Wednesday, August 31, 2011

ကျွန်မဖတ်ဖို့ (၃၁)


(၁) ဘဝဆိုတာ သင်္ချိုင်းဘက်မောင်းနှင်သွားတဲ့ ရထားတွဲတစ်တွဲပါတဲ့။ မောင်းနှင်ရာလမ်းတစ်လျှောက်မှာ ဘူတာရုံတွေ အများကြီးရှိတယ်။ ခရီးစကနေ ခရီးဆုံးအထိ ဘယ်သူကမှ သင်နဲ့အတူ အဖော်မပြုနိုင်ပါဘူး။ တွဲပေါ်တက်သူတက်၊ တွဲအောက်ဆင်းသူဆင်းကြတာကို သင်တွေ့ရပါလိမ့်မယ်။ တကယ်လို့ကံကောင်းရင် သင့်ကို ခရီးတစ်ထောက် အဖော်ပြုသူရှိပါလိမ့်မယ်။ ရထားတွဲကနေ သူဆင်းသွားတဲ့အခါ မခွဲရက်လည်း ကျေးဇူးတရားကို ရင်မှာထားပြီး လက်ပြနှုတ်ဆက်လိုက်ပါ။ နောက်တစ်ဘူတာမှာ ပိုဝေးတဲ့ခရီးအတွက် သင့်ကိုအဖော်ပြုနိုင်သူနဲ့ သင်ဆုံကောင်းဆုံနိုင်လို့ပါပဲ။

(၂) လိုချင်ပြင်းပြတဲ့စိတ်မရှိရင် နောက်ဆုံးမှာ ဘာကိုမှ သင်ပိုင်ဆိုင်လိမ့်မှာမဟုတ်ဘူး။
သိနားလည်ဖို့ ကြိုးစားချင်စိတ်မရှိရင် နောက်ဆုံးမှာ ဘာကိုမှ သင်သိလိမ့်မှာမဟုတ်ဘူး။
အောင်နိုင်ဖို့ အားထုတ်ချင်စိတ်မရှိရင် နောက်ဆုံးမှာ ဘာကိုမှ သင်အောင်နိုင်လိမ့်မှာမဟုတ်ဘူး။

(၃) ကမ္ဘာကြီး ၁၈ဝဒီဂရီလှည့်တဲ့အခါ နေ့က ညဖြစ်သွားတယ်။ ကမ္ဘာကြီးနောက်ထပ် ၁၈ဝ ဒီဂရီထပ်လှည့်တဲ့အခါ ညက နေ့ဖြစ်သွားတယ်။

လူတစ်ယောက်အတွက်နဲ့ ကျွန်တော်တို့၁၈ဝဒီဂရီလှည့်တဲ့အခါ ဝမ်းနည်းကြေကွဲခြင်းက ကျွန်တော်တို့နောက်နား ရောက်သွားတယ်။ နောက်ထပ် ၁၈ဝဒီဂရီ ကျွန်တော်တို့လှည့်လိုက်တဲ့အခါ အရာရာကို အသစ်ကပြန်စနိုင်တဲ့ စမှတ်ဆီရောက်သွားတော့တယ်။

(၄) ပွင့်လန်းတဲ့ပန်းတွေက ပျားပိတုန်းတွေကို ဆွဲဆောင်နိုင်တယ်။
ပုပ်သိုးတဲ့အသီးအရွက်တွေက ခြင်ယင်တွေကိုပဲ ဆွဲခေါ်နိုင်တယ်။
ဆိုရိုးစကားတစ်ခုမှာ အတင်းအဖျင်းပြောသူရဲ့လျှာက လူသုံးယောက်ကို သတ်နိုင်သတဲ့။ (၁) ပြောသူကိုယ်တိုင်ကို သတ်တယ်။ (၂) နားထောင်သူကို သတ်တယ်။ (၃) အပြောခံရသူကို သတ်တယ်။

(၅) လူ့ဘဝက လုံးဝမျှတတယ်ဆိုတာ မရှိဘူး။ ဒါပေမဲ့ ဆက်စပ်တဲ့မျှတမှုတော့ရှိတယ်။ ချိန်ခွင်တစ်ခုပေါ်မှာ သင့်ဖက်က ရတာတွေပိုများလေ တခြားလူထက် သင်ခံနိုင်ရည် ပိုရှိရလေဖြစ်တယ်။

(၆) အခက်အခဲ၊ ပြဿနာတွေဆိုတာ အမြဲမပြတ် ဖြစ်ပျက်နေတဲ့အရာတွေပါ။ အဲဒီအခက်အခဲ၊ ပြဿနာတွေကို ဖြေရှင်းဖို့လည်း နည်းလမ်းမျိုးစုံရှိပါတယ်။ အသိဉာဏ်ကိုတိုးမြင့်ဖို့ ဘယ်တော့မှ မမေ့ပါနဲ့။ စိတ်သဘောထားကြီးမြတ်ဖို့ ဘယ်တော့မှ မမေ့ပါနဲ့။ လူ့ဘဝရဲ့ အခက်အခဲ၊ ပြဿနာတွေက နည်းများမဆို လူသွားရာနောက် အမြဲလိုက်နေမှာပါပဲ။ အသိဉာဏ်ရှိတဲ့လူကမှ အဲဒီအခက်အခဲ၊ ပြဿနာတွေကို ဘယ်လိုရင်ဆိုင်ရမယ်ဆိုတာ ခေါင်းအေးအေးထား ဖြေရှင်းနိုင်မှာဖြစ်တယ်။

(၇) ဘာဆင်ခြေနဲ့မှ ကိုယ့်ကိုယ်ကိုကာကွယ်ဖို့ မကြိုးစားပါနဲ့။ အမှားရဲ့ရှေ့မှာ ဘယ်သူကမှ အဲဒီဆင်ခြေကို နားထောင်ချင်လိမ့်မှာမဟုတ်ဘူး။

(၈) နာကျင်ကြေကွဲတာကို တွေ့ကြုံခံစားရမှ အရာတချို့ကို သင်သိနားလည်နိုင်တယ်။ စိတ်ထိခိုက်ခံရမှ ကြံ့ကြံ့ခံဖို့နဲ့ နှုတ်ဆိတ်ဖို့ကို သင် သင်ယူနိုင်တယ်။ နာကျင်ကြေကွဲတာနဲ့ ထိခိုက်တာကို ကော်ဖီမှုန့်လို့ဆိုပါစို့။ တွေးတောခြင်းကို ဆူဗွက်တဲ့ရေလို့ပမာပြုပြီး ခါးသက်မွှေးကြိုင်တဲ့ ကော်ဖီတစ်ခွက်ကိုဖျော်ပြီး သောက်ချလိုက်ပါ။ သင်ကြည်လင်နှိုးထဖို့ ကော်ဖီကကူညီပါလိမ့်မယ်။

(၉) လောကမှာ ဘယ်စာအုပ်၊ ဘယ်ဖွင့်ဆိုချက်ကမှ သင့်အတွက် ကံကောင်းခြင်းတွေပေးနိုင်မှာမဟုတ်ဘူး။ ဒါပေမဲ့ သင့်ကိုယ်သင်သိစေတဲ့၊ သင့်ကိုယ်သင် အသိအမှတ်ပြုစေတဲ့ ဗဟုသုတ၊ အသိအမြင်ကို ပေးနိုင်ပါလိမ့်မယ်။

(၁ဝ) တစ်လောကလုံးက သင့်ကိုစွန့်လွှတ်သွားပြီ၊ ကျောခိုင်းသွားပြီလို့ သင်ခံစားရတဲ့အခါ.....
သူ(လောကကြီး)ဟာ သင့်ကိုပွေ့ဖက်ဖို့ ခန္ဓာကိုယ်ကို တစ်ပတ်လှည့်နေတယ်ဆိုတာကို ယုံကြည်လိုက်ပါ။

ကျွန်မဖတ်ဖို့ ဖတ်မိသမျှ ကြိုက်နှစ်သက်တာတွေကို စုစည်းဘာသာပြန်ပါတယ်

နိုင်းနိုင်းစနေ



Share/Bookmark

Sunday, August 28, 2011

အချစ်နဲ့ နားလည်မှု


သင့်ကို နားလည်မှုပေးနိုင်သူတစ်ယောက်က အချင်းချင်း စိတ်လက်ချမ်းသာစေတဲ့အချစ်ကို သယ်ဆောင်ပေးလာနိုင်သတဲ့။

သင့်ကို နားလည်မှုမပေးနိုင်သူတစ်ယောက်က နောက်ဆုံးမှာ သင့်ကိုဆင်ခြေတွေးတောစရာ တစ်ခုပေးပါသတဲ့။ အဲဒီတွေးတောစရာက "လူ့ဘဝမှာ "နားလည်မှုရှိတာ"ဟာ "ချစ်တာ"ထက် ပိုအရေးပါတယ်" ဆိုတာပဲဖြစ်တယ်။

"သင့်ကိုနားလည်တဲ့သူ ချစ်ပါစေ"ဆိုတဲ့ သီချင်းဟောင်းတစ်ပုဒ်မှာ သီချင်းစာသားတစ်ခုက..... "ချစ်ကြိုက်တယ်ဆိုတာ တစ်ဘက်သားရဲ့ နေထိုင်မှုထဲဝင်ရုံတင်မဟုတ်ဘူး.. အချင်းချင်းရဲ့ဘဝထဲ ပိုဝင်နိုင်ရမယ်"လို့ ဆိုထားပါတယ်။ "အချစ်"ရဲ့ အမြင့်ဆုံးအဆင့်က "နားလည်မှု"ဖြစ်တယ်။

"နားလည်တာလား! ချစ်တာလား!"ဆိုတာကို လူတွေက ရွေးချယ်မှုပုစ္ဆာအဖြင့် သဘောထားပြီး လူအများက "ချစ်တယ်"ဆိုတာကို ရွေးချယ်တတ်ကြတယ်။ နားလည်တာထက် ချစ်ရတာဟာ လူကို ပိုကြည်နူးစေတယ်လို့ သူတို့ထင်ကြလို့ဖြစ်တယ်။

တကယ်တမ်းတော့ ဒီလိုမဟုတ်ခဲ့ပါဘူး...
မကြာခဏမြင်တွေ့နေရတဲ့ မပျော်ရွှင်တဲ့ ချစ်သူရည်းစားတွေ၊ လမ်းခွဲပြတ်စဲသွားကြတဲ့ ချစ်သူရည်းစားတွေဟာ အချင်းချင်း မချစ်ကြလို့မဟုတ်ဘူး။ အချင်းချင်း နားလည်မှုမပေးနိုင်ကြလို့ဖြစ်တယ်။ လူ့လောကထဲမှာ အချင်းချင်းနာကျင်အောင် ညှင်းပန်းနှိပ်စက်နေကြတဲ့ ယောက်ျားမိန်းမ၊ ချစ်သူစုံတွဲတွေဟာ မချစ်ကြလို့မဟုတ်ဘူး။ နားလည်မှု မရှိကြလို့ဖြစ်တယ်။

ချစ်သူဖြစ်ချိန်မှာ မိန်းကလေးတွေက ယောက်ျားလေးတွေကို နားလည်မှုပေးနိုင်တယ်လို့ သူတို့ကိုယ်သူတို့ ထင်ခဲ့ကြတယ်။ အသဲကွဲလမ်းခွဲချိန်ရောက်မှ အရင်ကနားလည်ခဲ့တဲ့ "နားလည်မှုတွေ"ဟာ "နားလည်မှုအလွဲ"တွေဆိုတာကို သူတို့သိကြရတယ်။

မိန်းကလေးတွေက နားလည်မှုမရှိဘူးလို့ ယောက်ျားလေးတွေက ထင်ကြတယ်။
မိန်းကလေးတွေက သူတို့ကိုယ်သူတို့ နားလည်မှုရှိတယ်လို့ ထင်ကြတယ်။

ယောက်ျားလေးတွေရဲ့စိတ်ကို မိန်းကလေးတွေ နားမလည်ကြဘူးလို့ ယောက်ျားလေးတွေက ထင်ကြတယ်။ ဒါဟာ မိန်းကလေးတွေရဲ့စိတ်ဒုက္ခကို ယောက်ျားလေးတွေ နားမလည်လို့လို့ မိန်းကလေးတွေက ထင်ကြတယ်။

ဒါကြောင့် နှစ်ယောက်ကမ္ဘာမှာ နားလည်မှုရှိဖို့က ချစ်ဖို့ထက် ပိုလုပ်နိုင်ဖို့ ခက်ခဲခဲ့တယ်။
သင့်ကို နားလည်မှုပေးနိုင်သူတစ်ယောက်က သင်လိုချင်တဲ့ပုံစံနဲ့ သင့်ကိုချစ်တယ်။
သင့်ကို နားလည်မှုမပေးနိုင်သူတစ်ယောက်က သူလိုချင်တဲ့ပုံစံနဲ့ သင့်ကိုချစ်တယ်။

သင့်ကို နားလည်မှုပေးနိုင်သူတစ်ယောက်က တစ်ဝက်လုပ်ပြီး ဆတိုးခံစားတယ်၊ ချစ်ရတာလည်း
သက်တောင့်သက်သာရှိပြီး စိတ်ချမ်းမြေ့စေတယ်၊ သင့်ကိုလည်း ပျော်ရွှင်မှုတွေ ခံစားစေတယ်။

သင့်ကို နားလည်မှုမပေးနိုင်သူတစ်ယောက်က ဆတိုးလုပ်ပြီး တစ်ဝက်ပဲခံစားတယ်။ ချစ်ရတာလည်း စိတ်ပင်ပန်း၊
လူပင်ပန်းစေတယ်၊ သင့်ကိုလည်း ပျော်ရွှင်မှုမပေးနိုင်ဘူး။

သင့်ကိုနားလည်မှုပေးနိုင်တဲ့သူ သင့်ကိုချစ်ပါစေ...
ချစ်တယ်ဆိုတိုင်း နားလည်မှုပေးနိုင်သူ မဟုတ်ပါဘူး။
အချစ်ကို အညံ့ခံ၊ အရှုံးပေးလိုက်ရတဲ့ လူတွေအများကြီးပါ။ ဒါပေမဲ့ အဲဒီလိုအညံ့ခံပြီးနောက် နောက်ဆုံးမှာ သူတို့နားလည်သဘောပေါက်လိုက်တာက "နားလည်မှုမပေးနိုင်သူတစ်ယောက်ရဲ့ အချစ်ဟာ အချစ်နက်လေ နာကျင်ညှင်းပန်းမှုများလေ" ဆိုတာပဲဖြစ်တယ်။

မူရင်းလင့် --- http://www.duwenzhang.com/wenzhang/aiqingwenzhang/ganwu/20110822/197585.html

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Saturday, August 27, 2011

သြဂုတ်လ(၃၁) ဘလော့ဂ်ဒေး


သြဂုတ်လ(၃၁)ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ Blog Dayနေ့လေးပါတဲ့။ ဒါကြောင့် မြန်မာဘလော့ဂ်တွေကြားမှာ ဘလော့ဂ်ဒေးနဲ့ပတ်သက်တဲ့ အမှတ်တရပို့စ်လေးတွေကို တွေ့ရတယ်။

ဘလော့ဂ်ဒေး ဘယ်လိုစဖြစ်လာသလဲလို့ ဂူဂယ်ကြည့်လိုက်တော့ နိုင်ငံအရပ်ရပ်က
Bloggersတွေဟာ သူတို့မှာလည်း အထိမ်းအမှတ်နေ့လေးတစ်နေ့တော့ ရှိသင့်တယ်။ အဲဒီအထိမ်းအမှတ်နေ့လေးမှာ တခြားနိုင်ငံကဘလော့ဂါတွေနဲ့ မတူတဲ့ဝါသနာ၊ မတူတဲ့ရိုးရာဓလေ့ ယဉ်ကျေးမှုတွေကို ဖလှယ်မျှဝေချင်တယ်ဆိုပြီး သြဂုတ်လ(၃၁)ရက်နေ့ကို ဘလော့ဂ်ဒေးဆိုပြီး သတ်မှတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

တခြားနိုင်ငံက ဘလော့ဂ်ဒေးနေ့မှာ ဘလော့ဂါတွေဟာ စုဝေးကြပြီး သူတို့ကြိုက်နှစ်သက်တဲ့
ဘလော့ဂ်တွေကို တခြားဘလော့ဂါတွေကို မျှဝေမိတ်ဆက်တာမျိုးတွေ လုပ်ကြတယ်။ ပါဝင်သူတွေက သူတို့ဘလော့ဂ်မှာ သူတို့ကြိုက်နှစ်သက်တဲ့ ဘလော့ဂ်အသစ်(၅)ခုကို ပို့စ်အဖြစ်ရေးတင် မိတ်ဆက်ပေးကြပါတယ်တဲ့။ အဲဒီဘလော့ဂ်အသစ်(၅)ခုက တခြားနိုင်ငံက ဖြစ်ရင်လည်းဖြစ်မယ်၊ မတူတဲ့ ရိုးရာယဉ်ကျေးမှုလည်းဖြစ်မယ်၊ အမြင်၊ စိတ်သဘောထားတွေ မတူတဲ့ဘလော့ဂ်လည်း ဖြစ်နိုင်ပါတယ်တဲ့။ တကယ်တော့ ဘလော့ဂါအချင်းချင်း၊ စာဖတ်သူအချင်းချင်း မတူတဲ့အမြင်၊ မတူတဲ့ရိုးရာဓလေ့၊ ဗဟုသုတ၊ အသိအမြင်တွေကို မျှဝေတာပါပဲ....

မြန်မာပြည်မှာတော့ ဘလော့ဂ်ဒေးနေ့မှာ ဘလော့ဂါတွေစုပြီး အမှတ်တရအဖြစ် အလှူအတန်းတွေ၊ ကဗျာရွတ်ပွဲတွေ လုပ်ကြတယ်။ ချစ်စရာ အမှတ်တရလေးတွေပါပဲ....

ဘလော့ဂ်တွေခေတ်စားစမှာ မြန်မာဘလော့ဂ်တွေဟာ လက်ချိုးရေလို့ရတဲ့အဆင့်မှာပါ။ အခုဆိုရင် မြန်မာဘလော့ဂ်တွေ သောင်းနဲ့ချီရှိနေခဲ့ပါပြီ။ ဘလော့ဂ်တွေပေါ်စ၊ ဘလော့ဂ်တွေကို လူတွေသိစမှာတော့ ဘလော့ဂါတွေကို အင်တာနက်ပေါ်တက်ပြီး အချိန်ဖြုန်းနေသူ၊ ဘလော့ဂါဆိုရင် နိုင်ငံရေးသမား ယောင်ယောင်လို့ ထင်ခဲ့၊ ဝေဖန်ခဲ့ကြတာတွေ ရှိခဲ့ပါတယ်။ ဘယ်လိုပဲထင်ခဲ့ ဝေဖန်ခဲ့ပါစေ နောက်ပိုင်းမှာတော့ မြန်မာနိုင်ငံအရေးအတွက် ဘလော့ဂ်ဟာလည်း အရေးပါတဲ့အခန်းကဏ္ဍမှာ ပါဝင်ခဲ့တာကို လူတွေသိခဲ့ကြပါတယ်။

ဘယ်သူတွေဘာပဲပြောပြော ဘလော့ဂါတချို့က ကိုယ်ယုံကြည်မှုနဲ့ကိုယ် ဘလော့ဂ်ကို ချစ်ခင်စွာ ဖက်တွယ်ထားဆဲပါ။ အဲဒီထဲမှာ ကျွန်မလည်း အပါအဝင်ဖြစ်ပါတယ်။ အင်တာနက်က သုံးတတ်ရင် အကျိုးရှိသလို မသုံးတတ်ရင်တော့ အချိန်ဖြုန်းရာရောက်ပါတယ်။ ဂိမ်းတွေဆော့၊ ချက်တင်တွေလုပ်နေမယ့်အစား ဘလော့ဂ်ရေး၊ ဘလော့ဂ်ဖတ်တာက ပိုအကျိုးရှိတယ်လို့ ကျွန်မထင်ပါတယ်။ ကျွန်မအတွက်တော့ ဘလော့ဂ်ရေးတာဟာ စာတွေပိုဖတ်ဖြစ်သလို တခြားလူတွေကိုမျှဝေချင်တော့ စာတွေပိုရှာဖတ်ဖြစ်ပါတယ်။ နောက် စိတ်ထွက်ပေါက်လည်းရသလို၊ ကိုယ့်အတွေ့အကြုံတွေကိုလည်း အမှတ်တရအဖြစ် ချန်ခဲ့လို့ရတယ်။ မြန်မာစာ၊ ဝါကျတွေကို ပိုနားလည် ကျွမ်းဝင်စေပြီး စာလုံးပေါင်းကိုလည်း မှန်စေတယ်လို့ ထင်ပါတယ်။

ကျွန်မဘလော့ဂ်ရေးစကနေ အခုချိန်ထိ အားပေးဖတ်ရှုလာကြသူတွေ သတိထားမိကြမှာပါ။ ဘလော့ဂ်ရေးစမှာ ကျွန်မရဲ့စာလုံးပေါင်းတွေဟာ ၁ဝလုံးလောက်မှာ ၈လုံးလောက်က မှားနေတတ်ပါတယ်။ ဝါကျအထားအသိုလည်း တော်တော်မှားပါတယ်။ ခုထိလည်း မှားနေဆဲဆိုပေမယ့် အရင်ကထက်စာရင် တော်တော်လေး တိုးတက်လာပြီလို့ ဆိုရမယ်။ ဒါဟာလည်း ဘလော့ဂ်ရဲ့ကျေးဇူးနဲ့ သင်ပြ၊ ပြောပြ၊ ထောက်ပြတဲ့လူတွေရဲ့ ကျေးဇူးကြောင့်ပါပဲ။ ဘလော့ဂ်ရေးလို့လည်း အသိအမြင်၊ ဗဟုသုတတွေ တိုးပွားခဲ့သလို ချစ်သူ၊ ခင်သူ သူငယ်ချင်းတွေလည်း အများကြီးရခဲ့ပါတယ်။

ကျွန်မဘလော့ဂ်ရေးစမှာ စာအုပ်အဖြစ်ထုတ်ဝေဖို့ ရည်ရွယ်ရေးခဲ့တာမျိုး မရှိခဲ့ပါဘူး။ ခံစားချက်တူသူတွေကို မျှဝေချင်တဲ့စိတ်နဲ့ပဲ စာတွေရေးခဲ့တာပါ။ စာရေးဆရာဖြစ်ချင်တဲ့စိတ်လည်း မရှိခဲ့ပါဘူး။ စာရေးချင်သူပဲ ဖြစ်ချင်ခဲ့တာပါ။ (စာရေးချင်နေမှပဲ စာတွေကို ကျွန်မရှာဖတ်ဖြစ်မှာလေ)။ ကံကောင်းတော့ ဘလော့ဂ်ကစာတွေကို စာအုပ်အဖြစ် ထုတ်ဝေခွင့်ရခဲ့ပါတယ်။ ဒါဟာလည်း ဘလော့ဂ်ရဲ့ကျေးဇူး၊ ဘလော့ဂ်လာဖတ်သူတွေရဲ့ ကျေးဇူးတွေပါပဲ....

အခုဆိုရင် ဘလော့ဂ်အပြင် တခြားဆိုရှယ်နက်ဝေါ့တွေ အများကြီးထွက်ပေါ်လာပါပြီ။ တချို့က ဘလော့ဂ်ကို ခွာပြီး တခြားဆိုရှယ်နက်ဝေါ့ပေါ် ရောက်သွားပါပြီ။ တချို့ဘလော့ဂါတွေကတော့ ဘလော့ဂ်ကို ဖက်တွယ်ထားဆဲပါ... ကျွန်မ အပါအဝင်ပါ။ စာရေးချင်သူကျွန်မတစ်ယောက် စာရေးချင်စိတ်ရှိနေသရွေ့ ဒီဘလော့ဂ်မှာ ကျွန်မစာတွေ ဆက်ရေးနေပါအုန်းမယ်....

မြန်မာဘလော့ဂ်တွေ အဓွန့်ရှည်စေကြောင်း ဒီပို့စ်လေးနဲ့အတူ သြဂုတ်လ(၃၁)ရက်နေ့မှာ ကျရောက်မယ့် ဘလော့ဂ်ဒေးနေ့ကို အမှတ်တရ ဂုဏ်ပြုရင်း ဘလော့ဂ်လာဖတ်သူအများကို ကျေးဇူးတင်လိုက်ပါတယ်။

P.S မေ့လို့.... ဘလော့ဂ်ဒေးမှာ ကြိုက်နှစ်သက်တဲ့ ဘလော့ဂ်အသစ်(၅)ခုကို ကျွန်မ မမိတ်ဆက်တော့ပါဘူး။ ကြိုက်တာတွေက ငါးခုထက်မကလို့ပါ။ ဘလော့ဂ်တွေကို အားရင်ကြုံရင်ကြုံသလို ကျွန်မဝင်ဖတ်ဖြစ်ပါတယ်။ တချို့ဘလော့ဂ်တော်တော်များများကိုလည်း readerကတဆင့် ဖတ်ဖြစ်ပါတယ်။ ကော်မန့်တွေမရေးဖြစ်၊ ခြေရာတွေမချန်ဖြစ်တာ တစ်ခုပါပဲ။ တချို့ကထင်ကြတယ်... နိုင်းနိုင်းစနေ မာနကြီးတယ်၊ ဘာကြီးတယ်၊ ညာကြီးတယ်ပေါ့... ပြောနေကျစကားအတိုင်း ပြောရမယ်ဆိုရင် နိုင်းနိုင်းစနေ ဘာမှမကြီးပါဘူး... သံယောဇဉ်ပဲ ကြီးတာပါလို့း)

နိုင်းနိုင်းစနေ


Share/Bookmark

ကျွန်မဖတ်ဖို့



ရေးတုန်းကတော့ တကယ်ပါ ကျွန်မဖတ်ဖို့ပါပဲ... ဒီကျွန်မဖတ်ဖို့ဆိုတဲ့စာတွေမှာ မှတ်ရလွယ် မှတ်မိလွယ်တဲ့ စာတိုလေးတွေ၊ သိနေပေမယ့်လည်း တစ်ခါတလေမှာ မေ့နေတတ်တဲ့ မှတ်စုတိုလေးတွေ ပါပါတယ်။ ပုထုဇဉ်ပီပီ ကျွန်မလည်းတစ်ခါခါ စိတ်ညစ်တာ၊ ဒေါသထွက်တာ၊ အားငယ်တာ၊ လူများအပေါ် မကောင်းမြင်တတ်တာတွေ ဖြစ်တတ်ပါတယ်။ အဲဒီအခါကျရင် ဒီလိုစာလေးတွေ ရှာရှာဖတ်ဘလော့ပေါ်မှာ ဘာသာပြန်ရေးတင် ကျွန်မကိုယ်ကျွန်မ သတိပေးခဲ့တယ်။ ဒါကြောင့် ခေါင်းစဉ်ကို "ကျွန်မဖတ်ဖို့"လို့ နာမည်ပေးခဲ့တယ်။ "ကျွန်မဖတ်ဖို့"ကို ကျွန်မလိုပဲ ကြိုက်နှစ်သက်သူတွေ ရှိခဲ့ကြတယ်။ ဒီအတွက် ဝမ်းသာပါတယ်း) ကျေးဇူးလည်းတင်ပါတယ်။

ဒီသြဂုတ်လမှာပဲ ကျွန်မရဲ့စာအုပ်တွေကို ထုတ်ဝေပေးနေတဲ့ Synergyစာအုပ်တိုက်က ဘလော့ပေါ်ရေးတင်ခဲ့တဲ့ "ကျွန်မဖတ်ဖို့"ကို ကျွန်မရဲ့(၁ဝ)အုပ်မြောက်စာအုပ်အဖြစ် အမှတ်တရ ထုတ်ဝေပေးလိုက်ပါပြီ။ မျက်နှာဖုံးကိုတော့ ကျွန်မရဲ့စိတ်ကူးအတိုင်း မောင်ငယ်ဇေယျာက ဒီဇိုင်းလုပ် ရေးဆွဲပေးထားတာဖြစ်ပါတယ်။ အားပေးဖတ်ရှုသူအားလုံးကို ကျေးဇူးအထူးတင်ပါတယ်း)

ချစ်ခင်လေးစားစွာဖြင့်

နိုင်းနိုင်းစနေ



Share/Bookmark

Friday, August 26, 2011

ကျွန်မနဲ့ချဉ်ရည်ဟင်း


ချဉ်ရည်ဟင်းကို ကျွန်မအရမ်းကြိုက်ပါတယ်။ မြန်မာထမင်းဆိုင်တွေမှာ သွားစားတိုင်း ချဉ်ရည်ဟင်းကိုပဲ ကျွန်မဖိသောက်တတ်ပါတယ်။ အဲဒီလောက်ထိ ချဉ်ရည်ဟင်းကို ကျွန်မကြိုက်ပါတယ်။ ဒါပေမဲ့ ချဉ်ရည်ဟင်းကို ကျွန်မ မချက်တတ်ခဲ့ပါဘူး။ တာချီလိတ်မှာ အစ်မနဲ့တစ်နှစ်လောက် ပြန်နေတော့ ချဉ်ရည်ဟင်းကို ကျွန်မချက်တတ်သွား(တယ်လို့ဆိုရပါမယ်)ပါတယ်။ တာချီလိတ်မှာက အသီးအနှံ၊ ဟင်းသီးဟင်းရွက်တွေ ပေါပါတယ်။ ချဉ်ရည်ဟင်းချက်တဲ့အခါ ကျွန်မအစ်မက မန်ကျည်းမှည့်မသုံးပါဘူး။ ချဉ်ပေါင်ရွက်နဲ့ ကင်ပွန်းချဉ်ရွက် (တစ်ခါတလေမန်းကျည်ရွက်)ကိုပဲ တခြားချဉ်ရည်ဟင်းချက်တဲ့ အသီးအနှံတွေနဲ့ ရောချက်ပါတယ်။

ချဉ်ရည်ဟင်းကို တချို့က ကြက်သွန်နီ/ဖြူတွေကို အရင်ဆီသပ်ပြီး ချက်ကြတာတွေ့ရတယ်။ အစာပလာတွေ မွှေးနေအောင်ဆီသပ်ဖို့ အချိန်ပေးရပါတယ်။ အလုပ်လည်းသွားရအုန်းမယ်၊ အင်တာနက်ပေါ်တက်ပြီး သတင်းတွေ၊ ဘလော့တွေ၊ FBတွေလည်း ဝင်ချင်သေးတယ်၊ ဟင်းတစ်ခွက်အတွက် အချိန်သိပ်မသုံးချင်ဘူး၊ ချဉ်ရည်ဟင်းကိုလည်း ကြိုက်တယ်ဆိုရင် ကျွန်မလို လူပျင်းချက် ချက်ကြည့်နိုင်ပါတယ်။ (တချို့က ချက်တတ်ပြီးသား ဖြစ်ပါလိမ့်မယ်)


ပထမဦးဆုံး ချဉ်ရည်ဟင်းထဲ ထည့်ချက်မယ့် အသီးအရွက်တွေကို (ချဉ်ပေါင်၊ မုန်လာဥ၊ ဗူးသီး၊ ပဲသီး..... ) ဇလုံတစ်ခုထဲ ထည့်လိုက်ပါတယ်။ ကြက်သွန်ဖြူ/နီ၊ ပုဇွန်ခြောက်၊ ငရုတ်သီးစိမ်းတွေကိုလည်း ထောင်းပြီး အတူထည့်လိုက်ပါတယ်။ ငပိနည်းနည်းထည့်ပါတယ်။ ခရမ်းချဉ်သီး၊ ဆား၊ ဆီထည့်ပါတယ်။ (ကျွန်မက ဆုံမရှိလို့ မထောင်းတော့ပါ....... )


ပြီးရင် အကုန်လုံးကို ရှိသမျှအားနဲ့ နွမ်းကြေသွားအောင် နယ်လိုက်ပါတယ်။ ပြီးရင် အိုးတစ်လုံးထဲထည့်ပြီး မီးပေါ်တည်လိုက်ပါတယ်။ ဆူလာနွမ်းလာရင် လိုသလောက်ရေထည့်တယ်။


ပွက်ပွက်ဆူလို့ တအောင့်ကြာရင် ဆားအပေါအငံမြည်းတယ်။ နောက်ဆုံးမှာ ချဉ်ရည်ဟင်းတစ်ခွက်ကို ရပါတယ်။ လူပျင်းနည်းဖြစ်ပေမယ့် အချိန်ကုန်သက်သာပြီး မြန်ဆန်လွယ်ကူပါတယ်။ ဘလော့ပို့စ်တစ်ခုရေးစာတောင် မကြာပါဘူး..း)


နိုင်းနိုင်းစနေ


Share/Bookmark

Jummyနဲ့ သူရဲ့သရုပ်ဖော်ပုံများ


(၁)
ကျွန်တော်က ပေါင်းသင်းဆက်ဆံရေး ညံ့ပြီး အရှက်ကြီးသူပါ
ဒါပေမဲ့ လူရယ်လို့ဖြစ်လာမှတော့ တခြားလူနဲ့ လက်ချင်းတော့တွဲရတာပေါ့။
(ခင်ဗျားက ဒီလိုထင်ချင်မှလည်း ထင်လိမ့်မယ်)
အချိန်နည်းနည်း လိုကောင်းလိုမယ်
ကိုယ့်ကိုယ်ကို လေ့ကျင့်မှုတချို့ လိုကောင်းလိုမယ်

ဦးတည်ရာနဲ့ နေရာကိုအရင်ရွေ့ပြီး ထိုးဖောက်မှုနည်းနည်းလုပ်မယ်။
တကယ်လို့ ကျွန်တော်တို့ မှင်သေသေဆက်လုပ်မနေရင်
ဒူးခေါင်းကိုလက်နှစ်ဖက်နဲ့ ဆက်ပွေ့မထားရင်
မာနတစ်ခွဲသားနဲ့ ဆက်မနေရင်
ကိစ္စက ပြီးသွားနိုင်တယ်......

မြက်ပင်လေးတွေ မိုးထိအောင်ရှည်လျားလာကြပြီ
ပိုးတုံးလုံးတွေ လိပ်ပြာဖြစ်ကုန်ကြပြီ
ပထမတစ်လှမ်းကို ဘယ်လိုစလှမ်းရမယ်ဆိုတာကို ကျွန်တော် မသိသေးဘူး။


(၂)
ရာစုနှစ်တွေကို စိတ်ကူးယဉ်ရင်း
နောက်ဆုံးမှာ အာကာသပေါ်ကျွန်တော်ရောက်သွားတယ်

အာကာသပေါ်မှာ အရမ်းလှတယ်၊ ထိန်းမရသိမ်းမနိုင်အောင် လှတယ်
ဆိတ်ဆိတ်ငြိမ်ငြိမ် ဟာလာဟင်းလင်းနဲ့ မိုက်တယ်
ဒါပေမဲ့ ဒီကနေ့မှာ
ရုတ်တရက် ပဲနို့ရည်သောက်ချင်လာတယ်၊
ရုပ်ရှင်ကြည့်ချင်လာတယ်

ပန်းတွေကို ရေလောင်းချင်လာတယ်၊
ကြောင်ကလေးကို အယားကုတ်ပေးချင်လာတယ်

လမ်းထောင့်က မုန့်ဆိုင်လေးကို သတိရလာတယ်.....
စိတ်ကူးကမ္ဘာထဲ ကျွန်တော်ရောက်သွားပြီး တကယ့်လက်တွေ့ကမ္ဘာကို တမ်းတနေမိတယ်။


(၃)
ငှက်တစ်ကောင်လို ဟန်ဆောင်ပါ ... ပျံသန်းလို့ရတယ်
ငါးတစ်ကောင်လို ဟန်ဆောင်ပါ... ရေငုပ်လို့ရတယ်
ခွေးတစ်ကောင်လို ဟန်ဆောင်ပါ.... ယုန်တွေကိုလိုက်ဖမ်းလို့ရတယ်
ကြောင်တစ်ကောင်လို ဟန်ဆောင်ပါ... မိတ်သံပေး အော်ဟစ်လို့ရတယ်
အိန်ဂျယ်လ်တစ်ဦးလို ဟန်ဆောင်ပါ.... သန့်စင်မွန်မြတ်လို့ရတယ်
နတ်ဆိုးတစ်ယောက်လို ဟန်ဆောင်ပါ..... အကြောင်းမဲ့ ရိုင်းစိုင်းရက်စက်လို့ရတယ်
လူတစ်ယောက်လို ဟန်ဆောင်ပါ..... အင်း.... ပျင်းဖို့တော့ကောင်းတယ်


(၄)
နင့်ဆီမှာ သင်ယူပါလို့ ငါ့ကိုသူတို့ကပြောတယ်
နေထွက်ကနေ နေဝင်ထိ
တောင်ပံတွေကို နင်အဆက်မပြတ် ခတ်တယ်
ဒါမှမဟုတ် ခေါင်းငုံ့ပြီး အေးစက်တဲ့နှင်းတောထဲမှာ မလှုပ်ဘဲရပ်တယ်

အတောင်ပံခတ်ပြီး နင်အားရကျေနပ်စွာ ပြောတယ်.....
"ငါတို့ရဲ့ တုံးအတဲ့ ကိုယ်ဟန်အနေအထားကိုပဲ နင်တုလို့ရမယ်
ငါတို့ရဲ့ ထူးဆန်းတဲ့အတွေးအခေါ်ကိုတော့
နင်ခိုးကြည့်လို့ရမှာ မဟုတ်ဘူး.. ဟား..ဟား..ဟား"



(၅)
ခရီးထွက်ချင်တဲ့ဆန္ဒက အ,တတနဲ့ကိုင်လှုပ်ပြန်တယ်။
ဒါဟာ ကြိုးအချည်ခံထားရတဲ့ ငှက်တစ်ကောင်နဲ့ ဘာခြားမလဲလို့
ကျွန်တော့်ကိုယ်ကျွန်တော် နှစ်သိမ့်တယ်
တခဏသာ အမြင့်ပေါ်ကို ပျံသန်း၊ တိုက်မိတိုက်ရာ တိုက်ပြီး
အင်အားကုန် မောပန်းတော့
လှောင်အိမ်ထဲ စိတ်ပျက်လက်ပျက် ပြန်နားရတဲ့ ကိုးရိုးကားရားဖြစ်စဉ်
အဝေးက ကောင်းကင်ကို မော့ကြည့်ရင်း
ကျွန်တော် မချိပြုံး ပြုံးမိတယ်၊ သက်ပြင်းချမိတယ်။


Jummy ရဲ့ စာတွေကို ဉာဏ်မီသလောက် ဘာသာပြန်မျှဝေပါတယ်

နိုင်းနိုင်းစနေ


Share/Bookmark

Thursday, August 25, 2011

အချစ်ကြောင့်ဖြစ်တဲ့ အကျင့်ဆိုး



ချစ်သူရည်းစားတွေဟာ ချစ်သူသက်တမ်းကြာလာတာနဲ့အမျှ "ရုပ်ချင်းပါ ဆင်လာတတ်ကြ"တယ်။ အမေရိကန် University of Cincinnati က လေ့လာဆန်းစစ်ချက်တစ်ရပ်မှာ အချင်းချင်း ချစ်ခင်ကြင်နာကြတဲ့ ချစ်သက်တမ်းနှစ်ရှည်ကြာတဲ့ချစ်သူ ဒါမှမဟုတ် အိမ်ထောင်သက်ကြာတဲ့ဇနီးမောင်နှံတို့ဟာ တဘက်သားရဲ့အကျင့်ဆိုးကို မတားမြစ်တဲ့အပြင် အချင်းချင်းကူးစက်ကြတာကို တွေ့ခဲ့ရတယ်။

လေ့လာဆန်းစစ်ချက်မှာ ချစ်သူ သို့မဟုတ် ဇနီးမောင်နှံတို့က တစ်ဦးအပေါ်တစ်ဦး သင့်မြတ်ချစ်ခင်နေကြရင် နှစ်ယောက်စလုံးမှာ junk food (အမှိုက်စာ)တွေကို အတူစားဖို့ အားပေးသက်ရောက်စေသလို အိမ်တွင်းပုန်းပြီး ရုပ်ရှင်ကြည့်တာ၊ မအိပ်ခင် အရက်အတူသောက်တာတွေ ဖြစ်စေတာကိုတွေ့ရတယ်။ အကျင့်ဆိုးတွေပြောင်းလဲဖို့ တစ်ဦးကိုတစ်ဦး အားပေးမယ့်အစား တံငါနားနီးတံငါဆိုတဲ့အဖြစ်တွေ ပိုဖြစ်တာကို တွေ့ရပါတယ်။ တစ်ဦးအပေါ် တစ်ဦးရဲ့အကျင့်ဆိုးတွေ ပိုအလွယ်တကူကူးစက်တာကို တွေ့ရပါတယ်။

သတိထားမိတဲ့အချက်က ဒီလိုအကျင့်တွေကူးစက်ဖို့ကို များသောအားဖြင့် ယောက်ျားဖက်က စတာကိုတွေ့ရပါတယ်။ University of Cincinnatiက ပါမောက္ခCorinne Reczekက ရှေးကလေ့လာဆန်းစစ်ချက်အရ အိမ်ထောင်ပေါင်းသင်းဆက်ဆံရေးက ကျန်းမာရေးကို အထောက်အကူဖြစ်စေတယ်ဆိုပေမယ့် (၈)နှစ်မှ(၅၂)နှစ်ထိ ချစ်ကြိုက်ပေါင်းသင်းခဲ့တဲ့ ချစ်သူ၊ ဇနီးမောင်နှံတွေကို လေ့လာဆန်းစစ်ကြည့်တော့ ထဲထဲဝင်ဝင်ဆန်းစစ်ထားတဲ့ အတွဲ(၁၂၂)တွဲက ယောက်ျားမိန်းမတို့ရဲ့အဖြေက "ချစ်ခင်ကြင်နာတဲ့ တဘက်သားက (ချစ်သူ၊ အိမ်ထောင်ဖက်) အကျင့်ဆိုးတွေကိုဖြစ်စေတဲ့ အဓိကအကြောင်းရင်းပဲဖြစ်တယ်" လို့ဆိုထားပါတယ်။


http://www.dailymail.co.uk/news/article-2028097/How-better-halves-leave-bad-habits.html

နိုင်းနိုင်းစနေ


Share/Bookmark

Tuesday, August 23, 2011

တကယ့်အရေးပါတဲ့အရာ !


စိတ်တိုတဲ့အခါ (၁ဝ)အထိရေပြီးမှ စကားစပြောပါ။ တကယ်လို့ အရမ်းဒေါသထွက်တဲ့အခါ (၁ဝဝ)အထိရေပါ။ ------- အမေရိကန်နိုင်ငံရေးပညာရှင် Thomas Jefferson

အသက်(၅)နှစ်အရွယ်သားလေးကို အရမ်းချစ်တဲ့ ဇနီးမောင်နှံနှစ်ဦးရှိတယ်။ သားလေးကလည်း လိမ္မာသိတတ်သူမို့ တစ်မိသားစုလုံး ပျော်ရွှင်ချမ်းမြေ့ကြတယ်။

တစ်နေ့မှာ သားက မိခင်ဆီပြေးလာပြီး ဝမ်းသာအားရနဲ့ "မေမေ... မေမေ.. ဒီနေ့က ဖေဖေ့မွေးနေ့နော်။ ဖေဖေအံ့သြဝမ်းသာသွားအောင် ဖေဖေအတွက် သားအလုပ်တစ်ခုလုပ်ထားတယ်" လို့ဆိုတယ်။

"ဖေဖေအတွက် သားဘာလုပ်ပေးထားသလဲ?"လို့ မိခင်ဖြစ်သူက တအံ့တသြမေးတော့ သားက ကျေနပ်အားရတဲ့အသံနဲ့ "ဖေဖေရဲ့ကွန်ပြူတာပေါ်မှာ ဖုန်တွေနဲ့ညစ်ပတ်နေလို့ သားယူပြီး ရေဆေးပေးထားလိုက်တယ်" လို့ ပြောတယ်။

"ဘာ! ကွန်ပြူတာကို ရေဆေးလိုက်တယ်" သားစကားကိုကြားတာနဲ့ မိခင်က ရေချိုးခန်းထဲ အမြန်ပြေးဝင်သွားတယ်။ တကယ်ပဲ ယောက်ျားဖြစ်သူရဲ့ အကြိုက်ဆုံးအဖိုးတန် လက်တော့ပ်ကွန်ပြူတာလေးက ဆပ်ပြာမြုပ်ကြားထဲမှာ စိမ်နေတာကိုတွေ့လိုက်တယ်။ ကွန်ပြူတာကို သူအမြန်ဆယ်လိုက်ပေးမယ့် အချိန်မမီခဲ့တော့ပါဘူး။ ကွန်ပြူတာလေး ပျက်စီးသွားခဲ့ပါပြီ။

မိခင်က စိတ်တိုပြီး သားလေးကို ဆူဆဲတော့တယ်။ ဘာမှန်းမသိတဲ့ သားလေးက ငိုငိုယိုယိုပါပဲ။

အမေရဲ့ အော်ငေါက်သံ၊ သားလေးရဲ့ငိုသံကြောင့် ဖခင်က အပြေးနဲ့လာကြည့်တယ်။ ရေတစက်စက်ကျနေတဲ့ ကွန်ပြူတာကိုမြင်တော့ သူတစ်ချက်မှင်သက်သွားပြီး မျက်နှာလည်းသုန်မှုန်သွားတော့တယ်။ ဖခင်ကိုကြည့်ပြီး ဖခင်စိတ်တိုတော့မယ်ဆိုတာကို သိတဲ့သားက ခေါင်းလေးကျုံ့ပြီး ကြောက်လန့်နေခဲ့တယ်။

ဒါပေမဲ့ ဖခင်က စက္ကန့်ပိုင်းလောက်တည်ငြိမ်သွားပြီး လေကိုတဝကြီးရှုလိုက်တယ်။ ပြီးတော့ ဇနီးရဲ့ပုခုံးကိုပုတ်ပြီး "ကွန်ပြူတာက ပျက်သွားပြီပဲ.. ထားလိုက်ပါတော့ သားကို ဆူမနေနဲ့တော့" လို့ဆိုတယ်။

"မဆူလို့ရမလား! ဒီကွန်ပြူတာက မောင် အနှစ်သက်ဆုံးပစ္စည်းလေ... " ဇနီးလေသံက မာနေတုန်းပဲ...

"ခင် မှားတယ်။ ဒီကွန်ပြူတာက မောင်ရဲ့"ဒုတိယ"နှစ်သက်တဲ့အရာပါ။ "ပထမ"နှစ်သက်တဲ့အရာက ခင်နဲ့သားလေးပါ။ ဒါကြောင့် ခင်ဒေါသထွက်တာကို မောင်မကြည့်ရက်သလို သားလေးငိုသံကိုလည်း မောင် မကြားရက်ပါဘူး" လို့ ယောက်ျားဖြစ်သူက မျက်ခွံကိုပုတ်ခပ်ရင်း ဆိုပါတယ်။


ပုံပြင်တစ်ပုဒ်ကလည်း ဒီလိုဆိုထားပါတယ်....

တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ကြတဲ့ သားအမိနှစ်ယောက်ဟာ နောက်ပိုင်းမှာ ခေါ်ခေါ်ပြောပြော မလုပ်ကြတော့ပါဘူး။

အကြောင်းက အစ်မ မင်္ဂလာဆောင်ချိန်နဲ့ ညီမ မင်္ဂလာဆောင်ချိန်ဟာ နှစ်လလောက်ပဲခြားတယ်။ အစ်မ မင်္ဂလာဆောင်တော့ အမေဖြစ်သူက မိဘစဉ်ဆက်ထားခဲ့တဲ့ အဖိုးတန်ကျောက်စိမ်းလက်ကောက်ကို လက်ဖွဲ့လိုက်တယ်။ ဒါကို ညီမကသိတော့ အစ်မကိုပဲပေးတယ်၊ ကိုယ်ကျတော့မရဘူး၊ အမေဖြစ်သူ မတရားဘူးဆိုပြီး အမေနဲ့ အကြီးအကျယ်ရန်ဖြစ်တဲ့အပြင် အစ်မကိုပါ ဆူဆဲတော့တယ်။ အဲဒီနောက် စိတ်ဆိုးပြီး တစ်အိမ်လုံးနဲ့ မဆက်သွယ်ခဲ့တော့ဘူး။

ရက်တွေ တစ်ရက်ပြီးတစ်ရက် ကုန်လွန်သွားခဲ့တယ်။ အမေနဲ့အစ်မကို သူစိတ်မဆိုးတော့ဘူး။ ဒါပေမဲ့ မျက်နှာကို သူအောက်မချနိုင်ခဲ့ဘူး။ သူတို့ကို ဘယ်လိုပြန်ခေါ်ရမယ်ဆိုတာကိုလည်း မသိခဲ့ဘူး။ နောက်ဆုံးမှာ မိသားစုနဲ့တွေ့ဆုံဖို့ သူအခွင့်အရေးတစ်ခု ရလိုက်ပါတယ်။ အမေရဲ့ အသုဘအခမ်းအနားမှာဖြစ်တယ်။

"လက်ကောက်လေးတစ်ခုနဲ့ အရင်းနှီးဆုံး၊ အချစ်ဆုံးမိသားစုကို ကျွန်မလက်လွတ်ဆုံးရှုံးခဲ့တယ်။ ကျွန်မ တုံးအလွန်းပါတယ်" လို့ နောင်တနဲ့ သူပြောခဲ့ပါတယ်။

လူတိုင်းက သူတို့ဘဝမှာ အရေးအပါဆုံးသူဟာ ဘယ်သူပါဆိုပြီး အလွယ်တကူပြောနိုင်ကြတယ်။ အဲဒီအရေးပါသူတွေက မိဘ၊ သားသမီး၊ ဘဝဖော်၊ ..... စတာတွေဖြစ်တယ်။ ဒါပေမဲ့ ထူးဆန်းတာက ကျွန်မတို့ဟာ "အရမ်းကြီး အရေးမပါတဲ့ကိစ္စ၊ အရာတွေ"နဲ့ "တကယ့်အရေးပါတဲ့လူတွေ"ကို မကြာခဏ ထိခိုက်နာကျင်စေခဲ့ပါတယ်။


မူရင်း -- http://share.youthwant.com.tw/sh?id=31023170&do=D

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Sunday, August 21, 2011

ကိုယ့်ကိုယ်ကို နှစ်သိမ့်တတ်သူ (၁၁ - ၁၅)


(၁၁) လူတိုင်းမှာ ကိုယ်ပိုင်ရှင်သန်နည်းတွေရှိတယ်

ကိုယ့်နာကျင်မှုကို ကိုယ်ပဲသိတယ်။ ကိုယ့်ဝမ်းနည်းကြေကွဲတာကို ကိုယ်ပဲသိတယ်။ ကိုယ့်ပျော်ရွှင်တာကို ကိုယ်ပဲခံစားသိနိုင်တယ်။ ကိုယ့်အကြည့်ထဲကငရဲပြည်ဟာ တခြားသူအကြည့်မှာ ကောင်းကင်ဘုံဖြစ်ရင်လည်းဖြစ်မယ်။ ကိုယ့်အကြည့်ထဲက ကောင်းကင်ဘုံဟာ တခြားသူအကြည့်မှာ ငရဲပြည်ဖြစ်ရင်လည်းဖြစ်မယ်။ ဘဝဆိုတာ ဒီလိုပဲ ရယ်ရွှင်စရာကောင်းခဲ့ပါတယ်။ လှပတဲ့နွေဦးကာလတွေက သူတပါးအတွက်ပဲလားလို့ သံသယ မဖြစ်လိုက်ပါနဲ့။ အဓိက,က ကိုယ့်စိတ်သဘောထားကို ကိုယ်ထိန်းညှိပြုပြင်၊ ဘယ်သူနဲ့မှ မပြိုင်မဆိုင်ဘဲ ပျော်ပျော်ရွှင်ရွှင်၊ ကောင်းကောင်းမွန်မွန် ရှင်သန်နေဖို့ပဲ လိုခဲ့ပါတယ်။


(၁၂) လိုချင်တပ်မက်မှုရဲ့ ကျေးကျွန်မလုပ်ဘူး

"ပိုးဖလံမျိုး မီးကိုတိုး"လို့ လူတွေက အမြဲဆိုကြတယ်။ "အစာကိုပဲမြင်ပြီး မျှားချိတ်ကိုမမြင်တဲ့ ငါး"လို့ လူတွေက အမြဲ ပျက်ရယ်ပြုတယ်။ "ကိုယ့်ကိုယ်ကို ထောင်ချောက်ဆင် နွံနစ်တဲ့လူ"လို့ လူတွေက အမြဲကဲ့ရဲ့စကားဆိုတယ်။ ဒါပေမဲ့ သေသေချာချာ စဉ်းစားကြည့်ရင် ကိုယ့်ဘေးမှာလည်း ဒီလို လိုချင်တပ်မက်မှုနွံ့ထဲ ရုန်းထွက်မရတဲ့အဖြစ်တွေ အများကြီးရှိတာကို တွေ့ရတယ်။ ဆင်ကို မြွေမျိုသလိုမျိုး လူတွေရဲ့စိတ်ဟာ ဘယ်တော့မှ ပြည့်ဝတယ်ဆိုတာ မရှိခဲ့ပါဘူး။ မကောင်းတဲ့ လိုချင်တပ်မက်မှုထဲမှာ မနိုးကြားနိုင်သူ၊ စိတ်ရဲ့အလိုကို အမြဲလိုက်တဲ့သူဟာ နောက်ဆုံးမှာ ကိုယ့်လွတ်လပ်မှုကိုတောင် လက်လွတ်ဆုံးရှုံးစေနိုင်ပါတယ်။


(၁၃) ပေါ့ပေါ့ပါးပါးရှင်သန်ပါ၊ ပျော်ပျော်ရွှင်ရွှင် ရှင်သန်ပါ

တခြားလူနဲ့ မပြိုင်မဆိုင်ရင် ကိုယ့်ကိုယ်ကို ပေါ့ပါးလန်းဆန်းစေပါတယ်။
ဘဝရည်မှန်းချက်ကို ခပ်မြင့်မြင့်မထားရင် ကိုယ့်ကိုယ်ကို ပျော်ရွှင်ချမ်းမြေ့စေပါတယ်။
ပြီးပြည့်စုံတာကို တမင်လိုက်မတောင့်တရင် နာကျင်ခြင်းကနေ ကိုယ့်ကိုယ်ဝေးစေပါတယ်။
ကိုယ့်ကိုယ်ကို အရမ်းမတောင်းဆိုရင် ရှင်သန်ရတာ လွတ်လပ်ပါတယ်။
အပြစ်အနာအဆာတွေကို လိုက်ရှာမနေရင် ကိုယ့်ကိုယ်ကို ပေါ့ပါးလွယ်ကူစေပါတယ်။


(၁၄) ကိုယ့်ကိုယ်ကို နှစ်သက်တတ်မှ ဘဝကိုပွေ့ဖက်တတ်မယ်

မမြင်မကန်းနဲ့ ကိုယ့်ကိုယ်ကိုအထင်ကြီးတာက အသိမဲ့ဝင့်ကြွားသူရဲ့ လူ့ဘဝဖြစ်တယ်။
စမ်းတဝါးဝါးနဲ့ ကိုယ့်ကိုယ်ကိုလက်လွတ်ဆုံးရှုံးတာက အဆိုးမြင်သူရဲ့ လူ့ဘဝဖြစ်တယ်။
ကိုယ့်ကိုယ်ကို နားလည်နိုင်ဖို့က တခြားသူကိုနားလည်နိုင်ဖို့ထက် ပိုခက်တယ်။
ကိုယ့်ကိုယ်ကို နှစ်သက်နိုင်ဖို့က တခြားသူကို နှစ်သက်နိုင်ဖို့ထက် ပိုခက်တယ်။
ကိုယ့်ကိုယ်ကိုလေးစားတဲ့ ကျန်းမာစိတ်ရှိမှ တွေ့ကြုံလာသမျှ အခက်အခဲတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်မယ်၊ မာယာများတဲ့ လောကဓံကြားမှာ ကိုယ့်ကိုယ်ကို မပျောက်ဆုံးစေဘူး၊ တစ်ခေါက်တစ်ခါကြုံရတဲ့ အခက်အခဲနဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးမဖြတ်ဘူး၊ အမြဲတမ်း အကောင်းမြင်စိတ်၊ တည်ငြိမ်စိတ်နဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးဖြတ်မယ်၊ ပျော်ရွှင်စိတ်၊ ခိုင်မာတဲ့စိတ်နဲ့ ကိုယ့်ကိုယ်ကို အသိအမှတ်ပြုနိုင်မှာဖြစ်တယ်။


(၁၅) ရိုးသားကြင်နာတဲ့အကြည့်နဲ့ လောကကြီးကိုကြည့်ပါ

ရေကြည်လွန်းရင် ငါးမရှိ၊ လူစေ့စပ်လွန်းရင် မိတ်ဆွေမရှိဆိုသလို ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ် တပါးသူရဲ့အားနည်းချက်ကို သည်းမခံနိုင်ရင် လူလူချင်းရန်သူတွေဖြစ်ကုန်လိမ့်မယ်။ ချစ်ချစ်ခင်ခင်နဲ့ ပေါင်းသင်းဆက်ဆံနိုင်ကြမှာ မဟုတ်တော့ဘူး။

အပြစ်ရှိတဲ့အကြည့်နဲ့ လောကကြီးကိုကြည့်ရင် နေရာတိုင်းမှာ အပြစ်အနာအဆာတွေကိုပဲ မြင်တယ်။ ရိုးသားကြင်နာတဲ့အကြည့်နဲ့ လောကကြီးကိုကြည့်ရင် နေရာတိုင်းမှာ ချစ်ခင်စရာ၊ ကြည်နူးစရာတွေကိုပဲ မြင်တယ်။ ကြင်နာတဲ့အကြည့်နဲ့ကြည့်လေ လောကကြီးက ချစ်စရာကောင်းလေ၊ နှစ်သက်လေဖြစ်တယ်။

ကိုယ့်ကိုယ်ကို နှစ်သိမ့်တတ်သူ (၁-၅)
ကိုယ့်ကိုယ်ကို နှစ်သိမ့်တတ်သူ (၆-၁ဝ)

အချက်(၂၅)ရှိတယ်.. ဆက်ရေးပါဦးမယ်

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Saturday, August 20, 2011

စိတ်ကောက်လို့ရေးတဲ့စာ


ချစ်ရတဲ့မိန်းမရေ....

မိဘအိမ်မှာ နေရတာကောင်းလား? ငါ့ကိုစိတ်ကောက်ပြီး နင်မိဘအိမ်ပြန်သွားတာ အခုဆိုရင် (၃၈)နာရီရဲ့ (၃၇)မိနစ်ရှိသွားပြီ။ ဒါဟာ အိမ်ကိုခွာတဲ့နင့်သမိုင်းမှာ အမြင့်ဆုံးမှတ်တမ်းဖြစ်ဖို့ အချိန်(၄)နာရီနဲ့(၂၁)မိနစ်ပဲ လိုတော့တယ်။ အိမ်တိုင်ရာရောက် ငါလာတောင်းပန်ဖို့ကို နင်စောင့်နေခဲ့မှာပဲ။ ငါလည်း အဲဒီလိုလုပ်ဖို့ စဉ်းစားခဲ့ပါသေးတယ်။ ဒါပေမယ့် နင်တောင့်ခံပါဦး... ဒါဟာ နင့်သမိုင်းမှာ အိမ်ကနေထွက်သွားတဲ့ အမြင့်ဆုံးမှတ်တမ်းဖြစ်ဖို့ နင်တောင့်ခံလိုက်ပါဦး...

အိမ်မှာ ငါအရာရာ အဆင်ပြေပါတယ်။ နင် စိတ်မပူပါနဲ့။ ငွေစုစာအုပ်ကို နင်ယူသွားလည်း ငါ့မှာ ခရစ်တစ်ကတ်တော့ ကျန်ခဲ့ပါတယ်။ ဒါကြောင့် နင်စိတ်မပူပါနဲ့။ ခရစ်တစ်ကတ်က သုံးရတာ အဆင်ပြေတယ်။ ငါ အင်္ကျီငါးထည် ဝယ်ပြီးပြီ၊ အဝတ်ခံဘောင်းဘီ(၇)ထည်နဲ့ ခြေအိတ်တစ်ဒါဇင်လည်း ဝယ်ထားပြီးပြီ။ တစ်နေ့တစ်စုံနှုန်းနဲ့ နင်ပြန်လာတဲ့အထိ ငါလှဲဝတ်လို့ရတယ်။ ဝယ်ထားတဲ့အဝတ်တွေက ဈေးနည်းနည်းကြီးတယ်ဆိုပေမယ့် နာမည်ရှိတဲ့တံဆိပ်တွေပါပဲ။

ငါ့ရဲ့ရိက္ခာအတွက်လည်း နင်စိတ်မပူပါနဲ့။ အသစ်ဖွင့်တဲ့ဆိုင်သစ်(၇)ဆိုင်မှာ ငါသွားစားခဲ့ပြီးပြီ။ ငါတစ်ယောက်တည်း အထီးကျန်မှာစိုးလို့ဆိုတဲ့ ငါ့သူငယ်ချင်းသုံးယောက်နဲ့ပေါ့။ သူတို့က ငါ့ကိုနေ့တိုင်း အဖော်ပြုတယ်။ သူတို့ကလည်း စားကောင်းသောက်ကောင်းတွေပဲ မှာစားနေတော့တာပဲ။ ငါ မတတ်နိုင်ဘူး။ ငါဟာ မျက်နှာသာရချင်သူဆိုတာ နင်လဲသိတယ်လေ။

ခုတလောငါ့ကို စိတ်ရှုပ်စေတာက မျက်နှာချင်းဆိုင်အိမ်က အသစ်ပြောင်းလာတဲ့ ကောင်မလေးပဲ။ သူက နေ့တိုင်းလိုလို အိမ်ရောက်လာပြီး ကြက်သွန်ချေးပါ။ ငံပြာရည်ချေးပါ လုပ်နေတယ်။ ဒါကိုလည်း နင်စိတ်ချပါ... ငါ ဘာအမှားမှ ကျူးလွန်ဖို့ မစဉ်းစားခဲ့ပါဘူး။ ဒါကိုတော့ နင်ငါ့ကို စိတ်ချယုံကြည်ပါ။

အိမ်မှာစိုက်ထားတဲ့ ပန်းတွေကိုလည်း သဲကန္တာရဥတုလေး ခံစားတတ်အောင် ငါရေမလောင်းဘူးလို့ ဆုံးဖြတ်ထားတယ်။ ဒါဟာ အပင်တွေရဲ့ဆင့်ကဲဖြစ်စဉ်ကို အကျိုးဖြစ်စေတာပဲ မဟုတ်လား။ အော်... မေ့လို့ ... အိမ်က ကြောင်မလေးရော! နင်နဲ့အတူ လိုက်သွားတာလား? အိမ်မှာသူ့ကို မတွေ့တာ ၂ ရက်လောက်ရှိနေပြီ။

ဟို ချစ်စရာကောင်းတဲ့ ယောက်ဖနှစ်ယောက် ငါ့ကို လာရန်ရှာမှာကိုလဲ နင်မစိုးရိမ်ပါနဲ့။ မနေ့က သူတို့ကိုဖိတ်ပြီး နင်နဲ့ငါ့ကြားကအကြောင်းတချို့ ပြောပြပြီး ငါပေါက်ကွဲခဲ့ပြီးပြီ။ ငါပြောတာတွေကို နားထောင်ပြီး သူတို့က ငိုငိုယိုယိုနဲ့ "အစ်ကိုရယ်... နင် ပင်ပန်းလွန်းပါတယ်" လို့ ငါ့လက်ကိုဆွဲပြီး ပြောသွားခဲ့တယ်။

နင့်ကို ငါလာခေါ်ပြီး ငါတောင်းပန်မှာပါ.. ဒါပေမယ့် မိဘအိမ်မှာပဲ အေးအေးဆေးဆေး နင်နေလိုက်ပါဦး.. သူတို့လည်း နင့်ကိုလွမ်းနေလောက်ရော့ပေါ့။

စာကြွင်း.... မနက်ဖြန် နင်မပြန်လာဘူးဆိုရင် ဆွေဆွေက ငါ့ကိုပီဇာကျွေးဖို့ ချိန်းထားတာ ငါသွားလိုက်မယ်။ အားနေတော့လည်း အားနေတာပဲလေ.. လူများချိန်းတာကို ခဏခဏငြင်းရတာလည်း မကောင်းပါဘူး။ သူကလည်း ငါ့လုပ်ဖော်ကိုင်ဖက်ပဲလေ....

နင်ချစ်တဲ့ နင့်ရဲ့ယောက်ျား


ချစ်ရတဲ့ ယောက်ျားရေ....

နင့်ရဲ့စာအတွက် ကျေးဇူးတင်ပါတယ်။ မိဘအိမ်မှာ ငါအရာရာ အဆင်ပြေပါတယ်။ နင်စိတ်မပူပါနဲ့။ ငွေစုစာအုပ်ထဲကငွေတွေ ငါ့အကောင့်ထဲ ပြောင်းထည့်လိုက်ပြီဆိုတာ နင့်ကိုပြောဖို့ ငါမေ့သွားတယ်။ အစကတော့ နင့်အသုံးစရိတ်အတွက် ငါစိတ်ပူနေတာပါ.. ဒါပေမဲ့ ငွေတွေကို နင်သုံးနေရတယ်ဆိုတော့လဲ ငါ စိတ်မပူတော့ပါဘူး။

နင့်ကို ကောင်းသတင်းလေးတစ်ခု ပေးချင်သေးတယ်။ အိမ်က ကြောင်အိမ်အောက်ဆုံးထပ်မှာ
ခေါက်ဆွဲခြောက်ထုပ်လေး နှစ်ထုပ်ရှိတယ်။ အခုအချိန်မှာ စားကောင်းသောက်ကောင်းတွေ နင်စားနေတယ်ဆိုပေမယ့် ငါစိတ်ပူသေးတယ်။ နင်ခရစ်တစ်ကတ်လေး သုံးမရတော့ဘူးလို့ပြောတဲ့အခါ၊ နင်နဲ့အတူစားခဲ့တဲ့သူငယ်ချင်းတွေ အလုပ်များလို့ဆိုပြီး နင့်ကိုလာမတွေ့နိုင်တော့တဲ့အခါ အဲဒီခေါက်ဆွဲထုပ်တွေကို နင်လိုလိမ့်မယ်။

မျက်နှာချင်းဆိုင်အိမ်က ကောင်မလေးကိုလည်း ငါက နှုတ်ဆက်တယ်ဆိုတဲ့အကြောင်း ပြောလိုက်ဦး။ လကုန်လို့ အိမ်ချေးငွေ မပေးနိုင်တဲ့အခါ နင့်သူငယ်ချင်းအသစ်ကို နှုတ်မဆက်ရက်လည်း နင်နှုတ်ဆက်ရလိမ့်မယ်။

အော်.. အိမ်ကပန်းတွေကို ရေလုံးဝ မလောင်းနဲ့နော်.. ငါစိုက်ထားတာက ရှားစောင်းပင်တွေ။ ကြောင်ကလေးက ငါနဲ့အတူရှိနေတယ်။ အိမ်က ကြွက်သတ်ဆေးတွေလည်း သုံးလို့ကုန်သွားပြီ။ ချစ်စရာကောင်းတဲ့ ငါမောင်နှစ်ယောက်က နင်နဲ့ကွာပြီး အသုံးကျတဲ့ယောက်ျားတစ်ယောက်ကို ရှာယူဖို့ အမြဲပြောနေကြလို့ နင့်ကိုလာရန်ရှာလိမ့်မှာတော့ မဟုတ်ဘူး။ မိဘအိမ်ပြန်နေရတဲ့ ခံစားချက်က အရမ်းကောင်းမှန်း ငါအခုမှသိတယ်။ အရင်လို နေ့တိုင်းထမင်းဟင်းချက်၊ အဝတ်လျှော်တဲ့ ပင်ပန်းဒဏ်ကိုလည်း ငါခံစရာမလိုတော့ဘူး။ လွတ်လွတ်လပ်လပ်နဲ့ ရှော့ပင်းထွက်နေရုံပဲ... ဘယ်လောက်ပျော်စရာ ကောင်းလိမ့်သလဲ!

မနက်ဖြန် ဆွေဆွေနဲ့သွားလည်တာ ပျော်ခဲ့ပါစေလို့ ငါဆုတောင်းလိုက်တယ်။ ဆွေဆွေရည်းစားက အားကစားကျောင်းက လက်ဝှေ့နည်းပြဆိုလား ငါကြားထားတယ်။ ဟုတ်မဟုတ်တော့ မသိဘူးပေါ့လေ.. ငါ မဟုတ်မမှန် မပြောတတ်တာ နင်လဲသိပါတယ်... ဒါပါပဲ...


မူရင်း-- http://www.duwenzhang.com/wenzhang/gaoxiaowenzhang/20110323/175988.html

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Friday, August 19, 2011

ပြည်ပရောက် ကျောင်းသားတစ်ဦး၏ ကိုယ်တွေ့ဖြစ်ရပ်ဆိုး


မနိုင်းရေ...

ကျနော်က ပြည်ပမှာ ပညာသင်နေတဲ့ ကျောင်းသားတစ်ယောက်ပါ။ ကျနော်ရဲ့မိုက်မဲခဲ့မှု (ကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်ဆိုး)ကို တခြားပြည်ပရောက် မြန်မာကျောင်းသားတွေကို မကြုံတွေ့စေလိုတဲ့အတွက် မနိုင်းကတဆင့် မျှဝေပေးစေချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မနိုင်းရဲ့စာဖတ်ပရိတ်သတ်တွေမှာ ပြည်ပရောက် ကျောင်းသားကျောင်းသူတွေ အများအပြားရှိလို့ပါပဲ။ ကျနော့်အမည်ရင်းနဲ့ အဖြစ်အပျက်နေရာကို မဖော်ပြထားတာ နားလည်ပေးစေချင်ပါတယ်။ ဤစာကိုကျေးဇူးပြုပြီး ပြည်ပရောက် ကျောင်းသားတစ်ဦးရဲ့ ဖွင့်ဟချက်အနေနဲ့ မျှဝေပေးဖို့ ကျနော်အကူအညီတောင်းလိုက်ပါတယ်။ ကျေးဇူးတင်ပါတယ်။

--------

ဂျူလိုင်လလယ်မှ စက်တင်ဘာလကုန်ထိကာလသည် အလွန်သာယာသော အခါသာမယဖြစ်သည်။ တစ်နှစ်ပတ်လုံးအတွက် အသာယာဆုံးရာသီဥတုရှိပြီး နွေရာသီကျောင်းပိတ်ရက်လည်း ဖြစ်သည်။ ထိုနွေကာလ တစ်နေ့သောအခါဝယ် ကျွန်တော်သည် မြို့ပြကြီးတစ်ခုသို့ ခြေဦးလှည့်မိသည်။ ကျောင်းပိတ်ရက် အိမ်တွင်းမအောင်းချင်သဖြင့် မရောက်ဘူးသေးသော ကမ္ဘာလှည့်ခရီးသည်များ စိတ်ဝင်စားသည့်နေရာများသို့ မြေပုံအတိုင်းလျှောက်သွားကြည့်၏။

နေသာသောနေ့တစ်နေ့၏ မွန်းလွဲချိန်ဖြစ်ပြီး အပူချိန်မျှတသည်။ ခြေဦးတည့်ရာ လျှောက်ကြည့်နေရင်းနှင့် ထိုမြို့၏နာမည်ကြီး မီးနီရပ်ကွက် (တနည်းဆိုသော် ပြည့်တန်ဆာတန်း) သို့ရောက်သွား၏။ တစ်နေရာအရောက်တွင် ဆိုင်တစ်ခု၏အပြင်ဘက်မှာ ထိုင်နေသော အသက် (၅ဝ)ကျော် (၆ဝ)ခန့်ရှိ လူတစ်ယောက်က ကျွန်တော်ကိုမေးသည်။

”မင်းဒီကိုအလည်လာတာလား!”

”ကျွန်တော်ကျောင်းသားပါ”


”ဒီနေရာက နေ့ကလပ်။ နေ့ခင်းဘက် ကျောင်းသားလူငယ်တွေ ဒီမှာအပျင်းပြေ ကိုကာကိုလာ ဒါမှမဟုတ် ဘီယာသောက်ရင်း အမျိုးသမီးတွေ ကပြဖျော်ဖြေတာ ကြည့်လို့ရတယ်။ (၇)ဒေါ်လာပဲ ကျမယ်။ မင်းစိတ်ဝင်စားလား?”


ကျွန်တော် ဘာမှပြန်မပြောခင်မှာဘဲ ….

”လာ… ငါနဲ့လိုက်ကြည့်ပါ”


ကျွန်တော်လည်း တစ်ခါမှရောက်ဘူးသေးသောနေရာ… ပြီးတော့ (၇)ဒေါ်လာသာကျမည် ဆိုသောကြောင့် လိုက်သွားကြည့်မိသည်။ အထဲသို့ရောက်သောအခါ နေရာတစ်ခုပေးပြီး ဘာသောက်မလဲဟုမေးသည်။ ကျွန်တော်လည်း ကိုကာကိုလာတစ်ပုလင်းမှာပြီး စင်ပေါ်တွင်ကပြနေသော အမျိုးသမီးကိုကြည့်နေမိသည်။ လျှပ်ပေါ်လော်လီဝတ်စုံဖြင့် ကပြဖျော်ဖြေနေခြင်းဖြစ်သည်။

တခဏအကြာတွင် ဤဆိုင်၌အလုပ်လုပ်သော အမျိုးသမီးတစ်ဦးက မှာထားသောကိုကာကိုလာကို လာပေးရင်း ကျွန်တော့်အနားတွင်ဝင်ထိုင်ကာ စကားစမြည်ပြောလေသည်။ မိတ်ဆက်၍ အလာပ သလာပပြောရင်းမှာပင် သူက...

”ကျွန်မ ရှင့်ကိုကပြပါ့မယ်။ ကျွန်မကို တစ်ခုခုဝယ်တိုက်ပါလား”


”ရပါတယ်”


ထိုအခါ သူသည် ယမကာဖျော်ရည်တစ်ခုကို မှာသောက်သည်။
ခဏအကြာတွင်စင်ပေါ်မှ အမျိုးသမီးကဆင်းလာပြီး..

”ကျွန်မလည်း ရှင့်ကိုကပြပါ့မယ်။ ကျွန်မကိုလည်း တစ်ခုခုဝယ်တိုက်ပါ”

ထို့နောက် စကားစမြည်ပြောရင်းနှင့်ပင် ကျွန်တော့်အနားတွင် ကနေကြသည်။ တခဏအကြာတွင်မှ ပထမအမျိုးသမီးက


”ရှင်ငွေအရင်ရှင်းလိုက်ပါ။ ပြီးရင် ကျွန်မဆက်ကပြပါ့မယ်”


ထို့ကြောင့် ကောင်တာသို့သွားပြီး ဘောက်ချာတောင်းသောအခါ…


မြတ်စွာဘုရား…


ဒေါ်လာ(၉ဝဝ)ကျပါသတဲ့….


ဖြစ်ပုံမှာ ကိုကာကိုလာနှင့် ဘီယာမှတပါး ကျန်သောသောက်စရာတို့မှာ အနည်းဆုံးဒေါ်လာ(၃ဝဝ)ရှိသည်။ မည်သို့မှမတတ်နိုင်။ ကျောင်းသားတစ်ဦးအတွက် ထိုငွေပမာဏမှာ ကြောက်မက်ဖွယ်ရာပင်။
ကျွန်တော်၏အကြီးမာဆုံးသောအမှားမှာ ကိုကာကိုလာနှင့်ဘီယာသည် (၇)ဒေါ်လာသာကျသဖြင့် ကျန်အဖျော်ယမကာများသည် (၁ဝ)ဒေါ်လာ (၁၅)ဒေါ်လာထက်မပိုနိုင်ဟု လက်လွတ်စပယ် ယူဆလိုက်ခြင်းပင် ဖြစ်သည်။ ထိုအခါ ပထမအမျိုးသမီးက

”ရှင်ကကျောင်းသားဖြစ်လို့ ငွေအရင်ရှင်းခိုင်းလိုက်တာ။ ကျွန်မတို့ထပ်မှာရင် ဒေါ်လာ (၃ဝဝဝ)လောက်အထိတော့ အသာလေးကျသွားနိုင်တယ်။ ရှင့်ရဲ့အမှားကတော့ မမေးတာပဲ။ ဘယ်တော့မဆို တစ်ခုခုဆိုရင် ဈေးကိုအရင်မေးပါ။ အခုတော့ရှင်းလိုက်ပါ။ ကျွန်မလည်းမတတ်နိုင်ဘူး”

ဘာလုပ်ရမှန်းမသိဘဲ ထွက်ပြေးဖို့ စဉ်းစားကြည့်တော့…


”ငါက လက်ရှိပညာရှာဆဲ ကျောင်းသားတစ်ယောက်။ ထွက်ပြေးလို့မိသွားပြီး ရဲလက်ကိုအပ်လိုက်လျှင် ပညာရေးသာမက အနာဂတ်ပါထိခိုက်လိမ့်မယ်။ ဘယ်တတ်နိုင်မလဲ။ တောင်းပန်ကြည့်တာပေါ့”


”ကျောင်းသားတစ်ယောက်အတွက် ဒေါ်လာ(၉ဝဝ)က အင်မတန်မှခက်ခဲပါတယ်။ ကျေးဇူးပြုပြီး ကျွန်တော့်ကို တတ်နိုင်သလောက် လျော့ပေးပါ။ ကျွန်တော်အနူးအညွတ် တောင်းပန်ပါတယ်”


အချိန်အတော်ကြာ တောင်းပန်ပြောဆိုပြီး နောက်ဆုံးတွင်ဒေါ်လာ (၅၅၀)ရှင်းခဲ့လိုက်ရသည်။

အိမ်ပြန်ရောက်၍ အင်တာနက်တွင် နှိုက်နှိုက်ချွတ်ချွတ် မွေနှောက်ရှာဖွေကြည့်သောအခါမှ ထိုကဲ့သို့ဖြစ်ရပ်များသည် ဥရောပတွင်အဖြစ်များပြီး ကမ္ဘာတဝှမ်းတွင် ဖြစ်ပေါ်လေ့ရှိသော လိမ်လည်မှုဖြစ်သည်။ သို့သော် ထိုလိမ်လည်မှုသည် တရားဝင်သည်။ ထိုဆိုင်၏ဈေးနှုန်းကိုမကြည့်ဘဲ ဝယ်ရန်သဘောတူမိသည့်အတွက် ရဲအရာရှိများလည်း မဖြေရှင်းပေးနိုင်ပေ။ အင်တာနက်ပေါ်တွင် ရှာကြည့်သောအခါတွင်မှ ဒေါ်လာထောင်သောင်းချီပြီး ရှင်းခဲ့ရသူများရှိသည်။


ထိုအကြောင်းခြင်းရာများကို စဉ်းစားရင်း
...
”အကယ်၍ ငါသာဒေါ်လာထောင်သောင်းနှင့်ချီပြီး ရှင်းရမည်ဆိုလျှင်…” ဆိုသည့်အတွေးက ယခုထိခြောက်လှန့်နေဆဲဖြစ်သည်။

ထိုကြောင့် ပြည်ပတွင်ပညာသင်ကြားနေသူ ကျောင်းသားလူငယ်များကို ဤအဖြစ်အပျက်နှင့် မကြုံတွေ့စေလိုပေ။

”လူလိမ္မာတို့မည်သည် တပါးသူအမှားမှ သင်ခန်းစာယူသည်။ လူမိုက်တို့မည်သည် ကိုယ်တိုင်မှားမှ သင်ခန်းစာရသည်။ ပို၍မိုက်မဲသောသူတို့ကား ကိုယ်တိုင်မှားပါလျက်နှင့် သင်ခန်းစာ မယူတတ်ကြကုန်”


ထို့ကြောင့် ကျွန်တော်လူမိုက်သည် ပို၍မိုက်မဲသောသူ မဖြစ်အောင်ကြိုးစားရင်း လူလိမ္မာ ကျောင်းသားလူငယ်တို့ ဆင်ခြင်တွေးတော သင်ခန်းစာယူနိုင်ရန် မျှဝေလိုက်ရပါသည်။



ပြည်ပရောက် ကျောင်းသားတစ်ဦး



Share/Bookmark

Tuesday, August 16, 2011

ခေတ္တရပ်နားခလုတ်



ဒေါသနဲ့ တုန့်ပြန်မှုကြားမှာ နေရာလပ်လေးတစ်ခုရှိတယ်။ ဒေါသကိုဘယ်လိုတုန့်ပြန်မလဲဆိုတဲ့
ကျွန်တော်တို့ရဲ့လွတ်လပ်မှု၊ ကျွန်တော်တို့ရဲ့အင်အားတွေ အဲဒီနေရာလပ်ထဲမှာပဲ ကျွန်တော်တို့ ရွေးချယ်နိုင်ခွင့်ရှိတယ်။ ကျွန်တော်တို့ရဲ့တုန့်ပြန်မှုထဲမှာ ကြီးပြင်းရင့်ကျင်ခြင်းနဲ့ လွတ်လပ်ခြင်းကို ဖုံးကွယ်ထားတယ်။

မနေ့ညက ကျွန်တော်အလုပ်အချိန်ပိုဆင်းနေတယ်။ သူဌေးပါးစပ်နဲ့ မိန့်ကြားခဲ့တဲ့စကားတွေကို အလုပ်စီမံကိန်းအဖြစ် ကျွန်တော်စာစီနေခဲ့တယ်။ သူ့ဆိုလိုရင်းကိုရအောင် ကျွန်တော်စိတ်မရှည်စွာနဲ့ ရေးနေခဲ့တယ်။ အဲဒီအချိန်မှာ အိမ်သူသက်ထားက ကျွန်တော့်ဆီဖုန်းဆက်တယ်။

"ရှင် ဘာလုပ်နေတာလဲ?" သည်းခံစိတ်မရှိ သူမေးတယ်။ "ဒီည အိမ်မှာ ဧည့်သည်ရှိတယ်ဆိုတာ ရှင်မသိဘူးလား? ရှင်အခုဘယ်ရောက်နေလဲ?" စိတ်တိုတိုနဲ့ သူအော်တယ်။

သူ့အမေးကိုကြားတော့ ကျွန်တော်ခပ်မာမာပြန်ပြောတယ်။

"ဧည့်သည်က နင်ဖိတ်ထားတာပဲ။ ငါ့အပေါ် လာမပုံချနဲ့.. ငါ အချိန်ပိုလုပ်ရဦးမယ်။ နင့်ဘာသာ နင့်ဧည့်သည်ကို ဧည့်ခံဖို့ စဉ်းစား။ အလုပ်ပြီးရင် ငါအလိုလိုအိမ်ပြန်လာလိမ့်မယ်"

ဖုန်းချပြီး အလုပ်ခုံပေါ်ကျွန်တော်ထိုင်ချလိုက်တယ်။ အိမ်သူသက်ထားကို ကျွန်တော်တုန့်ပြန်လိုက်တဲ့ တုန့်ပြန်မှုက လုံးဝ အပျက်သဘောဆောင်နေတယ်ဆိုတာကို ရုတ်တရက် ကျွန်တော်အသိရလိုက်တယ်။ ပြန်ပြောတဲ့စကားတွေကလည်း အေးစက်မာကျောနေတယ်။ သူမေးတဲ့မေးခွန်းက အကျိုးအကြောင်းသင့်ပါတယ်။ ကသိကအောက်အနေအထားမှာ သူရှိနေမယ်ဆိုတာကိုလည်း ကျွန်တော်သိတယ်။ ဧည့်သည်လည်း ကျွန်တော်ရှိနေဖို့ကို မျှော်လင့်မှာပဲ။ ဒါကို နားလည်မှုမပေးခဲ့တဲ့အပြင် သူ့ကို ခပ်ရိုင်းရိုင်း ကျွန်တော်ပြန်တုန့်ပြန်ခဲ့မိတယ်။ ဒီလိုတုန့်ပြန်မှုက ပြဿနာကို ပိုကြီးထွားအောင် လုပ်လိုက်သလိုပါပဲ...

ကျွန်တော့်ကိုယ်ကျွန်တော် ပြန်သုံးသပ်ကြည့်တယ်။ ကျွန်တော့်အမှားကို ကျွန်တော်တွေ့လိုက်တယ်။ ကျွန်တော့်စိတ်ထဲမှာ အိမ်သူသက်ထားကို ဒီလိုမတုန့်ပြန်ချင်ခဲ့ပါဘူး။ ကျွန်တော်တို့ရဲ့ကြားမှာ မပျော်ရွှင်တဲ့ခံစားမှုမျိုး မရှိစေချင်ခဲ့ပါဘူး။

တကယ်လို့ တခြားတုန့်ပြန်နည်းနဲ့ ကျွန်တော်တုန့်ပြန်ခဲ့မယ်၊
တကယ်လို့ ကျွန်တော်သည်းခံစိတ်ပိုရှိခဲ့မယ်၊ ပိုနားလည် သဘောပေါက်ခဲ့မယ်၊
တကယ်လို့ ကျွန်တော်ရဲ့စတင်မှတ်က သူ့ကိုချစ်ဖို့ စောင့်ရှောက်ဖို့၊ အဲဒီလိုအခြေအနေမျိုးမှာ သူ့အပေါ်ဒေါသထွက်ဖို့ မဟုတ်ခဲ့ရင် နောက်ဆုံးရလဒ်က ထူးခြားသွားပါလိမ့်မယ်။

ဒီအချက်ကို ကျွန်တော်မစဉ်းစားမိခဲ့ဘူး။ ကျွန်တော့်ရဲ့တုန့်ပြန်မှုက အဲဒီအချိန်မှာခံစားနေရတဲ့ ခံစားချက်ပေါ်မူတည်ခဲ့တယ်။ အဲဒီအချိန်ရဲ့ခံစားနေရတဲ့ ခံစားချက်ထဲ ကျွန်တော်နစ်မွန်းခဲ့တယ်။ အဲဒီခံစားချက်တွေက ပြင်းထန်လွန်းလို့ ကျွန်တော့်အတွင်းစိတ်ထဲက တကယ့်လုပ်ချင်တဲ့အရာကို ကျွန်တော်မမြင်ခဲ့မိဘူး။

ကံကောင်းစွာနဲ့ အလုပ်ကမြန်မြန်ဆန်ဆန် ပြီးသွားခဲ့တယ်။ အိမ်အပြန်လမ်းမှာ အိမ်သူသက်ထားနဲ့ သူ့ဧည့်သည်ကို ကျွန်တော်တွေးနေမိတယ်။ အိမ်ရောက်တော့ ဧည့်သည်တွေက ပြန်သွားခဲ့ပါပြီ။ သက်ထားလေးနောက် တကောက်ကောက်လိုက်ပြီး ကျွန်တော်အကြိမ်ကြိမ်တောင်းပန်မိတယ်။ တိုနေတဲ့သူ့စိတ်တွေ တခဏချင်း ပြေလျော့သွားပါတယ်။ ကျွန်တော့်စိတ်ထဲမှာလည်း ဘာအဖုအထုံးမှ ရှိမနေခဲ့တော့ပါဘူး။

ကျွန်တော်တို့က တိုက်ရိုက်တုန့်ပြန်မှုကို အလွယ်တကူ ထုတ်ပြတတ်သူတွေပါ။ ခင်ဗျားတို့ရော ဒီလိုပဲလား..?

တစ်ခါတလေမှာ ခံစားနေရတဲ့ ခံစားချက်ထဲ သင်ချက်ချင်းခုန်မထွက်နိုင်တဲ့အခါ မပြောသင့်တဲ့စကား၊ မလုပ်သင့်တဲ့အရာကို သင်ပြောမိ၊ လုပ်မိတတ်တယ်။
"အဲဒီတုန်းက ခဏရပ်ပြီး ငါစဉ်းစားခဲ့ရင်၊ တွေးခဲ့ရင် ဒီလိုတုန့်ပြန်မှုမျိုးကို ငါတုန့်ပြန်မိမှာမဟုတ်ဘူး" လို့ သင်တွေးမိတတ်တယ်။

တကယ်လို့ လူတွေဟာ တကယ့်အတွင်းစိတ်ထဲကလေးနက်မှုနဲ့ တုန့်ပြန်ခဲ့ပြီး လျှပ်တစ်ပြက်ခံစားနေရတဲ့ ခံစားချက် ဒါမှမဟုတ် အခြေအနေနဲ့ မတုန့်ပြန်ခဲ့ဘူးဆိုရင် မိသားစုဘဝကို ပိုပျော်ရွှင်ချမ်းမြေ့စေပါတယ်။ ဖြစ်ပျက်ချိန်နဲ့ တုန့်ပြန်မှုကြားမှာရပ်နားဖို့ "ခေတ္တရပ်နားတဲ့ခလုတ်"တစ်ခုကို ကျွန်တော်တို့လိုအပ်ပါတယ်။ ခေတ္တရပ်နားပြီး ဘယ်လိုတုန့်ပြန်မယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့တုန့်ပြန်နည်းကို ကျွန်တော်တို့ရွေးချယ်နိုင်ပါတယ်။

ကျွန်တော်တို့မှာ "ခေတ္တရပ်နား"နိုင်တဲ့အင်္ဂါရပ်ရှိရင် မိသားစုတွေကိုလည်း "ခေတ္တရပ်နား"ဖို့ သင်ပေးနိုင်ပါလိမ့်တယ်။


မူရင်းဝက်ဆိုက်ဒ် --- http://www.duwenzhang.com/

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

တွေးတွေးပြီး ရယ်


(၁)
စားသောက်ဆိုင်တစ်ဆိုင်မှာ လင်မယားနှစ်ယောက် မင်္ဂလာနှစ်ပတ်လည်နေ့ ကျင်းပနေတယ်။ ရိုမန်တစ်ဆန်တဲ့ဝန်းကျင်မှာ
မယားက ချိုချိုသာသာလေးနဲ့ ယောက်ျားကိုပြောပါတယ်။

"ယောက်ျားရေ... နောင်ဘဝကျရင် ငါ့ကိုနင်ယူဦးမလားဟင်း...!"

ဒါကို ယောက်ျားက အားတက်သရော ပြန်ဖြေပါတယ်။

"မိန်းမရေ.. ဒီဘဝမှာ နင်နဲ့ဆုံရတာ ငါ့အတွက် ပျော်ရွှင်ခြင်းတစ်မျိုးပါ။ ဒါပေမဲ့ တစ်ကြိမ်ပဲ ပျော်ပါရစေတော့။ တစ်ခြားလူလည်း ပျော်ရအောင်လို့ နောင်ဘဝကျရင် ဒီပျော်ရွှင်တဲ့အခွင့်အရေးကို တခြားလူဆီ ငါလွှဲခဲ့မယ်"

(၂)
ခင်ပွန်းဖြစ်သူဟာ စာစောင်တစ်ခုဖတ်နေရင်းက မိန်းမကိုလှမ်းပြောတယ်။


"မိန်းမရေ.. တောင်အာဖရိက မိန်းမတွေက ယောက်ျားနဲ့အိပ်ပြီးရင် ယောက်ျားကို ၈ဒေါ်လာပေးရတယ်လို့ စာစောင်ထဲမှာ ရေးထားတယ်။ ဒီလောက်ကောင်းတဲ့ အခွင့်အရေး ငါလက်လွတ်လို့မဖြစ်ဘူး။ မနက်ဖြန်ပဲ ငါတောင်အာဖရိကသွားမယ်"

"ကျွန်မလည်း လိုက်မယ်"

"နင်က ဘာသွားလုပ်မလို့လဲ?"

"တစ်လ ၁၆ ဒေါ်လာလေးနဲ့ ရှင်ဘယ်လို အသက်ဆက်မလဲဆိုတာကို သိချင်လို့ပါ..."

(၃)
အရက်ဆိုင်ဖွင့်ထားတဲ့ ကျောင်းသားတစ်ယောက်က ခရစ္စမတ်ညမှာ ဆရာကို လက်ဆောင်ပစ္စည်းတစ်ခုပေးဖို့ ဆုံးဖြတ်လိုက်တယ်။
လက်ဆောင်ရတော့ ဆရာက လက်ဆောင်သေတ္တာရဲ့အပြင်မှာ အရည်တစ်မျိုးပေနေတာကိုတွေ့တော့ သေတ္တာထဲမှာ ဘာလက်ဆောင် ထည့်ထားမလဲဆိုပြီး ခန့်မှန်းကြည့်လိုက်တယ်။

ဆရာက အရည်ကို လျှာနဲ့တို့ကြည့်ပြီး .... "ဒါ ဘရန်ဒီဖြစ်မယ်"
ကျောင်းသား ......... "မဟုတ်ပါဘူး"
ဆရာ................... "ဒါဆို ဂျပန်အရက်"
ကျောင်းသား ......... "မဟုတ်ပါဘူး"
ဆရာ.................. "ဒီလိုဆိုရင် XO ပဲဖြစ်မယ်"
ကျောင်းသား......... "မဟုတ်ဘူးဆရာ.. အထဲမှာထည့်ထားတာက ခွေးကလေးတစ်ကောင်ပါ"
ဆရာ.................. "&*@&#*@#"

(၄)
တစ်နေ့မှာ လုပ်ဖော်ကိုင်ဖက်က ရီရီကိုမေးတယ်။


"နင် နေ့တိုင်းအလုပ်တက်တော့ နင့်သားကို ဘယ်သူထိန်းလဲ?"

"ယောက္ခမထိန်းတယ်လေ"

"နင် ကံကောင်းလိုက်တာ.."

"ကံကောင်းတာလဲ မဟုတ်ပါဘူး။ နေ့ဆိုရင် ငါ့သားကို ယောက္ခမကထိန်းပေးတယ်။ ညဆိုရင် သူ့သားကို ငါကထိန်းပေးတယ်။ ညီမျှပါတယ် ဟ.."

(၅)
တရုတ်ပြည်မှာ အငယ်ထားတာ ခေတ်စားသတဲ့...
ထိုင်ဝမ်ကျွန်းကလူတစ်ယောက် လွန်ခဲ့တဲ့ငါးနှစ်က တရုတ်ပြည်မှာ အငယ်တစ်ယောက်ထားခဲ့တယ်။ အငယ်အတွက် ၄သိန်းတန်အိမ်တစ်လုံး ဝယ်ပေးခဲ့ပြီး လစဉ်လတိုင်း ယွမ် ၃ ထောင်ပေးသုံးခဲ့တယ်။ ဒီတစ်နှစ်မှာ အငယ်နဲ့ သူလမ်းခွဲလိုက်တယ်။ ဝယ်ထားတဲ့အိမ်ကိုရောင်းတော့ ၁၂သိန်းရတယ်။ တွက်ကြည့်တော့ အငယ်ကို ၆နှစ်အလကားတွဲလိုက်ရပြီး ၆သိန်းမြတ်သွားတယ်။ အိမ်မြေရောင်းဝယ်ရေးကို သူကျေးဇူးတင်တယ်။ အငယ်ထားတာဟာ ရင်းနှီးမြှုပ်နှံမှုတစ်ခုလို့ သူဆိုတယ်။

အဲဒီလိုနဲ့ ထိုင်ဝမ်ပြန်ရောက်လို့ ဒီအကြောင်းကို မယားကြီးကသိတော့ သူ့ကိုနားရင်းအုပ်ပြီးဆူတယ်။

"ဘာဖြစ်လို့ အငယ်တစ်ယောက်ပဲ ထားခဲ့သလဲ" တဲ့...


အားလုံးပြုံးရယ်ဖို့ အင်တာနက်ပေါ်ဖတ်မိတာလေး ဘာသာပြန်မျှဝေပါတယ်။

နိုင်းနိုင်းစနေ


Share/Bookmark

Saturday, August 13, 2011

အတိတ်သစ်ပင်


နက်နက်ရှိုင်းရှိုင်း ရင်ဘတ်တစ်နေရာမှာ
အတိတ်သစ်ပင်လေးတစ်ပင်ရှိတယ်

အတိတ်သစ်ပင်မှာ ခံစားချက်အသီးအပွင့်တွေ ဖူးပွင့်တယ်
အမှတ်တရဆိုတဲ့အသီးကို ခူးရင်
အလွမ်းအသီးက လိုက်ကြွေကျတယ်

ကြင်နာခြင်းအသီးကိုခူးရင်
နာကျင်ကြေကွဲခြင်းအသီးက လိုက်ကြွေကျတယ်

အချစ်အသီးကိုခူးရင်
လှည့်ဖြားဟန်ဆောင်ခြင်းက လိုက်ကြွေကျတယ်


တကယ်ဆို....
အမှတ်တရအသီးကိုခူးရင်
ပျော်ရွှင်ကြည်နူးခြင်းက လိုက်ကြွေကျရမှာ

ကြင်နာခြင်းအသီးကိုခူးရင်
ယုယနမ်းရှုံခြင်းက လိုက်ကြွေကျရမှာ

အချစ်အသီးကိုခူးရင်
ထာဝရက လိုက်ကြွေကျရမှာ
.........

အတိတ်သစ်ပင်လို့ တမ်းတမြင်ယောင်တိုင်း
နောင်တသစ်ရွက် အဆွေးအမြေ့တွေရှိခဲ့ပေမယ့်
ရင်ဘတ်တစ်နေရာမှာ အတိတ်သစ်ပင်လေး
ဘယ်တော့မှ
နွမ်းရော်ခြောက်သွေ့မသွားအောင်
(တစ်ခါတလေ.....)
မျက်ရည်မိုးတွေ သွန်းဖြိုးပေးခဲ့မိတယ်

နိုင်းနိုင်းစနေ


Share/Bookmark

Friday, August 12, 2011

တက်တူးထိုးချင်တဲ့ ကောင်မလေး


“တက်တူးထိုးချင်လိုက်တာ… ထိုးပြီးရင် ဖျက်မရမှာလည်းစိုးတယ်။ ဖျက်လိုက်ရင်လည်း အရာတွေကျန်ခဲ့ဦးမှာ ဘယ်လိုလုပ်ရင်ကောင်းမလဲ မသိဘူး!” လို့ ကောင်မလေးတစ်ယောက်က ကျွန်မကိုမေးတယ်။

“ဒါက နင့်ကိုနင် စိတ်ရှုပ်ခံနေတာပဲ”

“ဒါပေမဲ့… ငါ့သူငယ်ချင်းတွေ တက်တူးထိုးထားတာ အရမ်းမိုက်တယ်။ သူတို့က အဆူအဆဲခံ၊ အပြောခံရလည်း လက်တွေ့ကို အကောင်အထည်ဖော်လိုက်ကြတာပဲ” လက်ပေါ်မှာ စုံတွဲပုံတက်တူးထိုးထားတဲ့ သူငယ်ချင်းပုံကို ပြရင်း ကျွန်မကို သူကပြောတယ်။


“သူထိုးရဲတိုင်း နင့်က ထိုးရဲလို့လား?”

“အင်း! ငါ့ကိုယ်ငါ ဘာလို့ သတ္တိမရှိတာလဲလို့ ငါစဉ်းစားနေတာ”

“နင်က သတ္တိမရှိတာမဟုတ်ဘူး။ ထိုးပြီး ဖျက်လို့ရ မရဆိုတာကို ကြောက်နေတာမဟုတ်လား?”


“ဟုတ်တယ်” ကျွန်မအမေးကို သူမဆိုင်းမတွ ပြန်ဖြေတယ်။


“ဒါဟာ တက်တူးထိုးပြီးရင်လည်း နင်နောင်တရနိုင်တယ်ဆိုတာကို ပြနေတာပဲ။ နောင်တရစေမယ့်ကိစ္စကို စဉ်းစားချိန်ပေးတာ မမှားပါဘူး။ တချို့ကိစ္စတွေက နောက်ပြန်လှည့်လို့ မရနိုင်ဘူး။ သေချာစဉ်းစားနိုင်တဲ့လူတွေက လူထက်မြက်တွေဖြစ်တယ်။ သူတို့က နောင်ဖြစ်လာမယ့်အရေးကို စဉ်းစားပြီး အချိန်မီ ဘရိတ်အုပ်ကြတယ်”


“တက်တူးထိုးတာနဲ့ပတ်သက်တဲ့ နောင်ရေးကဘာလဲ?” သူတွေးတွေးဆဆပြောရင်း ကျွန်မအမြင်ကို ဆက်မေးတယ်။


“လှတယ် မလှဘူးဆိုတာထက် နင့်စိတ်ထဲမှာ တက်တူးထိုးထားရင် မိုက်တယ်လို့ ခံစားရလား! ရှက်စရာလို့ ခံစားရလား! ဆိုတာပဲ”


“နင်ဆိုရင် ဘယ်လို ခံစားရမလဲ?” သူက ကျွန်မကို မေးခွန်းပြန်ထုတ်တယ်။


“ဒါကို ငါမတွေးခဲ့ဖူးသလို ထိုးဖို့လည်း မစဉ်းစားခဲ့မိဘူး။ ငါစဉ်းစားမိတာက မိဘပေးထားတဲ့ အသားအရေကို ငါဖျက်စီးမိရင် ငါစိတ်ချမ်းသာနိုင်မလား? ငါပျော်နိုင်မလား? တကယ်လို့ ငါအလုပ်သွားရှာတဲ့အခါ အဲဒီမှာ တက်တူးထိုးထားတဲ့လူ တစ်ယောက်မှ ပါမနေခဲ့ဘူးဆိုရင် ငါဟာ သူတို့နဲ့ အသွင်မတူဖြစ်နေမလား? ငါအနေကျပါ့မလား? တက်တူးထိုးထားလို့ ငါ့ကိုမိန်းမဆိုးလို့ လူတွေကဆိုမလား? ဆိုတာပဲ။ ငါက ဒီလိုစဉ်းစားထားရင် ငါတက်တူးသွားမထိုးတော့ဘူး။ ဒီလိုဆိုရင် ငါစိတ်ရှုပ်စရာ မလိုတော့ဘူး။ နင်ရော? နင်က ဘယ်လိုစဉ်းစားထားမိလဲ?”


“ငါလည်း နင့်အတိုင်းပဲ”


“ဒါဆိုရင် နင်တက်တူးထိုးပြီးလည်း စိတ်ထဲမှာ အဲဒီအတွက်နဲ့ ပျော်နေမှာမဟုတ်ဘူး။ မပျော်မယ့်အတူတူ တခြားလူက တက်တူးထိုးဖို့ သတ္တိရှိပြီး ငါက ဘာလို့မရှိတာလဲဆိုတာကို တွေးမနေနဲ့တော့။ သူတို့ကပျော်တယ်။ နင်ကကြောက်တယ်။ တကယ်လို့ နင်က ငါလည်းထိုးရဲတယ်ဆိုပြီး အရွဲ့တိုက် တက်တူးထိုးခဲ့ရင် ရလာမယ့်ရလဒ်က ဘာဖြစ်နိုင်မလဲ? နင်ဘာကို နိုင်သွားသလဲ? နင်ဘာကို ရှုံးသွားသလဲ? နောင်တကို နင်နိုင်ပြီး နင့်ကိုယ်နင် ဆုံးရှုံးသွားတယ်မဟုတ်လား?”

“တခြားလူရဲ့လုပ်ရဲတဲ့သတ္တိကို ငါအမြဲအားကျခဲ့ပေမယ့် ငါကိုယ်တိုင်ကျတော့ လုပ်ရဲတဲ့သတ္တိမရှိခဲ့ဘူး” ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိတဲ့အရိပ် သူ့မျက်နှာပေါ်မှာ ထင်ဟပ်နေတယ်။


“သတ္တိဆိုတာ ဉာဏ်နဲ့ပူးတွဲပါတယ်လို့ ငါထင်တယ်။ သတ္တိရှိပြီး ဉာဏ်မရှိရင်ခဲ့လည်း အဆိုးဘက်ကို ရောက်သွားစေနိုင်တာပဲ”


သတ္တိရှိတဲ့လူတွေကို ကျွန်မ အားကျနှစ်သက်ပေမယ့် သတ္တိရှိတိုင်း ဉာဏ်ပါတယ်လို့ ကျွန်မ မထင်ပါဘူး။


“နင့်သဘောက ငါ့ကို တက်တူးမထိုးစေချင်ဘူးပေါ့”


“ငါက နင်မဟုတ်ဘူး။ နင့်ကိုယ်နင် ခွင့်ပြုမပြုဆိုတာကိုပဲ နင်ဆုံးဖြတ်သင့်တယ်”

“ငါ ခွင့်မပြုဘူး” သူရယ်ပြီးဖြေတယ်။


“ဘာဖြစ်လို့လဲ” သူ့ကို ကျွန်မပြန်မေးလိုက်တယ်။


“တက်တူးထိုးထားတဲ့ ကောင်မလေးလို့ လူတွေရဲ့အခေါ်ကို မခံချင်လို့” ဘာမှမရှိတော့တဲ့ပုံစံနဲ့ သူရယ်ရင်းဖြေတယ်။


++++++++


သင့်ပုံစံနဲ့သင်နေဖို့ သင်အများကြီး စဉ်းစားရတယ်။ သင်စဉ်းစားတဲ့အရာတွေက တခြားသူရဲ့အမြင်၊ အတွေးတွေ ဖြစ်နေတတ်တယ်။ တခြားသူတွေမှာ အတွေးအမြင်တွေက များလွန်းလှတယ်။ ဥပမာ-- သူ့မိဘတွေက ဘယ်လိုဆုံးမခဲ့လဲ! သူလူကြားထဲ မတိုးဖူးဘူး! သူလုပ်နိုင်စွမ်း မရှိဘူး! စည်းကမ်းမရှိဘူး! မယဉ်ကျေးဘူး! ရုပ်ကိုက ဘယ်လိုကြီးပါလိမ့်! …. စတဲ့ အပြောအဆို၊ အမြင်တွေဖြစ်တယ်။


သင့်အပေါ်ထားတဲ့ လူတွေရဲ့အပြော၊ အမြင်နောက်လိုက်ပြီး သင်ရွေးချယ်ဖြစ်မှာက “ငါ့ကိုယ်ငါ မလုပ်တော့ဘဲ။ တခြားသူဖြစ်ချင်တဲ့ ငါပဲလုပ်တော့မယ်”လို့ဖြစ်တယ်။ အဲဒီလိုရွေးချယ်မှပဲ သင့်ကိုယ်သင်ယုံကြည်မယ်ဆိုရင် သင်ပျော်မှာ၊ စိတ်ချမ်းသာမှာ မဟုတ်ဘူး။ သင်က သင့်ကိုယ်သင်မပိုင်ဘဲ သူတစ်ပါးရဲ့ ပါးစပ်ဖျားနောက်၊ အပြောနောက် လိုက်နေလို့ဖြစ်တယ်။

မပျော်ရွှင်တဲ့ဘဝမှာ ရှင်သန်ရတာ ကြာလာပြီဆိုရင် ဒီလောကကြီးက သင့်အပေါ် မတရားဘူး၊ သင်လုပ်ချင်တာကို လုပ်ပိုင်ခွင့်မပေးဘူး၊ သင့်ကို မပျော်ရွှင်စေဘူးလို့ သင်ထင်လာလိမ့်မယ်။ သူတစ်ပါးရဲ့ မျက်ရိပ်မျက်ခြေအောက်မှာ ရှင်သန်ရတာကို တဖြေးဖြေး သင်ကျင့်သားပါလာလိမ့်မယ်။ တကယ်ဆို သူတစ်ပါးရဲ့ မျက်ရိပ်မျက်ခြေက ရှိချင်မှရှိမယ်။ ဒါပေမဲ့ သင်က ရှိတယ်လို့ပဲ ထင်နေခဲ့လိမ့်မယ်။


“တခြားသူလိုချင်တဲ့ သင့်ပုံစံက ဘယ်လိုရှိသလဲ? ဘယ်လိုပုံစံနဲ့လဲ? အလုံးလား? အပြားလား? လေးထောင့်လား?”


ဒါကို သင်ကိုယ်တိုင်လဲ ကွဲကွဲပြားပြား မသိဘူး။ သင့်ဘာသာသင် “ဒီလိုဆိုရင် နှစ်သက်မယ်”၊ “ဒီလိုဆိုရင် အမြင်ကပ်မယ်”လို့ ထင်နေလိမ့်မယ်။ သင်ထင်မြင်တဲ့ နှစ်သက်မယ်၊ အမြင်ကပ်မယ်ဆိုတဲ့စံနှုန်းက သင့်ကိုယုံကြည်မှု ပေးချင်မှလည်းပေးလိမ့်မယ်။


အဲဒီလိုနဲ့ အခြားသူရဲ့ပါးစပ်ဖျားမှာပဲ သင်လိမ်လိမ်မာမာ ရှင်သန်မယ်၊ ဒါမှမဟုတ် ခိုးခိုးဝှက်ဝှက်နဲ့ သင် ဆန့်ကျင်မယ်။


ဥပမာ-- တက်တူးထိုးတဲ့ကိစ္စကို အနုပညာတစ်ရပ်အဖြစ်နဲ့ သင်ခံစားနိုင်သလို အပို၊ အရှုပ်တွေပါလို့လည်း သင်ထင်မြင်နိုင်တယ်။ သင်ထင်မြင်ခံစားတာကို သင်ရွေးချယ်ပြီးရင် ဘယ်လိုပုံစံနဲ့ သင့်ကိုယ်သင်နေမယ် ဆိုတာကို သင်ဆုံးဖြတ်နိုင်ပါတယ်။ ဒီလိုမှမဟုတ်ရင် ကြားအလယ်မှာရပ်ပြီး တွေဝေနေရင် သင်ပဲ နာကျင်ရပါလိမ့်မယ်။


ဘဝက ဒီလိုပဲဖြစ်တယ်….

ပျော်ရွှင်တဲ့ဝက်တစ်ကောင်အဖြစ် သင်နေနိုင်သလို
နာကျင်တဲ့လူတစ်ယောက်အဖြစ်နဲ့လည်း သင်နေနိုင်ပါတယ်။
ပျော်ရွှင်တဲ့လူတေလေအဖြစ် သင်နေနိုင်သလို
နာကျင်တဲ့ အနုပညာသမားတစ်ယောက်အဖြစ်နဲ့လည်း သင်နေနိုင်ပါတယ်။


တချို့က လူအမြင်ကပ်ခံရမှာ၊ အပြောခံရမှာကို ကြောက်တယ်။
တချို့က အမြင်ကပ်ခံရ၊ အပြောခံရတာကို ကျင့်သားနေရကြတယ်။
တချို့က မွေးလာတည်းက လူတွေကို အမြင်ကပ်တတ်တဲ့ ပီဇပါလာကြတယ်။
တချို့က အမြင်ကပ်မခံရ၊ အပြောမခံရရင် မနေတတ် မထိုင်တတ်ဖြစ်တတ်တယ်။

ကိုယ်ဘယ်လိုပုံစံနဲ့နေမယ်၊ ကိုယ့်ပုံစံနဲ့ကိုယ်နေတတ်ဖို့က လွယ်ပါတယ်။ တခြားလူရဲ့အမြင်၊ အပြောမှာ ရှင်သန်မနေရင်၊ ဂရုစိုက်မနေရင် ကိုယ့်ပုံစံနဲ့ကိုယ် သတ္တိရှိရှိ၊ ပျော်ပျော်ရွှင်ရွှင် သင် ရှင်သန်နေနိုင်ပါတယ်။


မူရင်းရေးသားသူ-- Hu Shun Cheng


နိုင်းနိုင်းစနေ
ဘာသာပြန်သည်။


Share/Bookmark

Thursday, August 11, 2011

တက်တူးရဲ့ရိုးရာ၊ တက်တူးရဲ့သမိုင်း


သြဂုတ်လထုတ် Look မဂ္ဂဇင်း "တက်တူးအထူးဆောင်းပါး"အတွက် ရေးပို့ခဲ့တဲ့ တက်တူးပို့စ်ထဲက တစ်ပုဒ်ပါ။ ဘလော့မှာ ပြန်မျှဝေပါတယ်..

×××××××××××××

“ဆေးမင်ကြောင်”ကို အင်္ဂလိပ်အခေါ်အဝေါ်နဲ့ “တက်တူး”လို့လည်း လူအများကခေါ်ကြတယ်။ တက်တူးဆိုတာ အရောင်ပါတဲ့အပ်နဲ့ အရေပြားထဲထိုးထည့်ပြီး အရေပြားပေါ်မှာ ရုပ်ပုံ သို့မဟုတ် စာလုံးတွေကို ရေးထွင်းတာဖြစ်တယ်။ အရေပြားကို ထိုးထွင်းပြီးရေးတာကြောင့် ခန္ဓာကိုယ်ပေါ်မှာ ဘယ်တော့မှ မပျောက်ပျက်နိုင်တဲ့ ရုပ်ပုံတွေကျန်ရစ်ခဲ့ပါတယ်။ ကမ္ဘာ့အရပ်ဒေသ တော်တော်များများကလူတွေ တက်တူးထိုးကြတယ်။ အသားရောင်ရင့်တဲ့လူမျိုးတွေက တက်တူးအထိုးနည်းကြတယ်။ တချို့လူမျိုးစုအများက တက်တူးထိုးတာဟာ ရောဂါဘယတွေကို ကာကွယ်တယ်လို့ ယုံကြည်ကြတယ်။ တချို့လူမျိုးစုက တက်တူးရုပ်ပုံတွေနဲ့ ရာထူး၊ အဆင့်အတန်း၊ အဖွဲ့အစည်းကို ဖော်ပြကြတယ်။ ဒါပေမဲ့ များသောအားဖြင့် တက်တူးကို လူတွေက အလှအပ၊ အနုပညာတစ်ရပ်အဖြစ် ထိုးကြပါတယ်။

Justify Full
ဓလေ့ရိုးရာ

တက်တူးက လူတစ်ယောက်ရဲ့ ပင်ကိုစရိုက်နဲ့ ယုံကြည်ကိုးကွယ်မှုကို ကိုယ်စားပြုတယ်။ ကမ္ဘာ့အရပ်ရပ်က ရှေးလူမျိုးနွယ်စုတွေမှာ တက်တူးထိုးတဲ့ ဓလေ့ထုံးတမ်းတွေ ရှိခဲ့တယ်။ တိရစ္ဆာန်ပုံ၊ ပန်းပုံ၊ ရိုးရာရုပ်ပုံတွေအပြင် ဘာသာရေးနဲ့ ဆက်နွယ်တဲ့ ကျမ်းစာ၊ နတ်စာတွေကိုလည်း ရေးထိုးတတ်ကြတယ်။

(၂ဝ)ရာစု (၆ဝ)ခုနှစ်ပိုင်းက အမေရိကန် မော်တော်ဆိုင်ကယ်မျိုးစု (Motorcycle race)တွေက တက်တူးနဲ့ပိုနီးစပ်တဲ့ အုပ်စုတွေဖြစ်တယ်။ မော်တော်ဆိုင်ကယ်သမားတွေရဲ့ တက်တူးနဲ့ ရုပ်ပုံအဓိပ္ပာယ်တွေက ဓလေ့ထုံးထမ်းတက်တူးတွေနဲ့ ကွဲပြားတယ်။ ဆိုင်ကယ်သမားရဲ့ တက်တူးတွေက များသောအားဖြင့် ဆေးရောင်အမည်းတွေဖြစ်တယ်။ ထိုးကြောင်းက တစ်ကြောင်းထဲဖြစ်ပြီး အနုစိပ်တယ်။ နိုင်ငံကိုချစ်တဲ့၊ စစ်တပ်နဲ့ကင်းရှင်းတဲ့၊ အများနဲ့ဆန့်ကျင်တဲ့ အဓိပ္ပာယ်ကိုဖော်ဆောင်တယ်။

ဂျပန်လူမျိုးတို့ရဲ့ ရိုးရာတက်တူး

ဂျပန်လူမျိုးတို့ရဲ့ ရိုးရာတက်တူးက အေဒီ ၃ဝဝအစောပိုင်းက စခဲ့တာဖြစ်တယ်။ အဲဒီတုန်းက ဂျပန်လူမျိုးတွေဟာ တက်တူးကို မျက်နှာပေါ်မှာပဲ အထိုးများခဲ့ကြတယ်။ ရာဇဝင်ပုံပြင်ထဲက သူရဲကောင်းနဲ့ စစ်သူကြီးတို့ရဲ့ ကိုယ်ပေါ်မှာ ငါးကြင်းပုံ၊ နဂါးနဲ့ ကျားပုံတွေကို တွေ့ရတတ်တယ်။ ဒီရုပ်ပုံတွေရဲ့ဘေးမှာ ရေလှိုင်းပုံ၊ ချယ်ရီပန်း၊ ဂန္ဓာမာပန်းပုံတွေလည်း ထည့်ထိုးထားတတ်ကြပါတယ်။

Chicano လူမျိုးစုတို့ရဲ့ ရိုးရာတက်တူး


Chicano ဆိုတာ အမေရိကန်ဖွား စပိုင်ဘာသာစကားပြောတဲ့ မက်ဆီကန်လူမျိုးစုဖြစ်တယ်။ သူတို့ကိုယ်ပေါ်က တက်တူးရဲ့ အဓိပ္ပာယ်က စည်းလုံးခြင်း၊ မိသားစု၊ မိန်းမနဲ့ ဘုရားသခင်အပေါ် သစ္စာရှိခြင်း၊ ယုံကြည်ကိုးကွယ်ခြင်းကို ကိုယ်စားပြုတယ်။


အနောက်တိုင်း တက်တူးသမိုင်း

ဘီစီနှစ်ထောင်ကျော်မှာ မြှုပ်နှံ့ခဲ့တဲ့ အီဂျစ်မံမီတွေရဲ့ ကိုယ်ပေါ်မှာ တက်တူးထိုးထားတာကို ရှာဖွေတွေ့ရှိခဲ့ဖူးတယ်။ ဂရိလူမျိုး၊ Thracians လူမျိုးစု၊ ရှေး Germans လူမျိုးစုတွေမှာလည်း တက်တူးအကြောင်းနဲ့ပတ်သက်တဲ့ မှတ်တမ်းတွေ ရှိခဲ့တယ်။ ရှေးရောမက တရားခံနဲ့ အစေအပါးတွေရဲ့ကိုယ်ပေါ်မှာ တက်တူးထိုးခဲ့ကြတယ်။ ခရစ်ယာန်ဘာသာတွေ တိုးတက်များပြားလာခဲ့တာနဲ့အမျှ ဥရောပဒေသတွေမှာ တက်တူးထိုးတာကို တားမြစ်ခဲ့ကြတယ်။ ဒါပေမဲ့ အရှေ့အလယ်ပိုင်းနဲ့ တချို့ဒေသတွေမှာ တက်တူးရိုးရာကို ထိန်းသိမ်းထားဆဲဖြစ်တယ်။ အမေရိကားတိုက်က အင်းဒီးယားနားလူမျိုးနဲ့ Polynesianလူမျိုးစုတွေမှာလည်း တက်တူးထိုးတဲ့ဓလေ့ရှိကြောင်း ဥရောပလူမျိုးတွေ ရှာဖွေတွေ့ရှိခဲ့တယ်။ Polynesian နဲ့ ဂျပန်လူမျိုးတွေရဲ့ သက်ရောက်မှုကြောင့် ဥရောပ သဘောင်္သားတချို့တက်တူးတွေ ထိုးခဲ့ကြပြီး ကမ္ဘာ့အရပ်ရပ်က ဆိပ်ကမ်းတချို့မှာလည်း တက်တူးထိုးတဲ့ဆိုင်တွေ အများအပြား ပေါ်ထွက်ခဲ့တယ်။

ကမ္ဘာ့ပထမဦးဆုံး လျှပ်စစ်တက်တူးထိုးစက်ကို ၁၈၉၁ခုနှစ်မှာ အမေရိကန်က မှတ်ပုံတင်မူပိုင်ခွင့်ရခဲ့တယ်။ အမေရိကန်ဟာ တက်တူးရုပ်ပုံအသစ်တွေကို ထုတ်လုပ်တဲ့နိုင်ငံဖြစ်ခဲ့တယ်။ အထူးသဖြင့် အမေရိကန်လုပ် တက်တူးရုပ်ပုံစက္ကူတွေ နေရာအနှံ့ ပြန့်နှံ့ခဲ့ပြီးနောက် ရွက်လွှင့်တဲ့ဘဝ၊ နိုင်ငံချစ်တဲ့ အတွေးအခေါ်၊ ရိုမန်တစ်ဆန်တဲ့ ခံစားမှုနဲ့ ဘာသာတရားအပေါ် ရိုသေကိုင်းရှိုင်းတဲ့ရုပ်ပုံတွေရဲ့ အဓိကဆိုလိုရင်းကို ကမ္ဘာ့အရပ်ရပ်မှာ စံညွန်းတစ်ခုအဖြစ် သတ်မှတ်ခဲ့ကြတယ်။ ၂ဝရာစုအစပိုင်းမှာ လူမျိုးနွယ်စုနဲ့ ပတ်သက်တဲ့ တက်တူးရုပ်ပုံတွေ တဖြေးဖြေး ပျောက်ကွယ်ခဲ့တယ်။


၁၉ရာစုမှာ အမေရိကန်က တရားခံတွေကို မလွတ်ပေးခင် ကိုယ်ပေါ်မှာ တက်တူးထိုးပေးကြတယ်။ အင်္ဂလန်က စစ်ပြေးတွေရဲ့ကိုယ်ပေါ်မှာ တက်တူးထိုးပေးတယ်။ ၁၉ ရာစုနှောင်းပိုင်းမှာ အင်္ဂလန်က အထက်တန်းစား လူမျိုးစုတွေမှာ တက်တူးထိုးတာ ခေတ်စားခဲ့တယ်။

အာဖရိက နိုင်ဂျီးလီးယားလူမျိုးတွေက မျက်နှာပေါ်မှာ လူမျိုးနွယ်နဲ့သက်ဆိုင်တဲ့ အမှတ်အသားကို တက်တူးထိုးတတ်ကြတယ်။ နှဖူးပေါ်မှာ ဓားရှည်သဏ္ဍာန်တွေ ထိုးထားကြတဲ့အပြင် တချို့က ကန့်လန့်ဖြတ် ဓားရာတွေ ထွင်းထားတတ်ကြတယ်။ တချို့က မျက်နှာပေါ်မှာ ကင်းမြီးကောက်ပုံ ထိုးထားကြပြီး တချို့ကကြက်ဖပုံတွေ ထိုးထားတတ်ကြတယ်။


ပထမကမ္ဘာစစ်ပြီးနောက်ပိုင်းမှာ တက်တူးကို မိန်းကလေးအများထိုးခဲ့ကြတာ တွေ့ရတယ်။ စစ်အတွင်း သေဆုံးသွားကြတဲ့ ချစ်သူရည်းစားတွေကို အထိမ်းအမှတ်အနေနဲ့ ငှက်ပုံ၊ လိပ်ပြာပုံ၊ နှင်းဆီပန်းပုံ ဒါမှမဟုတ် ကိုယ့်ချစ်သူနာမည်ကို ထိုးခဲ့ကြတာဖြစ်တယ်။ အမေရိကန်နိုင်ငံထဲ ဘယ်လိုပုံစံနဲ့ တက်တူး ဝင်ရောက်ခဲ့သလဲဆိုတာကို လူတွေ မသိခဲ့ကြပေမယ့် တက်တူးရဲ့ သမိုင်းက နှစ်ပေါင်း၂ထောင်ကျာ်ရှိခဲ့ပြီလို့ သိရပါတယ်။


တက်တူးနဲ့ ကျန်းမာရေး

တချို့အသားအရေက တက်တူးထိုးဖို့ မသင့်ပါဘူး။ ဒါကြောင့် တက်တူးမထိုးခင် ကိုယ့်ရဲ့အသားအရေဟာ အလွယ်တကူ ယောင်ယမ်းတတ်သလားဆိုတာကို သတိပြုရပါတယ်။ အလွယ်တကူ ယောင်ယမ်းတတ်တဲ့ အသားအရေဟာ အနာကျက်လေ အပ်ရာတွေ ဖောင်းထလာလေဖြစ်တတ်တာမို့ နဂိုတက်တူးရဲ့ရုပ်ပုံနဲ့ သဏ္ဍာန်ကို ပျက်ပြားစေပါတယ်။ အဲဒီအပြင် ဆီးချိုရောဂါရှိသူ၊ Thyroid ရောဂါရှိသူတွေမှာ အနာအလွယ်တကူ မကျက်တတ်တဲ့အတွက်ကြောင့် တက်တူးထိုးဖို့ မသင့်တော်ပါဘူး။


နှလုံးရောဂါရှိသူ၊ အရေပြားရောဂါရှိသူ၊ ဝက်ရူးပြန်ရောဂါရှိသူတွေလည်း တက်တူးကို မထိုးသင့်ပါဘူး။ မိန်းကလေး ဓမ္မတာလာချိန်မှာလည်း တက်တူးထိုးဖို့ မသင့်ပါဘူး။ တက်တူးနဲ့ အနာဒဏ်ရာတွေကို ဖုံးကွယ်ချင်တယ်ဆိုရင် နဂိုဒဏ်ရာကျက်မှ တက်တူးထိုးသင့်ပါတယ်။

တက်တူးထိုးတဲ့အခါမှာလည်း သန့်ရှင်းရေးကို ဦးစားပေးရပါတယ်။ တစ်ခါသုံး ဆေးထိုးအပ်၊ လက်အိတ်တွေကို အသုံးပြုသင့်ပါတယ်။ ဆေးထိုးစက်တွေကို အမြင့်ဆုံးအပူချိန်တွေနဲ့ ပိုးသတ်ထားသင့်ပါတယ်။

တက်တူးထိုးပြီး သတိပြုရမည့်အချက်


တက်တူးထိုးပြီး ၅နာရီက ၇နာရီအကြာမှ ကိုယ်ပေါ်က အဝတ်စ ဒါမှမဟုတ် ဖုံးအုပ်ထားတဲ့အရာကို ဖယ်ရှားသင့်ပါတယ်။ တက်တူးထိုးပြီး ၁ရက် ၂ရက်ကြာတဲ့အထိ ဒဏ်ရာက သွေးထွက်၊ နီရဲနေတတ်ပါတယ်။ ဒဏ်ရာကို ဆေးတွေလျှောက်မလိမ်းမိဖို့၊ လက်နဲ့တိုက်ရိုက်မထိတွေ့ဖို့ သတိပြုရပါတယ်။ တက်တူးအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ဆေးကိုပဲ လိမ်းသင့်ပါတယ်။

တက်တူးထိုးပြီးနောက် ထိုးထားတဲ့နေရာကို ရေနွေးနဲ့ ဆေးကြောရပါတယ်။ ထိုးထားတဲ့နေရာ အမြဲခြောက်သွေ့နေဖို့ လိုအပ်ပါတယ်။ ဒီလိုမှမဟုတ်ရင် ကူးစက်ရောဂါတွေ အလွယ်တကူ ဝင်ရောက်ပြီး အရေပြားကို ထိခိုက်စေနိုင်ပါတယ်။

တက်တူးထိုးထားတဲ့နေရာကို အရက်ပျံ ဒါမှဟုတ် ဆေးရည်နီတွေနဲ့ မလိမ်းသင့်ပါဘူး။ အရက်ပျံက အနာကို ပိုနာကျင်စေနိုင်သလို ဆေးရည်နီက တက်တူးရဲ့နဂိုအရောင်ကို ပျက်စီးစေပါတယ်။

တက်တူးထိုးပြီး ရက်အနည်းငယ်အကြာမှာ ထိုးထားတဲ့နေရာ ယားယံခဲ့ရင်၊ အရေခွံတွေကွာခဲ့ရင် အရမ်းမကုတ်ခြစ်မိဖို့ သတိပြုရပါတယ်။ အဝတ်အစားဖုံးကွယ်တဲ့နေရာမှာ တက်တူးထိုးခဲ့ရင် ချောင်ချိတဲ့ အဝတ်အစားတွေကိုပဲ ရွေးဝတ်သင့်ပါတယ်။


တက်တူးထိုးထိုးပြီးချင်း အများရေကူးကန်မှာ ရေမကူးသင့်ပါဘူး။ အနာမကျက်ခင် အစပ်တွေ မစားသင့်ပါဘူး။


ကမ္ဘာ့စံချိန်ချိုးခဲ့တဲ့ တက်တူးအမျိုးသမီး


အမေရိကန် ကယ်ရီဖိုးနီးယားက Julia Gnuse ဆိုတဲ့ အမျိုးသမီးဟာ ၂ဝ၁ဝခုနှစ် မေလ ၂၆ရက်နေ့မှာ ကမ္ဘာ့တက်တူးအများဆုံးထိုးခဲ့သူအဖြစ် ဂရင်းနစ်စံချိန်ကို ချိုးသွားခဲ့ပါတယ်။ အကြောင်းက သူ့ရဲ့ခန္ဓာကိုယ် ၉၅%ဟာ ထိုးထားတဲ့တက်တူးတွေနဲ့ ပြည့်နှက်နေခဲ့လို့ဖြစ်တယ်။

မှတ်တမ်းအရ Julia မှာ porphyriaဆိုတဲ့ အရေပြားရောဂါတစ်မျိုးဖြစ်ခဲ့တယ်။ အဲဒီရောဂါကြောင့် သူရဲ့ခြေထောက်တွေ နေရောင်ပြလို့ မရခဲ့ဘူး။ နေရောင်နဲ့ထိရင် အသားအရေတွေ စပ်တာကြောင့် Julia ဟာ နေရောင်ကာကွယ်ဖို့ ပေါင်တန်နှစ်ဖက်မှာ တက်တူးကို စထိုးခဲ့ပါတယ်။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ အဲဒီရောဂါဟာ တဖြေးဖြေး Julia ရဲ့လက်ပေါ်၊ ဗိုက်ပေါ်အထိ ပြန့်နှံ့ခဲ့တယ်။ အဲဒီကစ တက်တူးတွေကို တစ်ကိုယ်လုံး သူထိုးခဲ့မိတယ်။ အခုတော့ သူ့ခန္ဓာကိုယ် ၉၅ % ဟာ တက်တူးတွေနဲ့ ဖုံးလွှမ်းထားပါတယ်။ သူ့ကိုယ်ပေါ်က ရုပ်ပုံတွေနဲ့ တက်တူးရဲ့အနုပညာရသကို ဖော်ဆောင်ထားပါတယ်။


အရင်ခေတ်တုန်းက တက်တူးထိုးတဲ့လူတွေဟာ လူအများရဲ့ ပစ်ပယ်တာခံခဲ့ရသလို၊ အဓိပ္ပာယ်တလွဲကောက်ယူတာတွေ ရှိခဲ့ပါတယ်။ တက်တူးထိုးထားတဲ့လူကို တွေ့ရင် လူဆိုးဂိုဏ်းက၊ မကောင်းတာနဲ့ အသက်မွေးဝမ်းကြောင်းပြုသူဆိုပြီး လူတွေထင်မြင်ခဲ့ကြတယ်။ တရုတ်နိုင်ငံအပါအဝင် နိုင်ငံတချို့၊ ဒေသတချို့မှာ ခန္ဓာကိုယ်ပေါ် တက်တူးထိုးထားရင် စစ်ထဲဝင်ခွင့်၊ အစိုးရဝန်ထမ်းဖြေခွင့် မပေးပါဘူး။

ဒီကနေ့ခေတ်မှာ တက်တူးကို ဖက်ရှင်အဖြစ်၊ ပေါ်ပြူလာအဖြစ် ထိုးနေကြပါပြီ။ အဲဒီအပြင် ခန္ဓာကိုယ် အနုပညာတစ်ရပ်အဖြစ်လည်း သတ်မှတ်လာခဲ့ကြသလို ချစ်သူရည်းစားတွေအတွက် အထိမ်းအမှတ် အမှတ်တံဆိပ်အဖြစ်လည်း သတ်မှတ်လာခဲ့ပါတယ်။ နိုင်ငံကျော်ဘောလုံးသမား ဒေးဗစ်ဘက်ခ်ဟမ်းက သူ့ဇနီး ဗီတိုးရီးယားရဲ့နာမည်ကို အိန္ဒိယဘာသာနဲ့ ဘယ်ဖက်လက်မောင်းမှာ ရေးထိုးခဲ့ပါတယ်။

ယနေ့ခေတ်လူငယ်တွေက တက်တူးထိုးခြင်းနဲ့ မိမိပင်ကိုယ်စရိုက်ကို ပြသကြတယ်။ မိမိကိုယ်ကို ထုတ်ဖော်ကြတယ်။ မိမိကိုယ်ကို တန်ဆာဆင်တဲ့ အနုပညာတစ်ရပ်အဖြစ် သုံးစွဲလာနေကြပါတယ်။



ကိုးကား-- http://baike.baidu.com/view/4502.htm

နိုင်းနိုင်းစနေ


Share/Bookmark

Monday, August 08, 2011

ဘဝထဲက ဆင်းရဲဒုက္ခနဲ့ပျော်ရွှင်ခြင်း


လူ့ဘဝတစ်သက်မှာ လူတိုင်းလူတိုင်း ပျော်ရွှင်ခြင်းကိုခံစားဖူးသလို ဆင်းရဲဒုက္ခ၊ အခက်အခဲတွေနဲ့လည်း ရင်ဆိုင်ဖူးကြတယ်။ ပျော်ရွှင်ချိန်မှာ အချိန်ကတိုတောင်းလွန်းတယ်လို့ ကျွန်တော်တို့ခံစားရတယ်။ ဆင်းရဲဒုက္ခရောက်ချိန်မှာ အချိန်ကရှည်လျားလိုက်တာလို့ ကျွန်တော်တို့ညည်းတွားကြတယ်။ ပျော်ရွှင်ခြင်းနဲ့ ဆင်းရဲဒုက္ခဆိုတာ ခွဲလို့မရတဲ့ အမွှာပါ။ ဘုရားသခင်က လူတိုင်းအပေါ် မျှတခဲ့ပါတယ်။ ဆင်းရဲဒုက္ခဆိုတာ ပျော်ရွှင်ခြင်းနဲ့ အမြဲတွန်တွဲနေပါတယ်။ ပျော်ရွှင်ခြင်းကိုခံစားတတ်ရင် ဆင်းရဲဒုက္ခကိုလည်း ခံစားရတတ်ပါမယ်။ ပျော်ရွှင်ခြင်းကိုခံစားတာက သင့်ရဲ့ပြီးမြောက်ခြင်း၊ အောင်မြင်ခြင်းကို ဆတိုးစေပါတယ်။ ဆင်းရဲဒုက္ခ၊ နာကျင်ခြင်းကို ခံစားတာက သင့်ရဲ့မိမိကိုယ်ကိုယ်ယုံကြည်မှု၊ သည်းခံစိတ်ကို ပိုတိုးစေပါတယ်။ ဆင်းရဲဒုက္ခ၊ အခက်အခဲနဲ့ရင်ဆိုင်ရချိန် သင်တုန်လှုပ်တွေဝေပါသလား? မျှော်လင့်ချက်မဲ့တဲ့ အခြေအနေရောက်ချိန် မလျော့တဲ့ဇွဲနဲ့ သင်ကြံ့ကြံ့ခိုင်နိုင်ပါသလား? ဒါကတော့ သင့်ရဲ့ခိုင်မာတဲ့ယုံကြည်မှုနဲ့ ကြံ့ခိုင်တဲ့စိတ်ဓာတ်ပေါ်မှာပဲ မူတည်ပါလိမ့်မယ်။

ဆင်းရဲဒုက္ခ၊ အခက်အခဲနဲ့ကြုံချိန် စိတ်မပျက်၊ လက်မလျော့ဘူး၊ သက်ပြင်းမချဘူး၊ ရှေ့ဆက်ခြေလှမ်းတွေ မရပ်ဘူး။ ဒါဟာ ဘဝရဲ့လေ့ကျင့်မှုတစ်ခုလို့ မှတ်ယူမယ်။ ဘဝရဲ့ ကြီးပြင်းရှင်သန်မှုတစ်ခုလို့ သဘောထားခဲ့မယ်ဆိုရင် အဲဒီအခက်အခဲတွေက သင့်ဘဝကို အရောင်စုံစုံနဲ့ ရေးခြယ်သီကုံးနိုင်ဖို့ ကူညီပါလိမ့်မယ်။

လူ့ဘဝမှာ ဆင်းရဲဒုက္ခ၊ အခက်အခဲဆိုတာ ရှိကိုရှိပါတယ်။ ဒါဟာ အောင်မြင်ဖို့အတွက် ရှေ့ဆောင်လမ်းပြပါ။ ဆင်းရဲဒုက္ခကို မကြောက်လန့်၊ မတွန့်ဆုတ်တာက အောင်မြင်စိတ်ပြင်းပြတာထက် ပိုတန်ဖိုးရှိပါတယ်။ ဆင်းရဲဒုက္ခနဲ့ကြုံချိန် မကြောက်၊ မရွံ့ဘူး။ အခြားတစ်ဘက်ကကြည့်ရင် ဆင်းရဲဒုက္ခဆိုတာ ကျွန်တော်တို့ရဲ့စွမ်းရည်ကို တိုးမြင့်ပေးတာဖြစ်တယ်။ ကျွန်တော်တို့ကို သန်မာအောင်၊ ရှေ့ဆက်တိုးရဲအောင် လေ့ကျင့်ပေးနေတာဖြစ်တယ်။

ဆင်းရဲဒုက္ခ၊ အခက်အခဲက လူတစ်ယောက်ရဲ့ စိတ်အားထက်သန်မှုကို လှောင်မြိုက်စေတယ်။ ငုပ်လျှိုးနေတဲ့ စွမ်းရည်တွေကို လှုပ်နှိုးစေပြီး အောင်မြင်မှုပန်းတိုင်ဆီ အရောက်လှမ်းစေတယ်။ ထက်မြက်သူတွေ၊ ကြံ့ခိုင်သူတွေက “ကျရှုံးခြင်း”ကို “အင်အား”တစ်ရပ်အဖြစ် ပြောင်းလဲတယ်။ ကမာကောင်တွေလို သဲဆိုတဲ့အနှောင့်အယှက်ကို လှပတဲ့ပုလဲအသွင်ပြောင်းတယ်။

မိုးသက်လေပြင်းဆိုတာမရှိရင် လှပတဲ့သက်တန့်ဆိုတာလည်း မပေါ်နိုင်ပါဘူး။ မဆုံးရှုံးဖူးတဲ့လူ့ဘဝက လှပပြည့်စုံတဲ့ဘဝ မဟုတ်ဘူး။ ကျရှုံးခြင်းကိုအောင်နိုင်ပြီးမှ ရလာတဲ့ အောင်မြင်မှုမျိုးက သင့်ကို ပိုယုံကြည်မှုတိုးစေတယ်။ ပိုအားရကျေနပ်စေတယ်။ လူ့ဘဝကို ပိုလှပစေပါတယ်။

တကယ့်အောင်မြင်တဲ့လူတွေက ကျရှုံးခြင်းများစွာနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ပြီးမှ အောင်မြင်လာတာဖြစ်တယ်။ ဆင်းရဲဒုက္ခကို မခံစားဖူးသူဟာ အောင်မြင်ခြင်းရဲ့ပျော်ရွှင်မှုကိုလည်း မခံစားတတ်ခဲ့ပါဘူး။

လူ့ဘဝကို အလွယ်တကူ လက်မလွတ်ပါနဲ့။ ရှည်လျားတဲ့လူ့ဘဝမှာ ဘယ်သူကမှ အရာရာ အဆင်ပြေချောမွတ်ကြတာ မဟုတ်ဘူး။ လူတိုင်းလူတိုင်း ဆင်းရဲဒုက္ခ၊ အခက်အခဲနဲ့ မလွဲမသွေကြုံကြရတယ်။ ဆင်းရဲဒုက္ခနဲ့ ရင်ဆိုင်တွေ့ကြုံခဲ့ရသူတိုင်းဟာ ပိုကြံ့ခိုင်သန်မာလာတယ်၊ ပိုရင့်ကျက်လာတယ်၊ ပိုသတ္တိရှိ ရဲရင့်လာတယ်။ အောင်မြင်မှုနဲ့ ပိုနီးကပ်လာပါတယ်။ ဆင်းရဲဒုက္ခက လူကိုအတွေ့အကြုံတွေ ပိုတိုးစေရုံမက ဘဝကိုလည်း မပြတ်မြင့်တင်ပေးပါတယ်။ ဆင်းရဲဒုက္ခကြောင့် လူ့ဘဝကို ပိုတန်ဖိုးထားသင့်၊ ပိုချစ်ခင်မြတ်နိုးသင့်ကြောင့် ကျွန်တော်တို့ကို ပိုနားလည်စေခဲ့ပါတယ်။

ဘဝက ကျွန်တော်တို့ရဲ့ကိုယ်ပိုင်ပါ။ အနာဂတ်ဆိုတာလည်း ကျွန်တော်တို့ရဲ့ကိုယ်ပိုင်ပါပဲ။ ပျော်ရွှင်ခြင်းဆိုတာကလည်း ကျွန်တော်တို့ရဲ့ကိုယ်ပိုင်ပါပဲ။ ဒါကြောင့် ဘဝကို ပိုတန်ဖိုးထားရပါတယ်။ ဆင်းရဲဒုက္ခက ကျွန်တော်တို့ကို ရှေ့တိုးအောင်၊ အတွေ့အကြုံ၊ ရင့်ကျက်မှုတွေ စုပေးနိုင်သလို တစ်ဘက်မှာလည်း ချောက်နက်ထဲကို တွန်းပို့နိုင်ပါတယ်။ ဒါကြောင့် မှန်ကန်တဲ့စိတ်နေသဘောထားနဲ့ ကျွန်တော်တို့ ပြုမူဆက်ဆံရပါတယ်။ ဆင်းရဲဒုက္ခရဲ့အကျိုးကို မှန်မှန်ကန်ကန် နားလည်ပြီး အဲဒီဆင်းရဲဒုက္ခကို အင်အားတစ်ရပ်အဖြစ် ပြောင်းလဲမယ်။ အောင်နိုင်မယ်ဆိုရင် ဘယ်လိုအခက်အခဲကမှ သင့်ကိုနလန်မထအောင် မတွန်းဖြိုနိုင်ပါဘူး။

လူ့ဘဝမှာ ပျော်ရွှင်ခြင်းက ကျွန်တော်တို့ကို ပြုံးပျော်ကြည်နူးမှုတွေပေးတယ်။ ဆင်းရဲဒုက္ခက ကျွန်တော်တို့ကို ပြန်လည်တမ်းတမှုတွေပေးတယ်။ လူ့တစ်သက်မှာ တကယ့်ပျော်ခဲ့ရတဲ့ ပျော်ရွှင်ခြင်းတွေကို ကျွန်တော်တို့ သတိမရတတ်ကြဘဲ ဆင်းရဲဒုက္ခ နာကျင်ခြင်းတွေကိုကျတော့ တော်ရုံနဲ့ မမေ့တတ်ကြဘူး။ ဆင်းရဲဒုက္ခ၊ နာကျင်ခြင်းတွေကို ကျွန်တော်တို့ရှောင်လို့လည်းမရ၊ ငြင်းဆန်လို့လည်းမရတဲ့အခါ ဖြစ်လာသမျှ ဆင်းရဲဒုက္ခတွေကို အပြုံးနဲ့ရင်ဆိုင်ပြီး အင်အားတစ်ရပ်အဖြစ် ဘာဖြစ်လို့ ကျွန်တော်တို့မပြောင်းနိုင်ရမလဲ?

လက်ခံတတ်အောင် သင်ယူပါ။ သည်းခံတတ်အောင် သင်ယူပါ။ ခံစားတတ်အောင် သင်ယူပါ။ ခွင့်လွှတ်တတ်အောင် သင်ယူပါ။ တန်ဖိုးထားတတ်အောင် သင်ယူပါ။ ကိုယ်ချင်းစာတတ်အောင် သင်ယူပါ။ ဒါမှ သင့်ဘဝဟာ ပိုထွန်းတောက် အရောင်စုံပါလိမ့်မယ်။

original post from --- http://www.duwenzhang.com

နိုင်းနိုင်းစနေ ဘာသာပြန်သည်။



Share/Bookmark

Sunday, August 07, 2011

ခန္ဓာဘာသာစကားယုံကြည်မှုကိန်း ရလဒ်အဖြေ


ယုံကြည်မှုအဆင့်…. မိမိကိုယ်ကိုယ်ယုံကြည်မှု လွန်ကဲခြင်း/ စိတ်ကြီးဝင်ခြင်း

တကယ်လို့ သင်ရွေးတဲ့အဖြေမှာ Aတွေများနေခဲ့ရင် ကိုယ့်ကိုယ်ကိုအထင်ကြီးတဲ့ အပြုအမူ၊ အချက်အလက်တွေကို မသိမသာ သင်ထုတ်ပြနိုင်ကြောင်း ဖော်ပြနေပါတယ်။ သင့်အပေါ်ထားတဲ့ တခြားလူရဲ့အမြင်ကို သင်အရမ်းဂရုစိုက်မိတဲ့အချိန် လိုအပ်တာထက်ပိုလွန်ကဲတဲ့ အပြုအမူကို သင်လုပ်မိတတ်တယ်။ ဒီလို သင်ရဲ့မိမိကိုယ်ကိုယ်ယုံကြည်မှု လွန်ကဲတဲ့အပြုအမူက တခြားလူကို မျက်စိစပါးမွေးစူးစေတတ်တယ်။ ကိုယ့်ရဲ့ပျော့ညံ့ချက်ကို ဝန်ခံဖို့၊ လက်ခံဖို့ သင့်အတွက်ခဲယဉ်းနေပြီး တခြားလူရဲ့ဟာကွက်ကိုပဲ သင်အပြစ်ရှာတတ်တယ်။ (ကျွန်မဒီလိုပြောတာကို သင် အင်မတန် စိတ်ဆိုးကောင်းစိတ်ဆိုးမယ်)။ အာဏာရှိတဲ့၊ သြဇာလွှမ်းမိုးတဲ့ ကိုယ်ဟန်အပြုအမူတချို့က အင်အားရှိတယ်၊ ခွန်အားရှိတယ်ဆိုပေမယ့် တကယ်လို့ ဒီလိုအပြုအမူမျိုးကို တစ်ကြိမ်မှာ နှစ်ခါအထက် သင်သုံးခဲ့မိရင် ခြိမ်းခြောက်နေတယ်လို့ လူတွေကိုခံစားစေပြီး အတူလက်တွဲပူးပေါင်းလုပ်မယ့် အလုပ်တွေ မလုပ်ဖြစ်၊ မအောင်မြင်ဖြစ်စေနိုင်ပါတယ်။ ဒါပေမဲ့ တကယ်လို့ ချက်ချင်းဆုံးဖြတ်ရမယ့်အခြေအနေ ဒါမှမဟုတ် အလျှင်လိုတဲ့ ကိစ္စတွေနဲ့ကြုံခဲ့ရင် ဒီလိုအပြုအမူတွေက တဖက်လူရဲ့စိတ်ကူးကို အမြန်ဖမ်းဆုပ်မိစေနိုင်ပါတယ်။

သင့်အတွက် စကားလက်ဆောင် ….. တကယ်လို့ သင်ဖက်ကမှားနေခဲ့တယ်ဆိုရင် ဒီလို ကိုယ့်ကိုယ်ကိုယုံကြည်မှုမျိုးက စိတ်ကြီးဝင်တဲ့ ယုံကြည်မှုမျိုးပဲဖြစ်ပါတယ်။ ----------------- အမည်မသိ

သင့်အောင်မြင်မှုရဲ့ ဆူးညောင့်ခလုတ် ….. သည်းခံစိတ်နည်းခြင်း (သင်ဝန်ခံချင်မှာတော့ မဟုတ်ဘူး။ ဒါပေမဲ့ အဖြစ်မှန်က အဖြစ်မှန်ပါပဲ။ ဒါကို သင်လည်းသိတယ်)


ယုံကြည်မှုအဆင့်… အသင့်တော်ဆုံး နေရာမှန်

တကယ်လို့ သင်ရွေးတဲ့အဖြေမှာ Bတွေများနေခဲ့ရင် သင်ဟာမွေးရာပါ ဦးဆောင်သူတစ်ဦးပါ။ ကိုယ်ဟန်အမူအရာနဲ့ မိမိကိုယ်ကိုယ်ယုံကြည်မှုကို သင်ပြည့်ပြည့်စုံစုံ ပေါင်းစပ်ထားပါတယ်။ သင့်ဘဝကို သင်ချုပ်ကိုင်ထားပါတယ်။ သင့်လှုပ်ရှားမှုကို သင်တာဝန်ယူထားပါတယ်။ သင့်ကိုယ်သင် အမှန်တကယ် ဝေဖန်ပိုင်းခြားနိုင်တယ်။ အခြေအနေကို အကျိုးသက်ရောက်နိုင်စွမ်းရှိတယ်လို့ သင့်ကိုယ်သင် ယုံကြည်ထားတယ်။ လိုအပ်တဲ့အချိန်မှာ တခြားရဲ့အာရုံကို ဖမ်းဆွဲနိုင်စွမ်း သင့်မှာရှိတယ်။ သင်မှာလည်း ကျုံ့နိုင်ဆန့်နိုင်တဲ့ စွမ်းရည်ရှိတယ်။ ထောက်ထားညှာတာစိတ်ရှိတယ်။ တခြားလူတွေနဲ့ ပေါင်းသင်းဆက်ဆံရေးကို အလွယ်တကူ တည်ဆောက်နိုင်တယ်။ လူ့ဘဝကို စိန်ခေါ်မှုတစ်ရပ်လို့ သင်ထင်မြင်ထားတယ်။ ကိုယ့်ကိုယ်ကို ပိုလုံခြုံတဲ့နေရာဆီတွန်းပို့ပြီး ပိုတိုးတက်ကောင်းမွန်ဖို့ သင်ဖမ်းဆုပ်တယ်။

လူတွေက သင်နဲ့တွေ့ရတာကို ဝမ်းသာကြတယ်။ သင်က ဟာသဉာဏ်ရွှင်ပြီး နားထောင်ကောင်းသူဖြစ်လို့ဖြစ်တယ်။ သင့်ရဲ့တည့်တည့်မတ်မတ်၊ ပွင့်လင်းခြင်းက လူတွေနဲ့အလွယ်တကူ အရောဝင်စေတယ်။ ဒါကြောင့် လူတွေက သင့်အနားကပ်ချိန်မှာ အခြိမ်းခြောက်ခံနေရတယ်၊ ဝေဖန်ခံနေရတယ်လို့ မခံစားစေပါဘူး။


သင့်အတွက် စကားလက်ဆောင်…. မိမိကိုယ်ကိုယ်ယုံကြည်မှုဆိုတာ အမြဲတမ်းမှန်ကန်ရမယ်ကိုဆိုလိုတာ မဟုတ်ပါဘူး။ အမှားလုပ်မိမှာကို မကြောက်တာကိုဆိုလိုတာဖြစ်တယ်။ _____________ (Peter T Mclntyre)

သင့်အောင်မြင်မှုရဲ့ ဆူးညောင့်ခလုတ် ….. ဘဝမှာ လှိုင်းကယက်လေးနည်းနည်းထရင် သင့်ရဲ့ကိုယ့်ကိုယ်ကိုယုံကြည်မှုကိန်းက အားပျော့သွားတတ်တယ်။ (သင့်ကို တိုးတိုးတိတ်တိတ်လေး ပြောပြချင်ပါတယ်။ သင်ဟာ ထူးခြားသူမို့ သင့်ရဲ့ကိုယ့်ကိုယ်ကိုယုံကြည်မှု နိမ့်ဆင်းသွားလည်း လူတွေ သတိမထားမိတတ်ကြပါဘူး)


ယုံကြည်မှုအဆင့်… စိုးရိမ်ကြောင့်ကြခြင်း

တကယ်လို့ သင်ရွေးတဲ့အဖြေမှာ Cတွေများနေခဲ့ရင် သင့်ကိုယ်သင်၊ သင့်ရာထူးအလုပ်အကိုင် ဒါမှမဟုတ် ကုမ္ပဏီအပေါ်ထားတဲ့ သင့်ယုံကြည်စိတ်တွေ လျော့နည်းနေတဲ့အကြောင်း တခြားလူကို သင်ထင်မြင်စေနိုင်ပါတယ်။ “ရှက်ရွံ့ခြင်း”ဆိုတဲ့ မျက်နှာဖုံးအောက်မှာ သင်ပုန်းအောင်းနိုင်ကောင်း ပုန်းအောင်းနေလိမ့်မယ်။ ဆုံးရှုံးရမှာစိုးလို့၊ အရှက်ရမှာစိုးလို့၊ သင်ကိုယ်တိုင် ဒါမှမဟုတ်တခြားလူကို မျှော်လင့်ချက်မဲ့စေမှာစိုးလို့ စတဲ့အခြေအနေမျိုးကို သင်ရှောင်ရှားတတ်တယ်။

နောက်ပြီး တစ်ခါတလေ ကုမ္ပဏီရဲ့ ဈေးကွက်စစ်ဆေးရေးအဖွဲ့ခွဲထဲ သင့်သဘောနဲ့သင် ပါဝင်တာပဲဖြစ်ဖြစ်၊ အင်တာနက်ပေါ်က သူငယ်ချင်းတွေနဲ့ သင်တွေ့ဆုံတာပဲဖြစ်ဖြစ်၊ (သင့်ကိုယ်သင်ကတော့ “ထိုးဖောက်နိုင်ဖို့ ကြိုးစားနေတာ” လို့ ပြောမှာပေါ့) ဒါမှမဟုတ် စိန်ခေါ်မှုသစ်တွေကို မလွဲမရှောင်သာ သင်လက်ခံရတာပဲဖြစ်ဖြစ် အဲဒီလိုအခြေအနေမျိုးမှာ သင်ဟာ စိတ်မပါလက်မပါဖြစ်ရင်ဖြစ်မယ်၊ ဒါမှမဟုတ် တစ်ချိန်လုံး မကျေမနပ်ညည်းတွားပြီး သင့်ကိုယ်သင်ပိတ်ပင်မယ် (“ငါ့အတွက် ဒါဟာ ခက်လွန်းနေတယ်”၊ “ငါဦးနှောက်ခြောက်လာပြီ”၊ “တခြားအလုပ်နဲ့ ငါရှုပ်နေလို့”၊ “အဲဒီမှာ လူကောင်းတစ်ယောက်တောင်မှ မရှိပါဘူးကွာ” စသည်ဖြင့်)။ လူတွေက သင့်ကိုပဲ အမြဲဝေဖန်နေတယ်လို့ သင်ထင်တယ်၊ တစ်ခါတလေ သင့်ကိုယ်သင် အထီးကျန်လွန်းတယ်လို့ သင်မြင်တယ်။


စိတ်မပူပါနဲ့… သင် အထီးမကျန်ပါဘူး။ နာမည်ကြီးသရုပ်ဆောင် Sally Fieldက ဒီလိုစကားတစ်ခွန်း ပြောခဲ့ဖူးပါတယ်။

“ကျွန်မအချိန်အများကြီးပေးပြီးမှ တခြားလူရဲ့အကြည့်နဲ့ ကိုယ့်ကိုယ်ကို မဝေဖန်၊ မပိုင်းခြားမိဖို့ သင်ယူခဲ့ရတယ်” (လူတွေက သူတို့ကိုယ်သူတို့ ဆင်ခြေသုံးသပ်တဲ့အချိန်က တခြားလူတွေကို ဆင်ခြင်သုံးသပ်တဲ့အချိန်ထက် နည်းနေတယ်)


သင့်အတွက် စကားလက်ဆောင်…. ကျွန်တော်၂နှစ်အရွယ်မှာ တစ်နှစ်လွန်တာနဲ့ ကျွန်တော်တဝက်အိုစာသွားပြီဆိုပြီး အရမ်းစိုးရိမ်ကြောင့်ကြဖြစ်ခဲ့တယ်။ ဒီလိုသာဆက်သွားနေရင် နောင်(၆)နှစ်ကြာရင် ကျွန်တော်အသက်(၉ဝ)ဖြစ်သွားမယ်လို့ ကျွန်တော်ထင်တယ်။____________ (Stephen Wright)

သင့်အောင်မြင်မှုရဲ့ ဆူးညောင့်ခလုတ် ….. ကိုယ်ကိုယ်တိုင်အပေါ် အပျက်သဘောဆောင်စကားများ ပြောခြင်း (ရှက်တတ်တယ်၊ ထုံအတယ်၊ ရုပ်ဆိုးတယ်၊ ဝလွန်းတယ်၊ ဦးနှောက်မကောင်းဘူး၊ ပျင်းတယ်၊ ကလေးဆန်တယ် စတဲ့ အပျက်ဆောင်တံဆိပ်တွေ သင့်ကိုယ်သင်ကပ်ပေးတတ်တယ်)


ယုံကြည်မှုအဆင့်… ရင်ထဲကိန်းဝပ်နေတဲ့ အောင်မြင်မှု

တကယ်လို့ သင်ရွေးတဲ့အဖြေမှာ A, B, Cတွေ ညီညီမျှမျှပါနေရင် သင်ဟာ သင့်ရဲ့ထူးခြားတဲ့လက္ခဏာကို ထုတ်ဖော်ပြသဖို့ ဦးတည်နေပါပြီ။ သင့်ကိုယ်သင်ယုံကြည်မှုပိုရှိဖို့နဲ့ သင့်ဘဝကို သင်ဖမ်းဆုပ်ထားတယ်လို့ နားလည်ဖို့ပဲ လိုပါတယ်။ အမှားကိုလုပ်မိတဲ့အခါ သင့်ကိုယ်သင်အပြစ်မတင်ပါနဲ့။ အမှားထဲကနေ ဘယ်လိုသင်ခန်းစာမျိုးကို သင်ယူနိုင်သလဲဆိုတာကို ရှာဖွေပါ။

“ဒီနေ့မဖြစ်ရင် နောက်တစ်ခေါက်ပေါ့”ဆိုတဲ့စကားကို မပြောပါနဲ့။
“ဘာလို့မဖြစ်နိုင်ရမှာလဲ? လုပ်ကိုလုပ်ရမယ်!”ဆိုတဲ့စကားကို ပြောပါ။
ရည်ရွယ်ချက်ချမှတ်ပြီး လုပ်ဖို့ သင်အသင့်ဖြစ်နေပြီဆိုရင် သင်ရဲ့ကိုယ်ဟန်အမူအရာတွေက အင်အားရှိလာပါတယ်။ ဒါပေမဲ့ စိန်ခေါ်မှုနဲ့ကြုံတဲ့အခါ ဒါမှမဟုတ် လုံလောက်တဲ့ပြင်ဆင်မှုတွေ မရှိတဲ့အခါ သင်ရဲ့ကိုယ်ဟန်အမူအရာတွေမှာ သံသယရှိခြင်း၊ စိတ်လှုပ်ရှာခြင်းစတဲ့ အသံတိတ်အချက်အလက်တွေ ပေါ်လာတတ်ပါတယ်။


သင့်အတွက် စကားလက်ဆောင်…. သင့်အတွင်းစိတ်မှာ ဘယ်လိုပဲခံစားနေရပါစေ အောင်နိုင်သူတစ်ဦးအဖြစ် ကြိုးစားထုတ်ဖော်ပြသပါ။ အနည်းငယ် သင်နောက်ကျကျန်နေပါစေ သင့်လျော်ပြီး ယုံကြည်မှုပြည့်ဝတဲ့အမူအရာကို ထုတ်ဖော်ပြသခြင်းအားဖြင့် စိတ်ဓာတ်ကိုမြင့်မား အင်အားရှိစေပြီး နောက်ဆုံးမှာ အနိုင်နဲ့အောင်ပွဲဝင်နိုင်ပါတယ်။ ______(Arthur Ashe)

သင့်အောင်မြင်မှုရဲ့ ဆူးညောင့်ခလုတ် …. အခြေအနေခက်ခဲလာတာနဲ့ သင်ဟာ သင့်ကိုယ်သင် လက်လွတ်ချင်လာတယ်။ (သင့်ရဲ့ကိုယ်ဟန်အမူအရာကြောင့် တခြားလူတွေကိုလည်း သတိပြုမိစေနိုင်ပါတယ်)

မူရင်းရေးသားသူ-- Janine Driver (You say more than you think)

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Friday, August 05, 2011

သင့်ရဲ့ခန္ဓာဘာသာစကား(body language) စိတ်ချယုံကြည်မှုကိန်း ဘယ်လောက်မြင့်သလဲ?


သင့်ရဲ့ကိုယ်ဟန်အမူအရာ(body language)က သင့်ကိုယ်သင်ယုံကြည်မှု(self-confidence)ကို ဘယ်လောက်ထိ ထုတ်လွှတ်ပေးနိုင်သလဲ? အခုပဲ ကျွန်မတို့ ကြည့်လိုက်ကြရအောင်… အောက်ကမေးခွန်းတွေမှာ သင်နဲ့ပိုသင့်တော်တဲ့အဖြေကိုရွေးပြီး သင်ရွေးထားတဲ့ A, B, C ကို ပေါင်းလိုက်ပါ။

(၁) မတ်တပ်ရပ်နေချိန်မှာ သင့်ခြေထောက်နှစ်ခုကြား အကွာအဝေး?

(A) ၂၅ စင်တီမီတာ
(B) ၁၅ _ ၂၅ စင်တီမီတာ
(C) ၁၅ စင်တီမီတာအောက်



(၂) ထိုင်နေချိန်မှာ သင့်ခြေထောက်အနေအထား?

(A) ခြေချိတ်ထားတယ်/ ဒူးပေါ်ကို နောက်ခြေတစ်ချောင်းတင်ထားတယ်
(B) ခြေနှစ်ချောင်းကို ဒီအတိုင်းအပြိုင်ချထားတယ်
(C) ခြေနှစ်ချောင်းကို ပူးထားတယ် ဒါမှမဟုတ် ခြေဖဝါးနှစ်ခုကို ယှက်ထားတယ်



(၃) ခေါင်း/ လည်ပင်းအနေအထား?

(A) ခေါင်းကို မော့ထားပြီး လည်ပင်းကိုဖော်ထားတယ်
(B) ခေါင်း၊ လည်ပင်း တည့်မတ်တယ်
(C) ခေါင်းရှေ့ငိုက်ပြီး လည်ပင်းကိုကွယ်ထားတယ်



(၄) ပုခုံးအနေအထား?

(A) နောက်လှန် (ရင်ကော့) ထားတယ်
(B) ဖြည်လျော့ထားတယ်
(C) ရှေ့ကိုအနည်းငယ် ငိုက်ချထားတယ်



(၅) တခြားလူနဲ့လက်ဆွဲနှုတ်ဆက်ချိန် သင့်လက်က….?

(A) လက်ဆန့်ထုတ်ချိန်မှာ လက်ဖဝါးကိုမှောက်ထားတယ်
(B) လက်ဆန့်ထုတ်ချိန် လက်ဖဝါးက မြေကြီးနဲ့ထောင့်မှန်ကျတယ်
(C) လက်ဆန့်ထုတ်ချိန်မှာ လက်ဖဝါးကိုလှန်ထားတယ်



(၆) စိတ်လှုပ်ရှားတဲ့အခါ သင့်လက်ကို ….?

(A) ကျောဖက် ဒါမှမဟုတ် တင်ပါးနောက် ပို့ထားလိုက်တယ်
(B) ကိုယ်ဘေးနှစ်ဖက်မှာပဲ ပေါ့ပေါ့ပါးပါးထားတယ်
(C) အိတ်ကပ်ထဲထည့်ထားတယ် ဒါမှမဟုတ် ခန္ဓာကိုယ်တစ်နေရာရာကို ထိတွေ့တယ်



(၇) လိုအပ်ချက်ကို တင်ပြတဲ့အခါ သင့်လက်က….?

(A) လက်ဖဝါးကို အောက်ဖက်မှောက်ထားတယ်
(B) လက်ဖဝါးကို အထက်လှန်ထားတယ်
(C) လက်နှစ်ဖက်ကို ယှက်ထားတယ် ဒါမှမဟုတ် လက်ကို အိတ်ကပ်ထဲထည့်ထားတယ်



(၈) စဉ်းစားတွေးတောချိန်မှာ သင်က…?

(A) လက်နှစ်ဖက်ရဲ့ လက်ညှိုးထိပ်တွေကိုထိထားတယ်/ ရှိခိုးတဲ့ပုံစံ
(B) မေးစေ့ကို လက်မ၊ လက်ညှိုးနဲ့ထောက်ထားတယ်
(C) နုတ်ခမ်းကိုက်တယ် ဒါမှမဟုတ် လက်နဲ့မေးရိုး၊ ပါးစပ်၊ နှာတံ၊ ဆံပင်တွေကို ပွတ်သပ်တယ်



(၉) လမ်းလျှောက်နေချိန်မှာ သင်က…?

(A) လက်မောင်းလှုပ်တယ်၊ တံတောင်ဆစ်ကို အပြင်ဖက်လှည့်ထားပြီး ဒရိမ်းဒရိုင်လျှောက်တယ်
(B) လက်ကို ကိုယ်မှာကပ်ထားပြီး လက်မောင်းလှုပ်ရုံလျှောက်တယ်
(C) လက်ကို အိတ်ကပ်ထဲထည့်ထားတယ်



(၁ဝ) တခြားလူရဲ့ စကားကိုနားထောင်နေချိန်မှာ သင်က…..?


(A) ခေါင်းကိုမတ်ပြီး တစ်ဘက်သားကိုကြည့်တယ်
(B) ခေါင်းကိုအနည်းငယ်စောင်းပြီး တစ်ဘက်သားကိုကြည့်တယ်
(C) ခေါင်းကိုတခြားဖက်လှည့်ပြီး နားကို စကားပြောသူဖက်လှည့်ထားတယ်။ သိပ်မငဲ့ကြည့်ဘူး။



(၁၁) တခြားလူတွေနဲ့ သင်ဘယ်လို အကြည့်ချင်းဆက်ဆံသလဲ?

(A) တစ်ဖက်လူရဲ့ နှဖူး၊ ပါးစပ်အပါအဝင် မျက်နှာတစ်ခုလုံးကိုကြည့်တယ်
(B) တစ်ဖက်လူရဲ့ မျက်ခုံးနှစ်ဖက်ကနေ နှာထိပ်ဖျားထိ တြိဂံနေရာကို အာရုံစိုက်ပြီးကြည့်တယ်
(C) တစ်ဖက်လူကို တည့်တည့်မကြည့်ဘဲ အောက်ကိုပဲ ငုံ့ကြည့်တယ်



(၁၂) စိတ်တိုတဲ့အခါ သင်က…?

(A) မျက်မှောင်ကြုတ်ပြီး သဘောမတူကြောင်းပြတယ်/ အော်ဟစ်တယ်
(B) မျက်နှာမာနဲ့ အပြုံးအရယ်မရှိဘူး၊ မေးစေ့ထားတယ်
(C) နုတ်ခမ်းစူထားတယ်



(၁၃) လူတွေနဲ့ စကားပြောတဲ့အချိန် သင့်ရဲ့ချက်နေရာကို ဘယ်ဖက်ဦးတည်ထားသလဲ?


(A) ခါးပေါ်လက်ထောက်ပြီး စကားပြောတဲ့လူဖက် ဦးတည်ထားတယ်
(B) စကားပြောတဲ့လူဖက် ဦးတည်ထားတယ် (တကယ်လို့ လက်ကို အိတ်ကပ်ထဲထည့်ထားရင် လက်မကိုအိတ်ကပ်ပြင်ဖက် ထုတ်ထားတယ်

(C) တစ်ဖက်ကိုလှည့်ထားတယ် (တကယ်လို့ လက်ကို အိတ်ကပ်ထဲထည့်ထားရင် လက်မကိုအိတ်ကပ်ပြင်ဖက် ထုတ်မထားဘူး



(၁၄) တခြားလူနဲ့ အတူထိုင်နေချိန်မှာ သင်က… ?

(A) တစ်ဖက်လူနဲ့ မျက်နှာချင်းဆိုင်ထိုင်တယ်
(B) သူတို့နဲ့တစောင်းထိုင်တယ် ဒါမှမဟုတ် သူတို့ဘေးမှာထိုင်တယ်
(C) မသေချာဘူး.. တစ်ခါမှ သတိမထားမိဘူး



(၁၅) သင်ခေါင်းညိတ်တဲ့အရှိန် ဘယ်လောက်မြန်လဲ?

(A) အရမ်းမြန်တယ်
(B) မမြန်၊ မနှေး အလယ်အလတ်ပါပဲ
(C) အရမ်းနှေးတယ်



(၁၆) အစည်းအဝေးခန်းမှာ သင်ထိုင်တဲ့ အနေအထားက… ?

(A) နေရာကျယ်ကျယ်ယူထားပြီး နောက်ဖက်ကို စိတ်လက်သာသာမှီထားတယ်။ တံတောင်ကို အပြင်ဖက်ထုတ်ထားတယ်

(B) လက်နှစ်ဖက်ကို ဖြေလျော့ပြီး စားပွဲဖြန့်တင်ထားတယ်
(C) လက်မောင်းနှစ်ဖက်ကိုယှက်ထားတယ် ဒါမှမဟုတ် စားပွဲပေါ်တင်ထားတယ်



(၁၇) တခြားလူနဲ့ အခန်းထဲကနေ အတူထွက်ခွာချိန် သင်က…?


(A) လက်ကို တစ်ဖက်လူပုခုံးပေါ်တင်ပြီး ထွက်သွားဖို့လမ်းညွန်ပေးတယ်
(B) ထွက်ပေါက်ဖက် လက်ညွန်ပြီး တစ်ဖက်လူကို အရင်ထွက်စေတယ်
(C) ကိုယ်တိုင်အရင် ထွက်တယ်



(၁၈) စားပွဲပတ်လည်မှာ (၁ဝ)မိနစ်ခန့် အသေးစား အစည်းအဝေးကျင်းပတဲ့အခါ သင်က..?


(A) တစ်ချိန်လုံး ရပ်နေမယ်
(B) စစချင်းမိနစ်အနည်းငယ်မှာ ရပ်နေမယ် ပြီးရင် ထိုင်ချမယ်
(C) ချက်ချင်းထိုင်ချပြီး စကားစပြောမယ်



(၁၉) သင်ထိုင်တဲ့အနေအထားက ဘယ်လိုလဲ?

(A) ပုခုံးနောက်ပစ်ပြီး တည့်တည့်ထိုင်တယ်
(B) သက်တောင့်သက်သာနဲ့ ရှေ့ကိုနည်းနည်းပိုရောက်နေတယ်
(C) သက်တောင့်သက်သာနဲ့ နောက်ကိုမှီထားတယ်



(၂ဝ) အစည်းအဝေးကနေ ခွာခါနီး သင်က….?

(A) တခြားလူရဲ့လက်မောင်း ဒါမှမဟုတ် ပေါင်ကိုထိပုတ်ပြီး သင်ထွက်ခွာမယ့်အကြောင်းပြောတယ်
(B) ချက်နေရာကို တံခါးဖက်ဦးတည်ထားတယ်။ ကုလားထိုင်ကို လက်နဲ့တင်းတင်းဆုပ်ပြီး ထွက်ခွာဖို့ ထရပ်ပြင်ဆင်တယ်

(C) တစ်ဖက်လူ စကားပြောအပြီးကိုစောင့်တယ်၊ ဒါမှမဟုတ် တခြားလူဆွေးနွေးတာကို ပြီးအောင်ထိုင်စောင့်တယ်


ရေးလက်စ စာလေးတစ်ခုပါ.... ကိုယ့်ရဲ့အမူအရာက ကိုယ့်ကိုယ်ကိုယုံကြည်မှု ဘယ်လောက်ရှိကြောင်း ပြသနေသလဲ?... စိတ်ဝင်စားတဲ့သူတွေ သင့်တော်တဲ့အဖြေကိုရွေးပြီး A ဘယ်နှခု၊ B ဘယ်နှခု၊ C ဘယ်နှခုရတယ်ဆိုတာကို ပေါင်းထားလိုက်ပါ။ အဖြေကို ဘာသာပြန်ပြီးရင် တင်ပေးပါမယ်..း)

နိုင်းနိုင်းစနေ


Share/Bookmark