Friday, July 29, 2011

လိုက်မရှာပါနဲ့၊ စိတ်မပူပါနဲ့.....


၂၇ရက်နေ့က အင်တာနက်ပေါ်ကနေ ထိုင်ဝမ်က စာအုပ်ဆိုင်တစ်ဆိုင်ဆီ စာအုပ်ငါးအုပ်လှမ်းဝယ်လိုက်တယ်။ ဒီနေ့ရောက်လာတယ်.. တော်တော်မြန်တယ်လို့ ပြောရမယ်။ မြန်မာပြည်ကပို့လိုက်တဲ့ Lookမဂ္ဂဇင်းက တစ်လလောက်ရှိပြီ ခုထိရောက်မလာသေးဘူး။

ဒီစာအုပ်တွေက Top 10စာရင်းဝင်တွေလို့ ရေးထားတယ်။ အမြည်းပဲဖတ်ပြီး ကောင်းမယ်ထင်တာတွေ ဝယ်လိုက်တယ်။ ဒီစာအုပ်တွေထဲမှာ အချစ်ဝတ္ထုပါတယ်၊ ဖြစ်ရပ်မှန် ပြစ်မှုဝတ္ထုတိုပါတယ်။ တက်ကျမ်းပါတယ်။ ကလေးအကြောင်းပါတယ်။ အင်္ဂလိပ်စာအုပ်ကို တရုတ်ပြန်ဆိုထားတာရှိသလို ကိုရီးယားကိုလည်း တရုတ်ပြန်ဆိုထားတာရှိတယ်။ ကျွန်မက တခြားဘာသာစကား အားနည်းတော့ ပိုကျွမ်းကျင်တဲ့(တယ်လို့ထင်တဲ့) တရုတ်လိုပြန်ထားတာပဲ ရှာဖတ်ဖြစ်တယ်။
စာအုပ်တွေက ကြည့်ရတာထူထူထည်းထည်းရှိပေမယ့် ကိုင်လိုက်ရင် ပေါ့ပေါ့လေးပဲ။ ဒါကို ကျွန်မသဘောကျတယ်။

ဒီစာအုပ်တွေထဲမှာ ကိုရီးယားစာရေးဆရာGyu-Sang Park
ရေးထားတဲ့ "The mysteries of voices, apples, and glass slippers"စာအုပ်ကို စိတ်အဝင်အစားဆုံးပဲ။ ကျွန်မတို့နဲ့ အတူကြီးပြင်းခဲ့တဲ့ ကမ္ဘာကျော် စင်ဒရဲလားပုံပြင်၊ ရေသူမပုံပြင်... စတဲ့ပုံပြင်တွေကို ဘာကြောင့်ဆိုတဲ့အမေးတွေနဲ့ စာရေးဆရာက အတွေးတွေထည့်ပြီး ပြန်ရေးထားတာဖြစ်တယ်။

ဥပမာ-- ဘာဖြစ်လို့ ရေသူမက သူ့အသံနဲ့ စုန်းမဆီကနေ ခြေတစ်စုံကို လဲခဲ့ရသလဲ?
မနှင်းဖြူစားလိုက်တာက အဆိပ်ရှိတဲ့ စပျစ်သီး၊ စတော်ဘယ်ရီသီးမဟုတ်ဘဲ ဘာဖြစ်လို့ ပန်းသီးဖြစ်နေရတာလဲ? စင်ဒရဲလားကျန်ခဲ့တဲ့အရာက ဆံညှပ်၊ နားကပ်တွေမဟုတ်ဘဲ ဘာဖြစ်လို့ ဖန်ဖိနပ်ဖြစ်နေရတာလဲ? စတာတွေပေါ့.. စိတ်ဝင်စားစရာကောင်းမယ်လို့ ထင်ပါတယ်။ ဖတ်ပြီးရင် ဘာသာပြန်မျှဝေပါဦးမယ်။

ဖတ်စရာစာအုပ်တွေ ရလာပြီဆိုတော့ ဘလော့ပေါ်မှာ စာတွေကျိုကျဲကျိုကျဲပဲတင်ဖြစ်ခဲ့ရင် လိုက်မရှာပါနဲ့၊ စိတ်မပူပါနဲ့လို့ .. စာအုပ်တွေကို ခေါင်းခုပြီး ကျွန်မအိပ်ပျော်နေကြောင်းပါလို့ ..း)

နိုင်းနိုင်းစနေ


Share/Bookmark

Thursday, July 28, 2011

အချစ်နဲ့အိမ်ထောင်ရေး


(၁) စောင့်မျှော်ခြင်းဆိုတာ မမြင်ရတဲ့လက်မည်းကြီးတစ်စုံပါ။ အထူးသဖြင့် အချစ်ကိုသတ်ဖြတ်ပြီး ပျော်ရွှင်နေတဲ့ လက်မည်းကြီးဖြစ်တယ်။

(၂) မြက်ရိုင်းတွေကြားမှာ ကျောက်စိုင်ကျောက်ခဲ မကြီးမားနိုင်ဘူး။ သေနတ်ဖျားမှာ ခြင်္သေ့ မသန်စွမ်းနိုင်ဘူး။ ရေခဲတောင်ရှေ့မှာ တိုင်တန်းနစ်သဘောင်္ မခိုင်ခံ့နိုင်ဘူး။ ကမ္ဘာပတ်သူရဲ့ရှေ့မှာ ကမ္ဘာကြီး မကျယ်ဝန်းနိုင်ဘူး။
ဘယ်အရာက ကြီးမား၊ သန်စွမ်း၊ ခိုင်ခံ့၊ ကျယ်ဝန်းနိုင်သလဲ?
အခက်အခဲရှေ့မှာ အပြုံး ကြီးမားသန်စွမ်းနိုင်တယ်။
ဘေးအန္တရာယ်ရှေ့မှာ ယုံကြည်မှု ခိုင်မြဲနိုင်တယ်။
ထိခိုက်နာကျင်ခြင်းရဲ့ရှေ့မှာ မေ့လျော့ခြင်း ကျယ်ဝန်းနိုင်တယ်။

(၃) လင်ယောက်ျားအပေါ် ပါးစပ်ချိုတဲ့မိန်းမ ဘယ်တော့မှမနစ်နာဘူး။ ဒီစကားကို မှတ်ထားပါ!

(၄) သူ့"အမှား"ကို အပြစ်ရှာချင်ရင် သင့်ဖက်က"မှန်"ရပါမယ်။ စိတ်ခံစားချက်မှာ ဘယ်သူမှားတယ်၊ ဘယ်သူမှန်တယ်ဆိုတာ ဝေခွဲရခက်ပါတယ်။

(၅) အိမ်ထောင်ရေးမှာ အချစ်ကို မပျောက်ပျက်စေနဲ့။ အချစ်ရေးမှာ ကိုယ့်ကိုယ်ကို မပျောက်ပျက်စေနဲ့။

(၆) ခံစားချက်ဖိုရမ်မှာ ခံစားချက်အကြောင်း ဆွေးနွေးတဲ့လူ နှစ်မျိုးနှစ်စားရှိတယ်။ ပထမလူစားက မိသားစု"ပျော်ရွှင်ခြင်း" အကြောင်းပဲပြောတယ်။ ဒုတိယလူစားက မိသားစု"စိတ်ဆင်းရဲခြင်း"အကြောင်းပဲ ပြောတယ်။ အချိန်ကြာလာတာနဲ့အမျှ ပျော်ရွှင်ခြင်းအကြောင်းပြောတဲ့လူရဲ့ မိသားစုက ပိုပိုပျော်ရွှင်လာတယ်။ စိတ်ဆင်းရဲခြင်းအကြောင်းပြောတဲ့လူရဲ့ မိသားစုက ပိုပိုစိတ်ဆင်းရဲလာတယ်။ တချို့က လမ်းခွဲပြတ်စဲတဲ့အထိပါပဲ။

(၇) ဆွေးနွေးကြတဲ့အရာက တစ်ခုတည်း၊ ကြုံတွေ့ရတဲ့ ပြဿနာကလည်း အတူတူပဲ။ ဒါပေမဲ့ တချို့က အကောင်းမြင်စိတ်၊ နှစ်မြို့တဲ့စိတ်နဲ့ ဖြေရှင်းကြတယ်။ တချို့က တသတ်မှတ်အတွေး၊ မကောင်းမြင်စိတ်နဲ့ ဖြေရှင်းတယ်။ ဒါဟာ လူလူချင်းကြား၊ မိသားစုကြားက ပျော်ရွှင်ခြင်းရဲ့ခြားနားချက်ဖြစ်တယ်။

(၈) "'ဒိုးတူပေါင်ဖက်"ဆိုတဲ့အဆင့်ကိုရောက်ဖို့ အိမ်ထောင်ကျတဲ့ ယောက်ျားမိန်းမတိုင်း မျှော်လင့်ကြတယ်။ "မိန်းမက ယောက်ျားကို ပိုနှစ်သက်မယ်၊ ပိုချီးကျူးမယ်၊ ယောက်ျားကို စနောက်မယ်ဆိုရင် ယောက်ျားတွေက ကျိုးနွံသိမ့်မွေ့ပါတယ်တဲ့" ယောက်ျားတွေက ပြောပါတယ်။ "ယောက်ျားက သဘောထားနည်းနည်းကြီးမယ်၊ အိမ်ထောင့်တာဝန်ကို နည်းနည်းပိုထမ်းရွက်မယ်ဆိုရင် မိန်းမတွေက ယောက်ျားစကားကို ပိုနားထောင်ပါတယ်တဲ့" မိန်းမတွေက ပြောပါတယ်။

(၉) အိမ်ထောင်ရေးမှာ ခံစားချက်တစ်မျိုးကို အချင်းချင်းချစ်မြတ်နိုးခြင်းလို့ခေါ်တယ်။ နောက်ခံစားချက်တစ်မျိုးကို ဒိုးတူပေါင်ဖက်လို့ခေါ်တယ်။ နောက်ခံစားချက်တစ်မျိုးကို ခွင့်လွှတ်နားလည်ခြင်းလို့ခေါ်တယ်။ အိမ်ထောင်ရေးဆိုတာ ပင်လယ်ပြင်မှာ ရွက်လွှင့်နေတဲ့ လှေငယ်တစ်စီးနဲ့တူတယ်။ တစ်ခါတလေမှာ လေငြိမ်လှိုင်းငြိမ်ပြီး လိုရာခရီးရောက်တယ်။ တစ်ခါတလေမှာ လေထန်လှိုင်းထန်တယ်၊ ကျောက်ဆောင်တွေပေါတယ်။ နားလည်ခြင်းဆိုတဲ့ရွက်ကိုလွှင့်ပြီး ခွင့်လွှတ်ဆိုတဲ့ပဲ့နဲ့ စုပေါင်းညီညာလှော်မှ ပျော်ရွှင်ခြင်းကမ်းကို ကပ်နိုင်မှာဖြစ်တယ်။

(၁ဝ) ကိုယ့်အမြင်ကို ကိုယ်တိုင်ဖွင့်ဆိုပေးပါ....


အင်တာနက်ပေါ်ဖတ်မိသမျှ ဘာသာပြန်သည်။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Tuesday, July 26, 2011

တကယ့်ပျော်ရွှင်ခြင်းဆိုတာ…


လူတစ်ယောက်ဟာ ကံကောင်းထောက်မစွာနဲ့ လှပတဲ့ပုလဲလုံးတစ်လုံးကို ရခဲ့တယ်။ ဒါပေမဲ့ ပုလဲလုံးပေါ်မှာရှိတဲ့ အမည်းစက်တစ်စက်က သူ့ကို မကျေမနပ်ဖြစ်စေခဲ့တယ်။ အမည်းစက်ကို သူဖယ်ရှားပစ်နိုင်ခဲ့ရင် ဒီပုလဲလုံးဟာ ကမ္ဘာပေါ်မှာ အလှဆုံး၊ အဖိုးအတန်ဆုံးပုလဲဖြစ်မယ်လို့ သူထင်ခဲ့တယ်။ အဲဒီလိုနဲ့ ပုလဲရဲ့အပေါ်ဆုံးအလွှာကို သူဖယ်လိုက်တယ်။ ဒါပေမဲ့ အမည်းစက်က ရှိနေတုန်းပဲ။ တစ်ထပ်ပြီးတစ်ထပ် သူဖယ်တယ်။ နောက်ဆုံးမှာ အမည်းစက်မရှိတော့ပေမယ့် ပုလဲလုံးလည်း သေးသထက်သေးသွားပြီး အမှုန်အဖြစ်ပျောက်သွားတော့တယ်။ အဲဒီလူဟာ ပုလဲကို ဆုံးရှုံးသွားရတဲ့စိတ်နဲ့ပဲ အိပ်ရာထက်မှာ ဘုံးဘုံးလဲတော့တယ်။ သူလုံးပါးပါးမသွားခင်မှာ “တကယ်လို့ အစကတည်းက အဲဒီအမည်းစက်ကို ကျွန်တော် အရေးမလုပ်ခဲ့ဘူးဆိုရင် အခုအချိန်မှာ ကျွန်တော့်လက်ထဲ ဆုပ်ကိုင်ထားမှာက လှပတဲ့ ပုလဲလုံးတစ်လုံးဖြစ်တယ်” လို့ နောင်တရစွာပြောသွားခဲ့တယ်။

