Monday, May 30, 2011

ပျော်ရွှင်ခြင်း ၁ဝခု


ပစ္စည်းဥစ္စာ

ငွေကြေးနဲ့ ပျော်ရွှင်ခြင်းကို အတိုင်းအတာတစ်ခုအထိ ဝယ်ယူလို့ရနိုင်သလို ရာထူး၊ နေရာတွေကိုလည်း ဝယ်ယူလို့ရနိုင်ပါတယ်။ ဒါပေမဲ့ စားဝတ်နေရေးဆိုတာကို ဖြေရှင်းနိုင်ပြီးနောက် သင့်မှာရှိတဲ့ပိုလျှံတဲ့ ငွေတစ်ပြားတစ်ချပ်တိုင်းရဲ့ အရေးပါမှုဟာ သေးသထက်သေးငယ်သွားပါတယ်။

လိုအင်ဆန္ဒ

လိုအင်ဆန္ဒက ပျော်ရွှင်ခြင်းရဲ့ရန်သူဖြစ်တယ်။ ရောင့်ရဲတင့်တိမ်နိုင်သူမှ ပျော်ရွှင်တယ်။ ဆန်းစစ်ချက်အရ တခြားလူနဲ့ အနိမ့်အမြင့် မနှိုင်းယှဉ်ဘဲရတဲ့ ပျော်ရွှင်မှုဟာ ဝင်ငွေကောင်းလို့ရတဲ့ ပျော်ရွှင်မှုထက် ငါးဆလို့ဆိုပါတယ်။

အသိဉာဏ်

အသိဉာဏ်ရဲ့ပံ့ပိုးမှုဟာလည်း ပျော်ရွှင်ခြင်းနဲ့ သက်ဆိုင်ပါတယ်။ ဆန်းစစ်ချက်အရ ပိုထက်မြက်တဲ့လူဟာ အလိုဆန္ဒပိုများကြောင်း တွေ့ရတယ်။ ပိုမြင့်တဲ့ အောင်မြင်မှုကိုမရလေ ဆန္ဒမပြည့်ဝလေ မပျော်ရွှင်လေဖြစ်တယ်။ နောက်ပြီး အသိဉာဏ်မြင့်တိုင်း လူလူချင်း ပေါင်းသင်းဆက်ဆံရေးကို အဆင်ပြေချောမွတ်အောင် လုပ်နိုင်စွမ်းရှိတယ်လို့ မဆိုသာပါဘူး။

မျိုးရိုးဗီဇ

ပျော်ရွှင်ခြင်းရဲ့အတိုင်းအတာတစ်ခုဟာ မွေးရာပါကလာတာဖြစ်တယ်။ ပျော်ရွှင်ခြင်းကို သိနားလည်၊ ခံစားနိုင်တဲ့ ၉ဝ%အတိုင်းအတာက မျိုးရိုးဗီဇကြောင့်ဖြစ်တယ်။ တစ်ပြိုင်တည်းမှာပဲ မိဘတွေရဲ့ မှန်ကန်တဲ့ အတွေးအမြင်၊ ဆုံးဖြတ်ချက်နဲ့ ကောင်းမွန်တဲ့ ဆုံးမသွန်သင်မှုတွေနဲ့လည်း တိုက်ရိုက်သက်ဆိုင်ပါတယ်။

အလှအပ

လှပတဲ့လူတွေ ပိုပျော်ရွှင်တယ်ဆိုတဲ့စကားက လူအများအတွက် သတင်းဆိုးဖြစ်နိုင်တယ်။ ဒါပေမဲ့ သင်လှတယ်လို့ သင့်ကိုယ်သင်ယုံကြည်ဖို့ပဲ လိုအပ်ပါတယ်။ မိန်းကလေးတွေလည်း ကိုယ့်ကိုယ်ကို အရမ်းဝတယ်လို့ အမြဲမထင်ဖို့နဲ့ ယောက်ျားလေးတွေကလည်း ကိုယ့်ကိုယ်ကို မခန့်ဘူး၊ မတောင့်တင်းဘူးလို့ အမြဲမထင်ဖို့ပဲလိုပါတယ်။

သူငယ်ချင်း

သူငယ်ချင်းဆိုတာ ပျော်ရွှင်ခြင်းရဲ့ ရေသောက်မြစ်ဖြစ်တယ်။ ပညာရှင်တွေရဲ့ ဆန်းစစ်ချက်မှာ ဝင်ငွေနဲ့ ရာထူးအနိမ့်အမြင့် မတူတဲ့လူတွေမှာ တူညီတဲ့ပျော်ရွှင်မှုတွေ ရနေတာဟာ သူငယ်ချင်းတွေကြောင့်လို့ ဆိုပါတယ်။

အိမ်ထောင်ရေး

အိမ်ထောင်ကျသူဟာ အိမ်ထောင်မကျသူတွေထက် ပိုပျော်ရွှင်တာတွေ့ရတယ်။ ကမ္ဘာ့သိပ္ပံပညာရှင်တွေရဲ့ သဘောတူဆွေးနွေးချက်မှာ အပျော်ရွှင်ဆုံး စိတ်ခံစားချက်ဟာ အိမ်ထောင်ကျပြီး နောက်တစ်နှစ်အထိ ရှိနိုင်ကြောင်း တွေ့ရတယ်။

ကိုးကွယ်ယုံကြည်မှု

ဒါဟာလည်း ပျော်ရွှင်ခြင်းနဲ့ တနည်းနည်း သက်ဆိုင်နေခဲ့ပါတယ်။ ယုံကြည်ကိုးကွယ်မှုက ကံမကောင်းခြင်း၊ ဘေးဆိုးကဒ်ဆိုးတွေကို မောင်းထုတ်နိုင်တဲ့ လူလူချင်း တစ်ယောက်ကိုတစ်ယောက် ကူညီအားပေးနိုင်တဲ့ အကျိုးကိုဖြစ်စေပါတယ်။

ချစ်ခြင်းမေတ္တာ

ချစ်ခြင်းမေတ္တာဟာလည်း ပျော်ရွှင်ခြင်းကိုဖြစ်စေကြောင်း လူအနည်းစုလောက်သာ သိခဲ့ကြတယ်။ ကောင်းမှုလုပ်တဲ့သူ၊ ချစ်ခြင်းမေတ္တာဖြန့်ဝေသူတွေဟာ ပိုပျော်ရွှင်တာကိုတွေ့ရတယ်။ ဒါပေမဲ့ ဒီလိုပျော်ရွှင်ခြင်းက ကိုယ်ကျိုးမငဲ့တဲ့၊ စေတနာရှိတဲ့ ပေးဆပ်ခြင်းနဲ့ပဲ သက်ဆိုင်ပါလိမ့်မယ်။

အသက်အရွယ်

အသက်အရွယ်ကြီးသူတွေဟာ ပိုပျော်ရွှင်ကြတယ်။ အသက်အရွယ် ကြီးရင့်အိုမင်းလာသည့်နည်းတူ အသက်ကြီးသူတွေဟာ ပျော်ရွှင်နိုင်မယ့်အရာတွေကိုပဲ ဖမ်းဆုပ်တတ်ဖို့ ပိုနားလည်လာခဲ့ကြတယ်။ ပြဿနာဖြစ်စေတဲ့၊ စိတ်ညစ်စေတဲ့အရာကို အလွယ်တကူ လက်လွတ်တတ်ဖို့ သူတို့နားလည်ခဲ့ကြတယ်။

မူရင်း--- http://www.duwenzhang.com/wenzhang/shenghuosuibi/shenghuoganwu/20101114/161912.html

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Sunday, May 29, 2011

Jummy နဲ့ သူရဲ့သရုပ်ဖော်ပုံများ


တကယ်တော့ နင့်ခေါင်းကိုနင်းပြီး
အမြင့်ကို ငါတက်ချင်တာမဟုတ်ပါဘူး

ငါလည်းပဲ မတတ်နိုင်လို့ပါ
သူ ငါ့ကိုနင်းတယ်၊ ငါ နင့်ကိုနင်းတယ်
သူနင်း ငါနင်းနဲ့ အားလုံးအကျင့်ဖြစ်ကုန်ကြတယ်။
အမြင့်ကို တက်နေသူက ငါ
အနင်းခံရသူက နင်မို့... ဝမ်းသာမိတယ်။


အောက်ထပ်က လေထုတွေ ညစ်ညမ်းလွန်းတယ်
အတင်းသတင်းတွေ၊ လူကိုလှည့်စားတဲ့ ကစားနည်းတွေ၊
လျှို့ဝှက်သဲဖို အစီအစဉ်တွေနဲ့
လောကကြီးကို လေးလံထိုင်းမှိုင်းစေတယ်
အမြင့်ကိုပဲ ငါ ထိုးတက်ပြီး
စာအုပ်ရဲ့အတွေးကမ္ဘာထဲမှာ
လတ်ဆတ်တဲ့လေကို ငါရှုရှိုက်ချင်မိတယ်။

နားမလည်တဲ့ ရုပ်ရှင်တစ်ကားကို ကြည့်မိတယ်
ဘေးပတ်လည်ကို စောင်းငဲ့ကြည့်တော့
တခြားလူတွေက ရုပ်ရှင်ထဲ စီးမျောနေတာကိုတွေ့တယ်
အဲဒီမှာ အထီးကျန်ခြင်းရဲ့ အဓိပ္ပာယ်ကို
ရုတ်တရက် နားလည်လိုက်မိတယ်

သက်တန့်ထွက်လာတဲ့အသံကို ငါမကြားဘူး
နေဝင်သွားတဲ့အသံကို ငါမကြားဘူး
ပန်းပွင့်၊ နှင်းကျတဲ့ ကြည်နူးသံကို ငါမကြားဘူး
လေတိုက်မြက်လှုပ်တဲ့ အန္တရာယ်သံကို ငါမကြားဘူး
ဝံပုလွေအော်သံ၊ မုဆိုးရဲ့ သေနတ်သံ၊ အိန်ဂျယ်ရဲ့ငိုသံ ငါမကြားဘူး
မြက်ရိုင်းတွေကြား ဟိုဒီပြေးလွှားနေတဲ့
အထီးကျန်တဲ့အသံကိုပဲ ငါကြားမိတယ်။


ဖိအားနဲ့ပတ်သက်ပြီး
ဆရာဝန်တွေလည်း သေချာရှင်းမပြတတ်ဘူး
တစ်ခါတလေမှာ ဖိအားများတာကို ခံနိုင်တယ်
တစ်ခါတလေမှာ ဖိအားနည်းနည်းလေးတောင် မခံနိုင်ဘူး
ငါ့ရဲ့ ဖိအားက
အရာဝတ္ထု လေးတာကြီးတာနဲ့ မဆိုင်ဘူး၊ အချိန်နဲ့ မဆိုင်ဘူး
နင့်ရဲ့ အံ့သြထိတ်လန့်တဲ့ အကြည့်တစ်ချက်
လျှို့ဝှက်တဲ့အပြုံးတစ်စက်နဲ့ပဲ ဆိုင်ခဲ့တယ်

ဂျိုကာရုပ်ရဲ့လောကမှာ
အမြဲတမ်း ၂ ပိုင်း ၁ ပိုင်း အခွဲခံရတယ်
တစ်ပိုင်းက နေရောင်၊ တစ်ပိုင်းက အရိပ်
တစ်ပိုင်းက ပျော်ရွှင်ခြင်း၊ တစ်ပိုင်းက ဝမ်းနည်းခြင်း
အဲဒီ ထူးဆန်းတဲ့ ခွဲခြားမျဉ်းဟာ ဘာလဲဆိုတာကို
ငါအရမ်း သိချင်နေခဲ့တယ်။


လူတချို့ ပေါ်လာကြတယ်
လူတချို့ နစ်သွားကြတယ်
တိုက်ပေါ်ကရူခင်းနဲ့ တိုက်အောက်ကရူခင်းက
အမြဲ မတူပါဘူး
ဒါကြောင့် ဘယ်သူကမှ ဘယ်သူ့ကို အားမကျပါနဲ့...

ပိရမစ်ရပ်ကစားနည်း ကစားတဲ့အချိန်
ဘယ်နေရာမှာ ရပ်ရတာကို နင်ကြိုက်သလဲ?

အမြင့်ဆုံးလား? ပြုတ်ကျတဲ့အခါ အထိပိုနာတယ်
အောက်ဆုံးလား? အပေါ်ကဖိတဲ့အားနဲ့ ပိုနာကျင်တယ်
အလယ်လား? ဒါက သိပ်ပျော်စရာမကောင်းဘူး
ပိရမစ်ရပ်တဲ့အချိန်
ငါရွေးခဲ့တဲ့နေရာတိုင်းကို ငါနောင်တရတယ်...


Jummyရဲ့ သရုပ်ဖော်ပုံလေးတွေ မတင်တာကြာခဲ့ပါပြီ။ သူ့စာနဲ့ သူ့သရုပ်ဖော်ပုံလေးတွေ ကြိုက်နှစ်သက်လို့ တင်ပေးပါဦးဆိုလို့ အင်တာနက်ပေါ် ဖတ်ရတဲ့ သူ့စာတချို့ကို ဘာသာပြန် မျှဝေလိုက်ပါတယ်း)

နိုင်းနိုင်းစနေ


Share/Bookmark

Friday, May 27, 2011

ဘဝမှာ မရှိမဖြစ်တဲ့သူငယ်ချင်း


သူငယ်ချင်း မိတ်ဆွေတွေနဲ့ပတ်သက်တဲ့ စကားတစ်ခွန်းက ဒီလိုဆိုထားပါတယ်။
"သူငယ်ချင်းမိတ်ဆွေများရင် လျှောက်တဲ့လမ်းက ဖြောင့်သွားတယ်"တဲ့။


သူငယ်ချင်း မိတ်ဆွေတွေ အသစ်တိုးတာ မင်္ဂလာတစ်ပါးပါ။ လူတိုင်း သူငယ်ချင်းအသစ်တွေနဲ့ ခင်မင်ရင်းနှီးနိုင်ဖို့ မျှော်လင့်ကြတယ်။ ဒါပေမဲ့ (American Sociological Review,ASR)က သူတို့လေ့လာဆန်းစစ်ခဲ့တဲ့ ဆန်းစစ်ချက်အရ အခုခေတ်လူတွေမှာ သူငယ်ချင်းတွေ နည်းသထက်နည်းခဲ့ကြတာကို တွေ့ရတယ်။ လေ့လာဆန်းစစ်ခံရသူ ၄ပုံ၁ပုံက သူတို့မှာ သူငယ်ချင်းနည်းရတဲ့အကြောင်းက ဘယ်သူ့ကိုမှ ယုံကြည်လို့မရကြောင်း ဆိုထားကြတယ်။

လျင်သူစားစတမ်း၊ သာသူမြတ်ဆိုတဲ့ ခေတ်ကာလကြောင့် လူအချင်းချင်းကြားမှာ ဘယ်သူက အစစ်အမှန်၊ ဘယ်သူက အတုအယောင်ဆိုတာကို ခွဲခြားဖို့ခက်ခဲသွားတယ်။ "သူငယ်ချင်း"ဆိုတဲ့ အခေါ်ကိုလည်း ကျွန်တော်တို့ ထိတ်လန့်လာခဲ့ကြတယ်။

ဒီလိုဆိုရင် ဘယ်လိုအရာမျိုးကို သူငယ်ချင်းအစစ်အမှန်လို့ ခေါ်သလဲ?

လူတစ်သက်မှာ အဲဒီလို သူငယ်ချင်းမျိုး ဘယ်နှယောက်လိုသလဲ?

အမေရိကန်စာရေးဆရာ Todd Parrက "အရင်းနှီးဆုံး သူငယ်ချင်းတစ်ယောက်ဆီကနေ သင်လိုချင်တဲ့အရာတွေ ရလိမ့်မယ်လို့ မမျှော်လင့်ပါနဲ့"လို့ ဆိုထားတယ်။
အမေရိကန်စာရေးဆရာ Tom Rathက လူတစ်ယောက်မှာ မရှိမဖြစ်တဲ့ သူငယ်ချင်း(၈)မျိုး လိုအပ်တယ်ဆိုပြီး အခုလို့ရေးသားခဲ့ပါတယ်။

(၁) ဆရာနဲ့တူတဲ့ သူငယ်ချင်း

သူတို့က သင့်ကောင်းကွက်တွေ သင်ကိုယ်တိုင် သိမြင်နိုင်ဖို့ သင့်ကိုအမြဲကူညီအားပေးတယ်။ ဒီလို သူငယ်ချင်းမျိုးကို ဆရာအမျိုးအစားလို့ခေါ်တယ်။ သူတို့က သင့်ရဲ့ဆရာဖြစ်ချင်မှဖြစ်မယ်။ ဒါပေမဲ့ သူတို့မှာ အခြားဗဟုသုတ၊ အတွေ့အကြုံတွေနဲ့ ပြည့်စုံတယ်။ သင့်ရဲ့အလုပ်အကိုင်၊ မိသားစု၊ လူလူချင်း ပေါင်းသင်းဆက်ဆံရေးတွေမှာ သူတို့က သင့်ကို အကြံဉာဏ်တွေပေးနိုင်တယ်။ လူ့ဘဝမှာ ဒီလိုသူငယ်ချင်းမျိုးက သင့်စိတ်ကို ထောက်ကူပေးတဲ့သူဖြစ်တယ်။ သူတို့ဟာ သင့်အနားမှာ အမြဲရှိနေပြီး သင်အတုယူထိုက်သူလည်းဖြစ်တယ်။

(၂) ဖေးမကူညီတဲ့သူငယ်ချင်း

သင့်ကို ဆုံးမလမ်းညွှန်ပြီး လူတွေရှေ့မှာ သင့်ကိုချီးမွမ်းစကားပြောတဲ့ သူငယ်ချင်း... ဒီလိုသူငယ်ချင်းမျိုးက "နင့် ငါ့ကိုကူ၊ ငါ နင့်ကိုကူ"ဆိုတဲ့ အချင်းချင်း ကူညီအားပေးတဲ့သူဖြစ်တယ်။ ဘဝရှင်သန်ကြီးပြင်းရာ လမ်းတစ်လျှောက်မှာ သူငယ်ချင်းရဲ့ ဖေးမကူညီမှု၊ ချီးကျူးမှုတွေက အဖိုးတန်လွန်းတယ်။ ဆင်းရဲဒုက္ခ၊ အခက်အခဲတွေနဲ့ သင်ရင်ဆိုင်ရချိန် ဒီလိုသူငယ်ချင်းမျိုးက သင့်အခက်အခဲတွေကို ကူညီမျှဝေဖြေရှင်းပေးတယ်။ သင့်ရင်ထဲက ဖိအားကို လျော့ချပေးတယ်။ သူတို့ရဲ့ယုံကြည်မှုက သင့်အတွက် စိတ်ဓာတ်အားဆေးဖြစ်တယ်။

(၃) စိတ်တူကိုယ်တူ သူငယ်ချင်း

သင်နဲ့ ဝါသနာတူသူက သင်နဲ့ပေါင်းဖက်ဖို့ အသင့်တော်ဆုံး သူငယ်ချင်းဖြစ်တယ်။ ဒီလိုသူငယ်ချင်းမျိုးနဲ့ အတူနေချိန် သင့်စိတ်က သူတို့စိတ်နဲ့ အာရုံခံစားမှုချင်းတူတယ်။ ဒါကို "နားလည်မှု"လို့ခေါ်တယ်။ သင့်ပြောတဲ့စကား၊ သင့်တွေးတဲ့အတွေးတွေက သူတို့အတွေးတွေနဲ့ ထပ်တူနီးနီးကျတယ်။ စိတ်ချင်းကူညီအားပေးတဲ့ ခံစားမှုမျိုးကိုရတယ်။ ဒီလိုသူငယ်ချင်းမျိုးက သင့်ကိုယ်သင် အသိအမှတ်ပြုလာအောင် ကူညီပေးသလို သင့်ဝါသနာ၊ သင့်ရည်မှန်းချက်၊ သင့်အကြိုက်တွေကို သူတို့နဲ့အတူ မျှဝေခံစားနိုင်တယ်။ ဒီလို မျှဝေခံစားမှုမျိုးက သင့်စိတ်ကို လုံခြုံစေတယ်။ မိမိကိုယ့်ကို ယုံကြည်မှုရှိစေတယ်။ စိတ်ကူးကို အလွယ်တကူ အကောင်အထည်ပေါ်စေတယ်။ သင့်ဘဝကို ပျော်ပျော်ရွှင်ရွှင်နဲ့ ရှင်သန်ကြီးပြင်းစေပါတယ်။

(၄) တံတားခင်းပေးတဲ့ သူငယ်ချင်း

ဒီလိုလူမျိုးက ကူညီတဲ့သူငယ်ချင်း အမျိုးအစားဖြစ်တယ်။ သင် အားရကျေနပ် ပျော်ရွှင်ချိန်မှာ သူတို့ရဲ့အရိပ်တွေက သင့်အနားမှာရှိမနေဘူး။ သင့် စိတ်ညစ်အားငယ် ကြေကွဲချိန်ကျမှ သင့်ရှေ့မှောက် ရောက်လာတတ်သူတွေဖြစ်တယ်။ သင်ယုံကြည်စိတ်ချရတဲ့ ကူညီမှုမျိုးကို သူတို့ပေးတယ်။ မျှော်လင့်ချက်နဲ့ အခွင့်အရေးကို သင်ပြန်မြင်ရဖို့ သူတို့စွမ်းဆောင်ပေးတယ်။ စိတ်ဓာတ်တွေ အရောင်တောက်အောင် သူတို့မပြတ်ကူညီပေးတတ်တယ်။

