလုပ်မခံပါဘူးတဲ့... သူ့ဆီမှာ ရီဂျစ်စတာလုပ်ခဲ့သူတိုင်းကို သံယောဇဉ်ကြီးရှာပုံရတယ်။ ဒါပေမယ့်လည်း လချီကြာတဲ့အထိ FBကို ကျွန်မ မသုံးဖြစ်ခဲ့တော့ပါဘူး။

အဲဒီလိုနဲ့ စင်ကာပူက နာမည်ကြီးဓာတ်ပုံဆရာကိုဖြိုး မြန်မာပြည်ကို အလည်လာတော့ သူနဲ့ အပျော်ဓာတ်ပုံရိုက်ဖြစ်ခဲ့တယ်။ (ဓာတ်ပုံဆရာ ကိုသက်ထူးကိုမိုးဆွေတို့လည်းပါတယ်) အဲဒီမှာ FB သုံး၊ မသုံးတဲ့အကြောင်း ပြောဖြစ်ကြတယ်။ FBက ဘလော့ထက် သုံးလို့ကောင်းတဲ့အကြောင်း၊ အချင်းချင်း ပေးပို့ချင်တဲ့မက်ဆေ့တွေ၊ အပြန်အလှန် ဖလှယ်တာတွေ မြန်မြန်ဆန်ဆန် ရောက်ကြောင်း၊ သိနိုင်ကြောင်းတွေ ပြောကြတယ်။ အမှန်လည်း FBမှာ သူငယ်ချင်းတွေရှာရ၊ ဆက်သွယ်ရတာ ပိုလွယ်ကူ မြန်ဆန်တာတွေ့ခဲ့ပါတယ်။ မြန်မာပြည်တွင်းကလည်း တိုက်ရိုက်ဝင်နိုင်တာကြောင့် ဟိုးအရင် စတိတ်ကျောင်းက သူငယ်ချင်းတွေနဲ့လည်း ပြန်ဆုံခဲ့ရတယ်။ FBမှာ ဂိမ်းတွေလည်း ကစားလို့ရသလို၊ Noteလေးတွေလည်း ရေးလို့ရတယ်။ FBက ကြိုက်တာအကုန်လုပ်လို့ရပါတယ်။ ဘလော့မှာထက် တုံ့ပြန်မှုတွေ၊ ဖော်ရွေမှုတွေကို FBမှာ ပိုရပါတယ်။ ဒါကြောင့်လည်း တချို့ဘလော့ဂါတွေက ဘလော့ကိုပစ်ပြီး FBထဲ လုံးလုံးရောက်သွားတဲ့အထိပါပဲ။

အစ်မခင်မင်းဇော်က " FBထဲမှာ ဘလော့ထဲကလူတွေလဲ ရှိတယ်မဟုတ်လား နိုင်းနိုင်း ။ အမတို့လဲ ဘလော့မှာ ကောမန့်တွေနဲ့ မရင်းနှီးခဲ့ပေမဲ့ FBမှာကျတော့ သူငယ်ချင်းဖြစ်လို့လေ။ အဲဒီအားသာချက်ကြောင့် FBမှာ အမြဲရှိနေတာ အမတို့ပေါ့"လို့ဆိုတယ်။

ကမ္ဘာမှာ FBသုံးသူပေါင်း ဘယ်လောက်ရှိမှန်း ကျွန်မ မသိပါဘူး။ FB တည်ထောင်သူ Mark Zuckerberg ၂၆နှစ်ကတော့ the latest billionaires ဖြစ်သွားခဲ့ပါပြီ။ သူပိုင်ဆိုင်တာကို လှူဒါန်းဖို့လည်း ကတိပြုထားတဲ့အကြောင်း BBCသတင်းမှာ ဖတ်လိုက်ရပါတယ်။

