နေသာတဲ့ စနေနေ့ နေ့လယ်ခင်းတစ်ခုမှာ ကျွန်တော့်ရဲ့မိတ်ဆွေ Bobby Lewisတစ်ယောက် (သားနှစ်ယောက်အတွက် ဂုဏ်ယူဝင့်ကြွားတတ်တဲ့ ဖခင်တစ်ဦးပေါ့) သူ့သားနှစ်ယောက်နဲ့အတူ ဂေါ့ဖ်ကလပ်ကို ရောက်သွားခဲ့တယ်။ လက်မှတ်ရောင်းတဲ့နေရာကို Bobbyလျှောက်သွားပြီး ဆိုင်ဝန်ထမ်းကို မေးလိုက်တယ်။
"ဝင်ကြေး ဘယ်လောက်လဲ ခင်ဗျား?"
"အသက်(၆)နှစ်ပြည့်သူတိုင်း ကွင်းထဲဝင်ရင် ၃ဒေါ်လာပေးရပါမယ်။ အသက်(၆)နှစ်အောက်ကလေးဆိုရင် အခမဲ့ပါ။ မစ္စတာရဲ့ ဒီကလေးနှစ်ယောက်က အသက်ဘယ်လောက်ရှိပြီလဲ?" ဝန်ထမ်းလူငယ်က ပြန်ဖြေရင်း မေးလိုက်တယ်။
"ကျွန်တော့်အိမ်က နောင်တစ်ချိန် ရှေ့နေဖြစ်လာမယ့်သူရဲ့အသက်က(၃)နှစ်ပါ။ ကျွန်တော့်အိမ်က နောင်တစ်ချိန် ဆရာဝန်ဖြစ်လာမယ့်သူရဲ့ အသက်က(၇)နှစ်ပါ။ ဒါကြောင့် ကျွန်တော်တို့ ဝင်ကြေး(၆)ဒေါ်လာ ပေးရပါမယ်" Bobby Lewis က ပြောပါတယ်။
အဲဒီမှာ ဝန်ထမ်းလူငယ်က အံ့သြဟန်နဲ့ "ဟာ.. မစ္စတာ ခင်ဗျား လောလောလတ်လတ် ထီပေါက်ထားသလားဗျ! ခင်ဗျားရဲ့သားအကြီးကို ၆နှစ်လို့ ခင်ဗျားပြောလိုက်ရင် ခင်ဗျား ၃ဒေါ်လာသက်သာသွားမှာပေါ့။ သူ့ပုံစံက အသက်၆နှစ်နဲ့ သိပ်တောင်မကွာဘူးဗျာ" လို့ ပြောလိုက်တယ်။
ဒါကို Bobby က ဒီလိုပြန်ပြောလိုက်ပါတယ်။
"ဟုတ်တယ်.. ခင်ဗျားအမြင်မှာ သိပ်မကွာဘူးဆိုပေမယ့် ကျွန်တော့်သားနှစ်ယောက်က သူတို့အသက်ကို သူတို့သိတယ်။ ဖခင်တစ်ဦးအနေနဲ့ သူတို့ကို ငယ်ရွယ်ချိန်ကတည်း သူတစ်ပါးကို မလိမ်ညာတတ်ဖို့ သင်ပေးရမှာက ကျွန်တော့်ရဲ့တာဝန်ပါ"
နာမည်ကျော်စာရေးဆရာ Emersonပြောခဲ့တဲ့စကားအတိုင်း "ခင်ဗျား ဒီလောက်အသံကျယ်ကြီးနဲ့ ပြောနေရက်သားနဲ့ ဘာဖြစ်လို့ ခင်ဗျားပြောတာကို ကျွန်တော် မကြားတာပါလိမ့်!" ဆိုသလို အခုခေတ်မှာ ရိုးသားမှုက အရင်ခေတ်တွေထက် ပိုရှားပါးတန်ဖိုးရှိနေပါတယ်။ အလုပ်မှာပဲဖြစ်ဖြစ်၊ ဘဝမှာပဲဖြစ်ဖြစ် ရပ်သင့်တဲ့နေရာမှာ သင်ရပ်ပါ။ သူတစ်ပါးကို လိမ်ညာတယ်ဆိုတာထက် ကိုယ့်ကိုယ်ကိုလိမ်ညာခြင်းက အရှုံးတွေထဲက အရှုံးဆုံးဖြစ်ပါတယ်။
မူရင်း-- http://www.duwenzhang.com/wenzhang/shenghuosuibi/shenghuoganwu/20071017/1071.html
နိုင်းနိုင်းစနေ ဘာသာပြန်သည်။

5 comments:
ဒီပိုစ်လေးဖတ်ပြီး ညီမလေးတွေကို မရည်ရွယ်ပါပဲနဲ့ လိမ်ဖြစ်ခဲ့တာတွေ တွေးမိပြီး စိတ်မကောင်းဘူး သူတို့အမြင်မှာ ကိုယ့်ကို ဘယ်လိုမြင်သွားမလဲဆိုပြီး ခု တွေးနေမိပြီ :(
ဟုတ်တယ် အမရေ...
ငယ်စဉ်ကတည်းက လမ်းမှန်ကို သွန်သင်ပြသသင့်တယ်
ရိုးသားမှုက ဘ၀မှာ လိပ်ပြာလုံစေတယ်..။
အဲ..တစ်ထုတော့ ရှိတယ်. နောင်တချိန် ချာဝန်ဖြစ်မယ့်သူ ရှေ့နေဖြစ်မယ့်သူဆိုပြီး လူရှေ့ ပြောတာကတော့ ပေါကြွားကြီး ကြွားတာနဲ့ တူဘူးလားဟင်။ ၃ ဒေါ်လာဖိုး ရိုးသားပြပြီး ဒေါ်လာ ၃၀၀၀ ဖိုး ပြန်ကြွားသွားသလိုပဲ hee hee
သူတစ်ပါးကို လိမ်ညာတယ်ဆိုတာထက် ကိုယ့်ကိုယ်ကိုလိမ်ညာခြင်းက အရှုံးတွေထဲက အရှုံးဆုံးဖြစ်ပါတယ်။
KB
Post a Comment