ဒီပုံပြင်ကို သတိရမိတိုင်း အဖြစ်တစ်ခုကို ကျွန်တော်သွားသတိရမိတတ်တယ်။ တလောက နေ့တိုင်းနီးပါး ပင်လယ်ဘေးသွားပြီး ကျွန်တော်လမ်းလျှောက်ဖြစ်တယ်။ အဲဒီမှာ ဆံဖြူဖြူလူအိုနှစ်ယောက် တစ်ယောက်ကိုတစ်ယောက်မှီပြီး ပင်လယ်ဘေးတစ်နေရာက ခုံတန်းပေါ်မှာထိုင်ပြီး ပင်လယ်ဖက် ငေးမောနေတတ်တာကို အမြဲလိုလိုတွေ့ခဲ့ရတယ်။ သူတို့နှစ်ယောက်ဟာ ခုံပေါ်မှာ ဆိတ်ဆိတ်ငြိမ်ငြိမ်ထိုင်လို့ မျက်နှာပေါ်မှာလည်း အပြုံးတွေ ကြည်နူးရိပ်တွေသန်းလို့ ပင်လယ်ဘေးမှာ တကယ့်လက်ရာဝင်တဲ့ ရုပ်တုနှစ်ခုလို အမြဲရှိနေခဲ့တယ်။


တစ်နေ့မှာ ကျွန်တော်လည်း စိတ်ဝင်စားတာနဲ့ သူတို့ရှေ့သွားပြီး “အဘိုးနဲ့အဘွားက ပင်လယ်ပြင်ကို နှစ်သက်ကြတာလား!” လို့ မေးလိုက်တယ်။

အဘိုးအိုက ကျွန်တော်ကိုပြုံးပြီး ခေါင်းညိတ်ပြတယ်။ ပြီးတော့ ဘေးကအဘွားအိုကို လက်ညှိုးထိုးပြတယ်။ အဲဒီအချိန်ကျမှ အဘိုးအိုဟာ ဆွံအနားမကြားသူဆိုတာကို ကျွန်တော်သိလိုက်တယ်။ အဘွားအိုဟာလည်း မျက်စိနှစ်လုံး အလင်းကွယ်နေသူဖြစ်တယ်။ ကျွန်တော်မေးလိုက်တဲ့စကားအတွက် ကျွန်တော်အားနာမိပေမယ့် သူတို့နှစ်ယောက်ရဲ့ မျက်နှာပေါ်မှာတော့ မရွှင်ပျတဲ့ပုံ မပေါ်ခဲ့တဲ့အပြင် အဘွားအိုက နွေးထွေးကြင်နာတဲ့အသံနဲ့ “ဟုတ်တယ်… အဘွားတို့နှစ်ယောက် အမြဲတမ်း ပင်လယ်ပြင်ကို လာ“ကြည့်”ခဲ့ကြတယ်။ ဒီအတွက် ဒီကသူငယ် အံ့သြနေမှာပဲနော်။ တကယ်တော့ တစ်ယောက်စိတ်ထဲမှာ တစ်ယောက်ရဲ့ချွတ်ယွင်းချက်ကို ထည့်မထားရင် နှစ်ယောက်စလုံးက သာမန်လူတွေနဲ့ အတူတူပဲ မဟုတ်လား!”

သူတို့နှစ်ယောက်ရဲ့ မျက်နှာပေါ်မှာ အားငယ်တဲ့၊ ဝမ်းနည်းတဲ့အရိပ်အယောင်တွေအစား ပျော်ရွှင်တဲ့၊ ပြည့်စုံတဲ့ အပြုံးတွေနဲ့ပြည့်နှက် ကူးလူးနေခဲ့တယ်။ တစ်ဦးအပေါ်တစ်ဦး ချစ်ခင်ကြင်နာတဲ့ အဘိုးအိုနဲ့အဘွားအိုကို ကြည့်ပြီး ကျွန်တော့်မျက်လုံးတွေ စွတ်စိုနေခဲ့တယ်။


အဲဒီအချိန်ကစပြီး မသန်စွမ်းတဲ့လူအိုနှစ်ယောက်စီကနေ ပျော်ရွှင်ခြင်းဆိုတဲ့ အဓိပ္ပာယ်ကို ကျွန်တော်ရှာတွေ့ခဲ့တာဖြစ်လိမ့်မယ်။ တကယ့်ပျော်ရွှင်ခြင်းဆိုတာ တစ်ဘက်သားရဲ့ မပြောပလောက်တဲ့ ချွတ်ယွင်းချက်၊ အနာအဆာတွေကို ဖယ်ရှားနိုင်တာမဟုတ်ဘူး။ တကယ့်ပျော်ရွှင်ခြင်းဆိုတာ ကျွန်တော်တို့လက်ထဲ တကယ်ဆုပ်ကိုင်ထားမိတဲ့ ပုလဲလုံးကို တန်ဖိုးထားမြတ်နိုးပြီး ခွင့်လွှတ်နားလည်မှု ပေးနိုင်တာပဲဖြစ်တယ်။ ဒါမှ တစ်ဦးစိတ်ကိုတစ်ဦးနားလည်ပြီး တကယ့်ပျော်ရွှင်ခြင်းကို ခံစားရမှာဖြစ်တယ်။


မူရင်း--http://www.duwenzhang.com/wenzhang/shenghuosuibi/shenghuoganwu/20090407/43985.html


နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Saturday, July 23, 2011

မပြောသင့်တဲ့စကား


တကယ်လို့ ရုပ်ရှင်၊ ဝတ္ထု၊ ကာတွန်းတွေကို သင်အများကြီး ကြည့်ခဲ့၊ ဖတ်ခဲ့ဖူးတယ်ဆိုရင် ထူးခြားဆန်းကြယ်တဲ့ အဆုံးသတ်တစ်ခုကို သင်သိနားလည်လိမ့်မယ် ထင်ပါတယ်။ အဲတာကတော့ ဇာတ်လမ်းဝတ္ထုတွေထဲမှာ တချို့စကားကို လုံးဝမပြောသင့်ဘူး။ တကယ်လို့ ပြောခဲ့ရင် သိပ်မကြာခင် သင်သေရတော့တာပါပဲ။

ဥပမာအနေနဲ့ ပြရရင်--

စစ်မြေပြင်မှာ ရှေ့တန်းရောက်စစ်သားတစ်ဦးက ဓာတ်ပုံတစ်ပုံထုတ်ပြီး သူ့ဘေးကစစ်သားကို
"ကြည့်... ဒါ ငါနဲ့ ငယ်ငယ်လေးကတည်းက အတူကြီးပြင်းလာခဲ့တဲ့ ချစ်သူပေါ့။ ဒီစစ်ပွဲပြီးရင် အိမ်ပြန်ပြီး သူနဲ့ငါ မင်္ဂလာဆောင်တော့မယ်" လို့ပြောတယ်။

အမှုအခင်းလိုက်မယ့် ရဲအုပ်တစ်ယောက်က သေနတ်ကိုစစ်ဆေးရင်း သူ့ဘေးက အဖော်ကို "ကြည့်.. ဒါ ငါအရမ်းကြိုက်တဲ့ ဘန်ဂလိုပေါ့။ ဒီအမှုပြီးရင် ငါအငြိမ်းစားယူပြီး အဲဒီဘန်ဂလိုမှာပဲ အေးချမ်းသာသာ သွားနေတော့မယ်" လို့ပြောတယ်။

ဇာတ်ကွက်တစ်ကွက် နှစ်ကွက်ပြီးရင် စစ်သားလေးကို ရန်သူတွေဝိုင်းနေလိမ့်မယ်။ ပြီးရင် လက်ထဲမှာ ချစ်သူဓာတ်ပုံကိုဆုပ်ကိုင်ပြီး မျက်ဆန်ပြူးနဲ့ အဲဒီစစ်သားလေး သွေးအိုင်ထဲမှာ လဲနေတော့တယ်။

ရဲအုပ်ရဲ့စကားအဆုံးမှာ အသစ်ရောက်လာတဲ့ ရဲသားလေးကို ကာကွယ်ရင်းက ရဲအုပ်ဟာ ရန်သူပစ်လိုက်တဲ့ကျည်ဆံ ထိမှန်သွားတယ်။ သူမျက်လုံးတွေ တဖြေးဖြေးမှိတ်ကျပြီး ဝိုးတဝါးအမြင်အာရုံထဲမှာ လင်းလက်နေတဲ့ ပင်လယ်ဘေးက ဘန်ဂလိုကို သူမြင်လိုက်တယ်။

ကျွန်တော့်သူငယ်ချင်း တော်တော်များများက ဒီလိုအရိပ်အမြွက်ပြတဲ့ အပြောအဆိုကို ဟာသလုပ်တတ်ကြတယ်။ ရုပ်ရှင်ရုံမှာ ရုပ်ရှင်ကြည့်နေရင်း ဒီလိုအပြောကြားရင် တဟားဟား ထရယ်တတ်ကြတယ်။

ဒီလိုအရိပ်အမြွက်ပြအပြောက ကြားရတာ ရယ်စရာကောင်းနေပေမယ့် ဘာဖြစ်လို့ ကျွန်တော်တို့နဲ့ ဒီလောက်ရင်းနှီးနေရသလဲ? တကယ့်လက်တွေ့ဘဝမှာ ကျွန်တော်တို့ဟာ ဒီလိုအပြောကို တစ်ဘက်ကရယ်ရင်း တစ်ဘက်ကလည်း ကံကြမ္မာရဲ့အထိန်းအချုပ်ကို ခံထားရသလို ဒီလိုအပြောကိုပဲ ပြောနေခဲ့ရသလား?

သား.. နောက်တစ်ခေါက်မှ သားကို ကစားကွင်းလိုက်ပို့မယ်နော်
လုံလောက်တဲ့ပိုက်ဆံ ရှာရမှ နိုင်ငံခြားထွက်ကျောင်းတက်ပြီး အိပ်မက်ကို အကောင်အထည်ဖော်မယ်
လုံလောက်တဲ့ပိုက်ဆံစုမိပြီး အိမ်ဝယ်ရမှ ချစ်သူကောင်မလေးနဲ့ မင်္ဂလာဆောင်မယ်
အတန်းထဲမှာ ပထမအဆင့်ရမှ အတန်းဖော်ကောင်မလေးကို ဖွင့်ပြောမယ်

ဟုတ်ပါတယ်.. ဒီလိုအပြောကို ပါးစပ်ဖျားမှာ သင်အမြဲချိတ်ဆွဲထားပေမယ့် ဒီအတိုင်း သင်သေမသွားနိုင်ဘူးဆိုတာကို ကျွန်တော်သိပါတယ်။ သင်မသေပါဘူး.. ဒါပေမဲ့ သင့်စိတ်ကူးအိပ်မက်က သေသွားတာပါ။ တစ်ကြိမ်ပြီးတစ်ကြိမ် နောက်ရွေ့ခံလိုက်ရတဲ့ သင့်စိတ်ကူးအိပ်မက်တွေက ဒီလိုနဲ့ပဲ သင့်အပါးကနေ ထွက်ခွါသွားရပါတယ်။

သင်အားလပ်ချိန်ရှိတဲ့အခါ သင့်သားက ကြီးပြင်းခဲ့ပါပြီ။ သင်နဲ့အတူ ကစားကွင်း သွားမကစားချင်တော့ပါဘူး။ လုံလောက်တဲ့ပိုက်ဆံရှာရတဲ့အချိန် သင့်အသက်ကြီးခဲ့ပါပြီ။ နိုင်ငံခြားထွက် ကျောင်းတက်ဖို့ သင်မရဲတော့ပါဘူး။ လုံလောက်တဲ့ပိုက်ဆံစုပြီး အိမ်ဝယ်တဲ့အချိန် သင့်ချစ်သူကောင်မလေးက မစောင့်နိုင်လို့ သင့်ကို ခွဲသွားခဲ့ပါပြီ။ သင်အဆင့်တစ် ဖြေနိုင်တဲ့အခါ အတန်းဖော်ကောင်မလေး ကျောင်းပြောင်းကောင်း ပြောင်းသွားပါပြီ။

တကယ်လို့ ဒီလိုစကားကို မပြောသင့်ဘူးလို့ သင်ထင်ရင် ဘာဖြစ်လို့ ဒီလိုအပြောကို ပါးစပ်ဖျားမှာပဲ အမြဲချိတ်ဆွဲထားသလဲ? တကယ်လို့ နောက်တစ်ကြိမ်မှာ ဒီလိုအဖြစ်မျိုးနဲ့ သင်ကြုံခဲ့ရင် တခြားအမေးနဲ့ သင့်ကိုယ်သင် ပြောင်းမေးကြည့်ပါ။

"တကယ်လို့ အခုအချိန်မဟုတ်ရင် ဘယ်အချိန်ဖြစ်မလဲ? တကယ်လို့ ငါကိုယ်တိုင်မှမဟုတ်ရင် တခြားဘယ်သူဖြစ်မလဲ?" (If not now, then when? If not me, then who? )

စက်ဘီးတစ်စီးနဲ့ ထိုင်ဝမ်ကျွန်းကိုတစ်ပတ်ပတ်တဲ့ ရုပ်ရှင်ဇာတ်ကား Island Etude ရဲ့ ပို့စတာပေါ်ရေးထားတဲ့ "တချို့ကိစ္စတွေ အခုမလုပ်ရင် တစ်သက်လုံးလည်း မလုပ်ဖြစ်တော့ဘူး"ဆိုတဲ့ စာကြောင်းကိုကြည့်ပြီး ဒီဆောင်းပါးကို ကျွန်တော်ရေးဖြစ်ပါတယ်။ သက်ပြင်းချတိုင်း ပြီးမသွားပါဘူး... သင့်အိပ်မက်အတိုင်း သင်ရှင်သန်နိုင်မှ ပြီးပြည့်စုံတာပါ။


မူရင်းရေးသားသူ-- Zhu Xue Heng (朱學恒)၊ The United Daily News (聯合報) (2011.07.04 04:03 am)

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

အလွမ်းနင်သွားတဲ့ ဧဝ


ဧဝကိုက်ခဲ့တဲ့ ပန်းသီးတစ်ကိုက်ကို
"အချစ်"လို့ဆိုခဲ့ကြရင်
ငါ့အတွက် မင်းပေးခဲ့တဲ့ ပန်းသီးတစ်လုံးကို
ဘယ်လိုတင်စားရမလဲ ကောင်လေးရယ်....

