Sunday, January 30, 2011

မစောင့်နဲ့


(၁) အချစ်ကိုလိုမှ ပေးဆပ်ရကောင်းမှန်းသိတဲ့ အချိန်ထိ မစောင့်နဲ့

ဘဝဆိုတာ ပြဇာတ်တစ်ပုဒ်နဲ့တူတယ်။ စောင့်စားခြင်းကြားကနေ အလှအပတွေနဲ့ လွဲချော်ခဲ့ရတယ်။ အဲဒီသီချင်းစာသားထဲကလိုပဲ ပျော်ရွှင်ခြင်းတွေ ကိုယ့်အနားရှိနေချိန် ပေးဆပ်သင့်ရင် ပေးဆပ်ပါ။ ကိုယ့်အပါးကနေ အဝေးကို ချစ်သူထွက်သွားမှ ပေးဆပ်ရကောင်းမှန်း သိတာမျိုး မဖြစ်စေနဲ့။ ဒါဟာ သင့်ကို နောင်တနဲ့ ပူဆွေးဝမ်းနည်းခြင်းတွေပဲ ရစေလိမ့်မယ်။

(၂)
အထီးကျန်မှ သူငယ်ချင်းတွေကို သတိရကောင်းမှန်းသိတဲ့ အချိန်ထိ မစောင့်နဲ့


သူငယ်ချင်းဆိုတာ ဘာလဲ? တကယ့်သူငယ်ချင်းဆိုတာ သင့်ကို ဘယ်တော့မှ ပစ်မထားတတ်သူဖြစ်တယ်။ လောကမှာ စိတ်တူကိုယ်တူတဲ့ သူငယ်ချင်းတွေနဲ့ တွေ့ဆုံနိုင်ဖို့ရာ ခဲယှဉ်းတယ်။ အထီးကျန်ချိန်၊ သောကရောက်ချိန် သူငယ်ချင်းဟာ သင့်အတွက် သစ္စာရှိတဲ့နားထောင်သူဖြစ်တယ်။ သင့်အတွက် ဖေးမကူညီသူဖြစ်တယ်။ သင့်ရင်ဖွင့်သံကို မငြီးမတွားနားထောင်ပေးတယ်။ သူတို့ဆီမှာ ကိုယ်ချင်းစာ နားလည်တတ်တဲ့ နှလုံးသားတစ်စုံရှိတယ်။

(၃) အလုပ်အကိုင်ရှိမှ ကြိုးစားရကောင်းမှန်းသိတဲ့ အချိန်ထိ မစောင့်နဲ့

လူတချို့က ကိုယ့်စိတ်နဲ့ ထပ်တူကျမယ့် အလုပ်ကိုပဲ စောင့်မျှော်နေတတ်တယ်။ ဆံဖြူတဲ့အချိန်ထိ ခေါင်းမာမာနဲ့ စောင့်တတ်တယ်။ တကယ်တော့ လောကမှာရှိတဲ့ အရာရာတိုင်းဟာ ထူးဆန်းအံ့သြစရာတွေပါ။ သင်သာ ကြိုးစားလိုစိတ်ရှိရင် သင့်စိတ်နဲ့ ထပ်တူကျတဲ့ အလုပ်တွေ နေရာတိုင်းမှာ ရှိနေပါတယ်။

(၄) ကျရှုံးမှ သူတစ်ပါးရဲ့ အသိပေးစကားကို သတိရကောင်းမှန်းသိတဲ့ အချိန်ထိ မစောင့်နဲ့

အသိပေးစကားတွေက နားမခံသာပေမယ့် အကျိုးရှိတယ်။ ဆေးခါးတွေက အဝင်ခက်ပေမယ့် ရောဂါပျောက်တယ်။ မုသားစကားကို လူတိုင်းနှစ်သက်တတ်တယ်။ မုသားစကားတွေက ချိုလို့ဖြစ်တယ်။ အသိပေးစကားကို ကျရှုံးချိန်မှ သတိရတာဟာ အရာအားလုံး မီးခိုးလို ပျောက်ကွယ်သွားတာနဲ့ အတူတူဖြစ်တယ်။

(၅) ဖျားနာမှ အသက်တစ်ချောင်းဟာ ကျိုးပဲ့လွယ်တယ်လို့ အသိရကောင်းမှန်းသိတဲ့ အချိန်ထိ မစောင့်နဲ့

အသက်က ကျိုးပဲ့လွယ်တယ်။ ပုရွက်ဆိတ်တစ်ကောင်ဟာ သင့်ခြေဖဝါးအောက်မှာ သေဆုံးနိုင်တယ်။ ဒါကို သင်သတိထားမိချင်မှ ထားမိမယ်။ ဖျားနာချိန်၊ အသည်းအသန်ဖြစ်ချိန်ရောက်မှ အသက်ကို တန်ဖိုးထားရကောင်းမှန်း သိတာမျိုး မဖြစ်စေနဲ့။

(၆) ခွဲခွါမှ ချစ်ခင်ရင်းနှီးမှုကို တန်ဖိုးထားရကောင်းမှန်းသိတဲ့ အချိန်ထိ မစောင့်နဲ့

ဘာဖြစ်လို့ ခွဲခွါပြီးတဲ့နောက်မှ အတူနေတဲ့အချိန်ကို တန်ဖိုးထားရကောင်းမှန်း သိရတာလဲ? သည်းခံတဲ့ နှလုံးသားတစ်စုံ ပိုင်ဆိုင်တာဟာ သူတစ်ပါးကို ကောင်းကောင်းမွန်မွန်ဆက်ဆံတာဖြစ်သလို ကိုယ့်ကိုယ်ကို ကောင်းကောင်းမွန်မွန် ဆက်ဆံတာလည်းဖြစ်တယ်။

(၇) သူတစ်ပါးချီးကျူးမှ ကိုယ့်ကိုယ်ကိုယုံကြည်ရကောင်းမှန်းသိတဲ့ အချိန်ထိ မစောင့်နဲ့

လူတိုင်းမှာ ကောင်းကွက်နဲ့ ကိုယ်ပိုင်အရည်အချင်းတွေ ရှိပြီးသားပါ။ ကိုယ့်ကိုယ်ကိုယုံကြည်မှုဆိုတာ အောင်မြင်ခြင်းရဲ့သော့ဖြစ်တယ်။ သူတစ်ပါးဆီက ချီးကျူးသံကြားမှ ကိုယ့်ကိုယ်ကို ယုံကြည်ရကောင်းမှန်းသိတာမျိုး မဖြစ်စေနဲ့။ ဘဝဆိုတာ လည်ပတ်မနေဘူး။ တစ်ကြိမ်တစ်ခါပဲ ရှိတယ်။

(၈) သူတစ်ပါးညွန်ပြမှ ကိုယ့်အမှားကို ဝန်ခံရကောင်းမှန်းသိတဲ့ အချိန်ထိ မစောင့်နဲ့

အမှားကို သတ္တိရှိရှိဝန်ခံတာဟာ သူတစ်ပါးရဲ့အကဲ့ရဲ့ကို မခံရတဲ့အပြင် သူတစ်ပါးရဲ့လေးစားတာကို ခံရတတ်တယ်။ လူတိုင်းအမှားနဲ့ မကင်းပါဘူး။ တချို့က သူတို့ရဲ့အမှားကို ဖုံးကွယ်ထားတတ်ပြီး တချို့က သတ္တိရှိရှိ ဝန်ခံတတ်တာလေးပါပဲ။

(၉) ချမ်းသာကြွယ်ဝမှ သူတစ်ပါးကိုကူညီရကောင်းမှန်းသိတဲ့ အချိန်ထိ မစောင့်နဲ့

သူတစ်ပါးကို ကူညီတာဟာ ပျော်ရွှင်ခြင်းတစ်မျိုးဖြစ်တယ်။ ချမ်းသာမှ သူတစ်ပါးကို ကူညီမယ်ဆိုတာမျိုး မဖြစ်စေနဲ့။ ချမ်းသာကြွယ်ဝမှ ပေးကမ်းရက်ရောတာမျိုးကို လူတိုင်းလက်ခံချင်မှ လက်ခံလိမ့်မယ်။

(၁ဝ) သေဆုံးခါနီးမှ ဘဝကိုချစ်ရ၊ တန်ဖိုးထားရကောင်းမှန်းသိတဲ့ အချိန်ထိ မစောင့်နဲ့

ဘဝဆိုတာ ထူးဆန်းအံ့သြတာတွေနဲ့ အမြဲပြည့်နေတယ်။ ဘဝဟာ မြစ်တစ်စင်းနဲ့တူတယ်။ အမြဲစီးဆင်းနေတယ်။ နာခြင်း၊ အိုခြင်းက ဘဝကို မပြောင်းလဲသွားဘူး။ ဘဝကိုချစ်တာဟာ ကိုယ့်ကိုယ်ကိုချစ်တာနဲ့ တူတယ်။ ကျေနပ်လက်သင့်ခံနိုင်တဲ့ အဆုံးသတ်တစ်ခု ဘဝမှာရှိသင့်တယ်။

http://www.duwenzhang.com/wenzhang/renshengzheli/ganwu/20081004/20219.html

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

ကောင်ကလေး ဖတ်ဖို့


(၁) သင့်ချစ်သူကို သင့်သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးတဲ့အခါ သူ့ခါးလေးကိုဖက်ပြီး မိတ်ဆက်ပါ။ တစ်နေရာဆီမှာ ရပ်ပြီး လက်ညှိုးထိုး မိတ်မဆက်ပါနဲ့။

(၂) ကောင်မလေး လှလှလေးတွေကို ငမ်းတဲ့အခါ အချိန်ငါးစက္ကန့်ထက် မပိုပါစေနဲ့။ ပြီးတော့ အဲဒီကောင်မလေးဟာ ချစ်သူလောက် မလှကြောင်း ချက်ချင်းပြောတတ်ပါစေ။

(၃) သင့်ကို ချစ်သူအနိုင်ကျင့်လို့ရတယ်။ ဒါပေမယ့် ချစ်သူကို သင်လုံးဝ အနိုင်မကျင့်ပါနဲ့။ သင့်ကို ချစ်သူအနိုင်ကျင့်တယ်ဆိုလည်း ကောင်းတဲ့အရာလေးတွေတွေ့တိုင်း သင့်ကို သူပထမဆုံး သတိရတတ်လို့ပါပဲ။

(၄) ချစ်သူငိုတဲ့အခါ ချော့ပါ... စိတ်မပျက်စတမ်း ချော့ပါ။ ချစ်သူပြုံးရယ်တဲ့အထိ ချော့ပါ။

(၅) ချစ်သူဓာတ်ပုံကို ပိုက်ဆံအိတ်ထဲ ထည့်ထားပါ။ ဟန်းဖုန်းပေါ် ကပ်ထားပါ။ သူအမြဲတွေ့နိုင်တဲ့နေရာတွေမှာ ထည့်ထားပါ။

(၆) သူ့သူငယ်ချင်းတွေရှေ့မှာ သူ့ကို ခါတိုင်းထက် ပိုချစ်ပြ၊ ပိုဂရုစိုက်ပြတာကို သူမျှော်လင့်တတ်တယ်။

(၇) "ဘယ်သွားရင် ကောင်းမလဲ?" "ဘာစားရင် ကောင်းမလဲ?" လို့ ချစ်သူမေးတဲ့အခါ "ခင့် သဘော.. ခင်ကြိုက်တာစား" ချည်းပဲ မဖြေပါနဲ့။ ဒါဟာ သူ့ကိုဦးစားပေးရာမရောက်ဘဲ သင်စိတ်မပါရာဖြစ်သွားတတ်တယ်။

(၈) "ခင့်ကိုချစ်တယ်" လို့ မကြာခဏပြောပေးပါ။ နို့မဟုတ်ရင် သူ့ကို သင်မချစ်ဘူးလို့ သူယူဆတတ်တယ်။

(၉) ဘယ်တော့မှ လူအများကြားမှာ၊ လူတွေရှေ့မှာ ချစ်သူကို မအော်ငေါက်ပါနဲ့။ ချစ်သူတစ်ယောက်တည်း ထားမခဲ့ပါနဲ့။

(၁ဝ)
အမှားလုပ်မိတဲ့သူ့ကို သင် ဆုံးမလို့ရတယ်။ ဒါပေမယ့် ဆုံးမပြီးနောက် သူ့ကို ချော့ပါ... ဒါဟာ အရေးကြီးတဲ့အချက်ဖြစ်တယ်။


(၁၁) သူစိတ်ကောက်တဲ့အခါ သူ့ကိုပစ်မထားနဲ့။ သူစိတ်ကောက်ပြေဖို့လည်း အချိန်မပေးနဲ့။ တကယ်တော့ စိတ်ကောက်ပြေဖို့ သူအချိန်မလိုပါဘူး။ အချော့ပဲလိုပါတယ်။

(၁၂)
သင့်သူငယ်ချင်းတွေနဲ့ သင်ပျော်ပါးလည်ပတ်လို့ရတယ်။ ဒါပေမယ့် သူ့ကိုအချိန်ပိုပေးဖို့ မမေ့ပါနဲ့။


(၁၃)
သင့်ကို သူလွမ်းတယ်လို့ ပြောတဲ့အခါ သူနဲ့ချိန်းတွေ့ဖို့ အချိန်ပေးပါ။


(၁၄) တခြားမိန်းကလေးတစ်ယောက်နဲ့ သင်စကားပြောတဲ့အခါ ချစ်သူလက်ကို တွဲထားပါ။ တကယ်လို့ ချစ်သူအနားမှာ ရှိမနေခဲ့ရင် အဲဒီမိန်းကလေးနဲ့ ခပ်ခွာခွာရပ်ပြီးမှ ပြောပါ။

(၁၅) လမ်းဖြတ်ကူးတဲ့အခါ သူ့လက်ကို တွဲထားဖို့ မမေ့ပါနဲ့။

(၁၆)
ဘယ်လောက်ပဲ အလုပ်များနေပါစေ.. သူ့ကို ဖုန်းဆက်ဖို့ မမေ့ပါနဲ့။


(၁၇) မကြာခဏ သူ့ကို သီချင်းဆိုပြပါ။

(၁၈)
နှစ်ယောက်စလုံးမှာ စိတ်တိုဒေါသထွက်ခွင့် ရှိတယ်။ ဒါပေမယ့် တစ်ရက်တည်း၊ တစ်ချိန်တည်းမှာ ဒေါသမထွက်ပါနဲ့၊ စိတ်မတိုပါနဲ့။
သူစိတ်တိုတဲ့နေ့ သင်စိတ်မတိုပါနဲ့။

(၁၉) သူ့အလုပ်မှာ အဆင်မပြေတဲ့အခါ၊ သူ့ဘဝ အဆင်မပြေတဲ့အခါ သူနဲ့အတူ ဆွေးနွေးပါ။ အကြံပေးပါ။

(၂ဝ) တခြားကောင်မလေးကို ကြည့်တဲ့အကြည့် ငါးစက္ကန့်ထက် မပိုစေနဲ့။ ကောင်မလေးတစ်ယောက်တည်းကို ကြည့်တဲ့အကြည့် ငါးကြိမ်ထက် မပိုစေနဲ့။

(၂၁) တလောကလုံး သူ့ကိုမယုံကြည်တဲ့အခါ သူ့ကို သင်ယုံကြည်ရမယ်။ သူလည်း သင့်ကို ဒီအတိုင်းပဲ ဆက်ဆံလိမ့်မယ်။

(၂၂) သူအဝတ်အစား အသစ်ဝတ်တဲ့အခါ ချီးကျူးဖို့ မမေ့ပါနဲ့။ (မပေါ်တပေါ်ကို ဆိုလိုတာမဟုတ်ဘူးနော်း)

(၂၃) ချစ်သူနဲ့ ရန်ဖြစ်တဲ့အချိန် (၃)မိနစ်ထက် မကျော်စေနဲ့။ အသံနှုန်း ၂ဝ decibel ထက်မမြင့်စေနဲ့။ (decibel - ဒယ်ဆီဘယ်၊ အသံအတိုးအကျယ်ကို တိုင်းတာသည့် အခြေခံယူနစ်)

(၂၄) အားကစာလိုက်စားပါ။ ခန္ဓာကိုယ် တောင့်တင်းအောင် ကျင့်ပါ။ သူ့ကို ပွေ့မ,နိုင်အောင် ကျင့်ပါ။

(၂၅)
သူ စိတ်ထိခိုက်၊ ဒေါသထွက်တဲ့အခါ သူ့ကိုဖက်ထားလိုက်ပါ။ သူနဲ့ ငြင်းခုန် ဖြေရှင်းဖို့ မကြိုးစားပါနဲ့။


(၂၆) ဖုန်းဓာတ်ခဲကုန်သွားလို့ဆိုတဲ့ အဖြစ်မျိုး မဖြစ်ဖို့ မျှော်လင့်ပါတယ်။ အပြင်ထွက်တဲ့အခါ သင်ဘယ်ရောက်နေတယ်၊ ဘာလုပ်နေတယ်ဆိုတာမျိုး သူ့ဆီဖုန်းဆက်ပြီး ပြောပြနိုင်ရင် အကောင်းဆုံးပါ။

(၂၇) သူ့အားနည်းချက်တွေနဲ့ သူစိတ်ညစ်ဝမ်းနည်းနေတဲ့အခါ အဲဒီအားနည်းချက်ကို ထပ်တလဲလဲ ထုတ်ဖော်မပြောပါနဲ့။

(၂၈) အကျိုးအကြောင်းမသင့် သူပြောတာဟာ သူရိုင်းစိုင်းတာ မဟုတ်ပါဘူး။ သူချွဲနွဲ့တာပါ။

(၂၉) ဘာအကြောင်းပဲရှိရှိ သင်နဲ့အတူ သူ မျှဝေလိမ့်မယ်။ သူပြောသမျှ သင်နားလည်ချင်မှလည်း နားလည်မယ်။ ဒါပေမယ့် သူပြောသမျှ သင်နားထောင် ဟန်ဆောင်လိုက်ပါ။

(၃ဝ) သူမှန်တယ်လို့ အမြဲထင်မြင်ပေးပါ။ ဘာကြောင့်လဲဆိုတော့ သင်ဟာ သူ့အချစ်ဆုံးဖြစ်နေလို့ပါပဲ။

မူရင်း--ထဲက ကြိုက်တဲ့အချက်(၃ဝ)ကို ယူပါတယ်။ http://space.atmovies.com.tw/space/space.cfm?action=data&type=clist&CID=GB&sid=274796&mid=0&page=16

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Saturday, January 29, 2011

ကောင်မလေး ဖတ်ဖို့


(၁) ကိုယ့်ရှေ့က ဒီယောက်ျားဟာ ဘယ်လောက်ပဲကောင်းကောင်း ပြောစရာမရှိအောင် ကောင်းနေပါစေ။ သင့်ကိုသူမချစ်ရင် ဒါဟာချွတ်ယွင်းချက်ပါ.. ဒီချွတ်ယွင်းချက်ကို သင်လုံးဝပြောင်းလဲလို့ မရဘူး။

(၂) လူတစ်ယောက်ရဲ့ အကြီးဆုံးချွတ်ယွင်းချက်က တစ်ကိုယ်ကောင်းဆန်တာ၊ ရိုင်းစိုင်းတာ၊ မတည်တံ့တာ မဟုတ်ဘူး။ ကိုယ့်ကို မချစ်တဲ့လူတစ်ယောက်ကို ခေါင်းမာမာနဲ့ ဆက်ချစ်နေတာပဲဖြစ်တယ်။

(၃) သင့်လက်ရှိအနေထားဟာ ဘယ်လောက်ပဲဆိုးနေပါစေ။ သင့်ကို ချစ်တဲ့လူ ရှိနိုင်တယ်။
သင့်လက်ရှိအနေအထားဟာ ဘယ်လောက်ပဲကောင်းနေပါစေ။ သင့်ကို မချစ်တဲ့လူ ရှိနိုင်တယ်။

(၄) ဘယ်လောက်ပဲ လှအောင်ပြင်ပြင်၊ ဘယ်လောက်ပဲ တန်ဖိုးကြီးတဲ့ အဝတ်အစား ဝတ်ဝတ် ဒါတွေဟာ ခဏတာပဲဖြစ်တယ်။ စိတ်ရင်းစေတနာကောင်းတွေကမှ အပြင်ပန်းရဲ့ တကယ့်အလှဆုံးတွေဖြစ်တယ်။

(၅) သင့်ကို ဘာကြောင့်ထိခိုက်စေခဲ့သလဲလို့ အချစ်ကို သင်အပြစ်ဆိုခဲ့ရင် .... မေးပါရစေ.... စစချင်းမှာ အချစ်ရောက်ရှိလာဖို့ကို သင်ခေါင်းညိတ် လက်ခံခဲ့တယ် မဟုတ်လား!