(၅) အားပေးဖော် သူငယ်ချင်း

ဒီလိုလူမျိုးက သင့်ကိုပေါ့ပါးလန်းဆန်းစေတဲ့ သူငယ်ချင်းဖြစ်တယ်။ တချို့သူငယ်ချင်းတွေက သင့်ကိုခင်မင်ရင်းနှီးပြီးတာနဲ့ သင့်ကို တခြားစိတ်တူကိုယ်တူ သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးတယ်။ သင့်စိတ်တွေ မွန်းကြပ်တဲ့အခါ၊ စိတ်ညစ်တဲ့အခါ သူတို့က သင့်ရင်ဖွင့်သံကို ပထမဦးဆုံး နားထောင်ပေးသူတွေဖြစ်တယ်။ ဒီလို သူငယ်ချင်းမျိုးက သင့်အတွက် အကောင်းဆုံးနားထောင်သူဖြစ်တယ်။ သင့်စိတ်ကို ဖြေလျော့စေတယ်။ သူတို့နဲ့ပေါင်းသင်းရတာ သင့်ကို ဘာစိတ်ဖိအားမှ မရှိစေတဲ့အပြင် သင့်ရင်ထဲက မွန်းကြပ်နေတဲ့အရာတွေကို ထွက်ပေါက်ပေးစေတယ်။ သင့်ရဲ့ တည်ငြိမ်အေးချမ်းတဲ့စိတ်ကို အသစ်တစ်ဖန် မွေးဖွားစေပါတယ်။

(၆) အသိအမြင်တိုးပွားစေတဲ့ သူငယ်ချင်း

သင့်ကို ဆန်းသစ်တဲ့အမြင်၊ ဆန်းသစ်တဲ့အခွင့်အရေးတွေကို တွေ့မြင်စေတဲ့သူငယ်ချင်းဖြစ်တယ်။ ဒီလိုသူငယ်ချင်းမျိုးလည်း ဘဝမှာ မရှိလို့မဖြစ်ပါဘူး။ သူတို့ဟာ သင့်ရဲ့ "ကမ္ဘာ့စာကြည့်တိုက်"ဖြစ်တယ်။ ဒီလိုသူငယ်ချင်းမျိုးက သင့်အသိဉာဏ်၊ ဗဟုသုတ၊ ပေါင်းသင်းဆက်ဆံရေးကို ကျယ်ပြန့်စေတယ်။ သင့်ကို မတူတဲ့စိတ်ခံစားမှုမျိုးကို ခံစားစေတယ်။ သင့်ကို မြင့်မြင့်ရပ်၊ ဝေးဝေးလှမ်းကြည့်တတ်ဖို့ သင်ပေးသူတွေဖြစ်တယ်။

(၇) လမ်းပြသူ သူငယ်ချင်း

သင့်စိတ်ကူးအတွေးတွေကို သန့်ရှင်းကူညီပေးသူ၊ လမ်းပြအကြံပြုတဲ့ သူငယ်ချင်းမျိုးဖြစ်တယ်။ ဒီလိုသူငယ်ချင်းမျိုးက လမ်းပြမီး အမျိုးအစားဖြစ်တယ်။ လူတိုင်းမှာ လိုအပ်ချက်နဲ့ အကူအညီဆိုတာ လိုအပ်တယ်။ တချို့အခက်အခဲတွေကို သင့်ကိုယ်ပိုင်စွမ်းအားနဲ့ ဖြေရှင်းဖို့မလွယ်ကူတဲ့အခါ ဒီလိုသူငယ်ချင်းမျိုးက သင့်ကို စိတ်ပါလက်ပါကူညီပြီး အသင့်တော်ဆုံး အကြံတွေကိုပေးတယ်။ သင့်စိတ်ရှုပ်ထွေးတဲ့အခါ၊ စိတ်ညစ်တဲ့အခါပဲဖြစ်ဖြစ် သူတို့ကို သင်ရင်ဖွင့်နိုင်တယ်။ သူတို့က ရှုပ်ထွေးနေတဲ့ သင့်စိတ်ကို ကူညီသန့်ရှင်းပေးပြီး ကြည်လင်တဲ့ဖက်ကို လမ်းညွှန်ပေးတယ်။

(၈) သင့်ကိုအဖော်ပြုတဲ့ သူငယ်ချင်း

ကောင်းတဲ့သတင်းပဲဖြစ်ဖြစ်၊ ဆိုးတဲ့သတင်းပဲဖြစ်ဖြစ် သူတို့ကိုအရင် သင်ပြောပြတယ်။ သူတို့ဟာ သင်နဲ့ အမြဲအတူရှိနေတယ်။ ဒီလိုသူငယ်ချင်းမျိုးက ပင်လယ်ထက်ကျယ်တဲ့ ရင်ခွင်ရှိတယ်။ တောင်တန်းတွေလို မြင့်မားတဲ့ စိတ်သဘောထားရှိတယ်။ သူတို့ကို သင်ဘယ်အချိန်သွားရှာခဲ့ရှာခဲ့ သူတို့က သင့်ကိုနွေးနွေးထွေးထွေး ကြိုဆိုတယ်။ သူတို့က သင့်အတွက် စိတ်ပြည့်ဝ၊ တည်ငြိမ်စေတဲ့ သူငယ်ချင်းဖြစ်တယ်။ တစ်ခါတလေ ပြောစရာ စကားများများစားစား မရှိချင်နေ သင့်အနားမှာ သူတို့ရှိတယ်ဆိုရင်ပဲ သင့်စိတ်ကို တည်ငြိမ်အေးချမ်းစေပါတယ်။

သူငယ်ချင်းတွေနဲ့ အမြဲမဆက်သွယ်တိုင်း၊ အမြဲမတွေ့ဆုံမိတိုင်း မေ့သွားပြီလို့ မဆိုနိုင်ပါဘူး။
သူငယ်ချင်းဆိုတာ ဟောင်းနွမ်းသွားလို့ရပေမယ့် ခင်မင်ရင်းနှီးမှုက ယုတ်လျော့သွားလို့ မရဘူး။
သင့်ဘဝတစ်သက်မှာ စိတ်တူကိုယ်တူ သူငယ်ချင်းကောင်း ဘယ်နှယောက်ရှိနိုင်မလဲ?
တကယ်လို့ အထက်က သူငယ်ချင်းမျိုးနဲ့ သင်ကြုံဆုံလာတဲ့အခါ သူတို့ကို တန်ဖိုးထားမြတ်နိုးလိုက်ပါ။

(ဒီစာကိုရေးနေတုန်း ရန်ကုန်က သူငယ်ချင်းတစ်ယောက် လိုင်းပေါ်တက်လာတယ်။ အဲဒီသူငယ်ချင်းက ကျွန်မ စာတွေစမရေးခင်ကတည်းက ချက်ရွန်းတစ်ခုမှာ ခင်မင်ခဲ့တဲ့သူငယ်ချင်းဖြစ်တယ်။ ကျွန်မရဲ့ အားပေးဖော် သူငယ်ချင်း၊ အနွံအတာခံတဲ့ သူငယ်ချင်းဖြစ်တယ်။ ဘဝမှာ ခင်မင်ရင်းနှီးခွင့်ရတဲ့ သူငယ်ချင်းတွေ များစွာရှိခဲ့တယ်။ အပြင်မှာဆုံဖူးတဲ့ သူငယ်ချင်းတွေရော၊ မဆုံဖူးတဲ့ သူငယ်ချင်းတွေကိုရော ကျွန်မကျေးဇူးတင်တယ်။ သူတို့ကြောင့် ဘဝက ပိုပျော်စရာကောင်းမှန်း ကျွန်မသိခဲ့လို့ဖြစ်တယ်)

မူရင်း--- http://www.360doc.com/content/11/0320/00/1125123_102751369.shtml

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Wednesday, May 25, 2011

ငှက်ငယ်လေးနဲ့သစ်ပင်


အိမ်ထောင်သက်(၂၆)နှစ်လုံးမှာ ဇနီးဟာ ကျွန်တော့်ကိုယ်ပေါ်က အဆောင်လက်ဖွဲ့ကြိုးလို ကျွန်တော့်အပါး တဖဝါးမှမခွာဘဲ အမြဲရှိနေခဲ့တယ်။ ပေါင်းသင်းခဲ့တဲ့နှစ်တွေ ကြာလာတာနဲ့အမျှ ကျွန်တော်တို့ဟာ နှစ်ကိုယ်တစ်စိတ်အဖြစ်၊ ဘယ်လက်နဲ့ညာလက်လို၊ စိတ်လှုပ်ရှားမှုမရှိ ဘဝကိုရိုးရိုးရှင်းရှင်း ဖြတ်ကျော်ခဲ့ကြတယ်။ တစ်ခါတလေမှာ ရန်ပွဲလေးတစ်ပွဲ ဆင်နွှဲချင်တယ်ဆိုရင်တောင် ခက်ခဲနေခဲ့ပါတယ်။

ဒီနှစ်မှာ သမီးအလုပ်သင်ဆင်းဖို့ တခြားမြို့ကို သွားရမယ်ဆိုတော့ ဇနီးက အဖော်လုပ်တယ်။ မိတ်ဆွေတချို့က သမီးအတွက်နဲ့ ၂နေရာခွဲနေဖို့လိုသလားလို့ မေးတယ်။ သားသမီးလိုအပ်တာတွေကို မိဘတွေက အမြဲပေးဆပ်နေကြတာပဲ မဟုတ်ပါလား!

ဇနီးနဲ့သမီး သွားလိုက်တဲ့ပထမတစ်လမှာ
ကျွန်တော့်နေ့ရက်တွေ တော်တော်လွတ်လွတ်လပ်လပ် ရှိခဲ့တယ်ဆိုပေမယ့် လအတန်ကြာတော့ ကျွန်တော်ရင်ထဲကအလွမ်းတွေ အညှောင့်ပေါက်စပြုလာတယ်။ နေ့တိုင်းဖုန်းတွေဆက်ခဲ့လည်း၊ ရုံးပိတ်ရက်တိုင်း သူတို့ဆီ ကျွန်တော်သွားခဲ့လည်း ခွဲခွာခြင်းဆိုတဲ့ အလွမ်းတစ်မျိုးက ကျွန်တော့်နှလုံးသားကို ရစ်ပတ်လို့နေတယ်။

သမီးကလည်း ကျွန်တော်ဆီဖုန်းဆက်ပြီး "မေမေ ကြည့်ရတာ ခုတလော သိပ်မပျော်ဘူး။ ပြုံးပြုံးရွှင်ရွှင်မရှိသလို စကားလည်း သိပ်မပြောဘူး။ မှိုင်တွေနေသလိုပဲ"လို့ဆိုတယ်။ ဇနီးကို ကျွန်တော်မေးတော့ သူက "အိမ်ကို လွမ်းလို့ပါ"လို့ ဖြေတယ်။ သူ့အနားမှာ သမီးရှိတယ်ဆိုပေမယ့် အိမ်လွမ်းတဲ့အလွမ်းကိုတော့ သူမျိုသိပ်မထားနိုင်ခဲ့ဘူး။ အိမ်မှာ အဖေအမေရှိတယ်။ အိမ်နီးနားချင်းရှိတယ်။ ပြီးတော့ ကျွန်တော်ရှိတယ်။ သူရင်းနှီးတဲ့ မြက်တစ်ပင်တိုင်း၊ ပန်းတစ်အိုးတိုင်းရှိတယ်။ အိမ်မှာရှိတဲ့ ကြောင်နှစ်ကောင်ကိုလည်း သူသတိရတယ်။

အချင်းချင်းချစ်ကြသူတွေဟာ အတူတူနေကြတဲ့အချိန်မှာ တစ်ယောက်ကိုတစ်ယောက် ချစ်ကြမှန်း တစ်ခါတလေ သိပ်သတိမထားမိတတ်ကြဘူး။ တစ်ယောက်တစ်နေရာ
ဝေးကွာသွားတဲ့အခါကျမှ အဖော်မဲ့၊ အထီးကျန်တာကို ခံစားကြရတယ်။

"ခင့်အနားမှာ သမီးအမြဲရှိနေတာပဲ မဟုတ်လား"လို့ ဇနီးကိုကျွန်တော်မေးတော့ ဇနီးက "လင်ယောက်ျား အနားရှိတာနဲ့တော့ ဘယ်တူမလဲ? ကုတင်ပေါ်မှာ သားသမီးအပြည့်ရှိလည်း ကုတင်တစ်ဝက်စီပေါ်က လင်မယားနဲ့တော့ နှိုင်းလို့မပါဘူး"လို့ ပြောပါတယ်။

"ဖုန်းပြောတိုင်း မေမေ မျက်ရည်ခိုးခိုးသုတ်တယ်"လို့ မကြာခဏ သမီးပြောတော့ ကျွန်တော့်စိတ်တွေ အလိုမကျဖြစ်မိတယ်။ ဇနီးကို အရမ်းကြံ့ခိုင်တယ်၊ စိတ်မာတယ်လို့ ကျွန်တော်ထင်ထားခဲ့တယ်။ အခုတော့ သူက အဲဒီလိုမဟုတ်ခဲ့ဘူး။ များသောအားဖြင့် ဇနီးမယားတစ်ယောက်ဟာ လင်ယောက်ျားနဲ့အတူနေချိန်မှာ ကြံ့ခိုင်တယ်ဆိုပေမယ့် လင်ယောက်ျားနဲ့ခွဲခွာတော့ သစ်ပင်ကိုခွဲသွားတဲ့ ငှက်ကလေးလို့ အားငယ်စိတ်ပျော့သွားတတ်တယ်။ ကိုယ်ချစ်တဲ့ယောက်ျား ကိုယ့်အနားမရှိတဲ့ ခံစားမှုမျိုးက မိန်းကလေးတစ်ယောက်ကို စိတ်ပင်ပန်းစေတယ်၊ ခံစားစေတယ်။ မိန်းကလေးတစ်ယောက်ရဲ့ ကြံ့ခိုင်သန်မာတဲ့ အပြင်သဏ္ဍာန်က နူးညံ့ပျော့ပျောင်းတဲ့ နှလုံးသားတစ်စုံကို ဖုံးအုပ်ထားတယ်ဆိုတာ ဘယ်သူမှ မသိနိုင်ခဲ့ပါတယ်။

မေဒေးရုံးပိတ်ရက်မှာ သူတို့ကို ကျွန်တော်သွားတွေ့တယ်။ ကျွန်တော့်ကိုတွေ့တော့ ဇနီးမျက်နှာမှာ အံ့သြဝမ်းသာဟန်ပြပေမယ့်
ပါးစပ်က "ကျွန်မတို့ကို ရှင်မှတ်မိသေးတယ်နော်။ အိမ်မှာပဲ ရှင်လွတ်လပ်ပျော်ပါးနေသလားလို့ပါ"လို့ ဆီးကြိုရန်တွေ့တယ်။ သူ့စိတ်မပျော်ဘူးဆိုတာကို ကျွန်တော်သိတယ်။ "ဒီနေ့ ခင်တို့ကို လာခစားပြီလေ"လို့ ကျွန်တော်နောက်တော့ "ရှင့်ကို စိတ်ဆိုးချင်တာတောင် စိတ်ဆိုးခွင့်မရပါလား"လို့ ဇနီးက မျက်စောင်းနဲ့ဆိုတယ်။ "ခင်တို့နဲ့ ပျော်ပျော်ရွှင်ရွှင်တွေ့ရဖို့ လာခဲ့တာပါ။ စိတ်မဆိုးပါနဲ့၊ ခင့်အတွက် လက်ဆောင်တစ်ခုယူလာတယ်"လို့ ကျွန်တော်ပြောတော့ သူက နားမလည်ဟန်ပြတယ်။ ကျွန်တော်က ကျွန်တော့်ပုခုံးကိုပုတ်ပြီး "ခင် ပင်ပန်းနေပါပြီ။ လာပါ ဒီမှာ လာမှီပါ"လို့ ပြောလိုက်တယ်။

လင်ယောက်ျားရဲ့ ပုခုံးဆိုတာ ဇနီးမယားမှီဖို့အတွက်ပါ။ ဘယ်လောက်ပဲ အလုပ်ပင်ပန်းတဲ့ ဇနီးမယားပဲဖြစ်ဖြစ် ယောက်ျားရဲ့ပုခုံးဟာ
သူတို့အတွက် အကောင်းဆုံးအနားယူရာနေရာ၊ စိတ်အပန်းဖြေရာနေရာ ဖြစ်ပါတယ်။

ကျွန်တော်အိမ်ပြန်တော့ ဇနီးက ကားဂိတ်အထိလိုက်ပို့တယ်။ ကားဂိတ်သွားရာလမ်းမှာ ဇနီးက ကျွန်တော်လက်ကို တွဲထားတယ်။ ရုတ်တရက် ကျွန်တော့်စိတ်တွေ လှုပ်ရှားမိတယ်။ ဒါဟာ နေ့တိုင်းထိတွေ့နေပြီး တစ်ဖက်နဲ့တစ်ဖက်ရှိတယ်လို့ မခံစားမိတဲ့ ဘယ်လက်၊ ညာလက် ခံစားမှုမျိုးမဟုတ်ဘူး။ ဒါဟာ မနေ့ကတစ်နေ့လိုမျိုး၊ လွန်ခဲ့တဲ့ ၂၆နှစ်က နေ့တစ်နေ့လိုမျိုး၊ ချစ်သူဖြစ်စ ပထမဆုံးတွဲခဲ့တဲ့ ခံစားမှုမျိုး၊ လက်ဆယ်ချောင်း အတူတူယှက်သွယ်ပြီး မခွဲမခွာတဲ့ခံစားမှုမျိုး.... ဒီကနေ့မှာ အသက်အရွယ်ရ လင်မယားတွေဆိုပေမယ့် အဲဒီလို ခံစားမှုမျိုးက ရင်ကိုနွေးထွေးစေခဲ့ပါတယ်။

ကားထွက်တော့ ဇနီးက လက်ဝေ့ယမ်းနှုတ်ဆက်တယ်။ မခွဲမခွာရက် သူမျက်ရည်ကျပြန်တယ်။ တကယ်တော့ လူတစ်ယောက်ဟာ အသက်ကြီးလေ ကြံ့ခိုင်သန်မာလေ မဟုတ်ပါဘူး။ အားငယ်ပျော့ညံ့တဲ့လူတွေက အသက်ကြီးလည်း အားငယ်ပျော့ညံ့ဆဲဖြစ်တယ်။ ကြံ့ခိုင်သန်မာသူက ငယ်ရွယ်ချိန်မှာလည်း ကြံ့ခိုင်နိုင်ပါတယ်။ ဇနီးက ကြံ့ခိုင်သန်မာသူတွေထဲမှာ မပါဘူး။ သမီးအတွက်နဲ့ တခြားမြို့တစ်မြို့မှာ သူ့ကိုတစ်ယောက်ထဲ အရာရာရင်ဆိုင်စေခဲ့တာ ကျွန်တော်စိတ်မကောင်းဖြစ်မိတယ်။

ဇနီးက ငှက်ကလေးတစ်ကောင်နဲ့ တူပါတယ်။ ကျွန်တော်ကတော့ သူ့ဘဝထဲက သစ်ပင်တစ်ပင်ဖြစ်တယ်။ သစ်ပင်ကို ငှက်ကလေးစွန့်ခွာသွားတဲ့အခါ သစ်ပင်ကလည်း ငှက်ကလေးကို လွမ်းဆွတ်တတ်ကြောင်း သူ့ကို ကျွန်တော်မပြောပြဖြစ်ခဲ့ပါဘူး။

တကယ်တော့ အချစ်ဆိုတာ နေ့စဉ်ဘဝပါ။ ကိုယ်ချစ်တဲ့သူနဲ့ အတူပြုံးရယ်တယ်၊ လက်ချင်းတွဲပြီး အတူလမ်းလျှောက်တယ်၊ စကားသံမလိုဘူး... ဂတိမလိုဘူး။ မီးဖိုချောင်ဝင်ပြီး ကိုယ်ချစ်တဲ့သူအတွက် ချက်ပြုတ်တယ်။ မိုးအေးလေတိုက်တဲ့အခါ သူ့အတွက် အနွေးထည်ကမ်းတယ်။ ပွနေတဲ့ဆံပင်ကို သပ်တင်ပေးတယ်။ မိုးရွာတဲ့နေ့တွေမှာ ထီးလေးဖွင့်ပြီး သူ့အတွက် ကြည်လင်တဲ့ကောင်းကင် ဖန်ဆင်းပေးတယ်။ သူနိုးထချိန်မှာ နူးညံ့တဲ့အကြည့်၊ နွေးထွေးတဲ့အထိအတွေ့က ဘဝတစ်သက်ကို ပျော်ရွှင်ခြင်းနဲ့ ပြည့်စုံစေပါတယ်။

အချစ်ဆိုတာ တစ်ယောက်နဲ့တစ်ယောက် အဝေးရောက်နေတုန်း အချင်းချင်းဆက်တဲ့ဖုန်းဖြစ်တယ်။ လွမ်းဆွတ်ဝေးကွာနေတဲ့ နှလုံးသားတစ်စုံကို နီးကပ်စေတယ်။

အချစ်ဆိုတာ ရေဆာနေတုန်း သောက်ရတဲ့ရေတစ်ပေါက်ဖြစ်တယ်။ ပင်ပန်းနေတုန်း သောက်ရတဲ့ ရေနွေးကြမ်းတစ်ခွက်ဖြစ်တယ်။ စိတ်ညစ်အားငယ်နေတုန်း နှစ်သိမ့်အားပေးတဲ့စကားဖြစ်တယ်။ စိတ်တိုဒေါသထွက်တုန်း နောက်ပြောင်တဲ့ဟာသဖြစ်တယ်။ စိတ်မကြည်လင်တုန်း နမ်းရှုံ့လိုက်တဲ့ ပန်းကလေးတစ်ပွင့်ဖြစ်တယ်။

အချစ်ဆိုတာ စိတ်နေစိတ်ထားတစ်ခုဖြစ်တယ်။ နှင်းဆီတစ်ပွင့်ပဲဖြစ်ဖြစ်၊ စိန်လက်စွပ်တစ်ကွင်းပဲဖြစ်ဖြစ် လှပတဲ့အချစ်ကို ပိုင်ဆိုင်နိုင်တယ်။ အချင်းချင်းကြည့်တဲ့ အကြည့်ထဲကနေ ပျော်ရွှင်မှုကို ရစေတယ်။

အချစ်ဆိုတာ ယုံကြည်မှုတစ်မျိုးဖြစ်တယ်။ ဘယ်လိုပုခုံးမျိုးကိုမှီရမယ်ဆိုတာ သင်သိတယ်။ ဘယ်လိုရင်ခွင်မှာအိပ်မှ အိပ်ပျော်မယ်ဆိုတာကို သူသိတယ်။

အချစ်ဆိုတာ ဘဝတစ်မျိုးဖြစ်တယ်။ မခွဲမခွာ၊ ဒိုးတူပေါက်ဖက်၊ လက်ချင်းယှက်ပြီး လေပြင်းမုန်တိုင်းတွေကို အတူတူရင်ဆိုင်တယ်။ နှစ်ကြာလေ အဖိုးတန်လေဖြစ်တဲ့ နှစ်ချို့ဝိုင်ဖြစ်တယ်။

တကယ်တော့ အချစ်ဆိုတာ မထင်မှတ်၊ မျှော်လင့်မထားတဲ့အချိန်မှာ သင့်လက်ကိုနွေးထွေးစေပြီး သင့်နှလုံးသားကို လှုပ်ရှားစေတဲ့အရာဖြစ်ပါတယ်။ နွေမိုးဆောင်းအပြောင်းအလဲကြားမှာ အတူတူ တဖြေးဖြေးအိုမင်းသွားတာဖြစ်တယ်။ အချစ်က အဲဒီလောက် ရိုးရှင်းခဲ့ပါတယ်။

မူရင်း-- http://www.duwenzhang.com/wenzhang/shenghuosuibi/shenghuoganwu/20090625/57901.html

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Tuesday, May 24, 2011

နည်းပညာရှင်သို့ ပေးစာ


သို့/ နည်းပညာ အကျော်အမှော်များရှင်
ကျွန်မအကူအညီတစ်ခု တောင်းလိုက်ပါတယ်။


မနှစ်က "ချစ်သူရည်းစား ၅.ဝဗားရှင်း"ကို "ခင်ပွန်းယောက်ျား ၁.ဝဗားရှင်း"အဖြစ် ကျွန်မတိုးမြှင့်ပြီးနောက် စစ်စတန်(System)တချို့ အခြေအနေဆိုးလာတာကို တွေ့ရပါတယ်။

အထူးသဖြင့် "ပန်းဆက်သ"နဲ့ "လက်ဝတ်ရတနာဆက်သ"ဆိုတဲ့ ဖန်ရှင်ဖြစ်ပါတယ်။ ဒီဖန်ရှင်နှစ်ခုဟာ "ချစ်သူရည်းစား ၅.ဝဗားရှင်း"တုန်းက ဘာပြဿနာမှ မရှိခဲ့ပါဘူး။

အဲဒီအပြင် "ခင်ပွန်းယောက်ျား ၁.ဝ"ဟာ သုံးလို့ကောင်းတဲ့ ဆော့ဝဲလ်တချို့ကိုလဲ ပျက်စီးစေခဲ့ပါတယ်။ ဥပမာ-- "ရိုမန်တစ် ၉.၅"နဲ့ "ဂရုစိုက်မှု ၆.၅"တို့ဖြစ်ပါတယ်။ အဲဒီဆော့ဝဲလ်တွေကို "ဘောလုံးပွဲ ၅.ဝ"၊ "NBA ဘတ်စကက်ဘော ၃.ဝ"နဲ့ "ဂေါက်ပြိုင်ပွဲ ၄.၁"တို့နဲ့ ဝင်ရောက်အစားထိုးခဲ့ပါတယ်။

"စိတ်ချင်းစိတ်နားလည်မှု ၈.ဝ"ဟာလည်း လုံးဝ အလုပ်မလုပ်တော့ပါဘူး။ နောက်ပြီး "အိမ်အလုပ် ၂.၆"ကို ဖွင့်လိုက်တာနဲ့ စစ်စတန်တစ်ခုလုံး ဟမ်းသွားပါတယ်။ "တပျစ်တောက်တောက် ၅.၃"ကို ရမ်း(run)ပြီး ကျွန်မဖြေရှင်းခဲ့လည်း အချည်းနှီးပါပဲ။ ဒါကြောင့် ဘယ်လိုလုပ်ရမယ်ဆိုတာကို ဖြေရှင်းပေးစေချင်ပါတယ်။

မှ/ စိုးရိမ်ပူပန်သူတစ်ဦး


သို့/ စိုးရိမ်ပူပန်သူ


ပထမဦးဆုံး သင့်ကိုသတိပေးချင်တာက "ချစ်သူရည်းစား ၅.ဝ"ဆိုတာ ဖြေဖျော်တဲ့ဆော့ဝဲလ်တစ်စုံသာဖြစ်ပြီး "ခင်ပွန်းယောက်ျား ၁.ဝ"က Operating system ဖြစ်တယ်။ http://ငါ့ကိုနင်ချစ်ခဲ့တယ်.htmlဆိုတဲ့ ဆိုက်ထဲဝင်ပြီး "မျက်ရည် ၆.၂" နဲ့ "အပြစ်ရှိတယ် ၃.ဝ"ဆိုတဲ့ဆော့ဝဲလ်ကို တောင်းလုပ်ချပြီး ရမ်းလိုက်ပါ။

တကယ်လို့ ဒီဆော့ဝဲလ်တွေ အလုပ်လုပ်တယ်ဆိုရင် "ခင်ပွန်းယောက်ျား ၁.ဝ"က အလိုလိုနေရင်း "ပန်းဆက်သ"နဲ့ "လက်ဝတ်ရတနာဆက်သ"ဆိုတဲ့ဖန်ရှင်ကို လည်ပတ်လိမ့်မယ်။ တစ်ခုသတိထားရမှာက "ပန်းဆက်သ"နဲ့ "လက်ဝတ်ရတနာဆက်သ"ဆိုတဲ့ဖန်ရှင်ကို လိုအပ်တာထက် ပိုမသုံးမိပါစေနဲ့။ တကယ်လို ပိုသုံးခဲ့ရင် "ခင်ပွန်းယောက်ျား ၁.ဝ"က "စိတ်တိုဒေါသ၂.၅"နဲ့ "အိမ်မကပ် ၇.ဝ"၊ "ဟိုတယ်တက် ၆.၁"ဆိုတဲ့ ဆော့ဝဲလ်တွေကို အလိုလိုနေရင်း ရမ်းမိတတ်တယ်။

"ဟိုတယ်တက် ၆.၁"တဲ့ ဆော့ဝဲလ်က လုံးဝ သုံးလို့မကောင်းတဲ့ ဆော့ဝဲလ်တစ်ခုဖြစ်တယ်။ ဒီဆော့ဝဲလ်က "အငယ်အနှောင်း"ဆိုတဲ့ စမ်းသပ်ဖိုင်(testing file)ကို အလိုလိုနေရင်း တောင်းလုပ်ချတတ်တယ်။

နောက်ပြီး "ယောက္ခမ ၁.ဝ"ဆိုတဲ့ ဆော့ဝဲလ်ကိုလည်း တောင်းလုပ်မချမိပါစေနဲ့။ (ဒီဆော့ဝဲလ်က ဗိုင်းရပ်စ်တစ်မျိုးဖြစ်ပြီး မထင်ရင်မထင်သလို သင့်OSထဲရှိသမျှကို အပိုင်ယူသွားလိမ့်မယ်)

နောက်ပြီး နောက်ထပ်"ချစ်သူရည်းစား ၅.ဝ"အသစ်ကို ထပ်မတပ်ဆင်မိပါစေနဲ့။ ဒီဆော့ဝဲလ်ကို ကျွန်တော်တို့ လက်မခံသလို "ခင်ပွန်းယောက်ျား ၁.ဝ"နဲ့လည်း အံဝင်ခွင်ကျ မဖြစ်စေပါဘူး။ မမျှော်လင့်နိုင်တဲ့ မှားယွင်းမှုတွေ ဖြစ်စေတတ်ပါတယ်။

နောက်ဆုံးပြောရရင် "ခင်ပွန်းယောက်ျား ၁.ဝ"က အရမ်းကောင်းတဲ့ ဆော့ဝဲလ်တစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ မှတ်ဉာဏ်(Memory)အကန့်အသတ်ကြောင့် အချိန်တိုတိုအတွင်းမှာ ပရိုဂရမ်အသစ်တွေကို သူ လက်မခံနိုင်သေးပါဘူး။ ဒါကြောင့် "အစားအသောက်ကောင်း ၃.ဝ" ၊ "အပြုအစု၊ ဆက်စီ ၇.၇"ဆိုတဲ့ plug in နှစ်ခုထပ်ဆက်ပေးပြီး မှတ်ဉာဏ်နဲ့ စစ်စတန်ကို တိုးချဲ့ပေးလိုက်ပါ။

ကံကောင်းပါစေ

မူရင်း--- http://share.youthwant.com.tw/sh?id=11029381&do=D

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Sunday, May 22, 2011

တနင်္ဂနွေမှတ်တမ်း


ဒီနေ့ မိုးအုံတယ်
နင့်ဆီကဖုန်းလာမှ ငါနိုးတယ်
တစ်ယောက်ထဲနေရ အဆင်ပြေလား! နေကောင်းလား! နင်မေးတယ်
စိတ်မပူဖို့ ငါပြောတယ်.. ဖုန်းမချခင် နင့်ကိုလွမ်းလိုက်တာလို့ ငါချွဲတယ်
နာရီကြည့်လိုက်တော့ မနက်(၁ဝ)နာရီ
နင်မရှိတဲ့ အလုပ်ပိတ်ရက်က သိပ်ရှည်လျားတယ်
အိပ်ရာထပြီး ငါရေချိုးတယ်၊ သောက်တော်ရေလဲတယ်
ဘုရားစာလည်း ကောင်းကောင်းမရွတ်တတ်တော့ ဦးသုံးကြိမ်ပဲချတယ်
ဗိုက်ထဲဟာလာတာနဲ့ ထမင်းတစ်အိုးတည်တယ်
ဆန်နဲ့အာလူးရောထည့်ပြီး အာလူးထမင်းနယ်စားမယ် စိတ်ကူးတယ်
ထမင်းမကျက်ခင် ကွန်ပြူတာဖွင့်တယ်
အီးမေးလ်စစ်တယ်....
တာချီလိတ်မှာ အလုပ်အတူလုပ်ခဲ့တဲ့ ညီမငယ်တစ်ယောက်ဆီက စာရတယ်
သူတို့လင်မယား အဆင်မပြေလို့ ဒီတစ်ပတ် ကွာရှင်းမယ့်အကြောင်း ရေးထားတယ်
ငါ့ကို အကြံဉာဏ်ပေးဖို့ ပြောတယ်
ကွာရှင်းစာချုပ်တောင် အဆင်သင့်လုပ်ထားမှတော့ ဘာအကြံက အသုံးဝင်တော့မလဲ!
လူကိုတားနိုင်ပေမယ့် စိတ်ကိုမတားနိုင်မယ့်အတူ လွတ်ပေးလိုက်တာ ကောင်းတယ်!
စိတ်မကောင်းရုံကလွဲပြီး "သူမရှိလည်း နင့်ကိုယ်နင်ရပ်တည်နိုင်တာ ငါယုံတယ်"လို့ ပြောလိုက်တယ်
မိန်းကလေးတွေက ဘာဆင်းရဲဒုက္ခဖြစ်ဖြစ် ခံနိုင်ပေမယ့်
ဒီလို အချစ်ကိုဝေစားရတဲ့ဒဏ်ကိုတော့ မခံနိုင်ကြဘူး။
FB ဖွင့်တယ်...
သူငယ်ချင်းတွေ အများကြီးရပြန်တယ်
ကျောင်းတုန်းက သူငယ်ချင်းတွေကိုလည်း ပြန်ရှာတွေ့တယ်
FB က ရွာကြီးတစ်ရွာလိုပဲ လူမျိုးစုံ၊ စရိုက်မျိုးစုံရှိတယ်
သတင်းတွေရှိတယ်၊ အတင်းတွေရှိတယ်
အမှန်တွေရှိတယ်၊ အကြွားတွေရှိတယ်
အသဲကွဲသူတွေရှိတယ်၊ ချစ်သူရည်းစားတွေရှိတယ်
အချင်းချင်းချစ်ကြတဲ့ မိသားစုတွေရှိတယ်၊ အချင်းချင်းကွဲလွဲကြတဲ့ အဖွဲ့အစည်းတွေရှိတယ်
စားစရာတွေရှိတယ်၊ ပွဲတော်တွေရှိတယ်....
စားစရာဆိုလို့ ငါ့အာလူးထမင်းကျက်လောက်ပြီ
နေ့လယ်စာရတော့ ညစာဘာစားမလဲဆိုတဲ့အတွေးက ခေါင်းထဲဝင်လာတယ်
ရေခဲသေတ္တာထဲမှာ ကြက်ဥရှိတယ်၊ ဆေးဘဲဥရှိတယ်
မုန်ညင်းရှိတယ်၊ ကျောက်ဖရုံသီးရှိတယ်
ကြက်သားရှိတယ်၊ ငါးခေါင်းရှိတယ်
လက်ဆောင်ရထားတဲ့ ချဉ်ပေါင်ကြော်နဲ့ ငါးခြောက်ရှိတယ်
"ဆီစိမ်ထားပါက ပိုတာရှည်ခံပြီး လတ်ဆတ်သည်" ဆိုတဲ့
ဆီစိမ်မထားတဲ့ သရက်သီးသနပ်ရှိတယ်
လက်ဖက်သုပ်ရှိတယ်၊ ဂျင်းသုပ်ရှိတယ်၊ ပဲမရှိဘူး
ညစာကို ညနေရောက်မှ တွေးတာကောင်းတယ်
ခုတော့ ထမင်းနဲ့အာလူးကို အစာပလာတွေထည့်ပြီး ငါနယ်လိုက်တယ်
ဘလော့ဖွင့်ပြီး ဒီစာကိုရေးတယ်
အာလူးထမင်းနယ်ရယ်၊ အခါးရေတစ်ခွက်ရယ်
မနေ့ညက အပြီးမကြည့်ရသေးတဲ့ ရုပ်ရှင်တစ်ဝက်နဲ့
နင်မရှိတဲ့ ဒီတနင်္ဂနွေနေ့ကို ငါပျင်းကြောဆန့်လိုက်တော့တယ်

p.s ကဗျာမဟုတ်ပါ... နေ့တစ်နေ့ရဲ့ မှတ်တမ်းမျှသာ

နိုင်းနိုင်းစနေ


Share/Bookmark

Saturday, May 21, 2011

တစ်သက် ဖတ်ပါ.... ဖတ်ပါ တစ်သက်


လူ့ဘဝတစ်သက်က စာဖတ်တဲ့တစ်သက်ဖြစ်တယ်။ ငယ်ငယ်လေးကစ ကြီးပြင်းအိုမင်းသေဆုံးတဲ့အထိ စာဖတ်ကြတယ်။

အသိပညာက စာအုပ်ကြီးတစ်အုပ်ဖြစ်တယ်။

နှစ်လရာသီက စာအုပ်ကြီးတစ်အုပ်ဖြစ်တယ်။
သဘာဝက စာအုပ်ကြီးတစ်အုပ်ဖြစ်တယ်။
လူ့ဘဝဆိုတာ ပိုကြီးပိုထူတဲ့စာအုပ်ဖြစ်တယ်။
ဒီစာအုပ်ကို နေ့တိုင်းဖတ်ရတယ်။
တစ်သက်လုံးလည်း ဖတ်လုံးမကုန်နိုင်ခဲ့ဘူး။ ရောက်ရာအရပ်မှာ ဖတ်တယ်။ အသက်သေဆုံးတဲ့အထိ ဖတ်တယ်။ မဖတ်တာပဲရှိမယ်... ဖတ်စရာမရှိဘူးဆိုတာတော့ မရှိဘူး။ ဖတ်လို့မကုန်နိုင်သလို ဖတ်ပြီး အသိပညာမရဘူးဆိုတာလည်း မရှိဘူး။ ဖတ်လေ အကျိုးရှိလေဖြစ်တယ်။

လမ်းပေါ်လျှောက်ရင်း လမ်းကိုဖတ်တယ်။ ဖြောင့်မတ်တဲ့လမ်း၊ ကွေးကောက်တဲ့လမ်း၊ ကျဉ်းတဲ့လမ်း၊ ကျယ်တဲ့လမ်း... ကမ္ဘာပေါ်မှာ လမ်းတွေအများကြီး လမ်းတိုင်းလမ်းတိုင်းက တစ်ခုနဲ့တစ်ခု မတူကြဘူး။ ဒါကြောင်း လမ်းဆိုတဲ့"စာအုပ်"က "အထူ"ဆုံးဖြစ်တယ်။ ဘယ်သူမှ နောက်ဆုံးစာမျက်နှာထိ ပြီးအောင် မဖတ်နိုင်ခဲ့ကြဘူး။ ခရီးတစ်ထောက်ရောက်ရင်း တစ်ခါဖတ်တယ်။ ဖတ်ရင်း အသိတွေရကြတယ်။ အသိတွေရရင်း တွေးတောကြတယ်။ တွေးတောကြရင်း လျှောက်လှမ်းကြတယ်။ မြင့်မြင့်ကိုလှမ်းတယ်။ ဝေးဝေးကို လှမ်းတယ်။ ခြေရာဆိုတာ သင်လျှောက်ခဲ့တဲ့ လမ်းပေါ်မှာ တစ်ကြောင်းပြီးတစ်ကြောင်း၊ တစ်ပုဒ်ပြီးတစ်ပုဒ် အတိမ်၊ အနက်လိုက်ပြီး သင်ဖော်ညွှန်းခဲ့တဲ့အရာတွေဖြစ်တယ်။

မနက်ပိုင်းမှာ မနက်အာရုဏ်ကိုဖတ်တယ်။ တစ်နေ့ တစ်ကျော့ဖတ်တယ်။ တစ်သက်မှာ ဘယ်နှကျော့ဖတ်နိုင်မလဲ? လေပြင်းမုန်တိုင်းကျချိန်နဲ့တိုးရင်း တစ်သက်မှာ ဘယ်နှကျော့ဖတ်ပြီးနိုင်မလဲ? မနက်နေရောင်က သင့်ဖတ်တာကို စောင့်နေလိမ့်မယ် မဟုတ်ဘူး။ သူ့ကို သင်မဖတ်ရင် သူ့အချိန်နဲ့သူ သူထွက်ခွာသွားမှာပဲ။ သင့်ကို သူက မလွဲချော်ဘူး။ သင်ကသာ သူ့ကို လွဲချော်မှာဖြစ်တယ်။ သူ့ကို သင်ဘယ်လောက်ဖတ်နိုင်မလဲ ဒါကတော့ သင့်ရဲ့ဇွဲလုံ့လနဲ့ ပျင်းရိခြင်းပေါ်မှာပဲ မူတည်လိမ့်မယ်။ အာရုဏ်နေရောင်ကို မဖတ်ရင် သင့်ရင်ထဲမှာ ဘယ်ကလာတဲ့ အလင်းရှိတော့မလဲ?

ရေတွေ့ရင် ရေကိုဖတ်တယ်။ ရေဆိုတာ လောကမှာ အပျော့ပျောင်း၊ အနူးညံ့ဆုံးအရာဖြစ်သလို ရေတစက်ချင်းနဲ့လည်း မာကြောတဲ့ ကျောက်ဆောင်ကိုဖောက်နိုင်ပါတယ်။ ရေအကြောင်း သင်ကောင်းကောင်းဖတ်တတ်သွားရင် ဘယ်အရာကို သင်မဖောက်ထွင်းပဲရှိနိုင်ဦးမလဲ?

မိုးထဲမှာ မိုးကိုဖတ်တယ်။ မိုးဟာ ကောင်းကင်ကစေလွှတ်လိုက်တဲ့ စေတမန်ဖြစ်တယ်။ မိုးသေးလေးဖြစ်ဖြစ်၊ မိုးကြီးကြီးဖြစ်ဖြစ်၊ မိုးထန်ထန်ဖြစ်ဖြစ်၊ မိုးဖွဲဖွဲဖြစ်ဖြစ် ရာစုပေါင်းများစွာ ရွာသွန်းခဲ့သလို ရွာသွန်းဆဲဖြစ်တယ်။ အဲဒီအပြင် မသန့်ရှင်းတဲ့လောကကြီးကိုလည်း သန့်စင်ပေးနေခဲ့ပါတယ်။ မိုးကိုတစ်ခေါက်ဖတ်တိုင်း သင့်စိတ်နှလုံး တစ်ခါသန့်ရှင်းရပါတယ်၊ စွတ်စိုရပါတယ်။

နှင်းထဲမှာ နှင်းကိုဖတ်တယ်။ နှင်းဟာ ဘာစာလုံးမှရေးမထားတဲ့ အဖြူရောင်စာရွက်ကြီးဖြစ်တယ်။ အဖြူရောင်စာရွက်ပေါ်က စာလုံးတွေကိုမြင်တတ်မှ နှင်းရဲ့အတွင်းစိတ်ကို သင်ဖတ်နိုင်မှာဖြစ်တယ်။ အဲဒီစာလုံးတွေကို နှင်းပဲသိတယ်၊ ဖတ်တဲ့လူပဲသိတယ်။ တချို့က နှင်းရဲ့မရေရာတာကို ဖတ်ကြတယ်။ တချို့က ညိုမှိုင်းတာကို ဖတ်ကြတယ်။ တချို့က နွေဦးအကြိုကိုဖတ်ကြတယ်။ သင်ကော.. ဘာဖတ်ခဲ့သလဲ?

လေထဲမှာ လေကိုဖတ်တယ်။ လေဆိုတာ တောတောင်တွေရဲ့ဝင်သက်ထွက်သက်ဖြစ်တယ်။ ပင်လယ်ရဲ့ ဝင်သက်ထွက်သက်ဖြစ်တယ်။ လွင်ပြင်လယ်ကွင်းတွေရဲ့ ဝင်သက်ထွက်သက်ဖြစ်တယ်။ မြို့ရွာတွေရဲ့ ဝင်သက်ထွက်သက်ဖြစ်တယ်။ သဘာဝရဲ့ ဝင်သက်ထွက်သက်ဖြစ်တယ်။ ကမ္ဘာမြေကြီးရဲ့ ဝင်သက်ထွက်သက်ဖြစ်တယ်။ လေကို သင်ဖတ်တတ်ရင် ကမ္ဘာမြေကြီးရဲ့သွေးကြောကို သင်ကိုင်တွယ်မိလိမ့်မယ်။ ဒီလိုမှ သင့်ဝင်သက်ထွက်သက်က ကမ္ဘာမြေကြီးရဲ့ ဝင်သက်ထွက်သက်နဲ့ တသားတည်းကျမှာဖြစ်တယ်။

နေ့လယ်မှာ တိမ်ကိုဖတ်တယ်။ တိမ်ဆိုတာ အဆုံးမရှိတဲ့ ကောင်းကင်ပြင်ပေါ်မှာ ဖြူတစ်လှည့်၊ မည်းတစ်ခါ၊ နီနီညိုညိုနဲ့ ဟိုတစ ဒီတစ ချိတ်ဆွဲထားတဲ့ စာရွက်တွေဖြစ်တယ်။ အဲဒီစာရွက်တွေမှာ ကောင်းကင်ရဲ့ လျှို့ဝှက်ချက်တွေ အပြည့်ရေးထားတယ်။ နေပူ၊ မိုးရွာ၊ နှင်းမြူစိုင်းမှိုင်းတာတွေ မနက်အာရုဏ်၊ အလင်းအမှောင် အားလုံးကို တိမ်တွေထဲမှာ ရေးထားတယ်။ တိမ်တွေကိုမဖတ်ရင် ကောင်းကင်ရဲ့လျှို့ဝှက်ချက်ကို သင်ဘယ်လိုသိနိုင်မလဲ?

ညမှာ ညကိုဖတ်တယ်။ ညက နက်ရှိုင်းကျယ်ပြောတယ်။ အစမရှိ အဆုံးမရှိ။ ညမရှိရင် ကြယ်ရဲ့အလင်းကို မြင်ရမှာမဟုတ်ဘူး။ ညမရှိရင် လမရှိဘူး။ ညမရှိရင် မီးရောင်တွေမရှိဘူး။ ညကို ဖတ်တတ်မှ ညအမှောင်လွန်မြောက်ပြီးရင် လှပတဲ့အလင်းရောင်ကို တွေ့ရမယ်ဆိုတာကို နားလည်တယ်။

မီးအိမ်အောက်မှာ မီးကိုဖတ်တယ်။ မီးအိမ်ထဲမှာ တခြားကမ္ဘာတစ်ခုရှိတယ်။ မီးအိမ်က ကြည်လင်ထင်ရှားတဲ့ စာအုပ်တစ်အုပ်ဖြစ်တယ်။ ညအမှောင်ကို အလင်းပေးတဲ့စာအုပ်ဖြစ်တယ်။ ဒီစာအုပ်ထဲမှာ စာတစ်ကြောင်းပဲ ရေးထားတယ်။ အဲဒီစာကြောင်းက ကိုယ့်ကိုယ်ကိုလောင်မြိုက်မှ အလင်းထွက်တယ်ဆိုတဲ့စာဖြစ်တယ်။ မီးကိုဖတ်တတ်ပြီးရင် သင့်ဘဝဟာလဲ မီးအိမ်တစ်လုံးလို ဘယ်တော့မှ အမှောင်မဖုံးတော့ဘူး။

တောင်ပေါ်တက်ရင် တောင်ကိုဖတ်တယ်။ တောင်ဆိုတာ အရပ်မျက်နှာအဖက်ဖက်က မြင်ရတဲ့ စာအုပ်ကြီးတစ်အုပ်ဖြစ်တယ်။ ခြေထောက်နဲ့ တောင်ကိုတက်တယ်ဆိုတာထက် ခြေထောက်နဲ့ တောင်ကို"ဖတ်"တယ်ဆိုရင် ပိုမှန်လိမ့်မယ်။ တောင်တွေက ကိုယ့်ဆီမလာရင် ကိုယ်က တောင်ဆီကိုသွားရတယ်။ တောင်က ကိုယ့်ကိုမဖတ်ရင် ကိုယ်ကတောင်ကို ဖတ်ရတယ်။ တောင်တက်တယ်ဆိုတာ တောင်ကိုဖတ်တာပါပဲ။ တောင်အကြောင်းနားလည်မှ ဘယ်လောက်မြင့် ဘယ်လောက်အန္တရာယ်ရှိတဲ့တောင်ပဲဖြစ်ဖြစ် သင့်ခြေဖဝါးအောက် ရောက်ရတာပါပဲ။

တောင်ပေါ်ရောက်ရင် ကျောက်တုံးကိုဖတ်တယ်။ ကျောက်တုံးဆိုတာ မြင့်မားတဲ့တောင်တန်းတွေထဲက စာလုံးလေးတွေဖြစ်တယ်။ ပုံစံအမျိုးမျိုး၊ အရွယ်သဏ္ဍာန်အမျိုးမျိုးရှိကြတယ်။ ကျောက်တုံးတစ်တုံးတိုင်းမှာ အနှစ်နှစ်အလလ သိုဝှက်ထားတဲ့ လျှို့ဝှက်ချက်တွေရှိတယ်။ ကျောက်တုံးသေးသေးလေးတွေ စုပြုံပြီးမှ မြင့်မားတဲ့ တောင်တန်းကြီးဖြစ်လာတာကြောင့် တောင်ကိုဖတ်တတ်ဖို့ ကျောက်တုံးကို အရင်ဖတ်တတ်မှရတယ်။

တောအုပ်ထဲမှာ သစ်ပင်ကိုဖတ်တယ်။ သစ်ပင်ဆိုတာ လောကကြီးထဲမှာ ပျံ့နှံ့မှုအရှိဆုံး အစိမ်းရောင်စာအုပ်ကြီးဖြစ်တယ်။ သစ်ပင်ကိုဖတ်တတ်မှ ရှင်သန်ကြီးထွားခြင်းကို သိတယ်။ သစ်ပင်ရဲ့ ဖွံ့ဖြိုးတာ၊ ညှိုးခြောက်တာကို ဖတ်တတ်မှ အတက်အကျကိုသိတယ်။ ရွက်နု၊ ရွက်ဝါတွေကို ဖတ်တတ်မှ အသီးရဲ့ချိုမြိန်၊ ခါးသီးခြင်းကိုသိတယ်။

ပန်းရှေ့ရောက်ရင် ပန်းကိုဖတ်တယ်။ ပန်းဆိုတာ လောကမှာ ပထမဦးဆုံးထွက်ပေါ်ခဲ့တဲ့ ရောင်စုံစာအုပ်ဖြစ်တယ်။ ပန်းတွေကိုများများဖတ်မှ ပန်းပွင့်တဲ့အသံကိုကြားတယ်။ ပန်းရဲ့လျှို့ဝှက်ချက်ကို သိတယ်။ ပန်းဝတ်မှုံတွေကို ဖမ်းဆုပ်မိတယ်။ ဖတ်တဲ့လူသာမရှိရင် ပန်းတွေဘာကြောင့် ပွင့်လိမ့်မလဲ?

ပင်လယ်ဘေးမှာ ပင်လယ်ကိုဖတ်တယ်။ ပင်လယ်ရဲ့ကျယ်ပြောခြင်းက စိတ်သဘောထားကိုပြတယ်။ ကြီးမားခြင်းက သေးငယ်တာတွေ ပေါင်းစုထားတာကိုပြတယ်။ များပြားခြင်းက နည်းတာတွေ စုစည်းထားတာကိုပြတယ်။ နက်ရှိုင်းခြင်းက တိမ်တာတွေ စုစည်းထားတာဖြစ်တယ်။ ကျယ်ပြောတာက ကျဉ်းတာတွေကို ပေါင်းစုထားတာဖြစ်တယ်။ အဆုံးအစမရှိခြင်းက အဆုံးအစရှိတာတွေကို စုပ်ယူထားတာဖြစ်တယ်။ ပင်လယ်ကို ဖတ်တတ်မှ ပင်လယ်လိုကျယ်ပြော၊ နက်ရှိုင်းမှာဖြစ်တယ်။

မြစ်ကိုဖြတ်ရင် မြစ်ကိုဖတ်တယ်။ မြစ်ကို ထဲထဲဝင်ဝင်ဖတ်မိရင် မြစ်ထဲမှာ စီးဆင်းနေတာတွေဟာ ရေမဟုတ်ဘဲ "စက္ကန့်"တွေဆိုတာကို သင်သိလိမ့်မယ်။ ရေတစ်ခွက်ဟာ မိနစ်၊ ရေတစ်ပုန်းဟာ နာရီ၊ ရေတစ်စည်ဟာ နေ့ရက်တွေဆိုရင် ရှည်လျားတဲ့မြစ်မှာ "ပေါက်ထွက်"တဲ့အပေါက်မရှိပါစေနဲ့။ အပေါက်ရှိခဲ့ရင် သင့်ရဲ့တစ်သက်က အလဟဿ စီးဆင်းကုန်ခမ်းသွားလိမ့်မယ်။

လူတွေထဲမှာ မျက်နှာကိုဖတ်တယ်။ လူကိုတွေ့တာနဲ့ မျက်နှာကိုအရင်တွေ့တယ်။ သူ့အကျင့်စရိုက်သိချင်ရင် သူ့မျက်နှာကို အရင်ကြည့်တယ်။ မျက်နှာက ပြတင်းပေါက်တစ်ချပ်ဖြစ်တယ်။ မျက်နှာပေါ်မှာ ခံစားချက်တွေကို ရေးသားထားတယ်။ လူ့စိတ်ပြောင်းရင် မျက်နှာအရင်ပြောင်းတယ်။ အတွင်းစိတ်ကို မျက်နှာပေါ် ထင်ဟပ်မြင်နိုင်တယ်။ မျက်နှာဆိုတာ အဆုံးမရှိတဲ့ ပြဇာတ်တစ်ပုဒ်ဖြစ်တယ်။ ဘယ်တော့မှ ပြလို့ဆုံးမှာမဟုတ်သလို ဘယ်တော့မှလည်း ဖတ်လို့မကုန်နိုင်ဘူး။ ဒါပေမဲ့ မျက်နှာချိုတိုင်း စိတ်မလှဘူး။ စိတ်လှတိုင်းလည်း မျက်နှာမချိုဘူး။ မျက်နှာကိုဖတ်တယ်ဆိုပေမယ့် အတွင်းစိတ်ကို အကုန်မသိနိုင်ဘူး။ ဒါကြောင့် မျက်နှာမဖတ်ခင် စိတ်ကို အရင်ဖတ်သင့်တယ်။

ကောင်းကင်အောက်မှာ ကောင်းကင်ကိုဖတ်တယ်။ သင် ကြီးမားမြင့်မြတ်တယ်ဆိုတာ ကမ္ဘာမြေကြီးပေါ်မှာ သဲတစ်ပွင့်သာသာလေးပါ။ ကမ္ဘာမြေကြီး ကြီးမားကျယ်ပြန့်တယ်ဆိုတာ နေထဲမှာ သဲတစ်ပွင့်သာသာလေးပါ။ နေကြီးတယ်ဆိုတာ နဂါးငွေ့တန်းထဲမှာ သဲတစ်ပွင့်သာသာလေးပါ။ နဂါးငွေ့တန်း ကြီးမားတယ်ဆိုတာ စကြဝဠာထဲမှာ သဲတစ်ပွင့်သာသာလေးပါ။ ကဲ..... သင်ဘယ်လောက် ကြီးမားမြင့်မြတ်လိမ့်မလဲ?

လပြည့်ညမှာ လကိုဖတ်တယ်။ ကမ္ဘာပေါ်မှာ လတစ်စင်းထဲရှိပါတယ်။ လကို လူတိုင်းဖတ်ကြတယ်။ ကိုယ့်စိတ်ထဲရှိတဲ့ လကိုဖတ်မိနိုင်ဖို့ လူတိုင်းမျှော်လင့်ကြတယ်။ လူတိုင်း လကိုဖတ်ကြတယ်။ ကိုယ့်အမြင်၊ ကိုယ့်အတွေးနဲ့ဖတ်ကြတယ်။ လုံးဝန်းတဲ့လကို ဖတ်တယ်။ တခြမ်းပဲ့လကို ဖတ်တယ်။ တိမ်ကွယ်လကို ဖတ်တယ်။ ညိုမှိုင်းတဲ့လကို ဖတ်တယ်။ ဝင်းပတဲ့လကို ဖတ်တယ်။ ကွေးကောက်တဲ့လကို ဖတ်တယ်။ သင်ဖတ်တဲ့ လက ဘယ်လိုလမျိုးလဲ?

ဆည်းဆာမှာ ဆည်းဆာနေကိုဖတ်တယ်။ ဆည်းဆာနေကို တစ်ဖက်ကကြည့်ရင်း ညအမှောင်ကို ချည်းကပ်တော့မယ့်အချိန်ဖြစ်တယ်။ တခြားတစ်ဖက်ကကြည့်ရင်း နေထွက်မယ့်အချိန်ဖြစ်တယ်။ ဆည်းဆာနေရဲ့ခမ်းညားခြင်းကို ဆည်းဆာအချိန်မှာပဲ တွေ့နိုင်တယ်။

အတက်ကိုဖတ်မှ အကျကိုသိတယ်။ အဝေးကိုဖတ်မှ အနီးကိုသိတယ်။ ရှေ့ကိုဖတ်မှ နောက်ကိုသိတယ်။ အမြန်ကိုဖတ်မှ အနှေးကိုသိတယ်။ အလေးကိုဖတ်မှ အပေါ့ကိုသိတယ်။ အကျယ်ကိုဖတ်မှ အကျဉ်းကိုသိတယ်။ အနက်ကိုဖတ်မှ အတိမ်ကိုသိတယ်။ အထူကိုဖတ်မှ အပါးကိုသိတယ်။ လှုပ်ရှားတာကိုဖတ်မှ ဆိတ်ငြိမ်တာကိုသိတယ်။ အစစ်အမှန်ကိုဖတ်မှ အတုအယောင်ကိုသိတယ်။ ရုပ်ဆိုးတာကိုဖတ်မှ ချောလှတာကိုသိတယ်။ ကျရှုံးတာကိုဖတ်မှ အောင်နိုင်တာကိုသိတယ်။ မတရားတာကိုဖတ်မှ အမှန်တရားကိုသိတယ်။ ပင်ပန်းတာကိုဖတ်မှ ချိုမြိန်တာကိုသိတယ်။ လာဘ်ပေးလာဘ်ယူကိုဖတ်မှ သန့်ရှင်းတာကိုသိတယ်။ အမှောင်ကိုဖတ်မှ အလင်းကိုသိတယ်။ ညကိုဖတ်မှ မနက်ကိုသိတယ်။ ဆောင်းကိုဖတ်မှ နွေကိုသိတယ်။

ပင်လယ်ကိုဖတ်မှ ကြီးမြတ်တာကိုသိတယ်။ ပေါင်းစုတာကိုဖတ်မှ အင်အားကိုသိတယ်။ သိမ်းစွန်ရဲတွေကိုဖတ်မှ အမြင့်ပျံသန်းတာကိုသိတယ်။ မီးကိုဖတ်မှ နွေးထွေးတာကိုသိတယ်။ ဖျားနာတာကိုဖတ်မှ ကျန်းမာတာကိုသိတယ်။ အိုမင်းတာကိုဖတ်မှ နုပျိုတာကိုသိတယ်။ သေဆုံးတာကိုဖတ်မှ ရှင်သန်တာကိုသိတယ်။ မြက်ပင်လေးတွေကိုဖတ်မှ ကြံ့ခိုင်တာကိုသိတယ်။ အချိန်ကိုဖတ်မှ အမြန်နှုန်းကိုသိတယ်။ ဆုံးရှုံးခြင်းကိုဖတ်မှ တန်ဖိုးထားတာကိုသိတယ်။ တိုင်းပြည်ကိုဖတ်မှ တိုးတက်တာ၊ ဆုတ်ယုတ်တာကိုသိတယ်။ သဘာဝကိုဖတ်မှ ခွန်အားကိုသိတယ်။

အချစ်ကိုဖတ်ရင် အချစ်ကိုသိတယ်။ အမုန်းကိုဖတ်ရင် အမုန်းကိုသိတယ်။ လူကိုဖတ်ရင် လူကိုသိတယ်။ လူတစ်ယောက်ကိုဖတ်တာဟာ စာအုပ်တစ်အုပ်ကို ဖတ်သလိုပါပဲ။ မြင့်မြတ်ခြင်း၊ သစ္စာရှိခြင်းကို ဖတ်တယ်ဆိုတာ စန္ဒားရားပေါ် လမ်းလျှောက်သလိုပဲ လှမ်းလိုက်တဲ့ခြေလှမ်းတိုင်းမှာ နားဝင်ချိုတဲ့ သံစဉ်တွေထွက်တယ်။ မုသားကိုဖတ်တယ်၊ သစ္စာမဲ့တာကိုဖတ်တယ်ဆိုတာ ရွံ့နွံထဲလမ်းလျှောက်သလိုပဲ လှမ်းလိုက်တဲ့ခြေလှမ်းတိုင်းမှာ ညစ်ပတ်တဲ့ ရွံ့နွံတွေကပ်ညှိလိုနေတယ်။

ယောက်ျားကို ဖတ်တယ်။ မိန်းမကို ဖတ်တယ်။
မိန်းမဆိုတာ ယောက်ျားတွေအတွက် လောကမှာ အကြိမ်တစ်ရာဖတ်လည်း ဖတ်မငြီးတဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်တယ်။ ယောက်ျားဆိုတာ မိန်းမတွေအတွက် လောကမှာ အကြိမ်တစ်ရာဖတ်လည်း ဖတ်မငြီးတဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်တယ်။ ဒီစာအုပ်ကို နားလည်အောင်ဖတ်နိုင်ခဲ့ရင် သင့်တစ်သက်က ပျော်ရွှင်ခြင်းနဲ့ ပြည့်စုံနေလိမ့်မယ်။

အထီးကျန်ခြင်းကို နားလည်အောင်ဖတ်နိုင်တဲ့သူတွေဟာ အထီးမကျန်တော့ဘူး။
စိတ်ညစ်ခြင်းကို နားလည်အောင်ဖတ်နိုင်တဲ့သူတွေဟာ စိတ်မညစ်တော့ဘူး။
နာကျင်ခြင်းကို နားလည်အောင်ဖတ်နိုင်တဲ့သူတွေဟာ မနာကျင်တော့ဘူး။
ချစ်ခြင်းမေတ္တာကို နားလည်အောင်ဖတ်နိုင်တဲ့သူတွေဟာ ချစ်ခြင်းမေတ္တာ တိုးပွားတယ်။
ပျော်ရွှင်ခြင်းကို နားလည်အောင်ဖတ်နိုင်တဲ့သူတွေဟာ ပိုပျော်ရွှင်တယ်။

မည်းမှောင်တဲ့မိုးနေ့ထဲကနေ နေထွက်တဲ့နေ့ကိုဖတ်တယ်။
ညအမှောင်ထဲကနေ တိမ်ပြာပြာနေ့ကိုဖတ်တယ်။
ရွက်ဝါထဲကနေ ရွက်နုဝေတာကိုဖတ်တယ်။
သဲကန္တာရထဲကနေ အိုအေစစ်ကိုဖတ်တယ်။
ဒီလိုဆိုရင် သာမန်လူမရနိုင်တဲ့ စိတ်ကူးအကြံကို သင်ရလိမ့်မယ်။

လောကမှာ ဖတ်ရအခက်ခဲဆုံးက လူ့စိတ်ဖြစ်တယ်။ နောက်ပြီး သင်ကိုယ်တိုင်ဖြစ်တယ်။
တခြားလူကို သင်နားလည်အောင် ဖတ်နိုင်ပေမယ့် သင့်ကိုယ်သင် နားလည်အောင်ဖတ်ဖို့ခက်တယ်။
လူ့ဘဝရဲ့တစ်သက်ဟာ စာဖတ်တဲ့တစ်သက်ဖြစ်ရုံမက ကိုယ့်ကိုယ်ကိုဖတ်တာလည်းဖြစ်တယ်။
အရေးကြီးတာက ကိုယ့်ကိုယ်ကိုနားလည်အောင် ဖတ်ပြီး ကိုယ့်ကိုယ်ကိုချစ်မြတ်နိုးတတ်ဖို့ဖြစ်တယ်။
ကိုယ့်ကိုယ်ကို အရင်မြတ်နိုးတတ်မှ တခြားလူကိုမြတ်နိုး၊ တန်ဖိုးထားတတ်မှာဖြစ်တယ်။

မူရင်း--- http://www.duwenzhang.com/wenzhang/shenghuosuibi/shenghuoganwu/20101206/163998.html (နားလည်သလို ဘာသာပြန်ထားပါသည်)

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Friday, May 20, 2011

မိန်းကလေးအတွက် ဘဝဒဿန


(၁) သင့်မှာ အဝတ်အစားတွေ အများကြီးရှိဖို့ မလိုပါဘူး။ ခေတ်နဲ့မလိုက်ဖက်တော့တဲ့ ဇာပန်းထည်တွေကို ခေါက်သိမ်းလိုက်ပါ။ သင့်အသက်အရွယ်နဲ့ မလိုက်ဖက်တော့တဲ့ အနားပန်းဖွားအင်္ကျီတွေကို ခေါက်သိမ်းလိုက်ပါ။ ဒီကနေ့ကစ ဘီရိုထဲမှာရှိတဲ့ အင်္ကျီတစ်ထည်တိုင်းဟာ သင်နဲ့လိုက်ဖက်တဲ့အရောင်၊ သင်နဲ့သင့်တော်တဲ့ စတိုင်လ်တွေဖြစ်နေပါစေ။

(၂) အားကစားရုံသွားဖို့ အပိုဝင်ငွေမရှိဘူးဆိုရင် လှေကားထစ်တွေကို သင်နေ့တိုင်းတက်နိုင်၊ ဆင်းနိုင်ပါတယ်။ Lancôme၊ Clinique၊ Estée Lauder တွေကို သင်မသုံးနိုင်ဘူးဆိုရင် အရက်၊ ဆေးလိပ်မသောက်၊ အိပ်ချိန်မှန်၊ စားချိန်မှန်ရင်လည်း သင့်အသားအရည်ကို စိုပြေဝင်းပစေပါတယ်။ SPAတွေလုပ်ဖို့ ငွေကြေးမတတ်နိုင်ဘူးဆိုရင် green tea၊ နွားနို့၊ ရေတွေကို အမြဲသောက်ဖို့ မမေ့ပါနဲ့။ ဒါတွေဟာလည်း အကျိုးရှိတဲ့အရာတွေဖြစ်တယ်။

(၃) အချစ်ကို သင်ယုံကြည်လို့ရတယ်။ ယောက်ျားလေးတွေရဲ့ ချိုချိုသာသာစကားတွေကို သင်နားထောင်လို့ရတယ်။ ဒါပေမဲ့ တစ်ဖက်နားက နားထောင်ရင် ကျန်တစ်ဖက်နားက ထွက်သွားပါစေ။ ပျားရည်လိုချိုတဲ့ အဆိပ်တွေကို ရင်ထဲ သိမ်းဆည်းမထားပါနဲ့။ တော်ထက်တဲ့ယောက်ျားတွေကို သင်တန်ဖိုးထားနိုင်တယ်။ တကယ်လို့ အိမ်ထောင်သည်ဆိုတဲ့ တံဆိပ်ကပ်ထားသူဆိုရင် သင်တတ်နိုင်၊ လက်ခံနိုင်တဲ့သူမဟုတ်ကြောင်း မမေ့ပါနဲ့။ ဒီလိုလူမျိုးနဲ့ကြုံခဲ့ရင် ဘာအတွယ်အတာမှမချန်ဘဲ ဝေးဝေးခွာပါ။

(၄) ကိုယ့်ရဲ့အပြင်ပန်းအလှကို တန်ဖိုးထားပါ။ ထိုနည်းတူ အတွင်းစိတ်ကိုလည်း မပြတ်ဖြည့်ဆည်းပါ။ စာများများဖတ်ပါ၊ များများသင်ယူပါ။ လူမှုရေး၊ ယဉ်ကျေးမှု၊ နိုင်ငံရေး၊ ဖက်ရှင်၊ မိသားစု..... ဘုရားသခင်က သင့်ကို လှပတဲ့မျက်နှာမပေးခဲ့ရင် အသိဉာဏ်ပြည့်တဲ့ စိတ်နှလုံးတစ်စုံရှိဖို့ကို သင်ကိုယ်တိုင် တာဝန်ယူပါ။ ပန်းအိုးတွေက ကွဲလွယ်တယ်၊ ရုပ်ရည်က အိုလွယ်တယ်။ အသိဉာဏ်က နှစ်လကြာလေ တိုးပွားလေ၊ ခိုင်မြဲလေဖြစ်တယ်။

(၅) လက်ဆောင်ပစ္စည်းရတဲ့ အံ့သြဝမ်းသာခြင်းမျိုးကို သင်ခံစားနိုင်ပါတယ်။ ဒါပေမဲ့ အလကားစားရတဲ့ ညစာဆိုတာ မရှိဘူးဆိုတာကိုတော့ မမေ့ပါနဲ့။ ယောက်ျားတစ်ယောက်ကပေးတဲ့ အဖိုးတန်ဈေးကြီးလွန်းတဲ့ လက်ဆောင်ပစ္စည်းကို ဘယ်လိုဂုဏ်ပုဒ်မျိုးနဲ့ သင်လက်ခံယူမလဲ! ဇနီးမယား? ချစ်သူရည်းစား? တကယ်လို့ ဇနီးမယားလည်းမဟုတ်၊ ချစ်သူရည်းစားလည်း မဟုတ်ဘူးဆိုခဲ့ရင် ဒီလက်ဆောင်အတွက် ဘယ်လိုပေးဆပ်ခြင်းမျိုးကို သင်ပေးဆပ်ရလိမ့်မလဲဆိုတာကို သေသေချာချာ စဉ်းစားပါ။ ကိုယ်ကြိုက်နှစ်သက်တဲ့အရာကို ကိုယ်တိုင်ဝယ်ယူနိုင်ဖို့ ကြိုးစားပါ။ ယောက်ျားတွေပေးမယ့် လက်ဆောင်ကိုပဲ မျှော်ကိုးမနေပါနဲ့။

(၆) ရိုးသားလို့ရတယ်၊ ဒါပေမဲ့ ရိုးစင်းနုံအလို့ မရဘူး။
ရိုးရှင်းလို့ရတယ်၊ ဒါပေမဲ့ အလွယ်လိုက်လို့မရဘူး။
အိမ်အလုပ်၊ အိမ်ပစ္စည်းတွေကို သင်နားမလည်လို့ရတယ်၊ ဒါပေမဲ့ အနည်းဆုံးတော့ အိမ်သုံးလျှပ်စစ်ပစ္စည်းတွေရဲ့ အညွန်းစာအုပ်ကို သင်ဖတ်နိုင်ရမယ်။ ကိုယ့်အပေါ် ကူညီခဲ့သူတွေအတွက် ကျေးဇူးတရားကို ရင်ထဲအမြဲထည့်ထားပါ။ ကိုယ့်အပေါ် ကဲ့ရဲ့လှောင်ပြောင်သူတွေအတွက် ပုံမန်၊ သာမန်စိတ်ကိုမွေးပါ။

(၇) ငွေကြေးတွေကို အမြော်အမြင်ရှိရှိ သုံးပါ။
ကိုယ့်အတွက် ကောင်းမွန်တဲ့အတွင်းခံ၊ ဖိနပ်တွေဝယ်ဖို့ မနှမြောပါနဲ့။
အပြင်ပန်းလှပအောင် ဝတ်ဆင်တယ်ဆိုတာ သူတစ်ပါးကြည့်ဖို့အတွက်ပါ။ ဒါဟာ ဝင့်ဝါခြင်းကို ဝတ်ဆင်တာဖြစ်တယ်။ သင့်တော်ကောင်းမွန်တဲ့ အတွင်းဝတ်တွေက ကိုယ်တိုင်အတွက်ပါ။ ဒါဟာ သက်တောင့်သက်သာရှိခြင်းကို ဝတ်ဆင်တာဖြစ်တယ်။

(၈) လိုက်လျောညီထွေတဲ့စကားကို ပြောဆိုတတ်ရမယ်။ ကလေးကလားနိုင်တဲ့၊ ကပ်ချွဲနှပ်ချွဲစကားတွေက သင့်မှာရှိသင့်တဲ့ အမှတ်တံဆိပ်တွေ မဟုတ်ဘူး။
သင့်မှာ ဗဟုသုတမရှိလို့ရတယ်၊ ဒါပေမဲ့ အဆင့်အတန်းမရှိလို့ မရဘူး။
အမြင်မတူ၊ အသွင်ကွဲလို့ရတယ်။ ဒါပေမဲ့ လေးစားရိုသေမှုတော့ ရှိရတယ်။
ဖြစ်ခဲ့၊ ပျက်ခဲ့တဲ့အကြောင်းကိုပဲ ထပ်တလဲလဲ နာနာကျင်ကျင် မရွတ်ဆိုပါနဲ့။
ဒေါသထွက်နေတုန်း စကားတစ်ခွန်းပြောဖို့ ၁ကနေ ၂ဝအထိ ရေတွက်ပြီးမှ ပြောပါ။

(၉) သင်ဟာ တကိုယ်တည်းသမားပဲဖြစ်ဖြစ်၊ အိမ်ထောင်သည်ပဲဖြစ်ဖြစ် ဒါတွေက အရေးမကြီးပါဘူး။ အရေးကြီးတာက တစ်ပါးသူကို မှီတွယ်မယ်ဆိုတဲ့စိတ် မရှိဖို့ပဲလိုတယ်။ အရာရာတိုင်း သူတစ်ပါးကို အားကိုးနေလို့မဖြစ်ပါဘူး။ သိန်းသောင်းချီတဲ့ လခရနေတာက အကောင်းဆုံးပေါ့။ ထောင်ဂဏန်းလခဆိုလည်း မဆိုးပါဘူး။ အနည်းဆုံးတော့ ကိုယ့်ကိုယ်ကိုရှင်သန်အောင် ရပ်တည်နိုင်တဲ့အစွမ်း သင့်မှာရှိသေးတယ်။ ဒါဟာ သင့်ရဲ့ဂုဏ်ယူစရာဖြစ်တယ်။

(၁ဝ) ဘဝကပေးတဲ့ အရာတိုင်းကို တန်းဖိုးထားမြတ်နိုးပါ၊ သင်ယူပါ။
အချစ်ခံရ၊ အနှစ်သက်ခံရတယ်ဆိုတာ ပျော်ရွှင်တဲ့ဥစ္စာပစ္စည်းဖြစ်တယ်။
သူတစ်ပါးကိုချစ်တယ်၊ နှစ်သက်တယ်ဆိုတာ ပျော်ရွှင်တဲ့ပေးဆပ်ခြင်းဖြစ်တယ်။
တကယ်လို့ သင့်ကို သူခွဲသွားမယ်ဆိုရင် ပြုံးပြုံးရွှင်ရွှင်နဲ့ တောင်းဆုတွေပေးပါ။
အထီးကျန်တာကို ဂုဏ်ရှိရှိခံယူတာက နာနာကျင်ကျင်ချစ်နေရတာထက်စာရင် ကောင်းပါတယ်။
ကိုယ့်ကိုယ်ကို ကောင်းကောင်းဆက်ဆံပါ။ သူ့တစ်ပါးကို ခွင့်လွှတ်နားလည်တတ်ပါစေ။
ကိုယ့်ကိုယ်ကို ယုံကြည်တဲ့စိတ်၊ ခွင့်လွှတ်နားလည်တဲ့စိတ်၊ တာဝန်သိတတ်စိတ် .. စတဲ့စိတ်တွေ တစ်ခုမှ သင့်မှာ လျော့နေလို့ မဖြစ်ဘူးဆိုတာကို နားလည်ထားပါ။

မူရင်း-- http://www.duwenzhang.com/wenzhang/shenghuosuibi/shenghuoganwu/20110510/183457.html

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Thursday, May 19, 2011

လျှို့ဝှက်တဲ့ သန်းကြွယ်သူဌေး


သူ့ကို နယူးဂျာစီနေ အမေရိကန်အိုင်းရစ်လူမျိုး ခရစ်ယာန်ဘာသာဝင် သာမန်မိသားစုတစ်စုက မွေးဖွားခဲ့တာဖြစ်တယ်။ ၂ဝ၁၁ခုနှစ်မှာ သူ့အသက်(၈ဝ)ပြည့်ခဲ့ပြီး အမေရိကန် ဆန်ဖရန်စစ္စကိုမှာ အိမ်ခန်းနှစ်ခန်းပါတဲ့အိမ်လေးမှာ ဇနီးနဲ့အတူ ငှားရမ်းနေထိုင်ခဲ့ပါတယ်။

နာမည်ကြီးတံဆိပ် အဝတ်အစားတွေ သူ မဝတ်ဆင်ခဲ့ဖူးသလို
သူ့မျက်မှန်ကတည်း ဟောင်းနွမ်းနေခဲ့ပါတယ်။ သူ့လက်မှာပတ်ထားတဲ့ နာရီကလည်း မြေအောက်ဘူတာတစ်နေရာမှာ ဝယ်ခဲ့တဲ့နာရီဖြစ်တယ်။ အစားအသောက်ကောင်းတွေကို သူ မမက်မောခဲ့ပါဘူး။ သူနှစ်သက်တဲ့အစားအစာက ဈေးချိုတဲ့ ခရမ်းချဉ်သီးချိစ်ဆန်းဝှစ်ဖြစ်တယ်။ သူ့မှာ ကိုယ်ပိုင်ကားမရှိဘူး။ ဘတ်စကားကိုပဲ သူအသုံးပြုတယ်။ သူ့ရဲ့လက်ကိုင်အိတ်ဟာလည်း အဝတ်စနဲ့ချုပ်ထားတဲ့အိတ်ပဲဖြစ်တယ်။ တကယ်လို့ သူနဲ့အတူ စားသောက်ဆိုင်သွားရင် ဘေလ်တွေကို စနစ်တကျ သူစစ်ဆေးမှာကို သင်တွေ့ရပါလိမ့်မယ်။ တကယ်လို့ သူ့အိမ်မှာ ညအိပ်ညနေ သင်အိပ်ခဲ့ရင် မအိပ်ခင် မီးပိတ်ပါလို့ သူသတိပေးပါလိမ့်မယ်။

ဒီလောက်ဆင်းရဲတဲ့ အမေရိကန်အဘိုးကြီးတစ်ယောက်အကြောင်း ဘာများပြောစရာရှိသလဲလို့ သင်အံ့သြကောင်း အံ့သြလိမ့်မယ်။ သူလုပ်ခဲ့သမျှကို ကျွန်တော်တို့ အရင်ကြည့်ရအောင်.....

Cornell University အတွက် သူလှူဒါန်းခဲ့တဲ့ငွေက စုစုပေါင်း ၅၈၈ မီလီယံ
California University အတွက် သူလှူဒါန်းခဲ့တဲ့ငွေက စုစုပေါင်း ၁၂၅ မီလီယံ
Stanford University အတွက် သူလှူဒါန်းခဲ့တဲ့ငွေက စုစုပေါင်း သန်း၆ဝ
အိုင်ယာလန်မှာ တက္ကသိုလ်အသစ် ၇ကျောင်းနဲ့ မြောက်အိုင်ယာလန်မှာ ၂ကျောင်းဆောက်ဖို့ တစ်ဘီလီယံကို သူလှူဒါန်းခဲ့တယ်။

နှုတ်ခမ်းကွဲကလေးသူငယ်တွေရဲ့ လက်မှုပစ္စည်းတွေ ဖွံ့ဖြိုးတိုးတက်အောင် အပြုံးစစ်ဆင်ရေး "Operation Smile" ပရဟိတလုပ်ငန်းကို သူစတင်တည်ထောင်ခဲ့ပြီး ဆေးဖိုးဝါးခတွေ ရှာပေးခဲ့တယ်။ အာဖရိကတိုက်အတွက် ပုလိပ်ရောဂါနဲ့ အခြားရောဂါတိုက်ဖျက်ရေးအတွက် ငွေကြေးအမြောက်အမြား သူလှူဒါန်းခဲ့တယ်။ ဒီကနေ့အထိ သူလှူဒါန်းလိုက်တဲ့ ငွေကြေးပေါင်း ၄ဘီလီယံကျော်ရှိခဲ့ပြီး လှူဒါန်းဖို့ ငွေကြေး ၄ဘီလီယံ လျာထားဆဲဖြစ်ပါတယ်။

သူကတော့ သူကိုယ်တိုင်အတွက် မကြည့်ဘဲ အများအတွက်ကြည့်သူ၊ ငွေကြေးရှာဖွေတာကို နှစ်သက်ပေမယ့် ငွေကြေးတွေကို လက်ဝယ်မထားတဲ့သူ "Chuck Feeney"ပဲဖြစ်ပါတယ်။

Chuck Feeney

Chuck Feeney ဟာ ထင်ပေါ်ကျော်ကြားလိုသူ မဟုတ်ပါဘူး။ သူဟာ အမည်မဖော်တဲ့အလှူရှင်ဖြစ်တယ်။ သူဟာ ငွေကြေး ၈ဘီလီယံပိုင်ဆိုင်တဲ့ The Atlantic Philanthropies ကို သူတည်ထောင်ခဲ့ပြီး ပရဟိတလုပ်ငန်းနဲ့ဆိုင်တဲ့ အမေရိကန်ဥပဒေက ကင်းလွတ်အောင် အမေရိကန်နဲ့ဝေးတဲ့ Bermuda ကျွန်းစုမှာ သွားရောက် တည်ထောင်ခဲ့တာဖြစ်တယ်။ လုပ်ငန်းကိုလည်း သူ့နာမည်ဖြစ်တဲ့ Chuck Feeney ကို မပေးခဲ့တဲ့အပြင် အဲဒီမှာ အလုပ်လုပ်တဲ့လူတွေကိုလည်း ဘယ်သူ့ဆီမှာ အလုပ်လုပ်ကြောင်း မပေါက်ကြားစေခဲ့ပါဘူး။ သူ့တောင်းဆိုချက်ကြောင်း သူတို့လုပ်ငန်းက လှူဒါန်းခဲ့တဲ့ငွေတွေမှာ သူ့နာမည်ကို မှတ်တမ်းမတင်ခဲ့ကြဘူး။

၁၉၉၇ခုနှစ်ရောက်မှ Chuck Feeney တည်ထောင်ခဲ့တဲ့ Duty Free Shoppers Group ကို ပြင်သစ်ကနာမည်ကြီးတဲ့ Bernard Arnault က ဝယ်ယူလိုက်မှ သူ့ကို လူတွေသိခဲ့ကြတာဖြစ်တယ်။ အဲဒီကုမ္ပဏီရဲ့ အစုရှယ်ယာတွေကို The Atlantic Philanthropiesထဲ သူအားလုံးလွှဲပြောင်းခဲ့တယ်။ သူလှူဒါန်းခဲ့တဲ့ငွေတွေဟာ Macarthur ၊ Rockefellerတို့တည်ထောင်ခဲ့တဲ့ နာမည်ကြီး ပရဟိတလုပ်ငန်းတွေထက် ပိုများခဲ့ပါတယ်။

သူ ထင်ထင်ပေါ်ပေါ် မနေခဲ့ဘူး။ လှူဒါန်းငွေတွေမှာလည်း နာမည်ကိုမဖော်ပြခဲ့ဘူး။ သူကိုယ်တိုင်တည်ထောင်ထားတဲ့ ၈ဘီလီယံတန် The Atlantic Philanthropies ကိုတောင် သူ့နာမည်နဲ့တည်ထောင်ဖို့ ငြင်းခဲ့တယ်။ နှစ်အတော်ကြာမှ လူတွေက သူ့ကိုသိခဲ့ကြတယ်။ သူဟာ တစ်ကမ္ဘာလုံးကို အံ့သြတုန်လှုပ်စေခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ထင်ထင်ပေါ်ပေါ် မနေချင်သူတစ်ယောက်ဟာ ထင်ပေါ်လာခဲ့တယ်။ ဒါပေမဲ့ သူတို့အဖွဲ့အစည်းက လှူဒါန်းမယ့်အကြောင်းတွေကို သူတို့မကြေညာတတ်သလို အလှူရှင်ဆိုတဲ့ စာတန်း၊ နာမည်တွေ ကမည်းမထိုးဖို့လည်း တောင်းဆိုခဲ့တယ်။ သူလှူဒါန်းတဲ့ အဆောက်အဦးတွေမှာ သူ့နာမည်ကို ကမည်းမထိုးဖို့ ပြောခဲ့ပါတယ်။

"အဆောက်အဦးတွေ ဘယ်သူဆောက်တယ်၊ ဘယ်သူလှူဒါန်းတယ်ဆိုတာ အရေးမကြီးပါဘူး။ အရေးကြီးတာက အဆောက်အဦး ဆောက်လုပ်ပြီးစီးဖို့ပဲ" လို့ သူကဆိုခဲ့ပါတယ်။

Chuck Feeney က သူဟာ "အဝတ်အစားစုတ်ပြတ်ပြတ်နဲ့ အလှူရှင်" လို့ဆိုခဲ့ပါတယ်။ သူရဲ့ချွေတာမှုက လူတွေကို အံ့သြစေခဲ့တယ်။ သူဟာ အဆောက်အဦးပေါင်းများစွာ ဆောက်လုပ်လှူဒါန်းခဲ့တယ်။ ပြင်သစ် နာမည်ကြီးခရီးသွားနေရာတွေ၊ လန်ဒန်အဆင့်မြင့်နေရာတွေနဲ့ နယူးယောက်ပန်းခြံ အနီးအနားတွေမှာ အဆင့်မြင့် အဆောက်အဦးပေါင်း ၆ခုရှိခဲ့ပေမယ့် ဒီကနေ့မှာ တစ်ခုမှ သူ့အတွက် သူချန်မထားခဲ့ပါဘူး။ သူဟာ ဇနီးနဲ့အတူ ဆန်ဖရန်စ္စကိုနေရာတစ်ခုမှာ အိမ်ငှားနေထိုင်ပြီး ဘတ်စကား၊ မြေအောက်ရထား၊ တက္ကစီတွေကိုပဲ အသုံးပြုနေခဲ့ပါတယ်။

Chuck Feeneyဟာ သူတည်ထောင်ခဲ့တဲ့ Duty Freeဆိုင်တွေကနေ ငွေကြေးများစွာ ရရှိခဲ့ပေမယ့် သူကိုယ်တိုင် နာမည်ကြီးတံဆိပ် အဝတ်အစားတွေကို မဝတ်ဆင်ခဲ့ပါဘူး။ သူစားတဲ့ အစားအသောက်တွေဟာလည်း ဆင်းရဲသားဆန်လွန်းခဲ့ပါတယ်။

"နာမည်ကြီး အဆင့်မြင့်စားသောက်ဆိုင်တွေမှာ ထမင်းတစ်နပ်ကို ဒေါ်လာ(၁ဝဝ)နဲ့ သင်စားနိုင်ပါတယ်။ ဒါပေမဲ့ ၂၅ဒေါ်လာတန်တဲ့ ထမင်းတစ်နပ်ကလည်း ကျွန်တော့်ကို ပြည့်ဝမှုတွေပေးနိုင်ပါတယ်" လို့
Chuck Feeneyက ပြောခဲ့ပါတယ်။

Chuck Feeneyမှာ သားသမီးငါးယောက်ရှိပြီး ဒီသားသမီးတွေဟာ ထူးခြားတဲ့အလိုလိုက်ခြင်း၊ ဥစ္စာပစ္စည်းတွေအပေါ် ဇိမ်ခံခြင်းတွေ မရှိခဲ့ပါဘူး။ ကျောင်းအားရက်တွေမှာ သူတို့ဟာ စားသောက်ဆိုင်၊ ဟိုတယ်တွေမှာ အလုပ်သွားလုပ်ရပါတယ်။ ကလေးတွေထဲက သမီးတစ်ယောက်က ဆယ်နှစ်ကျော်အရွယ်မှာ သူငယ်ချင်းတစ်ယောက်နဲ့ ဖုန်းအကြာကြီး ပြောခဲ့မိလို့ ဖုန်းခဆောင်ရချိန်မှာ Chuck Feeney ဟာ အိမ်ကဖုန်းကို ဖြတ်တောက်ခဲ့ပါတယ်။ အိမ်ကဖုန်းနံဘေးမှာလည်း လမ်းဘေးဖုန်း တည်နေရာကို မြေပုံဆွဲကပ်ထားခဲ့တယ်။ သမီးရဲ့သူငယ်ချင်းကိုလည်း ဖုန်းခစာရွက်ကို ပို့ပေးခဲ့တယ်။ စစချင်းမှာ သမီးက သူငယ်ချင်းဖြစ်သူကို အားနာခဲ့ပေမယ့် နောက်ဆုံးဟာ Chuck Feeney လုပ်တဲ့အလုပ်ဟာ မှန်ကန်ကြောင်းထောက်ခံခဲ့တယ်။ ဖခင်ရဲ့ အမည်အဖော်တဲ့အလှူတွေကိုလည်း သားသမီးတွေက ထောက်ခံခဲ့ကြပြီး "အဖေ ဒီလိုလုပ်တာ နည်းနည်းတော့ထူးဆန်းပေမဲ့ ဒီလိုလုပ်လိုက်တဲ့အတွက် လှူဒါန်းခံရသူတွေရဲ့ အထူးတလည်ဆက်ဆံတာကို ကျွန်မတို့မခံရတော့ဘူး။ ကျွန်မတို့ဟာ တခြားလူတွေနဲ့ တန်းတူဖြစ်တယ်" လို့ ဆိုခဲ့ကြတယ်။

The Atlantic Philanthropies ရဲ့ အစည်းအဝေးမှတ်တမ်းတစ်ခုမှာ "သူဌေးတွေက သူတို့ပိုင်ဆိုင်သမျှကို ပရဟိတလုပ်ငန်းမှာ အသုံးပြုကြတယ်။ အမည်မသိနဲ့ ထင်ထင်ပေါ်ပေါ် မလှူဒါန်းခဲ့ရင် သူတို့ရဲ့နောင်မျိုးဆက်အတွက် အနှောင့်အယှက်တွေ ဖြစ်စေနိုင်တယ်လို့ ကျွန်တော်ထင်တယ်" လို့ ရေးခဲ့တယ်။ ထင်ထင်ပေါ်ပေါ်၊ ကျော်ကျော်ကြားကြားနေချင်သူတွေနဲ့စာရင် Chuck Feeneyက တမျိုးတဘာသာ ထူးခြားတယ်၊ ဆိတ်ငြိမ်တယ်လို့ ဆိုရလိမ့်မယ်။

Chuck Feeneyရဲ့ အလှူအတန်းတွေထဲမှာ "Operation Smile" လို့ခေါ်တဲ့လုပ်ငန်းတစ်ခုပါတယ်။ အဓိက,က နှုတ်ခမ်းကွဲကလေးသူငယ်တွေကို ခွဲစိတ်ကုသပေးဖို့ဖြစ်တယ်။ တစ်ခါက နှုတ်ခမ်းခွဲစိတ်ကုသနေတဲ့ ကောင်မလေးတစ်ယောက်နဲ့ သူဆုံခဲ့တယ်။ ကောင်မလေးက ပါးစပ်ကိုလက်နဲ့အုပ်ထားပေမယ့် လှုပ်ရှားပျော်ရွှင်နေတဲ့ မျှော်လင့်စိတ်ကိုတော့ မဖုံးကွယ်နိုင်ခဲ့ဘူး။ ခွဲစိတ်ကုသပြီးနောက် ကောင်မလေးဟာ ပြုံးရယ်နေပြီး "ကျွန်မရဲ့ပုံစံက အရင်ကလို ရုပ်ဆိုးမနေတော့ဘူး"လို့ ဆိုနေသယောင်ရှိနေခဲ့တယ်။ ကောင်မလေးကိုကြည့်ပြီး Chuck Feeneyက "ဒီလိုအချိန်မျိုးမှာမှ ဥစ္စာပစ္စည်းက တန်ဖိုးရှိလွန်းတယ်" လို့ဆိုခဲ့ပါတယ်။

တစ်ခါက စားသောက်ဆိုင်တစ်ခုမှာ ကောင်လေးတစ်ယောက် Chuck Feeney ဆီလျှောက်လာပြီး "မစ္စတာရဲ့ ပညာတော်သင်ဆုကို ကျွန်တော်ရခဲ့ပါတယ်။ အခု ကျွန်တော်ဟာ ဒီစားသောက်ဆိုင်ရဲ့ မန်နေဂျာဖြစ်နေပါပြီ" လို့ဆိုခဲ့တယ်။

Chuck Feeneyဟာ ပြင်သစ်စကား၊ ဂျပန်စကားတွေကို ကောင်းစွာပြောနိုင်ပြီး ကမ္ဘာ့အရပ်ရပ် ခရီးသွားရတာကို နှစ်သက်ပါတယ်။ ရောက်ရာအရပ်မှာလည်း အလှူဒါနတွေ သူပြုလုပ်လှူဒါန်းလေ့ရှိတယ်။ The Atlantic Philanthropies လှူဒါန်းခဲ့တဲ့ဝန်းကျင်ဟာ ကမ္ဘာ့ဝန်းကျင်ထက် ကျော်လွန်နေခဲ့ပါပြီ။ ဗီယက်နမ်ကလေးငယ်တွေအတွက် ယာဉ်လမ်းစည်းကမ်းအလှူငွေ၊ သြစတေးလျ ကင်ဆာရှာဖွေရေးအတွက် လှူဒါန်းငွေ၊ ဖိလစ်ပိုင် မျက်နှာချွတ်ယွင်းကလေးငယ်အတွက် ပလပ်စတစ်ဆာဂျင်ရီ လှူဒါန်းငွေ စတာတွေရှိခဲ့ပါတယ်။

"လူတွေဟာ ငွေရှာပြီး သူဌေးသူကြွယ်လုပ်ကြတယ်။ လူအများရဲ့အာရုံကို ဖမ်းစားကြတယ်။ လူတွေကို ဘာလုပ်ပါလို့ ကျွန်တော်ပြောချင်တာမဟုတ်ဘူး။ ပရဟိတလုပ်ငန်းတွေမှာ ထည့်သွင်းလှူဒါန်းတာဟာလည်း ကျွန်တော်တို့ကို ပြည့်စုံမှု၊ ပြည့်ဝမှုတွေ ဖြစ်စေပါတယ်"

အခုခေတ်လက်ရှိ သန်းကြွယ်သူဌေးတွေဖြစ်တဲ့ ဘီလ်ဂိတ်၊ Warren Buffettတို့ဟာ ပရဟိတလုပ်ငန်းမှာ စံထားထိုက်တဲ့ သူတွေဖြစ်ပါတယ်။ Chuck Feeney ကတော့ ပရဟိတလုပ်ငန်းမှာ သူဌေးသူကြွယ်တွေအတွက် သင်ယူလေ့လာသင့်တဲ့ ဆရာကောင်းဆိုလည်း မှားမယ်မထင်ပါဘူး။

အခုလောလောဆယ် Chuck Feeneyမှာ မျှော်လင့်ချက်နှစ်ခု ရှိပါသတဲ့။ တစ်ခုက ၂ဝ၁၆ခုနှစ်မတိုင်ခင် သူပိုင်ဆိုင်တဲ့ ကျန်ရှိနေသေးတဲ့ ၄ဘီလီယံကို အကုန်လှူဒါန်းချင်တာဖြစ်ပါတယ်။ အခုချိန်ခါမှာ အဲဒီငွေထဲက ၄မီလီယံဟာ ကမ္ဘာ့အရပ်ရပ်က လိုအပ်သူတွေအတွက် နှစ်စဉ်လှူဒါန်းငွေတွေဖြစ်ပါတယ်။ ကမ္ဘာကြီးရဲ့နေရာတိုင်းမှာ အကူအညီလိုသူတွေ အများကြီးရှိသေးကြောင်း Chuck Feeney က ခန့်မှန်းပါတယ်။ ဒါကြောင့် လှူဒါန်းငွေတွေကို မကြန့်ကြာစေခဲ့ပါဘူး။

"ဒီငွေတွေကို ကျွန်တော်မလှူဒါန်းနိုင်ခဲ့ရင် ကျွန်တော်အသေဖြောင့်မှာ မဟုတ်ဘူး" လို့ Chuck Feeney က အရယ်တစ်ဝက်နဲ့ ဆိုခဲ့ပါတယ်။

သူ့ရဲ့နောက်မျှော်လင့်ချက်တစ်ခုက သူဌေးသူကြွယ်တွေ စံနမူနာယူတတ်ဖို့ ဖြစ်ပါတယ်။
"ဘဝမှာနေထိုင်ရတာ ပျော်ရွှင်ကြည်နူးသလို လှူဒါန်းမှုတွေကိုလည်း လုပ်ပါ" လို့ သူကဆိုပါတယ်။

သတင်းထောက်တွေက Chuck Feeneyကို ဘာကြောင့် တစ်ပြားတစ်ချပ်မှမချန်ဘဲ လှူဒါန်းမှုတွေ လုပ်နေသလဲလို့မေးတော့ Chuck Feeney က ရိုးရိုးရှင်းရှင်းပဲ ဖြေခဲ့ပါတယ်။

"အလောင်းဝတ်တဲ့အဝတ်အစားမှာ အိတ်ကပ်မရှိလို့ပါ" တဲ့.....


http://en.wikipedia.org/wiki/Chuck_Feeney
http://wn.com/Chuck_Feeney

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Wednesday, May 18, 2011

ဘုရားသခင် လွှတ်လိုက်တဲ့လူ


ငါတို့ရဲ့ အိမ်ထောင်သက်(၃)နှစ်အတွင်းမှာ ငါတို့ရန်ဘယ်နှခါဖြစ်ခဲ့မှန်း ငါမမှတ်မိတော့ဘူး။ ငါဟာ မှတ်ဉာဏ် သိပ်မကောင်းတဲ့မိန်းမမှန်း နင်သိပါတယ်။ ဒါပေမဲ့ နင်နဲ့ရန်ဖြစ်ခဲ့သမျှကိုတော့ ငါ့နှလုံးသားထဲ မှတ်ကျောက်တင်ထားတယ်

တစ်ခါက နင်နဲ့ငါရန်ဖြစ်တော့ နင်ကနင့်ကိုယ်လုံးနဲ့ အိမ်တံခါးဝကို တင်းတင်းပိတ်ထားတယ်။ ညနက်သန်းခေါင်မှာ ဒီခေါင်းမာတဲ့မိန်းမ အိမ်ကနေ ထွက်သွားမှာစိုးလို့ဖြစ်တယ်။

တစ်ခါက နင်နဲ့ငါရန်ဖြစ်တော့ အိမ်တံခါးကိုဆောင့်ပိတ်ပြီး နင်ထွက်သွားခဲ့တယ်။ ငါအမီလိုက်ပြီး ရှာခဲ့ပေမယ့် နင့်ကိုမတွေ့ခဲ့ဘူး။ တိတ်ဆိတ်သွားတဲ့အိမ်ထဲမှာ ငါ့တစ်ယောက်တည်း အသံကုန်အော်ငိုမိတယ်။ အဲဒီမှာ တခြားအခန်းထဲကနေ နင်အမြန်ထွက်လာပြီး ငါ့ကိုပွေ့ဖက်တယ်။ အဲဒီနောက် ငါတို့ရန်ဖြစ်တိုင်း နင့်ကိုငါရှာတွေ့နိုင်မယ့်နေရာမှာပဲ နင်ပုန်းတော့တယ်။

တစ်ခါက နင်နဲ့ငါရန်ဖြစ်တော့ တစ်ပတ်လောက် ငါတို့စကားမပြောခဲ့ကြဘူး။ အဲဒီနေ့က အိမ်ပြန်ရောက်တော့ အခန်းတံခါးကို ငါဘယ်လိုဖွင့်ဖွင့် ဖွင့်မရခဲ့လို့ နင့်ဆီဖုန်းမဆက်ချင်ဘဲ ဆက်လိုက်ရတယ်။ ငါ့ဖုန်းရတော့ နင်အိမ်အမြန်ပြန်ခဲ့တယ်။ နောက်မှသိရတာက တံခါးဖွင့်မရအောင် နင်လုပ်ခဲ့တယ်တဲ့။ အဲဒီတုန်းက ငါစိတ်လည်းတိုသလို ခံလည်းခံစားခဲ့ရတယ်။

တစ်ခါက နင်နဲ့ငါရန်ဖြစ်တော့ အမေ့အိမ်ပြန်မလို့ ငါအဝတ်အစားတွေသိမ်းတယ်။ အဲဒီမှာနင်က ငါ့ကိုတင်းတင်းလေးဖက်ပြီး ဆို့ဆို့နင့်နင့်နဲ့ "နင်ဒီအတိုင်း ဆင်းမသွားပါနဲ့။ ငါက နင်ရဲ့ အရေးအကြီးဆုံးပစ္စည်းပါ။ ငါ့ကိုလည်း နင်နဲ့တပါးထဲယူသွားပါ" လို့ဆိုတယ်။ နောက်ဆုံးတော့ ငါတို့ အပျော်ခရီးထွက်ဖြစ်ခဲ့ကြတယ်။

တစ်ခါက နင်နဲ့ငါရန်ဖြစ်တော့ ငါစိတ်တိုပြီး နင်နဲ့အတူ တွဲရိုက်ထားတဲ့ဓာတ်ပုံကို ဆွဲဖြဲပစ်လိုက်တယ်။ အဲဒီဓာတ်ပုံကို တစ်ညလုံး နင်ပြန်ကပ်နေခဲ့တယ်။

တစ်ခါက နင်နဲ့ငါရန်ဖြစ်တော့ နင်နဲ့ကွာရှင်းဖို့ ကွာရှင်းစာချုပ်ကို ငါလိုက်ရှာခဲ့တယ်။ နောက်မှသိရတာက အဲဒီကွာရှင်းစာချုပ်ကို ငါရှာမတွေ့အောင် နင်ဖွက်ထားခဲ့တာဖြစ်တယ်။


ငါဟာ နင်နဲ့ရန်ဖြစ်ဖို့ ဘုရားသခင်စေလွှတ်လိုက်တဲ့လူလို့ နင်ပြောတယ်။ နင်နဲ့ရန်ဖြစ်ရတာ ဘယ်လောက်ထိ နားလည်မှုရှိလိုက်သလဲ! ဘယ်လိုအချိန်မျိုးမှာ အော်ငေါက်ရမယ်ဆိုတာကို သိတယ်။။ ဘယ်လိုအချိန်မျိုးမှာ မျက်ရည်ကျရမယ်ဆိုတာကို သိတယ်။ ဘယ်လိုအချိန်မျိုးမှာ ပစ္စည်းပစ်ပေါက်ရမယ်ဆိုတာကို သိတယ်။ ဘယ်လိုအချိန်မျိုးမှာ ပြန်ခေါ်ရမယ်ဆိုတာကို သိတယ်.....

ဟုတ်ပါတယ်.. ငါတို့ရဲ့အိမ်ထောင်ရေးဟာ ရန်ဖြစ်တဲ့အိမ်ထောင်ရေးပါ....

အခုလည်း ငါတို့မကြာခဏ ရန်ဖြစ်ကြတာပါပဲ။ ဒါပေမဲ့ အိမ်တံခါးကို နင့်ကိုယ်လုံးနဲ့ ပိတ်မထားတော့ဘူး။ ကွာရှင်းစာချုပ်ကို နင်ဖွက်မထားတော့ဘူး။ နင့်ကိုငါ ခွဲမသွားဘူးဆိုတာကို နင်သိထားလို့ဖြစ်တယ်။ ဟုတ်ပါတယ်.. နင်ကိုခွဲသွားရင် ငါငိုလိမ့်မယ်။

ရန်မဖြစ်တဲ့အိမ်ထောင်ရေး၊ မျက်ရည်မကျတဲ့အိမ်ထောင်ရေး၊ နင်နဲ့ပြန်မခေါ်တဲ့ အိမ်ထောင်ရေး၊ မပြုံးမရယ်တဲ့ အိမ်ထောင်ရေးမျိုး ငါမလိုချင်ဘူး။ ရန်ဖြစ်တဲ့၊ မျက်ရည်ကျတဲ့၊ ပြုံးရယ်တဲ့အိမ်ထောင်ရေးမျိုးမှာ နင်နဲ့အတူ ငါတဖြည်းဖြည်း အိုမင်းသွားချင်တယ်။ ငါ အကြိမ်ကြိမ်ပစ်ပေါက်ခဲ့လည်း မပျက်မစီးဘဲကျန်နေတဲ့ ငါတို့ရဲ့အိမ်ထောင်ဦးထမင်းအိုးက ငါတို့ရဲ့အိမ်ထောင်ရေးလို ကြံ့ခိုင်၊ ကျန်းမာပြီး ငါတို့အတွက် ထမင်းတွေချက်ပေးနေတုန်းပဲ။

နင့်ကိုငါ ချစ်လား မချစ်ဘူးလားဆိုတာကို ငါမသိဘူး။ ငါသိတာကတော့ နင့်ကိုခွဲသွားရင် ငါငိုလိမ့်မယ်။ ငါဟာ နင်နဲ့ရန်ဖြစ်ဖို့ ဘုရားသခင်လွှတ်လိုက်တဲ့ လူဖြစ်တယ်။

မူရင်း-- http://www.duwenzhang.com/wenzhang/aiqingwenzhang/20110330/176884.html

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Tuesday, May 17, 2011

ရုပ်ပုံထဲက စကားလုံးများ


မနာလို၊ ဝန်တိုဆိုတဲ့ဓားက နောက်ဆုံးမှာ တခြားလူကို ထိုးရင်ထိုး မထိုးရင် ကိုယ့်ရင်ကို ကိုယ်ပြန်ထိုးတာပဲ...


အနားယူ ရပ်နားတဲ့အခါ တခြားလူ ရှေ့ဆက်ပြေးလွှားနေသေးတယ်ဆိုတာကို မမေ့ပါနဲ့...


နာကျင်ခြင်းဆိုတာ ကိုယ်တိုင်ခံစားဖို့ပါ... ပျော်ရွှင်ခြင်းကမှ မျှဝေဖို့ဖြစ်တယ်။


ငါ့အပေါ် နင်မကောင်းတာ နင့်အလုပ် .. ငါနဲ့မဆိုင်ဘူး။
နင့်အပေါ်ကောင်းဖို့က ငါ့အလုပ်.. နင်နဲ့မဆိုင်ဘူး။


အသက်(၃ဝ)မတိုင်ခင် ဖြုန်းဖို့ငွေရှိတာက ပျော်စရာပါ။
အသက်(၃ဝ)နောက်ပိုင်း ဖြုန်းဖို့ငွေရှိတာက ပိုပျော်စရာပါ။

အသက်(၃ဝ)မတိုင်ခင် ရုန်းကန်ရတာ ပင်ပန်းတယ်။
အသက်(၃ဝ)နောက်ပိုင်း ရုန်းကန်ရတာ ပိုပင်ပန်းတယ်။

အင်တာနက်ဂိမ်းဆိုတာ လမ်းဘေးကရေမြောင်းတစ်ခုပါ။
အဲဒီရေမြောင်းကို လူတချို့က ကွေ့သွားကြတယ်။
လူတချို့က ခုန်ချပြီး ပြန်ထွက်လာကြတယ်။
လူတချို့က အဲဒီထဲမှာပဲ နစ်နေကြတယ်။


တချို့အရာက ပျောက်ကွယ်ကြွေလွှင့်မှ သူရဲ့တောက်ပတာကို လူတွေကတွေ့ကြတယ်။
ဒါဟာ ကံကောင်းခြင်းတစ်မျိုးဖြစ်သလို ကံဆိုးခြင်းတစ်မျိုးလည်းဖြစ်တယ်။


ဆန်းသစ်ပြောင်းလဲတယ်ဆိုတာ နှစ်လကြာခင်းအိပ်ထားတဲ့အိပ်ရာခင်းကို ဖုန်ခါပြီး တစ်ဘက်ပြန်လှည့်ခင်းတာပါပဲ။


ခွဲခွာခြင်းက ကြောက်စရာမကောင်းပါဘူး။
ကြောက်ဖို့ကောင်းတာက စိတ်တွေ ပိုဝေးဝေးသွားတာကိုပဲ။



တကယ်လို့ သင့်ကို ကူညီမယ့်သူမရှိရင် တခြားလူကို သင်သွားကူညီလိုက်ပါ။


နိုင်းနိုင်းစနေ


Share/Bookmark

Monday, May 16, 2011

လှပတဲ့ ချိန်းဆိုမှုတစ်ခုအတွက်.....


ကံကြမ္မာက ရက်စက်လွန်းလှတယ်... ပွင့်လန်းမယ့်ဆဲဆဲ ပန်းနှစ်ပွင့်ကို ခြွေရက်ခဲ့တယ်။ သူတို့ရဲ့နုပျိုခြင်း၊ တက်ကြွခြင်းတွေကို ညှိုးနွမ်းခြောက်သွေ့စေခဲ့တယ်။

ကံကြမ္မာက ညှာတာမှုရှိခဲ့ပြန်တယ်... မျှော်လင့်ချက်ကင်းမဲ့နေတဲ့ အသဲနှလုံးတစ်စုံကို မျှော်လင့်ချက်မီးကျည်တွေ ထွန်းညှိပေးခဲ့တယ်။

နေရောင်တောက်တောက် ညနေခင်းတစ်ခု ဆေးရုံဝရံတာတစ်ခုမှာ ကောင်လေးနဲ့ကောင်မလေး တွေ့ဆုံခဲ့ကြတယ်။ မျက်လုံးချင်းဆုံမိပြီး တခဏ သူတို့ရဲ့နုနုယ်ပျိုမျစ်တဲ့ အသဲနှလုံးတစ်စုံဟာ ဆတ်ဆတ်တုန်သွားခဲ့တယ်။ မကြာခဏတွေ့ဆုံမိရင်း မျက်လုံးထဲကနေ သူတို့ရင်ထဲက နာကျင်ခံစားမှုတွေကို အချင်းချင်း ဖတ်ရှုနားလည်ခဲ့ကြတယ်။ ဒါဟာ ရောဂါသည်နှစ်ဦးရဲ့ အချင်းချင်းကိုယ်ချင်းစာ သနားမှုလည်းဖြစ်တယ်။ ရက်ကြာလာတဲ့အမျှ သူတို့နှစ်ဦးဟာ ဟိုးယခင်ကတည်းက ရင်းနှီးခဲ့ဖူးကြတဲ့ မိတ်ဆွေတွေလို ခင်မင်သွားခဲ့ကြတယ်။ အဲဒီနောက်မှာတော့ ကောင်လေးနဲ့ကောင်မလေးဟာ နေထွက်ကနေ နေဝင်ချိန်အထိ အမြဲတတွဲတွဲရှိနေခဲ့ကြပြီး တစ်ဦးကိုတစ်ဦး ဖေးမ၊ တစ်ဦးကိုတစ်ဦး အားပေးရင်း နေ့ရက်တွေကို ဖြတ်ကျော်ခဲ့ကြတယ်။

တစ်နေ့မှာ ဆရာဝန်က သူတို့နှစ်ယောက်ရဲ့ရောဂါဟာ ကုသလို့မရနိုင်တော့တဲ့ အခြေအနေရောက်နေပြီဖြစ်ကြောင်း အတိအလင်းပြောကြားတယ်။ မိသားစုတွေက သူတို့နှစ်ယောက်ကို အိမ်အသီးသီး ခေါ်ပြန်သွားကြတယ်။ တစ်နေ့ထက်တစ်နေ့ သူတို့ရဲ့ရောဂါအခြေနေ ပိုပိုဆိုးလာခဲ့တယ်။ ဒါပေမဲ့ သူတို့အချင်းချင်းကြားမှာ ပြုခဲ့တဲ့ချိန်းဆိုမှုတစ်ခုကို သူတို့နှစ်ယောက်စလုံး မမေ့ခဲ့ကြဘူး။ အဲဒီချိန်းဆိုမှုက အချင်းချင်းအပြန်အလှန် စာတွေရေးကြပြီး တစ်ယောက်ကိုတစ်ယောက် အားပေးဖို့ဖြစ်တယ်။ စာတစ်လုံး၊ စာတစ်ကြောင်းတိုင်းက သူတို့အတွက် အစွမ်းထက်တဲ့ အားဆေးဖြစ်ခဲ့တယ်။

ဒီလိုနဲ့ မျက်စိတမှိတ်အတွင်းမှာ ၃လဆိုတဲ့အချိန် ကုန်လွန်သွားခဲ့တယ်။ ၃လရဲ့နောက်ဆုံးနေ့တစ်နေ့မှာ ကောင်မလေးဟာ ကောင်လေးပေးပို့လာတဲ့ စာတစ်စောင်ကို လက်ထဲဆုပ်ကိုင်ရင်း လောကကြီးကို ကျောခိုင်းသွားခဲ့တယ်။ အေးဆေးညင်သာစွာနဲ့ နှုတ်ခမ်းစွန်းမှာ အပြုံးလေးဆင်ပြီး ကွယ်လွန်သွားတာဖြစ်တယ်။ ကောင်မလေးရဲ့ မိခင်က ကောင်မလေးဘေးမှာ အသံတိတ် ငိုကြွေးနေခဲ့တယ်။ ကောင်မလေးလက်ထဲကစာကို မိခင်ယူကြည့်လိုက်တယ်။ ခွန်အားပါတဲ့ စာကြောင်းတိုင်းက မိခင်မျက်စိထဲ တိုးဝင်လာခဲ့တယ်။

"....... ကံကြမ္မာက နင့်ကို လှည့်စားတဲ့အချိန်မှာ မကြောက်နဲ့ မတွန့်ဆုတ်နဲ့ ကောင်မလေးရေ... နင့်ဘေးမှာ ငါရှိနေသေးတယ်။ နင့်ကို ဂရုစိုက်တဲ့၊ ချစ်တဲ့သူတွေ နင့်ဘေးမှာရှိနေသေးတယ်။ သူတို့က နင့်ကိုကူညီလိုက်မယ်၊ စောင့်ရှောက်ဖေးမလိုက်မယ်။ နင်ဟာ တစ်ယောက်တည်း အထီးကျန်နေသူ မဟုတ်ပါဘူး...."

စာကိုကိုင်ထားတဲ့ မိခင်ရဲ့လက်တွေ တုန်ခါနေခဲ့တယ်။ မိခင်ရဲ့မျက်ရည်တွေ စာရွက်ပေါ် တစက်စက် စီးကျနေခဲ့တယ်။

လူလောကကြီးထဲကနေ ကောင်မလေး ထွက်ခွာသွားခဲ့ပါပြီ။ ကောင်မလေးဆုံးပြီး နောက်တစ်ရက်မှာ မိခင်က ကောင်မလေးအခန်းကိုရှင်းရင် အံ့ဆွဲထဲမှာ မပို့ရသေးတဲ့စာတွေ အထပ်လိုက်တွေ့လိုက်မိတယ်။ အပေါ်ဆုံးတစ်စောင်က "မေမေအတွက်" လို့ ရေးထားတယ်။ စာကို ဖောက်ကြည့်လိုက်တော့ စာထဲမှာ ရေးထားတာက "မေမေ.. ဒီစာကို မေမေဖတ်နေချိန်မှာ မေမေ့အနား သမီးရှိမနေခဲ့တော့ပါဘူး။ သမီးရဲ့ဆန္ဒတစ်ခုကို ဖြည့်ပေးဖို့ သမီးတောင်းဆိုချင်ပါတယ်။ သမီးနဲ့ ကောင်လေးတစ်ယောက် အချိန်းအဆက်လေးတစ်ခု လုပ်ထားပါတယ် မေမေ။ သူနဲ့အတူ လူ့ဘဝနောက်ဆုံးအချိန်အထိ ဖြတ်ကျော်ဖို့ သမီးကတိပေးခဲ့တယ်။ ဒါပေမဲ့ သမီးကတိမတည်ခဲ့ဘူးမေမေ..... ဒါကြောင့် သမီးမရှိတော့တဲ့အခါ သမီးထားခဲ့တဲ့စာတွေကို သူ့ဆီ အဆက်မပြတ် ပို့ပေးပါမေမေ... သမီး ကြံ့ကြံ့ခိုင်ခိုင်နဲ့ ရှင်သန်နေသေးကြောင်း သူသိပါစေ။ ဒီစာတွေက သူ့ကို ယုံကြည်မှုရှိရှိနဲ့ ဆက်ရှင်သန်နေစေမယ်လို့ သမီးယုံကြည်ပါတယ်"

ကောင်မလေးရဲ့စာကိုဖတ်ပြီး မိခင်ငိုမိပြန်တယ်။ ကောင်လေးကို သွားတွေ့ဖို့ အင်အားတစ်ခုခုက မိခင်ကို လုံ့ဆော်နေသလိုပါပဲ... ကောင်လေးကို သွားတွေ့ဖို့ မိခင်ဆုံးဖြတ်လိုက်တယ်။ ဒီအကြောင်းတွေ ကောင်လေးကိုပြောပြပြီး ကောင်မလေးတစ်ယောက်က သူ့ကို အသက်ရှင်ဆက်ဖို့ မှာခဲ့ကြောင်းပြောဖို့ မိခင်ဆုံးဖြတ်လိုက်တယ်။

စာအိတ်တွေပေါ်ရေးထားတဲ့ ကောင်လေးရဲ့လိပ်စာအတိုင်း ကောင်လေးအိမ်ကို မိခင်ရောက်လာခဲ့တယ်။ အိမ်ထဲဝင်တာနဲ့ စားပွဲတစ်ခုပေါ်မှာ ဘောင်အနက်ခတ်ထားတဲ့ ဓာတ်ပုံတစ်ပုံကို သူမြင်လိုက်တယ်။ ဓာတ်ပုံထဲမှာ နုပျိုတက်ကြွတဲ့ ကောင်လေးတစ်ယောက်ကို သူမြင်လိုက်တယ်။ မိခင်မှင်သက်သွားခဲ့တယ်။ သူ့ကို တံခါးဖွင့်ပေးတဲ့ အမျိုးသမီးကို သူလှည့်ကြည့်လိုက်တယ်။

မိခင်နှစ်ဦးရဲ့ မျက်လုံးအိမ်မှာ မျက်ရည်တွေ စိုစွတ်နေခဲ့ပါတယ်။ ကောင်လေးရဲ့မိခင်က စားပွဲပေါ်တင်ထားတဲ့ စာအိတ်တွေကိုယူပြီး ဆို့နင့်သံနဲ့ "ဒီစာတွေက ကျွန်မသား ထားခဲ့တဲ့စာတွေပါ။ သားလေးဆုံးသွားတာ တစ်လကျော်ရှိနေပါပြီ။ သူ မဆုံးခင် သူနဲ့ကံကြမ္မာတူတဲ့ ကောင်မလေးတစ်ယောက် သူ့စာကိုစောင့်နေကြောင်း၊ သူ့အားပေးမှုကိုစောင့်နေကြောင်း ကျွန်မကို ပြောသွားခဲ့တယ်။ ဒါကြောင့် ဒီတစ်လလုံးလုံး သားစာကို ကျွန်မပဲ ပို့ပေးနေတာပါ....." စကားတွေဆက်ပြောဖို့ မိခင် မစွမ်းသာခဲ့တော့ဘူး။ ကောင်မလေးရဲ့မိခင်က ကောင်လေးမိခင်ကို တင်းတင်းလေး ပွေ့ဖက်ထားလိုက်ပြီး.... ဆို့ဆို့နင့်နင့် ရေရွတ်လိုက်ပါတယ်..... "လှပတဲ့ ချိန်းဆိုမှုတစ်ခုအတွက်.............."

မူရင်း--- http://www.duwenzhang.com/wenzhang/aiqingwenzhang/20110423/180800.html

နိုင်းနိုင်းစနေ ဘာသာပြန်သည်။



Share/Bookmark

Friday, May 13, 2011

၉ဝ-၁ဝ နိယာမ


၉ဝ-၁ဝ နိယာမက သင့်ဘဝကို ပြောင်းလဲလိမ့်မယ်။ (အနည်းဆုံးတော့ သင့်ရဲ့တုံ့ပြန်မှုကို ပြောင်းလဲလိမ့်မယ်)

၉ဝ-၁ဝ နိယာမဆိုတာ ဘာလဲ?

ဘဝရဲ့၁ဝ%က သင့်ရဲ့ကံကြမ္မာကြောင့်ဖြစ်တယ်။ ကျန်တဲ့ ၉ဝ%က သင့်ရဲ့တုံ့ပြန်ချက်အပေါ် မူတည်တယ်။

ဒါ ဘာအဓိပ္ပာယ်လဲ? ကံကြမ္မာကြောင့်ဖြစ်လာတဲ့ ၁ဝ%ကို ကျွန်တော်တို့ မထိန်းချုပ်နိုင်ဘူး။

ကားပျက်တာ၊ လေယာဉ်နောက်ကျတာ၊ ကားပိတ်ဆို့တာတွေကို ကျွန်တော်တို့ မထိန်းချုပ်နိုင်ဘူး။ ဒါပေမယ့် ကျန်တဲ့ ၉ဝ%ကိုတော့ ကျွန်တော်တို့ဆုံးဖြတ်နိုင်တယ်။ ဘယ်လိုဆုံးဖြတ်မလဲ? သင့်ရဲ့တုံ့ပြန်မှုပေါ်မှာပဲ မူတည်ပါတယ်။

ကားမီးနီသွားတာကို သင်မထိန်းချုပ်နိုင်ဘူး။ ဒါပေမဲ့ သင့်ရဲ့တုံ့ပြန်မှုကို သင်ထိန်းချုပ်နိုင်ပါတယ်။ တခြားသူ အရူးလုပ်တာကို မခံပါနဲ့။ ဘယ်လိုတုံ့ပြန်မယ်ဆိုတာကို သင်ထိန်းချုပ်နိုင်ပါတယ်။

ဥပမာတစ်ခုပြရရင်....

သင်နဲ့ သင့်မိသားစု မနက်စာစားနေတယ်။ သင့် သမီးငယ်က ကော်ဖီခွက်ကို သင့်အင်္ကျီပေါ် မတော်တဆ လောင်းမိတယ်။ ဒါက သင်မထိန်းချုပ်နိုင်တဲ့ အဖြစ်တစ်ခုဖြစ်တယ်။ နောက်ထပ် ဘာဆက်ဖြစ်မယ်ဆိုတာက သင့်ရဲ့တုံ့ပြန်မှုပေါ်မှာ မူတည်တယ်။

သင် စဆူပြီ.... သမီးကို သင်ဆူဆဲပစ်လိုက်တယ်။ သမီး ငိုယိုတော့တယ်။ အဲဒီနောက် သမီးကို ဆူဆဲနေရာက မြှားဦးကို ဇနီးဖက် သင်လှည့်လိုက်တယ်။ ကော်ဖီခွက်ကို စားပွဲစွန်းမှာ တင်ထားတာကို ဆူဆဲတယ်။ တစ်ဆက်တည်းမှာ အပြန်အလှန် အဆူအဆဲစစ်ပွဲလေး စတင်တော့တယ်။ သင် ဒေါသထွက်ထွက်နဲ့ အပေါ်ထပ်တက် အဝတ်အစားလဲတယ်။ အောက်ထပ်ပြန်ရောက်တော့ သမီးက ငိုငိုယိုယိုနဲ့ မနက်စာဆက်စားပြီး ကျောင်းသွားဖို့ အမြန်ပြင်တယ်။ ဒါပေမဲ့ ဘတ်စ်ကားက ထွက်သွားခဲ့ပြီ...

သင့်ဇနီးကလည်း အလုပ်ကို အမြန်ထွက်သွားတယ်။ သင်လည်း သမီးကို ကျောင်းပြေးပို့ရတယ်။ သင်ရုံးနောက်ကျမှာစိုးလို့ တစ်နာရီ မိုင်၃ဝပဲ
မောင်းရတဲ့လမ်းမှာ သင် ၄ဝနဲ့မောင်းတယ်။ ကားအမြန်မောင်းလို့ သင်ဒဏ်ငွေရိုက်ခံရတယ်။ အဲဒီလိုနဲ့ ကျောင်းရောက်တော့ ၁၅မိနစ်နောက်ကျနေခဲ့ပြီ။ သင့်သမီးက သင့်ကို နှုတ်တောင်မဆက်နိုင်ဘဲ အတန်းထဲပြေးဝင်သွားတယ်။ သင့်ရုံးရောက်တော့ ၉နာရီ မိနစ်၂ဝရှိနေပြီ။ ရုံးရောက်မှ သင့်လက်ဆွဲအိတ်မေ့ကျန်တာကို သတိရတယ်။ ဒါဟာ တကယ့်ဆိုးရွားတဲ့ နေ့တစ်နေ့ဖြစ်တယ်။ ဒီကနေ့ ကံမကောင်းပါလားဆိုပြီး အိမ်ကိုပဲ သင်ပြန်ချင်နေလိမ့်မယ်။ အိမ်ပြန်ရောက်တော့လဲ သင်နဲ့ ဇနီး၊ သမီးရဲ့ ဆက်ဆံရေးက အက်ကြောင်းလေးထနေလိမ့်မယ်။

ဒါ.. ဘာကြောင့်လဲ? အရာအားလုံးက မနက်ပိုင်းမှာ သင်တုံ့ပြန်ခဲ့တဲ့ တုံ့ပြန်ချက်တွေကြောင့်ဖြစ်တယ်။


ဒီလို ဆိုးရွားတဲ့နေ့တစ်နေ့ ဘာဖြစ်လို့ ဖြစ်ခဲ့ရသလဲ?

(၁) ကော်ဖီကြောင့်?
(၂) သင့်သမီးကြောင့်?
(၃) ယာဉ်ထိန်းရဲကြောင့်?
(၄) သင့်ကြောင့်?

အဖြေက နံပါတ် (၄)ဖြစ်ပါတယ်။

သမီး ကော်ဖီမှောက်လိုက်တဲ့ကိစ္စကို သင်မထိန်းချုပ်နိုင်ဘူး။ ဒါပေမဲ့ အဲဒီကိစ္စအတွက် ၅စက္ကန့်အတွင်း သင်တုံ့ပြန်လိုက်တဲ့ တုံ့ပြန်မှုက သင့်ရဲ့ကံမကောင်းတဲ့နေ့ကို စတင်ခဲ့တာပါပဲ.....

အောက်ကစာက သင့်ကံကြမ္မာကို သင်ပြောင်းရေးတဲ့ရလဒ်ဖြစ်တယ်။

သင့်ကိုယ်ပေါ် ကော်ဖီမှောက်သွားတယ်။ သင့်သမီး ငိုမဲ့မဲ့ဖြစ်နေတယ်။ ဒါကို သင်က နူးနူးညံ့ညံ့နဲ့ "သမီး.. ဘာမှမဖြစ်ဘူး.. နောက်တစ်ခါဆိုရင် သတိထားပေါ့" လို့ ပြောပြီး တဘက်ယူပြီး အပေါ်ထပ်တက်သွားတယ်။ အဝတ်အစားလဲပြီး ရုံးသွားဖို့ သင်အောက်ထပ်ဆင်းလာတယ်။ ပြတင်းပေါက်အပြင်ဖက် သင်လှမ်းကြည့်တော့ သင့်သမီးက ဘတ်စကားပေါ်ရောက်နေပြီး သင့်ကို လက်ပြနှုတ်ဆက်နေတယ်။ ရုံးကို သင် ငါးမိနစ်စောရောက်သွားပြီး လုပ်ဖော်ကိုင်ဖက်တွေကို သင် ရင်းရင်းနှီးနှီး နှုတ်ဆက်တယ်။ ပျော်ရွှင်ခြင်းနဲ့စတဲ့ သင့်ရဲ့နေ့သစ်တစ်နေ့တာကို သင့်အထက်လူကြီးက ကောင်းတဲ့မှတ်ချက်ပေးတယ်။

မတူတဲ့ခြားနားချက်ကို သင်သတိထားမိပြီလား?

အစတူပြီး အဆုံးမတူတဲ့ ခြားနားချက်နှစ်ခုက ဘာကြောင့်ဖြစ်ရသလဲ?
သင့်တုံ့ပြန်ချက်ကြောင့်ဖြစ်တယ်။

ကံကြမ္မာကြောင့်ဖြစ်တဲ့ ၁ဝ%ကို သင်ထိန်းချုပ်နိုင်ချင်မှ ထိန်းချုပ်နိုင်လိမ့်မယ်။ ကျန်တဲ့ ၉ဝ%ကိုတော့ သင်တုံ့ပြန်မှုပေါ် အဆုံးအဖြတ်ပေးလိမ့်မယ်။

၉ဝ-၁ဝ နိယာမရဲ့ လက်တွေ့အသုံးပြုပုံတချို့ကို တင်ပြလိုက်ပါတယ်။

တကယ်လို့ လူတွေက သင်ကို မဟုတ်မမှန်ကြောင်းပြောရင် "ရေမြှုပ်တုံး"တစ်တုံးအဖြစ်မခံပါနဲ့။ သင့်ကို ထိခိုက်၊ တိုက်ခိုက်လာတဲ့စကားတွေကို ဖန်ထည်ပေါ်ကရေတွေလို စီးဆင်းသွားပါစေ။ အပျက်သဘောဆောင် ဝေဖန်ချက်တွေ သင့်ကို မရစ်နှောင်ပါစေနဲ့။

သင့်တင့်တဲ့တုံ့ပြန်မှုက သင့်နေ့ရက်တွေကို မပျက်စီးစေပါဘူး။ မှားယွင်းတဲ့တုံ့ပြန်မှုက သင့်ကို သူငယ်ချင်းမိတ်ဆွေ ဆုံးရှုံးစေတယ်၊ ဒေါသထွက်စေတယ်၊ စိတ်ဖိအားများပြီး အသက်ရှုမွန်းကျပ်စေပါတယ်။

တကယ်လို့ လမ်းမှာ မော်တော်ကား ပိတ်ဆို့မှုတွေဖြစ်ရင် သင်ဘယ်လို တုံ့ပြန်မလဲ?
စိတ်တိုဒေါသထွက်မလား?
စတီယာရင်ကို တဒုန်းဒုန်းထုမလား?
ကျွန်တော့်မိတ်ဆွေတစ်ဦးက စတီယာရင် ပြုတ်ကျတဲ့အထိဖြစ်ဖူးတယ်။
သင် ဆဲဆိုမလား?
သွေးတွေ ငယ်ထိပ်အထိ ထိုးတက်သွားမလား?
တခြားကားကို တိုက်ပစ်ဖို့ စိတ်ကူးလား?

ရုံးချိန် ၁ဝစက္ကန့်လေး နောက်ကျတာကို ဘယ်သူက သင့်ကိုဆူပူမှာလဲ? ပိတ်နေတဲ့ကားတွေကြောင့် သင်ရဲ့ စနစ်တကျမောင်းနှင်မှုကို ဘာကြောင့် ပျက်စီးစေမလဲ?

စိတ်မပူပါနဲ့.... ၉ဝ-၁ဝ နိယာမကို သတိရလိုက်ပါ။

သင့်ကိုအလုပ်ဖြုတ်လိုက်ကြောင်း အကြောင်းကြားလိုက်ပြီ။
အိပ်မပျော်တာနဲ့ ဘာဖြစ်လို့ စိတ်တိုဒေါသထွက်ရမလဲ?
ဖြစ်ပြီးနေတဲ့အရာပေါ် စိတ်တိုဒေါသထွက်နေမယ့်အစား အဲဒီအရာပေါ် သုံးဖြုန်းမယ့်အင်အားနဲ့အချိန်ကို တခြားအလုပ်သစ် ရှာဖွေဖို့ဆီ အာရုံလွှဲထားလိုက်ပါ!

လေယာဉ် နောက်ကျမှထွက်မယ်။ သင့်အစီအစဉ်ဆွဲထားတဲ့ ခရီးစဉ်တွေ ကမောက်ကမဖြစ်တော့မယ်။ ဘာဖြစ်လို့ သင့်ဒေါသ၊ သင့်မကျေနပ်ချက်တွေကို ဝန်ထမ်းတွေအပေါ် စုပြုံရမလဲ? အဖြစ်အပျက် မဖြစ်ပျက်ဖို့ သူတို့ဘယ်လိုမှ ထိန်းချုပ်လို့မရပါဘူး။

အဲဒီဒေါသ၊ မကျေမနပ်ရေရွတ်နေမယ့်အစား စာဖတ်နေလိုက်မယ်၊ ဒါမှမဟုတ် ခရီးသွားအချင်းချင်း မိတ်ဖွဲ့မယ်။ ဒေါသထွက်၊ စိတ်တိုတာက သင်ရဲ့တနေ့တာကို ပိုဆိုးစေပါတယ်။

၉ဝ-၁ဝ နိယာမကို သင်နားလည်သွားပြီဆိုရင် အခုပဲ လက်တွေ့အသုံးပြုလိုက်ပါ။ ထူးဆန်းအံ့သြတဲ့ ရလဒ်ကို သင်ခံစားရပါလိမ့်မယ်။ အသုံးပြုလိုက်ခြင်းအားဖြင့် သင့်ကို ဘာမှ မဆုံးရှုံး၊ မနစ်နာစေပါဘူး။ ၉ဝ-၁ဝ နိယာမက မယုံနိုင်အောင် အစွမ်းထက်ပါတယ်။ ဒါပေမဲ့ ဒါကို လူနည်းစုလောက်ပဲ အသုံးပြုဖို့ နားလည်ကြတယ်။

သန်းပေါင်းများစွာသောလူတွေက နာကျင်ခြင်း၊ အစမ်းခံခြင်း၊ ပြဿနာနဲ့ ကြေကွဲခြင်းတွေထဲ နစ်ဝင်နေကြတယ်။ ဒါကြောင့် ၉ဝ-၁ဝ နိယာမကို ကျွန်တော်တို့ နားလည်ပြီး လက်တွေ့ကျကျ အသုံးပြုဖို့ လိုအပ်တယ်။

ဒီနိယာမက သင့်ဘဝတစ်သက်ကို ပြောင်းလဲနိုင်ပါတယ်။

လောကမှာ ၈ဝ%သော ဥစ္စာပစ္စည်းတွေကို ၂ဝ%သော လူတွေက ရှာဖွေပိုင်ဆိုင်လိုက်ပြီ။ ကျန်တဲ့ ၂ဝ%သော ဥစ္စာပစ္စည်းတွေကို ၈ဝ%သော လူတွေက လုယှက်နေကြတယ်။ နေ့တိုင်း ၈ဝ%သောလူတွေက သူရ ငါရနဲ့ လုနေကြပေမယ့် မရောင့်ရဲ၊ မတင့်တိမ်နိုင်ကြဘူး။ သူတို့က ၂ဝ%သော ဥစ္စာပစ္စည်းထဲမှာပဲ တဝဲဝဲလည်နေလို့ဖြစ်တယ်။ သင် ဘယ်လောက် လုနိုင်လိမ့်မလဲ?

၉ဝ-၁ဝနိယာမကို စတင်အသုံးပြုလိုက်ပါ။ ဒီလိုမှမဟုတ်ရင် မပျော်ရွှင်တဲ့နေ့ရက်ထဲ သင်ထာဝရ နစ်မွန်းနေပါလိမ့်မယ်။

မူရင်းရေးသားသူ--- Stephen Covey (Discover The 90/10 Principle)

နိုင်းနိုင်းစနေ ဘာသာပြန်သည်။



Share/Bookmark

Thursday, May 12, 2011

နှုတ်ထွက်စကားလေး မွှေးပါစေ


တလောက တက္ကသိုလ်ပါမောက္ခတစ်ဦး ဇနီးဖြစ်သူနဲ့ငြင်းခုန်ရန်ဖြစ်ပြီး ဇနီးရဲ့ဓားသွားလိုထက်တဲ့ စကားတွေကို နားထောင်နိုင်စွမ်းမရှိတာနဲ့ ဇနီးကိုပါးဆွဲရိုက်လိုက်တဲ့သတင်း ကျွန်တော်ကြားလိုက်ရတယ်။

နောက်ဆုံးမှာ ဇနီးက မခံမရပ်နိုင်ဖြစ်ပြီး ကွာရှင်းမယ်ဆိုတာနဲ့ တကယ်ကွာရှင်းလိုက်ရတယ်။ ဇနီးကိုရိုက်တဲ့ ပါမောက္ခမှာ အပြစ်ရှိတယ်ဆိုပေမဲ့ ဇနီးဖြစ်သူကလည်း အမှားမကင်းဘူး မဟုတ်လား?

"စကားလုံးအကြမ်းဖက်မှု"က "ကိုယ်အပြုအမှု အကြမ်းဖက်မှု"ထက် ပိုခံရဆိုးသတဲ့။ လူတွေကများသောအားဖြင့် ကိုယ်မဟုတ်တာကိုမမြင်ဘဲ တဘက်သား မဟုတ်တာ၊ အကြမ်းဖက်တာကိုပဲ ပိုမြင်တတ်၊ ဝေဖန်တတ်ကြတယ်။

ချစ်သူရည်းစားဖြစ်နေချိန်မှာ ယောက်ျားနဲ့မိန်းမက "အချစ်ရဲ့ချိုမြိန်ခြင်း"ထဲ မှိန်းမောနေတာကြောင့် ကတောက်ကဆဖြစ်ဖို့၊ ငြင်းခုန်ဖို့ကို သိပ်သတိမရတတ်ကြဘူး။

ဟော်လိဝုဒ်မင်းသား Johnny Deppက မင်းသမီးWinona Ryderနဲ့ ချစ်သူရည်းစားဖြစ်နေတုန်းမှာ သူ့ရဲ့လက်မောင်းပေါ်မှာ "Winona"ဆိုပြီး ဆေးမင်ကြောင်ထိုးခဲ့တယ်။ ဒါကို မိန်းကလေးတော်တော်များများက အားကျခဲ့ရတယ်။

ဒါပေမဲ့ သိပ်မကြာဘူး... သူတို့နှစ်ယောက်ရဲ့အချစ် လမ်းခွဲပြတ်စဲခဲ့တယ်။ အဲဒီမှာ Johnny Deppက သူ့လက်ပေါ်မှာထိုးခဲ့တဲ့ Winona ဆိုတဲ့နာမည်ကို အသားအနာခံပြီး အနောက်က "na"ကိုဖျက်လိုက်တယ်။ "Wino" (အမူးအမား)ဆိုတဲ့ စာလုံးကိုပဲ ချန်ခဲ့လိုက်တယ်။

တကယ်တမ်းမှာ လှပတဲ့အချစ်က ထာဝရတည်မြဲချင်မှ တည်မြဲတယ်။ အကောင်းဆုံးအဖော်က မွေးရာပါအဖြစ် သတ်မှတ်ခဲ့တာ မဟုတ်ဘူး။ အချင်းချင်း နားလည်မှု၊ ခွင့်လွှတ်ပေးဆပ်မှုနဲ့မှ တာရှည်တည်မြဲမှာဖြစ်တယ်။

တချို့ချစ်သူရည်းစားတွေက ချစ်ကြိုက်ပြီးသိပ်မကြာခင်မှာ အချင်းချင်းအပေါ် ခံစားချက်တွေ ပျက်ပြားလာတတ်ကြတယ်။ ဘဝမှာ မတူတဲ့အလေ့အကျင့်၊ ငြီးတွားတာတွေ၊ ငြင်းခုန်တာတွေ ရှိလာပြီးနောက် ခံစားချက်တွေက "ထက်မြက်တဲ့ဓားသွား"လို ချစ်ကြိုက်ခဲ့၊ ရင်းနှီးခဲ့တဲ့သူကို ထိခိုက်နာကျင်စေတော့တယ်။

ဒါကြောင့် ....
မင်္ဂလာမဆောင်ခင်မှာ မိန်းမပြောတယ်၊ ယောက်ျား နားထောင်တယ်။
ဟမ်းနီးမွန်းပြီးနောက် ယောက်ျားပြောတယ်။ မိန်းမ နားထောင်တယ်။
အိမ်ထောင်ကျပြီး နှစ်အနည်းငယ်ကြာတော့ ယောက်ျား၊ မိန်းမပြောတယ်၊ ငြင်းခုန်တယ်၊ အိမ်နီးနားချင်းတွေက နားထောင်ကြတယ်တဲ့... ရယ်ချင်စရာမကောင်းလိုက်ဘူးလား!

တကယ်တော့ ချစ်သူရည်းစားဖြစ်တယ်၊ ခံစားချက်ချင်းဖလှယ်တယ်ဆိုတာ သင်ယူလို့ရနိုင်တဲ့ သင်ခန်းစာတစ်ခုပါ။ တခြားလူရဲ့ကိုယ်ပေါ်ကနေ "အရာတချို့"ကို ကျွန်တော်တို့ သင်ယူလို့ရနိုင်ပါတယ်။ တဘက်လူ လုပ်ခဲ့ဖူးတဲ့အမှားကိုပဲ ထပ်သလဲလဲ ပြောဆိုဝေဖန်တာဟာ ကိုယ်ကိုယ်တိုင်ကိုလဲ အလိုမကျစေပါဘူး။

နောက်ပြီး ... "အချစ်ရေးမှာ၊ အိမ်ထောင်ရေးမှာ ကံမကောင်းတာဟာ သူ့အတွက်တင်ခဲ့တဲ့ ရှေးဘဝဝဠ်ကြွေးကြောင့်၊ ဒီဘဝမှာ မဆပ်ရရင် နောင်ဘဝမှာလဲ ထပ်ဆုံရမှာပဲ..."လို့ မထင်မြင်ပါနဲ့။ " ရှေးဘဝ ဝဠ်ကြွေး"ဆိုတာ မရှိပါဘူး။ ဒီဘဝမှာပဲ အချစ်ကိုသေချာပြုစုပျိုးထောင်ရင် လှပတဲ့အချစ်အသီးအပွင့်ကို ခံစားရမှာပါပဲ....

ပြင်သစ်စာရေးဆရာ Tyneက "(၃)ပတ်ကြာ အချင်းချင်းအကဲခတ်ပြီး၊ (၃)လကြာ အချင်းချင်း ချစ်ကြိုက်ကြတယ်။ အဲဒီနောက် (၃)နှစ်ကြာ အချင်းချင်း ငြင်းခုန်ရန်ဖြစ်ကြပြီး အနှစ်(၃ဝ)ကြာ အချင်းချင်း သည်းခံကြတယ်။ အဲဒီနောက်.... အဲဒီလည်ပတ်ဖြစ်စဉ်အတိုင်း သားသမီးတွေအလှည့် ရောက်လာတယ်။ အဲဒါကို အိမ်ထောင်ရေးလို့ခေါ်တယ်" လို့ဆိုခဲ့တယ်။

မိန်းကလေးတစ်ယောက်အတွက် သူ့ရဲ့ပျံသန်းခြင်း အမြင့်ဆုံးအမှတ်က "လက်ထပ်ခြင်း"ဖြစ်တယ်။ သူချစ်တဲ့သူနဲ့ လက်ထပ်တာပဲဖြစ်တယ်။ တကယ်လို့ လက်မထပ်ခင်မှာ မျက်စိသေချာဖွင့်ပြီး သေချာမရွေးချယ်ခဲ့ရင် လက်ထပ်ပြီးနောက် သူ့ရဲ့နာကျင်ကြေကွဲခြင်းတွေက ပျော်ရွှင်ခြင်းထက် ပိုများလိမ့်မယ်။

ယောက်ျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် သူတို့ရွေးချယ်တဲ့သူဟာ ပစ္စည်းဥစ္စာကြွယ်ဝနေဖို့ မလိုဘူးလို့ဆိုပေမဲ့ စကားတစ်ခွန်းက ဒီလိုဆိုထားပါတယ်။ ဆင်းရဲလင်မယားမှာ မပျော်ခြင်းတွေ အခုတစ်ရာရှိတယ်၊ ပိုက်ဆံမရှိတဲ့လင်မယားက မကြာခဏ ပိုက်ဆံကြောင့် ရန်ဖြစ်တယ်။ နေ့စဉ်စားဝတ်နေရေးအတွက် ပိုက်ဆံဆိုတာလိုတယ်။ ဒါကြောင့် မင်္ဂလာမဆောင်ခင် ငွေကြေးဆိုတာကို မဖြစ်မနေ စဉ်းစားရတဲ့အထဲမှာ ပါတယ်။

အိမ်ထောင်ဖက်ရဲ့ အကျင့်စရိတ္တ၊ ဝါသနာ၊ အရည်အချင်းတွေကလည်း အရေးကြီးတယ်။ တကယ်လို့ သင်ယူမယ့်သူက ပျင်းရိတဲ့သူ၊ သောက်စားမူးရူးသူ၊ ကာမစိတ်ပြင်းပြသူ၊ အကြမ်းဖက်တတ်သူ... စတဲ့အကျင့်ဆိုးတွေရှိနေရင် သူကို သင်ဘာကြောင့်လက်ထပ်ဦးမလဲ?

George Bernard Shawပြောခဲ့တဲ့အတိုင်း "အိမ်ထောင်ဖက်ရွေးတာဟာ စစ်ပွဲအတွက် အစီအစဉ်ရေးဆွဲနေတာနဲ့ အတူတူပဲ။ တစ်ချက်မှားတာနဲ့ လုံးဝမှားတော့တာပဲ!" တဲ့။

ဒါပေမဲ့ အမေရိကန်သမ္မတ Andrew Jackson က "ကောင်းကင်ဘုံမှာနေရလည်း အဲဒီကောင်းကင်ဘုံမှာ ငါ့ရဲ့ချစ်ဇနီးရှိမနေခဲ့ရင် အဲဒီကောင်းကင်ဘုံဟာ ငါ့အတွက် ကောင်းကင်ဘုံမဟုတ်ဘူး"လို့ဆိုခဲ့တယ်။ ဒါဟာ လူတိုင်းအားကျ အတုယူစရာကောင်းတဲ့ ချစ်ဇနီးမောင်နှံတစ်စုံဖြစ်တယ်။

ကျွန်တော်တို့အိုမင်းသွားချိန်မှာ "ကောင်းကင်ဘုံမှာနေရလည်း အဲဒီကောင်းကင်ဘုံမှာ ငါ့ရဲ့ဇနီး(ယောက်ျား) ရှိနေခဲ့ရင် အဲဒီကောင်းကင်ဘုံဟာ ငါ့အတွက် ကောင်းကင်ဘုံမဟုတ်ဘူး" လို့ ကျွန်တော်တို့ မပြောမိကြဖို့ လိုပါလိမ့်မယ်။

ဒါကြောင့် သူ့အမှားကိုပဲ မမြင်တတ်ဖို့၊ အချင်းချင်းနားလည်၊ ခွင့်လွှတ်၊ သည်းခံ၊ သင်ယူရင်း အချစ်ရဲ့ချိုမြိန်ခြင်းထဲ
ထာဝရ လန်းဆန်းပျော်ရွှင် သက်ဝင်နေအောင် နှုတ်ထွက်စကားမွှေးဖို့လည်း လိုပါလိမ့်မယ်။

မူရင်း--- http://space.atmovies.com.tw/space/space.cfm?action=data&type=clist&CID=GB&sid=211348&mid=0&page=33

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark