Friday, September 30, 2011

နာမည်လှလှရွေးပေးပါ....


လွန်ခဲ့တဲ့(၄)ရက်က ကျွန်မဆီ အီးမေးလ်တစ်စောင်ရောက်လာတယ်။ ကျွန်မဘလော့မှာ ကလေးနာမည်ရွေးပေးတာကို ဖတ်ရလို့တဲ့.. ကလေးအမေတစ်ယောက်က ကလေးနာမည်ရွေးပေးဖို့ လှမ်းအကူအညီတောင်းလိုက်တဲ့ အီးမေးလ်လေးပါ။ အရင်က သားယောက်ျားလေးတစ်ယောက်ကို နာမည်လှလှလေး ဝိုင်းရွေးပေးလိုက်တာကို သူလည်းအားကျလို့ ထင်ပါရဲ့.. (အဲဒီသားယောက်ျားအမေက ဘာနာမည်ရွေးသွားသလဲ မသိရ)။ ကျွန်မရဲ့ကလေးနာမည်ရွေးဖို့ အခက်အခဲဖြစ်နေလို့ အကူအညီပေးပါဦး အစ်မရယ်ဆိုတာနဲ့ ဘလော့မှာတင်ပြီး အကူအညီတောင်းလိုက်ပြန်ပါတယ်။ စာဖတ်သူတွေ၊ တတ်သိသူတွေ ကလေးနာမည်ဝိုင်းရွေးပေးကြလို့ ကျွန်မလည်း ရောယောင်ပြီး ကလေးနာမည်ရွေးတဲ့ဘလော့ဂါ ဖြစ်လို့နေပြီလားတောင် မသိတော့ပါဘူး :P

ဒီကလေးရဲ့နာမည်ကို ရွေးဖို့ခက်ရတာက အဖေကလည်း စနေ၊ အမေကလည်း စနေ၊ အဖွားနှစ်ယောက်ကလည်း စနေတွေဖြစ်နေလို့ပါတဲ့။ နေ့နံခိုက်တတ်တယ်ဆိုလို့ သင့်တော်တဲ့နာမည်တစ်ခုကို စဉ်းစားရွေးပေးကြပါတဲ့။ စနေ....စနေနဲ့ခိုက်မှာစိုးတယ်ဆိုပြီး ဒီကစနေသမီးကို သူက အကူအညီလာတောင်းနေတယ် :O

ကလေးက ၁၃-၉-၂ဝ၁၁နေ့လည်(၁)နာရီမှာမွေးတဲ့ အင်္ဂါသမီးလေးပါတဲ့။ သူကတော့ နာမည်ဘယ်နှစ်လုံး၊ ဘာစာလုံးပါချင်တယ်လို့ ပြောမထားပါဘူး။ အင်္ဂါသမီးဖြစ်ပြီး နိုင်းနိုင်းစနေကို အကူအညီလာတောင်းတယ်ဆိုတော့ ကျွန်မကတော့ တန်းတန်းအင်္ဂါ(၁ဝ၁ဝအင်္ဂါ)လို့ နာမည်ပေးလိုက်ချင်ပါတယ်.... ဟား..ဟား... (စတာနော်.. ရာဇဝင်ရှိတယ်း)

စနေမောင်နှံနှစ်ဦးရဲ့ အင်္ဂါသမီးလေးအတွက် နာမည်လေးဝိုင်းရွေးပေးကြပါဦးလို့
တတ်သိတဲ့စာဖတ်သူတွေကို ကျွန်မကပဲ အကူအညီတောင်းလိုက်ပါတယ်.. အားလုံးကျေးဇူးတင်ပါတယ်..

နိုင်းနိုင်းစနေ


Share/Bookmark

Wednesday, September 28, 2011

မှားပို့မိတဲ့ စာတိုလေးတစ်ကြောင်း....


လွန်ခဲ့တဲ့နှစ်အတော်ကြာက သူတို့နှစ်ယောက်ချစ်ကြိုက်နေတဲ့ အချိန်ကပေါ့....

ဟမ်းဖုန်းဝယ်လာတဲ့ ပထမတစ်နေ့မှာ ဆန့်ကျင်ဖက်ဘတ်စ်ကားပေါ်မှာ သူတို့လိုက်ပါရင် သူမ ဆီကနေ "နင့်ကိုလွမ်းတယ်"ဆိုတဲ့ စာတိုလေးတစ်ကြောင်းကို သူရလိုက်တယ်။ ဒါဟာ သူတို့နှစ်ယောက်ကြားက စာတိုတွေအပြန်အလှန်ပို့တဲ့ ပထမဆုံးအကြိမ်ပေါ့။ ကာလအတော်ကြာတဲ့အထိ အဲဒီစာတိုလေးကို သူ မဖျက်ရက်ခဲ့ဘူး။

အဲဒီတုန်းက သူတို့ဟာ ဒီမြို့ရဲ့အရှေ့အနောက်အရပ်ဆီမှာ ခွဲနေကြရသူတွေပေါ့။ တစ်ယောက်နဲ့တစ်ယောက် တွေ့ဆုံချိန်နည်းခဲ့တဲ့ သူတို့နှစ်ယောက်အတွက် ဟမ်းဖုန်းကနေပို့တဲ့ စာတိုလေးက သူတို့ရဲ့ လွမ်းစာ၊ ချစ်စာတွေဖြစ်ခဲ့ကြတယ်။ တစ်ညနေမှာ စကားတွေပြောကြဖို့ သူတို့အချိန်ချိန်းခဲ့တယ်။ သူမဆီကို သူစာတိုတွေ သုံးလေးခေါက်ပို့ခဲ့လည်း သူမဆီက ပြန်စာမရခဲ့ဘူး။ ဖုန်းဆက်တော့လည်း မကိုင်ဘူး။ သူ စိတ်ပူမိတယ်။ အဝတ်အစားကောက်လဲပြီး ချက်ချင်းပဲ သူမနေတဲ့နေရာဆီ သူသွားခဲ့တယ်။ ဖြစ်ချင်တော့ သူမက အဝတ်လျှော်နေတဲ့အချိန် ရေသံကြောင်း သူ့ရဲ့အချစ်သံလေးကို သူမ မကြားခဲ့တာဖြစ်တယ်။ သူ့ရဲ့စိုးရိမ်စိတ်က သူမကို မျက်ရည်ဝဲစေတဲ့အထိ ခံစားစေခဲ့တယ်။

သိပ်မကြာပါဘူး.. သူတို့ လက်ထပ်လိုက်ကြတယ်။

ဖုန်းနဲ့ စာတိုလေးတွေ အပြန်အလှန် သူတို့ပို့နေကြတုန်းပဲ။ ဒါပေမဲ့ စာအများက ရိုးရိုးရှင်းရှင်းတွေပဲဖြစ်တယ်။

"ဘယ်မှာလဲ?" .... "ကားစောင့်နေတယ်"

"ဘယ်အချိန် အိမ်ရောက်မလဲ?"........... "နောက် ဆယ်မိနစ်"

တကယ်တော့ သူဟမ်းဖုန်းထဲမှာ တခြားကပို့လာတဲ့ စာတိုတွေက ပိုများခဲ့တယ်။ စာတိုတွေများလာတာနဲ့အမျှ သူမ ပို့တဲ့စာတိုကို သူအရင်ဆုံး ဖျက်ပစ်တတ်တယ်။

သူတို့ရဲ့ အိမ်ထောက်သက်လေး (၈)နှစ်ပြည့်ခဲ့ပါပြီ။ အချိန်ကြာလာတာနဲ့အမျှ အချစ်ဆိုတဲ့အရာက တဖြေးဖြေးပါးလျားလာပြီး မျက်စိနဲ့တောင် မမြင်နိုင်ခဲ့တော့ဘူးလို့ သူထင်ခဲ့တယ်။ အဲဒီအချိန်မှာ "မေ"ဆိုတဲ့ အမျိုးသမီးတစ်ယောက် သူ့ဘဝထဲကို အချိန်ကိုက်ဝင်ရောက်လာခဲ့တယ်။ သူနဲ့မေက သဘာဝကျကျ ရင်းနှီးကျွမ်းဝင်ခဲ့ကြတယ်။

တစ်ညမှာ သူနဲ့မေ တည်းခိုခန်းတစ်ခုမှာတွေ့ဖို့ ချိန်းခဲ့ကြတယ်။ သူ ဘာအားစိုက်စရာမှမလိုဘဲ မေက လိုက်လိုက်လျောလျော လက်ခံခဲ့တယ်။ ညတဖြေးဖြေး နက်လာခဲ့တယ်။ အားရကျေနပ်စွာနဲ့ တည်းခိုခန်းဖက် သူကားမောင်းလာခဲ့တယ်။ အဲဒီမှာ အတွေးတစ်ခုက ရုတ်တရက် သူ့ခေါင်းထဲရောက်လာခဲ့တယ်။ မေ သူ့ကို တကယ်ချစ်မချစ် သူစမ်းကြည့်ချင်လာတယ်။ အဲဒီလိုနဲ့ ကားရပ်ပြီး မေ့ဆီ သူစာတိုလေးတစ်ကြောင်း ရေးပို့လိုက်တယ်။

"မောင်ကားအက်ဆီဒင့်ဖြစ်လို့ xxx လမ်းဝကို အမြန်လာခဲ့ပါ"

အချိန်တော်တော်ကြာတဲ့အထိ မေဆီက ဘာပြန်စာမှမရတော့ သူ နောက်တစ်ကြိမ်ထပ်ပို့လိုက်တယ်။ ဘာပြန်စာမှ မရခဲ့ပါဘူး။ ဒါကို သူကစိတ်တိုတိုနဲ့ ကားမောင်းထွက်ဖို့ ပြင်တယ်။ အဲဒီအချိန်မှာ အရှိန်ပြင်းပြင်းနဲ့ ကားဘရိတ်အုပ်သံကို သူကြားလိုက်တယ်။ ကားတစ်စီးသူ့ဘေးမှာ ထိုးရပ်ပြီး ကားပေါ်ကနေ အဝတ်အစားပိုသီပတ်သီဝတ်ထားတဲ့ အမျိုးသမီးတစ်ယောက် အမြန်ဆင်းလာတယ်။ အမျိုးသမီးကို သူသေချာကြည့်လိုက်တော့ သူ့ အမျိုးသမီးဖြစ်နေတယ်။ ဖုန်းကို သူအမြန်ကြည့်လိုက်မိတယ်။ တကယ်တော့ မေ့ဆီပို့မယ့် ဒုတိယစာတိုကို သူ့အမျိုးသမီးဆီ မှားပို့လိုက်မိတာဖြစ်တယ်။

သူ့ကားမှန်ကို သူမ ခပ်ပြင်းပြင်းခေါက်ပြီးမေးတယ်။

"မောင်... မောင် ဘာဖြစ်သွားသေးလဲ?"

"ပြင်းပြင်းထန်ထန် မဟုတ်ပါဘူး။ ထိမိရုံလေးပါ"

ူပြောပြောဆိုဆို စိုးရိမ်ပူပန်နေတဲ့သူမကို သူ့ရင်ခွင်ထဲဆွဲသွင်းပြီး တင်းတင်းလေး ပွေ့ထားလိုက်မိတယ်။

"မိုင်ပေါင်းထောင်ချီဝေးလည်း သင့်ကိုချစ်တဲ့သူက သင့်နဲ့အနီးဆုံးမှာ အမြဲရှိနေပါတယ်၊ နီးနီးကပ်ကပ်ရှိနေလည်း သင့်ကိုမချစ်တဲ့သူက သင့်နဲ့အဝေးဆုံးမှာ ရှိနေပါတယ်" ဆိုတဲ့စကားကို သူကြားယောင်လိုက်မိတော့တယ်။

မူရင်း-- http://www.xiaole8.com/ganrengushi/2264.html

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Sunday, September 25, 2011

အချစ်ဆိုတာ ဘာလဲ?


ကျွမ်းကျင်သူပညာရှင်တစ်စုက အသက်(၄)နှစ်က (၈)နှစ်အရွယ်ထိ ကလေးတွေကို "အချစ်ဆိုတာ ဘာလဲ?"ဆိုတဲ့မေးခွန်းကို မေးခဲ့ကြတယ်။ လူတွေထင်မှတ်မထားလောက်တဲ့ ကလေးတွေရဲ့ ကျယ်ပြန့်လေးနက်တဲ့အဖြေကို တွေ့ခဲ့ရပါတယ်။ သင့်ရော.. အချစ်ကို ဘယ်လိုသတ်မှတ်ထားသလဲ?

(၁) သမီးရဲ့ဘွားဘွားက အဆစ်ရောင်ရောဂါရှိတယ်။ သူက ခါးကုန်းပြီးခြေသည်းမညှပ်နိုင်ဘူး။ ဒါကို ဘိုးဘိုးကညှပ်ပေးတယ်။ ဘိုးဘိုးက သူ့လက်ဆစ်ရောင်တာကိုတောင်မမူဘဲ လုပ်ပေးတယ်။ ဒါဟာ အချစ်ဖြစ်တယ်။ --- Rebecca (၈)နှစ်

(၂) လူတစ်ယောက်က သင့်ကိုချစ်မိပြီဆိုရင် သင့်နာမည်ကိုခေါ်တဲ့ သူ့အခေါ်ကပြောင်းသွားတယ်။ သူ့ပါးစပ်ကနေ ထွက်လာတဲ့ သင့်နာမည်က သင့်ကိုခံစားမှုကောင်းတွေပေးတယ်။ --- Billy (၄)နှစ်

(၃) အချစ်ဆိုတာ မိန်းကလေးက ရေမွှေးဆွတ်၊ ယောက်ျားလေးက အော်ဒီကလုံးရေမွှေးဖြန်း.. အဲဒီနောက် သူတို့ချိန်းတွေကြပြီး အချင်းချင်း အနံ့ခံကြတာဖြစ်တယ်။ ---- Carl (၅)နှစ်

(၄) အချစ်ဆိုတာ အပြင်ထွက်အစာစားချိန် သင်က သင့်ရဲ့အာလူးချောင်းကြော်တွေကို တစ်စုံတစ်ယောက်ကို ပေးလိုက်တယ်။ အဲဒီတစ်စုံတစ်ယောက်က သူ့ရဲ့အစားအစာတွေ သင့်ကိုပြန်ပေးမပေးဆိုတာကို သင်ဂရုမစိုက်ခဲ့ဘူး။ ----- Krist (6)နှစ်

(၅) အချစ်ဆိုတာ သင်ပင်ပန်းတဲ့အချိန် သင့်ကိုပြုံးစေ၊ ရယ်မောစေတဲ့အရာဖြစ်တယ်။ --- Terry (၄)နှစ်

(၆) အချစ်ဆိုတာ မေမေကဖေဖေကို ကော်ဖီဖျော်ပေးပြီး ဖေဖေ့ကိုမပေးခင် အရသာကောင်းမကောင်း တစ်ငုံအရင်သောက်ကြည့်တာဖြစ်တယ်။ --- Danny (၇)နှစ်

(၇) အချစ်ဆိုတာ သင်တို့အချင်းချင်း နမ်းရှုံ့ကြတယ်။ အဲဒီနောက် နမ်းရှုံ့ဖို့ကို သင်တို့ငြီးငွေ့သွားကြတယ်။ ဒါပေမဲ့ သင်တို့အတူရှိနေကြတယ်။ သင်တို့စကားတွေ အများကြီးပြောကြတယ်။ ဖေဖေနဲ့မေမေက အဲဒီလိုပဲ။ သူတို့နမ်းတဲ့အခါ မြင်ရသူအဖို့ အရမ်းညစ်ပတ်တယ်။ --- Emily (၈)နှစ်

(၈) အချစ်ဆိုတာ သင့်အခန်းထဲမှာ သင်ခရစ္စမတ်လက်ဆောင်ဖြည်နေတဲ့အချိန် ဖြည်နေတာကိုရပ်ပြီး သင့်ကို နားစွင့်စေတဲ့အရာဖြစ်တယ်။ --- Bobby (၇)နှစ်

(၉) တကယ်လို့ ပိုချစ်တတ်အောင် သင်, သင်ယူချင်ရင် သင်မုန်းတဲ့လူကနေ စပြီး သင်ချစ်သင့်တယ်။ --- Monica (၆)နှစ်

(၁ဝ) အချစ်ဆိုတာ ကောင်လေးတစ်ယောက်ကို နင်ဒီအင်္ကျီနဲ့အရမ်းလိုက်တယ်လို့ သင်ပြောပြီးတဲ့နောက် သူဟာအဲဒီအင်္ကျီကို နေ့တိုင်းဝတ်နေတာပဲဖြစ်တယ်။ --- Noel (၇)နှစ်

(၁၁) အချစ်ဆိုတာ အဘွားအိုလေး၊ အဘိုးအိုလေးနဲ့တူတယ်။ သူတို့ဟာ အချင်းချင်းဘယ်လောက်ပဲ နားလည်နားလည် သူတို့ဟာသူငယ်ချင်းပဲဖြစ်တယ်။---- Tommy (၆)နှစ်

(၁၂) စန္ဒားယားဖြေဖျော်တဲ့စင်ပေါ်မှာ ကျွန်မတစ်ယောက်ထဲ၊ ကျွန်မအရမ်းစိတ်လှုပ်ရှားနေတယ်။ စင်အောက်ကိုကြည့်တော့ စင်အောက်ကလူတွေအားလုံး ကျွန်မကိုကြည့်နေတယ်။ ဖေဖေကို ကျွန်မလှမ်းမြင်လိုက်တယ်။ ဖေဖေက လက်ဝှေ့ယမ်းပြီး ပြုံးပြတယ်။ ဖေဖေတစ်ယောက်ပဲ ကျွန်မကို ဒီလိုလုပ်ပြတယ်။ ကျွန်မ မကြောက်ရွံ့တော့ဘူး။ ----- Cindy (၈)နှစ်

(၁၃) မေမေက တခြားလူတွေထက် ကျွန်မကို ပိုချစ်တယ်။ ကျွန်မကို နမ်းပြီး အိမ်မောကျစေတာ မေမေတစ်ယောက်တည်းပဲရှိတယ်။ ---- Claire (၆)နှစ်

(၁၄) အချစ်ဆိုတာ အကောင်းဆုံးကြက်သားတစ်တုံးကို မေမေက ဖေဖေ့ပန်းကန်ထဲ ထည့်ပေးတဲ့အချိန်ဖြစ်တယ်။ ---- Elaine (၅)နှစ်

(၁၅) အချစ်ဆိုတာ ချွေးတွေနဲ့ တစ်ကိုယ်လုံးနံစော်နေတဲ့ဖေဖေကို မေမေက Charles Robert Redford ထက်ပိုချောတယ်လို့ ပြောတာဖြစ်တယ်။ --- Christine (၇)နှစ်

(၁၆) အချစ်ဆိုတာ သင့်ခွေးကလေးကို သင်တစ်နေကုန်ပစ်ထားပြီး ဂရုမစိုက်ခဲ့လည်း သင့်ခွေးကလေးက သင့်ပါးကို လာလျက်နေတုန်းဖြစ်တယ်။--- Mary Ann (၄)နှစ်

(၁၇) ကျွန်မရဲ့မမ ကျွန်မကိုချစ်မှန်း ကျွန်မသိတယ်။ မမက သူ့အဝတ်အစားဟောင်းတွေ ကျွန်မကိုပေးပြီး သူက အဝတ်အစားအသစ် မဖြစ်မနေထွက်ဝယ်ရတယ်။ ---- Lorine (၄)နှစ်

(၁၈) လူတစ်ယောက်ကို သင်ချစ်မိတဲ့အခါ သင်မျက်လုံးက မှိတ်တုတ်မှိတ်တုတ်နဲ့ မျက်လုံးထဲကနေ ကြယ်တွေထွက်လာတာဖြစ်တယ်။ ---- Kiven (၇)နှစ်

(၁၉) အချစ်ဆိုတာ မေမေက ဖေဖေ့ကိုအိမ်သာထဲမှာတွေ့သည့်တိုင် မေမေက ဒါကိုရွံ့စရာကောင်းတယ်လို့ မထင်တာဖြစ်တယ်။--- Mark (၆)နှစ်

(၂ဝ) "နင့်ကိုငါချစ်တယ်" လို့ မပြောပါနဲ့။ တကယ်လို့ သင်ပြောခဲ့ပြီဆိုရင် ဒါကိုသင်တကယ်လုပ်တော့မှာပါ။ တကယ်လုပ်ပြီဆိုတာနဲ့ "နင့်ကိုငါချစ်တယ်"လို့ မကြာခဏ သင်ပြောသင့်ပါတယ်။ လူတွေက ဒါကိုအမြဲမေ့နေခဲ့လို့ပါ။ ---- Jessica (၈)နှစ်

(၂၁) စာရေးဆရာတစ်ဦးက ပြိုင်ပွဲတစ်ခုမှာ သူဒိုင်လူကြီးလုပ်ခဲ့တဲ့ အတွေ့အကြုံကို ပြောပြတယ်။ အဲဒီပြိုင်ပွဲက ချစ်စိတ်အရှိဆုံးကလေးကို ရွေးထုတ်တာဖြစ်တယ်။ နောက်ဆုံးမှာ (၄)နှစ်အရွယ်ကလေးတစ်ယောက် အရွေးခံလိုက်ရတယ်။ အဲဒီကလေးငယ်ရဲ့အိမ်နီးချင်းက အသစ်ပြောင်းလာတဲ့ အဘိုးအိုတစ်ဦးဖြစ်တယ်။ တစ်နေ့မှာ အဘိုးအိုငိုနေတာကို ကလေးငယ်ကမြင်တော့ အဘိုးအိုရဲ့ခြံထဲဝင်ပြီး အဘိုးအိုရဲ့ပေါင်ပေါ်ထက်ထိုင်နေလိုက်တယ်။ နောက်တော့ ကလေးငယ်မေမေက ကလေးငယ်ကိုမေးတယ်။ အဘိုးအိုကို ဘာတွေသွားပြောသလဲဆိုတော့ ကလေးငယ်က "ဘာမှမပြောပါဘူး... သူ့ကို ကူငိုပေးလိုက်တယ်"လို့ ပြောခဲ့တယ်။

မူရင်း-- http://www.douban.com/group/topic/19554426/

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

ငိုတဲ့အချိန် ချော့မယ့်သူမရှိတဲ့အခါ.........


ငိုတဲ့အချိန် ချော့မယ့်သူမရှိတဲ့အခါ ကြံ့ကြံ့ခံတတ်ဖို့ ကျွန်မသင်ယူခဲ့တယ်။
ကြောက်တဲ့အချိန် အဖော်လုပ်မယ့်သူမရှိတဲ့အခါ သတ္တိရှိတတ်ဖို့ ကျွန်မသင်ယူခဲ့တယ်။
စိတ်ရှုပ်တဲ့အချိန် ဂရုစိုက်မယ့်သူမရှိတဲ့အခါ တောင့်ခံတတ်ဖို့ ကျွန်မသင်ယူခဲ့တယ်။
ပင်ပန်းတဲ့အချိန် မှီဖို့ပုခုံးတစ်စုံမရှိတဲ့အခါ ကိုယ့်ကိုယ်ကိုအားထားတတ်ဖို့ ကျွန်မသင်ယူခဲ့တယ်။

ဒီလိုနဲ့ ကျွန်မကိုယ်ကျွန်မ ရှာဖွေတွေ့ရှိခဲ့တယ်။

ဒီလိုနဲ့ ကျွန်မတဖြေးဖြေး ရင့်ကျက်ခဲ့တယ်။ ကျွန်မကို အလိုမကျစေတဲ့အရာ ကြီးကြီးမားမားလည်း မရှိခဲ့တော့ပါဘူး။ တစ်ခါတလေ အလိုမကျစေတဲ့အရာကလည်း ကျွန်မအတွက် ပျော်ရွှင်ခြင်းတစ်မျိုးဖြစ်ခဲ့ပါတယ်။

ဖတ်မိတာလေးပါ.. ဘာသာပြန်ပါတယ်

နိုင်းနိုင်းစနေ


Share/Bookmark

Friday, September 23, 2011

သတိရတဲ့ ဖုန်းမြည်သံ


အဲဒီနေ့က ပေါင်းသင်းဆက်ဆံရေးအကြောင်းပြောနေရင်း ဆရာက သူနဲ့သူ့သူငယ်ချင်းအကြောင်းကို ပြောပြတယ်။ ဆရာက "အချိန်တော်တော်များများမှာ ဆရာတို့က ဖုန်းကောက်ကိုင်ပြီးရင် ဘာပြောရမှန်းမသိ ဖြစ်သွားကြတယ်။ အဲဒီလိုနဲ့ နောက်တော့ သူ့ကို ဆရာသတိရရင် ဖုန်းကောက်ဆက်လိုက်တယ်။ ဖုန်းသံနှစ်ချက်မြည်ပြီးရင် ဖုန်းချလိုက်တယ်။ နောက်တော့သူလည်း ဒီလိုပဲ... ဆရာကို သူသတိရရင် ဖုန်းဆက်တယ်။ ဖုန်းသံနှစ်ချက်မြည်ပြီးရင် ဖုန်းချလိုက်တယ်။ ဒါဟာ အကျင့်တစ်ခုလို အခုချိန်အထိ ဆရာတို့ ကျင့်သုံးနေကြသေးတယ်"လို့ ပြောပြပါတယ်။

ဆရာ့စကားကို နားထောင်ပြီး ကျွန်မစိတ်မှာ ခံစားမှုတစ်မျိုးကလှိုက်ထလာပြီး ဖုန်းကိုကောက်ကိုင်မိရက်သား ဖြစ်သွားတယ်။ ပြီးတော့ အရင်ကအရမ်းကောင်းခဲ့ကြပြီး အခြေအနေကြောင့် အနေဝေးသွားခဲ့ကြတဲ့ သူငယ်ချင်းတွေရဲ့ဖုန်းနံပါတ်ကို ကောက်ဆက်လိုက်မိတယ်။ ကျွန်မတို့ဟာ ဆရာနဲ့သူ့သူငယ်ချင်းလို အပြန်အလှန်နားလည်မှု ရှိချင်မှရှိနိုင်မယ်ဆိုတာကို ကျွန်မတွေးမိလို့ သူတို့ဆီကို မက်ဆေ့တိုလေးတစ်ကြောင်း ရေးပို့လိုက်တယ်။

"ငါတို့ဆရာကပြောတယ်... တကယ်လို့ လူတစ်ယောက်ကို သတိရမိရင် သူ့ဖုန်းကို နှစ်ချက်လောက်ပေးမြည်လိုက်ပါတဲ့"

သူတို့ဆီက မက်ဆေ့လေးတွေ ကျွန်မချက်ချင်းပြန်ရခဲ့တယ်။ မက်ဆေ့တွေကိုဖတ်ရင်း သူတို့လည်း တစ်ခုခုခံစားသွားရပြီဆိုတာ ကျွန်မနားလည်လိုက်တယ်။ ကြည်နူးစိတ်နဲ့ ဖုန်းထဲက မက်ဆေ့တွေဆီကနေ ကျွန်မအကြည့်တွေ မခွာရက်အောင်ဖြစ်ခဲ့တယ်။

အကွာအဝေး... အကွာအဝေးဆိုတာ ကြီးလည်းမကြီး၊ ငယ်လည်းမငယ်တဲ့ အဟန့်အတားတစ်ခုပါ။ တစ်ချိန်တုန်းက ကျွန်မတို့ဟာ အတူဖက်ပြီး ငိုကောင်းငိုခဲ့ကြမယ်။ အတူသောက်စား ပျော်မြူးခဲ့ကြမယ်။ မိုးလင်းပေါက် အတူဆော့ကစားခဲ့ကြမယ်။ ဘာမဆို ပြောဆိုတိုင်ပင်ခဲ့ကြမယ်။ ဒါပေမဲ့ အခုအချိန်အခါမှာ ဘာပြောလို့ပြောရမှန်းမသိ ဖြစ်ကြရတယ်။ အရင်ကရှိခဲ့ဖူးတဲ့ ခင်မင်ရင်းနှီးမှုတွေ မပြောင်းခဲ့လည်း စိတ်ရဲ့အကွာအဝေးတွေက တဖြေးဖြေးဟလာခဲ့ကြတယ်။ အဲဒီကွာဟလာတဲ့နေရာမှာ စိမ်းကားတဲ့ရနံ့တွေက ဖြည့်ဝင်ခဲ့တယ်။ အဲဒီလိုဖြစ်ဖို့ကို ကျွန်မတို့ မမျှော်လင့်ခဲ့ပါဘူး။ ဒါပေမဲ့ လက်ရှိအခြေအနေကို ပြောင်းလဲဖို့ ခက်ခဲခဲ့ကြတယ်။ ဒီလိုနဲ့ ခံစားချက်တွေက တဖြေးဖြေးထုံကျင်လာခဲ့တော့တယ်။

တစ်နေ့နေ့ တစ်ချိန်ချိန်မှာ
အတူဆော့ကစားခဲ့ဖူးတဲ့ သူငယ်ချင်းတွေကို သတိရမိတော့ ဖုန်းဆက်လိုက်တယ်။ ဒါပေမဲ့ ဖုန်းနံပါတ်ကို နှိပ်မယ့်ဆဲဆဲတခဏမှာ ဘာပြောရရင်ကောင်းမလဲဆိုတဲ့ ခံစားချက်က တိုးဝင်လာတယ်။ ဒီလိုနဲ့ ဖုန်းနံပါတ်ကိုဆက်နှိပ်မယ့်လက်က ရပ်တန့်သွားခဲ့တယ်။ ခင်မင်ရင်းနှီးမှု တော်တော်များများက အချိန်ရဲ့တိုက်စားမှုကြောင့် ပိုပိုပြီးပါးလျားလာခဲ့တယ်။ နောက်ဆုံးကျန်ခဲ့မှာက ဟိုတုန်းကအမှတ်တရတွေနဲ့ သက်ပြင်းချသံတွေပဲဖြစ်တယ်။

နှစ်တွေ တစ်နှစ်ပြီးတစ်နှစ် ကုန်လွန်သွားခဲ့တယ်။ နင့်မှာလည်း နင့်အလုပ်နဲ့၊ ငါ့မှာလည်း ငါ့အလုပ်နဲ့ အလုပ်တွေများခဲ့ကြတယ်။ အရင်လို ရင်းရင်းနှီးနှီးနေရတဲ့အချိန်တွေ ကျွန်မတို့မှာ နည်းပါးလာခဲ့ကြတယ်။ လက်တွေ့ဘဝ၊ လက်ရှိအခြေအနေရဲ့ တိုက်စားမှုကြောင့် ခင်မင်ရင်းနှီးမှု ခပ်ပါးပါးဖြစ်လာတဲ့အခါ ကျွန်မတို့ရရှိတဲ့ မွေးနေ့တောင်းဆုဟာလည်း တဖြေးဖြေးနည်းလာခဲ့တယ်။ ဒါပေမဲ့ တောင်းဆုနည်းလေ ကျွန်မတို့ခံစားရလေ၊ စိတ်လှုပ်ရှားပျော်ရွှင်ရလေဖြစ်တယ်။ အချိန်ရဲ့တိုက်စားမှုကို ခံနိုင်ရည်ရှိတဲ့ ခင်မင်ရင်းနှီးမှုက ပိုတန်ဖိုးရှိခဲ့လို့ဖြစ်တယ်။

လူ့ဘဝရဲ့အချိုးအဆစ်တိုင်းမှာ မတူတဲ့ခင်မင်ရင်းနှီးမှုတွေ ဖြစ်ပေါ်လာတတ်ပါတယ်။

ကလေးဘဝ ရွံ့တွေနဲ့ဆော့ကစားခဲ့တာ ဘေးအိမ်က ကျစ်ဆံမြီးနှစ်ခွကျစ်ထားတဲ့ ကောင်မလေးနဲ့
တစ်ကိုယ်လုံးညစ်ပတ်နေတဲ့ ကောင်လေးနဲ့ပါ။

သူငယ်တန်းဘဝ ဟစ်အော်ကခုန်ကြ၊ ကြိုးခုန်ကြနဲ့ လယ်တောမြက်ရိုင်းထဲ ပြေးလွှားဆော့ကစားခဲ့တာ အပြစ်ကင်းဖြူစင်တဲ့ အတန်းဖော်သူငယ်ချင်းတွေပါ။


အလယ်တန်းဘဝ အတူစိတ်ကူးယဉ်၊ အတူဆန့်ကျင်ထကြွ၊ အတူရူးမိုက်ခဲ့တာ အကျင့်စရိုက်တူတဲ့ ကျောင်းကသူငယ်ချင်းတွေပါ။

အထက်တန်းဘဝ အချင်းချင်းရင်ဖွင့်ကြ၊ အတူတူကြိုးစားကြ၊ စာဖိအားတွေကို
အတူတူအံတုခဲ့ကြတာ ကိုယ့်ကိုနားလည်ဂရုစိုက်ပေးတဲ့ ဘော်ဒါတွေပါ။

တက္ကသိုလ်ကျောင်းသားဘဝ အတူတူပျော်ပါး၊ စိတ်ကူးအိပ်မက်အတွက် အတူတူရုန်းကန်၊ ရှေ့ဆက်လမ်းအတွက် အတူတူဝေဝါးခဲ့တာ
နိုင်ငံပေါင်းစုံကလာတဲ့ ကိုယ်နဲ့စိတ်ကူးအိပ်မက်တူတဲ့ သူငယ်ချင်းတွေပါ။

ကျောင်းပြီးလို့ အပြင်လောကရောက်တော့ အလုပ်အတွက် အတူကြိုးစားပျာများတဲ့၊ အလုပ်အခြေအနေ
တိုးတက်ဖို့ အတူကြိုးပမ်းခဲ့တာ မျက်နှာပေါ်မှာပင်ပန်းဒဏ်တွေ ပြည့်နှက်နေပြီး ဘဝလှိုင်းကြားမှာ မြှုပ်လိုက်ပေါ်လိုက်ဖြစ်နေတဲ့ လုပ်ဖော်ကိုင်ဖက်တွေပါ။

ရှည်လျားတဲ့ လူ့ဘဝလမ်းမပေါ်မှာ ကျွန်မတို့နံဘေးမှာ သူငယ်ချင်းတွေက အမြဲအဖော်ပြုရှိနေခဲ့ပါတယ်။ ဒီသူငယ်ချင်းတွေက မတူတဲ့ဇာတ်ကောင်အဖြစ်နဲ့ အလှည့်ကျသရုပ်ဆောင်နေကြပါတယ်။ သူတို့နဲ့ ခွဲခွာရချိန်တိုင်း၊ စွန့်ခွာရချိန်တိုင်း ကျွန်မတို့မှာ ဝမ်းနည်းခြင်းတွေနဲ့ ကောင်းချီးမင်္ဂလာတွေ ကျန်ရစ်ခဲ့တယ်။ လျစ်လျူရှုမိတိုင်း၊ နောက်ကိုပြန်လှည့်ကြည့်တိုင်း ကျွန်မတို့မှာ ပူဆွေးနောင်တနဲ့ မျှော်လင့်ချက်တွေ ကျန်ရစ်ခဲ့တယ်။

"ငါတို့ရဲ့ခင်မင်မှု အဓွန့်ရှည်ပါစေ။ နှစ်ပေါင်းများစွာကြာမြဲပါစေ" လို့ ကျွန်မတို့ပြောတတ်ကြတယ်။ တကယ်ပဲ ခင်မင်မှုတွေက အချိန်ကိုကျော်ဖြစ်နိုင်တယ်။ အကွာအဝေးကို ကျော်ဖြတ်နိုင်ပါတယ်။ ဒါပေမဲ့ အဲဒီခင်မင်မှုကို ကျွန်မတို့ကောင်းကောင်း တန်ဖိုးမထားခဲ့ရင် အချိန်ကိုကျော်ဖြတ်နိုင်သည့်တိုင် ပါးလွှလွှစိတ်ဝိညာဉ်ကိုတော့ ကျော်ဖြတ်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့်ူငယ်ချင်းတွေကို သတိရတဲ့အခါ သူ့ဖုန်းကိုကောက်ဆက်ပြီး မြည်သံနှစ်ချက်လောက် ပေးလိုက်ပါ။ ကမ္ဘာ့ရဲ့ထောင့်တစ်နေရာက သူငယ်ချင်းတစ်ယောက် သူ့ကိုသတိရနေတယ်ဆိုတဲ့အကြောင်း သူသိပါစေ။ ခင်မင်မှုတစ်ခုက ကမ္ဘာပျက်သုန်းတဲ့အထိ သူ့အနားမှာရှိနေကြောင်း သူသိပါစေ။

တကယ်လို့ သူ့ကိုသတိရခဲ့ရင် သူ့ဖုန်းကို မြည်သံနှစ်ချက်ပေးလိုက်ပါ။ အပြန်အလှန်နားလည်မှုတစ်ခု၊ ဂရုစိုက်မှုတစ်ခုကိုထိန်းထားနိုင်တဲ့ ခင်မင်ရင်းနှီးမှုတစ်ခုနဲ့ အချိန်ကိုကျော်ဖြတ်၊ သေဆုံးခြင်းကို ကျော်ဖြတ်ကြရအောင်။ အရာရာအားလုံး ပျက်သုန်းထိတိုင်အောင်ပေါ့............

ဒီစာကိုဖတ်ပြီးရင် သင်သတိရတဲ့သူငယ်ချင်းတွေရဲ့ဖုန်းကို မြည်သံနှစ်ချက်ပေးလိုက်ပါ.......

မူရင်း --- http://www.xiaole8.com/youqingwz/8120.html

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Thursday, September 22, 2011

မိဘတွေကို မပြောသင့်တဲ့ စကား(၁ဝ)ခွန်း


လူတော်တော်များများက ကိုယ့်မိဘတွေကို အောက်ကစကားဆယ်ခွန်းထဲက တစ်ခွန်း ဒါမှမဟုတ် တစ်ခွန်းထက်ပိုပြောခဲ့ဖူးကြမယ် ထင်ပါတယ်။ သားသမီးဖြစ်တဲ့ ကျွန်တော်တို့က မိဘတွေကို ဒီစကားတွေကိုထပ်မပြောတော့ဘဲ နားလည်ပေးကြရအောင်.. လူ့ဘဝက တိုတောင်းလွန်းပါတယ်။ ကိုယ့်နံဘေးက ဆွေမျိုးသားချင်း၊ ချစ်သူခင်သူ၊ သူငယ်ချင်းတွေကို တန်ဖိုးထားသင့်ပါတယ်။ ဆုံးရှုံးသွားမှ သူတို့က သင့်ဘဝမှာ ဘယ်လောက်အရေးပါကြောင်း သိတာမျိုးမဖြစ်ပါစေနဲ့။ မိဘတွေကို ရိုသေလေးစားပါ။ သင်ဘာအမှားပဲလုပ်လုပ် သူတို့က သင့်ကိုခွင့်လွှတ်ဖို့ အသင့်ရှိနေပါတယ်။ မိဘရဲ့ရင်ခွင်ဟာ သင့်အတွက် လေငြိမ်ရာအရပ် ထာဝရနားခိုရာဆိပ်ကမ်းဖြစ်ပါတယ်။

(၁)
အင်းပါ! အင်းပါ! သိပြီ... အရမ်းရှုပ်တာပဲ!

(၂) ကိစ္စရှိသေးလား? မရှိရင် ဖုန်းချတော့မယ်!
(မိဘတွေဖုန်းဆက်တာ စကားပြောချင်ရုံသက်သက်ဖြစ်လိမ့်မယ်။ သူတို့ရဲ့ရည်ရွယ်ချက်ကို ကျွန်တော်တို့ နားလည်ပေးသင့်ပါတယ်။
ဖုန်းကိုချဖို့ပဲ မလောပါနဲ့)

(၃) ပြောရင်လည်း နားလည်မှာမဟုတ်ပါဘူး။ မမေးပါနဲ့တော့!

(၄) မလုပ်ပါနဲ့လို့ အထပ်ထပ်ပြောထားရက်သားနဲ့..... လုပ်ထားတာတွေကလည်း မကောင်းဘူး။
(သူတို့အင်အားနဲ့မမျှတဲ့ အလုပ်ကိုလုပ်တဲ့အခါ ကျွန်တော်တို့က ဂရုတစိုက်နဲ့ သူတို့ကိုမလုပ်ဖို့တားတယ်။ ဒါပေမဲ့ ဒါဟာ သူတို့အသုံးမဝင်တော့ကြောင်း သူတို့ကိုခံစားစေပါတယ်)

(၅) ဟာ.. ဖေဖေ၊ မေမေတို့နည်းက ခေတ်တုံးနေပြီ။
(မိဘတွေရဲ့အကြံဉာဏ်က ကျွန်တော်တို့အတွက် အသုံးတည့်ချင်မှ တည့်လိမ့်မယ်။ ဒါပေမဲ့ ဒီထက်နားထောင်လို့ကောင်းတဲ့စကားကို ကျွန်တော်တို့ပြောသင့်ပါတယ်)

(၆) သားအခန်းကို မရှင်းပါနဲ့လို့ ပြောထားရက်နဲ့ အခုတော့ကြည့် ပစ္စည်းတွေရှာမတွေ့တော့ဘူး။
(ကိုယ့်အခန်းကို ကိုယ်တိုင်ရှင်းတာက ကောင်းပါတယ်။ မရှင်းချင်ရင် သူတို့ရဲ့စေတနာကိုတော့ မစော်ကားပါနဲ့)

(၇) သားဘာစားမယ်ဆိုတာ သားသိတယ်။ ဟင်းတွေ ထည့်ထည့်မပေးနဲ့တော့!
(ကျွန်တော်တို့အပြန်ကို စောင့်မျှော်နေကြတဲ့ မိဘတွေက သူတို့ရဲ့မေတ္တာ၊ သူတို့ရဲ့ဂရုစိုက်မှုတွေကို ကျွန်တော်တို့အတွက် အထူးစီမံထားတဲ့ထမင်းဟင်းတွေထဲ ထည့်ချက်ထားကြတယ်။ ဒါကို ကျွန်တော်တို့က ဆိတ်ဆိတ်ငြိမ်ငြိမ်နဲ့ လက်ခံလိုက်ရုံပါပဲ)

(၈) ဒီဟင်းကျန်တွေကို မစားပါနဲ့လို့ မှာထားရက်နဲ့ စကားကိုနားမထောင်ဘူး!
(သူတို့ရဲ့ တစ်သက်ချွေတာလာတဲ့အကျင့်တွေ ပြောင်းလဲရခက်ပါတယ်။ ဟင်းချက်ရင် တစ်နပ်စာချက်ဖို့ အကြံပေးတာက ပိုကောင်းပါတယ်)

(၉) သား ကိုယ့်ဘာသာကိုယ် ချင့်ချိန်ပြီး လုပ်တတ်တယ်။ တဗျစ်တောက်တောက် မပြောနဲ့ .. နားကိုငြီးတယ်။

(၁ဝ) ဒီပစ္စည်းတွေ မယူတော့ပါဘူးဆို ဘာဖြစ်လို့ ဒီမှာပုံထားရသေးတာလဲ!
(မိဘတွေက ကျွန်တော်တို့နဲ့အတူကြီးပြင်းလာခဲ့တဲ့ အရာတွေကို သိမ်းထားချင်တတ်ကြတယ်။ သူတို့သိမ်းထားတာတွေ တစ်အိမ်လုံးပြည့်နေပါစေ... နောင်တချိန်မှာ ကျွန်တော်တို့ကလေးဘဝက ဝတ်ခဲ့တဲ့အဝတ်အစားတွေကို ကျွန်တော်တို့တွေ့မိတဲ့အခါ ကျွန်တော်တို့ဝမ်းသာကြည်နူးကြဦးမယ် မဟုတ်ပါလား! )

မူရင်း -- http://share.youthwant.com.tw/sh?id=31023426&do=D

နိုင်းနိုင်းစနေ ဘာသာပြန်သည်။



Share/Bookmark

Tuesday, September 20, 2011

ဂျက်ကီချန်းရဲ့ပုံပြင်


ကျွန်တော်က နာမည်မရှိတဲ့ကလေးသရုပ်ဆောင်ဘဝက စခဲ့တာပါ။ ကျွန်တော် အသက်(၆)နှစ်အရွယ်မှာ ကျွန်တော့်ဖေဖေက ပြဇာတ်ရုံမှာ ကျွန်တော်ကို"ရောင်း"ခဲ့သလားတောင် ထင်ရပါတယ်။ အဲဒီကစ ပြဇာတ်တွေကို ကျွန်တော်စသင်ခဲ့တယ်။ အဲဒီတုန်းက ကျွန်တော်အရမ်းပင်ပန်းခဲ့တယ်။ စားဖို့ရှိရင်၊ အိပ်ရရင်ပဲ ကျွန်တော်အရမ်းကျေနပ်ခဲ့တယ်။ ကျွန်တော်ရဲ့ပထမဦးဆုံးကားဖြစ်တဲ့ "Butterfly Lovers"ကို ရိုက်တုန်းက အဲဒီဇာတ်မှာ ကျွန်တော်လူသေကောင်အဖြစ် သရုပ်ဆောင်ရတယ်။ ပထမဆုံးအကြိမ် သရုပ်ဆောင်တော့ ဒါရိုက်တာက ကျွန်တော့်ကိုဒေါသတကြီး ဆဲတယ်။ "မလှုပ်နဲ့.. မင်း သေနေပြီ။ မင်းဗိုက်က ဘာလို့လှုပ်နေသေးလဲ" တဲ့။ အဲဒီမှာ ကျွန်တော့်ကိုယ်ကျွန်တော် အရမ်းစိတ်ပျက်မိတယ်။ လူသေကောင်အဖြစ် သရုပ်ဆောင်တာတောင် ကျွန်တော်ကောင်းကောင်း သရုပ်မဆောင်နိုင်ခဲ့ဘူး။ အဲဒီနောက် ကျွန်တော်အသေးစိတ်ဂရုစိုက်ခဲ့တယ်။ ဘယ်အချိန်မှာ အသက်ရှုရမယ်။ ဘယ်အချိန်မှာ အသက်အောင့်မယ်။ ဘယ်အချိန်မှာ ကင်မရာက လူသေကောင်ဖက်လှည့်မယ်။ ဘယ်လိုသေရမယ်။ အဲဒီလိုနဲ့ တစ်ကြိမ်ပြီးတစ်ကြိမ်... နောက်ဆုံးမှာ ကျွန်တော်အကောင်းဆုံး "သေ"နိုင်ခဲ့ပါတယ်။

အဲဒီတုန်းက သိုင်းနည်းပြတစ်ဦးဖြစ်ဖို့ ကျွန်တော်စိတ်ကူးအိပ်မက်မက်ခဲ့တယ်။ သိုင်းနည်းပြရဲ့ဟန်ပန်က ခန့်ညားလို့ဖြစ်တယ်။ သိုင်းနည်းပြတစ်ဦးလုပ်ချင်ရင် ကင်မရာရိုက်ကွက်ကို အရင်နားလည်ရတယ်။ ဒီလိုနဲ့ ကင်မရာထမ်းသူအဖြစ် ကျွန်တော်(၂)နှစ်လုပ်ခဲ့တယ်။

အဲဒီခေတ်တုန်းက ရုပ်ရှင်သိုင်းလောကမှာ အရမ်းနာမည်ကြီးတဲ့ လူတစ်ဦးရှိတယ်။ သူက နေရာမြင့်တယ်။ နောက်လိုက်တွေများတယ်။ အဲဒီနောက်လိုက်တွေထဲမှာ ကျွန်တော်လည်း အပါအဝင်ဖြစ်တယ်။ ကျွန်တော်ကတော့ နောက်လိုက်ရဲ့နောက်လိုက်ပေါ့။ အဲဒီလူ ကျွန်တော့်ကိုသတိထားမိဖို့ သူရိုက်ကွင်းသွားတဲ့လမ်းကို ကျွန်တော်သိအောင်လုပ်ခဲ့တယ်။ သိသွားတော့ သူသွားတတ်တဲ့လမ်းတွေမှာ ကျွန်တော်နေ့တိုင်းသွားရပ်ပြီး သူ့ကိုမျက်နှာပြခဲ့တယ်။

အဲဒီလိုနဲ့ တစ်နေ့ရောက်တော့ သူက ကျွန်တော့်ရှေ့မှာကားရပ်ပြီး မေးတယ် "မင်းက ငါ့အဖွဲ့ကလား?"။ ကျွန်တော်က ဟုတ်တယ်လို့ဆိုတော့ ကျွန်တော့်ကို သူကားနဲ့လမ်းကြုံလိုက်စေတယ်။ တလမ်းလုံး ကျွန်တော်စကားတစ်ခွန်းမှမပြောဘဲ ယဉ်ယဉ်ကျေးကျေးထိုင်ပြီး လိုက်ခဲ့တယ်။ ရိုက်ကွင်းရောက်တော့ သူ့ကားကို ကျွန်တော်ဖုတ်သုတ်ပေးတယ်။ ဒီတစ်သက်မှာ ကားကိုဒီလောက်ထိပြောင်လက်အောင် ကျွန်တော်မသုတ်ခဲ့ဖူးဘူး။ သူ့ကားကို ဂျောင်ဂျိုဂျောင်ကြားမကျန် သွားကြားထိုးတံနဲ့ ကျွန်တော်သန့်ရှင်းပေးခဲ့တယ်။ အဲဒီနောက်မှာ ရိုက်ကွင်းသွားတိုင်း ကျွန်တော်ကားကြုံလိုက်ခဲ့ရတယ်။ နေ့တိုင်း သူ့ကားကိုဖုတ်သုတ်ပေးတယ်။ နောက်ဆုံးမှာ ကျွန်တော်ဟာ အဲဒီသိုင်းဆရာနံဘေးက လူသိများသူဖြစ်လာခဲ့တယ်။

ခင်ဗျားတို့ကို ကပ်ဖားတတ်ဖို့ ကျွန်တော်သင်ပေးနေတာ မဟုတ်ပါဘူး။ အနုပညာအလုပ်လုပ်နေသူက ကိုယ့်ကို လူတွေသတိထားမိလာအောင် ရှာကြံလုပ်ရတယ်။ အဲဒီတုန်းက သတင်းစာထဲမှာပါရဖို့ ကျွန်တော်ဘာမဆိုလုပ်ခဲ့တယ်။ သတင်းထောက်တွေ သတိထားမိအောင်ဆိုပြီး နေကာမျက်မှန်မည်းကြီးကို တပ်ခဲ့တယ်။ ဒါပေမဲ့ သတင်းထွက်လာရင် ကျွန်တော်ပုံမပါခဲ့ဘူး။ ကျွန်တော့်ပုံ အညှပ်ခံခဲ့ရတယ်။ နောက်တော့ ဓာတ်ပုံရိုက်ရင် မင်းသား/မင်းသမီးဘေးမှာ ကျွန်တော်သွားရပ်ပြီးရိုက်တယ်။ ဒီလိုဆိုရင် ကျွန်တော်ပုံ အညှပ်မခံရတော့ဘူး။ အဲဒီလိုနဲ့ ကျွန်တော့်ပုံ သတင်းစာထဲပါခဲ့တယ်။


လူအများသိကြတဲ့အတိုင်း ဂျက်ကီချန်းရဲ့ သရုပ်ဆောင်ချက်တွေက အသက်ကိုတောင်မမူခဲ့ပါဘူး။ သူ့လောက်အလုပ်လေးစားတဲ့လူ သရုပ်ဆောင်လောကမှာ နောက်တစ်ယောက် မရှိနိုင်ခဲ့တော့ပါဘူး။ ရုပ်ရှင်ရိုက်တုန်း သူဘယ်လောက်ဒဏ်ရာရခဲ့သလဲလို့ သရုပ်ဆောင်သင်တန်းသားတစ်ယောက်က မေးခဲ့ဖူးတယ်။

ကျွန်တော်ရခဲ့တဲ့ ဒဏ်ရာတွေက မရေမတွက်နိုင်ခဲ့ပါဘူး။ ခန္ဓာကိုယ်နေရာအနှံ့ တစ်ကြိမ်ထက်မက ကျိုးကြေဖူးသလို မီးလောင်ရာ၊ ကွဲအက်ရာ၊ ခွဲစိတ်ရာတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။ ခြေဖျားကနေ ခေါင်းအထိ ဒဏ်ရာမရခဲ့ဖူးတဲ့နေရာဆိုတာ မရှိခဲ့ပါဘူး။ ဟိုးအရင်ရုပ်ရှင်ရိုက်တုန်းက အာမခံတွေမရှိခဲ့ဘူး။ မီးလောင်တဲ့ဇာတ်ကွက်ကို ရိုက်တော့ ကျွန်တော်က တကယ့်မီးကိုသုံးခဲ့တယ်။ ကျွန်တော့်မျက်ခုံးမွေးတွေတောင် မီးလောင်သွားခဲ့ပါတယ်။ မီးအစစ်နဲ့သုံးသုံး မီးအတုနဲ့သုံးသုံး ရုပ်ရှင်ရိုက်တယ်ဆိုတာ အသက်နဲ့ကစားတာပါပဲ။

ကျွန်တော်ရဲ့ရုပ်ရှင်တွေကို ဒီကနေ့ထိ လူတော်တော်များများက ဆွေးနွေးကြတယ်။ ပြင်သစ်နိုင်ငံက တက္ကသိုလ်တချို့မှာ သင်ရိုးညွှန်းတမ်းအဖြစ် အသုံးပြုခဲ့ကြတယ်။ ကျွန်တော်ဂုဏ်ယူပါတယ်။ ကျွန်တော်ဒဏ်ရာရခဲ့တဲ့အထဲက ဒီကနေ့ထိ ကျွန်တော်မှတ်မှတ်ရရရှိနေတာက ကျွန်တော်ဦးခေါင်း (၂)ခါခွဲစိတ်ခဲ့ရတာပါပဲ။ အဲဒီတုန်းက ယူရိုစလားဗီးယားမှာ ကျွန်တော်ရောက်နေတယ်။ အဲဒီနေရာက တိုက်ပွဲလည်းဖြစ်နေတယ်။ ဆေးကုသမှုအဆင့်ကလည်း မမြင့်ဘူး။ အဲဒီတုန်းက ကျွန်တော်သေမယ်လို့ ကျွန်တော်ထင်ထားခဲ့တယ်။ အဲဒီလိုအဖြစ်အပျက်မျိုး ကြုံခဲ့ပြီးတဲ့နောက် ကျွန်တော်အခုအလုပ်လုပ်ရင် ဒီနေ့အလုပ် ဒီနေ့ပြီးအောင်လုပ်တယ်။ ဒီနှစ်မှာဘာလုပ်မလဲလို့ တွေးတယ်။ နောက်နှစ်အတွက် ကျွန်တော်မတွေးဘူး။ အသက်က အင်မတန် ကျွတ်ဆတ်တယ်၊ ကျိုးလွယ်တယ်။ ဒါကြောင့် ကျွန်တော်ရဲ့ဘဝကို ကျွန်တော်တစ်ရက်တောင် မဖြုန်းပါဘူး။ လူ့အဖွဲ့အစည်းအတွက် ကျွန်တော်တန်ဖိုးရှိခဲ့ပြီလို့ ကျွန်တော်မပြောဘူး။ အနည်းဆုံးတော့ ကျွန်တော့်အတွက် ကျွန်တော်တန်ဖိုးရှိခဲ့ပါတယ်။ ပြောရရင် ယူရိုစလားဗီးယားမှာ ခွဲစိတ်ခဲ့တဲ့အဖြစ်က လူ့ဘဝကိုမြင်တဲ့ ကျွန်တော့်အမြင်ကို ပြောင်းလဲစေခဲ့တာပါပဲ။

ဟိုးအရင် တစ်ချိန်တုန်းက ဘယ်ခုနှစ်မှာ ဂျက်ကီချန်းရဲ့တစ်နှစ်တာဝင်ငွေက သန်းဘယ်လောက်ဆိုပြီး သတင်းတွေက ကြေညာခဲ့ဖူးတယ်။ ဒါကို လူငယ်အများက အရမ်းအားကျခဲ့ကြတယ်။ ဒါဟာ ကျွန်တော်ရသင့်ရထိုက်တာပါ။ နှစ်အများကြီး ကျွန်တော်စတေးခံပြီး ရလာခဲ့တာပါ။ လူငယ်တွေက တခြားလူရယူတာကိုပဲ မကြည့်သင့်ဘူး။ သူတို့ပေးဆပ်တာကိုလည်း ကြည့်သင့်ပါတယ်။

သရုပ်ဆောင်အိပ်မက်မက်နေကြတဲ့ ထောင်သောင်းများစွာသော သင်တန်းသားတွေကို ဂျက်ကီချန်းက အားမနာတမ်း ဝေဖန်ပြောကြားခဲ့ပါတယ်။

မူရင်း-- http://www.xiaole8.com/mingrengushi/1536_2.html

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Saturday, September 17, 2011

ပေါင်းသင်းခြင်း အနုပညာ


လောကကြီးမှာ ယောက်ျားနဲ့မိန်းမဆိုတဲ့ လူနှစ်မျိုးနှစ်စားပဲရှိတယ်။ လိင်မတူတဲ့ ဒီလူနှစ်မျိုးနှစ်စားက အချင်းချင်းဆွဲငင်တတ်ကြသလို ချစ်ရည်လူးတဲ့စကားတွေကိုလည်း ပြောဆိုတတ်ကြတယ်။ ယောက်ျားရဲ့အခြားတစ်ခြမ်းက မိန်းမလို့ဆိုရင် မိန်းမရဲ့အခြားတစ်ခြမ်းဟာလည်း ယောက်ျားပဲဖြစ်ပါတယ်။ ယောက်ျားမရှိတဲ့မိန်းမ၊ မိန်းမမရှိတဲ့ယောက်ျားတွေဟာ အခြမ်းမပြည့်စုံသူတွေဖြစ်တယ်။ စက်ဝန်းတစ်ခုအဖြစ် အခြမ်းနှစ်ခုပေါင်းစပ်ပြီး ရှေ့ကိုပျော်ပျော်ရွှင်ရွှင်နဲ့ ဆက်လှိမ့်နိုင်ဖို့ မောင်နှံနှစ်ဦးရဲ့ ပေါင်းသင်းခြင်းအနုပညာကို သင်ယူတတ်မြောက်ထားဖို့ လိုပါလိမ့်မယ်။

အပြန်အလှန် တန်ဖိုးထားနှစ်သက်ခြင်း

ဇနီးမောင်နှံအတွက် အမှာစကား၊ မင်္ဂလာစကားတွေ အများကြီးရှိပေမယ့် အဲဒီစကားတွေရဲ့ အခြေခံသဘောတရားက “(၁) တစ်ဘက်လူရဲ့ တန်ဖိုးထားနှစ်သက်ခံရသူဖြစ်အောင် ကြိုးစားပါ။ (၂) တစ်ဘက်လူကို တန်ဖိုးထားနှစ်သက်တတ်သူဖြစ်အောင် ကြိုးစားပါ”ဆိုတဲ့ အချက်နှစ်ချက်ကို ဆိုလိုခြင်းဖြစ်ပါတယ်။


အချစ်ရဲ့တကယ့်အနှစ်သာရက အချင်းချင်းနှစ်သက်တာကို ရှာဖွေတွေ့ရှိခြင်းပဲဖြစ်တယ်။ တန်ဖိုးထားနှစ်သက်တာကို “ပန်း”လို့တင်စားရင် အချစ်က “အသီး”ပဲဖြစ်မယ်ထင်ပါတယ်။ ကိုယ်ချစ်တဲ့လူကို ချစ်ကြောင်း အရှက်အဝံ့မရှိ ထုတ်ဖော်ပြောပါ။ ချီးမွမ်း၊ ချီးကျူးစကားပြောဖို့ ကပ်စီးမနဲပါနဲ့။ သင့်တော်တဲ့နေရာ၊ ဆီလျော်တဲ့အမူအရာနဲ့ ကိုယ်ချစ်တဲ့လူကိုပြောတဲ့ “နင့်ကို ငါချစ်တယ်”ဆိုတဲ့ စကားတစ်ခွန်းဟာ တပ်တစ်တပ်ထက် အင်အားကြီးပါတယ်။ တန်ဖိုးထားနှစ်သက်တယ်ဆိုတာက တစ်ဘက်သားကို အသိအမှတ်ပြုခြင်း၊ အတည်ပြုခြင်းနဲ့ အားပေးဖေးမခြင်း စတာတွေကို ခံစားစေသလို ကျေနပ်အားရတဲ့ခံစားချက်ကိုလည်း ဖြစ်စေပါတယ်။ နားလည်ခြင်းဆိုတဲ့အဓိပ္ပာယ်မှာ အသိအမှတ်ပြုခြင်း၊ အတည်ပြုခြင်း၊ ချီးကျူးခြင်းနဲ့ တန်ဖိုးထားနှစ်သက်ခြင်းတွေ ပါပါတယ်။ နှစ်ဦးနှစ်ဖက်ရဲ့ရင်ထဲမှာ တန်ဖိုးထားနှစ်သက်ခြင်းက လိုကိုလိုအပ်ပါတယ်။ ဒါဟာလည်း ဇနီးမောင်နှံနှစ်ဦးရဲ့ ပေါင်းသင်ခြင်းလျှို့ဝှက်ချက်ထဲက တစ်ခုဖြစ်ပါတယ်။

ခံစားမှုကို စုဆောင်းခြင်း

လူတိုင်းရင်ထဲက အနက်ရှိုင်းဆုံးတစ်နေရာမှာ ခံစားမှုတွေကို စုဆောင်းထားတဲ့ ဘဏ်လေးတစ်ခုရှိပါတယ်။ တကယ်လို့ အဲဒီဘဏ်လေးထဲမှာ အချစ်နဲ့ရယ်မောစရာတွေကို အမြဲစုထားရင် ပျော်ရွှင်ခြင်း၊ ချမ်းမြေ့ခြင်းစတဲ့အရာတွေက တိုးတိုးလာသလို ပြုံးရယ်ခြင်း၊ နူးညံ့ခြင်း၊ အားပေးခြင်း၊ နှစ်သိမ့်ခြင်းစတဲ့ အတိုးအမြတ်တွေကိုလည်း ဖြစ်ထွန်းစေပါတယ်။ တစ်ခါတလေမှာ တကိုယ်ကောင်းဆန်မိ၊ မယုယမကြင်နာဖြစ်မိပြီး ဘဏ်ထဲဘာမှ မစုဆောင်းမိရင်တောင် ဘဏ်ကoverdraw မဖြစ်သွားနိုင်ပါဘူး။ ကြည်နူးပျော်ရွှင်ခြင်းတွေ စုဆောင်းထားတာနည်းရင်တော့ ငြင်းခုန်ရန်ဖြစ်တိုင်း ပြင်းထန်မှုတွေ ကြီးကျယ်စေတတ်ပါတယ်။

ယုံကြည်ခြင်းနဲ့တန်ဖိုးထားနှစ်သက်ခြင်းကို အကြွေးစာရင်းထဲမှာပဲထားပြီး စုဆောင်းထားတာကိုပဲ အမြဲထုတ်ထုတ်သုံးနေရင်လည်း နောက်ဆုံးမှာ ခံစားချက်ပြိုကွဲခြင်း၊ အိမ်ထောင်ရေးအက်ကြောင်းထခြင်း စတဲ့ အပျက်အဆီးထဲ ရောက်သွားနိုင်ပါတယ်။ လူ့ဘဝက ရှုပ်ထွေးပွေလီလွန်းပါတယ်။ တစ်ခါတလေမှာ ကျွန်မတို့ဟာ အထိန်းအချုပ်မဲ့ပြီး တစ်ဘက်လူ၊ ကိုယ့်အိမ်ထောင်ဖက်ကို ထိခိုက်နာကျင်အောင် လုပ်မိတတ်ပါတယ်။ ခံစားမှုဘဏ်အကောင့်လေး overdrawမဖြစ်သွားစေတဲ့ အကောင်းဆုံးနည်းက ဘဏ်ထဲကို နာလိုဖွယ်စကား၊ ချစ်ခင်နှစ်သက်တဲ့ခံစားမှု၊ တန်ဖိုးထားမြတ်နိုးတဲ့ အပြုအမူတွေ အမြဲတမ်း စုဆောင်းနေဖို့ပဲဖြစ်ပါတယ်။

ကိုယ်ပိုင်လွတ်လပ်မှု

လက်ဘနွတ်စာရေးဆရာ (Kahlil Gibran)က “နှစ်ခုကို တစ်ခုဖြစ်အောင် ပေါင်းတဲ့အထဲမှာ နေရာလပ်လေးတစ်ခုတော့ ရှိဖို့လိုတယ်”လို့ ဆိုခဲ့ပါတယ်။ တယောကြိုးတွေဟာ အသံတစ်သံထဲမှာ တုန်ခါနေတယ်ဆိုပေမယ့် ကြိုးတိုင်းမှာ မတူတဲ့အသံကိုယ်စီနဲ့ ကွဲပြားကြပါတယ်။ ဒါမှလည်း သာယာနာပျော်ဖွယ်ကောင်းတဲ့ အသံတွေကို တီးခတ်နိုင်မှာဖြစ်တယ်။ အိမ်ထောင်ရေးဆိုတာ တစ်ဦးချင်းရဲ့လွတ်လပ်မှု၊ တစ်ဦးချင်းရဲ့ ဒီမိုကရေစီဖြစ်တယ်။ “နင်က ငါ့ဟာပါ”လို့ သံသယမလွန်ကဲပါနဲ့။ ဒါဟာ အချစ်အိမ်လေးကို လှောင်အိမ်အချုပ်ဖြစ်အောင် ဖန်တီးလိုက်တာနဲ့ အတူတူပါပဲ။ အချစ်ကို အဓွန့်ရှည်တည်တံစေချင်ရင် ဂရုတစိုက်နဲ့ ပြုစုပျိုးထောင်ပေးရပါတယ်။ ဒါဟာ ကိုယ့်ကိုယ်ကိုပြောင်းလဲဖို့ ပြောနေတာမဟုတ်သလို တခြားသူကိုပြောင်းလဲနိုင်ဖို့ ကြိုးစားခိုင်းတာလည်း မဟုတ်ပါဘူး။ သင့်တော်တဲ့အခြေအနေတစ်ခု၊ နေရာတစ်ခုဖြစ်အောင် အချင်းချင်းထိန်းညှိဖို့၊ အတူတကွဆိုပေမယ့်လည်း ကိုယ်ပိုင်နေရာလေးရှိဖို့တော့ လိုအပ်ပါတယ်။ အိမ်ထောင်ရေးဆိုတဲ့မြေကြီးထဲမှာ ကိုယ်ပိုင်အပင်လေးနှစ်ပင် လွတ်လွတ်လပ်လပ် ရှင်သန်ကြီးထွားစေခြင်းအားဖြင့် ပျော်ရွှင်တဲ့အသီးအပွင့်တွေကို ဝေဝေဆာဆာ ဖူးပွင့်စေနိုင်ပါတယ်။

အပြန်အလှန် လေးစားခြင်း

“သင့်ကို လူတွေဘယ်လို ဆက်ဆံစေချင်ရင် လူတွေကို သင်လည်းဘယ်လိုဆက်ဆံပါ”ဆိုတဲ့ စကားအတိုင်း အိမ်ထောင်ရေးတည်မြဲဖို့ အဓိကအရေးပါတဲ့အချက်က အချင်းချင်းလေးစားတတ်ဖို့ပဲဖြစ်ပါတယ်။ တစ်ဘက်သားကို လေးစားတတ်မှ တစ်ဘက်သားရဲ့လေးစားမှုကိုရမှာဖြစ်တယ်။ တစ်ဘက်သားကို လေးစားတတ်ရုံတင်မက သူ့မိဘ၊ သူ့ညီအစ်ကိုမောင်နှမ၊ ဆွေမျိုးသားချင်းတွေကိုပါ လေးစားတတ်ရပါမယ်။ တကယ်လို့ တစ်ဘက်သားရဲ့မိသားစုကို မလေးစား၊ မထီမဲ့မြင်ပြုတယ်။ တချို့က တစ်ဘက်ရဲ့မိသားစုကို ကိုယ့်ပြိုင်ဖက်လို သဘောထားတယ်။ ဒါဟာ အင်မတန် ရုပ်ဆိုးအကြည်တန်တဲ့ တုံးအမှုပါ။ ဒီလိုလုပ်ခြင်းအားဖြင့် ကိုယ့်ကိုယ်ကို အထီးကျန်ကမ္ဘာထဲ တွန်းပို့နေသလို သင့်ရဲ့အိမ်ထောင်ရေးကိုလည်း ပြိုကျပျက်ဆီးစေနိုင်ပါတယ်။

ငွေကြေးနဲ့အချစ်…. မိသားစုရဲ့အခြေခံမှာ ငွေကြေးနဲ့အချစ် တစ်ခုခုလစ်ဟနေလို့မဖြစ်ပါဘူး။ ပြောနေကျစကားအတိုင်းပြောရရင် အချစ်ဆိုတာလိုအပ်သလို ပေါင်မုန့်ဆိုတာလည်း လိုအပ်ပါတယ်။ ငွေကြေးမရှိရင် အချစ်ကိုသက်ရောက်တတ်တာကိုတော့ ဘယ်သူမှငြင်းဆန်လို့ မရနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ ငွေကြေးက ကောင်းကျိုးကိုလည်းဖြစ်စေသလို ဆိုးကျိုးကိုလည်း ဖြစ်စေပါတယ်။ မိသားစုဘဝမှာ ငွေကြေးကို အရမ်းအလေးထားလို့ မဖြစ်ပါဘူး။ “စီးပွားရေးစီမံကိန်း”ဆိုပြီး တစ်ဘက်သားကို ထိန်းချုပ်ခြယ်လှယ်တာမျိုး၊ တစ်ဘက်သားကို ငွေကြေးနဲ့ပတ်သက်တဲ့လုပ်ပိုင်ခွင့် မပေးတာမျိုး ဖြစ်စေတတ်လို့ပါ။ သင့်ရဲ့ဒီလိုစီမံကိန်းကို မခံမရပ်နိုင်တဲ့တစ်နေ့မှာ မိသားစုအိမ်ငယ်လေးထဲကနေ သူထွက်ပြေးသွားတတ်ပါတယ်။ ဒီလိုအချိန်ရောက်မှ ငွေကြေးဆိုတာ ဒြပ်မဲ့၊ လူကမှ သက်ရှိ၊ လူသာလျှင် ချစ်ခြင်းအဆောက်အဦးကြီးရဲ့ ထုပ်တန်းဆိုတာကို သင်သိလာမှာဖြစ်တယ်။

ဖူးစာကံကို တန်ဖိုးထားပါ

“ရှေးဘဝရဲ့အတိတ်ကံကြောင့် ဒီဘဝမှာလာတွေ့ကြတယ်”ဆိုတဲ့အတိုင်း အပြောကျယ်တဲ့လောကကြီးမှာ ကျွန်မတို့ဟာ ကျွန်မတို့ရဲ့အခြားတစ်ခြမ်းနဲ့ လာဆုံခဲ့ကြတယ်။ အတိတ်ကံ ဘယ်လောက်ကောင်းခဲ့သလဲ! ဒါကြောင့် ဒီကံကို ကျွန်မတို့တန်ဖိုးထားသင့်ပါတယ်။ ဖူးစာကံကြောင့် လာဆုံကြတဲ့ ဒီအိမ်ထောင်ရေးကို တီဗီကြည့်သလိုမျိုး အချိန်မရွေး ဟိုချန်နယ်ချိန်း၊ ဒီချန်နယ်ချိန်း မလုပ်သင့်ပါဘူး။ ပထမအိမ်ထောင်ရေးမှာ တည်ကြည်လေးနက်မှုမရှိသူဟာ ဒုတိယအိမ်ထောင်ရေးကိုလည်း ကောင်းကောင်းလည်ပတ်စေနိုင်မှာ မဟုတ်ပါဘူး။ လူသားတွေရဲ့ စဉ်းစားတွေးခေါ်မှု၊ အသိဉာဏ်ရှိမှုနဲ့ ပြောင်းလဲတတ်တဲ့ခံစားချက်တွေက ယောက်ျားနဲ့မိန်းမရဲ့ ပေါင်းသင်းခြင်းတည်မြဲရေးကို သက်ရောက်စေတတ်ပါတယ်။ တကယ်လို့ ကယ်တင်လို့မရနိုင်တော့တဲ့ သေကွဲအိမ်ထောင်ရေးမဟုတ်ခဲ့ရင် အတတ်နိုင်ဆုံး ကြိုးစားကုသပါ။ လက်စတွဲပြီဆိုတာနဲ့ “ပျိုမျစ်တဲ့လက်ကနေ အိုမင်းတဲ့လက်ဖြစ်သည်အထိ” တွဲပါ။ စကားတစ်ခွန်းကြောင့်၊ အခက်အခဲလေးတစ်ခုကြောင့်နဲ့ လက်တွဲမဖြုတ်လိုက်ပါနဲ့။

ပေးဆပ်တတ်ပါစေ

လူအများက “အချစ်ခံ”ရတာကို နှစ်သက်တတ်ကြပြီး “ချစ်ဖို့”ကိုတော့ မေ့နေတတ်ကြတယ်။ ကိုယ့်ကိုယ်ကို ဘယ်လိုချစ်ဖို့ကောင်းအောင် နေမလဲဆိုတာကိုပဲသိကြပြီး တစ်ဘက်သားကို ဘယ်လိုချစ်မယ်၊ ဘယ်လိုဂရုစိုက်မယ်ဆိုတဲ့ ခြေလှမ်းကိုတော့ စမလှမ်းချင်ခဲ့ကြဘူး။ တကယ့်အချစ်က အရာရာအားလုံးကို “ပေးဆပ်”တာပါ၊ “ရယူ”တာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ခွန်အားနဲ့ သူ့ရဲ့ခွန်အားကို တက်ကြွစေတာပါ။ ပေးဆပ်ခြင်းက ရယူခြင်းထက် လူကိုပိုပျော်ရွှင်စေပါတယ်။ ပေးဆပ်လိုက်ရလို့ ဆုံးရှုံးချို့ငဲ့သွားတာ မဟုတ်ပါဘူး။ ပေးဆပ်လိုက်ရလို့ ဘဝကဖြစ်တည်သွားတာပါ။ အချစ်ဆိုတာ ဖြူစင်သန့်ရှင်းတဲ့အရာပါ။ အချစ်ထဲမှာ တောင့်တမှုတွေ၊ အကျိုးအမြတ်တွေ ရောစပ်မနေသင့်ပါဘူး။ အချစ်ဆိုတာ မျှဝေခြင်းပါ၊ တစ်ဘက်သတ်မဟုတ်ပါဘူး။ အချစ်ဆိုတဲ့အရာထဲမှာ ဂရုစိုက်ခြင်း၊ တာဝန်ယူခြင်း၊ လေးစားခြင်း စတဲ့အသိဉာဏ်တွေ ပါပါတယ်။ “သူ့ထဲမှာ ကိုယ်ရှိပြီး ကိုယ့်ထဲမှာ သူရှိ”တာဟာ အိမ်ထောင်ရေးရဲ့ အမြင့်ဆုံးအဆင့်ဖြစ်ပါတယ်။


အပြန်အလှန် ကြင်နာခြင်း

ယောက်ျားလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် ကြင်နာတတ်သူနဲ့အကြင်နာခံချင်သူတွေ ဖြစ်ကြပါတယ်။ သင်တွေ့ဆုံခဲ့တဲ့သူက လူတွေကိုပဲကြင်နာတတ်ပြီး အကြင်နာမခံချင်တဲ့ ဖခင်လိုယောက်ျားမျိုး၊ မိခင်လို မိန်းမမျိုးလို့ မထင်လိုက်ပါနဲ့။ ဇနီးမောင်နှံဆိုတာ တူတစ်စုံနဲ့တူပါတယ်။ ဘဝထဲက ချဉ်၊ ငံ၊ စပ်၊ ခါးအရသာတွေကို အတူတကွ ခံစားသင့်ပါတယ်။ သူ(သူမ)အလုပ်ပြန်ချိန် ရေအေးလေးတစ်ခွက်ကမ်းတာ၊ သူအိပ်ပျော်ချိန် စောင်လေးခြုံပေးတာ… ဒါတွေဟာ မပြောပလောက်တဲ့ အပြုအမူဆိုပေမယ် အချစ်ကို အဓွန့်ရှည်စေတယ်၊ အကြင်နာတွေ နှလုံးသားထဲ တစိမ့်စိမ့်ဝင်စေတယ်၊ အိမ်ထောင်ရေးကို ထာဝရတည်မြဲစေပါတယ်။


ခွင့်လွှတ်ခြင်းကို သင်ယူပါ

ဝတ်စားဆင်ယင်မှုရဲ့ အမြင့်ဆုံးအဆင့်က ဆွဲဆောင်မှုရှိခြင်းဆိုရင် အချစ်ရဲ့အမြင့်ဆုံးအဆင့်က ခွင့်လွှတ်ခြင်းပဲဖြစ်မယ် ထင်ပါတယ်။ အိမ်ထောင်ရေးကို မှန်မှန်ကန်ကန်လည်ပတ်နိုင်ဖို့ဆိုတာ ဇနီးမောင်နှံနှစ်ဦးလုံး အချင်းချင်း လိုက်လျောညီထွေအောင် နေတတ်ရုံမက အပေးအယူလည်းသင့်ဖို့ လိုပါတယ်။ အိမ်ဆိုတာ ချစ်ခြင်းမေတ္တာအကြောင်း ပြောဖို့နေရာလေးပါ။ အကျိုးအကြောင်းမသင့်တဲ့အရာတွေ ငြင်းခုန်တဲ့နေရာမဟုတ်ပါဘူး။ ဒဿနပညာရှင်တစ်ဦးက “မင်္ဂလာမဆောင်ခင် မျက်လုံးနှစ်လုံးကို ကျယ်ကျယ်ဖွင့်ပါ။ မင်္ဂလာဆောင်ပြီးရင် မျက်လုံးတစ်လုံးကို မှိတ်ထားပါ”လို့ ဆိုခဲ့ပါတယ်။ လူတိုင်း ခြောက်ပစ်မကင်းနိုင်ပါဘူး။ ဒီလူကို ချစ်ကြိုက်ခဲ့တယ်ဆိုတာက သူ့မှာ သင့်ကိုဆွဲဆောင်နိုင်တဲ့အရာ ရှိခဲ့လို့ပဲ မဟုတ်ပါလား?


တကယ်လို့ လူတစ်ယောက်ကို သင်နှစ်နှစ်ကာကာချစ်တယ်ဆိုရင် သူ့ရဲ့အရာရာကို ခွင့်လွှတ်နားလည်နိုင်ဖို့ ကြိုးစားပါ။ တကယ်လို့ လူတစ်ယောက်ကို သင်ခွင့်လွှတ်နားလည်တယ်ဆိုရင် သူ့ကိုသင်အရမ်းချစ်လို့ပါပဲ။ ခွင့်လွှတ်ခြင်းက အချင်းချင်းဆက်ဆံပြောဆိုမှုကို ချောမောပြေပြစ်စေနိုင်သလို သင့်ကိုလည်း စိတ်ချမ်းသာပြောရွှင်မှုတွေ ပေးနိုင်ပါတယ်။

နားလည်ပေးပါ

ဇနီးမောင်နှံကြားမှာ အချင်းချင်း “နားလည်”တတ်ရပါတယ်။ “နားလည်ခြင်း”ဆိုတာ အရှုံးနဲ့ သင်ရင်ဆိုင်ရချိန် သင့်ကိုလေးစားမှုပျက်စေတဲ့စကား မပြောသူ၊ သင်စိတ်လိုက်မာန်ပါလုပ်ချိန် သင့်ကို လေသံချိုချိုနဲ့ ရှင်းပြဖြေရှင်းချက်ပေးသူ၊ သင်စိတ်ဆင်းရဲချိန် သင့်ကိုဝန်မပိုစေသူ၊ သင်ပြုံးရင် သူအရင်ရယ်သူ၊ သင်စိတ်ညစ်ရင် သူအရင်စိတ်ပူတတ်သူ၊ သူပျော်တာတွေ သင့်ကိုပြောပြတတ်သူ၊ သူစိတ်ညစ်တာတွေ သင့်ကို မသိစေချင်သူ၊ မိုင်ပေါင်းထောင်သောင်းဝေးလည်း သင့်ကို ယုံကြည်စိတ်ချသူ… နားလည်တတ်ဖို့ ဂရုစိုက်ကြင်နာခြင်းတွေလိုအပ်သလို ချစ်ခြင်းတွေလည်း လိုအပ်ပါတယ်။

ချစ်ခင်တတ်ကြပါစေ...

မူရင်းလင့်.. http://www.duwenzhang.com/wenzhang/shenghuosuibi/20090819/65879.html

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Friday, September 16, 2011

Jummy ရဲ့ ၁၂ ရာသီခွင်စကားလုံးလေးများ



နေ့တိုင်း အလုပ်တွေများပင်ပန်းပြီး ကိုယ့်နဂိုကိုမေ့နေခဲ့ပြီလား? စိတ်ကူးအိပ်မက်နဲ့ ဝေးသထက်ဝေးလာတဲ့အခါ ဒီရိုးရှင်းတဲ့စာသားလေးတွေက ကျွန်တော်တို့ရဲ့ အပြန်လမ်းကို ရှာပေးပါလိမ့်မယ်။

(၁) Aries (မိဿရာသီ)


"မိုးချုပ်တော့မယ်။ နေရဲ့နောက်ဆုံးအလင်းတန်းလေး ပျောက်ကွယ်တော့မယ်။
အဲဒီဘောလုံးပွဲမှာ ငါတို့ရှုံးနိမ့်ခဲ့တယ်။

အားလုံးက ကြေကြေကွဲကွဲခေါင်းငိုက်စိုက် ထွက်ခွာသွားကြတယ်။
ဘာပဲဖြစ်ဖြစ် အောင်နိုင်တဲ့လက်ဟန်တွေ ငါတို့မြှောက်ကြရအောင်!
နှစ်တွေကြာလာတဲ့အခါ
လူကိုစိတ်ဓာတ်ကျစေခဲ့တဲ့ ဒီဘောလုံးပွဲကို ဘယ်သူတွေ မှတ်မိနေကြဦးမလဲ?

ဓာတ်ပုံထဲက ပြုံးရယ်နေတဲ့ ငါတို့ရဲ့တောက်ပအပြုံးကိုပဲ လူတွေကမြင်ကြရမှာ"

ဘောလုံးပွဲမှာ သဲသဲမဲမဲထိုးစစ်ဆင်ခဲ့တဲ့ ကိုယ့်ကိုယ်ကို မှတ်မိသေးလား?
ဘောလုံးအတူကန်ခဲ့တဲ့၊ အတူပစ်လဲခဲ့တဲ့ သူငယ်ချင်း အပေါင်းအသင်းတွေကို မှတ်မိသေးလား?
အားလုံးက အသက်ရှင်နေရက်ပါ။ ဒါပေမဲ့ အဲဒီဘောလုံးကွင်းဆီ ဘယ်သူမှ ထပ်မရောက်ခဲ့ကြတော့ဘူး။


(၂) Taurus (ပြိဿရာသီ)

"လူတစ်ယောက်နဲ့တွေ့ဆုံဖို့ အချိန်တစ်စက္ကန့်ပဲလိုတယ်။
လူတစ်ယောက်နဲ့ ခင်မင်ရင်းနှီးဖို့ အချိန်တစ်မိနစ်ပဲလိုတယ်။
လူတစ်ယောက်ကို နှစ်သက်မိဖို့ အချိန်တစ်နာရီပဲလိုတယ်။
လူတစ်ယောက်ကို ချစ်မိဖို့ အချိန်တစ်ရက်ပဲလိုတယ်။
ဒါပေမဲ့ လူတစ်ယောက်ကို မေ့ဖို့ အချိန်တစ်ဘဝစာလိုတယ်"

သင့်ကို ခွဲသွားခဲ့သူရဲ့အရိပ်တွေ သင့်အတွေး၊ သင့်ဦးနှောက်ထဲမှာ တဝဲဝဲလည်နေတုန်းလား? ကြီးပြင်းရာလမ်းတစ်လျှောက်မှာ ထင်ကျန်ခဲ့တဲ့ခြေရာတွေ သင်ရင်ထဲမှာ နက်နက်ရှိုင်းရှိုင်း မှတ်ကျောက်တင်ထားခဲ့ပြီ ထင်ပါတယ်!


(၃) Gemini (မေထုန်ရာသီ)

"မျက်လုံးချင်းတူပေမဲ့ အမြင်ချင်းမတူကြဘူး။
နားရွက်ချင်းတူပေမဲ့ နားထောင်ပုံချင်းမတူကြဘူး။
ပါးစပ်ချင်းတူပေမဲ့ ပြောဆိုပုံချင်းမတူကြဘူး။
စိတ်နှလုံးသားချင်းတူပေမဲ့ တွေးတောပုံချင်းမတူကြဘူး။
ဒါကြောင့်မို့ပဲလား... လူလူချင်းတူပေမဲ့ ဝမ်းနည်းပူဆွေးမှုတွေကွဲပြားကြတယ်"

ကိုယ့်ပတ်ဝန်းကျင်က သူငယ်ချင်းတွေတိုင်းမှာ မတူတဲ့သောကကိုယ်စီရှိကြတယ်။ လူတိုင်းက ဒါကိုပဲ ညည်းတွားရေရွတ်ကြတယ်။ သူတို့ညည်းတွားတာတွေကို ကျွန်တော်တို့နားမလည်သလို နားလည်းမထောင်ချင်ခဲ့တော့ဘူး။ မောပန်းပြီး စိတ်သောကတွေပဲ ကျန်ရစ်ခဲ့တယ်။


(၄) Cancer (ကရကဋ်ရာသီ)

"ပျော်ရွှင်တဲ့အချိန်ကျမှ ကြောက်ရွံ့စိတ်ပါးလျလျကို ခံစားရတယ်။
ပက်ပက်ဟက်ဟက် ရယ်မောချိန်ကျမှ စိတ်လှုပ်ရှားတဲ့မျက်ရည်တွေက ကျလာတယ်။
ရိုးရှင်းတဲ့ ပျော်ရွှင်ခြင်းကို ငါမယုံကြည်ခဲ့ဘူး။
လူ့ဘဝရဲ့ အပျော်နဲ့ဝမ်းနည်းခြင်းတွေကို ငါ မတုန်လှုပ်ပေမဲ့ စိတ်ထင့်ထင့်ဖြစ်ခဲ့ရတယ်"

ဒီလောကကြီးက ပြောင်းလဲခြင်းတွေ မြန်ဆန်လွန်းတယ်။ လက်ထဲဆုပ်ကိုင်ထားတယ်ဆိုတိုင်း ငါ့အတွက်ဖြစ်လေမလား? စိတ်တထင့်ထင့်.. တထင့်ထင့်ပါပဲ။ နင့်ရဲ့ အပွေ့အဖက်ကို ငါလိုတယ်။ တခဏလေးပဲဖြစ်ဖြစ်ပေါ့။ ဒါဟာလည်း တကယ့်နွေးနွေးထွေးထွေးရှိစေခဲ့တာပဲ။


(၅) Leo (သိဟ်ရာသီ)

"အတောင်တစ်စုံရှိတာနဲ့ ငါဟာ ငှက်တစ်ကောင်ဖြစ်သွားပြီလို့ ထင်ခဲ့တယ်။
ငှက်ဖြစ်သွားတာနဲ့ လွတ်လပ်မှုတွေ ပိုင်ဆိုင်ရပြီလို့ ထင်ခဲ့တယ်။
အခုတော့ မျှော်လင့်ခဲ့တဲ့ အတောင်တစ်စုံ ပိုင်ဆိုင်ခဲ့ပါတယ်။
ဒါပေမဲ့ နေရာသေးသေးထဲမှာပဲ ပျံသန်းခဲ့ရတယ်။ လွတ်လပ်မှုတွေ ဆုံးရှုံးခဲ့ရတယ်။
တကယ်တော့ ငါ့ကိုယ်ငါ နားမလည်ခဲ့တာပါ။
ငါလိုချင်တာက အတောင်ပံတစ်စုံလား! ပျံသန်းခြင်းလား! လွတ်လပ်မှုလား!
ဒါမှမဟုတ် ပျံသန်းခြင်းကို လိုက်လံဖမ်းဆုပ်ချင်တဲ့ ခံစားမှုသက်သက်လား!"

သင့်ဆန္ဒတွေဖြစ်မြောက်ခဲ့ပြီလား?
သင်လိုချင်တဲ့အရာ သင့်ရှေ့မှောက်ရောက်နေတာတောင် သင်ဝမ်းနည်းကြေကွဲနေရသေးတယ်။

စစချင်းကတည်းက မှားခဲ့လို့လား! သင့်ကိုယ်သင် နားလည်မှုလွဲခဲ့လို့လား! ဒါမှမဟုတ် သင်ပြောင်းလဲသွားလို့လား?


(၆) virgo (ကန်ရာသီ)

"ကြောင် ရေငုပ်တာကို ငါတွေ့ခဲ့တယ်။ နင့်ကို ငါမတွေ့ခဲ့ဘူး။
ခွေးတောင်တက်တာကို ငါတွေ့ခဲ့တယ်။ နင့်ကို ငါမတွေ့ခဲ့ဘူး။
နွေရာသီမှာ နှင်းကျတာကို ငါတွေ့ခဲ့တယ်။ နင့်ကို ငါမတွေ့ခဲ့ဘူး။
ဆောင်းတွင်းမှာ မုန်တိုင်းတိုက်တာ ငါတွေ့ခဲ့တယ်။ နင့်ကို ငါမတွေ့ခဲ့ဘူး။
ဝက်တွေစည်းလုံးတာကို ငါတွေ့ခဲ့တယ်။ နင့်ကို ငါမတွေ့ခဲ့ဘူး။
ထူးခြားတဲ့အရာတွေကို ငါတွေ့ခဲ့တယ်။ မထူးခြားတဲ့နင့်ကို ငါလုံးလုံးမတွေ့ခဲ့ဘူး။"

အကောင်းဆုံးမဟုတ်ပေမယ့်လည်း သင်လိုချင်တာကို သင်တောင့်ခံခဲ့တယ်။ သည်းခံစောင့်ဆိုင်းခြင်းက အကောင်းဆုံးလို့ သင်ယုံကြည်ထားတယ်။ ဒါပေမဲ့ နောက်ဆုံးမှပြုတ်ကျလာတဲ့ ပန်းသီးနီနီက အချဉ်ဆုံးဖြစ်နေတတ်တယ်။ ရင်ကိုမွှေနှောက်နိုင်စွမ်းတဲ့အချစ်က ကြာကြာစောင့်ပြီးမှ ရလာခဲ့တာမဟုတ်ပါဘူး။


(၇) Libra (တူရာသီ)

"ပြတင်းအပြင်ဖက်မှာ နေသာနေပြီ။ အိမ်ထဲမှာတော့ မိုးရွာနေတုန်းပဲ။
ငါပြုံးတိုင်း ငါပျော်နေတယ်လို့ မဆိုနိုင်ဘူး။
ငါထီးဆောင်းတာဟာ မိုးခိုဖို့လည်း မဟုတ်နိုင်ဘူး။
ငါဘာတွေးနေတယ်ဆိုတာ နင်ဘယ်တော့မှ သိနိုင်မှာမဟုတ်ဘူး။
လူတိုင်းကို ငါပွေ့ဖက်ချင်ရင် ငါ့ကိုယ်ငါ အရင်နွေးထွေးရတယ်။
ကျေးဇူးပြုပြီး ငါ့ကို ခွင့်လွှတ်သည်းခံပါ။
နင့်ကို ခွင့်လွှတ်သည်းခံနိုင်ဖို့ ငါလေ့ကျင့်နေလို့ပါ။"

နေ့စဉ်နေ့တိုင်း ကိုယ့်ရဲ့ရည်မွန်တဲ့အမူအကျင့်ကို မငြီးမငွေ့ ထိန်းသိမ်းနေသလား?
မနှစ်သက်တဲ့လူနဲ့တွေ့တိုင်း ပြုံးရယ်နိုင်ဖို့ သင်လေ့ကျင့်နေလား?
မနှစ်သက်တဲ့အရာတွေတွေ့တိုင်း သဒ္ဒါတရားထက်သန်စွာနဲ့ သင်လက်ခံနေတုန်းပဲလား?


(၈) Scorpio (ဗြိစ္ဆာရာသီ)

"လှမ်းမမီတဲ့ကြယ်က အလင်းလက်ဆုံးပဲ။
လွတ်သွားတဲ့ငါးက အလှဆုံးပဲ။
မကြည့်ဖြစ်တဲ့ရုပ်ရှင်က အကောင်းဆုံးပဲ။
ဆုံးရှုံးသွားတဲ့ချစ်သူက ငါ့ကို နားအလည်ဆုံးပဲ။
ဒါတွေက ဘာသဘောတရားတွေလဲ ငါလုံးဝနားမလည်ခဲ့ဘူး..."

နှစ်သက်တဲ့အရာတွေကို အမြဲအိမ်သယ်မပြန်ပါနဲ့။ သင့်အိမ်မဆန့်သလို သင့်နှလုံးသားမှာလည်း ထည့်ဖို့မဆန့်ဘူး။ နဂိုရှိနေတဲ့နေရာမှာပဲ သူတို့ရှိနေပါစေ။ သူတို့ကို သတိရတဲ့အခါ ငါတို့အတူ တွေးတောကြတာပေါ့။


(၉) Sagittarius (ဓနုရာသီ)

"ဝမ်းနည်းကြေကွဲမှုတိုင်းက ပျော်ရွှင်တဲ့သဲလွန်စတော့ ချန်ခဲ့တတ်တယ်။
နောင်တပူဆွေးမှုတိုင်းက စံထားလောက်တဲ့ထောင့်တစ်ထောင့်တော့ ချန်ခဲ့တတ်တယ်။
ရေခဲတွေဖုံးလွှမ်းထားတဲ့ ပင်လယ်ပြင်မှာ ငါဟာ မျှော်လင့်ချက် အကွဲအအက်လေးကိုရှာခဲ့တယ်။
ညသန်းခေါင် လန့်နှိုးချိန်မှာ လှပတဲ့ လရောင်ကို ရုတ်တရက်တွေ့လိုက်တယ်။"

ဘာဖြစ်လို့ ကျွန်တော်တို့ကြိုးစားလျှောက်လှမ်းချိန်မှာ ကျွန်တော်တို့ဘယ်ကိုဦးတည်ရမှန်းမသိအောင် ရှေ့ကလမ်းက ပိုပိုမှောင်မိုက်လာရသလဲ? လောကမှာ အမှောင်မည်းဆုံးနေရာဆိုခဲ့ရင်တောင် ရှေ့ဆက်မယ့် သင့်လမ်းကိုရှာဖွေနိုင်အောင် အလင်းပေးလမ်းပြမယ့် ကြယ်တွေရှိခဲ့ပါတယ်။


(၁ဝ) Capricorn (မကာရရာသီ)

"ဆုပေးကြေညာသံမြည်လာချိန်မှာ ကျွန်တော်နေမသိထိုင်မသာဖြစ်မိတယ်။
ပထမဆုရသူ ပျော်လွန်းလို့ ဆေးရုံရောက်သွားတယ်။ ဆုလာမယူနိုင်ပါ။
ဒုတိရဆုရသူ မကျေနပ်လို့ ဆုယူဖို့ ငြင်းဆန်ပါတယ်။
စတုထ္တဆုရသူ အဆင့်တစ်၊ နှစ်၊ သုံးထဲမဝင်လို့ ဆုယူဖို့ရှက်ပြီး ဆုလာမယူပါ။
ပဉ္စမဆုရသူကပြောတယ် "စတုထ္တဆုရသူတောင် ဆုလာမယူတာ၊ ငါလဲယူရမှာ ဝန်လေးတယ်"
တတိယဆုရသူ အထီးကျန်လိုက်တာ..."

"ဖြစ်စဉ်က ရလဒ်ထက် ပိုအရေးပါသလား?"
"ယှဉ်ပြိုင်ဖို့က ပထမ၊ ဆုယူဖို့က ဒုတိယလား?" ကိုယ်တိုင်သတ်မှတ်ခဲ့တဲ့
ကစားနည်းကို လူတွေဘာကြောင့် မကစားကြတော့တာလဲ?


(၁၁) Aquarius (ကုံရာသီ)

"လူကငါးမဟုတ်တော့ ငါးစိတ်ညစ်တာကို ဘယ်နားလည်နိုင်မလဲ!
ငါးကငှက်မဟုတ်တော့ ငှက်ရဲ့ပျော်ရွှင်ခြင်းကို ဘယ်နားလည်နိုင်မလဲ!
ငှက်ကလူမဟုတ်တော့ လူရဲ့အလိမ်အညာကို ဘယ်နားလည်နိုင်မလဲ!
လူကငှက်မဟုတ်တော့ ငှက်ရဲ့လွတ်လပ်မှုကို ဘယ်နားလည်နိုင်မလဲ!
ငှက်ကငါးမဟုတ်တော့ ငါးရဲ့လေးနက်မှုကို ဘယ်နားလည်နိုင်မလဲ!
ငါးကလူမဟုတ်တော့ လူရဲ့ကလေးဆန်တာကို ဘယ်နားလည်နိုင်မလဲ!
နင့်က ငါမဟုတ်တော့ ငါ့ကို ဘယ်လိုနားလည်နိုင်မလဲ!"

လောကမှာ ကျွန်တော့်လိုပဲ တခြားလူနဲ့မတူတဲ့ လူတစ်ယောက်ရှိတယ်လို့ ကျွန်တော်ယုံကြည်ထားတယ်။ သူဘယ်မှာရှိမှန်း ကျွန်တော်မသိဘူး။ ဒါပေမဲ့ ကျွန်တော်ခံစားလို့ရတယ်။ ဒါကြောင့် ကျွန်တော့်ပတ်ဝန်းကျင်ကလူတွေ ကျွန်တော့်ကိုနားလည်သည်၊ နားမလည်သည်ဖြစ်စေ ကျွန်တော်ဂရုမစိုက်ခဲ့ပါဘူး။


(၁၂) Pisces (မိန်ရာသီ)

"ဗိုက်ဆာပြီ ထမင်းစားမယ်
စားဝပြီ နင့်ကိုသတိရတယ်
ပင်ပန်းပြီ အိပ်တော့မယ်
မျက်လုံးပွင့်ပြီ နင့်ကိုသတိရတယ်
ညအမှောင်ရောက်လာချိန်ထိ ဘာမှလည်းမဖြစ်ခဲ့ပါဘူး....."

မငေးငိုင်ရတာ ကြာနေပြီ။ အရင်တစ်ခေါက် ငေးငိုင်တာက ဘယ်တုန်းကပါလိမ့်! သူဌေးဒေါသကြီးကြီး ဆူဆဲတဲ့အချိန်ကလား! ဒါမှမဟုတ် မုန့်စားပြီး ပိုက်ဆံမရှင်းမိတဲ့အချိန်ကလား!

မူရင်း -- http://www.hsbbs.com/thread-79089-1-1.html

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Thursday, September 15, 2011

သောက်စရာအရည်နဲ့ လူ့ဘဝ


လူငယ်တော်တော်များများက ဘိလပ်ရည် (ကိုကာကိုလာ၊ စပရိတ်၊ ပက်စီ)ကို ကြိုက်ကြတယ်။ အဲဒီအရည်တွေက ချိုတယ်၊ စူးရှတယ်၊ ပြောင်းလဲမှုများတယ်။ လူငယ်တွေက သောကအရသာကို သိပ်မသိကြဘူး။ လူ့ဘဝရဲ့ ချဉ်၊ ခါး၊ ဖန်၊ စပ် အရသာကို နားမလည်ကြသေးဘူး။ သူတို့သိတာက ချိုတဲ့အရသာပဲဖြစ်တယ်။ သူတို့အကြည့်ထဲမှာ လောကကြီးဟာ အရသာစုံတဲ့ဘိလပ်ရည်ကြီးဖြစ်တယ်။

အရွယ်ရောက်လာတော့ လုပ်ငန်းခွင်ထဲဝင်ရပြီ။ ချစ်သူလည်း ရပြီ။ ဒီအချိန်မှာ ဘိလပ်ရည်ကနေ ကော်ဖီကို သူ စပြောင်းသောက်တယ်။ ကော်ဖီက ခါးတယ်၊ ချိုတယ်၊ မွှေးတယ်၊ ဖန်တယ်။ သူ့ကို ကြီးပြင်းရင့်ကျက်တဲ့ စိတ်လှုပ်ရှားပျော်ရွှင်မှုကို ခံစားစေတယ်။ အပြောင်းအလဲများပြီး ရှုပ်ထွေးတဲ့သူ့စိတ်နဲ့လည်း လိုက်ဖက်တယ်။ သူ့မှာရုန်းကန်နိုင်တဲ့ စိတ်ပြင်းပြမှုတွေ၊ အတွေးတွေရှိတယ်။ တစ်အိုးတစ်အိမ်ထူထောင်မယ့် လိုအပ်ချက်နဲ့ မျှော်လင့်ချက်လည်းရှိတယ်။ ဒါပေမဲ့ အလုပ်အကိုင်နဲ့အချစ်က သူ့ကို သောကတချို့ ပေးကောင်းပေးလိမ့်မယ်။ တစ်ခါတလေ အပြုံးနဲ့ သူမျက်ရည်ကျတတ်တယ်။ တစ်ခါတလေ အငိုနဲ့ သူရယ်မောတတ်လာတယ်။ သူခံစားရတယ်၊ သူငိုကြွေးရတယ်။ ကော်ဖီလို ချိုလိုက်၊ ခါးလိုက်၊ ဖန်လိုက်၊ မွှေးလိုက်.... ဒါပေမဲ့ ဒီလိုခံစား၊ ငိုကြွေးရတာကို သူပျော်နေတတ်တယ်။

လူလတ်ပိုင်းရောက်လာတော့ ရေနွေးကြမ်းသောက်တာကို သူနှစ်သက်လာတယ်။ ရေနွေးကြမ်းထဲက လက်ဖက်ခြောက်နံ့က သင်းလိုက် ပျောက်လိုက်၊ အချိန်အတိုင်းအဆမဲ့ ငြိမ်သက်အေးချမ်းတယ်။ ရေနွေးကြမ်းကိုသောက်လိုက်ရင် လျှာပေါ်မှာ ခါးသက်မွှေးကြိုင်တဲ့ရနံ့ တင်ကျန်ခဲ့တယ်။ နေရာတစ်ခု အတည်တကျရှိနေပြီဖြစ်တဲ့သူ့ဘဝမှာ သဘာဝမကျတဲ့၊ လက်တွေ့မဆန်တဲ့အမြင်ဆိုတာလည်း မရှိတော့ဘူး။ နောက်ပြီး နေဝင်ရီတရောမှာ ဆည်းဆာနေရဲ့အလှက တာရှည်မခံဘူးဆိုတဲ့ သဘောတရားကို သူနားလည်လာတော့ ဘဝထဲက တစ်စက္ကန့်၊ တစ်မိနစ်ကို သူတန်ဖိုးထားတတ်လာခဲ့တယ်။ သူ့ရဲ့နေ့ရက်တိုင်းကို ရိုးရှင်းပျော်ရွှင်တာနဲ့ပဲ သူကုန်ဆုံးစေခဲ့တယ်။

အရွယ်အိုမင်းလာတော့ ရေသောက်ရတာကို သူနှစ်သက်လာတယ်။ ရေထဲမှာ အချိုမပါဘူး။ ကော်ဖီမပါဘူး။ လက်ဖက်ခြောက်မပါဘူး။ ရိုးရိုးပလိန်းကြီးဆိုပေမယ့် နည်းနည်းချင်းငုံသောက်ရင် ချိုမြမြအရသာကို ရတယ်။ လူ့ဘဝမှာ သူမြင်တွေ့ခဲ့ဖူးတဲ့ အတက်အကျ ဒီရေလှိုင်းတံပိုးတွေ၊ သူတွေ့ကြုံခဲ့ဖူးတဲ့ အောင်မြင်၊ ကျရှုံးမှုတွေ ဒါတွေအားလုံးဟာ မျက်စိရှေ့က အခိုးအငွေ့တွေဖြစ်ခဲ့ကုန်ပြီ။ ကုလားထိုင်ပေါ် သူမှီထိုင်ရင်း နောက်ကြောင်းကို ဖြည်းဖြည်းချင်း ပြန်စဉ်းစားကြည့်မိတယ်။ အရာအားလုံး အားလုံးက ရေလို အရသာမဲ့ရိုးရှင်းနေခဲ့ပြီ..........

မူရင်း---- http://www.jj59.com/renshengganwu/105421.html

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Monday, September 12, 2011

တစ်ခုထဲနဲ့ မလုံလောက်ပါ...


ပထဝီဝင်ဆရာက ကျောင်းသားတွေကို မေးခွန်းတစ်ခုထုတ်တယ်။

"ကမ္ဘာပေါ်မှာ ဘယ်နေရာဟာ မိုးအများဆုံးနေရာလဲ?"

ကျောင်းသားတွေက "အိန္ဒိယနိုင်ငံ အရှေ့မြောက်အရပ်ဒေသမှာရှိတဲ့ Cherrapunji(ဒေသအခေါ် Sohra)ပါ"လို့ ဖြေကြတယ်။

ဆရာကဆက်ပြီး "အဲဒီနေရာက ဘာဖြစ်လို့ ကမ္ဘာ့အစွတ်စိုဆုံး မိုးများဒေသဖြစ်နေရသလဲ?" လို့မေးတယ်။

ကျောင်းသားတွေက "အိန္ဒိယနိုင်ငံဟာ အပူပိုင်းမုတ်သုန်ရာသီ အမျိုးအစားဖြစ်တယ်။ အနောက်တောင်မုတ်သုန်လေ ပြင်းပြင်းထန်ထန် တိုက်ခိုက်ချိန်မှာ အိန္ဒိသမုဒ္ဒရာရဲ့ ပူနွေးစွတ်စိုတဲ့လေက ရေခိုးရေငွေ့တွေ သယ်ဆောင်လာပြီး အဲဒီဒေသကို မိုးတွေရွာသွန်းစေခဲ့လို့ဖြစ်တယ်" လို့ဖြေကြတယ်။

ဆရာကဆက်ပြီး "အိန္ဒိယကမ်းရိုးတန်းဒေသတွေက အနောက်တောင်မုတ်သုန်လေတိုက်ခိုက်မှုကို ခံကြရတယ်။ ကမ်းရိုးတန်းရဲ့တခြားနေရာတွေက မိုးမများဘဲ ဘာကြောင့် အဲဒီဒေသပဲ မိုးများနေရသလဲ?" လို့မေးတယ်။

ကျောင်းသားတွေက "Cherrapunji က လေသင့်တဲ့ တောင်ကုန်းအရပ်မှာရှိတယ်။ ပူနွေးစွတ်စိုတဲ့လေတွေ အမြင့်ကိုစတက်တာနဲ့ မိုးအဖြစ်ရွာသွန်းခဲ့လို့ဖြစ်တယ်"လို့ဖြေတယ်။

ဆရာက "Cherrapunjiဟာ ဘာဖြစ်လို့ ကမ္ဘာ့စံချိန်ထဲ ဝင်နိုင်ခဲ့သလဲ?" လို့ နောက်ဆုံးမေးခွန်းထုတ်တယ်။

ကျောင်းသားတချို့က "အရည်အချင်း တစ်ခုထဲနဲ့တော့ ကမ္ဘာ့စံချိန်ထဲ မဝင်နိုင်ပါဘူး" လို့ဆိုကြတယ်။

"ဟုတ်ပါတယ်။ အမှတ်ကောင်းတိုင်း ထူးချွန်တဲ့လူ၊ အောင်မြင်တဲ့လူ ဖြစ်နိုင်မလား?"

ဆရာအသံမှာ စိတ်လှုပ်ရှားမှုတွေပါနေတယ်။ ဆရာ့အမေးအဆုံးမှာ
တစ်ခန်းလုံး အပ်ကျသံတောင် မကြားရအောင် တိတ်ဆိတ်သွားခဲ့တယ်။

ဆရာက ဆက်ပြီး "လူမှာလည်း အရည်အသွေးမျိုးစုံ လိုအပ်ပါတယ်။ စရိုက်လက္ခဏာ၊ ပြုစုပျိုးထောင်မှု၊ လေ့ကျင့်မှု၊ အသိပညာ၊ စွမ်းရည်.. စတဲ့အရည်အချင်းတွေအားလုံး ပေါင်းစုနေမှ ထူးချွန်ထက်မြက်တဲ့လူ၊ အောင်မြင်သူလူဖြစ်နိုင်မှာပါ" လို့ပြောလိုက်တယ်။

ဒီစကားဟာ ကျောင်းသားတွေရဲ့ တစ်ဘဝလုံးကို အကျိုးသက်ရောက်စေနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

***
Cherrapunjiဟာ အချိန်တစ်နှစ် ဒါမှမဟုတ် တစ်လအတွင်း တိုင်းတာချက်မှာ ကမ္ဘာ့မိုးရေချိန်အများဆုံးနေရာအဖြစ် စံချိန်တင်ခဲ့ဖူးပါတယ်။ ယခုအခါမှာ Cherrapunjiနဲ့ နီးတဲ့အရပ်ဒေသဖြစ်တဲ့ Mawsynramက ကမ္ဘာ့မိုးရေချိန်အများဆုံး နေရာအဖြစ် စံချိန်တင်နေပါတယ်။


မူရင်း--- http://www.jj59.com/35/6956/

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Saturday, September 10, 2011

စိတ်ဝိညာဉ်အတွက် ပုံပြင်တိုလေးများ


(၁)
ကျွန်တော်အလယ်တန်းတုန်းက ကျောင်းမှာ အတန်းလိုက် ရူပဗေဒအသိပညာပြိုင်ပွဲတစ်ခု ကျင်းပခဲ့တယ်။ အမှတ်တွေမြင့်အောင်၊ အဆင့်တွေရအောင်
ဆရာမက ပြိုင်ပွဲရဲ့အရေးပါတဲ့အချက်တွေ ကျွန်တော်တို့ကို ပြောပြနေခဲ့တယ်။ အဲဒီနောက် ဆရာမက အတန်းနောက်ဆုံးမှာထိုင်နေတဲ့ ရူပဗေဒဘာသာမှာ အဆင့်အနိမ့်ဆုံးရ ကျောင်းသားဆီသွားပြီး "ဒီတစ်ခေါက် ရူပဗေဒအသိပညာပြိုင်ပွဲမှာ အဆင့်ချိတ်ဖို့ မင်းကို အားကိုးရလိမ့်မယ်" လို့ ခေါင်းကိုပွတ်သပ်ပြီး ပြောလိုက်ပါတယ်။

ဆရာမစကားကို တစ်တန်းလုံးက နားမလည်ခဲ့ကြဘူး။ ဒါကို ဆရာမက ဖြေးဖြေးညင်သာနဲ့ ရှင်းပြပါတယ်။

"ဒီအတန်းထဲက အတန်းသားအားလုံးကို ဝိုင်းဖွဲ့စုစည်းလိုက်ရင် သစ်သားစည်ကြီးတစ်ခုနဲ့ တူနေပါတယ်။ အတန်းထဲက ကျောင်းသားတစ်ယောက်တိုင်းဟာ စည်ပတ်လည်က သစ်သားချပ်လေးတစ်ချပ်ဖြစ်တယ်။ ဒီစည်ကြီးထဲ ရေဘယ်လောက်ထည့်နိုင်မယ်၊ မထည့်နိုင်ဘူးဆိုတာ အရှည်ဆုံးသစ်သားချပ်ပေါ် မူတည်တာမဟုတ်ပါဘူး။ အတိုဆုံးသစ်သားချပ်ပေါ်မှာပဲ မူတည်တာပါ"

နောက်ဆုံးပြိုင်ပွဲမှာ ကျွန်တော်တို့အတန်းက ပထမရခဲ့သလို အဲဒီကျောင်းသားကလည်း တိုးတက်မှုရှိခဲ့ပါတယ်။

(တကယ်တော့.... အဖွဲ့တစ်ဖွဲ့ ထူးချွန်မှုရှိမရှိ၊ စည်းလုံးမှုရှိမရှိဆိုတာကို အညံ့ဆုံးအဖွဲ့ဝင်က အဆုံးအဖြတ်ပေးပါတယ်)


(၂)
အပြောကျယ်တဲ့ သဲကန္တာရတစ်နေရာမှာ သူဌေးသားတစ်ဦးနဲ့ ဆင်းရဲသားတစ်ဦး ဦးတည်ရာပျောက်ပြီး တဝဲလည်လည်ဖြစ်နေခဲ့ကြတယ်။

သူဌေးသားက "လူတွေ ငါ့ကိုလာကယ်လိမ့်မယ်။ ငါတို့အိမ်က ချမ်းသာတယ်။ ငါ့အဖေက ဟယ်ရီကော်ပတာငှားပြီး ငါ့ကိုအရှာခိုင်းလိမ့်မယ်။ ငါ့ကိုရှာတွေ့တဲ့လူ ဆုတွေအများကြီးရမှာ သေချာတယ်"ဆိုပြီး နေရာမှာတင်ရပ်ပြီး လူတွေလာရှာတာကို စောင့်နေခဲ့တယ်။

ဆင်းရဲသားက ဘာမှမပြောဘဲ ရှေ့ဆက်လျှောက်နိုင်သမျှ လျှောက်တယ်။ ကုလားအုတ်တွေရဲ့ ခြေရာတွေကို ကြိုးစားရှာရင် ရေရှိရာနေရာကို သူရှာတွေ့ခဲ့တယ်။ နေကိုမော့ကြည့်ပြီး အရပ်လေးမျက်နှာခွဲလို့ သူရှေ့ဆက်လျှောက်ခဲ့တယ်။

ရက်အတန်ငယ်အကြာမှာ ဆင်းရဲသားက သဲကန္တာရကနေ လွတ်မြောက်ခဲ့တယ်။ ဟယ်ရီကော်ပတာတွေ သူဌေးသားကိုရှာတွေ့ချိန်မှာ သူဟာသေဆုံးနေပြီးဖြစ်တယ်။

(တကယ်တော့... ငွေကြေးက နေရာတိုင်းမှာ အရေးပါနိုင်တာမဟုတ်ပါဘူး။ အသိဉာဏ်နဲ့လှုပ်ရှားမှုလည်း လိုအပ်ပါသေးတယ်)


(၃)
မိုးပျံပူဖောင်းတစ်လုံးဟာ ကောင်းကင်အမြင့်ထက်ကို ပျံတက်သွားတယ်။ တိမ်ဖြူဘေးကိုရောက်တော့ တိမ်ဖြူက "အမြင့်ကို ဆက်မပျံနဲ့တော့ အန္တရာယ်ရှိတယ်"လို့ သတိပေးတယ်။ ဒါကို မိုးပျံပူဖောင်းက မာနကြီးကြီးနဲ့ သူအမြင့်ပျံနိုင်တာကို တိမ်ဖြူမနာလိုလို့ ထင်ပြီး အမြင့်ပေါ်ဆက်ပျံသွားတယ်။ လေထုတွေ တဖြေးဖြေးနည်းလာတယ်။ လေထုဖိအားအပြောင်းအလဲကြောင့် မိုးပျံပူဖောင်းဟာ "ဖောင်း"ခနဲ ကွဲထွက်သွားတော့တယ်။

(တကယ်တော့.... တတ်နိုင်သလောက်ပဲ သင့်တင့်မျှတလုပ်တာက အကောင်းဆုံးဖြစ်တယ်)


(၄)
မြို့နယ်အဆင့် သချာင်္ပြိုင်ပွဲကိုဝင်ပြိုင်ဖို့ ဒုတိယတန်းကျောင်းသားလေးတွေထဲက ကျောင်းကိုယ်စားပြု ကျောင်းသားတစ်ဦးကို ဆရာ/ဆရာမတွေက ရွေးချယ်နေကြတယ်။ နောက်ဆုံးမှာ မောင်မောင်နဲ့ အောင်အောင်လို့ခေါ်တဲ့ ကျောင်းသားနှစ်ဦးဟာ အဆင့်တူ၊ အမှတ်တူနေတာကို တွေ့လိုက်ရတယ်။ ဒါပေမဲ့ တစ်ကျောင်းမှာ တစ်ယောက်ပဲဝင်ပြိုင်ရမှာဆိုတော့ ဆရာ/ဆရာမတွေက မေးခွန်းတစ်ခုထုတ်လိုက်တယ်။ မေးခွန်းက တြိဂံတစ်ခုရဲ့ထောင့်သုံးခုအဖြေကို အချိန်အတိုဆုံးအတွင်းမှာ ဖြေဆိုဖို့ဖြစ်တယ်။

မောင်မောင်က တြိဂံရဲ့ထောင့်တစ်ခုစီကို တိတိကျကျတိုင်းတာတယ်။ အောင်အောင်က တြိဂံရဲ့အနားတွေကို တိုင်းတာတယ်။

မောင်မောင်ရော ၊ အောင်အောင်ရော ထောင့်တထောင့်စီဟာ ၆ဝံဆိုတဲ့အဖြေကို မြန်မြန်ဆန်ဆန်ရခဲ့ပါတယ်။ ဒါပေမဲ့ အောင်အောင်က ဆရာမကို "တြိဂံကိုကြည့်လိုက်တာနဲ့ သုံးနားညီတြိဂံဖြစ်မယ်လို့ ကျွန်တော်ထင်လိုက်တယ်။ သေချာအောင် အနားတွေကို ကျွန်တော်တိုင်းလိုက်တယ်။ ကျွန်တော်ထင်ထားသလိုပါပဲ... နောက်တော့ အနားညီတြိဂံရဲ့နိယာမနဲ့အညီ ထောင့်တစ်ခုစီဟာ ၆ဝံဖြစ်တယ်ဆိုတာကို ရလိုက်တယ်"လို့ ပြောပြပါတယ်။

နောက်ဆုံးမှာ ဆရာမတွေက အောင်အောင်ကို မြို့နယ်သချာင်္ပြိုင်ပွဲဝင်ပြိုင်ဖို့ ရွေးလိုက်ပါတယ်။ အကြောင်းက အောင်အောင်ဟာ တတိယတန်းဖြေရှင်းနည်းကို သုံးတတ်ခဲ့လို့ဖြစ်တယ်။

(တကယ်တော့.... ယှဉ်ပြိုင်မှုတွေထဲမှာ အသိဉာဏ်၊ အမြင်ကို ဦးဆောင်နိုင်ခဲ့ရင် ကိုယ့်ပြိုင်ဖက်ကို ပိုအလဲဖြိုနိုင်မှာဖြစ်တယ်)


(၅)

ဦးစိမ်းနဲ့ဦးလွန်းတို့က ကုမ္ပဏီတစ်ခုရဲ့ လက်ထောက်မန်နေဂျာတွေဖြစ်တယ်။ ကုမ္ပဏီက အထပ်ငါးထပ်မှာရှိတာမို့ ဦးစိမ်းက အမြဲတမ်း ဓာတ်လှေကားစီးတယ်။ ဘယ်တော့မှ လှေကားဖက်ကနေ လမ်းလျှောက်မတက်ဘူး။ ဦးလွန်းက ဓာတ်လှေကား အစီးနည်းတယ်။ အမြဲတမ်းလှေကားတွေပဲ အသုံးပြုတယ်။

နှစ်အတန်ကြာတော့ ကုမ္ပဏီက ဦးလွန်းကို မန်နေဂျာရာထူးခံအပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါကို ဦးစိမ်းက မကျေနပ်ဘူး။ အကြီးအကဲ ရုံးခန်းနားသွားပြီး ဖြေရှင်းချက်တောင်းတယ်။

အကြီးအကဲက ဖြေဖြေချင်းရှင်းပြပါတယ်။

"ဦးလွန်းက နေ့တိုင်း လှေကားကနေတက်ဆင်းတယ်။ အထပ်တိုင်းမှာရှိတဲ့ ဝန်ထမ်းတွေနဲ့ ခေါ်ပြောနှုတ်ဆက်တယ်။ သန့်ရှင်းရေးလုပ်တဲ့ အဒေါ်ကြီးပါမကျန် အလုပ်အကြောင်း၊ မိသားစုအကြောင်း ဆွေးနွေးတယ်။ ကုမ္ပဏီရဲ့ လည်ပတ်မှုတိုင်းကို သူသိတယ်။ ဝန်ထမ်းတစ်ဦးချင်းစီရဲ့ အကြိုက်တွေကို သူနားလည်တယ်"

(တကယ်တော့.... လူလုပ်တယ်ဆိုတာ အမြင့်ဆုံးမှာပဲနေဖို့ မဟုတ်ပါဘူး။ ကြိုးကြိုးကုတ်ကုတ်၊ ဖော်ဖော်ရွေရွေနဲ့ နေရာ(ရာထူး၊ ဂုဏ်)ကိုလည်း လက်လွတ်တတ်ဖို့ ပိုလိုအပ်ခဲ့ပါတယ်)


(၆)
ကိုစိုင်းဟာ ငယ်ငယ်လေးကတည်းက အားကစားသမားတစ်ဦးဖြစ်ချင်ခဲ့သူပါ။ ဒါပေမဲ့ ဟန်ချက်ကို သူရှာမတွေ့ခဲ့ဘူး။ သူ့ရဲ့ခန္ဓာကိုယ်ဟန်ချက်က အရမ်းညံ့ခဲ့တယ်။ ဒါကြောင့် ခန္ဓာကိုယ်ဟန်ချက်ညီအောင်ဆိုပြီး ကျောင်းဆင်းအိမ်ပြန်တိုင်း ရထားသံလမ်းတစ်လျှောက် သူလမ်းလျှောက်ပြန်ခဲ့တယ်။ အထက်တန်းအောင်တဲ့အထိ တိုးတက်မှုမရှိပေမယ့် အားကစားတစ်ဦးဖြစ်ချင်တဲ့ အိပ်မက်ကိုတော့ သူလက်မလွတ်ခဲ့ဘူး။

ကျောင်းပြီးတဲ့နောက် ကိုယ့်နေရပ်ကိုပြန်ပြီး သံထည်အနုပညာဆိုင်တစ်ဆိုင် သူဖွင့်ခဲ့တယ်။ ဟိုးအရင် သံလမ်းပေါ်မှာလမ်းလျှောက်ခဲ့တုန်းက သံထည်တွေရဲ့ပုံစံမျိုးစုံကို သူသတိရပြီး သံထည်နဲ့ အနုပညာပုံအမျိုးမျိုး သူပြုလုပ်ခဲ့တယ်။ သူ့ရဲ့သံထည်ပစ္စည်းတွေ ရောင်းအားတက်ပြီး နောက်ဆုံးမှာ နာမည်ရှိတဲ့ သံထည်အနုပညာတစ်ယောက်ဖြစ်ခဲ့တယ်။

(တကယ်တော့.... ငယ်အိပ့်မက်တွေက အောင်မြင်ချင်မှ အောင်မြင်ပါလိမ့်မယ်။ ဒါပေမဲ့ အောင်မြင်မှုက သင်ကြီးပြင်းရာလမ်းတလျှောက်မှာ ရှိနေပါတယ်)


(၇)
နာမည်ကြီးစန္ဒယားဆရာတစ်ဦးက တပည့်ရွေးမယ်ဆိုလို့ ကျောင်းပေါက်ဝမှာ တပည့်ခံဖို့ လာလျှောက်ကြတဲ့ ကျောင်းသားတွေနဲ့ ပြည့်ကြပ်နေတယ်။ စလျှောက်ချိန်မရောက်ခင် ငါးမိနစ်အလိုမှာ မတော်တဆမှုတစ်ခု ဖြစ်ခဲ့တယ်။ လမ်းမပေါ်မှာ အဘွားအိုတစ်ဦးမေ့လဲသွားတာပါ။ အဲဒီအချိန်မှာပဲ ကားတစ်စီးရောက်လာပြီး ကားထဲကနေ လူလတ်ပိုင်းတစ်ဦး ဆင်းလာပါတယ်။ အဲဒီလူဟာ အဘွားအိုကို ဆေးရုံပို့ဖို့ ထူလိုက်ရင်းက ကျောင်းပေါက်ဝဖက်လှည့်ပြီး "အဘွားအိုကို ဆေးရုံပို့ဖို့ တစ်ယောက်ယောက်လာကူပါဦး" လို့ အော်လိုက်တယ်။

ကျောင်းသားတွေက တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ဘယ်သူမှ နေရာက မခွာချင်ခဲ့ကြဘူး။ စလျှောက်ချိန်လည်း နီးလာလို့ဖြစ်တယ်။ အဲဒီအချိန်မှာ ကျော်ကျော်ရောက်လာပြီး "ကျွန်တော်ကူမယ်"လို့ ဆိုပါတယ်။

နောက်ဆုံးတော့ ကျော်ကျော် အရွေးခံလိုက်ရပါတယ်။ အဲဒီ ကားမောင်းလာတဲ့လူဟာ တပည့်ရွေးဖို့လာတဲ့ နာမည်ကြီးစန္ဒယားဆရာဖြစ်လို့ပဲဖြစ်တယ်။

(တကယ်တော့.......... အောင်မြင်ဖို့ရာ ချစ်ခြင်းမေတ္တာလည်းလိုအပ်ပါတယ်)


(၈)
လက်ထောက်မန်နေဂျာတစ်ဦး နိုင်ငံခြားကုမ္ပဏီတစ်ခုနဲ့ (၈ဝဝ)တန်လက်ကိုင်ဖုန်းကို အလုံး(၅ဝဝ)ဝယ်ဖို့ သွားရောက်ဆွေးနွေးခဲ့တယ်။ သဘောတူစာချုပ်မချုပ်ခင် အထက်မန်နေဂျာကို သဘောတူမတူ မက်ဆေ့ပို့ခဲ့တယ်။ အထက်မန်နေဂျာက ဒီဈေးနှုန်းဟာဈေးမြင့်ပြီး တကယ်လို့ ဝယ်ယူရင် ရှုံးနိုင်တယ်ဆိုတာကိုသိတော့ သဘောမတူလို့ မက်ဆေ့ပြန်ပို့လိုက်တယ်။

ဒါပေမဲ့ စာရိုက်ချိန်မှာ သဘောမတူကို သဘောတူလို့မှားရိုက်မိလိုက်တယ်။ နောက်ဆုံးမှာ သဘောတူစာချုပ် ချုပ်ခဲ့မိတဲ့အတွက် ကုမ္ပဏီက အရှုံးနဲ့ရင်ဆိုင်လိုက်ရတယ်။

(တကယ်တော့.... အောင်မြင်ဖို့ရာ အသေးစိတ်ဖို့လည်း လိုပါတယ်)


(၉)
ငယ်ရွယ်တဲ့စိုက်ပျိုးရေးသမားတစ်ဦးဟာ တောင်ဖက်ဒေသမှာ ပန်းသီးပင်တွေပျိုးဖို့ ဆုံးဖြတ်လိုက်တယ်။ သက်ကြီးစိုက်ပျိုးရေးသမားတွေက တောင်ဖက်ဒေသတွေက ရာသီဥတု၊ မြေဆီလွှာတွေဟာ ပန်းသီးစိုက်ဖို့ မသင့်တော်ကြောင်း ဒီစီမံကိန်းကို လက်လွတ်ဖို့တားတယ်။ ဒါပေမဲ့ လူငယ်က သူတို့စကားကို နားမထောင်ခဲ့ဘူး။ သူ့ဆုံးဖြတ်ချက်အတိုင်း ပန်းသီးပင်တွေကို စပျိုးခဲ့တယ်။ နောက်ဆုံးမှာ ပန်းသီးတွေ အသီးသီးလာပါတယ်။ ဒါပေမဲ့ ပန်းသီးတိုင်းက မချိုဘဲဖန်နေတာကို တွေ့ရတယ်။

ဒါကို လူငယ်က စိတ်မပျက်ခဲ့ဘူး။ ပန်းသီးပင်အားလုံးကို သစ်တော်သီးပင်နဲ့ သူကိုင်းဆက်လိုက်တယ်။ နောက်တစ်နှစ်မှာ သူ့ပန်းသီးပင်ကနေ ချိုမြတဲ့ ပန်းသစ်တော်တွေ သီးခဲ့ပြီး အရောင်းသွက်ခဲ့ပါတယ်။

(တကယ်တော့.... အောင်မြင်ဖို့ရာ အခြေအနေလိုအပ်သလို ဆန်းသစ်ထီထွင်တတ်ဖို့လည်း ပိုလိုအပ်ပါတယ်)


မူရင်း -- http://www.jj59.com/35/0104603.html

နိုင်းနိုင်းစနေ ဘာသာပြန်သည်။



Share/Bookmark

Friday, September 09, 2011

blogger ဆိုတာဘာလဲ !


ကျွန်မလည်း ခုတလောစန်းပွင့်နေတယ်.. ဟိုလူတက်လိုက် ဒီလူတက်လိုက်နဲ့... အော် tag လုပ်တာကိုပြောတာပါ။ ခုလည်း မောင်ငယ်သက်တန့်ချိုက "blogger ဆိုတာဘာလဲ!"ဆိုပြီး တက်ဂ်လိုက်တယ်တဲ့။ (တကယ်တော့ သက်တန့်ချိုတစ်ယောက်ပဲ တက်ဂ်ဖူးသေးတာပါ :D) "ဘလော့ဂ်ဆိုတာဘာလဲ! ဘာလို့ဘလော့ဂ်ရေးလဲ! ဘလော့ဂ်နာမည်ရဲ့ အဓိပ္ပာယ်ကဘာလဲ!" ဘလော့ဂ်နဲ့ပတ်သက်တာတွေ မေးတာ ကုန်သလောက်ရှိနေပြီလို့ထင်နေတာ ခုတော့ ဘလော့ဂါဆိုတာဘာလဲတဲ့!

တခြားလူအတွက်တော့ မသိဘူး.. ကျွန်မအတွက်တော့ ဘလော့ဂ်တစ်ခုလုပ်လိုက်ပြီး အဲဒီထဲမှာ စာတွေစရေးပြီ (တစ်ကြောင်းဖြစ်ဖြစ်၊ နှစ်ကြောင်းဖြစ်ဖြစ်) ဆိုတာနဲ့ ဘလော့ဂါစာရင်းထဲ ဝင်သွားပါပြီ။ မငြင်းပါနဲ့....


ဘလော့ဂါဆိုတာဘာလဲနဲ့ ပတ်သက်ပြီး တခြားဘလော့ဂါတွေရေးထားတာကို လိုက်ဖတ်ကြည့်တော့ ကိုယ်ရေးဖို့တောင် မကျန်လောက်အောင် စုံစုံလင်လင် ရေးထားကြတာကိုတွေ့ရတယ်။ ကိုယ့်ခံယူချက်နဲ့ကိုယ် ဘလော့ဂါရဲ့အဓိပ္ပာယ်ကို ဖွင့်ဆိုထားကြတာတွေ့တယ်။ ဘလော့ဂါတစ်ယောက်ဖြစ်တဲ့ ကျွန်မလည်ုး့ "ဘလော့ဂါ"ဆိုတာကို ကျွန်မရဲ့ခံယူချက်နဲ့ကျွန်မ အချက်အလက်တချို့ကို ချရေးလိုက်ပါတယ်။ ဘလော့ဂ်နဲ့ပတ်သက်တဲ့ ဘလော့ဂါတစ်ယောက်ရဲ့ ရင်တွင်းခံစားချက်ဆိုရင် ပိုမှန်ပါလိမ့်မယ်။

ဘလော့ဂါဆိုတာ.....
(၁) ဘလော့ဂ်ပေါ်မှာ စာရေးနေသူပါ။
(၂)
ကိုယ့်ရဲ့အသိပညာ၊ အတွေ့အကြုံ၊ စိတ်ခံစားချက်ကို ဘလော့ဂ်ပေါ်မှာ မျှဝေသူပါ။
(၃) တစ်နေ့ ပို့စ်တစ်ပုဒ်နှုန်း (ကျော်ရခွရပါစေ) ဘလော့ဂ်ပေါ် ရေးတင်ချင်နေသူပါ။
(၄) တစ်နေ့ပို့စ်တစ်ပုဒ်နှုန်း ရေးမတင်ရရင် လာရောက်သူတွေကို အားနာသလိုလိုဖြစ်တတ်သူပါ။
(၅) ဝေဖန်၊ ကဲ့ရဲ့၊ ပြစ်တင်တာတွေကို ခံနိုင်ရည်ရှိသူ၊ ကြိုဆိုသူပါ။
(၆) အားပေးစကား၊ ချီးကျူးစကားတွေကို ဝမ်းမြောက်ဝမ်းသာ လက်ခံရယူသူပါ။
(၇) တစ်ခါတလေ သိသလို တတ်သလိုနဲ့ တစ်ခါတလေမှာ အကူအညီမဲ့တတ်သူပါ။
(၈) ကိုယ်ရေးတဲ့စာတွေ သူတစ်ပါးကို မထိခိုက်စေချင်သလို၊ စိတ်ညစ်တာတွေလည်း မကူးစက်ချင်သူပါ။
(၉) စာဖတ်သူတွေ ဘလော့ဂ်ထဲပျော်ပျော်လာပြီး (တစ်စုံတစ်ခုကိုယူပြီး) ပျော်ပျော်ပြန်သွားစေချင်သူပါ။
(၁ဝ) ............ ဒီဘလော့ဂါအတွက် အကြံဉာဏ်လေး ထားခဲ့ကြပါ..... ကျေးဇူးတင်ပါတယ်း)

ချစ်ခင်လေးစားစွာဖြင့်
ဘလော့ဂါ နိုင်းနိုင်းစနေ


Share/Bookmark

ချစ်ခြင်းမေတ္တာ "Copy--- Paste"


အိမ်ရောက်တာနဲ့ "ထမင်းဆာလိုက်တာ... ထမင်းမကျက်သေးဘူးလား" လို့ အော်တတ်တဲ့သူဟာ သားသမီးပါ။ အိမ်ရောက်တာနဲ့ အဝတ်အစားတောင်မလဲဘဲ မီးဖိုချောင်ထဲဝင် ထမင်းဟင်းချက်ပြုပ်တာ အမေပါ။

"ထမင်းက ပူလိုက်တာ၊ ဟင်းက ငန်လိုက်တာ" လို့ ညည်းတွားတတ်သူဟာ သားသမီးပါ။
အသီးအရွက်လေးပဲဖြစ်ဖြစ် ရှိတာလေးနဲ့ အရသာရှိရှိ ကြိုးစားချက်ပြုပ်တာ အမေပါ။

အမြဲတမ်း ပိုက်ဆံလိုပြီလို့ လက်ဖြန့်တောင်း၊ မပေးပြန်တော့လည်း စိတ်တိုစိတ်ကောက်တတ်သူဟာ သားသမီးပါ။ ချွေတာမျှသုံး ဘာမဆို အသေးစိတ်တွက်ချက်လို့ သားသမီးပညာရေးအတွက်ဆိုရင် တွန့်တိုနှမြောခြင်းမရှိတာ အမေပါ။

မနက်အိပ်ရာထရမှာပျင်းတဲ့အပြင် ဟိုဟာဒီဟာ ညည်းတွားကျီး(ချေး)များတတ်တာ သားသမီးပါ။ ညဥ့်နက်မှအိပ်ရာဝင် မိုးလင်းရင်စောစောထလို့ မနက်စာပြင်ဆင်တာ အမေပါ။

အိမ်စာများတယ်၊ ကျောင်းသွားရတာ မောတယ်လို့ ညည်းတွားတတ်တာ သားသမီးပါ။ အဝတ်လျှော်၊ ထမင်းချက် တစ်နေကုန် အလုပ်ပင်ပင်ပန်းပန်းလုပ်တာတောင် မညည်းတွားတဲ့အပြင် ညအခါ သားသမီးနဲ့အတူ စာကျက်ဖော်လုပ်တာ အမေပါ။

တခြားလူချမ်းသာတာကို အားကျပြီး ကိုယ့်အိမ်ဆင်းရဲကြောင်းကို အပြစ်ဆိုတတ်တာ သားသမီးပါ။ အလုပ်မရှိရင် အငြိမ်မနေတတ် မနက်မိုးလင်းက မိုးချုပ်အထိအလုပ်လုပ် ငွေရှာတာ အမေပါ။

ကိုယ့်မိသားစုမွေးနေ့ကို မမှတ်မိ၊ ကိုယ့်သူငယ်ချင်းမွေးနေ့ရောက်ရင် မနက်စောစော လက်ဖြန့်ငွေတောင်း လက်ဆောင်ဝယ်ပေးတတ်တာ သားသမီးပါ။ ကိုယ့်မွေးနေ့ကိုမေ့ပြီး မိသားစု၊ သားသမီးတွေရဲ့မွေးနေ့ကို လက်ဆောင်တွေနဲ့ ပြင်ဆင်ပေးတတ်တာ အမေပါ။

အပြင်မှာ စိတ်ညစ်တာကြုံခဲ့ရင် အိမ်မှာမပြတ်ညည်းတွားပြပြီး ကိုယ်ချင်းစာစိတ်၊ နှစ်သိမ့်စိတ်ကို တောင်းဆိုတတ်တာ သားသမီးပါ။ အပြင်မှာ ဘယ်လောက်ပဲ စိတ်ညစ်တာကြုံခဲ့ကြုံခဲ့ အိမ်ပြန်ရောက်ရင် အတတ်နိုင်ဆုံးပြုံးရွှင်နေတတ်တာ အမေပါ။

စိတ်ညစ်၊ စိတ်တိုရင်ပေါက်ကွဲ၊ စိတ်ရှုပ်ရင်ညည်းတွားလို့ အိမ်ကို ခံစားချက်တွေပေါက်ကွဲရာနေရာလို့ သတ်မှတ်တတ်တာ သားသမီးပါ။ စိတ်ညစ်၊ စိတ်ရှုပ်တာတွေကို ရင်မှာမြိုသိမ့် ကိုယ့်ရဲ့မကောင်းတဲ့စိတ်ခံစားချက်တွေ မိသားစုကို ကူးစက်သွားမှာစိုးတာ အမေပါ။

ကျောင်းတစ်ဘက်၊ အလုပ်တစ်ဘက်နဲ့ မအားဘူးလို့အကြောင်းပြ အိမ်ကိုဖုန်းအဆက်နည်းတာ သားသမီးပါ။ ဖုန်းထဲမှာ နေကောင်းလား! စားဝလား! လို့စိတ်ပူ သားသမီးတွေကို အမြဲလွမ်းဆွတ်စိတ်ပူတတ်တာ အမေပါ။

အိမ်ကစုဆောင်းထားတာတွေ ခဏ"ချေးငှား"ပြီး အိမ်ကြီးအိမ်ကောင်းနဲ့ သက်တောင့်သက်သာနေတာ သားသမီးပါ။ တစ်သက်လုံး ပင်ပင်ပန်းပန်းအလုပ်လုပ် အခုချိန်ထိ အိမ်အိုအိမ်ဟောင်းလေးနဲ့နေတာ အမေပါ။

အားလပ်ရက်တွေကို သူငယ်ချင်းတွေနဲ့ပျော်ပါး အိမ်ပြန်ဖို့မေ့နေတတ်တာ သားသမီးပါ။ သားသမီးတွေကို ခဏလေးပဲမြင်ရမြင်ရ မြင်ရတဲ့တခဏမှာ စိတ်ပျော်ရွှင်ချမ်းမြေ့နေတတ်တာ အမေပါ။

မိန်းမရ၊ ယောက်ျားရရင် မိဘကိုမေ့တတ်တာ သားသမီးပါ။
သားသမီးအတွက် တစ်သက်စိတ်ပူရုံမက မြေးတွေကိုပါ စိတ်ပူထိန်းကျောင်းပေးတတ်တာ အမေပါ။

ချစ်ခြင်းမေတ္တာဆိုတာကို ပါးစပ်ဖျားမှာချိတ်ဆွဲ၊ လက်တွေ့မှာ လှုပ်ရှားမှုမပြတတ်တာ သားသမီးပါ။ ချစ်ခြင်းမေတ္တာဆိုတာကို ပါးစပ်ထဲက လုံးဝထုတ်မပြောလည်း သားသမီးအပေါ် အချစ်တွေအမြဲကျဲဖြန့်တတ်တာ အမေပါ။


ချစ်ခြင်းမေတ္တာက အဲဒီလိုနည်းနည်းလေးတော့ အမြဲလွဲနေခဲ့ပါတယ်။ ဒါဟာ မိဘနဲ့သားသမီးကြားက ခြားနားချက်လေးပါ။ သားသမီးတွေ တဖြေးဖြေးကြီးပြင်းပြီး မိဘနေရာကို ရောက်လာချိန်ကျမှ ချစ်ခြင်းမေတ္တာရဲ့ တကယ့်အဓိပ္ပာယ်ကို နားလည်ကောင်း နားလည်လာပါလိမ့်မယ်။ ပြီးတော့ အဲဒီချစ်ခြင်းမေတ္တာတွေကို ဘဝရဲ့အမှတ်တရအဖြစ် သိုလှောင်လာပါလိမ့်မယ်။ အခုအချိန်မှာ ကျွန်မတို့က အဲဒီချစ်ခြင်းမေတ္တာကို " Copy----- Paste" အကြိမ်ကြိမ်လုပ်ဖို့ပဲ ပိုလိုအပ်နေပါတယ်။ ဒါမှ မိဘတွေကို ပျော်ရွှင်ချမ်းမြေ့စေမယ့် ခံစားမှုတွေကို ကျွန်မတို့ပေးနိုင်ပါလိမ့်မယ်။

***** "အမေ"ဆိုတဲ့နေရာမှာ "မိဘ" လို့ ဖြည့်ဖတ်နိုင်ပါတယ်။

မူရင်း--- http://www.jj59.com/jingpinwenzhang/0100450.html

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Thursday, September 08, 2011

နာမည်လှလှရွေးပေးပါ


ကောင်မလေးတစ်ယောက် ကျွန်မကို သူ့သားလေးအတွက် နာမည်လှလှရွေးပေးဖို့ အကူအညီတောင်းထားတာ ဟိုဇွန်လကတည်းကပါ။ သားလေးက ဘာနေ့သားလေးလဲ မေးတော့ မမွေးရသေးဘူး အစ်မရယ်... စက်တင်ဘာလလောက်မှ မွေးမယ်တဲ့။ ကဲ.. ဘယ်လောက်ချစ်ဖို့ကောင်းလိုက်တဲ့ မိခင်လောင်းလည်းကွယ်။ မမွေးရသေးတဲ့ ကိုယ့်သားလေးအတွက် ဘာနာမည်ပေးရကောင်းမလဲဆိုပြီး မမွေးရသေးတဲ့သားလေးကို ကိုယ့်ဝမ်းတွင်းကတည်းက စိတ်ပူခဲ့၊ ချစ်ခဲ့တဲ့ အမေ...

မမွေးခင်ကတည်းက နာမည်လှလှလေးရွေးဖို့ပြောလာတဲ့သူ့ကို ကျွန်မအီးမေးလ်မပြန်ဖြစ်ခဲ့ပါဘူး။ ဘာနေ့သားလဲဆိုတာသိမှ လူတွေကရွေးလို့ရနိုင်မှာဆိုတော့ မေ့မေ့ပျောက်ပျောက်ပဲ ထားခဲ့မိတယ်။ ဒီလိုနဲ့ ဒီနေ့မှာ သူ့အီးမေးလ်ကို ရလိုက်ပြန်တယ်။ အစ်မရေ.. ကျွန်မဒီနေ့ပဲမွေးတယ်တဲ့.. အခုပဲမွေး၊ အခုပဲ ဆေးရုံပေါ်ကနေ အီးမေးလ်ပို့လိုက်ပုံရတယ်။ "အဂ္ဂဘုန်း"လို့ နာမည်လှလှလေး ရွေးပေးလိုက်သလိုပဲ ကျွန်မရဲ့သားလေးနာမည်ကိုလည်း အစ်မဘလော့ဂ်ပေါ်တင်ပြီး ရွေးပေးပါနော်တဲ့။ အခုပဲမွေး၊ အခုပဲကိုယ့်သားလေးအတွက် နာမည်လှလှလေး ရစေချင်တဲ့ အမေ...

ကျွန်မလည်း ဘလော့ဂ်ပေါ်မှာ စာဖတ်သူတွေရဲ့အကူနဲ့ ကလေး(၂)ယောက်,(၃)ယောက်ကို နာမည်ရွေးပေးထားဖူးတာကို သူသိလို့ထင်ပါတယ်။ ကိုယ်ဝန်ရှိပြီဆိုကတည်းက ဒီနာမည်လှလှရွေးခိုင်းဖို့ စိတ်ကူးထားပုံရတယ်။ ဒါဟာ အမေတစ်ဦးရဲ့ ကိုယ့်သားသမီးအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာလို့ ကျွန်မမြင်ပါတယ်။

ဒီ အခုမှအမေဖြစ်စ အမေလက်သစ်လေးကို သူ့သားလေးအတွက် နာမည်လှလှရွေးပေးကြပါလို့ ကျွန်မကပဲ စာဖတ်သူတွေကို တောင်းဆိုချင်ပါတယ်။ သားလေးက စက်တင်ဘာ(၈)ရက်(၅)နာရီဖွား "ကြာသပတေးသား"ဖြစ်ပြီး သားရဲ့နာမည်မှာ "ဦး"ဆိုတဲ့နာမည်လေး ပါစေချင်ပါတယ်တဲ့။ နာမည်က စာလုံးသုံးလုံးနဲ့ ဖြစ်ချင်ပါတယ်လို့ ပြောပါတယ်။ မြန်မာပီပီ မြန်မာနာမည်ပဲ အလိုရှိပါတယ်တဲ့။ ကျွန်မက နေ့နံအက္ခရာတွေ မသိသူမို့ သိတတ်နားလည်တဲ့၊ နာမည်လှလှပေးတတ်တဲ့ စာဖတ်သူတွေကို တဆင့်ပြန်ပြီး အကူအညီတောင်းလိုက်ပါတယ်။ သားကိုချစ်တဲ့ အမေလက်သစ်တစ်ယောက်ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးကြပါလို့... အားလုံးကို ကျေးဇူးတင်ပါတယ်း)

+++++++ ++++++++++++

(၁)
မနိုင်းနိုင်းရေ

Postလေးကိုစိတ်ဝင်စားလို့ မဟာဘုတ် တွက်ပေးကြည့်ထားတယ်။ ကြာသပတေးသား၊၁၃၇၃ဆိုတော့ အဓိပတိဖွားပါ။ ကြာသပတေးလည်းဖြစ် အဓိပတိဖွားလည်းဖြစ်တာမို့ သူ့ဘဝမှာ ဆင်းရဲပင်ပမ်းတာတွေ နည်းပါးပါလိမ့်မယ်။

နာမည်ပေးမယ် ဆိုရင်တော့ ကြာသပတေးနံနှင့်စချင်ရင် ကြာသပတေးနံ သုံးလုံးဆက်ပေးမှ ပိုကောင်းမယ်ထင်ပါတယ်။ ကိုယ်နာမည်ဟာ ကိုယ်မဟာဘုတ်ပေါ်မှာ အောက်ကနေ အပေါ်ကိုသွားတာ ပိုကောင်းတယ်လို့ ဆိုကြလို့ပါ။ အပေါ်ကနေ အောက်ကိုပြန်မဆင်းရင် ပိုကောင်းတယ်ဆိုတဲ့ သဘောပါ။

မိခင်က"ဦး" ဆိုတဲ့နာမည်လေးလည်း ပါချင်တယ်လို့ဆိုတော့ ကြာသပတေးနံနှင့်စပြီးရင် "ဦး" ကိုထည့်ရင် သူ့မဟာဘုတ်မှာ နာမည်ဟာ အောက်ဆင်းသွားပါလိမ့်မယ်။

ညီမ နာမည်ကိုလည်း "ခင်နှင်းဖြိုး" ကနေ "ခင်နှင်းနွေး" လို့ ပြောင်းထားတာပါ။ ညီမရဲ့ မဟာဘုတ်ကြောင့် ဘုန်းဘုန်း တပါးက ပြောင်းပေးထားတာပါ။ မဟာဘုတ်နှစ်ခုကို attach လုပ်ပေးလိုက်ပါတယ်။ မနိုင်းနိုင်းပဲ ကြာသပတေးသားမိခင်အတွက် အသုံးဝင်မယ်ထင်ရင်ဒီ Email ကို share ပေးပါ။

one of ur fans:





(၂)

မင်္ဂလာပါ..အမ...
အမဆိုဒ်မှာ နာမည်လှလှရွေးပေးပါဆိုတဲ့ပိုစ့်ကို တွေ့လိုက်လို့ပါ။ တိုတိုပဲပြောပြပေးပါ့မယ်ခင်ဗျာ။ ဖြန့်ဝေပေးပါခင်ဗျာ...

တနင်္ဂနွေသားနာမည်ရဲ့ နောက်ကို ဆက်ရေတွက်ကြည့်လိုက်ပါ။ ၄ရက်ပေါင်းပေါ့။ ကြာသပတေးကို ရောက်သွားမယ်။ ပြီးရင်ကပ်လျက်နေ့နံသောကြာ ပြီးရင် ၃ရက်ထပ်ပေါင်း တနင်္လာနံ အဲ့ဒီတော့ တနင်္ဂနွေသားဆိုရင် ကြာသပတေး၊ သောကြာ၊ တနင်္လာ---- ဥပမာပြောရင် ဆရာ မင်းသိင်္ခ၊ မိုးဟေကို၊ သူထူးစံ ဆိုရင် တနင်္လာသားပေါ့။ ကျန်တဲ့နေ့တွေအတွက်ကတော့ အောက်မှာပါ။

တနင်္ဂနွေ ဆိုတာက ၁ ။ ။ သူ့အတွက်နာမည်ပေးမယ်ဆိုရင်.. ၅၆၂ ကြာသပတေး၊ သောကြာ၊ တနင်္လာ

တနင်္လာသား ဆိုတာက ၂ ။ ။ သူ့အတွက်နာမည်ပေးမယ်ဆိုရင်.. ၆၇၃ သောကြာ၊စနေ၊အင်္ဂါ

အင်္ဂါ ဆိုတာက ၃ ။ ။ သူ့အတွက်နာမည်ပေးမယ်ဆိုရင်.. ၇၁၄ စနေ၊ တနင်္ဂနွေ၊ ဗုဒ္ဓဟူး

ဗုဒ္ဓဟူး ဆိုတာက ၄ ။ ။ သူ့အတွက်နာမည်ပေးမယ်ဆိုရင်.. ၁၂၅ တနင်္ဂနွေ၊ တနင်္လာ၊ ကြာသပတေး

ကြာသပတေး ဆိုတာက ၅ ။ သူ့အတွက်နာမည်ပေးမယ်ဆိုရင်.. ၂၃၆ တနင်္လာ၊ အင်္ဂါ၊ သောကြာ

သောကြာ ဆိုတာက ၆ ။ ။ သူ့အတွက်နာမည်ပေးမယ်ဆိုရင်.. ၃၄၇ အင်္ဂါ၊ဗုဒ္ဓဟူး၊ စနေ

စနေ ဆိုတာက ၇ ။ ။ သူ့အတွက်နာမည်ပေးမယ်ဆိုရင်.. ၄၅၁ ဗုဒ္ဓဟူး၊ ကြာသပတေး၊ တနင်္ဂနွေ

ဆရာမင်းသိင်္ခကိုယ်တိုင် ဒီနာမည်ပေးနည်းအတိုင်း ပေးတယ်လို့ပြောတယ်ခင်ဗျ။ တခြားနည်းတွေလည်း သုံးဦးမယ်ထင်ပါတယ်။ ကျွန်တော်သိသလောက်ပါ။ တလက်စတည်း အခွင့်ကောင်းယူတယ်လို့မထင်ပါနဲ့ခင်ဗျာ။ ကျန်းမာရေးနဲ့ အလှအပရေးရာ ဆိုဒ်လေးပါ။ ဒါလေးကိုလည်း အမဆီကနေ တစ်ချက်လောက် ဖြန့်ဝေပေးစေချင်ပါတယ်ခင်ဗျာ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ဝက်ဆိုဒ်လင့်ခ်နဲ့ ဖေ့ဘွတ်လင့်ခ်ပါ ခင်ဗျာ။ ရဲရဲကြီးဖွင့်လို့ ရပါတယ်။

http://www.myanmarskylink.com/

https://www.facebook.com/pages/Myanmar-Sky-Link/219226224765641

နာမည်နမူနာလေး ထည့်ပေးလိုက်ပါတယ်။ ကြာသပတေးသားဆိုတော့ ခန့်ဇော်ဟိန်းဆိုပီး အကြံလေးပြုပေးလိုက်ပါတယ် :) ခေတ်နဲ့လည်းလိုက်တယ်။ ခေါ်ရတာလည်း ခေါ်လို့ကောင်းတယ်။ အတက်လေးတွေချည်းပဲ... :)

မေးလ်ထဲရောက်လာတာလေး မိခင်အသစ်လေးအတွက် မျှဝေပေးပါဆိုလို့..... နာမည်ရွေးပေးဖို့ ကြိုတင်ဘွတ်ကင်လုပ်ထားတဲ့ ဖခင်လက်သစ်၊ မိခင်လက်သစ် လည်းရှိပါတယ်... ဝင်ရောက်ဖြေကြား၊ အကြံပေးသူအားလုံးကို မိခင်ဖခင်တွေကိုယ်စား ကျေးဇူးတင်ပါတယ်လို့ ....း)

နိုင်းနိုင်းစနေ


Share/Bookmark

Tuesday, September 06, 2011

လူ့ဘဝ ဒီတစ်သက်....


လူ့ဘဝတစ်သက်က သွားသုတ်သုတ် လာသုတ်သုတ်ပါပဲ။ ဆွေမျိုးမိဘတွေရဲ့ ပြုံးပျော်ရယ်မောသံကြားမှာ ကျွန်တော်တို့ မွေးဖွားခဲ့တယ်။ ပြီးတော့ မောင်နှမဆွေမျိုးတွေရဲ့ ဝမ်းနည်းငိုရှိုက်သံကြားမှာ ကျွန်တော်တို့ ထွက်ခွာခဲ့တယ်။ ကျွန်တော်တို့ရဲ့ ရှင်ခြင်း၊ သေခြင်းကို ကျွန်တော်တို့ဆုံးဖြတ်ခွင့်မရှိဘူး။ ဒါပေမဲ့ ဒီတစ်သက်ပိုင်ဆိုင်ရတာကို ကျွန်တော်တို့ဝမ်းမြောက်ပျော်ရွှင်သင့်ပါတယ်။

လူ့ဘဝက ဒီတစ်သက်လေးပါပဲ။ ဒီတစ်သက်မှာ ချမ်းမြေ့ပျော်ရွှင်တဲ့မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းရဖို့ကို လူတိုင်းမျှော်လင့်ကြတယ်။ ဒါပေမဲ့ ဘဝက လူ အလိုကို လိုက်နိုင်မှာမဟုတ်ဘူး။ ကျွန်တော်တို့မှာ အခက်အခဲ၊ ဦးနှောက်ခြောက်စရာကိစ္စတွေကို နေ့တိုင်း တစ်ခုမဟုတ်တစ်ခု ကြုံကြရတယ်။ လူ့ဘဝတစ်သက်မှာ လက်မှိုင်ချရတဲ့အချိန်အခါတွေ၊ ရင်ဆိုင်ကြုံတွေ့ရတဲ့ အချစ်၊ အမုန်းတွေ အများကြီးရှိတယ်။ ဒါပေမဲ့ လူ့ဘဝဟာ ဒီတစ်သက်လေးပဲရှိတယ်လို့ တွေးတောလိုက်ရင် ခွင့်မလွှတ်နိုင်စရာ၊ လက်မလွတ်နိုင်စရာ ဘာများရှိဦးမလဲ? လူ့ဘဝထဲက အခက်အခဲ၊ ရန်ငြိုး၊ အချစ်၊ အမုန်း၊ စိတ်ရှုပ်စရာတွေက နောင်ဆယ်စုနှစ်မှာ အခိုးအငွေ့နဲ့ ပျောက်ကုန်သွားနိုင်တာမို့ ဘာအတွက် မကျေမနပ်၊ ဘာအတွက် မဖြေရှင်းနိုင်စရာ ရှိဦးမလဲ?

လူ့ဘဝက ဒီတစ်သက်လေးပါပဲ။ ဒီတစ်သက်ကို ပျော်ပျော်ရွှင်ရွှင်နဲ့ ကျွန်တော်တို့ဖြတ်သန်းသင့်တယ်။ ဘဝရဲ့ယုံကြည်မှုတွေ ကျွန်တော်တို့ လက်မလွတ်သေးသမျှ၊ စိတ်ကူးအိပ်မက်တွေကို လိုက်လံရှာဖွေရင်း အရာရာကို အကောင်းမြင်စိတ်နဲ့ ရင်ဆိုင်မယ်၊ ရိုးသားကြိုးစားမယ်၊ အခွင့်အရေးကောင်းတွေကို အမိအရဖမ်းဆုပ်မယ်၊ တိကျမှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေရှိမယ်ဆိုရင် ဘဝရဲ့အိပ်မက်တွေကို ကျွန်တော်တို့ အကောင်အထည်ဖော်နိုင်မှာဖြစ်တယ်။ လူ့ဘဝတစ်သက်က တိုတောင်းတာမို့ အသက်အရွယ်ပိုင်းတိုင်းကို လှပတောက်ပနေအောင် ကျွန်တော်တို့ကြိုးစားသင့်ပါတယ်။

လူ့ဘဝက ဒီတစ်သက်လေးပါပဲ။ ဒီတစ်သက်ကို အလာဟသမဖြစ်ပါစေနဲ့။ ဒါကြောင့် ပျော်ရွှင်ခြင်းနဲ့စတင်ပြီး သင်လုပ်ချင်တာကို လုပ်ပါ။ သင်ချစ်ချင်တာကို ချစ်ပါ။ အမှားလုပ်မိခဲ့ရင် နောင်တမရပါနဲ့၊ မညည်းတွားပါနဲ့၊ လောကမှာ ပြီးပြည့်စုံတဲ့လူဆိုတာ မရှိပါဘူး။ အမှားထဲကနေ သင်ယူပါ။ လဲကျသွားရင် အသစ်တဖန် ပြန်ထရပ်ပါ။ နောက်ထပ် ရှေ့ဆက်လှမ်းမယ့်ခြေလှမ်းတွေ ပိုခိုင်မြဲတည်ငြိမ်မယ်လို့ ယုံကြည်ထားပါ။ မိုးသက်လေပြင်း မကျရောက်ခဲ့ရင် လှပတဲ့သက်တန့်လည်း ပေါ်ထွက်လာနိုင်မှာ မဟုတ်ပါဘူး။

လူ့ဘဝက ဒီတစ်သက်လေးပါပဲ။ လူ့လောကထဲကို အလျင်စလိုနဲ့ရောက်လာခဲ့တဲ့ ကျွန်တော်တို့မှာ ကြိုးစားရုန်းကန်ဖို့ ရည်ရွယ်ချက်တစ်ခုတော့ရှိရတယ်။ ကြိုးစားရုန်းကန်သင့်တာကို ကျွန်တော်တို့ကြိုးစားရုန်းကန်တယ်၊ ရင်ဆိုင်ဖြေရှင်းသင့်တာကို ကျွန်တော်တို့ရင်ဆိုင်ဖြေရှင်းတယ်ဆိုပေမယ့် ဒါဟာ ကျေနပ်အားရစရာ မဟုတ်သေးပါဘူး။ တခြားရှုထောင့်ကနေ ကျွန်တော်တို့ဆန်းစစ်ကြတဲ့အခါ လူ့ဘဝတစ်သက်မှာ ကျွန်တော်တို့ အကောင်အထည်မဖော်နိုင်သေးတဲ့ အိပ်မက်တွေ၊ ကျွန်တော်တို့ အရောက်မလှမ်းနိုင်သေးတဲ့ ရည်ရွယ်ချက်ပန်းတိုင်တွေ ရှိနေပါသေးတယ်။ အကောင်အထည် မဖော်နိုင်သေးတဲ့ စိတ်ကူးအိပ်မက်တွေ၊ အရောက်မလှမ်းနိုင်သေးတဲ့ ရည်ရွယ်ချက်ပန်းတိုင်ကို ကျွန်တော်တို့ လှမ်းမျှော်ကြည့်မိတဲ့အခါ အနိုင်အရှုံးကိုအစွဲမရှိတဲ့ စိတ်ဓာတ်တစ်ခု ကျွန်တော်တို့မှာရှိသင့်ပါတယ်။ ကျွန်တော်တို့ အားသွန်ခွန်စိုက်ကြိုးပမ်းခဲ့တဲ့ ကိစ္စရပ်တစ်ခုဟာ အောင်မြင်သည်ဖြစ်စေ၊ ရှုံးနိမ့်သည်ဖြစ်စေ ကျွန်တော်တို့ အားရကျေနပ်သင့်ပါတယ်။ အနည်းဆုံးတော့ ကျွန်တော်တို့ ခွန်အားစိုက်ထုတ် ကြိုးစားခဲ့ဖူးလို့ ကိုယ့်စိတ်ကို ကိုယ်လိပ်ပြာလုံစေခဲ့လို့ဖြစ်တယ်။

လူ့ဘဝက ဒီတစ်သက်လေးပါပဲ။ ဒီတစ်သက်မှာ ပေါ့ပေါ့ပါးပါး လွတ်လွတ်လပ်လပ် ရှင်သန်သင့်ပါတယ်။ ပေါ့ပေါ့ပါးပါး၊ လွတ်လွတ်လပ်လပ် ရှင်သန်ချင်ရင် "မှတ်သားသင့်တာကို မှတ်သားပါ။ မေ့သင့်တာကို မေ့ပစ်ပါ။ ပြောင်းလဲသင့်တာကို ပြောင်းလဲပါ။ ပြောင်းလဲလို့မရတာကို လက်ခံပါ"ဆိုတဲ့ အဆိုကို သင်လိုက်နာရပါမယ်။ ဒီလိုမှပဲ လွတ်လပ်ပေါ့ပါးတဲ့ ဘဝနဲ့ သင်ရှင်သန်နိုင်မှာဖြစ်တယ်။

လူ့ဘဝက ဒီတစ်သက်လေးပါပဲ။ ဒီတစ်သက်မှာ တောင်းဆိုမှုတွေ မများပါနဲ့။ လိုချင်တပ်မက်မှုတွေ မများပါနဲ့။ ပင်ပင်ပန်းပန်း လိုက်လံရှာဖွေပြီး ဘာမှအကျိုးအမြတ်မရခဲ့ရင် ဒီလိုရှုထောင့်လေးပြောင်းပြီး ကျွန်တော်တို့ တွေးကြည့်နိုင်ပါတယ်။ "ဘုရားသခင်က တခြားလူထက် ငါ့ကို ပိုထိုးမဖောက်စေချင်ရင်၊ တခြားလူထက် ငါ့ကို ပိုမမြင့်တက်စေချင်ရင် ငါက ဘာအတွက် ခေါင်းမာပြီးတောင်းဆိုနေဦးမလဲ?"

တခြားလူက နာမည်ကျော်ကြားပြီး ကိုယ်တိုင်ကျတော့ လူမသိ၊ သူမသိ သာမန်လေးပဲဆိုရင် ဒီလိုပြောင်းတွေးကြည့်ပြီး ကိုယ့်ကိုယ်ကို ကျွန်တော်တို့နှစ်သိမ့်နိုင်ပါတယ်။ "ငါ့အတွက်ဆိုရင် ငါမလိုချင်လည်း ငါ့ဆီရောက်လာမှာပဲ။ ငါ့အတွက်မဟုတ်ရင် ငါဘယ်လောက် ကြိုးစားလည်း ငါပိုင်ဆိုင်ရမှာ မဟုတ်ဘူး။ ငါ့အတွက်မဟုတ်တဲ့အရာကို ပိုင်ဆိုင်နိုင်ဖို့ ငါဘာလို့ ဦးနှောက်ခြောက်ခံနေသေးလဲ!"

ငွေကြေး၊ ရာထူးအာဏာ၊ နာမည်ဂုဏ်ရှိန် ဒါတွေဟာ အရေးမကြီးပါဘူး။ အရေးကြီးတာက ကိုယ့်ကိုယ်ကို ဘာဖြစ်လို့ ကောင်းကောင်းမဆက်ဆံရမလဲဆိုတာပါပဲ။ လောကကြီးတစ်ခုလုံးကို ပိုင်ဆိုင်ထားလဲ သေဆုံးသွားတဲ့အခါ အရာအားလုံးက ပျောက်ကွယ်သွားတာပါပဲ။ ဒီလိုတာ ကျွန်တော်တို့တွေးတောနိုင်ခဲ့ရင် ဦးနှောက်ခြောက်စရာ၊ ပကာဓနအရှိန်အဝါတွေနဲ့ ကိုယ့်ကိုယ်ကိုပိုစိတ်ညစ်အောင် ကျွန်တော်တို့ ထပ်မလောင်းမိနိုင်တော့ပါဘူး။

လူ့ဘဝက ဒီတစ်သက်လေးပါပဲ။ ဒီတစ်သက်မှာ ပျော်ရွှင်ဖို့က အဓိကပါ။ ပျော်ရွှင်ရင်လည်း ဒီတစ်ရက်ပါပဲ။ စိတ်ညစ်ရင်လည်း ဒီတစ်ရက်ပါပဲ။ ဘာဖြစ်လို့ ဒီတစ်ရက်ကို စိတ်ညစ်တာနဲ့ ကုန်ဆုံးစေမလဲ!

ဟုတ်ပါတယ်... လူ့ဘဝက ဒီတစ်သက်လေးပါပဲ။ အမှားလုပ်မိရင် အစကပြန်စလို့မရနိုင်တဲ့ ဒီတစ်သက်၊
အသဲကြွေရင် ပြန်ဆက်လို့ခက်တဲ့ ဒီတစ်သက်၊ ဒီကနေ့ကိုကုန်ဆုံးပြီးရင် နောက်ထပ် ဒီကနေ့ကို ပြန်မရနိုင်တော့တဲ့ ဒီတစ်သက်၊ တစ်စက္ကန့် တစ်မိနစ်ကို အစားပြန်မရနိုင်တော့တဲ့ ဒီတစ်သက်၊ ဘာဖြစ်လို့ ဒီတစ်သက်ကို ကျွန်တော်တို့ ကောင်းကောင်းတန်ဖိုးမထားနိုင်ရမလဲ! ဘာဖြစ်လို့ ဒီတစ်သက်ကို ဝမ်းနည်းကြေကွဲခြင်းတွေနဲ့ ပြည့်နေရမလဲ! ဘာဖြစ်လို့ အမုန်းနောင်တတွေနဲ့ ပြည့်နေစေမလဲ?

လူ့ဘဝက ဒီတစ်သက်လေးပါပဲ။ ဒီတစ်သက်မှာ ကိုယ့်ကိုယ်ကို ဖမ်းဆုပ်တတ်ဖို့ သင်ယူရပါတယ်။ ဘဝကို ပေါ့ပေါ့ပါးပါးနဲ့ ရင်ဆိုင်နိုင်သလို အကောင်းမြင်စိတ်နဲ့ ဖမ်းဆုပ်နိုင်ပါတယ်။ အလိုမကျတဲ့အခါပဲဖြစ်ဖြစ်၊ အလိုကျတဲ့အခါပဲဖြစ်ဖြစ်၊ မခံမရပ်နိုင်တဲ့အခါပဲဖြစ်ဖြစ်၊ နာကျင်ဝမ်းနည်းခြင်းထဲ နစ်ဝင်နေတဲ့အခါပဲဖြစ်ဖြစ်... ဘယ်လိုပဲဖြစ်ဖြစ်.... ဒီတစ်သက်ကိုပိုင်ဆိုင်ရလို့ ကံကောင်းတယ်ဆိုတာကို တွေးလိုက်ပါ။

လူ့ဘဝက ဒီတစ်သက်လေးပါပဲ။ နောင်ဘဝဆိုတာရှိမရှိ ကျွန်တော်တို့ မသိနိုင်ပါဘူး။ ဒါကြောင့် ပြုံးရယ်ပျော်ရွှင်ခြင်းနဲ့ ဒီတစ်သက်ကိုစတင်ပါ။ ရှင်သန်တဲ့ဒီတစ်သက်မှာ ပျော်ရွှင်နေဖို့က အဓိကပါ။ ကျန်းမာတဲ့ စိတ်ခန္ဓာတစ်ခုပိုင်ဆိုင်ပြီး ကိုယ်လုပ်ချင်တဲ့အလုပ်ကို ပျော်ရွှင်တဲ့စိတ်နဲ့လုပ်ပါ။ ကိုယ့်တန်ဖိုးကို ကိုယ်အကောင်အထည်ဖော်တာဟာ လူ့ဘဝရဲ့အပျော်ရွှင်ဆုံးပါပဲ။

လှပတဲ့ရှုခင်းတွေ အမြဲမတည်နိုင်၊ ပန်းကောင်းတွေ ကြာကြာမပွင့်လန်းနိုင်ဆိုသလို လူ့ဘဝကလည်း တိုတောင်းလွန်းပါတယ်။ ဒါကြောင့် တန်ဖိုးထားမြတ်နိုးပါ။ ကောင်းကောင်းဆက်ဆံပါ။ အမိအရ ဖမ်းဆုပ်ပါ။ သင့်ဘေးက လူတွေကို တန်ဖိုးထားမြတ်နိုးပါ။ အထူးသဖြင့် သင့်ကိုယ်သင် တန်ဖိုးထားမြတ်နိုးတတ်ဖို့ လိုပါတယ်။ ကိုယ့်ကိုယ်ကို တန်ဖိုးထားမြတ်နိုးတတ်မှ လူတွေကို သင်တန်ဖိုးထား မြတ်နိုးတတ်မှာဖြစ်တယ်။

မူရင်း-- http://www.duwenzhang.com/wenzhang/renshengzheli/ganwu/20110402/177289.html

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Monday, September 05, 2011

နိုင်ဂရာရေတံခွန်သို့ တစ်ခေါက်


ဒီနေ့ တနလာင်္နေ့က အမေရိကန်ရဲ့ အလုပ်သမားနေ့တဲ့... အလုပ်သမားနေ့မှာ အလုပ်သမားဖြစ်တဲ့ ကျွန်မတို့လည်း မနားမနေ နားရတာပေါ့။ စနေ၊ တနင်္ဂနွေနေ့တွေပါ ထပ်ပေါင်းလိုက်တော့ နားရတဲ့ရက်က များသွားတယ်။ အဲဒီလိုနဲ့ နားရက်မှာ တစ်နေရာရာသွားရအောင်ဆိုတာနဲ့ ၂ညအိပ် ၃ရက်ခရီးဖြစ်တဲ့ မြောက်အမေရိကတိုက်နဲ့ ကနေဒါကြားမှာရှိတဲ့ နိုင်ဂရာရေတံခွန်ကို ရောက်ဖြစ်ခဲ့တယ်။ tourကားနဲ့သွားတာမို့ လက်မှတ်နှစ်စောင်ဝယ်ရင် တစ်စောင်အလကားရတယ်ဆိုလို့ အသိမိတ်ဆွေတစ်ယောက် ပေါင်းသုံးယောက် အတူသွားခဲ့ကြတယ်။

စစချင်းမှာ ကားကို နယူးယောက်က Manhattan တရုတ်တန်းမှာ အစောကြီးသွားစီးရတယ်။ tour guide အဖြစ်လိုက်ပါတဲ့သူက တရုတ်မလေးမို့ ကားထွက်တာနဲ့ Manhattanတရုတ်တန်းအကြောင်းကို သူက စမိတ်ဆက်ပေးပါတယ်။ Manhattanတရုတ်တန်းက အမေရိကားမှာရှိတဲ့ အကြီးဆုံး၊ အစည်ဆုံးတရုတ်တန်းလို့ ဆိုပါတယ်။ တရုတ်တန်းတည်တာက နှစ်ပေါင်း ၁ဝဝကျော်ရှိခဲ့ပြီလို့ ဆိုတယ်။ ဟိုးအရင်တုန်းကတော့ ဒီတရုတ်တန်းနေရာမှာ ဂျုးလူမျိုးတွေ နေထိုင်ကြသတဲ့။ နောက်တော့ တရုတ်တွေ ကျူးကျော်ဝင်ရောက်လာလို့ ဂျုးတွေက တခြားနေရာကို တဖြေးဖြေး ပြောင်းရွေ့သွားကြတယ်လို့ ပြောပါတယ်။ ဒီတရုတ်တန်းနဲ့ ကပ်ရက်မှာ littleအီတလီဆိုတဲ့ နေရာတစ်ခုရှိပါသတဲ့။ ဒီ အီတလီရွာလေးလည်း ဘယ်တော့နေရာပျောက်မယ် မသိပါဘူး.. တရုတ်တွေ တဖြေးဖြေးကျုးကျော်လိုက်တာ အခုဆိုရင် အီတလီနေတဲ့နေရာက ဘလောက်နှစ်ခုလောက်ပဲ ကျန်တော့တယ်လို့ တရုတ်မလေးက ပြောပြပါတယ်။

Tour Guideဆိုတဲ့အတိုင်း တရုတ်မလေးက ဟိုနေရာရောက်ရင် ဘာရှိတယ်၊ ဒီနေရာရောက်ရင် ဘာဖြစ်တယ်၊ ဟိုတံတားက ဘယ်လို စတာတွေနဲ့ ကားပေါ်ကလူတွေကို စိတ်ဝင်တစား ဆွဲဆောင်ထားပါတယ်။ ကျွန်မလည်း သူညွန်ပြရာဖက် လှည့်ကြည့်လိုက်၊ သူပြောပြတာကို ခေါင်းထဲဝင်အောင် အမြန်လိုက်မှတ်လိုက်နဲ့ ခေါင်းကဟိုရမ်းဒီရမ်းဖြစ်နေခဲ့တယ်။ သူပြောတာတွေ မှတ်မိသလောက်တော့ ဒီမှာ ပြန်မျှဝေလိုက်ပါတယ်...

တရုတ်မက မေးပါတယ်.. နယူးယောက်မြို့ရဲ့ nick name ကို သိသလားတဲ့.. သိတဲ့လူတွေလည်း သိကြသလို မသိတဲ့လူတွေလည်း မသိကြပါဘူး။ ကျွန်မလည်း မသိပါဘူး.. တခြားခရီးသွားတွေဖြေမှပဲ သိရတာပါ။ နယူးယောက်မြို့ရဲ့ nick name က "Big Apple"လို့ ဆိုကြပါတယ်။

ဖြစ်ပေါ်လာပုံအမျိုးမျိုးထဲမှာ (၁၉၂ဝ)ခုနှစ်က
John J. Fitz Gerald လို့ခေါ်တဲ့ သတင်းထောက်တစ်ယောက်ဟာ အမေရိကန်ထဲပြောင်းရွေ့လာတဲ့ လူမည်းတစ်ယောက်နဲ့ စကားစမြည်ပြောရာက လူမည်းက နယူးယောက်မြို့ကို ပြောင်းရွေ့လာရတာ အရမ်းဝမ်းသာကြောင်း၊ သူတို့ရဲ့အကြည့်ထဲမှာ နယူးယောက်မြို့ဟာ ရွှေတွေဖြန့်ခင်းထားတဲ့ မြို့နဲ့တူကြောင်း၊ ပန်းသီးတစ်လုံးလို မြင်သူတိုင်းကို တစ်ကိုက်ကိုက်စားစေချင်ကြောင်း တင်စားပြောလိုက်တာကစ ဒီလိုအခေါ်ဖြစ်လာခဲ့တယ်လို့ ဆိုထားပါတယ်။

တရုတ်မလေးပြောတာကတော့ နယူးယောက်မြို့ပတ်လည်က နယူးဂျာစီ၊ ဂျာစီစီတီး.. စတဲ့မြို့ငါးမြို့က နယူးယောက်ကို ပန်းသီးတစ်လုံးလို ဝန်းရံထားလို့လို့ဆိုပါတယ်။ အပြည့်အစုံကိုတော့ အင်တာနက်မှာ ရှာဖွေ ဖတ်ရှုကြည့်နိုင်ပါတယ်။

မနက်(၈)နာရီထွက်တဲ့ကားက နယူးယောက်မြို့ကိုဖြတ်၊ မြို့ငယ်လေးတွေကိုဖြတ်ပြီး ဟိုင်းဝေးလမ်းမပေါ်ရောက်သွားတော့ တရုတ်မလေးက ပြောရတာမောသွားလို့ထင်ပါရဲ့ အားလုံး တရေးတမောအိပ်နိုင်ပါတယ်ဆိုပြီး ခရီးသည်တွေရဲ့နားကို အနားပေးလိုက်ပါတယ်။ ကျွန်မကတော့ ကင်မရာတစ်လုံးနဲ့ မြင်မြင်သမျှအရာတွေကို လှမ်းရိုက်ရင်း အလုပ်ရှုပ်နေခဲ့တော့တယ်။

ကျွန်မတို့ဖြတ်သွားတဲ့ လမ်းဘေးဝဲယာတွေမှာ ပြောင်းစိုက်ခင်းတွေ၊ ပန်းဝါဝါလေးတွေ တွေ့ရတယ်။ စစချင်းတော့ ဒီပန်းဝါဝါတွေကို နှမ်းခင်းလို့ ကျွန်မထင်ခဲ့တယ်။ တကယ်တော့ နှမ်းခင်းမဟုတ်ဘဲ ခိုင်ရွှေဝါပန်းတွေ အလေ့ကျပေါက်ပြီး ဖူးပွင့်နေတယ်ဆိုတာကို ကားရပ်နားဂိတ်ရောက်မှ တွေ့လိုက်ရတယ်။ တကယ်ပါ တစ်လမ်းလုံး ဝါဝင်းနေပြီး တချို့နေရာတွေမှာ ပန်းဖြူဖြူလေးတွေ၊ ကြက်သွေးရောင်ပန်းတွေနဲ့ ရောပေါက်နေရင် ရောင်စုံပန်းပင်လယ်ကြီး အတိုင်းပါပဲ... အရမ်းကို လှပါတယ်။


ကျွန်မလည်း ကားပေါ်မှာ အိပ်ပျော်သွားလိုက်၊ နိုးလာရင် ဓာတ်ပုံတွေလိုက်ရိုက်လိုက်နဲ့ ညနေ(၃)နာရီကျော်လောက်မှ Thousand Islandsလို့ခေါ်တဲ့ ကနေဒါနဲ့ အမေရိကန်နယ်စပ် Saint Lawrence Riverထဲမှာရှိတဲ့ ကျွန်းပေါင်း(၁၈၆၅)ကျွန်းဆီ ရောက်သွားခဲ့ပါတယ်။ ကျွန်းတွေက ရာသီဥတုအခြေအနေ၊ ဒီရေအတက်အကျနောက်လိုက်ပြီး ပေါ်လိုက်ပျောက်လိုက်ရှိနေတယ်လို့ ဆိုပါတယ်။ အဲဒီကျွန်းကိုပတ်ဖို့ ကျွန်မတို့ စက်လှေစီးရပါတယ်။

ချမ်းသာတဲ့လူတွေက ကျွန်းကြီးတွေကိုဝယ်ပြီး ဒီလို အပန်းဖြေနေအိမ်တွေ၊ ရဲတိုက်တွေကို ဆောက်ထားကြပါတယ်။ စက်လှေပေါ်မှာ ရှင်းပြတဲ့လူကြီးကတော့ ဟိုဟာက ဘယ်သူအိမ်၊ ဒီဟာက ဘယ်သူ့ကျွန်းဆိုပြီး ပြောပြပါတယ်။

By netchicken: posted on 11-9-2007
(ကျွန်မရိုက်လာတဲ့ပုံ ဘယ်ကင်မရာထဲ ပါသွားမှန်းမသိလို့
google imageကနေ ရှာထားတဲ့ပုံကို တင်လိုက်ပါတယ်)

လမ်းတစ်လျှောက် မြင်မြင်သမျှကျွန်းတွေကို ဓာတ်ပုံတွေရိုက်လာလိုက်တာ ကနေဒါရေပိုင်နက်ထဲ ကျွန်မတို့ရောက်မှန်းမသိ ရောက်လာခဲ့ပါတယ်။ ပုံမှာမြင်ရတာကတော့ အမေရိကန်ကပိုင်တဲ့ကျွန်းနဲ့ ကနေဒါကပိုင်တဲ့ ကျွန်းလေးပါ။ အဲဒီကျွန်းကို တံတားလေးနဲ့ ဆက်သွယ်ထားပါတယ်။ ကမ္ဘာပေါ်မှာ အတိုဆုံး၊ အသေးဆုံး နယ်နိမိတ်ခြား တံတားလေးပါတဲ့။ ကျွန်းပေါင်းတစ်ထောင်ကျော်ကျွန်းကို ပတ်ပြီးနောက် ဟိုတယ်မှာ ညတည်းဖို့ ဟိုတယ်ရှိရာနေရာကို ၃ နာရီကျော်ကြာ ကျွန်မတို့ ခရီးနှင်ခဲ့ကြပါတယ်။

နောက်တစ်နေ့ စနေနေ့မနက်(sept,3)မှာ ကျွန်မတို့အစောကြီးထပြီး နယ်နိမိတ်ခြား နာမည်ကြီးရေတံခွန်(၃)ခ&