Tuesday, March 29, 2011

အလှူကိစ္စနဲ့ ပတ်သက်ပြီး....


အလှူအတွက် အားတက်သရော လှူဒါန်းကြမယ်လို့ သိရတဲ့အတွက် အတိုင်းမသိဝမ်းသာမိပါတယ်။ ငလျင်ဒဏ်သင့်သူတွေကိုယ်စား လှူဒါန်းမယ့်သူတွေကို ကျေးဇူးအရမ်းတင်ကြောင်း ကျွန်မဦးစွာပြောလိုပါတယ်။ တာချီလိတ်မြို့လောက်ပဲ ထိုင်းဘဏ်ကို အဓိကထား သုံးစွဲကြပါတယ်။ ဒါပေမယ့် နိုင်ငံရပ်ခြားက လှူဒါန်းလိုသူတွေအတွက် ထိုင်းဘဏ်တစ်ခုခုကလွှဲရင် ပိုမြန်၊ ပိုအဆင်ပြေလိမ့်မယ်လို့ ထင်ပါတယ်။ အောက်က ထိုင်းဘဏ်ကို ငွေလွှဲနိုင်တဲ့အကောင့်ဖြစ်ပါတယ်။

Bank - SIAM COMMERCIAL BANK PUBLIC COMPANY LIMITED. THAILAND.
NAME - MISTER U MYINT LWIN
A/C No. - 636-215770-1

ရရှိတဲ့ငွေတွေကို လှူဖို့ဘယ်လို အစီအစဉ်ရှိလဲလို့ မေးမြန်းလာသူတွေကို အကြမ်းဖျင်း (လိုအပ်တာကို ဦးစားပေးပြီး) တွက်ချက်ပါတယ်။ ဒါကလဲ ငလျင်ဒဏ်သင့်သူတွေ လိုအပ်မယ်ထင်တဲ့အရာတွေကို ကိုယ်တိုင်သွားရောက် ကူညီခဲ့တဲ့ စိုင်းရဲ့မျက်မြင်ကိုယ်တွေ့တချို့ပါ။

အဲဒီဒေသမှာ အဓိကလိုအပ်နေတာက သောက်သုံးရေ၊ မိုးကာ၊ ရွက်ဖျင်၊ စားနပ်ရိက္ခာတွေပါ။ တကယ်လို့ ရေတွေကြည်လာပြီဆိုရင် ရေကိစ္စက ပြီးသွားပါပြီ။ နောက် တခြားလှူဒါန်းသူတွေကြောင့် မိုးကာတွေ လုံလောက်ပြီဆိုရင် နေအိမ်အတွက် ကျွန်မတို့လှူဒါန်းနိုင်ပါတယ်။ အိမ်တော်တော်များများ၊ ဘုန်းကြီးကျောင်းတော်တော်များများလည်း ပြိုပျက်သွားတဲ့အတွက် ယာယီအိမ်၊ ကျောင်း၊ တတ်နိုင်ရင် တတ်နိုင်သလို လှူဒါန်းဖို့ အစီအစဉ်ရှိပါတယ်။ အလှူငွေ ကောက်ခံရရှိတဲ့အပေါ်မူတည်ပြီး ဒာလှူကကြီးသင့်သလို ကြီးသွားမှာပါ။ အဓိကလှူဒါန်းဖြစ်မယ့်နေရာက ဝေးခေါင်ပြီး လူသူအရောက်နည်းတဲ့ နေရာဖြစ်ပါတယ်။ လှူဒါန်းမယ့်သူရှိပြီဆိုရင် တာချီလိတ်မြို့က စက်အား၊ လူအားနဲ့ကူညီမယ့်သူတွေက အဆင်သင့်ရှိနေပါတယ်။ လှူဒါန်းရရှိတဲ့ငွေတွေကို နေ့စဉ် အပ်ဒိတ်ဖော်ပြသွားမှာပါ။ အလှူဖြစ်မြောက်ဖို့အတွက် လိုအပ်တဲ့အကြံဉာဏ်တွေကိုလည်း ပေးနိုင်ကြပါတယ်။ အားလုံး ကျေးဇူးတင်ပါတယ်...

နိုင်းနိုင်းစနေ


Share/Bookmark

Monday, March 28, 2011

အလှူခံပါရစေ...


စာဖတ်သူတွေဆီကနေ အလှူခံပါရစေ.....

အားလုံးသိကြ၊ မြင်ကြတဲ့အတိုင်း လောလောလတ်လတ်ဖြစ်သွားခဲ့တဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်း တာလေငလျင်ကြောင့် အိုးမဲ့အိမ်မဲ့၊ ကျောင်းမဲ့ဖြစ်သွားသူတွေအတွက် စာဖတ်သူတွေဆီကနေ အလှူခံချင်ပါတယ်။ တတ်နိုင်သလောက် စေတနာရှိသလောက် ပါဝင်လှူဒါန်းကူညီကြဖို့ တောင်းဆိုပါတယ်။ ဘလော့ရေးလာခဲ့တဲ့နှစ်တွေမှာ တတ်နိုင်သလောက် ကြိုကြားကြိုကြား အလှူလေးတွေ လုပ်ဖြစ်ခဲ့ပါတယ်။ အတိအလင်းကြေညာပြီး အလှူငွေကောက်ခံခဲ့တယ်ဆိုလို့ ရွာက၁ဝတန်းကျောင်းသူလေး ကျောင်းဆက်တက်နိုင်အောင် ကူညီတာတစ်ခုပဲရှိခဲ့တယ်။ ကြားထဲမှာ ဟိုအလှူ ဒီအလှူအတွက် ဘလော့မှာ ကြေညာကောက်ခံပေးဖို့ ပြောခဲ့ပေမယ့် ကျွန်မ,မလုပ်ဖြစ်ခဲ့ပါဘူး။ ခုတော့ ဒီတာလေငလျင်အတွက် သူငယ်ချင်းတွေရဲ့အကူအညီနဲ့ ပါဝင်လှူဒါန်းချင်သူတွေ တတ်နိုင်သလောက် လှူဒါန်းနိုင်အောင် ဒီနေရာမှာ ကြေညာချင်ပါတယ်။ ငလျင်ဒဏ်သင့်နေရာတွေက ဝေးခေါင်ပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာတွေရယ်၊ ဆင်းရဲရိုးသားလွန်းတဲ့ လူတွေရယ်ကြောင့်ပါ။

စေတနာရှိသလောက် ပါဝင်လှူဒါန်းချင်သူများ မြန်မာပြည်ဆိုရင် စိုင်း"soelintck@gmail.com" စင်ကာပူဆိုရင် ဘွိုင်းဇ်"mr.boyz@gmail.com", ယူကေဆိုရင် "
redpapyrus@gmail.com", အမေရိကန်ဆိုရင် "nineninesanay@gmail.com"ကို ဆက်သွယ် လှူဒါန်းနိုင်ပါတယ်။

မကြေညာဘဲရောက်လာခဲ့တဲ့ အကြင်နာမဲ့ သဘာဝဘေးအန္တရာယ်ကြောင့် စိတ်ဓာတ်တွေလဲပြို၊ အားငယ်ကြောက်လန့်နေသူတွေ၊ မိဘဆွေမျိုးဆုံးရှုံးခဲ့ရလို့ ဝမ်းနည်းကြေကွဲနေသူတွေကို ကိုယ်တတ်နိုင်တဲ့ မေတ္တာစေတနာတွေနဲ့ နွေးထွေးမှုလေး၊ အားပေးကူညီမှုလေးတွေ လက်ဆင့်ကမ်းပေးကြပါလို့ ဒီနေရာကနေ တောင်းဆိုလိုက်ပါတယ်။

ဒါက ငလျင်ဒဏ်သင့် ကျကူနီရွာသွားရာလမ်းဖြစ်ပါတယ်။ လမ်းဆိုးတာကြောင့် ကားတွေနဲ့ခရီးမပေါက်ပါဘူး။ ဆိုင်ကယ်နဲ့ပဲ သွားခဲ့ရပါတယ်။ ရွာမှာရှိတဲ့ အိုးအိမ်ပေါင်း(၁၄ဝ)လောက် ပျက်ဆီးသွားပါတယ်။ ရွာတစ်ရွာလုံးနီးနီးလို့ ဆိုရပါမယ်။ အဲဒီရွာမှာ ငလျင်ဒဏ်ကြောင့် သေဆုံးသူ(၂၂)ယောက်ရှိပြီး (၅၇)ယောက် ဆေးရုံတင်ထားရတယ်လို့ ဆိုပါတယ်။ ဆေးရုံတင်ထားတဲ့ထဲက တစ်ယောက်ထပ်ဆုံးသွားတယ်လို့ သိရပါတယ်။ ရွာကဝေးခေါင်တဲ့အတွက် ကူညီသူမဲ့နေပါတယ်။ စစ်တပ်ကပို့ထားတဲ့ ခေါက်ဆွဲခြောက်နဲ့ ရေသန့်နည်းနည်းပဲရှိပါတယ်။

တစ်ခါမှ မကြုံခဲ့ဖူးတဲ့ငလျင်ကြောင့် ရွာထဲမှာ လူတွေမနေရဲကြတော့ပါဘူး။ ရွာထဲမှာ လူကြီး (၂)ယောက်(၃)ယောက်လောက်ပဲ ကျန်နေပါတယ်။ လူအများသေရတာက ဘုရားရှိခိုးကျောင်းထဲမှာ ဆုတောင်းပွဲကျင်းပနေချိန် ငလျင်လှုပ်လိုက်လို့ ဘုရားကျောင်းပြိုကျပြီး အကုန်လုံးဒုက္ခရောက်ကုန်တာပါ။ သေတာ လူငယ်တွေများပြီး အဲဒီကျောင်းမှာပဲ (၂၂)ယောက်လုံး တစ်ချိန်တည်းသေသွားတာမို့ ရွာသားတွေ သွေးပျက်ကုန်တာပါ။ အဲဒီရွာက ငလျင်ဗဟို(epicenter)နဲ့က ၃မိုင်လောက်ပဲဝေးတော့ တော်တော်ဆိုးဆိုးဝါးဝါး ခံခဲ့ရပုံရပါတယ်။

ဒါက မိုင်းလင်းက ငလျင်ဒဏ်သင့်သူတွေပါ။ အဲဒီဒေသက ရေတွင်းတွေ၊ စမ်းချောင်းတွေအားလုံး နောက်သွားတဲ့အတွက် သောက်ရေ၊ သုံးရေ ခက်ခဲသွားပါတယ်။ တောင်ပေါ်စမ်းရေ သွယ်ထားတဲ့ပိုက်တွေလည်း ပြတ်တောက်သွားတဲ့အတွက်လည်း ပါပါတယ်။ ရေတွင်းတစ်ချို့က ရေတွေက အမဲရောင်ဖြစ်နေပါတယ်။ အချို့တွင်းတွေက ဆီတွေဝေ့ပါတယ်။ သူတို့အဓိကထား တောင်းတာကတော့ရေပါပဲ။ နောက်လိုအပ်တာက မိုးကာ(သို့) ရွက်ဖျင်တဲပါပဲ။

သူတို့ပြောကြပါတယ်..... "တောင်းရတာ အရမ်းအားနာပါတယ်...တဲ့။ ဘယ်လိုမှ မတတ်နိုင်လို့ သူများဝေတာ ယူရပါတယ်"လို့ ပြောကြပါတယ်။ ပစ္စည်းတွေသွားဝေတော့ ရပြီးတဲ့လူက ရပြီးပြီလို့ပြောပါတယ်။ တော်တော်များများ တန်းစီပြီးရပ်စောင့်ကြပါတယ်။ လုယက်ယူတာမျိုးတော့ မရှိပါဘူး။ ဒါပေမယ့် တချို့က ကားပေါ်ကနေ ကျဲချတာတော့ ရှိပါတယ်။ မြင်ရတာ စိတ်မချမ်းသာပါဘူး။

ငလျင်ဒဏ်သင့်နေရာအထိ သွားရောက်ကူညီခဲ့တဲ့ စိုင်းရဲ့ကိုယ်တွေ့တစ်ချို့ပါ။ အားလုံးကိုမျှဝေရင်း အလှူခံလိုက်ပါတယ်။ အားလုံးကျေးဇူးတင်ပါတယ်..

နိုင်းနိုင်းစနေ


Share/Bookmark

Sunday, March 27, 2011

အိပ်မက်ကို ဘယ်တော့မှ လက်မလွတ်နဲ့


၁၉၃၃ခုနှစ်မှာ အမေရိကန်ချီကာဂိုမြို့က ဆင်းရဲသားလူမည်းရပ်ကွက်တစ်ခုမှာ သူ့ကိုမွေးဖွားခဲ့တယ်။ ဒုတိယကမ္ဘာစစ်ဖြစ်တော့ ချီကာဂိုရဲ့စီးပွားရေးတွေ ကျဆင်းပြီး ရာဇဝတ်ကျူးလွန်မှုတွေ များလာခဲ့တယ်။ နေရာတိုင်းမှာ ရိုက်ပွဲ၊ သတ်ပွဲ၊ ပစ်ပွဲတွေနဲ့ ပြည့်နေခဲ့တယ်။ နေ့တိုင်းတွေ့မြင်နေရတဲ့ ဒီလိုမြင်ကွင်းကို သူ စိတ်ပျက်ခဲ့မိတယ်။ ကောင်းကင်ပေါ် အရှိန်နဲ့ဖြတ်ပျံသွားကြတဲ့ လေယာဉ်တွေကို သူငေးမောကြည့်ရင်း ဒီလေယာဉ်တွေ ဘယ်ကိုပျံသန်းကြသလဲ? ပြင်ပလောကမှာ ဒီထက်ပိုလှတဲ့ နေရာရှိနိုင်မလားလို့ သူအမြဲတွေးတောမိတယ်။

ဒီလိုနဲ့ ဖခင်ကို "ကျွန်တော်ဘာကြောင့် မပျံသန်းနိုင်သလဲ?" လို့ သူမေးမိတယ်။ ဖခင်က "သားမှာ အတောင်ပံမရှိလို့" လို့ဖြေတယ်။ သူကြေကွဲ ဝမ်းနည်းခဲ့ရတယ်။ ဖခင်က ဆက်ပြီး "သား... သားမှာပျံသန်းချင်တဲ့ စိတ်ကူးအိပ်မက်ရှိခဲ့ရင် သားပျံသန်းနိုင်ပါတယ်" လို့ ဆိုခဲ့တယ်။

သူ့ဘဝကို အရာရာပြောင်းလဲစေခဲ့တဲ့ အစက စန္ဒရားတစ်လုံးကြောင့်ဖြစ်တယ်။ တစ်နေ့မှာ လက်နက်တိုက်တစ်ခုထဲ အဖော်တစ်သိုက်နဲ့ သူတိတ်တဆိတ် ဝင်ရောက်ခဲ့တယ်။ မည်းမှောင်တဲ့ အခန်းငယ်လေးတစ်နေရာမှာ ထားထားတဲ့ စန္ဒရားတစ်လုံးက သူ့အကြည့်တွေကို ဆွဲဆောင်ခဲ့တယ်။ စန္ဒရားနားသွားပြီး သူဖြည်းဖြည်းသာသာ ထိုင်ချလိုက်တယ်။ ပြီးတော့ လက်ချောင်းကလေးတွေနဲ့ စန္ဒရားခလုတ်တွေကို သူဆော့ကစားမိတယ်။

အဲဒီတခဏ သူ့အသွေးအသားတွေ ဆူဗွက်လာခဲ့တယ်။

"အဲဒီကစ ကျွန်တော်ရဲ့စိတ်က ဘဝရဲ့ဦးတည်ရာကို ရှာတွေ့ခဲ့တယ်။ အဲဒီအရာဟာ ဂီတဖြစ်တယ်"

အဲဒီနှစ်မှာ သူ့အသက်(၁ဝ)နှစ်ပြည့်တယ်။ အဲဒီနှစ်မှာပဲ အဆိုတော်တစ်ဦးဖြစ်ဖို့ သူစိတ်ကူးအိပ်မက်မက်ခဲ့တယ်။

ဒုတိယကမ္ဘာစစ်ပြီးနောက် ဖခင်နဲ့အတူ Seattleမြို့ကို သူရောက်လာခဲ့တယ်။ ဒါဟာ သူ့ရဲ့ ဂီတခရီးအစဖြစ်တယ်။ အငယ်စားခရာကို သူကျွမ်းကျွမ်းကျင်ကျင် တီးမှုတ်တတ်တဲ့အတွက် နာမည်ကြီး Jazz ဂီတသမားတွေနဲ့ သူစင်ပေါ်တက်ခွင့်ရခဲ့တယ်။

အသက်(၂ဝ)အရွယ်မှာ အမေရိကားတစ်တိုက်လုံး သူ့ဖြေဖျော်မှုတွေပြန့်နှံ့ဖို့ သူအိပ်မက်မက်ခဲ့ပြန်တယ်။ ဒါပေမယ့် သူ့ရည်မှန်းချက်ကို အမေရိကားက အပြည့်အဝ မပေးနိုင်ခဲ့ဘူး။ အဲဒီလိုနဲ့ ကမ္ဘာ့အနုပညာရဲ့မြို့တော်လို့ တင်စားတဲ့ ပဲရစ်မြို့ကို သူရောက်လာခဲ့တယ်။ ဖြေဖျော်ပွဲတွေကလွဲလို့ သူ့အာရုံကို သင်ယူတဲ့အပေါ်မှာပဲ မြှုပ်ထားလိုက်တယ်။ သီချင်းရေးစပ်တာ၊ သံစဉ်ရှာတာ စတဲ့အရာအားလုံးက သူ့ကို စိတ်ဝင်တစားရှိစေခဲ့တယ်။

အဲဒီနှစ် သူ့အသက်(၃ဝ)မှာ အရာရာကို တတ်သိတဲ့ ဂီတပညာရှင်ဖြစ်ဖို့ သူအိပ်မက်မက်ခဲ့ပြန်တယ်။


ဂီတပညာတွေကို သင်ယူပြီး အမေရိကန်ကို ပြန်ရောက်တာနဲ့ ဟောလိဒ်ဝုဒ်ထဲ သူဝင်ခဲ့တယ်။ အဲဒီကစ ဟောလိဒ်ဝုဒ် အနုပညာလောကမှာ သံစဉ်ဖော်စပ်တဲ့ ဂီတပညာရှင်အဖြစ် အရှိန်အဟုန်မြန်မြန်နဲ့ သူကျော်ကြားလာခဲ့တယ်။ အဲဒီနောက် သံစဉ်ဖော်စပ်သူအဖြစ် အော်စကာဆုပေးပွဲမှာ (၈)ကြိမ် စာရင်းသွင်းခံခဲ့ရတယ်။

အသက်(၄ဝ)အရွယ်မှာ တစ်ကမ္ဘာလုံးရဲ့ ဂီတဝိညာဉ်အရှိဆုံး ပညာရှင်ဖြစ်ဖို့ သူအိပ်မက်မက်ခဲ့ပြန်တယ်။ ဒါပေမယ့် အသက်(၄၁)နှစ်အရောက်မှာ အကျိတ်ရောင်ရောဂါကို သူခံစားခဲ့ရတယ်။ ခွဲစိတ်ဖို့ ဆရာဝန်တွေက အကြံပေးခဲ့တယ်။ ခွဲစိတ်အောင်မြင်နှုန်းက နည်းပေမယ့် အသက်ဆက်ရှင်ဖို့အတွက် မဖြစ်မနေ သူစွန့်စားခဲ့တယ်။ ကံကောင်းစွာနဲ့ သူခွဲစိတ်အောင်မြင်ခဲ့တယ်။ ကံမကောင်းစွာနဲ့ ဦးခေါင်းခွံမှာ စတီးဆက်ခဲ့ရလို့ သူစင်ပေါ်တက် ဖြေဖျော်ခွင့် မရခဲ့တော့ဘူး။

ဒီတစ်ခါတော့ သူလုံးဝ ပြိုလဲသွားလိမ့်မယ်လို့ လူတွေထင်ခဲ့ကြတယ်။ ဒါပေမယ့် သူလဲပြိုမသွားခဲ့ဘူး။ စိတ်ရောကိုယ်ပါနစ်ပြီး လူမည်းလူငယ်တစ်ဦး စီးရီးထုတ်ဖို့အတွက် သီချင်းတွေ ရေးစပ်သီကုံးပေးတဲ့ အလုပ်သစ်တစ်ခုကို သူရခဲ့တယ်။ အဲဒီစီးရီးခွေထွက်တော့ တစ်ကမ္ဘာလုံးကျော်ကြားသွားပြီး ဂီတသမိုင်းမှာ အရောင်းရဆုံး စံချိန်တင်ခဲ့တယ်။ အဲဒီလူမည်းလူငယ်ဟာ နောင်တစ်ချိန်မှာ ဂီတဘုရင်အဖြစ် နာမည်ကျော်ကြားခဲ့တဲ့ မိုက်ကယ်ဂျက်ဆင်ဖြစ်တယ်။

