Sunday, February 27, 2011

ပျော်ရွှင်ခြင်း တွက်ချက်နည်း


လူအများက သူတို့ဟာ မချမ်းသာလို့၊ သူဌေးသူကြွယ်တွေလို စည်းစိမ်မခံစားရလို့ဆိုပြီး စိတ်ပျက်ဝမ်းနည်းကြတယ်။ စည်းစိမ်ဥစ္စာက လူကိုတကယ်ပဲ ပျော်ရွှင်စေသလား? ဘောဂဗေဒပညာရှင်တွေက ဒါကို အရင်ကတည်းက လေ့လာဆန်းစစ်မှု ပြုလုပ်ခဲ့ကြတယ်။ ပစ္စည်းဥစ္စာတွေဟာ လူကို ပျော်ရွှင်တဲ့စိတ်ခံစားမှုတွေ ပေးနိုင်ပေမယ့် ပစ္စည်းဥစ္စာများလေ ပျော်ရွှင်လေတော့ မဟုတ်ခဲ့ဘူး။ ဆန်းစစ်ချက်မှာ လူတွေဟာ စားဝတ်နေရေးအတွက် အခြေခံငွေကြေးတွေ လုံလောက်ပြီးရင် ပိုလာတဲ့ငွေကြေး တစ်ပြားတစ်ချပ်အပေါ် ဘာပျော်ရွှင်မှုမှ မခံစားရတော့ဘူးလို့ ဆိုတယ်။

ဥပမာ-- ၁၉၆ဝခုနှစ်မှာ ဂျပန်ဟာ ဆင်းရဲတဲ့နိုင်ငံ တစ်နိုင်ငံဖြစ်ခဲ့တယ်။ ၂ဝရာစု ၈ဝခုနှစ်နှောင်းပိုင်းရောက်မှ လူတွေရဲ့ဝင်ငွေဟာ ၄ဆဖြစ်လာခဲ့ပြီး ချမ်းသာကြွယ်ဝတဲ့ စက်မှုနိုင်ငံဖြစ်လာခဲ့တယ်။ ဒါပေမယ့် ၁၉၈၇ခုနှစ် ဂျပန်လူမျိုးတွေရဲ့ ပျမ်းမျှပျော်ရွှင်နှုန်းက ၁၉၆ဝခုနှစ်လောက် မရှိခဲ့ဘူး။ သူတို့ရဲ့နေ့စဉ်ဘဝမှာ အရင်ကထက် အဝတ်လျှော်စက်တွေ၊ ကားတွေ၊ ကင်မရာတွေနဲ့ အခြားဇိမ်ခံပစ္စည်းတွေ ပိုလာခဲ့ပေမယ့် ပျော်ရွှင်မှုက တိုးမလာခဲ့ဘူး။ ဒါကြောင့် ပစ္စည်းဥစ္စာတွေဟာ လူကိုပြည့်ဝတဲ့ ပျော်ရွှင်မှုတွေ မပေးနိုင်ကြောင်းတွေ့ရတယ်။ တကယ်တမ်းမှာ လူတွေဟာ ဥစ္စာတွေပိုတိုးပွားအောင် အရင်ကထက် ပိုအလုပ်လုပ်ကြရတယ်။ ပိုအလုပ်ရှုပ်ကြတယ်။ စိတ်ဖိအားတွေ ပိုလာကြတယ်။ သူတို့ ပျော်ရွှင်နိုင်ကြဦးမလား?

အမေရိကန် နယူးယောက်ပြည်နယ်က လေ့လာဆန်းစစ်ချက်တစ်ရပ်မှာ ထီမဖွင့်ခင် ထီထိုးသူတွေဟာ ထီပေါက်ရင် ဘာလုပ်မယ်၊ ဘာလုပ်မယ် စတဲ့ စိတ်ကူးထဲမှာ မျောနေတတ်ကြတယ်။ မေးမြန်းချက်မှာ တချို့က "ထီပေါက်ပြီး ပထမဆုံးလုပ်မယ့်အချက်က အခုအလုပ်လုပ်နေတဲ့ ကုမ္ပဏီကိုဝယ်ပြီး သူဌေးကိုမောင်းထုတ်ပစ်မယ်" လို့ဖြေကြတယ်။ ထီပေါက်တဲ့ကံကောင်းသူက ထီပေါက်ပြီး ရက်သတ္တပတ် အတော်ကြာတဲ့အထိ ရလိုက်တဲ့ဆုကြေးတွေထဲ ပျော်ဝင်နေတတ်တယ်။ ဒါပေမယ့် ဥစ္စာပစ္စည်းတွေဟာ ပျော်ရွှင်မှုကို တာရှည်မပေးနိုင်ကြောင်း တွေ့ရပြန်တယ်။ နှစ်အတန်ငယ်အကြာမှာ အဲဒီကံကောင်းသူတွေရဲ့ ပျော်ရွှင်မှုခံစားချက်ဟာ အရင်ကထက် လျော့နည်းလာတာကို တွေ့ရတယ်။ ပျော်ရွှင်ခြင်းတွေ ဘယ်ရောက်ကုန်လဲ?

ဘယ်အရာ၊ ဘယ်ဥစ္စာက ကျွန်တော်တို့ကို ပျော်ရွှင်မှုပေးနိုင်လိမ့်မယ်လို့ ကျွန်တော်တို့ အမြဲခန့်မှန်းကြတယ်။ ဒါပေမယ့် နောက်ဆုံးမှာ ခန့်မှန်းတာနဲ့ အမြဲလွှဲရတယ်။ ပျော်ရွှင်ခြင်းကို လေ့လာဆန်းစစ်တဲ့ ဟားဗတ်တက္ကသိုလ် စိတ်ပညာပါမောက္ခ Daniel Gilbertက "စိတ်ခံစားချက်ကို ဘာလဲဆိုတာ ပြောရဖို့ခက်တယ်။ ဒါပေမယ့် စိတ်ခံစားချက်ကို ကျွန်တော်တို့ ခံစားလို့ရနိုင်တယ်"လို့ ဆိုခဲ့တယ်။

ဒဿနိကဗေဒ ပညာရှင်တွေက ပျော်ရွှင်ခြင်းကို ကျင့်ဝတ်သိက္ခာနဲ့ အဓိပ္ပာယ်ဖွင့်ကြတယ်။
ရှေးဂရိဒဿဗေဒပညာရှင် Aristotélēsက "ပျော်ရွှင်တဲ့ဘဝဆိုတာ တစ်သက်လုံး ကောင်းတာတွေ လုပ်တာပါပဲ။ တကယ်လို့ သင်အပြစ်လုပ်ရင် ပျော်ရွှင်ခြင်းကို သင်မရနိုင်ဘူး" လို့ပြောခဲ့တယ်။ ပျော်ရွှင်ခြင်းဆိုတာ ကောင်းတဲ့ခံစားချက်ဖြစ်တယ်။ Daniel Gilbertက "ပျော်ရွှင်တဲ့ခံစားချက်ဆိုတာ သင့်ရင်ခွင်ထဲ သင့်ကလေးတိုးဝင်တဲ့အချိန်၊ ခရီးသွားတစ်ယောက်ကို သူသွားလိုရာရောက်အောင် လမ်းပြကူညီလိုက်တဲ့အချိန်၊ ဒါမှမဟုတ် အရသာရှိတဲ့ ဟမ်ဘာဂါတစ်ခုကို သင်အားရပါးရ စားနေတဲ့အချိန်မျိုးမှာ အဲဒီခံစားချက်ကို ခံစားနိုင်တယ်" လို့ ဆိုခဲ့တယ်။ ကိုယ်ချစ်ရတဲ့သူနဲ့ လမ်းအတူလျှောက်တဲ့အခါမျိုး၊ ကလေးကို ပန်းသီးခွံပေးတဲ့အခါမျိုး... အဲဒီလို ပျော်ရွှင်မှုထဲ သင်နစ်ဝင်ဖူးလား?

ပျော်ရွှင်တဲ့မိသားစုက အရာအားလုံးတူညီကြတယ်။ မပျော်ရွှင်တဲ့မိသားစုက ခြားနားမှုကိုယ်စီရှိကြတယ်။--- လီယိုတော်စတွိုင်)

လူတိုင်းမှာ ပျော်ရွှင်ခြင်းကိုခံစားတဲ့ ခံစားချက်တွေက တူညီကြတယ်။ ဒါပေမယ့် ပျော်ရွှင်ခြင်းကိုခံစားတဲ့ အကြောင်းပြချက်တွေက မတူကြဘူး။

ပျော်ရွှင်ခြင်းဆိုတဲ့ စိတ်ခံစားမှုတစ်မျိုးဖြစ်တယ်။ အဲဒီစိတ်ခံစားမှုကို မလွတ်တမ်း တင်းတင်းဖမ်းဆုပ်ထားလို့ မရနိုင်ဘူး။ ဒါပေမယ့် အဲဒီစိတ်ခံစားမှုက ထပ်တလဲလဲ ပြန်ဖြစ်တတ်တယ်။ တနည်းပြောရရင် ကြောက်ရွံ့ခြင်းဟာလည်း စိတ်ခံစားမှုတစ်မျိုးဖြစ်တယ်။ ဘယ်သူကမှ ကြောက်ရွံ့ခြင်းထဲမှာ တာရှည်မနေချင်ကြဘူး။ မောင်းထုတ်ပစ်လိုက်လို့ရတယ်။ အဲဒီလိုပဲ ပျော်ရွှင်ခြင်းထဲ ကြာကြာနစ်ဝင်ချင်တယ်ဆိုပြီး ပျော်ရွှင်ခြင်းကို တစ်သက်လုံး ဖမ်းဆုပ်ထားလို့ မရဘူး။ ကိုယ့်ဆီသူလာတယ်... ပြန်ထွက်သွားတယ်။ အဲဒီလို လာလိုက် ထွက်သွားလိုက်နဲ့ ထပ်တလဲလဲဖြစ်တတ်တယ်။

ပျော်ရွှင်ခြင်းကို လိုက်လံရှာဖွေတဲ့နည်းတွေဟာ များသောအားဖြင့် မှားတာများပြီး မှန်တာနည်းတာကို တွေ့ရတယ်။ ခုချိန်မှာ မျက်လုံးမှိတ်ပြီး သင့်ကိုပျော်ရွှင်နိုင်စေတဲ့ အရာတွေကို သင်မြင်ယောင်ကြည့်လို့ရတယ်။ အဲဒီအရာတွေက ကားကောင်းတစ်စီးဖြစ်မယ်၊ ခရီးစဉ်တစ်ခုဖြစ်မယ်၊ တောနက်ထဲက ဘန်ဂလိုတစ်လုံးဖြစ်မယ်။ ပျော်ရွှင်ဖို့အတွက် ဒီအရာတွေကို ပိုင်ဆိုင်နိုင်ဖို့ သင်ကြိုးစားရုန်းကန်မယ်။ ဒါဟာ ပျော်ရွှင်ခြင်းကိုရှာဖွေတဲ့ နည်းမှားဖြစ်တယ်။

လေ့လာဆန်းစစ်သူတွေဟာ မတူတဲ့အသက်အရွယ်၊ မတူတဲ့လူတန်းစားတွေကို ခွဲပြီး ဆန်းစစ်မှုတစ်ရပ် လုပ်ခဲ့တယ်။ ဆန်းစစ်မှုထဲ ပါဝင်တဲ့လူတွေက သူတို့စိတ်ကူးခဲ့တဲ့အရာတွေ တကယ့်အကောင်အထည်ပေါ်လာတဲ့ ခံစားမှုမျိုးနဲ့ သူတို့ရဲ့ပျော်ရွှင်မှုအပေါ် ကြိုတင်အမှတ်ပေး သတ်မှတ်ရတဲ့ ဆန်းစစ်မှုကို လုပ်ခဲ့တယ်။ လေ့လာသူတွေက သူတို့ရဲ့ပြောင်းလဲလာတဲ့ နေ့စဉ်ဘဝကို မပြတ်စောင့်ကြည့် လေ့လာခဲ့ကြတယ်။ နှစ်အတန်ငယ်ကြာတဲ့အခါ ဆန်းစစ်ခံရသူတွေဟာ သူတို့ရဲ့စိတ်ကူးအိပ်မက်အတိုင်း ကားတွေ၊ တိုက်တာတွေကို ပိုင်ဆိုင်လာခဲ့ကြတယ်။ အဲဒီအချိန်မှာ သူတို့ရဲ့ပျော်ရွှင်မှုအပေါ် သူတို့အမှတ်ပေး သတ်မှတ်ရပြန်တယ်။ ရှေ့ကကြိုတင်အမှတ်နဲ့ အခုအမှတ် တူနေခဲ့ရင် သူတို့ရဲ့ပျော်ရွှင်မှုက မပြောင်းဘူးလို့ဆိုတယ်။ ဒါပေမယ့် ဆန်းစစ်မှုမှာ အမှတ်တွေက ခြားနားနေတာကို တွေ့ခဲ့ရတယ်။ ဥစ္စာပစ္စည်းတွေ ပိုင်ဆိုင်ရမှ ပျော်ရွှင်ရတယ်လို့ ထင်ခဲ့တဲ့ အထင်တွေဟာ မှားနေတာကို တွေ့ခဲ့ရတယ်။ ဒီလိုဆိုရင် မှန်ကန်တဲ့နည်းက ဘာလဲ?

ပျော်ရွှင်ခြင်း တွက်ချက်နည်း

ပထမဦးဆုံး စိတ်ကိုတည်တည်ငြိမ်ငြိမ်ထားပြီး အောက်က မေးခွန်းလေးခုကို အရင်ဖြေပါ။

(၁) သင်ဟာ အမြဲတမ်းတက်ကြွနေပြီး ပြောင်းလဲခြင်းတချို့ကို စိတ်သဘောထားကြီးကြီးနဲ့ ရင်ဆိုင်နိုင်သလား?

(၂)အကောင်းမြင်တဲ့ စိတ်နေသဘောထားနဲ့ အနာဂတ်ကို သင်ရင်ဆိုင်နေလား? စိတ်ပျက်ဝမ်းနည်းခြင်းထဲကနေ သင်မြန်မြန်ဆန်ဆန် ရုန်းထွက်ပြီး အားအင်အသစ်နဲ့ ဘဝကို ရှေ့ဆက်နိုင်သလား?

(၃) ဘဝရဲ့ အခြေခံလိုအပ်ချက်တွေကို သင်အကောင်အထည်ဖော်နိုင်ခဲ့ပြီလား? ဥပမာ-- ကျန်းမာတဲ့ခန္ဓာနဲ့စိတ်ဓာတ်၊ သင့်တင့်တဲ့ ငွေကြေးဥစ္စာ၊ လုံခြုံမှု၊ လွတ်လပ်တဲ့ ရွေးချယ်မှု?

(၄) လိုအပ်တဲ့သူငယ်ချင်းတွေအတွက် လိုအပ်တဲ့ကူညီဖေးမမှုမျိုး သင့်မှာရှိလား? ဘာပဲလုပ်လုပ်၊ ဘယ်အရာကပဲ နှောင့်ယှက်နေနေ သင်လုပ်ချင်တဲ့အလုပ်ပေါ် သင်အာရုံစိုက်ပြီး လုပ်နိုင်ခဲ့လား? သင့် ရည်မှန်းချက်ပန်းတိုင်ရောက်ဖို့ သင့်ကိုယ်သင်အားပေးနိုင်ခဲ့ပြီလား?

စိတ်ပညာရှင်တွေဟာ အထက်ကမေးခွန်း ၄ခုနဲ့ လူအယောက်(၁ဝဝဝ)ကို မေးမြန်းဆန်းစစ်ခဲ့ကြတယ်။ ဆန်းစစ်ချက်မှာ ချစ်ခြင်းမေတ္တာကလွဲလို့ များပြားလှတဲ့ပစ္စည်းဥစ္စာ ဒါမှမဟုတ် အလုပ်ကောင်းတစ်ခုက တကယ့်ပျော်ရွှင်ခြင်းကို မပေးနိုင်ဘူးလို့ တွေ့ရတယ်။ တကယ့်ပျော်ရွှင်ခြင်းကို ပုံသေနည်းတစ်ခုနဲ့ သတ်မှတ်လို့ ရနိုင်ပါတယ်။

ပျော်ရွှင်ခြင်း = P+5E+3H

ဒီနေရာမှာ Pက အကျင့်စရိုက်ကို ကိုယ်စားပြုတယ်။ ဥပမာ-- လောကကြီးအပေါ် သင့်ရဲ့အမြင်၊ ဆီလျော်အောင်နေနိုင်စွမ်းနဲ့ ပြောင်းလဲနိုင်စွမ်း

Eက ရှင်သန်ရပ်တည်မှုကို ကိုယ်စားပြုတယ်။ ဥပမာ-- ကျန်းမာရေး၊ ငွေကြေးအခြေအနေနဲ့ သူငယ်ချင်းမိတ်ဆွေ ပေါင်းသင်းမှု

Hက ပိုမြင့်တဲ့လိုအပ်ချက်ကို ကိုယ်စားပြုတယ်။ ဥပမာ-- ကိုယ့်ကိုယ်ကို ဝေဖန်နိုင်မှု၊ မျှော်လင့်ချက်၊ ဟာသဉာဏ်၊ ရည်မှန်းချက်

ပထမမေးခွန်းနဲ့ ဒုတိယမေးခွန်းက အကျင့်စရိုက်နဲ့ဆိုင်တယ်။ သင့်ရဲ့အကျင့်စရိုက်က ပျော်ရွှင်ခြင်းအပေါ် တိုက်ရိုက်သက်ရောက်တယ်။ တတိယမေးခွန်းက ရှင်သန်ရပ်တည်မှုနဲ့ဆိုင်တယ်။ စတုထ္တမေးခွန်းက ပိုမြင့်တဲ့ လိုအပ်ချက်နဲ့ဆိုင်တယ်။

ဥပမာ-- မေးခွန်းတိုင်းကို (၁ဝ)မှတ်လို့ သတ်မှတ်ပြီး စုစုပေါင်းရမှတ်ကို (၁ဝဝ)မှတ်လို့ သတ်မှတ်လိုက်မယ်။

ပထမမေးခွန်းနဲ့ ဒုတိယမေးခွန်းကို သင်(၇)မှတ်စီပဲ သတ်မှတ်တယ်ဆိုပါစို့။
ဒီလိုဆိုရင် သင့်အကျင့်စရိုက်က P= ၁၄မှတ်ဖြစ်တယ်။

တတိယမေးခွန်းကို (၆)မှတ်
စတုထ္တမေးခွန်းကို (၇)မှတ် အသီးသီးသတ်မှတ်လိုက်ရင် E=6, H=7.