ဘာပဲဖြစ်ဖြစ် ကျွန်မပြောချင်တာက ကျွန်မ မျက်နှာများတဲ့အကြောင်းပါ။ FBကို ကြော်ငြာဖို့ မဟုတ်ပါဘူး။ အခုဆိုရင် Face Bookတစ်ခုပဲရှိတဲ့လူထက် ကျွန်မမှာ ကိုယ်တိုင်လုပ်ထားတဲ့FBရယ်၊ သူငယ်ချင်းလက်ဆောင်ပေးထားတဲ့ FBရယ်ဆိုပြီး Face Book နှစ်ခုရှိနေပါတယ်။ မျက်နှာနှစ်ခုပေါ့။ မြန်မာလိုပြောရရင် မျက်နှာများတာပေါ့လေ။

မက်ဆေ့လေးပို့ပို့ပြီး မနိုင်းနိုင်းစနေမှာ Face Bookအကောင့် နှစ်ခုရှိတယ်လားလို့ မေးကြတာကို ပြန်ဖြေရင်း ကျွန်မ မျက်နှာများတဲ့အကြောင်းကို အကျယ်ချဲ့ပြောကြားလိုက်ရပါတယ်။ :D

နိုင်းနိုင်းစနေ


Share/Bookmark

Thursday, December 16, 2010

အော့.. အော့....


လူတစ်ယောက်ရဲ့ကိုယ်အမူအရာ၊ နှုတ်အမူအရာတွေဟာ ကြီးပြင်းရာပတ်ဝန်းကျင်၊ နေရာဒေသနဲ့လိုက်ပြီး ပြောင်းလဲတတ်ပါတယ်။ တစ်ခါတလေမှာ ကိုယ်ပြုမူလိုက်တဲ့ အမူအရာ၊ အပြောအဆိုတချို့က တခြားသူတစ်ယောက်ရဲ့ အမြင်မှာ ရိုင်းနေတာမျိုး၊ ကြားရ နားကန့်လန့်ဖြစ်တာမျိုးတွေ ရှိတတ်ကြတယ်။

ကျွန်မတို့က ငယ်ငယ်လေးတည်းက ထမင်းစားရင် ပန်းကန်လုံးနဲ့တူပဲ သုံးကြပါတယ်။ ဒီနေရာမှာ ကျွန်မတို့ရဲ့ ထမင်းဝိုင်းစည်းကမ်းလေးကို နည်းနည်းပြောချင်ပါတယ်။ ကျွန်မတို့ ထမင်းစားတဲ့အချိန်မှာ ပန်းကန်လုံးကို လက်မှာကိုင်ပြီး စားရပါတယ်။ စားပွဲခုံပေါ်တင်ပြီး တူနဲ့ကော်စားလို့ မရပါဘူး။ ကိုင်ရင်လဲ လက်ဖဝါးနဲ့ ပန်းကန်လုံးတစ်ခုလုံးကို ဆုပ်ကိုင်ထားလို့မရပါဘူး။ ပန်းကန်လုံး နှုတ်ခမ်းဝလေးနား လက်မကိုတင် ကျန်လက်တွေကို ပန်းကန်လုံးအောက်ခြေမှာထားပြီး ကိုင်ရပါတယ်။

ထမင်းစားတူကို ထမင်းမစားခင်/စားပြီးချိန်မှာ ထမင်းပန်းကန်ဘေး ယှဉ်ချထားရပါတယ်။ ထမင်းပန်းကန်လုံးပေါ် ကန့်လန့်ဖြတ်တင်ထားတာ၊ ထမင်းထဲ အထောင်လိုက် စိုက်ထားတာမျိုး မလုပ်ရပါဘူး။ ပန်းကန်လုံးပေါ် ကန့်လန့်ဖြတ်တင်တာက ကန်တော့ပွဲပေးချိန်မှ လုပ်တယ်လို့ လူကြီးသူမတွေက ဆိုပါတယ်။ တူသုံးပြီး ဟင်းညှပ်တဲ့အချိန်မှာလည်း ကိုယ့်ရှေ့ဘက်မူရာ ဟင်းပန်းကန်ထဲက ဟင်းကိုပဲညှပ်ရပါတယ်။ တခြားလူရှေ့မူတဲ့ဘက်ကို ညှပ်တာတို့၊ ဟင်းခွက်ကို တူနဲ့ဟိုမွှေဒီမွှေလုပ်တာတို့ မလုပ်ရပါဘူး။ နောက်ပြီး ဟင်းရည်ထဲက ဟင်းဖပ်ကို တူနဲ့လုံးဝမညှပ်ရပါဘူး။ ဇွန်းနဲ့ပဲ ခပ်ရပါတယ်။ ထမင်းစားချိန်မှာ တူကို အသံမြည်အောင် စုပ်တာတွေ မလုပ်ရပါဘူး။ ဒါကတော့ ဘယ်ဘိုးဘေဘီဘင်တုန်းက သတ်မှတ်ခဲ့မှန်းမသိတဲ့ ကျွန်မတို့အိမ်ရဲ့ ထမင်းဝိုင်းစည်းကမ်းလေးပါ။