အဲဒီနောက် သူဟာ ဒါရိုက်တာ Steven Spielbergနဲ့ The Color Purpleဆိုတဲ့ ရုပ်ရှင်ကားကို ရိုက်ကူးထုတ်လုပ်ခဲ့တယ်။ အဲဒီရုပ်ရှင်ကားမှာ နာမည်မရှိတဲ့ လူမည်းအမျိုးသမီး သရုပ်ဆောင်တစ်ဦးကို ထည့်သုံးခဲ့တယ်။ အဲဒီလူမည်းအမျိုးသမီးရဲ့ နာမည်က Oprah Winfreyဖြစ်ပြီး နောင်တစ်ချိန်မှာ သြဇာအလွှမ်းမိုးနိုင်ဆုံး စီစဉ်တင်ဆက်သူအဖြစ် နာမည်ကျော်ကြားခဲ့တယ်။

သူ့အသက်(၅ဝ)မှာ တစ်ပါးသူကို ကူညီနိုင်ဖို့ဆိုတဲ့ စိတ်ကူးအိပ်မက်ကို သူမက်ခဲ့တယ်။ အနုပညာလောကမှာရှိတဲ့ သူ့အရှိန်အဝါကို ဘယ်သူမှ မနှိုင်းနိုင်ခဲ့ဘူး။ ကမ္ဘာပေါ်မှာရှိတဲ့ အနုပညာရှင်ပေါင်း ရာကျော်ကို စုစည်းပြီး "We are the world"ဆိုတဲ့သီချင်းကို သူထုတ်လုပ်ခဲ့တယ်။ ဒီသီချင်းဟာ ၂ဝရာစုမှာ အဓိပ္ပာယ်အရှိဆုံး သီချင်းတစ်ပုဒ်ဖြစ်ခဲ့ပြီး လှူဒါန်းငွေဒေါ်လာပေါင်း သန်း(၅ဝဝ)ရခဲ့တယ်။ အဲဒီငွေတွေကို အာဖရိကအတွက် သူလှူဒါန်းခဲ့တယ်။ အဲဒီသီချင်းကအစပြုလို့ သူ့အချိန်တော်တော်များများကို ပရဟိတလုပ်ငန်းထဲ သူမြှုပ်နှံခဲ့တယ်။ အသက်(၆ဝ)မှာ သူ့ရဲ့စိတ်ကူးအိပ်မက်က ပရဟိတလုပ်ဖို့ဖြစ်တယ်။

အခုအချိန်မှာ သူ့အသက် (၈ဝ)ပြည့်ခါနီးပါပြီ။ သူရဲ့နာမည်က Quincy Jonesဖြစ်ပြီး သူ့ကို အနောက်နိုင်ငံရဲ့ ဂီတဖခင်လို့ တင်စားကြပါတယ်။ အစကတည်းက နာမည်ကျော်ကြားအောင်မြင်ခဲ့တာတောင် ဘာဖြစ်လို့ ခြေလှမ်းတွေ မရပ်နိုင်သေးသလဲလို့ လူတွေက သူ့ကိုမေးခဲ့ကြတယ်။

"ကျွန်တော့်ရဲ့အိပ်မက်တွေက အမြဲတမ်း လမ်းပေါ်မှာရှိနေခဲ့လို့" လို့ သူဖြေခဲ့ပါတယ်။

http://en.wikipedia.org/wiki/Quincy_Jones
http://www.5719.cn/Html/xinling/yongyuanbuyaofangqizijidemengxiang-25.htm

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Saturday, March 26, 2011

ခုတလော ပျင်းနေခဲ့ရင်...


ခုတလော ပျင်းနေပြန်ပြီ.. ဘာမှလည်း မလုပ်ချင်ဘူး။ face bookမှာပဲ အချိန်ပိုသုံးဖြစ်နေသလိုပဲ။ စာရေးမယ် စာရေးမယ်ဆိုပြီး မေးလ်ထဲတစ်ခုခုဝင်လာရင် FBနားရောက်သွားပြန်တယ်။ FBကို ပြန်ဖျက်လိုက်ရင်ကောင်းမလားလို့ စဉ်းစားမိသေးတယ်။ ဟိုးအရင် ကျောင်းတုန်းကသူငယ်ချင်းတွေကို FBမှာပြန်တွေ့တော့ ဖျက်ချင်တဲ့စိတ်ကို ချိုးထားရတယ်။ စာရေးတော့လည်း ရေးရင်းတန်းလန်းနဲ့ ဆက်မရေးချင်ဘဲ ပျင်းလာပြန်တယ်။ ခဏခဏပျင်းနေလို့ ပိုပျင်းသွားတာဖြစ်မယ်။ လူကိုပျင်းအောင် ရာသီဥတုက ဖျက်နေတာလည်းပါတယ်။ ရာသီဥတုက ပူလိုက်၊ အေးလိုက်နဲ့ နွေဦးရောက်တော့မယ်လို့ ပြောခါကြံသေး ဟိုရက်တွေက နှင်းတွေကျပြန်တယ်။ ရေခဲမိုးတွေ ရွာပြန်တယ်။ ဒါနဲ့လူကလည်း ဆိုင်ဆိုင်မဆိုင်ဆိုင် ရာသီဥတုနောက်လိုက်ပြီး ပျင်းသွားတယ်။ ပျင်းပြီး ဘာမှမလုပ်ချင်တဲ့အခါ ရုပ်ရှင်ကြည့်ဖြစ်တယ်။ လူပျင်းနဲ့ရုပ်ရှင်က လိုက်ဖက်တယ်လို့ ဆိုရမယ်။ ပျင်းကြောဆန့်ပြီးကြည့်လိုက်၊ အိပ်ကြည့်လိုက်၊ မှောက်ကြည့်လိုက်နဲ့ ကြည့်ရင်းကြည့်ရင်း အိပ်ပျော်သွားတဲ့အထိတောင် ပျင်းနိုင်တယ်။

ရုပ်ရှင်ဆိုလို့ အင်တာနက်ပေါ်မှာ ကျွန်မဖရီးသွားကြည့်တတ်တဲ့ ဆိုက်လေးတွေရှိတယ်။ http://video.baidu.com ဒီဆိုက်က တရုတ်ပြည်ကနာမည်ကြီး search engineတစ်ခုပေါ့။ သီချင်း၊ ရုပ်ရှင်၊ သတင်း၊ ရုပ်ပုံ အမျိုးစုံရှာလို့ရတယ်။ တရုတ်ဆိုက်ဆိုတော့ တရုတ်လိုပဲရေးထားမှာပေါ့။ အဲဒီမှာ တရုတ်ကား၊ အင်္ဂလိပ်ကား၊ ကိုးရီးယားကား၊ ဂျပန်ကားမျိုးစုံရှိတယ်။ တချို့ကားက ကြည့်လို့ရပြီး တချို့က တရုတ်ပြည်တွင်းကလူတွေပဲ ကြည့်ခွင့်ပေးထားတယ်။ ဖရီးကြည့်ပါတယ်ဆိုမှ ကြည့်လို့ရတာပဲကြည့်ပြီး ကြည့်မရတာကို တအားကြည့်ချင်ရင် တခြားဆိုက်မှာ ပြန်ရှာကြည့်တယ်။ http://jiemu.56.com/movie/ ဒီဆိုက်ကလည်း ဖရီးကြည့်လို့ရတယ်။ အဲတာတွေအပြင် မိတ်ဆွေတစ်ယောက်က ရုပ်ရှင်ဝက်ဆိုက်တစ်ခုမှာ မန်ဘာဝင်ပြီး တစ်လ$၈ဒေါ်လာပေးကြည့်တဲ့ ဆိုက်တစ်ခုကို ဖရီးပေးကြည့်ထားပြန်တယ်။ အားတဲ့အခါ ရုံမှာလည်း သွားကြည့်ဖြစ်ပြန်တော့ ကျွန်မလည်း ပျင်းလိုက်၊ ရုပ်ရှင်ကြည့်လိုက်နဲ့ သံသရာလည်လို့ မပြီးတော့ပါဘူး။

ရုပ်ရှင်ကြည့်ရင် အများဆုံးကြည့်ဖြစ်တာတွေက သိုင်းကား၊ ကာတွန်းကား၊ ဒရမ်မာကားတွေဖြစ်တယ်။ ကာတွန်းကားဆိုလို့ ကြည့်ဖြစ်တဲ့ ကာတွန်းကားတွေကို ညွှန်းချင်ပါတယ်။ Hayao Miyazaki ရေးသားရိုက်ကူးထားတဲ့ Ponyoလို့အမည်ရတဲ့ ဂျပန်ကာတွန်းလေးကို ကြည့်စေချင်ပါတယ်။ ပုံလေးတွေက အရမ်းချစ်ဖို့ကောင်းသလို ဇာတ်လမ်းကလည်း ဆွဲဆောင်မှုရှိတယ်။ Planet 51ဆိုတဲ့ ကာတွန်းကားလေးလည်း အရမ်းကြည့်လို့ကောင်းပါတယ်။ သိုင်းကားအနေနဲ့က IP Manကို ညွန်းချင်ပါတယ်။ တော်တော်များများ ကြည့်ဖူးပြီးသား ဖြစ်မယ်ထင်ပါတယ်။ 赵氏孤儿ကားလေးလည်း ညွန်းချင်ပါတယ်။ အားလပ်ရက်မှာ အပြင်လည်း မထွက်ချင်ဘူး။ ကျွန်မလိုပဲပျင်းနေခဲ့ရင် ရုပ်ရှင်ကြည့်ပါလို့.... ကြည့်ရအဆင်ပြေအောင် youtubeကနေ လင့်ရှာပြီး ချိတ်ထားပါတယ်။ ကြည့်ချင်တဲ့ကားကိုသာ ကလစ်လိုက်ပါ။ ကားကောင်းလေးတွေရှိရင်လည်း လက်တို့ခဲ့ပါလို့...း)

နိုင်းနိုင်းစနေ


Share/Bookmark

Wednesday, March 23, 2011

စိတ်နေသဘောထား


စိတ်နေသဘောထားဆိုတာ ထူးဆန်းအံ့သြတဲ့အရာဖြစ်သလို ထူးခြားတဲ့အင်အားကိုလည်း ဖြစ်ပေါ်စေတယ်။

အမေရိကန် ဟားဗတ်တက္ကသိုလ်က စိတ်နေသဘောထားနဲ့ပတ်သက်ပြီး စမ်းသပ်မှုတစ်ရပ်ကို ပြုလုပ်ခဲ့တယ်။

လွန်ခဲ့တဲ့နှစ်အနည်းငယ်ခန့်က ပါမောက္ခ Robertဟာ ဟားဗတ်တက္ကသိုလ်မှာ ရက်သတ္တပတ်(၆)ပတ်ကြာတဲ့ စမ်းသပ်မှုတစ်ခုကို ပြုလုပ်ခဲ့တယ်။ စမ်းသပ်မှုမှာ ကျောင်းသားတွေကို အုပ်စုသုံးစုခွဲပြီး အုပ်စုတစ်စုချင်းစီကို ကြွက်တွေ အညီအမျှ ခွဲဝေပေးခဲ့တယ်။ ကျောင်းသားတွေက သူတို့ရဲ့ကြွက်တွေကို ဝင်္ဂဘာတစ်ခုထဲ ဖြတ်စေပြီး တင်္ဂဘာတစ်ဘက်က ဒိန်ခဲတွေကို စားစေရမှာဖြစ်တယ်။

ကြွက်တွေခွဲဝေပေးပြီးနောက် ပါမောက္ခRobertက ပထမအုပ်စုကို "မင်းတို့ သိပ်ကံကောင်းတယ်။ မင်းတို့ရဲ့ကြွက်တွေက ထက်မြက်ပြီး ဉာဏ်ပြေးတယ်။ သူတို့ဟာ ဝင်္ဂဘာရဲ့တစ်ဘက်ကို အမြန်ဆုံးရောက်အောင်သွားပြီး ဒိန်ခဲတွေကို အများကြီးစားပစ်လိမ့်မယ်။ ဒါကြောင့်ဒိန်ခဲတွေကို ခပ်များများချထားပေးဖို့လိုတယ်" လို့ပြောခဲ့တယ်။

အဲဒီနောက် ပါမောက္ခ Robertဟာ ဒုတိယအုပ်စုကို "သာမန်တဲ့ကြွက်အုပ်စုနဲ့ မင်းတို့နေရလိမ့်မယ်။ သူတို့ဟာ ဝင်္ဂဘာရဲ့တစ်ဘက်ကို ခပ်မှန်မှန်သွားပြီး ဒိန်ခဲတွေကို စားလိမ့်မယ်။ သူတို့ရဲ့အသိဉာဏ်က သာမန်အဆင့်မို့ သိပ်မျှော်လင့်ချက် မထားစေချင်ဘူး"လို့ပြောခဲ့တယ်။

နောက်ဆုံးအဖွဲ့ကို ပါမောက္ခ Robertက "ဝမ်းနည်းပါတယ်။ တုံးတုံးအအ ကြွက်အုပ်စုနဲ့ မင်းတို့နေရလိမ့်မယ်။ သူတို့ဟာ အရမ်းတုံးအတာကြောင့် ဝင်္ဂဘာတစ်ဘက်ကို ရောက်နိုင်လိမ့်မယ် မထင်ဘူး။ ဒါကြောင့် ဝင်္ဂဘာတစ်ဘက်မှာ ဒိန်ခဲတွေကို မင်းတို့ချထားစရာ မလိုဘူး" လို့ပြောခဲ့တယ်။

သတ်မှတ်တဲ့ရက်ပြည့်ပြီးနောက် စမ်းသပ်မှုရလဒ်ကို အောက်ပါအတိုင်းရခဲ့တယ်။

ထက်မြက်ပြီး ဉာဏ်ပြေးတယ်ဆိုတဲ့ကြွက်တွေဟာ ဝင်္ဂဘာတစ်ဘက်ကို အလျင်အမြန်ဖြတ်ကျော်နိုင်ခဲ့တယ်။ သာမန်တယ်ဆိုတဲ့ကြွက်တွေလည်း ဝင်္ဂဘာတစ်ဘက်ကို ရောက်သွားခဲ့ပါတယ်။ ဒါပေမယ့် ခပ်နှေးနှေးနဲ့ ရောက်သွားတာဖြစ်တယ်။ တုံးအတယ်ဆိုတဲ့ကြွက်တွေထဲမှာ ကြွက်တစ်ကောင်ဘဲ ဝင်္ဂဘာတစ်ဘက်ကို ရောက်သွားခဲ့တယ်။

စိတ်ဝင်စားစရာကောင်းတာက လောကမှာထက်မြက်တဲ့ကြွက်၊ တုံးအတဲ့ကြွက်ဆိုတာ မရှိပါဘူး။ ကြွက်တွေအားလုံးဟာ ကြွက်သိုက်တစ်သိုက်ထဲက ထွက်လာတဲ့ သာမန်ကြွက်တွေပဲဖြစ်တယ်။ ဒီကြွက်တွေရဲ့ လုပ်ရပ်တွေ ကွဲပြားသွားရတာဟာ စမ်းသပ်တဲ့ကျောင်းသားတွေနဲ့ပဲ ဆိုင်ပါတယ်။ ကျောင်းသားတွေအပေါ် ပါမောက္ခ Robertရဲ့မတူတဲ့ စိတ်သဘောထားတွေ သက်ရောက်ခဲ့လို့ဖြစ်တယ်။ ကျောင်းသားတွေက ကြွက်တွေရဲ့ဘာသာစကားကို နားမလည်ပါဘူး။ ဒါပေမယ့် ကြွက်တွေက သူတို့အပေါ်ထားတဲ့ ကျောင်းသားတွေရဲ့ စိတ်သဘောထားကို သိခဲ့ကြတယ်။

"စိတ်နေသဘောထား"ရဲ့ ထူးခြားတဲ့အင်အားကို ဒီစမ်းသပ်မှုက သက်သေပြခဲ့ပါတယ်။

ဘဝကို ဘယ်လိုစိတ်သဘောထားနဲ့ သင်ရင်ဆိုင်ရင် ဘယ်လိုဘဝမျိုးကို သင်ရမှာဖြစ်တယ်။


မူရင်း-- http://www.dpes.tc.edu.tw/lib/candle/fa_74.htm

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Sunday, March 20, 2011

ကျွန်မဖတ်ဖို့ (၂၆)


(၁) ဆုတ်လမ်းကို ဖြတ်တောက်နိုင်မှ ရှေ့လမ်းကိုပိုတိုးရဲမယ်

တချို့အချိန်မှာ ဆုတ်လမ်းကို ဖြတ်တောက်ရဲတဲ့သတ္တိကို ကျွန်တော်တို့လိုလာတယ်။ နောက်ဆုတ်ဖို့လမ်း ရှိမှန်းသိနေရင် ရှေ့တိုးမယ့် ကျွန်တော်တို့ရဲ့ခြေလှမ်းတွေ တွန့်ဆွန်သွားတတ်တယ်။ နှေးသွားတတ်တယ်။ တကယ်လို့ နောက်ဆုတ်ဖို့လမ်းမရှိတဲ့အခါ ရှေ့တိုးဖို့ကို ကျွန်တော်တို့ ပိုအာရုံစိုက်လာတယ်၊ တိုးရဲတဲ့သတ္တိရှိလာတယ်။ ဒါမှ အောင်နိုင်ခြင်းကို ရမှာဖြစ်တယ်။

(၂) လူတစ်ယောက်ဟာ အလိုအပ်ခံရတဲ့အခါ သူ့ရဲ့အသက်ရှင်နေထိုင်ခြင်းက ပိုအဓိပ္ပာယ်ပြည့်စုံသွားတယ်

လူတွေဟာ တခြားလူရဲ့လိုအပ်တာကို ခံချင်ကြတယ်။ ဒါဟာ လူ့သဘာဝဖြစ်သလို သူ့ရဲ့တန်ဖိုးကိုလည်း ပြရာရောက်တယ်။ တချို့အချိန်အခါမှာ လူတစ်ယောက်ဟာ အလိုအပ်မခံရတော့တဲ့အခါ (ပစ်ပယ်ခံရတဲ့အခါ) သူ့ရဲ့အသက်ရှင်နေထိုင်ခြင်းက အဓိပ္ပာယ်မဲ့သွားတယ်လို့ ခံစားတတ်ကြတယ်။ ဒါကြောင့် မိသားစု၊ သူငယ်ချင်း မိတ်ဆွေတွေကို "ငါတို့ မင်းကိုလိုအပ်တယ်"ဆိုတဲ့အကြောင်း ပြသပြောဆိုပါ။

(၃) မျှော်လင့်ချက်ထဲ ရှင်သန်နေမှ အလင်းကိုတွေ့နိုင်မှာဖြစ်တယ်

လူအများက ဘဝမှာ အလင်းရောင်မရှိဘူး၊ အလင်းမဲ့တယ်လို့ ညည်းတွားကြတယ်။ ဒါဟာ မျှော်လင့်ချက်မရှိလို့၊ မျှော်လင့်ချက်မဲ့လို့ဖြစ်တယ်။ ဘယ်လိုအချိန်မျိုးမှာဖြစ်ဖြစ်၊ ဘယ်လောက်ပဲ ခက်ခဲတဲ့ ဆင်းရဲဒုက္ခမျိုးမှာဖြစ်ဖြစ် မျှော်လင့်ချက်သာရှိခဲ့ရင်၊ မျှော်လင့်ချက်နဲ့ရှင်သန်ခဲ့ရင် အလင်းရောင်ကိုတွေ့မြင်ပြီး အဲဒီအလင်းက သင့်အနားမှာ အမြဲလင်းလက်နေမှာဖြစ်တယ်။

(၄) ကျွမ်းကျင်မှုဆိုတာ ဘဝရဲ့အကောင်းဆုံး ရှင်သန်နည်းဖြစ်တယ်

ဘဝမှာ ချမ်းသာကြွယ်ဝအောင်လုပ်တဲ့နည်း မျိုးစုံရှိတယ်။ ဒါပေမယ့် နည်းတိုင်းက ကျွန်တော်တို့နဲ့ သင့်တော်ချင်မှ သင့်တော်မယ်။ နည်းတိုင်းနဲ့ ချမ်းသာကြွယ်ဝအောင် ကျွန်တော်တို့လုပ်နိုင်ချင်မှ လုပ်နိုင်မယ်။ ဒါပေမယ့် သေချာတာက ကျွမ်းကျင်မှုဟာ ဘဝရဲ့အကောင်းဆုံး ရှင်သန်နည်းဖြစ်တယ်။ လက်မှုပညာလေးပဲဖြစ်ဖြစ် ကျွမ်းကျင်ရင် အောင်မြင်မှုကို မုချရနိုင်ပါတယ်။

(၅) ဘယ်သူ့ကိုမှ အားမကိုးနဲ့ ကိုယ့်ကိုယ်ကို အားကိုးပါ

ပြဿနာ၊ အခက်အခဲနဲ့ရင်ဆိုင်ရတဲ့အခါ လူအများဟာ မိမိကိုယ်ကိုယ်ယုံကြည်မှု၊ မိမိကိုယ်ကိုယ်လေးစားမှုတွေ မဲ့သွားတတ်ကြတယ်။ ပြဿနာ၊ အခက်အခဲကြောင့် လဲပြိုသွားတတ်ကြတယ်။ နောက်ဆုံးမှာ ဆင်းရဲဒုက္ခရဲ့ကျေးကျွန်ဖြစ်ရတယ်။ လူတချို့က မိမိကိုယ်ကိုယ်ယုံကြည်မှု၊ လေးစားမှုကို ထိန်းထားနိုင်ကြတယ်။ ပြဿနာ၊ အခက်အခဲကို ခေါင်းညိတ်အရှုံးမပေးဘူး။ နောက်ဆုံးမှာ ဆင်းရဲဒုက္ခက သူတို့ရဲ့ကျေးကျွန်ဖြစ်ရတယ်။ ဒီလိုလူမျိုးက လူရဲ့ပင်ကိုယ်ကို ပိုမြင့်မြတ်၊ ပိုတောက်ပြောင်စေတာကြောင့် လေးစားထိုက်သူဖြစ်တယ်။

(၆) အပြေးမြန်ရသလို တည်တည်ငြိမ်ငြိမ်နဲ့ ပြေးတတ်ရမယ်

ဘဝဆိုတာ အပြေးပြိုင်ပွဲကြီးတစ်ခုဖြစ်တယ်။ ပြေးတာသိပ်မြန်ရင် ခံနိုင်ရည်အလွယ်တကူ ယုတ်လျော့မယ်။ ပြေးတာသိပ်နှေးရင် နောက်ကျကျန်ခဲ့မယ်။ လမ်းခုလပ်မှာ နုတ်ထွက်ရင် အရင်ကကြိုးစားခဲ့သမျှ အချည်းနှီးဖြစ်မယ်။ မပါဝင်ရင်တော့ အောင်နိုင်ဖို့ အခွင့်အရေး လုံးဝရှိမှာမဟုတ်ဘူး။

(၇) ကံကြမ္မာကိုပြောင်းလဲချင်ရင် အရင်ဆုံး ကိုယ့်ကိုယ်ပြောင်းလဲနိုင်ဖို့ အရေးကြီးတယ်

တူညီတဲ့ပတ်ဝန်းကျင်မှာနေထိုင်တဲ့ မတူတဲ့လူနှစ်ယောက်ဟာ မတူတဲ့ကံကြမ္မာကို ပိုင်ဆိုင်ထားကြတယ်။ လူတွေရဲ့ကံကြမ္မာကို ဘုရားသခင် ဖန်တီးထားတာ မဟုတ်သလို တခြားလူရဲ့ အဆုံးအဖြတ်အောက်မှာ ရှိတာလည်း မဟုတ်ဘူး။ ကိုယ့်ကံကြမ္မာကို ကိုယ်ပဲပိုင်ဆိုင်တယ်။ တကယ်လို့ လူတစ်ယောက်ဟာ ကိုယ့်ကံကြမ္မာကို ပြောင်းလဲချင်ရင် အရင်ဦးဆုံး ကိုယ့်ကိုယ်ပြောင်းလဲနိုင်ဖို့ ကြိုးစားရမယ်။ စိတ်နေစိတ်ထားကို ပြောင်းလဲမယ်၊ ဝန်းကျင်ကို ပြောင်းလဲမယ်။ ဒါမှ ကံကြမ္မာကလည်း လိုက်ပြီးပြောင်းလဲမှာ ဖြစ်တယ်။

(၈) အကျင့်ဆိုတာ ကျွန်တော်တို့ မွေးမြူထားတဲ့အရာဖြစ်တယ်။ ဒါကြောင့် အကျင့်ကို ကျွန်တော်တို့ ပြောင်းလဲနိုင်စွမ်းရှိတယ်

ကျွန်တော်တို့ဟာ အမြဲတမ်းလုပ်တဲ့ အလုပ်တစ်ခုကနေ အကျင့်အဖြစ် ပြောင်းသွားတတ်ကြတယ်။ အကျင့်ဖြစ်သွားပြီဆိုတာနဲ့ အဲဒီအကျင့်ရဲ့ထိန်းချုပ်တာကို ကျွန်တော်တို့ ခံရတော့တယ်။ ကျွန်တော်တို့လူတိုင်းမှာ တိမ်ငုပ်နေတဲ့စွမ်းရည် ကိုယ်စီရှိကြတယ်။ အကျင့်ကို ကျွန်တော်တို့မွေးမြူနိုင်စွမ်းရှိရင် မကောင်းတဲ့အကျင့်ကိုလည်း ကျွန်တော်တို့ တွန်းလှန်ဖျက်ထုတ်နိုင်စွမ်းရှိတယ်။

(၉) ကိုယ်ပိုင်ဆိုင်တာကိုပဲ ကြည့်ပါ။ ကိုယ့်မှာ မရှိတာတွေအတွက် ဝမ်းနည်းမနေပါနဲ့

အောင်မြင်ချင်ရင် ကိုယ့်ကိုယ်ကို အရင်လက်ခံတတ်ရတယ်၊ ကိုယ့်ကိုယ်ကို အရင်အတည်ပြုတတ်ရတယ်။ လောကကြီးမှာ လူတိုင်းလူတိုင်း အားနည်ချက်၊ ချွတ်ယွင်းချက်ကိုယ်စီရှိကြတယ်။ ကံကြမ္မာကို လက်ညိုးထိုး အပြစ်ပုံမချပါနဲ့။ ကိုယ့်မှာ မရှိတာတွေအတွက် ဝမ်းမနည်းပါနဲ့။ ကိုယ့်မှာရှိတာတွေကိုပဲ ပိုဂရုစိုက်ပြီး ကိုယ့်ကိုယ်ကို အတည်ပြုလက်ခံပါ။

(၁ဝ) မှန်ကန်တဲ့နည်းနဲ့ သင့်ကိုယ်သင် ဆန်းစစ်ပါ။ အရာအားလုံး ပြောင်းလဲသွားပါလိမ့်မယ်

အမြဲတမ်း ကိုယ့်ကိုယ်ကို သနားညှာတာနေရင်၊ ကိုယ့်ကိုယ်ကို အထင်ကြီးတပ်မက်နေရင် တခြားလူရဲ့ရင်ထဲ သင်ဝင်နိုင်မှာ မဟုတ်သလို သင့်ရင်ထဲလည်း တခြားသူဝင်ရောက်နိုင်မှာ မဟုတ်ဘူး။ မှန်ကန်တဲ့နည်းနဲ့ သင့်ကိုယ်သင် ဆန်းစစ်ပါ။ ဒါဟာ သင့်စိတ်၊ သင့်ခန္ဓာကို ပေါ့ပါးပျော်ရွှင်စေသလို အရာရာကိုလည်း အဆင်ပြေ ချောမွတ်၊ ပြောင်းလဲစေပါတယ်။

"ကျွန်မဖတ်ဖို့" အင်တာနက်ပေါ်ဖတ်ရတဲ့ စာစုတွေကို ကျွန်မဘာသာပြန်ပါတယ်။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Friday, March 18, 2011

ဆင်းရဲဒုက္ခကို လှစ်ဟရဲခဲ့သူ


လောကကြီးကို သူ့ဒဏ်ရာအနာတွေ လှစ်ဟပြပြီး လူတွေရဲ့လက်ခုပ်သံနဲ့ ပန်းစည်းတွေကို လက်ခံရယူနေတဲ့ အမျိုးသမီးတစ်ဦးရှိခဲ့တယ်။

သူဟာ (၄)နှစ်သမီးအရွယ်မှာ အကျိတ်ရောင်ရောဂါကို စခံစားခဲ့ရတယ်။ ၁၁နှစ်အရွယ်မှာ ပေါင်ပေါ် ပြည်တည်နာရောဂါ စွဲခဲ့တယ်။ ၁၂နှစ်အရွယ်မှာ ကျောရိုးကွေးကောက်ရောဂါ ခံစားခဲ့ရပြီး ၁၃နှစ်အရွယ်မှာ ကျောရိုးတစ်လျောက်မှာ စတီးချောင်းနှစ်ချောင်း ထည့်ခဲ့ရတယ်။ အဲဒီနောက် လည်တိုင်အရိုးငေါ့ထွက်တာကို ခံခဲ့ရပြီး လက်မောင်းနှစ်ဘက် အကြောရောင်ရောဂါတွေကြောင့် မကြာခဏ သူခွဲစိတ်ခန်းထဲ ဝင်ခဲ့ရတယ်။ ဒီကနေ့အထိ သူဟာ ရောဂါကြောင့် ခါးကုန်းလို့မရခဲ့သလို တခြားမိန်းကလေးတွေလို ခန္ဓာကိုယ်ကို လှုပ်ရမ်းလို့လည်း မရခဲ့ဘူး။ သူဟာ (၄)နှစ်သမီးအရွယ်ကတည်းက လူအများရင်မဆိုင်ရဲတဲ့ ဒုက္ခဆင်းရဲကို စခံစားခဲ့ရတယ်။

"နာကျင်မှုတွေ ဘယ်တော့မှ ပျောက်သွားတယ်ဆိုတာ မရှိဘူး။ ကျွန်မက အဲဒီနာကျင်မှုတွေကို ကျင့်သားရသွားတာပါ"

ဒဏ်ရာနာကျင်မှုတွေကို ရင်ဆိုင်ရုန်းကန်ဖို့ သူကျင့်သားရခဲ့တယ်။ နာကျင်မှုဝေဒနာတွေ ဖောက်လာတဲ့အခါ သူဘာမှ မလုပ်နိုင်ခဲ့ဘူး။ ခါတိုင်းလိုပဲ အဝတ်အစားတွေဝတ်ပြီး တစ်နေ့တာလေ့ကျင့်ခဲ့တဲ့ လေ့ကျင့်မှုတွေနဲ့ ပွဲစဉ်တွေကိုပဲ သူကြည့်နိုင်ခဲ့တယ်။

"အသက်ရှင်နေတယ်ဆိုတာ အောင်မြင်ခြင်းပဲ" မိသားစုတွေကို သူဒီလိုပဲ ပြောခဲ့တယ်။

သူ (၁၃)နှစ်အရွယ်မှာ ပထမဆုံးအကြိမ် ကျောရိုးနေရာမှာ စတီးချောင်းကို ပြောင်းလဲတပ်ဆင်ခဲ့တယ်။ အဲဒီကစ ဆံပင်ရှည်ကို သူစိတ်ဝင်စားခဲ့တယ်။ အဲဒီနောက် ဆံပင်ရှည်ကို သူစထားပြီး သူ့နောက်ကျောကဒဏ်ရာကို ဖုံးကွယ်ခဲ့တယ်။

"ဒဏ်ရာက ဘယ်တော့မှ မပျောက်ဘူး။ အဲဒီနေရာမှာပဲ အမြဲရှိနေတယ်။ ဒါဟာ ကျွန်မအတွက် ပျော့ကွက်ဖြစ်တယ်"

သူဟာ သူ့နောက်ကျောက ဒဏ်ရာကိုပြောဆိုမိတိုင်း ဝမ်းနည်းအားငယ်သွားတတ်တယ်။

"ကျွန်မရဲ့နောက်ကျောကို ကျွန်မလိပ်ပြာမလုံဘူး။ ကျွန်မနောက်မှာ လူရှိနေရင် ကျွန်မ နေမထိထိုင်မသာ ခံစားရတယ်။ ဒါကြောင့် ထမင်းစားပွဲဝိုင်းမှာ နံရံကပ်တဲ့ခုံကိုပဲ ကျွန်မရွေးခဲ့တယ်။ ဘာကြောင့်ဆိုတာ ကျွန်မကိုယ်ကျွန်မလည်း မသိဘူး"

"သူဟာ ပြိုင်ပွဲတွေမှာ မျက်နှာသာအရဆုံး အမျိုးသမီးပေါ့" လို့ ဘီဘီစီ အသံလွှင့်ဌာနက ဆောင်းပါးရှင် ဂျိမ်းစ်က ပြောခဲ့တယ်။

သူ့ကိုယ်ပေါ်က အနက်ရောင် ဆံရှည်၊ အနက်ရောင် လက်ပြတ်အင်္ကျီ၊ အနက်ရောက် သားရေလက်အိတ်၊ အနက်ရောင် လယ်သာကိုယ်ကျပ်ဘောင်းဘီးနဲ့ အနက်ရောင်ဒေါက်မြင့်ဖိနပ် စတဲ့အပြင်အဆင်တွေနဲ့ ဒဏ်ရာအနာအဆာတွေကို သူဖုံးကွယ်ထားတယ်။

"ကျွန်မရဲ့အခုလို အပြင်အဆင်နဲ့ ဆွဲဆောင်မှုတွေက ဆင်းရဲပင်ပန်းတဲ့ ဘိလိယက်လေ့ကျင့်မှုတွေကြောင့် ဖြစ်လာတယ်။ ဘိလိယက်ကစားနည်းက ဆွဲဆောင်မှုရှိတယ်။ အနုပညာမြောက်တယ်။ အဆင့်အတန်းရှိတဲ့ အားကစားနည်းဖြစ်တယ်။ ဒါကို ကျွန်မနှစ်သက်တယ်။ အခုချိန်ထိ နှစ်သက်တယ်"

ရောဂါဝေဒနာတွေကို သူအပြင်းအထန် ခုခံနေတုန်းမှာ သူ့အမျိုးသားဖြစ်လာမယ့် George Breedloveနဲ့ သူဆုံခဲ့တယ်။ အဲဒီတုန်းက သူ့အသက်(၂၅)နှစ်၊ ဘိလိယက်ကစားတဲ့သက်တမ်း (၇)နှစ်ရှိတဲ့အချိန်ဖြစ်တယ်။ အမျိုးသမီးတစ်ဦးဟာ အချိန်တန်အိမ်ထောင်ပြုပြီး မိသားစုအတွက် ပေးဆပ်ဖို့ဆိုတာကို သူနားလည်သလို အိမ်ထောင်ပြုလိုက်လို့လည်း သူ့အလုပ်အကိုင်ကို မထိခိုက်ခဲ့ဘူး။

အဲဒီနောက် ကိုယ့်ဒဏ်ရာအနာကြောင့် ဝမ်းနည်းသိမ်ငယ်နေသူတစ်ယောက်ဟာ လူတွေကို အံ့သြစေတဲ့ လုပ်ရပ်တစ်ခုကို လုပ်ပြခဲ့တယ်။ ကမ္ဘာကျော် မဂ္ဂဇင်းစာအုပ်တစ်အုပ်က နာမည်ကြီး သရုပ်ဆောင်သူတွေရဲ့ အလှဓာတ်ပုံတွေကို ဖော်ပြခဲ့တယ်။ အဲဒီမှာ သူကလည်း ခွဲစိတ်ဒဏ်ရာအထပ်ထပ်နဲ့ သူ့ခန္ဓာကိုယ်ကို ဖုံးကွယ်မထားချင်ခဲ့တော့ဘူး။ ဆံရှည်တွေကို ပင့်တင်ပြီး သတ္တိရှိရှိ တစ်လောကလုံးကို သူ့ဒဏ်ရာတွေ လှစ်ဟပြခဲ့တယ်။

ဘာဖြစ်လို့ ဒီလိုဒဏ်ရာအနာတွေ လူအများကို ထုတ်ဖော်ပြရဲတဲ့သတ္တိတွေ ရှိခဲ့သလဲလို့ သတင်းထောက်က မေးတော့ သူက "အမျိုးသမီးတိုင်းမှာ ကိုယ်စီဒဏ်ရာတွေ ရှိကြတယ်။ တချို့က ခန္ဓာကိုယ်ပေါ်မှာ တချို့က ရင်ထဲမှာ။ ဆင်းရဲဒုက္ခဆိုတာ ကြောက်စရာမကောင်းပါဘူး။ တကယ်လို့ အဲဒီဆင်းရဲဒုက္ခကို အောင်နိုင်ခဲ့ရင်၊ ထိန်းချုပ်နိုင်ခဲ့ရင် ဆင်းရဲဒုက္ခတွေက ဆွဲကြိုးတစ်ကုံးဖြစ်သွားပြီး သင့်ကိုပိုလှပစေပါတယ်" လို့ ပြောခဲ့တယ်။

အဲဒီလို ဒဏ်ရာအနာတွေကို ထုတ်ပြရဲခဲ့သူကတော့ တခြားမဟုတ်ပါဘူး။ ဘိလိယက်ဝါသနာပါသူတွေ အသဲစွဲကြတဲ့ အမျိုးသမီး၊ ကမ္ဘာ့ဘိလိယက်မှာ ဗိုလ်စွဲခဲ့သူ၊ အနက်ရောင်ကို အမြဲဝတ်ဆင်ခဲ့လို့ "အနက်ရောင်မုဆိုးမ"(The Black Widow)လို့ တင်စားခံခဲ့ရသူ အမေရိကန်ဖွား ကိုးရီးယားလူမျိုး Jeanette Lee ပဲဖြစ်တယ်။

ရောဂါဝေဒနာကြောင့် သူ လဲကျမသွားခဲ့ဘူး။ ဆင်းရဲဒုက္ခကြားမှာ သူအကြိမ်ကြိမ် ကြိုးစားထရပ်ခဲ့တယ်။ သူ့ရဲ့ယုံကြည်မှုနဲ့ ရည်မှန်းချက်တွေက သူ့နောက်ကျောထဲထည့်ထားတဲ့ စတီးချောင်းတွေထက် ခိုင်ခံ့မာကျောခဲ့တယ်။ သူဟာ အမျိုးသမီး ဘိလိယက်ချန်ပီယံ ၁ဝဦးထဲက တစ်ဦးအပါအဝင်ဖြစ်ခဲ့တယ်။ ဒီကနေ့ထိ သူဟာ အမျိုးသမီး 9-ball ကစားနည်းမှာ ကမ္ဘာ့အမှတ်တံဆိပ် ဖြစ်နေဆဲဖြစ်တယ်။

အနက်ရောင်က သူ့ကိုလှစေတယ်။ ဆင်းရဲဒုက္ခက သူ့ကို ပိုလှစေခဲ့ပါတယ်။



အမည်--- Jeanette Lee
လူမျိုး--- ကိုးရီးယား
နိုင်ငံ -- အမေရိကန်
မွေးရက် -- ၁၉၇၁ ခုနှစ် ဇူလိုင်လ ၉ ရက်

http://blackwidowbilliards.com/
http://baike.baidu.com/view/451961.htm

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Tuesday, March 15, 2011

ချစ်သူရှမ်းပဲပုပ်


စကိုင်းဘီလူးခေါ် ဝက်ကလေးအတွက်ပါ။ အားလည်းနာတယ်.. ခင်လည်းခင်တယ်။ ကြာလည်း ကြာနေပြီ... အသံလည်းမကောင်းဘူး.. ရယ်လည်းရယ်ချင်တယ်... ဒါပေမယ့် ဆိုလိုက်ပါတယ်။ ဖြစ်နိုင်ရင် နားပိတ်ပြီး နားထောင်ပါလို့ ... :)





ခင်လည်းခင်တယ်
အားလည်းနာတယ်

နိုင်းနိုင်းစနေ


Share/Bookmark

Sunday, March 13, 2011

ရုပ်ပုံထဲက စကားလုံးများ


သင်ရွေးချယ်တဲ့ ဘဝလမ်းခွဲတိုင်းမှာ အကောင်းဆုံးဆိုတာ မရှိသလို အဆိုးဆုံးဆိုတာလည်း မရှိဘူး။ ရွေးချယ်ခဲ့တဲ့လမ်းကို အကောင်းဆုံးဖြစ်အောင် သင်လျှောက်လှမ်းဖို့ပဲ လိုတယ်။ ဖြောင့်ဖြူးအောင် ဖန်တီးဖို့ပဲလိုတယ်။ သင်လမ်းသင်ရွေးပါ။

သင်သာလျှင် သင့်ဦးတည်ရာကို ရွေးနိုင်တယ်။


သူတစ်ပါးနောက် မျက်စိစုံမှိတ် ဇွတ်မလိုက်တာက သင့်ကိုတမူထူးခြားစေတယ်။

တခြားလူနဲ့ မတူမှာကို မစိုးရိမ်နဲ့....

"ငါလုပ်နိုင်မှန်း ငါသိတယ်"ဆိုတဲ့ တိကျပြတ်သားတဲ့အတွေးက သင့်ကို အောင်မြင်မှုတစ်ဝက် ပေးပြီးသားဖြစ်တယ်။

သင်ရှာဖွေနေတဲ့ လူ့ဘဝရဲ့အနှစ်သာရဆိုတာ တကယ်တော့ သင့်ရင်ဘတ် အနက်ရှိုင်းဆုံးတစ်နေရာမှာ ကိန်းအောင်းနေတဲ့ အရာဖြစ်တယ်။

ထုံအတဲ့မေးခွန်းဆိုတာ မရှိသလို ထုံအတဲ့အဖြေဆိုတာလည်း မရှိပါဘူး။

ပန်းသီးကြွေကျတာကို လူတိုင်းမြင်ဖူးကြတယ်။ ဒါပေမယ့် နယူတန်တစ်ဦးတည်းပဲ "ဘာကြောင့်လဲ?"လို့ မေးခဲ့တယ်။

ပြောင်းလဲဖို့ မကြောက်ပါနဲ့....

သင်မပါဘဲနဲ့ ကျွန်တော်တို့ အောင်နိုင်မှာမဟုတ်ဘူး။

အင်တာနက်ပေါ် တွေ့မိတာလေးပါ မျှဝေပါတယ်။

နိုင်းနိုင်းစနေ


Share/Bookmark

Saturday, March 12, 2011

ဘဝအတွက် လိုအပ်တဲ့အားဆေး


Morris မြို့က စိန်မေရီကျောင်းမှာ ဆရာမအဖြစ် ကျွန်မတာဝန်ထမ်းဆောင်စဉ်က သူဟာ တတိယတန်း ကျောင်းသားတစ်ဦးဖြစ်တယ်။ အတန်းထဲက ကျောင်းသား(၃၄)ယောက်နဲ့ ကျွန်မသင့်မြတ်ရင်းနှီးခဲ့တယ် ဆိုပေမယ့် Mark နဲ့တော့ ခပ်တန်းတန်းဖြစ်ခဲ့တယ်။

မတ်(ခ်)က အမြဲသန့်ရှင်းသပ်ရပ်ပြီး ပျော်ပျော်နေတတ်သူဖြစ်တယ်။ တစ်ခါတလေ သူ့ရဲ့ ခပ်နောက်နောက်ပုံစံက လူတွေကို ပျော်ရွှင်မှုပေးတယ်။ မတ်(ခ်)ဟာ စကားကို မနားတမ်းပြောနိုင်သူဖြစ်တယ်။ စကားမပြောခင်၊ တစ်ခုခုမမေးခင် ဆရာမရဲ့ခွင့်ပြုချက်ကို အရင်တောင်းရတယ်လို့ ကျွန်မအမြဲသတိပေးခဲ့လည်း အရာမရောက်ခဲ့ဘူး။ သူနဲ့ပတ်သက်ပြီး ကျွန်မကို စွဲစွဲမြဲမြဲဖြစ်ခဲ့စေတာက သူဟာ သူ့ကိုအပြစ်ပေးဆုံးမတိုင်း ကျွန်မကို တလေးတစားနဲ့ "အခုလို ကျွန်တော့်ကို ပြောဆိုဆုံးမတဲ့အတွက် ကျေးဇူးတင်ပါတယ် စစ္စတာ"လို့ ပြန်ပြောတတ်တာပဲဖြစ်တယ်။

စစချင်းမှာ ဒီလိုအပြောကို ကျွန်မရင်မဆိုင်တတ်ခဲ့ဘူး။ ကြာတော့လည်း မကြာခဏကြားရတဲ့ ဒီစကားကို ကျွန်မကျင့်သားရလာခဲ့တယ်။ တစ်နေ့မနက်မှာ ကျွန်မစာသင်နေတုန်း မတ်(ခ်)စကားအဆက်မပြတ် ပြောနေပြန်တယ်။ ကျွန်မရဲ့သည်းခံနိုင်တဲ့ အတိုင်းအတာထက် ကျော်လွန်လာတဲ့အခါ အလုပ်သင်ဆရာမတစ်ဦးဖြစ်တဲ့ကျွန်မ အမှားတစ်ခုကို ကျူးလွန်ခဲ့မိတော့တယ်။

"မတ်(ခ်) စကားထပ်ပြောရဲပြောကြည့် ... ထပ်ပြောရင် မင်းပါးစပ်ကို ပလာစတာနဲ့ ကပ်ထားလိုက်မယ်" မတ်(ခ်)ကို စူးစူးစိုက်စိုက်ကြည့်ပြီး ကျွန်မပြောလိုက်တယ်။

ဒါပေမယ့် ၁ဝစက္ကန့်တောင်မကြာတဲ့အချိန်မှာ တခြားကျောင်းသားတစ်ဦးကနေ "စစ္စတာ မတ်(ခ်) စကားပြောနေတယ်"ဆိုတဲ့ အသံကလွင့်လာခဲ့တယ်။ မတ်(ခ်)ကို စောင့်ကြည့်ထားဖို့ တခြားကျောင်းသားတွေကို ကျွန်မ မခိုင်းစေခဲ့ပါဘူး။ တစ်တန်းလုံးကြားအောင် ပြောခဲ့တဲ့စကားအတိုင်း မတ်(ခ်)ကို ကျွန်မအပြစ်ပေးရတော့တယ်။

အဲဒီနေ့ကအဖြစ်ကို ဒီကနေ့ထိ ကျွန်မသေသေချာချာ မှတ်မိနေခဲ့တယ်။ စားပွဲနားသွားပြီး အံဆွဲကို အသံကျယ်အောင် ကျွန်မတမင်ဆွဲဖွင့်လိုက်တယ်။ ကျွန်မစကားတစ်ခွန်းမှ မပြောဘဲ ပလာစတာကိုယူပြီး မတ်(ခ်)ဘက်ကို ဖြေးဖြေးချင်းလျှောက်သွားလိုက်တယ်။ ပလာစတာကိုယူပြီး မတ်(ခ်)ပါးစပ်ကို ကြက်ခြေခတ် ကပ်ထည့်လိုက်တယ်။ အဲဒီနောက် စတိတ်စင်ဘက် ကျွန်မလှည့်ပြန်ခဲ့တယ်။

စတိတ်စင်ရှေ့ရောက်တာနဲ့ မတ်(ခ်)ဘာများလုပ်နေမလဲလို့ သိချင်တာနဲ့ နောက်ဘက်ကို ကျွန်မ လှည့်ကြည့်လိုက်တော့ မတ်(ခ်)က ကျွန်မကို မျက်စိတစ်ဖက်မှိတ်ပြတယ်။ မတ်(ခ်)ရဲ့အပြုအမှုကြောင့် ကျွန်မရယ်မိတယ်။ မတ်(ခ်)ရှေ့ကို ကျွန်မဖြေးဖြေးချင်း လျှောက်သွားပြန်တယ်။ တစ်တန်းလုံးက ကျွန်မဘာများထပ်လုပ်ဦးမလဲဆိုပြီး စိတ်ဝင်စားနေကြတယ်။ မတ်(ခ်)ပါးစပ်ပေါ်က ပလာစတာကို ကျွန်မဆွဲခွာပြီး ပုခုံးတစ်ချက်တွန့်ပြလိုက်တယ်။

"ကျွန်တော့်ကို အပြစ်ပေးဆုံးမတဲ့အတွက် ကျေးဇူးတင်ပါတယ် စစ္စတာ" မတ်(ခ်)ဆီက စကားတစ်ခွန်း ထွက်ကျလာခဲ့တယ်။

အဲဒီနှစ်ရဲ့နှစ်ကုန်လောက်မှာ အလယ်တန်းမှာ သချာင်္ဘာသာကိုသင်ဖို့ ကျွန်မပြောင်းရွေ့ခဲ့ရတယ်။ အဲဒီလိုနဲ့ အချိန်တွေ တစ်နှစ်ပြီးတစ်နှစ် ကုန်လွန်သွားခဲ့တယ်။ ကျွန်မသတိမထားမိတဲ့အချိန်မှာ ကျွန်မအတန်းထဲ မတ်(ခ်)နောက်တစ်ခေါက် ထပ်ရောက်လာခဲ့တယ်။

အရင်ကထက် မတ်(ခ်)ပိုချောလာတယ်။ အရင်ကလိုပဲ သူယဉ်ကျေးတယ်။ သချာင်္သင်ခန်းစာသစ်တွေမှာ စိတ်အာရုံဝင်စားရတာမို့ လွန်ခဲ့တဲ့သုံးနှစ်ကလောက်တော့ သူ စကားမများတော့တာ တွေ့ရတယ်။

သောကြာနေ့တစ်နေ့မှာ အတန်းထဲက အဆင်မပြေတာတွေကို ကျွန်မ သတိထားလိုက်မိတယ်။ သင်ခန်းစာအသစ်မှာ ကျောင်းသားတွေ အာရုံထွေပြားနေတာ တစ်ပတ်လောက်ရှိနေခဲ့ပြီ။ ကိန်းဂဏန်းရဲ့အယူအဆ၊ ပုံသေနည်းတွေကို သူတို့ငြီးငွေ့လာတာ ကျွန်မသတိထားလိုက်မိတယ်။ တချို့က လက်လျော့ချင်လာတယ်။ တချို့က အချင်းချင်း မသင့်မြတ်ချင်တော့ဘူး။ ဒီလိုအခြေအနေကို ကျွန်မတစ်နည်းနည်းနဲ့ ထိန်းချုပ်ရတော့မယ်။ စိတ်ဒေါသတွေ မပေါက်ကွဲခင် ကျွန်မကြိုးစားရတော့မယ်။

အဲဒီလိုနဲ့ အတန်းသားတွေကို စာရွက်တစ်ရွက်ယူပြီး (ကျွန်မနာမည်ကလွဲလို့)
ကျောင်းသားအားလုံးရဲ့နာမည်ကို ချရေးခိုင်းလိုက်တယ်။ ပြီးတော့ နာမည်အောက်မှာ အဲဒီကျောင်းသားရဲ့ကောင်းကွက်တွေကို ချရေးခိုင်းလိုက်တယ်။

စာသင်မယ့်အချိန်တစ်ချိန်ကို အသုံးပြုပြီး အားလုံးကို ကျွန်မရေးခိုင်းလိုက်တယ်။ အတန်းဆင်းတော့ ကျောင်းသားတွေက သူတို့ရေးထားတဲ့စာရွက်တွေ ကျွန်မကို လာပေးကြတယ်။ မတ်(ခ်)က "စစ္စတာရဲ့ သွန်သင်မှုကို ကျေးဇူးတင်ပါတယ်။ ကောင်းသော ပိတ်ရက်ဖြစ်ပါစေ စစ္စတာ" လို့ ကျွန်မကိုနှုတ်ဆက်တယ်။

စနေနေ့မှာ ကျောင်းသားတစ်ယောက်ချင်းစီရဲ့ နာမည်နဲ့ သူတို့ရဲ့ကောင်းကွက်တွေကို အတန်းသားတွေ ရေးထားတဲ့အတိုင်း စာရွက်တစ်ရွက်စီမှာ ကျွန်မချရေးလိုက်တယ်။ ပြီးတော့ တနင်္ဂလာနေ့ကျောင်းဖွင့်ရက်မှာ သူတို့ကို ဝေပေးလိုက်ကြတယ်။ စာရွက်ဝေပြီး သိပ်မကြာတဲ့အချိန်မှာ တစ်ခန်းလုံးရဲ့ပျော်ရွှင်ရယ်မောသံကို ကျွန်မကြားလိုက်ရတယ်။ ကျောင်းသားတချို့ရဲ့ "ဟုတ်ရဲ့လား?" ၊ "တခြားလူ သတိထားမိမယ်လို့ ငါမထင်ခဲ့ဘူး"၊ "ငါ့ကို သူတို့ချစ်ခင်လိမ့်မယ်လို့ ငါမထင်ခဲ့မိဘူး" စတဲ့ တိုးတိုးတိတ်တိတ်အသံကို ကျွန်မကြားလိုက်တယ်။

အတန်းတက်တော့ ဘယ်သူမှ အဲဒီစာရွက်အကြောင်းကို မဟကြတော့ဘူး။ အတန်းဆင်းတော့ ကျောင်းသားအချင်းချင်း ထပ်ဆွေးနွေးကြလား၊ ဒါမှမဟုတ် အိမ်ယူပြန်ပြီး မိဘတွေကိုပြကြလား.. ကျွန်မ မသိတော့ဘူး။ ဒါဟာ အဓိကတော့ မဟုတ်ဘူး။ အဓိက,က အတန်းသားတွေ ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုရှိလာပြီး အချင်းချင်း ပိုသင့်မြတ်လာခဲ့ကြတယ်။

အချိန်တဖြေးဖြေး ကုန်လွန်ခဲ့တယ်။ နှစ်အတန်ကြာပြီး တစ်ခုသောကျောင်းပိတ်ရက်မှာ ကျွန်မခရီးကပြန်လာတော့ မိဘတွေက ကျွန်မကို လေယာဉ်ကွင်းမှာလာကြိုတယ်။ အိမ်အပြန်လမ်းမှာ မေမေက ကျွန်မကို ခရီးသွားခဲ့တဲ့ အခြေအနေ၊ ရာသီဥတု၊ ထူးခြားတဲ့အတွေ့အကြုံ စတဲ့ သမားရိုးကျအရာတွေကို မေးနေခဲ့တယ်။ ဒီလိုအမေးအဖြေကြားမှာ တစ်ခုခုကို ကျွန်မခံစားလိုက်မိတယ်။ နောက်တော့ မေမေက ဖေဖေ့ဘက်ကို ငဲ့ကြည့်ပြီး "အဖေကြီး..!"လို့ခေါ်တယ်။ ဖေဖေက အရေးကြီးတဲ့စကားတစ်ခုခုကို ပြောခါနီးအတိုင်း ချောင်းတစ်ချက်ဟန့်ပြီး စကားစတယ်။

"မနေ့ညက မတ်(ခ်)အိမ်က ဖုန်းလာတယ်"

"ဟုတ်လား?... မတ်(ခ်)အကြောင်း မကြားရတာတောင် နှစ်တော်တော်ကြာနေပြီ။ မတ်(ခ်)ဘယ်လိုနေလဲ ကျွန်မသိချင်လိုက်တာ?"

"မတ်(ခ်)တစ်ယောက် စစ်ပွဲမှာ ကျသွားတယ်တဲ့။ မနက်ဖြန် သူ့ကို သင်္ဂြိုလ်ကြလိမ့်မယ်။ သမီးသွားနိုင်မယ်ဆိုရင် သူ့မိဘတွေ ဝမ်းသာပါလိမ့်မယ်"

အခုချိန်ထိ ဖေဖေပြောခဲ့တဲ့ အိမ်အမှတ် I-494ကို ကျွန်မမှတ်မိနေခဲ့သေးတယ်။ ဒါဟာ ကျွန်မဘဝမှာ အခေါင်းထဲ ငြိမ်ငြိမ်သက်သက် လဲလျောင်းနေတဲ့ စစ်သားတစ်ဦးကို ပထမဆုံးအကြိမ် တွေ့မြင်ဖူးတာပါပဲ။ မတ်(ခ်)ပုံစံက ခန့်ညား၊ ရင့်ကျက်နေတယ်။ ဒီလိုအချိန်မှာ ကျွန်မခေါင်းထဲဝင်လာတဲ့ အတွေးက -- မတ်(ခ်)သာ ဒီအချိန်မှာထပြီး ကျွန်မနဲ့စကားပြောခဲ့ရင် တစ်ကမ္ဘာလုံးမှာရှိတဲ့ ပလာစတာတွေကို ကျွန်မလွှင့်ထုတ်ပစ်လိုက်မိမယ်။

အဲဒီဘုရားကျောင်းမှာ မတ်(ခ်)ရဲ့သူငယ်ချင်းတွေနဲ့ ပြည့်နေခဲ့တယ်။ ဂျော့ခ်ျရဲ့အစ်မက ဘုရားကျမ်း ရွတ်ဆိုနေတယ်။ ကျွန်မက "ဘာဖြစ်လို့ သဂြိုင်္လ်တဲ့နေ့မှာမှ မိုးရွာရသလဲ? အုတ်ဂူတွေကြား အစကတည်းက လမ်းလျှောက်ရခက်နေပြီ" လို့ တွေးနေမိတယ်။

သင်းအုပ်ဆရာက ဆုတောင်းဝပ်ပြုတာတွေ လုပ်နေတယ်။ တီးဝိုင်းအဖွဲ့က ဝမ်းနည်းခြင်းတီးလုံးတွေ တီးခတ်နေတယ်။ မတ်(ခ်)ကိုချစ်တဲ့ သူငယ်ချင်းတွေက တစ်ယောက်လက်ကိုတစ်ယောက်တွဲပြီး မတ်(ခ်)ရဲ့အခေါင်းဆီ နောက်ဆုံးအကြိမ်လှမ်းကြပြီး ကျမ်းရေတွေ ပက်ဖျန်းပေးနေကြတယ်။

ကျွန်မက မတ်(ခ်)ကို နောက်ဆုံးမှ ဆုတောင်းမေတ္တာပို့သူဖြစ်တယ်။ မတ်(ခ်)အခေါင်းဘေးမှာ ရပ်နေတဲ့ ကျွန်မကို စစ်သားတစ်ဦးက "စစ္စတာက မတ်(ခ်)ရဲ့သချာင်္ဆရာမလား" လို့ မေးတယ်။

အခေါင်းကိုသေချာကြည့်ပြီး ကျွန်မခေါင်းညိတ်ပြလိုက်တယ်။

"စစ္စတာအကြောင်းတွေ မတ်(ခ်)တော်တော်များများ ပြောပြဖူးတယ်" လို့ သူကပြောတယ်။

သဂြိုင်္လ်တဲ့ကိစ္စပြီးတော့ မတ်(ခ်)ရဲ့သူငယ်ချင်းတွေက ဂျော့ခ်ျရဲ့ခြံမှာ နေ့လယ်စာသွားစားကြတယ်။ မတ်(ခ်)ရဲ့မိဘတွေလည်း အဲဒီမှာရှိနေတယ်။ သူတို့ ကျွန်မကိုစောင့်နေကြတယ်ဆိုတာ မြင်တာနဲ့ သိတယ်။

"စစ္စတာကို ကျွန်တော်တို့ပြစရာရှိတယ်"

မတ်(ခ်)ဖေဖေက ပြောပြောဆိုဆို အိတ်ကပ်ထဲကနေ ပိုက်ဆံအိတ်ကို ထုတ်လိုက်တယ်။ အိတ်ထဲကနေ တစ်ရွက်တစ်ရွက်ကို ဂရုတစိုက်ထုတ်လိုက်ပြီး... "မတ်(ခ်)ဆုံးတော့ သူ့ဆီကနေ ဒါလေးကို ကျွန်တော်တို့ ရှာတွေ့ခဲ့တယ်။ ဒါကို စစ္စတာသိမယ် ထင်တယ်" လို့ ပြောတယ်။

ဟောင်းနွမ်းစုတ်ပြတ်နေပြီဖြစ်တဲ့ စာရွက်ကို ပလာစတာနဲ့ ကပ်ထားတယ်။ ခေါက်ရာတွေကိုလည်း အထင်းသားမြင်နေရတယ်။ အဲဒီစာရွက်ဟာ မတ်(ခ်)ကို ကျွန်မပေးခဲ့တဲ့စာရွက်၊ အတန်းသားတွေ မတ်(ခ်)ရဲ့ကောင်းကွက်ကို ရေးထားတဲ့စာရွက်ဆိုတာ ကျွန်မ မကြည့်ဘဲသိလိုက်တယ်။

"ဒီအရာအတွက် စစ္စတာကို အရမ်းကျေးဇူးတင်တယ်။ မတ်(ခ်) အရမ်းတန်ဖိုးထားခဲ့တယ်" မတ်(ခ်)မေမေက ပြောတယ်။

မတ်(ခ်)ရဲ့ သူငယ်ချင်းတွေ ကျွန်မတို့ကို ဝိုင်းအုံဖွဲ့လာကြတယ်။

ချာလီက ပွင့်ပွင့်လေးပြုံးပြီး "ဒီစာရွက်ကို ကျွန်တော်လည်း သိမ်းထားသေးတယ်။ စာကြည့်စားပွဲခုံရဲ့ ပထမဆုံးထပ် အံဆွဲထည့်မှာ ကျွန်တော်သိမ်းထားတယ်"

ဂျော့ခ်ျရဲ့ဇနီးက "ဂျော့ခ်ျက ဒီစာရွက်ကို ကျွန်မတို့ရဲ့မင်္ဂလာဆောင်အယ်ဘမ်ထဲ သိမ်းခိုင်းထားတယ်"

"ကျွန်မလည်း သိမ်းထားတယ်။ ဒိုင်ယာရီစာအုပ်ထဲမှာ ကျွန်မသိမ်းထားတယ်" မာလင်က ပြောတယ်။

ဗီကီက သူ့ပိုက်ဆံအိတ်ထဲကနေ ဟောင်းနွမ်းနေတဲ့ စာရွက်ကိုထုတ်ပြီး မျက်တောင်ပုတ်ခတ်ပုတ်ခတ်နဲ့ "ကျွန်မက ကိုယ်နဲ့မကွာဆောင်ထားတယ်။ လူတိုင်း ကိုယ့်စာရွက်တွေကို သိမ်းထားကြမယ်လို့ ထင်ပါတယ်"

နောက်ဆုံးမှာ ကျွန်မဆောင့်ကြောင့်ထိုင်ပြီး ငိုချမိတယ်။ မတ်(ခ်)အတွက် ကျွန်မငိုမိတယ်။ မတ်(ခ်)ကိုဘယ်တော့မှ မတွေ့နိုင်တော့တဲ့ မတ်(ခ်)ရဲ့သူငယ်ချင်းတွေအတွက် ကျွန်မငိုမိတယ်။

ကိုယ်နှစ်သက်တဲ့၊ ကိုယ်ဂရုစိုက်တဲ့လူတွေကို ချီးမွမ်းတတ်ဖို့ လူတိုင်းလူတိုင်းကို ကျွန်မအားပေးခဲ့တယ်။ များသောအားဖြင့် ကျွန်မတို့ဟာ ကျွန်မတို့ရဲ့ခံစားချက်၊ ကျွန်မတို့ရဲ့မေတ္တာကို ထုတ်ဖော်ပြသဖို့ မေ့နေတတ်ကြတယ်။ တစ်ခါတလေမှာ ကျွန်မတို့အတွက် အရေးမပါတဲ့ကိစ္စလေးတစ်ခုက တခြားလူအတွက် အရေးပါပြီး လေးနက်တဲ့အရာ ဖြစ်နေတတ်တယ်။

တခြားလူကို ဖေးမအားပေး၊ ချီးမွမ်းပြီး အချင်းချင်းကြားက ပေါင်းသင်းဆက်ဆံရေးကို လမ်းကြောင်းဖွင့်ပါ။ ဂရုစိုက်မှုနဲ့ ချစ်ခြင်းမေတ္တာကို ထုတ်ဖော်ပြသပါ။ သင်ချစ်တဲ့၊ သင်ဂရုစိုက်တဲ့သူတွေကို သူတို့ဟာ သင့်အတွက် ဘယ်လောက်အရေးပါကြောင်း၊ ဘယ်လောက်ထူးခြားကြောင်း အချိန်မနှောင်းခင် ပြောပြပါလို့ ကျွန်မတောင်းဆိုချင်ပါတယ်။

"လောကမှာ သူစိမ်းဆိုတာ မရှိဘူး။ မရင်းနှီးသေးတဲ့ သူငယ်ချင်းမိတ်ဆွေပဲရှိတယ်"ဆိုတဲ့အကြောင်း သင့်ကို ကျွန်မလက်ဆင့်ကမ်းသလို ဒီအကြောင်းကို သင်သိတဲ့သူတိုင်းကို ပြန်လက်ဆင့်ကမ်းပါလို့ ကျွန်မတောင်းဆိုလိုက်ပါတယ်။

မူရင်းရေးသားသူ-- စစ္စတာ
Helen Mose (http://www.dpes.tc.edu.tw/lib/candle/he_6.htm)

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Tuesday, March 08, 2011

အမှောင်လွန်ပြီး မိုးလင်းခဲ့သော်...


လွန်ခဲ့တဲ့နှစ်များစွာက တရုတ်ပြည်ဟောင်ကောင်မှာ ကောင်လေးတစ်ယောက်ရှိခဲ့တယ်။ သူကလေးဘဝမှာ မိဘတွေကွာရှင်းခဲ့ကြလို့ အစ်မလေးယောက်နဲ့အတူ အမေနောက် သူလိုက်ခဲ့ရတယ်။ မိန်းကလေးတွေကြားမှာ ကြီးပြင်းခဲ့သူမို့ သူစကားနည်းတယ်။ နေအိမ် ပြတင်းပေါက်ဘောင်ကိုမှီပြီး အပြင်ကို သူအမြဲ ငေးကြည့်တတ်တယ်။ လူတွေ လှုပ်ရှားသွားလာတာကိုပဲ သူငြိမ်ငြိမ်သက်သက် ငေးကြည့်နေတတ်တယ်။

ရုပ်ရှင်ကြည့်ရတာကို သူနှစ်သက်တယ်။ အထူးသဖြင့် ဘရုစလိရဲ့သိုင်းကားတွေကို သူနှစ်သက်တယ်။ တစ်ချိန်ချိန်မှာ ဘရုစလိလိုပဲ ရုပ်ရှင်သရုပ်ဆောင်တစ်ဦးဖြစ်ရင် သိပ်ကောင်းမှာပဲလို့ သူစိတ်ကူးယဉ်ခဲ့မိတယ်။

ဆင်းရဲတဲ့မိသားစုက ပေါက်ဖွားလာခဲ့သူမို့ ငယ်ငယ်လေးတည်းက သူရုန်းကန်ခဲ့ရတယ်။ ဈေးထဲမှာ သူလက်သည်းညှပ်ရောင်းတယ်၊ စားသောက်ဆိုင်မှာ စားပွဲထိုးတယ်၊ ကျောင်းပိတ်ရက်တွေမှာ အလုပ်ရုံမှာ သူအလုပ်လုပ်တယ်။ ဒီလိုနဲ့ နှစ်တွေအလီလီကူးပြောင်းပြီး ကလေးဘဝကနေ လူငယ်ဘဝကို သူရောက်လာခဲ့တယ်။ အထက်တန်းအောင်တော့ ကျောင်းတက်ဖို့ သူစိတ်မကူးတော့ဘဲ အလုပ်ရှာပြီး နေအိမ်အတွက် တစ်ဘက်တစ်လှမ်းကကူညီဖို့ သူဆုံးဖြတ်ခဲ့တယ်။

ရုံးတစ်ရုံးမှာ ရုံးကူအလုပ်ကို သူရခဲ့တယ်။ သူ့ရဲ့နေ့တိုင်းအလုပ်က ပစ္စည်းဝယ်တာနဲ့ ပစ္စည်းပို့တာဖြစ်တယ်။ တခြားလူအတွက် မနက်စာ၊ နေ့လယ်စာဝယ်ပေးရတယ်။ စားပြီးသားပန်းကန်တွေ၊ ခွက်တွေ ဆေးကြောရတယ်။ အခုခေါ်အခုရောက် သူ့ရဲ့နေ့စဉ်အလုပ်က တခြားလူရဲ့ ခိုင်းဖတ်ဖြစ်တယ်။

လက်ရှိအလုပ်ကို သူနည်းနည်းလေးမှ မနှစ်သက်ခဲ့ဘူး။ သူ့ရဲ့ပညာအရည်အချင်းကလည်း ဒီလိုအလုပ်ပဲ ရနိုင်ခဲ့တယ်။ လက်ရှိအလုပ်ကို စိတ်မဝင်စားခဲ့လို့ သူ့ကိုယ်သူပြောင်းလဲဖို့ သူဆုံးဖြတ်လိုက်တယ်။ ငယ်ငယ်က သူစိတ်ကူးယဉ်ခဲ့တဲ့ ရုပ်ရှင်သရုပ်ဆောင်အလုပ်ကို သူပြန်သတိရလာခဲ့မိတယ်။

အဲဒီလိုနဲ့ တီဗီအသံလွှင့်ဌာနမှာ သရုပ်ဆောင်သင်တန်းကို တက်ရောက်ဖို့ သူဝင်ခွင့်ဖြေခဲ့တယ်။ ဘယ်နှကြိမ်ဖြေဖြေ နောက်ဆုံးအဆင့်မှာ သူမအောင်နိုင်ခဲ့ဘူး။ ဒါပေမယ့် သူထပ်ခါတလဲလဲ ဖြေခဲ့တယ်။ ဘယ်နှကြိမ်မြောက်မှန်းမသိတဲ့ အကြိမ်မှာ သူအောင်မြင်ခဲ့တယ်။ သရုပ်ဆောင်သင်တန်းကို (၂)နှစ်တက်ပြီးနောက် သူ့စိတ်ကူးအိပ်မက်အတိုင်း သရုပ်ဆောင်လောကထဲ သူဝင်ခဲ့တယ်။

သူရဲ့ သရုပ်ဆောင်ဘဝက ဖြတ်လျှောက်ကနေစခဲ့တယ်။ သူ့ရဲ့ပထမဆုံးသရုပ်ဆောင်ချက်က စကားတစ်ခွန်းမှ မဟရဘဲ ရိုက်ကွင်းထဲဝင်တာနဲ့ အသတ်ခံ သေပေးရတဲ့လူဖြစ်တယ်။ တစ်ခါတလေ စကားတစ်ခွန်းနှစ်ခွန်း ပြောရတဲ့အခန်းမှာ သူပါဝင်ခဲ့တယ်။

အဲဒီလိုသရုပ်ဆောင်ဘဝနဲ့ တစ်နှစ်အကြာမှာ တီဗီအသံလွှင့်ဌာနတစ်ခုက ကလေးအစီအစဉ်တစ်ခုမှာ လူလိုတယ်ဆိုတာနဲ့ သူရောက်ခဲ့ပြန်တယ်။ ဒီလိုအစီအစဉ်မှာ သူမျက်နှာပြရတဲ့ အခွင့်အရေးသိပ်မရှိဘူးဆိုတာ သူသိတယ်။ ဒါပေမယ့် ဒါဟာလည်း သရုပ်ဆောင်ချက်တစ်ခုလို့ သူမှတ်ပြီး ဒီအလုပ်ကို သူလက်ခံခဲ့တယ်။

နှစ်အတော်ကြာမှာ သူက ဒီအကြောင်းကို ဒီလိုပြန်ပြောင်းပြောခဲ့တယ်။

"ကလေးအစီအစဉ်မှာ တင်ဆက်သူအဖြစ် (၆)နှစ်ကြာ အလုပ်လုပ်ခဲ့တဲ့အတွင်းမှာ ကျွန်တော့်ရဲ့ အလုပ်ချိန်က သိပ်များများစားစား မရှိခဲ့ဘူး။ တစ်ပတ်မှာ သုံးရက်ပဲ ကျွန်တော့်အတွက် အလုပ်ရှိတယ်။ လေးရက်လောက်က အားနေတယ်။ အဲဒီမှာ သည်းခံစိတ်ရှည်တတ်ဖို့ကို ကျွန်တော်သင်ယူနိုင်ခဲ့တယ်။ အားလပ်ချိန်တွေကို အသုံးပြုပြီး ကျွန်တော်စာတွေ ပိုဖတ်ဖြစ်ခဲ့တယ်။ ရုပ်ရှင်ပညာတွေ၊ တခြားသူရဲ့ သရုပ်ဆောက်ချက်တွေကို ကျွန်တော်လေ့လာခဲ့တယ်"

စောင့်စားခြင်းက လူကိုခံစားရခက်စေတဲ့ အလုပ်ဖြစ်တယ်။ ဘာဖြစ်လာမှန်း၊ ဘယ်လိုအခြေအနေရှိနိုင်မှန်း မသိတဲ့ စောင့်စားခြင်းက ပိုဆိုးတယ်။ ဘယ်လောက်ကြာကြာ စောင့်ရမလဲဆိုတာက လူကို ပိုခံရခက်စေတယ်။

ဒါပေမယ့် သရုပ်ဆောင်အလုပ်ပေါ် သက်ဝင်ယုံကြည်တဲ့ သူ့ယုံကြည်မှုတွေက သူ့ကိုကြံ့ကြံ့ခိုင်အောင် စောင့်စားစေခဲ့တယ်။ (၇)နှစ်မြောက်မှာ သူ့ရဲ့လုပ်ရည်ကိုင်ရည်ကို စသတိထားသူတွေ ရှိလာခဲ့တယ်။ ဒီလိုနဲ့ သရုပ်ဆောင်ဖို့ သူအခွင့်အရေးရခဲ့တယ်။ ဘုရားသခင်ပေးတဲ့ ဒီကံကောင်းခြင်းကို သူစွဲစွဲမြဲမြဲ ဖမ်းဆုပ်ခဲ့တယ်။ အဲဒီကစ သူ့ဘဝ ပြောင်းလဲလာခဲ့တော့တယ်။

သူတောင်းစားဘဝကနေ ရွှေထီးဆောင်းဘဝဖြစ်လာခဲ့တဲ့ သူ့ရဲ့ပထမရုပ်ရှင်ကားကို နှစ်တွေကြာလာတာနဲ့အမျှ လူတွေမေ့ခဲ့ကြတယ်။ သူ့ကို အခုလက်ရှိ ရုပ်ရှင်လောကရဲ့ ဟာသပါရမီရှင်လို့ လူတွေက တင်စားကြတယ်။

အဲဒီလူငယ်က ခုခေတ်မှာ နာမည်ကြီးလူသိများတဲ့ သရုပ်ဆောင် Stephen Chow (周星馳) ပဲဖြစ်တယ်။ လူသေကောင်အဖြစ် သရုပ်ဆောင်ရတာတောင် ပီပီပြင်ပြင် သရုပ်ဆောင်ချင်ခဲ့တဲ့သူ၊ ဖြတ်လျှောက်ဘဝနဲ့ ဆင်းရဲဒုက္ခခံခဲ့ရတာတောင် "တကယ်တော့ ကျွန်တော်ဟာ သရုပ်ဆောင်တစ်ဦးပါ"လို့ လေးလေးနက်နက် သူပြောခဲ့တယ်။

Shaolin Soccer

လူတွေက သင့်ကိုကဲ့ရဲ့လှောင်ပြောင်လို့ရတယ်။ ဒါပေမယ့် သင့်ကိုယ်သင် မကဲ့ရဲ့၊ မလှောင်ပြောင်ရဘူး။ သင့်ရဲ့စိတ်ကူးအိပ်မက်ကို သင်ပိုမလှောင်ပြောင်သင့်ဘူး။

ရှေးကနေ ယနေ့အထိ အောင်မြင်ကျော်ကြားခဲ့တဲ့သူတွေတိုင်းဟာ မထင်မရှားနဲ့ အောက်ခြေဘဝကနေ စခဲ့ကြတာချည်းပါပဲ။ မခမ်းနားတဲ့ စိတ်ကူးအိပ်မက်နဲ့ ဘဝခရီးကိုစခဲ့ကြတာချည်းပါပဲ။ လူတွေက သင့်ကိုပစ်ပယ်လေ သင်က သင့်ကိုယ်သင် ဂရုစိုက်ရလေဖြစ်တယ်။

မင်းသားအဖြစ် သရုပ်ဆောင်ဖို့ အခွင့်အရေးမရသေးပေမယ့် ကိုယ့်ရဲ့စိတ်ကူးအိပ်မက်ကို ရင်ထဲခိုင်ခိုင်မြဲမြဲ ထည့်ထားခဲ့တဲ့၊ ဖြတ်လျှောက်ဘဝမှာလည်း "ကျွန်တော်ဟာ သရုပ်ဆောင်တစ်ဦးပါ"လို့ ကိုယ့်ကိုယ်ကို ယုံကြည်မှုပေးနိုင်ခဲ့တဲ့ Stephen Chowဟာ သူရိုက်ကူးခဲ့တဲ့ King of Comedy ဇာတ်ကားထဲမှာပြောခဲ့တဲ့ "မိုးလင်းတာနဲ့ အရာအားလုံး လှပလာလိမ့်မယ်"ဆိုတဲ့ စကားအတိုင်း စိတ်ကူးအိပ်မက်ကို ကြံ့ကြံ့ခိုင် စွဲမြဲဆုပ်ကိုင်ပြီး မှောင်မိုက်လူမသိတဲ့ဘဝကနေ လင်းလက်ကျော်ကြား လူသိများတဲ့မင်းသားတစ်ဦးအဖြစ် လျှောက်လှမ်းခဲ့ပါတယ်။

အမှောင်လွန်ပြီး မိုးလင်းလာတာနဲ့ အရာအားလုံးက ပိုလှပလာခဲ့ပါတယ်။


http://www.5719.cn/Html/xinling/tianliangyihou-huihenmei-11.htm

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Sunday, March 06, 2011

တွေးတွေးပြီးရယ်


(၁)
နောက်ရည်းစားအသစ်နဲ့ ကြည်နူးနေတဲ့ကောင်မလေးကို ကောင်လေးက မကျေမနပ်ဖြစ်ပြီး လက်စားချေဖို့ ဆုံးဖြတ်လိုက်တယ်။ အဲလိုနဲ့တစ်နေ့မှာ ကောင်လေးက ပုလင်းတစ်လုံးကိုင်ပြီး "မင်းနောက်ထပ် သစ္စာမဖောက်ရဲအောင် မင်းကိုငါ ရုပ်ပျက်ဆင်းပျက်လုပ်ပစ်မယ်"လို့ ဆိုပြီး ကောင်မလေးကို ပုလင်းထဲကအရည်နဲ့ ပက်ထည့်လိုက်တယ်။ အရည်ကြောင့် ကောင်မလေးမျက်နှာ ရုပ်ပျက်ဆင်းပျက်ဖြစ်သွားတာကို ကြည့်ပြီး လူတွေထွက်ပြေးကြတယ်။

ကိုယ့်ရုပ်ပျက်စီးသွားပြီဆိုပြီး ကောင်မလေး အရမ်းလန့်မိတယ်။ ဒါပေမယ့် တအောင့်ကြာတဲ့အထိ မျက်နှာက စပ်ဖျင်းဖျင်းမဖြစ်တဲ့အပြင် နာလည်းမနာတော့ ကောင်လေးကို "နင် ငါ့ကို ဘာအရည်နဲ့ ပက်လိုက်တာလဲ" လို့မေးတယ်။

ကောင်လေးဖြေလိုက်တာက "မိတ်ကပ်ဖျက်ရည်ပါ" တဲ့....။

(၂)
တစ်ခါက သမ္မတနှစ်ဦး သူ့သက်တော်စောင့်က ပိုသစ္စာရှိတယ်။ ငါ့သက်တော်စောင့်က ပိုသစ္စာရှိတယ်ဆိုပြီး ပြိုင်နေကြတယ်။

အဲလိုနဲ့ ပထမသမ္မတက သူ့သက်တော်စောင့်ကို (၁ဝ)ထပ်တိုက်က ခုန်ချဖို့ အမိန့်ပေးတယ်။ အဲဒီမှာ သက်တော်စောင့်က ဒူးထောက်ပြီး "ကျွန်တော့်မှာ မိသားစုတွေ ရှိသေးတယ်" လို့ဆိုတယ်။

နောက်သမ္မတကလည်း သူ့သက်တော်စောင့်ကို ခုန်ချဖို့ အမိန့်ပေးတော့ သက်တော်စောင့်က ချက်ချင်းခုန်ချဖို့ပြင်တယ်။ ပထမသမ္မတကလန့်ပြီး တကယ်ခုန်ချမယ့် သက်တော်စောင့်ကို အမြန်ဖမ်းဆွဲလိုက်တယ်။ အဲဒီမှာ သက်တော်စောင့်က ပြောပါတယ်။

"ကျွန်တော့်ကို ဆွဲမထားနဲ့ ကျွန်တော့်မှာ မိသားစုတွေ ရှိသေးတယ်"လို့....


(၃)
မန်နေဂျာ အလုပ်ကိုရောက်လာတာနဲ့ စာရေးကြီးမိန်းမက မိန်းမဝတ်အတွင်းခံတစ်ထည် ကိုင်ပြီး ဝင်လာတယ်။ ပြီးတော့ မန်နေဂျာကို "ညက ကျွန်မယောက်ျားပြန်လာတော့ မိန်းမဝတ်အတွင်းခံတစ်ထည် ဝတ်ပြန်လာတယ်။ အဲဒါ သူ့ကိုနည်းနည်းပါးပါး ဆုံးမပေးပါဦး" လို့တိုင်တယ်။ မန်နေဂျာကလည်း ဆုံးမပေးမယ်လို့ဆိုပြီး သက်သေခံပစ္စည်း အတွင်းခံကိုယူပြီး အိတ်ကပ်ထဲ ထိုးထည့်ထားလိုက်တယ်။

ညရောက်တော့ မန်နေဂျာမိန်းမက အဝတ်လျှော်ရင်း အိတ်ကပ်ထဲက အတွင်းခံကိုတွေ့တော့ လှမ်းအော်တယ်။ "မောင် နောက်ဆို ဒီလိုမနောက်ရဘူးနော်.. မရဲ့အတွင်းခံကို ဒီလိုဖွက်မထားရဘူးနော်" တဲ့။

ဟာသလေးတွေ တင်ပေးပါဦးဆိုလို့ပါ... ဘာသာပြန် မျှဝေပါတယ်။

နိုင်းနိုင်းစနေ


Share/Bookmark

Saturday, March 05, 2011

မသန်စွမ်းတဲ့ခန္ဓာကိုယ်ထဲက ကျန်းမာတဲ့နှလုံးသားတစ်စုံ


တစ်ကမ္ဘာလုံးမှာရှိတဲ့ကျောင်းသားတိုင်း Hookeနဲ့ သူ့ရဲ့ဆွဲဆန့်အားဥပဒေ (Law of Elasticity)ကို သိကြလိမ့်မယ် ထင်ပါတယ်။ သူဟာ မျက်နှာပြင်ရဲ့ဆွဲဆန့်အားကို ပထမဆုံး ရှာဖွေတွေ့ရှိခဲ့သူဖြစ်တယ်။ သူဟာ မိုက်ခရိုစကုပ်ကို ပထမဆုံး တီထွင်ခဲ့သူဖြစ်တဲ့အပြင် ပထမဆုံး စပလိန်ပါတဲ့နာရီ၊ လေစုပ်စက်၊ မာကြူရီသာမိုမီတာ၊ ချိန်ခွင်၊ ခွက်ခြမ်းပုံ anemometerတွေကို စတင်တီထွင်ခဲ့သူဖြစ်တယ်။ သူ့ကို သိပ္ပံသမိုင်းမှာ "တီထွင်ရှင်"လို့ လူအများသိခဲ့ကြပေမယ့် သူဟာ မသန်မစွမ်းသူတစ်ဦး ဆိုတာကိုတော့ လူသိနည်းခဲ့ကြတယ်။

သူဟာ မွေးရာပါ နှလုံးသွေးကျောကျဉ်းသူ၊ အစာအိမ်ရောဂါ၊ ခေါင်းမူးရောဂါ၊ အိပ်မပျော်တဲ့ရောဂါ၊ အာရုံကျောအားကုန်ခန်းရောဂါ၊ နှာခေါင်းရောဂါ၊ ရင်ကျပ်ရောဂါတွေကို တာရှည်ခံစားခဲ့ရသူဖြစ်တယ်။ သူဟာ ပါးစပ်ကြီးပြီး နုတ်ခမ်းထူသူ၊ မေးရိုးကားသူ၊ နဖူးမောက်သူ၊ မျက်လုံးပြူးသူဖြစ်တာကြောင့် အရုပ်အဆိုးဆုံး သိပ္ပံပညာရှင်အဖြစ် တင်စားခံခဲ့ရတယ်။ သူ့ကိုနှစ်သက်တဲ့ ကောင်မလေးတစ်ယောက်မှ မရှိခဲ့သူဟာ လူအများကိုကူညီခဲ့တဲ့ သိပ္ပံပညာရှင်အဖြစ် ကျော်ကြားခဲ့တယ်။

ဘယ်လိုအကြောင်းတရားတွေက Hookeကို ရှုံးနိမ့်ခြင်း၊ ဆင်းရဲဒုက္ခကနေ သတ္တိရှိရဲရင့်သူ၊ အောင်နိုင်သူဖြစ်အောင် လုပ်ခဲ့သလဲ?

အလယ်တန်းကျောင်းတက်တဲ့ ပထမနေ့မှာပဲ Robert Hookeကို အတန်းသားတွေက မကောင်းဆိုးဝါးလို့ သတ်မှတ်ခဲ့တယ်။ အတန်းပိုင်ဆရာ Dr. Busby က "Hooke ကို စစတွေ့ချင်းမှာပဲ Hookeမှာ တမူထူးခြားတဲ့၊ ထူးဆန်းတဲ့မျက်နှာ ရှိတယ်ဆိုတာကို ကျွန်တော်သတိထားခဲ့မိတယ်"လို့ ရေးခဲ့တယ်။ တကယ်တော့ Hookeမှာ ရိုးသားနွေးထွေးတဲ့ နှလုံးသားတစ်စုံရှိခဲ့ပါတယ်။ ကျောင်းသင်ခန်းစာ၊ သူ့အပေါ်ထားတဲ့ အတန်းသားတွေရဲ့အမြင်ဟာ သူ့ကိုဘာအခက်အခဲမှ မဖြစ်စေခဲ့ပါဘူး။ သူ့ရဲ့အခက်အခဲက မသန်စွမ်းတဲ့ သူ့ခန္ဓာကိုယ်ထဲ ကျန်းမာတဲ့ စိတ်ဝိညာဉ်တစ်စုံကို ဘယ်လို ထည့်ထားရမလဲဆိုတာပဲဖြစ်တယ်။

တစ်ခါက နည်းပညာသင်ခန်းစာတစ်ခုမှာ ကျောင်းသားအများက လွယ်ကူတဲ့ပစ္စည်းတွေကို ပြုလုပ်နေကြချိန် Hookeက သတ္တုဘူးလေးတစ်ခုကို လုပ်ခဲ့တယ်။ သူလုပ်တဲ့ပစ္စည်းကို အတန်းသားတွေ နားမလည်ခဲ့ကြသလို ဆရာကတောင် "ဒါ ဘာလဲ" လို့ မေးယူခဲ့ရတယ်။ Hooke က ရှက်ရှက်ရွံရွံနဲ့ "နာရီ" လို့ ပြန်ဖြေခဲ့တယ်။ ဆရာက .... "(၁၇)နှစ်နှစ်အရွယ် လူငယ်တစ်ယောက်က ကိုယ်တိုင်နာရီလုပ်တယ်!" ဆိုပြီး မယုံခဲ့ဘူး။

"ဟုတ်ပါတယ်ဆရာ.. ပစ္စည်းတွေ၊ စက်သွားတွေကို တစ်ခုချင်း ကျွန်တော်ကိုယ်တိုင် လုပ်ခဲ့ပါတယ်" လို့ Hookeက ပြန်ဖြေတယ်။

"မယုံနိုင်စရာဘဲ.. နာရီထဲက လှုပ်နေတဲ့အရာလေးက ဘာလဲ?"

"ဒါ ကျွန်တော်ထွင်လိုက်တဲ့ စပလိန်ပါ။ စပလိန်ဟာ စက်သွားတွေကို ဟန်ချက်ညီညီ လှုပ်ရှားနိုင်အောင် ထိန်းထားပေးနိုင်သလို လက်နဲ့လှည့်တဲ့အားတွေကိုလည်း ထိန်းထားပေးနိုင်ပါတယ်"

ဒါဟာ စက်မှုပညာကို အစပျိုးလိုက်တဲ့ သက္ကရာဇ်ဖြစ်ခဲ့တယ်။ နောက်ပိုင်းမှာ စပလိန်ဟာ လူသားတွေအတွက် အသုံးဝင်တဲ့ ပစ္စည်းတစ်ခုဖြစ်ခဲ့တယ်။

လှပတဲ့Danubeမြစ်ဟာ ဂျာမဏီရဲ့ဂီတကို လွယ်ပိုးထားတယ်၊
ခံ့ညားတဲ့ Po Riverဟာ အီတလီရဲ့ အော်ပရာကို မွေးဖွားခဲ့တယ်လို့ လူတွေက ဆိုကြတယ်။

ဘယ်လိုထူးခြားတဲ့ အခြေအနေက Hookeကို ထူးခြားအောင် လုပ်ခဲ့သလဲ?

၁၆၃၅ခုနှစ် ဇူလိုင်လ ၁၈ရက်နေ့မှာ Hookeကို အင်္ဂလန်နိုင်ငံတောင်ပိုင်းက Isle of Wightဆိုတဲ့ ကျွန်းလေးတစ်ကျွန်းပေါ်မှာ မွေးဖွားခဲ့တယ်။ ဒီကျွန်းမှာ စည်းကမ်းအတင်းကျပ်ဆုံး အကျဉ်းထောင်တစ်ခုရှိပြီး ပြစ်ဒဏ်ကြီးလေးတဲ့ အကျဉ်းသားတွေကို New gateလို့ခေါ်တဲ့ အကျဉ်းထောင်ထဲ ထောင်ချထားလေ့ရှိတယ်။ Hookeရဲ့ဖခင်က အဲဒီကျွန်းပေါ်မှာရှိတဲ့ ဘုရားကျောင်းလေးတစ်ကျောင်းက သင်းအုပ်ဆရာတစ်ဦးဖြစ်တယ်။ သူတို့ရဲ့ဘဝဟာ ဆင်းရဲကျပ်တည်းခဲ့တယ်။

ဝေးသီခေါင်လံတဲ့ ကျွန်းလေးပေါ်က သင်းအုပ်ဆရာတစ်ဦးဟာ အကျဉ်းသားတွေကြားထဲမှာ မကျော်မကြားနဲ့ တစ်သက်လုံး ဆင်းဆင်းရဲရဲနေသွားဖို့ ပြစ်ဒဏ်ချခံခဲ့ရသလိုပါပဲ။ အိမ်မှာအငယ်ဆုံးသားဖြစ်ပြီး မွေးကတည်းက မသန်မစွမ်းဖြစ်ခဲ့တဲ့ Hookeဟာ ငယ်ငယ်လေးကတည်းက "ဆင်းရဲဒုက္ခ"ကြားမှာ ရုန်းကန်ခဲ့ရတယ်။ ဖခင်ရဲ့ရွေးချယ်မှုကို သူနားမလည်ခဲ့သလို ဘုရားသခင်အတွက် စွန့်လွတ်အနစ်နာခံနေတဲ့ မိသားစုတွေကိုလည်း သူနားမလည်ခဲ့ဘူး။ ဘုရားသခင်က သူတို့မိသားစုကို ဘာလို့ကောင်းချီးမပေးတာလဲ ဆိုတာကိုလည်း သူသဘောမပေါက်ခဲ့ဘူး။ လူသူမရောက်တဲ့အရပ်၊ ဆင်းရဲဒုက္ခ၊ အကျဉ်းသား၊ မသန်မစွမ်း ဒါတွေဟာ ဘဝကို ဖျက်ဆီးစေတဲ့အရာတွေလား? ဘုရားသခင်ရဲ့ မေတ္တာတရားတွေ ဘယ်မှာလဲ? ဘုရားသခင်ရဲ့ မျှတမှုက ဘယ်မှာလဲ?

Hookeဟာ အသက် (၂ဝ)အရွယ်မှာ ဒီလိုရေးခဲ့တယ်။

"ဘုရားသခင်ရဲ့ အရိပ်ကနေ ငါရှောင်ပြေးမယ်။ အနာရောဂါတွေကို ရှောင်ပြေးသလို ငါပြေးမယ်။ ဘာသာတရားတွေကို ငါမုန်းတယ်။ ဘုရားသခင်ကြောင့် ငါစိတ်လှုပ်ရှား၊ ရင်ခုန်သွားမှာ မဟုတ်ဘူးဆိုတာကို ဘုရားသခင်သိအောင် ငါပြောမယ်"

Hookeရဲ့မိခင်က ဒီ့အတွက် စိတ်မကောင်းခဲ့ဘူး။ အကျဉ်းသားတွေကို သူတို့ကူညီနိုင်ခဲ့ပေမယ့် ကိုယ့်သားသမီးတွေကို မကူညီနိုင်ခဲ့လို့ဖြစ်တယ်။ ဂုဏ်ယူစရာအလုပ်ဆိုတာ "ငွေကြေး"မဟုတ်ဘဲ "တန်ဖိုး" ဖြစ်တယ်ဆိုတာကို Hookeတစ်ယောက် ဘယ်အချိန်မှ သိနိုင်မလဲဆိုတာကို သူစိုးရိမ်နေခဲ့တယ်။ လူတစ်ယောက်ဟာ သာမန်တဲ့အလုပ်တစ်ခုကို မှန်မှန်ကန်ကန်၊ သစ္စာရှိရှိနဲ့ လုပ်နေတာဟာလည်း ဂုဏ်ယူစရာတစ်ခုဖြစ်တယ်။

၁၆၄၈ခုနှစ်မှာ Hookeရဲ့ဖခင် ဖျားနာကွယ်လွန်သွားခဲ့တယ်။ ဖခင်မကွယ်လွန်ခင်မှာ ဆင်းရဲဒုက္ခတွေ ခံစားနေရတဲ့ သားငယ်Hookeကို သူနေ့နေ့ညည စုဆောင်းခဲ့တဲ့ငွေကြေး စတာလင်ပေါင် ၁ဝဝကိုပေးပြီး လန်ဒန်မှာရှိတဲ့ Sir Peter Lely (1618-1680)ကို သွားအရှာခိုင်းခဲ့တယ်။

Sir Peter Lelyက ပန်းချီပညာမှာ ကျော်ကြားသူဖြစ်တယ်။ တရုတ်ကြွေထည်ပစ္စည်းတွေကို စိတ်ဝင်စားသူဖြစ်ပြီး အင်္ဂလန်တော်ဝင်မိသားစုရဲ့ လက်ဆွဲပန်းချီဆရာတစ်ဦးဖြစ်တယ်။ အရုပ်ဆိုးဆိုး ဒီကလေးငယ်ဟာ အကျဉ်းထောင်ကျွန်းက သင်းအုပ်ဆရာရဲ့သားလို့ သူသိလိုက်တာနဲ့ တပည့်အဖြစ် ချက်ချင်းလက်ခံလိုက်တယ်။ ဖခင်ဟာ သင်းအုပ်ဆရာမဖြစ်ခင် လူတွေအပေါ် တော်တော် အကျိုးသက်ရောက်ခဲ့တဲ့လူ ဖြစ်မယ်လို့ Hooke ခန့်မှန်းခဲ့မိတယ်။ ပန်းချီဝါသနာမပါတဲ့သူ့ကို ဘာဖြစ်လို့ ပန်းချီဆရာတစ်ဦးဆီမှာ တပည့်ခံဖို့ ဖခင်လွတ်လိုက်သလဲဆိုတာကို သူနားမလည်ခဲ့ဘူး။

ဒါပေမယ့် ဒါဟာ Hookeရဲ့ ဘဝအလှည့်အပြောင်းတစ်ခု ဖြစ်ခဲ့တယ်။ ပန်းချီပညာကို သူမသင်ယူခဲ့ပေမယ့် ထူးခြားတဲ့ လက်မှုပညာတစ်ခုကိုတော့ ရလိုက်တယ်။ Sir Peter Lelyက သူ့ကို ရှေးကြွေထည်ပစ္စည်း၊ နာမည်ကျော်ပန်းချီကားတွေကို ဘယ်လိုပြုပြင်ရလဲဆိုတာကို သင်ပေးခဲ့တယ်။ Hookeကို စိတ်ဝင်စားစေဆုံးအရာက ၁၇ရာစုရှေးပိုင်းက တရုတ်ရှေးဟောင်း နာရီတစ်လုံးဖြစ်တယ်။ ရှေးဟောင်းပစ္စည်းတွေကို ကိုင်တွယ်အသုံးပြုရတော့ ဖခင်ရဲ့စေတနာကို Hookeတဖြည်းဖြည်း နားလည်လာခဲ့တော့တယ်။

အစောပိုင်းကတည်းက လူသားတွေဟာ "အချိန်" အယူအဆတွေ ရှိခဲ့ကြတယ်။ ရှေးမှတ်တမ်းအရ လူတွေဟာ နေလပြောင်းလဲပုံနဲ့ "အချိန်"ကို သတ်မှတ်ခဲ့ကြတယ်။ မျက်နှာပြင်ညီတစ်ခုမှာ တိုင်တစ်တိုင်ကို ဒေါင်လိုက်စိုက်ထူပြီး အချိန်ကို သတ်မှတ်ခဲ့ကြတယ်။

လူတွေက "ဘယ်အချိန်လဲ? ဘယ်နာရီလဲ? ဘယ်နှမိနစ်လဲ?"ဆိုတာကို နှစ်နှစ်သက်သက် သုံးနှုန်းကြတယ်။ ဒါပေမယ့် စက္ကန့်တံ၊ မိနစ်တံ၊ နာရီတံမရှိတဲ့ စကြာဝဠာက အချိန်မှန်မှန်နဲ့ ရွေ့လျားနေခဲ့တယ်။ ဆောင်းခိုငှက်တွေဟာ နာရီမရှိပါဘဲ ဘယ်အချိန်မှာ ပြောင်းလဲပျံသန်းရမယ်ဆိုတာကို သိတယ်။ ဆလမွန်ငါးတွေက နာရီမရှိပါဘဲ ဘယ်အချိန်မှာ ဥဥမျိုးပွားရမလဲဆိုတာကို သိတယ်။ ဒါဟာ "ဘဝနာရီ" ဖြစ်တယ်။

အချိန်တွက်ချက်တဲ့နာရီကို တရုတ်တွေက အစောဆုံးတီထွင်ခဲ့တယ်လို့ သိရတယ်။ ရေစက်ကျရာကနေ စက်သွား၆ခုကို လည်ပတ်စေပြီး အချိန်ကို တွက်ချက်ခဲ့ကြတယ်လို့ ဆိုတယ်။ ဒါကို ရေနာရီလို့ ခေါ်ခဲ့တယ်။

Hookeက ရှေးတရုတ်တွေ တီထွင်ခဲ့တာကို ဥရောပမှာ ပျံနှံ့အောင် လုပ်ဆောင်ခဲ့သူဖြစ်တယ်။ မသန်စွမ်းတဲ့ဘဝကို အလိုမကျတဲ့ မကျေနပ်ချက်တွေကို ရှေးတီထွင်မှု၊ မဖွံ့ဖြိုးတဲ့သိပ္ပံပညာရပ်အပေါ် သူအာရုံလွှဲပစ်ခဲ့တယ်။

ရေနာရီဟာ အချိန်ကို မှန်မှန်မတွက်ချက်ပေးနိုင်ခဲ့ဘူး။ နွေရာသီမှာကျတဲ့ ရေစက်ဟာ ရေငွေ့ပျံတတ်တယ်။
ရေစက်သေးသွားရင် လည်ပတ်အားနည်းပြီး စက်သွားနှေးသွားတယ်။ ဒါကြောင့် နွေရာသီမှာ အချိန်နှေးသွားတတ်တယ်။ ဆောင်းရာသီမှာကျတော့ ရေငွေ့ပျံနှုန်းနည်းတာကြောင့် ရေစက်ကြီးပြီး လည်ပတ်အားမြန်တယ်။ ဆောင်းရာသီမှာ ဒါကြောင့် အချိန်ပိုမြန်တယ်လို့ Hookeက တွက်ချက်ခန့်မှန်းခဲ့တယ်။ သူတီထွင်ခဲ့တဲ့စပလိန်ဟာ ရာသီဥတု၊ အပူချိန်တွေကြောင့် အချိန်ကို မပြောင်းလဲစေခဲ့တော့ဘူး။ ဒီနည်းပညာဟာ တဖြည်းဖြည်း Switzerlandနိုင်ငံကို ရောက်ရှိသွားခဲ့ပြီး ဒီနေ့ထိ Switzerlandနာရီတွေ ကမ္ဘာအနှံ့ပြန့်ခဲ့တယ်။

(၃)နှစ်နေပြီးနောက် Hookeဟာ အလယ်တန်းကျောင်းတစ်ကျောင်းကို ရောက်သွားခဲ့တယ်။ သူ့ရဲ့ နည်းပညာတွေကို ဘယ်သူမှ မယှဉ်သာနိုင်ခဲ့ဘူး။ ပထမဆုံး Anemometerကို သူတီထွင်ခဲ့ပြီး အပူချိန်တိုင်း သာမိုမီတာကိုလည်း တီထွင်ခဲ့တယ်။ ရေခဲမှတ်ကို သုညလို့ သတ်မှတ်ခဲ့တဲ့သူ့ကို အတန်းသားတွေက ဝိုင်းလှောင်ခဲ့ကြတယ်။

"နင် ဘာမှနားမလည်ဘဲနဲ့ ဒီအရာတွေကို ဘယ်လိုလုပ်ခဲ့သလဲ?"လို့ ကဲ့ရဲ့လှောင်ပြောင်မေးတော့ Hooke က "ကျွန်တော်ဘာမှ နားမလည်ပါဘူး။ ဒါပေမယ့် အဓိကအချက်ကို ကျွန်တော်ဖမ်းဆုပ်နိုင်တယ်" လို့ ဖြေခဲ့တယ်။ Dr. Busbyက Hookeကို မချီးကျူးဘဲ မနေနိုင်ခဲ့ဘူး။ အဲဒီနောက် ပစ္စည်းကိရိယာတွေကို ဖန်တီးနိုင်ဖို့ ပုံဆွဲပညာတွေ သိတတ်နားလည်ရမယ်ဆိုပြီး Dr. Busbyက သူ့ကို ဂဲသြမေထရီ(Geometry)ပညာရပ်ကို သင်ပေးခဲ့တယ်။ Dr. Busbyဟာ Hookeရဲ့ဆရာဖြစ်ခဲ့တဲ့အပြင် အကောင်းဆုံးမိတ်ဆွေပါဖြစ်ခဲ့တယ်။

၁၆၅၃ခုနှစ်မှာ Hookeတစ်ယောက် အော်စဖို့ဒ်တက္ကသိုလ်ကို ရောက်သွားခဲ့တယ်။ သူရောက်သွားတာက တခြားသူတွေလို ကျောင်းတက်ဖို့မဟုတ်ဘဲ တံမြက်စည်းလှည်းဖို့ဖြစ်တယ်။ အကြောင်းက သူ့အတွက် ဖခင်ပေးခဲ့တဲ့ငွေတွေ ကုန်သွားလို့ဖြစ်တယ်။ တခြားသူဆီကနေ ငွေချေးဖို့လည်း သူစိတ်မကူးခဲ့ဘူး။ စာသင်ခန်းပြင်မှာ တံမြက်စည်းလှည်းရင်း စာသင်ခန်းထဲက ဆရာသင်တာကို သူနားထောင်ခဲ့တယ်။

၁၆၅၅ခုနှစ်မှာ "ဓာတုဖခင်"လို့ တင်စားခေါ်ဝေါ်ခဲ့တဲ့ Robert Boyle(1627-1691)ရဲ့ စာသင်ခန်းရှေ့ သူတံမြက်စည်းလှည်းနေချိန် Boyleက သူ့ကိုခေါ်ပြီး
လက်ထောက်လုပ်စေခဲ့တယ်။ သိပ်မကြာပါဘူး... ပထမဆုံး လေစုပ်စက်တစ်လုံးကို သူတီထွင်ခဲ့ပြီး Boyleအတွက်နာမည်ကြီးတဲ့ "Boyle's law သို့မဟုတ် Mariotte's Law"ကို စမ်းသပ်ပေးခဲ့တယ်။

ထက်မြက်တဲ့လူတစ်ဦးကို ရှာဖွေတွေ့တာဟာ နိယာမတစ်ခုကို ရှာဖွေတွေ့တာထက် ပိုအရေးပါခဲ့တယ်။ ဒါကြောင့်လည်း Robert Boyleက Hookeကို အင်္ဂလန်နိုင်ငံရဲ့ သိပ္ပံပညာရှင်အဖွဲ့အစည်းမှာ ပါဝင်နိုင်အောင် စာရင်းသွင်းပေးခဲ့တယ်။ အဲဒီအဖွဲ့အစည်းထဲ Hookeစရောက်တဲ့နေ့မှာ လူတွေဟာ သူ့ရဲ့ပင်ပန်းသဏ္ဌာန်၊ သူ့ရဲ့ပညာအရည်အချင်း၊ သူ့ရဲ့အလုပ်အတွေ့အကြုံကို ကြည့်ပြီး ဝေဖန်ခဲ့ကြတယ်။ ဒါပေမယ့် Robert Boyleရဲ့ တိုက်တွန်းချက်အရ အဖွဲ့ဝင်ခွင့်ရခဲ့တယ်။ သိပ္ပံပညာလောကဟာ ပညာအရည်အချင်းကို အဓိကထားပြီး လုပ်ရည်ကိုင်ရည်ကို အဓိကမထားခဲ့ဘူး။ ဒါဟာ Hookeအတွက် ရင်အနာဆုံးဖြစ်ခဲ့တယ်။ ဒါပေမယ့် အလှောင်ပြောင် အကဲ့ရဲ့ကြားမှာ ကြီးပြင်းလာခဲ့တဲ့သူ့အဖို့ ဒါတွေဟာ ရိုးနေခဲ့ပါပြီ။

၁၆၆၅ခုနှစ်မှာ မိုက်ခရိုစကုပ်ကို သူတီထွင်ခဲ့တယ်။ ဒါဟာ ဇီဝဗေဒအတွက် အရေးပါခဲ့သလို သူ့ဘဝကိုလည်း အကျိုးသက်ရောက်စေခဲ့တယ်။ အဲဒီနောက် "Micrographia"ဆိုတဲ့စာအုပ်ထဲမှာ Hookeက ဒီလိုရေးသားခဲ့တယ်။

"တစ်ညမှာ ဒိန်ခဲလာခိုးစားတဲ့ ကြွက်တစ်ကောင်ကို ကျွန်တော်ဖမ်းမိခဲ့တယ်။ ကြွက်ကိုယ်ပေါ်မှာ လှေး(သန်း)တစ်ကောင်ကို ကျွန်တော်တွေ့လိုက်တယ်။ ကြွက်လှေးကို ကျွန်တော်ဖိသတ်လိုက်တယ် (လှေးဟာ ပလိပ်ရောဂါ သယ်ဆောင်သူပါ)။ အဲဒီနောက် ကျွန်တော်လည်း ပျင်းပျင်းရှိတာနဲ့ ကြွက်လှေးကို မှန်ဘီလူးအောက်ထည့်ပြီး ကြည့်လိုက်တယ်။ အဲဒီမှာ ကြွက်လှေးရဲ့အလှကို ကျွန်တော်သွားတွေ့တယ်။ သူ့ရဲ့အမွေးအမျှင် ပေါင်းဆက်ထားတာတွေ၊ ညီညီညာညာ အစဉ်တကျဖြစ်နေတာတွေ... အနုပညာအလှကို ကျွန်တော်တွေ့လိုက်ရရုံမက မြင့်မြတ်တဲ့အလှတစ်ခုကို ကျွန်တော်တွေ့လိုက်တယ်။ ဒါဟာ ယုံကြည်ကိုးကွယ်တဲ့အလှ (beautiful in a religious)ဖြစ်တယ်"

သင်းအုပ်ဆရာတစ်ဦးရဲ့သားဟာ အသက်(၃၁)နှစ်အရွယ်မှာ လှေးတစ်ကောင်ကြောင့် ဘုရားသခင်ရှေ့မှောက် ပြန်ရောက်ခဲ့တယ်။ အဲဒီနောက် အဲဒီစာအုပ်ထဲမှာ ၁၆လက်မရှိတဲ့ လှေးတစ်ကောင်ကို သူဆွဲခဲ့တယ်။ လှေးတစ်ကောင်က သူ့ကိုဘယ်လောက်ထိ ကိုင်လှုပ်နိုင်ခဲ့သလဲဆိုတာကို လူတွေမသိခဲ့ကြဘူး။ ဘုရားသခင်ဟာ သူ့တန်ခိုးနဲ့ "ဘာသာတရားကို မုန်းသူ"ဆိုတဲ့ လူတစ်ယောက်ကို မိုက်ခရိုစကုပ်ကိုသုံးပြီး ကိုင်လှုပ်နိုင်ခဲ့ကြောင်းကိုတော့ လူတွေပိုသိလိမ့်မှာ မဟုတ်ပါဘူး။

နောက်ပိုင်းမှာ Hookeဟာ ရူပဗေဒဖခင် Isaac Newton ကို ဒီလိုရေးသားခဲ့တယ်။

"တချို့က သီအိုရီတစ်ခုကို ထုတ်ဖော်နိုင်ဖို့ တစ်သက်လုံး ဆင်းရဲဒုက္ခခံခဲ့တယ်။ အကြိမ်ထောင်သောင်းမကတဲ့ စမ်းသပ်မှုတိုင်းကလည်း မအောင်မြင်နိုင်ခဲ့ဘူး။ ဆန်းသစ်တီထွင်တဲ့အကြံဟာလည်း တစ်ခါတလေမှ ဘုရားသခင်ရဲ့ ဝင်လေထွက်လေလိုပဲ ဘယ်ကနေလာပြီး ဘယ်ကိုရောက်သွားသလဲဆိုတာကို ကျွန်တော်တို့ မသိခဲ့ဘူး။ ရုတ်တရက်ရောက်လာပြီး နှစ်နှစ်လလ ကြိုးစားခဲ့တဲ့ ကျွန်တော်တို့ရဲ့ကြိုးစားမှုထဲ ကျွန်တော်တို့မတွေးခဲ့မိတဲ့ အတွေးကို ထည့်ပေးသွားခဲ့တယ်။ ဆန်းသစ်တီထွင်မှုတွေမှာ ဒီလိုကံကောင်းတဲ့အချိန်လေး လိုတယ်။ ဒါဟာ တွေးတောမှုထောင်ပေါင်းများစွာနဲ့ ရှုပ်ထွေးနေတဲ့အချိန် ဘုရားသခင်ရဲ့စေတနာကို ရုတ်တရက် တွေ့လိုက်ရသလိုပါပဲ။ ကျွန်တော်လုပ်တဲ့ အလုပ်တိုင်းဟာ စဉ်းစားဆင်ခြင်ပြီး လုပ်တာပဲဖြစ်ဖြစ်၊ တမင်လုပ်တာပဲဖြစ်ဖြစ် ဒါတွေဟာ ဘုရားသခင်ရဲ့ လွှမ်းမိုးမှုအောက်မှာ ရှိတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ ပိုကြိုးစားခဲ့ကြတယ်"

Hookeက Boyleထက် အသက်(၇)နှစ်ငယ်ပြီး နယူတန်ထက် (၇)နှစ်ကြီးသူဖြစ်တယ်။ ဒါကြောင့်လည်း ကိုယ့်ထက် အသက်အရွယ်ကြီးသူဆီက အတွေ့အကြုံနဲ့ နယူတန်ကို သူအားပေးခဲ့တာဖြစ်တယ်။

၁၆၆၆ခုနှစ်မှာ လန်ဒန်မြို့ မီးအကြီးအကျယ်လောင်ခဲ့တယ်။ Hookeက သူကိုယ်တိုင်သင်ယူထားတဲ့ပညာနဲ့ ရေအမြင့်ကိုတိုင်းတာတဲ့ ကိရိယာကို တီထွင်ခဲ့တယ်။ မြို့ပြနဲ့သက်ဆိုင်တဲ့ ဒီဇိုင်းတွေရေးဆွဲပြီး အဆောက်အဦးတွေ ဆောက်လုပ်ခဲ့တယ်။ ဆောက်လုပ်ရေးနဲ့ ပြုပြင်ရေးမှာ သူဝင်ငွေ အများအပြားရခဲ့တယ်။ ဒါပေမယ့် Hookeရဲ့ ဘဝတစ်သက်လုံးဟာ ဆင်းဆင်းရဲရဲ အဆုံးသတ်ခဲ့တယ်။ သူငွေကြေးတွေ ဘယ်ရောက်သွားခဲ့သလဲဆိုတာကို လူတွေ မခန့်မှန်းတတ်ခဲ့ကြဘူး။

Hookeမှာ ထူးဆန်းတဲ့အကျင့်တချို့ ရှိခဲ့တယ်။ သူဟာ ညနက်သန်းခေါင်အထိ စမ်းသပ်မှုတွေလုပ်ပြီး မနက်(၄)နာရီမှာအိပ် (၇)နာရီမှာ ထတတ်သူဖြစ်တယ်။ တစ်ခါတလေ ညနက်နက်မှာ တစ်ယောက်ထဲ မနက်နေထွက်တဲ့အထိ လျှောက်သွားနေတတ်သူဖြစ်တယ်။ အိပ်မပျော်တဲ့ရောဂါနဲ့ အစာအိမ်ရောဂါကို သူအကြီးအကျယ် ခံစားခဲ့ရတယ်။ ဒါပေမယ့် တစ်ခါတလေ ညသန်းခေါင်ယံမှာ အိမ်တိုင်ရာမဲ့လူတွေနဲ့ သူအစားအတူစားနေတာကို တွေ့ရတတ်တယ်လို့ ဆိုခဲ့ကြတယ်။ သိပ္ပံပညာလောကမှာ Boyleနဲ့ Busbyကလွဲရင် Hookeမှာ မိတ်ဆွေမရှိခဲ့တော့ဘူး။ သူဟာ စကားနည်းသူ၊ ရှက်တတ်သူ၊ ထီးထီးနေတတ်သူဖြစ်တာကြောင့် သူ့အတွေးတွေထဲမှာ ဘာရှိမလဲဆိုတာကို လူတွေမသိခဲ့ကြဘူး။ သူဟာ လူတွေနဲ့ မကြာခဏဆိုသလို ရန်ဖြစ်တတ်သူလည်းဖြစ်တယ်။

ဒါပေမယ့် Hooke ဟာ ရိုးသားစစ်မှန်တဲ့လူဖြစ်တယ်။ သူဟာ ခေါင်းမာသူဖြစ်ပေမယ့် ဆွဲဆန့်အားဥပဒေ (Law of Elasticity)ကို ၁၆၇၈ခုနှစ်မှာ ထုတ်ဖော်နိုင်ခဲ့တယ်။

Boyleကွယ်လွန်ပြီးနောက် Hookeပိုအထီးကျန်ခဲ့တယ်။ ၁၆၉ဝခုနှစ်မှာ သိပ္ပံပညာရှင်အဖွဲ့ကနေ နုတ်ထွက်ခဲ့တယ်။ အနာရောဂါတွေက သူ့ရဲ့တီထွင်အောင်မြင်မှုနောက် အမီလိုက်ခဲ့ကြတယ်။ ၁၇ဝ၃ခုနှစ် မတ်ခ်ျလ ၃ရက်နေ့မှာ Hooke ကွယ်လွန်သွားခဲ့တယ်။ Hookeရဲ့ ဈာပနာမှာ နယူတန်က "Hookeဟာ မသန်စွမ်းတဲ့သူ့ခန္ဓာထဲ သတ္တိရှိရဲရင့်တဲ့ နှလုံးသားတစ်စုံကို ထည့်ခဲ့တယ်" လို့ ပြောကြားခဲ့တယ်။

http://en.wikipedia.org/wiki/Robert_Hooke
http://www.dpes.tc.edu.tw/lib/candle/fa_67.htm

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Friday, March 04, 2011

ဘဝရဲ့ကြံ့ခိုင်အား


သင်ဘယ်လောက်အထိ သန်မာကြံ့ခိုင်နိုင်သလဲဆိုတာကို သင့်ကိုယ်သင်သိသလား?

အမေရိကန် မန်ဆာချူးဆက်ပြည်နယ် Amherst ကောလိပ်မှာ စိတ်ဝင်စားစရာကောင်းတဲ့ စမ်းသပ်မှုတစ်ခုကို ပြုလုပ်ခဲ့တယ်။ အဲဒီစမ်းသပ်မှုမှာ စမ်းသပ်သူတွေဟာ သီးစဖရုံသီးလေးတစ်လုံးကို သံကြိုးတွေနဲ့ ရစ်ပတ်တုပ်နှောင်လိုက်ကြတယ်။ တဖြည်းဖြည်းကြီးလာမယ့် ဖရုံသီးလေးဟာ သူ့ကိုတုပ်နှောင်ထားတဲ့ သံကြိုးရဲ့ဖိအားအပေါ် ဘယ်လောက် ရုန်းကန်နိုင်အားရှိမလဲ၊ ဘယ်လောက်ခံနိုင်ရည်ရှိမလဲလို့ လေ့လာအကဲခတ်ကြဖို့ဖြစ်တယ်။

စစချင်းမှာ စမ်းသပ်သူတွေက သံကြိုးရဲ့ဖိအားအပေါ် ဖရုံသီးခံနိုင်မယ့်အားဟာ ၅ဝဝပေါင်ပဲရှိမယ်လို့ ခန့်မှန်းခဲ့ကြတယ်။

စမ်းသပ်တဲ့ပထမလမှာ ဖရုံသီးရဲ့ခံနိုင်အားဟာ ၅ဝဝပေါင်ရှိခဲ့တယ်။ ဒုတိယလမှာ ခံနိုင်အားဟာ ၁၅ဝဝပေါင်ရှိခဲ့တယ်။ ဖရုံသီးရဲ့ခံနိုင်အား ပေါင်၂ဝဝဝအရောက်မှာ စမ်းသပ်သူတွေဟာ သံကြိုးကို အရင်ကထက် ပိုတင်းတင်းကျပ်ကျပ် တုပ်နှောင်လိုက်ကြတယ်။ ဖရုံသီးရဲ့ရုန်းအားကြောင့် သံကြိုးပြေသွားမှာစိုးလို့ဖြစ်တယ်။

စမ်းသပ်မှုနောက်ဆုံးမှာ ဖရုံသီးရဲ့ခံနိုင်အားဟာ ပေါင်၅ဝဝဝကျော်အထိ ရှိခဲ့တာကိုတွေ့ရပြီး ပေါင်၅ဝဝဝကျော်မှ ဖရုံသီးကွဲအက်သွားခဲ့တယ်။

ကွဲသွားတဲ့ဖရုံသီးဟာ စားလို့မရအောင် မာကျောနေခဲ့ပါတယ်။ အကြောင်းက သံကြိုးကိုထိုးဖောက်ချင်တဲ့ ဖရုံသီးရဲ့အသားတွေဟာ ကျစ်လစ်မာကျောသွားလို့ဖြစ်တယ်။ ဖရုံသီးဟာ သူ့ရှင်သန်ကြီးထွားမှုကို ဟန့်တားထားတဲ့ သံကြိုးကိုဖြိုပစ်နိုင်အောင် အာဟာရဓာတ်တွေကို ပိုစုပ်ယူခဲ့တယ်။ ဒါကြောင့် သူ့ရဲ့အမြစ်တွေဟာ အရပ်လေးမျက်နှာလုံး ပေရှစ်သောင်းကျော်အထိ ဖြန့်ကားသွားတာကို တွေ့ရတယ်။ ပန်းခြံတစ်ခုလုံး သူ့အမြစ်နဲ့ ပြည့်နေခဲ့တော့တယ်။

ကျွန်တော်တို့ဟာ ကိုယ့်ကိုယ်ကို ဘယ်လောက်အထိ သန်မာကြံ့ခိုင်နိုင်မလဲဆိုတာကို မခန့်မှန်းတတ်ခဲ့ဘူး။ ကြီးမားတဲ့ပြင်ပရဲ့ဖိအားကို ဖရုံသီးခံနိုင်ခဲ့တယ်။ ဒီလိုဆိုရင် လူတွေကရော? တူညီတဲ့အခြေအနေမှာ ဘယ်လောက်ခံနိုင်အားရှိခဲ့မလဲ?

လူအများရဲ့ခံနိုင်အားဟာ ကျွန်တော်တို့ခန့်မှန်းထားတဲ့ ဖိအားကို ကျော်လွန်နိုင်ပါတယ်။ တစ်ချိန်က ကျွန်တော့်ကို Eleanor Roosevelt ပြောခဲ့တဲ့အတိုင်း "မိန်းကလေးတွေဟာ လက်ဖက်ခြောက်ထုပ်နဲ့တူတယ်။ သူတို့ဘယ်လောက်ထိ သန်မာကြံ့ခိုင်နိုင်သလဲဆိုတာကို ကျွန်တော်တို့ မသိနိုင်ကြဘူး။ လက်ဖက်ခြောက်ထုပ်ကို ရေပူထဲထည့်စိမ်လိုက်မှ ခံနိုင်စွမ်းတွေ တဖြည်းဖြည်း ထွက်လာသလိုမျိုးပေါ့။ ယောက်ျားလေးတွေမှာလည်း အဲဒီစွမ်းရည်ရှိကြတယ်"

တစ်ခါမှမကြုံဖူးတဲ့ အခက်အခဲ ပြဿနာကို သင်ရင်ဆိုင်နေရသလား?
အဲဒီအခက်အခဲ ပြဿနာဟာ ဖြေရှင်းလို့မလွယ်ကူလောက်အောင် ဖြစ်နေခဲ့လား?

အဲဒီအခက်အခဲကို သင်ဖြိုလဲပစ်နိုင်မလား?

သင့်ကိုရစ်ပတ်ထားတဲ့ အခက်အခဲသံကြိုးထဲကနေ ရုန်းထွက်နိုင်ဖို့ သင်သန်မာကြံ့ခိုင်ဖို့ပဲလိုပါတယ်။ တကယ်လို့ အဲဒီအခက်အခဲကို သင်စိတ်ရှည်သည်းခံပြီး စိတ်ဓာတ်၊ အသိဉာဏ်၊ ခန္ဓာတွေရဲ့အင်အားကိုစုစည်းပြီး ရင်ဆိုင်ခဲ့ရင် ဘယ်အခက်အခဲ၊ ဘယ်ပြဿနာကများ သင့်ကိုဟန့်တားထားနိုင်ဦးမလဲ?

ရေးသားသူ-- Steve Goodier "Your Life Support System"

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Thursday, March 03, 2011

ကျွန်မဖတ်ဖို့ (၂၅)


(၁) လူ့တစ်သက်မှာ ဝှက်ထားလို့မရတဲ့အရာ သုံးမျိုးရှိတယ်။
အဲဒီသုံးမျိုးက ချောင်းဆိုးတာ၊ ဆင်းရဲတာနဲ့ ချစ်တာဖြစ်တယ်။ ဒီအရာသုံးမျိုးကို ဝှက်ထားချင်လေလေ ပေါ်လေလေပါပဲ။

(၂) လူ့တစ်သက်မှာ မဖြုန်းတီးသင့်တဲ့အရာ သုံးမျိုးရှိတယ်။
အဲဒီသုံးမျိုးက ခန္ဓာကိုယ်၊ ငွေကြေးနဲ့ အချစ်ဖြစ်တယ်။ အဲဒီအရာသုံးမျိုးကို ဖြုန်းတီးလေ အကျိုးမရလေဖြစ်တယ်။

(၃) လူ့တစ်သက်မှာ မြဲမြဲစွဲထားလို့မရတဲ့အရာ သုံးမျိုးရှိတယ်။
အဲဒီသုံးမျိုးက အသက်၊ အချိန်နဲ့ အချစ်ဖြစ်တယ်။ အဲဒီအရာသုံးမျိုးကို မြဲမြဲစွဲထားချင်လေ ဝေး,ဝေးသွားလေဖြစ်တယ်။

(၄) လူ့တစ်သက်မှာ လွမ်းဆွတ်းတမ်းတမသင့်တဲ့အရာ သုံးမျိုးရှိတယ်။
အဲဒီသုံးမျိုးက ဘေးအန္တရာယ်၊ သေဆုံးခြင်းနဲ့ အချစ်ဖြစ်တယ်။ အဲဒီအရာသုံးမျိုးကို လွမ်းဆွတ်လေ ဆင်းရဲပင်ပန်းကြီးလေဖြစ်တယ်။

(၅) လူ့ဘဝရဲ့ ဝမ်းနည်းကြေကွဲစရာ အကောင်းဆုံးဆိုတာ --- မနေ့က ဆုံးရှုံးခဲ့တဲ့အရာ သိပ်များနေလို့မဟုတ်ဘူး။ မနေ့က ဆုံးရှုံးခဲ့တဲ့အရာထဲကနေ နလန်မထနိုင်တာဖြစ်တယ်။

(၆) လူ့ဘဝရဲ့ တုံး,အဆုံးဆိုတာ -- မျက်စိရှေ့က ထောင်ချောက်ကို မမြင်တာမဟုတ်ဘဲ အဲဒီထောက်ချောက်ထဲ ဒုတိယအကြိမ် လဲကျတာဖြစ်တယ်။

(၇) လူ့ဘဝရဲ့အထီးကျန်ဆုံးဆိုတာ -- စောင့်နေတဲ့လူ မလာသေးတာမဟုတ်ဘူး။ နှလုံးသားထဲကနေ ဒီလူထွက်သွားတာဖြစ်တယ်။

(၈) လူ့ဘဝရဲ့ အနာကျင်ဆုံးဆိုတာ -- ကိုယ်ချစ်တဲ့လူကို မပိုင်ဆိုင်ရတာ မဟုတ်ဘူး။ ကိုယ်ချစ်တဲ့လူကို ပျော်ရွှင်မှု မပေးနိုင်တာဖြစ်တယ်။

(၉) လူ့ဘဝရဲ့ အကြည်နူးဆုံးဆိုတာ -- ပန်းစည်းတစ်စည်းကို ရလိုက်တာ မဟုတ်ဘူး။ ပန်းစည်းတွေကြားထဲ အမြဲတမ်းနေရတာဖြစ်တယ်။

(၁ဝ) လူ့ဘဝရဲ့အပျော်ရွှင်ဆုံးဆိုတာ -- တခြားလူက ကိုယ့်ကိုပေးတဲ့ အပျော်ကြောင့်မဟုတ်ဘူး။ ကိုယ်က တခြားလူကိုပေးတဲ့ အပျော်ကြောင့်ဖြစ်တယ်။

(၁၁) လူ့ဘဝရဲ့ အချမ်းသာဆုံးဆိုတာ -- ရွှေတောင်ကြီးတစ်တောင် ပိုင်ဆိုင်ထားတာ မဟုတ်ဘူး။ ရွှေတောင်ကြီးနဲ့ ဝယ်ယူလို့မရနိုင်တဲ့အရာကို ကိုယ်ပိုင်ဆိုင်ထားတာဖြစ်တယ်။

(၁၂) ကိုယ့်ကိုယ် ဘယ်လောက်ကောင်းကြောင်း မပြောပါနဲ့ .... လူတွေ အလွယ်တကူ မယုံတတ်လို့ပါ။ ကိုယ့်ကိုယ် ဘယ်လောက်ဆိုးကြောင်း မပြောပါနဲ့ ... လူတွေ အလွယ်တကူ ယုံတတ်လို့ပါ။

(၁၃) အတင်းတွေကြားမှာ တချို့က ပါးစပ်ကိုသုံးတယ်။ ကျွန်တော်က နားကိုသုံးတယ်။

(၁၄) "ကံမကောင်းခြင်း"ဆိုတာ စာရင်းသွင်းစရာမလိုဘဲ လူတိုင်းတက်ရတဲ့ကျောင်းဖြစ်တယ်။ ဒီကျောင်းကို အောင်နိုင်သူဟာ သန်မာထက်မြက်သူဖြစ်တယ်။

"ကျွန်မဖတ်ဖို့" အင်တာနက်ပေါ်က ဖတ်ရတဲ့စာတွေကို ဘာသာပြန်ပါတယ်။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။



Share/Bookmark

Tuesday, March 01, 2011

စာအုပ်တွေနဲ့ ကျွန်မ


ဒီ ဖေဖော်ဝါရီလမှာ ကျွန်မဘာသာပြန်ထားတဲ့ (၈)အုပ်မြောက်စာအုပ်ဖြစ်တဲ့ "ရတနာများနှင့် ဆက်သွယ်ခြင်း" ဆိုတဲ့ စာအုပ်ထွက်တယ်။ ရတနာများဆိုတာက ကလေးတွေကို ကိုယ်စားပြုထားတဲ့ စကားလုံးပေါ့။ စာအုပ်ထဲက အကြောင်းအရာတွေက ဒီဘလော့မှာ ကျွန်မလေဘယ်တပ်ထားတဲ့ "ကျွန်တော်တို့ ကလေးဆိုးမဟုတ်ကြဘူး"ဆိုတဲ့စာတွေနဲ့ ကလေးတွေကို စိတ်ခွန်အားမြှင့်စေတဲ့ စာတွေပါတယ်။ ထုတ်ဝေနေကျ Synergyစာအုပ်တိုက်က ထုတ်ဝေတာဖြစ်တယ်။ မျက်နှာဖုံးဒီဇိုင်းက ဆွဲပေးနေကျ မောင်ငယ်ဇေယျာမဟုတ်ဘဲ Synergy ကပဲ ဆွဲထားပါတယ်။



ဒီနှစ်အုပ်ကိုလည်း Synergyစာအုပ်တိုက်က ဆက်ထုတ်သွားမှာ ဖြစ်ပါတယ်။ တစ်အုပ်က စိတ်ခွန်အားမြှင့်စာနဲ့ နောက်တစ်အုပ်က ချစ်ခြင်းမေတ္တာနဲ့ အိမ်ထောင်ရေး စိတ်အားဖြည့်စာလေးတွေပေါ့။ စာအုပ်မျက်နှာဖုံးကို ဇေယျာကပဲ ဒီဇိုင်းလုပ်ထားပါတယ်။ ကျွန်မဘာသာပြန်ထားတဲ့ စာတွေကို စိတ်ခွန်အားဖြည့်စာ၊ မိဘမေတ္တာ ဖော်ကျူးတဲ့စာ၊ အချစ်အိမ်ထောင်ရေးဆိုပြီး ဒီ၃မျိုးကိုအဓိကထား ထုတ်ဝေခဲ့ပါတယ်။

အဲဒီမှာ (ထုတ်ဝေသူရဲ့ပြောပြချက်အရပေါ့) စိတ်ခွန်အားဖြည့်စာလေးတွေကို ပိုအားပေးတာတွေ့ခဲ့ရတယ်။ ပိုအားရဖို့ကောင်းတာက ပြင်ဦးလွင်ဘက်က ခရစ်ယာန် မိဘမဲ့ကျောင်းတစ်ကျောင်းကဆိုရင် စာအုပ်တွေမှာပြီး ကျောင်းက ကလေးတွေကို ပေးဖတ်တယ်လို့ သိရတယ်။ တာချီလိတ်ဘက် ရွာတစ်ရွာက မိဘမဲ့ကျောင်းမှာ ဒီဘလော့ထဲကစာတွေကို ပရင့်အောက်ထုတ်ပြီး နေ့တိုင်းကျောက်သင်ပုန်းမှာ ကပ်ပေးတဲ့အကြောင်း၊ ကလေးတွေ ကြိုက်ကြတဲ့အကြောင်း စစ္စတာတစ်ယောက်က အီးမေးလ်ပို့တယ်။ ဆောက်လုပ်ရေးလုပ်ငန်းက သူဌေးတစ်ယောက်ကလည်း စာအုပ်ဝေချင်လို့ဆိုပြီး တက်ကျမ်းစာအုပ်တွေ မှာသွားတယ်။ ဒါ ကျွန်မကြွားဝါတာမျိုးတော့ မဟုတ်ပါဘူး။ ဘယ်လို အဆင့်အတန်းမှာပဲဖြစ်ဖြစ်၊ ဘယ်လို အခြေအနေမှာပဲဖြစ်ဖြစ် လူတွေဟာ စိတ်ခွန်အားလိုကြတယ်ဆိုတာကို ပြောချင်တာပါ။ အထူးသဖြင့် မိသားစုနဲ့ဝေးနေချိန်၊ တစ်ခုခု အဆင်မပြေချိန်မှာ လိုအပ်ကြတယ်။ မိဘမဲ့ တစ်ကောင်ကြွက်ဆိုရင်တော့ ပိုလိုအပ်တာပေါ့။ စိတ်ခွန်အားတွေကို ကိုယ့်ပတ်ဝန်းကျင် သူငယ်ချင်းတွေဆီက ရသလို စာအုပ်ထဲကနေလည်း ရကြတယ်။ အပင်တစ်ပင်ရှင်သန်ကြီးပြင်းဖို့ မြေသြဇာကျွေး၊ ရေလောင်းပေါင်းသင်သလိုပေါ့။ စိတ်ခွန်အားဖြည့်စာတွေ ရေးနေသူတွေလည်း စိတ်ခွန်အားလိုကြတာပါပဲ။ အထူးသဖြင့် ကျွန်မပေါ့။ ဒါကြောင့်လည်း အင်တာနက်ပေါ်မှာ ဒီလိုခွန်အားဖြည့်စာတွေ လိုက်ရှာဖတ်ရင်း ကိုယ့်လိုမိဘမဲ့သူ၊ ကိုယ့်လို အားငယ်လွယ်သူတွေလည်း ဖတ်ရအောင်ဆိုပြီး ဘာသာပြန်ဖြစ်ခဲ့ပါတယ်။

ဘာသာပြန်ဖြစ်ခဲ့တဲ့စာတွေကို စာအုပ်အဖြစ် ထုတ်ဖြစ်တာကလဲ ထုတ်ဝေသူရဲ့စေတနာပါ။ ထုတ်ဝေသူအသစ်တစ်ယောက်က ကလောင်သစ်တစ်ယောက်ကို စိတ်ခွန်အားတွေ ဖြည့်ပေးလိုက်တဲ့ စေတနာပါ။ ဘယ်လောက်အမြတ်အစွန်းရမှ ဆက်ထုတ်ပေးမယ်ဆိုတာမျိုး မရှိခဲ့သလို ဘယ်လောက်ပေးပါဆိုတာမျိုးလည်း ကျွန်မတို့ကြားမှာ မရှိခဲ့ပါဘူး။ စာရေးချင်တဲ့ ကျွန်မရဲ့ဝါသနာကို လူတွေကို စာဖတ်စေချင်တဲ့ သူ့စေတနာနဲ့ အားဖြည့်ပေးလိုက်တာလေးပါ။ ဒါဟာ အပိုစကားတွေ ဖြစ်ရင်လည်းဖြစ်မှာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် အလကားပဲဖြန့်ဝေဝေ၊ စာအုပ်ထုတ်ပြီးပဲ ဖြန့်ဝေဝေ တခြားသူတွေရဲ့စာတွေကို ဘာသာပြန်ပြီး ကျွန်မပိုက်ဆံရှာနေတာ မဟုတ်ကြောင်း ပြောပြလိုက်ရပါတယ်။ အားပေးဖတ်ရှုသူ အားလုံးကို ကျေးဇူးအထူးတင်ပါတယ်။

နိုင်းနိုင်းစနေ


Share/Bookmark

အော်စကာသမိုင်းမှာ အလှဆုံးများ


အော်စကာအကယ်ဒမီဆုကို ၁၉၂၈ခုနှစ်မှာ စတင်ခဲ့တယ်။ နှစ်စဉ်နှစ်တိုင်း ဟော်လိဝုဒ်မှာကျင်းပတဲ့ ဒီအကယ်ဒမီပွဲဟာ အမေရိကန်ရုပ်ရှင်အနုပညာကို ဖွံ့ဖြိုးတိုးတက်စေရုံမက ကမ္ဘာ့ရုပ်ရှင်အနုပညာကိုလည်း ဖွံ့ဖြိုးတိုးတက်ဖို့ လမ်းကြောင်းဖွင့်ပေးခဲ့တယ်။

အော်စကာသမိုင်းမှာ အလှဆုံးမင်းသမီးအယောက်(၂ဝ)လို့ http://news.ifeng.comမှာ ဖတ်ရတာလေးကို မျှဝေလိုက်ပါတယ်။

Vivien Leigh,(1913-Nov-5-1967-July-8)က (၁၂)ကြိမ်မြောက်နဲ့ (၂၄)ကြိမ်မြောက် အော်စကာဆုပေးပွဲမှာ အော်စကာရခဲ့တဲ့ မင်းသမီးဖြစ်တယ်။ ပိတ်ကားပေါ်က သူ့ရဲ့အချစ်ဇာတ်လမ်းတွေဟာ လူတိုင်းရဲ့နှလုံးသားကို ကိုင်လှုပ်နိုင်ခဲ့တယ်။ သူဟာ ရှေ့နေကတော်တစ်ဦးဆိုပေမယ့် ရုပ်ရှင်မင်းသမီးတစ်ဦး လုပ်ရဖို့ တောင့်တခဲ့တယ်။ ၁၉၃၁ခုနှစ်မှာ အသက် ၃၁နှစ်ရှိပြီဖြစ်တဲ့ ရှေ့နေ Holmanဟာ လမ်းမတစ်နေရာမှာ ၁၈နှစ်အရွယ် Vivienကို တွေ့လိုက်တယ်ဆိုရင်ပဲ Vivienရဲ့အလှထဲ နစ်မွန်းခဲ့တယ်။ အဲဒီကစ သူတို့ရဲ့အချစ်ဇာတ်လမ်းလေးစခဲ့တယ်။ ၁၉၃၉ခုနှစ်မှာ Gone With The Wind ဇာတ်ကား၊ ၁၉၅၁ခုနှစ်မှာ A Streetcar Named Desire ဇာတ်ကားနဲ့ ဆုရခဲ့တယ်။


Joan Fontaine ကို ၁၉၁၇ခုနှစ် အောက်တိုဘာလ ၂၂ရက်နေ့ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ မွေးဖွားခဲ့တယ်။ (၁၄)ကြိမ်မြောက်ဆုပေးပွဲမှာ အော်စကာဆုရတဲ့ မင်းသမီးဖြစ်တယ်။ သူဟာအသက်(၁ဝ)နှစ်ကျော်ကတည်းက ရုပ်ရှင်လောကထဲ ရောက်လာခဲ့ပြီး ၁၉၃၅ခုနှစ်မှာ ပထမဆုံးရုပ်ရှင်မှာ အရံတစ်ဦးအဖြစ် သူသရုပ်ဆောင်ခဲ့တယ်။ ၁၉၄ဝခုနှစ်မှာ ရုံတင်ခဲ့တဲ့ Rebecca ရုပ်ရှင်ကားနဲ့ ပထမဆုံးအကြိမ် အော်စကာဆု ရာထားခံခဲ့ရသူဖြစ်တယ်။ ၁၉၄၁ခုနှစ်မှာ Suspicion ဇာတ်ကားနဲ့ အော်စကာဆုကို ဆွတ်ခူးနိုင်ခဲ့တယ်။


Greer Garson ကို ၁၉ဝ၃ခုနှစ် လန်ဒန်မှာ မွေးဖွားခဲ့တယ်။ ၁၉၄၂ခုနှစ်မှာ Mrs Miniverဇာတ်ကားနဲ့ ၁၅ကြိမ်မြောက် အော်စကာဆုပေးပွဲမှာ ဆုရခဲ့တဲ့ မင်းသမီးဖြစ်တယ်။ နိုင်ငံ(၁၁)နိုင်ငံရဲ့ "ပရိသတ်အကြိုက်ဆုံး မင်းသမီးနဲ့ အကောင်းဆုံး သရုပ်ဆောင်မင်းသမီး"အဖြစ် သတ်မှတ်ခံခဲ့ရသူဖြစ်တယ်။


Jennifer Jones ကို ၁၉၁၉ခုနှစ် မေလ၂ရက်နေ့မှာ မွေးဖွားခဲ့တယ်။ သူက ၁၉၄၄ခုနှစ် ၁၆ကြိမ်မြောက် အော်စကာဆုပေးပွဲမှာ The Song of Bernadette ဇာတ်ကားနဲ့ အော်စကာဆုကို ရရှိခဲ့သူဖြစ်တယ်။ ၂ဝဝ၉ခုနှစ် အသက်(၉ဝ)မှာ ကွယ်လွန်ခဲ့တယ်။


Ingrid Bergman ကို ၁၉၁၅ခုနှစ် သြဂုတ်လ ၂၉ ရက်နေ့ ဆွီဒင်နိုင်ငံမှာ မွေးဖွားခဲ့တယ်။ (၁၇)ကြိမ်မြောက်နဲ့ (၂၉)ကြိမ်မြောက် အော်စကာဆုပေးပွဲမှာ ဆုရခဲ့တဲ့မင်းသမီးဖြစ်တယ်။ ၁၉၄၅ခုနှစ်မှာ Gaslight ဇာတ်ကားနဲ့ ပထမအကြိမ် အော်စကာဆုကို ရခဲ့ပြီး ၁၉၅၇ခုနှစ်မှာ Anastasia ဇာတ်ကားနဲ့ ဒုတိယအကြိမ် အော်စကာဆုကို ရရှိခဲ့တယ်။ ၁၉၇၄ခုနှစ်မှာ Murder on the Orient Express ဇာတ်ကားနဲ့ အော်စကာအရံဆုကို ရရှိခဲ့တယ်။ အိမ်ထောင် ၃ဆက်ကျသူဖြစ်ပြီး ၁၉၈၃ခုနှစ် အင်္ဂလန်နိုင်ငံမှာ ကွယ်လွန်တယ်။


Olivia De Havilland ကို ၁၉၁၆ခုနှစ် ဂျပန်မှာမွေးဖွားခဲ့တယ်။ ဖခင်က အင်္ဂလန်ကရှေ့နေတစ်ဦးဖြစ်ပြီး မိခင်က သရုပ်ဆောင်တစ်ဦးဖြစ်တယ်။ ၁၉ကြိမ်မြောက်နဲ့ ၂၂ကြိမ်မြောက် အော်စကာဆုပေးပွဲမှာ ဆုရခဲ့သူဖြစ်တယ်။ ၁၉၄၇ခုနှစ်မှာ To Each His Own ဇာတ်ကားနဲ့ ၁၉၅ဝခုနှစ်မှာ The Heiress ဖြစ်တယ်။


Audrey Hepburn (1929.5.4—1993.1.20)ကို ဘယ်ဂျီယံမှာ မွေးဖွားခဲ့တယ်။ ဘယ်ဂျီယံ၊ ဟော်လန်၊ အင်္ဂလန်၊ အိုင်ယာလန်သွေးစပ်သူဖြစ်တယ်။ (၂၆)ကြိမ်မြောက် အော်စကာဆုပေးပွဲမှာ Roman Holiday ဇာတ်ကားနဲ့ အော်စကာဆုရခဲ့တယ်။ အသက်(၆၃)နှစ်မှာ ကွယ်လွန်ခဲ့တယ်ဆိုပေမယ့် သူ့ပရိသတ်တွေက သူ့အလှ၊ သူ့သရုပ်ဆောင်ချက်ကို ယနေ့တိုင်တမ်းတနေခဲ့တယ်။ United Nations International Children's Emergency Fundရဲ့သံတမန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အာဖရိကနဲ့ တောင်အမေရိကန်က ဆင်းရဲသားကလေးတွေကို ကူညီပံ့ပိုးပေးခဲ့တယ်။


Grace Kelly (1928-1982)က (၂၇)ကြိမ်မြောက် အော်စကာဆုရှင်ဖြစ်တယ်။ သူဌေးသူကြွယ်မျိုးရိုးက ဆင်းသက်လာသူဖြစ်ပြီး Moroccoမင်းသားရဲ့ ကြင်ယာတော်ဖြစ်ခဲ့တယ်။ ၁၉၅၅ခုနှစ်မှာ The country girl ဇာတ်ကားနဲ့ အော်စကာဆုရခဲ့တယ်။


Katharine Hepburn (1907ခုနှစ် မေလ 12ရက်-2003ခုနှစ် ဇွန်လ 29ရက်) ကို အမေရိကန်မှာ မွေးဖွားခဲ့ပြီး (၆)ကြိမ်မြောက်၊ ၄ဝကြိမ်မြောက်၊ (၄၁)ကြိမ်မြောက်၊ (၅၄)ကြိမ်မြောက် အော်စကာဆုရှင်ဖြစ်တယ်။ ဖခင်မှာ ဆရာဝန်တစ်ဦးဖြစ်ပြီး မိခင်မှာ အမျိုးသမီးတွေ နိုင်ငံရေးမှာ ပါဝင်လာနိုင်အောင် စေ့ဆော်သူဖြစ်တယ်။ Katharineဟာ ငယ်ငယ်က အရမ်းရှက်တတ်သူဖြစ်ပြီး တက္ကသိုလ်ရောက်မှ သရုပ်ဆောင်တစ်ဦး ဖြစ်ချင်ခဲ့သူဖြစ်တယ်။ ၁၉၃၃ခုနှစ်မှာ Morning Glory ဇာတ်ကား၊ ၁၉၆၇ခုနှစ်မှာ Guess Who's Coming to Dinner ဇာတ်ကား၊ ၁၉၆၈ခုနှစ်မှာ The Lion in Winterဇာတ်ကား၊ ၁၉၈၁ခုနှစ်မှာ On Golden Pond ဇာတ်ကားနဲ့ အသီးသီး ဆုရခဲ့တာဖြစ်တယ်။


Elizabeth Taylor (၁၉၃၂ခုနှစ် ဖေဖော်ဝါရီ ၂၇ရက်--- )ကို လန်ဒန်မှာမွေးဖွားခဲ့တယ်။ သူဟာ (၃၃)ကြိမ်မြောက်နဲ့ (၃၇)ကြိမ်မြောက် အော်စကာဆုရှင်ဖြစ်တယ်။ ပြာလဲ့လဲ့ သူမျက်လုံးအရောင်က တက်ကြွမှုကိုပြတယ်။ သူဟာ ပါရမီအရှိဆုံး သရုပ်ဆောင်မဟုတ်ပေမယ့် လူကိုအဆွဲဆောင်နိုင်ဆုံး သရုပ်ဆောင်ဖြစ်တယ်။ ဟော်လိဝုဒ်ရဲ့ မညိုးနွမ်းတဲ့ပန်း ကမ္ဘာ့အလှဆုံးအမျိုးသမီးလို့ သူ့ကိုတင်စားကြတယ်။ သူဟာ ရုပ်ရှင်လောကမှာ လခမီလီယံဒေါ်လာရတဲ့ မင်းသမီးဖြစ်တယ်။ ၁၉၆ဝခုနှစ်မှာ Butterfield 8 ဇာတ်ကား၊ ၁၉၆၆ခုနှစ်မှာ Who's Afraid of Virginia Woolf? ဇာတ်ကားနဲ့ အော်စကာဆုရရှိခဲ့သူဖြစ်တယ်။ အိမ်ထောင်ဆက် ၈ ဆက်ကျခဲ့သူဖြစ်တယ်။

နိုင်းနိုင်းစနေ


Share/Bookmark