သင့်ရဲ့ပျော်ရွှင်ခြင်းရမှတ်က = 14+5*6+3*7=65 ...
မေးခွန်းလေးတွေဖြေပြီး သင့်ပျော်ရွှင်ခြင်းရမှတ်ကို တွက်ချက်ကြည့်နိုင်ပါတယ်။


ပျော်ရွှင်ခြင်းတွက်ချက်နည်းကို ကျွန်တော်တို့ သိရပြီဆိုပေမယ့် ပျော်ရွှင်ခြင်းကို ကျွန်တော်တို့ ဘယ်လိုရနိုင်မလဲ? ကိုယ့်နေ့စဉ်ဘဝကို ဆန်းစစ်ကြည့်ပါ။ များသောအားဖြင့် ပျော်ရွှင်ခြင်းကို ကိုယ့်ဘေးပတ်ဝန်းကျင်က သူငယ်ချင်းမိတ်ဆွေ၊ မိသားစုကတဆင့် ရကြတယ်။ ပျော်ရွှင်ခြင်းကို အချင်းချင်းသင့်မြတ်တဲ့ ပေါင်းသင်းဆက်ဆံရေးက ရတာများတယ်။ ဥစ္စာပစ္စည်းကနေ ရတာမဟုတ်ပါဘူး။

စိတ်ပညာပါမောက္ခ Daniel Gilbertက ပစ္စည်းဥစ္စာဝယ်တာ၊ ခေတ်ရေစီးနောက်တာ၊ ပိုကောင်းတဲ့အစားအစာတွေကို ဇိမ်ခံစားသောက်တာနဲ့ ပျော်ရွှင်ခြင်းကို သတ်မှတ်လို့မရဘူးလို့ ဆိုတယ်။ ဒါဟာ တိုတောင်းတဲ့ ပျော်ရွှင်ခြင်းဖြစ်ပြီး ပျော်ရွှင်ခြင်းရမှတ်ကို လျော့နည်းစေတယ်လို့ ဆိုထားပါတယ်။

ပျော်ရွှင်ခြင်းဆိုတာ....
ရေငတ်နေတုန်း သောက်ရတဲ့ရေတစ်ခွက်
ဆာနေတုန်း စားရတဲ့ ခေါက်ဆွဲတစ်ထုပ်
အားငယ်နေတုန်း ကြားရတဲ့ အားပေးစကားတစ်ခွန်း
ဝမ်းနည်းနေတုန်း ဖေးမတဲ့ လက်တစ်စုံ
ချမ်းအေးတဲ့ဆောင်းရာသီရဲ့ နွေးထွေးတဲ့နေရောင်ခြည်ဖြစ်တယ်။

မူရင်း-- http://www.duwenzhang.com/wenzhang/renshengzheli/ganwu/20071022/1097.html

နိုင်းနိုင်းစနေ ဘာသာပြန်သည်။



Share/Bookmark

Saturday, February 26, 2011

ပဲနို့ရည်


ပဲနို့ရည်အတွက် လိုအပ်တဲ့ပစ္စည်း-- ပဲပုပ်ပဲ (soybean or yellow bean)
၊ ရေ

အရင်ဆုံးပဲတွေကို သန့်စင်ပြီး ရေတစ်ညစိမ်ပါတယ်။ အဲဒီနောက် စိမ်ထားတဲ့ပဲတွေကို ကြိတ်စက်နဲ့ ကြိတ်လိုက်တယ်။ ကြိတ်တဲ့အချိန်မှာ ရေရော,ရောပြီး ကြိတ်ပါတယ်။

ကြိတ်လို့ရလာတဲ့ ပဲတွေကို အပျစ်အကျဲ ကြိုက်နှစ်သက်သလောက် ရေရောပြီး စစ်လိုက်တယ်။ စစ်လို့ရလာတဲ့ ပဲရေတွေကို ဆူလာတဲ့အထိကျိုလိုက်ရင် ပဲနို့ရည်ကိုရပါတယ်။ (စစ်တဲ့အခါ သေချာစစ်ပေးပါ။ အဖပ်လေးတွေပါရင် ရှတရှတနဲ့ သောက်လို့မကောင်းပါဘူး။ ဆူလာရင် ဝေကျတတ်တာမို့ ဆူခါနီး သတိထားပေးပါ။ လုံးဝဆူတဲ့အထိ မထားရင်လည်း ပဲစိမ်းနံ့နံတတ်ပါတယ်။)

ပဲနို့ရည်စစ်စစ်တစ်ခွက်ရဖို့ အဲဒီလောက်ထိ လုပ်ရလွယ်ကူခဲ့ပါတယ်။ အရင်တုန်းကတော့ ကျွန်မတို့မှာ ပဲနို့ရည်တစ်ခွက်သောက်ရဖို့ မနက်အစောကြီးထပြီး လက်ကြိတ်ဆုံနဲ့ ကြိတ်ရတယ်။ ခုတော့ စက်လေးနဲ့ အလွယ်တကူကြိတ်လိုက်ရုံပါပဲ။

ပဲနို့ရည်ကို
ကျွန်မတို့က သကြားရောပြီးသောက်သလို ဆားရောပြီးလည်း ဟင်းရည်အဖြစ် သောက်ပါတယ်။ ဟင်းရည်အဖြစ်သောက်မယ့် ပဲနို့ရည်ထဲ ဆူကာညွန့်(ဂေါ်ရခါးသီးညွန့်) ဒါမှမဟုတ် မုန်လာဥဖြူအရွက် နုနုလေးတွေကို သေးသေးလေးလှီးပြီး ချက်ထည့်ပါတယ်။ ဒီလိုပဲနို့ဟင်းရည်က ပဲပုပ်ထောင်း ဒါမှမဟုတ် ပဲပုပ်ကြော်(လေးထောင့်ပဲပုပ်တုံးကြော်)နဲ့ အရမ်းလိုက်ဖက်ပါတယ်။

အာဟာရဗေဒပညာရှင်တွေရဲ့ လေ့လာဆန်းစစ်အရ ပဲနို့ရည်မှာ protein၊ fatty acids၊ soy lecithin၊ soy isoflavones၊ soy saponins၊ soy fiber ၊ Vitamins, iron, calcium တွေ ပေါများကြွယ်ဝတာကို တွေ့ရတယ်။ ဒါတင်မက သွေးထဲကအဆီဓာတ်တွေကို ထိန်းညှိပေးတဲ့အပြင် အရိုးကို ခိုင်မာစေပြီး သွေးဆုံးပြီဖြစ်တဲ့ အမျိုးသမီးတွေအတွက် ရောဂါဖြစ်ပွားနှုန်းတွေကို ကာကွယ်ပေးတယ်လို့ သိရတယ်။

တရုတ်ဆေးပညာမှာ ပဲနို့ရည်ဟာ ဆီးဝမ်းမှန်စေသလို အဆုတ်ကိုလည်း သန့်စင်ပေးတယ်လို့ဆိုတယ်။ ခန္ဓာကိုယ် ကျန်းမာရေးအတွက် အကျိုးအာနိသင်ရှိတဲ့ ပဲနို့ရည်ကို "အစိမ်းရောင်နွားနို့"လို့ တင်စားကြသလို ဥရောပတိုက်သားတွေက "သက်သတ်လွတ်နွားနို့"လို့ တင်စားကြတယ်။

အနောက်တိုင်းဆေးပညာမှာတော့ ပဲနို့ရည်ဟာ (၁) သွေးထဲက အဆီဓာတ်တွေကို လျော့နည်းစေတယ်။ (၂) သံဓာတ်များထဲ ပဲနို့ရည်ဟာ သွေးအားနည်းသူ၊ သံဓာတ်နည်းသူတွေအတွက် အကောင်းဆုံးဖြစ်တယ်။ (၃) ပဲနို့ရည်ဟာ အမျှင်ဓာတ်များတာကြောင့် အူလမ်းကြောင်းတွေကို သန့်စင်ပေးသလို ဝမ်းမှန်စေတယ်။ (၄) ဆီးချိုသမားတွေအတွက် သင့်တော်တဲ့အစာဖြစ်တယ်။ (၅) ပဲနို့ရည်ထဲမှာပါတဲ့ saponinsနဲ့ isoflavones ဓာတ်တွေဟာ ရင်သားကင်ဆာ၊ သားအိမ်ကင်ဆာတွေကို ကာကွယ်ပေးသလို အိုမင်းရင့်ရော်တာကိုလည်း ကာကွယ်ပေးတယ်။ (၆) ပဲနို့ရည်ထဲမှာ Cholesterol မပါ၊ Lactose မပါတာကြောင့် လူကိုဝမ်းမပျက်စေဘူး။ (၇) ပဲနို့ရည်ဟာ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ကို ထိန်းညှိပေးပြီး အသားအရည်ကို ချောမွတ်စေတယ်။ အိုမင်းခြင်းကို ကာကွယ်ပေးတယ်။

ပဲနို့ရည်စစ်စစ်ကို "အကြည့်၊ အနံ့၊ အရသာ"နဲ့ ခွဲခြားသိနိုင်ပါတယ်။ အကြည့်ဆိုတာ ပဲနို့ရည်ဟာ အဝါရောင်အနည်းငယ်သမ်းတယ်။ အနံ့ဆိုတာ ပဲနို့ရည်မှာ ပဲနံ့သင်းသင်းလေးရှိတယ်။ အရသာဆိုတာ ပဲနို့ရည်မှာ ချိုမြမြအရသာနဲ့ သောက်ရတာ ကြည်ကြည်လင်လင်ရှိတယ်။

ပဲနို့ရည်ကို ခုလုပ်ခုသောက်တာက ပိုကောင်းတယ်လို့ ဆိုထားတယ်။ လုပ်ထားတဲ့ပဲနို့ရည်ကို (၂)နာရီအတွင်းမှာသောက်ရင် ပိုကောင်းပါတယ်တဲ့။ ပူတဲ့ရာသီမှာလုပ်တဲ့ ပဲနို့ရည်ဟာ အလွယ်တကူ ဓာတ်ပြောင်းလွယ်တယ်လို့လည်း ဆိုထားပါတယ်။

ပဲနို့ရည်ဟာ အာဟာရဓာတ်ပြည့်ဝတာကြောင့် တစ်နေ့ကို ပဲနို့ရည် ၂၅ဝ-၅ဝဝ mm နဲ့ ပေါင်မုန့်တစ်ချပ်ဟာ မနက်စာအတွက် လုံလောက်တဲ့အာဟာရကို ရစေပါတယ်။

ဘာပဲပြောပြော ပဲနို့ရည်က လူ့ခန္ဓာကိုယ်အတွက် အများကြီးအကျိုးပြုပါတယ်။ လုပ်ရတာလည်း လွယ်ပါတယ်။ ပဲနို့ရည်တွေကို ဆူပါမားကက်တွေမှာ၊ လမ်းဘေးမှာ(စင်ကာပူ၊ ထိုင်ဝမ်) အလွယ်တကူ ဝယ်လို့ရတယ်ဆိုပေမယ့် တာရှည်ခံပစ္စည်းတွေ ရောမရော၊ ပဲနို့ရည် စစ်မစစ်ဆိုတာကို မသိနိုင်ပါဘူး။ နွားနို့နဲ့မတည့်သူများအတွက် အမေသင်ပေးခဲ့တဲ့ ပဲနို့ရည် လုပ်နည်းကို မျှဝေလိုက်ပါတယ်။

နိုင်းနိုင်းစနေ


Share/Bookmark

Friday, February 25, 2011

အချစ်


(၁) အချစ်ကမ္ဘာဟာ စိတ်ညစ်၊ ကြေကွဲခြင်းပေါင်းတစ်ထောင် ထည့်ထားနိုင်လောက်အောင် ကြီးသလို လူသုံးယောက်ဝင်နေရင် အသက်ရှူမဝ မွန်းကျပ်လောက်အောင်လည်း သေးငယ်သတဲ့။

(၂) ကမ္ဘာကြီးအဖို့တော့ သင်ဟာ လူတွေထဲက လူတစ်ယောက်ပေါ့။ ဒါပေမယ့် လူတစ်ယောက်အဖို့တော့ သင်ဟာ သူ့ကမ္ဘာဖြစ်တယ်။

(၃) သင့်အတွက် အချိန်မပေးနိုင်သူအပေါ် သင့်အချိန်တွေကို မဖြုန်းပါနဲ့။

(၄) တစ်ကြိမ်တစ်ခါမှ မချစ်ဖူးတာထက် ချစ်ဖူးပြီးမှ အချစ်ကိုဆုံးရှုံးတာက ပိုကောင်းတယ်။

(၅) အချစ်ဟာ လူကိုရင့်ကျက်စေတယ်။ ဒါမှမဟုတ် နစ်မွန်းစေတယ်။

(၆) ပြီးဆုံးသွားတဲ့အချစ်အတွက် ငိုကြွေးမနေနဲ့... ချစ်ခဲ့ဖူးတဲ့အချစ်အတွက် ပြုံးလိုက်ပါ။

(၇) ကိုယ်ချစ်တဲ့လူကလည်း ကိုယ့်ကိုယ်ချစ်နေတယ်ဆိုရင် ဒါဟာ ထူးဆန်းအံ့သြစရာတဲ့။ ဒီအံ့သြစရာကို ဘုရားသခင်က ချစ်သက်ဝင်တယ်လို့ အမည်ပေးခဲ့တယ်။

(၈) ကိုယ်ချစ်တဲ့လူရဲ့ အချစ်ကိုခံရတဲ့ ခံစားချက်က ဘယ်လိုလဲ? ဘယ်လိုခံစားချက်မျိုးလဲ?
ဒါကို သင်ချက်ချင်းဖြေချင်နေခဲ့ရင် သင်ဟာ အပျော်ဆုံးလူဆိုတာ သိထားလိုက်ပါ။

(၉) မျှော်လင့်ချက်နဲ့ ယုံကြည်မှုဆိုတာ အိမ်မြှောင်ရဲ့အမြီးနဲ့တူတယ်။ အချိုးခံရပြီးလည်း ပြန်ပြန်ထွက်တယ်။

(၁ဝ) ကိုယ်မုန်းတဲ့အရာပေါ် အောင်နိုင်တာထက် ကိုယ်ချစ်တဲ့အရာပေါ် ရှုံးနိမ့်တာက ပိုကောင်းတယ်။

(၁၁) ဝမ်းနည်းကြေကွဲနေလည်း မျက်နှာကို ရှုံ့မဲ့မထားနဲ့။
သင့်အပြုံးကို ချစ်မိသွားနိုင်မယ့်သူ ရှိလို့ပါ။

(၁၂) ငါ့ကိုထားသွားပြီဆို ကျေးဇူးပြုပြီး မနှစ်သိမ့်နဲ့တော့.....
အပ်တစ်ချက်ချုပ်တိုင်း ချုပ်ရာတစ်ချက် နာရလို့ပါ။

(၁၃) ပျော်ရွှင်ခြင်းရဲ့သော့ချက်ဆိုတာ ပြီးပြည့်စုံတဲ့လူနဲ့ ကြုံရလို့မဟုတ်ဘူး။
ပြီးပြည့်စုံတဲ့ဘဝဖြစ်အောင် အတူကြိုးစားမယ့်လူနဲ့ ကြုံတာဖြစ်တယ်။

(၁၄) သူ့ရဲ့ကောင်းကွက်ကိုပဲချစ်တဲ့ အချစ်ကို အချစ်လို့မခေါ်ဘူး။
သူ့ရဲ့ဆိုးကွက်ကိုလည်း ချစ်တဲ့အချစ်မှ အချစ်လို့ခေါ်တယ်။

အင်တာနက်ပေါ်က အချစ်ကို ရှာဖွေဘာသာပြန်သည်။

နိုင်းနိုင်းစနေ


Share/Bookmark

Thursday, February 24, 2011

အတ္တလန်တိတ်သမုဒ္ဒရာဘေးက ....


(၁ဝ)လပိုင်းတုန်းက အတ္တလန်တိတ်သမုဒ္ဒရာဘေးမှာရှိတဲ့ Atlantic Cityကို ရောက်ဖြစ်ခဲ့တယ်။ ဒီနေရာက လောင်းကစားရုံတွေကြောင့် နာမည်ကြီးပါတယ်။ လောင်းကစားရုံတွေကို နာမည်အမျိုးမျိုးပေးပြီး အဲဒီနာမည်အတိုင်း ဆောက်လုပ်ထားတာတွေ့ရတယ်။ ဥပမာ--- Caesarဆိုတဲ့လောင်းကစားရုံမှာ Caesar ရုပ်တုကြီးပြထားတာမျိုး၊ TajMaral ဆိုတဲ့လောင်းကစားရုံကို တပ်ခ်ျမဟာပုံ ဆောက်ထားတာမျိုးပေါ့။

ဒီလမ်းလေးတစ်လျှောက်မှာ လောင်းကစားရုံတွေ၊ စားသောက်ဆိုင်တွေ၊ အရောင်းဆိုင်တွေများကြီးပေါ့။ လောင်းကစားတွေကလည်း အမျိုးစုံလှတယ်။ ဖဲတွေရော၊ စက်တွေရော... များကြီးပဲတွေ့ခဲ့တယ်။ ကစားတဲ့လူတွေထဲမှာ လူကြီးပိုင်းတွေပိုများတာ တွေ့ရတယ်။

အတ္တလန်တိတ်သမုဒ္ဒရာရဲ့ အစပ်လေးတစ်နေရာပေါ့

ဝါသနာပါရင် ဟော်တယ်ကြီးတွေမှာတည်းပြီး နေ့နေ့ညည ကစားလို့ရတယ်

လောင်းကစားရုံဘေးနားမှာ ကိုးရီးယားစစ်ပွဲမှာ ကျရှုံးခဲ့တဲ့ စစ်သားတွေရဲ့နာမည်တွေ ထုထားတာတွေ့ရတယ်။ နွေရာသီမှာ လည်ပတ်လို့ကောင်းတဲ့ နေရာလေးတစ်နေရာပေါ့။

နိုင်းနိုင်းစနေ


Share/Bookmark

Tuesday, February 22, 2011

ဘဝပျော်ရွှင်နည်းများ (၁)


(၁) မိသားစုပုံတွေ ရိုက်ပါ

မိသားစုနဲ့ အတူနေရချိန်တွေကို တန်ဖိုးထားပါ။ နှစ်စဉ်နှစ်တိုင်း မိသားစု အမှတ်တရပုံရိပ်တွေကို ကင်မရာနဲ့ မှတ်တမ်းတင်ပါ။ အဝေးတစ်နေရာဆီ ခွဲခွာနေကြတဲ့ ဆွေမျိုးသားချင်းတွေနဲ့လည်း ဒီလိုအချိန်မှာ တွေ့ဆုံနိုင်ပါတယ်။

(၂) ကိုယ့်ကိုယ်ကို အိမ်ချစ်တဲ့အကြောင်းပြချက် တစ်ခုခုပေးပါ

ကိုယ့်အခန်း၊ ကိုယ့်အိမ်ကို အပြောင်းအလဲ ပြင်ဆင်တာမျိုးနဲ့ စိတ်ဖိအားကို ဖြေလျော့နိုင်ပါတယ်။ ကိုယ့်ပတ်ဝန်းကျင်ကို အပြောင်းအလဲ နည်းနည်းပေးပါ။ ဥပမာ-- ခေါင်းလောင်းလေး ချိတ်တာပဲဖြစ်ဖြစ်၊ အလှမွေးငါးကန်လေးတစ်ခု ထားတာပဲဖြစ်ဖြစ်၊ ဓာတ်ပုံ၊ ပန်းချီ၊ ပန်း၊ အရုပ် ဒါမှမဟုတ် ပြက္ခဒိန်တွေနဲ့ ပြင်ဆင်တာပဲဖြစ်ဖြစ် တောက်ပတဲ့နေရောင်၊ လှပတဲ့ရှုခင်းအတွက် ရင်ခွင့်ပြတင်းကို ဖွင့်ပေးနိုင်ပါတယ်။

(၃) ရှော့ပင်းထွက်ပါ

လှပတဲ့အရာတွေခံစားဖို့ ဝယ်စရာမလိုဘဲ ငေးလို့ရတဲ့ဆိုင်တွေကို လှည့်ပတ်ပါ။ ဥပမာ-- ပန်းချီးပြခန်း၊ ရှေးဟောင်းပစ္စည်းဆိုင်၊ ရတနာဆိုင်၊ ပြတိုက်၊ စာအုပ်ဆိုင်... အကြားအမြင် ဗဟုသုတလည်းရသလို စိတ်ကိုလည်း ကြည်နူးစေနိုင်ပါတယ်။

(၄) စိတ်ဝိညာဉ်ကို သံစဉ်တွေနဲ့ ဆေးကြောပါ

စိတ်ကိုဖြည်လျော့စေတဲ့ သံစဉ်ပါတဲ့ အခွေကိုဝယ်ပါ။ လှိုင်းပုတ်သံပဲဖြစ်ဖြစ်၊ ရေစီးသံပဲဖြစ်ဖြစ်။ ဒါမှမဟုတ် နှစ်သက်တဲ့ သီချင်း၊ နှစ်သက်တဲ့အဆိုတော်ရဲ့ သီချင်းကိုဖွင့်ပြီး အားရပါးရလိုက်ဆိုပါ။

(၅) ဟာသတွေ စုဆောင်းပါ

ရယ်မောခြင်းက ကူးစက်တတ်တဲ့ရောဂါဖြစ်တယ်။ ရယ်မောစရာတွေက ဘယ်အချိန်မှာပဲဖြစ်ဖြစ် ဘဝကို အားအင်ဖြစ်စေတယ်။ ဟာသကာတွန်းစာအုပ်၊ ဟာသခွေ၊ ဟာသရုပ်ရှင်တွေကို စုဆောင်းပါ။ ပက်ပက်ဟက်ဟက် ရယ်မောချင်တဲ့အခါ ဒါတွေဟာ အသုံးဝင်တဲ့၊ ဖလှယ်လို့ရနိုင်တဲ့ ပစ္စည်းတွေဖြစ်တယ်။

(၆) ဇိမ်ပြေနပြေ ရေချိုးပါ

နေ့တိုင်းရေချိုးခြင်းဖြင့် ခန္ဓာကိုယ်ကို လန်းဆန်းစေသလို ပျော်ရွှင်မှုကိုလည်း ဖန်ဆင်းနိုင်တယ်။ ရေထဲ ရေမွှေးတစ်စက် ချတာပဲဖြစ်ဖြစ်၊ ဖယောင်းတိုင်လေး ထွန်းတာပဲဖြစ်ဖြစ်၊ သီချင်းလေး ဖွင့်ထားတာပဲဖြစ်ဖြစ်၊ ပန်းတွေထိုးထားတာပဲဖြစ်ဖြစ် ပတ်ဝန်းကျင်ကို ကြည်နူးအောင် ဖန်ဆင်းနိုင်တယ်။ ဒါမှမဟုတ် မတူတဲ့ရာသီမှာ ကွဲပြားတဲ့ဆပ်ပြာ အရောင်၊ ပုံစံတွေကို ပြောင်းလဲအသုံးပြုနိုင်ပါတယ်။

(၇) ဆိတ်ငြိမ်ခြင်းကို ခံစားပါ

လူတွေဟာ လက်ခုပ်သြဘာသံကြားမှာပဲဖြစ်ဖြစ်၊ စိတ်လှုပ်ရှားတာပဲဖြစ်ဖြစ်၊ စိုးရိမ်ပူပန်တာပဲဖြစ်ဖြစ်၊ ဆူပူသံတွေပဲဖြစ်ဖြစ် အဲဒီအရာတွေခံစားပြီးတဲ့နောက်မှာ စိတ်ဖြေလျော့ဖို့၊ အနားယူဖို့ လိုကိုလိုအပ်တယ်။ ဒီလိုအချိန်မှာ ရေစိမ်တာ၊ အိပ်ရာပေါ်မှာ စာအုပ်တစ်အုပ်နဲ့ဇိမ်ယူတာ၊ နားကျပ်တပ်ပြီး နှစ်သက်တဲ့သီချင်းကို နားထောင်တာမျိုး လုပ်နိုင်ပါတယ်။ ဆူညံရှုပ်ထွေးတဲ့ နေ့စဉ်ဘဝကနေ ခဏခွဲထွက်ပြီး ဆိတ်ငြိမ်ခြင်းကို ခံစားနိုင်ပါတယ်။

(၈) မျှော်လင့်ချက်ဘဏ်တိုက်ထားပါ

ကိုယ်လုပ်ချင်တဲ့၊ ဖြစ်ချင်တဲ့၊ ကိုယ့်ကိုယ်ပျော်ရွှင်စေမယ့် အချက်(၁ဝ)ချက်ကို ချရေးပါ။ အဲဒီနောက် လက်တွေ့မကျလည်း ကိုယ့်ကိုယ်ပျော်စေနိုင်မယ့် စိတ်ကူး(၁ဝ)ခုကို ချရေးပါ။ ပြီးတော့ အဲဒီစာရွက်နှစ်ရွက်ကို မျှော်လင့်ချက်ဘဏ်တိုက်ထဲ ထည့်ထားပြီး အခွင့်ရတာနဲ့ စိတ်ပါလက်ပါလုပ်ပါ။

(၉) သဘာဝတရားကို ပွေ့ဖက်ပါ

သဘာဝတရားက လှပတဲ့ပြက္ခဒိန်တစ်ခုဖြစ်တယ်။ နွေမိုးဆောင်းရာသီတွေမှာ ထူးဆန်းအံ့သြခြင်းတွေနဲ့ ပြည့်နေခဲ့တယ်။ သဘာဝကပေးတဲ့ အလှတရားတွေကို ခံစားဖို့ မှန်ပြောင်းလိုမယ်၊ စာအုပ်ဘောလ်ပင်လိုမယ်၊ ကင်မရာလိုမယ်။ ပန်းခြံထဲမှာ လမ်းလျှောက်ရင်းနဲ့လည်း ကိုယ့်ဘေးပတ်ဝန်းကျင်က ရှုခင်းအလှတွေကို ခံစားနိုင်ပါတယ်။

(၁ဝ) ကိုယ်ကိုယ်တိုင်နဲ့ ချိန်းတွေ့ပါ

ကိုယ့်ကိုယ်ကို လွတ်ငြိမ်းတာဟာ ဦးနှောက်ကို ကြည်လင်လန်းဆန်းစေတယ်။ နေ့တိုင်းထိတွေ့နေတဲ့ ပတ်ဝန်းကျင်က ခဏခွဲထွက်ပြီး တစ်ယောက်တည်း ခရီးထွက်ပါ။ တစ်ခါမှ မရောက်ဖူးတဲ့နေရာတွေဆီ လည်ပတ်ပါ။ မရင်းနှီးတဲ့ လူ၊ ပတ်ဝန်းကျင်၊ ရှုခင်းတွေထဲ ပျော်ဝင်ခံစားပါ။

***မူရင်းမှာရေးထားတာက ပျော်ရွှင်နည်း(၅ဝ)ပါ။ (၅ဝ)ထဲကနေ ကျွန်မကြိုက်နှစ်သက်တာ၊ သင့်လျော်တာကို ရွေးချယ်ဘာသာပြန်ပါတယ်။ ကျန်နေတဲ့အချက်တွေကို ဆက်လက်ဘာသာပြန်ပါဦးမယ်။

မူရင်း-- http://space.atmovies.com.tw/space/space.cfm?action=data&type=clist&CID=GB&sid=156223&mid=0&page=32

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Monday, February 21, 2011

ကျွန်မနဲ့ကင်မရာ


ကင်မရာက ထွက်လာတဲ့ပုံတွေ အရောင်လှတယ်.. ဘာကင်မရာသုံးလဲလို့ မေးထားလို့ ပုံနဲ့တကွ ရေးသားလိုက်ရပါတယ် :D။

အခုချိန်ထိ ကျွန်မကင်မရာ(၂)လုံး ဝယ်ခဲ့ဖူးတယ်။ ပထမတစ်လုံးက (၂ဝဝ၂)ခုနှစ်မှာဝယ်ခဲ့တဲ့ nikon လက်လှည့်ကင်မရာလေး.... အဲတုန်းက ဒစ်ဂျစ်တာကင်မရာ ခေတ်စားစဆိုတော့ လိုချင်လို့သာ ဝယ်လိုက်ရတယ်.... လခ တစ်လစာနီးနီး ပါသွားတယ်။ အဲဒီကင်မရာလေးဝယ်ပြီး တစ်နှစ်တောင်မကြာဘူး... အခန်းသူခိုးဖောက်တော့ ပါသွားတယ်။ ပါသွားတော့လည်း မရိုက်ရတော့ဘူးပေါ့... ထပ်လည်း မဝယ်ဖြစ်ခဲ့တော့ဘူး။

ဒုတိယတစ်လုံးကိုတော့ ၂ဝဝ၄မှာ ထိုင်ဝမ်ခဏပြန်ဖြစ်တုန်း ဝယ်ခဲ့တယ်။ (အင်္ဂလန်မှာ ရိုက်စရာတွေ များမှာပဲဆိုပြီးတော့ ဝယ်ဖြစ်ခဲ့တာ) အခုလက်ရှိကိုင်နေတဲ့ အလုံးပေါ့။ sony dsc-p8တဲ့.. 3.2 megapixelဆိုတော့ မော်ဒန်တော်တော် အောက်နေပြီ။ ဒါပေမယ့် ဒီကင်မရာနဲ့ ရိုက်ထွက်လာတဲ့ပုံတွေက ကာလာလည်းမဆိုးဘူး.. ကင်မရာကလည်း လက်ဖဝါးတစ်ဝါးစာဆိုတော့ သယ်ရလွယ်လို့ ဒါလေးပဲ ဆက်သုံးဖြစ်နေတယ်။ တခြားကင်မရာအကြီးနဲ့ လဲမယ်ဆိုတောင် မလဲခဲ့ဘူး.... သုံးနေတာ (၇)နှစ်လောက်ရှိပြီဆိုတော့ သံယောဇဉ်ဖြစ်တာလည်း ပါတယ်။ ဒါလေးကိုပဲ မပျက်မချင်း သုံးနေဦးမှာပေါ့...း)



နိုင်းနိုင်းစနေ

Share/Bookmark

Sunday, February 20, 2011

မိန်းကလေးရင်ထဲက စကား



(၁) ယောက်ျားအကြောင်းကို နားလည်သလို နားမလည်သလိုနဲ့ မိန်းမတစ်ယောက်ဟာ နောက်ဆုံးမှာ အဲဒီယောက်ျားရဲ့ဇနီးမယားဖြစ်သွားတယ်။

ယောက်ျားအကြောင်း လုံးဝနားလည်သူဟာ နောက်ဆုံးမှာ အပျိုကြီးဖြစ်သွားတယ်။


(၂) မိန်းမတစ်ယောက်ရဲ့တစ်သက်မှာ ယောက်ျားနှစ်ယောက်ရှိတယ်။

တစ်ယောက်က အမှတ်တရထဲမှာ၊ နောက်တစ်ယောက်က တစ်သက်လုံးအနားမှာ

(၃) ယောက်ျား
သင့်ရဲ့ငွေကြေး၊ သင့်ရဲ့ရုပ်ရည်၊ သင့်ရဲ့အတတ်ပညာ၊ သင့်ရဲ့ဟာသဉာဏ်
ဘယ်အရာကမှ သင့်ရဲ့သစ္စာစောင့်သိတာလောက် အရေးမကြီးဘူး။

(၄) မိန်းမ
သင့်ရဲ့အလှ၊ သင့်ရဲ့စိတ်နေစိတ်ထား၊ သင့်ရဲ့ဂုဏ်ယူစရာတွေကို ထိုက်တန်တဲ့သူတစ်ယောက်အတွက် ချန်ထားပေးပါ။

(၅) လောကမှာ အလွယ်တကူ ယုံလို့မရတဲ့အရာ သုံးမျိုးရှိတယ်။
ယောက်ျားလေးရဲ့ ဂတိ၊ ယောက်ျားလေးရဲ့အချစ်၊ ယောက်ျားလေးရဲ့ဆင်ခြေဖြစ်တယ်။

လောကမှာ အဖိုးတန်ဆုံးအရာ သုံးမျိုးရှိတယ်။
ယောက်ျားလေးရဲ့ ဂတိ၊ ယောက်ျားလေးရဲ့အချစ်၊ ယောက်ျားလေးရဲ့နှလုံးသားဖြစ်တယ်။

(၆) ဘယ်လောက်ပဲ ရင်းနှီးကျွမ်းဝင်ခဲ့တဲ့လူဖြစ်ဖြစ် လမ်းခွဲလိုက်ပြီဆိုတာနဲ့ တဖြေးဖြေး စိမ်းစိမ်းသွားတော့တယ်။

(၇) အချစ်မှာ လူကိုအနာကျင်စေဆုံးက "အမှတ်တရ"ဖြစ်တယ်။
တကယ်လို့ အမှတ်တရတွေသာ မရှိခဲ့ရင် ဒီလောက်နာကျင်လိမ့်မှာ မဟုတ်ဘူး။

(၈)လမ်းခွဲလိုက်ပြီဆိုတာနဲ့ သူ့ဘဝကို သွားမနှောင့်ယှက်နဲ့တော့... ပြန်လည်တွေ့ဆုံခဲ့ရင်လည်း အမုန်းရန်ငြိုးမထားနဲ့..... ခေါင်းတစ်ချက်ညိတ် ပြုံးပြလိုက်ပါ။

(၉) မိန်းကလေးတွေ နုပျိုချိန်မှာ ဘယ်လောက်ပဲ ချောခဲ့ချောခဲ့၊ ဘယ်လိုပဲ မာနာကြီးခဲ့ကြီးခဲ့ နောက်ဆုံးမှာ ယောက်ျားတစ်ယောက်အတွက် ဖြစ်သွားတယ်။

ယောက်ျားလေးတွေ နုပျိုချိန်မှာ ဘယ်လောက်ပဲ လွတ်လပ်ခဲ့လွတ်လပ်ခဲ့၊ ဘယ်လောက်ပဲ ထကြွခဲ့ထကြွခဲ့ နောက်ဆုံးမှာ မိန်းမတစ်ယောက်အတွက် ရုန်းကန်ရတော့တယ်။

(၁ဝ) မိန်းကလေးများ တစ်ခုခု စိတ်ကြိုက်ဖြည့်စွက်ပါ...

အင်တာနက်ပေါ် ရှာဖွေဘာသာပြန်သည်။

နိုင်းနိုင်းစနေ


Share/Bookmark

Saturday, February 19, 2011

မော်ဒန်ရဲ့ မေးခွန်း


လွန်ခဲ့တဲ့တစ်ပတ်ကျော်က အီးမေးလ်တစ်စောင်ရတယ်။ မော်ဒန်ဂျာနယ်က မေးခွန်းလေးတစ်ချို့ မေးချင်လို့ပါတဲ့။ ဒါနဲ့ ဖြေဖြစ်ခဲ့တဲ့မေးခွန်းလေးတွေ ဂျာနယ်မှာ အရင်ပတ်က ဖော်ပြသွားတယ်လို့ သိရပါတယ်။ မေးခွန်းတွေမေးတဲ့ မော်ဒန်ဂျာနယ်က ညီမငယ်ရွှေလေးကို ဒီကနေ ကျေးဇူးအထူးတင်ပါတယ်။

(1) ဘယ်အချိန်လောက်ကစပြီး ဘလော့ရေးခဲ့တာလဲ ? ဘယ်လိုအကြောင်းအရာတွေ စရေးခဲ့လဲ ?

ဘလော့ကို ၂ဝဝ၆လောက်မှာ စရေးဖြစ်ခဲ့ပါတယ်။ ဘလော့မရေးခင်ကတည်းက ဖိုရမ်တစ်ချို့၊ အင်တာနက် စာကြည့်တိုက်တစ်ချို့မှာ စာတွေရေးဖြစ်ခဲ့တယ်။ နောက်မြန်မာဘလော့တွေ ခေတ်စားလာတော့ ရေးထားတာတွေ တစ်စုတစ်စည်းတည်းဖြစ်အောင်ဆိုပြီး ၂ဝဝ၆ ဧပြီလမှာ ဘလော့စရေးဖြစ်ခဲ့ပါတယ်။ စိတ်ခွန်အားမြှင့်စာလေးတွေ၊ ကြော်ငြာလေးတွေနဲ့ စခဲ့တာပါ။


(2) ဘလော့စရေးတုန်းက ဘယ်လိုအခက်အခဲတွေရှိခဲ့လဲ? ဘလော့စရေးခဲ့တဲ့နာမည်နဲ့ ရေးသားခဲ့တဲ့အကြောင်းအရာကို ပြောပြပေးပါ?

ဘလော့စရေးစက အခက်အခဲအနည်းအများတော့ ရှိခဲ့ပါတယ်။ နည်းပညာ မကျွမ်းကျင်တာ၊ မြန်မာဖောင့် ထည့်သွင်းရ အခက်အခဲဖြစ်တာတွေပေါ့။ နောက်မြန်မာလက်ကွက်ကီးဘုတ် မကျွမ်းကျင်တာတွေပါ။ နောက်တော့လည်း တဖြေးဖြေးကျင့်ရင်း၊ ကြိုးစားရင်း အခက်အခဲတွေက သေးသေးသွားပါတယ်။ နိုင်းနိုင်းစနေဆိုတဲ့ နာမည်နဲ့ပဲ ဘလော့စရေးဖြစ်ခဲ့ပါတယ်။ ရေးတဲ့အကြောင်းအရာတွေက ကျွန်မ အများဆုံးဖတ်ဖြစ်တဲ့ အင်တာနက်ပေါ်က စိတ်ခွန်အားပေးစာတွေပါ။ ဒါတွေကို ဘာသာပြန်ပြီးရေးခဲ့ပါတယ်။


(3) ပရိသတ်က ဘယ်အချိန်လောက်မှာ စပြီး သတိထားမိခဲ့တယ်လို့ ထင်ပါသလဲ?

ကျွန်မဘလော့စရေးစက မြန်မာဘလော့တွေ လက်ချိုးရေလို့ရတဲ့ အနေအထားမှာရှိပါတယ်။ စစမှာတော့ ဘလော့လုပ်သူအချင်းချင်း လည်ပတ်အားပေး ဖတ်ရှုတာမျိုးတွေ ရှိခဲ့တယ်။ ပရိသတ်တွေ ဘယ်အချိန်မှာ စသတိထားမိလဲဆို ကျွန်မလည်း သေသေချာချာ မသိဘူး။ ဘလော့စရေးပြီး ၁နှစ်ကျော်လောက်မှာလို့ ထင်တာပါပဲ။


(4) ဘာကြောင့် လူသိများလာတယ်လို့ ထင်လဲ?
အယ်.. အဲတာတော့ သေချာမသိဘူး။ ကျွန်မနဲ့ ခံစားချက်တူ၊ အကြိုက်ချင်းတူကြတဲ့လူ များလို့ထင်တယ်။


(5) စာအုပ်ကို ဘယ်အချိန်မှာ စထုတ်ခဲ့တာလဲ?
စာအုပ်ကို ၂ဝ၁ဝ ဇန်နဝါရီလမှာ စထုတ်ဖြစ်ခဲ့ပါတယ်။

(6) ပရိသတ်တုံ့ပြန်မှုကော ဘယ်လိုရှိလဲ?

အဲတာက ထုတ်ဝေသူပိုသိမယ် ထင်တယ်း).. အားပေးကြမယ်ထင်တာပဲ။ လူသစ်တစ်ယောက်အနေနဲ့ ဖေးမအားပေးကြမယ် ထင်ပါတယ်။


(7) အခုလက်ရှိ ရေးသားနေတဲ့ဘလော့နဲ့ လာကြည့်သူပရိသတ် ဘယ်နှစ်ဦးလောက်ရှိပါသလဲ?

တစ်နေ့ကို ဘယ်နှဦးလောက်ရှိမယ်လို့တော့ သေချာမပြောတတ်ဘူး။ counter လေးတော့ လုပ်ထားတယ်။ တစ်နေ့ကို ဝင်ဝင်ထွက်ထွက် ၁ဝဝဝနီးနီးတော့ရှိတယ်။ လူတစ်ယောက်ကို ဘယ်နှကြိမ်ဝင်ခဲ့သလဲတော့ မသိဘူးပေါ့။

(8) ကိုယ့်ဘလော့မှာနေ့စဉ်စာရေးဖြစ်လား ? ဘယ်နှပုဒ်လောက်ရေးဖြစ်လဲ ?

ရေးဖြစ်ပါတယ်။ တစ်နေ့တစ်ပုဒ်တော့ ပုံမှန်ရေးဖြစ်နေတယ်း)


(9) ကိုယ့်ပရိသတ်ကကော ဘယ်အသက်အရွယ်တွေများလဲ ?

အရွယ်အမျိုးမျိုးထင်တာပဲ။ များတော့အားဖြင့် ၂ဝကျော် ၃ဝနီးတွေဖြစ်မယ်။ လုပ်ငန်းခွင်ဝင်နေသူတွေ များတယ်။


(10)အောင်မြင်တဲ့ ဘလော့ဂါတစ်ယောက်ဖြစ်ဖို့ ဘယ်လိုအရည်အချင်းတွေရှိသင့်ပါသလဲ ?

အောင်မြင်တဲ့ဘလော့ဂါကို ဘယ်နဲ့တိုင်းတာတာလဲတော့ မပြောတတ်ဘူး။ ဘလော့ဂါတစ်ယောက်ဖြစ်ဖို့တော့ အင်တာနက်နည်းနည်းပါးပါး နားလည်တာနဲ့ဖြစ်တယ်။ အောင်မြင်တဲ့ဘလော့ဆိုတာမျိုးက လူတွေအမြဲ လာလာဖတ်ချင်အောင် တင်ပြတဲ့စာတွေ၊ အကြောင်းအရာတွေ ဆွဲဆောင်မှုရှိရင် ရတယ်။ ကိုယ်တိုင်လည်း စာဖတ်နာပြီး လူတွေစိတ်ဝင်စားအောင် ရှာရှာဖွေဖွေလေး တင်ပြနိုင်ရင် ရပါတယ်။


(11) ပြည်တွင်းကဘလော့ဂါတွေနဲ့ ပြည်ပကဘလော့ဂါတွေ ဘယ်လိုကွာခြားမှုရှိပါသလဲ ?

ပြည်တွင်းနဲ့ပြည်ပက ဘလော့ဂါချင်းတူပေမယ့် အခွင့်အရေး ရတာချင်းက မတူဘူးလေ။ ဥပမာ- ပြည်တွင်းကဆို အင်တာနက်ကော်နက်ရှင် မကောင်းတာ၊ နှေးတာ နောက်ပြီး ဘလော့ကိုလည်း ဖွင့်မရအောင် ဘန်းထားတော့ ပို့စ်တင်ချင်ရင် ကျော်ခွပြီးတင်ရတာတို့၊ ကော်နက်ရှင်နှေးတော့ ပုံတွေတင်မရတာတို့ ရှိတယ်။ ပြည်ပကတော့ ဘာအတားအဆီးမှ မရှိဘူး။ ကြိုက်တာကို အချိန်မရွေးတင်လို့ရတယ်လေ။ ဒါနဲ့ပဲ ပြည်တွင်းကနေပြီး ဘလော့ရေးသူတွေကို ပိုလေးစားမိတယ်။


(12) ဘလော့ရေးမယ့်သူတွေကို ဘယ်လိုအကြံပြုချင်ပါသလဲ ?

ကျွန်မကို လာလာပြောကြတဲ့လူတွေရှိတယ်။ ဘလော့လုပ်ပြီး စာရေးချင်တယ်.. ဘယ်လိုစရေးရမှန်းမသိဘူး။ မရေးရဲဘူးဆိုတာတွေပေါ့။ တကယ်တော့ စာရေးတယ်ဆိုတာ ဘာမှကြောက်စရာမရှိပါဘူး။ သူတစ်ပါးကို ပုတ်ခတ်စော်ကားတဲ့စာတွေ မဟုတ်ရင်ပေါ့။ နောက်ပြီး ဘလော့ဆိုတာ အင်တာနက်မှာ အလကားဖရီးရတာပါ။ ပိုက်ဆံတွေပေးစရာမလိုဘူး။ gmail အကောင့်တစ်ခုရှိရုံနဲ့ ရေးလို့ရပါတယ်။ ဘလော့ရေးရင် နေ့တိုင်း ကိုယ့်ဘလော့မှာ ဘာတွေရေးတင်ရင် ကောင်းမလဲဆိုတာမျိုးတွေ စဉ်းစားမိတတ်တယ်။ တစ်ခြားလူကို ဝေမျှချင်တဲ့အခါ ကိုယ်စာပိုဖတ်ဖြစ်လာတယ်။ ဗဟုသုတွေ ဝေမျှချင်တဲ့အခါ ပတ်ဝန်းကျင် စူးစိုက်မှုတွေရှိလာတယ်။ ကိုယ်နေ့စဉ်တွေ့နေတာလေးတွေကို လူတွေစိတ်ဝင်စားအောင် ရေးဖွဲ့ချင်လာတယ်။ အဲဒီလိုပဲ စစချင်းမှာတော့ နည်းပညာအခက်အခဲရှိမယ်။ စာရေးရ အခက်အခဲရှိမယ်။ ဒါပေမဲ့ နောက်တော့လည်း တဖြေးဖြေး အဆင်ပြေသွားပါတယ်။ ဒါကြောင့် ဘလော့ရေးမယ်ဆိုသူတွေကို ကိုယ့်ရင်ထဲက ခံစားချက်ကိုချရေးတာ ဘာမှရှက်ကြောက်နေဖို့ မလိုဘူး။ စာမရေးတတ်လို့ အကဲ့ရဲ့ခံရမှာကိုလည်း မကြောက်ပါနဲ့လို့..... လုပ်ချင်စိတ်ရှိရင် ဘာမဆိုဖြစ်ပါတယ်လို့း)


(13) တခြားဖြည့်စွက်ပြောချင်တာများရှိရင်........

ဘလော့ကနေ စာအုပ်ထုတ်တဲ့အထိ အားပေးကြသူတွေ အားလုံးကို ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ ဒီလို စာတွေ လာလာဖတ်နေသူတွေရှိလို့၊ အားပေးနေသူတွေရှိလို့ စာရေးရတာ ပိုအားရှိတဲ့အကြောင်းလည်း ပြောချင်ပါတယ်။ အားပေးသူတွေကြောင့်လည်း ဘလော့ကနေ စာအုပ်ထုတ်နိုင်ခဲ့တာပါ။ နိုင်းနိုင်းစနေဆိုတာ အရင်ကတည်းက ရှိနေခဲ့တယ်ဆိုပေမယ့် စာဖတ်သူတွေရဲ့ အားပေးမှုကြောင့် ပိုတည်မြဲခဲ့ပါတယ်။


နိုင်းနိုင်းစနေ


Share/Bookmark

Friday, February 18, 2011

ခေါက်ဆွဲကြော်နဲ့ ထမင်းပေါင်း


ရှမ်းခေါက်ဆွဲကြော် ပါဝင်တဲ့ပစ္စည်းတွေက --- ရှမ်းခေါက်ဆွဲ၊ ကြက်သွန်နီ၊ ကြက်ဥ၊ ပုစွန်၊ အရွက်တစ်မျိုးမျိုး

ပထမဆုံး ရှမ်းခေါက်ဆွဲကို ရေနွေးဖျောလိုက်တယ်။ (သိပ်မပျော့စေနဲ့)။ ပြီးရင် ရေစစ်ပြီး ကြော်တဲ့အခါ မွှေရလွယ်အောင် ငံပြာရည်နည်းနည်း လူးထည့်လိုက်တယ်။ ဆီအိုးတည်ပြီး ကြက်သွန်နီကြော်တယ်၊ နွမ်းရင် ကြက်ဥခေါက်ထည့်တယ်။ တကယ်လို့ ရှမ်းခေါက်ဆွဲများရင် တစ်ခုကြော်ပြီး တစ်ခုဖယ်ထား နောက်ဆုံးမှ အကုန်ရောကြော်တာ ပိုကောင်းတယ်။ မဟုတ်ရင် အရွက်တွေက ကြော်နေရင်း ရေတွေထွက်လာတတ်တော့ ခေါက်ဆွဲထည့်ကြော်တဲ့အခါ ပျော့စိစိကြီး ဖြစ်သွားတတ်တယ်။ ပုစွန်ထည့်တယ်။ ပုစွန်မကြိုက်ရင် အသားတစ်မျိုးမျိုးပေါ့။ ပြီးရင် အရွက်ထည့်တယ်။ နောက်ဆုံး ရှမ်းခေါက်ဆွဲထည့်တယ်။ အရောင်လှအောင် ငရုတ်သီးနီနီလေးတွေ ထည့်တယ်။ အပေါ့အငန်မြည်းတယ်။ နောက်ဆုံးမှာ အစိမ်းရောင်၊ အဝါရောင်၊ အနီရောင်နဲ့ ရှမ်းခေါက်ဆွဲကြော် မွှေးမွှေးလေးရတယ်။ မစားခင် နံနံပင်လေး ဖြူးလိုက်ရင် ပိုမွှေးသွားတယ်။ (ခေါက်ဆွဲအစား ကြာဇံဆိုလည်း ဖြစ်တယ်)


ထမင်းပေါင်းအတွက် ပါဝင်တဲ့ပစ္စည်း--- ကြက်သွန်နီ၊ မုန်ညင်းဖြူ၊ မုန်လာဥနီ၊ ငရုတ်သီးနီ၊ ဆူကာသီး၊ ကော်မှုန့်၊ အသားတစ်မျိုးမျိုး

အရင်ဆုံး ကြက်သွန်နီကို ကြော်တယ်။ အသားထည့်တယ်။ ပြီးရင် မုန်လာဥနီ၊ ဆူကာသီးထည့်တယ်။ နောက် မုန်ညင်းဖြူတည့်တယ်။ ခရုဆီလေး နည်းနည်းထည့်တယ်။ ရလုလုမှာ ရေဖျော်ထားတဲ့ကော်မှုန့်ကို ထည့်တယ်။ အပေါ့အငန်မြည်းပြီး ထမင်းပေါ်တင်လိုက်တော့ ထမင်းပေါင်းဖြစ်သွားတယ်း)

ထမင်းပေါင်းက ကင်းချီလေးနဲ့ဆိုတော့ လိုက်မှလိုက်ပေါ့နော်း)

တကယ်ဆို ဟင်းတွေမှာ ဘာပစ္စည်း၊ ဘာပစ္စည်းထည့်ရမယ်လို့ တသတ်မှတ် မရှိဘူး။ စိတ်ကူးထဲပေါ်လာပြီး စားကောင်းမယ်ထင်တာတွေ ထည့်လိုက်လို့ရပါတယ်။

ရုံးပိတ်ရက် အားလပ်ချိန်တွေမှာ တစ်ခုခုချက်စားမယ်လို့ ကြံရင်း ဘာချက်ရမှန်းမသိ ဖြစ်နေသူအတွက် ဝေမျှတာလေးပေါ့... တကယ်ဆို ကျွန်မက ဟင်းကောင်းကောင်း ချက်တတ်သူမဟုတ်ဘူး။ ကျွန်မ စားဖူးတာ၊ မြင်ဖူးတာကို လက်တည့်စမ်းပြီး ချက်တတ်သလို ချက်လိုက်တာများတယ်။ ဘာပဲပြောပြောလေ.. ကျွန်မလို လက်တည့်စမ်းချင်သူတွေ အတွက်ပေါ့း)

နိုင်းနိုင်းစနေ


Share/Bookmark

စိတ်နေသဘောထား


ကလေးငယ်တစ်ယောက်ဟာ ပြေးလွှားဆော့ကစားရင်း မတော်တဆ စားပွဲခုံနဲ့တိုက်မိပြီး အော်ငိုတော့တယ်။ ဒါကို မိခင်မြင်တော့ စားပွဲခုံကို လက်နဲ့ရိုက်ပြီး ကလေးငယ်ကို "သမီးလေး လိမ်မာတယ်.. မငိုနဲ့နော်.. ခုံကို မေမေရိုက်လိုက်ပြီ" ဆိုပြီးချော့တယ်။

တူတဲ့ အဖြစ်တစ်ခုမှာပါပဲ။ ဒါပေမယ့် ဒီအဖြစ်မှာ နောက်မိခင်တစ်ဦးက ကလေးငယ်ခေါ်ပြီး စားပွဲခုံကို နောက်တစ်ပတ်ပတ်ဖို့ ပြောတယ်။ နောက်ပြီး ကလေးငယ်ကို "စားပွဲခုံကို သမီးတိုက်မိတဲ့အကြောင်း ၃ခုရှိတယ်။ ပထမတစ်ချက်က သမီးအမြန်ပြေးလို့ စားပွဲခုံကို ရှောင်ချိန်မရလိုက်ဘူး။ ဒုတိယတစ်ချက်က လမ်းကို သမီးသေချာမကြည့်လို့၊ တတိယတစ်ချက်က သမီး တခြားအကြောင်း တွေးနေလို့ဖြစ်တယ်။ ခုနား စားပွဲခုံနဲ့ သမီးတိုက်မိတာ အဲဒီ၃ခုထဲက ဘယ်တစ်ခုလဲ?" လို့မေးတယ်။

စားပွဲခုံက အသေပါ။ လူကို လာမတိုက်တတ်ပါဘူး။ လူကသာ စားပွဲခုံကို သွားတိုက်တာဖြစ်လို့ လူမှားပါတယ်။ စားပွဲခုံ မမှားပါဘူး။ ပထမ မိခင်က စားပွဲခုံကို လက်နဲ့ရိုက်ပြီး စားပွဲခုံမှားတယ်၊ သမီး မမှားဘူးလို့ ကလေးငယ်ကို သင်ပြနေတာနဲ့တူတယ်။ ဒီလို အသင်အပြအောက်မှာ ကြီးပြင်းတဲ့ကလေးငယ်ဟာ ကိစ္စရပ်တစ်ခုခုနဲ့ ကြုံလာတဲ့အခါ ခေါင်းရှောင်လာတတ်တယ်။ အကြောင်းပြချက်အမျိုးမျိုးနဲ့ ကိုယ်လွတ်ရုန်းလာတတ်တယ်။ တခြားလူကို လွှဲချတတ်တယ်၊ အပြစ်ရှာတတ်တယ်။

ဒုတိယမိခင်ရဲ့ သင်ပြပုံကတော့ ကလေးငယ်ကို ကိုယ့်တာဝန်ကိုယ် သတ္တိရှိရှိလုပ်ဖို့၊ တခြားလူကိုသွားပြီး အပြစ်မရှာ၊ မစွပ်စွဲဖို့ဖြစ်တယ်။ ဒီလို အသင်အပြအောက်မှာ ကြီးပြင်းတဲ့ ကလေးငယ်ဟာ ကိစ္စရပ်တစ်ခုခုနဲ့ ကြုံတိုင်း ကိုယ့်ရဲ့လိုအပ်ချက်ကို အရင်ဆန်းစစ်တတ်တယ်။

တချို့ကိစ္စမှာ ဘယ်သူမှန်၊ ဘယ်သူမှားတယ်ဆိုပြီး လုံးဝခွဲခြားရဖို့ ခက်တယ်။ တကယ်တော့ လူတိုင်း အမှားနဲ့မကင်းကြဘူး။ အမှားများတာနဲ့ အမှားနည်းတာပဲ ကွာတယ်။ တကယ်လို့ လူတိုင်း ကိုယ့်အလုပ်ကိုကိုယ် တာဝန်ယူနိုင်ခဲ့ရင်၊ ကိုယ့်ရဲ့လိုအပ်ချက်ကို ဆန်းစစ်နိုင်ခဲ့ရင် ဖြေရှင်းလို့မရနိုင်တဲ့ ကိစ္စဆိုတာ ရှိမှာမဟုတ်ပါဘူး။

အဖွဲ့အစည်း အချင်းချင်းကြားမှာပဲဖြစ်ဖြစ်၊ လူလူချင်းကြားမှာပဲဖြစ်ဖြစ် တခြားလူက ကိုယ့်ရဲ့လိုအပ်ချက်ကို ထောက်ပြတဲ့အခါ ချေပဖို့၊ ငြင်းခုန်ဖို့ အရင်မကြိုးစားဘဲ ဆန်းစစ်မှုတွေ အရင်လုပ်သင့်တယ်။ မှားမှန်းသိတာနဲ့ ချက်ချင်းပြင်မယ်။ တကယ်လို့ မှားမနေရင်လည်း သတိပေးချက်အနေနဲ့ သဘောထားပြီး အာရုံစိုက်မယ်။

စိတ်နေသဘောထားက အရာရာကို ဆုံးဖြတ်သတဲ့။ တူညီတဲ့ကိစ္စမှာ စိတ်နေသဘောထားချင်း မတူရင် ရလဒ်ကလည်း တူမှာမဟုတ်ပါဘူး။ ဒါကြောင့် ကိစ္စရပ်ကို ပြီးမြောက်အောင် ဆောင်ရွက်ချင်ရင် ပထမဦးဆုံးလုပ်ရမှာက စိတ်နေသဘောထား ဖြောင့်မှန်နေဖို့ပါပဲ.....

မူရင်း-- http://www.duwenzhang.com/wenzhang/renshengzheli/chenggong/20070716/281.html

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Wednesday, February 16, 2011

ကျွန်မတို့ဒေသက မှိုတွေ


မြန်မာနိုင်ငံရဲ့ တစ်ခြားဒေသတွေမှာတော့ မပြောတတ်ဘူး... ကျွန်မတို့ ရှမ်းပြည်တောင်ကြီးတစ်ဝိုက်မှာတော့ မှိုတွေတော်တော်ပေါတယ်။ မိုးဦးကျစဆိုရင် မှိုတွေကို ဖောဖောသီသီစားရတယ်။ ကျွန်မတို့ဘက်မှာ အများဆုံးတွေ့ရတဲ့ မှိုတွေက ကျွန်မတို့ဒေသအခေါ် ငှက်စို့မှိုနဲ့ တောင်ပို့မှိုဖြစ်တယ်။ တစ်ခြား ကောက်ရိုးမှို၊ ဝါးမှို၊ မှိုနားရွက်နဲ့ အစေးဖြူဖြူ ထွက်တတ်တဲ့ လိမ်မော်ရောင်မှိုတွေလည်း ရှိတယ်။ ဒါတွေက စားလို့ရတဲ့ မှိုတွေဖြစ်တယ်။

ဒီမှိုတွေထဲမှာ သဘာဝပေါက်တဲ့ ငှက်စို့မှိုက စားလို့အကောင်းဆုံး၊ အနူးညံ့ဆုံးနဲ့ အချိုဆုံးဖြစ်တယ်။ တောင်ပို့မှိုက ရိုးတံရှည်ပြီး နည်းနည်းမာတယ်။ သူတို့က ပေါက်ပြီးတဲ့နေရာမှာ ထပ်ပေါက်တတ်တယ်။ ဒါကြောင့် မှိုရှာထွက်သူတွေဟာ မှိုပေါက်တဲ့နေရာတွေကို မှတ်ထားပြီး နောက်တစ်နှစ်မှာ ထပ်သွားရှာကြတယ်။ မှိုနံ့ကို လေသင့်တဲ့နေရာ အဝေးကနေတောင် ရနိုင်ပါတယ်။ ကောက်ရိုးမှိုက စိုက်ပျိုးလို့ရနိုင်ပေမယ့် မှိုရောင်က မည်းညစ်ညစ်မို့ လူတွေသိပ်မစားကြဘူး။ ဝါးမှိုက တစ်ပွင့်ချင်းစီပေါက်တာ မဟုတ်ဘဲ နားရွက်လို ပြားကပ်ကပ်နဲ့ အခက်လိုက်ပေါက်ပြီး စားရတာမာတယ်။ အစေးဖြူထွက်တတ်တဲ့ လိမ်မော်ရောင်မှိုက ကျွတ်ဆတ်ဆတ်ရှိတယ်။ တောင်ကြီးဈေးတွေမှာ တွေ့ရတတ်ပါတယ်။

ကျွန်မတို့ဒေသမှာ အပေါ်ကပြောတဲ့မှိုအပြင် သစ်တုံးမှာကပ်ပေါက်တဲ့ မှိုဖြူဖြူသေးသေးတွေလည်း ရှိသေးတယ်။ ကမာခွံလေးတွေလို ပြားကပ်ကပ်နဲ့ အဲဒီမှိုမျိုးကို ကျွန်မတို့က ကြက်ဥနဲ့ပေါင်းစားကြတယ်။ အခြောက်လှန်းပြီး စားချင်တဲ့အချိန်မှာ ထုတ်စားလည်းရတယ်။

နောက်တစ်မျိုးကလည်း သစ်တုံးပေါ်မှာ ကပ်ပေါက်တဲ့ မှိုပါ။ အညိုရောင်ချွဲကျိကျိနဲ့ အဲဒီမှိုမျိုးကို ကျွန်မတို့က မှိုနားရွက်လို့ခေါ်တယ်။ သူ့ပုံစံက နားရွက်နဲ့တူလို့ပါ။ နောက်ကျွန်မတို့ဘက်မှာ မှိုလောက်စာလို့ခေါ်တဲ့ အင်ဥလည်းရှိတယ်။ လောက်စာလုံးအရွယ် မှိုလောက်စာနဲ့ ထမင်းစားပန်းကန်လုံးလောက်ရှိတဲ့ မှိုလောက်စာဆိုပြီး နှစ်မျိုးရှိတယ်။ လောက်စာလုံးအရွယ်က မာဆတ်ဆတ်ရှိတယ်။ ပန်းကန်လုံးအရွယ်က နူးညံ့တယ်။ အထဲအဆံမည်းရင် ရင့်တဲ့အလုံး၊ ဖြူရင် နုတဲ့အလုံးလို့ ကျွန်မတို့က ခွဲတယ်။ များသောအားဖြင့် ကြီးတဲ့မှိုလောက်စာကို ကျွန်မတို့က မီးဖုတ်ပြီး ဂျူးမြစ်၊ ဂျူးရွက်တွေနဲ့ ထောင်းစားတယ်။ ကြော်စားလို့လည်း ရတယ်။

အခုဆိုရင် ကျွန်မတို့တောင်ကြီးမှာ အပေါ်ကပြောခဲ့တဲ့ သဘာဝမှိုတွေအပြင် စိုက်ပျိုးမှိုတွေကိုလည်း ရာသီမရွေး ဝယ်ယူစားသုံးနိုင်တယ်။ အများဆုံးတွေ့ရတဲ့ စိုက်ပျိုးမှိုတွေက မှိုလုံးလုံးလေးတွေနဲ့ ပြားချပ်ချပ် အခက်လိုက်ပေါက်တဲ့ မှိုမျိုးဖြစ်တယ်။

မှိုတွေက များသောအားဖြင့် နဂိုချိုတဲ့အရသာရှိကြတယ်။ တစ်နှစ်မှ တစ်ခါပေါက်လို့လည်း ဈေးကြီးပေးပြီး ဝယ်စားရတယ်။ မိုးဦးကျစမှာဆိုရင် ငှက်စို့မှိုတစ်ပွင့်ကို ကျပ်တစ်ရာပေးရပါတယ်။ ဒါတောင် အပွင့်အကြီးသေးပေါ် မှုတည်သေးတယ်။ ဟဲဟိုးလေယာဉ်ကွင်းမှာ ငှက်စို့မှို၊ တောင်ပို့မှိုတွေကို ခြင်းထဲထည့်ရောင်းတာ၊ နှီးနဲ့သီရောင်းတာတွေ တွေ့ဖူးကြမယ် ထင်ပါတယ်။

လတ်လတ်ဆတ်ဆတ် မှိုတွေကို ကျွန်မတို့က ကြော်စားတာများတယ်။ မှိုတွေဟာ အဆိပ်အတောက် အလွယ်တကူ ဖြစ်နိုင်တာကြောင့် မှိုကြော်တဲ့အချိန် ကျွန်မတို့က ကြက်သွန်ဖြူကို မပါမဖြစ် ထည့်ကြော်ပေးတယ်။ မစားခင် ကြက်သွန်ဖြူကို အရင်ကြည့်တယ်။ ကြက်သွန်ဖြူဟာ ကြော်လို့တူးသွားတာမျိုး မဟုတ်ဘဲ မည်းသွားတာမျိုး၊ အရောင်ပြောင်းသွားတာမျိုးဆိုရင် မှိုမှာ အဆိပ်ရှိလို့ဖြစ်တယ်။

မှိုကို လတ်လတ်ဆတ်ဆတ် ကြော်စားကြတဲ့အပြင် ကြာရှည်အထားခံတဲ့ မှိုဆီကြော်ဆိုပြီးလည်း ကျွန်မတို့ လုပ်စားကြသေးတယ်။ မှိုဆီကြော်ကို ဗူးတွေထဲထည့်ပြီး ရောင်းတာကို တွေ့ဖူးကြမှာပါ။ သူက မှိုအများကြီးကိုကြော်မှ နည်းနည်းလေးရတာကြောင့် ဈေးကြီးပါတယ်။ တစ်ချို့က ဆီများပြီး မှိုနည်းတာမျိုး၊ တစ်ချို့က မှိုထဲ မျှစ်ခြောက်ရောတာမျိုးတွေ ရှိတတ်ပါတယ်။ ဒါက ကျွန်မသိသမျှ ကျွန်မတို့ဒေသဘက်က မှိုအကြောင်းလေးတွေပါ။ မှိုအကြောင်းဖတ်ပြီး မှိုဟင်းလေးတွေ ချက်စားကြည့်ရအောင် ...း)


မှိုကြော်အတွက် ပါဝင်တဲ့ပစ္စည်းတွေက -- ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ဂျင်း၊ ကြက်သွန်မြိတ် (ဂျူးရွက်ရှိရင်တော့ မှိုနဲ့အလိုက်ဖက်ဆုံးပေါ့)

ပထမဆုံး မှိုကိုသေချာဆေးပြီး ရေစစ်ထားလိုက်တယ်။ ရေညှစ်ထားလိုက်တယ်ဆို ပိုမှန်မယ်။ မှိုက ရေစုပ်တာကြောင့် ကြော်ရင် ရေတွေအများကြီး ထွက်လာတတ်လို့ပါ။ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ဂျင်းမျှင်မျှင်ကို ထည့်ကြော်တယ်။ အသားတစ်မျိုးမျိုး ထည့်ကြော်ချင်လည်းရတယ်။ မှိုက နဂိုကတည်းက ချိုပြီးသားမို့ ဘာအသားမှမထည့်လည်း ချိုပါတယ်။ ပြီးရင် မှိုထည့်ကြော်တယ်။ ဆားထည့်တယ်။ မှိုတွေကျက်လောက်ပြီ ထင်ရင် အပေါ့အငန်မြည်းပြီး အိုးချခါနီး ကြက်သွန်မြိတ်ထည့်တယ်။ မှိုချိုချိုလေး တစ်ခွက်ရပါတယ်။ မစားခင် ကြက်သွန်ဖြူ အရောင်ပြောင်းမပြောင်း ကြည့်တယ်။ စိုက်ပျိုးမှိုတွေက များသောအားဖြင့် သန့်ပါတယ်။ စိတ်ချလက်ချ ကြော်စားနိုင်ပါတယ်း)

နိုင်းနိုင်းစနေ


Share/Bookmark

ဘဝပျော်ရွှင်နည်းများ


(၁) ပျော်ရွှင်တဲ့အရာတွေကို စုဆောင်းပါ

ပျော်ရွှင်ခြင်းဆိုတာ ကိုယ့်ကိုယ်ကို ချစ်ခြင်းတစ်မျိုးပါပဲ။ ကိုယ့်အတွက် ပျော်ရွှင်တဲ့အရာတွေကို စုဆောင်းပါ၊ သိုလှောင်ပါ။ ဒီနေ့မှာဖြစ်ပျက်ခဲ့တဲ့ ပျော်ရွှင်စရာငါးခုကို မှတ်သားပါ။ မှတ်သားထားတဲ့ ပျော်ရွှင်ခြင်းတွေကို မှတ်စုစာအုပ်မှာ ညှပ်ထားပါ။ စိတ်ညစ်ဝမ်းနည်းတဲ့အခါ ဒါမှမဟုတ် လိုအပ်တဲ့အခါ ပျော်ရွှင်ခြင်းမှတ်စုကို ထုတ်ဖတ်ပါ။ နွေးထွေးတဲ့ ပျော်ရွှင်ခြင်းတွေကို အသစ်တဖန် ပြန်ခံစားမိပါလိမ့်မယ်။

(၂) ကြည်နူး၊ ဂရုစိုက်တဲ့ စကားကိုပြောပါ

လူတိုင်းလူတိုင်း ကြည်နူးတဲ့စကား၊ ဂရုစိုက်တဲ့စကားကို နှစ်သက်ကြတယ်၊ လိုအပ်ကြတယ်။ ဂရုစိုက်စကားတစ်ခွန်းဟာ သဲကန္တာရက အိုအေစစ်နဲ့တူတယ်။ ထိခိုက်ဒဏ်ရာရတဲ့ စိတ်ဝိညာဉ်ကို နှစ်သိမ့်ပေးနိုင်သလို လူ့စိတ်ကိုလည်း လန်းဆန်းပျော်ရွှင်စေတယ်။

(၃) လမ်း ကွေ့ပတ်သွားပါ

ပတ်ဝန်းကျင်အသစ်က သစ်လွင်တဲ့အတွေးတွေကို ရစေတယ်။ တစ်ခါမှ မမြင်ဖူးခဲ့တဲ့ ရှုခင်းမြင်ကွင်းတွေက ထူးဆန်းအံ့သြမှုတွေ အများဆုံးပေးနိုင်တယ်။ လမ်းသွယ်၊ လမ်းမြောင်ထဲ ကွေ့ပတ်ဝင်ကြည့်ပါ။ အဝေးပြေးလမ်းမကို စွန့်ခွာပြီး အရောင်စုံတဲ့ မြို့လမ်းလေးတွေထဲ လျှောက်ကြည့်ပါ။ သွားမယ့်နေရာရဲ့ တစ်ကီလိုမီတာအလိုမှာ ကားရပ်ပြီး လမ်းဆင်းလျှောက်ကြည့်ပါ။ လမ်းဘေးက လှပတဲ့ရှုခင်းတွေကို ခံစားမိပါလိမ့်တယ်။

(၄) အရေးမပါတဲ့ အလုပ်ကို တမင်လုပ်ပါ

တကယ်လို့ သင်လမ်းလျှောက်တတ်ရင် သင်ကတတ်ပါလိမ့်မယ်။ တကယ်လို့ သင်စကားပြောတတ်ရင် သင်သီချင်း ဆိုတတ်လိမ့်မယ်။ ဘဝဆိုတာ အရေးမပါ၊ ငြီးငွေ့တဲ့အရာတွေနဲ့ ပြည့်နှက်နေပါတယ်။ ဒါပေမယ့် အဲဒီအရာတွေကို နှစ်သက်တဲ့စိတ်ခံစားချက်နဲ့ ခံစားခဲ့ရင် သာမန်လွန်းတယ်ဆိုတဲ့ အရာမှာတောင် သစ်လွင်ခြင်းတွေ ရှိနိုင်ပါတယ်။

ဥပမာ--- မနက်အိပ်ရာထချိန် ကိုယ့်ဘေးပတ်ဝန်ကျင်က လူကို "ကောင်းသော မနက်ခင်းပါ"လို့ နှုတ်ဆက်မယ်။ သွားတိုက်ချိန်မှာ မှန်ထဲက ကိုယ့်ပုံရိပ်ကို ပြုံးပြမယ်။ ဒါမှမဟုတ် အရေးမပါတဲ့ အိမ်အလုပ်တွေကို နှစ်နှစ်သက်သက်နဲ့ လုပ်မယ်။

(၅) မှတ်စုရေးပါ

တွေးတောခြင်းဆိုတာ အဖိုးတန်တဲ့ရတနာလို့ သင်ထင်မိမှာ မဟုတ်ဘူး။ သင့်စိတ်ထဲက အရာတွေကို ချရေးပြီး ထွက်ပေါက်ပေးပါ။ ကဗျာတိုလေးဖြစ်ဖြစ်၊ ရိုးရှင်းတဲ့ဝါကျဖြစ်ဖြစ် သင်တွေးတောမိတာတွေကို ချရေးပါ။ သင်နှစ်သက်တဲ့ ပုံစံအတိုင်း စိတ်ကြိုက်ရေးပါ။ နေ့စဉ်ဘဝကို ရေးမှတ်ခြင်းဖြစ် သင့်တွေးတောမှုတွေ ပိုတိုးတက်လာပါလိမ့်မယ်။

(၆) မလိုတဲ့ပစ္စည်းတွေကို လက်ဆင့်ကမ်းပါ

ဆုံးရှုံးသွားတဲ့အရာတွေကို ပြန်လိုချင်စိတ်ရှိမရှိ စာရင်းတစ်ခုပြုပါ။ မလိုအပ်တဲ့ပစ္စည်း.. ဥပမာ... ဘောလ်ပင်၊ ပိုစတာ၊ စက္ကူပုံး၊ လိပ်စာကတ်... စတာတွေကို သပ်သပ်စီခွဲပြီး သိမ်းထားသင့်တာ သိမ်းထား၊ ပြုပြင်စရာကို ပြုပြင်၊ ပစ်သင့်တာကိုပစ်ပါ။ မလိုအပ်တဲ့ပစ္စည်းတွေကို လက်ဆင့်ကမ်း၊ ပေးဝေတာဟာလည်း အနုပညာတစ်မျိုးဖြစ်တယ်။

(၇) မိဘတွေနဲ့ မိသားစုသမိုင်းအကြောင်း စကားလက်ဆုံပြောပါ

သင့်ဘေးက နီးကပ်တဲ့ဆွေမျိုးသားချင်းကို ဂရုစိုက်ပါ။ အချင်းချင်းကြားက သံယောဇဉ်ကို တန်ဖိုးထားပါ။ မိသားစုအသိုင်းအဝိုင်းကို ချစ်ခင်ပါ။ မိသားစုသမိုင်းအကြောင်း ပြောဆိုမေးမြန်းပါ။ မိသားစုနဲ့ ပတ်သက်တဲ့ ရုပ်ပုံတွေကို ပုံဖော်ရေးဆွဲပါ။ မိဘတွေရဲ့ဓာတ်ပုံ၊ ငယ်ဘဝပုံတွေကို ကူးယူပြီး လွယ်ကူတဲ့စကားလုံးတွေနဲ့ ပုံဖော်ပါ။ မိသားစုအချင်းချင်း ပိုနီးကပ် တွယ်တာပါလိမ့်မယ်။

(၈) ကိုယ့်ကိုယ်တိုင်အတွက် အလုပ်တစ်ခုလုပ်ပါ

ဘယ်လို အကြောင်းပြချက်နဲ့ဖြစ်ဖြစ် သင့်နေ့စဉ်ဘဝကို ပျော်ရွှင်ခြင်းသံစဉ်တွေနဲ့ ပြည့်နေပါစေ။ ကိုယ့်ကိုယ် ထူးဆန်းအံ့သြအောင် လုပ်ပါ။ ကိုယ့်ကိုယ်ကို ပွေ့ဖက်ပါ။ ထိုးထွင်းဉာဏ်ရှိရင် ပျော်ရွှင်ခြင်းဆိုတာရှိပါတယ်။ ကိုယ့်ကိုယ်တိုင်အတွက် လုပ်ချင်တာတွေကို စာရင်းပြုပါ။ ဥပမာ--- စိတ်ဝင်စားစရာကောင်းတဲ့ လှုပ်ရှားမှုတစ်ခုခုကို အားလပ်ချိန်ရှိတာနဲ့ လုပ်တာမျိုး၊ နေ့တိုင်း ကိုယ့်ကိုယ် လက်ဆောင်တစ်ခုပေးတာမျိုး (ဥပမာ-- ရေစိမ်တာပဲဖြစ်ဖြစ်၊ နှစ်သက်တဲ့သီချင်းခွေကို နားထောင်တာပဲဖြစ်ဖြစ်) ဒါမှမဟုတ် ကိုယ်အမှားလုပ်ခဲ့မိတာကို ကိုယ်တိုင်ခွင့်လွှတ်တာမျိုးဖြစ်ဖြစ်...

(၉) တစ်မိနစ်အချိန်နဲ့ လှပတဲ့အရာကို ခံစားပါ

စိတ်ကိုဖြေလျော့ပြီး တစ်မိနစ်အချိန်နဲ့ ဘဝထဲက တိုတောင်းသေးငယ်တဲ့အရာတွေကို ခံစားကြည့်ပါ။ ဥပမာ--- ပန်းရနံ့ကို ရှုရှိုက်တာမျိုး၊ ကြည်လင်တဲ့ ကန်ရေပြင်ကို ကြည့်တာမျိုး၊ နေဝင်နေထွက်ချိန်ကို ခံစားတာမျိုး၊ တောအုပ်ရဲ့ရနံ့၊ နွေးထွေးတဲ့နေရောင်ခြည်၊ အေးမြတဲ့ လေပြေ၊ လှပတဲ့သက်တန့် စတာတွေကို ခံစားကြည့်ဖို့ ကိုယ့်ကိုယ် အချိန်တစ်မိနစ်ပေးပါ။

(၁ဝ) နေ့ရက်တိုင်းကို ဆန်းသစ်ပါ

အရာရာကို ဆန်းသစ်နိုင်ပါတယ်။ စိတ်ခံစားချက်နောက်လိုက်ပြီး နှုတ်ခမ်းနီကို အရောင်ပြောင်းဆိုးနိုင်တယ်၊ ရေမွှေးပြောင်းသုံးနိုင်တယ်၊ ဆံပင်ပုံ ပြောင်းနိုင်တယ်။ ဒါမှမဟုတ် အဝတ်အစားကို တခြားစတိုင် ပြောင်းလဲဝတ်ဆင်တာမျိုး လုပ်နိုင်ပါတယ်။

***မူရင်းမှာရေးထားတာက ပျော်ရွှင်နည်း(၅ဝ)ပါ။ (၅ဝ)ထဲကနေ ကျွန်မကြိုက်နှစ်သက်တာ၊ သင့်လျော်တာကို ရွေးချယ်ဘာသာပြန်ပါတယ်။ ကျန်နေတဲ့အချက်တွေကို ဆက်လက်ဘာသာပြန်ပါဦးမယ်။

မူရင်း-- http://space.atmovies.com.tw/space/space.cfm?action=data&type=clist&CID=GB&sid=156223&mid=0&page=32

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Tuesday, February 15, 2011

ပျော်ရွှင်ခြင်းရဲ့ အနှစ်သာရ


ဘဝမှာ တချို့ကအကောင်းမြင်သူ (ပျော်ရွှင်တဲ့သူ)၊ တချို့က အဆိုးမြင်သူ (မပျော်ရွှင်သူ)အဖြစ် ကျွန်တော်တို့တွေ့နေရတယ်။ ဒါဟာ ဘာကြောင့်လဲ? တကယ်တော့ လောကကြီးက ဘာမှပြောင်းလဲမသွားဘူး။ လူတွေရဲ့စိတ်နေသဘောထားက ပြောင်းလဲနေလို့ဖြစ်တယ်။

အကောင်းမြင်သူမြင်တာက ချိုတဲ့ဒိုးနပ်ဖြစ်တယ်
အဆိုးမြင်သူမြင်တာက ဒိုးနပ်အလယ်က အပေါက်ကိုဖြစ်တယ်

တလောက ဒိုးနပ်ရောင်းတဲ့ ဆိုင်တစ်ဆိုင်ရဲ့ ဆိုင်းပုဒ်တစ်ခုကို ကျွန်တော်တွေ့လိုက်တယ်။ ဆိုင်းပုဒ်ပေါ်ရေးထားတာက "အကောင်းမြင်သူနဲ့ အဆိုးမြင်သူရဲ့ခြားနားချက်ဟာ အရမ်းသေးငယ်လွန်းတယ်။ အကောင်းမြင်သူမြင်တာက ချိုတဲ့ဒိုးနပ်ဖြစ်တယ်။ အဆိုးမြင်သူမြင်တာက ဒိုးနပ်အလယ်က အပေါက်ကိုဖြစ်တယ်" တိုတိုတုတ်တုတ်နဲ့ ဟာသနှောတဲ့ ဒီစာကြောင်းက ပျော်ရွှင်ခြင်းရဲ့ သဘာဝတရားကို ဖော်ပြနေတယ်။

တကယ်တော့ လူတွေရဲ့မျက်စိနဲ့ မြင်တဲ့အရာတွေဟာ အရာဝတ္ထုရဲ့ လုံးလုံးလျားလျား ပုံသဏ္ဌာန်ကို မဟုတ်ဘူး။
သူတို့မြင်တာက သူတို့လိုချင်နေတဲ့၊ သူတို့ရှာဖွေနေတဲ့ ပုံစံကိုပဲဖြစ်တယ်။ အကောင်းမြင်သူနဲ့ အဆိုးမြင်သူတို့ဟာ လိုချင်တာ မတူကြဘူး။ ရှာဖွေတာ မတူကြဘူး။ ဒါကြောင့် တူတဲ့အရာဝတ္ထုတစ်ခုပေါ်မှာ မြင်တဲ့အမြင်ဟာ ကွဲပြားပြီး မတူတဲ့ စိတ်သဘောထားနှစ်ခု ဖြစ်ကြရတယ်။

တစ်နေ့မှာ ရတနာအရောင်းဆိုင်က အရောင်းကောင်တာမှာ ကျွန်တော်ရပ်နေခဲ့တယ်။ စာအုပ်တွေထည့်ထားတဲ့ အထုပ်တစ်ထုပ်ကို ကောင်တာပေါ် ကျွန်တော်ထင်ထားတယ်။ တအောင့်နေတော့ အဝတ်အစား သပ်သပ်ရပ်ရပ်၊ ခန့်ခန့်ညားညားနဲ့ လူတစ်ယောက်ဝင်လာတယ်။ ကောင်တာရှေ့မှာရပ်ပြီး ရတနာတွေကို သူကြည့်တယ်။ ကျွန်တော်က ယဉ်ယဉ်ကျေးကျေးနဲ့ ကောင်တာပေါ် တင်ထားတဲ့ ကျွန်တော့်အထုပ်ကို နေရာရွေ့ပေးလိုက်တယ်။ အဲဒီမှာ အဲဒီလူဟာ ကျွန်တော့်ကို ဒေါသတကြီးနဲ့ ကြည့်ပြီး သူဟာဖြောင့်မှတ်တဲ့သူ ကျွန်တော့်အထုပ်ကို အလစ်သုတ်တဲ့စိတ် တစ်စက်မှ မရှိဘူးလို့ပြောတယ်။ သူ့ကို ကျွန်တော် မယုံသင်္ကာဖြစ်တယ်ဆိုပြီး တံခါးကိုဆောင့်ပိတ်ပြီး ဆိုင်ထဲကနေ သူထွက်သွားခဲ့တယ်။ ကျွန်တော် အရမ်းအံ့သြမိတယ်။ ကျွန်တော် မတော်တဆပြုလိုက်တဲ့ သေးငယ်တဲ့ အပြုအမှုတစ်ခုက သူ့ကို အကြီးအကျယ် ဒေါသဖြစ်သွားစေခဲ့တယ်။ နောက်မှ ကျွန်တော်သုံးသပ်မိတာက သူနဲ့ကျွန်တော်ဟာ ခြားနားတဲ့ လောကကြီးထဲမှာ ရှိနေသလိုပါပဲ။ တကယ်တော့ လောကကြီးက ဘာမှမပြောင်းလဲဘူး။ ခြားနားတာက သူနဲ့ကျွန်တော်ရဲ့ အရာဝတ္ထုတစ်ခုပေါ် မြင်တဲ့ စိတ်နေသဘောထားပဲဖြစ်တယ်။

အဲဒီအဖြစ်အပျက် ဖြစ်ပျက်ပြီး ရက်အနည်းငယ်အကြာ မနက်ခင်းတစ်ခုမှာ ကျွန်တော်အိပ်ရာက ထတာနဲ့ စိတ်မကြည်ဖြစ်နေခဲ့တယ်။ ဒီတစ်နေ့ကို ခါတိုင်းလိုပဲ သမားရိုးကျ အလုပ်တွေနဲ့ ဖြတ်ကျော်ရဦးမယ်။ လောကကြီးက ပျင်းရိငြီးငွေ့စရာ ကောင်းလိုက်တာလို့ ကျွန်တော်ခံစားမိတယ်။ မြို့ထဲအလုပ်ရှိရာသွားဖို့ ကားတွေ ရှုပ်ထွေးများပြားတဲ့ လမ်းမပေါ်မှ ကားမောင်းရင်း ကျွန်တော်အလိုလို ဒေါသထွက်နေမိတယ်။ ဒီလောက်တုံးအတဲ့ ကားဆရာတွေဟာ ဘာဖြစ်လို့ ကားမောင်းလိုင်စင်ကို အလွယ်တကူ ရခဲ့ကြသလဲ? ကားကို အရမ်းမြန်လိုက်၊ အရမ်းနှေးလိုက်နဲ့ မောင်းနေတဲ့ကားဆရာတွေရဲ့ လိုင်စင်တွေကို သိမ်းလိုက်ကြဖို့ ကောင်းတယ်လို့ ကျွန်တော်တွေးနေမိတယ်။

အဲဒီနောက် လမ်းခွတစ်ခုမှာ ထရပ်ကားတစ်စီးနဲ့ ကျွန်တော်ကား ပြိုင်တူရောက်ခဲ့တယ်။ ထရပ်ကားမောင်းသူကို ကြည့်ပြီး ကျွန်တော့်စိတ်ထဲ တွေးနေတာက "ဒီကောင် ကားကြီးမောင်းတယ်ဆိုပြီး တဟုန်ထိုး ရှေ့ကိုကျော်တက်တော့မယ်"။ ဒါပေမယ့် ထရပ်ကားဆရာဟာ ကားပြတင်းကနေ လက်ပြပြီး ရွှင်ပျတဲ့အပြုံးနဲ့ ကျွန်တော့်ကို နှုတ်ဆက်နေခဲ့တယ်။ လမ်းခွကို ကျွန်တော်အရင်ကျော်ဖြတ်နေချိန် ကျွန်တော့်ဒေါသစိတ်တွေဟာ အလိုလိုနေရင်း ပျောက်သွားခဲ့တော့တယ်။ ကျွန်တော့်စိတ်တွေ ပေါ့ပါးလန်းဆန်းလာခဲ့တယ်။

ထရပ်ကားဆရာရဲ့ အပြုအမှုဟာ ကျွန်တော့်ကို အခြားလောကထဲ ရောက်သွားစေသလိုပါပဲ။ တကယ်တော့ လောကကြီးက ဘာမှမပြောင်းလဲဘဲ သူ့နဂိုအတိုင်း တည်ရှိနေပါတယ်။ မတူတာက ကျွန်တော်ရဲ့ စိတ်နေသဘောထားပဲဖြစ်တယ်။ လောကမှာ အသက်ရှင်နေသူအားလုံးလည်း ဒီလိုအဖြစ်အပျက်မျိုးကို ကြုံကြရလိမ့်မယ်။ ဒီလိုအဖြစ်အပျက်တွေဟာ ပျော်ရွှင်ခြင်းကိုရှာဖို့ ကျွန်တော်တို့အတွက် အကောင်းဆုံးနည်းဖြစ်တယ်။ ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းချင်ရင် ပထမဦးဆုံး ပြုပြင်ပြောင်းလဲရမှာက ကျွန်တော်တို့ရဲ့ စိတ်နေသဘောထားကိုဖြစ်တယ်။ ဒါမှ ပျော်ရွှင်တဲ့ဘဝကို ကျွန်တော်တို့ရနိုင်မယ်။ ဒါဟာ ပျော်ရွှင်ခြင်းရဲ့ အနှစ်သာရလို့ ကျွန်တော်မြင်တယ်။

http://www.duwenzhang.com/wenzhang/renshengzheli/ganwu/20070811/650.html

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Sunday, February 13, 2011

လားဟူတို့ရဲ့ နှစ်သစ်ကူးပွဲတော်


အရင်ပတ်က eleven weeklyဂျာနယ်ရဲ့ ရှမ်းအရှေ့ပင်တိုင်ဆောင်းပါးရှင် ကိုဆုလဏီးက တာချီလိတ်မှာကျင်းပတဲ့ လားဟူတိုင်းရင်းသားတို့ရဲ့ (၈)ကြိမ်မြောက်နှစ်သစ်ကူးပွဲက ဓာတ်ပုံတစ်ချို့ကို ကျွန်မဆီ မေးလ်ပို့လာခဲ့တယ်။ ကြိုက်တဲ့နေရာမှာဖြစ်ဖြစ်၊ ဘလော့ပေါ်မှာဖြစ်ဖြစ် သုံးဖို့ပါတဲ့။ သူရေးထားတဲ့ လားဟူနှစ်သစ်ကူးအကြောင်းကို ဂျာနယ်မှာ (၁ဝ)ရက်နေ့မှာ ဖော်ပြမယ်ဆိုတာကြောင့် သူပို့ပေးတဲ့ ပုံလေးတွေကို ခုမှဘလော့ပေါ်တင် ပြန်မျှဝေလိုက်ပါတယ်။ မနှစ်(၂ဝ၁ဝ)တုန်းက တာချီလိတ်ရှမ်းရိုးမကွင်းမှာ ကျင်းပခဲ့တဲ့ လားဟူနှစ်သစ်ကူးပွဲကို ကျွန်မရောက်ခဲ့သေးတယ်။ အောက်ကစာကတော့ ဂျာနယ်မှာ ကိုဆုလဏီး ရေးသားဖော်ပြခဲ့တဲ့ စာဖြစ်တယ်။

တာချီလိတ်တွင် (၈) ကြိမ်မြောက် လားဟူတိုင်းရင်းသားရိုးရာ စုပေါင်းနှစ်သစ်ကူးပွဲ စည်ကားစွာ ကျင်းပ

တာချီလိတ်ခရိုင် အတွင်းရှိ လားဟူတိုင်းရင်းသားများ၏ စုပေါင်းရိုးရာ နှစ်သစ်ကူး ပွဲတော်ကို ဖေဖော်ဝါရီလ ၄ရက်နေ့မှ ၆ ရက်နေ့အထိ တာချီလိတ် ရှမ်းရိုးမကွင်းတွင် စည်ကားစွာ ကျင်းပခဲ့ကြောင်း သိရသည်။

ပွဲတော်သို့ လားဟူရွာကြီးများ ရွာငယ်များ စုစုပေါင်း ၆၀ မှ ၇၀ မှ လားဟူတိုင်းရင်းသားများ အားလုံး လာရောက်ဆင်နွှဲခဲ့သည်ဟုလည်း ပွဲတော်ရောက် လားဟူတိုင်းရင်းသားများက ပြောပြခဲ့သည်။ ပွဲတော်တွင် လားဟူရိုးရာ မြေ၀ိုင်းရိုးရာတီးဝိုင်းနှင့် ရိုးရာအကများ၊ စင်တင်ခေတ်ပေါ်တေးဂီတများ၊ လားဟူရိုးရာ စုပေါင်းအကများကို တင်ဆက်ခဲ့ပြီး နေ့ည စည်ကားခဲ့ကြောင်းလည်း သိရှိရသည်။

လားဟူတိုင်းရင်းသားတွင် လားဟူဝါ၊ လားဟူနာရှီး၊ လားဟူလောင်း၊ လားဟူနက်(အင်္ကျီရှည်)၊ လားဟူနီ၊ လားဟူဝါ(ကော်နဲ)၊ လားဟူနာ(အင်္ကျီတို)၊ လားဟူဝါကာကီ၊ လားဟူဝါ(ကာလား)၊ လားဟူ(ကိုင်းရှီ) စသည်ဖြင့် မျိုးကွဲများလည်းရှိပြီး ပွဲတော်သို့ အားလုံး တက်ရောက်ခဲ့ကြကြောင်း ပွဲတော်လာ လားဟူတိုင်းရင်းသားတစ်ဦးက ရှင်းပြသည်။

''တာချီလိတ်မှာ လားဟူရွာကြီးတွေက အများကြီးပါ။ မြို့နယ်ကတော့ ဒေသခံပေါ့။ မယ့်ဖုံးလုံ(မိုင်းကိုး)၊ လောတွီရွာ၊ ရေပူစမ်းရွာ၊ မိုင်းဝင်းရွာ၊ နားအောင်ရွာ၊ မိုင်းဟဲ အုပ်စုက ပါနယ်ရွာ စတာတွေက ရွာကြီးတွေ ဖြစ်ပြီး အခြားရွာလတ်၊ ရွာငယ်တွေလည်း အများကြီးပါ။ ရွာတိုင်းအနည်းနှင့် အများ လာကြပြီး ရွာလုံးကျွတ် လာသူတွေ ရှိသလို ခရီးဝေးလွန်းရင် သူကြီးလောက်ပဲ လာတာလည်း ရှိပါတယ်။ အနည်းအများသာကွာပြီး ဒီနှစ်တော့ ရွာတိုင်းလာကြတယ်''ဟု ကာနရွာမှ ပွဲတော်လာ လားဟူတိုင်းရင်းသား ဂျွန်လင်မိုးက ပြောပြသည်။

ကာနရွာမှ အားလုံး ၃၀၀ နီးပါး လာရောက်ကြပြီး သုံးရက်ကြာ ပွဲတော်ကို ဆင်နွှဲခဲ့ကြသည်။

''ဒီလို တစ်နှစ်တစ်ခါ စုပေါင်းလုပ်ရတဲ့ ပွဲတော်ကို လာရတာ အားလုံး အထူး ပျော်ရွှင်ကြပါတယ်။ အမျိုးတွေနဲ့လည်း ဆုံရသလို လုပ်ဖော်ကိုင်ဖက်တွေနဲ့လည်း ဆုံရတယ်။ ရှေးကျတဲ့ ရိုးရာဝတ်စုံတွေ ပြန်တွေ့ရသလို ခေတ်သစ်လားဟူ ၀တ်စုံတွေလည်း တွေ့ရတာ ကြည်နူးစရာပါ။ ဒီနှစ်က အရင်နှစ်တွေထက် ပိုစည်သလိုပါပဲ။ အခု တောင်ပေါ်မှာ ကားမရှိပေမယ့် ဆိုင်ကယ်နဲ့ လာလို့ရသလို ထော်လာဂျီ(အီတဲန်)တွေ၊ လိုင်းကားတွေရှိလို့ လာတဲ့လူတွေ ပိုများလာပါတယ်''ဟုလည်း ကိုဂျွန်လင်မိုးက ရှင်းပြသည်။ ပွဲတော်၏ မြေ၀ိုင်းအက နေရာတွင် ကျေးရွာအလိုက် လာရောက်ကြသော အဖွဲ့များမှ အလှည့်ကျဖြင့် လားဟူရိုးရာ ဗူးပလွေနှင့် ၀ါးပလွေများ၊ တီးခတ်ရသော တူရိယာများ၊ အိုးစည်ငယ်များ၊ မောင်း၊ လင်းကွင်းနှင့် သီဆိုတီး ခတ်ကြကာ အမျိုးသား၊ အမျိုးသမီးများက ၀ိုင်းပတ်စုပေါင်း ကကြပြီး ပွဲတော်ကို ဆင်နွှဲခဲ့ကြသည်။ မြေ၀ိုင်းအကမှာ လားဟူတိုင်းရင်းသားများ၏ ရှေးကပင်ရှိခဲ့သော ရိုးရာသီဆိုကကြခြင်းဖြစ်ပြီး ယခုတိုင် သက်ကြီးများ၊ သက်လတ်ပိုင်း လူငယ်များအထိပါ သီဆိုတီးမှုတ်လျက်ရှိပြီး အကမှာလည်း ရှေးကအတိုင်းရှိသော အကများဖြစ်ကာ စုပေါင်းသီဆို တီးမှုတ်ကကြရခြင်း ဖြစ်ရာ မြေ၀ိုင်းအက နေရာတွင်လည်း နေ့ညစည်ကားကြောင်း သိရသည်။

မြေ၀ိုင်းအက


စင်တင်ခေတ်ပေါ်တေးဂီတ

ကွဲပြားတဲ့ လားဟူရိုးရာ ဝတ်စားဆင်ယဉ်မှုတွေနဲ့ လားဟူလူငယ်လူရွယ်၊ လှပျိုဖြူလေးများ

မေးလ်ပေးပို့လာတဲ့ ကိုဆုလဏီးကို ကျေးဇူးအထူးတင်ပါတယ်း)

နိုင်းနိုင်းစနေ



Share/Bookmark

Saturday, February 12, 2011

ချစ်သူများနေ့မှာ ဘာလို့ ချောကလက် ပေးကြတာလဲ?


"ချစ်သူများနေ့" တစ်ခါတစ်ခေါက် ရောက်လို့လာခဲ့ပြန်ပါပြီ။ လေထုထဲမှာ ရိုမန်တစ်ဆန်တဲ့ အသက်အငွေ့တွေ ပျော်ဝင်လို့နေတယ်။ ပန်းအရောင်းဆိုင်၊ ကုန်စုံဆိုင်တိုင်းမှာ ကြည်နူးစရာကြော်ငြာတွေနဲ့ ပြည့်လို့နေတယ်။ ချစ်သူတိုင်းရဲ့ရင်ထဲမှာ ချိုမြိန်ကြည်နူးလို့နေကြတယ်။

ချစ်သူများနေ့မှာ ချောကလက်နဲ့ ပန်းက မရှိမဖြစ်အရာတွေ ဖြစ်နေတယ်။
ဘာဖြစ်လို့ ချစ်သူများနေ့မှာ ချောကလက် လက်ဆောင်ပေးကြသလဲ?
ချစ်သူအချင်းချင်း လက်ဆောင်ပေးတဲ့အချိန်မှာ ဘယ်လိုအဓိပ္ပာယ်ကို ဖော်ဆောင်နေသလဲ?
နောက်ပြီး ဘာဖြစ်လို့ နှင်းဆီပန်းလက်ဆောင်ပေးရသလဲ?
အင်တာနက်ပေါ် အဖြေရှာကြည့်တဲ့အခါ....


ချိုမြမွှေးကြိုင်တဲ့ ချောကလက်ရဲ့ အဘိဓာန်ထဲမှာ "အချစ်"ဆိုတဲ့ စကားလုံးက ထာဝစဉ်ပါနေခဲ့တယ်။ ဟိုးအရင်ကတည်းက ချောကလက်နဲ့နှင်းဆီပန်းဟာ ချစ်သူများနေ့မှာ မရှိမဖြစ်တဲ့ အချစ်အမှတ်တံဆိပ် ဖြစ်ခဲ့တယ်။

ချစ်သူများနေ့မှာ ကိုယ့်ချစ်သူကို ဘာဖြစ်လို့ ချောကလက် လက်ဆောင်ပေးကြသလဲ?

ရာဇဝင်ပုံပြင်မှာ ချောကလက်ဆိုတာ ဘုရားသခင်က လူသားတွေကိုပေးတဲ့ လက်ဆောင်ဖြစ်တယ်လို့ ဆိုထားတယ်။ ချောကလက်က လူတွေရဲ့နှလုံးသားထဲ ပျော်ရွှင်ခြင်းတွေကို သယ်ဆောင်ပေးလာနိုင်တယ်လို့ ဆိုတယ်။ သိပ္ပံပညာရှင်တွေရဲ့ လေ့လာချက်မှာ ချောကလက်ထဲ အဓိကပါဝင်တဲ့ ပစ္စည်းတစ်မျိုးဖြစ်တဲ့ phenyl amide က လူခန္ဓာထဲမှာရှိတဲ့ ဟိုမုန်းကို အပြောင်းအလဲဖြစ်စေပြီး လူတွေရဲ့နှလုံးခုန်နှုန်းကို ပိုမြန်စေတယ်၊ ခံစားချက်ကို ပိုပြင်းပြစေတယ်လို့ ဆိုတယ်။

သာမန်အားဖြင့် ချစ်သူများနေ့မှာ ချစ်သူနှစ်ဦးရဲ့ ခံစားချက်ကို အနီရောင်နှင်းဆီပန်းတစ်ပွင့်နဲ့ ခံစားပုံဖော်ကြတယ်။ ဖူးပွင့်စနှင်းဆီနီတစ်ပွင့်ဟာ ယောက်ျားလေးက ကိုယ့်ချစ်သူ မိန်းကလေးကိုပေးတဲ့ အကောင်းဆုံးလက်ဆောင်ဖြစ်တယ်။ မိန်းကလေးက ယောက်ျားလေးကို ကျေးဇူးတင်တဲ့အနေနဲ့ အသဲပုံချောကလက် ပြန်လက်ဆောင်ပေးကြတယ်။

ချစ်သူများနေ့မှာ ချောကလက် လက်ဆောင်ပေးကြတဲ့ အကြောင်းက--

ချိုမြမွှေးကြိုင်ပြီး နူးညံ့သိမ်မွေ့တဲ့၊ ချစ်ခြင်းရဲ့အရသာနဲ့ပြည့်ဝတဲ့ ချောကလက်ဟာ ရိုမန်တစ်ဆန်တဲ့နေ့ရက်တွေ၊ အထိမ်းအမှတ်နေ့တွေမှာ လူကြိုက်များတဲ့ လက်ဆောင်တစ်ခုဖြစ်ခဲ့တယ်။ လူတွေက ချောကလက်နဲ့ သူငယ်ချင်း၊ ချစ်သူ၊ မိသားစုတွေကို ချစ်ခြင်း၊ ပျော်ရွှင်ခြင်း၊ တောင်းဆုတွေ လွှဲပေးကြတယ်။

လူတိုင်းမှာ ချောကလက်ကို နှစ်သက်တဲ့ အကြောင်းပြချက် ကိုယ်စီရှိကြတယ်။ ပါးစပ်ထဲ တဖြေးဖြေး အရည်ပျော်သွားတဲ့ ချောကလက်က လူကို ထူးခြားတဲ့ခံစားချက်တွေ ဖြစ်စေတယ်။

"ရိုမန်တစ်ဆန်ခြင်း၊ နုပျိုခြင်း၊ ကျန်းမာခြင်း၊ ဂရုစိုက်ခြင်း၊ ချစ်ခင်ခြင်း၊ ပျော်ရွှင်ခြင်း၊ ခွန်အားဖြစ်ခြင်း.." စတဲ့ ခံစားချက်ကို ချိုမြမွှေးကြိုင်တဲ့ ချောကလက်ပေးနိုင်တယ်။

ချောကလက်ရဲ့ချိုမြတဲ့ အရသာကို လူတွေမလွန်ဆန်နိုင်ကြသလို များသောအားဖြင့် လူတွေက ချောကလက်ရဲ့အရသာထဲကနေ လူ့ဘဝကို ခံစားပုံဖော်ကြတယ်။ လူအများရဲ့နှလုံးသားထဲက လှပတဲ့ အမှတ်တရတွေ၊ ပျော်ရွှင်ခြင်းတွေဟာ ချောကလက်ရဲ့ ချိုမြိန်မွှေးကြိုင်တဲ့ အရသာလိုပဲ ပြန်ပြန်အောင်းမေ့စေတယ်။ တမ်းတသတိရစေတယ်။

တချို့က ချောကလက်က ချိုတယ်လို့ဆိုတယ်။
တချို့က ခါးတယ်လို့ဆိုတယ်။
တချို့က ပျော်ရွှင်တယ်လို့ဆိုတယ်။
တချို့က မျှဝေတယ်လို့ဆိုတယ်။

လူတွေကိုပေးတဲ့ ချောကလက်ရဲ့ ခံစားချက်က စားစရာတစ်ခုဆိုတာထက် ပိုနေခဲ့တယ်။ အချစ်ပင်လယ်ထဲ မျောနေသူတွေရဲ့ ရင်ထဲမှာ ချောကလက်ဟာ မြဲမြဲတွဲထားတဲ့ လက်နဲ့တူနေခဲ့တယ်။ လူတွေဟာ တစ်ဘက်မှာ ချောကလက်ရဲ့ ချိုမြိန်တဲ့အရသာကို ခံစားရင်း အခြားတစ်ဘက်မှာ လူကိုရင်ခုန်လှုပ်ရှားစေတဲ့ အချစ်အကြောင်းတွေကို ဖော်ညွန်းကြတယ်။

ချောကလက်ရှိတဲ့နေ့ရက်က ပျော်ရွှင်ချိုမြိန်တဲ့ နေ့ရက်တွေပဲဖြစ်တယ်။


ချစ်သူများနေ့မှာ ဘာဖြစ်လို့ ချောကလက် လက်ဆောင်ပေးကြသလဲလို့ c-box မှာ မေးခဲ့တဲ့ "အလိမ္မာ"ရဲ့အမေးကို အွန်လိုင်းမှာ အဖြေရှာပြီး ဘာသာပြန် ဖြေကြားလိုက်ပါတယ်။ ချစ်သူများနေ့မှာ ချစ်တဲ့သူတွေနဲ့ ပျော်ရွှင်ကြည်နုးနိုင်ကြပါစေး)

မူရင်း--- http://edu.ch.gongchang.com/f/zhichang/2011-02-11/12293.html

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

အရောင်တွေနဲ့ ဘဝလမ်း


ရှည်လျားလှတဲ့ လူ့ဘဝခရီးလမ်းကို လမ်းသုံးလမ်းနဲ့ ဆက်သွယ်တိုးချဲ့ထားတယ်။ အဲဒီလမ်းတွေက သူငယ်ချင်းလမ်း၊ အချစ်လမ်း၊ မိသားစုလမ်းဆိုတဲ့ လမ်းတွေဖြစ်တယ်။ လမ်းတိုင်းမှာ ရောင်စုံအမှတ်အသားတွေ ကိုယ်စီရှိကြတယ်။ စည်းမျဉ်းတွေ ကိုယ်စီရှိကြတယ်။ ရောင်စုံအမှတ်အသားတွေရဲ့ အဓိပ္ပာယ်နဲ့ ရင်းနှီးကျွမ်းဝင်ပြီး စည်းမျဉ်းတွေရဲ့ အရေးပါတဲ့အချက်တွေကို လက်ကိုင်ထားနိုင်ရင် ခရီးလမ်းမှာ အန္တရာယ်မရှိ၊ အခက်အခဲမရှိ အဆုံးထိ လျှောက်လှမ်းနိုင်မှာဖြစ်တယ်။

အဝါရောင် သူငယ်ချင်းလမ်း

သူငယ်ချင်းလမ်းမှာ လျှောက်လှမ်းနေသူတွေကို အဝါရောင်က နွေးထွေးစေတယ်။ ငြိမ်သက်အေးချမ်းစေတယ်။ များသောအားဖြင့် ပါးလျလျစောင့်မျှော်ခြင်းတစ်မျိုးကို ဖြစ်စေတယ်။ လမ်းခရီးမှာ ရှေ့ကကား၊ နောက်ကကား၊ ဘယ်ဖက်ညာဖက်က ကားတွေ သင့်ကိုပွတ်တိုက်သွားတာပဲ ဖြစ်ဖြစ်၊ ကျော်တက်ပြီး နောက်ပြန်လှည့်ကြည့်တာပဲဖြစ်ဖြစ် သင့်ရင်ကို ခုန်လှုပ်စေတယ်။ ဒါပေမယ့် အဲဒီကားတွေကို သင်ဂမူးရှုးထိုး လက်ပြလို့မရဘူး၊ မချည်းကပ်ရဘူး။ စေတနာ မပိုရဘူး။ နို့မဟုတ်ရင် သင့်ဟာ ရာဂထန်သူလို့ သတ်မှတ်ခံရလိမ့်မယ်။

သင့်စိတ်ကို ပိုလှုပ်ရှားစေတဲ့
ကား ဒါမှမဟုတ် သင်နဲ့လမ်းဆုံးထိ အတူရှိနေမယ့်ကား ဒါမှမဟုတ် သင့်ကိုရှေ့ကနေ တိတ်တဆိတ် ဦးဆောင်လမ်းပြနေတဲ့ကား ဒါမှမဟုတ် သင့်နောက်ကနေပြီး တိတ်တဆိတ် ငြိမ်ငြိမ်သက်သက် အားပေးဖေးမနေတဲ့ကားကိုပဲ သင်ဖြေးဖြေးချင်း ချဉ်းကပ်ရမှာဖြစ်တယ်။ ဒီအဝါရောင် သူငယ်ချင်းမိတ်ဆွေလမ်းပေါ်က အဝါရောင်ကားလေးဟာ တခြားကားနဲ့ တဖြေးဖြေး ရင်းနှီးကျွမ်းဝင်မှုတွေရပြီး အနီရောင်ချစ်သူလမ်းဆီ ကူးရင်လည်း ကူးသွားနိုင်ပါတယ်။

အနီရောင် ချစ်သူလမ်း

မီးလျှံလို အနီရောင်ကား၊ မီးရောင်လို လမ်းမ၊ မီးတောင်လို ပေါက်ကွဲပန်းထွက်မယ့် အချစ်လမ်းမှာ ကားတွေဟာ တစ်စီးပြီးတစ်စီး သင့်ဘေးကနေ လေအလျင်လို တဟူးဟူးဖြတ်သွားကြလိမ့်မယ်။ အဲဒီကားတွေရဲ့ ခံစားချက်တွေဟာ ချော်ရည်လိုပူပြင်းမယ်ဆိုတာ သံသယရှိစရာ မလိုပါဘူး။

အနီရောင်ဟာ သတိပေးတဲ့ အမှတ်အသားဖြစ်သလို သင့်ကို ကယောက်ချောက်ချားဖြစ်စေတဲ့ အမှတ်အသားလည်းဖြစ်တယ်။
ဒီလမ်းပေါ်မှာ သင်ရူးရူးမူးမူး မောင်းနှင်လို့ရတယ်။ နက်နက်နဲနဲ ချစ်ကြိုက်လို့ရတယ်။ ဒါပေမယ့် တစိုက်မတ်မတ်ပဲ မောင်းနှင်ရမယ်။ "ဟိုတစ်ခုက ကောင်းသလိုလို၊ ဒီတောင်ကပဲ ပိုမြင့်သလိုလို"နဲ့ ဟိုယောင်ဒီယောင် မဖြစ်ရဘူး။ တည်တည်သန့်သန့် တစ်ခုဆိုတစ်ခု ပြင်းအားကောင်းကောင်းနဲ့ မောင်းနှင်ရပါမယ်။ တခြားအနီရောင်ကားတွေကို အနီရောင်မီးပွိုင့်အဖြစ် မှတ်ယူပြီး ဝေးဝေးရှောင်ရမယ်။ ဒါမှမဟုတ် ရပ်စောင့်ရပါမယ်။ အနီရောင်မီးပွိုင့်ကို အတင်းကျော်ဖြတ်တဲ့ ကားတချို့က သူတစ်ပါးကို ထိခိုက်နာကျင်အောင်၊ သူတစ်ပါးရဲ့အချစ်ကို ပျက်စီးအောင်လုပ်သလို ကိုယ့်အချစ်၊ ကိုယ့်ပျော်ရွှင်ခြင်းကိုလည်း ထိခိုက်ပျက်စီးစေပါတယ်။

လူ့ဘဝလမ်းတစ်လျှောက်မှာ ဒီလမ်းလေးက လူကို စိတ်အလှုပ်ရှားဆုံး၊ ရင်ကိုအနူးညံ့ဆုံး၊ မျက်ရည်တွေ အဝဲသီဆုံး လမ်းဖြစ်သလို ထိခိုက်၊ နာကျင်မှုလည်း အများစေဆုံးလမ်းဖြစ်တယ်။ အနီရောင် အချစ်လမ်းလေးအတိုင်း ဆက်လက်မောင်းနှင်ပြီး၊ ကွေ့ကောက်တဲ့ လမ်းတံတားတွေကိုဖြတ်ပြီး၊ ထာဝရ တောအုပ်လေးကိုဖြတ်ပြီး၊ ညုတုမြူတု တောင်ကမူလေးကို ဖြတ်ပြီးတဲ့နောက် ရှေ့မှာမြင်ရမယ့်အရာက အစိမ်းရောင် မိသားစုလမ်းလေးပဲဖြစ်ပါတယ်။

အစိမ်းရောင် မိသားစုလမ်း

သဘာဝ အစိမ်းရောင်၊ လွတ်လပ်ပေါ့ပါးတဲ့ အစိမ်းရောင်၊ မျှဝေတဲ့ အစိမ်းရောင်... သူငယ်ချင်းလမ်းမှာ ရှိခဲ့ဖူးတဲ့ အထီးကျန်ခြင်းမျိုးတွေ၊ စောင့်မျှော်ခြင်းမျိုးတွေ၊ အချစ်လမ်းမှာ ရှိခဲ့ဖူးတဲ့ စိတ်လှုပ်ရှားခြင်းမျိုးတွေ၊ ခံစားချက်တွေဟာ အချိန်ကြာလာတာနဲ့အမျှ အစိမ်းရောင်အဖြစ် တည်ငြိမ်အနယ်ထိုင် လာခဲ့တယ်။ ခိုင်မြဲတဲ့လက်၊ ဖေးမအားပေးမှုတွေနဲ့ မိသားစုဆိုတဲ့အစိမ်းရောင်ဟာ သင့်နှလုံးသားကို ချစ်ခင်ခြင်း၊ ကြင်နာခြင်း၊ တစ်ဦးကိုတစ်ဦးနားလည်ခြင်းစတဲ့ ဆေးတွေဆိုးပေးနေခဲ့တယ်။ အစိမ်းရောင်ပြည့်နေတဲ့ ကားလေးကို ဖြေးညင်းသာသာမောင်းနှင်ခဲ့ရင် ဖြတ်မောင်းခဲ့တဲ့ လမ်းခရီးတွေမှာ ကျန်ရစ်ခဲ့မှာက ပျော်ရွှင်ခြင်း၊ လှပခြင်းဆိုတဲ့ ကားဘီးရာတွေပဲဖြစ်တယ်။

လွယ်ကူတဲ့ ဒီစည်းမျဉ်းတွေကို သတိလေးနဲ့ သင်လိုက်နာမောင်းနှင်ခဲ့ရင် ခရီးလမ်းဆုံးတဲ့အခါ သင်သိသွားမှာက အချစ်ဆိုတာ သူငယ်ချင်းလမ်းနဲ့ မိသားစုလမ်းရဲ့ ကြားအကူးနေရာလေး ဖြစ်တယ်ဆိုတာကိုပဲဖြစ်တယ်။


မူရင်း-- http://www.duwenzhang.com/wenzhang/renshengzheli/ganwu/20080109/1804.html

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Friday, February 11, 2011

ဝဲကင်းစင်ရေး ဒို့အရေး


ဘလော့ဂ်လည်း ဝဲစွဲတယ်တဲ့... တခြားဘလော့ဂ်မှာ ဖတ်လိုက်ရတော့ 99sanay.comကို အမြန်စစ်ကြည့်လိုက်တယ်။ ကူးနေပြီတဲ့... ကူးတဲ့လင့်တွေကို မဖျက်ရင် ကုတ်နေရမယ်တဲ့။ (ဘလော့ဂ်ပျက်၍ ငြိမ်ကုတ်ရခြင်း)။ အဲတာနဲ့ ချိတ်ထားတဲ့ လင့်လေးတွေကို အမြန်ဖျက်ချလိုက်တယ်။ ဝဲတွေအကုန်ကင်းစင်မှ ပြန်ချိတ်ပါမယ်။ နားလည်ပေးကြပါလို့....

ဘလော့ဂ် ဝဲကင်းစင်ရေး ဒို့ဘလော့ဂါအရေး........ :P

နိုင်းနိုင်းစနေ


Share/Bookmark

Thursday, February 10, 2011

ဟားခါးမြို့ (၁)


ချင်းပြည်နယ် ဟားခါးမြို့မှာနေတဲ့ နောင်နောင်ဆိုတဲ့ ကောင်လေးတစ်ယောက်... ကော်နက်ရှင်မကောင်းတဲ့ကြားက ဟားခါးရှုခင်းပုံတွေကို အများနဲ့မျှဝေချင်လို့ ကျွန်မဆီ အီးမေးလ်နဲ့ပို့ပို့ပေးတယ်။ လှလွန်းတဲ့တောင်ပေါ်ဒေသ ဟားခါးကို အများကြည့်ရအောင် ဘလော့မှာ ကျွန်မကပြန်ဝေမျှပါတယ်။း)

တောင်ဇလပ်ပန်းတွေ

အဝေးကနေ လှမ်းမြင်ရတဲ့ ဟားခါးမြို့

အပေါ်စီးကမြင်ရတဲ့ ဟားခါးမြို့

တောင်တန်းတွေကြားက တိမ်ပင်လယ်

အပေါ်စီးကမြင်ရတဲ့ ဖလမ်းမြို့
(ကလေးမြို့ကနေ ဟားခါးကိုလာရင် ဖလမ်းကိုအရင် ဖြတ်ရတယ်)

ချင်းပြည်နယ်မှာမွေးမြူကြတဲ့ နွားနောက်

ချင်းပြည်နယ်ရဲ့ အမှတ်တံဆိပ် အသဲပုံ ရိဒ်ရေကန်

ဟားခါးအနီးတဝိုက်က တောင်ပေါ်ရွာလေးတစ်ရွာရဲ့ ညနေခင်းအလှ

ဟားခါးမြို့က (ပုံထဲမှာ) သိပ်ထည်ထည်ဝါဝါကြီး မဟုတ်ပေမယ့် ပုံလေးတွေကိုကြည့်ပြီး အေးချမ်းလှပတဲ့ ဒီတောင်ပေါ်မြို့လေးဆီ တစ်နေ့နေ့ အရောက်သွားဦးမယ်လို့ စိတ်ဆုံးဖြတ်လိုက်တယ်..း) .. ပုံလေးတွေအတွက် ကျေးဇူးတင်ပါတယ် နောင်နောင်...

နိုင်းနိုင်းစနေ


Share/Bookmark