သင်္ကြန်မတိုင်ခင်ကတည်းက အိန္ဒိယနိုင်ငံမူဘိုင်းမြို့မှာ ကျောက်ကပ်အစားထိုး သွားရောက်ကုသခဲ့တဲ့ ဦးလေး မနေ့က (အိန္ဒိယအချိန်) ဇွန်(၃ဝ)ရက်နေ့မှာ အော်ပရေးရှင်းမလုပ်ခင် အန်ထရာဆောင်းရိုက်ရာက နှလုံးရှော့ဖြစ်ပြီး ဆုံးသွားတယ်ဆိုတဲ့ သတင်းကိုရတယ်။ အိန္ဒိယကို သူနဲ့မတင်မေရောက်သွားကတည်းက ကျွန်မနဲ့ တစ်ပတ်တစ်ခါ ဖုန်းဆက်နေကျပါ။ ထူထူထောင်ထောင်နဲ့ စကားပြောနိုင်ဆိုနိုင်ဆဲမို့ ဒီသတင်းကို မယုံရဲခဲ့ဘူး။ ဒါပေမဲ့ ဖုန်းတစ်ဘက်က မတင်မေရဲ့ငိုရှိုက်သံတွေက ဒါဟာ အိပ်မက်မဟုတ်ဘူး... ဒါဟာ တကယ်ပါဆိုတာ ကျွန်မကို အသိပေးနေခဲ့ပါတယ်။
ဦးလေးက အဖေ့ညီအငယ်ဆုံးဖြစ်တယ်။ အဖေတို့မောင်နှမဆယ်ယောက်မှာ သူက အငယ်ဆုံးဆိုပေမယ့် ကိုယ်လုံးကိုယ်ပေါက်က တခြားမောင်နှမတွေထက် ကြီးပါတယ်။ (၇)နှစ်သားအရွယ်ကတည်းက မိဘနဲ့ခွဲပြီး နိုင်ငံခြားမှာနေခဲ့ရသူ၊ အဘွား(သူ့အမေ)ဆုံးပြီး နှစ်တွေကြာမှ မြန်မာပြည်ကို ပြန်ခဲ့သူဆိုတော့ မိဘမေတ္တာကို ငယ်ငယ်လေးကတည်းက ငတ်ခဲ့သူပါ။ ဒါကြောင့် ဦးလေးဟာ ခန္ဓာကိုယ်ကြီးသလောက် အသဲငယ်သူဖြစ်တယ်။ အကြင်နာမေတ္တာတွေကို ငတ်မွတ်သူဖြစ်တယ်။ ဂရုစိုက်၊ အပြုစုခံချင်သူလည်းဖြစ်တယ်။ ကျွန်မတို့ ဦးလေးတွေထဲမှာ စိတ်သဘောထားအပြည့်ဆုံးနဲ့ ကျွန်မတို့တူ၊ တူမအပေါ် နားအလည်ပေးဆုံး၊ ကိုယ်ချင်းစာပေးဆုံး၊ ကျွန်မတို့နဲ့ အရင်းနှီးဆုံးသူလည်းဖြစ်တယ်။
"ငါတို့ မိသားစုအရှုပ်တော်ပုံအကြောင်း နင်ဝတ္ထုရေးပါလား!" လို့ သူတို့ မောင်နှမဆယ်ယောက်အကြောင်းကို စာရေးဖို့ မကြာခဏ ကျွန်မကို စနောက် တိုက်တွန်းတတ်တဲ့ဦးလေး .. အခုတော့ သူသေဆုံးကြောင်းကို ကျွန်မအရင်ဆုံး ရေးနေခဲ့ရပြီ။ ပြောချင်တဲ့စကားတွေကို ရင်ထဲမှာ သိုဝှက်မထားဘဲ ပွင့်ပွင့်လင်းလင်း ပြောတတ်တဲ့ဦးလေး၊ အသံကျယ်သလောက် ကြောက်စိတ်ကြီးတဲ့ဦးလေး၊ လူကောင်ကြီးပေမယ့် နူးညံ့တဲ့အသဲနှလုံးရှိတဲ့ ဦးလေး၊ မကြာခဏ မတင်မေနဲ့ တကျက်ကျက် ငြင်းခုန်ရန်ဖြစ်တတ်တဲ့ ဦးလေး၊ ကျောက်ကပ်အစားထိုး ကုသဖို့သွားရာက နှလုံးရောဂါနဲ့ သေတဲ့ဦးလေး၊ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါရှိရက်နဲ့ အစားမရှောင်တဲ့ဦးလေး၊ ကံကြမ္မာရဲ့ လှည့်ကွက်လေးတစ်ချက်ကို ကြံ့ကြံ့မခံဘဲ အသက်ကိုအလျော်ပေးလိုက်တဲ့ ဦးလေး၊ လူမမယ်သားနှစ်ယောက်ကို လောကအလယ်မှာ "အဖေ"လို့ခေါ်စရာမရှိအောင် ထားရက်ခဲ့တဲ့ဦးလေး၊ မတင်မေကို ရန်ဖြစ်ဖော်မဲ့အောင် ခွဲသွားရက်တဲ့ဦးလေး၊ လွန်ခဲ့တဲ့ ၄ရက်ကမှ ကျွန်မနဲ့ ဖုန်းပြောခဲ့တဲ့ဦးလေး၊ ကျွန်မရဲ့ဦးလေး... အချိန်မရောက်သေးပေမယ့် ဘယ်သူ့ကိုမှ နှုတ်မဆက်ဘဲ ပြန်လမ်းမရှိတဲ့ခရီးကို သူထွက်သွားခဲ့ပါပြီ.... ဦးလေး ဦးကြာကျင်း ကောင်းရာသုဂတိလားပါစေ....

တူမ
နိုင်းနိုင်းစနေ