ကျွန်မတို့ ငယ်ငယ်လေးတည်းက ထမင်းစားတိုင်း မိဘ၊ အဒေါ်တွေဆီက ကြားခဲ့ရတဲ့စည်းကမ်းမို့ စိတ်ထဲစွဲစွဲမြဲမြဲရှိခဲ့ပါတယ်။ အိမ်မှာ ထမင်းစားရင် ပန်းကန်လုံး၊ တူ မသုံးသူတွေကတော့ သိလိမ့်မှာမဟုတ်ပါဘူး။ အဲဒီလိုပဲ ဇွန်းခက်ရင်းရဲ့ ကိုင်ပုံကိုင်နည်း စားပုံစားနည်းကိုလည်း ကျွန်မတို့ အကျွမ်းတဝင်မရှိခဲ့ပါဘူး။

တစ်ခါက အဒေါ်အိမ်တစ်အိမ်ကို ရောက်တော့ စကားစပ်မိရင်း အဒေါ့်ယောင်းမရဲ့ယောက်ျားအကြောင်းကို ပြောဖြစ်ပါတယ်။ အဲဒီယောင်းမရဲ့ယောက်ျား ထမင်းစားချိန် ပန်းကန်လုံးကို လက်မှာမကိုင်ဘဲ စားပွဲခုံပေါ်မှာတင် ခါးကုန်းပြီး ပါးစပ်တည့်စားတဲ့အကြောင်း အဒေါ်က အားရပါးရပြောပြပါတယ်။ (အဲဒီအဒေါ်အိမ်မှာလည်း ပန်းကန်လုံးနဲ့တူပဲ သုံးပါတယ်) ဆရာဝန်တစ်ဦးဖြစ်ပြီး ထမင်းထည့်ပန်းကန်လုံးကို လက်နဲ့ကိုင်ရမှန်းမသိ၊ ခွေးလိုစားတယ်လို့ ရွဲ့ရွဲ့စောင်းစောင်း အဒေါ်ကပြောပါတယ်။( အဒေါ်က သူများအကြောင်းပြောတာ ဝါသနာပါသူပါ။) အဒေါ့်စကားကြားတော့ အဒေါ်နောက်ရောယောင်ပြီး ကျွန်မရယ်ခဲ့မိပါတယ်။

ပန်းကန်လုံးပဲ သုံးခဲ့တဲ့ကျွန်မတို့မှာ ဇွန်း၊ ခက်ရင်းကို ကောင်းကောင်းမကိုင်တတ်ပါဘူး။ ဇွန်း၊ ခက်ရင်းကို စားသောက်ဆိုင်တချို့နဲ့ အသိမိတ်ဆွေတွေ ထမင်းစားဖိတ်ချိန်မှာသာ သုံးဖြစ်ပါတယ်။ ဇွန်းခက်ရင်း ချထားပေးရက်နဲ့ တစ်ခါတလေမှာ ဇွန်းပဲသုံးပြီး ခက်ရင်းမသုံးမိချိန်လည်း ရှိပါတယ်။ ဒီနေရာမှာ ကျွန်မရဲ့ပန်းကန်လုံးနဲ့ ထမင်းစားတဲ့အကျင့်က ပေါ်လာတတ်ပါတယ်။ အဲဒါကတော့ စားနေရင်း ပန်းကန်ပြားကို လက်နဲ့မ,မပြီး စားတတ်တာကိုပါ။ ထမင်းဝိုင်းမှာရှိတဲ့လူတွေက ပန်းကန်ပြားကို စားပွဲပေါ်တင်ပြီး ဇွန်းခက်ရင်းနဲ့ အိနြေ္ဒရရ စားနေချိန်မှာ ကျွန်မက ပန်းကန်ပြားတမြှောက်မြှောက်နဲ့ပေါ့။ အဲဒီချိန်မျိုးမှာ အများဆုံးပြောခံရတာက "ဖြေးဖြေးစား.. မလောနဲ့ ဟင်းတွေ အများကြီးကျန်သေးတယ်"ဆိုတာပါပဲ။

လူတစ်ယောက်ရဲ့အပြုအမူ၊ အပြောအဆိုတချို့က ကြီးပြင်းကျင်လည်ရာနောက်လိုက်ပြီး ပြောင်းလဲကြပါတယ်။ အဒေါ်ပြောတဲ့ ပန်းကန်လုံးကို လက်နဲ့ကိုင်ရမှန်းမသိသူက ပုသိမ်သား ငယ်ငယ်လေးထဲက ဇွန်းခက်ရင်းနဲ့ပဲ အသုံးပြုခဲ့လို့ဖြစ်မယ်။ အဒေါ်သိတာတွေ သူသိခဲ့မှာ မဟုတ်သလို အဒေါ်ထင်သလိုလည်း သူထင်ခဲ့မှာ မဟုတ်ပါဘူး။ သူက သူလုပ်နေကျအတိုင်းပဲ ရိုးရိုးရှင်းရှင်း လုပ်လိုက်တာလေးပါပဲ။ ဒါဟာ တခြားလူအမြင်မှာ စိမ်းနေခဲ့တယ်။ ကျွန်မလည်း ကျွန်မအကျင့်ဖြစ်သလို ရိုးရိုးလေးလုပ်မိလိုက်တာပါပဲ။ ဒါဟာတခြားလူအမြင်မှာ လောပြီးစားတယ် ဖြစ်သွားတော့တယ်။

ကျွန်မတို့ရှမ်းပြည်က လူအများစုဟာ စကားပြောတဲ့အခါ "ဟုတ်ကဲ့"အစား "အော့.. အော့"လို့သုံးတတ်ကြတယ်။ ဟုတ်ကဲ့ကို အသုံးနည်းကြပါတယ်။ "အော့"ဆိုတာ "ဟုတ်ကဲ့"နဲ့ အတူတူပါပဲ။ ခုတလော တခြားလူနဲ့ ဖုန်းပြောဖြစ်တဲ့အခါ ဒါမှမဟုတ် အပြင်မှာ လူကြီးတစ်ယောက်ယောက်နဲ့ စကားပြောဖြစ်တဲ့အခါ အများအားဖြင့် နားထောင်သူကျွန်မက တအော့.. အော့ပါ။ ဒါကိုဘေးက ကြားမိသူက "လူကြီးနဲ့စကားပြောတာကို အော့.. အော့.. အော့နဲ့လုပ်နေတယ်။ မယဉ်ကျေးလိုက်တာ.. ဟုတ်ကဲ့.. ဟုတ်ကဲ့လို့ ပြောရတယ်"လို့ ဆိုပါတယ်။

နေရာဒေသနောက်လိုက်ပြီး ကွဲပြားတတ်တဲ့စကားတချို့က တခြားလူနားဝမှာ ရိုင်းနေခဲ့ပါတယ်။ ဘယ်နေရာရောက်ရင် ဘယ်လိုကျင့်၊ ဘယ်လိုပြော ဆိုပေမယ့် ငယ်ငယ်လေးတည်းက ပြောလာခဲ့တဲ့စကားကို တစ်ခါတလေမှာ သုံးမိခဲ့ပြီး ကျွန်မတ"အော့.. အော့" ဖြစ်နေခဲ့သေးရင် ကြားသူအများ နားဝမှာအဝင်မရိုင်းဘဲ ခွင့်လွတ်၊ နားလည်ပေးကြဖို့ ကြိုတင်တောင်းပန်ချင်ပါတယ်။

နိုင်းနိုင်းစနေ


Share/Bookmark