တစ်ကိုက်ဆိုရင် အချစ်၊ နှစ်ကိုက်ဆိုရင် မေတ္တာ
သုံးကိုက်ဆိုရင် အကြင်နာ၊ လေးကိုက်ဆိုရင် ထာဝရ
.......၊ .........၊ ..... လို့ မှတ်ယူခဲ့တဲ့ငါ
အခုတော့......
အလွမ်းအရိုးတွေ
နှလုံးသားမှာ နင်နေခဲ့ပေါ့ကွယ်.........

“If Eve hadn’t eaten that apple, nothing of any interest would have happened in the last few billion years.” — Paulo Coelho

နင်ကျွေးတဲ့ အချစ်ပန်းသီးကို ငါမစားမိခဲ့ရင် ငါ့နှလုံးသားမှာလည်း အလွမ်းတွေ နင်ခဲ့မှာမဟုတ်ပါဘူး.... ဒါပေမဲ့ ငါကျေနပ်ပါတယ် ____ နိုင်းနိုင်းစနေ


Share/Bookmark

Friday, July 22, 2011

ကျွန်မဖတ်ဖို့ (၃ဝ)


(၁) အပြစ်ရှာညည်းတွားတတ်တဲ့ လူတွေဟာ စိတ်သဘောထားမကောင်းသူတွေ မဟုတ်ပေမယ့် လူတွေအမြဲနှစ်သက်သူတော့ မဟုတ်ခဲ့ဘူး။

(၂) အလုပ်များနေတာက အရေးမကြီးဘူး။ အရေးကြီးတာက ဘာအတွက်အလုပ်များနေလဲ ဆိုတာပဲဖြစ်တယ်။ လူ့ဘဝရဲ့အကြီးမားဆုံး အနှောင့်အယှက်နဲ့ ပြဿနာက ဦးတည်ချက်မရှိဘဲ အလုပ်များနေတာပဲဖြစ်တယ်။

(၃) သူငယ်ချင်းဆိုတာ အဖိုးတန်ရတနာပါ။ တစ်ခါတလေမှာ စကားလေးတစ်ခွန်းနဲ့တင် သင့်ကိုနလန်ထ ပြောင်းလဲစေနိုင်ပါတယ်။

(၄) လူတစ်ယောက်နဲ့ခင်မင်ဖို့ အခွင့်အရေးလိုတယ်
လူတစ်ယောက်ကို နားလည်ဖို့ အသိဉာဏ်လိုတယ်။
ချစ်ချစ်ခင်ခင်ပေါင်းသင်းဖို့ ခွင့်လွှတ်နားလည်ခြင်းလိုတယ်။

(၅) ကောင်းတာကို ကောင်းတာနဲ့တုန့်ပြန်တယ်။
မကောင်းတာကို မကောင်းတာနဲ့ တုန့်ပြန်တယ်လို့ ကြားဖူးထားတယ်။
ဒါပေမဲ့ အသိဉာဏ်ရှိသူတွေက ကောင်းတာနဲ့ မကောင်းတာကို ဖာထေးတယ်။
အသိဉာဏ်မဲ့သူတွေက မကောင်းတာနဲ့ ကောင်းတာကို ချေဖျက်တယ်။

(၆) လူ့ဘဝမှာ ရက်သုံးရက်ပဲရှိတယ်။
မနေ့ကမှာ ရှင်သန်နေတာက လူကို တွေဝေမိန်းမောစေတယ်။
မနက်ဖြန်မှာ ရှင်သန်နေတာက လူကို စောင့်မျှော်စေတယ်။
ဒီနေ့မှာ ရှင်သန်နေတာကမှ လက်တွေ့ကျတယ်။

(၇) အခွင့်အရေးဆိုတာ သူခိုးတစ်ယောက်နဲ့တူတယ်။ မသိမသာနဲ့ အသံတိတ်ရောက်လာတတ်ပြီး ထွက်သွားတဲ့အချိန် သင့်မှာ ဆုံးရှုံးနစ်နာမှုတွေ ကျန်ခဲ့တတ်တယ်။

(၈) Jesusက သောကြာနေ့မှာ လက်ဝါးကပ်တိုင်ပေါ်သံရိုက်ပြီး အဆုံးစီရင်ခံခဲ့ရတယ်။ အဲဒီနေ့က တစ်ကမ္ဘာလုံး မျှော်လင့်ချက်မဲ့တဲ့နေ့ဖြစ်တယ်။ ဒါပေမဲ့ သုံးရက်အကြာမှာ ခရစ်တော်ထမြောက်ပွဲနေ့ (Easter day) ဖြစ်ခဲ့တယ်။

(၉) ကြီးမြတ်သူက ပတ်ဝန်းကျင်ကို ပြောင်းလဲတယ်။
ထက်မြက်သူက ပတ်ဝန်းကျင်ကို အသုံးပြုတယ်။
သာမန်လူက ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေနေတယ်။
လူဖျင်းလူညံ့က ပတ်ဝန်းကျင်ကို အပြစ်တင်တယ်။

(၁ဝ) တစ်ခါတလေမှာ ဆိတ်ဆိတ်နေခြင်း ဒါမှမဟုတ် အေးဆေးတည်ငြိမ်တဲ့အပြုအမူက စိတ်တိုဒေါသထွက်တာထက် ပိုအင်အားရှိတယ်။

ငြိမ်းချမ်းသိမ်မွေ့တဲ့ အပြောအဆိုနဲ့ အကျိုးအကြောင်းကို ဆင်ခြင်သုံးသပ်တာက
အော်ကြီးဟစ်ကျယ်၊ ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုတာထက်
တစ်ဘက်လူကို ပိုကြောက်လန့်စေတယ်။


ခွင့်လွှတ်ခြင်းနဲ့နားလည်ခြင်းက
ထိခိုက်နာကျင်ခြင်းနဲ့ ဆဲရေးစော်ကားခြင်းထက်
တစ်ဘက်လူရဲ့ စိတ်ဝိညာဉ်ကို ပိုသိမ်းပိုက်နိုင်သလို
ဘေးကြည့်သူတွေကိုလည်း ဂရုဏာဖြစ်စေတယ်။


ချစ်ခင်ခြင်း၊ ကြင်နာခြင်းနဲ့ ချီးမွမ်းခြင်းတွေက
အကြမ်းဖက်၊ ရိုင်းစိုင်းခြင်းထက်
လူတွေရဲ့စိတ်ဝိညာဉ်ကို ပိုတိုးတက်ကောင်းမွန်စေပါတယ်။

ကျွန်မဖတ်ဖို့ အင်တာနက်ပေါ်က စာစုတွေကို ဘာသာပြန်ပါတယ်။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Wednesday, July 20, 2011

အစွန်းရောက်


"မတင်မေ"လို့ဆိုလိုက်ရင် ကျွန်မရဲ့ပို့စ်တချို့နဲ့အတူ သူ့ကိုမှတ်မိကောင်း မှတ်မိကြလိမ့်မယ် ထင်ပါတယ်။ မတင်မေက ကျွန်မရဲ့အချစ်ဆုံးသူငယ်ချင်းပါ။ စိတ်တူကိုယ်တူ၊ အတွေးချင်းနီးစပ်ကြသူတွေမို့ ကျွန်မဆယ်ကျော်သက်အရွယ်မှာ အတွဲဖြစ်ဆုံး၊ အခင်ဆုံးသူငယ်ချင်းဖြစ်ခဲ့ပါတယ်။ ဆိုးတိုင်ပင်၊ ကောင်းတိုင်ပင်နဲ့ ကျွန်မတို့နှစ်ယောက်ကြားမှာ ကွယ်ဝှက်ထားတဲ့ကိစ္စဆိုတာမျိုး မရှိခဲ့ဖူးပါဘူး။ တစ်ခါတလေမှာ အမြင်မတူတဲ့ ငြင်းခုန်မှုလေးရှိတတ်ပေမယ့် မခေါ်မပြောလောက်တဲ့အထိ ကျွန်မတို့မစိမ်းကားခဲ့ဖူးပါဘူး။ သူမှားရင်ကိုယ်ပြ၊ ကိုယ်မှားရင်သူနားချနဲ့ ညီအစ်မရင်းသဖွယ် ကျွန်မတို့ရှိခဲ့ကြပါတယ်။ သူ့အိမ်က ကျွန်မရဲ့စားအိမ်သောက်အိမ်ဖြစ်ခဲ့သလို၊ ကျွန်မရဲ့အိမ်ကလည်း သူဝင်ဝင်ထွက်ထွက်နေရာဖြစ်ခဲ့တယ်။ ဆယ်ကျော်သက်အရွယ်ကနေ အခုချိန်အထိ ကိစ္စတစ်စုံတစ်ရာနဲ့ တစ်ယောက်အပေါ်တစ်ယောက် ငြိုငြင်မှုမရှိ၊ အခင်အမင်မပျက် ကျွန်မတို့ရှိနေခဲ့ကြပါတယ်။

တချို့ကိစ္စတွေမှာ ကျွန်မတို့အမြင်မတူ၊ မကြိုက်နှစ်သက်တာတွေရှိပေမယ့် တစ်ယောက်အပေါ်တစ်ယောက် လိုက်လျောပြီး နားလည်မှုတွေ အပြန်အလှန်ပေးခဲ့ကြတယ်။ ဥပမာ- ဗေဒင်၊ လက္ခဏာတွက်တာကို သူဝါသနာပါတယ်။ ကျွန်မ ဝါသနာမပါဘူး။ ဒါပေမဲ့ သူဗေဒင်သွားတွက်တိုင်း ကျွန်မအဖော်လိုက်တယ်။

ဗေဒင်၊ လက္ခဏာတွက်တာနဲ့ ပတ်သက်ပြီးပြောရရင် မတင်မေဟာ ဗေဒင်တွေကို တော်တော်ကြိုက်သူပါ။ သူနဲ့သိစကတည်းက ဗေဒင်တွေ သူလိုက်မေးတတ်တာကိုသိပေမယ့် အဲဒီတုန်းက ဆယ်ကျော်သက် မိန်းကလေးတချို့လို ဗေဒင်ကိုသူအပျော်တွက်တယ်လို့ပဲ ကျွန်မထင်ခဲ့တယ်။ အဲဒီလောက်အထိ သူယုံယုံကြည်ကြည် စွဲစွဲလမ်းလမ်းရှိလိမ့်မယ်လို့ ကျွန်မထင်မထားခဲ့မိပါဘူး။ ဒါပေမဲ့ တောင်ငူမြို့မှာ သူဂျီတီအိုင်သွားတက်ပြီး ကျောင်းပြီးလို့ တောင်ကြီးမြို့ကိုပြန်ရောက်ချိန်မှာ ဗေဒင်ကို သူယုံကြည်စွဲလမ်းခဲ့မှန်း ကျွန်မ သတိထားမိတော့တယ်။ ဒါကြောင့် တောင်ကြီးမြို့မှာ နာမည်ကြီးတဲ့ဗေဒင်ဆရာတိုင်း သူမတွက်ဖူး၊ မမေးဖူးတဲ့ဆရာဆိုတာမရှိသလို တောင်ကြီးမြို့ရဲ့အနီးအနား မြို့ရွာတွေပါမကျန် နာမည်ကြီးတဲ့ဗေဒင်ဆရာရှိရင် သူအရောက်သွားပြီး မေးတတ်ခဲ့တယ်။ ဒါတင်မက သူငယ်ချင်းတွေရှိတဲ့ ရန်ကုန်၊ ပဲခူးပါမကျန် ဗေဒင်ကို သူတော်တော်ယုံစားခဲ့ပါတယ်။

ကျွန်မက ဗေဒင်တွက်တာကို ဝါသနာမပါခဲ့ပေမယ့် သူသွားတွက်တဲ့တချို့နေရာတွေမှာ အဖော်အဖြစ်လိုက်ပါပေးရင်း ဒါတွေကို သိပ်ယုံကြည်သက်ဝင်မဖြစ်မိဖို့၊ နစ်ဝင်မသွားဖို့ ဘေးကနေ သတိပေးခဲ့ပါတယ်။ ကျွန်မရဲ့သတိပေးစကားကို သူကစပ်ဖြီးဖြီးနားထောင်ရင်း ယတြာတွေ ချေသင့်တာချေနေခဲ့ပါတယ်။

