Tuesday, November 29, 2011

ခဲတံနဲ့ လူ့ဘဝ


ပညာရှိတွေက ခဲတံကို အချက်(၅)ချက်နဲ့ ဖွဲ့ဆိုတယ်။

(၁) လူတွေရဲ့ဆုပ်ကိုင်ခြင်းကို သင်ခံနိုင်ရည်ရှိမှ သင့်ရဲ့တာဝန်ကို သင်ပြီးမြောက်နိုင်မှာဖြစ်တယ်။

(၂) ချွန်မြအောင် အချွန်ခံရတဲ့နာကျင်ဒဏ်ကို သင်ခံနိုင်မှ သင့်အရည်အချင်းကို သင်ထုတ်ပြနိုင်မှာဖြစ်တယ်။

(၃) သင်တစ်သက်မှာ အမှားမလုပ်မိဘူးဆိုတာ မရှိဘူး။ အမှားလုပ်မိတဲ့အခါ ရိုးရိုးသားသား၊ ပွင့်ပွင့်လင်းလင်းနဲ့ ခဲဖျက်ရဲ့အကူအညီကိုယူပါ။ ဒါမှ လှပတဲ့အရာတွေကို သင်အရာထင်ဖန်တီးနိုင်မှာဖြစ်တယ်။

(၄) ချောမွတ်တဲ့အရာပေါ်ရောက်လေ သင့်အားကို ပိုစိုက်ထုတ်ရလေပါ။ ဒါမှ သင့်ဘဝ အရာထင် ကျန်ရစ်နိုင်ခဲ့မှာဖြစ်တယ်။

(၅) သင့်ရဲ့အရေးပါဆုံးအရာဟာ သင့်အပြင်ပန်းသဏ္ဌာန်မဟုတ်ဘူး.. သင့်ရဲ့အတွင်း "အဆံ"ဆိုတာကို အမြဲမှတ်ထားပါ။


လူ့ဘဝဟာလည်း ခဲတံတစ်ချောင်းနဲ့တူပါတယ်။ အောင်မြင်တဲ့ဘဝတစ်ခုကို ပိုင်ဆိုင်ချင်ရင် အောက်ကအချက်(၅)ချက်ကို မှတ်သားရပါတယ်။

(၁) သူတစ်ပါးလက်အောက်မှာ အလုပ်လုပ်ဖို့ ခံနိုင်ရည်ရှိမှ သင့်စိတ်ကူးအိပ်မက်ကို သင်အကောင်အထည် ဖော်ဖြစ်နိုင်မှာဖြစ်တယ်။

(၂) ဘဝရဲ့အခက်အခဲ၊ ပြဿနာတွေကို ခါးစီးခံနိုင်မှ စိတ်ဓာတ်ကြံ့ခိုင်အား၊ လုပ်နိုင်အားစွမ်းရည်တွေက သင်ပိုင်ဆိုင်မှာဖြစ်တယ်။

(၃) သင့်ဘဝမှာ အမှားမလုပ်မိဘူးဆိုတာ မရှိနိုင်ဘူး။ အမှားလုပ်မိတဲ့အခါ ရိုးရိုးသားသား၊ ပွင့်ပွင့်လင်းလင်းနဲ့ တခြားသူရဲ့အကူအညီကို ယူပါ။ ဒါမှ လှပတဲ့ဘဝကို သင်ဖန်ဆင်းနိုင်မှာဖြစ်တယ်။

(၄) ဆင်းရဲဒုက္ခများတဲ့ ပတ်ဝန်းကျင်ရောက်လေ သင်အားစိုက်ထုတ် ကြိုးစားရလေပါ။ ဒါမှ သင့်ဘဝ အောင်မြင်မှုတွေ ရမှာဖြစ်တယ်။

(၅) သင့်ဘဝရဲ့ အရေးပါဆုံးအရာက သင့်ပြင်ပအရာဝတ္ထုတွေ မဟုတ်ဘူး.. သင့် အတွင်းစိတ်ဆိုတာကို မြဲမြဲမှတ်ထားပါ။

မူရင်း-- http://www.rs66.com/a/1/86/qianbiyurensheng_78753.html

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Sunday, November 27, 2011

ကျွန်မဖတ်ဖို့ (၃၃)


(၁)
လက်ကိုတွဲပြီးနောက် လွယ်လွယ်နဲ့မလွတ်တတ်တဲ့ ... လက်တစ်စုံရှိသလား?

တစ်သက်လုံး မှီထားလည်း လုံခြုံစိတ်ချရတဲ့ ... ပုခုံးတစ်စုံရှိသလား?
တင်းတင်းပွေ့ဖက်ပြီးနောက် ဘယ်တော့မှမခွဲတော့တဲ့ ... အပွေ့အဖက်တစ်ခုရှိသလား?
နောင်ဘဝဆက်တိုင်း ပြန်ဆုံပါရစေဆိုတဲ့ ... ချိန်းဆိုမှုတစ်ခုရှိသလား?
နှလုံးသားမှာ ကမည်းထိုးပြီး တစ်သက်လုံးမမေ့နိုင်တဲ့ ... အချစ်တစ်ခုရှိသလား?
ခွန်အားတွေကုန်ဆုံးသွားလည်း မမေ့ရက်နိုင်တဲ့ ... လူတစ်ယောက်ရှိသလား?
ရှိခဲ့ရင် ဒီဘဝမှာပဲ တန်ဖိုးထားမြတ်နိုးလိုက်ပါ။


(၂)
ပျော်ရွှင်တဲ့လူတွေမှာ နာကျင်ဝမ်းနည်းခြင်းမရှိတာ မဟုတ်ဘူး။
နာကျင်ဝမ်းနည်းခြင်းရဲ့ အထိန်းချုပ်ကို သူတို့မခံတာပါ။
လူ့ဘဝမှာ နာကျင်ဝမ်းနည်းခြင်းတွေနဲ့ ကြုံရစမြဲပါ။

တကယ်တော့ နာကျင်ဝမ်းနည်းခြင်းက ကြောက်စရာမကောင်းပါဘူး။
ကိုယ့်အတွင်းစိတ်က
ကိုယ့်ကိုသစ္စာဖောက်ပြီး နာကျင်ဝမ်းနည်းခြင်းရဲ့ ကြံရာပါဖြစ်သွားမှာပဲ ကြောက်ဖို့ကောင်းတာပါ။

စိတ်ခံစားချက်ကို ပြင်ဆင်ပါ။ ပျော်စရာမကောင်းတဲ့ ဖြစ်ရပ်တွေကို မေ့ပစ်ပါ။ သီချင်းလေးနားထောင်ပါ။ ရှုခင်းတွေကို ခံစားပါ။ ပြောနိုင်တဲ့စကားကို ပြောပါ။ လုပ်စရာရှိတဲ့အလုပ်ကို လုပ်ပါ။ လျှောက်သင့်တဲ့လမ်းကို လျှောက်ပါ။ ပျော်ရွှင်ခြင်းတွေကို ဝမ်းနည်းခြင်းနဲ့ လဲယူမယ့်အစား ဝမ်းနည်းခြင်းတွေကို ပျော်ရွှင်ခြင်းနဲ့ လဲယူလိုက်ပါ။


(၃)
မနေ့ကရဲ့ စိတ်ရှုပ်ခြင်းကို ချေဖျက်နိုင်ပါစေ။ (deleted)

ဒီကနေ့ရဲ့ ပျော်ရွှင်ခြင်းကို အသိအမှတ်ပြုနိုင်ပါစေ။ (OK)
မနက်ဖြန်ရဲ့ စိတ်ချမ်းသာခြင်းကို တပ်ဆင်နိုင်ပါစေ။ (set up)
မေတ္တာစိတ်ကို အမြဲစုဆောင်းနိုင်ပါစေ။ (saved)
အမုန်းရန်ငြိုးတွေကို ပယ်ဖျက်နိုင်ပါစေ။ (cancel)
ကောင်းမွန်တဲ့စိတ်ခံစားချက်ကို ကပ်ထားနိုင်ပါစေ။ (paste)
လှပတဲ့ရှုခင်းတွေကို မိတ္တူကူးနိုင်ပါစေ။ (copy)
အပြုံးကို မျက်နှာပေါ် အမြဲပုံနှိပ်ထားနိုင်ပါစေ။ (print)


(၄)
ပျော်ရွှင်ခြင်း နီးသလား?


ကလေးဘဝတုန်းက ပျော်ရွှင်ခြင်းဆိုတာ အရာတစ်ခု(ကစားစရာ၊ အရုပ်)ပါ။ အဲဒီအရာကို ပိုင်ဆိုင်ရရင် ပျော်ရွှင်တယ်။

ကြီးပြင်းလာတော့ ပျော်ရွှင်ခြင်းဆိုတာ ရည်မှန်းချက်တစ်ခုပါ။ ရည်မှန်းချက်ဖြစ်မြောက် အောင်မြင်ရင် ပျော်ရွှင်တယ်။

ရင့်ကျက်လာတော့ ပျော်ရွှင်ခြင်းဆိုတာ စိတ်နေစိတ်ထားတစ်ခုဖြစ်ကြောင်း သိလိုက်ရတယ်။ စိတ်ထားတတ်ဖို့ သိနားလည်ရင် ပျော်ရွှင်တယ်။

(၅)
တစ်ယောက်ထဲနေတဲ့အခါ ....

နှစ်ယောက်အကြောင်း မစဉ်းစားနဲ့.. အမှတ်တရကို တစ်နေရာမှာ ချထားလိုက်ပါ။

တစ်ယောက်ထဲနေတဲ့အခါ...
ပျော်စရာအကြောင်းပဲ စဉ်းစားပါ... စိတ်ညစ်စရာတွေ ခေါင်းထဲထုတ်ထားလိုက်ပါ။

တစ်ယောက်ထဲနေတဲ့အခါ ......
ခံစားချက်ကို လွတ်လပ်ခွင့်ပေးလိုက်ပါ... ရင်ခွင်တံခါးကို ဆွဲဖွင့်ပါ... ခွန်အားအသစ်တွေ ထပ်ဝင်ရောက်ပါစေ။

(၆)
နေရောင်နဲ့တူတဲ့(လင်းလက်တဲ့)လူနဲ့ အတူနေရင် စိတ် မမှောင်မိုက်တော့ဘူး။

ပျော်ရွှင်တဲ့လူနဲ့ အတူနေရင် ပါးစပ်ဖျားမှာ အပြုံးအမြဲချိတ်ထားနိုင်တယ်။
ရှေ့ကိုရဲရဲတိုးရဲတဲ့လူနဲ့ အတူနေရင် လှုပ်ရှားမှုတွေ နောက်မကျတော့ဘူး။
သဘောထားကြီးသူနဲ့ အတူနေရင် ဘာလုပ်လုပ် မတွန့်တိုတော့ဘူး။
အမြော်အမြင်ရှိသူနဲ့ အတူနေရင် အလုပ်လုပ်တဲ့အခါ ဇဝေဇဝါမဖြစ်တော့ဘူး။
တည်ငြိမ်တဲ့လူနဲ့ အတူနေရင် အလုပ်လုပ်တဲ့အခါ အလောမကြီးတော့ဘူး။
အသိပညာလမ်းညွှန်ပြသူနဲ့ အတူနေရင် ဗဟုသုတ၊ စိတ်ဓာတ်တွေ တိုးတက်ကောင်းမွန်တယ်။
သူတစ်ပါးရဲ့အကောင်းဆုံးကို သင်ယူပြီး အကောင်းဆုံးကိုယ် လုပ်ပါ။

(၇)
လူတစ်ယောက်မှာ နှလုံးသားတစ်ခုပဲရှိတယ်။ အဲဒီနှလုံးသားမှာ အခန်းနှစ်ခန်း
**ရှိတယ်။
တစ်ခန်းမှာ ပျော်ရွှင်ခြင်းနေတယ်။ နောက်တစ်ခန်းမှာ ဝမ်းနည်းခြင်းနေတယ်။
အရမ်းပျော်တဲ့အချိန်မှာ တအားမအော်ရယ်လိုက်ပါနဲ့...
သင့်ရယ်သံကြောင့် ဘေးခန်းက ဝမ်းနည်းခြင်းနိုးသွားလိမ့်မယ်။
အရမ်းဝမ်းနည်းရင်တော့ အသံထွက်အောင်ငိုပြီး ဘေးခန်းက ပျော်ရွှင်ခြင်းကိုနှိုးလိုက်ပါ။
**(left atrium and right atrium)

(၈)
အချစ်ကိုပိုင်ဆိုင်ထားချိန်မှာ အနာတရမဖြစ်ဖို့ သင်ဘယ်လို ငြင်းဆန်နိုင်မလဲ?

မြားနတ်မောင်ပစ်လိုက်တာက မြားပါ .. နှင်းဆီပန်းမဟုတ်ဘူးဆိုတာကိုတော့ မမေ့ပါနဲ့။

(၉)
ရန်ဖြစ်ငြင်းခုန်တဲ့အခါ အရင်ဆုံး "ဆောရီး"လို့ တောင်းပန်တဲ့လူဟာ

သူ့အမှားကို ဝန်ခံတာမျိုးမဟုတ်သလို၊ အရှုံးပေး နှလုံးအေးတာလဲ မဟုတ်ဘူး။
ဒီအချစ်ကို တစ်ဘက်လူထက် သူပိုတန်ဖိုးထားမြတ်နိုးလို့ဖြစ်တယ်။ ပိုတည်မြဲစေချင်လို့ဖြစ်တယ်။

(၁ဝ)
ကမ္ဘာပေါ်မှာ နားဝင်အချိုဆုံး အချစ်စကားက "နင့်ကို ငါချစ်တယ်" မဟုတ်ဘူး၊ "ငါတို့ အတူနေရအောင်" လည်း မဟုတ်ဘူး....


ငါအားငယ်ချိန်၊ ခိုကိုးရာမဲ့ချိန်၊ ဝမ်းနည်းကြေကွဲချိန် နင်ပြောတဲ့ "နင့်ဘေးမှာ ငါရှိတယ်" ဆိုတာပဲဖြစ်တယ်

(၁၁)
အတူနေတာကြာလာတော့ ငြင်းခုန်ရန်ဖြစ်တာမျိုးလည်း ရှိတတ်ကြမှာပေါ့။
တချို့ချစ်သူတွေက အမြဲငြင်းခုန်ရန်ဖြစ်တယ်။ ဒါပေမဲ့ အချိန်တွေတစ်နှစ်ပြီးတစ်နှစ် မခွဲမခွာ သူတို့အတူကျော်ဖြတ်ကြတယ်။

တချို့ချစ်သူတွေက ဘယ်တော့မှ ရန်မဖြစ်ဘူး။ သူတို့ရဲ့နွေးထွေးချိုမြိန်တဲ့အချစ်က တခြားလူတွေအဖို့ အားကျစရာပေါ့။ ဒါပေမဲ့ ရုတ်တရက် လမ်းခွဲပြတ်စဲလိုက်တာမျိုးတွေ ရှိတယ်။

ငြင်းခုန်ရန်ဖြစ်တယ်ဆိုတာ ရူးသွပ်တဲ့ဆက်ဆံပြောဆိုရေးတစ်မျိုးပါ။ သင့်အနားကမခွာဘဲ ငြင်းခုန်ရန်ဖြစ်ဖို့ ကျန်ရစ်ခဲ့သူဟာ သင့်ကိုတကယ်ချစ်တဲ့သူဖြစ်တယ်။ သည်းခံတာတွေ၊ ချုပ်တည်းတာတွေများလာရင် အချိန်မရွေး ပေါက်ကွဲတတ်တဲ့ ဗုံးနဲ့တူလာတယ်။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ထပေါက်ကွဲရင် ခံစားမှုတွေလည်းရှုံး၊ အချစ်တွေလည်း ကွဲကြေသွားပေါ့....


အခုတလော စာရေးဖို့ အချိန်မလောက်သလိုပဲ။ ဆောင်းရောက်လို့ နေ့တာကပဲ တိုလွန်းနေသလား မသိဘူး။ အလုပ်ကပြန်လာပြီး ဘာမှမလုပ်ရသေးခင် မိုးကချုပ်သွားခဲ့ပြီ။ ဘာပဲဖြစ်ဖြစ် Facebookပေါ် ရေးဖြစ်ခဲ့သမျှ ဘလော့ပေါ် ပြန်စုစည်းတင်ဖြစ်ပါတယ်။ အားလုံး ကျေးဇူးး)


နိုင်းနိုင်းစနေ ဘာသာပြန်သည်။



Share/Bookmark

Friday, November 25, 2011

ငြင်းခုန်ရန်ဖြစ်ခြင်း အနုပညာ


လင်မယားငြင်းခုန်ရန်ဖြစ်တာနဲ့ ပတ်သက်ပြီး အမေရိကန် "Journal of Family Psychology" က လက်ရှိဓလေ့နဲ့ဆန့်ကျင်ပြီး ဆန်းသစ်ချက်အသစ်တွေ ထုတ်ပြန်ခဲ့ပါတယ်။ ဆန်းသစ်ချက်အသစ်က တစ်ယောက်အပေါ်တစ်ယောက် နေ့တိုင်းယဉ်ကျေးပျူဌာပြုနေတဲ့ လင်မယားရဲ့အိမ်ထောင်ရေးက ပျော်ရွှင်ချမ်းမြေ့တယ်လို့ မဆိုနိုင်ဘူး။ ရန်ဖြစ်တတ်တဲ့ လင်မယားရဲ့အိမ်ထောင်ရေးကမှ ပျော်ရွှင်တယ်လို့ ဆိုပါတယ်။

လင်မယားအများစုမှာ တစ်သက်လုံး ရန်မဖြစ်ဘူးဆိုတာရှားပါတယ်။ ရန်ဖြစ်တာချင်းအတူတူ တချို့ကရန်ဖြစ်လေ သံယောဇဉ်ခိုင်မြဲလေဖြစ်တယ်။ တချို့က ရန်ဖြစ်တာကို လမ်းခွဲတာနဲ့အဆုံးသတ်ကြတယ်။ ဒီလိုအဖြစ်တွေရဲ့ခြားနားချက်က သင့်မှာ ရန်ဖြစ်တဲ့အနုပညာ ရှိ/မရှိဆိုတာနဲ့ပဲ ခွဲခြားရပါလိမ့်မယ်။ "လင်မယားရန်ဖြစ်တယ်"ဆိုတဲ့ သင်ခန်းစာဟာ ယနေ့ခေတ်လူတွေ "အထူးသင်ကြားအပ်"တဲ့ သင်ခန်းစာတစ်ခုဖြစ်ပါတယ်။

လင်မယားရန်ဖြစ်တဲ့အကြောင်းရင်း နံပါတ်စဉ်

လင်မယားရန်ဖြစ်တဲ့အကြောင်းရင်းကို အင်တာဗျူးမေးမြန်းချိန်မှာ လင်မယားအများစုက သတင်းထောက်ကို အခုလိုရင်ဖွင့်ပါတယ်။ ကိစ္စအသေးအဖွဲနဲ့ လင်မယားချင်းရန်ဖြစ်ကြတယ်။ ဖုတ်ဝင်သွားတဲ့ ခန္ဓာကိုယ်ရဲ့လှုံ့ဆော်မှုအောက်မှာ စကားကိုမဆင်မခြင် ပြောဆိုကြတယ်။ ရန်ဖြစ်တာကို တံစဉ်းတစ်ခုလို သဘောထားပြီး လင်မယားနှစ်ယောက်ကြားက သံယောဇဉ်ကို ပါးသထက်ပါးအောင် ပွတ်တိုက်လိုက်ကြတယ်။

"ရန်ဖြစ်တိုင်း ငိုတယ်။ ကိုယ့်ကိုယ်ကို မုန်းလိုက်တာ... တကယ်လက်တွေ့က စိတ်ကူးထားတာနဲ့ တခြားစီပဲ"

"ရန်ဖြစ်ပြီးနောက် ဘာအကြောင်းကြောင့်ရန်ဖြစ်တယ်ဆိုတာကို လုံးလုံးမေ့သွားတယ်။ ဒါပေမယ့် ရန်ဖြစ်လို့ရတဲ့ စိတ်နာကျင်မှုကိုတော့ ကောင်းကောင်းမှတ်မိနေတတ်တယ်"

ရန်ဖြစ်ရတဲ့ အကြောင်းရင်းက "ဒီနေ့ နင်ချက်တဲ့ဟင်းက ဘာဖြစ်လို့ ဒီလောက်ငန်ရသလဲ?"၊ "အခုမှ တိုက်ထားတဲ့ကြမ်း နင့်ကြောင့် ပြန်ညစ်ပတ်သွားပြီ" ဆိုတဲ့အထိ သေးငယ်နိုင်သလို.. "အိမ်က ငွေရေးကြေးရေး ဘယ်သူကိုင်မလဲ?"၊ "ကလေးကို ဘယ်လိုင်း၊ ဘယ်တက္ကသိုလ်တက်ခိုင်းမလဲ"ဆိုတဲ့အထိ ကြီးမားနိုင်ပါတယ်။ ဒီအကြောင်းရင်းတွေက ရန်ပွဲသေးသေးကနေ ရန်ပွဲကြီးကြီးအထိ ဖြစ်စေနိုင်ပါတယ်။

အမေရိကန်က လေ့လာဆန်းစစ်ချက်အရ သာမန်အားဖြင့် လင်မယားတွေဟာ နှစ်ရက်ကိုတစ်ကြိမ်လောက် ရန်ဖြစ်လေ့ရှိတာကို တွေ့ရတယ်။ ရန်ဖြစ်ရတဲ့နံပါတ်တစ်အကြောင်းရင်းက သားသမီးအရေးကြောင့်ဖြစ်တယ်။ နံပါတ်နှစ်အကြောင်းရင်းက ဘာဝယ်သင့်သလဲ၊ ဘာမဝယ်သင့်သလဲနဲ့ အိမ်မှုကိစ္စခွဲခြမ်းရေး၊ ဝေယျာဝစ္စတွေဖြစ်တယ်။ နံပါတ်သုံးအကြောင်းရင်းက အချင်းချင်း ပြောဆိုဆက်ဆံရေးဖြစ်တယ်။ ငွေကြေးကြောင့်ရန်ဖြစ်တဲ့နှုန်းက ၁၈%သာရှိပေမယ့် ဒီငြင်းခုန်ရန်ဖြစ်ခြင်းက လင်မယားရဲ့ဆက်ဆံရေးကို ပိုသက်ရောက်စေသလို ပိုပြင်းထန်စေတယ်လို့ ဆိုပါတယ်။

အမေရိကန် University of Denver က Marital and Family Co-Director ဖြစ်တဲ့ စိတ်ပညာပါမောက္ခ Dr. Howard Markmanဟာ နှစ်ပေါင်း၃ဝအချိန်ကိုအသုံးပြုပြီး လင်မယားရန်ဖြစ်ချိန် အငြင်းမပွားအောင် ဘယ်လိုဖြေရှင်းသင့်သလဲဆိုတဲ့ ပြဿနာကို လေ့လာဆန်းစစ်ခဲ့တယ်။ Dr.Markmanက သူ့အမြင်မှာ လင်မယားတွေဟာ ငြင်းခုန်တာပဲဖြစ်ဖြစ်၊ စကားနိုင်လုတာပဲဖြစ်ဖြစ် မကွာခြားဘူးလို့ဆိုပါတယ်။ ဒါတွေဟာ နောက်ဆုံးမှာ ပြင်းထန်တဲ့အငြင်းပွားမှု သုံးမျိုးကိုဖြစ်စေပါတယ်။ (၁) တစ်ဖက်သတ် ဆဲဆိုတိုင်းထွာမယ်၊ (၂) အချင်းချင်း ဆဲဆိုတိုင်းထွာမယ်၊ (၃) ဘာမှမပြောဘဲ တံခါးဆောင့်ပိတ် အပြင်ထွက်သွားမယ်။


သိမ်မွေ့တဲ့ငြင်းခုန်ရန်ဖြစ်မှုက သံယောဇဉ်ကိုတိုးစေတယ်

အိမ်ထောင်ရေးမှာ ငြင်းခုန်ရန်ဖြစ်မှုတိုင်းက အပျက်ကိုဆောင်နေစေခဲ့ပြီလား?

ရှန်ဟိုင်းစိတ်ပညာမေးမြန်းရေး ဥက္ကဌ"မစ္စဝမ်"က ဒီလိုမထင်ဘူးလို့ဆိုပါတယ်။ ငြင်းခုန်ရန်ဖြစ်တယ်ဆိုတာ လူလူချင်းကြားက ဆက်ဆံရေးတစ်မျိုး၊ ပြောဆိုရေးတစ်မျိုးလို့ ဆိုပါတယ်။ လင်မယားငြင်းခုန်ရန်ဖြစ်တဲ့ ကောင်းကျိုးနှစ်မျိုးက (၁) စကားအမှန်ကိုကြားရခြင်း..... ငြင်းခုန်ရန်ဖြစ်ချိန်မှာ စကားတွေကို စိတ်လိုက်မာန်ပါ ပြောချင်ရာပြောတတ်ကြတယ်။ သာမန်အချိန်မှာ ရင်ထဲထည့်ထားတဲ့စကားကို ဖွင့်အန်လာတတ်ကြတယ်။ ဒါဟာ တစ်ဖက်သားရဲ့ တကယ့်အတွေးကို သိနားလည်ရတဲ့အချိန်ဖြစ်တယ်။ ဒါဟာ ရန်ပွဲပြီးနောက် အချင်းချင်း နားလည်မှုဖလှယ်ဖို့၊ ချင့်ချိန်တွေးဆဖို့၊ ကိုယ့်အပြုအမူကို ပြင်ဆင်ဖို့ အခွင့်အရေးဖြစ်တယ်။

(၂) အပျက်ဆောင်ခံစားချက်တွေကို ဖွင့်အန်ထုတ်ပြောခြင်း ...
လင်မယားကြားမှာ အပျက်ဆောင်ခံစားချက်တွေကို အချင်းချင်းထုတ်ဖော်ပြောတာဟာ အိမ်ထောင်ပေါင်းသင်းရေးထဲက တစ်ချက်ဖြစ်တယ်။ လင်နဲ့ မယားကသာ အိမ်ထောင်ရေးအကျိုးစီးပွားကို ဖြစ်စေတာပါ။ မိဘ၊ ညီအစ်ကို မောင်နှမတွေကြားမှာ မပြောပြနိုင်တဲ့စကားတချို့ကို လင်မယားကြားမှာသာ ပြောဆိုကြပါတယ်။ အပျက်ဆောင်ခံစားချက်တွေကို သည်းခံနားလည်ပေးတာဟာ လင်နဲ့မယားကို လူ့ဘဝခရီးလမ်းမှာ အဖော်ကောင်းဖြစ်စေသလို ပေါင်းသင်းဆက်ဆံရေးကိုလည်း ပိုခိုင်မြဲစေပါတယ်။

ပီကင်း စိတ်ပညာမေးမြန်းရေးဌာန (ChenHui Psycho & Consulting,Beijing,Ltd.) ဥက္ကဌ "မစ္စတာလွေ"ကလည်း ငြင်းခုန်ရန်ဖြစ်ခြင်းဟာ လင်မယားတွေရဲ့ ကျန်းမာတဲ့ပေါင်းသင်းဆက်ဆံရေးလို့ ဆိုပါတယ်။ ဒါဟာ ပြင်းထန်တဲ့ စီးပွားရေးဆွေးနွေးချက်လို အဓိကဦးတည်ချက်က သဘောတူညီမှုရဖို့၊ တစ်ဖက်ရဲ့အတွေးအမြင်ကို အသိအမှတ်ပြုဖို့ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ငြင်းခုန်ရန်ဖြစ်တာကို မကျန်းမာတဲ့ငြင်းခုန်ရန်ဖြစ်ခြင်းနဲ့ ကျန်းမာတဲ့ငြင်းခုန်ရန်ဖြစ်ခြင်းဆိုပြီး နှစ်မျိုးခွဲနိုင်ပါတယ်။

ကျန်းမာ
တဲ့ငြင်းခုန်ရန်ဖြစ်ခြင်းက ကိစ္စရပ်တစ်ခုတည်းကိုပဲ ထပ်တလဲလဲ ငြင်းခုန်ရန်ဖြစ်တာမျိုး မဟုတ်ဘဲ မတူတဲ့ကိစ္စရပ်တွေအတွက် ရန်ဖြစ်တာဖြစ်တယ်။ ကျန်းမာတဲ့ငြင်းခုန်ရန်ဖြစ်ခြင်းက ကိစ္စရပ်တစ်ခုတည်းကိုပဲ ထပ်တလဲလဲ ငြင်းခုန်ရန်ဖြစ်တာဖြစ်ပြီး ရန်ဖြစ်ပြီးတိုင်းလဲ ဖြေရှင်းညှိနှိုင်းလို့ မရနိုင်ခဲ့ဘူး။ ဒီလို ငြင်းခုန်ရန်ဖြစ်ခြင်းက လင်မယားကြားက ဆက်ဆံရေး၊ စိတ်နေစိတ်ထား၊ အကျင့်စရိုက်တွေကို ပါဝင်ပတ်သက်စေပါတယ်။ အိမ်ထောင်ရေးအက်ကြောင်းများ ဖြစ်ပေါ်နိုင်ပြီး အိမ်ထောင်ပြိုကွဲတဲ့အထိ ဖြစ်နိုင်ပါတယ်။


ငြင်းခုန်ရန်ဖြစ်ခြင်း အရည်အချင်း(၆)မျိုး

ငြင်းခုန်ရန်ဖြစ်ခြင်းဟာ ဆက်ဆံပြောဆိုနည်းတစ်မျိုးလို့ဆိုခဲ့ရင် ဒီနည်းကို အဆင်ပြေချောမွတ်အောင်လုပ်ပြီး ငြင်းခုန်ရန်ဖြစ်တဲ့အနုပညာမြောက်အောင် ဘယ်လိုလုပ်မလဲ?

Dr.Markman က လင်မယားအချင်းချင်း တစ်ယောက်အပေါ်တစ်ယောက် အပြစ်ပုံချတာ၊ တစ်ဖက်အမြင်ကို သဘောမတူတိုင်း
ဒေါသတကြီးနဲ့ နေရာကခွာတာတွေဟာ အပျက်ဆောင်ဆက်ဆံရေးဖြစ်တယ်လို့ ဆိုထားပါတယ်။ ဒီလိုပုံစံနဲ့သာ ဆက်သွားနေရင် ခရီးဝေးရောက်လေ ကွာရှင်းနှုန်းနီးလေ ဖြစ်နိုင်ပါတယ်။ ပညာရှင်တွေရဲ့ လေ့လာဆန်းစစ်ချက်မှာလည်း ငြင်းခုန်ရန်ဖြစ်ခြင်းမှာ အောက်မှာဖော်ပြထားတဲ့ အရည်အချင်း (၆)မျိုးပါဝင်ပါတယ်။


(၁) ငြင်းခုန်ရန်ဖြစ်တဲ့အချိန်ကို သတိပြုပါ။

ဆွီဒင်ပညာရှင်တွေရဲ့ ဆန်းစစ်ချက်မှာ လင်မယားရန်ဖြစ်ချိန်က မနက်အလုပ်သွားဖို့ အိမ်ကမထွက်ခွာခင် (၄)မိနစ်အလိုနဲ့ အလုပ်ဆင်းအိမ်ပြန်ရောက်ပြီး (၄)မိနစ်အကြာမှာလို့ ဆိုပါတယ်။ ဒီအချိန်အခါမျိုးဟာ ကျွန်တော်တို့ရဲ့စိတ်ခန္ဓာတွေ အရမ်း ပင်ပန်းနွမ်းနယ်ချိန်ဖြစ်တာမို့ ဆန့်ကျင်တဲ့စကားတွေကို အလွယ်တကူပြောတတ်ကြတယ်၊ အလွယ်တကူ ပေါက်ကွဲလွယ်စေတတ်တယ်။ မစ္စဝမ်က အလုပ်မသွားခင် ငြင်းခုန်ရန်ဖြစ်ခြင်းကို အထူးရှောင်သင့်တယ်လို့ ဆိုပါတယ်။ ဒီရန်ပွဲဟာ ပြင်းထန်ခဲ့ရင် ပြန်ဖာထေးရခက်ကြောင်း၊ တစ်နေ့လုံး ဒေါသထွက်စေနိုင်ကြောင်း ဆိုထားပါတယ်။ အဲဒီအပြင် ညအိမ်ရာဝင်ခါနီး ငြင်းခုန်ရန်ဖြစ်ဖို့ မသင့်ပါဘူး။ ဒီအချိန်အခါဟာ လူ့စိတ် အားနည်းဆုံးအချိန်၊ ထိန်းချုပ်အား ကျဆင်းချိန်ဖြစ်တာမို့ အလွယ်တကူ ဒေါသထွက် ပေါက်ကွဲလွယ်တယ်လို့ ဆိုပါတယ်။


(၂) ငြင်းခုန်ရန်ဖြစ်တဲ့နေရာကို သတိပြုပါ။

မစ္စတာလွေက လင်မယားရန်ဖြစ်တာဟာ အိမ်မှာပဲဖြစ်သင့်တယ်။ အိမ်ခန်းတံခါးပိတ်ပြီး ဖြစ်သင့်တယ်လို့ ဆိုထားပါတယ်။ ကားမောင်းချိန်ရန်ဖြစ်တာဟာ ခံစားချက်ကို မထိန်းချုပ်နိုင်ရင် အရမ်းအန္တရာယ်များတယ်လို့ ဆိုပါတယ်။ မိဘ၊ ဆွေမျိုးသားချင်း၊ သားသမီးတွေရှေ့မှာ ရန်မဖြစ်သင့်ပါဘူး။ ဒါဟာ ငြင်းခုန်မှုတွေကို ပိုကျယ်ပြန့်စေသလို တခြားလူကိုလည်း ထိခိုက်စေနိုင်ပါတယ်။ အများပြည်သူနဲ့ဆိုင်တဲ့နေရာ သူစိမ်းတွေများတဲ့ နေရာမျိုးမှာလည်း ရန်မဖြစ်သင့်ပါဘူး။ သူစိမ်းတွေရဲ့စပ်စုမှုအောက်မှာ ရန်ပွဲကို ပိုအရှိန်မြင့်စေနိုင်ပါတယ်။


(၃) မပြောအပ်တဲ့ စကား(၄)ခွန်း

(၁) တစ်ဖက်သားရဲ့သရုပ်မှန်ကို အကျိုးမဲ့စေတဲ့စကား

ဥပမာ - "ငါ့အရင် ရည်းစားက နင့်ထက်အများကြီးသာတယ်"၊
"တချို့ယောက်ျားတွေက သူတို့မိန်းမတွေအပေါ် ကောင်းလိုက်တာ"


(၂) တစ်ဖက်သားရဲ့တန်ဖိုးကို အကျိုးမဲ့စေတဲ့စကား

ဥပမာ - "အိမ်မှာနေတော့လဲ အသုံးမကျ၊ အလုပ်မှာလည်း အသုံးမကျ... နင်ဘယ်နေရာမှာ အသုံးကျသေးသလဲ?"

(၃) ကိစ္စတစ်ခုထဲနဲ့ အရာအားလုံးကို အပြစ်ပုံချတဲ့စကား

ဥပမာ - စားပွဲခုံကို တစ်ခါလေးပြောင်အောင်မတိုက်တာနဲ့ တစ်ဖက်သားကို အပြစ်ပုံချတဲ့စကား "ဘယ်တော့မှ ပြောင်အောင်မတိုက်နိုင်ခဲ့ဘူး"

(၄) မျှော်လင့်ချက်မဲ့ အပျက်ဆောင်စကား

ဥပမာ - "အေး...အတူတူ မနေနိုင်မယ့်အတူ ကွာရှင်းတာပဲကောင်းမယ်"

ငြင်းခုန်ရန်ဖြစ်ပွဲကို သွေးအေးစစ်ပွဲအဖြစ်၊ အပြစ်ပုံချနည်းနဲ့ အဆုံးမသတ်သင့်ပါဘူး။ တစ်ဖက်သားကိုပဲ အပြစ်ပုံချတာမျိုး "အုပ်ထိန်းသူ အစည်းအဝေးပွဲကို နင်မသွားဘူး။ ကလေးတွေကိုလည်း ဂရုမစိုက်ဘူး... နင် မိခင်ပီသသေးရဲ့လား?"၊ ဒါမှမဟုတ် မပြောမဆိုနဲ့ သွေးအေးစစ်ပွဲပြောင်းလိုက်တာဟာ ရင်ထဲမှာ အစိုင်အခဲတစ်ခုအဖြစ်၊ နောင်တစ်ကြိမ်မှာ ငြင်းခုန်ရန်ဖြစ်ပွဲဖြစ်စေဖို့ ထပ်ဖန်တီးလိုက်တာနဲ့ အတူတူပါပဲ။ ဒီလိုအခြေအနေမျိုးတွေနဲ့ အဆုံးသတ်မယ့်အစား အတွေးအမြင်၊ အကြံဉာဏ်တောင်းဆိုတာမျိုး "ညတိုင်း မိနစ်(၄ဝ)လောက် ကလေးတွေနဲ့အတူ နင်အိမ်စာလုပ်ပေးနိုင်မလား?"ဆိုတာမျိုး ပြောဆိုသင့်ပါတယ်။ ဒါမှ တစ်ဖက်သားက ဘာဆက်လုပ်သင့်တယ်ဆိုတာကို သိနားလည်ပြီး ပြဿနာကို ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။

ငြင်းခုန်ရန်ဖြစ်ချိန်မှာ မငိုတာက အကောင်းဆုံးပါ။ ငြင်းခုန်ရန်ဖြစ်တယ်ဆိုတာ ခံစားချက်ကို ထုတ်ဖော်ပြရုံသာမက အကျိုးသင့် အကြောင်းသင့်ကိုလည်း ထုတ်ဖော်ပြတာဖြစ်တယ်။ ငိုတာက ခံစားချက်ကို ပိုပြင်းထန်စေတယ်။ ဆုံးဖြတ်ချက်ကို သက်ရောက်စေတယ်။ ပြင်းထန်တဲ့ ငြင်းခုန်ရန်ဖြစ်မှုမှာ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်ဖို့ "နေရာ"ကခဏခွာပါ။ ဥပမာ- အိပ်သာတက်တာဖြစ်ဖြစ်၊ ပန်းကန်ဆေးတာဖြစ်ဖြစ်၊ အိမ်သန့်ရှင်းလုပ်တာပဲဖြစ်ဖြစ် ကိုယ့်စိတ်ကို တည်ငြိမ်သွားစေမယ့်အခွင့်အရေး ပေးပါ။ ရန်ပွဲဖြစ်ပြီးနောက် ပျော်စရာစကားတွေနဲ့ စနောက်ပါ။ လက်ဆောင်ပေးပါ။ ဒါမှမဟုတ် ရုပ်ရှင်ကြည့်ဖို့ ချိန်းဆိုပြီး ငြင်းခုန်ရန်ဖြစ်ခဲ့တာတွေကို ချေဖျက်လိုက်ပါ။

ငြင်းခုန်ရန်ဖြစ်ပြီဆိုရင် လင်ယောက်ျားဖက်က အရင်အပေးအယူ၊ သဘောတူညီမှုလုပ်ပါ။ လူတွေရဲ့ ဦးနှောက်မှာ ကြက်ဥလောက်ရှိတဲ့ "Limbic system"ဆိုတာရှိပါတယ်။ Limbic system က ခံစားချက်ထုတ်လွတ်ရာ နေရာဖြစ်တယ်။ မိန်းကလေးတွေရဲ့ Limbic systemက ယောက်ျားထက်ကြီးတယ်။ ဒါကြောင့် မိန်းကလေးတွေက ဘာကိစ္စမဆို ယောက်ျားတွေထက် ခံစားမှုပိုတတ်တယ်။ အကျိုးအကြောင်း ဆက်စပ်မတွေးတတ်ဘူး။ တကယ်လို့ အကျိုးကြောင်းရှင်းပြလည်း အသုံးမဝင်ခဲ့ဘူးဆိုရင် ယောက်ျားလေးတွေလုပ်ရမယ့် အကောင်းဆုံးအလုပ်က ဘာမှဆက်မပြောတော့ဘဲ သူ့ကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်တာပါပဲ။ စကားလုံးမဲ့ပွေ့ဖက်ခြင်းဟာ ချစ်စရာစကား ထောင်သောင်းပေါင်းများစွာထက် သာလွန်နိုင်ပါတယ်။

ငြင်းခုန်ရန်ဖြစ်တယ်ဆိုတာ အချင်းချင်း ထိခိုက်နာကျင်ဖို့ မဟုတ်ဘူးဆိုတာကို ကျွန်တော်တို့အမြဲ မှတ်သားထားရပါမယ်။ အချစ်က ကျွန်တော်တို့ဘဝကို အတူရှိစေခဲ့တယ်ဆိုရင် ဆက်ဆံပြောဆိုခြင်းက (Communication) ကျွန်တော်တို့ကို အိုမင်းတဲ့အထိ လက်တွဲခိုင်မြဲစေမှာဖြစ်ပါတယ်။


မူရင်း-- http://www.qncye.com/2010/0908/53914.html

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Tuesday, November 22, 2011

အင်တာနက်ပေါ်က ပုံပြင်တိုလေးများ


(၁)
စိတ္တဇဆေးရုံတစ်ရုံမှာ သူနာပြုဆရာမက လောင်းလှည့်လာတဲ့ဆရာဝန်ကို လူနာတစ်ယောက်ချင်းစီရဲ့ အခြေအနေကို ပြောပြနေတယ်။ အဲဒီမှာ လူနာတစ်ဦးက ဓာတ်ပုံတစ်ပုံကိုကိုင်ပြီး ငိုလိုက် နံရံကိုခေါင်းနဲ့တိုက်လိုက် လုပ်နေတယ်။

သူနာပြုဆရာမက "ဒီလူနာဟာ ဓာတ်ပုံထဲက ကောင်မလေးကို စွဲလမ်းနှစ်သက်ခဲ့တယ်။ သူဟာ နှိုးနေ၊ အိပ်နေလဲ ဓာတ်ပုံကို လက်ထဲကမချခဲ့ဘူး။ ကောင်မလေးက တခြားလူနဲ့ ယူသွားတော့ ကောင်မလေးစိတ်နဲ့ သူရူးသွားခဲ့တာပါပဲ"လို့ ရှင်းပြနေတုန်း တခြားအခန်းက လူနာတစ်ယောက်ကလည်း နံရံကို ခေါင်းနဲ့တိုက်နေတာ တွေ့လိုက်တယ်။

"ဒီလူနာကရော ဘယ်လိုဖြစ်တာလဲ?"

"သူက အဲဒီကောင်မလေးကို ယူလိုက်တဲ့ လူပဲဆရာ"

ပိုင်ဆိုင်ခြင်းနဲ့ ဆုံးရှုံးခြင်းမှာ လုံးဝဧကန်ဆိုတာ မရှိပါဘူး။


(၂)
ယင်ကောင်ဟာ သူ့ပုံစံက ပျားနဲ့တူတယ်ဆိုပြီး ဝမ်းသာနေခဲ့တယ်။ ပျားဟန်ဆောင်ပြီး ပန်းပွင့်တွေကို လိမ်လည်လှည့်စားမယ်၊ ပန်းဝတ်မှုန်တွေကို ခိုးယူမယ်လို့ သူဆုံးဖြတ်လိုက်တယ်။

ဒါပေမယ့် ယင်ကောင်ဟာ ပန်းတောထဲမှာ ခေါက်တုန့်ခေါက်ပြန် ဝဲပျံနေခဲ့တာ ကြာလှပေမယ့် ဘယ်ပန်းပွင့်ကမှ သူ့ကိုပြုံးပြတာ၊ ပွင့်လန်းပြတာကို မတွေ့ခဲ့ဘူး။ ဒါဟာ ဘာကြောင့်လဲဆိုပြီး သူနားမလည်လို့ ပျားကိုသွားမေးကြည့်တော့ ပျားက "နင့်အပြင်ပန်းက ငါနဲ့တူပေမယ့် နင်ဟာ ပျားမဟုတ်ခဲ့ဘူး။ ဒါကြောင့် ပန်းတောထဲမှာ နင်တစ်သက်လုံး ဝဲပျံနေလည်း ဘယ်ပန်းပွင့်ကမှ နင့်ကိုပျားလို့ သတ်မှတ်မှာ မဟုတ်ဘူး" လို့ ပြောလိုက်တယ်။

အပြင်ပန်းဆိုတာ တူလို့ရပေမယ့် အတွင်းစိတ်သဘောထားက အစားထိုးလို့ မရနိုင်ခဲ့ပါဘူး။


(၃)
တရုတ်၊ ရုရှား၊ ပြင်သစ်၊ ဂျာမဏီ၊ အီတလီ စတဲ့နိုင်ငံက လူတွေက သူတို့နိုင်ငံရဲ့ယဉ်ကျေးမှုကို အရက်နဲ့ထုတ်ဖော်ပြဖို့ ချိန်းဆိုလိုက်ကြတယ်။

တရုတ်က သူတို့ရဲ့နိုင်ငံ့အရက်လို့ တင်စားခံရတဲ့ အရက်စစ်စစ် Maotai အရက်ကို ထုတ်ပြတယ်။ ရုရှားက Vodka အရက်ကို ထုတ်ပြတယ်။ ပြင်သစ်က ရှန်ပိုင်၊ အီတလီက စပျစ်ဝိုင်၊ ဂျာမဏီက ဝီစကီတွေကို အသီးသီးထုတ်ပြတယ်။ အဲဒီအချိန်မှာ အမေရိကန်က အေးအေးဆေးဆေးပဲ သူတို့ထုတ်ပြတဲ့ အရက်တွေကို ဖန်ခွက်တစ်ခုထဲ နည်းနည်းချင်းစီသွန်ထည့်ပြီး ပြောလိုက်ပါတယ်။

"ဒါကို Cocktail လို့ခေါ်တယ်။ ဒါဟာ အမေရိကန်လူမျိုးရဲ့ စိတ်ဓာတ်ခွန်အားကိုပြတယ်။ ဆွဲဆောင်ခြင်းကိုပြတယ်၊ ဆန်းသစ်ထီထွင်ခြင်းကိုပြတယ်"

အောင်မြင်သူဆိုတာ တခြားလူထက် ပိုတတ်လို့မဟုတ်ဘူး။ တခြားလူရဲ့ထူးချွန်ထက်မြက်ခြင်းကို အသုံးပြုတတ်လို့ ဖြစ်တယ်။


(၄)
ယောက်ျားပျိုတစ်ယောက်ဟာ ရူခင်းသာတစ်နေရာမှာ လှပတဲ့မိန်းမပျိုတစ်ယောက်ကို တွေ့လိုက်မိတယ်။ အဲဒီနောက် သူဟာ မိန်းမပျိုနောက် တကောက်ကောက်လိုက်ခဲ့တော့တယ်။ နောက်ဆုံးမှာ မိန်းမပျိုက နောက်လှည့်ပြီး သူ့ကို အရဲစွန့်မေးလိုက်တယ်။

"ရှင် ဘာဖြစ်လို့ ကျွန်မနောက် တကောက်ကောက် လိုက်နေရတာလဲ?"

"မင်း အရမ်းချော၊ အရမ်းလှလို့ပါ။ မင်းလောက်ချောတဲ့လူ ငါမတွေ့ဖူးသေးဘူး။ ငါ့ချစ်သူလုပ်ပါလို့ တောင်းဆိုပါတယ်"

"ရှင်အခု နောက်ပြန်လှည့်ကြည့်.. ကျွန်မညီမကို တွေ့လိုက်မယ်။ သူက ကျွန်မထက်တောင် ပိုလှတယ်"

မိန်းမပျိုစကားကြားတာနဲ့ သူချက်ချင်းလှည့်ကြည့်လိုက်တယ်။ ဒါပေမဲ့ ဘယ်မိန်းမလှမှ သူမတွေ့မိလိုက်ပါဘူး။

"မင်း ဘာဖြစ်လို့ ငါ့ကိုလိမ်တာလဲ?"

"ရှင်ကသာ ကျွန်မကို လိမ်နေတာပါ။ တကယ်လို့ ကျွန်မကို ရှင်တကယ်နှစ်သက်ခဲ့ရင် ဘာဖြစ်လို့ ခေါင်းပြန်လှည့်ကြည့်ရသလဲ?"

မိန်းမပျိုက ပြောပြောဆိုဆို နေရာက လှည့်ထွက်သွားတော့တယ်။

လူတွေဟာ လက်ရှိပိုင်ဆိုင်ထားတာကို တန်ဖိုးမထားတတ်ကြဘူး။ ဒါဟာ တခြားလူအတွက်တင်မကာ ကိုယ့်ကိုယ်တိုင်အတွက်လည်း ရှုံးဆုံးမှုတစ်ရပ်၊ နစ်နာမှုတစ်ရပ်ဖြစ်ပါတယ်။ ဘဝမှာလည်း ဒီလိုပါပဲ... ရည်မှန်းချက် ပန်းတိုင်တွေကို ဟိုပြောင်းဒီပြောင်းလုပ်တာဟာ အချိန်ကုန် လူပမ်းတဲ့အပြင် ဘာအကျိုးမှလည်း မဖြစ်ထွန်းစေပါဘူး။


(၅)
ပြင်သစ်ဓာတုဗေဒပညာရှင် Louis Pasteurဟာ ပဲရစ်မြို့မှာကျင်းပတဲ့ အစည်းအဝေးကို တက်ရောက်လာခဲ့တယ်။ တည်းခိုဖို့ တည်းခိုခန်းတစ်ခုရောက်တော့ ဝန်ထမ်းက ပြင်ပြင်ဆင်ဆင် ဝတ်စားမထား၊ ပစ္စည်းများများစားစား မပါတဲ့ သူ့ကိုကြည့်ပြီး ဒါဟာ သာမန်ဧည့်သည်တစ်ဦးပဲဆိုပြီး သူ့ကို အလင်းရောင်မရတဲ့ အခန်းသေးတစ်ခန်းမှာ နေရာချထားပေးလိုက်တယ်။

နောက်မှ သူဟာ နာမည်ကြီး ပါမောက္ခတစ်ဦးဖြစ်တယ်ဆိုတာကို ဝန်ထမ်းသိလိုက်တော့ သူ့ကိုအခန်းပြောင်းပေးဖို့ စီစဉ်ပါတယ်။ ဝန်ထမ်းက "ဧည့်သည်ရဲ့ သဘောထားကြီးခြင်းနဲ့ရာထူးဂုဏ်ကို သူနဲ့အတူပါတဲ့ပစ္စည်းတွေနဲ့ အချိုးကျတယ်လို့ ကျွန်တော်ထင်လို့ အခုလိုအခန်းမျိုးပေးမိတာပါ။ ကျွန်တော်မှားသွားတယ်.. ကျွန်တော်တောင်းပန်ပါတယ်" လို့ဆိုပါတယ်။

ဒါကို Louis Pasteurကရယ်ပြီး "မဟုတ်သေးဘူး.. လူတစ်ယောက်ရဲ့ကြွားဝါခြင်းက သူ့ရဲ့အသိဉာဏ်နည်းခြင်းနဲ့ အချိုးကျတယ်လို့ ကျွန်တော်ထင်တယ်" လို့ ပြောလိုက်တယ်။

တကယ့် ခွန်အားရှိ၊ ပညာရှိသူတွေဟာ ကြွားဝါခြင်းနဲ့ သူတို့ရဲ့ရာထူးဂုဏ်ကို မမြင့်တင်တတ်ဘူး။


http://share.youthwant.com.tw/sh?id=31023508&do=D

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Sunday, November 20, 2011

သစ်ပင်နဲ့ ငှက်



ငှက်ကပြောတယ်... "ငါသွားတော့မယ်.... တောင်ဖက်အရပ်မှာ နေရာသစ်ရှာဖို့ သွားတော့မယ်"

"သွားပါ.. အဲဒီအရပ်က နင့်ကိုနွေးထွေးမှုတွေ ပေးလိမ့်မယ်။ ဒါပေမဲ့ ဒီနေရာမှာ နွေးထွေးတဲ့ငါ့ရင်ခွင် အမြဲရှိနေတယ်ဆိုတာကို နင်မမေ့ပါနဲ့" လို့ သစ်ပင်က မျက်ရည်အရွဲသားနဲ့ပြောတယ်။

ငှက်သွားလိုက်ပါပြီ....
သစ်ပင်က နွေဦးရာသီရဲ့ရောက်အရာကို စောင့်နေခဲ့တယ်။ နွေဦးနဲ့အတူ ငှက်ပြန်လာမယ်ဆိုတာကို သူယုံကြည်ထားလို့ဖြစ်တယ်။

ဒါပေမဲ့ အဲဒီနှစ်က ခါတိုင်းနှစ်ထက် နှင်းတွေပိုကျခဲ့တယ်။ သစ်ပင်ဟာ အေးစက်ခြင်း၊ အထီးကျန်ခြင်းထဲ အချိန်တော်တော်ကြာ လူးလှိမ့်ခံစားရင်း သေဆုံးသွားခဲ့တယ်။

"ဆောင်းရာသီတောင် ရောက်လာပြီပဲ.. နွေဦးရာသီ ဝေးနိုင်ဦးမလား?"

ဒီစကားကို သစ်ပင်သိချင်မှသိလိမ့်မယ်။ ဒါပေမဲ့ စောင့်မျှော်ခြင်းရဲ့တန်ဖိုးကို သူယုံကြည်ခဲ့တယ်။ နွေဦးရာသီက ချိန်းထားတာထက် နောက်ကျမှရောက်လာခဲ့တယ်။

ငှက်ပြန်လာပါပြီ.. ဒါပေမဲ့ သစ်ပင်ရဲ့အရိပ်အရောင်ကို သူမတွေ့ခဲ့ဘူး။ သစ်ငုတ်တိုလေးတစ်ခုကိုပဲ သူတွေ့ခဲ့တယ်။ သစ်ငုတ်ရင်းမှာ စာတချို့ကို ငှက်တွေ့လိုက်တယ်။

"ချစ်ခြင်းတွေ ဘယ်လောက်တာရှည်မယ်ဆိုတာ မသိပေမယ့်
အတူနေချိန်မှာ ပျော်ရွှင်ခဲ့ပါတယ်
သက်တမ်းနှစ် ပြည့်ချိန်နီးပြီမို့
နင့်ရဲ့လက်ကို ငါနောက်တစ်ကြိမ် ဆုပ်ကိုင်နိုင်တော့မှာ မဟုတ်ဘူး
ဒါပေမဲ့ နင့်အပြန်ကို ငါစောင့်နေခဲ့ပါတယ်...."

စာကို ငှက်ငြိမ်ငြိမ်ဆိတ်ဆိတ် ဖတ်နေမိတယ်။

ငှက်မှာ မျက်ရည်မရှိဘူးလို့ ဘယ်သူပြောမလဲ? လင်းလက်တဲ့နေရောင်အောက်မှာ ပြာလဲ့လဲ့ကောင်းကင်ကို သူမမြင်နိုင်ခဲ့ဘူး။ ဒီနှစ်ရဲ့ဆောင်းရာသီမှာ .. တောင်အရပ်ဆီ ငှက်ဆောင်းမခိုတော့ဘူး။ သစ်ငုတ်တိုဘေးမှာပဲ သူရှိနေခဲ့တယ်။ သူ့ကို သစ်ပင်လိုအပ်တယ်ဆိုတာကို သူသိလို့ဖြစ်တယ်။

လူတချို့ကပြောတယ်...
"ဒီသစ်ပင်ကို ခုတ်တုန်းက ထူးခြားတဲ့အသံကို ကြားရသတဲ့။ ဒါဟာ သစ်ပင်ရဲ့ငိုသံလို့ ပြောတယ်"
ဒါဟာ အချစ်အတွက် သစ်ပင်ရဲ့ကြေကွဲသံ၊ သစ်ပင်ရဲ့ နောက်ဆုံး ငိုညည်းသံပါလို့.........


မူရင်း -- http://www.duwenzhang.com/

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Friday, November 18, 2011

မညည်းတွားတဲ့ နေ့ရက်ဆီသို့


ဒီလိုအတွေ့အကြုံမျိုးကို လူတွေခံစားဖူးကြမယ် ထင်ပါတယ်။

သူငယ်ချင်းတွေနဲ့ ကော်ဖီဆိုင်တစ်ဆိုင်မှာ တွေ့ဆုံကြတယ်။ သာယာငြိမ့်ညောင်းတဲ့တေးသံတွေကို ခံစားရင်း ကော်ဖီကို အရသာခံသောက်နေတုန်း ဘေးခုံက တပျစ်တောက်တောက်ညည်းတွားသံတချို့က သင်တို့ရဲ့ပျော်ရွှင်ခြင်းတွေကို ဖျက်ဆီးလိုက်တယ်။ ဒါပေမဲ့ ဒီလိုအခြေအနေကို ဘာမှမလုပ်နိုင်ခဲ့ဘူး။ တကယ်တော့ မကျေမနပ်ညည်းတွားတဲ့အပြုအမူက သူတစ်ပါးရဲ့စိတ်ခံစားချက်ကို သက်ရောက်စေနိုင်သလို သူတစ်ပါးရဲ့အသိအမြင်၊ စိတ်နေစိတ်ထားကိုလည်း သက်ရောက်စေနိုင်ပါတယ်။ ဒါကြောင့် ညည်းတွားတတ်တဲ့အကျင့်ရှိခဲ့ရင် ခြေလှမ်းတွေကိုရပ်တန့်ပြီး ကိုယ်ဟာ ညည်းတွားတဲ့စက်ဝိုင်းထဲမှာ တဝဲဝဲလည်နေပြီလားဆိုတာ ကိုယ့်ကိုယ် ဆန်းစစ်စေချင်ပါတယ်။

နိုင်ငံခြားမှာပညာသင်ယူစဉ်က နီနီလို့ခေါ်တဲ့ သူငယ်ချင်းတစ်ယောက် ကျွန်မမှာရှိခဲ့တယ်။ နီနီဟာ မကျေမနပ်ညည်းတွားတာကို ဘဝရဲ့တစ်စိတ်တစ်ပိုင်းလို့ ခံယူထားသူဖြစ်တယ်။ ဒါဟာလည်း သူ့ကို သူငယ်ချင်း၊ အပေါင်းအသင်းနည်းစေတဲ့ အချက်ဖြစ်ခဲ့တယ်။ သူနဲ့ကျွန်မက သူငယ်ချင်း နောက်ပြီး သူ့သူငယ်ချင်းထဲမှာ ကျွန်မအပါအဝင် သူငယ်ချင်းနည်းနည်းပဲ ကျန်ခဲ့တော့မယ်ဆိုတာကို သတိထားမိတဲ့အချိန် သူ့ကို နေ့တိုင်း ညည်းတွားမနေစေသင့်တော့ဘူးလို့ ကျွန်မထင်လိုက်တယ်။

တစ်နေ့ညနေကျောင်းဆင်းတော့ သူငယ်ချင်းတချို့နဲ့ ကျောင်းစားသောက်ဆိုင်ကို ကျွန်မတို့ရောက်လာခဲ့တယ်။ သူငယ်ချင်းအားလုံး ထမင်းအတူထိုင်စားချိန်မှာ နီနီဟာ သူ့သဘာဝ စပြီး ညည်းတွားပါတော့တယ်။

"လီဇာကို နင်တို့သိလား? ဘေးခန်းက ကျောင်းသူလေ" နီနီရုတ်တရက် ပြောလိုက်ပါတယ်။

"သိတယ်... ကျောင်းမှာ နာမည်ကြီးစာရင်းဝင်တစ်ယောက်ပဲ" တခြားလူကိုချီးမွမ်းဖို့ သူနားလည်သွားပြီလို့ ကျွန်မထင်လိုက်တယ်။

"ဟုတ်လို့လား? သူနာမည်ကြီးတယ်လို့ ငါတော့မထင်မိဘူး! သူဟန်ဆောင်ပန်ဆောင်လုပ်လွန်းတယ်လို့ နင်မထင်ဘူးလား? စကားပြောရင် ပညာသားပါပါ ယဉ်ယဉ်ကျေးကျေးနဲ့ အဆင့်အတန်းမြင့်တဲ့ မိသားစုကပဲ မွေးလာသလိုလို မြင်ရသူကို အံ့အားသင့်စေတယ်။ ပြီးတော့ ရှိသေးတယ်... လူကိုတွေ့ရင် သူကစပြီး နှုတ်မဆက်တတ်ဘူး။ သူ့ကိုယ်သူ အထင်ကြီးလွန်းနေတာလား? သူ့မျက်လုံးက ငယ်ထိပ်ပေါ် တက်ပေါက်နေတာလား?" နီနီရဲ့အမူအရာက ပြောင်လှောင်သလိုနဲ့ လီဇာရဲ့မဟုတ်သတင်းကို အားရပါးရပြောနေပါတယ်။

"သူ့မှာ တကယ်အစွမ်းအစရှိလို့ပါ။ ကျောင်းစာမှာ အမှတ်ကောင်းတယ်၊ အားကစားမှာတော်တယ်၊ သီချင်းဆိုပြိုင်ပွဲမှာလည်း အဆင့်ချိတ်သေးတယ်" အဖြစ်တွေကို ကျွန်မညင်ညင်သာသာ ပြောတော့....

"ဘာ အထင်ကြီးစရာရှိလို့လဲ? သူ့ကိုငါ ကြည့်လို့ကို မရဘူး...."

နီနီက သူ့အထင်အမြင်ကို ၅မိနစ်တိတိ ထုတ်ဖော်ပြောနေချိန်မှာ သူငယ်ချင်းအသီးသီး ထထွက်သွားကုန်ကြတယ်။ ဒီလိုအဖြစ်မျိုး တစ်ခေါက်ပြီးတစ်ခေါက် ဖြစ်ပျက်ခဲ့ပါတယ်။ စစချင်းမှာ တခြားလူတွေထက် နီနီပိုညည်းတွားတတ်ရုံပဲလို့ ကျွန်မထင်ခဲ့တယ်။ ဒါပေမဲ့ အတန်းဖော်တွေ တဖြေးဖြေး သူ့ဆီကနေခွာသွားတော့ ဒီကိစ္စဟာ ပေါ့တန်တန်ကိစ္စမဟုတ်ဘူးဆိုတာကို ကျွန်မတအံ့တသြ သတိထားလိုက်မိတယ်။

"နီနီ... ငါက နင့်သူငယ်ချင်းလား?" သူ့စကားကို ကျွန်မရုတ်တရက်ဖြတ်ပြီး မေးလိုက်တယ်။

"ဟုတ်တယ်လေ.. ဘာဖြစ်လို့လဲ?"

"သူငယ်ချင်းတစ်ယောက်အနေနဲ့ နင့်ကိုငါ အကြံတစ်ခုပေးချင်တယ်။ အချိန်တော်တော်များများမှာ မကျေမနပ်နဲ့ နင်ညည်းတွားနေတယ်ဆိုတာကို နင်သတိပြုခဲ့မိလား? ဒါကြောင့် အတန်းဖော်တော်တော်များများက နင့်ရဲ့စကားတွေကို မနှစ်သက်ခဲ့ဘူး။ ဘဝမှာ ညည်းတွားတာတွေ မကျေမနပ်တာတွေများရင် နင့်လဲ မပျော်ရွှင်သလို တခြားလူတွေကိုလည်း သက်ရောက်စေတယ်။ ဒါကြောင့် နောက်တစ်ခါ နင်ညည်းတွားရင် ငါးမိနစ်မကျော်စေနဲ့လို့ ငါတို့ဂတိပြုမယ်၊ ဖြစ်လား?"

အညည်းအတွား ကြိုက်နှစ်သက်သူကို မညည်းတွားဖို့ပြောတာဟာ အင်မတန်ခက်ခဲကြောင်း ကျွန်မသိပါတယ်။ ဒါပေမဲ့ သူ့ကို ဒီအကျင့်ဆိုးတွေ ဖျောက်စေချင်ခဲ့ပါတယ်။

နီနီခေါင်းညိတ်ပြီး တိတ်ဆိတ်သွားခဲ့တယ်။

ကျွန်မရဲ့စကားတွေက နားကလော်ဖို့ကောင်းပေမယ့် သူ့ဘဝကို ညည်းတွားတာတွေနဲ့ ထပ်ရစ်နှောင်မထားဖို့ ကျွန်မတကယ်မျှော်လင့်ပါတယ်။

နီနီဟာ သူ့မှာ သူငယ်ချင်းတွေ တဖြေးဖြေးနည်းသွားတာကို သူ့ကိုယ်သူပဲ သတိထားခဲ့မိတယ်ထင်ပါရဲ့ ညည်းတွားတတ်တဲ့ သူ့အကျင့်ကို သူတဖြေးဖြေး စပြောင်းလဲပစ်ခဲ့တယ်။ အချိန်ကြာလာတာနဲ့အမျှ နီနီမှာ သူငယ်ချင်းတွေ ပြန်တိုးလာခဲ့ပါတယ်။

ကျောင်းပိတ်လို့ ထိုင်ဝမ်ပြန်မယ့် ရှေ့တစ်ညမှာ နီနီက ကျွန်မဆီလာပြီး "မကျေမနပ် မညည်းတွားတော့ ဘဝဟာလည်း ပိုပျော်ရွှင်လာတယ်။ နင့်ရဲ့အကြံကို ကျေးဇူးတင်ပါတယ်" လို့ ဆိုပါတယ်။

ညည်းတွားတယ်ဆိုတာ စိတ်ရဲ့ထွက်ပေါက်တစ်ခုပါ။
ညည်းတွားတယ်ဆိုတာ အမှန်တကယ်ရှိတာကို ကွေ့ရှောင်တဲ့ ထင်မြင်ချက်တစ်ခုပါ။
ညည်းတွားလို့ ရပါတယ်.. ဒါပေမဲ့ ဘဝတစ်သက်ကို ညည်းတွားတာနဲ့ အဆုံးမသတ်လိုက်ပါနဲ့။

တကယ်လို့ တစ်နေ့တာရဲ့ အချိန်တော်တော်များများကို ညည်းတွားတာ၊ မကျေနပ်တာတွေနဲ့ပဲ သင်ကုန်ဆုံးစေနေတယ်ဆိုရင် သင့်ခံစားချက်ကို သင်ထိန်းညှိဖို့ လိုနေပါပြီ။ ဒါဟာ သင် မသိမသာလုပ်မိနေတဲ့ အပြုအမူဖြစ်ရင်လည်းဖြစ်မယ်။ ဒါမှမဟုတ် သင်ကျင့်သားရသွားတဲ့ အပြုအမူလည်း ဖြစ်နိုင်ပါတယ်။


မူရင်း--- ထိုင်ဝမ်စာရေးဆရာမ Sunny doll (晴天娃娃)ရေးတဲ့ "အနာဂတ်အတွက် မျှော်လင့်ချက်(၄ဝ)"ဆိုတဲ့ စာအုပ်ထဲက ကောက်နှုတ်ထားတာ ဖြစ်ပါတယ်။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Thursday, November 17, 2011

ရာသီပြောင်းချိန်.........


ဆောင်းဦးရာသီကာလ အခုအချိန်ဟာ မြင်မြင်သမျှ လှပတဲ့ရာသီလေးပေါ့... သစ်ရွက်လေးတွေက နဂိုအစိမ်းရောင်ကို ချွတ်ပြီး ရောင်စုံအရောင်တွေ ကိုယ်စီဝတ်လိုက်ကြတော့ ပတ်ဝန်းကျင်တစ်ခုလုံးက အရောင်စုံပြီး လှပနေပါတယ်။ ဒီလို ရောင်စုံသစ်ရွက်ကြွေလေးတွေကို ကျွန်မအရမ်း သဘောကျတယ်။ တွေ့မိသမျှ ရောင်စုံသစ်ရွက်တွေကို ပါလေရာဖုန်းနဲ့ အမှတ်တရရိုက်ယူခဲ့ပါတယ်။ နောက်လဆိုရင် သစ်ပင်တွေအားလုံး ဂတုံးဖြစ်ပြီး သစ်ခြောက်ပင်အဖြစ်နဲ့ နှင်းဒဏ်ကိုခံကြရတော့မှာပါ။ နွေရာသီမဟုတ်ဘဲ သစ်ရွက်ကြွေရသလားလို့ ပြောခဲ့ရင် ကျွန်မလည်းမသိပါဘူး.. တကယ်ပါ ဒီမှာက ဆောင်းဦးရာသီမှာ သစ်ရွက်တွေ အကုန်ကြွေပါတယ်။ ထင်းရူးပင်တွေက လွဲလို့ပေါ့..........



နိုင်းနိုင်းစနေ


Share/Bookmark

Wednesday, November 16, 2011

တခြားသူအပေါ် လွှဲချလိုက်တဲ့အရာတွေ


အသန့်ကြိုက်တဲ့ ကောင်မလေးတစ်ယောက်ဟာ မနက်လင်းတာနဲ့ သူ့အိပ်ခန်းက မှန်ပြတင်းပေါက်ကို ပွတ်တိုက်သန့်ရှင်းနေခဲ့တာ ရက်တော်တော်ကြာနေခဲ့ပြီ။ ဒါပေမဲ့ သူဘယ်လိုပဲ ကြိုးစားပွတ်တိုက်လည်း မှန်ပေါ်မှာရှိတဲ့ အမည်းစက်တစ်စက်က မပြောင်နိုင်ဘဲရှိနေခဲ့တယ်။ အဲဒီအမည်းစက်တစ်စက်ကြောင့် မှန်ပြတင်းတစ်ခုလုံး ညစ်ပတ်တယ်လို့ သူထင်နေခဲ့တယ်။

အဲဒီအတွက်နဲ့ သူခေါင်းရှုပ်နေချိန်မှာ မိခင်ဖြစ်သူက သူ့အခန်းထဲဝင်လာတယ်။ မိခင်ကိုအကျိုးအကြောင်း သူပြောပြပြီး “အဲဒီအမည်းစက်က ဘယ်လိုတိုက်တိုက် တိုက်ရခက်လွန်းတယ်” လို့ ညည်းတော့တယ်။ အဲဒီစကားကိုကြားတော့ မိခင်ကရယ်ပြီး သမီးမျက်နှာပေါ်က မျက်မှန်ကိုချွတ်လိုက်တယ်။ တဆက်တည်းမှာပဲ “သမီး… အမည်းစက်က ဘယ်မှာရှိသလဲ သေချာကြည့်လိုက်ပါ” လို့ပြောတယ်။ တကယ်တော့ ကောင်မလေးက သူ့တပ်ထားတဲ့မျက်မှန်ပေါ်မှာ အမည်းစက်တစ်စက်ကပ်နေကြောင်းကို သတိမထားမိဘဲ ပြတင်းပေါက်မှန်ပေါ်မှာပဲ အမည်းစက်ရှိနေတယ်လို့ ထင်နေခဲ့တယ်။ အဲဒီအတွက် သူ့ကိုယ်သူရှက်မိပါတယ်။

မိခင်ရင်ခွင်ကခွာတာ သိပ်မကြာသေးတဲ့ ခိုတစ်ကောင်ဟာ သူ့အသိုက်ကိုသူ သပ်သပ်ရပ်ရပ် ပြင်ဆင်နေခဲ့တယ်။ ဒါပေမဲ့ သိပ်မကြာဘူး… သူ့အသိုက်မှာ အနံ့ဆိုးတချို့ရတယ်လို့ သူခံစားမိတယ်။ အဲဒီအနံ့ဆိုးကို သူမခံနိုင်ခဲ့ဘူး။ ဒီလိုနဲ့ နောက်အသိုက်တစ်ခုကို သူပြောင်းခဲ့တယ်။ ဒါပေမဲ့ ဒီအသိုက်သစ်မှာလည်း အနံ့ဆိုးကို သူရပြန်တယ်။ ဒီအတွက် ဘယ်လိုဖြေရှင်းရမှန်းမသိဘဲ သူခေါင်းခြောက်နေခဲ့တယ်။ နောက်ဆုံးမှာ သက်ကြီးခိုပညာရှိကို သူသွားရှာခဲ့ပြီး သူ့ဒုက္ခကို ပြောပြလိုက်တယ်။ ခိုပညာရှိက သူညည်းတွားတာတွေကို နားထောင်ပြီးနောက် “မင်း အသိုက်ပဲပြောင်းနေလဲ ဘာမှထူးလာမှာ မဟုတ်ဘူး။ မင်းသည်းမခံနိုင်တဲ့ အနံ့ဆိုးက မင်းအသိုက်ကလာတာမဟုတ်ဘဲ မင်းကိုယ်ပေါ်က ရနေတာမို့ပါ” လို့ ပြောလိုက်တယ်။

ဘဝမှာ ဒီလိုခပ်ဆင်ဆင်အဖြစ်မျိုးတွေ သင်မကြာခဏကြုံခဲ့ရပါသလား!

များသောအားဖြင့် ကျွန်တော်တို့ဟာ မကောင်းတဲ့အကျိုး၊ ရလဒ်တွေကို တခြားအရာ၊ တခြားလူအပေါ် ပုံချတတ်ကြပြီး ကိုယ်ကိုယ်တိုင်အပေါ်မှာ အဖြေရှာဖို့ကိုတော့ မေ့နေတတ်ကြတယ်။ တကယ်တော့ ဒါဟာ စိတ်ပညာဘာသာရပ်ကပြောတဲ့ အကျိုးအကြောင်းဆက်စပ်သက်ရောက်မှုဖြစ်တယ်။ အကျိုးအကြောင်းဆက်စပ် သက်ရောက်မှုဆိုတာ လေ့လာဆန်းစစ်သူတွေက အဆန်းစစ်ခံသူတွေရဲ့ ပြင်ပလှုပ်ရှားမှုနဲ့ အတွင်းစိတ်နေစိတ်ထားကို ဆင်ခြင်သုံးသပ်တာဖြစ်တယ်။


သာမန်အားဖြင့် လူတွေဟာ အပြုအမူတစ်ခု ပြုလုပ်ပြီးနောက် ကိုယ့်အပြုအမူကို ဘယ်လိုဖြေရှင်းချက် ထုတ်တတ်ကြသလဲ? တူညီတဲ့အပြုအမူတစ်ခုမှာ မတူတဲ့လူနှစ်ယောက်ရဲ့ ဖြေရှင်းချက်ကရော တူညီနိုင်မလား? လူတိုင်းရဲ့စည်းကမ်းတကျ လိုက်နာနိုင်မှုကရော တူသလား? မတူတဲ့အကြောင်းအရာက မတူတဲ့လူရဲ့အပြုအမူအပေါ် မတူတဲ့အကျိုးတွေ သက်ရောက်နိုင်သလား? ဒါတွေဟာ လူအများစိတ်ဝင်စားတဲ့ မေးခွန်းတွေဖြစ်တယ်။ စိတ်ပညာရှင်တွေကလည်း ဒီမေးခွန်းတွေအပေါ် ဆန်းစစ်မှုတွေ လုပ်ခဲ့ကြတယ်။ ဒီလိုနဲ့ အကျိုးအကြောင်း ဆက်စပ်သက်ရောက်မှုဆိုတဲ့ ဘောင်တစ်ခုပေါ်လာခဲ့တယ်။


သာမန်အားဖြင့် လူတွေဟာ အပြုအမူတစ်ခုကို အတွင်းစိတ်နဲ့ပြင်ပဆိုပြီး အကျိုးအကြောင်းပြကြတယ်။ ပြုမူသူကိုယ်တိုင်က ကိုယ်ပြုလုပ်လိုက်တဲ့အပြုအမူကို ပြင်ပက ဘေးရပ်ကြည့်သူအပေါ် ဒါမှမဟုတ် တခြားတစ်ယောက်ပေါ် အကြောင်းပြချက်ရှာတယ်။ ပြီးမှ အဲဒီအပြုအမူအပေါ် သက်ရောက်တဲ့ သူ့ရဲ့အတွင်းစိတ်ကို ဖော်ပြတယ်။


သာဓကအနေနဲ့ ပြရရင်--- စာမေးပွဲဖြေပြီးသွားတဲ့ မောင်မောင်ကို အမှတ်မကောင်းလို့ဆိုပြီး အမေဖြစ်သူက ဆူတယ်။ ဒါကို မောင်မောင်က.....

“ဒီတစ်ခေါက်ဖြေတဲ့ စာမေးပွဲက အရမ်းခက်လွန်းတယ်”၊
“ဖြေချိန် မလောက်လို့”၊
“စာမေးပွဲမှာပါမယ့် စာတွေကို သားပြန်မနွေးမိလို့” စတဲ့ ဆင်ခြေတွေပေးတယ်။ ဒါပေမဲ့ မောင်မောင်ရဲ့အမေက “နင် စာထဲစိတ်မပါလို့… စာတွေကောင်းကောင်းမလုပ်လို့” လို့ တပ်အပ်ပြောနိုင်တယ်။


မိန်းမဖြစ်သူ ပန်းကန်ဆေးနေတုန်း ရုတ်တရက် ပန်းကန်ပြုတ်ကျပြီး “ခွမ်း” ကနဲအသံမြည်သွားတယ်။ ဒါကို မိန်းမက “ပန်းကန်ပေါ်က ဆီတွေသိပ်များလို့ လက်ချော်သွားတာ”လို့ ယောက်ျားကိုညည်းပြတယ်။ ယောက်ျားက “ကြည့်ရတာ နင်နမော်နမဲ့လို့ဖြစ်မယ်” လို့ ရယ်ပြီးပြောတယ်။


ဒီသာဓကတွေအတိုင်း ဘဝမှာ ကျွန်တော်တို့အမြဲကြုံတွေ့ရတယ်။ ဒါတွေကိုကြည့်ချင်းအားဖြင့် ကျွန်တော်တို့ဟာ အပြစ်တွေ၊ တာဝန်တွေကို တခြားအရာပေါ်၊ တခြားသူပေါ် ပုံချတတ်ကြောင်း သိပ်ဖြေရှင်းစရာမလိုခဲ့ဘူး။ လမ်းပေါ်မှာ ကားငယ်လေးတစ်စီး ပျက်နေတယ်။ ကားမောင်းသူက လက်တပြပြနဲ့ တခြားကားတစ်စီးစီးက သူ့ကိုအကူအညီပေးဖို့ မျှော်လင့်နေတယ်။ ဒါပေမဲ့ ဘယ်ကားမှ မရပ်ခဲ့ဘူး။ ဒါကို လမ်းသွားလမ်းလာလူတချို့က “တစ်ယောက်ယောက်က သူ့ကိုသွားကူမယ်ဆိုတာသိလို့ ကျွန်တော်တို့လည်း သိပ်ဂရုစိုက်မနေတော့ဘူး” ဆိုတဲ့ စကားတစ်ခွန်းနဲ့ တာဝန်ကိုတခြားသူအပေါ် လွှဲချလိုက်တယ်။ အလုပ်မှာ သူဌေးက လုပ်ငန်းစဉ်ဇယားဆွဲထားတာ မသပ်ရပ်ဘူး၊ အစီအစဉ်မကျဘူးလို့ ဆူတယ်။ ဒါကို ဝန်ထမ်းတွေက သူ့ပေါ်၊ ကိုယ့်ပေါ်လွှဲချကြတယ်။ ပြဿနာကိုဖန်တီးတာ ကိုယ်မဟုတ်ဘူးလို့ လူတိုင်းထင်ကြတယ်။

တကယ်တော့ လောကကြီးအပေါ်မြင်တဲ့ လူတွေရဲ့အမြင်ကို ကျွန်တော်တို့ ထိန်းချုပ်လို့မရနိုင်ပါဘူး။ ဒါပေမဲ့ ကိုယ်ကိုယ်တိုင်ရဲ့ အပြုအမူကို ကျွန်တော်တို့ထိန်းချုပ်လို့ရနိုင်ပါတယ်။ ပြဿနာ၊ အခက်အခဲတွေ့ကြုံချိန်၊ စိတ်ညစ်ဝမ်းနည်းစရာတွေ့ကြုံချိန် ကိုယ့်ကိုယ်ပေါ်ကနေ အကျိုးအကြောင်းရှာတတ်ဖို့က အရေးကြီးပါတယ်။ ငါ အားစိုက်ထုတ်ခဲ့ပြီလား? ငါအစွမ်းကုန်ကြိုးစားခဲ့ပြီလားလို့ ကိုယ့်ကိုယ်ကိုမေးကြည့်ပါ။ အခက်အခဲဖြစ်ရတဲ့ အကြောင်းရင်းကိုရှာပါ။ ကိုယ့်ရဲ့ချွတ်ယွင်းချက်၊ မပြည့်ဝချက်လို့ အတွင်းစိတ်အကြောင်းပြချက်ကို အရင်ရှာပြီးမှ ပြင်ပအကြောင်းပြချက်ကို တွေးတောစဉ်းစားပါ။ ဒီလိုမှ ပြဿနာ၊ ကိစ္စရပ်တွေကို အခက်အခဲမရှိ အပြီးသတ် ဆုံးဖြတ်ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။

မူရင်း --
http://www.rs66.com/a/1/87/weishimewomenzongshijiangzerenguijiuyubieren_76729_2.html


နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Monday, November 14, 2011

ကိုယ်မသိတဲ့ အရာတချို့


နွေဦးရာသီမှာ ကလေးတွေဟာ အကြီးထွားမြန်သတဲ့

ကျားတွေက ရေကြိုက်သတဲ့

ဆင်တွေရဲ့ ကိုယ်ဝန်ဆောင်ကြာချိန်က ၂ နှစ်တဲ့

ပန်းတွေဟာ သီချင်းနားထောင်ရရင် ပိုကြီးထွားမြန်သတဲ့

ကိုလာဝက်ဝံတွေဟာ တစ်နေ့ကို ၂၂ နာရီကြာ အိပ်သတဲ့

သစ်ကုလားအုပ်တွေဟာ ၁၈လက်မလောက်ရှည်တဲ့လျှာနဲ့ ကိုယ့်နားရွက်ကို သန့်စင်သတဲ့

သွားလာတာ အနှေးကွေးဆုံးငါးက seahorse တဲ့


အရှည်ဆုံးစာအုပ်နာမည်မှာ စာလုံး ၆၇ဝလုံးပါသတဲ့

တချို့တီကောင်တွေက အစာရှာမရရင် ကိုယ့်ခန္ဓာကို ကိုယ်စားသတဲ့

တချို့ဝေလငါးတွေက ကိုယ့်ကိုယ်ကို သတ်သေတတ်သတဲ့


နှစ်ပတ်လောက် မအိပ်ရင် သေနိုင်သတဲ့

တစ်မိနစ်နမ်းရှုံ့တာဟာ ၂၆ကယ်လိုရီကို လောင်ကျွမ်းစေသတဲ့

အမျိုးသမီးတွေရဲ့နှလုံးခုန်နှုန်းက အမျိုးသားတွေထက် မြန်သတဲ့

သစ်ကုလားအုပ်ရဲ့လျှာက အမည်းရောင်တဲ့

ဆင်တွေက မှန်ထဲက ကိုယ့်ကိုယ် မှတ်မိသတဲ့


အကြီးဆုံး ခရုက ၉၁ cm ရှိသတဲ့

ရေမြင်းတွေရဲ့နို့ရည်က ပန်းရောင်တဲ့


အနီရောင်က လူကိုဗိုက်ဆာစေသတဲ့

အင်တာနက်ပေါ် ရှာဖွေတွေ့ရှိတာတွေပါ။ "မသိလည်း ဘာမှမဖြစ်ဘူး။ သိရင်တော့ ကောင်းတယ်"လို့ ဆိုထားပါတယ်။ တချို့ရေးထားတာတွေက ဟုတ်မှဟုတ်ပါ့မလားဆိုပြီး ဂူဂယ်လ်မှာ ရှာကြည့်လိုက်သေးတယ်။


မျှဝေပါတယ်...

နိုင်းနိုင်းစနေ


Share/Bookmark

Saturday, November 12, 2011

အင်တာနက်ပေါ်က ပုံပြင်တိုလေးများ


(၁)
တစ်ခါက ဘုရင်ကြီးတစ်ပါးဟာ သားတော်(၁ဝ)ပါးထဲကနေ အမွေဆက်ဆံသူတစ်ယောက်ကိုရွေးဖို့ ဆုံးဖြတ်လိုက်တယ်။ ဘုရင်ကြီးဟာ ပညာရှိမှူးမတ်တစ်ဦးနဲ့ နှစ်ကိုယ်ကြားတိုင်ပင်ပြီး လမ်းဘေးဝဲယာမှာရေရှိတဲ့ လမ်းတစ်ခုပေါ် ကျောက်တုံးကြီးတစ်တုံးကို ချထားလိုက်တယ်။ အဲဒီလမ်းပေါ်ဖြတ်လျှောက်သူတိုင်းဟာ ကျောက်တုံးပေါ် ကျော်တက်မလား! ကျောက်တုံးကို ဘေးဖယ်မလား! ကျောက်တုံးကို ကွေ့ပတ်မလား! ကျောက်တုံးကြီးရဲ့အတားအဆီးကို ခံကြရမှာဖြစ်တယ်။

ဘုရင်ကြီးက သားတော်တွေခေါ်ပြီး မှူးမတ်ဆီကို
လျှို့ဝှက်စာတစ်စောင်ပို့ဖို့ အဲဒီလမ်းကို ဖြတ်စေခဲ့ပါတယ်။ မင်းသားတွေက ဘုရင်ကြီးရဲ့အမိန့်အတိုင်း မှူးမတ်လက်ထဲကို စာအရောက်ပို့ခဲ့ကြတယ်။

ဘုရင်ကြီးက "ချစ်သားတို့.. အဲဒီလမ်းကို ဘယ်လိုကျော်ဖြတ်ခဲ့ကြသလဲ?" လို့မေးတော့....

သားတော်တစ်ဦးက "ကျောက်တုံးကြီးပေါ် ဖြတ်ကျော်သွားခဲ့ပါတယ်"

နောက်သားတော်တစ်ဦးက "လှေလှော် ဖြတ်ကျော်ခဲ့ပါတယ်"

သားတော်တချို့က "ရေထဲဆင်းကူးပြီး ဖြတ်ကျော်ခဲ့ပါတယ်" လို့ဖြေခဲ့ကြတယ်။

သားတော်အငယ်ဆုံးက "လမ်းအတိုင်း သွားခဲ့ပါတယ်" လို့ဖြေတော့ ဘုရင်ကြီးက "လမ်းမှာ ကျောက်တုံးကြီး ကာဆီးမထားဘူးလား?" လို့ ပြန်မေးပါတယ်။

"ကျောက်တုံးကို သားတော် အားစိုက်တွန်းလိုက်တာနဲ့ ကျောက်တုံးကြီးက ချောင်းထဲကျသွားပါတယ်"

"ဒီလောက်ကြီးတဲ့ကျောက်တုံးကို လက်နဲ့တွန်းဖို့ သားတော်ဘယ်လိုစဉ်းစားခဲ့သလဲ?"

"သားတော်က ကြိုးစားပြီးတွန်းကြည့်ရုံပါ.. ဒါပေမဲ့ တွန်းလိုက်တာနဲ့ ကျောက်တုံးက ရွေ့သွားပါတယ်"

တကယ်တော့ ဘုရင်ကြီးက မှူးမတ်နဲ့တိုင်ပင်ပြီး ပေါ့တဲ့အရာဝတ္ထုနဲ့ "ကျောက်တုံးကြီး"ကို ဖန်တီးခဲ့တာဖြစ်ပါတယ်။ ရာဇဝင်ပုံပြင်တွေထဲက အတိုင်းပါပဲ... နောက်ဆုံးမှာ ကြိုးစားအားထုတ်လိုစိတ်ရှိတဲ့ သားတော်ငယ်လေးကပဲ ဘုရင်ရဲ့အမွေကို ဆက်ခံခဲ့ပါတယ်။

ကိုယ့်ကံကြမ္မာကို တခြားလူလက်ထဲ ပုံအပ်တာ၊ တခြားတစ်ယောက်ဆီပုံအပ်ပြီး ကိုယ်က ဘာကြိုးစားအားထုတ်လိုစိတ်မှမရှိဘဲ တခြားလူကိုသာ ယုံကြည်တာဟာ အရမ်းအန္တရာယ်များပါတယ်။ ကိုယ့်ကံကြမ္မာကို ကိုယ်တိုင်ပဲဖန်ဆင်း၊ ကိုယ်တိုင်ပဲဖမ်းဆုပ်နိုင်ဖို့ သင်ယူတတ်ရပါမယ်။


(၂)
(၁၉၆ဝ)ခုနှစ်က ဟားဗပ်တက္ကသိုလ်ပါမောက္ခ Rosenthalဟာ ကယ်ရီဖိုးယားပြည်နယ်မှာရှိတဲ့ ကျောင်းတစ်ကျောင်းမှာ
ကျော်ကြားတဲ့ စမ်းသပ်မှုတစ်ခုကို ပြုလုပ်ခဲ့တယ်။

ကျောင်းစဖွင့်ချိန်မှာ Rosenthalဟာ ကျောင်းအုပ်ဆရာကြီးထံ ခွင့်ပန်ပြီး ဆရာ/ဆရာမသုံးဦးကို ရုံးခန်းထဲ စေလွှတ်စေခဲ့တယ်။ ဆရာ၊ ဆရာမတွေကို Rosenthalက "ပြီးခဲ့တဲ့နှစ်တွေထဲမှာ ခင်ဗျားတို့ဟာ ဒီကျောင်းက အထူးချွန်ဆုံးသင်ကြားနိုင်တဲ့ ဆရာ၊ ဆရာမတွေဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့ စီစစ်ရွေးချယ်ထားတဲ့ အထက်မြက်ဆုံးကျောင်းသား အယောက်(၁ဝဝ)ကို အတန်းသုံးတန်းခွဲပြီး ခင်ဗျားတို့ကို သင်ကြားခိုင်းမှာဖြစ်ပါတယ်။ ဒီကျောင်းသားတွေရဲ့ အသိဉာဏ်က တခြားကျောင်းသားတွေထက် မြင့်ပါတယ်။ သူတို့ဒီထက်အမှတ်ကောင်းအောင် ခင်ဗျားတို့ သင်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်" လို့ပြောတော့ ဆရာ၊ ဆရာမတွေက ဝမ်းသာအားရ "အတတ်နိုင်ဆုံး ကြိုးစားမယ်"လို့ ဆိုပါတယ်။

ကျောင်းအုပ်ဆရာကြီးကလည်း ဒီကျောင်းသားတွေကို တခြားကျောင်းသားတွေကို ဆက်ဆံသလိုပဲ သာမန်ဆက်ဆံရမယ်။ ကျောင်းသားနဲ့ ကျောင်းသားမိဘတွေကိုလည်း သူတို့ဟာ စီစစ်ရွေးချယ်ထားတဲ့ ကျောင်းသားဖြစ်ကြောင်း မသိစေရပါဘူးလို့ ဆရာ၊ ဆရာမတွေကို သတိပေးခဲ့ပါတယ်။

တစ်နှစ်နေပြီးနောက် အဲဒီအတန်းသုံးတန်းက ကျောင်းသားတွေက တစ်ကျောင်းလုံးရဲ့ရှေ့ဆုံးမှာ ရှိနေခဲ့တယ်။ ဒီအချိန်ကျမှ ကျောင်းအုပ်ဆရာကြီးက ဆရာ၊ ဆရာမတွေကို အဖြစ်မှန်ပြောပြပါတယ်။ တကယ်တော့ ဒီကျောင်းသားတွေဟာ တမင်စီစစ်ရွေးချယ်ခဲ့တဲ့ ထက်မြက်ကျောင်းသားတွေ မဟုတ်ပါဘူး။ ကျောင်းသားတွေထဲက ရရာ ရွေးကောက်ယူလိုက်တဲ့ သာမန်ကျောင်းသားတွေပဲဖြစ်တယ်။

ဒီလိုဖြစ်မယ်လို့ ထင်မှတ်မထားခဲ့တဲ့ ဆရာ၊ ဆရာမတွေက သူတို့ရဲ့သင်ပြမှု အဆင့်မြင့်တယ်လို့ပဲ မှတ်ယူခဲ့ကြတယ်။

ကျောင်းအုပ်က နောက်အဖြစ်မှန်တစ်ခုကို ပြောပြပြန်တယ်။ တကယ်တော့ ဆရာ၊ ဆရာမတွေကို တစ်ကျောင်းလုံးထဲက အထူးချွန်ဆုံးကို ရွေးထုတ်ခဲ့တာ မဟုတ်ပါဘူး။ ရရာ ရွေးကောက်ယူလိုက်တဲ့ သာမန်ဆရာ၊ ဆရာမတွေပဲဖြစ်ပါတယ်။

လောကမှာ မွေးရာပါ ဉာဏ်ကြီးရှင်၊ ပါရမီရှင်ဆိုတာ မရှိခဲ့ပါဘူး။ တကယ်တော့ ဉာဏ်ကြီးရှင်၊ ပါရမီရှင်ဆိုတာ ကိုယ့်ရဲ့ကြိုးစားမှုမှာပဲ မူတည်ပါတယ်။ ခန္ဓာကိုယ်ထဲ တိမ်မြှုပ်နေတဲ့စွမ်းရည်တွေကို ထုတ်ဖော်ပြီး ကိုယ့်ကံကြမ္မာကို ပြောင်းလဲတာပဲဖြစ်တယ်။ မလုပ်နိုင်ဘူး၊ မဖြစ်ပါဘူးဆိုသူတွေက ကိုယ့်ခန္ဓာကိုယ်ထဲက စွမ်းရည်တွေကို ထုတ်မသုံးဘဲ ဆက်လက်တိမ်မြှုပ်ထားစေတာပဲဖြစ်တယ်။


(၃)
တစ်ခါက ငါးပြတိုက်တစ်ခုမှာ...
ပြတိုက်ကို အလည်လာသူတစ်ဦးက ပြတိုက်အုပ်ချုပ်ရေးမှူးကို မေးတယ်။

"ဒီ ငါးမန်း ဘယ်လောက်ကြီးနိုင်သလဲ?"

"ဒါက ခင်ဗျားရဲ့ ငါးကန်ပေါ်မူတည်ပါတယ်"

"ငါးကန်လောက် ကြီးနိုင်သလား?"

"ငါးကန်ထဲမှာဆိုရင် ငါးကန်ရဲ့အကြီးအငယ်နဲ့ ငါးမန်းအကန့်သတ်ခံထားရပါတယ်။ ပင်လယ်ထဲမှာဆိုရင်တော့ ငါးမန်းတွေဟာ ခြင်္သေ့တစ်ကောင်ကိုမြိုနိုင်တဲ့ထိ ကြီးနိုင်ပါတယ်"

ပတ်ဝန်းကျင်က လူတစ်ယောက်ရဲ့အတွေးအမြင်ကို ပြောင်းလဲစေနိုင်ပါတယ်။ ပန်ဝန်းကျင်က လူရဲ့တွေးတောခြင်းကို ကန့်သတ်နိုင်သလို လူကလည်း ကိုယ့်ရဲ့တွေးတောခြင်းကို ကိုယ်တိုင်ကန့်သတ်နိုင်ပါတယ်။ ကိုယ့်ကိုယ်ကို ဘောင်ခတ်မထားပါနဲ့။ ပတ်ဝန်းကျင်ကို မပြောင်းလဲနိုင်ခဲ့ရင် ကိုယ့်ကိုယ်တိုင် ပြောင်းလဲခြင်းက စတင်နိုင်ပါတယ်။


အင်တာနက်ပေါ် ဖတ်မိတဲ့ ပုံပြင်တိုတွေကို ဘာသာပြန်ခံစားပါတယ်။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Friday, November 11, 2011

သူရဲကောင်း မဖြစ်ချင်သူ


သမီးကို သူငယ်ချင်းတွေက "အဆင့်၂၃"လို့ ခေါ်ကြတယ်။ သမီးတို့အခန်းမှာ အတန်းသားပေါင်း(၅ဝ)ရှိတယ်။ စာမေးပွဲဖြေတိုင်း အဆင့်၂၃မှာ သမီးအမြဲတမ်း ရှိနေခဲ့တယ်။ ကြာလာတာနဲ့အမျှ အဆင့်၂၃ဆိုတဲ့အခေါ်ဟာ သမီးရဲ့နာမည်ပြောင်တစ်ခုဖြစ်လာခဲ့သလို သမီးကလည်း အလယ်အလတ်ကျောင်းသူအဆင့်မှာပဲ ရှိနေခဲ့တယ်။ ဒီအခေါ်က ကျွန်မတို့နားထဲ အဝင်ရခက်ပေမယ့် သမီးကတော့ ကျေကျေနပ်နပ် လက်ခံပါတယ်။

ကုမ္ပဏီက ပွဲပျော်ရွှင်ပွဲမှာပဲဖြစ်ဖြစ်၊ သူငယ်ချင်းဟောင်းတွေနဲ့ မိတ်ဆုံစားပွဲမှာပဲဖြစ်ဖြစ် တခြားမိသားစုတွေက သူတို့ရဲ့ "စူပါ့"သားသမီးတွေအကြောင်း ဂုဏ်ယူဝင့်ကြွားပြောတဲ့အခါ သူကတော့ နှုတ်ဆိတ်နေရကြောင်း ကျွန်မအမျိုးသားက မကြာခဏညည်းပါတယ်။ တခြားလူရဲ့သားသမီးတွေက ကျောင်းစာမှာထူးချွန်ကြသလို တခြားအရာတွေမှာလည်း ထက်မြက်ကြတယ်။ ကျွန်မတို့အိမ်က "အဆင့်၂၃သမီးလေး"မှာတော့ ဂုဏ်ယူဝင့်ကြွားဖို့ ဘာမှမရှိခဲ့ပါဘူး။

ပျော်ပွဲရွှင်ပွဲတွေမှာ အတတ်ပညာအမျိုးမျိုးနဲ့ ဖော်ထုတ်ပြတတ်ကြတဲ့ ကလေးတွေကို
သူအားကျကြောင်း ကျွန်မအမျိုးသားက ပြောပါတယ်။ သတင်းမှာ (၉)နှစ်အရွယ်ကလေး တက္ကသိုလ်ကျောင်းတက်ကြောင်းကို ကြေညာတော့ သူကြေကွဲစွာနဲ့ "သမီးက ဘာဖြစ်လို့ သူတို့လို ထူးခြားတဲ့ကလေး မဟုတ်ရတာလဲ?" လို့မေးတော့ သမီးက "ဖေဖေက ထူးခြားတဲ့ဖေဖေ မဟုတ်လို့ပေါ့"လို့ ပြန်ဖြေတယ်။ သားအဖနှစ်ယောက်ရဲ့ စကားကိုကြားတော့ ကျွန်မရယ်မိတယ်။

အထိမ်းအမှတ်နေ့တစ်နေ့မှာ ဆွေမျိုးအပေါင်းဖော်တွေစုပြီး ကျွန်မတို့ ပျော်ပွဲရွှင်ပွဲပြုလုပ်ခဲ့တယ်။ စကားစမြည်းတွေပြောကြရင်းက သူ့သားသမီး၊ ကိုယ်သားသမီးအကြောင်းနား ရောက်ကုန်တော့ ကလေးတွေကိုခေါ်ပြီး သူတို့ရည်မှန်းချက်အကြောင်း ပြောခိုင်းကြတယ်။

ကလေးတွေက စန္ဒယားပညာရှင်၊ ရုပ်ရှင်မင်းသား၊ နိုင်ငံရေးခေါင်းဆောင် စတဲ့ သူတို့ရဲ့ရည်မှန်းချက်ကို ပြောပြကြတယ်။ (၄)နှစ်ခွဲအရွယ် သမီးလေးတစ်ယောက်ကတောင် ကြီးလာရင် တီဗီအစီအစဉ် တင်ဆက်သူလုပ်မယ်ဆိုလို့ လူတွေက လက်ခုပ်တီးခဲ့ကြတယ်။

ကျွန်မရဲ့(၁၂)နှစ်သမီးလေးကတော့ သူ့ဘေးက မောင်ငယ်၊ ညီမငယ်တွေကို ပုဇွန်ခွာပေးလိုက်၊ ထမင်းဟင်းခွံပေးလိုက်နဲ့ သူ့ရည်မှန်းချက်ကို ပြောဖို့တောင် မအားလပ်ခဲ့ပါဘူး။

ကိုယ့်ရည်မှန်းချက်ကို မဖြေသူထဲမှာ သမီးတစ်ယောက်ပဲကျန်တာကို အားလုံးသတိထားမိတော့ သူ့ကို အတင်းအကျပ်မေးကြတယ်။ တလေးတစားနဲ့ သူ ပြန်ဖြေခဲ့ပါတယ်။

"ကြီးလာရင် သမီးဖြစ်ချင်တဲ့ ပထမရည်ရွယ်ချက်က မူကြိုကျောင်းမှာ ဆရာမလုပ်ဖို့ပါ။ ကလေးတွေနဲ့ ဆိုမယ်၊ ကမယ်၊ ကစားမယ်"

လူကြီးတွေက သူ့ရည်ရွယ်ချက်ကို အားတုံ့အားနာလက်ခံကြပြီး ဒုတိယရည်ရွယ်ချက်ကို အလျင်စလို မေးကြပြန်တယ်။

"သမီးရဲ့ဒုတိယရည်ရွယ်ချက်က မီးဖိုချောင်ခါးစည်းလေးပတ်ပြီး မီးဖိုထဲဝင်ချက်ပြုတ်တဲ့ အိမ်ရှင်မ ဖြစ်ချင်ပါတယ်။ ကိုယ့်သားသမီးတွေကို ပုံပြင်ပြောပြမယ်။ သူတို့လေးတွေနဲ့ ဝိုင်းဖွဲ့ပြီး ဝရံတာမှာ ကြယ်လေးတွေကို ငေးမောမယ်"

သမီးရဲ့စကားကိုကြားတော့ ဆွေမျိုးတွေက တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ဘာပြောရမှန်းမသိ ဖြစ်ကုန်ကြတယ်။ သူ့ဖေဖေ ကျွန်မအမျိုးသားကတော့ နေရထိုင်ရ ခက်နေတာပေါ့။

အိမ်ပြန်ရောက်တော့ "သမီးကို မူကြိုကျောင်းဆရာမနဲ့ပဲ ငါတို့ကျေနပ်ရတော့မလား? အလယ်အလတ် ကျောင်းသူအဆင့်နဲ့ပဲ ငါတို့ ဒီအတိုင်းကြည့်နေရတော့မလား"လို့ အမျိုးသားက သက်ပြင်းတချချနဲ့ ညည်းပါတယ်။

တကယ်တော့ ကျွန်မတို့လည်း အကြံဉာဏ်အမျိုးမျိုးသုံးပြီး သမီးအဆင့်တက်အောင် လုပ်ခဲ့ပါတယ်။ အိမ်မှာ ဆရာမခေါ်သင်တာ၊ အချိန်ပိုတက်စေတာ၊ လိုအပ်တဲ့ အမျိုးမျိုးသောစာအုပ်တွေကို ဝယ်ခဲ့ပါတယ်။ သမီးကလည်း လိမ္မာပြီး ကျွန်မတို့စကားကို နားထောင်ခဲ့ပါတယ်။ ကာတွန်းစာအုပ်လည်း မဖတ်တော့ပါဘူး။ စက္ကူတွေနဲ့ ပန်းတွေမညှပ်တော့ပါဘူး။ နေ့လယ်နေ့ခင်း တရေးတမောလည်း မအိပ်တော့ပါဘူး။

သမီးဟာ အမောပန်းလွန်တဲ့ ငှက်ကလေးတစ်ကောင်လို ဒီသင်တန်းကနေ ဟိုသင်တန်း၊ ဒီစာအုပ်ကနေ ဟိုစာအုပ် မနားမနေလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ကလေးတစ်ယောက်ရဲ့ကိုယ်ခံအားက ဒါတွေကို မခံနိုင်တော့ သမီးလေး အပြင်းဖျားခဲ့ပါတယ်။ ဆေးတွေသွင်း ကုတင်ပေါ်လဲနေရသည့်တိုင် တောင့်ခံပြီး ကျောင်းစာတွေကို သူလုပ်ခဲ့လို့ နောက်ဆုံးမှာ အဆုတ်ရောင်ရောဂါပါ အဆစ်ရလိုက်တယ်။ ရောဂါပျောက်တော့ သမီးရဲ့ဝဝလုံးလုံး မျက်နှာက တဝက်လောက် ပိန်ကျသွားခဲ့တယ်။ စာမေးပွဲဖြေတော့လည်း သမီးရဲ့အဆင့်က(၂၃)က မတက်ခဲ့တော့ ကျွန်မတို့မှာရယ်ရမလို ငိုရမလိုဖြစ်ခဲ့ကြတယ်။

သမီးအတွက် အာဟာရတွေတိုး၊ အားပေးမှုတွေတိုးပြီး ကျွန်မတို့ ကြိုးစားစမ်းသပ်ခဲ့ပါတယ်။ ဒါပေမဲ့ သမီးရဲ့မျက်နှာက ပိုပြီးဖြူဖပ်လျော့ရဲလာခဲ့တဲ့အပြင် စာမေးပွဲဆိုတဲ့အသံကြားတာနဲ့ အစာစားမဝင်၊ အိပ်မပျော်တော့ဘဲ ချွေးစီးပါပြန်လာတတ်ပါတယ်။ အဲဒီနောက်တော့ အတန်းထဲကအဆင့်(၃၃)အဖြစ်နဲ့ ကျွန်မတို့ကို ဆွံအသွားစေခဲ့ပါတယ်။

နောက်ဆုံးမှာ ကျွန်မနဲ့ကျွန်မအမျိုးသားက တက်တက်ကြွကြွလုပ်ခဲ့တဲ့ ပျိုးပင်သန်မာကြီးထွားရေးလှုပ်ရှားမှုကို အသံတိတ် ရပ်နားလိုက်တော့တယ်။ သမီးလေးကို ပုံမှန်ပြန်ဖြစ်လာအောင် ကာတွန်းဆွဲတဲ့အခွင့်အရေး ပြန်ပေးလိုက်တယ်။ "ကလေးရုပ်စုံစာစောင်"တွေ ဖတ်ခွင့်ပေးလိုက်တယ်။ အိမ်တစ်အိမ်လုံး ရက်အတန်ကြာ တိတ်ဆိတ်ငြိမ်သက်သွားခဲ့ပါတယ်။ သမီးလေးရဲ့အဖြစ်ကိုကြည့်ပြီး ကျွန်မတို့ရင်နာသနားမိပေမယ့် သူ့အမှတ်၊ သူ့အဆင့်အတွက် ကျွန်မတို့သက်ပြင်းချခဲ့ရပါတယ်။

ရုံးပိတ်ရက်မှာ အဖော်တစ်သိုက်နဲ့ ကျွန်မတို့ ပျော်ပွဲစားထွက်ခဲ့ကြတယ်။ လူတိုင်းက ကိုယ်အပိုင်ဆုံး အစားအသောက်တွေ လုပ်ပြီး သားသမီး၊ လင်ယောက်ျားတွေပါခေါ်ခဲ့ကြတယ်။ တစ်လမ်းလုံး ပျော်ပျော်ပါးပါး၊ သူ့သားမီးက သီချင်းဆို၊ ကိုယ့်သားသမီးက ကနဲ့ ပျော်ခဲ့ကြတယ်။

ကျွန်မရဲ့သမီးကတော့ မိဘတွေကိုမျက်နှာ မပွင့်စေခဲ့ပါဘူး။ တခြားကလေးတွေ ကတာဆိုတာကိုပဲ ဘေးကနေ လက်ခုပ်တီးအားပေးနေခဲ့ပြီး မကြာခဏဆိုသလို အစားအစာထားရာကို ပြေးသွားပြီး စောင်းသွားတဲ့ ပန်းကန်တွေကို လိုက်စီလိုက်၊ အချိုရည်ဖုံးတွေ လိုက်ဖုံးလိုက်၊ ဟင်းရည်ပေနေတဲ့ စားပွဲခုံကို သုတ်လိုက်ဆိုသလို သူ့ဟာနဲ့သူ အိမ်ရှင်မလေးတစ်ယောက်လို အလုပ်များနေခဲ့ပါတယ်။

ပျော်ပွဲစားနေတုန်း မတော်တဆမှုတစ်ခု ဖြစ်သွားခဲ့ပါတယ်။ ကလေးနှစ်ယောက်ပါ ... တစ်ယောက်က သချာင်္စူပါ၊ နောက်တစ်ယောက်က အင်္ဂလိပ်စာစူပါ.. ဒီကလေးနှစ်ယောက်က ပန်းကန်ထဲက မုန့်တစ်ချပ်ကိုလုယူရင်း သူလည်း လက်မလွတ်နိုင်၊ ကိုယ်လည်း လက်မလွတ်ချင် ဖြစ်နေခဲ့ကြတယ်။ လူကြီးတွေက တခြားမုန့်တွေနဲ့ချော့လည်း ကလေးနှစ်ယောက်က ခေါင်းမာနေခဲ့တယ်။ နောက်ဆုံးမှာ သမီးလေးကပဲ ခေါင်းပန်းလှန်ပြီး တင်းမာတဲ့လုယက်ပွဲကို ပေါ့ပေါ့ပါးပါး အဆုံးသတ်ပေးခဲ့ပါတယ်။

အိမ်အပြန်လမ်းမှာ ကားလမ်းပိတ်ကျပ်နေခဲ့လို့ ကလေးတချို့ မနေနိုင်၊ မထိုင်နိုင်ခဲ့တော့ပါဘူး။ အဲဒီကလေးတွေကို သမီးက ရယ်စရာဟာသတွေ တစ်ခုပြီးတစ်ခုပြောပြပြီး ထိန်းခဲ့ပါတယ်။ အဲဒီအပြင် အစားအစာထုပ်တဲ့ ရောင်စုံစက္ကူတွေကို အသုံးပြုပြီး တိရစ္ဆာန်ပုံလေးတွေ သမီးညှပ်ပေးတော့ ကလေးတစ်သိုက် ပျော်ရွှင်ဝမ်းသာခဲ့ကြတယ်။ အိမ်ပြန်ရောက် ကားပေါ်ဆင်းကြတော့ ကလေးတိုင်းရဲ့လက်ထဲမှာ အရုပ်လေးတွေ ကိုယ်စီကိုင်လို့.... သမီးကိုကျေးဇူးတင်ကြောင်း အထပ်ထပ်ပြောတဲ့ စကားကိုကြားတော့ သူ့ဖေဖေ ကျွန်မအမျိုးသားက ဂုဏ်ယူဝင့်ကြွားဟန်နဲ့ ပြုံးမိခဲ့ပါတယ်။

စာမေးပွဲတွေဖြေပြီးနောက် သမီးအတန်းပိုင်ဆီက ကျွန်မတို့ဖုန်းရခဲ့တယ်။ ပထမဆုံးသိရတာက သမီးလေးရဲ့အဆင့်ဟာ အလယ်အလတ်မှာပါပဲ။ ဒါပေမဲ့ ထူးဆန်းတဲ့အရာတစ်ခု သူပြောပြချင်တယ်လို့ အတန်းပိုင်ဆရာမက ပြောပါတယ်။ ဒါဟာ သူ့စာသင်သက် အနှစ်(၃ဝ)အတွင်းမှာ ပထမဆုံးကြုံရတဲ့ အထူးအဆန်းပါတဲ့။ အဲဒါကတော့ စာမေးပွဲဖြေတဲ့ ဘာသာရပ်တစ်ခုမှာ အပိုမေးခွန်းတစ်ခု သူထည့်မေးခဲ့တယ်။ အဲဒီမေးခွန်းက "ဒီအတန်းထဲမှာ ဘယ်သူကို အနှစ်သက်ဆုံးလဲ? ဘာကြောင့်လဲ?" ဆိုတာပဲဖြစ်တယ်။

သမီးကလွဲလို့ တစ်တန်းလုံးက အဲဒီမေးခွန်းမှာ သမီးရဲ့နာမည်ကိုရေးခဲ့ကြတယ်လို့ အတန်းပိုင်ကပြောပါတယ်။ သမီးနာမည်ရေးရတဲ့ အကြောင်းရင်းတချို့က --- ကူညီတတ်လို့၊ ယုံကြည်စိတ်ချရလို့၊ စိတ်မဆိုးတတ်လို့၊ ပေါင်းသင်းရတာလွယ်လို့ စတာတွေဖြစ်တယ်။ အများဆုံးရေးကြတဲ့ အကြောင်းရင်းက-- ပျော်ပျော်နေတတ်ပြီး ရယ်စရာတွေ ပြောတတ်လို့ဖြစ်တယ်။ ကျောင်းသားအများက သူ့ကိုအတန်းခေါင်းဆောင် တင်မြှောက်ဖို့ တောင်းဆိုကြောင်း အတန်းပိုင်ဆရာမက ပြောပါတယ်။

"ရှင်တို့ရဲ့သမီးလေးက ကျောင်းစာမှာ သာမန်အဆင့်ပဲဆိုပေမယ့် ပေါင်းသင်းဆက်ဆံရေးမှာတော့ ထက်မြက်ထူးချွန်လှပါတယ်" လို့ ဆရာမက ပြောပါတယ်။

ကျွန်မက သမီးလေးကို "သမီးလေး...အတန်းထဲမှာ သူရဲကောင်းဖြစ်တော့မယ်"လို့ စနောက်တော့ ဆွယ်တာထိုးနေတဲ့သမီးလေးက ခေါင်းငဲ့စဉ်းစားပြီး စိတ်ပါပါနဲ့ပြောပါတယ်။

"ဆရာမက ပြောဖူးတယ်.... သူရဲကောင်းတွေ လမ်းဖြတ်လျှောက်သွားတဲ့အခါ ဘေးကနေ လက်ခုပ်တီးပေးတဲ့လူရှိရမယ်တဲ့.... မေမေ သမီး သူရဲကောင်းမဖြစ်ချင်ဘူး။
ဘေးကနေပြီး လက်ခုပ်တီးပေးတဲ့လူပဲ ဖြစ်ချင်တယ်" လို့ ညင်ညင်သာသာနဲ့ ပြောတော့ သမီးရဲ့စကားကိုကြားတော့ ကျွန်မတစ်ချက် တုန်လှုပ်သွားပြီး သမီးကို အကဲခတ်ကြည့်လိုက်တယ်။

သမီးက ငြိမ်ငြိမ်သက်သက်နဲ့ ပန်းနုရောင်သိုးမွှေးချည်ကို အပ်နှစ်ချောင်းလဲ ကျွမ်းကျင်စွာထိုးနေခဲ့တယ်။ အချိန်တစ်စက္ကန့် တစ်စက္ကန့်တိုင်းလို သိုးမွှေးချည်တွေဟာ သူ့ရဲ့လက်ထဲကနေတဆင့် ပန်းကလေးတွေ တစ်ပွင့်ပြီးတစ်ပွင့် ဖူးပွင့်လာခဲ့တယ်။ သူရဲကောင်းမဖြစ်ချင်တဲ့ သမီးလေးကိုကြည့်ပြီး ကျွန်မစိတ်ထဲမှာ အသိတရားတစ်ခု ရလိုက်မိတယ်။

လောကမှာ ငယ်ရွယ်စဉ် သူရဲကောင်းဖြစ်ချင်ခဲ့ကြသူတွေ ကြီးပြင်းလာတော့ သာမန်လူအဖြစ်နဲ့ပဲ ကျေနပ်ခဲ့ကြရတာ ဘယ်လောက်များပြီလဲ!

တကယ်လို့ ကျန်းကျန်းမာမာ၊ ပျော်ပျော်ရွှင်ရွှင်၊ ကိုယ့်ဆန္ဒကို ကိုယ်မဆန့်ကျင်ခဲ့ရင် ကျွန်မတို့ရဲ့ကလေးလည်း သာမန်လူအဖြစ်နဲ့ ပျော်ရွှင်ရှင်သန်နိုင်ပါတယ်။ ကြီးပြင်းလာရင် အိမ်ထောင်မူနိုင်တဲ့ အိမ်ရှင်မ၊ နွေးထွေးနူးညံ့တဲ့မိခင်၊ အဲဒီအပြင် ကူညီတတ်တဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦး၊ အိမ်နီးချင်းကောင်းတစ်ဦး သူဖြစ်နိုင်ပါတယ်။ ရှည်လျားလှတဲ့ နှစ်လရာသီတွေထဲမှာ သမီးလေးက သူလိုချင်တဲ့ဘဝအတိုင်း သူငြိမ်းငြိမ်းချမ်းချမ်း နေနိုင်သေးရင် မိဘဖြစ်တဲ့ကျွန်မတို့က သူ့အနာဂတ် ဒီ့ထက်ပိုကောင်းဖို့ဆိုပြီး ဘာတွေများ ဆုတောင်းနေချင်ဦးမလဲ?

မူရင်းရေးသားသူ--- Liu Ji-Rong
စာအုပ်မှ

နိုင်းနိုင်းစနေ ဘာသာပြန်သည်။



Share/Bookmark

Tuesday, November 08, 2011

ကမ္ဘာမြေပေါ်က ကြယ်ကလေး


အမြင့်ကိုတက်လှမ်းစဉ် အားပေးစကားတစ်ခွန်း မဆိုခဲ့သူ
ခြေချော်လဲတော့ အားရဝမ်းသာ သူဟားတိုက်ခဲ့
အမှန်ကိုကြိုးစားသင်ယူစဉ် ဖေးမဖို့ သတိမရခဲ့သူ
အမှန်ကြားထဲ အမှားတစ်လုံးကိုတွေ့တော့ သူကဲ့ရဲ့ဝေဖန်ခဲ့
အားငယ်ဝမ်းနည်းချိန် အပြုံးတစ်ပွင့် မပေးခဲ့သူ
အောင်မြင်ကြည်နူးတော့ သူငြိုငြင်ခဲ့

လူတိုင်းခြောက်ပစ်မကင်းခဲ့ပါဘူး
အဆိုးကိုရှာဖွေတတ်ရင်
အကောင်းကိုလည်းမြင်အောင်ကြည့်တတ်ပါစေ
ချော်လဲသူအတွက် လက်ကမ်းပေးပါ
အမှားတွေအတွက် လမ်းညွှန်ပေးပါ
အားငယ်သူအတွက် အားပေးပါ
အောင်မြင်မှုအတွက် လက်ခုပ်သံပေးပါ
လူတိုင်းဟာ ကမ္ဘာမြေပေါ်က ကြယ်တစ်ပွင့်...



"Taare Zameen Par"တဲ့.. ဘာသာပြန်လိုက်ရင် "ကမ္ဘာမြေပေါ်က ကြယ်ကလေး"လို့ အဓိပ္ပာယ်ရပါတယ်။ မင်းသား "Aamir Khan" ရိုက်ကူးထုတ်ဝေပြီး သူကိုယ်တိုင်ပါဝင် သရုပ်ဆောင်ထားတဲ့ အိန္ဒိယဇာတ်ကားလေးတစ်ကားရဲ့ နာမည်ဖြစ်ပါတယ်။ ဒီတစ်ပတ်အတွင်း ကြည့်ခဲ့တဲ့ရုပ်ရှင်ကားတွေထဲက အကြိုက်ဆုံးကားမို့ မျှဝေလိုက်ပါတယ်။ မိဘပဲဖြစ်ဖြစ်၊ ဆရာ/ဆရာမပဲဖြစ်ဖြစ်၊ ဘယ်သူပဲဖြစ်ဖြစ် ကြည့်ဖြစ်အောင် ကြည့်စေချင်ပါတယ်။

နိုင်းနိုင်းစနေ


Share/Bookmark

Monday, November 07, 2011

Brian Tracyရဲ့အောင်မြင်ရေးဒဿန



အသက်(၇ဝ)နားနီးနေပြီးဖြစ်တဲ့ Brian Tracyဟာ ဆံပင်တွေ တစ်ခေါင်းလုံးဖြူနေပေမယ့် ခန္ဓာကိုယ်က လူငယ်တစ်ယောက်လို သန်မာနေဆဲဖြစ်တယ်။ ဒါဟာ နှစ်ကာလကြာ သူလေ့ကျင့်ခဲ့တဲ့ ကိုယ်ကာယရလဒ်ဖြစ်တယ်။ Tracyဟာ တခြားလူပြောတဲ့စကားကို နားထောင်တဲ့အခါ အာရုံစိုက်ပြီး အပြုံးမျက်နှာနဲ့ ခပ်ပြုံးပြုံးနားထောင်လေ့ရှိတယ်။ သူကိုယ်တိုင်စကားပြောတဲ့အခါမှာလည်း သံလိုက်စက်ကွင်းတစ်ခုဖြစ်အောင် သူဖန်တီးနိုင်တယ်။ ဒီလိုသံလိုက်စက်ကွင်းက နေရာမှာရှိတဲ့လူအားလုံးရဲ့ အာရုံကို ဖမ်းစားဆွဲငင်ထားနိုင်တယ်။

Brian Tracyဟာ တစ်ချိန်က ဘီဂိတ်လ်ရဲ့ စီးပွားရေးလမ်းညွှန်ဆရာဖြစ်ခဲ့သလို Buffett၊ Michael Dell၊ Jack Welchတို့တောင် သူ့ဟောပြောပွဲကို တက်ရောက်ခဲ့ဖူးတယ်။ သူဟာ အမေရိကန်မှာ သြဇာလွှမ်းမိုးမှုအရှိဆုံး ဟောပြောသူ၊ အောင်မြင်တိုးတက်ရေး ဟောပြောဆရာတွေထဲက တစ်ဦးဖြစ်တယ်။ နိုင်ငံပေါင်း(၄ဝ)ကျော်မှာ ဟောပြောပွဲတွေ သူကျင်းပခဲ့သလို နိုင်ငံပေါင်း(၉ဝ)ကျော်ကိုလည်း သူရောက်ခဲ့ဖူးတယ်။

တခြား အောင်မြင်တိုးတက်ရေး ဟောပြောဆရာတွေနဲ့ မတူတဲ့အချက်က Brian Tracyဟာ သူ့အကြောင်း၊ သူ့ပုံပြင်ကိုပဲ နှစ်နှစ်ခြိုက်ခြိုက် ဟောပြောတတ်တာဖြစ်တယ်။ ဒီအချက်ကိုကြည့်ခြင်းအားဖြင့် သူကိုယ်တိုင်ကိုက သက်ရှိထင်ရှား အရှင်လတ်လတ် အောင်မြင်ရေးသင်ခန်းစာတစ်ပုဒ် ဖြစ်နေခဲ့ပါတယ်။

"ကျွန်တော့်ဘဝလမ်းမကြီးက အစကတည်းက ညီညာဖြောင့်ဖြူးနေခဲ့တာ မဟုတ်ပါဘူး"

ဒီစကားကို Brian Tracy မကြာခဏပြောတတ်တယ်။ အကြောင်းက သူဟာ ဆင်းရဲသားမိသားစုက ပေါက်ဖွားခဲ့သူဖြစ်ပြီး အထက်တန်းမပြီးခင်မှာပဲ ကျောင်းရပ်နားခဲ့ရတယ်။

Brian Tracyကို ကယ်ရီဖိုးနီးယားပြည်နယ် San Diegoမှာမွေးဖွားခဲ့တယ်။ မိဘနှစ်ပါးက ကျပမ်းအလုပ်သမားဖြစ်တာကြောင့် ငယ်ငယ်လေးကတည်းက စားဝတ်နေရေးချိုတဲ့တဲ့ဘဝကို သူရင်ဆိုင်ခဲ့ရတယ်။ နှစ်အတန်ကြာပြီးနောက် ငယ်ဘဝကို သူပြန်ပြောင်းစဉ်းစားမိတိုင်း သူပြောတတ်တာက "အဲဒီတုန်းက အိမ်မှာအမြဲပြောဖြစ်၊ ကြားရတဲ့စကားတစ်ခွန်းက "ငါတို့ မဝယ်နိုင်ဘူး"ဆိုတာပဲဖြစ်တယ်"လို့ ဆိုတယ်။

အထက်တန်းမပြီးခင်မှာပဲ Brian Tracyကျောင်းနားခဲ့ရတယ်။ သူ့ရဲ့ပထမဆုံးအလုပ်က စားသောက်ဆိုင်ငယ်လေးတစ်ခုမှာ ပန်းကန်ဆေးတဲ့အလုပ်ဖြစ်တယ်။ နေ့တိုင်း ညနေ၄နာရီမှ နောက်တစ်နေ့မနက်အထိ သူအလုပ်လုပ်ခဲ့ရတယ်။ သူ့ရဲ့ဒုတိယအလုပ်က ကားရေဆေးတဲ့အလုပ်ဖြစ်တယ်။ အဲဒီကမှ ကုမ္ပဏီသန့်ရှင်းရေးအလုပ်ကို သူလုပ်ခဲ့တယ်။ ညနက်သန်းခေါင်ယံအထိ ကြမ်းပြင်တွေ သူဆေးကြောသုတ်သင်ခဲ့ရတယ်။ "တစ်သက်လုံးပဲ ငါဒီလိုအလုပ်မျိုးပဲ လုပ်ရတော့မလားလို့?" သူ့ကိုယ်သူ မေးခဲ့တယ်။

အသက်(၂ဝ)အရွယ်မှာ Brian Tracyဟာ နေရာအနှံ့ စလှည့်ပတ်ခဲ့တယ်။ သူငယ်ချင်းနှစ်ယောက်နဲ့အတူ ဒေါ်လာ(၃ဝဝ)နဲ့ အမေရိကတိုက်၊ ဥရောပတိုက်၊ အာရှတိုက်၊ အာဖရိကတိုက်တွေကို ဖြတ်သန်းခဲ့တယ်။ ခရီးစဉ်ရဲ့ မိုင်ပေါင်း၃သောင်းနီးနီးကို ကား၊ ခြေကျင်နဲ့ပဲ သူတို့ဖြတ်သန်းခဲ့တယ်။ အာဖရိကတိုက်က ဆာဟာရသဲကန္တာရကို Tracy ပင်ပင်ပန်းပန်း ဖြတ်ကျော်ခဲ့ရတယ်။ အဲဒီမှာ "လူတိုင်းက ကိုယ့်ဆာဟာရသဲကန္တာရကို ဖြတ်ကျော်ရတယ်" ဆိုတဲ့အသိကို သူရခဲ့တယ်။

Tracyဟာ သူ့ဘဝကို သူစတင်ပြောင်းလဲဖို့ ကြိုးစားလိုက်တယ်။ နေ့တိုင်း ကာယအားနဲ့အလုပ်တွေ လုပ်ကိုင်ပြီးနောက် စာပေလေ့လာသင်ယူခြင်းကို အချိန်(၅)နာရီကြာ သူအသုံးပြုခဲ့တယ်။ ခွန်အားနဲ့ အလုပ်လုပ်သူတစ်ဦးက ဘာကြောင့် နေ့တိုင်း စာတွေကို ကျက်မှတ်နေရသေးသလဲ?ဆိုပြီး သူ့သူငယ်ချင်းတော်တော်များများက သူ့လုပ်ရပ်ကို နားမလည်ခဲ့ကြဘူး။ Tracyအတွက်တော့ အကြောင်းပြချက်က ရိုးရှင်းလှပါတယ်။ ဒါဟာ ဘဝကိုပြောင်းလဲဖို့အတွက် "ဒီလိုအလုပ်မျိုး ငါတစ်သက်လုံး မလုပ်ချင်ဘူး"လို့ သူကဆိုပါတယ်။

နောက်ကြောင်းကိုပြန်ကြည့်တော့ သူ့ဘဝမှာ ဘာလှည့်ပြောင်းမှတ်မှရှိခဲ့တယ်လို့ Tracyမထင်ခဲ့ဘူး။ ဘဝဆိုတာ အဆင့်ဆင့် မပြတ်ဆည်းပူးခြင်းရဲ့ရလဒ်လို့ပဲ သူသတ်မှတ်ခဲ့တယ်။ သူ့ဘဝကိုပြောင်းလဲခဲ့တဲ့ အကြောင်းရင်း(၃)ရပ်ရှိတယ်လို့ သူထင်ခဲ့တယ်။ အဲဒီအကြောင်းရင်းသုံးရပ်က---
(၁) ကိုယ့်ကိုယ်ကို တာဝန်ယူပါ။ ဘယ်တော့မှ ဆင်ခြေမရှာပါနဲ့။
(၂) ရည်မှန်းချက်ရဲ့တန်ဖိုးကို သိနားလည်အောင်လုပ်ပြီး အဲဒီရည်မှန်းချက်အတွက် ကြိုးစားပါ။
(၃) လေ့လာသင်ယူခြင်းရဲ့တန်ဖိုးကို သိနားလည်အောင်လုပ်ပြီး အသက်ထက်ဆုံးအထိ စွဲမြဲသင်ယူပါ။

အနှစ်(၄ဝ)အတွင်းမှာ နေ့ရက်တိုင်းကို (၃)နာရီကြာအချိန်ပေးပြီး Tracyစာဖတ်ခဲ့တယ်။ အလုပ်များရက်၊ အားလပ်ရက်ပဲဖြစ်ပါစေ စာဖတ်တာကို သူအပျက်မခံခဲ့ဘူး။ အဲဒီလို ကြံ့ကြံ့ခံပြီး စွဲစွဲမြဲမြဲစာဖတ်ခဲ့ခြင်းက Tracyကို အချိန်မှန်မှန်စာဖတ်တတ်တဲ့ အကျင့်ကိုပေးခဲ့ရုံမက အသိပညာ၊ ဗဟုသုတနောက် အမြဲလိုက်လံတတ်အောင်လည်း ကျင့်ပေးခဲ့တယ်။ အထက်တန်းမပြီးခဲ့တဲ့ Tracyဟာ နောက်ဆုံးမှာ ကိုယ့်ကြိုးစားမှုနဲ့ တက္ကသိုလ်မှာဘွဲ့ရခဲ့ပြီး ဘွဲ့လွန်ပါဆက်တက်ခဲ့တယ်။

အောင်မြင်မှုဆိုတာ ရည်ရွယ်ချက်ကို လက်တွေ့ဆောင်ရွက်တာပဲဖြစ်တယ်လို့ Tracy ယူဆပါတယ်။ "၃%လူတွေလောက်ပဲ အနာဂတ်အတွက် အသေးစိပ်စီမံချက်ချထားတယ်။ ၉၇% လူတွေက အနာဂတ်အတွက် ဘာစီမံချက်မှမချထားဘူး။ ယေဘုယျအားဖြင့်ပြောရရင် စီမံချက်ချထားတဲ့လူမှာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေ ပိုင်ဆိုင်ကြတယ်။ စီမံချက်ချမထားတဲ့လူက အဲဒီ စီမံချက်ချထားတဲ့လူတွေဆီမှာ အလုပ်လုပ်ကြရတယ်" လို့ Tracyကပြောခဲ့တယ်။

Tracyဟာ နှစ်အတော်ကြာ ကိုယ်တိုင်လက်တွေ့ဆောက်ရွက်ချက်နဲ့ လေ့လာကြည့်ရှုချက်အရ အထွတ်ထိပ်လူတွေက အနာဂတ်အတွက် အမြဲတွေးတောပြီး သာမညလူတွေက ပြီးခဲ့တာတွေကို အမြဲတွေးတောကြောင်း တွေ့ရှိခဲ့တယ်။

"တော်ထက်တဲ့လူတွေက စတင်မလှုပ်ရှားခင် အနာဂတ်အတွက် ပစ်မှတ်တစ်ခု/ရည်ရွယ်ချက်တစ်ခုကို အရင်ရေးဆွဲတယ်။ ပြီးရင် အဲဒီပစ်မှတ်အတွက် အခုချိန်မှာဘာလုပ်သင့်တယ်ဆိုပြီး ပထမခြေလှမ်းကို စလှမ်းတယ်။ လူတိုင်းမှာ ဘဝနဲ့ပတ်သက်တဲ့ ကိုယ်ပိုင်အတွေးအမြင်တွေ ရှိကြတယ်။ ဒါပေမဲ့ ပထမခြေလှမ်းကို စမလှမ်းခဲ့ကြဘူး"

"သဘာဝလောက,က မျက်လှည့်ဆရာတစ်ဦးနဲ့တူတယ်။ သူဟာ သင့်ရှေ့မှာ လိုက်ကာတစ်ခု ကာထားပေးတယ်။ သင်ရှေ့တစ်လှမ်းတိုးတိုင်း လိုက်ကာက အလိုလို နောက်တစ်လှမ်းရွေ့တယ်။ တကယ်လို့ ဒီခြေလှမ်းကို သင်မလှမ်းရင် ရှေ့ကအခြေအနေကို သင်ပြတ်ပြတ်သားသား တွေ့မြင်နိုင်မှာမဟုတ်ဘူး။ အနာဂတ်အတွက် စီမံချက်ကို သိပ်စေ့စေ့စပ်စပ် စီမံထားစရာမလိုပါဘူး။ အဓိက,က ပထမခြေလှမ်းကို သင်စလှမ်းဖို့ပါပဲ"

Tracy က လှုပ်ရှားမှုကို လက်ကိုင်ထားသူဖြစ်တယ်။

"အောင်မြင်မှုမှာ လှုပ်ရှားမှုက အဓိကဖြစ်တယ်။ အောင်မြင်သူတွေက လှုပ်ရှားမှုကို ဦးထိပ်ထားသူတွေဖြစ်တယ်။ သူတို့ဟာ အတွေးစိတ်ကူးတစ်ခုခုရှိတာနဲ့ ချက်ချင်း လက်တွေ့ဆောက်ရွက်သူတွေဖြစ်တယ်။ လက်တွေ့ဆောင်ရွက်တဲ့နေရာမှာ ရလဒ်နှစ်မျိုးရှိတယ်။ (၁)အောင်မြင်နိုင်တယ်၊ (၂)ကျရှုံးနိုင်တယ်။ အောင်မြင်ခြင်းမှာ ရှုံးနိမ့်ခြင်းက တသီကြီး လိုက်ပါအဖော်ပြုတယ်။ အောင်မြင်ခြင်းဆိုတာ ရှုံးနိမ့်ခြင်းတွေ စုပြုံထားတာပဲဖြစ်တယ်။ ဒါကြောင့် သင်ကြိုးစားလုပ်ခဲ့ရင် ရှုံးနိမ့်လိမ့်မှာမဟုတ်ဘူး"

"ရှုံးနိမ့်မှာမကြောက်နဲ့။ အဓိက,က လှုပ်ရှားမှု၊ လုပ်ဆောင်ချက်ပဲ လိုတယ်။ တရုတ်နိုင်ငံကနေ အမေရိကန်ကိုပျံတဲ့ လေယာဉ်တွေဟာ ၉၉%အချိန်လောက်က အစီအစဉ်ဆွဲထားတဲ့လမ်းကြောင်းထဲ လမ်းလွဲပျံသန်းတတ်ကြတယ်။ ဒါပေမဲ့ လေယာဉ်အများက သတ်မှတ်ချိန်အတိအကျ ဆိပ်ရောက်ကြတယ်။ ဒါဟာ လှုပ်ရှားနေစဉ်အတွင်းမှာပဲ ကိုယ့်အမှားကို သူတို့မပြတ်ပြင်ဆင်လို့ဖြစ်တယ်။ လူ့ဘဝခရီးဟာလည်း ဒီအတိုင်းပဲဖြစ်တယ်။ လှုပ်ရှားရင်း၊ ပြင်ဆင်ရင်း၊ ပန်းတိုင်အထိ ရှေ့ဆက်တယ်" လို့ Tracyက ဆိုပါတယ်။

မူရင်း-- D Men ပြုစုရေးသားသော The Secret of Success.... စာအုပ်မှ

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Sunday, November 06, 2011

ရောဂါ


မင်းခိုက်စိုးစန်
ရှင်ကွဲ ကွဲခံပုံကတော့
သူလိုငါလိုပါပဲ...

ကြယ်တွေကလည်း တိတ်တိတ်လေးပဲ လင်းတယ်

သံယောဇဉ်ဆိုတာ သကြားလုံးတစ်မျိုးပဲ မဟုတ်လား
အချိုသိပ်ကြိုက်တဲ့သူဟာ
တစ်နေ့နေ့မှာ သွားပိုးစားခံရမှာ သေချာတယ်

အဲဒီအခါ မငိုပါနဲ့
မျက်ရည်ဆိုတာလည်း ပုံတိုပတ်စတစ်ခုပဲလေ

ကိုယ့်ကိုယ်ကို
လမ်းကြိုလမ်းကြား သေးသေးလေးဖြစ်အောင်ဖန်ဆင်း
ဘယ်သူမှမသိတဲ့ မြို့တစ်မြို့မှာ
ကျောခင်းပြီး လှဲနေလိုက်ပါ

ပိုးလောက်လန်းတွေကို စစ်နေရတာထက်စာရင်
အချစ်ကိုသွန်ပစ်လိုက်ရတာက ပိုကောင်းတယ်

မင်းခိုက်စိုးစန်

မင်းခိုက်စိုးစန်ဆိုမှ အီးမေးလ်ထဲမှာ လွန်ခဲ့တဲ့၂လလောက်က လူတစ်ယောက်ပို့ထားတဲ့ကဗျာကို သွားသတိရတယ်။ ကျွန်မကြိုက်လို့စုထားတဲ့ မင်းခိုက်စိုးစန်ကဗျာတွေထဲမှာ ဒီကဗျာမပါသေးလို့တဲ့။ ကျေးဇူးတင်ပါတယ် Agga Aye Chanး)


Share/Bookmark