(၆) ပါးစပ်နဲ့ပြောပြနိုင်တဲ့ သောကတွေဟာ တကယ့်သောကတွေမဟုတ်ဘူး။ သင့်ကို ခွဲသွားနိုင်တဲ့ချစ်သူဟာ တကယ့်ချစ်သူမဟုတ်ဘူး။

(၇) အချိန်တိုက်စားမသွားနိုင်တဲ့ ရင်ထဲက ဒဏ်ရာပါးပါးတချို့ဟာလည်း ပျော်ရွှင်ခြင်းတွေဖြစ်တယ်။

(၈) တကယ်လို့ လူတစ်ယောက်မှာ အားလပ်ချိန်မရှိဘူးဆိုရင် သူ မအားလပ်ချင်လို့ဖြစ်တယ်။
တကယ်လို့ လူတစ်ယောက်ဟာ မသွားနိုင်ဘူးလို့ဆိုရင် သူ ခွဲမထွက်သွားချင်လို့ဖြစ်တယ်။
တကယ်လို့ လူတစ်ယောက်မှာ ဆင်ခြေတွေသိပ်များနေပြီဆိုရင် သူ အလေးမထားတော့လို့ဖြစ်တယ်။

(၉) သဘောတရားတစ်ခုကို နားလည်ထားရမယ်။ ယောက်ျားလေးတွေဟာ မိန်းကလေးတစ်ယောက်ကို အလွယ်တကူ နှစ်သက်နိုင်တယ်။ ဒါပေမယ့် အလွယ်တကူ မချစ်မိနိုင်ဘူး။

(၁ဝ) တစ်ခါတလေမှာ သိပ်အာရုံမစိုက်နဲ့... ယောက်ျားတွေဟာ ဖြစ်ကတတ်ဆန်းနိုင်တယ်။ ကိစ္စလေးတစ်ခုကို မေ့တာနဲ့ သင့်ကို သူမချစ်တော့တာ မဟုတ်ဘူး။ သင့်အတွေးနဲ့ သင့်ကိုယ်သင် မခြောက်လှန့်နဲ့။

(၁၁) မိန်းကလေးတွေက ရင်ထဲကခံစားချက်တွေကို အလွယ်တကူ ထုတ်ပြတတ်တယ်။ ဒါပေမယ့် ယောက်ျားတွေက မဟုတ်ဘူး။

(၁၂) သူ့ကိုပြောင်းလဲဖို့ ဘယ်တော့မှ မကြိုးစားနဲ့။ ဘယ်သူကမှ ဘယ်သူ့ကို မပြောင်းလဲနိုင်ဘူး။
သင့်အတွက်နဲ့ သူပြောင်းလဲချင်စိတ် ရှိမရှိဆိုတာပဲ ရှိတယ်။

(၁၃) လွတ်လပ်ခြင်းဆိုတာ အဖိုးတန်တယ်။ ဒါပေမယ့် နေ့တိုင်းမှာ ထောင်သောင်းမကတဲ့ လူတွေဟာ လွတ်လပ်ခြင်းကို အချစ်နဲ့လဲယူနေကြတယ်။

(၁၄) လောကမှာ ယောက်ျားကောင်းတွေ တစ်ယောက်မှမရှိဘူးလို့ မဆိုနဲ့။ သင့်ကို နာကျင်၊ စွန့်ပစ်ခဲ့တဲ့လူကို အမုန်းရန်ညိုးမထားနဲ့။ သင့်ကိုသူ ချစ်ခဲ့ဖူးပါတယ်။ ကြင်နာခဲ့ဖူးပါတယ်။ ခွင့်လွတ်ခြင်းက သင့်ကို ပိုလှပစေပါလိမ့်မယ်။

(၁၅) သူ့ချစ်သူ ဘယ်လောက်လှလဲ! သူ့ချစ်သူ ဘယ်လောက်ချောလဲလို့ သွားမစပ်စုနဲ့ သွားဂရုမစိုက်နဲ့။ ဒါဟာ စိတ်ရှုပ်စရာတွေကို သင့်ကိုယ်သင် ရှာယူနေတာဖြစ်တယ်။

(၁၆) ငိုယိုနေချိန်မှာ ဒေါသစကား မပြောနဲ့၊ ဆုံးဖြတ်ချက်တွေ မချနဲ့။ ဒါဟာ သင့်ကို နောင်တရစေလိမ့်မယ်။

(၁၇) သင် ဖြူစင်ရိုးသားတယ်ဆိုရင် ပြီးတာပဲ။ ဖြူစင်ရိုးသားချင် ဟန်ဆောင်တယ်ဆိုရင်တော့ သင်ပိုအရုပ်ဆိုး မည်းညစ်သွားမယ်ဆိုတာ မှတ်ထားပါ။

(၁၈) ကြိုးစားမှုတိုင်း အောင်မြင်လိမ့်မယ် မဟုတ်ဘူး။ ဒါပေမယ့် မကြိုးစားရင် လုံးဝ မအောင်မြင်နိုင်ဘူး။

(၁၉) မိန်းကလေးတွေ ကိုယ့်ကိုယ်ကို ချစ်တတ်ရမယ်။ ဘယ်လောက်ပဲ ထိခိုက်နာကျင်ရပါစေ.. ဘယ်လောက်ပဲ ဝမ်းနည်းကြေကွဲရပါစေ။ ခံစားနိုင်တယ်.. ဝမ်းနည်းနိုင်တယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကို မချစ်လေ တခြားသူက သင့်ကိုမချစ်လေ ဖြစ်တတ်တယ်။

(၂ဝ) ရုပ်ရည်အလှအပ၊ အသိဉာဏ်၊ ငွေကြေး... စတဲ့အရာတော်တော်များများတွေက ကံစီမံရာဖြစ်တယ်။ အဲဒီအရာတွေကို သင်ရဲ့မနာလို ဝန်တိုစိတ်နဲ့ ပြောင်းလဲဖို့ မကြိုးစားနဲ့။

(၂၁) ရင်ခွင်ကျယ်ကျယ်ထားပါ။ ဆုံးရှုံးသွားတဲ့အရာအတွက် နာကျင်ထိခိုက်မနေနဲ့..... သူဟာ သင့်အတွက် မဟုတ်ခဲ့ဘူးလို့ပဲ သတ်မှတ်လိုက်ပါ။

(၂၂) ရည်မွန်တဲ့ မိန်းကလေးတစ်ယောက်ဖြစ်ဖို့ အတတ်နိုင်ဆုံး ကြိုးစားပါ။ ရည်မွန်အောင် ဟန်မဆောင်ပါနဲ့။
ဟန်ဆောင်တာကို မိန်းကလေးတွေ မကြိုက်သလို ယောက်ျားလေးတွေက ပိုမုန်းတယ်။

(၂၃) ကိုယ့်အားကိုယ်ကိုးနိုင်အောင် အမြဲလုပ်ပါ။ ငွေကြေးအရာမှာဖြစ်ဖြစ်၊ အချစ်ရေးမှာဖြစ်ဖြစ် ကိုယ့်အားကိုယ်ကိုးနိုင်အောင် လုပ်ပါ။

(၂၄) သင့်မှာ ချစ်သူများကြောင်း၊ ယောက်ျားလေး သူငယ်ချင်းများကြောင်း လူတွေကို ကြွားဝါ၊ ပြသဖို့ မကြိုးစားနဲ့။ ဒါဟာ သင့်ကို လူတွေအားမကျစေတဲ့အပြင် သင့်ကို အထင်အမြင် သေးစေပါတယ်။

(၂၅) ငါ့ကိုချစ်လားလို့ အချိန်တိုင်း လိုက်လိုက်မမေးနဲ့။ လိုက်လိုက်မေးတဲ့အချိန် သင့်ကို သူမချစ်ဘဲနေလိမ့်မယ်။

(၂၆) ယောက်ျားတစ်ယောက်ရဲ့ အကောင်း၊ အဆိုးကို သူ့ရဲ့စိတ်များတယ်၊ တသမတ်တည်းဖြစ်တယ်ဆိုတာနဲ့ မခန့်မှန်းနိုင်ဘူး။ ဟိုးရှေးရှေးကတည်းက ယောက်ျားတွေဟာ စိတ်များခဲ့တယ်။ အဲဒီစိတ်ကို သူထိန်းချုပ်နိုင် မနိုင်ဆိုတာနဲ့ပဲ ခန့်မှန်းလို့ရတယ်။

(၂၇) ရဲရင့်ထက်မြက်တဲ့ မိန်းကလေးတိုင်းဟာ ပျော့ညံ့တဲ့မိန်းကလေးတွေထက် ပိုလှပတယ်။ တကယ်လို့ သင်ချစ်တဲ့သူက သင့်ကိုမချစ်တော့တဲ့အခါ ရဲရဲရင့်ရင့် လမ်းခွဲလိုက်ပါ။ ဒါဟာ ပျော့ပျော့ညံ့ညံ့ လိုက်ကပ်နေတာထက်စာရင် ပိုကောင်းပါတယ်။

(၂၈) မိန်းမထက် မလုပ်ပါနဲ့။ ထက်မြက်တဲ့ မိန်းကလေးလုပ်ပါ။

(၂၉) အရက်နဲ့ ဆေးလိပ်ဟာ ဟိုရှေးယခင်က ခုချိန်ထိ မူးယစ်ဆေးလို့ သတ်မှတ်ထားကြတယ်။ မိန်းကလေးတွေအတွက်တော့ အချစ်တစ်ခုတည်းနဲ့တင် အသက်ကို သေစေတတ်တယ်။

(၃ဝ)
လမ်းခွဲချိန် မငိုနဲ့.... လုံးဝ မငိုနဲ့လို့ ဆိုလိုတာ မဟုတ်ပါ။ သူ့ရှေ့မှာ မငိုပါနဲ့... သူ့ကွယ်ရာကျမှ ငိုပါ။


မူရင်းရေးသားသူ-- တရုတ်စာရေးဆရာမ Eileen Chang (September 30, 1920 – September 8, 1995)

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Thursday, January 27, 2011

မောင်ကြီးအတွက် ငါးပိသုပ်


ကျွန်မက ငါးပိထက် ပဲပုတ်ကိုပိုကြိုက်တဲ့ ရှမ်းပြည်သူ... ပဲပုတ်ကို ကောင်းကောင်းထောင်းတတ်ပေမယ့် ငါးပိတော့ မသုပ်တတ်ဘူး။ မောင်ကြီးက ငါးပိကြိုက်တဲ့ ထားဝယ်သား... အရင်တစ်ပတ်က ဘုန်းကြီးကျောင်း အလှူတစ်ခုမှာ ငါးပိသုပ်လေး စားလိုက်ရတော့ သူ့ခမျာ မျက်နှာတဝင်းဝင်း ဖြစ်သွားခဲ့တယ်။ အဲ ဒီ လို နဲ့... ဒီညနေမှာ ငါးပိပါရင် ထမင်းပိုမြိန်တဲ့မောင်ကြီးအတွက် ငါးပိသုပ်လေးကို ကျွန်မ မတတ်တတတ် စမ်းသုပ်လိုက်မိတယ်။

ငါးပိကို မသုပ်ခင် အရင်ဆုံးမီးဖုတ်ရသတဲ့... မီးဖုတ်ဖို့က အဆင်မပြေတာနဲ့ ကျွန်မလာတုန်းက သူ့အိမ်ကထည့်ပေးလိုက်တဲ့ ငါးပိထောင်းလေးကို သွားသတိရလိုက်တယ်။ သူ့အတွက် သူ့အိမ်က တစ်ထွာကျော်လောက်ရှိတဲ့ဗူးနဲ့ ငါးပိတွေ ရှယ်ထောင်းထည့်ပေးလိုက်တယ်။ သူ့မိတ်ဆွေတွေအတွက် ပေးသင့်တာပေးပြီး (သူ့တစ်ယောက်ထဲစားလို့) အခုထက်ထိ ဗူးတစ်ဝက်ကျော် ကျန်နေသေးတယ်။ အဲဒီငါးပိနဲ့ ကြက်သွန်နီ၊ ငရုတ်သီး၊ နံနံပင်၊ ဆီနည်းနည်း၊ သံပရာသီးတွေနဲ့ သုပ်လိုက်တာ အောက်က ငါးပိသုပ်ပုံကို ရပါတယ်။


ဘုန်းကြီးကျောင်းမှာစားခဲ့တဲ့ ငါးပိသုပ်လောက် ဒီရှမ်းပြည်သူသုပ်တဲ့ ငါးပိသုပ်ဟာ မောင်ကြီးမျက်နှာကို မဝင်းပစေခဲ့ဘူးဆိုရင်တောင် ဒီငါးပိသုပ်ထဲမှာ ငါးပိရဲ့ဗီတာမင်အပြင် အချစ်ဗီတာမင်တွေ
ပါ ပါကြောင်း မောင်ကြီးတစ်ယောက် သိနိုင်ပါစေ.... (ဟား....ဟား.. ဘာမှလဲဆိုင်ဘူး):D

နိုင်းနိုင်းစနေ


Share/Bookmark

တကယ့်အချစ်ဆိုတာ.....


အလုပ်များတဲ့ မနက်ခင်းတစ်ခု (၈)နာရီခွဲအချိန်လောက်မှာ အသက်(၈ဝ)ကျော် အဘိုးအိုတစ်ဦး ဆေးရုံကို အလောတကြီး ရောက်လာခဲ့တယ်။ အဘိုးအိုဟာ ချုပ်ရိုးဖြည်ဖို့ ရောက်လာတာဖြစ်တယ်။ ဆရာဝန်ခွဲခန်းဝင်နေလို့ အဘိုးအိုဟာ ဆရာဝန်ကို ထိုင်စောင့်ရင်း နာရီတကြည့်ကြည့် ဖြစ်နေခဲ့တယ်။ အဘိုးအိုအလျင်စလို ဖြစ်နေတာကိုကြည့်ပြီး ကျွန်မလည်း အလုပ်သိပ်မများတာနဲ့ အဘိုးအိုကိုချုပ်ရိုးဖြည်ပေးဖို့ ခေါ်လိုက်တယ်။ အနာပေါ်က ပတ်တီးကို တစ်ထပ်ချင်းဖြည်ချနေချိန် အဘိုးအိုကို ကျွန်မ မေးလိုက်မိတယ်။

"အဘိုး... အဘိုးကြည့်ရတာ အလျင်လိုနေတယ်။ ဘာဖြစ်လို့လဲ?"

"ဟုတ်တယ် သမီး... ၉နာရီမှာ အဘိုးလူတစ်ယောက်နဲ့ ချိန်းထားလို့ပါ"

အလုပ်လုပ်စရာမလိုတဲ့ အသက်(၈ဝ)ကျော် အဘိုးအိုတစ်ဦးဟာ ဘာအတွက်နဲ့ အလျင်လိုနေသလဲလို့ ကျွန်မ သိလိုစိတ်နဲ့မေးတော့ အဘိုးအိုက "ဟုတ်တယ်....မနက်(၉)နာရီမှာ လူအိုရုံအရောက်သွားပြီး အဘွားအိုနဲ့ မနက်စာအတူစားမလို့ပါ"

"အော်... အဘွားက လူအိုရုံရောက်နေတာလား?"

"သက်ကြီးရောဂါဖြစ်လို့ လူအိုရုံရောက်နေတာ တော်တော်ကြာသွားပါပြီ"

ကြိုးဖြည်ရင်း ကျွန်မနာရီကိုကြည့်လိုက်တယ် "အဘိုး နောက်ကျလိမ့်မယ် ထင်တယ်။ အဘွားစိတ်ပူမှာ စိုးရိမ်လား?"

"ရပါတယ်.... အဘိုးကို သူမမှတ်မိတာ ၅နှစ်လောက်ရှိပြီ။ အဘိုးရောက်တယ် မရောက်ဘူးဆိုတာ သူသိတောင် မသိတော့ဘူး"

"အဘိုးကို သူ မမှတ်မိတာ ငါးနှစ်လောက်ရှိပြီ! ဒါနဲ့များ အဘိုးက မနက်တိုင်း သွားသေးတယ်နော်" ကျွန်မ တအံတသြမေးတော့ အဘိုးအိုက ကျွန်မရဲ့လက်ကိုပုတ်ပြီး အပြုံးနဲ့ဖြေတယ်။

"အဘိုးကို သူ မသိပေမယ့် သူ့ကို အဘိုးသိတယ်လေ.. ဒါဆို လုံလောက်ပြီပေါ့"

ချုပ်ရိုးဖြည်ပြီး တဖြည်းဖြည်း လှည့်ထွက်သွားတဲ့ အဘိုးအိုရဲ့နောက်ကျောပုံရိပ်ကို ကြည့်ရင်း ကျွန်မ မျက်ရည်ဝဲမိတယ်။ ဒါကပဲ ကျွန်မလိုချင်တဲ့ အချစ်ဖြစ်မယ်ထင်ပါတယ်။

တကယ့်အချစ်ဆိုတာ ခန္ဓာတင်မက ရိုမန်တစ်ဆန်တဲ့ အပြောအဆိုတင် မကပါဘူး။ တကယ့်အချစ်ဆိုတာ လက်ခံတာဖြစ်တယ်။ အရင်က သူ့ကိုလက်ခံတယ်။ အခုလည်း သူ့ကိုလက်ခံတယ်။ နောင်လည်း သူ့ကို လက်ခံတာဖြစ်တယ်။

အရင်က သူဘာပဲဖြစ်ဖြစ် လက်ခံခဲ့တယ်။
အခုလည်း သူဘာပဲဖြစ်ဖြစ် လက်ခံတယ်။
နောင်လည်း သူဘာပဲဖြစ်နေဖြစ်နေ လက်ခံတယ်။
ဒါဟာ တကယ့်အချစ်ဖြစ်တယ်။ ပျော်ရွှင်တဲ့အချစ်ဖြစ်တယ်။ ပျော်ရွှင်တဲ့လူဟာ အကောင်းချည်းပဲ လိုခဲ့တာ မဟုတ်ပါဘူး.....

http://space.atmovies.com.tw/space/space.cfm?action=data&type=clist&CID=GB&sid=290763&mid=0&page=15

နိုင်းနိုင်းစနေ ဘာသာပြန်သည်။



Share/Bookmark

အချိန်မရွေး အသစ်ကပြန်စမယ်


တစ်ခါက လူမျိုးစုတစ်စုမှာ အကြီးအကဲသေဆုံးပြီးနောက် သားဖြစ်သူက အကြီးအကဲအဖြစ် ဆက်လက်တာဝန်ယူ ဦးဆောင်ခဲ့တယ်။ ဒါပေမယ့် သားဖြစ်သူဟာ နေ့ရှိသရွေ့ ပျော်ပါးသောက်စားနေခဲ့လို့ ရွာဟာ တိုးတက်သင့်သလောက် မတိုးတက်တဲ့အပြင် အဖွဲ့အင်အားပါ ယုတ်လျော့လာခဲ့တယ်။ အဖွဲ့အင်အားနည်းခဲ့လို့ တိုက်ပွဲတစ်ခုမှာ တစ်ဘက်ရန်သူရဲ့ အတိုက်အခိုက်ကို အလူးအလှိမ့်ခံရတဲ့အပြင် ရွာပျက်ပြီး အကြီးအကဲပါ အဖမ်းခံလိုက်ရတယ်။ ရန်သူတွေက အကြီးအကဲကို နောက်တစ်နေ့မှာ အဆုံးစီရင်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ဒါပေမယ့် မသတ်ခင်မှာ သတ်မှတ်ထားတဲ့ ကွင်းပြင်ကျယ်အတွင်း လွတ်လွတ်လပ်လပ် သွားလာနိုင်ဖို့ သူ့ကို တစ်ရက်ခွင့်ပြုလိုက်တယ်။

အကြီးအကဲဟာ ကျယ်ပြန့်တဲ့ကွင်းပြင်ထဲ အနှင်ခံလိုက်ရသလို ခံစားရပြီး လောကကြီးတစ်ခုလုံးက သူ့ကို စွန့်ပစ်ထားတယ်လို့ ထင်မိတယ်။ သူဟာ သေမင်းလက်ထဲ မကြာခင်ရောက်မယ့်သူလို့လည်း သတ်မှတ်မိတယ်။ အရင်က အစစအရာရာ ပြည့်စုံခဲ့တဲ့နေ့ရက်တွေကို သူတမ်းတမိတယ်။ တပြိုင်တည်းမှာပဲ ကျေးရွာအတွက် ပင်ပင်ပန်းပန်း အလုပ်လုပ်ခဲ့သူတွေ၊ သတ္တိရှိတဲ့ စစ်သည်ရဲမက် သူရဲကောင်းတွေ၊ ကျေးရွာကို အသက်ပေးခဲ့ကြသူတွေကို သူသတိရပြီး နောင်တရမိတယ်။

တကယ်လို့ ဘဝကိုအသစ်တဖန် ပြန်စခွင့်ရရင်၊ ဘုရားသခင်သာ သူ့ကို အသစ်တဖန်ပြန်စမယ့် အခွင့်အရေးပေးခဲ့ရင် ဒီနေ့လိုမျိုး စစ်ရှုံးပြီး အဖမ်းခံနေရမှာ မဟုတ်ဘူးလို့ သူတွေးမိတယ်။ နောက်ဆုံးမှာ ၂၄နာရီသာကျန်တော့တဲ့ သူ့ဘဝကို မှားခဲ့သမျှတွေအတွက် ပေးဆပ်ဖို့ သူဆုံးဖြတ်လိုက်တယ်။

ကွင်းပြင်ထဲမှာ သူဖြေးဖြေးချင်း လမ်းလျှောက်နေခဲ့တယ်။ သနားစရာ ဆင်းရဲသားတွေတွေ့တော့ ဦးခေါင်းထက်က ပတ္တမြားကို သူဖြုတ်ပေးခဲ့တယ်။ လမ်းမှားနေတဲ့ ဆိတ်တစ်ကောင်ကို သူခေါ်ဆောင်ခဲ့တယ်။ လဲကျသွားတဲ့ ကလေးလေးကို သူဆွဲခေါ်ထူပေးခဲ့တယ်။ နောက်ဆုံး သူ့ကိုယ်ပေါ်က အဖိုးအတန်ဆုံး အနွေးထည်ကို သူ့ကိုစောင့်ကြပ်တဲ့ စစ်သားကိုပေးလိုက်တယ်။ အရင်က မလုပ်ခဲ့ဖူးတဲ့ အလုပ်တွေကို သူလုပ်ခဲ့မိတယ်။ လုပ်ချင်တာတွေ စိတ်ပါလက်ပါလုပ်ခဲ့ရလို့ သေဆုံးဖို့ကို သူကျေကျေနပ်နပ် လက်ခံလိုက်တယ်။

နောက်တစ်နေ့ သူ့ကိုအဆုံးစီရင်ဖို့ အချိန်ရောက်လာခဲ့တယ်။ အဆုံးစီရင်မယ့် စင်မြင့်ပေါ် သူပေါ့ပေါ့ပါးပါး တက်ခဲ့တယ်။ မျက်စိမှိတ်ပြီး ဓားချက်အကျကို သူစောင့်နေခဲ့တယ်။ ဒါပေမယ့် တအောင့်ကြာတဲ့အထိ သူ့လည်ပင်းပေါ် ဓားချက်ကျမလာခဲ့ဘူး။ တအံ့တသြနဲ့ မျက်စိကို သူအသာအယာ ဖွင့်ကြည့်လိုက်တယ်။ အရက်ခွက်ကိုင်ပြီး သူ့ကိုပြုံးပြုံးလေး ရပ်ကြည့်နေတဲ့ ရန်သူအကြီးအကဲကို သူတွေ့လိုက်တယ်။

အဲဒီအကြီးအကဲက "မိတ်ဆွေ... မနေ့က ခင်ဗျားလုပ်ခဲ့သမျှအတွက် ကျုပ်ခံစားရတယ်။ ခင်ဗျားကို ပိုနားလည်စေခဲ့တယ်။ ကျုပ်တို့ ရွာသူရွာသားအချင်းချင်း ချစ်ချစ်ခင်ခင်၊ ပျော်ပျော်ရွှင်ရွှင် နေထိုင်ကြမယ်။ အသေးအဖွဲ့ကိစ္စတွေနဲ့ ကျုပ်တို့ အချင်းချင်း မသတ်ဖြတ်ကြတော့ဘူး။ ဒီနေ့ ခင်ဗျားကို အရက်တစ်ခွက်နဲ့ ကျုပ်ကောင်းချီးပေးမယ်။ နှောင်နောက် ညီအစ်ကိုတွေလို ကျုပ်တို့ နေထိုင်သွားကြရအောင်"

အဲဒီနောက် အကြီးအကဲဟာ သူ့နေရပ်ကို ပြန်ရောက်လာခဲ့တယ်။ နေရပ်ကို ပြန်ရောက်တယ်ဆိုရင်ပဲ အရင်ကလို သူသောက်စားမူးယစ် မနေတော့ဘဲ ရွာသူရွာသားတွေနဲ့အတူ ချစ်ခင်ရင်းနှီးအောင်နေပြီး ကျေးရွာတိုးတက်ဖို့ ကြိုးပမ်းဆောင်ရွက်ခဲ့တယ်။ ထက်မြက်တဲ့ ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်ဖို့ သူဆုံးဖြတ်လိုက်တယ်။ တစ်ဘက်ကျေးရွာနဲ့လည်း မတိုက်ခိုက်တော့ဘဲ သင့်မြတ်ချစ်ကြည်အောင် နေထိုင်ခဲ့တယ်။

လူ့ဘဝကို အချိန်မရွေး စလို့ရတယ်။ ဘဝမှာ အချိန်၂၄နာရီသာ ကျန်တော့တယ်ဆိုရင်လည်း စနိုင်တယ်။

လူတစ်ယောက်မှာ တွေးတောနိုင်စွမ်းရှိသေးတယ်၊ မျှော်လင့်ချက်အိပ်မက်တွေ ရှိသေးတယ်ဆိုရင် သူဟာ သူ့ဘဝကို အသစ်တဖန် ပြန်စနိုင်တယ်။

တစ်ခါတလေ ကျွန်တော်တို့ဟာ မှားနေမှန်းသိသိနဲ့ ဆက်မှားနေတတ်ကြတယ်။ နာကျင်နေမှန်းသိလျက်နဲ့ အဲဒီနာကျင်မှုထဲကနေ ရုန်းမထနိုင်ကြဘူး။ "မလုပ်ရဲတဲ့ အနေအထား" ဒါမှမဟုတ် "မစွန့်ဝံ့တဲ့ အနေအထား"က ကျွန်တော်တို့ကို အခက်အခဲကြား ပိုနစ်မွန်းစေခဲ့တာလား? ဒီလမ်းဟာ ကိုယ်နဲ့မသင့်တော်တဲ့လမ်းမှန်း သိလျက်နဲ့၊ ရှေ့ဆက်လျှောက်ရင်လည်း အကျိုးမရှိမှန်းသိလျှက်နဲ့ အသစ်တဖန်ပြန်စဖို့ ဘာဖြစ်လို့ ချက်ချင်း မစွန့်လွတ်နိုင်ခဲ့တာလဲ?

ဂျပန်စာရေးဆရာ "Kaoru Nakajima"က "ကိုယ်မလုပ်နိုင်ဘူးလို့ ထင်တာဟာ အထင်မှားတွေဖြစ်တယ်။ ကျွန်တော်တို့ဟာ အလုပ်တစ်ခုကို စလုပ်တာနဲ့ ဒီအလုပ်ကို လုပ်နိုင်မလုပ်နိုင် အရင်တွေးတောတယ်။ ပြီးရင်ကိုယ့်အရည်အချင်းကို သင်္ကာမကင်းဖြစ်လာတယ်။ ဒါဟာ မှားယွင်းတဲ့အတွေးတွေဖြစ်တယ်"

လူ့ဘဝဟာ အချိန်မရွေး အသစ်တဖန် ပြန်စနိုင်တယ်။ အဲဒီလိုပြန်စဖို့ အသက်အရွယ် အကန့်အသတ်မရှိဘူး။ ယောက်ျား မိန်းမ မခွဲခြားဘူး။ ကျွန်တော်တို့မှာ ယုံကြည်ချက်၊ ဆုံးဖြတ်ချက်နဲ့ မျှော်လင့်ချက်တွေရှိနေသရွေ့ အသက်(၇ဝ)ဆိုလည်း အသစ်ပြန်စနိုင်ပါတယ်။

ရုပ်ရှင်ကားတစ်ကားမှာ လူငယ်တစ်ယောက်ဟာ သူနဲ့နှစ်ရှည်လကြာ ချစ်ကြိုက်ခဲ့တဲ့ ကောင်မလေးတစ်ယောက်ကြောင့် ဝမ်းနည်းပူဆွေးခဲ့တယ်။ အကြောင်းက အဲဒီကောင်မလေးကို သူ့မိဘတွေက သူဌေးတစ်ဦးနဲ့ လက်ထပ်ပေးတော့မှာမို့ဖြစ်တယ်။ ဒါကိုလူငယ်က ကြိတ်ခဲမရဖြစ်ပြီး တွေ့သမျှပစ္စည်းတွေကို ရိုက်ခွဲဖောက်ကွဲပစ်တယ်။ နေ့တိုင်း အရက်ကို လူမှန်းသူမှန်းမသိအောင် သောက်တယ်။ လူသေကောင်နဲ့ မခြားခဲ့ဘူး။ ဘယ်သူမှ သူနဲ့ မျက်နှာချင်းမဆိုင်ရဲကြဘူး။ သူနဲ့ ထပ်တိုက်တွေ့ခဲ့ရင်တောင် လူတွေက ရှောင်သွားကြတယ်။

သူ့အဖြစ်ကို အတွေ့အကြုံရင့်ကျက်တဲ့ အဘိုးအိုတစ်ဦးကမြင်တော့ "မင်းမှာ အစွမ်းအစရှိရင် သူ့ကိုရအောင် ပြန်ခေါ်ပါ" လို့ ကရုဏာသောသောပြောတယ်။

"ဒါပေမယ့် တခြားသူနဲ့ မကြာခင် သူလက်ထပ်တော့မယ်" လို့ ကောင်လေးက ဝမ်းနည်းပက်လက်ပြောတယ်။

"တကယ်လို့ မင်းမှာ လုပ်နိုင်စွမ်းရှိရင် မင်းအတွက် အခွင့်အရေးဆိုတာရှိတယ်။ မင်းမှာ အချိန်တွေရှိသေးတယ်။ မင်းစိတ်ဓာတ်တွေ မာကျောနေဖို့တော့ လိုလိမ့်မယ်"

"ကျွန်တော့်မှာ ဘာမှမရှိတော့ဘူး။ မျှော်လင့်ချက်ဆိုတာလည်း ရှိတော့မှာ မဟုတ်ဘူး"

"မင်းမှာ ဒီနေ့ဆိုတာရှိတယ်။ မနက်ဖြန်ဆိုတာ ရှိတယ်။ ပြီးတော့ မင်းခန္ဓာကိုယ်မှာ အင်အားဆိုတာ ရှိသေးတယ်"

အဘိုးအိုရဲ့ လမ်းညွှန်ဆုံးမမှုအောက်မှာ လဲကျနေရာကနေ လူငယ်တဖြေးဖြေး ရုန်းထလာခဲ့တယ်။ ကျေးရွာကခွာပြီး တခြားနေရပ်တစ်ခုကို သူထွက်ခွာသွားခဲ့တယ်။

သုံးနှစ်လွန်ပြီးနောက် ရွာကိုသူပြန်ရောက်လာတယ်။ သူ့ကို ဆိုဆုံးမခဲ့တဲ့ အဘိုးအိုကိုတွေ့တော့ အဘိုးအိုက သူချစ်ကြိုက်ခဲ့တဲ့ ကောင်မလေး သူဌေးနဲ့ယူလိုက်ပြီဆိုတဲ့အကြောင်း ပြောပြတယ်။ အဘိုးအိုစကားကြားတော့ လူငယ်ကရယ်ပြီး "အရာအားလုံးက ပြီးသွားခဲ့ပြီ။ တကယ်တော့ ကျွန်တော့်ကို အဘိုးသင်ပေးလိုက်တာဟာ မိန်းမတစ်ယောက်ကို ဘယ်လိုယူရမယ်ဆိုတာ မဟုတ်ဘဲ ဘဝမှာ ဘယ်လိုနေထိုင်ရမယ်ဆိုတာကို သင်ပြလိုက်တာပါ။ ဒါဟာ အရေးကြီးဆုံးအချက်ပါ" လို့ ပြောလိုက်တယ်။

ဒီနေ့ဟာ အရာတစ်ခုကို ကုန်ဆုံးစေသလို အသစ်တဖန်လည်း ပြန်စစေတယ်။ မနေ့က အောင်မြင်ခဲ့သည်ဖြစ်စေ၊ ကျရှုံးခဲ့သည်ဖြစ်စေ ဒီနေ့မှာ အရာအားလုံးကို အသစ်တဖန်ပြန်စနိုင်တယ်။ လူ့ဘဝကို အသစ်တဖန် ပြန်စလို့ရတယ်။

မနေ့က ကျရှုံးခဲ့တာကို
ဒီနေ့မှာ မေ့လိုက်ပါ။ ကျရှုံးခြင်းရဲ့သင်ခန်းစာနဲ့ အသစ်တဖန် ပြန်စပါ။ မနေ့က အောင်မြင်ခဲ့ရင်လည်း ဒီနေ့အသစ်တဖန် ပြန်စပြီး အောင်မြင်မှုအပေါ် ကြိုးစားမှုတွေ ထပ်လောင်းပြီး ပိုတောက်ပြောင်တဲ့ စိတ်ဓာတ်နဲ့ ရှေ့ကိုတိုးပါ။

လူ့ဘဝဆိုတာ အသစ်တဖန်ပြန်စခြင်းတွေနဲ့ မပြတ်လည်ပတ်နေတဲ့ ဖြစ်စဉ်ဖြစ်တယ်။ အချိန်မရွေး မျှော်လင့်ချက်အသစ်၊ ကောင်းကင်အသစ်နဲ့ အသစ်တဖန်ပြန်စနိုင်ပါတယ်။

(အပြင်စီးမဂ္ဂဇင်း၊ အမှတ်(၁)၊ ဇန်နဝါရီလ)

http://www.duwenzhang.com/wenzhang/lizhiwenzhang/20100808/152611.html

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Wednesday, January 26, 2011

ပျော်ရွှင်ခြင်းဆိုတဲ့ ပန်းတစ်ပွင့်


(၁)

ပန်းချီဆရာတစ်ဦးဖြစ်ဖို့ ငယ်ငယ်လေးတည်းက ကျွန်မစိတ်ကူးခဲ့တယ်။ ဒါကြောင့် အားလပ်ချိန်တိုင်း ကျွန်မ ပန်းချီပဲဆွဲနေခဲ့တယ်။
ပန်းချီဆွဲတာကို နှစ်သက်စွဲလမ်းတဲ့ကျွန်မကို ဖေဖေက ပန်းချီဆရာတစ်ဦးဆီ အပ်ပေးခဲ့တယ်။ ကျွန်မဆွဲတဲ့ပန်းချီကို ကြည့်ပြီး ပန်းချီဆရာက ကျွန်မကိုမေးတယ်။

"သမီး... ဘာဖြစ်လို့ ပန်းချီဆွဲသင်ရတာလဲ?"

"ပန်းချီဆရာတစ်ဦးဖြစ်ချင်လို့ပါ"

"ပန်းချီဆွဲသင်တဲ့သူတိုင်း ပန်းချီဆရာ မဖြစ်ဘူးနော် သိလား? ပန်းချီဆွဲနေတဲ့အချိန် သမီး ပျော်လား?"

"ပျော်တယ်"

"ပျော်ရင် ပြီးတာပဲ!"

ပန်းချီဆရာက လောကမှာ ပန်းနှစ်မျိုးရှိကြောင်း ကျွန်မကိုပြောပြတယ်။ ပထမပန်းတစ်မျိုးက အသီးသီးနိုင်တယ်။ နောက်ပန်းတစ်မျိုးက အသီးမသီးနိုင်ဘူး။ ဒါပေမယ့် အသီးမသီးနိုင်တဲ့ပန်းက ပိုလှတယ်။ ဥပမာ - နှင်းဆီပန်းလိုပေါ့။ နှင်းဆီပန်းဟာ လှပမွှေးကြိုင်တယ်။ သူဟာ အသီးမသီးနိုင်လို့ဆိုပြီး လှလှပပ ပွင့်လန်းနိုင်တဲ့အပျော်ကို လက်မလွတ်ခဲ့ဘူး။

လူတွေကလည်း ပန်းနဲ့တူတယ်။ လူတစ်မျိုးက စီးပွားရေး အလုပ်အကိုင်တွေနဲ့ ကြီးပွားအောင်မြင်နိုင်တယ်။
နောက်လူတစ်မျိုးက ဘာကြီးကြီးမားမား အောင်မြင်မှုတွေမရှိဘူး။ သာမန်လူတစ်ယောက်ပဲဖြစ်တယ်။ သာမန်လူဆိုပေမယ့် ရင်ထဲမှာ ပျော်ရွှင်မှုရှိမယ်။ မျက်နှာပေါ်မှာ အရယ်အပြုံးတွေရှိမယ်ဆိုရင် သူဟာ နှင်းဆီပန်းလိုပဲ လှပမွှေးကြိုင်နိုင်တယ်။ လူတကာရဲ့ အားကျနှစ်သက်တာကို ခံနိုင်ပါတယ်။

ပန်းချီဆရာအိမ်ကနေ ကျွန်မ မထွက်ခွာခင် ပန်းချီဆရာက ကျွန်မပုခုံးကို ပုတ်ပြီး "ပျော်ရွှင်တဲ့လူတစ်ယောက် ဖြစ်အောင်လုပ်ပါ။ ပျော်ရွှင်တဲ့လူကမှ ပျော်ရွှင်တဲ့ဘဝကိုရတယ်။ ပျော်ရွှင်တဲ့လူကမှ ဘဝရဲ့ပျော်ရွှင်တဲ့ နေရောင်ခြည်ကို ရနိုင်တယ်... သမီး" လို့ ပြောခဲ့တယ်။

(၂)

တစ်ခုသော နွေရာသီမနက်ခင်းမှာ ဝရံတာပေါ်ရပ်နေတဲ့ ကောင်မလေးတစ်ယောက်ကို ကျွန်မတွေ့ခဲ့တယ်။ ကောင်မလေးဟာ လက်ထဲမှာ တုတ်တစ်ချောင်းကိုင်ထားပြီး တုတ်ထိပ်မှာ လှပတဲ့ ဖဲကြိုးနီလေးတစ်ခု ချည်ထားတယ်။ ဖဲကြိုးက ဝရံတာအပြင်ဘက် လေထဲမှာ လွင့်ဝဲနေခဲ့တယ်။ ကောင်မလေးကို ဘာလုပ်နေသလဲလို့ ကျွန်မမေးတော့ လိပ်ပြာမျှားနေပါတယ်လို့ သူပြန်ဖြေတယ်။ ချိပ်မပါဘဲ လိပ်ပြာကို ဘယ်လိုမျှားမလဲလို့ ကျွန်မထပ်မေးတော့ သူက သူဟာ လိပ်ပြာရဲ့ခန္ဓာကို မျှားနေတာမဟုတ်ဘူး။ လိပ်ပြာကိုမျှားတဲ့ ပျော်ရွှင်ခြင်းကို မျှားနေတာပါလို့ ပြန်ဖြေတယ်။

ကောင်မလေးစကားကြောင့် သူငယ်ချင်းတစ်ယောက်ရဲ့အပြောကို ကျွန်မရုတ်တရက် သတိရလိုက်မိတယ်။ အဲဒီသူငယ်ချင်းက ငါးမျှားရတာကို နှစ်သက်သူဖြစ်တယ်။ ငါးမျှားဖို့ မနက်အစောကြီး သူထွက်သွားတတ်ပြီး ညနေမှ အိမ်ပြန်တတ်တယ်။ တစ်ခါက ပုခြုပ်ထဲ ငါးတစ်ကောင်မှမပါဘဲ လေတချွန်ချွန်နဲ့ ငါးမျှားရာကနေ သူပြန်လာခဲ့တယ်။ ဒါကို တခြားသူငယ်ချင်းတစ်ယောက်က "ခင်ဗျား တစ်နေ့ကုန်ငါးထိုင်မျှားတာ ငါးတစ်ကောင်မှ မရခဲ့တာတောင် ခင်ဗျားပျော်နိုင်တာပဲနော်" လို့ မေးခဲ့တယ်။

"ငါးမျှားချိပ်ကို ငါးမဟပ်တာ ငါးနဲ့ပဲဆိုင်တယ်။ ကျွန်တော်ကတော့ ပျော်ရွှင်ခြင်းတွေကို တစ်နေကုန် ထိုင်မျှားခဲ့တယ်"လို့ သူပြန်ဖြေပါတယ်။ တကယ့်မျှားသူတွေအတွက် အကောင်းဆုံးငါးဟာ ပျော်ရွှင်ခြင်းတွေပဲဖြစ်တယ်။

"ကောင်းကင်မှာ ငှက်တွေရဲ့ခြေရာ ထင်ကျန်မနေခဲ့ဘူး။ ဒါပေမယ့် ငှက်တွေ ပျံသန်းကြတယ်" ဒီကဗျာကို ဖတ်ခဲ့ရတုန်းက ကဗျာဟာ အရမ်းလှတယ်လို့ ကျွန်မခံစားခဲ့ရတယ်။ ဒါပေမယ့် ဘယ်နေရာမှာ လှနေမှန်း ကျွန်မ မပြောတတ်ခဲ့ဘူး။ အခုချိန်ကျမှ အဲဒီသူငယ်ချင်းရဲ့ကိုယ်ပေါ်ကနေ ဒီကဗျာရဲ့အဓိပ္ပာယ်ကို ကျွန်မနားလည်လိုက်တယ်။ "ပျံသန်းရတဲ့ ရည်ရွယ်ချက်က ခြေရာထင်ကျန်ဖို့ မဟုတ်ဘူး။ ပျံသန်းချိန်မှာ လွတ်လပ်တဲ့အရသာနဲ့ ပျော်ရွှင်ခြင်းကို ခံစားဖို့ဖြစ်တယ်"

အဲဒီလိုပဲ ဘဝဟာလည်း ကျွန်မတို့ပျော်ရွှင်ခဲ့တဲ့ ခြေရာကိုချန်ထားမှာ မဟုတ်ဘူး။ ဒါပေမယ့် ကျွန်မတို့ပျော်ရွှင်ခဲ့ဖို့ လိုတယ်။ ဘဝအတွက် အကောင်းဆုံးငါးဆိုတာ ပျော်ရွှင်ခြင်းပဲဖြစ်တယ်။ ပျော်ရွှင်ခြင်းတွေကို ကျွန်မတို့ မျှားတတ်ရမယ်။

(၃)

သိပ်မကြာခင်က Icelandအကြောင်း မိတ်ဆက်ရေးသားထားတဲ့ စာတစ်ပုဒ်ကို ကျွန်မဖတ်လိုက်ရတယ်။ Icelandရဲ့တည်နေရာက ချမ်းအေးတဲ့ Atlantic သမုဒ္ဒရာရဲ့ မြောက်အရပ်မှာဖြစ်တယ်။ အဲဒီနေရာရဲ့ ၁၃%ဟာ ရေခဲတွေနဲ့ ဖုံးလွှမ်းနေသလို ကမ္ဘာပေါ်မှာ မီးရှင်တောင်တွေ အများဆုံးရှိတဲ့ နိုင်ငံတစ်နိုင်လည်းဖြစ်ခဲ့တယ်။ ဆောင်းရာသီမှာ ညတာရှည်ပြီး တစ်နေ့မှာ နာရီ(၂ဝ)လောက်ဟာ မှည်းမှောင်နေတယ်။ ဒါပေမယ့် Icelandမှာနေထိုင်သူတွေဟာ သေဆုံးနှုန်းနည်းပြီး ကမ္ဘာပေါ်မှာ အသက်အရှည်ဆုံးနိုင်ငံဖြစ်ခဲ့တယ်။

ဆိုးရွားတဲ့ ရာသီဥတု ပတ်ဝန်းကျင်မှာ နေထိုင်ကြတဲ့ Iceland လူတွေဟာ သေဆုံးနှုန်းနည်းပြီး ဘာဖြစ်လို့ ကမ္ဘာပေါ်မှာ အသက်အရှည်ဆုံးနိုင်ငံဖြစ်ခဲ့သလဲ?

ဒီလိုအမေးကို အဖြေရှာဖို့ အမေရိကန်က The Gallup Organization ဆိုတဲ့ အဖွဲ့တစ်ဖွဲ့ဟာ ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံ(၁၈)နိုင်ငံမှာနေထိုင်တဲ့ ပြည်သူလူထုတွေကို ရွေးပြီး လေ့လာဆန်းစစ်ခဲ့တယ်။ နောက်ဆုံးရလဒ်က Iceland မှာနေထိုင်သူတွေဟာ ကမ္ဘာပေါ်မှာ အပျော်ဆုံးလူတွေဖြစ်နေတာကို တွေ့ခဲ့ရတယ်။ Iceland က မေးမြန်းခံရသူပေါင်း ၂သိန်း၇သောင်းမှာ ၈၂%ရှိလူတွေဟာ သူတို့ရဲ့နေထိုင်မှုတွေကို သူတို့အားရကျေနပ်ကြောင်း ဖော်ပြခဲ့တယ်။ Iceland က လူတွေအသက်ရှည်ရတဲ့ လျှို့ဝှက်ချက်ဟာ ပျော်ရွှင်လို့ဖြစ်တယ်။

ပျော်ရွှင်ခြင်းဟာ ဘဝမှာ အကောင်းဆုံး ဆေးတစ်လက်ဖြစ်တယ်။ ပျော်ရွှင်ခြင်းဆိုတာ ဘဝမှာ ပွင့်လန်းတဲ့ ပန်းတစ်ပွင့်ဖြစ်တယ်။
အဲဒီပန်းပွင့်ဟာ ကျွန်မတို့ရဲ့ အိုမင်းရင့်ရော်ခြင်းကို တုံ့နှေးစေသလို ကျွန်မတို့ရဲ့ စိတ်နှလုံးကိုလည်း ကြည်နူးအေးချမ်းစေတယ်။ ဘဝရဲ့ အခက်အခဲကြားကနေ လောကရဲ့လှပတဲ့နေရောင်ခြည်ကိုလည်း တွေ့မြင်စေနိုင်ပါတယ်။

http://www.duwenzhang.com/wenzhang/shenghuosuibi/shenghuoganwu/20080102/1710.html

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Tuesday, January 25, 2011

ဟားခါးမြို့


ခရီးသွားရတာကို ကျွန်မနှစ်သက်တယ်။ အထူးသဖြင့် မြန်မာပြည်အတွင်း ခရီးသွားရတာကို ပိုနှစ်သက်ပါတယ်။ မရောက်ဖူးတဲ့ဒေသက မမြင်ဖူးတဲ့အရာ၊ မစားဖူးတဲ့အစားအစာ၊ ရိုးရာဓလေ့တွေကို ကြည့်ခွင့်မြင့်ခွင့် ခံစားခွင့်ရတာကို ပိုနှစ်သက်တယ်။ မြန်မာပြည်နေရာ တော်တော်များများရောက်ခဲ့ဖူးမှ မြန်မာပြည်ရဲ့အလှကို ပိုမြင်လာခဲ့တယ်။ မြန်မာပြည်တကယ်လှကြောင်းလည်း သိခဲ့ရတယ်။ ရိုးသားတဲ့ တောသူတောင်သား တိုင်းရင်းသားတွေ၊ ရတာ ရှိတာလေးနဲ့ ရောင့်ရဲတင့်တိမ်တဲ့ဘဝတွေ၊ ဟန်ဆောင်မှုဆိုတာ သူတို့မှာ မရှိခဲ့ကြဘူး။ တကယ့်ကို ရိုးသားဖြူစင်ကြပါတယ်။

မြန်မာပြည်အထက်ပိုင်း ကချင်ပြည်နယ်၊ ချင်းပြည်နယ်ဘက်ကို ကျွန်မအရမ်းသွားချင်ခဲ့ပါတယ်။ သွားဖို့လည်း ကြိုးစားခဲ့တယ်။ ဒါပေမယ့် အဖော်မရှိလို့ မသွားဖြစ်ခဲ့ဘူး။ ခုတော့ သွားချင်တဲ့နေရာတွေဆီက လူတွေနဲ့ ခင်မင်ရင်းနှီးခွင့်ရခဲ့ပါတယ်။ သွားခွင့်မကြုံသေးခင် သူတို့ဆီကအလှကို ဓာတ်ပုံထဲကနေ မြင်တွေ့ခွင့်ရခဲ့ပါတယ်။ လွန်ခဲ့တဲ့(၁)ပတ်ကျော်က ဟားခါးမှာနေတယ်ဆိုတဲ့ မောင်လေးတစ်ယောက် ကျွန်မဆီ မိတ်ဆက်စာ ရေးလာခဲ့ပါတယ်။ ဟားခါးကနေ ဘလော့ဖတ်တယ်ဆိုတဲ့အကြောင်း ဘာဘာညာညာပေါ့။ အဲဒီမှာ သူ့ဆီကနေ ဟားခါးပုံတချို့တောင်းလိုက်တယ်။ ကျွန်မလို ခရီးသွား ဝါသနာပါသူတွေအတွက် ချင်းပြည်နယ် ဟားခါးမြို့ရဲ့ပုံတွေကို မျှဝေလိုက်ပါတယ်။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ အရောက်သွားကြစို့ပေါ့......း)

တောင်ပတ်လမ်း

ချိုင့်ဝှမ်းလွင်ပြင် စပါးခင်း

ဟားခါးမြို့- ပြည်နယ်အားကစားကွင်း

လက်ဖက်ခြံ


တောင်ယာ

ချိုင့်ဝှမ်း စပါးခင်း

ဟားခါးမြို့တောင်ကြား မနက်နေမထွက်ခင်

တောင်ဇလပ်

ဟားခါးမြို့ အပေါ်စီးမြင်ကွင်း

ခရစ်စမတ်ဘိုးဘိုး

တောင်ယာ

ကလေးမြို့ဘက်ကနေ ဟားခါးကိုလာရင် မဖြစ်မနေဖြတ်ရတဲ့ ဗားရ်တံတား

လက်ဖက်ခြံနဲ့ ချင်းပျိုမယ်

တောရိုင်းပန်း

လှေကားထစ် တောင်ယာစပါးခင်း

ဓာတ်ပုံပို့ပေးတဲ့ ဟားခါးက နောင်နောင်ကိုကျေးဇူးတင်ပါတယ်း)

နိုင်းနိုင်းစနေ


Share/Bookmark

Monday, January 24, 2011

ထရပ်ခဲ့တဲ့ သမ္မတ


၂ဝရာစုခေတ် နှစ်(၃ဝ)အစောပိုင်း တစ်ခုသောနွေဦးရာသီအစမှာ ရုရှားနိုင်ငံမှာရှိတဲ့ သာမန်လယ်သမား မိသားစုတစ်စုဆီကနေ သားယောက်ျားတစ်ဦး ဖွားမြင်ခဲ့တယ်။ ဆင်းရဲတဲ့လယ်သမား မိသားစုဖြစ်တဲ့အတွက် ကလေးငယ်ရဲ့ဘဝဟာ မွေးလာတာနဲ့ ဆင်းရဲတဲ့ဒဏ်ကို စခံခဲ့ရတယ်။ သူဟာ မိသားစုဝင်(၆)ဦးနဲ့အတူ အိမ်စုတ်လေးတစ်လုံးထဲမှာ ကြပ်ကြပ်ညှပ်ညှပ်နေခဲ့ရတယ်။ သူတို့အိမ်မှာ နို့စားနွားမတစ်ကောင်ကလွဲလို့ တခြားအဖိုးတန်ပစ္စည်း ဘာမှမရှိခဲ့ပါဘူး။

ကျောင်းစတက်တဲ့အရွယ်မှာ ကလေးငယ်ဟာ ကျောင်းစာတွေကို ကြိုးစားသင်ယူခဲ့တယ်။ ကျောင်းစာမှာ ထူးချွန်ထက်မြက်တဲ့သူ့ကို အတန်းသားအားလုံးက ချစ်ခင်နှစ်သက်ကြတယ်။ အတန်းသားတွေကြားမှာ သူနာမည်ကောင်းရခဲ့တယ်။ ဒါပေမယ့် ဆရာတချို့က သူ့ကို မနှစ်သက်ခဲ့ဘူး။ သူ့ကို ကျောင်းသားဆိုးတစ်ယောက်လို့ သဘောထားခဲ့ကြတယ်။ ဆရာတချို့က သူ့ကိုကျောင်းထုတ်လိုက်ဖို့ ကျောင်းအုပ်ကြီးဆီ အကြိမ်ကြိမ်တင်ပြကြတယ်။ ကျောင်းထုတ်ရတဲ့အကြောင်းရင်းက အတန်းထဲမှာ သူဟာ တခြားလူတွေ ထင်မှတ်မထားတဲ့ ထူးဆန်းတဲ့အကြံဉာဏ်တွေကို ထုတ်တတ်လို့ဖြစ်တယ်။

ဆရာတွေကို ပိုဦးနှောက်ခြောက်စေတာက
အတန်းထဲမှာ ကျောင်းသားတချို့ မတရားခံရတဲ့အခါ ဒါမှမဟုတ် သူကိုယ်တိုင် မတရားခံရတဲ့အခါ သူဟာ သတ္တိရှိရှိထရပ်ပြီး ရင်ဆိုင်ဖြေရှင်းတတ်တယ်။ သူ့ရဲ့ယုတ္တိရှိတဲ့၊ မှန်ကန်တဲ့စကားတွေက ဆရာတွေကို နှုတ်ဆိတ်သွားစေတယ်။ ကြောင်အသွားစေတယ်။

အဲဒီနှစ်ရဲ့ အထက်တန်းစာမေးပွဲကို သူကောင်းကောင်း ဖြေဆိုနိုင်ခဲ့တယ်။ ဘာသာရပ်တိုင်း အမှတ်ပြည့်နီးနီး သူဖြေဆိုနိုင်ခဲ့တယ်။ အထက်တန်းကို သူလျောလျောရှူရှူ အောင်မြင်နိုင်မယ်လို့ သူယုံကြည်ခဲ့တယ်။ အောင်စာရင်းပေးပွဲ ကျင်းပတဲ့နေ့မှာ အတန်းသားအားလုံး ပျော်ပျော်ရွှင်ရွှင်နဲ့ ပြန်ဆုံခဲ့ကြတယ်။ တစ်ယောက်တစ်လှည့်စီ စင်မြင့်ပေါ်တက်ပြီး ဆရာလက်ထဲကနေ ကိုယ်ပိုင်အောင်စာရင်းစာရွက်ကို တလေးတစား လက်ခံခဲ့ကြတယ်။ သူ့အလှည့်ရောက်တော့ စတိတ်စင်ပေါ်တက်ပြီး သူ့မှာ ပြောစရာစကားရှိတယ်၊ သူ့ကိုစကားပြောခွင့်ပေးဖို့ ပွဲကျင်းပတဲ့ဆရာမဆီ သူခွင့်တောင်းလိုက်တယ်။ သူပြောမယ့်စကားကို စိတ်ဝင်စားတဲ့ဆရာမက သူ့ကိုခွင့်ပြုလိုက်ပါတယ်။ စင်အောက်က အတန်းသားတွေလည်း လက်ခုပ်လက်ဝါးတီးပြီး သူ့ကိုအားပေးခဲ့ကြတယ်။

စစချင်းမှာ သူဟာ သူတို့ကိုပညာသင်ကြားပေးတဲ့၊ ဂရုစိုက် ကူညီစောင့်ရှောက်ခဲ့တဲ့ ဆရာတွေကို ကျေးဇူးတင်ကြောင်း ပြောခဲ့တယ်။ စင်ပေါ်စင်အောက် လူအများက သူ့ကို လက်ခုပ်တီး အားပေးခဲ့တယ်။ ဆက်ပြီး သူတို့အတန်းပိုင်ဆရာကို သူစဝေဖန်ပါတယ်။ အတန်းပိုင်ဆရာရဲ့ စာသင်ချိန်အတွင်းမှာ ပြုလုပ်ခဲ့တဲ့ အမှား၊ ဆိုးကျိုးတွေကို ဝေဖန်ထောက်ပြခဲ့တယ်။ အတန်းသားအပေါ် အတန်းပိုင်ဆရာရဲ့ တန်းတူညီမျှ မဆက်ဆံမှုတွေ၊ သင်ပြပုံ စနစ်မကျမှုတွေကို ပြောဆိုခဲ့တယ်။ သူ့ဝေဖန်ချက်တွေကြောင့် စင်ပေါ်ထိုင်နေတဲ့ အတန်းပိုင်ဆရာ ဒေါသထွက် အရှက်ရသွားခဲ့တယ်။

အဲဒီအောင်စာရင်းပေးပွဲပြီးနောက် သူဟာ သူ့အောင်စာရင်းကို သွားယူခဲ့တယ်။ ဒါပေမယ့် ကျောင်းက သူ့ကိုအောင်စာရင်းစာရွက် ထုတ်မပေးခဲ့ဘူး။ ဒီအတွက် သူ မကျေမနပ်ဖြစ်ခဲ့တယ်။ စာမေးပွဲကို သူအောင်အောင်မြင်မြင် ဖြေဆိုနိုင်ခဲ့တယ်။ အောင်မြင်ကြောင်းလည်း ကြေညာခဲ့တယ်။ ဒါကြောင့် အောင်စာရင်းစာရွက်ကို ရနိုင်တဲ့အရည်အချင်း သူ့မှာရှိတယ်လို့ သူထင်ခဲ့တယ်။ သူ့ကို အောင်စာရင်းစာရွက်ထုတ်ပေးဖို့ ကျောင်းကငြင်းဆန်ခဲ့တာဟာ မတရားဘူး။ ဒါဟာ သူ့အခွင့်အရေးကို ပိတ်ပင်တာဖြစ်တယ်လို့ သူထင်ပြီး ကျောင်းနဲ့ သက်ဆိုင်ရာပညာရေးရုံးမှာ သူတိုင်ကြားခဲ့တယ်။ သူရနိုင်တဲ့ မှန်ကန်တဲ့ အခွင့်အရေးအတွက် သူအသံထွက်ခဲ့တယ်။

သူ့ရဲ့ကြိုးစားမှုကြောင့် အထက်သက်ဆိုင်ရာလူကြီးတွေက သူ့အတန်းပိုင်ဆရာရဲ့ အပြုအမှုကို စောင့်ကြည့်ဖို့ အဖွဲ့တစ်ဖွဲ့ ဖွဲ့ခဲ့တယ်။ နောက်ဆုံးမှာ အမှားတွေ၊ မတရားမှုတွေနဲ့ ကျောင်းသားတွေအပေါ် မျှမျှတတမဆက်ဆံခဲ့တဲ့ အတန်းပိုင်ဆရာဟာ အရေးယူခံခဲ့ရတယ်။ သူ့ရဲ့မတွန့်မကြောက် အမှန်ကိုအမှန်အတိုင်း ထရပ်ပြောဆိုခဲ့တဲ့ သတ္တိကြောင့် နောက်ဆုံးမှာ သူရထိုက်တဲ့ သူ့ကိုယ်ပိုင် အောင်စာရင်းစာရွက်ကို ရခဲ့တယ်။

သူဟာ ဆင်းရဲလို့ဆိုပြီး မသိမ်ငယ်ခဲ့ဘူး၊ အထင်မသေးခဲ့ဘူး။ ကိုယ့်ကိုယ်ကိုလေးစားမှု သူ့မှာရှိခဲ့တယ်။ သူတစ်ပါးအတွက် အကျိုးရှိတဲ့၊ ရသင့်ရထိုက်တဲ့ အခွင့်အရေးအတွက် စကားပြောဆိုခွင့်ကြုံလာတိုင်း သူသတ္တိရှိရှိထွက်ရပ်ပြီး ပြောခဲ့တယ်။ တရားမျှတမှုနဲ့ မှန်ကန်မှုအတွက် သူသတ္တိရှိရှိ ရင်ဆိုင်ခဲ့တယ်။

သူဟာ တခြားသူမဟုတ်ခဲ့ပါဘူး... ရုရှားနိုင်ငံရဲ့ ပထမဆုံးသောသမ္မတ Boris Yeltsinပဲဖြစ်တယ်။ သူ့ရဲ့ စကားပြောသင့်ချိန်မှာ သတ္တိရှိရှိထွက်ရပ်ပြီး ပြောရဲတဲ့အပြုအမှုကြောင့် သူ့ဘဝလမ်းတစ်လျှောက်မှာ လူအများရဲ့ ဂရုစိုက်မှု၊ လေးစားမှုနဲ့ အောင်မြင်ကျော်ကြားမှုတွေ ရခဲ့တယ်။

လူ့ဘဝရဲ့ တချို့အချိန်တွေမှာ သတ္တိဆိုတာလိုအပ်တယ်။ အပြုသဘောဆောင်တဲ့ စိတ်ဓာတ်တွေ လိုအပ်တယ်။ မကြောက်မရွံ့တဲ့ သတ္တိတွေရှိမှ ကိုယ်ပဲရှိတယ်လို့ထင်တဲ့ နေရာကနေ ရုန်းထွက်ပြီး အချင်းချင်း အပြန်အလှန် ဆက်ဆံပြောဆိုမှုထဲ စီးဝင်မှာဖြစ်တယ်။ ဒါမှ ကွဲပြားတဲ့အသံ၊ မတူတဲ့အကြံဉာဏ်၊ ဝေဖန်သံတွေကို ကြားရမှာဖြစ်တယ်။

ဂျာမန်နာမည်ကြီး စာရေးဆရာGoetheက "သူရဲဘောကြောင်သူတွေဟာ သက်ပြင်းချတယ်၊ ညည်းတွားတယ်၊ ထိုင်းမှိုင်းတယ်။ သတ္တိရှိသူတွေဟာ ဖြူစင်တဲ့မျက်လုံးတွေနဲ့ အလင်းရှိရာဘက် ဦးတည်ခေါင်းမော့တယ်"လို့ ဆိုခဲ့ပါတယ်။

http://www.jfffff.com/qinggan/60.html

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Sunday, January 23, 2011

လူ့ဘဝ သုံးခု


ကိစ္စသုံးရပ်

(၁) တံခါးပိတ်တတ်ရမယ်

"မနေ့က"နဲ့ "မနက်ဖြန်"ရဲ့ တံခါးနှစ်ချပ်ကိုပိတ်ပြီး "ဒီကနေ့"တိုင်းကို ကောင်းကောင်းမွန်မွန် ကျော်ဖြတ်တတ်ရမယ်။ "ဒီကနေ့"တိုင်းကို ကောင်းကောင်းမွန်မွတ် ဖြတ်ကျော်တာဟာ "ဒီတစ်သက်"ကို ကောင်းကောင်းမွန်မွန် ဖြတ်ကျော်တာနဲ့ အတူတူဖြစ်တယ်။

(၂) တွက်ချက်တတ်ရမယ်

ကိုယ့်ရဲ့ပျော်ရွှင်ခြင်းနဲ့ ကိုယ်လုပ်တဲ့ မှန်ကန်တဲ့အလုပ်ကို တွက်ချက်တတ်ရမယ်။ ပျော်ရွှင်ခြင်းကို တွက်ချက်လေ ကိုယ့်ကိုပျော်ရွှင်လေဖြစ်သလို မှန်ကန်တဲ့အလုပ်ကို တွက်ချက်လေ ကိုယ့်ကိုယ်ယုံကြည်မှုတွေ ရှိစေလေဖြစ်တယ်။

(၃) လက်လွတ်တတ်ရမယ်

လက်လွတ်တတ်ရမယ်ဆိုတဲ့ စကားက အရင်ဆုံး "လက်လွတ်တတ်"မှ နောက်"ရမှာ"ဖြစ်တယ်။ လောကမှာရှိတဲ့အရာတချို့က လက်လွတ်တတ်မှ ပိုင်ဆိုင်ရတယ်။ ဒါမှမဟုတ် လက်လွတ်ပြီးမှ ပိုင်ဆိုင်ရတယ်။ နည်းနည်းလေးမှ လက်မလွတ်တတ်ဘဲ အရာရာကို ပိုင်ဆိုင်ချင်လို့ မရနိုင်ပါဘူး။


စကားသုံးခွန်း

(၁) ထားလိုက်တော့!

ဘယ်လိုမှ ပြောင်းလဲလို့မရတဲ့ ဖြစ်ရပ်မှန်တစ်ခုအတွက် အကောင်းဆုံးနည်းက အဲဒီဖြစ်ရပ်ကို လက်ခံတာပဲဖြစ်တယ်။

(၂) ကိစ္စမရှိဘူး!

ဘာပဲဖြစ်နေဖြစ်နေ ကိစ္စမရှိဘူးလို့ ကိုယ့်ကိုကိုယ် ပြောတတ်ရမယ်။ မှတ်ထားရမှာက အပြုသဘောဆောင်တဲ့၊ အကောင်းမြင်တဲ့ စိတ်ဓာတ်ဟာ ပြဿနာတိုင်းကို ဖြေရှင်းနိုင်တဲ့၊ အခက်အခဲတိုင်းကို အောင်မြင်နိုင်တဲ့ ပထမခြေလှမ်းဖြစ်တယ်ဆိုတာကိုပဲ။

(၃) ပြီးသွားမှာပါ!

မိုးတွေ ဘယ်လောက်ကြီးကြီးရွာပါစေ၊ ဘယ်နှစ်ရက်ဆက်တိုက် ရွာပါစေ.... မိုးစဲပြီး နေရောင်ဖြာမယ့်ရက် ရှိတယ်ဆိုတာကို ယုံကြည်ထားရမယ်။ မိုးတွေအမြဲ မအုံ့နိုင်ပါဘူး။ မိုးအုံ့လိုက် နေသာလိုက်နဲ့ သဘာဝက ဒီအတိုင်းပဲဖြစ်တယ်။ ဘဝဟာလည်း ဒီအတိုင်းပဲဖြစ်တယ်။


ပျော်ရွှင်ခြင်း (၃)မျိုး

(၁) သူတစ်ပါးကို ကူညီတဲ့ ပျော်ရွှင်ခြင်း
(၂) ရောင့်ရဲတဲ့ ပျော်ရွှင်ခြင်း
(၃) ပျော်စရာကို ရှာဖွေတတ်တဲ့ ပျော်ရွှင်ခြင်း

တနည်းပြောရရင် အဆင်ပြေချိန် သူတစ်ပါးကိုကူညီပြီး ပျော်ရွှင်ခြင်းကိုရှာတတ်ရမယ်။
အဆင်သိပ်မပြေချိန် ရောင့်ရဲခြင်းနဲ့ ပျော်ရွှင်ခြင်းကို ရှာတတ်ရမယ်။

အခက်အခဲနဲ့ကြုံချိန် အခက်အခဲကြားထဲကနေ ပျော်ရွှင်ခြင်းကို ရှာတတ်ရမယ်။


မ...... နဲ့ (၃)ခု

(၁) တခြားသူရဲ့အမှားနဲ့ ကိုယ့်ကိုကိုယ် အပြစ်မပေးနဲ့။

လက်တွေ့ဘဝမှာ လူအများစုဟာ ပင်ပန်းဒဏ်ကို မကြောက်ကြဘူး။ သေမှာမကြောက်ကြဘူး။ ဘယ်လောက်ပဲ လေးတဲ့ဝန်ဖြစ်ဖြစ် ထမ်းရမှာ မကြောက်ကြဘူး။ ဘာအခက်အခဲဖြစ်ဖြစ် မတွန့်ဆုတ်ကြဘူး။ ဒါပေမယ့် အမှားအယွင်း၊ မတရားခံရတာကိုတော့ မခံနိုင်ကြဘူး။ အမှားအယွင်း၊ မတရားခံရတယ်ဆိုတာ ကိုယ်လုပ်တာမဟုတ်တဲ့ တခြားသူလုပ်တဲ့ အမှားတွေဖြစ်တယ်။ အဲဒီတခြားလူလုပ်တဲ့ အမှားနဲ့ ကိုယ့်ကိုကိုယ် အပြစ်မပေးနဲ့။

(၂) ကိုယ့်အမှားနဲ့ တခြားသူကို အပြစ်မပေးနဲ့

ကိုယ်မတရားခံရသလို တခြားသူကိုလည်း မတရားဆက်ဆံတယ်။ ဒါဟာ တခြားသူကို ထိခိုက်နာကျင်စေတဲ့နည်းတူ ကိုယ့်ကိုကိုယ်လည်း ပြန်ထိခိုက်နာကျင်စေတယ်။

(၃) ကိုယ့်အမှားနဲ့ ကိုယ့်ကိုကိုယ် အပြစ်မပေးနဲ့

လူကောင်းဆိုတာ ဘာလဲ? တကယ်လို့ လူတစ်ယောက်ကို အလုပ်(၁ဝ)ခု လုပ်ခိုင်းတယ်။ အလုပ် (၇)ခု (၈)ခုကို သူမှန်မှန်ကန်ကန် လုပ်နိုင်တယ်။ ဒါဆို သူဟာလူကောင်းဖြစ်တယ်။ ဒီစကားထဲမှာ နောက်ထပ်အဓိပ္ပာယ်တစ်မျိုး ဝှက်ထားတယ်။ လူကောင်းလည်း အမှားလုပ်နိုင်တယ်။ ဒါကြောင့် လူကောင်းအမှားလုပ်တာ ကိစ္စမရှိဘူး။ ဘယ်လောက်ပဲကြီးတဲ့ အမှားဖြစ်ဖြစ် ကိစ္စမရှိဘူး။ ဒါပေမယ့် အမှားလုပ်မိတာနဲ့ အမှားရဲ့ရင်းမြစ်ကို ရှာတတ်ရမယ်။ ပြုပြင်တတ်ရမယ်။ သင်ခန်းစာယူတတ်ရမယ်။ ပြောင်းလဲတတ်ရမယ်။ ကိုယ့်အမှားနဲ့ ကိုယ့်ကိုကိုယ် အပြစ်မပေးနဲ့။ အဲဒီအမှားကို ဘယ်လိုပြုပြင် ပြောင်းလဲရမလဲဆိုတာကိုပဲ ရှာဖွေပါ။

http://www.duwenzhang.com/wenzhang/renshengzheli/ganwu/20101225/165772.html

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

မောင်ကြီးချက်တဲ့ ဟင်း


မနက်ဖြန် ဘုန်းကြီးကျောင်းဆွမ်းသွားကပ်မယ်ဆိုမှ ကျွန်မရောက်လာကတည်းက ထမင်းဟင်းချက်ရာထူးက နုတ်ထွက်ထားတဲ့မောင်ကြီးဟာ မီးဖိုချောင်ပြန်ဝင်ပါတယ်။ ဘုန်းကြီးကိုကပ်မယ့်ဆွမ်းအတွက် ရေလုံပြုတ်ဟင်းတွေသာ ချက်တတ်တဲ့ကျွန်မကို စိတ်မချလို့ဖြစ်မယ်၊ ဒါမှမဟုတ် ကျွန်မချက်သမျှ ရှမ်းစာ၊ တရုတ်စာ၊ အင်းသားစာတွေစားပြီး တစ်ခုမှ ခံတွင်းမတွေ့ခဲ့လို့လည်းဖြစ်မယ်။ ဒီတစ်ခါ သူချက်မှာက "ကနှပ်"လို့ခေါ်တဲ့ ထားဝယ်ဟင်းပါတဲ့....

ပါဝင်တဲ့ပစ္စည်းတွေက ပန်းမုန်လာ၊ ပဲတောင့်၊ ပဲပင်ပေါက်၊ ခရမ်းသီး၊ ကြက်သွန်ဖြူ/နီ၊ စပါးလင်၊ စိမ်းစားငပိ၊ နှမ်းတွေ ဖြစ်ပါတယ်။

ပထမဆုံး ကနှပ်ဟင်းအပေါ် ဖြူးထည့်မယ့် ငရုတ်သီးခြောက်၊ ကြက်သွန်နီနဲ့ ကြက်သွန်ဖြူကို အရင်ဆီချက်လုပ်ထားရပါတယ်။

ရေကိုအရင်တည်ပြီး အဲဒီရေထဲ နနွင်း၊ ဆားနဲ့ ရှာလကာရည်ကို ထည့်ပါတယ်။ ရေဆူလာရင် ဆေးထားတဲ့ အသီးအရွက်တွေကို တစ်မျိုးချင်းစီ ထည့်ပြုတ်ပါတယ်။ (အနေတော်ပြုတ်ပါ.. အရမ်းနူးနေအောင် မပြုတ်ပါနဲ့)

နနွင်း၊ ရှာလကာရည်နဲ့ ပြုတ်ထားတဲ့ ပန်းမုန်လာ၊ ပဲတောင့်၊ ပဲပင်ပေါက်၊ ခရမ်းသီးတွေက ခပ်ချဉ်ချဉ်လေးဖြစ်ပြီး ဝါနေပါတယ်။


အဲဒီနောက် ဆီအိုးတည်ပြီး နုတ်နုတ်စင်းထားတဲ့ ကြက်သွန်ဖြူ/နီ၊ စပါးလင်တွေကို နွမ်းသွားအောင်ကြော်ပါတယ်။ ငပိထည့်ကြော်ပါတယ်။ ကြော်လို့အားလုံးမွှေးကြိုင်လာရင် ပြုတ်ထားတဲ့ဟင်းရွက်တွေကို ထည့်ကြော်ပါတယ်။ ဆားအပေါ့အငန်ကို မြည်းစမ်းပြီးထည့်ပါတယ်။ နှမ်းဖြူးပါတယ်။ (အစပ်ကြိုက်ရင် ငရုတ်သီးမှုန့်ထည့်နိုင်ပါတယ်)


နောက်ပိတ်ဆုံး ကြော်ထားတဲ့ ငရုတ်သီးခြောက်၊ ကြက်သွန်ဖြူ/နီတွေကို အပေါ်မှာ ဖြူးထည့်ပါတယ်။

ဒါဟာ မောင်ကြီးချက်တဲ့ ထားဝယ်"ကနှပ်"ဟင်းပါတဲ့..... (တကယ်ဆို အသီးအရွက်တွေကို ငပိနဲ့ကြော်လိုက်တာ၊ ငပိနံ့ကြောင့် ဘေးခန်းကတရုတ်ကြီး ထွက်မရိုက်ရုံတမယ်ပါပဲး) ဟင်းကိုစိတ်ဝင်စားရင် စမ်းချက်နိုင်ပါတယ်... :D

နိုင်းနိုင်းစနေ


Share/Bookmark

Friday, January 21, 2011

ကျရှုံးတာကို မကြောက်နဲ့


ဘဝဆိုတာ ရှည်လျားတဲ့ ခရီးလမ်းတစ်ခုဖြစ်တယ်။ ဒီလမ်းပေါ်မှာ ဖြောင့်ဖြူးတဲ့ လမ်းရှိသလို၊ ကွေးကောက်တဲ့ လမ်းလည်းရှိတယ်။
ပန်းတွေနဲ့ဝေတဲ့ လမ်းရှိသလို၊ ချိုင့်ခွက်တွေနဲ့ပြည့်တဲ့ လမ်းလည်းရှိတယ်။ ဒီလမ်းခရီးပေါ်မှာ လူတိုင်း လူတိုင်း အခက်အခဲ၊ ဒုက္ခတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရတတ်တယ်။ ဘဝရဲ့တန်ဖိုးဟာ ဒုက္ခတွေကို ကြံ့ကြံ့ခံအံတုရင်ဆိုင်ဖို့လို့ ကျွန်တော်တို့ ယုံကြည်ထားရင် ချိုင့်ဝှမ်းတွေကို ဖြတ်ကျော်ပစ်လိုက်ပါ။ လဲကျသွားခဲ့ရင် ဘယ်သူ့အကူမှမယူဘဲ ထရပ်ပါ။ ဆုံးရှုံးသွားခဲ့ရင် ဘယ်သူ့ဆီမှ အလျော်အစား ပြန်မတောင်းပါနဲ့.....

ကျရှုံးတာနဲ့ ပတ်သက်ကြီး လူတိုင်းမှာ မတူတဲ့အမြင်လေးတွေရှိကြတယ်။ ဘဝမှာ လူတိုင်း အခက်အခဲ၊ ဒုက္ခတွေကို မလွဲမသွေရင်ဆိုင်ကြရပါတယ်။ တစ်ခါတလေ အဲဒီလိုရင်ဆိုင်ရချိန် ရှေ့မတိုး နောက်မဆုတ်သာ၊ ဖြေရှင်းဖို့လမ်းစ ရှာမရခဲ့တဲ့အခါ မြူနှင်းမှုန်ကြား မားမားရပ်နေတဲ့ ထင်းရှူးပင်ကို သတိရလိုက်ပါ။ ပိန်းပိတ်မှောင်နေတဲ့ညမှာ လမ်းမီးသဖွယ် လင်းလက်နေတဲ့ ကြယ်လေးတွေကို မြင်ယောင်လိုက်ပါ။ ကြံ့ခိုင်တဲ့ယုံကြည်မှုတွေက ကျရှုံးခြင်းတွေကို ဖြတ်ကျော်နိုင်ပါတယ်။

ကျရှုံးတယ်ဆိုတာ တစ်ခြားလူထက် ညံ့လို့မဟုတ်ဘူး။
ကျရှုံးတယ်ဆိုတိုင်း သင်မအောင်မြင်နိုင်တာ မဟုတ်ဘူး။
ကျရှုံးတယ်ဆိုတာ လူ့ဘဝရဲ့ ဆုံးမှတ်မဟုတ်ဘူး။

ကျရှုံးခြင်းရဲ့ဆုံးမှတ်ဟာ အောင်မြင်ခြင်းရဲ့ စမှတ်ဖြစ်တယ်။
ကျရှုံးခြင်းကို သင်ရင်ဆိုင်ရဲရင်၊ ဖြတ်ကျော်ရဲရင် ပန်းခင်းထားတဲ့ အောင်မြင်လမ်းဆီ သင်အရောက်
လှမ်းနိုင်မှာဖြစ်တယ်။

လူ့ဘဝဆိုတာ ပင်လယ်ကြီးနဲ့တူတယ်။ ကျောက်ဆောင်၊ ကျောက်စွန်းတွေမရှိခဲ့ရင် လှပတဲ့ရေလှိုင်းတွေ ဖြစ်လာနိုင်မှာမဟုတ်ဘူး။ ကျရှုံးခဲ့ရင် အဲဒီကျရှုံးခဲ့တာကို အင်အားအဖြစ် ပြောင်းပစ်ရမယ်။ နုပျိုတက်ကြွတဲ့ လူငယ်လူရွယ်တွေရဲ့ ကြီးမြတ်တဲ့ရင်ခွင်ဟာ မပြောပလောက်တဲ့ ထိခိုက်မှုတွေကို သွားဂရုစိုက်နေစရာ မလိုဘူး....

ဘဝမှာ သင့်ကိုမျက်ရည်ကျစေတဲ့ အကြောင်းပြချက် အကြိမ်တစ်ထောင်ရှိခဲ့ရင် သင်ကလည်း အကြောင်းပြချက် အကြိမ်တစ်သောင်းနဲ့ ရယ်မောတတ်ရမယ်။

"မိုးသက်လေပြင်းကျနေပါစေ အောင်မြင်ခြင်းဆီသွားတဲ့ ခြေလှမ်းဟာ ဘယ်တော့မှမတွန့်ဆုတ်ဘူး" ဒါမှ တည်ငြိမ်တဲ့ စိတ်ဓာတ်ကိုရတယ်။

ဆူးခင်းလမ်းပဲဖြစ်ဖြစ်၊ ပန်းခင်းလမ်းပဲဖြစ်ဖြစ် ရင်ဆိုင်တတ်ရမယ်။
ရယူနိုင်တာပဲဖြစ်ဖြစ်၊ ဆုံးရှုံးသွားတာပဲဖြစ်ဖြစ် တည်ငြိမ်တဲ့စိတ်နဲ့ လက်ခံတတ်ရမယ်။

ဒါကမှ လူငယ်လူရွယ်တွေရဲ့ ရှင်သန်နည်းလို့ ကျွန်တော်ထင်တယ်။

လမ်းဆိုတာ ကျွန်တော်တို့ရဲ့ ခြေဖဝါးအောက်မှာပါ။ အတိတ်မှာ မှောင်မှိတ်တဲ့လမ်းတွေ ဖြတ်ခဲ့ဖူးပါစေ၊
အနာဂတ်မှာ လင်းလက်တဲ့လမ်းတွေ စောင့်မျှော်နေပါစေ..... အတိတ်ကို ယခုလက်ရှိရဲ့ဆုံးမှတ်လို့ သဘောထားပြီး အနာဂတ်ကို ယခုလက်ရှိရဲ့စမှတ်လို့ သဘောထားလိုက်ပါ။

ကျရှုံးတာဟာ ကြောက်ဖို့ မကောင်းပါဘူး။ ကိုယ့်ရည်မှန်းချက်အတွက် ကျွန်တော်တို့ ပျံသန်းရတယ်။ လေဒဏ်မိုးဒဏ်တွေကို ကျွန်တော်တို့ ခံကြရတယ်။ ရည်မှန်းချက်တွေ အကောင်အထည်ဖော်ဖို့ ကျွန်တော်တို့ ပျံသန်းရတယ်။ နွေးထွေးတဲ့နေရောင်ခြည်နဲ့ လေပြေလေညင်းတွေကို ကျွန်တော်တို့ ခံကြရတယ်။ ပျံသန်းစဉ်မှာ ကျွန်တော်တို့ရဲ့မကြံ့ခိုင်တဲ့အတောင်ပံတွေက ထိခိုက်ဒဏ်ရာရကောင်း ရတတ်တယ်။ ဒါပေမယ့် အဝေးကို ကျွန်တော်တို့ ပျံသန်းရတယ်။ ငယ်ရွယ်နုပျိုတဲ့အချိန်ဟာ တဟုန်းဟုန်း တောက်နေတဲ့ မီးတောက်နဲ့တူတယ်၊ ရဲရဲနီနေတဲ့ နေလုံးကြီးနဲ့တူတယ်.... လှပတဲ့အနာဂတ်ကို ပုံဖော်ရေးဆွဲဖို့၊ တကယ့်လူ့ဘဝကို အရသာခံဖို့၊ ဘဝရဲ့ပျော်စရာတွေကို သီကုံးရေးသားဖို့ ကျွန်တော်တို့ကို ခွန်အားဖြည့်ခဲ့တယ်။

http://www.duwenzhang.com/wenzhang/renshengzheli/chenggong/20080214/2596.html

နိုင်းနိုင်းစနေ ဘာသာပြန်သည်။



Share/Bookmark

ခံစားချက်ကို ထိန်းချုပ်နိုင်ပြီလား?


"The Greatest Salesman in the World"စာအုပ်ကို ရေးသားခဲ့တဲ့ အမေရိကန်စာရေးဆရာ "Og Mandino" ဟာ ဒီလိုစာတစ်ပိုဒ်ကို ရေးသားခဲ့တယ်။ ဒီစာဟာ ခံစားချက်ကို မထိန်းချုပ်နိုင်သူတွေအတွက် အကျိုးရှိမယ်ထင်ပါတယ်။


ဒီရေအတက်အကျ၊ ဆောင်းအကုန် နွေအကူး၊ နွေအကုန် မိုးအကူး၊ နေဝင်နေထွက်၊ လပြည့်လကွယ်၊ ပန်းပွင့်ပန်းညှိုး၊ မြက်တွေရှည်ပြီး အသီးတွေဝင်းမှည့်သလို သက်ရှိသက်မဲ့အရာတိုင်းဟာ အချိန်ရာသီနဲ့အတူ မပြတ်ပြောင်းလဲနေခဲ့တယ်။ အဲဒီထဲမှာ ကောင်းလိုက်၊ ဆိုးလိုက်ဖြစ်တတ်တဲ့ ကျွန်တော့်ရဲ့ခံစားချက်လည်းပါတယ်။

ဒီကနေ့မှာ ခံစားချက်ကို ကျွန်တော်ထိန်းချုပ်နိုင်အောင် သင်ယူမယ်။ ဒါဟာ သဘာဝရဲ့လှည့်စားချက်ဖြစ်တယ်။ ဒါကို လူတိုင်းလုပ်နိုင်ဖို့ ခဲယှဉ်းတယ်။

အိပ်ရာက နှိုးထလာတဲ့နေ့တိုင်းမှာ ခံစားချက်အဟောင်းတွေ ကျွန်တော်မှာမရှိတော့ဘူး။ မနေ့ကပျော်ရွှင်ခဲ့တာတွေက ဒီကနေ့ရဲ့ဝမ်းနည်းခြင်းဖြစ်သွားတယ်။ ဒီကနေ့ရဲ့ စိတ်ညစ်စရာတွေက မနက်ဖြန်ရဲ့ပျော်ရွှင်ခြင်းတွေဖြစ်သွားတယ်။

ကျွန်တော်ရဲ့စိတ်ဟာ မပြတ်လည်နေတဲ့ ဘီးနဲ့တူတယ်။ ပျော်ရွှင်ခြင်းကနေ ဝမ်းနည်းခြင်း၊ ဝမ်းနည်းခြင်းကနေ ပျော်ရွှင်ခြင်း၊ ပျော်ရွှင်ခြင်းကနေ ပူပန်ခြင်းအဖြစ်ပြောင်းတယ်။ ပန်းတစ်ပွင့်လို ဒီကနေ့မှာ ညှိုးနွမ်းသွားတဲ့ပန်းဟာ မနက်ဖြန်မှာ အသစ်ပြန်စမယ့်မျိုးစေ့အဖြစ် ပြောင်းသွားတယ်။ ဒီကနေ့ရဲ့ ဝမ်းနည်းခြင်းတွေက မနက်ဖြန်ရဲ့ပျော်ရွှင်ခြင်းတွေဖြစ်တယ်။

ဒီကနေ့မှာ ခံစားချက်ကို ကျွန်တော်ထိန်းချုပ်နိုင်အောင် သင်ယူမယ်။

ဘယ်လိုလုပ်မှ ကျွန်တော့်ခံစားချက်ကို ကျွန်တော်ထိန်းချုပ်နိုင်ပြီး နေ့တိုင်းအကျိုးရှိအောင် လုပ်မလဲ? ကျွန်တော့်စိတ်တွေ ငြိမ်သက်အေးချမ်းမနေရင် ဒီကနေ့ဟာလည်း ကျရှုံးတဲ့နေ့တစ်နေ့ ဖြစ်လိမ့်မယ်။

သစ်ပင်ပန်းမာတွေက ရာသီဥတုနောက်လိုက်ပြီး ကြီးထွားရှင်သန်ကြတယ်။ ဒါပေမယ့် ကျွန်တော်က ကျွန်တော့်ရဲ့ရာသီဥတုကို ကိုယ်တိုင်ဖန်ဆင်းတယ်။ ရာသီဥတု မသင့်မြတ်တာကို ကျွန်တော့်ရဲ့စိတ်ဝိညာဉ်နဲ့ ဘယ်လိုပြုပြင်မလဲဆိုတာကို ကျွန်တော်သင်ယူတယ်။ တကယ်လို့ ကျွန်တော်ဟာ ကာစတန်မာတွေအတွက် မိုးသက်လေပြင်းတွေ၊ အမှောင်နဲ့ စိတ်မချမ်းသာမှုတွေ သယ်ဆောင်ခဲ့ရင် သူတို့ကလည်း သူတို့ခံစားရတဲ့ မိုးသက်လေပြင်း၊ စိတ်မချမ်းသာမှုတွေနဲ့ ပြန်တုန့်ပြန်ပြီး ဘာမှမဝယ်ဘဲနေတတ်တယ်။

ဆန့်ကျင်စွာနဲ့ တကယ်လို့ ကျွန်တော်က သူတို့အတွက် ပျော်ရွှင်ခြင်း၊ အလင်းနဲ့ရယ်သံအပြုံးတွေပေးခဲ့ရင် သူတို့က သူတို့ခံစားရတဲ့ ပျော်ရွှင်ခြင်း၊ အပြုံးတွေနဲ့ပြန်တုန့်ပြန်တတ်တယ်။ အဲဒီအခါမှာ သူတို့ဆီရောင်းတဲ့ အကျိုးအမြတ်၊ ငွေကြေးတွေကို ကျွန်တော်ရတယ်။

ဒီကနေ့မှာ ခံစားချက်ကို ကျွန်တော်ထိန်းချုပ်နိုင်အောင် သင်ယူမယ်။

ဘယ်လိုလုပ်မှ ကျွန်တော့်ရဲ့ခံစားချက်တွေကို ထိန်းချုပ်နိုင်ပြီး နေ့တိုင်းပျော်ရွှင်ခြင်းတွေနဲ့ ပြည့်အောင်လုပ်မလဲ?

ပျော့ညံ့သူတွေက ခံစားချက်နဲ့ အပြုအမှုကို ထိန်းချုပ်တယ်၊ ထက်မြက်သူတွေက အပြုအမှုနဲ့ ခံစားချက်ကို ထိန်းချုပ်တယ်ဆိုတဲ့ ဟိုးရှေးရှေးကတည်းကရှိခဲ့တဲ့ လျှို့ဝှက်ချက်လို ကျွန်တော်သင်ယူရမယ်။

နေ့တိုင်း အိပ်ရာကနှိုးလာတဲ့အချိန် ကျွန်တော်ကို ဝမ်းနည်းခြင်း၊ ကျရှုံးခြင်း၊ သိမ့်ငယ်ခြင်းစတဲ့ ခံစားချက်တွေ ဝိုင်းရံထားရင် အဲဒီခံစားချက်တွေကို ကျွန်တော်က ဒီလိုဆန့်ကျင်တယ်။

ညှိုးငယ်ထိုင်းမှိုင်းတယ်လို့ ခံစားရရင် သီချင်းအကျယ်ကြီး အော်ဆိုတယ်။
ဝမ်းနည်းကြေကွဲတယ်လို့ ခံစားရရင် တဟားဟား အော်ရယ်ပစ်တယ်။
ထိခိုက်နာကျင်တယ်လို့ ခံစားရရင် အလုပ်ဆတိုးလုပ်ပစ်တယ်။
သိမ်ငယ်အားငယ်တယ်လို့ ခံစားရရင် အင်္ကျီအသစ်လဲဝတ်လိုက်တယ်။
မလုံခြုံဘူးလို့ ခံစားရရင် အသံကို မြင့်လိုက်တယ်။
ဆင်းရဲတယ်လို့ ခံစားရရင် အနာဂတ်ရဲ့ချမ်းသာကြွယ်ဝမှုကို တွေးတယ်။
အားအင်ချို့တဲ့တယ်လို့ ခံစားရရင် အောင်မြင်ခဲ့ဖူးတာကို တွေးတယ်။
သေးသိမ်တယ်လို့ ခံစားရရင် ကျွန်တော့်ပန်းတိုင်ကို ကျွန်တော်သတိရတယ်။
ဘာပဲဖြစ်ဖြစ် ဒီကနေ့မှာ ခံစားချက်ကို ကျွန်တော်ထိန်းချုပ်နိုင်အောင် သင်ယူမယ်။

အသိဉာဏ်နည်းသူတွေမှ အကျအရှုံးရှိတယ်။ ကျွန်တော်ဟာ အသိဉာဏ်နည်းသူတစ်ယောက်တော့ မဟုတ်ဘူး။ ကျွန်တော့်အင်အားကို ဖျက်ဆီးဖို့ ကြံရွယ်နေတဲ့ ခံစားချက်တွေကို ကျွန်တော်တားဆီးရလိမ့်မယ်။

စိတ်ထိခိုက်ခြင်းနဲ့ ဝမ်းနည်းကြေကွဲခြင်းတွေကို မျက်စိနဲ့တွေ့နိုင်ပေမယ့် ကျန်တဲ့ခံစားချက်တွေကိုတော့ အလွယ်တကူ သိနိုင်ဖို့ခက်တယ်။ အဲဒီခံစားချက်တွေဟာ အပြုံးတုတွေတပ်ပြီး ကျွန်တော်တို့ကို အချိန်မရွေး ဖျက်စီးနိုင်တယ်။ အဲဒီအတွက် ကျွန်တော်အမြဲ နိုးနိုးကြားကြားနေခဲ့တယ်။

မွေ့လျော်တယ်လို့ ခံစားရတဲ့အခါ ဆင်းရဲငတ်ပြတ်တဲ့နေ့ရက်တွေကို ကျွန်တော်မှတ်မိရမယ်။

အောင်နိုင်တယ်လို့ ခံစားရတဲ့အခါ ပြိုင်ဘက်တွေကို ကျွန်တော်သတိရမယ်။
အားရကျေနပ်တယ်လို့ ခံစားရတဲ့အခါ သည်းခံရှက်ရွံ့ခဲ့တဲ့အချိန်ကို မမေ့ခဲ့ဘူး။
ကိုယ့်ကိုယ်ကို အထင်ကြီးတဲ့အခါ လေကို ရပ်တန့်အောင် လုပ်နိုင်ပြီလားလို့ တွေးရမယ်။
ချမ်းသာကြွယ်ဝတယ်လို့ ခံစားရတဲ့အခါ ဆာလောင်ငတ်မွတ်နေသူတွေကို သတိရမယ်။
မာနကြီး စိတ်ကြီးဝင်တဲ့အခါ ကောင်းကင်ပေါ်က ကြယ်ကလေးတွေကို ခေါင်းမော့ကြည့်မယ်။

ဒီကနေ့မှာ ခံစားချက်ကို ကျွန်တော်ထိန်းချုပ်နိုင်အောင် သင်ယူမယ်။

ဒီလိုအသိတရားအသစ်ရှိပြီးနောက် တခြားသူရဲ့ခံစားချက်ကို ကျွန်တော်ပို အကဲခတ်နိုင်တယ်။ စိတ်တိုဒေါသထွက်နေသူကို ကျွန်တော်ခွင့်လွတ်ရမယ်။ ခံစားချက်ကိုထိန်းချုပ်ဖို့ သူနားမလည်ခဲ့လို့ဖြစ်တယ်။ သူ့ရဲ့ဆဲဆိုမှုတွေကို ကျွန်တော်သည်းခံရမယ်။ မနက်ဖြန်မှာ သူပြောင်းလဲပြီး ပြန်လည်သင့်မြတ်လာမှာကို ကျွန်တော်သိလို့ဖြစ်တယ်။

အပြင်ပန်းသဏ္ဍာန်၊ တစ်ခါပြောဆိုဖူးရုံနဲ့ လူတစ်ယောက်ကို ကျွန်တော်မဝေဖန်၊ အကဲမဖြတ်တော့ဘူး။ သူ့ကို တစ်ကြိမ်တစ်ခါ စိတ်တို၊ စိတ်ဆိုးဖူးရုံနဲ့ အဆက်အသွယ် မဖြတ်တော့ဘူး။ ဒီကနေ့မှာ ငွေကြေးတစ်ပြားတစ်ချပ်မှ အကုန်မခံသူဟာ မနက်ဖြန်မှာ ရှိသမျှစည်းစိမ်တွေနဲ့ အရာအားလုံးကို လဲယူကောင်းလဲယူလိမ့်မယ်။ ဒီလျှို့ဝှက်ချက်ကို သိပြီးနောက် ပိုကြွယ်ဝတဲ့ အကျိုးအမြတ်ကို ကျွန်တော်ရလိုက်တယ်။

ဒီကနေ့မှာ ခံစားချက်တွေကို ကျွန်တော်ထိန်းချုပ်နိုင်အောင် သင်ယူမယ်။

ဒီနေ့ကစ လူတွေရဲ့ခံစားချက်အလှည့်အပြောင်း လျှို့ဝှက်ချက်ကို ကျွန်တော်သိလိုက်တယ်။ အမျိုးမျိုးပြောင်းလဲတတ်တဲ့ ကျွန်တော့်ခံစားချက်ရဲ့ ခိုင်းစေချက်ကို ကျွန်တော်မလိုက်နာတော့ဘူး။ ခံစားချက်တွေကို အကောင်းမြင်စိတ်နဲ့ ကိုယ်တိုင်နိုးနိုးကြားကြား ထိန်းချုပ်မှ ကိုယ့်ကံကြမ္မာကို ကိုယ်ပိုင်ပိုင်နိုင်နိုင် ဆုပ်ကိုင်နိုင်မှာဖြစ်တဲ့အကြောင်း ကျွန်တော်နားလည်လိုက်တယ်။

ကျွန်တော်ဟာ ကျွန်တော်ရဲ့အရှင်သခင်ဖြစ်တယ်။ ဒါကြောင့် ကျွန်တော်ဟာ ကြီးကျယ်မြင့်မြတ်တယ်။

မူရင်းရေးသားသူ---
Og Mandino

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Wednesday, January 19, 2011

ဇာတိမြေက ပန်းတစ်ပွင့်


အိမ်အပြန်မှာ မထင်မှတ်ဘဲ ခြံဝက ပိတောက်ပင်ဘေးမှာ အမေကိုတွေ့လိုက်တယ်။ အမေရဲ့အပြုံး၊ ကျွန်တော့်အပြန်ကို စောင့်မျှော်နေတဲ့ အမေ့မျက်လုံးတွေက ပိတောက်ပန်းတွေလို ကျွန်တော့်အတွက် ဖူးပွင့်နေခဲ့တယ်။

ပွင့်ဟနေတဲ့ ပိတောက်ပန်းတွေဆီ ကျွန်တော်အပြေးသွားခဲ့ချိန်မှာ အရင်လို ပိတောက်ပန်းကိုတွေ့ခဲ့ပေမယ့် ကျွန်တော့်ကိုလွမ်းနေတဲ့အမေကို မတွေ့ခဲ့ရတော့ဘူး။ ပိတောက်ပင်ဘေးမှာရပ်ရင်း အမေနဲ့ကျွန်တော်ရဲ့ ရယ်မောသံကို ကျွန်တော်ပြန်ကြားယောင်ခဲ့မိတယ်။ ခုချိန်မှာတော့ အမေဟာ ကျွန်တော်ကို ပိတောက်ပင်အောက်မှာ တစ်ယောက်ထဲချန်ထားရစ်ခဲ့တယ်။

ပိတောက်ပင်တွေလို အမေဟာလည်း ဘဝရဲ့လေပြေမုန်တိုင်းဒဏ်တွေကို ကြံ့ကြံ့ခိုင်ပြီး ကြီးထွားရှင်သန်ခဲ့မယ်၊ ဘယ်တော့မှ မအိုသွားနိုင်ဘူး၊ ကျွန်တော့်အတွက် ရနံ့လေးတွေ အမြဲသင်းပျံ့နိုင်ခဲ့မယ်လို့ ကျွန်တော်ထင်ခဲ့မိတယ်။ ဒါပေမယ့် အမေရဲ့ဘဝဟာ မီးတောက်တစ်ခုလို ထည်ထည်ဝါဝါတောက်ပခဲ့ပေမယ့် အချိန်တိုတောင်းခဲ့တယ်။ အမေထုတ်လွတ်ခဲ့တဲ့ မီးတောက်တွေက တစ်ပင်လုံးပွင့်နေတဲ့ ပိတောက်ပန်းလို ဖူးပွင့်ပြီး ညှိုးနွမ်းရတဲ့အဖြစ်ကို ရှောင်လွဲမရခဲ့ဘူး။

ပိတောက်ပန်းဖူးပွင့်ချိန်ဟာ တစ်နှစ်ပတ်လုံးရဲ့ မျှော်လင့်ချက်အပြည့်ဆုံးအချိန်ဖြစ်တယ်။ အဲဒီအချိန်ရောက်ရင် အမေဟာ တစ်အိမ်လုံးကို သေချာသန့်ရှင်းပြင်ဆင်ပြီး သားတစ်ယောက်ရဲ့အိမ်အပြန်ကို စောင့်မျှော်နေတတ်တယ်။ ဒါပေမယ့် လေအလျင်လို သွက်သွက်လက်လက် လှုပ်ရှားနိုင်ခဲ့တဲ့ အမေဟာ မထင်မှတ်ဘဲ အဖျားဝင်ခဲ့ပြီး အိပ်ရာပေါ်လဲခဲ့တယ်။ ဒီလဲအကျဟာ အမေ့ကို ဘယ်တော့မှ ပြန်ထမလာနိုင်စေခဲ့တော့ဘူး။

အမေဆုံးတဲ့ညမှာ ခြံဝက ပိတောက်ပန်းတွေ ဝေဝေဆာဆာဖူးပွင့်နေတယ်လို့ ကျွန်တော်အိပ်မက်မက်ခဲ့တယ်။ ဒါပေမယ့် ပန်းတွေဟာ ချက်ချင်းပွင့်ပြီး ချက်ချင်းညှိုးသွားခဲ့တယ်။ အိပ်မက်ကနေ ကျွန်တော်လန့်နှိုးခဲ့တယ်။ ဒါဟာ နိမိတ်ပြတာလား ကျွန်တော်မသိခဲ့ဘူး။

မိုးလင်းချိန် အိမ်ကိုအမြန်ပြန်ခဲ့ဖို့ ဖုန်းလာတယ်။ ကျွန်တော့်စိတ်တွေ မတင်မကျဖြစ်ပြီး ညကအိပ်မက်ကို မြင်ယောင်မိပြန်တယ်။ အဲဒီအချိန်က ပိတောက်တွေ တစ်ပင်လုံးပွင့်တဲ့အချိန်ဖြစ်ပေမယ့် တစ်ပင်လုံးညှိုးနေခဲ့တယ်။ အိမ်မှာတစ်ခုခုဖြစ်မှန်း ကျွန်တော်သိလိုက်တယ်။ အိမ်အပြန်လမ်းတစ်လျှောက်လုံး ကျွန်တော်ငိုခဲ့မိတယ်။

အိမ်ခြံဝအရောက်မှာ ပိတောက်တွေ တစ်ပင်လုံးဖူးပွင့်နေတယ်။ ဒါပေမယ့် အရောင်တစ်ခုခုလျော့နေတယ်။ အမေ့ရနံ့ကို ကျွန်တော်မရှူရှိုက်မိခဲ့တော့ဘူး။ သားအပြန်ကို စောင့်မျှော်နေတဲ့ အမေ့အရိပ်ကို ကျွန်တော်မတွေ့ခဲ့တော့ဘူး။ ကျွန်တော့်ကိုစောင့်ကြည့်ဖို့ ပိတောက်ပန်းတွေသာ ချန်ထားရစ်ခဲ့တယ်။ အဲဒီတခဏ အချိန်တွေကို ကျွန်တော် ပြောင်းပြန်စီးခိုင်းလိုက်ချင်မိတယ်။ သားအပြန်ကို စောင့်နေတဲ့ အမေနေ့ရက်တွေမှာ အချိန်ကို ထာဝရရပ်တန့်ထားချင်ခဲ့မိတယ်။ ပိတောက်ပင်ကို ဖက်ပြီး ကျွန်တော်ငိုခဲ့မိတယ်။

အခုတော့ သားအပြန်ကို စောင့်မျှော်နေတဲ့ အမေမရှိတော့ဘူး။ ပိတောက်ပင်တစ်ပင်သာ ငြိမ်ငြိမ်သက်သက် ဖူးပွင့်နေခဲ့တယ်။ ပိတောက်ပန်းတွေရဲ့ ရနံ့ကြားမှာ သားတစ်ယောက်ကို လွမ်းဆွတ်တဲ့ အမေရဲ့လွမ်းဆွတ်ခြင်းတွေက သင်းပျံ့နေခဲ့ပါတယ်။


***ပြာသိုလပြည့်နေ့ အမေများနေ့မှာ ရှိရှိသမျှအမေများ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစေဖို့ ဆုတောင်းမေတ္တာပို့ပါသည်။

http://www.caowu.cn/article/20091114/13318.htmlကို ဖြည့်စွက်ရေးသား ဆီလျော်အောင် ဘာသာပြန်ပါသည်။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။



Share/Bookmark

Tuesday, January 18, 2011

ချစ်ခြင်းကိုပြတဲ့ ကြိယာ


"ချစ်ခြင်းမေတ္တာဆိုတာ ပြုခြင်း၊ ဖြစ်ခြင်း၊ ရှိခြင်းကိုပြတဲ့ ကြိယာဖြစ်တယ်။ ချစ်ခြင်းမေတ္တာဟာ နာမ်မဟုတ်ဘူး၊ နာမဝိသေသန မဟုတ်ဘူး။ ချစ်ခြင်းမေတ္တာဆိုတာ မှန်တဲ့အလုပ်ကို လုပ်တာဖြစ်တယ်" ဒီလိုအဆိုကို ကျွန်တော်နားမလည်ခဲ့ဘူး။

၁၉၉၄ခုနှစ် ဒီဇင်ဘာကျောင်းပိတ်ရက်မှာ ဆရာ/ဆရာမ ဖွံ့ဖြိုးတိုးတက်ရေးသင်တန်းထဲ ကျွန်တော်ပါဝင်ခဲ့တယ်။ သင်တန်းမှာ ကျွန်တော်တို့ကို ထမင်းဟင်းခူးခပ်ထည့်ပေးတဲ့ လုပ်အားပေး တက္ကသိုလ်ကျောင်းသား တော်တော်များများနဲ့ ဆုံဖြစ်ခဲ့တယ်။ အဲဒီမှာ "ချစ်ခြင်းမေတ္တာဆိုတာ ကြိယာ"ဆိုတဲ့စကားက ကျွန်တော့်အတွေးထဲ ဝင်လာခဲ့တယ်။

တက္ကသိုလ်ကျောင်းသားတချို့ဟာ ကျွန်တော်တို့ကို ဂရုတစိုက် ပြုစုစောင့်ရှောက်နေချိန်မှာ သူတို့ရင်ထဲ ဘာတွေဖြစ်နေလဲ? ဘာတွေနဲ့ ပြည့်နေမလဲ? သူတို့ရင်ထဲ ဖြစ်နေ၊ ပြည့်နေတာကို စကားလုံးတစ်လုံးနဲ့ပဲ ဖော်ပြရမယ်ဆိုရင် "ချစ်ခြင်းမေတ္တာ"ဆိုတဲ့စကားလုံးနဲ့ပဲ ဖော်ပြရပါလိမ့်မယ်။ ဒီစကားလုံးက ကျွန်တော့်ကို "ချစ်ခြင်းမေတ္တာဆိုတာကြိယာ"ဆိုတဲ့အဓိပ္ပာယ်ကို ပထမဆုံးအကြိမ် ဝိုးတိုးဝါးတား နားလည်စေခဲ့ပါတယ်။

ငယ်ရာကကြီးလာတဲ့အထိ ကျွန်တော်ဟာ ရင်ထဲကခံစားချက်ကို အလွယ်တကူ ထုတ်ဖော်ပြတတ်သူ မဟုတ်ပါဘူး။ တစ်ပတ်ကြာကျင်းပတဲ့ ဖွံ့ဖြိုးတိုးတက်ရေးသင်တန်းက လှုပ်ရှားမှုတချို့ဟာ ကျွန်တော့်ရင်ကို ကိုင်လှုပ်နိုင်ခဲ့ပါတယ်။ ကိုင်လှုပ်ခံရတဲ့ ရင်ထဲကခံစားချက်ကို ဘယ်လိုအပြုအမှုနဲ့ ထုတ်ဖော်ရမလဲဆိုတာကို ကျွန်တော်တွေးတောခဲ့မိတယ်။

ညနေအလုပ်ပြန်ချိန်မှာ ကျွန်တော့်အပြန်ကိုစောင့်နေမယ့် အဖေ၊ အမေတို့အတွက် စားစရာဝယ်တယ်! လူခြေတိတ်ညနက်ချိန်မှာ သားသား၊ မီးမီးတို့ရဲ့ ဆက်သွယ်ရေးစာအုပ်မှာ ဆရာ/ဆရာမတွေအတွက် စာသုံးလေးကြောင်း ပိုရေးတယ်! ဇနီးသက်သာအောင် မနက်၅နာရီမှာထပြီး လေသာဆောင်ကပန်းတွေကို ရေကူလောင်းတယ်။ ဒါတွေလောက်ပဲ ကျွန်တော်လုပ်နိုင်ခဲ့တယ်။ ဒီထက်ပိုများတဲ့ ခံစားချက်တွေကို ကျွန်တော်ထုတ်ဖော် မပြတတ်ခဲ့ဘူး။ ဒီထက်ပိုဂရုစိုက်တဲ့ အပြုအမှုမျိုး ကျွန်တော်မပြတတ်ခဲ့ဘူး။ ကျွန်တော်လည်း ကျွန်တော့်အလုပ်နဲ့ကျွန်တော် ပင်ပန်းနေခဲ့ပါတယ်။

အမေများနေ့ ရောက်ခါနီးမှာ အမေရဲ့ပင်ပန်းမှုတွေကို ကျေးဇူးတင် အသိအမှတ်ပြုတဲ့အနေနဲ့ အတန်းထဲက ကျောင်းသားတွေကို အမေ့အတွက် တစ်ခုခုလုပ်ပေးဖို့ ကျွန်တော်တောင်းဆိုခဲ့တယ်။

ကျောင်းသားတွေက "ဘာလုပ်ပေးရမလဲ?"

"အမေကပြောတယ်... ဘာမှလုပ်စရာမလိုဘူး။
စာပဲ ကောင်းကောင်းကျက်ပါတဲ့"

"ကျွန်တော့်မေမေက သူ့ကို စိတ်ဆိုးအောင်မလုပ်ရင် ရပြီတဲ့"လို့ဆိုကြတယ်။

ကျောင်းသားတစ်ယောက်က "ဆရာ... ဆရာကရော! ဆရာ့မေမေကို ဘာလုပ်ပေးမလဲ?" လို့မေးတယ်။
ကျောင်းသားရဲ့အမေးကြောင့် ကျွန်တော် ဘာပြန်ဖြေရမှန်းမသိ ဖြစ်နေခဲ့တယ်။

ဟုတ်တယ်.. ကျွန်တော်ကရော? ကျွန်တော့်အမေအတွက် ဘာလုပ်ပေးရမလဲ?


ညစာလိုက်ကျွေးမယ်? ပိုက်ဆံနဲ့ကန်တော့မယ်? ပန်းတစ်စည်းလက်ဆောင်ပေးမယ်? ကျွန်တော့်အမေကို ကျွန်တော် အသေအချာ၊ ဂရုတစိုက် စောင့်ရှောက်ခဲ့ပါတယ်။
အမေ ဘာမှလိုလိမ့်မယ် မထင်ဘူး! ဒါပေမယ့် ကျောင်းသားတွေကို အမေများနေ့မှာ အမေ့ကျေးဇူးကိုသိတတ်အောင် တောင်းဆိုခဲ့တဲ့ကျွန်တော် ကျောင်းသားတွေရဲ့ စံပြဖြစ်အောင် အမေ့ကိုခြေထောက်ဆေးပေးဖို့ ကျွန်တော်ဆုံးဖြတ်လိုက်တယ်။

အမေများနေ့မှာ အမေ့ကို ကျွန်တော်ခြေထောက်ဆေးပေးမယ်လို့ဆိုတော့ ကျောင်းသားအများက "ဆရာလုပ်ရဲရင် ကျွန်တော်တို့လည်း လုပ်ရဲတယ်" လို့ဆိုကြတယ်။ အမေ့ကိုခြေထောက်ဆေးပေးတာ ဘာများ မလုပ်ရဲစရာရှိလဲလို့ ကျွန်တော်တွေးမိတယ်။

အမေများနေ့ တဖြေးဖြေးချည်းကပ်လာခဲ့သလို ကျွန်တော့်ရင်ထဲက ဝတ္တရားတစ်ခုကလည်း တစ်ရက်ထက်တစ်ရက် ပိုလေးလာခဲ့တယ်။ ဖြူဖွေးနေတဲ့ အမေ့ရဲ့ဆံစတွေကိုကြည့်ရင်း၊ ကုန်းနေတဲ့ အမေ့ကျောကိုငေးရင်း ငယ်ငယ်တုန်းက အမေ့ဘေးနား တွတ်တီးတွတ်တာ ချွဲနွဲ့ခဲ့တဲ့ပုံရိပ်ကို ကျွန်တော်မြင်ယောင်လာမိတယ်။ ဒီနှစ်မှာ အသက်(၄ဝ)ရှိပြီဖြစ်တဲ့ကျွန်တော် အမေ့ကို "အမေများနေ့မှာ အမေ့ခြေထောက်ကို ဆေးကျောပေးပါရစေ"လို့ ဖွင့်ဟပြောဖို့ အတော်ခက်နေခဲ့တယ်။

အမေများနေ့မှာ ဆုံးဖြတ်ခဲ့တဲ့ဆုံးဖြတ်ချက်ကို ကျွန်တော်ပြင်ချင်ခဲ့မိတယ်။ ကျွန်တော့်လို ယောက်ျားသားတစ်ယောက်အတွက် ခါးညွတ်ပြီး နူးညံ့တဲ့အလုပ်ကိုလုပ်ဖို့ ကျွန်တော်မတွေးတတ်ခဲ့ဘူး။ ကျောင်းသားတွေက ဖုန်းမက်ဆေ့တွေပို့ပြီး အားပေးနေခဲ့တယ်။ ဇနီးကလည်း "ဘာဖြစ်လို့ မှန်တဲ့အလုပ်ကို မလုပ်ရဲရမှာလဲ?" လို့ အားပေးနေခဲ့တယ်။

အဲဒီနေ့က ညနေစာစားပြီးနောက် အမေ့ကိုကျွန်တော်ပြောတယ်။

"အမေများနေ့ အထိမ်းအမှတ်အနေနဲ့ အမေ့ခြေထောက်ကို သားဆေးပေးမယ်"

"ဘာဖြစ်လို ဒီလိုလုပ်ရတာလဲ? ဘာဖြစ်လို့လဲ?......" ကျွန်တော့်အပြောကို အမေက နေမသိထိုင်မသာ မေးခွန်းတွေ အထပ်ထပ်ထုတ်နေခဲ့တယ်။

"အမေသိပ်မမေးနဲ့... ကျောင်းက report လုပ်ခိုင်းလို့ပါ"

ကျွန်တော်ရဲ့အလုပ်နဲ့ ကျွန်တော်လုပ်သမျှကို အမေအမြဲအားပေးထောက်ခံခဲ့တယ်။ အခုလည်း reportတင်ရမယ်ဆိုတော့ ဘာမှသိပ်မမေးတော့ဘဲ ငြိမ်ငြိမ်လေးထိုင်ပြီး ခြေထောက်ကိုဆန့်ပေးတယ်။ ဒါပေမယ့် တစ်ဖက်လှည့်ပြီး ကျွန်တော့်ဇနီးကို "ကျောင်းက ဘာဖြစ်လို့ ဒီလိုထူးထူးဆန်းဆန်း report တင်ခိုင်းရတာလဲ?" လို့ အမေလှမ်းမေးတယ်။

အိုမင်းရွတ်တွနေတဲ့ အမေ့ခြေထောက်ကိုကိုင်ပြီး ဆပ်ပြာတွေပွတ်တိုက်ပေးချိန်မှာ ကျွန်တော့်မျက်ရည်တွေ ပါးပြင်ပေါ် အလိုလိုစီးကျလာခဲ့တယ်။ ငယ်ငယ်တုန်းက ကျွန်တော့်ကို အမေခေါင်းလျှော်ပေးတော့ ကျွန်တော့်မျက်စိထဲ ဆပ်ပြာရည်ဝင်ရင် ကျွန်တော် တအားအော်ငိုတတ်တာကို ပြန်သတိရမိတယ်။

တက္ကသိုလ်တက်တုန်းက မတော်တဆကားတိုက်မှုဖြစ်ပြီး ကျွန်တော်ခြေကျိုးသွားခဲ့တယ်။ ကျွန်တော်ဆေးရုံတက်နေတုန်း အမေက ကျွန်တော့်ကိုယ်ကိုလှည့်ပြီး
ရေချိုးပေးတော့ ခြေထောက်အနာကို သွားခိုက်မိတယ်။ ကျွန်တော်ငယ်သံပါတဲ့ အော်သံကြောင့် အမေပျာပျာသလဲဖြစ်ခဲ့တာကို ကျွန်တော်သတိရမိပြန်တယ်။

အမေ့ကို ကျွန်တော်ခြေထောက်ဆေးပေးနေချိန် ကျွန်တော်သားသမီးသုံးယောက်လုံးက ဘေးကနေ ထိုင်ကြည့်နေကြတယ်။ ကျွန်တော်အပြုအမှုတွေ ကြမ်းတမ်းနေလို့ အဘွားရဲ့ခြေထောက်ကို သူတို့ကူဆေးမယ်လို့ ဆိုနေကြတယ်။ ဇနီးက တစ်မီတာအကွာကနေ ထိုင်ကြည့်ဖို့ သတ်မှတ်ပေးနေခဲ့တယ်။ ကျွန်တော့်မျက်ရည်တွေ တသွင်သွင်စီးကျနေခဲ့လို့ ကျွန်တော့်ဆီက ဘာစကားလုံးမှ ထွက်မလာခဲ့ဘူး။ ခြေထောက်ဆေးပြီး၊ ခြောက်အောင်သုတ်ပြီး၊ အလှဆီတွေလိမ်းပေးပြီးတဲ့အထိ ကျွန်တော်ထမရပ်ရဲခဲ့ဘူး။ ဇနီးက အမေ့ကို ဆိုဖာဆီတွဲပို့တော့ ကလေးတွေက အဘွားနောက်တီတီတာတာဆိုရင်း လိုက်သွားကြတယ်။ အဲဒီအချိန်ကျမှ ကျွန်တော်အမြန်ထပြီး ရေချိုးခန်းဆီ ပြေးခဲ့ပါတယ်။

ရေချိုးခန်းမှန်ထဲကနေ ကျွန်တော့်ကိုကျွန်တော် ပြန်ကြည့်မိတယ်။ ငယ်ရာကကြီးလာတဲ့အထိ ဒီလို ထိထိခိုက်ခိုက် ကျွန်တော်မငိုဖူးခဲ့ဘူး။ ဒီနေ့မှ ဘယ်လိုဖြစ်ရတာပါလိမ့်?

နောက်တစ်နေ့မှာ အမေ့ကို ကျွန်တော်ခြေထောက်ဆေးပေးနေတဲ့ ပုံတွေ အင်တာနက်ပေါ် ရောက်သွားတော့ ကျောင်းသားတွေက "ဆရာ... သိပ်တော်တယ်" ၊ "ဆရာတောင် ဆေးပြီးဆိုမှတော့ ကျွန်တော်တို့လည်း ဆေးမယ်" လို့ မှတ်ချက်ပေးကြတယ်။ ဒီလိုနဲ့ အင်တာနက်ပေါ်မှာ အမေတွေကို ခြေထောက်ဆေးပေးနေကြတဲ့ ကျောင်းသားတွေရဲ့ ဓာတ်ပုံတွေ များသထက်များလာခဲ့တယ်။ ပြီးတော့ တပျော်တပါး ရင်ထဲကခံစားချက်ကို ထုတ်ဖော်ခဲ့ကြတယ်။ ကျောင်းသားတချို့က "ကျွန်တော့်မေမေ အရမ်းပျော်သွားတယ်။ မေမေကပြောတယ်။ ကျွန်တော့်ကို မေမေ့ခြေထောက်ဆေးအောင် ပြောနိုင်တဲ့ကျောင်းကို ကျောင်းလခပေးရကျိုးနပ်ပါတယ်တဲ့" လို့ပြောတယ်။ တချို့ကျောင်းသားကလည်း "ဆရာ.. ကျွန်တော့်အဖေဆို ငိုလိုက်တာဗျာ။ ကျွန်တော့်အဘွားက ဆုံးသွားပြီလေ" လို့ဆိုတယ်။

ကျောင်းသားတချို့ရေးထားတဲ့ "ဆရာ... ဆရာတကယ်သတ္တိရှိတယ်နော်!"ဆိုတဲ့ မှတ်ချက်ကိုဖတ်ပြီး ကျွန်တော်ရယ်မိတယ်။ သားငယ်တစ်ယောက်ကို ခြေထောက်ဆေးပေးနေတဲ့ အမေတစ်ဦးကို သတ္တိရှိတယ်လို့ ကျွန်တော်တို့ချီးကျူးဖူးသလား? အသက်(၄ဝ)အရွယ်သားတစ်ယောက် အမေ့ကိုခြေထောက်ဆေးပေးတော့ "သတ္တိရှိတယ်" လို့ ချီးကျူးခံရတယ်?

ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝ ချစ်ခြင်းမေတ္တာကို ဖော်ကျူးတဲ့လမ်းမှာ ဘာအခက်အခဲ၊ ဘာအတားအဆီးတွေ ဖြစ်နေခဲ့သလဲ? လူလူချင်းကြားက
"ချစ်ခြင်းမေတ္တာ"ရဲ့ အပြန်အလှန်ပေးပို့မှုတွေဟာ ဒီလောက်ပဲ တုန့်နှေးနေခဲ့တယ်။ ကျွန်တော်ဟာ အသိပညာရှိသူတစ်ယောက် မဟုတ်ခဲ့လို့ ဒါတွေကို ကျွန်တော်သိပ်နားမလည်ခဲ့ဘူး။ ဒါပေမယ့် "ချစ်ခြင်းမေတ္တာ"ဆိုတာ ပြုခြင်း၊ ဖြစ်ခြင်း၊ ရှိခြင်းကိုပြတဲ့၊ မှန်တဲ့အလုပ်ကို လုပ်တာဖြစ်ကြောင်းကို ကျွန်တော်နားလည်ခဲ့ရတယ်။ ချစ်ခြင်းမေတ္တာရဲ့ အပြန်အလှန်ပေးပို့မှုတွေ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ပြန့်ပွားနိုင်ဖို့ ကျွန်တော်မျှော်လင့်မိပါတယ်။

မူရင်းရေးသားသူ-- ထိုင်ဝမ် http://www.tajen.edu.tw တက္ကသိုလ်မှ ပရော်ဖက်ဆာXu Xiuqi (許修齊)

နိုင်းနိုင်းစနေ ဘာသာပြန်သည်။



Share/Bookmark

Sunday, January 16, 2011

မြန်မြန်ဆန်ဆန် ဟင်းရည်


ပါဝင်တဲ့ပစ္စည်း..... မုန်လာဥနီ၊ ပြောင်းဖူး၊ ကြက်ဥ၊ မျှစ်ချဉ်၊ မုန်ညင်း၊ ကော်မှုန့်အနည်းငယ်

ပထမဆုံး အိုးထဲလိုသလောက်ရေထည့်ပြီး အရင်ဆူခိုင်းလိုက်တယ်။ ပြီးရင် ပြောင်းဖူး၊ မုန်လာဥနီ၊ မျှစ်ချဉ်(အစင်းစင်းလှီး)ကို ပစ်ထည့်လိုက်တယ်။ ဆူလာရင် ကြက်ဥကိုခေါက်ပြီး ဖြေးဖြေးချင်းစီလောင်းထည့်ရင်း မွှေတယ်။ ပြီးရင် မုန်ညင်းထည့်တယ်။ ပြီးရင် ကော်မှုန့်ကို ရေဖျော်ပြီး ဖြေးဖြေးချင်းလောင်းထည့်တယ်။ ဆားထည့်တယ်။ (ပျစ်ပျစ်သောက်ချင် ကော်မှုန့်များများထည့်၊ သိပ်မပျစ်တပျစ်သောက်ချင်ရင် နည်းနည်းထည့်)

မျှစ်ချဉ်ကြောင့် ချဉ်ချဉ်လေးနဲ့ သောက်လို့ကောင်းတယ်။ ဂဏန်းသား ထည့်ချက်လည်းရတယ်။ သောက်ချိန်မှာ နံနံပင်ဖြူးထည့်၊ ငရုတ်ကောင်းနည်းနည်း ကျဲထည့်ရင် ပိုကောင်းတယ်။ တစ်ခါက တရုတ်ဆိုင်မှာ သွားစားရင် သောက်လာမိလို့ အိမ်မှာကိုယ်တိုင် လုပ်သောက်ကြည့်တယ်။ မဆိုးပါဘူး...း) မြန်လည်းမြန် သောက်လို့လဲကောင်းလို့ မြန်မြန်ဆန်ဆန် ဟင်းရည်ဆိုပြီး ရေးလိုက်တယ်။ (ဘယ်လောက်မြန်ဆန်သလဲဆို နောက်ပို့စ်တစ်ပုဒ် ပြီးသွားတယ်။း)

နိုင်းနိုင်းစနေ


Share/Bookmark