(၁၉၉၇)ခုနှစ် နိုင်ငံခြားမှာကျောင်းတက်ဖို့ ကျွန်မထွက်သွားတော့ မတင်မေတစ်ယောက် တောင်ကြီးမြို့မှာ ယောင်ချာချာကျန်ခဲ့ပါတယ်။ အဲဒီနောက် ကျွန်မဦးလေးနဲ့ သူမင်္ဂလာဆောင်လိုက်တယ်။ စာချင်း၊ ဖုန်းချင်း ကျွန်မတို့ အဆက်အသွယ်ရှိခဲ့ပေမယ့် ဗေဒင်တွက်တဲ့အကြောင်းတွေကိုတော့ မပြောဖြစ်ခဲ့ပါဘူး။ ဒါပေမဲ့ တစ်ခါတလေ ရွာက ကျွန်မညီမလေးဆီမှာတော့ ဘယ်ရွာမှာ သူဗေဒင်သွားတွက်တယ်၊ ဘယ်အကြားအမြင်ဆရာမဆီ သွားပြန်ပြီဆိုတာကိုတော့ ကျွန်မကြားခဲ့ရပါတယ်။ ဒါကလည်း ဝါသနာပါသူတို့ရဲ့ ထုံးစံအတိုင်း နာမည်ကြီးတဲ့ ဗေဒင်ဆရာကိုတွေ့ရင် ဝါသနာကိုတားမရလို့ တွက်တာဖြစ်ပါလိမ့်မယ်လို့ ကျွန်မနားလည်ပေးခဲ့ပါတယ်။

ဒါပေမဲ့ (၂ဝဝ၈)ခုနှစ် ကျွန်မမြန်မာပြည်ပြန်တော့ မတင်မေရဲ့ဝါသနာဟာ နည်းနည်းနောနောဝါသနာ မဟုတ်မှန်း ကျွန်မမျက်မြင်ကိုယ်တွေ့ သိလိုက်ရပါတယ်။ အရင်လို ကျွန်မနဲ့တပူးတွဲတွဲမရှိဖြစ်တဲ့ (၁ဝ)နှစ်ကျော်ကာလအတွင်းမှာ ကျွန်မရဲ့သူငယ်ချင်း မတင်မေတစ်ယောက် (သူပြောတဲ့)အကြားအမြင်၊ အထက်လမ်းဆိုတဲ့တွင်းထဲ ရုန်းမရအောင် နစ်ဝင်ခဲ့မှန်းမသိ နစ်ဝင်နေခဲ့ပါတယ်။ ဘုရားစင်ပေါ်တင်ထားတဲ့ မုန်လာထုပ်၊ ဂျင်းတက်၊ ကြက်သွန်ဖြူတက်၊ အုန်းပွဲ..... စတာတွေက မတင်မေရဲ့ယုံကြည်ကိုးကွယ်မှုကို သက်သေပြနေခဲ့ပါတယ်။ ကျွန်မနားမလည်နိုင်တဲ့ အယူအဆ၊ ယတြာတွေကို ရှင်းပြနေတဲ့မတင်မေကို ကျွန်မအံ့သြခဲ့မိတယ်။ အဓိဋ္ဌာန်ပြုပြီး ည ည သန်းခေါင်ယံအထိပုတီးစိတ်၊ မကြာခဏ တရားစခန်းသွားတတ်တဲ့သူ့ကို ဒီအကြားအမြင်၊ အထက်လမ်းတွေနဲ့တွဲပြီး ကျွန်မနားမလည်နိုင်ခဲ့ဘူး။ သူကတော့ အကြားအမြင်တွေက ဘယ်လိုစွမ်းကြောင်း၊ ဘယ်လိုမြင်ကြောင်းတွေ အာဘောင်အာရင်းသန်သန်နဲ့ ပြောနေခဲ့ပါတယ်။

ကျွန်မတို့ရဲ့ ဘိုးဘွား၊ မိဘတွေကလည်း အကြားအမြင်၊ အထက်လမ်းဆိုတာကို ကိုးကွယ်ယုံကြည်သူ မဟုတ်ခဲ့ပါဘူး။ ဒါကြောင့် ဦးလေးရဲ့ပြောဆိုကန့်သတ်ချက်ကြောင့် ဘုရားစင်ပေါ်က မုန်လာထုပ်၊ ဂျင်းတက်တွေကို မတင်မေဖယ်ရှားခဲ့ပါတယ်။ ဒါပေမဲ့ ဧည့်ခန်းမှာ အုန်းသီးခြောက်တွေက ချိတ်ဆွဲထားစမြဲပါ....

ကျွန်မတို့ရဲ့အဘွားအိမ်က တောင်ကြီးမြို့ရဲ့တောင်ခြေအောက် ကုန်းထိပ်တစ်ခုပေါ်မှာ တည်ထားပါတယ်။ အိမ်ကဟောင်းအိုပြီး (အရင်က)သရဲခြောက်တဲ့အိမ်လို့ နာမည်ကြီးခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်မတို့နေခဲ့တဲ့ (၁ဝ)နှစ်ကျော်အတွင်းမှာ ဘာသရဲခြောက်တာမှ မခံခဲ့ရပါဘူး။ ဒါကို မတင်မေက ဘယ်ကဘယ်လို သွားတွက်၊ သွားမြင်ခဲ့တယ် မသိပါဘူး။ အဲဒီအိမ်ကြီးမှာ မကျွတ်မလွတ်သူတွေ ရှိနေတဲ့အကြောင်း၊ နှစ်(၂ဝ)ကျော်ကတည်းက သေဆုံးသွားတဲ့ ကျွန်မအဘွားဟာ အဲဒီအိမ်မှာပဲရှိနေသေးကြောင်း ပြောပြီး ယတြာတွေ အမျိုးမျိုးလုပ်ခဲ့ပါတယ်။ အပေါ်ထပ်တက်တဲ့ လှေကားကလည်း အနောက်ဘက်ကို ဦးတည်နေတာကြောင့် မခိုက်အောင်ဆိုပြီး ဘယ်ကရှာလာမှန်းမသိတဲ့ ၂၅ပြားစေ့တွေနဲ့ လှေကားထစ်တိုင်းမှာ သံနဲ့ထုရိုက်ထားပါတယ်။

ကျွန်မက ဒါတွေကို အယုံအကြည်မရှိဘူးဆိုပေမယ့် သူ့လုပ်ရပ်ကိုမတားခဲ့သလို အားလည်းမပေးခဲ့ပါဘူး။ သူကိုးကွယ်နေတဲ့ အထက်လမ်းဆရာဆီသွားတိုင်းလည်း အဖော်အဖြစ် ကျွန်မလိုက်သွားတတ်ပေမယ့် သူ့ကို ချင့်ချိန်ယုံကြည်ဖို့၊ အလွန်အကျွံ မသက်ဝင်မိဖို့တော့ သတိပေးစကားပြောခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်မရဲ့ သတိပေးစကားက အထက်လမ်းတွေနဲ့ အုပ်စည်းခံထားရတဲ့ သူ့အသိကို နှိုးကြားမပေးနိုင်ခဲ့တော့ပါဘူး။ အပူကန်လို့ မျက်ထောင့်နီလည်း သူကိုးကွယ်တဲ့ အထက်လမ်းဆရာဆီ သူပြေးပါတယ်။ ဗိုက်နာလည်း အထက်လမ်းဆီ သူပြေးပါတယ်။ အိမ်ငှားထားတဲ့ အိမ်ငှားတွေဆီက သတ်မှတ်ချိန်မှာ အိမ်လခရနိုင် မရနိုင်ဆိုလည်း အထက်လမ်းဆရာဆီ သူပြေးပါတယ်။ ယုတ်စွအဆုံး ကျွန်မနိုင်ငံခြားကို ထပ်ထွက်ဖြစ်မဖြစ်၊ အဆင်ပြေမပြေဆိုတာကိုလည်း အထက်လမ်းဆရာဆီ သူပြေးပါတယ်။ ကျွန်မ မတားနိုင်ခဲ့တော့ပါဘူး.......

မတင်မေဟာ ဒါတွေကို သူကိုယ်တိုင် ယုံကြည်ကိုးကွယ်ရုံမက သူ့ဘေးက သူ့အသိ၊ သူ့မိတ်ဆွေတွေကိုလည်း အဲဒီထဲဆွဲထည့်ပါတယ်။ ဝါသနာတူရင်စုဆိုသလို အသိမိတ်ဆွေတွေနဲ့ သူဆုံပြီဆိုရင် အဲဒီအကြားအမြင်၊ အထက်လမ်း၊ အောက်လမ်းအကြောင်း ပြောမကုန်နိုင်ကြတော့ပါဘူး။ အဲဒီအချိန်မှာ သူနဲ့ စိတ်တူကိုယ်တူဆိုတဲ့ကျွန်မဟာ ဘေးရောက်သွားချိန်ဖြစ်ပါတယ်။ အဓိဋ္ဌာန်ပြုပုတီးစိတ်တာကြောင့် မတင်မေဟာ အကြားအမြင်နည်းနည်းပေါက်နေပြီလို့ သူ့မိတ်ဆွေတွေကပြောရင် သဘောခွေ့နေတတ်တဲ့ မတင်မေကိုကြည့်ပြီး ဘွဲ့နှစ်ခုရထားတဲ့သူကိုအသိမဲ့အောင် ဘယ်အရာကများ လုပ်နိုင်ခဲ့သလဲဆိုတာကို ကျွန်မ မစဉ်းစားတတ်ခဲ့တော့ပါဘူး။

အဲဒီလို မတင်မေဟာ သူအစွန်းရောက် ယုံကြည်ကိုးကွယ်မှုထဲမှာ သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါရှိတဲ့ဦးလေး(သူ့ယောက်ျား)ကို ဆွဲထည့်ခဲ့ပြန်ပါတယ်။ ဦးလေးဟာ ရောဂါမျိုးစုံရှိပေမယ့် အစားမရှောင်သူပါ။ သူတစ်ခုခုကို စားချင်တိုင်းစားလိုက်လို့ ဆီးချို၊ သွေးတိုးတက်ပြီဆိုရင် အထက်လမ်းဆရာဆီ မတင်မေ ပြေးပါတယ်။ အဲဒီနောက်မှာတော့ ဘယ်သူ့ ပယောဂကြောင့်၊ ဘယ်သူပြုစားလို့၊ ဘယ်လို ယတြာချေရမယ်ဆိုပြီး ညွှန်ကြားသမျှကို သူအကုန်လိုက်လုပ်ပါတော့တယ်။ ဗိုက်နာလည်းပြေး၊ အိမ်သာ မတက်လည်းပြေး၊ အိပ်မပျော်လည်းပြေးနဲ့ နေ့တိုင်းအိမ်ရောက်လာတတ်တဲ့ မတင်မေကို အထက်လမ်းဆရာတောင် ဦးနှောက်ခြောက်နေလောက်ပြီလို့ ကျွန်မတွေးထင်ခဲ့ဖူးပါတယ်။ မတင်မေရဲ့ အစွန်းရောက်ယုံကြည်ကိုးကွယ်မှုက ဘုရားစင်ရှေ့မှာ သူထွန်းညှိပူဇော်ထားတဲ့ မှန်းထားတယ်ဆိုတဲ့ ဖယောင်းတိုင်၊ အမွှေးတိုင်တုတ်တုတ်ကြီးလို့ မငြိမ်းမစဲ တဟုန်းဟုန်း တောက်လောက်နေခဲ့ပါတယ်။

သိပ်မကြာခင်က ဦးလေးကျောက်ကပ်အစားထိုးဖို့ အိန္ဒိယကိုဆေးသွားကုတော့ အထက်လမ်း၊ အကြားအမြင်ဆရာတွေနဲ့ မတင်မေတွက်ချက်ပြီးမှ သွားတယ်ဆိုတာကို မပြောဘဲနဲ့လည်း ခန့်မှန်းကြည့်နိုင်ပါတယ်။ ဦးလေးအသက်ရှင်ဖို့၊ ကျောက်ကပ်အစားထိုးတာကို အောင်အောင်မြင်မြင်ခွဲစိပ်နိုင်ဖို့ မှန်းထားတဲ့ဖယောင်းတိုင်ကို လေယာဉ်ကွင်းအထိ သူထွန်းညှိယူဆောင်သွားခဲ့တယ်။ လေယာဉ်ပေါ်မှာ ဖယောင်းတိုင်မထွန်းရလို့ အိန္ဒိယအထိ ဖယောင်းတိုင်ကို မီးတောက်နဲ့အတူ သူယူဆောင်မသွားနိုင်ပေမယ့် ဦးလေးအပေါ်ထားတဲ့ သူ့ရဲ့စေတနာ၊ သူ့ရဲ့ချစ်ခြင်းမေတ္တာ အရှိန်အဟုန်ကို ကျွန်မမြင်နေရပါတယ်။

စစချင်းမှာ အိန္ဒိယနယ်စပ်မှာပဲခွဲစိတ်ဖို့ သူတို့စီစဉ်ထားပြီး အဆင်မပြေလို့ မူဘိုင်းအထိ သွားရောက်ခွဲစိတ်ဖို့ စီစဉ်ရပြန်ပါတယ်။ ဦးလေးကရောဂါရှိသူပီပီ လူမျိုးခြားကြားမှာ စကားမတတ်၊ စာမတတ်နဲ့ စိတ်ဓာတ်ကျနေခဲ့ပါတယ်။ အားငယ်နေခဲ့ပါတယ်။ သိမ်ငယ်မှုတွေနဲ့ စကားကိုမဆင်မခြင်ပြောပြီး စိုးထိတ်နေခဲ့ပါတယ်။ တစ်ပတ်တစ်ခါ မတင်မေဆီ ကျွန်မဖုန်းဆက်တိုင်း အားပေးစကားပြောခဲ့သလို ဦးလေးကိုလည်း အားပေးစကားတွေပြောခဲ့ပါတယ်။ လူနာဂျီကျတာကို မတင်မေမခံနိုင်မှန်း ဖုန်းပြောနေရင်း ကျွန်မရိပ်မိခဲ့ပါတယ်။ ဒါဟာလည်း ဖြစ်တတ်တဲ့သဘာဝမို့ နားလည်ပေးခဲ့ပါတယ်။ ကိုယ်လုံးကိုယ်ပေါက်ကြီးတဲ့ ဦးလေးကို တွဲသွားတွဲလာလုပ်ရတာ၊ ဝေယျဝစ္စလုပ်ပေးရတာ အင်မတန်ခက်မှန်းလည်း ကျွန်မသိပါတယ်။ ဒါကြောင့် မတင်မေတွဲပေးရင်း ဦးလေးနှစ်ခါမှောက်ကျတာကို နားလည်ပေးလို့ရပေမယ့် ဒီလိုမှောက်ကျတာဟာ ပြုစားခံရတယ်ဆိုပြီး မြန်မာပြည်ကို ဖုန်းလှမ်းဆက် ယတြာချေခိုင်းတဲ့ မတင်မေကိုတော့ ကျွန်မ နားမလည်နိုင်ခဲ့ပါဘူး။ နောက်ဆုံး အကြောက်အလန့်လွန်ပြီး ခွဲစိတ်ခါနီး နှလုံးရပ်သေဆုံးသွားတဲ့ဦးလေးကို သေလုဆဲဆဲကုလားမတစ်ယောက်က မသေချင်လို့၊ အသက်အစားထိုးချင်လို့ ပြုစားလိုက်တယ်ဆိုတဲ့ စကားကို ကျွန်မပိုလို့တောင် နားမလည်နိုင်ခဲ့ပါဘူး။

တကယ်တော့ ဦးလေးလိုနေခဲ့တာက မတင်မေရဲ့ အမျိုးမျိုးသော ယတြာတွေအစား အားပေးစကား၊ နှစ်သိမ့်စကား၊ အကြင်နာဖေးမမှုတွေဆိုတာကို အစွန်းရောက်ယုံကြည်မှုတွေနဲ့ အကြားအမြင်၊ အထက်လမ်းတွေကို ယုံကြည်ကိုးကွယ်နေတဲ့ မတင်မေတစ်ယောက် အချိန်တွေအစွန်းမရောက်ခင်၊ နောင်တတွေ အစွန်းမရောက်ခင် အသိမြင်၊ အမှန်ပြင်နိုင်ပါစေလို့ ကျွန်မဆုတောင်းပေးလိုက်ပါတယ်။

နိုင်းနိုင်းစနေ


Share/Bookmark

Tuesday, July 19, 2011

I Love You


အသက်အရွယ် အမျိုးမျိုးရှိတဲ့ ယောက်ျားသားသူငယ်ချင်းတချို့ အရက်စုသောက်နေကြတယ်။ အဲဒီထဲမှာ ယောက်ျားတချို့က အထူးအဆန်းလေး စမ်းသပ်ကြည့်ချင်ကြတာနဲ့ ကိုယ့်မိန်းမဆီ "နင့်ကို ငါချစ်တယ်"ဆိုတဲ့ မက်ဆေ့ရေးပို့ကြဖို့ အကြံထုတ်တယ်။ သူတို့ရေးပို့ပြီးနောက် အသက်အရွယ်မတူတဲ့ မိန်းမတွေဆီကရတဲ့ အဖြေကို အောက်ပါအတိုင်း တွေ့ရတယ်။

အသက်(၂ဝ)အရွယ် မိန်းမပြန်ပို့တဲ့မက်ဆေ့က----- နင့်ကိုလည်း ငါချစ်တယ်!
အသက်(၃ဝ)အရွယ် မိန်းမပြန်ပို့တဲ့မက်ဆေ့က----- ရှင်သောက်တာများသွားပြီထင်တယ်!
အသက်(၄ဝ)အရွယ် မိန်းမပြန်ပို့တဲ့မက်ဆေ့က----- ရှင် နေကောင်းပါတယ်နော်!

အသက်(၅ဝ)အရွယ် မိန်းမပြန်ပို့တဲ့မက်ဆေ့က----- ရှင် လူမှားပို့လိုက်တာလား! ပြန်လာရင် ရှင်နဲ့ကျုပ်တွေ့မယ်!

အသက်(၆ဝ)အရွယ် မိန်းမပြန်ပို့တဲ့မက်ဆေ့က----- အငြိမ်းစားယူပြီး ရှင်အားယားနေလည်း တောင်သွားတက်ပါလား!


အသက်(၇ဝ)အရွယ် မိန်းမကမက်ဆေ့မပြန်ဘဲ သားဆီ ချက်ချင်းဖုန်းဆက်တယ်။
"သား... သားဖေဖေ နေမကောင်းဘူး။ ဆရာဝန်မြန်မြန် သွားပြပါ"

အသက်(၈ဝ)အရွယ် မိန်းမကမက်ဆေ့မပြန်ဘဲ သူ့ဘာသာသူ ရွတ်နေတယ်။
"အင်း... ဒီနေ့ သူဆေးသောက်ဖို့ မေ့သွားပြီထင်တယ်!"

သံသယမရှိ... အသက်အရွယ်မရွေး "I Love You"တယ်ဆိုတိုင်း ယုံနိုင်ကြပါစေ။ ဖတ်မိတာလေးပါ.. ဘာသာပြန်မျှဝေပါတယ်

နိုင်းနိုင်းစနေ


Share/Bookmark

Friday, July 15, 2011

စိတ်ရှိခဲ့မယ်ဆိုရင်လေ...


ကျွန်မအိပ်ရာဝင်တော့ ည(၁၁)နာရီထိုးနေပြီ။ ပြတင်းပေါက်အပြင်ဘက်မှာ မိုးတဖွဲဖွဲကျနေတယ်။ စောင်အောက်ထဲ ကျွန်မတိုးဝင်ရင်း နှိုးစက်ကိုယူလိုက်တယ်။ နှိုးစက်ကရပ်နေတယ်---- ဓာတ်ခဲဝယ်ဖို့ ကျွန်မမေ့သွားပြန်ပြီ။ ဒီလောက်အေးတဲ့ ရာသီဥတုမှာ အိပ်ရာထက်ကကျွန်မ မထချင်တော့ဘူး။ ကြိုးဖုန်းကို ကောက်လှည့်ပြီး အဝေးကအမေကို ကျွန်မလှမ်းဖုန်းဆက်လိုက်တယ်။

"မေမေ.. သမီးနှိုးစက် ဓာတ်ခဲကုန်သွားလို့... မနက်ဖြန်အစောကြီး ကုမ္ပဏီမှာ အစည်းအဝေးရှိတယ်။ မနက်(၆)နာရီမှာ သမီးကိုဖုန်းဆက်ပြီး နှိုးပါနော်"

"ကောင်းပါပြီ... သမီး" ဖုန်းတစ်ဘက်က အိပ်ချင်မူးတူးနဲ့ အမေအသံကို ကြားရတယ်။

မနက်ဖုန်းမြည်တဲ့အချိန် ကျွန်မ အိပ်မက်လှလှမက်နေတုန်းပဲ။ အပြင်မှာလည်း မှောင်မည်းနေသေးတယ်။

"သမီးငယ်... ထတော့.. အစည်းအဝေးရှိတယ် မဟုတ်လား!"

လက်မြှောက်ပြီး နာရီကို ကျွန်မကြည့်လိုက်တယ်။ မနက် ၅နာရီ မိနစ်၎ဝ....

"မေမေကလဲ ၆နာရီမှနှိုးတာ မဟုတ်ဘူး။ သမီး ပိုအိပ်ချင်သေးလို့ပါ... ခုတော့ မေမေကြောင့် သမီးစောစောနှိုးသွားပြီ"

မေမေကို စိတ်ရှုပ်ရှုပ်နဲ့ ကျွန်မအော်မိတယ်။ မေမေဘက်က ဘာအသံမှထွက်မလာခဲ့လို့ ကျွန်မဖုန်းချလိုက်တယ်။

ဖြီးလိမ်းပြင်ဆင်ပြီး အိမ်ကနေ ကျွန်မထွက်ခဲ့တယ်။ ရာသီဥတုက အေးစိမ့်စိမ့်နဲ့ မိုးကဖွဲဖွဲကျနေသေးတယ်။ ဘတ်စ်ကားရပ်စောင့်ရင်း ခြေထောက်တွေကို ကျွန်မလှုပ်ရှားနေမိတယ်။ ဝေလီဝေလင်း ပတ်ဝန်းကျင်အောက်မှာ ကျွန်မဘေးရပ်နေတဲ့ ဆံဖြူလူအိုနှစ်ယောက်ကို ကျွန်မ သတိထားလိုက်မိတယ်။ သူတို့ပြောတဲ့စကားကို ကျွန်မနားထောင်နေမိတယ်။

"အဘွားကြီး... တစ်ညလုံး နင်ကောင်းကောင်းမအိပ်ခဲ့ဘူး။ တစ်နာရီစောပြီး ငါ့ကိုလောနေလိုက်တာ.. အခုကြည့်စမ်း အကြာကြီးရပ်စောင့်နေရပြီ"

ဟုတ်ပါတယ်... ဂိတ်ကနေ ဦးဆုံးထွက်မယ့် ဘတ်စ်ကားကို ၅မိနစ်စောင့်ရဦးမယ်။

ဘတ်စ်ကားရောက်လာတာနဲ့ ကားပေါ် ကျွန်မတက်လိုက်တယ်။ ကားမောင်းတဲ့လူက လူငယ်လူရွယ်တစ်ယောက်ပါ။ ကားပေါ်ကျွန်မရောက်တာနဲ့ ကားတံခါးကိုပိတ်ပြီး သူမောင်းထွက်သွားတယ်။

"ဟိုး..ဟိုး.. ကားဆရာ အောက်မှာလူအိုနှစ်ယောက် ကားပေါ်မတက်ရသေးဘူး။ ရာသီဥတု ဒီလောက်အေးတာ.. သူတို့ကားစောင့်နေတာကြာပြီ။ ရှင်ဘာဖြစ်လို့ မစောင့်ဘဲ မောင်းထွက်သွားရတာလဲ?"

"အော်.. ကိစ္စမရှိပါဘူး။ အဲတာ ကျွန်တော့်အဖေနဲ့အမေပါ။ ဒီနေ့ ကျွန်တော်ဘတ်စ်ကား စမောင်းတဲ့နေ့မို့ ကျွန်တော့်ကို လာစောင့်ကြည့်ကြတာပါ" လူရွယ်က ခပ်သွက်သွက်ပြန်ဖြေတယ်။

ရုတ်တရက် ကျွန်မမျက်ရည်ကျမိတယ်။ "သမီးရဲ့မေမေက တစ်ညလုံးကောင်းကောင်းမအိပ်ဘဲ နှိုးနေခဲ့တယ်။ သမီးနောက်ကျမှာစိုးလို့တဲ့" ဖုန်းဆက်ပြောလာတဲ့ အဖေရဲ့စကားကို ကျွန်မကြားယောင်ရင်း ဂျုးလူမျိုးတို့ရဲ့ စကားပုံတစ်ခုကို ကျွန်မ သွားသတိရမိတယ်။

အဖေကသားကို ပစ္စည်းပေးတဲ့အချိန် သားရယ်တယ်။
သားကအဖေကို ပစ္စည်းပေးတဲ့အချိန် အဖေငိုတယ်။

သင်ရော မျက်ရည်ကျခဲ့ပြီလား! အခုထက်ထိ ကျွန်မမျက်လုံးမှာ မျက်ရည်တွေ စွတ်စိုနေဆဲပါ။ ဆံဖြူဖြူမိဘတွေပေးဆပ်တဲ့ တည်တည်ငြိမ်ငြိမ်မေတ္တာကို ကျွန်မတို့ ဂရုမစိုက်မိတာ နှစ်ဘယ်လောက်တောင် ကြာခဲ့ပြီလဲ! အဲဒီမေတ္တာကို ဝန်တစ်ခုလို့ ကျွန်မတို့ထင်ခဲ့ကြတယ်။ သူတို့ရဲ့ အသေးစိတ်ဂရုစိုက်တဲ့ စကား၊ အမေးတွေကို စိတ်ရှုပ်ရှုပ်နဲ့ ကျွန်မတို့ငြင်းဆန်အာခံခဲ့တယ်။ သူတို့ရင်ထဲက အချစ်နဲ့ပြည့်နေတဲ့ နှလုံးသားကိုတော့ ကျွန်မတို့ သတိမထားမိခဲ့ကြဘူး။

တကယ်လို့ မိဘတွေရဲ့အချစ်ကို ကျွန်မတို့သည်းခံနားလည်ခဲ့ရင် သူတို့ပိုပြီးပျော်ရွှင် ကျေနပ်လိမ့်မယ်ထင်ပါတယ်။ စိတ်ရှည်ရှည်လေးထားပြီး သူတို့ပြောတာ၊ မေးတာကို ပြန်ပြော၊ ပြန်ဖြေမယ်။ နေကောင်း ကျန်းမာလားဆိုတဲ့ ဖုန်းလေးတစ်ချက်ဆက်ခဲ့မယ်။ သူတို့အနား တစ်ရက် နှစ်ရက်လောက် ချွဲချွဲကပ်ကပ်နေမယ်..... ဒါတွေက ဘာခက်ခဲတဲ့အလုပ်မှ မဟုတ်ပါဘူး... ကျွန်မတို့သာ စိတ်ရှိခဲ့မယ်ဆိုရင်လေ..........

မူရင်း .. http://www.duwenzhang.com/wenzhang/qinqingwenzhang/ganwuqinqing/20100427/142408.html (ဆီလျော်အောင် ဘာသာပြန်ပါတယ်)

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Thursday, July 14, 2011

အချစ်


(၁) အချစ်ရှိတဲ့နေရာတိုင်းမှာ ထူးခြားဆန်းကြယ်မှုတွေရှိတယ်။

(၂) အချစ်ဆိုတာ လိပ်ပြာတစ်ကောင်ပါ။ ပျံသန်းရာနေရာတိုင်းကို ပျော်ရွှင်ခြင်းတွေ သယ်ဆောင်ပေးတယ်။

(၃) တကယ်လို့ မင်းကိုလွမ်းတိုင်း ပန်းတစ်ပွင့်ပွင့်မယ်ဆိုရင် ငါဟာ ပန်းခင်းထဲ အမြဲလမ်းလျှောက်နေသူဖြစ်မယ်။

(၄) အချစ်မြစ်ထဲ မျှောပါနေသူတိုင်းဟာ ကဗျာဆရာဖြစ်တယ်။

(၅) အကွာအဝေးက နှလုံးသားနှစ်ခုကို ပိုနီးကပ်စေတယ်။

(၆) တကယ်လို့ ညီမျှတဲ့အချစ် မရှိနိုင်ဘူးဆိုရင် ငါ့ဖက်က ပိုတိုးပြီး ချစ်ပါရစေ။

(၇) အချစ်ဆိုတာ ကျွန်တော်တို့ရင်ထဲမှာ ရှင်သန်နေတဲ့နွှယ်ပင်ဖြစ်တယ်။

(၈) အချစ်ဆိုတာ ဘဝကို အားသစ်တိုးစေတဲ့ အကောင်းဆုံးဆေးဖြစ်တယ်။

(၉) တကယ်လို့ ကျွန်တော်တို့ကို ချစ်တဲ့လူမရှိခဲ့ရင် ကျွန်တော်တို့က ကိုယ့်ကိုယ်ကိုချစ်တတ်လိမ့်မှာ မဟုတ်ဘူး။

(၁ဝ) အချစ်ကြောင့်ရလာတဲ့ ဒဏ်ရာကိုကုသတဲ့ တစ်ခုတည်းသောနည်းက လူတွေကို ဆတိုးပြီးချစ်တာပါပဲ။

(၁၁) တကယ်လို့ ရူးရူးမိုက်မိုက်မချစ်ရင် အချစ်က အချစ်မမည်ဘူး။

(၁၂) အချစ်ရှိတဲ့ နှလုံးသားက အမြဲနုပျိုလန်းဆန်းတယ်။

(၁၃) စိတ်ဝိညာဉ်က အချစ်မရှိဘဲ မရှင်သန်နိုင်ဘူး။

(၁၄) ဘဝက တိုတောင်းတယ်ဆိုပေမယ့် အချစ်က အဓွန့်ရှည်တယ်။

(၁၅) ချစ်သူတွေရဲ့အကြည့်ထဲမှာ မိုင်(၁ဝဝဝ)ဆိုတဲ့ခရီးက နီးနီးလေးပါ။

(၁၆) အချစ်က အနွေးထည်တွေထက် အအေးဓာတ်ကို ပိုလုံစေတယ်။

(၁၇) အချစ်မရှိတော့ရင် ကမ္ဘာကြီးက သုဿန်ဖြစ်သွားတယ်။

(၁၈) ဒီလောကကြီးမှာ ယောက်ျားလေးအတွက် အဖိုးတန်ဆုံးပစ္စည်းဥစ္စာက မိန်းကလေးတစ်ယောက်ရဲ့ နှလုံးသားဖြစ်တယ်။

(၁၉) ကျွန်တော်တို့ရဲ့ဘဝထဲက နာကျင်မှုနဲ့ လေးလံတဲ့ဝန်တွေကို ပထုတ်ပေးတဲ့ စကားလုံးတစ်လုံးရှိတယ်။ အဲဒီစကားလုံးက "အချစ်" လို့ အမည်တွင်တယ်။

(၂ဝ) မင်းမရှိတဲ့နေ့ရက်တွေက စာမျက်နှာမရှိတဲ့ စာအုပ်နဲ့တူတယ်။

(၂၁) အချစ်ဆိုတာ ဘယ်တော့မှမငြိမ်းတဲ့ မီးအိမ်တစ်လုံးပါ။

(၂၂) တကယ်လို့ ဘဝဟာ ပန်းတစ်ပွင့်ဆိုရင် အချစ်က ပျားတစ်ကောင်ဖြစ်တယ်။

(၂၃) တစ်သက်မှာ တစ်ခါလောက်မချစ်ဖူးသူဟာ ဘဝမှာ မရှင်သန်ဖူးသူဖြစ်တယ်။

(၂၄) အချင်းချင်းချစ်နေကြတဲ့ နှလုံးသားနှစ်ခုမှာ စကားလုံးတွေ များများမလိုပါဘူး။

(၂၅) အချစ်ရှိရာကိုသွားတဲ့လမ်းက ဘယ်တော့မှ မရှည်လျားဘူး။

(၂၆) အချစ်ကိုချစ်ဖို့ အချိန်နှောင်းတယ်ဆိုတာ မရှိပါဘူး။

(၂၇) အချစ်ရှိတဲ့နေရာတိုင်းမှာ မျှော်လင့်ချက်ဆိုတာရှိတယ်။

(၂၈) လှတဲ့မိန်းကလေးတစ်ယောက်ကို သင်ချစ်မိချင်မှ ချစ်မိမယ်။ ဒါပေမဲ့ သင့်အချစ်ကြောင့် မိန်းကလေးဟာ လှပသွားတတ်တယ်။

(၂၉) အချစ်က ထာဝရပါ။ သွင်ပြင်လက္ခဏာ ပြောင်းရင်ပြောင်းသွားမယ်။ အနှစ်သာရကတော့ ဘယ်တော့မှ မပြောင်းလဲဘူး။

(၃ဝ) အချစ်ဆိုတာ နေ့ရက်တွေကို ရေတွက်ဖြတ်ကျော်တာ မဟုတ်ဘူး။ နေ့ရက်တိုင်းကို အဓိပ္ပာယ်ရှိရှိ ဖြတ်သန်းစေတာဖြစ်တယ်။

(၃၁) အချစ်ဆိုတာ ရက်ထည်တစ်ခုဖြစ်တယ်။ စိတ်ကူးနဲ့တန်ဆာဆင်ပြီး သဘာဝတရားအတိုင်း ရက်လုပ်တယ်။

(၃၂) ချစ်နေချိန်အတွင်းမှာ မိုက်မဲတဲ့အပြုအမူကလည်း ချစ်စရာကောင်းနေတတ်တယ်။

(၃၃) အချစ်တောင်းဆိုတဲ့ တစ်ခုတည်းသောလက်ဆောင်က အချစ်ပဲဖြစ်တယ်။

(၃၄) တစ်ကြိမ်တစ်ခါ စစ်စစ်မှန်မှန်ချစ်ခဲ့တဲ့ နှလုံးသားက ဘယ်တော့မှ မမေ့တတ်တော့ဘူး။

(၃၅) အချစ်ရဲ့အနွေးဓာတ်က မီးအပုံတစ်ထောင်ထက်တောင် ပိုပါသတဲ့။

(၃၆) အချစ်ကို ချစ်မိဖို့ခက်တယ်။ ဒါပေမဲ့ ချစ်မိပြီဆိုရင် မေ့ဖို့ ပိုခက်တယ်။


အချစ်အကြောင်းပြောနေချိန်မှာ အမုန်းတွေ ကြားဖြတ်ပြောရင် ဒါအချစ်မဟုတ်တော့ဘူး။

အချစ်အကြောင်းပဲ ပြောချင်တဲ့....


နိုင်းနိုင်းစနေ (ဘာသာပြန်သည်)


Share/Bookmark

Wednesday, July 13, 2011

ကိုယ့်ကိုယ်ကို နှစ်သိမ့်တတ်သူ (၆ - ၁ဝ)


(၆) ရာထူးဂုဏ်၊ ငွေကြေးနောက် လိုက်မမျောနဲ့

တခြားသူ အသိအမှတ်ပြုတဲ့အရာနောက် တစ်သက်လုံးလိုက်နေခဲ့ရင် တစ်သက်လုံးနာကျင်ရပြီး ပျော်ရွှင်၊ ချမ်းမြေ့မှုလည်း ရနိုင်မှာမဟုတ်ပါဘူး။ ကြမ်းတမ်းနိမ့်ကျတဲ့ ထင်မြင်ချက်က ကိုယ့်ပင်ကိုစရိုက်ကို အရောင်မွဲစေပြီး မာန်ထောင်လွှားတဲ့ ညွှန်ကြားချက်က ကိုယ့်ကိုယ်ကို လက်လွတ်ဆုံးရှုံးစေပါတယ်။

ငွေကြေးအတွက် ငွေကြေးနောက်လိုက်တာက ဆွေမျိုးသားချင်းတွေကိုတောင် အသိအမှတ်မပြု ဖြစ်စေတယ်။
ဂုဏ်ရာထူးအတွက် ဂုဏ်ရာထူးနောက်လိုက်တာက ကိုယ့်ကိုယ် အတင့်ရဲ၊ ကျိုးကြောင်းမစဉ်းစား၊ မဆင်ခြေဖြစ်စေတယ်။ နာမည်အတွက် နာမည်နောက်လိုက်တာက ကိုယ့်ကိုယ် ခြောက်လှန့်တောင်းယူမှုတွေ့ ဖြစ်စေတယ်။ စစ်မှန်တဲ့ကျွန်တော်တို့က အဲဒီအရာတွေနောက် စီးမျောလိုက်ပါရင်း ကိုယ့်ကိုယ်ကို ခြောက်လှန့်၊ ကြောက်လှန့်ပါလိမ့်မယ်။

ဟန်ပန်တွေကိုရပြီး စစ်မှန်တာကို ဆုံးရှုံးစေမလား! ယုံကြည်မှုကိုလက်ကိုင်ထားပြီး စစ်မှန်တဲ့ကိုယ့်ကိုယ် လုပ်မလား!


(၇) အလွန်အမင်း မဖြစ်စေနဲ့

လူတချို့က စိုးရိမ်ကြောင့်ကျမှုလွန်ကဲပြီး မိမိရဲ့စိတ်အာရုံကို ပျက်ပြားစေကြတယ်။ ဒီလိုလူမျိုးတွေက ဆင်ခြေတုံတရားနည်းပြီး နာကျင်မှုတွေကိုရှာတဲ့လူ၊ ထက်မြက်လွန်းတဲ့ အပူသည်၊ ဘာမဆို နောင်တရတဲ့ တုံးအလွန်းသူတွေဖြစ်တယ်။

လူတချို့က အာရုံထုံကျင်မှုတွေများပြီး ဘာကိုမှ ဂရုမစိုက်၊
စိတ်ဝင်မစား လျစ်လျရှုကြတယ်။ ဒီလိုလူမျိုးတွေက နောင်တတရားဆိုတာကို နားမလည်သူ၊ နေ့ရက်တွေကို စမ်းတဝါးဝါးဖြတ်သန်းသူ၊ ရှင်နေတာက သေနေတာနဲ့မခြားသူတွေဖြစ်တယ်။


(၈) တခြားလူရဲ့ ထင်မြင်၊ ဝေဖန်ချက်ကို သိပ်ဂရုစိုက်မနေပါနဲ့

လူတွေမဝေဖန်တဲ့ ပန်းချီကားဆိုတာမရှိသလို လူတွေမဝေဖန်တဲ့ လူဆိုတာလည်းမရှိပါဘူး။ ကိုယ့်ကိုယ်ဆိတ်ဆိတ်နေရင် မာနကြီးတယ်လို့ အပြောခံရပြီး ရောနှောပြောဆိုနေပြန်ရင် အာသွက်လျှာသွက်၊ ဆရာလုပ်တယ်လို့ အပြောခံရပြန်တယ်။ တခြားလူကို ကိုယ်ချီးကျူးရင် ကပ်ဖားရက်ဖားလို့ ထင်ကြပြီး အပြုသဘော ကိုယ်ဝေဖန်ပြန်ရင် လူတချို့က ပိုပေါက်ကွဲတတ်ပြီး ကိုယ်နဲ့မဆိုင်တာ ဝင်ရှုပ်တယ်လို့ ဆိုတတ်ပြန်တယ်။

တခြားလူရဲ့ မျက်ရိပ်မျက်ကဲကိုကြည့်ပြီး ရှင်သန်မလား! ကိုယ်ကိုယ်တိုင်အဖြစ် ကိုယ့်အမြင်နဲ့ကိုယ် ရှင်သန်မလား!


(၉) မကောင်းစိတ်များလေ နာကျင်မှုများလေ

ဘာဖြစ်လို့ စိတ်လက်ချမ်းသာစွာနဲ့ မရှင်သန်နိုင်ရသလဲ?

အဓိကသော့ချက်က စိတ်အာရုံထဲတွေထဲက မကောင်းဆိုးဝါးတွေကို မောင်းမထုတ်နိုင်လို့ဖြစ်တယ်။
မကောင်းစိတ်တွေဝင်လေ အသိဉာဏ်နဲ့ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်လေဖြစ်ပြီး အမုန်းရန်ငြိုးများတဲ့ တုံးတုံးအအ အလုပ်တွေကိုပဲ အမြဲလုပ်ဖြစ်တတ်တယ်။ စိတ်အာရုံထဲကို ဖုံးအုပ်ထားတဲ့ ဖုန်သလိတ်တွေကို အချိန်မီမရှင်းလင်းနိုင်ခဲ့ရင် ဆင်ခြင်ဉာဏ်နည်းသူတွေက မကောင်းမှုနွံ့ထဲ အချိန်မရွေးနစ်ဝင်နိုင်ပါတယ်။ တစ္ဆေသရဲစီးသလို မကောင်းမှု၊ မိုက်မဲတာတွေနဲ့ မျက်စိကိုဖုံးအုပ်ထားရင် မှားယွင်းတဲ့လမ်းခွထဲ ရောက်မှန်းမသိ ရောက်သွားတတ်ပါတယ်။

စိတ်ထဲမှာမကောင်းမှုများလေ မကောင်းစိတ်ကိုဖယ်ရှားဖို့ ခက်လေဖြစ်တယ်။


(၁ဝ) ရှင်သန်ဖို့ သိပ်အပန်းမကြီးပါနဲ့

လူတချို့က ဘဝမှာ ရှင်သန်ရတာ ပင်ပန်းလွန်းတယ်လို့ ညည်းတွားကြတယ်။ ပင်ပန်းတယ်ဆိုတာ စိတ်ဖိအားများလို့ဖြစ်တယ်။ ပင်ပန်းတယ်ဆိုတာ တာဝန်ဝတ္တရားတွေ ကြီးလေးလို့ဖြစ်တယ်။ ပင်ပန်းတာနဲ့ မပင်ပန်းတာက အမြဲဆက်နွှယ်နေတယ်။ ပင်ပန်းတာကို မခံစားချင်ရင် ဖြည်လျော့တတ်အောင် သင်ယူရတယ်။ တင်းတာကို လျော့တတ်တာက ဘဝရဲ့တန်ဖိုးဖြစ်တယ်။ စိတ်ပင်ပန်းတာ ကြာလာတာနဲ့အမျှ ကျန်းမာရေးကိုလည်း ထိခိုက်စေတယ်။ အာရုံကိုပျက်ပြားစေတယ်။

စိတ်ကို သိပ်အပန်းမကြီးပါစေနဲ့ ... ကိုယ့်ကိုယ်ကို သက်သာ၊ ဖြည်လျော့တတ်အောင် သင်ယူပေးပါ။

ကိုယ့်ကိုယ်ကို နှစ်သိမ့်တတ်သူ (၁-၅)


အချက်(၂၅)ရှိတယ်.. ဆက်ရေးပါဦးမယ်

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Tuesday, July 12, 2011

ကျေးဇူးဆပ်မည်


ကျွန်မ၏ "အချစ်" အား
လိမ်ညာယူဆောင်သွားပြီး

"မောင်"ဟု....
သဲလွန်စတစ်ခုသာ ချန်ထားခဲ့သူအား

မေးမြန်းစုံစမ်း ဖော်ထုတ်ပေးနိုင်သူကို
ထိုက်တန်စွာ ကျေးဇူးဆပ်မည်။

နိုင်းနိုင်းစနေ

Share/Bookmark

Sunday, July 10, 2011

စိတ်ဖိအားဖြည်လျော့နည်း (၁ဝ)နည်း


(၁) ရင်ဖွင့်နည်း


ရင်ထဲမှာ ခံစားချက်တွေ ပြည့်သိပ်နေပြီး ဘာလုပ်ရမှန်းမသိတဲ့အခါ ယုံကြည်စိတ်ချရတဲ့ သူငယ်ချင်းတစ်ယောက်ကိုရှာပြီး ရင်ဖွင့်နိုင်ပါတယ်။ ဒါမှမဟုတ် ကျွမ်းကျင်တဲ့ အကြံပေးဆရာ ဒါမှမဟုတ် အတွေ့အကြုံများတဲ့ လူကြီးသူမတွေဆီမှာ ရင်တွင်းက ခံစားချက်၊ ဖိအားတွေကို ရင်ဖွင့်နိုင်ပါတယ်။

တစ်ခါတလေမှာ ကိုယ်တကယ်တွေ့ကြုံ ရင်ဆိုင်နေရတဲ့ ပြဿနာတွေက ထင်သလောက်မကြီးပါဘူး။
ကိုယ့်စိတ်ကဖြစ်ပေါ်နေတဲ့ စိုးရိမ်ကြောင့်ကျမှုတွေက ပြဿနာကို ကြီးသယောင်ထင်စေပါတယ်။ ဒီလို ကြောင့်ကျမှုကို ရင်ဖွင့်မယ်၊ ထွက်ပေါက်ပေးမယ်၊ တခြားလူရဲ့အကြံဉာဏ်ကို နားထောင်မယ်ဆိုရင် ရင်ဆိုင်ဖြေရှင်းလို့ရတဲ့ နည်းလမ်းကို ရနိုင်ပြီး အလင်းရောင်ကို မြင်နိုင်ပါတယ်။

(၂) ချရေးနည်း

ရှုပ်ထွေးပြီး ရှောင်လွဲလို့လည်းမရတဲ့ အခက်အခဲနဲ့ ရင်ဆိုင်ကြုံတွေ့ရတဲ့အခါ အဲဒီအခက်အခဲတွေကို ချရေးနိုင်ပါတယ်။ ပြီးတော့ ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကိုလည်း ချရေးကြည့်နိုင်ပါတယ်။ အဲဒီနည်းလမ်းတွေနဲ့ အခက်အခဲကို ဖြေရှင်းနိုင်၊ မဖြေရှင်းနိုင်ဆိုတာထက် ဒီလိုထွက်ပေါက်ပေးနည်းက ရင်တွင်းခံစားနေရတဲ့ စိတ်ဖိအားတချို့ကို ဖြေရှင်းပေးကောင်း ပေးနိုင်ပါတယ်။

(၃) အသက်ရှုနည်း

စိတ်ဖိအားအရမ်းများတယ်လို့ ခံစားရတဲ့အခါ လွယ်ကူမြန်ဆန်တဲ့နည်းက အသက်ကိုရှုသွင်း၊ ရှုထုတ်ပြုလုပ်တာပါပဲ။ အသက်ကို တဝကြီးရှုသွင်းပြီး နှစ်စက္ကန့်၊ သုံးစက္ကန့်လောက် အောင့်ထားလိုက်ပါ။ ပြီးမှ ပါးစပ်ကနေ လေကိုဖြေးဖြေးချင်း ရှုထုတ်ပါ။ ဒီနည်းအတိုင်း အကြိမ်ကြိမ်ပြုလုပ်ခြင်းဖြင့် သွေးလည်ပတ်မှုကို ပုံမှန်ဖြစ်စေပြီး နှလုံးခုန်နှုန်းကို လျော့ကျစေပါတယ်။ စိတ်နှလုံးကို တည်ငြိမ်စေပါတယ်။

(၄) ပြေးနည်း

စိတ်ဖိအားအရမ်းများတယ်လို့ ခံစားရတဲ့အခါ တိတ်ဆိတ်တဲ့နေရာ တစ်နေရာရွေးပြီး မိနစ်(၂ဝ)ကနေ (၃ဝ)အထိ အနှေးပြေး ဒါမှမဟုတ် လမ်းလျှောက်နည်းနဲ့ ခန္ဓာကိုယ်ပေါ်က ကြွက်သားတွေကို ဖြည်လျော့ပေးနိုင်ပါတယ်။ ကြွက်သားတွေနဲ့အတူ စိတ်ဖိအားလည်း တဖြေးဖြေး ဖြည်လျော့သွားမှာပါ။

(၅) ထိုးနည်း

တကယ်လို့ စိတ်ဖိအားက အမိန့်အာဏာက ရလာတယ်၊ မျက်နှာချင်းဆိုင်ပြီး ထွက်ပေါက်ပေးလို့လည်း မရတဲ့အခါ သဲအိတ်တစ်အိတ် ဒါမှမဟုတ် အဝတ်အိတ်တစ်အိတ်ရှာပြီး ထိုးနိုင်ပါတယ်။ ဒီနည်းက စိတ်ဖိအားတွေကို အတော်အသင့် ပြေလျော့စေနိုင်ပါတယ်။

(၆) စိမ်နည်း

စိတ်ဖိအားတွေများတဲ့အခါ ရေနွေးနွေးနဲ့ ရေစိမ်နိုင်ပါတယ်။ ဒီနည်းက သွေးကို ပုံမှန်လည်ပတ်စေတဲ့အပြင် ကြွက်သားတွေကိုလည်း ပြေလျော့ပေးပြီး ဖိအားကို လျော့နည်းစေနိုင်ပါတယ်။

(၇) လွှဲနည်း

စိတ်ဖိအားတွေများတဲ့အခါ ခြေလက်တွေကို လွှဲနိုင်ပါတယ်။ စစချင်းမှာ လက်ကောက်ဝတ်ကို ဖြေးဖြေးချင်းလွှဲပါ။ အဲဒီနောက် တံတောင်ဆစ်၊ ပုခုံးအထိ တဖြေးဖြေးအားထည့်ပြီး ပုခုံးကြွက်သားတွေ ပြေလျော့တဲ့အထိ လွှဲနိုင်ပါတယ်။ အဲဒီလိုပဲ ခြေထောက်နှစ်ဖက်ကိုလည်း ဖြေးဖြေးချင်းကနေ အားထည့်လွှဲတဲ့အထိ တင်းကျပ်နေတဲ့ ကြွက်သားတွေကို ဖြည်လျော့နိုင်ပါတယ်။

(၈) ဆိုနည်း

သီချင်းဆို နှစ်သက်တဲ့လူတွေက စိတ်ဖိအားများလာတဲ့အခါ ကိုယ်ကြိုက်နှစ်သက်တဲ့သီချင်းကို အော်ဟစ်သီဆိုရင်း ဖိအားတွေကို လျော့ချနိုင်ပါတယ်။

(၉) ထိုင်နည်း

တရားထိုင်တာကလည်း ဖိအားတွေကို ပြေလျော့နိုင်တဲ့ နည်းတစ်ခုပါ။ တရားမထိုင်ဖူးသူတွေက သိတတ်နားလည်သူတွေရဲ့အကူနဲ့ ထိုင်နည်းထိုင်ဟန်၊ အယူအဆတွေကို အရင်ဆုံးသိနားလည်အောင် သင်ယူသင့်ပါတယ်။ မှန်ကန်တဲ့ထိုင်နည်းက တည်ငြိမ်တဲ့ထွက်သက်ဝင်သက်နဲ့အတူ ကြွက်သားတွေကို ဖြည်လျော့စေပါတယ်။ စိတ်ကိုတည်ငြိမ်အေးချမ်းစေပြီး ခံစားမူကို ကြည်လင်စေပါတယ်။

(၁ဝ) တခြားနည်း

ခံစားမှုအားပြင်းတဲ့ စိတ်ဖိအားတွေအတွက် ကျယ်ပြန့်တဲ့ကွင်းပြင်တစ်ခုခုမှာ အော်ဟစ်တာမျိုး၊ အော်ငိုတာမျိုးတွေ ပြုလုပ်ပြီး စိတ်ဖိအားကို ထွက်ပေါက်ပေး ဖြည်လျော့နိုင်ပါတယ်။


မူရင်း-- http://www.dpes.tc.edu.tw/lib/candle/di_36.htm

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Saturday, July 09, 2011

ဘလော့မှာ စာတွေမရေးဖြစ်တဲ့အခါ


ဘလော့မှာ စာတွေမရေးဖြစ်တဲ့အခါ ရိုက်ထားတဲ့ဓာတ်ပုံတစ်ချို့ကို တင်လိုက်ပါတယ်။ စာမရေးဖို့ မအားတာမဟုတ်ပါဘူး.. ဘလော့ပေါ်ကစာကို FBပေါ်တင်လိုက်၊ FBပေါ်ကပုံကို ဘလော့မှာတင်လိုက်နဲ့ ကိုယ့်ဟာကိုယ် အလုပ်ရှုပ်နေတာပါ :D... ပူပူလောင်လောင် ဒီလိုရာသီမျိုးမှာ ပန်းကလေးပုံတွေကြည့်ပြီး လန်းကြပါစေလို့ :P



နိုင်းနိုင်းစနေ


Share/Bookmark

Wednesday, July 06, 2011

အချစ်ဆိုတာ...........


(၁) တကယ့်အချစ်ဆိုတာ ညည်းညည်းခံတာ မဟုတ်ဘူး။ လက်ခံတာဖြစ်တယ်။
တကယ့်အချစ်ဆိုတာ စိုးမိုးခြယ်လှယ်တာ မဟုတ်ဘူး။ အားပေးထောက်ခံတာဖြစ်တယ်။
တကယ့်အချစ်ဆိုတာ စီစစ်မေးမြန်းတာ မဟုတ်ဘူး။ နှစ်သိမ့်တာဖြစ်တယ်။

(၂) တကယ့်အချစ်ဆိုတာ ကျေးဇူးတင်တတ်ရသလို တောင်းပန်တတ်ရတယ်။
တကယ့်အချစ်ဆိုတာ ချစ်ခင်ကြင်နာတတ်ရသလို ခွင့်လွှတ်နားလည်တတ်ရတယ်။
တကယ့်အချစ်ဆိုတာ အမှားကိုပြင်တတ်ရသလို အမှားကိုလည်း ဝန်ခံရဲရတယ်။

(၃) တကယ့်အချစ်ဆိုတာ အချင်းချင်း စူးစိုက်ငေးမောနေတာ မဟုတ်ဘူး။ ဦးတည်ရာတစ်ခုတည်းကို နှစ်ယောက်အတူ ကြည့်တာဖြစ်တယ်။

(၄) တကယ့်အချစ်ဆိုတာ လှပ ပြီးပြည့်စုံတဲ့လူကို ရှာဖွေတာ မဟုတ်ဘူး။ ပြီးပြည့်စုံတဲ့အကြည့်နဲ့ မလှပ၊ မပြည့်စုံသူကို နှစ်သက်တတ်အောင် သင်ယူတာဖြစ်တယ်။

(၅) လက်ချင်းတွဲပြီဆိုတာနဲ့ လမ်းခွဲဖို့စကားကို အလွယ်တကူ မပြောတော့ပါနဲ့။

(၆) အချစ်ဆိုတာ လိုလိုလားလားပေးဆပ်ပြီး ချိုချိုခါးခါး အတူတကွ မျှဝေတာဖြစ်တယ်။

(၇) ဆုံးရှုံးသွားမှ တန်ဖိုးထားရကောင်းမှန်းသိတဲ့အထိ မစောင့်ပါနဲ့။

နာကျင်ထိခိုက်ပြီးမှ ခခယယ တောင်းပန်ရကောင်းမှန်းသိတဲ့အထိ မစောင့်ပါနဲ့။
တချို့အရာတွေက ဆုံးရှုံးသွားပြီးရင် ဘယ်တော့မှ အစားပြန်မရနိုင်တော့ပါဘူး။

(၈) အထီးကျန်ချိန်မှ အချစ်ကို ချစ်မိသွားတာမျိုး ဘယ်တော့မှ မဖြစ်ပါစေနဲ့။
အထီးကျန်လို့ချစ်တာ မဟုတ်ဘဲ အချစ်ကြောင့် အထီးကျန်တာကို မခံစားရတာပဲ ဖြစ်ပါစေ။

(၉) အချစ်က ထိခိုက်နာကျင်တာတွေအားလုံးကို ကုစားပျောက်ကင်းစေပါတယ်။

(၁ဝ) လူ့ဘဝတစ်သက်မှာ အရသာကင်း ပျင်းရိငြီးငွေ့တဲ့အချိန်၊ အခက်အခဲနဲ့ ကြုံတွေ့တဲ့အချိန်တွေ ရှိပါတယ်။ လူ့စိတ်အလိုမကျတဲ့ အခက်အခဲတွေကို ချိုးဖြတ်နိုင်တာ "အချစ်"ပါ။ အချစ်က လှပမှုတွေပေးသလို မျှော်လင့်ချက်ကိုလည်း ရှင်သန်စေပါတယ်။

(၁၁) အချစ်ရှိရင် အခက်အခဲဆိုတာ ဝန်တစ်ခု၊ ထမ်းပိုးတစ်ခု မဟုတ်တော့ပါဘူး။

(၁၂) လက်ရှိပိုင်ဆိုင်တဲ့အချစ်ကို တန်ဖိုးထားမြတ်နိုးတာဟာ ဟိုးဝေးဝေးက မရှိ၊ မဖြစ်သေးတာကို မျှော်မှန်းတမ်းတတာထက် ပိုအရာရောက်ပါတယ်။


အင်တာနက်ပေါ်က အချစ်လေးတွေပါ... ဘာသာပြန်မျှဝေခံစားပါတယ်။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Monday, July 04, 2011

မနေ့က အိမ်ဖြူတော်


မနေ့က ဝါရှင်တန်ဒီစီကိုရောက်သွားတယ်။ အိုဘားမားကို သွားကြည့်တာတော့ မဟုတ်ပါဘူး။ မိတ်ဆွေတစ်ယောက်က သူ့မိဘတွေကို လိုက်ပို့မယ်ဆိုတာနဲ့ မသွားဖူးလို့ လိုက်သွားတာပါ။ ဘာမှတော့ ထွေထွေထူးထူး မမြင်ခဲ့ပါဘူး... အိမ်ဖြူတော်တစ်ဝိုက်ပဲ ရောက်ခဲ့တာပါ။ အိမ်ဖြူတော်ဆိုတာကလည်း တီဗီမှာတွေ့တွေ့နေရတဲ့ အိမ်ဖြူဖြူကြီးပါပဲ။ အိမ်ဖြူတော်နဲ့ တွဲမြင်ရတာကတော့ George Washingtonကို အထိမ်းအမှတ်ပြုထားတဲ့ ကမ္ဘာ့အမြင့်ဆုံးကျောက်တိုင်ကြီးပေါ့။ အဲဒီကိုရောက်တော့ နေကတအားပူ၊ လူရှုပ်၊ ကားရှုပ်တာနဲ့ ဓာတ်ပုံမြန်မြန်ရိုက်ပြီး နေရိပ်ဖက်ပြေးခဲ့ရတယ်။ အိမ်ရောက်မှာပဲ အဲကျောက်တိုင်အကြောင်း ပြန်ရှာဖတ်ကြည့်ဖြစ်တယ်။ အဲဒီတစ်ဝိုက်မှာတော့ ပြတိုက်တွေ နာမည်ကြီးတယ်တဲ့။ မရောက်ဖြစ်ခဲ့ပါဘူး။ တစ်နေရာ၊ နှစ်နေရာပဲပတ်ပြီး ပြန်ခဲ့တော့တယ်။ ရိုက်ခဲ့တဲ့ပုံတချို့ မျှဝေပါတယ်။

အိမ်ဖြူတော်တဲ့.. မလိမ်ဘူး.. တကယ်ဖြူဖြူကြီးပါ။ အနီးနားလည်း ပေးမသွားဘူး။ အဝေးကနေပဲ ကင်မရာနဲ့ ဆွဲဆွဲရိုက်ကြတယ်။ အိုဘာမားကလည်း လက်ထွက်မပြဘူး။ ဟယ်ရီကော်ပတာကလည်း ဝီးကနဲ.. ဝီးကနဲ.. ခဏတစ်စီး.. ခဏတစီး.. နာမည်ကြီးတဲ့နေရာဆိုရင် တီဗီထဲ ထိုင်ကြည့်တာပဲကောင်းတယ်။ ရှင်းရှင်းလင်းလင်းလည်း မြင်ရတယ်..

ဒီကနေ့ July 4က အမေရိကန်ရဲ့ လွတ်လပ်ရေးနေ့ဆိုတော့ ကွင်းထဲမှာ၊ မြက်ခင်းတွေမှာ ပျော်ပဲရွှင်ပွဲတွေလုပ်ဖို့ ပြင်ဆင်နေကြတယ်။

လဗင်ဒါပန်းနဲ့ ဝါရှင်တန် အထိမ်းအမှတ်ကျောက်တိုင်ကြီးပေါ့...


Jefferson Memorial တဲ့။ အမေရိကန်ရဲ့ တတိယမြောက် သမ္မတကြီးရဲ့ အထိမ်းအမှတ်ရုပ်တုကြီးပေါ့။

ရုပ်တုထားတဲ့နေရာမဝင်ခင် အဝင်ဝမှာ အဲလိုလေးရေးထားတယ်။ အသက်မရှိတဲ့ ရုပ်တုဆိုပေမယ့်လည်း လေးစားစရာ၊ ကြည်ညိုစရာတွေ သူ့မှာရှိခဲ့တယ်လေနော်..

အဲလို တိုင်လုံးကြီးနဲ့ အခိုင်အမာ နိုင်ငံခေါင်းဆောင်တွေကို အထိမ်းအမှတ် လုပ်ထားကြတယ်

ရုံးရက်ရှည်ပိတ်တယ်ဆိုတော့လည်း နေရာတိုင်းမှာ လူတွေချည်းပဲ...


ပူလွန်းလို့ လူများစားနေတဲ့ ရေခဲခြစ်ကို ဝယ်စားကြည့်တယ်... မြန်မာပြည်လို ရေခဲလတ်လတ်ဆတ်ဆတ် မဟုတ်ဘူး။ ရေခဲရိုက် ရေခဲဖြစ်နေတယ်။ အရောင်မှာလည်း စိမ်းရွှေရွှေအနံ့ပါနေတော့.. မစားရဲတော့ဘဲ ဝဲထုတ်လိုက်ရတယ်း(

မနေ့ကအိမ်ဖြူတော်၊ ဒီကနေ့ အိမ်ဖြူတော်၊ ဟိုးနှစ်ပေါင်းများစွာက အိမ်ဖြူတော် ဘာမှမခြားပါဘူး.. အထဲမှာ တည်းတဲ့လူပဲ ပြောင်းပြောင်းသွားတယ်။ နောက်တော့လည်း ပေးဆပ်ရင် ပေးဆပ်ခဲ့သလို၊ လုပ်ရင် လုပ်ခဲ့သလောက် ဝါရှင်တန်တစ်ဝိုက်မှာ အထိမ်းအမှတ်ကျောက်တိုင်တွေ၊ ရုပ်တုတွေ ပေါ်လာဦးမှာ ဧကန်မလွဲပါပဲ..

နိုင်းနိုင်းစနေ


Share/Bookmark

Saturday, July 02, 2011

ကျွန်မဖတ်ဖို့ (၂၉)


(၁) ကိုယ်ကိုယ်တိုင်ကလွဲပြီး ကိုယ့်ပျော်ရွှင်မှုကို ဘယ်သူကမှ မခြယ်လှယ်နိုင်ပါဘူး။

(၂) အချိန်က အရာရာကို ကုသပျောက်ကင်းစေလိမ့်မယ်။ အချိန်ကို အချိန်ပေးပါ။

(၃) ဘဝဆိုတာ တိုတောင်းလွန်းတယ်။ တစ်ယောက်ယောက်ကိုမုန်းဖို့ အချိန်မရှိလောက်အောင်ကို တိုလွန်းပါတယ်။

(၄) ထူးခြားဆန်းကြယ်မှုကို ယုံကြည်ပါ။

(၅) နေ့တိုင်းအပြင်ထွက်ပါ။ ထူးခြားဆန်းကြယ်မှုက အရပ်လေးမျက်နှာမှာ သင့်ကိုစောင့်နေပါတယ်။

(၆) ငြင်းခုန်ရန်ဖြစ်မှုတိုင်းကို သင်အောင်နိုင်စရာမလိုပါဘူး။ သင်သဘောမတူတာတွေကို သဘောတူလိုက်ပါ။

(၇) သင့်ကလေးမှာ ကလေးဘဝဆိုတာ တစ်ကြိမ်တစ်ခါပဲရှိတယ်။ ဒါကြောင့် အမှတ်တရဖြစ်ထိုက်ပါစေ။

(၈) သင့်ဘဝကို တခြားလူတွေနဲ့ မနှိုင်းယှဉ်ကြည့်ပါနဲ့။ ဘယ်လိုအတွေ့အကြုံမျိုးနဲ့ သူတို့ခရီးဆက်နေတာကို သင် နားမလည်နိုင်ပါဘူး။

(၉) ဘုရားစာ၊ ကျမ်းစာတွေကို ရွတ်ဖတ်ပါ။ အဲဒီစာတွေထဲမှာ လူတွေရဲ့စိတ်ခံစားချက်တွေပါတယ်။

(၁ဝ) လူ့ဘဝကို ဖဲကြိုးစည်းမထားလည်း လူ့ဘဝဆိုတာ လက်ဆောင်တစ်ခုဖြစ်ဆဲဖြစ်တယ်။


ကျွန်မဖတ်ဖို့ အင်တာနက်ပေါ်ဖတ်မိတာကို ဘာသာပြန်ပါတယ်။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark