Sunday, October 30, 2011

နှင်းရောက်လာတာ စောလွန်းတယ်


ဒီတစ်နှစ် နှင်းရောက်လာတာ စောလွန်းတယ်။ တကယ်ဆို ဆောင်းလို့တောင် ပီပီပြင်ပြင် မအေးသေးပါဘူး။ မေပယ်လ်တွေက အခုမှ ဒြပ်တချို့ကို သူတို့ရဲ့အမြစ်၊ အကိုင်းအခက်မှာ သွားစုဆောင်းတုန်း၊ အရွက်တွေ ရဲရဲတောင်မနီနိုင်သေးခင် နှင်းမုန်တိုင်းက ရွာမယ်လို့အရိပ်အယောင်တောင် မပြဘဲ ဝုန်းဒိုင်းရွာချလိုက်တယ်။

မနက်ဖြန် တနင်္ဂနွေနေ့ နယူးဂျာစီဘုန်းကြီးကျောင်းမှာ သီတင်းကျွတ်အလှူရှိတယ်ဆိုလို့ ဒီကနေ့စနေနေ့မှာ လုပ်အားပေးဖို့ ဘုန်းကြီးကျောင်းကို ရောက်သွားခဲ့တယ်။ ညကတည်းက မိုးလေဝသမှာ ဒီနေ့နှင်းကျမယ်လို့ ကြေညာထားတာ တွေ့ထားပြီးသား၊ ဒါပေမဲ့ အချိန်အခါ မဟုတ်သေးတာကြောင့် နှင်းတွေများများကျလိမ့်မယ်လို့ ထင်မထားခဲ့ဘူး။ နှင်းက မိုးနဲ့အတူကျမှာမို့ မြေပြင်ပေါ်ရောက်တာနဲ့ ရေအဖြစ်အရည်ပျော်သွားမယ်လို့ ထင်ထားခဲ့တယ်။ တကယ်လဲ ဟုတ်တယ်လေ... မနှစ်ကဆို ခရစ္စမတ်နားနီးမှ နှင်းတွေနည်းနည်းစကျတယ်။ အခုဟာက အောက်တိုဘာလတောင် မကုန်သေးဘူး။ ဆောင်းက ခုမှဝင်တုန်း.. ရာသီဥတုက အေးမယ်လို့ကြံလိုက် မိုးကဖျက်လိုက်၊ နေကပူလိုက်နဲ့ ဆောင်းလို့တောင် ပီပီပြင်ပြင်မအေးရသေးပါဘူး.. နှင်းက ပြုန်းခနဲဆိုရောက်လာတယ်။ အဲဒီလိုနဲ့ မနှစ်ကခေါက်သိမ်းခဲ့တဲ့ အနွေးထည်ကိုထုတ်၊ လိုလိုမယ်မယ် ရေမဝင်တဲ့ဖိနပ်ကိုစီးပြီး မနက်အစောကြီး ဘုန်းကြီးကျောင်းကို ထွက်လာခဲ့တယ်။

ဘုန်းကြီးကျောင်းကိုရောက်ပြီး လုပ်စရာရှိတာတွေကို ဝိုင်းကူလုပ်နေတုန်းမှာ နှင်းက မိုးနဲ့အတူရွာချလာတယ်။ အစတော့ တဖွဲဖွဲ... ဒီနှင်းတွေတော့ မြေပြင်တောင်မရောက်ဘူး မိုးရေနဲ့ပါသွားမှာပဲလို့တွေးပြီး နှင်းတွေကို သနားလိုက်သေးတယ်။ သနားတာမှမဆုံးသေးဘူး နှင်းတွေက အဖပ်အဖပ်ကြီးတွေနဲ့ ခပ်သည်းသည်းရွာချလိုက်တာ ၂နာရီ ၃နာရီကြာတဲ့ထိ မစဲနိုင်တော့ဘူး။ အလှူအတွက် ကျောင်းမျက်နှာစာမှာ တဲထိုးမယ်ဆိုတဲ့ အစီအစဉ်လည်းဖျက်လိုက်ကြရတယ်။ နှင်းတွေက တသည်းသည်း....

အချိန်အခါမဟုတ်တဲ့နှင်းမို့ နည်းနည်းပဲရွာပြီး မိုးရေနဲ့အတူ ပျောက်သွားမယ်လို့ ထင်ခဲ့တာ.. ခုတော့ ပတ်ဝတ်ကျင်းတခွင်လုံးကို ဖွေးဖွေးဖြူအောင် ၆လက်မကျော်လောက် သူရွာချခဲ့တယ်။

မိုးနဲ့နှင်းပေါင်းရွာချပြီး လေပါအကူဖက်တာကြောင့် ကားလမ်းပေါ်မှာ နှင်းတွေ၊ ရေတွေ၊ လေတွေနဲ့ချော်နေတယ်။ ကားတွေ မြန်မြန်ဆန်ဆန် မမောင်းရဲကြဘူး။ ဝေးဝေးတစ်နေရာ တစ်နေရာမှာ ရဲကားတွေက အချက်ပြမီးတလက်လက်နဲ့ ရပ်စောင့်နေကြတယ်။ အရေးပေါ်လူနာတင်ကားတွေကလည်း ဟိုနားတစ်စီး၊ ဒီနားတစ်စီး.... ဒီလောက်ကြီးရွာချလိုက်မယ်လို့ မထင်ထားကြတာကြောင့် နှင်းကျုံးကားတွေကလည်း အချိန်မီ နှင်းတွေကို မကျုံးနိုင်ခဲ့ကြသေးဘူး။ အခုမှ ရေးကြီးသုတ်ပျာ နှင်းတွေကျုံးဖို့ ဖြတ်ဖြတ်မောင်းသွားတာ တွေ့လိုက်တယ်။

တကယ်ဆို ဒီလိုအပင်ပေါ်ကအရွက်တွေဟာ ဆောင်းဝင်တာနဲ့ တဖြုတ်ဖြုတ်ကြွေပြီး သစ်ခြောက်ပင်လို အရိုးပြိုင်းပြိုင်းနဲ့ နေကြရတယ်။ ဒါမှလည်း နှင်းတွေဖိပြီး သစ်ကိုင်းတွေ၊ သစ်ပင်တွေမကျိုးမှာဖြစ်တယ်။ ကိုယ့်ကိုယ်ကို ကွေးညွှတ်နိမ့်ချတတ်တဲ့ ထင်းရူးပင်တွေက နှင်းတွေဘယ်လောက်ပဲကျပါစေ.... အပင်ပေါ်မှာနှင်းတွေ စုပုံပြီးများလာပြီဆိုရင် အပင်ကိုကိုင်းညွှတ်လိုက်ပြီး နှင်းတွေကိုလျောကျစေတယ်။ ဒါကြောင့် နှင်းတွေဘယ်လောက်ပဲသည်းသည်း ထင်းရှုးပင်တွေဟာ ကျိုးသွားတာမျိုးမရှိခဲ့ဘူး။

အခုမှ ဆောင်းဝင်တာမို့ တချို့သစ်ပင်တွေဟာ အရွက်တွေ အကုန်မခြွေနိုင်ကြသေးဘူး။ နှင်းတွေက ရုတ်တရက် ရွာချလိုက်တော့ သစ်ရွက်ပေါ်နှင်းတွေစုပြုံပြီး နှင်းပိလို့ အကိုင်းအခက်၊ ပင်စည်တွေ ကျိုးကြေခဲ့ရတယ်။ ကိုယ်တိုင်ကပဲ မကွေးညွှတ်တတ်လို့လား! ပေါ့ပါးတယ်လို့ထင်ရတဲ့ နှင်းတွေဟာ တစ်ပွင့်နှစ်ပွင့်နဲ့စုပုံပြီး အင်အားကြီးလာတတ်ကြောင်းကို မသိလို့ပဲလား! သစ်ပင်တချို့က လမ်းဘေးဝဲယာမှာ အတုံးအရုံးနဲ့ လဲပြိုကျိုးကြေနေတာ တွေ့ခဲ့တယ်။

ဘယ်လိုပဲပြောပြော ဒီတစ်နှစ် နှင်းရောက်လာတာ စောလွန်းနေတယ်။ နှင်းကိုကြိုဖို့ ကြိုတင်ပြင်ဆင်မှုတွေ မလုပ်ရသေးတော့ နှင်းတွေကြောင့် သစ်ပင်တွေ၊ လမ်းတွေကပျက်ဆီးလို့.... တချို့ရပ်ကွက်တွေမှာ သစ်ပင်တွေကျိုး၊ ဓာတ်ကြိုးတွေပြတ်၊ မီးတွေပြတ်လို့....

မနက်ဖြန် ဘုန်းကြီးကျောင်းအလှူမှာ လူတွေမလာမှာကို အလှူရှင်က စိုးရိမ်နေလေရဲ့....


နိုင်းနိုင်းစနေ


Share/Bookmark

Friday, October 28, 2011

The Voiceရဲ့ အင်တာဗျူး


တနလာင်္နေ့ (Oct- 31-11)မှာထုတ်မယ့် The Voice weeklyဂျာနယ်မှာ ဖြေခဲ့တဲ့အင်တာဗျူးလေးပါ။ ဘလော့မှာ အမှတ်တရသိမ်းထားလိုက်ပါတယ်။ တကူးတက အင်တာဗျူးခဲ့တဲ့ ညီမငယ်ချမ်းငြိမ်းဖြူကို ကျေးဇူးအထူးတင်ပါတယ်။

၁။ အစ်မ စာတွေ စရေးဖြစ်ပုံ။

တောင်ကြီးတက္ကသိုလ်ကနေ ကျောင်းပြီးတဲ့အထိတော့ စာဖတ်တာပဲဝါသနာပါခဲ့တယ်။ အခုလို စာတွေရေးဖြစ်လိမ့်မယ်လို့လည်း စိတ်ကူးမရှိခဲ့ဘူး။ ကျောင်းဆက်တက်ဖို့ တခြားနိုင်ငံကိုရောက်တော့ မြန်မာစာအုပ်တွေ မဖတ်ရတော့ဘူး။ အဲဒီတုန်းက အခုလို မြန်မာအင်တာနက်စာမျက်နှာတွေ၊ အီးဘုတ်ခ်တွေ မပေါ်သေးဘူး။ တခြားနိုင်ငံတွေကို မြန်မာစာအုပ်တွေ ကျယ်ကျယ်ပြန့်ပြန့် မရောက်သေးတော့ ကိုယ်တတ်ကျွမ်းတဲ့တခြားဘာသာက စာတွေကို ရှာဖတ်ခဲ့မိတယ်။ အဲဒီမှာ ကိုယ်ဖတ်မိတဲ့၊ ကောင်းတဲ့စာတွေကို တခြားဘာသာစကားမတတ်တဲ့၊ အားနည်းတဲ့သူငယ်ချင်းတွေကိုလည်း မျှဝေချင်စိတ်တွေ ဖြစ်လာခဲ့တယ်။ အဲဒီလိုနဲ့ မြန်မာလိုကြိုးစားဘာသာပြန်ကြည့်ရင်းက စာတွေစရေးဖြစ်ခဲ့ပါတယ်။


၂။ ခုလို နိုင်းနိုင်းစနေဆိုတဲ့ နာမည်ဖြစ်လာဖို့ အစ်မရဲ့ကြိုးစားခဲ့ပုံ။ အစ်မရဲ့စာတွေကို ဖတ်ရတာ နှလုံးသားရသတွေများသလားလို့။

နိုင်းနိုင်းစနေဆိုတဲ့နာမည်က စာရေးဖို့ သပ်သပ်ပေးထားတဲ့ ကလောင်နာမည်တော့ မဟုတ်ဘူး။ အင်တာနက်သုံးတော့ ကိုယ့်နာမည်အရင်းမသုံးချင်ရင် နစ်နိမ်းတစ်ခုခုပေးရတယ်လေ။ IDပေါ့။ အင်တာနက်စသုံးတော့ နစ်နိမ်းကို နိုင်းနိုင်းစနေလို့ ပေးဖြစ်ခဲ့တယ်။ စာတွေရေးတော့လည်း ဒီနာမည်ကိုပဲ သုံးဖြစ်ခဲ့တယ်။ နိုင်းနိုင်းစနေဆိုတာ စာတွေမရေးခင်ကတည်းက ရှိနေခဲ့တဲ့နာမည်ပါ။ ဒါပေမဲ့ ဒီနာမည်ခိုင်မြဲလာအောင် စာဖတ်သူတွေက အားပေးခဲ့ပါတယ်။ သူတို့ရဲ့ အားပေးမှုကြောင့် ဒီနာမည်ပိုတည်မြဲခဲ့ပါတယ်။ နှလုံးသားရသဆန်တဲ့စာတွေ ရေးဖြစ်ခဲ့တာက တခြားနိုင်ငံမှာ ကျောင်းတက်တော့ မိသားစုနဲ့ခွဲနေရတယ်။ နယ်စိမ်းမြေစိမ်းမှာ တစ်ယောက်တည်း အားငယ်တာတွေ၊ စိတ်ညစ်တာတွေ ကြုံရတဲ့အခါမျိုးလည်းရှိတယ်။ အဲဒီအခါမှာ စိတ်ဓာတ်မြင့်တင်ဖို့ တက်ကျမ်းဆန်တဲ့စာမျိုးတွေ ပိုရှာဖတ်ဖြစ်တယ်။ ကိုယ့်ကိုယ်ကို နှစ်သိမ့်၊ အားပေးတာမျိုးပေါ့။ အဲဒီလိုစာတွေပိုဖတ်ဖြစ်တော့ အဲဒီလိုစာတွေကိုပဲ ပိုဘာသာပြန်ရေးဖြစ်သွားတာပါ။

၃။ အစ်မက စာတွေကို ဘလော့ကနေစပြီး ရေးခဲ့တာလို့ကြားပါတယ်။ Printedနဲ့မဟုတ်ဘဲ Blogger တစ်ယောက်အဖြစ်နဲ့ အစ်မစာရေးဖြစ်ပုံ။

ဘလော့ကို ၂ဝဝ၆လောက်မှာ စရေးဖြစ်ခဲ့ပါတယ်။ ဘလော့မရေးခင်က ဖိုရမ်တစ်ချို့၊ အင်တာနက် စာကြည့်တိုက်တစ်ချို့မှာ စာတွေရေးဖြစ်ခဲ့တယ်။ နောက်မြန်မာဘလော့တွေ ခေတ်စားလာတော့ ရေးထားတာတွေ တစ်စုတစ်စည်းတည်းဖြစ်အောင်ဆိုပြီး ၂ဝဝ၆ ဧပြီလမှာ ဘလော့စရေးဖြစ်ခဲ့ပါတယ်။

၎။ အစ်မထွက်ရှိပြီးတဲ့ စာအုပ်တွေနဲ့ အောင်မြင်မှုရခဲ့တဲ့စာအုပ်တွေ။

(၂ဝ၁ဝ)ဇန်နဝါရီလမှာ ပထမစာအုပ်ဖြစ်တဲ့ "အမေ့လက်ရေး စာစုများ" ထွက်ခဲ့ပါတယ်။ မိခင်ရဲ့မေတ္တာကို ဖော်ညွှန်းထားတဲ့ စာအုပ်လေးပေါ့။ ကျွန်မရဲ့ပထမဆုံးပုံနှိပ်စာအုပ်လဲဖြစ်၊ လူတိုင်းမှာလည်း အမေရှိတော့ အဲဒီစာအုပ်လေး တော်တော်ပေါက်သွားမယ်လို့ ထင်ပါတယ်။ ဘယ်စာအုပ်တွေ အောင်မြင်မှုရသလဲဆိုတာ ကျွန်မလည်း အတိအကျတော့မသိဘူး။ အခုချိန်ထိ ထုတ်ဝေခဲ့တဲ့စာအုပ် စုစုပေါင်း(၁ဝ)အုပ်ရှိသွားပါပြီ။ စာအုပ်တွေက မိဘမေတ္တာကိုဖော်ညွန်းတဲ့စာအုပ်၊ နှလုံးသားရသစာအုပ်၊ အချစ်အဟာရစာအုပ်တွေပေါ့။ (၉)အုပ်က ဘာသာပြန်တွေပါ။ "ဟိုးတုန်းက အမှတ်တရ.."ဆိုတဲ့ စာအုပ်ကတော့ ကျွန်မရဲ့ငယ်ဘဝနဲ့ အတွေ့အကြုံ ခံစားမှုတွေကို ရေးထားပါတယ်။

၅။ စာတွေရေးတဲ့အခါ အစ်မ ဘယ်လိုအခက်အခဲတွေ ကြုံရပါသလဲ။

မြန်မာစကားလုံး ကြွယ်ကြွယ်ဝဝ မသုံးတတ်တာ၊ ဝါကျအထားမသို မမှန်တာ၊ စာလုံးပေါင်းမှားတာတွေ ကြုံရတာပေါ့။ တတ်သိနားလည်သူ ညွန်ပြ၊ သင်ပြတာတွေရှိသလို၊ ဝါရင့်စာရေးဆရာကြီးတွေရဲ့ စာတွေကိုဖတ်ရင်း အတုယူတာတွေလည်း ရှိတာပေါ့။ အဲဒီလိုပဲ ကြိုးစားပြီး ရေးသားနေဆဲပါလို့..


၆။ ဘယ်လိုအချိန်တွေမှာ အစ်မ စာရေးဖြစ်ပါသလဲ။

စာက နေ့တိုင်း ပုံမှန်တစ်ပုဒ်လောက်တော့ ရေးဖြစ်နေပါတယ်။ အားလပ်ချိန်ဖြစ်တဲ့ ညပိုင်းအချိန်မှာပေါ့။

၇။ ခုဆိုအွန်လိုင်းမှာ လူငယ်တွေ စာတွေရေးလာကြပြီ အထူးသဖြင့် Facebookစာမျက်နှာမှာဆိုရင် ပိုသိသာပါတယ်။ တချို့ဆို သာမန်ဝါသနာရှင် အဆင့်လောက်ပဲဆိုပေမယ့် တချို့ကျတော့ အရေးအသားကောင်းကောင်းနဲ့ ရေးနေကြပါတယ်။ အဲ့လို လူငယ်တွေအတွက် အစ်မ ဘာများပြောချင်ပါသလဲ။

စာတွေရေးကြတာက ကောင်းတယ်လေ။ အထူးသဖြင့် လူငယ်တွေ စာတွေရေးလာတယ်၊ စာတွေဖတ်လာတယ်ဆိုတာ ကောင်းတဲ့အလားအလာပါပဲ။ စာတွေထဲကနေ ဗဟုသုတ၊ အသိအမြင်တွေရနိုင်သလို ကိုယ်တိုင်ရေးဖြစ်ဖို့၊ တခြားသူတွေကို မျှဝေပေးဖို့ စာတွေကို လိုက်ရှာဖတ်တတ်ကြတယ်။ ဒါဟာ ကောင်းတဲ့စရိုက်လေးပါ။ အင်တာနက်ပေါ်တက်ပြီး ဂိမ်းဆော့၊ ချက်တင်းလုပ်နေမယ့်အစား အကျိုးရှိတဲ့အလုပ်ကိုလုပ်တာ ကောင်းတာပေါ့။ Facebookကို မြန်မာလူငယ်တွေ တွင်တွင်ကျယ်ကျယ်သုံးနေကြတော့ မြုပ်နေတဲ့ လူငယ်တချို့ရဲ့အစွမ်းအစတွေ၊ နွံထဲက ပတ္တမြားတွေ ထွက်ပေါ်လာနိုင်တာပေါ့။ "Leader is reader" , "Today a reader, tomorrow a leader"တဲ့။ စာဖတ်တာ စာရေးတာတွေက အကျိုးရှိတဲ့အလုပ်ပါ။ ကမ္ဘာကို ရွာကြီးတစ်ရွာလို့ တင်စားနေတဲ့ အခုခေတ်မျိုးမှာ နေရာတစ်ခုထဲမှာပဲ ကိုယ်ရပ်ကျန်နေခဲ့လို့ မဖြစ်တော့ဘူး။ ကိုယ့်ကိုယ်ကို ဗဟုသုတ၊ အသိဉာဏ်တွေ အမြဲဖြည့်တင်းပေးနေဖို့တော့လိုတယ်။

၈။ အစ်မက ဘာသာပြန်တွေ အရေးများတော့ ကိုယ့်ကိုယ်ပိုင် အတွေးစိတ်ကူးနဲ့ ရေးဖို့ အစီအစဉ်ရှိသလား။ လက်ရှိ မြန်မာစာပေနယ်ထဲက ဘာသာပြန်စာပေလိုင်းအပေါ် အစ်မ အမြင်သိချင်ပါတယ်။

ကိုယ်ပိုင်အတွေးစိတ်ကူးတွေ ရေးချင်ပါတယ်။ ဒါပေမဲ့ အရည်အချင်းက အဲဒီလောက်အထိ မမီသေးဘူး။ အတွေ့အကြုံတွေများလာ၊ စာရေးသက်လေး ရလာရင်တော့ ရေးဖြစ်မှာပါ။ လက်ရှိမြန်မာစာပေနယ်ထဲက ဘာသာပြန်စာပေလိုင်းအပေါ် ထင်မြင်ချက်တော့ မပေးတတ်ဘူး။ စာအုပ်တော်တော်များများ မဖတ်ဖူးသေးလို့လေ။ ဒါပေမဲ့ ဘာသာပြန်စာရေးသူတွေဟာ နိုင်ငံခြားစာပေနဲ့ စာဖတ်သူတွေကြားက ပေါင်းကူးတံတားခင်းပေးသူ၊ နိုင်ငံခြားဘာသာစကား အားနည်းသူတွေအတွက် တခြားနိုင်ငံက စာပေ၊ ယဉ်ကျေးမှု၊ အသိအမြင်တွေကို ဖြန့်ဝေသူလို့ မြင်ပါတယ်။ ကိုယ်မဖတ်တတ်တဲ့ တခြားနိုင်ငံက စာပေတွေကို ကိုယ်ဖတ်တတ်တဲ့မြန်မာလို အားရပါးရဖတ်ရတာ ဘာသာပြန်သူတွေရဲ့ ကျေးဇူးတွေပဲပေါ့။ မဟုတ်ဘူးလား.. !


၉။ အင်တာနက်ကြောင့်၊ ဘလော့ကြောင့် အစ်မကို အချိန်တိုတိုအတွင်း လူသိများလာတာ၊ ခုလိုစာရေးဆရာဖြစ်လာတာလို့ ပြောလို့ရပါသလား။တကယ်လို့ အင်တာနက်သုံးတာမျိုး မလုပ်ခဲ့ပဲ တိုက်တွေကို စာလိုက်ပို့တာမျိုးနဲ့ စာရေးဆရာလုပ်ဖို့ စိတ်ကူးကို ဆက် အကောင်အထည်ဖော်ဖြစ်ဦးမှာလား။

ပြောလို့ရပါတယ်။ ဒါပေမဲ့ အချိန်တိုတိုအတွင်းမှာ ကျွန်မကိုသိလာတာမျိုးတော့ မဟုတ်ဘူး။ ကျွန်မရေးတဲ့စာတွေကို အရင်သိပြီးနှစ်တော်တော်ကြာမှ ကျွန်မကိုသိလာတာမျိုးပါ။ တကယ်လို့ အင်တာနက်ကို မသုံးဖြစ်ခဲ့ရင် စာတွေကို ကျွန်မရေးဖြစ်ခဲ့မယ်မထင်ဘူး။ စာတွေဖတ်ဖို့လောက်ပဲ သိခဲ့တာလေ။ စာတွေရေးဖြစ်လိမ့်မယ်လို့ မတွေးခဲ့ဖူးဘူး။ ကျွန်မက စာစီစာကုံးတစ်ပုဒ်ကိုတောင် ဖြောင့်အောင် မရေးတတ်ခဲ့တဲ့သူပါ။ နေရာရယ်၊ အချိန်အခါရယ်၊ အခြေအနေရယ်၊ ကြိုးစားမှု၊ အားပေးမှုရယ်.. .. ဒါတွေက ကျွန်မဖက်မှာရှိနေခဲ့လို့ ကျွန်မစာတွေရေးဖြစ်ခဲ့တယ် ထင်ပါတယ်။ အခုတော့ စာအုပ်တွေလဲ ခိုင်ခိုင်မာမာ ထုတ်နေပြီဆိုတော့ အင်တာနက်မသုံးဖြစ်ခဲ့ရင်လည်း စာတွေကိုဆက်ရေးနေဖို့ အစီအစဉ်ရှိပါတယ်။

၁ဝ။ မြန်မာနိုင်ငံမှာက လက်ရှိမှာ အီလက်ထရွန်နစ်ဥပဒေက သိပ်ပြီးမထိရောက်ဘူးလို့ ပြောလို့ရပါတယ်။ ဆိုလိုတာက အစ်မရေးလိုက်တဲ့၊ အစ်မတင်လိုက်တဲ့ဘလော့က အစ်မရဲ့စာကို ပြန်ကူးတာမျိုး၊ Copy Rightလုပ်တာမျိုး ကြုံခဲ့ဖူးလား၊ ကြုံခဲ့ဖူးရင်ပြောပြပါဦး။ အစ်မ အမြင်ကိုသိချင်ပါတယ်။

အပေါ်မှာ ကျွန်မပြောခဲ့သလိုလေ စာဖတ်သူတွေက ကျွန်မရေးတဲ့စာတွေကို အရင်သိပြီးနှစ်တော်တော်ကြာမှ ကျွန်မကို သိလာတာပါ။ အင်တာနက်မှာက စာတစ်ပုဒ်ကို စက္ကန့်မဆိုင်းပဲ ကူးယူဖော်ပြနိုင်တယ်လေ။ တစ်ခါတလေ ဘယ်သူရေးတယ်ဆိုတာကို သိနေရက်နဲ့ ရေးသူရဲ့နာမည်ကို မဖော်ပြပဲနဲ့ ဖြန့်ဝေတာမျိုးလည်းရှိတယ်။ ဂျာနယ်၊ မဂ္ဂဇင်းပေါ် ရေးသူနာမည်ပြောင်းပြီး ရောက်သွားတာမျိုးလည်းရှိတယ်။ တချို့ကျတော့ တစ်ပုဒ်လုံးကိုကူးယူပြီး စကားလုံးတချို့ပြောင်းလိုက်တယ်၊ အသုံးအနှုန်းတချို့ ပြောင်းလိုက်တယ်။ ဟိုနည်းနည်းပြင် ဒီနည်းနည်းပြင်နဲ့ ကိုယ်တိုင်ရေးသလို ဖန်တီးလိုက်တာပေါ့။ ဘယ်လိုပဲပြင်ပြင် ဘယ်လိုပဲပြောင်းပြောင်း စာရေးတဲ့သူကိုယ်တိုင်က သူရေးခဲ့တဲ့စာကို ဘယ်အချိန်ဖတ်ဖတ်၊ ဘယ်နေရာမှာဖတ်ဖတ် မှတ်မိနေတတ်တယ်။

လူတိုင်းဘာသာပြန်နိုင်တယ်ဆိုတဲ့ ဘာသာပြန်စာတွေမှာလည်း အဲဒီလိုပဲ.... တူတဲ့စာတစ်ပုဒ်ကို လူဘယ်နှယောက်ဘာသာပြန်ပြန် အာဘော်ချင်းကမတူဘူး။ စကားလုံး အသုံးအနှုန်းချင်းက မတူဘူးပေါ့။ ဒါပေမဲ့ အများဖတ်ရဖို့ လူတိုင်းအချိန်မရွေး ဝင်ထွက်သွားလာနိုင်တဲ့ အင်တာနက်လိုနေရာမျိုးမှာ စာတွေရေးတယ်ဆိုတော့လည်း ပြန်လည်ကူးယူဖော်ပြတာမျိုးကို အပြစ်မဆိုတော့ပါဘူး။ စာတွေကို ကြိုက်နှစ်သက်လို့ ကူးယူ၊ ဖြန့်ဝေနေတာပဲလို့ နားလည်လိုက်တယ်။ ဘာပဲဖြစ်ဖြစ် စာဖတ်တာ ကောင်းပါတယ်။ ကိုယ်ရေးတဲ့စာတွေကို ကူးယူဖြန့်ဝေပြီး ဖတ်ကြတဲ့အတွက် ဝမ်းသာပါတယ်။

၁၁။ လက်ရှိပြည်တွင်းမှာတောင် စာရေးဝါသနာပါတဲ့ စာရေးဆရာပေါက်စတွေထဲမှာ ဈေးကွက်ရှိတဲ့ အပျော်ဖတ်ဟာသ၀တ္ထုတွေဘက် အားသန်နေတာမျိုးတွေ့ရတယ်။ အစ်မလို နိုင်ငံခြားမှာနေ၊ နိုင်ငံခြားကနေ စာတွေရေးပြီး ဒီမှာလည်းထုတ်၊ အောင်လည်းအောင်မြင်တာမို့ လက်ရှိစာပေလောကကို သုံးသပ်ပေးပါဦး၊ ဘာလိုအပ်ချက်တွေ ရှိနေပါသလဲ။

အပျော်ဖတ်ဟာသဝတ္ထုတွေ ခေတ်အချိန်အခါအရ၊ ခေတ်ရဲ့တောင်းဆိုချက်အရ တစ်ခတ်ထတယ်လို့ ပြောရမလား! လူတွေက စားဝတ်နေရေးအတွက် ပင်ပင်ပန်းပန်း လှုပ်ရှားရုန်းကန်နေကြရတယ်။ လူလည်းပန်း၊ စိတ်လည်းနွမ်းနေကြတဲ့အခါ အတွေးအမြင်ပါတဲ့စာတွေကို ဦးနှောက်ထပ်သုံးပြီး မဖတ်ချင်၊ မတွေးချင်ကြတော့ဘူး။ ပေါ့ပေါ့ပါးပါး ရယ်ရတဲ့စာတွေနဲ့ပဲ အပမ်းဖြေကြတယ်။ ဒါက ခေတ်စနစ်ကြောင့် လူတွေရဲ့တောင်းဆိုချက်ပေါ့။ ဒါပေမဲ့ ဒါတွေက တာရှည်မခံပါဘူး။ တာရှည်မခံဘူးဆိုတာက ဟိုးအရင်နာမည်ကြီးစာရေးဆရာတွေရဲ့ စာအုပ်တွေလို ခေတ်အဆက်ဆက် တန်ဖိုးရှိရှိ ကျန်ရစ်ခဲ့မှာမဟုတ်ဘူးလို့ ဆိုချင်တာပါ။ နောက် လူတစ်ယောက်ဟာလည်း သူ့အချိန်အခါ၊ သူ့အသက်အရွယ်နဲ့ စာအုပ်အမျိုးအစားတစ်ခုတည်းမှာ ရှိနေတာမျိုး မဟုတ်ဘူးလေ။ အရွယ်ငယ်ချိန်မှာ ကာတွန်းဖတ်တယ်၊ ဆယ်ကျော်သက်အရွယ်ရောက်တော့ အချစ်ဝတ္ထုဖတ်တယ်၊ လူလတ်ပိုင်းရောက်တော့ အတွေးအမြင် တိုးတက်ရေးတွေဖတ်တယ် အဲဒီလိုပေါ့။ တဖြေးဖြေးနဲ့တော့ စာအုပ်ရွေးချယ်တာတွေ ပြောင်းသွားတာပဲ။ အဓိက,က ဟာသပဲဖြစ်ဖြစ်၊ အချစ်ပဲဖြစ်ဖြစ် ဘယ်လိုစာအုပ်ပဲဖြစ်ဖြစ် စာဖတ်သူတွေအတွက် အကျိုးနည်းနည်းကျန်ခဲ့နိုင်ရင်တော့ အကောင်းဆုံးပေါ့။

၁၂။ ပြီးတော့ အစ်မ လက်ရှိဘာတွေလုပ်ဖြစ်နေသလဲ ဆိုတာ။

အခုလက်ရှိမှာ အသက်မွေးဝမ်းကျောင်း အလုပ်တစ်ခုကိုလုပ်ရင်း စာတွေကိုရေးနေပါတယ်။ ဘလော့မှာရေးနေသလို လုံးချင်းတစ်အုပ်ကိုလည်း ဘာသာပြန်နေပါတယ်။

၁၃။ အစ်မရေ.. ဖြစ်နိုင်မယ်ဆိုရင် အစ်မရဲ့နာမည်ရင်းနဲ့ အသက်ကိုပါ သိချင်ပါတယ်။
နာမည်အရင်းက မီးမီးပါ။ ကျောင်းနာမည်လည်း မီးမီးပါပဲ။ ဒီဇင်ဘာ ၈ ရက်နေ့မှာ မွေးပါတယ်း)


အင်တာဗျူးသူက သူ့စီနီယာမမနဲ့ပေါင်းပြီး မေးထားတဲ့မေးခွန်းက စုံစုံစိစိပါပဲ။ ကျွန်မလည်း ဖြေတတ်သလို ဖြေခဲ့ပါတယ်။ အမှားတွေပါခဲ့ရင် ခွင့်လွှတ်နားလည်ပါလို့... စာရေးဆရာဆိုတာထက် တကယ်တော့ ကျွန်မက ဘာသာပြန်သူသက်သက် တစ်ယောက်မျှသာ....

နိုင်းနိုင်းစနေ


Share/Bookmark

ရုပ်ပုံထဲက စကားလုံးများ


1039504D7-11039504D7-2

အင်တာနက်ပေါ် တွေ့မိတာလေးပါ..
(ဘလော့က ပုံတင်မရဘူးဖြစ်နေတယ်။ flickr ကနေတင်တာ အဆင်မပြေဘူး။ နောက်မှပြန်ပြင်လိုက်မယ်.. ဆောရီး)

နိုင်းနိုင်းစနေ

Share/Bookmark

Wednesday, October 26, 2011

မေတ္တာစိတ်နဲ့ နားထောင်တတ်သူ


တလောက အပေါ်ထပ်၊ အောက်ထပ်ကလူတွေကြောင့် ကျွန်မရူးမတတ်ဖြစ်ခဲ့ရတယ်။

ကျွန်မနေတာက ဒုတိယထပ်မှာပါ။ ကျွန်မအိမ်ရဲ့အောက်ထပ်မှာ အလုပ်လက်မဲ့လင်မယားနှစ်ယောက် နေပါတယ်။ စားဝတ်နေရေးအတွက် သုံးဘီးဆိုင်ကယ်ဟောင်းတစ်စီး သူတို့ဝယ်ထားတယ်။ အဲဒီဆိုင်ကယ်က ဟောင်းလွန်းတော့ ရင်ကျပ်ရောဂါ အပြင်းအထန်ခံစားနေရတဲ့လူနာလို အသံဗလံ ဆူညံသံတွေ ထွက်နေပါတယ်။ ညတိုင်း ကျွန်မအိပ်ပျော်ခါနီးအချိန်မှာ အဲဒီဆိုင်ကယ်ဟာ ချောင်းတဟွတ်ဟွတ်ဆိုးပြီး အသက်လုပြန်လာတတ်တယ်။ အဲဒီအသံကိုကြားရင် ကျွန်မ အိပ်ချင်စိတ်တွေ ပျောက်သွားတော့တယ်။

ကျွန်မအိမ်ရဲ့ အပေါ်ထပ်မှာနေတဲ့မိသားစုက သမီးဖြစ်သူကို ပလွေတစ်ချောင်းဝယ်ထားပေးတယ်။ မနက်မိုးလင်းတိုင်း သမီးကို အတင်းအဓမ္မ ပလွေမှုတ်ကျင့်ခိုင်းကြတယ်။ ပလွေသံက ဝီး...ဝီး.. အီး..အီးနဲ့ နားထောင်ရတာ သရဲသဘက် ငိုညည်းနေသလိုပါပဲ။

ညတိုင်း အောက်ထပ်က သုံးဘီးဆိုင်ကယ်ရဲ့ "ချောင်းသံ"ကြောင့် ကျွန်မအိပ်မရခဲ့သလို မနက်စောစောမှာ အိမ်ပေါ်ထပ်က ပလွေ"ငိုသံ"ကြောင့် ကျွန်မ အစောကြီးနှိုးခဲ့ရတယ်။

အပေါ်ထပ်၊ အောက်ထပ်ကမိသားစုတွေနဲ့ ကျွန်မ ကောင်းကောင်းဆွေးနွေးဖို့လိုပြီးလို့ ကျွန်မထင်တယ်။ ဒါပေမဲ့ သူတို့အိမ်ရှေ့ရောက်တာနဲ့ ကျွန်မခြေလှမ်းတုန့်ပြီး တွေဝေသွားတတ်တယ်။ အောက်ထပ်မိသားစုအတွက် ဟောင်းနွမ်းတဲ့သုံးဘီးဆိုင်ကယ်ဟာ သူတို့ရဲ့ထမင်းအိုးပါ။ အပေါ်ထပ်မိသားစုမှာ ပလွေသံက အဲဒီကောင်မလေးရဲ့မျှော်လင့်ချက်ပေါ့။ သူတို့ရဲ့ထမင်းအိုး၊ မျှော်လင့်ချက်တွေကို ကျွန်မလက်လွတ်ခိုင်းရမလား? ကျွန်မထုတ်ပြောရက်သလား?

အတန်ကြာစဉ်းစားပြီး အိမ်ပြောင်းဖို့ ကျွန်မဆုံးဖြတ်လိုက်တယ်။ အေးဆေးဆိတ်ငြိမ်တဲ့နေရာတစ်ခုဆီ ပြောင်းဖို့ ကျွန်မဆုံးဖြတ်လိုက်တယ်။ ဒါမှ စာတွေကို ကျွန်မစိတ်ဝင်တစား ရေးလို့ရမှာဖြစ်သလို ကိုယ်စိတ်ကျန်းမာမှာဖြစ်တယ်။ သူငယ်ချင်းတစ်ယောက်ကို ကျွန်မအဖြစ်အပျက်တွေ ရင်ဖွင့်ပြပြီး နေရာကောင်းတစ်ခုရှာပေးဖို့ အကူအညီတောင်းလိုက်တယ်။

သူငယ်ချင်းက ကျွန်မပြောတာတွေကို ပြုံးပြုံးလေးနားထောင်နေရင်းက ကျွန်မကိုမေးတယ်။

"ငါနေတဲ့ပတ်ဝန်းကျင်ကရော ဘယ်လိုလဲလို့ နင်ထင်သလဲ?"

"နင့်နေရာက ဆိတ်ငြိမ်လို့ နင့်ဖက်မှာ ငါအခန်းရှာခိုင်းတာပေါ့"

ကျွန်မအပြောကို သူငယ်ချင်းက ခေါင်းတဆတ်ဆတ်ညိတ်ပြီး "ဒါဆိုလဲ ငါ့အိမ်မှာ တစ်နာရီလောက်ထိုင်ပြီး ခံစားကြည့်ပါဦး"လို့ဆိုတယ်။

သူငယ်ချင်းအိမ်မှာ တစ်နာရီကြာ ကျွန်မနေလိုက်တယ်။ သူ့အိမ်ပတ်ဝန်းကျင်က တကယ့်တိတ်တိတ်ဆိတ်ဆိတ်ပါပဲ။ ဒါပေမဲ့ တစ်နာရီနောက်ပိုင်းမှာ လူအသီးသီး ရုံးဆင်းပြန်လာကြတယ်။ အသံတွေ စပြီးဆူညံလာခဲ့တယ်။ အဆိုးဆုံးက ဘေးအိမ်ဝရံတာက စကားပြောသံလိုလို လွှင့်လာတဲ့အသံတွေဖြစ်တယ်။ ရှေးလူရိုင်းတွေ တစ်ယောက်ကိုတစ်ယောက် အော်ဟစ်နေတဲ့အသံလိုမျိုး အသံကစူးရှပြီး နားစည်ပေါက်မတတ်ပါပဲ။ ကြားရသူကို နားမသက်သာစေခဲ့ပါဘူး။

ဒါ ဘာအသံလဲလို့ သူငယ်ချင်းကိုကျွန်မမေးတော့ သူငယ်ချင်းက "၉နှစ်ကောင်လေးတစ်ယောက် စကားပြောသင်နေတာလေ.. သူဘာပြောနေသလဲလို့ နင်သေသေချာချာ နားထောင်ကြည့်!"လို့ပြောလို့ ကျွန်မ နားစိုက်ထောင်လိုက်တယ်။ အဲဒီကောင်လေးက စကားတစ်ခွန်းကို ထပ်တလဲလဲ ပြောနေသလိုပါပဲ။ ဒါပေမဲ့ ဘာပြောနေမှန်း ကျွန်မသေသေချာချာ နားမလည်ခဲ့ဘူး။

"မေမေပေါ် နေလောင်ဖြန်းထားတယ်လို့ သူပြောနေသလိုပဲ" လို့ ကျွန်မခန့်မှန်းပြောကြည့်တော့ သူငယ်ချင်းက တဟားဟားအော်ရယ်ပြီး "နင်ပြောတာ မှားတယ်... သူပြောတာက မြေပြင်ပေါ် နေရောင်ဖြန့်ထားတယ်တဲ့"။ သူငယ်ချင်းက ပြောပြောဆိုဆို အဲဒီကောင်လေးရဲ့အသံကို ပိုကြားရအောင် ဝရံတာဖက်ကတံခါးကို ဆွဲဖွင့်လိုက်တယ်။ ကောင်လေးရဲ့အသံထွက်မှန်အောင် ပြင်ပေးနေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ အသံကိုပါ ကျွန်မကြားလိုက်တယ်။ အမျိုးသမီးပြောနေတာက "မြေပြင်ပေါ်နေရောင်ဖြန့်ထားတယ်" လို့ဆိုပေမယ့် ဘယ်လိုအသံထွက်မှန်အောင်ပြောလည်း ကောင်လေးပြောနေတာက "မေမေပေါ် နေလောင်ဖြန်းထားတယ်"ဆိုတာပဲဖြစ်နေတယ်။

"တကယ်လို့ နင်ဒီမှာနေမယ်။ နေ့တိုင်း ဒီလိုအသံပဲကြားနေရမယ်ဆိုရင် နင်ဘယ်လိုခံစားရမလဲ?" သူငယ်ချင်းက ကျွန်မကိုမေးခွန်းထုတ်တယ်။

"ဟင့်အင်း.. ငါ ခံနိုင်မှာမဟုတ်ဘူး။ အသံတွေ ဆူညံနေတဲ့အပြင် ဘယ်လိုသင်သင် သင်လို့မရတဲ့ အဲဒီကောင်လေးအသံကို နားထောင်ရင်း သူ့အတွက် ငါစိတ်ညစ်ပြီးသေသွားလိမ့်မယ်" ကျွန်မခေါင်းခါပြပြီး အမှန်အတိုင်းပြောလိုက်တယ်။

"ဒါပေမဲ့ ငါ့နားထဲမှာတော့ အဲဒီကောင်လေးရဲ့အသံက နားဝင်ချိုတဲ့ဂီတသံလိုပဲ။ ဒါ ငါတစ်ယောက်ထဲ ခံစားရတာ မဟုတ်ဘူး။ ဒီတိုက်မှာနေတဲ့လူတိုင်း ငါ့လိုပဲခံစားကြရတယ်တဲ့"

သူငယ်ချင်းရဲ့အပြောကြောင့် အံ့သြသွားတဲ့ကျွန်မကိုကြည့်ရင်း သူငယ်ချင်းက စကားဆက်ပြောတယ်။

"ဒီကလေးက အစွန့်ပစ်ခံထားရတဲ့ကလေး။ မွေးလာကတည်း အ,နေတာ။ ဒါကြောင့် သူ့မိဘတွေက သူ့ကိုစွန့်ခဲ့ကြတယ်။ သူ့ကို ငါ့အိမ်နီးချင်းက ကောက်ပြန်လာခဲ့တယ်။ သူ့ကို ကျွေးမွေးစောင့်ရှောက်ခဲ့တဲ့အပြင် နေရာအနှံ့ ဆရာဝန်ရှာပြီး ဆေးကုခဲ့တယ်။ ကလေး၎နှစ်မှာ ငါ့အိမ်နီးချင်းက စကားစသင်ပေးခဲ့တယ်။ ဒါဟာ မဖြစ်နိုင်ဘူးလို့ ငါတို့ထင်ခဲ့ကြတယ်။ ဒါပေမဲ့ သူ လက်မလွတ်ခဲ့ဘူး။ နေ့တိုင်း ကလေးကို စကားသင်ပေးခဲ့တယ်။

ကလေး ၅နှစ်ရောက်တော့ တစ်နေ့မှာ "မေမေ"လို့သူခေါ်ခဲ့တယ်။ အသံကလုံးထွေးပြီး မပီသဘူးဆိုပေမယ့် ငါတို့တတွေ ရှင်းရှင်းလင်းလင်းကြားလိုက်ရတယ်။ ငါ့အိမ်နီးချင်းဆို ဝမ်းသာလွန်းလို့ မျက်ရည်တောင်ကျတယ်။ အဲဒီမှာရှိနေတဲ့လူတွေလည်း မျက်ရည်တွေဝဲလို့။ သူ နှစ်နှစ်လလ ပင်ပင်ပန်းပန်း စကားပြောသင်ပေးခဲ့တဲ့ ကလေးလေး စကားစပြောလာခဲ့ပြီလေ။ ဒါ မခံစားရဘူးလို့ နင်ထင်မလား? အဲဒီနောက် ငါ့အိမ်နီးချင်းက ကလေးကို ပိုအလေးစိုက်ပြီး စကားတွေသင်ပေးခဲ့တယ်။ ငါတို့ဒီတိုက်မှာနေတဲ့ လူတွေအားလုံးက အဲဒီအသံကို အလှဆုံး၊ အသာယာဆုံးအသံလို့ ထင်ခဲ့ကြတယ်"

သူငယ်ချင်းအိမ်ကနေ မထွက်ခွာခင် သူငယ်ချင်းက "ဒီကလေးရဲ့အသံက စူးရှတယ်။ နားမသက်သာစေဘူးလို့ နင်ထင်တာက သူ့အသံကို နင်နားနဲ့နားထောင်လို့ပဲ။ ဒီကလေးရဲ့အသံ နားဝင်ချိုတယ်။ နားထောင်လို့ကောင်းတယ်လို့ ငါတို့ထင်တာ ငါတို့က မေတ္တာစိတ်နဲ့နားထောင်လို့ပေါ့။ မေတ္တာနဲ့ နားထောင်တတ်ရင် ဒီလောကမှာရှိတဲ့ အသံတော်တော်များများက လှပတဲ့အသံတွေပါပဲကွာ" လို့ ပြောပါတယ်။

လောကထဲမှာ လုံးထွေးဆူညံနေတဲ့အသံတွေကို နားထောင်ဖို့ ဘုရားသခင်က ကျွန်မတို့ကို နားရွက်တွေပေးလိုက်တယ်။ လုံးထွေးဆူညံတဲ့အသံကို နားဝင်ချိုတဲ့အသံအဖြစ်ပြောင်းဖို့ လူတွေက ကိုယ့်ကိုယ်ကို မေတ္တာစိတ်တွေထည့်ခဲ့ကြတယ်။ တကယ်လို့ လှပသာယာတဲ့အသံကို သင်နားထောင်ချင်ရင် မေတ္တာစိတ်နဲ့ နားထောင်တတ်ဖို့ သင်,သင်ယူရပါလိမ့်မယ်။

အရက်ကို ဘယ်လိုသောက်ရမယ်လို့ သိနားလည်သူက "ခံစားချက်"ကို ရှာဖွေတွေ့တယ်။
ရောင့်ရဲတင့်တိမ်မှုကို သိနားလည်သူက "ပျော်ရွှင်ခြင်း"ကို ရှာဖွေတွေ့တယ်။
လက်လွတ်တတ်တာကို သိနားလည်သူက "စိတ်လက်ချမ်းသာခြင်း"ကို ရှာဖွေတွေ့တယ်။
တန်ဖိုးထားတတ်တာကို သိနားလည်သူက "ကောင်းမြတ်ခြင်း"ကို ရှာဖွေတွေ့တယ်။
ယုံကြည်စိတ်ချမှုကို သိနားလည်သူက "သောကကင်းခြင်း"ကို ရှာဖွေတွေ့တယ်။
မေ့ပျောက်ခြင်းကို သိနားလည်သူက "လွတ်လပ်ပေါ့ပါးခြင်း"ကို ရှာဖွေတွေ့တယ်။
ဂရုစိုက်ကြင်နာခြင်းကို သိနားလည်သူက "သူငယ်ချင်း"ကို ရှာဖွေတွေ့တယ်။


မူရင်း-- http://blog.xuite.net/mama5456/666/25748416

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Monday, October 24, 2011

facebook ပေါ်ကခြေရာလေးများ


(၁)
ဆိတ်ဆိတ်နေခြင်းဟာ မိန်းကလေးတစ်ယောက်ရဲ့ အကျယ်ဆုံးငိုသံတဲ့!
မိန်းကလေးတွေဟာ တစ်ခုခုခံစားရပြီဆိုရင် စကားသိပ်မပြောချင်တော့ဘူး ပြောရင်လည်း မောတယ်လို့ ခံစားရတယ်။ ဒါမှမဟုတ် သူဟာ ဆိတ်ဆိတ်နေတာ ကျင့်သားရသွားလို့ပဲလား!
နာကျင်တာ ကျင့်သားရသွားလို့ပဲလား!
ငြိမ်သက်တိတ်ဆိတ်တာကို ကျင့်သားရသွားလို့ပဲလား!

မိန်းကလေးတစ်ယောက် သင့်ကို မခေါ်မပြောတော့တဲ့အခါ တကယ်တော့ သူ ဒဏ်ရာနက်နက် ရသွားခဲ့လို့ဖြစ်တယ်။

(၂)
အမေရိကန် Minnesotaပြည်နယ် St Paul Ramsey Medical Centerက ပညာရှင်တွေရဲ့ လေ့လာဆန်းစစ်ချက်အရ မျက်ရည်မထွက်အောင်(မငိုမိအောင်) အောင့်အီးနေသူတွေဟာ ကိုယ့်ကိုယ်ကို "သေကြောင်းကြံ"နေတာနဲ့တူတယ်လို့ ဆိုပါတယ်။ ပညာရှင်တွေရဲ့ ပြောကြားချက်မှာ စိတ်ထိခိုက်၊ ဝမ်းနည်းခြင်းတွေက ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်။ အဲဒီလို စိတ်ထိခိုက်၊ ဝမ်းနည်းချိန်မှာ ငိုကြွေးတာဟာ ကျန်းမာရေးကို အထောက်အကူ ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။

ပညာရှင်တွေက မျက်ရည်ကို ဓာတုဗေဒနည်းနဲ့ ခွဲခြမ်းစိတ်ဖြာကြည့်တဲ့အခါ မျက်ရည်ထဲမှာ အရေးပါတဲ့ ဓာတုပစ္စည်းနှစ်မျိုးဖြစ်တဲ့ (Enkephalin and Prolactin)တို့ ပါဝင်တာကို တွေ့ခဲ့ရတယ်။ မျက်ရည်က ခန္ဓာကိုယ်ထဲစုပြုံနေတဲ့ စိတ်ကိုအားငယ်ညိုးနွမ်းစေတဲ့ တခြားဓာတုပစ္စည်းတွေကို ချေဖျက်ပေးနိုင်တယ်။ စိတ်ဖိအားကို လျော့ချပေးနိုင်ပါတယ်။

အမျိုးသမီးတွေဟာ အမျိုးသားထက် ပိုအသက်ရှည်ရတာဟာ မျက်ရည်ပိုကျတတ်လို့၊ ငိုတတ်လို့လို့ ပညာရှင်တွေက ထင်မြင်ကြပါတယ်။


(၃)

(၄)

ဆွီဒင်သိပံ္ပပညာရှင်တွေရဲ့ လေ့လာဆန်းစစ်ချက်အရ မိန်းကလေးတွေဟာ တစ်နေ့ကို ကော်ဖီသုံးခွက်အထက် သောက်ရင် ရင်သားမဖွံ့ဖြိုးတတ်ဘူးလို့ ဆိုပါတယ်။ မိန်းကလေးအများစုရဲ့ ခန္ဓာကိုယ်ထဲမှာ ထူးခြားတဲ့မျိုးစေ့ဗီဇ(gene)ပါဝင်ပြီး အဲဒီမျိုးစေ့ဗီဇနဲ့ ကော်ဖီထဲပါတဲ့(caffeine)ဓာတ်တို့ကြောင့် ရင်သားတွေ သေးငယ်သွားတတ်တယ်လို့ ဆိုပါတယ်။

(Starbucks ရဲ့ကော်ဖီက သင့်ရင်သားကို သေးငယ်သွားကောင်း သေးငယ်သွားစေနိုင်ပါတယ်။ Logoက သက်သေပြနေပါတယ်းD)


(၅)
ဘဝမှာ ခဏတစ်ဖြုတ်၊ လျှပ်တစ်ပြက်တွေက များလွန်းတယ်
ကားဂိတ်မှာ လက်ပြနှုတ်ဆက်တာမျိုး၊ အခုပဲပွေ့ဖက် အခုပဲလမ်းခွဲလိုက်တာမျိုး...
အချိန်တော်တော်များများမှာ နင်နားမလည်သလို ငါလည်းနားမလည်ခဲ့ဘူး။

ဒီလိုပါပဲ......
ပြောရင်းပြောရင်း ပြောင်းလဲကုန်တယ်
နားထောင်ရင်း နားထောင်ရင်း ငြီးငွေ့ကုန်တယ်
ကြည့်ရင်းကြည့်ရင်း စိတ်ကုန်ကုန်တယ်
နောက်က လိုက်ရင်းလိုက်ရင်း နှေးကွေးကုန်တယ်
လျှောက်ရင်းလျှောက်ရင်း လမ်းခွဲကုန်တယ်
ချစ်ရင်းချစ်ရင်း အချစ်လျော့ကုန်တယ်
လွမ်းရင်းလွမ်းရင်း အဆုံးသတ်ကုန်ကြတယ်။

(၆)
ငါအရမ်းပျင်းတယ်..... ဒါကြောင့် အကောက်ကြံတဲ့ဘာကြံစည်မျိုးမှ ငါနဲ့မကစားပါနဲ့။ အဲဒီအချိန်အတွက် ငါပိုအိပ်နေလိုက်မယ်။

ငါအရမ်းပျင်းတယ်..... ဒါကြောင့် တခြားအချိန်တိုင်းမှာလည်း ငါ့ကို တုံး,အတယ်လို့ မထင်ပါနဲ့။ မလိုအပ်ဘဲ ခေါင်းရှုပ်ခံရေးကြီးခွင့်ကျယ်လုပ်ဖို့ ငါပျင်းလို့ပါ။

ငါအရမ်းပျင်းတယ်..... ဒါကြောင့် ဟိုလိုလိုဒီလိုလို မပြတ်မသား ငါနဲ့မကစားပါနဲ့။ နင်မျှော်လင့်ချက်မဲ့မှာ ငါစိုးလို့ပါ။

(၇)
ဘဝထဲက နေ့ရက်တိုင်းကို အပြစ်မြင် မညည်းတွားပါနဲ့။
ကောင်းတဲ့နေ့ရက်က သင့်ကို ပျော်ရွှင်ခြင်းတွေပေးမယ်။
မကောင်းတဲ့နေ့ရက်က သင့်ကို အတွေ့အကြုံတွေပေးမယ်။
အဆိုးဆုံးနေ့ရက်က သင့်ကို သင်ခန်းစာတွေပေးမယ်။

(၈)

မိန်းကလေးတွေအတွက် အကြံဉာဏ်(၁၄)ချက်
(၁) စာဖတ်ဝါသနာရှိပါစေ
(၂) အဆင့်အတန်းရှိပါစေ
(၃) ဘဝထဲကအလှတွေကို ရှာဖွေတတ်ပါစေ
(၄) အတွေးအခေါ်ကောင်းသူတွေနဲ့ မိတ်ဆွေဖွဲ့တတ်ပါစေ
(၅) အနှစ်သာရမရှိတဲ့ ရုပ်ရှင်ကားတွေကို ဝေးဝေးရှောင်နိုင်ပါစေ
(၆) သည်းခံခွင့်လွှတ်တတ်ဖို့ သင်ယူနိုင်ပါစေ
(၇) ကျန်းမာတဲ့စိတ်နှလုံး မွေးမြူနိုင်ပါစေ
(၈) လှပတင့်တယ်ခြင်းက သင်ရဲ့ရင်းနှီးမြှပ်နှံမှုဖြစ်ပါစေ
(၉) ဘယ်ယောက်ျားကိုမှအားမကိုးတဲ့ ကိုယ့်ကိုယ်ကိုရှင်သန်နိုင်သူ ဖြစ်ပါစေ
(၁ဝ) ငွေရေးကြေးရေး စီမံခန့်ခွဲတတ်အောင် သင်ယူနိုင်ပါစေ
(၁၁) အချစ်နဲ့ အိမ်ထောင်ရေး အတူတကွပူးတွဲနေပါစေ
(၁၂) ယောက်ျားတွေနဲ့ တန်းတူညီမျှ ရင်ဘောင်တန်းနိုင်ပါစေ
(၁၃) သင့်စိတ်ကူးအိပ်မက်ကို ကူညီအကောင်အထည်ဖော်ပေးမယ့် ယောက်ျားကိုရှာယူနိုင်ပါစေ
(၁၄) နုပျိုခြင်းကို စွန့်လွှတ်ရသည့်တိုင် အပြုံးကိုချိတ်ဆွဲထားနိုင်ပါစေ

Yang Lan (TVအစီအစဉ်တင်ဆက်သူ)


(၉)
အိမ်... ကြီးလို့ရတယ်၊ ငယ်လို့ရတယ်။ မိုးလုံလေလုံ ခိုလှုံနိုင်ဖို့ပဲလိုတယ်။
အိမ်... ဆူညံလို့ရတယ်၊ ငြင်းခုန်လို့ရတယ်။ အမုန်းရန်ငြိုးမထားဖို့ပဲလိုတယ်။
အိမ်... ငိုလို့ရတယ်၊ ရယ်လို့ရတယ်။ တစ်အိမ်လုံး ချမ်းမြေ့ပျော်ရွှင်ဖို့ပဲလိုတယ်။
အိမ်... ဆင်းရဲလို့ရတယ်၊ ချမ်းသာလို့ရတယ်။ မိသားစုတတွေ စည်းလုံးနွေးထွေးဖို့ပဲလိုတယ်။
အိမ်... ဝေးလို့ရတယ်၊ နီးလို့ရတယ်။ အိမ်အပြန်လမ်းကို မှတ်မိနေဖို့ပဲလိုတယ်။
အိမ်... အိုမင်းလို့ရတယ်၊ ဟောင်းနွမ်းလို့ရတယ်။ မကြာခဏအိမ်ပြန်ပြီး မိဘကို အဖော်လုပ်ဖို့ပဲလိုတယ်။

(၁ဝ)


(၁၁)

အင်္ဂလန်က Great Dane ခွေးအမျိုးအစား Lily အသက်(၆)နှစ်ဟာ မျက်တောင်မွေးရှည်လွန်းလို့ မျက်လုံးအိမ်ကို ထိုးမိပြီး မျက်မမြင်ဖြစ်သွားခဲ့ပါသတဲ့။ ဒါကို အသက်(၇)နှစ်ရှိတဲ့ Great Dane ခွေးအမျိုးအစား Madison က guide-dogအဖြစ် Lilyကို လမ်းပြသူလုပ်ခဲ့တယ်။ သူတို့နှစ်ကောင်ဟာ စိတ်အချင်းချင်း ဆက်နေတဲ့အတိုင်းပါပဲ.. ကြိုးချင်းဆွဲမထားလည်း Madisonရဲ့အနံ့အသက်နဲ့ Lilyဟာ Madisonဘေးမှာ မခွဲမခွာ အမြဲတပူးတွဲတွဲ သွားလာနိုင်သတဲ့။ အခုအချိန်မှာbuy one get one free တစ်ကောင်ဝယ် တစ်ကောင်လက်ဆောင်ပေးအဖြစ်နဲ့ ခွေးနှစ်ကောင်ရဲ့ သခင်အသစ်ကို ရှာဖွေနေတယ်လို့ ဆိုပါတယ်။

FB (facebook)မှာ ကျွန်မမျှဝေဖြစ်တာတွေပါ။ FBမသုံးဖြစ်သူတွေအတွက် စုစည်းပြီး (အသစ်တွေမရေးဖြစ်တဲ့အခါ) ဘလော့မှာ ပြန်မျှဝေပါတယ်။

နိုင်းနိုင်းစနေ


Share/Bookmark

Saturday, October 22, 2011

မုန့်တီချက်


မကြာခဏဆိုသလို ကျွန်မ ခေါက်ဆွဲချက်စားလေ့ရှိတယ်။ ခေါက်ဆွဲချက်စားတယ်ဆိုတာကလည်း ထွေထွေထူးထူးမဟုတ်ပါဘူး။ ဟင်းချက်ပျင်းတဲ့အခါတွေမှာ ခါတိုင်းလုပ်စားနေကျ ရှမ်းခေါက်ဆွဲကြော်၊ ရှမ်းခေါက်ဆွဲသုပ်၊ ကြာဇံကြော်၊ ခေါက်ဆွဲထုပ်ပြုပ်၊ မုန့်တီချက်လေးပါပဲ။ တချို့ခေါက်ဆွဲက နဂိုစေးပြီးသားမို့ ဘယ်လိုပဲချက်ချက် စားလို့ကောင်းပါတယ်။ ကျွန်မ ထမင်းဟင်းတွေ ကောင်းကောင်းမချက်တတ်ပါဘူး။ တွေ့ဖူးစားဖူးတာတွေ၊ စိတ်ကူးတည့်ရာ စားလို့ကောင်းမယ်ထင်တာတွေတော့ ချက်ဖြစ်ပါတယ်။ အစားဂျေးမများဘဲ ချက်သမျှစားပေးတဲ့ လူတစ်ယောက်ရှိတာကိုပဲ ကျေးဇူးတင်ရပါတယ်။ ဒီနေ့ချက်စားဖြစ်တဲ့ မုန့်တီချက်ကို မျှဝေလိုက်ပါတယ်။ လုပ်ရတာ အရမ်းလွယ်ပါတယ်...

မုန့်တီချက်ဖို့အတွက် ပါဝင်တဲ့ပစ္စည်း ----
(၁) ဝက်ရိုး / ကြက်ရိုး
(၂) ကြက်သွန်နီ၊ ဂျင်း၊ ခရမ်းချဉ်သီး
(၃) မုန်ညင်းချဉ်
(၄) ပဲငံပြာရည်
(၅) မုန့်တီ

ပထမဦးဆုံး ဝက်ရိုးကိုဆေးပြီး ဂျင်းနဲ့ပြုပ်လိုက်ပါတယ်။ ဝက်ရိုးအစား သုံးထပ်သားကို အခေါက်ရော၊ အသားရော လက်မအရွယ်လောက်သုံးပြီး ဆီသပ်ထည့်နိုင်ပါတယ်။ ဝက်ရိုးတွေ နူးအိလာရင် ၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီးကို အတုံးလေးတုံးထည့်၊ မုန်ညင်းချဉ်နှုတ်နှုတ်စင်းထည့်တယ်။ ပြီးတော့ ပဲငံပြာရည် ဟင်းခပ်ဇွန်းတစ်ဇွန်းထည့်တယ်။ တော်တော်လေးဆူဗွက်ပြီး နူးအိလာပြီ၊ မုန်ညင်းချဉ်အရသာလည်း ထွက်လာပြီဆိုရင် အပေါ့အငံမြည်းပြီး အိုးချနိုင်ပါပြီ။


မုန့်တီကို တရုတ်ဆိုင်တွေမှာ ရနိုင်ပါတယ်။ မုန့်တီမပြုပ်ခင် ရေခဏစိမ်ထားရင် ပြုပ်ရလွယ်ကူတယ်။ မဟုတ်ရင် အကြာကြီးပြုပ်ရတယ်။

ပြုပ်ထားတဲ့ မုန့်တီဖပ်ပေါ် ခုနားကဟင်းရည် ထည့်စားရုံပါပဲ။ အရွက်စိမ်းကြိုက်ရင် အရွက်စိမ်းတစ်ခုခု ထည့်ပြုပ်စားနိုင်ပါတယ်။ ဟင်းရည်က မုန်ညင်းချဉ်ကြောင့် ချဉ်စပ်စပ်လေးနဲ့မို့ စားလို့ကောင်းပါတယ်။ မုန်ညင်းချဉ်မရှိရင် ကြံ့မဆိုင်နဲ့ချက်လည်းရပါတယ်။ ထမင်းမစားချင်တဲ့အခါ မုန့်တီချက်လေးလုပ်စားနိုင်ဖို့ လွယ်လွယ်ကူကူ မုန့်တီချက်လေးကို မျှဝေလိုက်ပါတယ်။

နိုင်းနိုင်းစနေ



Share/Bookmark

Friday, October 21, 2011

တကယ်တော့ ကလေးတစ်ယောက်ပါ....


သီချင်းတွေ အကြာကြီးနားထောင်ဖြစ်တယ်။ သီချင်းတွေလည်း အများကြီးနားထောင်ဖြစ်တယ်။ တွေ့ရာ နားထောင်တယ်၊ ကြုံရာနားထောင်တယ်။ သီချင်းတစ်ပုဒ်ရဲ့ နောက်ကွယ်တိုင်းမှာ ပုံပြင်တစ်ပုဒ်တော့ ရှိကောင်းရှိမယ်။ ခံစားချက်ချင်းမတူတဲ့ လူတွေက မတူတဲ့သီချင်းကို နားထောင်ကြတယ်။

လူတိုင်းက ကလေးတစ်ယောက်နဲ့တူတယ်။ သင်ဘယ်လောက်ပဲ ကြီးပြင်းနေပါစေ၊ ဘယ်လောက်ပဲ တတ်သိနေပါစေ၊ ဘယ်လောက်ပဲ ထိခိုက်နာကျင်ခံရပါစေ၊ ဘယ်လောက်ပဲ နာကျင်ရုန်းကန်ရပါစေ၊ ဘယ်လောက်ပဲ အပြစ်ကင်းနေပါစေ၊ ဘယ်လောက်ပဲ ဆိုးယုတ်ပါစေ၊ ဘယ်လောက်ပဲ..... တကယ်တော့ သင်ဟာ ကလေးတစ်ယောက်ပဲဖြစ်တယ်။ အခုလည်းဖြစ်တယ်.. နောင်လည်းဖြစ်တယ်။

လူတိုင်းရဲ့အတွေးအမြင်တွေက မတူကြဘူး။ အဲဒီလို မတူလိုပဲ ထူးခြားတဲ့ပင်ကိုလက္ခဏာတွေ လူတိုင်းရှိခဲ့ကြတယ်။ ပင်ကိုလက္ခဏာကိုယ်စီရှိခဲ့ကြလို့ပဲ တခြားလူနဲ့သင့်ကို ခွဲခြားလို့ရခဲ့တယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ ကိုယ့်ကိုယ်ကို တမင်လျှိုဝှက်ထားစရာမလိုဘူး။ လျှိုဝှက်လွန်းရင် ကိုယ့်ကိုယ်ကို ရှုံးဆုံးသွားနိုင်လို့ဖြစ်တယ်။

လူတိုင်းက ကလေးတစ်ယောက်ဖြစ်တယ်။ လူတိုင်း ကိုယ့်ပင်ကိုလက္ခဏာနဲ့ ရုန်းကန်လှုပ်ရှားနေကြတယ်။ ကလေးငယ်လို လိုချင်တာကိုရအောင် ကြိုးစားနေကြတယ်၊ ကြံ့ကြံ့ခံပြီး ရုန်းကန်နေကြတယ်။ ရုန်းကန်လှုပ်ရှားနေတဲ့ အတောအတွင်းမှာ တခဏလောက် ကိုယ့်ကိုယ်ကို ပျောက်ဆုံးကောင်း ပျောက်ဆုံးလိမ့်မယ်။

မြူမှုန်ကြားထဲမှာ မမြင်မစမ်းနဲ့ သင်လျှောက်လှမ်းနေတယ်။ မြူစိုင်မြူခဲတွေကို လှစ်ဟလိုက်တာနဲ့ ကြည်လင်တဲ့ကောင်းကင်ကို သင်တွေ့လိမ့်မယ်။ မလှစ်ဟခဲ့ရင် မြူမှုန်ကြားထဲမှာပဲ ခေါက်တုန့်ခေါက်ပြန် ဦးတည်ရာမဲ့၊ အဆုံးမဲ့ သင်လမ်းသလားနေလိမ့်မယ်။ မြူမှုန်ကြားထဲမှာပဲ မမြင်မကန်းရှေ့တိုးနေရင် ရှေ့မှာချောက်ကမ်းပါးလည်း ရှိနိုင်တယ်၊ သားရိုင်းတိရစ္ဆာန်လည်း ရှိနိုင်တယ်။ မြူမှုန်ထဲမှာ မြင်ရတဲ့အရာတွေက မှုန်ဝါးဝါးဆိုပေမယ့် အဲဒီအထဲကနေ သင်ရုန်းမထွက်နိုင်ခဲ့ဘူး။ ဘယ်အရာက တကယ့်လက်တွေ့၊ ဘယ်အရာက စိတ်ကူးယဉ်ဆိုတာကို သင်မခွဲခြားနိုင်ခဲ့ဘူး။ မြူစိုင်မြူခဲတွေရဲ့နောက်မှာ သင်နဲ့သက်ဆိုင်တဲ့အရာတွေ ရှိနေတယ်ဆိုတာကို သင်မသိခဲ့ဘူး။ အဲဒီအရာတွေက မြူမှုန်တွေထဲကအရာလောက် လှချင်မှလှမယ်။ ဒါပေမဲ့ မြူစိုင်တွေကို သင်ဖယ်ရှားနိုင်ခဲ့မှ၊ ကြည်လင်တဲ့ကောင်းကင်ကို သင်မြင်တော့မှ အရာအားလုံးဟာ လောကကြီးကြောင့် မှားနေတာမဟုတ်ဘဲ သင်ကိုယ်တိုင်က မှားနေတယ်ဆိုတာကို သင်နားလည်လိမ့်မယ်။ ဒါကြောင့် မြူစိုင်ကို ဖယ်ရှားတတ်ဖို့ သင် သင်ယူရလိမ့်မယ်။ သင်ဟာ ကလေးငယ်တစ်ယောက်ပါ။ ဒါကြောင့် သင်ကိုသင်ယူရပါမယ်။

လောကကြီး ဆိုးယုတ်လို့ရတယ်။ ဒါပေမဲ့ သင်ဆိုးယုတ်လို့ မရပါဘူး။ သင် ကြင်နာရမယ်။ ကြင်နာသူနည်းရင် ဆိုးယုတ်တဲ့လောကကြီးရှိမယ်။

သင်ဟာ ကလေးငယ်တစ်ယောက်ပါ။ တကယ့် ကလေးငယ်တစ်ယောက်ပါ။ လောကကြီး မှောင်မိုက်လို့ရတယ်။ ဒါပေမဲ့ သင်လင်းထိန်ရမယ်။ အလင်းရှိမှ အမှောင်ကိုဖုံးနိုင်မှာဖြစ်တယ်။

သင်ဟာ ကလေးငယ်တစ်ယောက်ပါ။ တကယ့် ကလေးငယ်တစ်ယောက်ပါ။ လောကကြီး နောက်ကျိလို့ရတယ်။ ဒါပေမဲ့ သင်ကြည်လင်ရမယ်။ မကြည်လင်တာတွေများလို့ နောက်ကျိတဲ့လောက ဖြစ်လာခဲ့တယ်။

သင်ဟာ ကလေးငယ်တစ်ယောက်ပါ။ တကယ့် ကလေးငယ်တစ်ယောက်ပါ။ လောကကြီးက သင့်ကိုပြက်ရယ်ပြုလို့ရတယ်။ ဒါပေမဲ့ လောကကြီးကို သင်ပြက်ရယ်မပြုရဘူး။ အရာဝတ္ထုတွေကို မှန်မှန်ကန်ကန်ကြည့်တတ်ဖို့ သင် သင်ယူရမယ်၊ ပြုံးရယ်တတ်ဖို့ သင်ယူရမယ်၊ အရာဝတ္ထုတိုင်းမှာ အလှကိုယ်စီ၊ အနာအဆာကိုယ်စီရှိတယ်။ သူ့အနာအဆာကိုမြင်တတ်ရင် သူ့အလှကိုယ်လည်း မြင်တတ်ရမယ်။

သင်ဟာ ကလေးငယ်တစ်ယောက်ပါ။ တကယ့် ကလေးငယ်တစ်ယောက်မို့ မှန်ကန်တဲ့အရာတွေကို တဖြေးဖြေးသင်ယူပြီး အသုံးချနိုင်ရမယ်။

လူတွေမှာ ဝမ်းသာတတ်၊ စိတ်တိုတတ်၊ စိတ်ညစ်တတ်၊ ပျော်ရွှင်တတ်တဲ့ခံစားချက်တွေ ရှိကြတယ်။ အဲဒီခံစားချက်တွေကို ထုတ်ဖော်ပြလို့ ရနိုင်တာကလည်း လူတွေရဲ့အခွင့်ထူးပါပဲ။ ဒီလို ခံစားချက်တွေကို ကျွန်တော်တို့ တန်ဖိုးထားရတယ်။ တစ်ခါတလေမှာ အဲဒီခံစားချက်တွေကို ထုတ်ဖော်ပြလို့ရတယ်။ လျှိုဝှက်ထားစရာမလိုဘူး။ ကျွန်တော်တို့က ကလေးငယ်တစ်ယောက်ပါ။ ကိုယ့်ကိုယ်ကို တမင်လျှိုဝှက်ထားစရာ မလိုပါဘူး။ ရယ်ချင်တဲ့အခါရယ်မယ်၊ ငိုချင်တဲ့အခါငိုမယ်။

ကျွန်တော်တို့ဟာ အမြဲတမ်း ကလေးငယ်တစ်ယောက်ပါ။
ကျွန်တော်တို့ ကြီးပြင်းနိုင်တယ်ဆိုပေမယ့် တကယ်တော့ ကလေးငယ်တစ်ယောက်ပါပဲ။ ဘယ်လိုအခြေအနေပြောင်းပြောင်း ကျွန်တော်တို့ရဲ့ကိုယ်ပေါ်မှာ ကလေးတစ်ယောက်ရဲ့ အရိပ်အယောင်တွေ ရှိနေပါတယ်။ ဒါဟာ ကျွန်တော်တို့လူ့ဘဝရဲ့ အလှဆုံးရှုခင်းလည်း ဖြစ်နိုင်တယ်။ ကလေးငယ်ရဲ့ အပြစ်ကင်းမှု၊ ကလေးငယ်ရဲ့ ပျော်ရွှင်ခြင်း၊ ကလေးငယ်ရဲ့ သောက ကျွန်တော်တို့ကိုယ်ပေါ်မှာ ရှိနေပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က အဲဒီအရာတွေကို ပိုရှုပ်ထွေးသွားအောင် တွေးတော၊ ထင်မြင်ခဲ့ကြတယ်။ ကျွန်တော်တို့ရဲ့ကြီးပြင်းလာမှုက ကျွန်တော်တို့ဟာ ကလေးငယ်တစ်ယောက်ဆိုတာကို မေ့သွားစေခဲ့လို့ဖြစ်တယ်။ ကလေးတစ်ယောက်ရဲ့နည်းလို ပြဿနာ၊ အခက်အခဲကို ဖြေရှင်းဖို့ မေ့သွားခဲ့လို့ဖြစ်တယ်။ ကလေးတစ်ယောက်လို လိုချင်တာကို လိုက်လံရှာဖွေဖို့၊ သင်ယူ၊ တွေးတောဖို့ မေ့သွားခဲ့လို့ဖြစ်တယ်။

မူရင်း -- http://www.jj59.com/35/016851.html

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Wednesday, October 19, 2011

မျှဝေတဲ့ ပျော်ရွှင်ခြင်း


တကယ့်ဆရာကောင်းသမားဆိုတာ ကျောင်းသားဘယ်နှယောက်ပိုင်ဆိုင်တာလဲ မဟုတ်ဘူး။
တကယ့်ဆရာကောင်းသမားဆိုတာ ကျောင်းသားအများကို ဆရာကောင်းသမားဖြစ်ဖို့ ပြုစုပျိုးထောင်ပေးသူ၊ လူအများကို ခေါင်းဆောင်ကောင်းဖြစ်ဖို့ ပြုစုပျိုးထောင်ပေးသူဖြစ်တယ်။

လူ့ဘဝတစ်သက်က "လူဘယ်လောက်ကို သင်ကျော်လွန်ခဲ့သလဲ?" မဟုတ်ဘူး။
"လူဘယ်နှယောက်ကို ကိုယ့်ကိုယ်ကိုကျော်လွန်နိုင်ဖို့ သင်ကူညီလမ်းညွှန်ခဲ့သလဲ?"ဆိုတာဖြစ်တယ်။

အောင်မြင်ရေးကျမ်းသစ်က "လူဘယ်နှယောက်ကို သင်အောင်နိုင်ခဲ့သလဲ?" မဟုတ်ဘူး။ မျှဝေခြင်းက အောင်မြင်ခြင်းဖြစ်တယ်။

"ရှန်ဟိုင်းကနေ လန်ဒန်ကို ဘယ်လိုသွားရင် ပိုပျော်ဖို့ကောင်းမလဲ?"လို့ ရှန်ဟိုင်းမြို့က လျှပ်စစ်ပစ္စည်းကုမ္ပဏီတစ်ခုက ဆုပေးချီးမြှင့်တဲ့ မေးခွန်းတစ်ခုထုတ်ခဲ့တယ်။ ပထမဆုက လက်မ၄ဝ ရောင်စုံတီဗီစက်တစ်လုံးဖြစ်တယ်။ ဒီမေးခွန်းကို ဝင်ဖြေတဲ့လူတွေ ထူးထူးခြားခြားများခဲ့တယ်။ ကုမ္ပဏီကို အနယ်နယ် အရပ်ရပ်ကစာတွေ ပလူပျံလာခဲ့တယ်။ ဝင်ဖြေသူတွေထဲမှာ တက္ကသိုလ်က ဆရာတွေပါသလို၊ တက္ကသိုလ်ကျောင်းသား၊ ဝန်ထမ်း၊ အိမ်ရှင်မတွေပါ ပါခဲ့တယ်။ လက်ခံရရှိတဲ့အဖြေတွေမှာ ပုံစံအမျိုးမျိုးနဲ့ ဆန်းသစ်တွေးတောမှုတွေပါခဲ့တယ်။ နောက်ဆုံး ရွေးချယ်ခံရတဲ့အဖြေက အများမျှော်လင့်မထားတဲ့ ကလေးငယ်တစ်ယောက်ရဲ့အဖြေဖြစ်နေခဲ့တယ်။

ကလေးငယ်က အဖြေကို ရိုးရိုးလေးပဲဖြေထားတယ်။ "သူငယ်ချင်းကောင်းနဲ့ အတူသွားရင် ပိုပျော်ဖို့ကောင်းပါတယ်"တဲ့။ တကယ်ပါပဲ... ဒိုင်တွေရဲ့အကဲဖြတ်အဖြေက အားလုံးတညီတည်းဖြစ်တယ်။ "မျှဝေပြီးရလာတဲ့ပျော်ရွှင်ခြင်းက ကိုယ်တစ်ယောက်တည်းဆုပ်ကိုင်ထားတဲ့ ပျော်ရွှင်ခြင်းထက် ပိုပါသတဲ့"

ဆွီဒင်နိုင်ငံမှာ “နိုဘယ်လ်”လို့ခေါ်တဲ့ လူတစ်ယောက်ရှိခဲ့တယ်။ ကျောင်းနေတုန်းက နိုဘယ်လ်ရဲ့အဆင့်ဟာ အမြဲတမ်း ဒုတိယမှာပဲရှိခဲ့တယ်။ ပထမအဆင့်ကို “ပေါ်ခ်ျ”လို့ခေါ်တဲ့ ကျောင်းသားတစ်ယောက်က အမြဲဆွတ်ခူးခဲ့တယ်။ တစ်ခါက ပေါ်ခ်ျဟာ နာမကျန်းဖြစ်ပြီး ကျောင်းမတက်နိုင်ဘဲ ခွင့်ရက်ရှည်ယူခဲ့ရတယ်။ ဒါကို ကျောင်းသားတချို့က နိုဘယ်လ်အတွက်ဝမ်းသာပြီး “ပေါ်ခ်ျဖျားတော့ ပထမအဆင့်က နင့်အတွက်ပေါ့”လို့ ပြောခဲ့ကြတယ်။ ဒီအတွက် နိုဘယ်လ်ဝမ်းမသာခဲ့တဲ့အပြင် ကျောင်းမှာသင်သမျှ သင်္ခန်းစာတွေကို စာအုပ်တစ်အုပ်မှာ သပ်သပ်ကူးပြီး ကျောင်းမတက်နိုင်တဲ့ ပေါ်ခ်ျကိုပေးခဲ့တယ်။ စာမေးပွဲဖြေတော့ ထုံးစံအတိုင်း ပေါ်ခ်ျက ပထမ၊ နိုဘယ်လ်က ဒုတိယရခဲ့ပြန်တယ်။

တဖြေးဖြေးနဲ့ အရွယ်ရောက် ကြီးပြင်းလာခဲ့တဲ့ နိုဘယ်လ်ဟာ ဓာတုဗေဒပညာရှင်တစ်ဦးဖြစ်ခဲ့တယ်။ ယမ်းကို စတင်တီထွင်ပြီးတဲ့နောက် သူဟာ အဆမတန် ချမ်းသာသူဖြစ်လာခဲ့တယ်။ သူသေသွားပြီးတဲ့နောက်မှာ ပိုင်ဆိုင်သမျှအားလုံးကို လှူဒါန်းဖို့ သေတမ်းစာလည်းရေးခဲ့တယ်။ “နိုဘယ်လ်ဆု”အဖြစ် သတ်မှတ်ပြီး နှစ်စဉ်နှစ်တိုင်း ရံပုံငွေထဲက အတိုးရလာတဲ့ငွေတွေနဲ့ ကမ္ဘာအနှံ့မှာရှိတဲ့ ရူပဗေဒ၊ ဓာတုဗေဒ၊ ဇီဝဗေဒ၊ ဆေးပညာ၊ စာပေ၊ စီးပွါးရေး နဲ့ လူ့ငြိမ်းချမ်းရေး ဆိုင်ရာတွေအတွက် ဘဝစတေးသူတွေကို ဆုချီးမြှင့်စေခဲ့တယ်။

နိုဘယ်လ်ရဲ့ စိတ်သဘောထားကြီးမြတ်မှုနဲ့ ရက်ရောနိုင်မှုတွေကြောင့် လုပ်ငန်းကြီးတစ်ခုကို ထုထောင်နိုင်ခဲ့တဲ့အပြင် သူ့ကို နောင်လာနောက်သားတွေ အောင့်မေ့သတိရနေအောင်လည်း စွမ်းဆောင်နိုင်ခဲ့တယ်။ ကမ္ဘာသမိုင်းမှာ လူတိုင်းက ဒုတိယအဆင့်သာရခဲ့တဲ့ နိုဘယ်လ်ကိုသိကြပြီး ပထမအမြဲရခဲ့တဲ့ ပေါ်ခ်ျကိုမသိခဲ့ကြဘူး။

နိုဘယ်လ်ရဲ့ပုံပြင်ထဲကနေ ကျွန်မတို့အတွက် နက်ရှိုင်းတဲ့ခံစားချက်တစ်ခုကို ရစေခဲ့ပါတယ်။ နိုဘယ်လ်အောင်မြင်ခဲ့တာဟာ သူ့ရဲ့ ဥာဏ်စွမ်းရည်တစ်ခုတည်းကြောင့် မဟုတ်ခဲ့ပါဘူး။ သူ့ရဲ့ကြီးမြတ်တဲ့ စိတ်သဘောထား၊ သင့်မြတ်မှုနဲ့ ရက်ရောမျှဝေနိုင်မှုတွေကြောင့်ပဲဖြစ်တယ်။

တာဇံကို ဘာကြောင့် တောဘုရင်လို့တင်စားခဲ့သလဲ? တာဇံရဲ့အင်အားဟာ ဆင်တစ်ကောင်ကို မယှဉ်နိုင်ခဲ့ဘူး။ ကျားသစ်တစ်ကောင်လောက် အပြေးမမြန်ခဲ့ဘူး။ မျောက်တစ်ကောင်လောက် မထက်မြက်ခဲ့ဘူး။ တောဘုရင်လို့ သူ့ကိုတင်စားကြတာက လက်နက်ကြောင့်၊ ခွန်အားကြောင့် မဟုတ်ပါဘူး၊ ဆက်ဆံရေးကြောင့်ပဲ ဖြစ်တယ်။

တာဇံဟာ တိရိစ္ဆာန်ပေါင်းစုံနဲ့ မိတ်ဆွေဖွဲ့ခဲ့သလို သူ့တို့အပေါ်လည်း မေတ္တာထားဂရုစိုက်ခဲ့တယ်။ တစ်ဦးမေတ္တာ တစ်ဦးအပေါ်ဆိုသလို တိရိစ္ဆာန်လေးတွေကလည်း တာဇံကို ကြိုက်နှစ်သက်ခဲ့ကြတယ်။ တာဇံ အန္တရာယ်တစ်ခုခုနဲ့ ကြုံတဲ့အခါ ဒါမှမဟုတ် အကူအညီလိုတဲ့အချိန် ရင်ဘတ်ကိုထုပြီး အော်လိုက်တာနဲ့ တိရိစ္ဆာန်တွေကထွက်လာပြီး သူ့ကိုကူညီခဲ့ကြတယ်။

ဒါကြောင့် အောင်မြင်တယ်ဆိုတာ “လူဘယ်နှစ်ယောက်ကို ငါနိုင်ခဲ့သလဲမဟုတ်ဘဲ လူဘယ်နှစ်ယောက်ကို ငါကူညီခဲ့သလဲ”ဆိုတာပဲဖြစ်တယ်။ ကိုယ်ကူညီခဲ့သူ များလေလေ၊ ဆက်ဆံရေး ကျယ်ပြန့်လေလေ၊ ကိုယ်အောင်မြင်လေလေပါပဲ။

မူရင်း --http://www.jak123.url.tw/n_webnews/k09/k09_00336.htm

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Tuesday, October 18, 2011

တွေးတွေးပြီးရယ်


(၁)
"ရဲဘော်တို့ အားလုံးသတိ"

ရဲဘော်တွေ အားလုံးတန်းစီနေကြတယ်။ ခေါင်းဆောင်က စစ်သားတစ်ယောက်ရှေ့သွားပြီး ရင်ဘတ်ကိုပုတ်လိုက်တယ်။

"လေ့ကျင့်ထားတဲ့ ကြွက်သားတွေ တော်တော်တောင့်လာပြီ.. ရဲဘော်ဆက်လုပ်"


"ဟုတ်ကဲ့ ဗိုလ်ကြီး ကျွန်မက အမျိုးသမီးစစ်သားပါ"



(၂)
မွေးမြူရေးသမားတစ်ယောက်က ဝက်မျိုးစပ်ဖို့ တိရစ္ဆာန်ဆရာဝန်ကို ပင့်လာတယ်။


ဆရာဝန် "ကြည့်ရတာ လူအကူနဲ့ မျိုးပွားပေးဖို့လိုပြီ"

ဆရာဝန်စကားကြားတော့ လယ်သမားတစ်ချက်တွေဝေသွားတယ်။ ပြီးမှ မရဲသရဲပြောလိုက်တယ်။

"ရတော့ရတယ်ဆရာ.. ဒါပေမဲ့ ကျွန်တော့်ကို ကိုက်မှာစိုးတယ်"


(၃)
ဘတ်စ်ကားပေါ်မှာ လူတစ်ယောက်လေလည်တယ်။ ဒါကို လှလှပပပြင်ထားတဲ့ မိန်းကလေးတစ်ယောက်က

အနံ့ဆိုးရလို့ တံတွေးတပျစ်ပျစ်ထွေးတယ်။ ဒါကို ဘေးမှာရပ်နေတဲ့လူကမြင်တော့ ပြောလိုက်တယ်။

"အီးအီးစားပြီး အခွံထွေးထုတ်နေတာလား?"


(၄)
တစ်နေ့မှာ "ဝ"နဲ့ "8" လမ်းမှာဆုံကြတယ်။ "8" ကိုတွေ့တော့ "ဝ"ကပြောလိုက်တယ်။


"ဟင်း.......ဝတယ်ဆိုလဲ ဝတာပေါ့. ခါးမှာ ခါးပတ်ပတ်ထားစရာမလိုပါဘူး"


(၅)
ဘတ်စ်ကားပေါ်မှာ ကိုယ်ဝန်သည်တစ်ယောက်က သူ့ဘေးမှာထိုင်နေတဲ့လူတစ်ယောက်ကို လှမ်းပြောတယ်။


"ကျွန်မမှာ ကိုယ်ဝန်ရှိတာ ရှင်မသိဘူးလား"

ကိုယ်ဝန်သည်ရဲ့စကားကိုကြားတော့ အဲဒီလူမှာ ပျာပျာသလဲပြောရှာတယ်။

"ကျွန်.. ကျွန်တော် ကလေးအဖေ မဟုတ်ရပါဘူးနော်"


(၆)
လူတစ်ယောက် ရုံးတစ်ရုံးထဲ ဒေါသတကြီးဝင်သွားပြီး မေးတယ်။


"ဒါ... တိရစ္ဆာန်ကာကွယ်စောင့်ရှောက်ရေးရုံးလား?"

"ဟုတ်တယ်.. ခင်ဗျားကို ဘယ်သူအနိုင်ကျင့်လိုက်သလဲ ပြောပါ..."


(၇)
အမျိုးသမီးတစ်ယောက် စားသောက်ဆိုင်တစ်ဆိုင်မှာ ထမင်းစားနေတုန်း အင်္ကျီပင့်ပြီး ကလေးကိုနို့တိုက်တယ်။ အဲဒီမှာ ဝန်ထမ်းတစ်ယောက်က
နံရံပေါ်ကပ်ထားတဲ့ စာကိုထိုးပြပြီး ပြောတယ်။

"ဆောရီး...... ဒီဆိုင်က အပြင်စာ ယူဝင်ခွင့်မရှိဘူးခင်ဗျား"


(၈)
အမူးသမားနှစ်ယောက် ရထားသံလမ်းပေါ် တယိမ်းတယိုင် လှမ်းလျှောက်နေတယ်။

ပထမအမူးသမား "တောက်....... ဒီလှေကားက တက်လို့မကုန်နိုင်ပါလား"
ဒုတိယအမူးသမား "အေးလေ... လက်ရန်းကလည်း နိမ့်လိုက်တာ"


(၉)
ဒဿနိကဗေဒပါမောက္ခ "လူတုံး၊ လူအတစ်ယောက်မေးတဲ့မေးခွန်းက လူတော်လူထက် (၁ဝ)ယောက်တောင် မဖြေနိုင်ဘူး"


ကျောင်းသား.... "အော်.. ဒါကြောင့် စာမေးပွဲဖြေတိုင်း ငါမဖြေနိုင်တာကိုး"


(၁ဝ)
သား... "ဖေဖေ... ဘုရားသခင်က ဘာဖြစ်လို့ ယောက်ျားကိုအရင်ဖန်ဆင်းပြီးမှ မိန်းမကို ဖန်ဆင်းရတာလဲ?"


အဖေ......"အင်း... ယောက်ျားကိုမဖန်ဆင်းခင် သူ့ဘေးမှာ တဗျစ်တောက်တောက်ရွတ်နေမယ့်မိန်းမ မရှိစေချင်လို့ နေမှာပေါ့"


အင်တာနက်ပေါ် ဖတ်မိသမျှ ဘာသာပြန်သည်။

နိုင်းနိုင်းစနေ


Share/Bookmark

Sunday, October 16, 2011

ကျန်းမာရေးလျှို့ဝှက်ချက်များ


တရုတ်ရုပ်သံလိုင်းဖြစ်တဲ့CCTVက အသက်(၇၆)နှစ်ရှိပြီဖြစ်တဲ့ တရုတ်ကျန်းမာရေးပညာရှင် ပါမောက္ခWan Cheng Kuiနဲ့ အစီအစဉ်တစ်ခု တင်ဆက်သွားခဲ့တယ်။ အစီအစဉ်မှာ Wan Cheng Kuiက သူ့ရဲ့ကျန်းမာရေး၊ ပျော်ရွှင်ရေး၊ အသက်ရှည်ရေး လျှို့ဝှက်ချက်တွေကို ပြောသွားခဲ့တယ်။

(၁) ကျန်းမာဖို့အတွက် သင့်ကိုယ်ပေါ်မှာ မူတည်တယ်

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းရဲ့ သတ်မှတ်ချက်အရ လူတစ်ယောက်ရဲ့ အသက်ရှည်ရေးနဲ့ကျန်းမာရေးဟာ ၁၅%က မျိုးရိုးကြောင့်၊ ၁ဝ%က လူမှုပေါင်းသင်းရေးကြောင့်၊ ၈%က ရောဂါဘယကြောင့်၊ ၇%က ရာသီဥတုကြောင့်နဲ့ ၆ဝ%က ကိုယ့်ကိုယ်ပေါ်မှာ မူတည်တယ်လို့ ဆိုပါတယ်။

လူအများသိပြီးကြတဲ့အတိုင်း မနက်စာကို ကောင်းကောင်းစား၊ နေ့လယ်စာကို ဝအောင်စား၊ ညစားကိုလျော့စားလို့ ဆိုကြပေမယ့် အခုခေတ်မှာတော့ ဆန့်ကျင်ဖက်ဖြစ်နေပါတယ်။ အခုခေတ်လူတွေက မနက်စာကို ဖြစ်သလိုစား၊ နေ့လည်စာကို ကြုံရာစား၊ ညစားကို အဝအပြဲစားကြတယ်။ ဒါဟာ ရောဂါရဲ့ရင်းမြစ်ဖြစ်တယ်။ မနက်စာဟာ အားဆေးနဲ့တူတယ်။ တစ်နေ့လုံးရဲ့အရေးပါတဲ့တစ်နပ်မို့ အာဟာရဖြစ်တာတွေ စားရပါတယ်။

မနက်ပိုင်းအာဟာရတွဲဖက်စာအဖြစ် ပဲနို့ရည်၊ ကွေကာအုပ်နဲ့ ပန်းသီးတွေကို တွဲစားနိုင်ပါတယ်။ အဓိကအစာမှာ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးပါရပါမယ်။ အခုခေတ်လူတွေက့ ၂ဝ% မနက်စာ မစားကြသလို ၅ဝ%-၆ဝ% က မနက်စာ မစားတတ်ကြဘူး။ မနက်စားအာဟာရအတွက် နေ့လယ်၊ ညနေစာတွေနဲ့ ပြန်အစားထိုးလို့ မရနိုင်ပါဘူး။


(၂) လောကမှာ မကောင်းဆုံးအကျင့်က ဆေးလိပ်သောက်တာပဲ

လောကမှာ မကောင်းတဲ့အကျင့်(၅)ခုရှိတယ်။ ပထမတစ်ခုက ဆေးလိပ်သောက်တာပဲဖြစ်တယ်။ တစ်သက်လုံး ဆေးလိပ်သောက်သူဟာ နှစ်(၂ဝ)-(၂၅) စောသေကြတယ်။ ဆေးလိပ်တစ်ခါသောက်ရင် (၁၁)မိနစ် အသက်တိုတယ်။ ကျွန်တော်ဘာလို့ အရွယ်တင်နေသလဲ? ကျန်းမာနေသလဲဆိုတာ ကျွန်တော်တစ်သက်မှာ ဆေးလိပ်မသောက်ဖူးဘူး။ ကျွန်တော့်ရှေ့မှာ ဆေးလိပ်လာသောက်ရင် ဆောရီးပဲ တခြားနေရာမှာ သွားသောက်ပါ။ သင့်ကိုယ်သင် သေကြောင်းကြံလို့ရတယ်။ တခြားလူကိုတော့ သင်မသတ်ပါနဲ့။ မနက်ထလာတာနဲ့ ဆေးလိပ်သောက်တာ ပိုအန္တရာယ်ရှိတယ်။ ဆေးလိပ်သောက်သူတွေဟာ လေပြွန်နာ၊ အဆုတ်လေနာ၊ အဆုတ်အတွင်းနာ၊ အဆုတ်ကင်ဆာစတဲ့ရောဂါတွေကို ရနိုင်ပါတယ်။


(၃) အာဟာရများရင်လည်း အဆိပ်ဖြစ်တယ်

နေ့တစ်နေ့တာရဲ့ အစားအစာတွေကက အရွက်စိမ်း (၈)အောင်စ သို့မဟုတ် (၅ဝဝ)ဂရမ်၊ အသီး (၂)လုံး၊ ဟင်းရွက်ဆီ (၃)ဇွန်း၊ (၂၅)ဂရမ်ထက်မပိုရ။ ထမင်း(၄)အောင်စ သို့မဟုတ် ပေါက်စီအသားလွတ်(၄)လုံးနဲ့ ပရိုတင်းအပြည့်အဝပါတဲ့ အစားအစာတွေဖြစ်တယ်။

တစ်နေ့ကို ရေ(၈)ခွက်သောက်ရတယ်။ ရေက လူတွေရဲ့အသက်ပဲ။ ဒါပေမဲ့ အခုခေတ်လူတွေက ရေအသောက်နည်းကြတယ်။ ဆာမှ သောက်ကြတယ်။ တကယ်ဆို ဆာမှသောက်တာမဟုတ်ဘဲ အားတာနဲ့သောက်နေရမယ်။ ရေအစား ရေနွေးကြမ်းရော ရသလားမေးရင် မရဘူး။ ကော်ဖီ၊ အချိုရည်၊ ဘီယာနဲ့အစားထိုးရင်ရော ရသလားမေးရင် မရဘူး။ ရေနွေးကြမ်းသောက်မယ်ဆိုရင်လည်း အခါးခြောက်နည်းရမယ်။ သေချာမှတ်ထားပါ.... ရေက လူတွေရဲ့အသက်ပါ။


(၄) လူတွေက အို၊ နာသေတာမဟုတ်ဘူး၊ စိတ်ကြောင့်သေတာ

လူတွေ စိတ်မတိုဘဲနေနိုင်လား? လူဆိုတာ ခံစားချက်ရှိတဲ့သတ္တဝါတွေ။၊ ငိုမယ်၊ ရယ်မယ်၊ တိုမယ်၊ လွမ်းမယ်၊ ကြောက်မယ်၊ လန့်မယ်။ ပျော်ရင်ရယ်တယ်၊ မပျော်ရင် ငိုတယ်။ စိတ်တိုတဲ့အခါ နှစ်ခွန်းလောက်ဆဲလိုက်ရမှ ... ဒါဟာ လူတွေရဲ့ခံစားချက်ဖြစ်တယ်။ တကယ်လို့ ခံစားချက်တစ်မျိုးပဲရှိရင် ဒီလူ မကျန်းမာတော့ဘူး။

ခံစားချက်ပြည့်ဝတဲ့ လူတွေက ဘာလုပ်ချင်ရင် ဘာလုပ်ကြတယ်။ ဒါပေမဲ့ တစ်ခုမှတ်ထားရမှာက အလွန်အကျွံမဖြစ်ရဘူး။ အလွန်အကျွံဖြစ်ခဲ့ရင်လည်း အချိန်မကြာရဘူး။ ခံစားချက်ကို ခပ်မြန်မြန်လေး ပြန်ထိန်းညှိရမယ်။ ဒါမှ ကျန်းမာတယ်။

ဘုရင့်ကျမ်းစာမှာ ရှင်းရှင်းလင်းလင်းရေးထားပြီးသားပါ။ "စိတ်တိုရင် အသဲကိုထိတယ်၊ ပျော်ရင် နှလုံးကိုထိတယ်၊ စိုးရိမ်ကြောင့်ကြရင် အဆုတ်ကိုထိတယ်၊ လွမ်းဆွေးရင် သရက်ရွက်ထိတယ်၊ ကြောက်ရင် ကျောက်ကပ်ကိုထိတယ်၊ စိတ်ကြောင့်ရောဂါရတယ်"။ တကယ်တမ်းပြောရရင် လူအများက အိုသေ၊ နာသေတာမဟုတ်ဘူး။ စိတ်ကြောင့်သေကြတယ်။ အကြီးအကဲမလုပ်ရလို့ စိတ်ကြောင့်သေသွားတယ်၊ ဆရာမလုပ်ရလို့ စိတ်ကြောင့်သေသွားတယ်၊ ပိုက်ဆံရှာမရလို့ စိတ်ကြောင့်သေသွားတယ်။ လူအိုတချို့ ကိစ္စသေးသေးမွှားမွှားနဲ့ စိတ်ညစ်၊ စိတ်တိုပြီးသေသွားတယ်။ ဒီလိုလူမျိုးတွေ တော်တော်များများ ကျွန်တော်ကြုံဖူးတယ်။

ဒါကြောင့် ကျွန်တော်ပြောချင်ပါတယ်။ "စိတ်တိုဒေါသထွက်လို့ရတယ်။ ဒါပေမဲ့ ထွက်တတ်ရတယ်။ ခံစားချက်ရဲ့ဓားစာခံတော့ မလုပ်ရဘူး။ ခံစားချက်ရဲ့အရှင်သခင်ပဲလုပ်ရမယ်။ ခံစားချက်ကို မောင်းနှင်သူဖြစ်ရမယ်၊ ခံစားချက်ရဲ့ အမောင်းနှင်ခံရသူတော့ မဟုတ်နဲ့"


(၅) လမ်းလျှောက်တာဟာ အကောင်းဆုံးအားကစားပါ

ဘယ်အရာမဆို အတိုင်းအတာတစ်ခုတော့ရှိတယ်။ စားတာလည်း အတိုင်းအတာ၊ အိပ်တာလည်း အတိုင်းအတာ၊ အားကစားလုပ်တာလဲ အတိုင်းအတာရှိတယ်။ အားကစားမလုပ်ရင် မကောင်းသလို လွန်လွန်ကျွံကျွံလုပ်ရင်လည်း ရောဂါခုခံနိုင်အားကို ကျဆင်းစေတယ်။ နေ့တိုင်း နာရီဝက်က တစ်နာရီထိ အားကစားလုပ်နိုင်တယ်။ လုပ်တဲ့နည်းကလည်း ရိုးရှင်းတဲ့နည်းကို အသုံးပြုလို့ရတယ်။ နာရီဝက်လောက် လမ်းလျှောက်ရုံပါပဲ။ ရိုးရှင်းပြီး ငွေကုန်ကြေးကျစရာလည်း မလိုဘူး။ အကျိုးလည်း အရမ်းရှိတယ်။

ဒါပေမဲ့ လမ်းလျှောက်ရာမှာ သတိပြုရမယ့်အချက်တွေရှိတယ်။ လူငယ်တွေက မြန်မြန်လျှောက်ရတယ်။ တစ်မိနစ်ကို ခြေလှမ်း(၁၃ဝ)ထိ၊ နှလုံးခုန်နှုန်း တစ်မိနစ်ကို (၁၂ဝ)ကြိမ်ထိ ခပ်မြန်မြန်လေးလျှောက်ရတယ်။ ဒါမှ နှလုံးကို လေ့ကျင့်ပေးရာရောက်တယ်။ တစ်မိနစ်ကို ခြေလှမ်း(၁၃ဝ)၊ နှလုံးခုန်နှုန်း(၁၂ဝ) ရောက်ဖို့က ခဏလေးနဲ့တော့ လုပ်လို့မရဘူး။ ခြေလှမ်းမှန်မှန် မြန်မြန်လှမ်းနိုင်မှရတယ်။ ဒါကို နှစ်ဝက်လောက် သင်လုပ်နိုင်ရင် သင့်နှလုံး၊ အဆုတ်ရဲ့အကျိုးကို ၃ဝ% က ၅ဝ%ထိ မြင့်တင်ပေးနိုင်ပါတယ်။

လူတစ်ယောက်ဟာ လူငယ်အရွယ်ကစ စံသတ်မှတ်ထားတဲ့ ခန္ဓာကိုယ်အလေးချိန်ကို ထိန်းထားရမယ်။ ကျွန်တော်ဆိုရင် အသက်(၃ဝ)ကတည်းက ဒီခန္ဓာအလေးချိန်ပဲ။ ဝလာပြီဆိုတာနဲ့ အလေးချိန်လျော့ဖို့က ခက်သွားပြီ။ အဓိက,က ပါးစပ်ကိုထိန်းမယ်၊ ခြေများများလှုပ်ရှားမယ်။ လူတွေက ပါးစပ်ကသာပြောတယ်။ ခြေကတော့ မလှုပ်ဘူး။

(၆) အရက်အလွန်အကျွံ တစ်ခါမူးရင် အသဲရောင်ရောဂါဖြစ်ဖို့ နီးပြီ

ကမ္ဘာကထုတ်ပြန်တဲ့ မကျန်းမာတဲ့နေထိုင်မှု(၆)မျိုးထဲမှာ - (၁) ဆေးလိပ်သောက်တာ (၂) အရက်သောက်တာပါတယ်။ အရက်ကို အလွန်အကျွံသောက်တာဖြစ်တယ်။ အရက်ကို နည်းနည်းသောက်ရင် ကောင်းကျိုးရှိနိုင်သေးတယ်။ ဥပမာ-- နေ့တိုင်းအရက်ဖြူကို တစ်အောင်စသောက်မယ်၊ ဝိုင် အထူးသဖြင့် စပျစ်ဝိုင်နီကို ၂အောင်စသောက်မယ်၊ ဘီယာကို ၂၅ဝဂရမ် ဒါမှမဟုတ် ၅ဝဝဂရမ်လောက် သောက်နိုင်ပါတယ်။ အလွန်အကျွံသောက်တာက ခန္ဓာကိုယ်ကို ထိခိုက်စေတယ်။ အသဲ၊ ဦးနှောက်၊ နှလုံး စတဲ့ ကိုယ်အင်္ဂါတွေကို ထိခိုက်စေပါတယ်။

အရက်အလွန်အကျွံ တစ်ခါမူးရင် အသဲရောင်ရောဂါဖြစ်ဖို့ နီးပြီ။ ဒါကို မှတ်ထားပါ။ အရက်သောက်တာက အသဲကိုထိခိုက်စေတဲ့အပြင် မှတ်ဉာဏ်ကိုလည်း ကျဆင်းစေတယ်။ အရက်ကြောင့် ဦးနှောက်ဆဲလ်တွေ သေသွားလို့ဖြစ်တယ်။ တစ်နေ့ကို ၁အောင်စလောက်သောက်တာက လုံခြုံစိတ်ချရတဲ့ အနေအထားပါ။

(၇) မိသားစု မသင့်မြတ်ရင်လည်း ကျန်းမာရေးကို ထိခိုက်စေတယ်

လူတွေကိုရောဂါဖြစ်စေတဲ့နှုန်း ၇ဝ%က မိသားစုကလာတယ်လို့ တတ်ကျွမ်းသူအချို့က ဆိုပါတယ်။ ကင်ဆာရောဂါဖြစ်နှုန်း ၅ဝ%က မိသားစုကလို့ဆိုတယ်။ မိသားစုဟာ အရေးကြီးသလား မကြီးဘူးလား?

အိမ်မှာက "ရန်ပွဲအသေး နေ့တိုင်းရှိတယ်၊ ရန်ပွဲအကြီး တစ်ရက်ခြားရှိတယ်"ဆိုတာမျိုး မဖြစ်ပါစေနဲ့။ ရေသေအိုင်လိုလည်း မိသားစုအိုင်မဖြစ်စေနဲ့။ အငြင်းမပွား၊ စကားမပြောဘဲ လဝက်လောက်နေကြည့်ပါလား! ပျင်းရိခြောက်သွေ့ပြီး သေသွားနိုင်တယ်။

လင်မယားကွာရှင်းထားတဲ့လူ၊ အိမ်ထောင်ဖက်သေဆုံးသွားတဲ့လူတွေရဲ့ အသက်ဟာ ပိုတိုကြောင်း အစီအစဉ်မှာ ကျွန်တော်ကြည့်ခဲ့ရဖူးတယ်။ သိပ္ပံပညာမှာလည်း ဒါကိုအသိအမှတ်ပြုထားတယ်။ အထီးကျန်တာဟာ ဆင်းရဲတာထက် ပိုကြောက်ဖို့ကောင်းတယ်။ အချင်းချင်းချစ်ကြတဲ့ လင်မယားတွေက အသက်ပိုရှည်တယ်။ တစ်ယောက်ထဲ ထီးထီးနေသူတွေက အသက်ပိုတိုပြီး ရောဂါပိုများတယ်။ ဒီလိုဆိုရင် သင့်မြတ်တဲ့ မိသားစုတစ်စုဖြစ်အောင် ဘယ်လိုလုပ်မလဲ? ဒါလည်း ပညာသားပါပါတယ်။

သင့်မြတ်တဲ့မိသားစုဖြစ်ဖို့ (၁) အသက်ကြီးသူကို လေးစားပါ၊ (၂) ကလေးတွေကို ပြုပြင်ထိန်းကျောင်းပါ၊ (၃) ယောက္ခမ_ချွေးမကြားကဆက်ဆံရေးကို ကောင်းမွန်အောင်လုပ်ပါ၊ (၄) လင်မယားအချင်းချင်း ချစ်ခင်နှစ်သက်ပါ.. ဒါဟာ အရေးအကြီးဆုံးအချက်ဖြစ်တယ်။

လင်မယားအချင်းချင်း ချစ်ခင်နှစ်သက်ဖို့ အချက်(၈)ချက်ကို လုပ်နိုင်ရပါမယ်။ အချင်းချင်းလေးစားမှု၊ အချင်းချင်း ချစ်ခင်မှု၊ အချင်းချင်းယုံကြည်မှု၊ အချင်းချင်း ရိုင်းပင်းမှု၊ အချင်းချင်းနှစ်သိမ့်မှု၊ အချင်းချင်းအားပေးမှု၊ အချင်းချင်း အလျော့ပေးမှု၊ အချင်းချင်း ခွင့်လွှတ်မှုတွေဖြစ်တယ်။ လူတိုင်းမှာ အကျင့်စရိုက်ကိုယ်စီရှိကြပါတယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုအမြဲ အသိပေးရပါတယ်။ ထားလိုက်တော့... သူ(သူမ) ဝမ်းသာပျော်ရွှင်ရင် ပြီးတာပါပဲ။

ကိုယ်ချစ်တဲ့လူကို ငယ်ရွယ်စဉ်အချိန်အခါမှာ ချစ်ရုံတင်မက၊ သူ(သူမ) အိုမင်းသွားတဲ့အခါလည်း ချစ်မယ်၊ သူ(သူမ) ကျန်းမာတဲ့အခါလည်း ချစ်မယ်၊ မကျန်းမာတဲ့အခါ ပိုချစ်မယ်၊ သူ(သူမ)ရဲ့ ကောင်းကွက်ကိုချစ်ရုံတင်မက ဆိုးကွက်ကိုလည်း ချစ်ရပါမယ်။ ဒါဟာ ကျွန်တော့်ရဲ့ သတိပေးစကားပါ။ သေချာမှတ်ထားပေးပါ။

(၈) ဦးနှောက်နဲ့ထမင်းစားပြီး ကျန်းမာရေးကိုထိန်းပါ

နေ့တိုင်းကျန်းမာတဲ့ဘဝကိုရဖို့ အချက်(၇)ချက်ကို လုပ်ရပါမယ်။
(၁) တစ်နေ့ထမင်းသုံးနပ် မှန်မှန်စားရပါမယ်
(၂) တစ်နေ့(၈)နာရီ မှန်မှန်အိပ်ရပါမယ်
(၃) တစ်နေ့ အားကစားနာရီဝက် မှန်မှန်လုပ်ရပါမယ်
(၄) စိတ်နှလုံးကျန်းမာဖို့ တစ်နေ့ နာရီဝက် ပြုံးရယ်ရပါမယ်
(၅) ဒါက ထူးခြားချက်ပါ။ နေ့တိုင်း အိမ်သာတက်ရပါမယ်။ လူတွေက အပေါ်ပေါက်အဝင်ခံပြီး အောက်ပေါက်က မထွက်ကြဘူး။ ဒါဟာ သဘာဝဖြစ်စဉ်ပါ။ အိမ်သာတက်ကိုတက်ရပါမယ်။

(၆)ကိုယ်ချစ်တဲ့လူနဲ့ ပေါင်းသင်းဆက်ဆံရေးသင့်မြတ်ရပါမယ်။ သူ(သူမ)နှစ်သက်တဲ့ စကားသုံးခွန်းကိုပြောပေးပါ။ ယောက္ခမနဲ့လည်း ဆက်ဆံရေးကောင်းမွန်ရပါမယ်။

(၇) အရက်၊ ဆေးလိပ် ဝေးဝေးရှောင်ရပါမယ်

ကျန်းမာဖို့ နေ့တစ်နေ့တာကစရပါတယ်။ နေ့တိုင်းကျန်းမာမှ တစ်သက်ကျန်းမာနိုင်မှာပါ။ "စားနိုင်သောက်နိုင်တိုင်း မကျန်းမာဘူး၊ စားတတ်သောက်တာမှ ကျန်းမာတယ်။ လျှောက်စားလျှောက်သောက်ရင် ပိုဆိုးတယ်"၊ "ဗိုက်နဲ့အစားစားတာ ပြည့်ဝဖို့၊ ပါးစပ်နဲ့အစားစားတာ အရသာခံဖို့၊ ဦးနှောက်နဲ့အစားစာတာ ကျန်းမာဖို့"၊ "မနက်စာ ဘုရင်လိုစားပါ၊ နေ့လယ်စာ မှူးမတ်လိုစားပါ၊ ညစာ သူတောင်းစားလိုစားပါ" ကျွန်တော့်ရဲ့ဒီစကားတွေကို မှတ်ထားပေးပါ။

(၉) ကန်စွန်းဥက ကမ္ဘာပေါ်မှာ အကောင်းဆုံးအစားအစာပါ

အသီးအရွက်စားနှုန်းက ၇ဝ%-၈ဝ% ရှိရပါမယ်။ အသားစားနှုန်းက ၂ဝ%- ၃ဝ%ရှိရပါမယ်။ ဒါကို မှတ်ထားပါ။ ဒါပေမဲ့ အခုခေတ်က ပြောင်းပြန်ဖြစ်နေတယ်။ ဒါကြောင့် ရောဂါပေါင်းစုံဖြစ်ကြရတယ်။ အဝလွန်ရောဂါ၊ ဆီးချိုရောဂါ၊ လေဖြတ်ရောဂါ။ အသီးအရွက်တွေမစားလို့ မရပါဘူး။ အခုခေတ်ကလေးတွေက ဟင်းသီးဟင်းရွက်တွေ မစားကြဘူး။ အသီးစားတာလည်း နည်းသွားတယ်။ တစ်နေ့ကို အသီး ၃,၄မျိုး၊ အရွက် ၄,၅မျိုး စားရပါမယ်။ ဒါတွေဟာ ကင်ဆာကိုကာကွယ်သလို နှလုံးကိုလည်း ကာကွယ်ပါတယ်။ ဒါဟာ ၂၁ ရာစုရဲ့အာဟာရအစာတွေပါ။

ကန်စွန်းဥကတော့ အကောင်းဆုံးအစားအစာပေါ့။ အရင်ဂျပန်က ကင်ဆာရောဂါအဖြစ်ဆုံးနိုင်ငံပါ။ ကင်ဆာရောဂါဖြစ်နှုန်းကျအောင်ဆိုပြီး ဂျပန်လူမျိုးတွေက နည်းအမျိုးမျိုး တွေးတောခဲ့ကြတယ်။ ဒါပေမဲ့ အကျိုးမရှိခဲ့ဘူး။ နောက်တော့ သူတို့က အသီးအနှံအမျိုး(၂ဝ)နဲ့ စမ်းသပ်မှုတွေ ပြုလုပ်ခဲ့ကြတယ်။ အဲဒီအထဲမှာ ကန်စွန်းဥက အကောင်းဆုံးဆိုတာကို တွေ့လိုက်တယ်။ ကန်စွန်းဥအစိမ်း၊ အကျက်က ကင်ဆာကိုကာကွယ်ပေးတယ်၊ နှလုံးကိုကာကွယ်ပေးတယ်၊ သွေးကြောကို ပျော့ပြောင်းစေတယ်၊ ဝမ်းပျော့စေတယ်။

တကယ်လို့ ကျန်းမာရေးက ၁ ဆိုရင် ကျန်တဲ့အရာတွေအားလုံးက သုညပါ။

ကောင်းတဲ့ကျန်းမာရေးက ၁ ဆိုရင် ကျန်တဲ့အလုပ်အကိုင်၊ စီးပွားရေး... စတာတွေက သုညဖြစ်တယ်။ ကျန်းမာရေးကောင်းရင် ကျန်းမာရေး(၁)နောက်မှာ တခြားအရာ(သုည)တွေ လိုက်လာလိမ့်မယ်။ ဒီလိုဆိုရင် ၁ဝဝ, ၁ဝဝဝ, ၁ဝဝဝဝ တွေနဲ့ ဆတိုးဖြစ်လာမှာဖြစ်တယ်။ ကျန်းမာတဲ့ ၁ကိုပိုင်ဆိုင်ထားရင် တခြားအရာတွေ နောက်ကလိုက်လာပါတယ်။ ဒီလိုဆိုရင် ပျော်ရွှင်ကျန်းမာတဲ့ဘဝကို သင်ပိုင်ဆိုင်နိုင်ပါပြီ။


နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Friday, October 14, 2011

ပြစ်ဒဏ်စာရွက်လေးတစ်ရွက်


ဂျာမဏီနိုင်ငံက စက်မှုလုပ်ငန်း အရမ်းထွန်းကားတဲ့နိုင်ငံပါ။ Mercedes-Benz, BMW, Siemensလို့ ပြောလိုက်ရင် မသိတဲ့လူမရှိသလောက်ပါပဲ။ ကမ္ဘာ့အဏုမြူဓာတ်ပေါင်းဖိုတွေထဲက အကောင်းဆုံး အဏုမြူစုပ်စက်ကို ဂျာမဏီရဲ့မြို့ငယ်လေးတစ်မြို့မှာ တည်ဆောက်ထားပါတယ်။ ဒီလိုတိုးတက်ခေတ်မီတဲ့ နိုင်ငံတစ်နိုင်ရဲ့ လူနေမှုစရိုက်က အပျော်အပါး၊ အသောက်အစားကြူး၊ ဖြုန်းတီးမှုတွေနဲ့ ပြည့်နှက်နေခဲ့မလား?

ဂျာမဏီကို သွားရောက်မလည်ပတ်ခင် ကျွန်တော်တို့ဟာ အဲဒီနိုင်ငံကိုပုံဖော်ကြည့်ကြတယ်၊ ဖော်ညွှန်းကြည့်ကြတယ်။ ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်တဲ့
Hamburgကိုရောက်တော့ ကျွန်တော်တို့က ထုံးစံအတိုင်း စားသောက်ဆိုင်ကို အရင်ချီတက်ကြတယ်။ ကျွန်တော်တို့ကို လာကြိုတဲ့မိတ်ဆွေရဲ့ အပြုအစုကို ကျွန်တော်တို့ ဧကန်မလွဲခံရတော့မယ်။

စားသောက်ဆိုင်ထဲ ကျွန်တော်တို့ဝင်လိုက်တယ်။ စားပွဲဝိုင်းတော်တော်များများနဲ့ ဧည့်သည်နည်းနည်းကို ကျော်ဖြတ်နေချိန်မှာ ကျွန်တော်စိတ်ထဲ သံသယဖြစ်မိတယ်။ ဒီလောက်တိတ်ဆိတ် ခြောက်ကပ်နေတဲ့ စားသောက်ဆိုင်က ကြာကြာရပ်တည်နိုင်ပါ့မလား?

ပိုရယ်စရာကောင်းတာက စားပွဲဝိုင်းတစ်ဝိုင်းမှာ အတွဲတစ်တွဲထိုင်နေတယ်။ သူတို့ရှေ့စားပွဲပေါ်မှာ ဟင်းနှစ်မျိုးထည့်ထားတဲ့ ပန်ကန်းပြားတစ်ချပ်နဲ့ ဘီယာနှစ်ဗူးပဲရှိတယ်။ ဒီလောက်ရိုးရှင်းတဲ့ အပြင်အဆင်နဲ့ သူတို့ဘယ်လိုရိုမန်တစ်ဆန်ဆန် တွေ့ဆုံကြတာပါလိမ့်? တကယ်လို့ ယောက်ျားလေးက ငွေထုတ်ရှင်းတယ်ဆိုရင် သူကပ်စီးနည်းလွန်း မနေဘူးလား? ကပ်စီးနည်းတဲ့သူ့ကို ချစ်သူမိန်းကလေးထားခဲ့မှာ မစိုးရိမ်ဘူးလား?

နောက် စားပွဲဝိုင်းတစ်ဝိုင်းမှာက လူဖြူအဘွားအိုတချို့ထိုင်နေကြပြီး အစားအသောက်ကို ဇိမ်ပြေနပြေစားနေကြတယ်။ ဟင်းတစ်ပွဲရောက်လာတိုင်း စားပွဲထိုးက သူတို့အတွက်ခွဲဝေပေးတယ်။ ခွဲဝေပေးတဲ့အစားအစာတွေ ခဏတွင်းချင်း သူတို့အပြောင်စားလိုက်ကြတယ်။

သူတို့ကို ကျွန်တော်တို့ သိပ်ကြာကြာ ဂရုစိုက်ကြည့်မနေတော့ပါဘူး။ ကျွန်တော်တို့ဝိုင်းအတွက် အစားအသောက် မြန်မြန်လာချဖို့ကိုပဲ ကျွန်တော်တို့ဆန္ဒစောနေခဲ့တယ်။ နယ်ခံမိတ်ဆွေက ကျွန်တော်တို့ဆာလောင်နေပုံကိုကြည့်ပြီး ဟင်းတွေ ပိုမှာလိုက်တယ်။ ကျွန်တော်တို့လည်း အားနာမနေတော့ပါဘူး။ သူ့ရဲ့စေတနာကို ကောင်းကောင်းကြီး အသိအမှတ်ပြုလိုက်ကြပါတယ်။

စားသောက်ဆိုင်ထဲမှာ ဧည့်သည်တွေနည်းတော့ ဟင်းတွေမြန်မြန်ရောက်လာပါတယ်။ ကျွန်တော်တို့စားပွဲဝိုင်းက ခဏတွင်းမှာပဲ ဟင်းပန်းကန်တွေနဲ့ ပြည့်သွားတော့တယ်။ ကြည့်ရတာ ဒီကနေ့မှာ ကျွန်တော်တို့က ဒီစားသောက်ဆိုင်ထဲမှာ အသုံးဖြုန်းနိုင်ဆုံး ဖြစ်လိမ့်မယ်။

အစားအသောက်တွေကို ကျွန်တော်တို့ အားရပါးရစားကြတယ်။ လျှောက်လည်ဖို့ရှိသေးတယ်ဆိုလို့ အစားအစာတွေနဲ့ ကျွန်တော်တို့ အချိန်ဆွဲမနေတော့ဘဲ စားသောက်ဝိုင်းကို ခပ်မြန်မြန်လေး အဆုံးသပ်လိုက်ကြတယ်။ ဒါကြောင့် အစားအသောက် ၃ပုံ ၁ပုံလောက်က မကုန်ဘဲကျန်နေခဲ့တယ်။ ငွေရှင်းပြီး၊ သွားကြားညှပ်တာတွေရှင်းပြီးနောက် ဆိုင်ထဲကနေ ကျွန်တော်တို့ လိမ်ဖည်လိမ်ဖည်နဲ့ ထွက်လာခဲ့ကြတယ်။ ဒါပေမဲ့ စားသောက်ဆိုင်ဝ မရောက်ခင် ဆိုင်ထဲကလူတစ်ယောက်ယောက်က ကျွန်တော်တို့ကို လှမ်းခေါ်တယ်။ ကျွန်တော်တို့အဖွဲ့ထဲက ပစ္စည်းများမေ့ကျန်ခဲ့သလားပေါ့?

ကျွန်တော်တို့ အထူးအဆန်းနဲ့ နောက်ပြန်လှည့်ကြည့်ကြတယ်။ လူဖြူအဘွားအိုတစ်သိုက် စားသောက်ဆိုင်ပိုင်ရှင်နဲ့ ကွိစိကွစ တစ်ခုခုပြောနေကြတယ်။ ကြည့်ရတာ ကျွန်တော်တို့ကိုရည်ရွယ် ပြောနေပုံရတယ်။ သူတို့အနီးနားကျွန်တော်တို့ ရောက်သွားတော့ အင်္ဂလိပ်လို သူတို့ပြောင်းပြောကြတယ်။ ကျွန်တော်တို့မှာတဲ့ဟင်းတွေ အများကြီးကျန်ကြောင်း၊ အရမ်းဖြုန်းတီးကြောင်း ကျွန်တော်တို့နားလည်လိုက်တယ်။

ဒီအဘွားကြီးတွေ တော်တော်စွက်စွက်ဖက်ဖက်နိုင်လွန်းတယ်ဆိုပြီး ကျွန်တော်တို့ရယ်ချင်သွားတယ်။

"ကျွန်တော်တို့ ပိုက်ဆံပေးပြီးစားတာပဲ၊ ဟင်းတွေဘယ်လောက်ကျန်ကျန် ခင်ဗျားတို့နဲ့ မဆိုင်ပါဘူး"

မိတ်ဆွေကရှေ့ထွက်ရပ်ပြီး အဘွားကြီးတွေကိုပြောတယ်။ မိတ်ဆွေစကားကိုကြားတော့ သူတို့ပိုစိတ်ဆိုးသွားပုံရတယ်။ ရှေ့ဆုံးမှာရပ်နေတဲ့ အဘွားအိုတစ်ဦးက ချက်ချင်းဟမ်းဖုန်းထုတ်ပြီးဆက်တယ်။

တအောင့်နေတော့ ဆိုင်ရှေ့ကားတစ်စီးထိုးရပ်ပြီး ဝတ်စုံဝတ်လူတစ်ယောက် ဆင်းလာတယ်။ လူမှုလုံခြုံရေးဝန်ထမ်းလို့ သိရပါတယ်။ အဲဒီလူက အကျိုးအကြောင်းတွေ မေးမြန်းပြီးနောက် ကျွန်တော်တို့ကို ဂျာမဏီငွေ(၅ဝ Mark) ပြစ်ဒဏ်စာရွက်တစ်ရွက် ထုတ်ပေးတယ်။ ကျွန်တော်တို့ အသံမထွက်ရဲတော့ဘူး။ ကျွန်တော့်မိတ်ဆွေကလည်း မျက်နှာကိုတစ်ဖက်လှည့်ပြီး အာခံပြန်မပြောရဲခဲ့တော့ဘူး။ ပြစ်ဒဏ်ငွေ (၅ဝ) ထုတ်ပေးလိုက်ရတဲ့အပြင် "ဆောရီး"လို့ တောင်းပန်လိုက်ရသေးတယ်။

လူမှုလုံခြုံရေးဝန်ထမ်းက ငွေကိုလက်ခံပြီး ကျွန်တော်တို့ကို လေးလေးနက်နက်ပြောတယ်။

"အစားအသောက်ကို စားနိုင်သလောက်ပဲမှာပါ! ပိုက်ဆံက ခင်ဗျားတို့ရဲ့ကိုယ်ပိုင်ပါ။ ဒါပေမဲ့ သဘာဝအရင်းအမြစ်တွေက လူသားအားလုံးနဲ့ဆိုင်ပါတယ်။ ကမ္ဘာပေါ်မှာ သဘာဝအရင်းအမြစ်ချိုတဲ့နေသူတွေ အများကြီးရှိတယ်။ ခင်ဗျားတို့ ဆင်ခြေပေးပြီး ဖြုန်းတီးချင်တိုင်း ဖြုန်းတီးလို့ မရပါဘူး"

ကျွန်တော်တို့ရဲ့မျက်နှာတွေ နီမြန်းကုန်ကြတယ်။ ဒါပေမဲ့ စိတ်ထဲမှာတော့ ဒီစကားကို ထောက်ခံနေကြပါတယ်။ ကြီးပွားတိုးတက်တဲ့ နိုင်ငံတစ်နိုင်ငံကလူတွေဟာ ဒီလိုသတိပြုဆင်ခြင်တာတွေ ရှိကြသေးတယ်။ ကျွန်တော်တို့ ပိုလိုတောင် ဆင်ခြင်သင့်ပါတယ်။ ကျွန်တော်တို့နိုင်ငံက လူဦးရေများပြီး သဘာဝရင်းမြစ်တွေ လုံလုံလောက်လောက် မရှိတဲ့နိုင်ငံပါ။ ကျွန်တော်တို့ဟာ ဧည့်သည်တွေကို ထမင်းဖိတ်ကျွေးတိုင်း အိမ်ရှင်မျက်နှာပွင့်အောင်၊ ဧည့်ဝတ်ကျေအောင်၊ ကပ်စီးနည်းသူအထင်မခံရအောင်ဆိုပြီး ဟင်းတွေတပုံကြီးမှာတယ်၊ ပြင်ဆင်တယ်။ နောက်တော့ စားမကုန်ဘဲ အများကြီးကျန်ခဲ့တယ်။

တကယ်တော့ ကျွန်တော်တို့ရဲ့အကျင့်ကို ကျွန်တော်တို့ပြောင်းလဲဖို့ လိုအပ်နေပါတယ်။ သဘာဝရင်းမြစ်တွေကို အလွဲသုံးစား ဖြုန်းတီးမနေသင့်တော့ပါဘူး။ အဲဒီနေ့က မိတ်ဆွေက ပြစ်ဒဏ်စာရွက်ကို မိတ္တူကူးပြီး လူတိုင်းကို တစ်စောင်ဆီ အမှတ်တရအနေနဲ့ လက်ဆောင်ပေးခဲ့တယ်။ ကျွန်တော်တို့ လိုလိုလားလားလက်ခံပြီး သိမ်းဆည်းခဲ့ပါတယ်။ ကျွန်တော်တို့နိုင်ငံကို ပြန်ရောက်ပြီးနောက် မိတ္တူတွေကူးပြီး တခြားလူတွေကို မျှဝေပါလို့ မိတ်ဆွေကမှာပါတယ်။ ကိုယ့်ကိုယ်ပိုင်စာရွက်ကိုတော့ အိမ်ကနံရံမှာ ကျွန်တော်တို့ကပ်ထားကြတယ်။ အချိန်တိုင်း အသိတရားရှိနေအောင်လို့ပေါ့............


မူရင်း--- http://city.udn.com/51670/1448074?tpno=0&cate_no=53746

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Thursday, October 13, 2011

ဇီဇာကြောင်တဲ့သူဌေးနဲ့ ကပ်သီးကပ်သပ်ဝန်ထမ်း


သူဌေး ..... "မင်းသုံးနေတဲ့ကွန်ပြူတာက ကုမ္ပဏီက ကွန်ပြူတာပါ။ ဒီကွန်ပြူတာမှာ မင်းရဲ့ကိုယ်ရေးကိုယ်တာတွေ မသိမ်းထားပါနဲ့။ မင်းမိန်းမဓာတ်ပုံ၊ မင်းကလေးဓာတ်ပုံတွေကိုလည်း မသိမ်းထားပါနဲ့။ ဒီဓာတ်ပုံတွေကြည့်ပြီး မင်းကောင်းကောင်း အလုပ်မလုပ်ဘူး"

ဝန်ထမ်း..... "ဒီလိုဆိုရင် ကျွန်တော့်အိမ်ကကွန်ပြူတာနဲ့ ခင်ဗျားအလုပ်တွေကို မလုပ်ခိုင်းနဲ့။ မီတာအတက်တော့ ကျွန်တော်မခံဘူး။ ရုံးချိန်မဟုတ်တဲ့အချိန်မှာ ကျွန်တော်လက်ထိပ်တွေ ပိုလို့တောင် အပွန်းမခံနိုင်ဘူး"

သူဌေး........ "ရုံးချိန်အတွင်း မင်းရဲ့ကိုယ်ပိုင်အလုပ်တွေကို မလုပ်ပါနဲ့။ ဥပမာ- လက်သည်းညှပ်တာတို့၊ ဆံပင်ဖြီးတာတို့... "

ဝန်ထမ်း ..... "ကျွန်တော်လည်း ခင်ဗျားကိုပြောချင်တယ်။ ရုံးချိန်အတွင်း ကျွန်တော်ဖြီးလိုက်တဲ့ဆံပင်၊ ညှပ်လိုက်တဲ့ လက်သည်းတွေဟာ ကျွန်တော်ရုံးတက်နေတုန်း ရှည်ထွက်လာတဲ့အရာတွေပါ"

သူဌေး..... "ရုံးချိန်အတွင်း ရုံးဖုန်းကိုသုံးပြီး ကိုယ်ရေးကိုယ်တာ မပြောပါနဲ့"

ဝန်ထမ်း..... "ဒီလိုဆိုရင် ကျွန်တော်အိမ်မှာ အနားယူနေတုန်း ခင်ဗျားဆက်လာတဲ့ဖုန်းကိုလည်း ကျွန်တော်မကိုင်ဘူး"

သူဌေး.... "ကုမ္ပဏီက သုံးဖို့ပေးတဲ့ကားက ကုမ္ပဏီကိစ္စအတွက်သုံးဖို့ပဲ။ မင်းလျှောက်စီး၊ လျှောက်မောင်းဖို့မဟုတ်ဘူး"

ဝန်ထမ်း.... "ဒီလိုဆိုရင် ကျွန်တော့်ကို ဖိနပ်အသစ်တရံပေးပါ။ ကုမ္ပဏီကားကို ဂီယာနင်းတဲ့အခါ ကျွန်တော့်ကိုယ်ပိုင်ဖိနပ်ပွန်းသွားမှာ စိုးလို့ပါ..."

ဖတ်မိတာလေး ဘာသာပြန်မျှဝေပါတယ်

နိုင်းနိုင်းစနေ


Share/Bookmark

Sunday, October 09, 2011

ကျွန်မဖတ်ဖို့ (၃၂)


(၁) ဂျုးလူမျိုးတို့ရဲ့ သူတော်ကောင်းတရား (၇)ချက်----

(i) သူတစ်ပါးပိုင်နက် မကျူးလွန်နဲ့ (သူတစ်ပါးရဲ့အိမ်ရှေ့မှာ ကိုယ့်အာဏာကိုမပြနဲ့)
(ii) သူတစ်ပါးစကား ကြားမဖြတ်နဲ့
(iii) အောင်မြင်မှုရဖို့ ဆန္ဒမစောနဲ့
(iv) မေးမြန်းတဲ့မေးခွန်းမှာ ဦးတည်ချက်ပါပါစေ
(v) ဖြေတဲ့အဖြေက အခြေအနေနဲ့ကိုက်ညီပါစေ
(vi) ပြောတဲ့စကားမှာ အစ အဆုံး ရှိပါစေ
(vii) အမှန်တရားကို အခြေခံထားပါ

(၂) လူတွေမှာပါတဲ့ မျက်လုံးနှစ်လုံးက တန်းတူညီမျှတယ်။ ဒါပေမဲ့ လူတွေကိုကြည့်တဲ့အကြည့်က မျှတမှုမရှိဘူး။ လူတွေမှာပါတဲ့ နားတစ်စုံက ဘယ်ညာနှစ်ဖက်မှာခွဲထားတယ်။ ဒါပေမဲ့ တစ်ဖက်ကိုပဲ အာရုံစိုက်နားထောင်တတ်တယ်။ လူတွေမှာ ပါးစပ်တစ်ပေါက်ပဲပါတယ်။ ဒါပေမဲ့ စကားနှစ်မျိုး လှည့်ပြောတတ်တယ်။

(၃) မေတ္တာစိတ် ပေးကမ်းနိုင်သူဟာ အသိပညာရှိသူ၊
ဦးနှောက်ခြောက်စရာတွေကို ချေဖျက်နိုင်သူက ဉာဏ်ရည်ဉာဏ်စွမ်းရှိသူ


စိတ်ကူးအိပ်မက်ရှိတာက အသိဉာဏ်တဲ့၊ အဲဒီစိတ်ကူးအိပ်မက်ကို အကောင်အထည်ဖော်နိုင်တာက အရည်အချင်းဖြစ်တယ်။


(၄) ငွေကြေးကိုဆုံးရှုံးတာက နည်းတဲ့ဆုံးရှုံးမှု
ကျန်းမာရေးကိုဆုံးရှုံးတာက များတဲ့ဆုံးရှုံးမှု
ရဲစွမ်းသတ္တိကိုဆုံးရှုံးတာက အရာအားလုံးကိုဆုံးရှုံးသတဲ့။

(၅) အိမ်ကထွက်တဲ့အခါ လမ်းဖြောင့်ကိုလျှောက်ပါ
ပါးစပ်ကထွက်တဲ့စကား နားဝင်ချိုပါစေ
လက်ကထွက်တဲ့အလုပ် အကျိုးရှိပါစေ

(၆) မျက်နှာကိုလှအောင် လိမ်းခြယ်တာက တတိယတန်းစားလိမ်းခြယ်မှု
စိတ်ဓာတ်ကိုလှအောင် လိမ်းခြယ်တာက ဒုတိယတန်းစားလိမ်းခြယ်မှု
ဘဝကိုလှအောင် လိမ်းခြယ်တာက ပထမတန်းစားလိမ်းခြယ်မှု

(၇) ကျွန်တော်တို့ မလှပလို့ရတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကျန်းမာတယ်။
ကျွန်တော်တို့ မကြီးမြတ်လို့ရတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဂုဏ်သိက္ခာရှိတယ်။
ကျွန်တော်တို့ မပြည့်စုံလို့ရတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကြိုးစားတယ်။
ကျွန်တော်တို့ ထာဝရမတည်မြဲလို့ရတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ရိုးသားတယ်။

(၈) သာမန်လူတွေက မျက်လုံးနှစ်လုံးဖွင့်ပြီး လောကကြီးကိုကြည့်တယ်။ အမြဲအကြည့်မှားတယ်။

ထူးကဲတဲ့လူတွေက မျက်လုံးတစ်ဖက်ဖွင့်၊ တစ်ဖက်ပိတ်နဲ့ လောကကြီးကိုကြည့်တယ်။ အရိပ်အကဲကို ရှင်းရှင်းလင်းလင်းမြင်တယ်။


ပိုထူးကဲလွန်တဲ့လူတွေက မျက်လုံးနှစ်လုံးပိတ်ပြီး စိတ်နဲ့လောကကြီးကိုကြည့်တယ်။ အားလုံးကို အောင်မြင်လွှမ်းမိုးတယ်။


(၉) စကားပြောနည်း လိုအပ်ချက်---
(၁) ပြောသင့်ချိန်မှာပြောတာ --- အဆင့်အတန်းရှိတယ်
(၂) မပြောသင့်ချိန်မှာ မပြောတာ ---- ထက်မြက်တယ်
(၃) ဘယ်အချိန်မှာပြောသင့်/မပြောသင့်တာကိုသိတာ ---- အသိဉာဏ်ရှိတယ်

(၁ဝ) သင့်မှာ ဒေါသထွက်ခွင့်ရှိတယ်။ ဒါပေမဲ့ တခြားလူရဲ့ဂုဏ်သိက္ခာကို မနင်းချေနဲ့။
သင့်မှာ ဆုံးရှုံးခွင့်ရှိတယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးမမဲ့စေနဲ့။
သင့်မှာ အောင်မြင်မှုကိုရယူနိုင်ခွင့်ရှိတယ်။ ဒါပေမဲ့ တခြားလူနစ်နာခံရတဲ့ အောင်မြင်မှုမျိုးမဖြစ်စေနဲ့။
သင့်မှာ အငြင်းပွားခွင့်ရှိတယ်။ ဒါပေမဲ့ လက်စားချေ တုန့်ပြန်မှုမျိုးမဖြစ်စေနဲ့။
သင့်မှာ လှပကောင်းမွန်တဲ့ ဘဝရှိခွင့်ရှိတယ်။ ဒါပေမဲ့ လိမ်ညာလှည့်ဖြားပြီး ရလာတဲ့ ပျော်ရွှင်မှုမျိုးမဖြစ်စေနဲ့။

ကျွန်မဖတ်ဖို့ အင်တာနက်ပေါ်က ဖတ်မိတာတွေကို စုစည်းဘာသာပြန်ပါတယ်။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။



Share/Bookmark

Saturday, October 08, 2011

လက်ချောင်းလေးတွေပေါ်က လက်စွပ်များ


all images from google search

လက်တစ်ချောင်းစီပေါ် ဝတ်ဆင်ထားတဲ့လက်စွပ်တွေမှာ မတူတဲ့အဓိပ္ပာယ်တွေရှိသတဲ့။ ပြောကြားချက်အရ ဘယ်ဖက်လက်သူကြွယ်မှာရှိတဲ့ သွေးကြောတစ်ချောင်းက နှလုံးသားနဲ့ဆက်သွယ်ထားတယ်။ ဒါကြောင့် မင်္ဂလာဆောင်တဲ့အခါ မင်္ဂလာဇနီးမောင်နှံက လက်ထပ်လက်စွပ်ကို ဘယ်ဖက်လက်သူကြွယ်မှာ ဝတ်ဆင်ပေးကြတယ်လို့ ဆိုပါတယ်။ အင်တာနက်ပေါ်မှာဖတ်ရတဲ့ လက်စွပ်ဝတ်ဆင်ပုံအကြောင်းကို ဘာသာပြန်မျှဝေလိုက်ပါတယ်။

လက်စွပ်ဝတ်ဆင်တဲ့ ဘယ်ဖက်လက်နဲ့ ညာဖက်လက်ရဲ့ အဓိပ္ပာယ်တွေက....

ညာဖက်လက်သန်း ---------- ချစ်သူ ရည်းစားမထားချင်ပါ
ညာဖက်လက်သူကြွယ် ------ ချစ်ကြိုက်နေတယ်။
ညာဖက်လက်ခလယ် ------- ပိုင်ရှင်ရှိတယ်
ညာဖက်လက်ညှိုး ---------- တစ်ကိုယ်ရေတစ်ကာယ

ဘယ်ဖက်လက်သန်း ------------ အိမ်ထောင်မပြုပါ
ဘယ်ဖက်လက်သူကြွယ် -------- လက်ထပ်ပြီး
ဘယ်ဖက်လက်ခလယ် --------- စေ့စပ်ထားတယ်
ဘယ်ဖက်လက်ညှိုး ------------ အိပ်ထောင်မပြုရသေးပါ

လက်စွပ်ဝတ်ဆင်တာကို ပြောစမတ်ရှိကြတယ်။ အနောက်နိုင်ငံတွေရဲ့ ဓလေ့ထုံးစံအရ ဘယ်ဖက်လက်က သင့်အတွက် ဘုရားသခင်ပေးတဲ့ ကံကောင်းခြင်းတဲ့။ ဒါကြောင့် လက်ထပ်လက်စွပ်ကို များသောအားဖြင့် ဘယ်ဖက်လက်မှာပဲ ဝတ်ဆင်ကြတယ်။

နိုင်ငံတကာမှာ ပိုခေတ်စားတဲ့ လက်စွပ်ဝတ်ဆင်နည်းက .....
လက်ညှိုး ---------- မင်္ဂလာဆောင်ချင်တယ်။ (မင်္ဂလာမဆောင်ရသေးပါ)
လက်ခလယ် ------- ချစ်ကြိုက်နေတယ်။
လက်သူကြွယ် ------ စေ့စပ်ထားတယ် ဒါမှမဟုတ် လက်ထပ်ပြီး
လက်သန်း ---------- တစ်ကိုယ်ရေတစ်ကာယ


ဘယ်လက်ချောင်းမှာပဲ ဝတ်ဆင်ဝတ်ဆင် အဓိပ္ပာယ်ဖော်ဆောင်လို့မရတဲ့ လက်စွပ်တစ်မျိုးရှိပါတယ်။ အဲဒီလက်စွပ်က ပန်းလက်စွပ်(ဖန်စီလက်စွပ်)ဖြစ်တယ်။ ဒီလိုလက်စွပ်မျိုးက အလှအပအတွက်ဝတ်ဆင်တဲ့ လက်စွပ်ဖြစ်တာကြောင့် ဘယ်လက်မှာပဲဝတ်ဝတ် ရပါတယ်။

ရှေးရောမမှတ်တမ်းအရ လက်စွပ်ကို လက်မပေါ်ဝတ်ဆင်တာဟာ အောင်မြင်လိုစိတ်ပြင်းပြတယ်လို့ ဆိုပါတယ်။ လက်ညှိုးပေါ်ဝတ်ဆင်တာက လန်းဆန်းတက်ကြွပြီး ကိုယ်ပိုင်အတွေးအမြင်ပိုရှိသူလို့ ခံစားစေပါတယ်။ လက်စွပ်ဝတ်ဆင်ရအကောင်းဆုံး လက်ချောင်းက လက်ခလယ်ပါပဲ။ လွတ်လပ်ပေါ့ပါးဟန်၊ ဆွဲဆောင်နိုင်မှုဟန်ကို ပိုပေါ်လွင်စေပါတယ်။ သာမန်အားဖြင့် လက်သူကြွယ်မှာ ဝတ်ဆင်တဲ့လက်စွပ်က လက်ထပ်လက်စွပ်ဖြစ်တယ်။ လက်သူကြွယ်က ပိုသေးသွယ်တာကြောင့် ဘယ်လိုလက်စွပ်ပဲဝတ်ဝတ် သိမ်မွေ့လှပပါတယ်။ ဆန်းသစ်တဲ့ လက်စွပ်ဝတ်ဆင်နည်းကတော့ လက်သန်းမှာ ဝတ်ဆင်တာပဲဖြစ်တယ်။ လက်သန်းမှာ ရိုးရှင်းတဲ့လက်စွပ်လေးဝတ်ဆင်ထားရုံနဲ့တင် လက်က ချစ်စရာကောင်းနေတတ်ပါတယ်။ လက်သန်းမှာ လက်စွပ်ဝတ်ဆင်တာက "တစ်ယောက်တည်းပဲ နေချင်တယ်။ ချစ်သူမထားချင်သေးဘူး။ အချိန်ကုန်ခံပြီး ငါ့ကိုလိုက်မပိုးပန်းပါနဲ့" ဆိုတဲ့ အဓိပ္ပာယ်ကိုဆောင်ပါတယ်။


အဆန်းထွင်ထားတဲ့လက်စွပ်တွေကို ဝတ်ဆင်ချိန်မှာ ကိုယ်ပိုင်ဟန်ပိုပေါ်လွင်စေချင်ရင် လက်စွပ်နဲ့လိုက်ဖက်တဲ့၊ ပုံစံဆင်ပြီးရိုးရှင်းတဲ့ နောက်လက်စွပ်တစ်ကွင်းကို တခြားလက်တစ်ဖက်မှာ ဝတ်ဆင်နိုင်ပါတယ်။ တကယ်လို့ လက်စွပ်က လက်ပတ်နာရီနဲ့ လိုက်ဖက်ဝတ်ဆင်နိုင်ရင်တော့ အကောင်းဆုံးပေါ့။ ဥပမာ- သင်ဝတ်ဆင်တဲ့လက်စွပ်က ပန်းလက်စွပ်လေးဆိုရင် သားရေကြိုး ရွှေရောင်ဒိုင်ခွက်နာရီကို ဝတ်ဆင်နိုင်ပါတယ်။ တကယ်လို့ သင်မှာရွေးချယ်စရာ နာရီ၊ လက်စွပ်တွေ များများစားစားမရှိဘူးဆိုရင် လက်စွပ်နဲ့နာရီကို လက်တစ်ဖက်စီခွဲပြီး ဝတ်ဆင်နိုင်ပါတယ်။ မလိုက်ဖက်တဲ့အရာနှစ်ခုကို လက်တစ်ဖက်တည်းမှာပဲ မဝတ်ဆင်မိဖို့ပဲလိုပါတယ်။


လက်တစ်ဖက်တည်းမှာ လက်စွပ်နှစ်ကွင်း ဝတ်ဆင်ချင်တယ်ဆိုရင် အရောင်လေးတွေ လိုက်ဖက်ဖို့လိုပါတယ်။ လက်စွပ်တစ်ကွင်းက ဆန်းပြားတဲ့လက်စွပ်ဖြစ်နေရင် နောက်လက်စွပ်တစ်ကွင်းက ရိုးရှင်းနေရပါတယ်။ အကောင်းဆုံးက ဘေးချင်းကပ်နှစ်ချောင်းနှစ်ချောင်းမှာ ဝတ်ဆင်တာပါပဲ။ ဥပမာ-- လက်ခလယ်နဲ့လက်ညှိုး၊ လက်ခလယ်နဲ့လက်သူကြွယ်၊ လက်သူကြွယ်နဲ့လက်သန်း.... လက်စွပ်နှစ်ကွင်းကြားမှာ လက်ချောင်းတစ်ချောင်း ခြားနေတာမျိုး မဖြစ်ပါစေနဲ့။

တူညီတဲ့ အများပြောပုံတစ်ခုက----

လက်မမှာဝတ်ဆင်တာက "ပိုးပန်း"တယ်။ (တစ်ဘက်လူကို ပိုးပန်းဖို့ လှုပ်ရှားတယ်)
လက်ညှိုးမှာဝတ်ဆင်တာက "တောင်းဆို"တယ်။ (နှလုံးသားက အချစ်ကိုတောင့်တတယ်)
လက်ခလယ်မှာဝတ်ဆင်တာက "တည်"တယ်။ (ချစ်ကြိုက်နေတယ် ဒါမှမဟုတ် စေ့စပ်ထားတယ်)
လက်သူကြွယ်မှာဝတ်ဆင်တာက "နှောင်ဖွဲ့"တယ်။ (လက်ထပ်ပြီးကြောင်းပြောတယ်)
လက်သန်းမှာဝတ်ဆင်တာက "ခွာ"တယ်။ (တစ်ကိုယ်တည်းနေဖို့ ဆုံးဖြတ်တယ် ဒါမှမဟုတ် ကွာရှင်းထားတယ်) အနောက်နိုင်ငံမှာ လက်စွပ်မဝတ်ဆင်ထားရင် "ပိုင်ရှင်မရှိသေးပါဘူး.. ပိုးပန်းနိုင်တယ်"ဆိုတဲ့ အဓိပ္ပာယ်ရပါတယ်။

ဝတ်ဆင်ထားတဲ့ လက်စွပ်ကိုကြည့်ပြီး လူတစ်ယောက်ရဲ့ အတွင်းစိတ်ကိုလည်း ခန့်မှန်းနိုင်ပါတယ်။ လက်စွပ်ဟာ တန်ဆာဆင်ပစ္စည်းသက်သက်တစ်ခု မဟုတ်ဘဲ သင်ကြိုက်နှစ်သက်တဲ့ လက်စွပ်၊ သင်ဝတ်ဆင်တဲ့ လက်ချောင်းပေါ်မူတည်ပြီး သင့်အတွင်းစိတ်ကိုလည်း လှစ်ဟပြနိုင်ပါတယ်။

အမျိုးသားအတွက် ပြောရရင်---

ငွေရောင်လက်စွပ်ဝတ်ဆင်သူက နူးညံ့သိမ်မွေ့တယ်၊ လူတိုင်းနဲ့ အလိုက်အထိုက်နေတတ်တယ်၊ ဝင်ဆံ့တယ်။

ရွှေရောင်လက်စွပ်ဝတ်ဆင်သူက အကျိုးအမြတ်ကို ပိုအလေးထားတယ်။ များသောအားဖြင့် ထက်မြက်တဲ့ စီးပွားရေးဦးနှောက်ရှိတယ်။

ကျောက်စိမ်းလက်စွပ်ဝတ်ဆင်သူက အရည်အချင်းကို ပိုအသားပေးတယ်။ အလုပ်လုပ်ရာမှာ စည်းစနစ်ကြီးတယ်။

အမျိုးသမီးအတွက် ပြောရရင် ---

ပန်းရောင်လက်စွပ် ဒါမှမဟုတ် သန္တာကျောက်လက်စွပ်ကို ဝတ်ဆင်သူက ခံစားမှုပြင်းထန်ပြီး ရိုမန်တစ်ဆန်သူဖြစ်တယ်။

ပတ္တမြားလက်စွပ် ဒါမှမဟုတ် အနီရောင်ဖရဲအူကျောက် (Tourmaline)လက်စွပ်ကို ဝတ်ဆင်သူက စိတ်အားထက်သန်မှုများတယ်။

နီလာလက်စွပ် ဒါမှမဟုတ် စိမ်းပြာရောင်ကျောက်လက်စွပ်ကို ဝတ်ဆင်သူက အေးတိအေးစက် ဘာသိဘာသာနေတတ်တယ်။

မြလက်စွပ် ဒါမှမဟုတ် အစိမ်းရောင်(Turquoise)ကျောက်လက်စွပ်ကို ဝတ်ဆင်သူက ခံစားချက် နုရွသိမ်မွေ့လွန်းပါတယ်။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Friday, October 07, 2011

အကြွေစောသွားတဲ့ ပန်းသီးတစ်လုံး



Appleရဲ့ပူးတွဲတည်ထောင်သူ Steve Jobs အသက်(၅၆)နှစ်ဟာ အောက်တိုဘာလ (၅)ရက်နေ့ (၂ဝ၁၁)မှာ ကွယ်လွန်သွားခဲ့ပါပြီ။ သူကွယ်လွန်သွားပြီဆိုတဲ့သတင်းက ကမ္ဘာ့အရပ်ရပ်က Appleရူးသွပ်သူတွေကို ခြောက်ခြားတုန်လှုပ်စေခဲ့ပါတယ်။ အင်တာနက်သုံးစွဲသူအများက သူသေဆုံးသွားတာကို နှမြောတသဖြစ်ကြပြီး အင်တာနက်စာမျက်နှာတွေပေါ်မှာ သူ့အတွက် ကျေးဇူးတင်လွှာတွေ ရေးသားခဲ့ကြတယ်။

"Steve Jobs .. ခင်ဗျားဟာ ကွန်ပြူတာလောက၊ ဖုန်းလောကကို ပြောင်းလဲခဲ့သူပါ။ ကျွန်တော်တို့ လူတော်တော်များများရဲ့ဘဝကို ခင်ဗျားထိတွေ့ခဲ့ပါတယ်။ ကျေးဇူးတင်ပါတယ် Steve... ကွန်ဂရက်ကျူလေးရှင်းပါ Steve.. ခင်ဗျားတစ်သက် ရှင်သန်ရကျိုးနပ်ခဲ့ပါပြီ"

အင်တာနက်စာမျက်နှာတွေပေါ်မှာ၊ Facebookတွေပေါ်မှာ Steve Jobsကွယ်လွန်တာနဲ့ပတ်သက်တဲ့ ဝမ်းနည်းကြေကွဲစာတွေကို ဖတ်ကြရမှာပါ။ Steve Jobsဟာ ကွန်ပြူတာလောက၊ ဖုန်းလောကကို ပြောင်းလဲခဲ့ရုံမက သူဟောပြောခဲ့တဲ့စကားတွေကလည်း လူအများကို လွှမ်းမိုးခဲ့ပါတယ်။ ကောင်းတဲ့စာ၊ ကောင်းတဲ့စကားတွေက ထုထည်မဲ့အင်အားတစ်မျိုးပါတဲ့... Steve Jobs ဟောပြောခဲ့တဲ့ စကားတချို့ကို ဘာသာပြန် မျှဝေလိုက်ပါတယ်။

(၁) ဦးဆောင်သူနဲ့ နောက်လိုက်သူရဲ့ခြားနားချက်က ဆန်းသစ်ထီထွင်ခြင်းပဲဖြစ်တယ်။

(၂) ထူးချွန်ထက်မြက်တဲ့လူဖြစ်ဖို့ လူတော်တော်များများအတွက် အဆင့်အတန်းမြင့်တဲ့ပတ်ဝန်းကျင်ရှိစရာ မလိုပါဘူး။

(၃) အောင်မြင်သူဖြစ်ဖို့ တစ်ခုတည်းသောနည်းလမ်းက ကိုယ်လုပ်တဲ့အလုပ်ကို မြတ်နိုးဖို့ပါပဲ။ တကယ်လို့ မြတ်နိုးနိုင်လောက်တဲ့အလုပ် သင့်မှာမရှိသေးဘူးဆိုရင် ဆက်ရှာပါ.. လက်မလွတ်တမ်းရှာပါ။ သင့်ရဲ့နှလုံးသားနောက်လိုက်ပြီး ရှာပါ... တစ်နေ့နေ့မှာ သင်ရှာတွေ့ပါလိမ့်မယ်။

(၄) ကိုယ်တိုင်စားဖို့အရာတွေကို လူတိုင်းစိုက်ပျိုးနေစရာမလိုသလို ကိုယ်တိုင်ဝတ်ဖို့ အဝတ်အစားတွေကိုလည်း လူတိုင်းချုပ်လုပ်နေဖို့ မလိုပါဘူး။ တခြားလူတီထွင်ဖန်တီးခဲ့တဲ့ စကားတွေကို ကျွန်တော်တို့ပြောနေတယ်။ တခြားလူတီထွင်ခဲ့တဲ့ သင်္ချာဂဏန်းတွေကို ကျွန်တော်တို့ အသုံးပြုနေတယ်။ ကျွန်တော်တို့ဟာ တခြားလူရဲ့အောင်မြင်ဖြစ်ထွန်းတာတွေကို တောက်လျှောက်အသုံးပြုနေကြတယ်။ လူသားတွေမှာရှိခဲ့တဲ့ အတွေ့အကြုံနဲ့ အသိဉာဏ်တွေကိုအသုံးပြုပြီး တီထွင်ဆန်းတယ်ဆိုတာ ထူးခြားဆန်းကြယ်တဲ့ လုပ်ရပ်တစ်ခုပါပဲ။

(၅) ဗုဒ္ဓဘာသာမှာ စကားတစ်ခွန်းရှိတယ်။ "စသင်ယူသူရဲ့(beginner) စိတ်နေသဘောထား"တဲ့။ စသင်ယူသူရဲ့စိတ်နေသဘောထားကို ပိုင်ဆိုင်နိုင်တာဟာ အံ့သြဖွယ်ကောင်းတဲ့ လုပ်ရပ်တစ်ခုပါ။

(၆) အခြေခံအားဖြင့် လူရဲ့ဦးနှောက်က တီဗီကြည့်ချိန်မှာ အလုပ်မလုပ်ဘဲရပ်သွားပြီး ကွန်ပြူတာဖွင့်ချိန်ကျမှ စအလုပ်လုပ်တယ်လို့ ကျွန်တော်တို့ထင်ကြပါတယ်။

(၇) ကျွန်တော်ကိုယ်ကျွန်တော်သိထားတာက ကျွန်တော်ဟာ တစ်နှစ်အတွင်းမှာ ဒေါ်လာ(၂၅ဝ)သန်း ဆုံးရှုံးနေတဲ့ တစ်ဦးတည်းသောလူပါ။ ဒါပေမဲ့ ဒါဟာ ကျွန်တော်ကြီးပြင်းဖို့ အများကြီးအထောက်အကူပြုခဲ့ပါတယ်။

(၈) ကျွန်တော်မှာရှိတဲ့ နည်းပညာအားလုံးကို ဆိုကရေးတီးနဲ့ တစ်ညနေအတူနေဖို့ ကျွန်တော်လဲလှယ်ချင်ပါတယ်။

(၉) အသက်ရှင်နေတာဟာ လောကကြီးကို ပြောင်းလဲဖို့ကလွဲလို့ တခြားဘာအကြောင်းပြချက်များရှိဦးမလဲ?

(၁ဝ) သင့်ရဲ့အချိန်တွေက အကန့်အသတ်ရှိတယ်။ ဒါကြောင့် တခြားလူကြောင့် မရှင်သန်ပါနဲ့။
တရားသေဝါဒတွေနဲ့ ကန့်သတ်မထားနဲ့။ တခြားလူရဲ့ အတွေးအမြင်ထဲ ရှင်သန်မနေနဲ့။
တခြားလူရဲ့ထင်မြင်ချက်နဲ့ ကိုယ့်အတွင်းစိတ်ရဲ့အသံကို ဘေးကျပ်နံကျပ်မဖြစ်စေနဲ့။
အရေးအကြီးဆုံးက ကိုယ့်စိတ်ဝိညာဉ်နဲ့ အလိုလိုသိစိတ်ကိုနောက် သတ္တိရှိရှိလိုက်ဖို့ပဲ။ သင့်စိတ်နဲ့ သိစိတ်ကသာ သင့်ရဲ့တကယ့်အတွေးစိတ်ကူးကို သိနိုင်တယ်။ ကျန်တာတွေက အဓိကမကျပါဘူး။

ကမ္ဘာကြီးကို ပြောင်းလဲခဲ့တဲ့ ပန်းသီးသုံးလုံး..
ဧဝကို သွေးဆောင်ဖြားယောင်းခဲ့တဲ့ပန်းသီး
နယူတန်ကို ပစ်ပေါက်နှိုးထခဲ့တဲ့ပန်းသီး
စတိဗ်ဂျော့ လက်ထဲကပန်းသီး...
ဒီကနေ့မှာ ပန်းသီးနဲ့လောကကြီးကို ပြောင်းလဲခဲ့သူ သုံးယောက်လုံး မရှိခဲ့တော့ပါဘူး !

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark