Saturday, December 31, 2011

စားမယ် ဝါးမယ်


၂ဝ၁၂ခုနှစ် ဇန်နဝါရီလမှာ အမှတ်(၁)စာအုပ်အဖြစ် မြန်မာပြည်မှာထုတ်ဝေလိုက်တဲ့ Food Magazine လို့ ဆိုပါတယ်။ ဒီအစားအစာမဂ္ဂဇင်းထဲမှာ ပရော်ဖက်ရှင်နယ် စားဖိုးမှူးတွေရဲ့ အချက်အပြုတ်၊ အနုပညာရှင်တို့ရဲ့ အချက်အပြုတ်နဲ့ သာမန်အိမ်ရှင်မတို့ရဲ့ အချက်အပြုတ်တွေအပြင်၊ ကျန်းမာရေးနဲ့ဆိုင်နဲ့ အစားအသောက်၊ အချက်အပြုတ်၊ မုန့်လုပ်နည်းတွေ ပါပါတယ်။ အဲဒီအပြင် နာမည်ကြီးစားဖိုမှူးအကြောင်းတွေလည်း ပါပါတယ်။ အချက်အပြုတ်စိတ်ဝင်စားသူတွေအတွက် Food Magazineရဲ့ ကာလာဓာတ်ပုံအပြင်အဆင်တွေနဲ့ ဖွယ်ဖွယ်ရာရာ ချက်နည်းပြုတ်နည်းတွေကို မြည်းစမ်းကြည့်ဖို့ ပုံတချို့မျှဝေရင်း Food Magazineနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။


ကျွန်မက ပရော်ဖက်ရှင်နယ် ချက်ပြုတ်တတ်သူတစ်ယောက်တော့ မဟုတ်ပါဘူး။ သာမန်အိမ်ရှင်မကဏ္ဍမှာ နေ့စဉ်စားသောက်ဖြစ်တဲ့ဟင်းတွေကို ရေးဖြစ်ပါတယ်။ ချက်စားဖြစ်တဲ့ ဟင်းတွေရဲ့အောက်မှာ ကော်မန့်ပေးထားသူတချို့ရဲ့ ကော်မန့်ကို အယ်ဒီတာက ကြိုက်နှစ်သက်လို့ ယူသုံးထားပါတယ်။ ကျွန်မရဲ့"စားမယ်ဝါးမယ်" ဟင်းချက်နည်းအောက်က ကော်မန့်ရေးသူတွေကို တလက်စတည်း ဒီမှာပဲ ခွင့်တောင်းလိုက်ပါတယ်။ နောက်ဟင်းချက်နည်းတွေမှာလည်း အသုံးတည့်မယ့် ကော်မန့်တွေ ပါလာနိုင်မှာမို့လို့ပါ... အားလုံး ကျေးဇူးတင်ပါတယ်း)

အမှတ်(၂)၊ ဖေဖော်ဝါရီ၊ ၂ဝ၁၂

နိုင်းနိုင်းစနေ


Share/Bookmark

Friday, December 30, 2011

ကိုယ်တိုင်ဖတ်ဖို့ ရေးတဲ့စာ


ချစ်ရတဲ့ _____ ရေ

ဒီကနေ့ကစ ကိုယ်ကိုယ်တိုင်အတွက် ဂုဏ်ယူစွာနဲ့ရှင်သန်ပါ။ ကိုယ့်ကိုယ်ကို ချစ်ပါ။ ဘယ်သူကမှ သင့်ကို သူကိုယ်တိုင်လောက်ချစ်မှာ မဟုတ်ပါဘူး။

လူတချို့ကို အရမ်းဂရုမစိုက်ပါနဲ့၊ အရာတချို့ကို အရမ်းအလေးမထားပါနဲ့။ ကံတရားကို အကောင်းဆုံးစိတ်ထားနဲ့ ရင်ဆိုင်နိုင်ဖို့ကြိုးစားပါ။ လောကကြီးဟာ အမြဲ မမျှတနိုင်ပါဘူး။ ကိုယ်ပိုအလေးထားတဲ့ လူ၊ အရာဝတ္ထုရှေ့မှာ ကိုယ်ဟာအမြဲတန်ဖိုးကျရလို့ပါပဲ။

ကိုယ့်ကိုယ်ကို ဘယ်တော့မှ မနှိပ်စက်ပါနဲ့။ ဥပမာ- ထမင်းမစားတာ၊ ငိုတာ၊ ကိုယ့်ကိုယ်ကို ပိတ်လှောင်တာ၊ စိတ်အားငယ် စိတ်ဓာတ်ကျတာ.... ဒါတွေဟာ လူနုံ၊ လူအတွေမှ လုပ်တဲ့အရာတွေပါ။

ကိုယ့်ကိုယ်ကို နည်းနည်းထက်မြက်ပါစေ။
ကိုယ့်ဘေးပတ်ဝန်းကျင်ကလူတွေကို တုံးအတဲ့မေးခွန်းတွေ ထပ်တလဲလဲ သွားမမေးပါနဲ့။
ဒါဟာ ပျင်းဖို့ ကောင်းလွန်းပါတယ်။

တကယ်လို့ မပျော်ဘူး၊ ဝမ်းနည်းရင် ထောင့်တစ်နေရာရာမှာ ဒါမှမဟုတ် စောင်ထဲဝင်ပြီး ငိုလိုက်ပါ။
တခြားလူ ကိုယ်ချင်းစာ သနားဖို့မလိုပါဘူး။
ငိုပြီးတဲ့နောက် ပျော်ရွှင်တဲ့နေ့ရက်တွေကို ဖြတ်သန်းပါ။

ကိုယ့်ခံစားချက်ကို ကိုယ်ထိန်းချုပ်နိုင်ဖို့ ကြိုးစားပါ။ ဘယ်သူကမှ သင့်အပေါ် အကြွေးမတင်ပါဘူး။
ဒါကြောင့် တခြားလူအပေါ် သင်ဒေါသထွက်ချင်တိုင်း မထွက်ပါနဲ့၊ စိတ်တိုချင်တိုင်း မတိုပါနဲ့။


ခ်စ္ရတဲ့ ______ ေ

သင် စိတ်ပျက်လက်ပျက်ဖြစ်လို့ရတယ်၊ ဒါပေမယ့် မျှော်လင့်ချက်တော့ မမဲ့ပါစေနဲ့။
tomorrow is another day ဆိုတာကို ယုံယုံကြည်ကြည်ရှိပါ။

တခြားလူအပေါ် မှီခိုဖို့ပဲ မစဉ်းစားပါနဲ့။
သင်အကူအညီလိုချိန် အနားရောက်လာပြီးကူညီမယ့်လူကို ပိုလိုတောင် မမျှော်ကိုးပါနဲ့။
ဘယ်သူကမှ ဘယ်သူ့ဟာ မဟုတ်လို့ပါပဲ။

တခြားလူကို ဘယ်တော့မှ ကတိလွယ်လွယ်မပေးပါနဲ့။ ပေးလိုက်တဲ့ ကတိက ဆပ်စရာ အကြွေးဖြစ်တယ်။

ဒီလောကမှာ နောက်ပြန်လှည့်လို့ မရတာပဲရှိတယ်၊ ကျော်ဖြတ်လို့မရတဲ့အရာဆိုတာ မရှိပါဘူး။

သင့်အပေါ် သူကောင်းရင် သူ့အပေါ် သင်ဆတိုးကောင်းပါ။
သင့်အပေါ် သူမကောင်းရင်လည်း သူ့အပေါ် သင်ကောင်းသင့်ပါတယ်။ အကြောင်းက သင်မှာ ကောင်းတာတွေ မလုံလောက်သေးလို့ပါပဲ။

လက်တွေ့ဘဝဟာ ဘယ်လောက်ပဲ ဆင်းရဲပင်ပန်းပါစေ... အမှောင်လွန်ရင် အလင်းရောက်လာမယ်ဆိုတာကို ခေါင်းမာမာနဲ့ယုံကြည်ပေးပါ။


ချစ်ရတဲ့ _______ ရေ


အတိတ်ကို မလွှတ်တမ်း ဆုပ်ကိုင်မထားပါနဲ့။ ကြိုးပြတ်သွားတဲ့စွန်ကို ပျံသန်းခွင့်ပေးလိုက်ပါ။
သူ့ကိုလွှတ်လိုက်တာဟာ ကိုယ့်ကိုယ်ကို ပိုလွတ်လပ်ခွင့်ပေးလိုက်တာပါပဲ။

လောကမှာ "သင်"တစ်ယောက်ပဲရှိပါတယ်။ တခြားလူတွေ သင့်ကို မနှစ်သက်ခဲ့ရင်လည်း သင့်ကိုယ်သင် မြတ်နိုးတတ်ပါစေ။ မှန်ကန်သူဖြစ်ပါစေ။

သင့်ဘေးက သင့်ကိုအဖော်ပြုသူတွေကို ကောင်းကောင်းဆက်ဆံပါ။ အချစ်က တိုတောင်းနိုင်ပေမယ့် သူငယ်ချင်းက တစ်သက်လုံးအတွက်ပါ။

အချစ်အပြင် မြေပြင်ပေါ်မှာ သင်ခြေအစုံ ကြံ့ကြံ့ခံရပ်နိုင်စေမယ့်အရာကို ရှာဖွေနိုင်ပါစေ။

မကြာခဏ ကောင်းကင်ကိုမော့ကြည့်ပါ။ ကောင်းကင်ကိုမော့ကြည့်ချိန် ခြေဖဝါးအောက်ကအရာကိုလည်း ကြည့်ဖို့မမေ့ပါနဲ့။

သင့်ရဲ့အလိုလိုသိစိတ်ကို ယုံကြည်ပါ။ တခြားလူကို ရန်မစပါနဲ့။ တခြားလူကလည်း သင့်ကို ရန်မစစေပါနဲ့။

တခြားလူနဲ့ ဟိုလိုလို ဒီလိုလို မရှုပ်ပါနဲ့။ သင် တတ်နိုင်မှာ၊ ပေးစွမ်းနိုင်မှာ မဟုတ်လို့ပါ။

သင့်ကိုယ်သင် အရမ်းနှိမ်မချပါနဲ့။ တစ်ခါတလေ ရဲဝင့်ပါစေ။ အနိုင်ကျင့်ခံရတဲ့အခါ အမှန်ကို ပြန်ရယူပါ။
ဒါပေမယ့် ရန်ငြိုးမထားပါနဲ့။ လူသိမ် လူနုံတွေ သူတို့လမ်းသူတို့သွားပါစေ။ သနားညှာတာခြင်းက သင့်ကို ပိုမြင့်မြတ်စေပါတယ်။


ချစ်ရတဲ့ _____ ရေ

ပျော်ပျော်နေပါ၊ ရွှင်လန်းတက်ကြွအောင်နေပါ၊ ကြံ့ခိုင်အောင်နေပါ၊ မေတ္တာတွေ နွေးထွေးပါစေ။ ဒါဟာ အကျင့်စရိုက်နဲ့ မဆိုင်ပါဘူး။

ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပါ။ ကိုယ့်ကိုယ်ကိုလည်း မြတ်နိုးတတ်ပါစေ။ ကိုယ်ဟာအကောင်းဆုံးကို ပိုင်ဆိုင်ထားကြောင်း ကိုယ့်ကိုယ်ကို အစဉ်အမြဲ အသိပေးတတ်ပါစေ။

မျှော်လင့်ချက်ကို အမြဲဆောင်ထားပါ။ ရှေ့သို့ အမြဲဆက်လှမ်းပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဘာတွေပဲဖြစ်ဖြစ် လောကမှာ သင့်ကိုအားပေးသူတစ်ယောက် အမြဲရှိနေပါတယ်။အဲဒီလူကတော့ သင်ကိုယ်တိုင်ပဲဖြစ်ပါတယ်။


ကိုယ်တိုင်ဖတ်ဖို့ ရေးတဲ့စာ
http://www.duwenzhang.com/wenzhang/shenghuosuibi/20101126/163120.html

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Wednesday, December 28, 2011

ရောင်းတယ် - ဝယ်တယ်


ဒီလောကမှာ ဘာမဆိုရောင်းတဲ့လူရှိသလို ဘာမဆို ဝယ်တဲ့လူလည်းရှိတယ်။ ဒါဟာ ဘာမှထူးဆန်းမနေတော့ပါဘူး။ နိုင်ငံခြားက လေလံတင်ရောင်းချပွဲတွေမှာ ဘာမဆိုရောင်းကြပါတယ်။ ရောင်းတဲ့အခကြေးငွေကလည်း မနည်းပါဘူး။ တချို့က ငွေပေးရတန်သလောက် တချို့က ငွေပေးရတာ မတန်ပေမယ့် ဈေးကြီးကြီးပေးဝယ်တဲ့လူလည်း ရှိပါတယ်။ ဝယ်ပြီးပြန်ရောင်းဖို့လား ! သိမ်းထားဖို့လားဆိုတာ ဝယ်တဲ့လူပဲသိမယ် ထင်ပါတယ်။ အောက်က အရာတချို့က ၂ဝ၁ဝခုနှစ်မှာ လေလံတင်ရောင်းချခဲ့တဲ့ အရာတချို့ဖြစ်ပါတယ်။

First photograph of a snowflake (ပထမဦးဆုံးသော နှင်းပွင့်ဓာတ်ပုံ)
၂ဝ၁ဝ ဇန်နဝါရီလမှာ £3,000 ($4,800) နဲ့ American Antiques Show in New Yorkကနေ ရောင်းချခဲ့ပါတယ်။

Einstein’s brain X-ray (အိုင်းစတိုင်း(၁၈၇၉- ၁၉၅၅) ဦးနှောက်ဓာတ်မှန်ပုံ)
ဓာတ်မှန်ရိုက်ချိန်က ၁၉၄၅ခုနှစ်ဖြစ်ပြီး ဒီဇင်ဘာ၂ဝ၁ဝ Julien’sလေလံတင်ပွဲမှာ ရောင်းချခဲ့ပါတယ်။ တန်ဖိုးငွေမှာ - £24,730 ($38,750) ဖြစ်ပါတယ်။


Schindler’s list
(ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျူးလူမျိုး ထောင်ကျော်ကို ကယ်တင်ခဲ့တဲ့ ဂျာမဏီကုန်သည်တစ်ဦးဖြစ်တဲ့ Oskar Schindler ရဲ့ဖြစ်ရပ်မှန်ကို သြစလေးလျစာရေးဆရာ Thomas Keneally က Schindler's Ark ဆိုပြီး ဝတ္ထုရေးခဲ့ပါတယ်။ အဲဒီဝတ္ထုကို ၁၉၉၃ခုနှစ်မှာ Schindler’s listဆိုပြီး ရုပ်ရှင်ရိုက်ကူးခဲ့တယ်။ ဒီရုပ်ရှင်ဟာ အော်စကာဆု ၇နှစ်ဆု ရခဲ့ပါတယ်)

Schindler’s list ကို ၂ဝ၁ဝ မတ်ခ်ျလမှာ တန်ဖိုးငွေ £1,400,000 ($2.2 million) နဲ့ Momentsintime.com ကနေ ရောင်းချခဲ့တာဖြစ်ပါတယ်။


Marilyn’s Wonderbra (မာရီလင်မွန်ရိုးရဲ့ အတွင်းခံအင်္ကျီ)
၂ဝ၁ဝ ဇူလိုင်လမှာ £3,200 နဲ့ International Autograph လေလံတင်ပွဲမှာ ရောင်းချခဲ့ပါတယ်။

Churchill’s false teeth (အင်္ဂလန်ဝန်ကြီးချုပ် Winston Churchill(၁၈၇၄-၁၉၆၅) ရဲ့သွားတု)
၂ဝ၁ဝ ဇူလိုင်လမှာ £15,200 နဲ့ Keys Auctioneers ကနေ ရောင်းချခဲ့ပါတယ်။


Dickens’s inkwell (အင်္ဂလန်စာရေးဆရာ Charles Dickens (၁၈၁၂–၁၉၇ဝ) ရဲ့မင်အိုး)
၂ဝ၁၁ ခုနှစ် ဧပြီလမှာ £ 950 နဲ့ Dickins Auctioneers ကနေ ရောင်းချခဲ့ပါတယ်။


Marilyn Monroe chest X-rays (မွန်ရိုးရဲ့ ရင်ဘတ်ဓာတ်မှန်)
၁၉၅၄ခုနှစ်မှာ ရိုက်ယူခဲ့တဲ့ ဓာတ်မှန်ဖြစ်ပြီး ၂ဝ၁ဝ ဇွန်လမှာ $45,000 နဲ့ Hollywood Legends လေလံပွဲမှာ
ရောင်းချခဲ့ပါတယ်။

တခြားရောင်းချတာတွေလဲ အများကြီးပါ... http://www.dailymail.co.uk/news/article-2078225/Sold-The-bizarre-auction-iteams-Churchills-false-teeth-Einsteins-brain--Marilyn-Monroes-wonderbra.html မှာ ဝင်ရောက်ကြည့်နိုင်သလို လေလံတင်ပွဲဝက်ဆိုက်တွေမှာလည်း ကြည့်နိုင်ပါတယ်။ ကိုယ့်ပစ္စည်းတွေကိုလည်း သေချာသိမ်းထားပါ.. နောင်တစ်ခေတ်မှာ တန်ဖိုးရှိချင် ရှိလာနိုင်ပါတယ် :P

နိုင်းနိုင်းစနေ


Share/Bookmark

Monday, December 26, 2011

မုန့်တီကြော်


ဟင်းချက်နည်းလေး ရေးပါဦးတဲ့.. တကယ်တော့ ကျွန်မချက်တတ်တဲ့ဟင်းတွေ ကုန်သလောက်ရှိပြီမို့ ဘာချက်ရမလဲ မသိတော့တာပါ။ ဟင်းသီးဟင်းရွက်ကြိုက်သူပီပီ ဟင်းရွက်လေးတွေပဲ ကြော်ကြော်စားနေတာမို့ ဟင်းတွေက ဘလော့ပေါ် မရောက်ဖြစ်တော့ဘူး။ ဒီခရစ္စမတ်ပိတ်ရက်မှာတော့ တစ်ခုခုလုပ်စားဦးမယ်ဆိုတာနဲ့ ဟိုးတာချီလိတ်မှာနေတုန်းက မနက်စာအဖြစ် အမြဲစားခဲ့ရတဲ့မုန့်တီကြော်ကို သွားသတိရတာနဲ့ တာချီလိတ်ကအစ်မကို ဖုန်းလှမ်းဆက်ပြီး လုပ်နည်းလေး မေးလိုက်ရသေးတယ်။ ဆရာမပြ နည်းမကျဆိုသလိုကိုး.. အစ်မပြောသလို တသွေမတိမ်း ယုံယုံကြည်ကြည် လိုက်လုပ်လိုက်တော့ ပဲပုပ်နံ့သင်းသင်းနဲ့ မုန့်တီကြော်ကို ရပါတယ်။

ဒီလိုမုန့်တီကြော်ကို တာချီလိတ်ဈေးတွေထဲမှာ အမြဲတွေ့ရတတ်ပါတယ်။ မုန့်တီကြော်သာမက ညှပ်ခေါက်ဆွဲ(ဆန်ပြား)ကြော်တွေပါ တွေ့ရတတ်တယ်။ တာချီလိတ်က လူတော်တော်များများက ဒါကို မနက်စာအဖြစ် စားသုံးကြတယ်။ ၃ဘတ်၊ ၅ဘတ်ဝယ်ယူလို့ရတဲ့ မုန့်တီကြော်ကို ငှက်ပျောဖက်လေးနဲ့ ထုပ်ပေးပါတယ်။ မုန့်တီကြော်ပေါ်မှာ ညက်ညက်ထောင်းထားတဲ့ မြေပဲဆံ၊ သေးသေးလှီးထားတဲ့ မုန်လာထုပ်နဲ့ နံနံပင်ဖြုးပေးကြတယ်။ တာချီလိတ်ဖွားတွေက မုန့်တီကြော်ထဲ သကြားတွေထည့်စားကြတယ်။ ကျွန်မကတော့ သကြားထည့်မစားတတ်ပါဘူး။

မုန့်တီကြော်လုပ်ရတာ မခက်ပါဘူး။ ပြောနေရင်သာ ခက်ချင်ခက်ဦးမယ်.. ထလုပ်လိုက်ရင် နည်းနည်းမှမခက်ပါဘူး။ အရင်ဆုံး မုန့်တီခြောက်ကို ရေစိမ်ပါတယ်။ ရေစိမ်တဲ့အချိန် ဆနွင်းထည့်စိမ်ပါတယ်။ ဒါမှမုန့်တီဖြူကနေ မုန့်တီဝါဖြစ်သွားမှာလေ...း) (ရေစိမ်ထဲအချိန် ဆနွင်းထည့်စိမ်ဖို့ မေ့သွားရင် ပြုတ်တဲ့အချိန်ထည့်ပြုတ်နိုင်ပါတယ်)

အဲဒီနောက် ရေစိမ်ထားတဲ့မုန့်တီကို အနေတော် ပြုတ်ပါတယ်။ ပြုတ်ပြီးရေအေးနဲ့စိမ်.. ပြီးတော့ ဆီအိုးတည်ပြီး ကြက်သွန်ဖြူအရင်ကြော်ပါတယ်။ ကြက်သွန်ဖြူတွေ မွှေးလာရင် ရေစစ်ထားတဲ့မုန့်တီကို တည့်ကြော်ပါတယ်။ ကျွန်မအစ်မက ကျွန်မကို မုန့်တီကြော်ရင် မီးအေးအေးနဲ့ကြော်နော်လို့ သုံး,လေးခေါက် သတိပေးပါတယ်။ ဝုန်းဝုန်းဒိန်းဒိန်း လုပ်တတ်တဲ့ဒီညီမကို အရမ်းစိတ်ချလို့ပါ :P မီးပြင်းပြင်းနဲ့ကြော်ကြည့်တော့ မုန့်တီတွေ ပြဲကပ်သွားတာတွေ့ရပါတယ်။


မုန့်တီကြော်ထဲ လိုအပ်တဲ့ဆားထည့်ပြီးရင် ညက်ညက်ထောင်းထားတဲ့ ရှမ်းပဲပုပ်၊ မြေပဲဆံ၊ နံနံပင်၊ ငရုတ်ချဉ်တွေနဲ့ တွဲစားနိုင်ပါပြီ။ ဒီမုန့်တီကြော်ကို စားနေတုန်းမှာ တာချီလိတ်အစ်မအိမ်ကို ပြန်ရောက်သွားသလို ခံစားမိပါတယ်။ တာချီလိတ်မှာနေခဲ့တဲ့ မနက်ခင်းတိုင်းမှာ တူ၊ တူမလေးတွေနဲ့ ငှက်ပျောဖက်ထဲက ခေါက်ဆွဲတွေကို စားခဲ့ရတဲ့အရသာလေ... လွမ်းမိပါတယ်..

မုန့်တီကြော် ပါဝင်တဲ့ပစ္စည်း မုန့်တီ၊ ကြက်သွန်ဖြူ၊ ရှမ်းပဲပုတ်၊ မြေပဲဆံလှော်၊ နံနံပင်



ဒါက ဓာတ်ပုံပါရက်စွဲအတိုင်း စမ်းလုပ်ကြည့်လိုက်တဲ့ထိုဟူးပေါ့... နောက်တစ်နေ့ ခရစ္စမတ်နေ့မှာ ဘုန်းကြီးကျောင်း ဆွမ်းကပ်တဲ့လူမရှိဘူး.. ငါတို့ဆွမ်းသွားကပ်မလို့လာခဲ့ပါလို့ မိတ်ဆွေတစ်ယောက်ကဆိုတာနဲ့ စမ်းလုပ်ကြည့်တဲ့ထိုဟူးကို ကြော်လိုက်တာ ထိုဟူးကြော်ဖြစ်သွားပါတယ်.. (ရှင်းသွားတာပဲနော်းP) လုပ်နည်းမရေးတော့ပါဘူး... မျှဝေပါတယ်..

နိုင်းနိုင်းစနေ


Share/Bookmark

Sunday, December 25, 2011

အာဖရိက,က ခရစ္စမတ်ပုံပြင်တစ်ပုဒ်


ဒါဟာ ကြေကွဲဝမ်းနည်းစရာအကောင်းဆုံး ခရစ္စမတ်အကြိုညတစ်ညပေါ့။ ကျွန်တော်တို့ရဲ့မိသားစုဘဝ ပြိုကျပျက်စီးလုလုပါပဲ။ ကျွန်တော်တို့အတွက် ခရစ္စမတ်ပွဲမရှိတော့ဘူးလို့ ကျွန်တော်ထင်ခဲ့တယ်။ ခရစ္စမတ်ပွဲတော်ရာသီမှာ ဘာပျော်ရွှင်တောင့်တမှုမှ အရင်ကလို ကျွန်တော်မခံစားခဲ့ရတော့ဘူး။ ကျွန်တော့်အသက်(၈)နှစ်ပဲ ရှိပါသေးတယ်။ ဒါပေမဲ့ လအနည်းငယ်အတွင်းမှာ ကျွန်တော် တော်တော်လေးကြီးပြင်းခဲ့ပါတယ်။

အရင်က စည်ကားခဲ့တဲ့ ရွာရဲ့ခရစ္စမတ်ပွဲကို ကျွန်တော်ပြန်ပြောင်းအောင်းမေ့မိတယ်။ ကျွန်တော့်အတွက် ခရစ္စမတ်ပွဲတော်ဆိုတာ ပျော်ရွှင်စရာ ဘာသာရေးပွဲတော်တစ်ခုပါ။ ဒီလိုရာသီရောက်တိုင်း လမ်းမပေါ်မှာ၊ လေဒီယိုမှာ၊ တီဗီလိုင်းတွေမှာ၊ နေရာတိုင်းမှာ သာယာတဲ့ခရစ္စမတ်တေးသံကို ကြားနေရတယ်။ ခရစ္စမတ်ပွဲတော်က ဘာသာရေးအထိမ်းအမှတ်နေ့ဖြစ်တာကြောင့် ဘုရားကျောင်းတွေက နိုဝင်ဘာလကတည်းက စပြီးပြင်ဆင်နေကြပြီ။ ဒါဟာ ခရစ်တော်လေးကို ဖွားမြင်ဖို့ ပြင်ဆင်နေကြတယ်လို့ ကျွန်တော်တို့ထင်တယ်။

ခရစ္စမတ်ပွဲက ဆွေမျိုးသားချင်း၊ သူငယ်ချင်းတွေ အချင်းချင်းအပြန်အလှန် ဂါရဝပြုတဲ့ပွဲဖြစ်တယ်။ သူ့နေရပ်၊ ကိုယ့်လူမျိုးစုအချင်းချင်း လှည့်ပတ်ပျော်ရွှင်တဲ့ပွဲဖြစ်တယ်။ ခရစ္စမတ်ပွဲက ဒီလိုပုံစံပဲလို့ ကျွန်တော်အမြဲတွေးထင်ခဲ့တယ်။

ဟာ..! ရိုးရာခရစ္စမတ် အကြိုညလေးတစ်ညနဲ့ ခရစ္စမတ်အစားအသောက်တွေကို ကျွန်တော်တောင့်တလိုက်တာ...
ခရစ္စမတ်ညမှာ ထမင်း၊ ဆိတ်သား၊ သိုးသား နောက်ပြီး သစ်သီးမျိုးစုံကို ကျွန်တော်စားခဲ့ရတယ်။ အိမ်ခန်းကိုလည်း လှပတဲ့ရောင်စုံစက္ကူတွေနဲ့ အလှဆင်ခဲ့ကြတယ်။ ကလေးနဲ့လူငယ်တွေက ရောင်စုံစက္ကူအတွန့်တွေနဲ့ အိမ်၊ ကျောင်းတွေမှာ အလှဆင်တတ်ခဲ့ကြတယ်။

ဘုရားကျောင်းမှာ ဝတ်ပြုဆုတောင်းတဲ့ ခရစ္စမတ်အကြိုညကို ကျွန်တော်တို့မျှော်လင့်ခဲ့ကြတယ်။ ဆုတောင်းပွဲပြီးရင် လမ်းမတွေပေါ် လျှောက်သွားရတာကို ကျွန်တော်တို့အရမ်းနှစ်သက်ခဲ့တယ်။ လူတိုင်းလူတိုင်းက မြူးကြွသာယာတဲ့တေးသံတွေထဲမှာ မူးယစ်ခဲ့ကြတယ်။ နောက်တစ်နေ့မနက် ဘုရားကျောင်းတက်ချိန်မှာ ခရစ်တော်ဖွားမြင်တဲ့အဓိပ္ပာယ်ကို လူတိုင်းသတိပြုမိအောင် ကျမ်းစာရွတ်ဖတ်၊ သီချင်းတွေသီဆိုပြီး အထိမ်းအမှတ်ပြုခဲ့ကြတယ်။

ဝတ်ပြုဆုတောင်းပွဲပြီးရင် လူငယ်တွေက ထူးခြားတဲ့ချောကလက်၊ ဘီစကစ်၊ မုန့်လေးတွေကို လက်ဆောင်ရတတ်တယ်။ ဒီလက်ဆောင်တွေကို ခရစ္စမတ်ဘိုးဘိုးပေးတယ်လို့ လူငယ်တွေကဆိုကြတယ်။ ခရစ္စမတ်က ကျွန်တော်တို့ရဲ့နေ့ရက်လို့ ကျွန်တော်တို့ထင်ကြတယ်။ အဝတ်အစားအသစ်၊ ဖိနပ်အသစ်တွေကို လူတွေလက်ဆောင်ရတတ်ကြတယ်။ နေရာတိုင်းမှာ ကောင်းချီးပေးသံတွေ၊ လူတိုင်းက ထူးခြားတဲ့ကောင်းချီးပေးစကား "Afishapa"နဲ့ ဆုတောင်းပေးကြတယ်။ အဓိပ္ပာယ်က ခရစ္စမတ်မှာ ပျော်ရွှင်ပါစေ၊ နှစ်သစ်မှာပျော်ရွှင်ပါစေတဲ့။

အတိတ်ကဖြစ်ရပ်တွေအားလုံး ဒီညမှာ တကယ်ပြန်ဖြစ်ပါစေလို့ ကျွန်တော်အရမ်းမျှော်လင့်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီနှစ်ရဲ့ခရစ္စမတ်အကြိုညက တခြားနှစ်ကနဲ့ မတူခဲ့ဘူး။ ဒီနှစ်မှာ ခရစ္စမတ်ပွဲတော် ရှိတော့မှာမဟုတ်ဘူးဆိုတာ ကျွန်တော်သိတယ်။ လူတိုင်းလူတိုင်း ဝမ်းနည်းကြေကွဲနေကြတယ်။ ဧပြီလကတည်းက လွတ်မြောက်ရေးတပ်မတော်ဆိုသူတွေက ကျွန်တော်တို့ရွာကို ဝင်တိုက်ခဲ့လို့ပါပဲ။ လူငယ်၊ မိန်းမပျိုတွေကိုလည်း သုံ့ပန်းအဖြစ် ဖမ်းဆီးသွားခဲ့ကြတယ်။

မိသားစုတော်တော်များများ ပြိုကွဲသွားကြတယ်။ လူတော်တော်များများ အသတ်ခံခဲ့ရတယ်။ ကျွန်တော်တို့ကိုလည်း အတင်းအဓမ္မချီတက်၊ အလုပ်စေခိုင်းခဲ့တယ်။ အစာရေစာ မစားမသောက်ရဘဲ ခရီးဝေးတွေ ကျွန်တော်တို့သွားခဲ့ရတယ်။ ကျွန်တော်တို့အမြဲဆာလောင်ခဲ့ပြီး စားရတဲ့အစားကလည်း မလောက်မငပါပဲ။ စစ်တပ်က ကျွန်တော်တို့ရွာမှာရှိရှိသမျှကို မီးရှို့လိုက်ကြတယ်။ အဓမ္မစေခိုင်းမှုအောက်မှာ ကျွန်တော်တို့အချိန်ပျောက်၊ ဦးတည်ရာပျောက်ခဲ့ကြတယ်။

မိုးရွာတဲ့ညတစ်ညမှာ စစ်တပ်ထဲကနေ ကျွန်တော်တို့ ထူးထူးခြားခြား ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။ အပူပိုင်းသစ်တောမှာ ကျွန်တော်တို့ ရက်သတ္တပတ်အတော်ကြာ ပုန်းအောင်းပြီးနောက် မီးရှို့ခံခဲ့ရတဲ့ ကျွန်တော်တို့ရွာဆီ ပြန်ရောက်ခဲ့ကြတယ်။ လူတော်တော်များများက ဖျားနာနေကြပြီ၊ ပင်ပန်းနွမ်းနယ်နေကြပြီ၊ ဝမ်းနည်းကြေကွဲနေကြပြီ။ မိသားစုတွေလည်း ပျောက်ဆုံးကုန်ကြပြီ၊ ဘယ်နေ့ဘယ်အချိန်မှန်းလည်း အချိန်ကို ကျွန်တော်တို့ မသိခဲ့ကြတော့ဘူး။

ဒီအဖြစ်အပျက်ကို နေမကောင်းဖြစ်နေတဲ့ ကျွန်တော့်ဘွားဘွားက သတိထားခဲ့မိတယ်။ ဈေးလယ်မှာ "တောင်ပေါ်မီး"လို့ ကျွန်တော်တို့ခေါ်တဲ့ ပန်းနီနီ၊ ဝါဝါတွေပွင့်နေကြတယ်။ ပန်းပင်ကို အဲဒီနေရာမှာစိုက်ထားတာ အတော်ကြာပါပြီ။ နှစ်တိုင်း ခရစ္စမတ်ရောက်ရင် ပန်းတွေပွင့်ကြတယ်။ မီးလျှံတွေကြားထဲကနေ အဲဒီပန်းပင် ဘယ်လိုရှင်ခဲ့သလဲတော့ မသိဘူး။ ဒီလိုလှပတဲ့ပန်းက အရမ်းချိုမွှေးတယ်။ ပိုးကောင်တွေကို ဆွဲဆောင်တတ်ပြီး သူ့ရနံ့နဲ့ပိုးကောင်အများကို မူးနောက်စေတယ်။ မူးနောက်သွားတဲ့ ပိုးကောင်တွေကတော့ ကျီးနဲ့ ဖွတ်ပုတက်တွေရဲ့ အစာဖြစ်ခဲ့ရတယ်။ စစ်သားတွေက ဈေးနဲ့ရွာကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်။ ထူးဆန်းတာက ဒီပန်းလေးတွေ မသေကြတာကိုပဲ ကျွန်တော်အံ့သြမိတယ်။

ပန်းတွေပွင့်ကြတာကြောင့် ခရစ္စမတ်ရောက်ခါနီးပြီလို့ ဘွားဘွားကပြောတယ်။ သူမှတ်မိတာက ခရစ္စမတ်ရောက်မှ ဒီပန်းတွေ ဝေဝေဆာဆာဖူးပွင့်တယ်တဲ့။ ပန်းတွေကို ကျွန်တော်ကြည့်နေချိန်မှာ မိနစ်ပိုင်းလောက် ကျွန်တော့်ခွန်အားတွေ တိုးလာခဲ့ပေမယ့် တမုဟုတ်ချင်း နာကျင်ကြေကွဲခြင်းအဖြစ် ပြောင်းသွားခဲ့တယ်။ ခရစ္စမတ်ရောက်တော့မယ် ကျွန်တော့်ဖေဖေ၊ မေမေနဲ့ ကျွန်တော့်ရွာလေးရော?

ဒီနှစ်ခရစ္စမတ်မှာ ငြိမ်းချမ်းရေးသားတော် ဖွားမြင်ကြောင်းကို ဘယ်လိုကျင်းပနိုင်မလဲ? ဧပြီလကစ ကျွန်တော်တို့မှာ ငြိမ်းချမ်းရေးမရှိခဲ့ဘူး။ စစ်ပွဲနဲ့ နာကျင်ခြင်းတွေပဲရှိခဲ့တယ်။ ဘွားဘွားမသေဆုံးခင် မှာခဲ့တဲ့အတိုင်း ကျွန်တော်တို့ ဘယ်လိုကျင်းပနိုင်ကြမလဲ? အဲဒီစကားတွေဟာ မနေ့ညကသေဆုံးသွားတဲ့ ဘွားဘွားရဲ့ နောက်ဆုံးအမှာစကားတွေပါ။

အရင်က ပျော်ရွှင်ခဲ့တဲ့ခရစ္စမတ်နဲ့ အခုလက်ရှိရဲ့နာကျင်ခြင်းတွေကို ကျွန်တော်တွေးတောနေချိန် ကားဟွန်းသံကို ကျွန်တော်ကြားလိုက်မိတယ်။ ကျွန်တော်တို့ရွာနား ချည်းကပ်လာတာ ကားတစ်စီးထဲ မဟုတ်ခဲ့ဘူး။ ကားပေါ်မှာ သေနတ်ကိုင်ထားတဲ့လူတွေ အပြည့်တင်ဆောင်ထားမယ်လို့ ကျွန်တော်တို့ထင်ခဲ့ကြလို့ တောထဲပြေးဝင်ပုန်းခဲ့တယ်။ ကျွန်တော်တို့ကို ထူးဆန်းအံ့သြစေတာက သူတို့က စစ်သားတွေမဟုတ်ဘူး။ သူတို့မှာ သေနတ်တွေမပါဘူး။ သူတို့က သာမန်ခရီးသွားတွေဖြစ်တယ်။ ကြည့်ရတာ ဧပြီလက စစ်သားတွေထွက်ခွာချိန် ရွာနဲ့ဆက်သွယ်ထားတဲ့ တံတားကိုဖျက်ဆီးခဲ့ပုံရတယ်။ မိုးချုပ်တော့မယ်။ လမ်းပေါ်မှာ မိုင်းတွေထောင်ထားတယ်ဆိုတဲ့ ကောလဟာလသာမရှိခဲ့ သူတို့ဒီလိုစွန့်စားကြလိမ့်မှာ မဟုတ်ဘူး။ ရွာဖက်ဆီကို သူတို့ဦးတည်ပြီး တည့်တည့်မောင်းလာခဲ့ပြီ။

ကျွန်တော်တို့ကိုတွေ့တော့ သူတို့အရမ်းအံ့သြနေကြတယ်။ ကျွန်တော်တို့ခံရတဲ့ ဆင်းရဲဒုက္ခနဲ့ ဘေးအန္တရာယ်ကြောင့် သူတို့ထိတ်လန့်ခဲ့ကြတယ်။ တချို့ခရီးသွားတွေစပြီး ငိုကြွေးကြတယ်။ ဒီညဟာ ခရစ္စမတ်အကြိုညပါလို့ သူတို့အတည်ပြုကြတယ်။ တခြားရွာကိုသွားပြီး မိသားစုသူငယ်ချင်းတွေနဲ့ ခရစ္စမတ်ပွဲတော်ကိုကျင်းပဖို့ သူတို့သွားတဲ့လမ်းခရီးမှာ ကျွန်တော်တို့ဆီ သူတို့ရောက်လာခဲ့တာဖြစ်တယ်။ ကျွန်တော်တို့ကို အစာတချို့ သူတို့မျှဝေပေးတယ်။ သူတို့နွေးထွေးဖို့ ဈေးလယ်မှာ ကျွန်တော်တို့ မီးဖို,ဖိုပေးကြတယ်။

ဒီလိုအချိန်မှာ ကျွန်တော်ရဲ့နေမကောင်းတဲ့အစ်မက ထတောင်မထနိုင်ခဲ့ပါဘူး။ ရွာကို ကျွန်တော်တို့ပြန်ရောက်ပြီး သိပ်မကြာခင်မှာ အစ်မကလေးမွေးခါနီးနေပြီးလို့ အဘွားပြောခဲ့ဖူးတယ်။ စစ်တပ်ကနေ ထွက်ပြေးလာခဲ့တဲ့ ထိတ်လန့်ကြောက်ရွံ့မှုဒဏ်ကြောင့် အစ်မ စကားမပြောနိုင်ခဲ့တော့ပါဘူး။

အစ်မကို ကျွန်တော်အရမ်းစိတ်ပူမိတယ်။ ကျွန်တော်တို့မှာ ဆေးဝါးမရှိသလို ဆေးရုံနဲ့လည်း အဝေးကြီး။ ခရီးသွားတချို့က သူတို့ရဲ့ စကပ်နဲ့အဝတ်တွေကိုချွတ်ပြီး မီးဖိုဘေးနားမှာ အစ်မအတွက် ကုတင်တစ်ခုခင်းပေးကြတယ်။ ကံကောင်းတဲ့အဲဒီညမှာ ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်ကို အစ်မမွေးဖွားခဲ့တယ်။

ဒီအဖြစ်က အထိမ်းအမှတ်ပွဲတစ်ခု ဖြစ်စေခဲ့တယ်။ စစ်ပွဲရှိရှိ မရှိရှိ အာဖရိက,ကလူတွေ ကခုန်တတ်ကြတယ်။ မနက်၆နာရီ ကြက်တွန်တဲ့အထိ ကျွန်တော်တို့ ကျင်းပခဲ့ကြတယ်။ လူတိုင်း ကိုယ့်ဘာသာစကားနဲ့ သီဆိုခဲ့ကြတယ်။ ပြီးခဲ့တဲ့လတွေက ရခဲ့တဲ့နာကျင်ကြေကွဲခြင်းတွေ ပထမဆုံးအကြိမ် ပပျောက်ခဲ့တယ်။

မိုးလင်းတော့ "ကလေးကို ဘာနာမည်ပေးမလဲ?" လို့ အစ်မကို သူတို့မေးတယ်။ ခင်ဗျားယုံမလား မသိဘူး! ရွာမီးရှို့ခံရ၊ လူငယ်၊ မိန်းမပျိုတွေ ဖမ်းဆီးခေါ်ဆောင် သွားခံရပြီးနောက်ပိုင်း ဒါဟာ ပထမဆုံးအကြိမ် အစ်မ စကားစပြောတာပါပဲ။

"သူ့နာမည်က Gye Nyame ပါ။ အဓိပ္ပာယ်က ဘုရားသခင်ကလွဲလို့ ဘယ်သူ့ကိုမှ မကြောက်ဘူး"

အဲဒီညက ခရစ္စမတ်ကို ကျွန်တော်တို့ ဒီလိုပဲကျင်းပခဲ့ကြတယ်။ အဲဒီညက ကျွန်တော်တို့ရွာထဲ ခရစ္စမတ်ပွဲတော် တကယ်ရောက်လာခဲ့ပါတယ်။ ကားနဲ့ ခရီးသွားတွေ ရောက်လာခဲ့လို့ မဟုတ်ပါဘူး။ ဆင်းရဲဒုက္ခတွေကြားမှာ ကျွန်တော့်တူလေးကို မွေးဖွားခဲ့လို့ပါပဲ။ ဒီကလေးရဲ့ကိုယ်ပေါ်မှာ မျှော်လင့်ချက်တွေကို ကျွန်တော်တို့တွေ့ခဲ့ရတယ်။ ကလေးရဲ့မွေးဖွားလာခြင်းက မကောင်းတဲ့အရာတွေကို အကြွင်းမဲ့မျှော်လင့်ခြင်းအဖြစ် ဘယ်လိုပြောင်းလဲရမယ်ဆိုတဲ့ အကြွင်းမဲ့ပုံပြင်ကို အတည်ပြုခဲ့တယ်။ ရင်သွေးခရစ်တော်ရဲ့ကိုယ်ပေါ်မှာ မျှော်လင့်ချက်တွေကို ကျွန်တော်တို့တွေ့ခဲ့တယ်။ ထူးခြားဆန်းကြယ်မှုတစ်ခု အဲဒီခရစ္စမတ်အကြိုညမှာ ဖြစ်ပွားခဲ့ပြီးနောက် ကျွန်တော်တို့ အထီးကျန်မနေခဲ့တော့ဘူးဆိုတာကို ကျွန်တော်ရုတ်တရက် နားလည်ခဲ့ပါတယ်။ ဒီကနေ့မှာ မျှော်လင့်ချက်ဆိုတာကို ကျွန်တော်နားလည်ခဲ့တယ်။ ဘယ်လိုပတ်ဝန်းကျင်ပဲဖြစ်ဖြစ် ခရစ္စမတ်က အရောက်လာခဲ့နိုင်တယ်ဆိုတာကို ကျွန်တော်သင်ယူခဲ့ပါတယ်။ ခရစ္စမတ်က ကျွန်တော်တို့ရင်မှာ အမြဲကိန်းအောင်းနေပါတယ်။ အဲဒီညမှာ ခရစ္စမတ်တကယ်ပဲ ကျွန်တော်တို့ရွာကို ရောက်လာခဲ့ပါတယ်။

မူရင်းရေးသားသူ --
P.E.Adotey Addo (http://www.purrmag.com/Purr21/night.htm)
http://newhamg.myweb.hinet.net/13/page13-54.htm

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Friday, December 23, 2011

ဦးကပ်စီး


Scroogeဟာ အထီးကျန်သူတစ်ယောက်ပါ။ သူဟာ ဆွေမျိုးတွေကိုတောင် အသိအမှတ်မပြုတဲ့ ကပ်စီးအိုးကြီးဖြစ်တယ်။ သူဟာ ငွေကိုအသက်ထက် ချစ်မြတ်နိုးသူဖြစ်ပြီး လောဘကြီးသူလည်းဖြစ်တယ်။ ငွေကလွဲရင် ဘယ်သူ့ကိုမှ သူအယုံအကြည်မရှိဘူး။ ငွေမှတစ်ပါး သူ့မှာ ဆွေမျိုးမရှိဘူး။ အထိမ်းအမှတ်နေ့တွေကို သူမနှစ်သက်ခဲ့ဘူး။ အထူးသဖြင့် ခရစ္စမတ်အချိန်အခါ ရောက်လာမှာကို သူအရမ်းမုန်းခဲ့တယ်။

Scroogeမှာ ကိုယ်ချင်းစာစိတ်မရှိသလို ပေးကမ်းရမှန်းလည်း သူမသိခဲ့ဘူး။ အလှူအတန်းလုပ်ရမှာကို သူအရမ်းရွံ့မုန်းခဲ့တယ်။ သူဟာ ငွေတွေကို ကြိုးစားပမ်းစားရှာယူပြီး အဲဒီငွေတွေနဲ့ ငွေတိုးချေးစားတယ်။ အထိမ်းအမှတ်နေ့တွေ အထူးသဖြင့် ခရစ္စမတ်နေ့မျိုးမှာ ကောင်းချီးသီချင်းလာဆိုသူတွေကို သူမောင်းထုတ်လေ့ရှိတယ်။

Scroogeက ရက်စက်ကြမ်းတမ်းတယ်။ ခရစ္စမတ်အကြိုညမှာတောင် သူ့ဝန်ထမ်းတွေကို အနားမပေးဘူး။ သူ့ကိုမလွန်ဆန်နိုင်တဲ့ ဝန်ထမ်းတွေက အဲဒီညမှာ အလုပ်လုပ်ကြရတယ်။

ခရစ္စမတ်အကြိုည Scroogeဟာ သူ့အိမ်ကြီးထဲမှာနေပြီး အိပ်မက်လိုလို တကယ်လိုလိုနဲ့ သေဆုံးသွားပြီဖြစ်တဲ့ သူ့သူငယ်ချင်းမာရီကို တွေ့လိုက်မိတယ်။ မာရီရဲ့ကိုယ်ပေါ်မှာ သံကြိုးရှည်ကြီးတစ်ခုချိတ်ဆွဲထားပြီး မာရီဟာ အဲဒီသံကြိုးကို တရွတ်တိုက်အားစိုက်ဆွဲနေရတယ်။ သံကြိုးပေါ်မှာ လေးလံတဲ့အိမ်အငှားစာချုပ်၊ ငွေကြေးနဲ့ ဘဏ်စာအုပ်တွေပါတယ်။ ဒါတွေဟာ သူမသေခင်က ပြုလုပ်ခဲ့တဲ့အရာတွေ.. ဒီအရာတွေအတွက် သူနောင်တရကြောင်း Scroogeကို ပြောပြတယ်။

မာရီစကားကို ကြားတော့ Scrooge ထိတ်လန့်တုန်လှုပ်မိတယ်။

"နင်သေရင် ငါ့ထက်လေးတဲ့သံကြိုးကို နင်ပိုးထားရလိမ့်မယ်။ နင်ဟာ ငါ့ထက်လောဘကြီးတယ်။ အခု နင်အသက်ရှင်နေတုန်း ဒီအကျင့်ဆိုးတွေကို အမြန်ဖျောက်လိုက်ပါ။ မဟုတ်ရင် နင်ဒီထက် ခံရလိမ့်မယ်"

မာရီဟာ မထွက်ခွာခင် နတ်သူငယ်သုံးပါး Scroogeကို လာရှာလိမ့်မယ်လို့ မှာခဲ့တယ်။

"အတိတ်နတ်သူငယ်"က Scroogeကို ကလေးဘဝဆီ ပြန်ခေါ်သွားခဲ့တယ်။ ကလေးဘဝမှာ ပိန်ပိန်သေးသေးနဲ့ Scroogeဟာ လူမရှိတဲ့စာသင်ခန်းထဲမှာ တစ်ယောက်တည်း ထိုင်ကျန်ရစ်နေခဲ့တယ်။ အတန်းသားအားလုံး ခရစ္စမတ်ပွဲကျင်းပဖို့ အိမ်ပြန်ကုန်ကြပြီ။ အဲဒီအချိန်မှာ Scroogeဟာ သူရင်းနှီးတဲ့ အစ်မဖြစ်သူရဲ့အသံကို ရုတ်တရက်ကြားလိုက်မိတယ်။ မေ့လုဆဲဆဲ သူ့ငယ်ဘဝ၊ တစ်နှစ်ပြီးတစ်နှစ် ဖြတ်ကျော်ခဲ့တဲ့ ခရစ္စမတ်နေ့ရက်တွေဟာ Scrooge မျက်စိရှေ့မှာ တရေးရေးပေါ်လာခဲ့တယ်။

ငယ်ဘဝကချစ်ကြိုက်ခဲ့တဲ့ ငယ်ချစ်ဆူဇန်နဲ့အတူ ပျော်ရွှင်ခဲ့တဲ့ရက်တွေဆီ Scrooge ပြန်ရောက်သွားပြန်တယ်။ ညီမလေးရိုစ့်ရဲ့သေဆုံးမှုက Scroogeကို အကြင်နာတရား ကင်းမဲ့စေခဲ့တယ်။ အဲဒီနောက် ငယ်ချစ်ထားခဲ့တာကို သူခံရပြန်တယ်။ သူချစ်တဲ့လူတွေ သူဘေးကနေ တဖြေးဖြေးပျောက်ဆုံးသွားတဲ့ဒဏ်ကို Scrooge အပြင်းအထန် ခံစားခဲ့ရသလို သူ့မျှော်လင့်ချက်တွေလည်း တစ်ခုပြီးတစ်ခု အဖျက်ဆီးခံခဲ့ရတယ်။ အခုချိန်မှာ သူ့ကိုယ်သူပြန်ကြည့်တော့ သူဟာ အထီးကျန်သူ၊ အေးစက်ကြမ်းတမ်းသူ၊ လောဘကြီးရုပ်ဆိုးတဲ့ အဘိုးအိုတစ်ယောက်ဖြစ်နေခဲ့ပြီ။ သူဘယ်အချိန်ကစပြီး ဒီလိုပုံစံပြောင်းသွားခဲ့သလဲ? ဘယ်တုန်းက ပြောင်းသွားခဲ့သလဲဆိုတာကို သူပြန်စဉ်းစားလို့ မရခဲ့တော့ဘူး။

"အခုလက်ရှိ နတ်သူငယ်"က Scroogeကိုခေါ်ပြီး ဘဝကို လူတွေဘယ်လိုဖြတ်သန်းကြောင်း လိုက်ပြတယ်။ ဆင်းရဲနွမ်းပါးနေလည်း လူတွေဟာ ချစ်ခြင်းမေတ္တာကြောင့် ခရစ္စမတ်ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းကြတယ်။ သေဆုံးသွားတဲ့ညီမငယ်ရိုစ့်ရဲ့သားငယ်အိမ်ကို သူရောက်လာတော့ ဆွေမျိုးတွေရဲ့အကြည့်ထဲမှာ သူဟာဘယ်လောက်ကပ်စီးနည်းပြီး ရွံ့မုန်းဖို့ကောင်းကြောင်း Scroogeတွေ့လိုက်ရတယ်။ သူ့ဝန်ထမ်း ဘော်ဘီတို့ရဲ့ မိသားစုဘဝက ဆင်းရဲနုံချာလွန်းတာကို သူတွေ့လိုက်တယ်။

"အနာဂတ် နတ်သူငယ်"က Scroogeတစ်ယောက် အထီးကျန်စွာ သေဆုံးသွားတာကိုခေါ်ပြတယ်။ ဘယ်သူငယ်ချင်း၊ ဆွေမျိုးကမှ သူသေဆုံးသွားတာကို မငိုကြဘူး။ ဝန်ထမ်းဘော်ဘီအိမ်ကို သူရောက်တော့ ဘော်ဘီတို့တမိသားစုလုံး ခရစ္စမတ်ကို ပျော်ပျော်ရွှင်ရွှင်ကျင်းပနေကြတာကို သူတွေ့လိုက်တယ်။ ဘော်ဘီအပေါ် သူရက်စက်ကြမ်းတမ်းခဲ့ပေမယ့် သူကျန်းမာစေဖို့ ဘော်ဘီတို့ဆုတောင်းပေးနေတာကို သူကြားလိုက်ရတယ်။ ဘော်ဘီက သူ့ဇနီးနဲ့သားသမီးတွေကို "သူဌေးScroogeက ကပ်စီးနည်းရက်စက်ပေမယ့် သူ့ကြောင့် ငါတို့မိသားစု အစာ၊ ရေစာလေး စားရဖို့ရှိခဲ့တယ်။ သူ့ကို ငါတို့ကျေးဇူးတင်သင့်တယ်" လို့ပြောတယ်။

လူ့လောကမှာရှိတဲ့ ချစ်ခြင်းမေတ္တာက မာကျောတဲ့Scroogeရဲ့ စိတ်နှလုံးကိုပျော့ပျောင်းစေခဲ့တယ်။ သူအော်ငိုမိတယ်... သူ့ရဲ့နာကျင်ထိခိုက်မှုအတွက် သူငိုမိတယ်၊ သူ့ရဲ့ အထီးကျန်ခြင်းအတွက် သူ ငိုမိတယ်၊ သူ့ရဲ့ ရက်စက်ခြင်းအတွက် သူငိုမိတယ်၊ သူ့ရဲ့ကြမ်းတမ်းခြင်းအတွက် သူငိုမိတယ်၊ သူ့ရဲ့ မေတ္တာတရားခေါင်းပါးခြင်းအတွက် သူချုံးပွဲချငိုခဲ့မိတယ်။

ခရစ္စမတ်မနက်ခင်းမှာ Scroogeဟာ ဝိုးတဝါးအိပ်မက်ကနေ နှိုးထလာခဲ့တယ်။ တွေ့ခဲ့ ကြားခဲ့တာတွေကို သူပြန်မြင်ယောင် ကြားယောင်ကြည့်မိတယ်။ အရင်က လူတွေအပေါ် ကြမ်းကြမ်းတမ်းတမ်း ပြုမှုဆက်ဆံခဲ့တာတွေကို ပြန်ပေးဆပ်ဖို့ သူဆုံးဖြတ်လိုက်တယ်။

ဆူဇန်ရဲ့စာကို သူပြန်ဖတ်ကြည့်နေတယ်။ Alms ပရဟိတဆေးရုံရဲ့ အဖြစ်အပျက်ကို သူသိလိုက်တယ်။ အဲဒီဆေးရုံရဲ့တစ်ဦးတည်းသော ဆရာဝန်က အဖမ်းခံခဲ့ရပြီ။ သူနာပြုဆရာမဖြစ်တဲ့ ဆူဇန်တစ်ယောက် အဲဒီဆေးရုံကို ထောင့်ခံထားရတယ်။ Scroogeက အဲဒီဆေးရုံအတွက် လိုအပ်တဲ့ငွေကြေးတွေကို လှူဒါန်းဖို့ ဆုံးဖြတ်လိုက်တယ်။

မျှော်လင့်မထားတဲ့လက်ဆောင်ကို ဘော်ဘီလက်ခံရရှိခဲ့တယ်။ အဲဒီလက်ဆောင်က သူတို့မိသားစု အိပ်မက်တောင်မမက်ခဲ့ဖူးတဲ့ ကြက်ဆင် ဖြစ်တယ်။ ဒါဟာ Scroogeက သူတို့ကိုပေးတဲ့ ခရစ္စမတ်လက်ဆောင်ဖြစ်တယ်။ Scroogeဟာ ဘော်ဘီရဲ့လစာကိုလည်း တိုးမြင့်ပေးလိုက်တယ်။ သူ့ဘေးပတ်ဝန်းကျင်က လူတွေကိုလည်း သူ့ရဲ့ပထမဆုံးအပြုံးကိုပေးပြီး "မယ်ရီ ခရစ္စမတ်"လို့ Scrooge ပြောနေခဲ့ပါတယ်။

အဲဒီနေ့ကစ Scroogeရဲ့မျက်နှာပေါ်မှာ အပြုံးပျောက်ကွယ်သွားတယ်ဆိုတာ မရှိခဲ့တော့ဘူး။ သူ့လောကတစ်ခုလုံး ပြောင်းလဲသွားခဲ့တယ်။ လမ်းမပေါ် လမ်းလျှောက်နေရင်ပဲဖြစ်ဖြစ်၊ ဘုရားကျောင်းတက်တာပဲဖြစ်ဖြစ်၊ ကလေးငယ်တွေကို သူပွေ့ဖက်နမ်းရှုံ့တတ်ခဲ့သလို သူတောင်းစားတွေကိုလည်း နွေးနွေးထွေးထွေး မေးမြန်းတတ်ခဲ့တယ်။ ဆင်းရဲသားမိသားစုတွေကိုလည်း ပေးကမ်းတတ်ခဲ့တယ်။

ဒုက္ခအခက်အခဲတွေမပြတ်တဲ့ ဒီလောကကြီးမှာ ဆင်းရဲဒုက္ခတွေက အဖန်တလဲလဲဖြစ်ပျက်နေခဲ့ပါတယ်။ စိတ်ဓာတ် နာကျင်ထိခိုက်သူတွေအတွက် ကရုဏာတရားကို ကျွန်တော်တို့ထားနိုင်ခဲ့ပြီလား? ခိုကိုးရာမဲ့သူတွေ နားခိုဖို့အရိပ်ရှိအောင်၊ အထီးကျန်သူတွေ အဖော်ရှိအောင်၊ နာကျင်သူတွေ ကုသမှုရအောင်၊ မျှော်လင့်ချက်မဲ့သူ နှစ်သိမ့်မှုရအောင်? Scroogeကတော့ လူ့ဘဝအမှောင် အလင်း၊ လောဘဒေါသ၊ အကြင်နာမေတ္တာတွေကို ဖော်ကျူးပြခဲ့ပါတယ်။ ပုံပြင်အဆုံးမှာ Scroogeက "ခရစ္စမတ်ကို ဘယ်လိုဖြတ်သန်းရတယ်၊ ဘဝရဲ့အဓိပ္ပာယ်ဆိုတာ ဘာလဲဆိုတာကို ကျွန်တော်ကောင်းကောင်းသဘောပေါက်ခဲ့ပါပြီ"လို့ ပြောခဲ့ပါတယ်။


မူရင်း---
Charles Dickensရေးသားတဲ့ ကမ္ဘာ့နာမည်ကျော်စာအုပ် A Christmas Carolကို Scrooge(ဦးကပ်စီး)အဖြစ် ပြန်လည်ထုတ်နှုတ်ထားတာဖြစ်ပါတယ်။ A Christmas Carolဟာ ပထမဆုံးအကြိမ်အဖြစ် ၁၈၄၃ခုနှစ်မှာ ပုံနှိပ်ထုတ်ဝေခဲ့ပြီး အကြိမ်ကြိမ်ပြန်ပုံနှိပ်ရတဲ့ စာအုပ်ဖြစ်သလို ခရစ္စမတ်ရုပ်ရှင်ကားတွေအဖြစ်နဲ့လည်း အကြိမ်ကြိမ်ရိုက်ကူးခဲ့ပါတယ်။

http://en.wikipedia.org/wiki/A_Christmas_Carol

http://www.stormfax.com/1dickens.htm


နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Tuesday, December 20, 2011

ကျွန်မဖတ်ဖို့ (၃၄)


(၁)
လူ့ဘဝလမ်းတစ်လျှောက်မှာ ကျွန်မတို့ဟာ သင်ယူရင်းနဲ့ ကြီးပြင်းကြတယ်။
လူတစ်ယောက်ကို ချစ်တတ်ဖို့ သင်ယူတယ်။
လူတစ်ယောက်ကို မချစ်တတ်ဖို့ သင်ယူတယ်။
လူတစ်ယောက်ကို မေ့တတ်ဖို့ သင်ယူတယ်။
လူတစ်ယောက်ကို မမုန်းတတ်ဖို့ သင်ယူတယ်။
လူတစ်ယောက်ကို ခွင့်လွှတ်တတ်ဖို့ သင်ယူတယ်။
နောက်ဆုံး..... နောက်ဆုံးမှာတော့....
ကိုယ့်ကိုယ်ကို တန်ဖိုးထားမြတ်နိုးတတ်ဖို့ ကျွန်မတို့ သင်ယူခဲ့ပါတယ်.....

(၂)
တစ်ယောက်တည်းရဲ့ကမ္ဘာက ငြိမ်သက်အေးဆေးလွန်းတယ်။
ငြိမ်သက်လွန်းလို့ ကိုယ့်အသံရှုသံ၊ ကိုယ့်နှလုံးခုန်သံကို ကိုယ်ပြန်ကြားနေရတယ်။

အေးပြီဆို ကိုယ့်ကိုယ်ကို အနွေးထည်ထပ်ဖို့မမေ့ပါနဲ့!
ဆာပြီဆို ကိုယ့်အတွက် ပေါင်မုန့်တစ်လုံးဝယ်ဖို့မမေ့ပါနဲ့!
ဖျားပြီဆို ကိုယ့်ကိုယ်ကို ဆေးသောက်ဖို့မမေ့ပါနဲ့!
ဆုံးရှုံးပြီဆို ကိုယ့်ကိုယ်ကို အားပေးဖို့မမေ့ပါနဲ့!
စိတ်ဓာတ်ကျပြီဆို ကိုယ့်ကိုယ်ကို ကြံ့ခိုင်ဖို့မမေ့ပါနဲ့!
လဲကျပြီဆို နာကျင်မှုထဲကနေရုန်းထပြီး ကိုယ့်ကိုယ်ကို အပြုံးတစ်ပွင့်ပေးဖို့ မမေ့ပါနဲ့....!
တစ်ယောက်တည်းဆိုပေမယ့်လည်း တစ်ယောက်တည်းရဲ့လွတ်လပ်ငြိမ်းချမ်းမှုတွေရှိခဲ့ပါတယ်။

(၃)
မိုးအုံ့တယ်ဆိုတိုင်း မိုးရွာတာမဟုတ်ဘူး။
လမ်းခွဲတယ်ဆိုတိုင်း ရင်ကွဲသွားတာမဟုတ်ဘူး။
မုန်းတယ်ဆိုတိုင်း တစ်သက်လုံးအတွက်မဟုတ်ဘူး။
စိတ်ပျက်တယ်ဆိုတိုင်း မျှော်လင့်ချက်မဲ့သွားတာမဟုတ်ဘူး။
ရင်ဆိုင်ရတယ်ဆိုတိုင်း ခက်ခဲတာမဟုတ်ဘူး။
အထီးကျန်တယ်ဆိုတိုင်း မပျော်ရွှင်တာမဟုတ်ဘူး။
ပိုင်ဆိုင်ရတယ်ဆိုတိုင်း မဆုံးရှုံးနိုင်တာမဟုတ်ဘူး။
နှုတ်ဆိတ်တယ်ဆိုတိုင်း ဥပေက္ခာပြုတာမဟုတ်ဘူး။
ဆုံးရှုံးတယ်ဆိုတိုင်း မပိုင်ဆိုင်နိုင်တော့တာမဟုတ်ဘူး။
လဲကျသွားတယ်ဆိုတိုင်း ထပ်မရပ်နိုင်တော့တာမဟုတ်ဘူး။
ရှုံးသွားတယ်ဆိုတိုင်း လက်လွတ်လိုက်တာမဟုတ်ဘူး။
ထူးဆန်းအံ့သြဖွယ်ဖြစ်ရပ် ထပ်မပေါ်နိုင်တာမဟုတ်ပါဘူး။
ဒီ တစ်စက္ကန့်မှာသာ အလျော့မပေးရင် နောက်တစ်စက္ကန့်မှာ မျှော်လင့်ချက်ဆိုတာရှိနိုင်ပါတယ်။

(၄)
သင့်မှာ ကံကောင်းခြင်းတွေရှိတယ်ဆိုတာကို ယုံပါ။ ဒါပေမဲ့ တမင်တကာ မစောင့်မျှော်ပါနဲ့။
သင့်မှာ ကြံ့ခိုင်မှုတွေရှိတယ်ဆိုတာကို ယုံပါ။ ဒါပေမဲ့ မျက်ရည်ကျဖို့ မငြင်းဆန်ပါနဲ့။
လောကမှာ သူတော်ကောင်းရှိတယ်ဆိုတာကို ယုံပါ။
ဒါပေမဲ့ သူတော်ကောင်းဟန်ဆောင်သူရန်က ကာကွယ်ဖို့ မမေ့ပါနဲ့။
ငွေကြေးက ပျော်ရွှင်ခြင်းတွေကို သယ်လာနိုင်တယ်ဆိုတာကို ယုံပါ။
ဒါပေမဲ့ တစ်ဘဝစာအတွက် မတောင့်တပါနဲ့။
ရိုးသားခြင်းကို ယုံပါ။ ဒါပေမဲ့ စေတနာကောင်းထားဟန်ဆောင်ခြင်းကို အပြစ်မဆိုပါနဲ့။
အောင်မြင်ခြင်းကို ယုံပါ။ ဒါပေမဲ့ ကျရှုံးခြင်းကို မျက်ကွယ်မပြုပါနဲ့။
ဖူးစာကို ယုံပါ။ ဒါပေမဲ့ ရူးရူးမိုက်မိုက် မစောင့်စားပါနဲ့။
အချစ်ကို ယုံပါ။ ဒါပေမဲ့ အပြစ်အနာအဆာကင်းဖို့ မတောင်းဆိုပါနဲ့။
လူ့ဘဝမှာ တန်ဖိုးအရှိဆုံးက မိမိကိုယ်ကိုယုံကြည်တာပဲဖြစ်တယ်။

(၅)
လူတိုင်းရဲ့ကိုယ်မှာ တမူထူးခြားတဲ့ ကိုယ်ပိုင်အလင်းတစ်မျိုးရှိတယ်၊ ကိုယ်ပိုင် ဆွဲဆောင်မှုတစ်မျိုးရှိတယ်။ ဒါတွေဟာ တခြားလူ အတုခိုးလို့ မရနိုင်သလို တခြားလူမှာလည်း မရှိနိုင်ပါဘူး။ လူတိုင်းလူတိုင်းမှာ ကိုယ့်ကိုယ်ကို ဂုဏ်ယူထိုက်တဲ့ အရာတွေရှိတယ်။ သင့်ရဲ့ မိမိကိုယ်ကိုယုံကြည်မှုကို သင်ကိုယ်တိုင်ပဲ မှတ်ချက်ပြုနိုင်တယ်။ တလောကလုံးက သင့်အပေါ် မျှော်လင့်ချက်မဲ့ခဲ့ရင်တောင် သင့်ကိုယ်သင် ယုံကြည်ရတယ်။

နာကျင်ကြေကွဲချိန်မှာ ငိုနိုင်ပါတယ်... ရှိုက်ကြီးတငင် ငိုနိုင်ပါတယ်။
ငိုပြီးခဲ့ရင် လှလှပပ ရယ်နိုင်ရမယ်၊ လှလှပပ ပြုံးနိုင်ရမယ်။
သင့်ကိုယ်သင် ယုံကြည်ပါ... သင်ဟာ သင်ကိုယ်တိုင်ပါ၊ သင်ဟာ ပြိုင်ဘက်ကင်းသူတစ်ယောက်ပါ။

(၆)
ပြဿနာအခက်အခဲဆိုတာ လူ့ဘဝမှာ တွန်းအားတစ်မျိုးပါ။ အခက်အခဲ၊ ပြဿနာကြောင့် လူဟာ ပိုသန်မာရခြင်းဖြစ်ပါတယ်။ ရည်မှန်းချက်ပန်းတိုင်ဆီ မရောက်မချင်း လူတိုင်းလူတိုင်းဟာ ကိုယ့်စိတ်ကူးအိပ်မက်အတွက် ရှေ့သို့လှမ်းနေကြပါတယ်။ လျှောက်လှမ်းတဲ့လမ်းမှာ ကဲ့ရဲ့ဝေဖန်မှုတွေ၊ သံသယဖြစ်မှုတွေ၊ သရော်လှောင်ပြောင်မှုတွေ ကြုံကြရတယ်။ ဒါဟာ လမ်းအပိုင်းအခြားမှာ တခဏသာ တွေ့ကြုံရတာတွေပါ။ ကိုယ်ပိုင်လမ်းတစ်ခုဆီ သင်အရောက်လှမ်းနိုင်ခဲ့ပြီဆိုရင် အဲဒီဝေဖန်လှောင်ပြောင်မှုတွေက မပြောပလောက်တော့ပါဘူး။

ဒါကြောင့် မိမိကိုယ်ကိုယ်ယုံကြည်ပါ။ ယုံကြည်မှုကို လက်ကိုင်ထားပါ။ ကိုယ့်ကိုယ်ကို အားပေးပြုံး ပြုံးပါ။ နောက်ဆုံးမှာ မျှော်လင့်ချက်ပန်းတိုင်ဆီ သင်အရောက် လှမ်းနိုင်ပါလိမ့်မယ်

(၇)
လောကမှာ အသည်းငယ်တဲ့လူတွေက အများသားလား?
ပိုးဟပ်ကိုကြောက်တဲ့လူ၊
ကြွက်ကိုကြောက်တဲ့လူ၊
အခက်အခဲကိုကြောက်တဲ့လူ၊
ဆုံးရှုံးမှာကို ကြောက်တဲ့လူ၊
ကိုယ့်အချစ်စစ်ကို တခြားအချစ်စစ်နဲ့ မတွေ့မိမှာကြောက်တဲ့လူ၊
အငြင်းခံရမှာ ကြောက်တဲ့လူ၊
သစ္စာဖောက်ခံရမှာ ကြောက်တဲ့သူ၊
အစွန့်ပစ်ခံရမှာ ကြောက်တဲ့လူ၊
ထိခိုက်နာကျင်မှာကို ကြောက်တဲ့လူ... ....


အဲဒီလို ကြောက်တတ်နေလို့ပဲလား! အစတောင်မစရသေးခင် ကျွန်မတို့ဟာ ကိုယ့်ကိုယ်ကို မျှော်လင့်ချက်မဲ့နေခဲ့ပြီ။

(၈)
ရာစုနှစ်ဝက်တစ်ခုကို အတူတူဖြတ်ကျော်လာခဲ့ကြတဲ့ အဘိုးအဘွားအိုလင်မယားနှစ်ယောက်.... ညအိပ်ရာမဝင်ခင် သူတို့အချင်းချင်း အမြဲပြောတတ်တဲ့ နောက်ဆုံးစကားတစ်ခွန်းက "နင့်ကိုငါချစ်တယ်"...

ဘာဖြစ်လို့ နှစ်နဲ့ချီပြီး ဒီလိုပြောကျင့်ရှိခဲ့သလဲလို့ တခြားလူကမေးတော့ အဘိုးအိုက ပြောတယ်။

"ကျွန်တော်တို့ အသက်ကြီးပြီ။ ဒီလိုပြောရတာဟာလည်း တကယ်လို့ တစ်နေ့နေ့မှာ ကျွန်တော်တို့ထဲက တစ်ယောက်ယောက်က နောက်တစ်နေ့မနက်မှာ လုံးဝ နိုးမလာခဲ့တော့ဘူးဆိုရင် ကျွန်တော်တို့ကြားမှာ အချင်းချင်းကျန်ခဲ့မယ့် နောက်ဆုံးစကားက အဲဒီစကားဖြစ်နေမှာပဲ"

တကယ်တော့ အသက်အိုမင်းမှ မဟုတ်ပါဘူး.. လူဆိုတာ အချိန်မရွေး သေဆုံးနိုင်ပါတယ်။ မသေဆုံးခင် အချင်းချင်းကြားမှာ ဘာစကားတွေ နောက်ဆုံးကျန်ခဲ့စေချင်သလဲ?

အိမ်ပြင်မထွက်ခင် ဂရုစိုက်တဲ့စကား
အိပ်ရာမဝင်ခင် ကြင်နာတဲ့စကား
မခွဲခွာခင် ချစ်ခင်နှစ်လိုတဲ့စကား
ဘယ်စကားတစ်ခွန်းက နောက်ဆုံးစကားဖြစ်မယ်မှန်း ဘယ်သူမှမသိခဲ့ကြသလို
ဘယ်သူကမှလည်း နောက်ဆုံးစကားတစ်ခွန်းကို နားဝင်မချိုတဲ့ဒေါသစကား ဖြစ်စေချင်ခဲ့ကြမှာမဟုတ်ပါဘူး။

(၉)
ထာဝရချစ်မယ်လို့ပြောတဲ့လူက နောက်ဆုံးတော့ ထားသွားခဲ့တယ်။
အရမ်းချစ်တယ်လို့ပြောတဲ့လူက နောက်ဆုံးတော့ တခြားတစ်ယောက်လက်ကို တွဲသွားခဲ့တယ်။ စောင့်နေမယ်လို့ပြောတဲ့လူက နောက်ဆုံးတော့ တခြားတစ်ယောက်နဲ့ ထွက်သွားခဲ့တယ်။

"ချစ်တယ်" လို့.... လွယ်လွယ် မပြောပါနဲ့။
ကတိတစ်ခုဟာလည်း တာဝန်ယူမှုတစ်ခု ဒါမှမဟုတ် နာကျင်မှုတစ်ခုပဲ မဟုတ်ပါလား!

(၁ဝ)
တစ်ခါတလေမှာ... အဲဒီလူကို ကျွန်မတို့ခွင့်လွှတ်လိုက်ပြီဆိုပေမယ့် ကျွန်မတို့ တကယ်မပျော်ရွှင်နိုင်ခဲ့ဘူး။ အကြောင်းက ကိုယ့်ကိုယ်ကိုခွင့်လွှတ်ဖို့ ကျွန်မတို့ မေ့နေခဲ့လို့ပါပဲ....


ကျွန်မဖတ်ဖို့ နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Monday, December 19, 2011

တွေးတွေးပြီးရယ်


(၁)
တစ်ခါက ညတစ်ညမှာ လူတစ်ယောက်ဟာ အရက်မူးပြီးအိမ်ပြန်လာတော့ ဝက်တဲကို နေအိမ်အမှတ်နဲ့ဝင်ပြီး ဝက်မဘေးမှာဝင်ခွေရင်း ပြောလိုက်တယ်။

"မိန်းမ... ငါ့ကိုရေတစ်ခွက်လောက် ခပ်ပေးစမ်းပါ!"
လူသံကြားတော့ ဝက်မက "အီ.." လို့ အသံတစ်ချက်ပြန်ပေးတယ်။ ဒါကို အဲဒီလူက ဝက်မကို လက်နဲ့ တစ်ချက်စမ်းကြည့်ရင်း ပြောလိုက်တယ်။

"မခပ်ပေးဘူးဆိုလဲ နေပေါ့ကွာ.. မင်းက ဘာညည်းတာလဲ? မင်းအင်္ကျီကလဲ အမွေးတွေနဲ့ ကြယ်သီးကလဲ နှစ်တန်းတောင်ပါလား?"

(၂)
နောက်ချေးပိုးနဲ့ ခြင် ရည်းစားဖြစ်တော့ နောက်ချေးပိုးကမေးတယ်။
"ခြင်လေး.. မင်း ဘာအလုပ်လုပ်သလဲ?"
"ကျွန်မက ဆေးထိုးတဲ့ နပ်စ်မပါ"
"ဟာ... ရေစက်ပဲ.. ငါ့အလုပ်ကလဲ တိုင်းရင်းဆေး ဆေးလုံးဆရာလေ"

(၃)
လူအ နှစ်ယောက် ကောင်းကင်ပေါ်က လမင်းကိုကြည့်ပြီး တစ်ယောက်က နေ၊ တစ်ယောက်က လနဲ့ ငြင်းခုန်နေကြတယ်။ အဲဒီလိုငြင်းခုန်နေတုန်း သူတို့ဘေးနား လူတစ်ယောက်ဖြတ်သွားတော့ လူအ နှစ်ယောက်က...

"ကောင်းကင်ပေါ်က နေမင်းလား? လမင်းလား? အကဲဖြတ်ပေးပါဦး" လို့ဆိုတော့

အဲဒီလူက "ကျွန်တော် ဒီရွာက မဟုတ်တော့ သေသေချာချာ မသိပါဘူး" လို့ ပြန်ဖြေလိုက်တယ်။


(၄)
အဘိုးအိုတစ်ယောက် ငွေထုတ်စက်မှာ ငွေလာထုတ်တယ်။ ဘဏ်ကငွေထုတ်စက်တွေက အသံစနစ်နဲ့ဖြစ်တယ်။

စစ်စတန်က "လျှို့ဝှက်ဂဏန်းရိုက်သွင်းပါ"လို့ ပြောတဲ့အချိန် အဘိုးအိုက ပါးစပ်ကိုလက်နဲ့ကွယ်ရင်း ဂဏန်းလက်ကွက်ကီးဘုတ်နားကပ်ပြီး တိုးတိုးပြောလိုက်တယ်။

"သုညခြောက်လုံး"...


(၅)
သမီး... မေမေ တကယ်လို့ လူကြီးတွေက "ငါစားတဲ့ဆားက နင်စားတဲ့ဆန်ထက်တောင်များတယ်"လို့ ဆိုဆုံးမလာတဲ့အခါ မေမေ ဘယ်လိုပြန်ပြောမလဲ?

မေမေ... မေမေလည်း မသိဘူး။ သူတို့ရဲ့အတွေ့အကြုံက မေမေတို့ထက်များတယ်လို့ ဆိုလိုချင်တာဖြစ်မှာပေါ့။

သမီး... ဟင်း.. မေမေကလဲ... ဆားစားတာများရင် ကိုယ်ခန္ဓာအတွက်မကောင်းဘူးလို့ မေမေ သတိမပေးတော့ဘူးလား?


(၆)


ပြုံးစေရုံမျှသာ....

နိုင်းနိုင်းစနေ


Share/Bookmark

Sunday, December 18, 2011

ကျွန်မရဲ့အော်တိုစာအုပ်လေးများ


မှတ်မှတ်ရရ ကျွန်မ"အော်တိုစာအုပ်"စထားတဲ့အရွယ်က ၄တန်း၊ ၅တန်းအရွယ်မှာပါ။ အဲဒီအရွယ်မှာ အော်တိုဆိုတဲ့အဓိပ္ပာယ်ကို ကျွန်မသေသေချာချာ မသိခဲ့ပါဘူး။ စာအုပ်တစ်အုပ်ထဲမှာ သူငယ်ချင်းတွေ ခင်ရာမင်ရာ အမှတ်တရရေးတာကို အော်တိုလို့ခေါ်တယ်လို့ပဲ ကျွန်မသိထားခဲ့တယ်။ ငယ်ငယ်ရွယ်ရွယ် စူးစူးစမ်းစမ်းအရွယ်ဆိုတော့ သူငယ်ချင်းတွေက အော်တိုဆိုတိုင်း ကျွန်မလည်း လိုက်အော်တိုခဲ့တာပေါ့။ အဲဒီခေတ်က ကျွန်မရဲ့အော်တိုစာအုပ်က ရိုးရိုးဗလာစာအုပ်လေးတစ်အုပ်ပါ။ အဲဒီစာအုပ်ကို ကျွန်မကြိုက်တဲ့ မင်းသား၊ မင်းသမီးပုံပါတဲ့ပြက္ခဒိန်နဲ့ ထုပ်ထားတတ်ပြီး တခြားစာအုပ်ထက် သပ်ရပ်သန့်ရှင်းအောင် ထားခဲ့ပါတယ်။ ကျောင်းသွားတိုင်းလည်း မမေ့မလျော့ ယူသွားလေ့ရှိခဲ့တယ်။

ကျွန်မရဲ့အော်တိုစာအုပ်ကို သူငယ်ချင်းတွေရဲ့စာအုပ်နဲ့အပြိုင် လှသထက်လှအောင် ကျွန်မအလှဆင်ခဲ့ပါတယ်။ စာအုပ်ထဲမှာ ဇီးသီးထုပ်တွေကရတဲ့ မင်းသား၊ မင်းသမီးပုံတွေ ကပ်လိုကပ်၊ ပန်းခြောက်လေးတွေ ညှပ်လိုညှပ်နဲ့ပေါ့။ အဲဒီတုန်းက ရွာမှာဆိုတော့ ကျွန်မတို့မှာပုံကပ်ဖို့ ကော်တွေမရှိခဲ့ကြဘူး။ ကော်ပင်လို့ကျွန်မတို့ခေါ်တဲ့ သဘာဝပေါက်တဲ့အပင်ကရတဲ့ ကော်သီးလေးတွေနဲ့ ကျွန်မတို့ကပ်ခဲ့ကြတယ်။ ကော်သီးမရတဲ့အခါ ထမင်းလုံးစေ့တွေနဲ့ ကျွန်မတို့ကပ်ခဲ့ပါတယ်။ သိတဲ့အတိုင်း ထမင်းစေ့တွေက ကြာကြာအကပ်မခံတော့ တစ်ခါတလေ ကျွန်မတို့ရဲ့အော်တိုစာရွက်ဟာ မင်းသား၊ မင်းသမီးပုံတွေပျောက်ပြီး ထမင်းလုံးခြောက်တွေနဲ့ မာဆတ်ဆတ်ကြီး ဖြစ်နေခဲ့တာပေါ့။

စာမေးပွဲနီးလို့ ကျောင်းကြီးပိတ်တော့မယ်ဆိုရင် ကျွန်မတို့မှာ အော်တိုစာအုပ်တွေ အချင်းချင်းလဲပြီး အမောတကောရေးခဲ့ကြပါတယ်။ တစ်ရွာသားချင်းလည်းဖြစ်၊ ကျောင်းပိတ်ရင်လည်း ဒီရွာသေးသေးလေးမှာ တွေ့နေကြရဦးမယ့် သူငယ်ချင်းတွေဆိုပေမယ့် ခင်ကြောင်းမင်ကြောင်းကို စာအုပ်ထဲမှာချရေးပြီး ကျွန်မတို့ သက်သေပြခဲ့ကြတယ်။ ကိုယ်ကြိုက်တဲ့မင်းသား၊ မင်းသမီးကပ်ထားတဲ့စာရွက်မှာ ရွေးရေးကြသလို ကိုယ်ကြိုက်တဲ့ကောင်လေးရေးထားတဲ့ စာရွက်ဘေးမှာ ကပ်ရေးတာမျိုးလည်း ရှိခဲ့တာပေါ့။ တချို့က နောက်ဆုံးစာရွက်ကိုရွေးပြီး ဒီလိုရေးတတ်ကြသေးတယ်။ "စာရွက်နောက်ဆုံးမှာ ရေးပေမယ့် ကိုယ့်ခင်မင်မှုက ရှေ့ဆုံးကပါ" ဆိုသလိုမျိုး......

တချို့ကလည်း
"အင်းလေးရေခြောက်ခမ်း
ကောင်းကင်က ကြယ်တွေကြွေကျမှ
ခင်မင်မှုကို အဆုံးသတ်မယ်" ပေါ့။

နောက်တော့ တဖြေးဖြေးအတန်းတွေကြီးလာပြီး မြို့ကျောင်းကိုရောက်တော့ ကျွန်မမှာအော်တိုစာအုပ်တွေ ပိုများလာခဲ့တယ်။ ကျောင်းအတွက်တစ်အုပ်၊ ကျူရှင်အတွက်တစ်အုပ်၊ တရုတ်ကျောင်းအတွက်တစ်အုပ်ပေါ့။ စာအုပ်တွေက ကောင်လေး၊ ကောင်မလေးပုံတွေ၊ ငှက်ကလေး၊ ပန်းကလေးပုံတွေနဲ့ ကဗျာဆန်ဆန် ပိုလှလာတယ်။ ရွာမှာတုန်းကလို ထမင်းလုံးတွေနဲ့ ပုံကပ်စရာမလိုခဲ့တော့ဘူး။ စာအုပ်ထဲမှာ သူငယ်ချင်းတွေရေးပေးတဲ့ အမှတ်တရစာတွေအပြင် ကိုယ်ကြိုက်တဲ့ကဗျာလေးတွေ ကူးထည့်ရေးခဲ့သေးတယ်။ တချို့ကဗျာဝါသနာပါတဲ့ သူငယ်ချင်းတွေက အမှတ်တရစာတွေကို ကဗျာလေးတွေနဲ့ ရေးပေးတတ်သေးတယ်။

"၁ နဲ့ ၁ပေါင်း ၂ ရကြောင်းကို
ဘဝကျောင်းမှာ သင်ရတယ်။
နင်နဲ့ငါပေါင်း ခင်မင်ကြောင်းကို
ဘဝကျောင်းမှာ သင်ရတယ်" ဆိုသလိုမျိုး...

တချို့ကလည်း ခင်ခင်မင်မင်နဲ့ ဆိုဆုံးမတတ်သေးတယ်။ ဘာတဲ့...
"ပညာသင်ချိန်
စာသင်ချိန်မှာ
အချစ်ဘုရင်ကို
ချစ်ပလ္လင်မှာ
နန်းမတင်နဲ့
ရည်ရွယ်ချက်များ ပျက်တတ်တယ်" ဆိုသလိုပေါ့။

အဲဒီတုန်းက မနူးမနပ်အရွယ်ဆိုတော့ ဘာရေးရေးဖတ်ကောင်းနေတာချည်းပဲ။ ကိုယ်တိတ်တိတ်လေး သဘောကျနေတဲ့ ကောင်လေးရေးတဲ့အော်တိုဆိုရင် ဖတ်ရတာ ငြီးကိုမငြီးခဲ့ဘူး။ ကိုယ့်အတန်းထဲက သူငယ်ချင်းတွေမက ကိုယ့်အခန်းဘေးက၊ အတန်းမတူတဲ့ သူငယ်ချင်းတွေကို ရေးခိုင်းရတာလည်း အမောပေါ့။ အတန်းကြီးကြီးလာတော့ ကိုယ်ရေးတဲ့အမှတ်တရစာဘေးမှာ ကိုယ့်ပတ်စပို့ပုံ၊ အလှပုံလေးတွေ ကပ်ပေးတတ်ကြသေးတယ်။

တက္ကသိုလ်ရောက်တော့ ကျွန်မအော်တိုစာအုပ်မထားခဲ့တော့ဘူး။ ပထမနှစ်ကနေ နောက်ဆုံးနှစ်အထိ ဒီလူတွေနဲ့ပဲရှိနေမယ်ဆိုတော့ အော်တိုစာအုပ်အစား နောက်ဆုံးနှစ်မှာပဲ လိပ်စာစာအုပ်လေး တစ်အုပ် ကျွန်မထားခဲ့တယ်။ အဲဒီစာအုပ်ကို ကျောင်းဆက်တက်ဖို့ နိုင်ငံခြားထွက်တော့ ကျွန်မယူခဲ့သေးတယ်။ သူငယ်ချင်းတွေနဲ့ အမြဲအဆက်အသွယ်မရှိပေမယ့် သူတို့ကိုသတိရတဲ့အခါ အဲဒီစာအုပ်ကို ကျွန်မ ထုတ်ထုတ်ဖတ်ဖြစ်တယ်။ တစ်နိုင်ငံကနေ နောက်တစ်နိုင်ငံကိုအကူးမှာ သယ်ရတဲ့ပစ္စည်းတွေက များများလာတော့ အဲဒီစာအုပ်ကို တခြားပစ္စည်းတွေနဲ့ရောပြီး ကျွန်မ မြန်မာပြည်ပြန်ပို့ခဲ့တယ်။

နှစ်တွေကြာပြီး ကျွန်မ မြန်မာပြည်ပြန်ဖြစ်ခဲ့တဲ့တစ်နှစ် အဲဒီစာအုပ်လေးကို ကျွန်မအစ်မအိမ်မှာ ပြန်တွေ့တယ်။ ကျွန်မရဲ့ပစ္စည်းတွေနဲ့အတူ စာအုပ်လေးကို အစ်မက သေချာသိမ်းထားပေးခဲ့ပါတယ်။ စာအုပ်ကို လှန်ကြည့်မိတော့ တချို့စာလုံးတွေက မင်ရောင်တောင်လွှင့်နေခဲ့ပြီ။ စာအုပ်ထဲက သူငယ်ချင်းတချို့လည်း ဘယ်ကိုရောက်လိုရောက်မှန်း မသိတော့ဘူး။ တချို့သူငယ်ချင်းနဲ့ အဆက်အသွယ်ရှိတယ်ဆိုပေမယ့် တချို့နဲ့က ကျောင်းပြီးကတည်းက လုံးလုံးအဆက်အသွယ် မရှိခဲ့တော့ဘူး။ ခင်မင်မှုက မင်လိုပဲ အရောင်လွှင့်ခဲ့ပြီလား?

တောင်ကြီးအိမ်ရောက်တော့ အထက်တန်းတုန်းက အော်တိုစာအုပ်တွေကို ကျွန်းသေတ္တာထဲမှာ တွေ့မိပြန်တယ်။ စာတွေကိုပြန်ဖတ်ကြည့်ရင်း စိတ်တွေနုပျိုသွားရသလို သူငယ်ချင်းတွေကိုလည်း ပြန်သတိရမိတယ်။ တချို့သူငယ်ချင်းတွေ ဘယ်ရောက်လို့ ဘာဖြစ်နေကြသလဲ မသိပါဘူး။ အတန်းထဲက ကျွန်မဘေးမှာထိုင်တဲ့ ရှမ်းမလေးအိမ်ရောက်တော့ သူငယ်ချင်းတချို့ရဲ့အကြောင်းကို သိခဲ့ရတယ်။ တချို့လည်း လောကကြီးထဲ ထွက်ခွာသွားခဲ့ပါပြီ....

ရွာမှာကျောင်းတက်တုန်းထားခဲ့တဲ့ အော်တိုစာအုပ်ကတော့ ကြွက်စာဖြစ်သွားပြီလား! ပုလင်းဝယ်၊ သံဝယ်ဆီပဲ ရောက်သွားပြီလား မပြောတတ်ဘူး။ အစအနတောင် မတွေ့ခဲ့တော့ပါဘူး။ ဒါပေမယ့် ရွာသူငယ်ချင်းတွေက ကျွန်မဘယ်အချိန်ပဲ ရွာကိုပြန်ပြန် နွေးနွေးထွေးထွေး ကြိုဆိုနေကြတုန်းပဲ။ အင်းလေးရေ ခမ်းခြောက်စပြုလာပေမယ့်၊ ကြယ်မိုးတွေရွာတယ်ဆိုပေမယ့် သူတို့ရဲ့ခင်မင်မှုကတော့ အဆုံးသတ်သွားမယ် မထင်ပါဘူး.. ကျွန်မတို့ရဲ့ ခန္ဓာကိုယ်တွေ တည်မြဲနေသရွေ့ပေါ့...

နိုင်းနိုင်းစနေ


Share/Bookmark

Friday, December 16, 2011

အိမ်


တစ်ည .... ရီဝေဝေနဲ့ သူအိမ်ပြန်ရောက်လာခဲ့တယ်။ တံခါးဖွင့် အိမ်ထဲဝင်ပြီး မီးဖွင့်ရင်း မိန်းမဖြစ်သူကို သူလှမ်းအော်တယ်။ ပြန်ထူးသံ မကြားခဲ့ရဘူး။ ခေါင်းငုံ့ဖိနပ်ချွတ်တော့ ဖိနပ်စင်ပေါ်တင်ထားတဲ့ စာရွက်တစ်ရွက်ကို သူတွေ့လိုက်တယ်။ ကောက်ယူကြည့်တော့ လင်မယားကွာရှင်းစာချုပ်ဖြစ်နေတယ်။ သူတစ်ချက် တွေဝေသွားတယ်။ သူမ တကယ်လုပ်လိမ့်မယ်လို့ သူထင်မထားခဲ့ဘူး။

အရင်တုန်းကလည်း သူတို့ဒီလိုပဲ ရန်ဖြစ်နေကျ၊ သူ့ကို သူမစိတ်ဆိုးပြီး
စကားမပြောတာ ဒါမှမဟုတ် မိဘအိမ်ခဏ ပြန်တာလောက်ပဲရှိခဲ့တယ်။ နောက်တော့လည်း အလိုအလျောက် ပြန်ကောင်းသွားတာပါပဲ။ ဒါပေမယ့် ဒီတစ်ခေါက်မှာတော့ သူမ တကယ်လုပ်လိုက်မှန်း သိသာနေတယ်။ သမီးလေးအတွက် အုပ်ထိန်းသူ အစည်းအဝေးသွားဖို့ သူ မအားဘူး၊ အချိန်မရှိဘူးလို့ ပြောလိုက်တာနဲ့ သူမ စိတ်တိုပြီး "ရှင်တစ်နေကုန် တစ်နေခန်း နေဝင်နေထွက် အလုပ်တွေများနေလိုက်တာ ကျွန်မနဲ့သမီးလေး၊ နောက်ပြီး ဒီအိမ်ကိုရော ရှင်စိတ်ထဲမှာ ထည့်ထားရဲ့လား? ဒီလိုဘဝမျိုး ကျွန်မ မလိုချင်တော့ဘူး။ ကျွန်မတို့ ကွာရှင်းမယ်" လို့ ပြောတော့ ဒါတွေဟာ ဘာမှမဖြစ်လောက်တဲ့အရာတွေ၊ ဘယ်အရာကမှာ အလုပ်လောက် အရေးမကြီးဘူး။ အလုပ်ကို အလေးထားတာဟာ ဒီမိသားစု၊ ဒီအိမ်ကို အလေးထားတာပဲလို့ သူထင်ထားခဲ့တယ်။ သူ့လုပ်ရပ်တွေ မမှားဘူးလို့ သူထင်ခဲ့တယ်။ အခုတော့ ဟာလာဟင်းလင်း ဒီအိမ်ကြီးထဲမှာ သူရပ်နေခဲ့တယ်။ မိန်းမ မရှိတော့တဲ့အိမ်ကို အိမ်လို့တင်စားလို့ မရတော့မှန်း အခုမှ သူခံစားမိတယ်။ သူ့ရဲ့အောင်မြင်မှုကို အတူမျှဝေမယ့်မိန်းမမရှိတော့ အဓိပ္ပာယ်မဲ့သွားတယ်လို့ သူထင်နေမိတယ်။

နောက်တစ်နေ့မှာ သူ့မိဘအိမ် သူပြန်ခဲ့တယ်။ မိဘတွေက သူ့ကိုတွေ့တော့ တအံ့တသြနဲ့မေးတယ်။

"သား ဒီလောက်အလုပ်များတာတောင် အိမ်ပြန်လာချိန်ရှိသေးတယ်လား သား? တစ်ခုခုဖြစ်လာခဲ့သလား? ကလေးအမေနဲ့ ရန်ဖြစ်လာကြတာလား?"

ဆက်တိုက်မေးတဲ့ မေးခွန်းတွေကြားမှာ သူ့မျက်နှာထူပူသွားမိတယ်။ ဒါဟာလည်း မိဘအိမ်ဆီ သူပြန်ချိန် နည်းခဲ့တဲ့အတွက်ကြောင့်ဖြစ်မယ်။

သူ အိမ်ပြန်လာတာကို မိဘတွေက ဝမ်းသာကြတယ်။ အိမ်ပြန်လာတဲ့ သားအတွက် အဖေဖြစ်သူက ဟင်းထွက်ဝယ်တယ်။ အမေက သူနဲ့စကားစမြည်းပြောရင်း ကျန်ရစ်ခဲ့တယ်။ အမေက သူစားဖို့ မြေပဲဆံလှော်တွေ ထုတ်လာတယ်။ ထိုင်တာ သိပ်မကြာသေးခင် အမေ့အိမ်ကဖုန်း မြည်လာတယ်။ အဖေ့အသံကို ဖုန်းထဲကနေ သူကြားနေရတယ်။

"မိန်းမရေ... နင့်အတွက် ဂန္ဓာမာပျားရည် ငါဖျော်ပြီး ပြတင်းပေါက်ဘောင်ပေါ် တင်ထားခဲ့တယ်။ အခုသောက်ရင် အနေတော်ပဲ။ မအေးခင် သောက်လိုက်ဦးနော်"

အဖေဖုန်းချတော့ အမေက ဖျော်ရည်ကိုယူပြီး တစ်ငုံသောက်လိုက်တယ်။ ဖုန်း မြည်လာပြန်တယ်။ အဖေ့ဆီက ဖုန်းဖြစ်တယ်။

"မေကြီး.. ငါတို့ ရေဖိုးဆောင်ရတော့မယ်ထင်တယ်။ ကြည့်လိုက်ဦး.. ငါ စာရွက်ယူခဲ့ဖို့ မေ့သွားလို့။ စာရွက်နံပါတ် ငါကို ရွတ်ပေးကြည့်ပါဦး။ လမ်းကြုံလို့ ငါရေဖိုးဆောင်ခဲ့မယ်"

ဖုန်းချပြီး အပြုံးမျက်နှာနဲ့ အမေကရေရွတ်တယ်။

"သားရဲ့ဖေဖေကလေ အလုပ်အရမ်းများတဲ့လူ.... အပြင်ခဏလေး ထွက်တာတောင် အိမ်ကို ဖုန်းဆယ်ခေါက်လောက် ခေါ်တတ်တယ်။ သူ့လခတွေက ဆက်သွယ်ရေးဌာနအတွက် လှူထားသလား မှတ်ရတယ်"

အမေပြောနေတုန်းမှာပဲ အဖေ့ဆီက ဖုန်းဝင်လာပြန်တယ်။ အဖေ့အသံက ဝမ်းသာအားရပဲ....

"မေကြီးရေ.... နင် ငါးကြင်းတွေကြိုက်တယ် မဟုတ်လား? ဒီနေ့ ဈေးထဲမှာ ငါးကြင်းလတ်လတ်ဆတ်ဆတ်တွေဟေ့... ငါဝယ်ပြန်ပြီး နင့်ကိုချက်ကျွေးဦးမယ်"

အချိန်မိနစ်၂ဝအတွင်းမှာ အဖေ့ဆီက ဖုန်းတွေ အဆက်မပြတ်ဝင်လာခဲ့တယ်။ အဖေ့ဖုန်းကြောင့် အမေ စိတ်မရှည်ဟန်မပြခဲ့ဘူး။ အမေက သူနဲ့ စကားစမြည်းပြောနေတယ်ဆိုပေမယ့် တကယ်တော့ အဖေနဲ့ပြောနေတာပါပဲ။ နောက်ဆုံး သူ မအောင့်နိုင်ဘဲ မကျေမနပ်ပြောမိတယ်။

"ဖေဖေက ဘာဖြစ်လို့ ကြာလာလေ လေးနက်မှုမရှိလာလေပါလား မေမေ... တကယ်ဆို တချို့ဖုန်းကဆက်စရာတောင် မလိုပါဘူး။ အိမ်ရောက်မှပြောလဲ ရရက်သားနဲ့"

သူ့စကားကို အမေက အရယ်နဲ့ပြောပြတယ်။

"မဟုတ်သေးဘူး သား... သားဖေဖေရဲ့ လေးနက်တဲ့စိတ်ကို သားဘယ်နားလည်လိမ့်မလဲ! သားဖေဖေက သူ့စိတ်ကို အိမ်မှာပဲထားခဲ့လို့၊ အိမ်ကိုပဲ စိတ်ရောက်နေလို့ ဖုန်းတွေဆက်ဆက်နေတာပေါ့။ လူက အပြင်ရောက်နေတယ်ဆိုပေမယ့် စိတ်ကို အိမ်မှာထားခဲ့လို့၊ အိမ်မှာ ဘာကိစ္စထွေထွေထူးထူးမှ မရှိဘူးဆိုပေမယ့် သူက အိမ်ကိုပဲအောင်းမေ့နေလို့ပါ။ လိုတဲ့ငွေကို အိမ်ကနေယူရင် ရပြီလို့မထင်လိုက်နဲ့... အိမ်က ငွေထားတဲ့နေရာ မဟုတ်ဘူး သား။ စိတ်နှလုံးထားတဲ့နေရာပါ။ စိတ်နှလုံးကို အိမ်မှာထားမှ ချစ်ခြင်းမေတ္တာနဲ့ ပျော်ရွှင်ခြင်းတွေက အိမ်မှာမြဲမှာပါ။ နားလည်လား.. သား!"

အမေရဲ့လေးနက်ကြင်နာတဲ့ မျက်ဝန်းအောက်မှာ သူရုတ်တရက် လန့်နှိုးလာခဲ့တယ်။ အလုပ်များတဲ့အချိန် အိမ်ကို သူဖုန်းမဆက်ခဲ့ဖူးကြောင်းကို သူသတိရလာမိတယ်။ သူ မဆက်တဲ့အပြင် သူမ ဆက်လာတဲ့ဖုန်းကိုလည်း သူ အလျင်စလို ချပစ်လိုက်တတ်တယ်။ အထက်လူကြီး၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ သူပျော်ပါးစားသောက်ချိန် အိမ်မှာရှိတဲ့ မီးတစ်ဆောင်က သူအိမ်ပြန်မရောက်မချင်း ညနက်သန်းခေါင်အထိ လင်းထိန်နေတတ်ကြောင်းကို သူသတိရလာမိတယ်။ မိန်းမရဲ့ အထီးကျန်တဲ့ခံစားချက်၊ သူ့ကိုစောင့်မျှော်နေတဲ့ ခံစားချက်ကို သူတစ်ခါမှ မတွေးခဲ့မိဘူး။ အသက်(၆)နှစ်ရှိပြီဖြစ်တဲ့ သမီးလေးက တိရစ္ဆာန်ဥယျာဉ်လိုက်ပို့ဖို့၊ ကစားကွင်းလိုက်ပို့ဖို့ သူ့ကို အထပ်ထပ်တောင်းဆိုခဲ့ပေမယ့် ကတိသာပေးပြီး ကတိမတည်မိခဲ့တာကို သူသတိရလာမိတယ်။ ဒါတွေဟာ သူတကယ်အလုပ်များခဲ့လို့ပဲလား? ဒါမှမဟုတ် သူ့စိတ်နှလုံးကို အိမ်မှာ မထားခဲ့မိလို့လား?

အဲဒီနေ့ ညနေက သူမအိမ်သွားပြီး သူမကို သူသွားခေါ်ခဲ့တယ်။ သူမ မပြန်နိုင်ဘူးလို့ဆိုတော့ သူ အလောတကြီး သူမကို ဖြေရှင်းချက်ပေးတယ်။

"မောင် အရင်လို မလုပ်တော့ပါဘူး။ အရင်လို ခင့်ကို လျစ်လျူရှုမထားတော့ပါဘူး။ အိမ်ကိုလည်း လျစ်လျူရှုမထားတော့ပါဘူး။ ခင့်ကို ငွေတွေပုံအပ်ပေးပြီး လိုအပ်တဲ့ငွေကို အိမ်မှာပြန်ယူရရင် ပျော်ရွှင်ပြီးလို့ မောင်ထင်ထားခဲ့မိတယ်။ တော်ပါသေးတယ် "အချစ်"ကို မောင်ပျောက်ဆုံးစေတော့မလို့.. နောက်ဆိုရင် မောင့်စိတ်၊ မောင့်နှလုံးသားကို အိမ်မှာထားပါမယ်။ အိမ်ကို နှလုံးသားမှာထားပါမယ်။ မောင်နဲ့ ပြန်လိုက်ခဲ့ပါနော်"

သူ့စကားကို သူမ ပြန်မဖြေခဲ့ဘူး။ သူ့ရင်ခွင်ဆီကိုပဲ သူမ ဖြေးဖြေးသာသာလှမ်းဝင်ပြီး ပွေ့ဖက်ငိုချလိုက်တော့တယ်။

အိမ်ဆိုတာ နှလုံးသားထားတဲ့နေရာပါ။ ချစ်ခြင်းမေတ္တာတွေ ဖြည့်တင်းတဲ့နေရာပါ။ အလုပ်များတယ်ဆိုတာ ဆင်ခြေတစ်ခု မဟုတ်ပါဘူး။ အိမ်မှာ နှလုံးသားရှိတယ်၊ အချစ်ရှိတယ်၊ အောင်းမေ့တမ်းတမှုတွေရှိတယ်ဆိုရင် ပျော်ရွှင်ခြင်းတွေက အဆုံးမရှိ ပိုပိုတိုးလာမှာဖြစ်ပါတယ်။

မူရင်း-- http://www.duwenzhang.com/wenzhang/aiqingwenzhang/20111020/204044.html

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Wednesday, December 14, 2011

ကျကျန်ခဲ့တဲ့အရာတွေ....


မိန်းကလေးတစ်ယောက်ဟာ လူစည်ကားတဲ့ဈေးတန်းတစ်ခုကို ဆိုင်ကယ်စီးပြီးဖြတ်တယ်။ အဲဒီမှာ ဈေးခြင်းတောင်းဆွဲထားတဲ့ အဒေါ်ကြီးတစ်ဦးနဲ့ မျက်နှာချင်းဆိုင်မိတယ်။ လမ်းကကျဉ်း ဈေးကလည်းစည်ကားတာမို့ ရှောင်ပေမယ့် အဒေါ်ကြီးရဲ့ဈေးခြင်းတောင်းကို ဆိုင်ကယ်လက်ကိုင်နဲ့ ချိတ်လိုက်မိတယ်။ အဒေါ်ကြီးလက်ထဲကနေ ဈေးခြင်းတောင်းလွတ်ကျသွားခဲ့တယ်။ မိန်းကလေးက ဆိုင်ကယ်ပေါ်ကနေ အဒေါ်ကြီးကို လှည့်ကြည့်လိုက်တယ်။ ဈေးခြင်းတောင်းက ကျသွားတယ်ဆိုပေမယ့် ခြင်းတောင်းထဲကအရာတွေ အပြင်ကိုထွက်မကျခဲ့ဘူး။ ဘာမှမဖြစ်ဘူးဆိုပြီး မိန်းကလေးက ဆိုက်ကယ်စီးပြီး ထွက်သွားဖို့ပြင်တယ်။

အဲဒီမှာ အဒေါ်ကြီးက လှမ်းအော်တယ်...
"မိန်းကလေး.. မိန်းကလေးရဲ့ပစ္စည်းကျခဲ့ပြီ"

မိန်းကလေးက သူ့ပစ္စည်းတစ်ခုခု ပြုတ်ကျသွားတယ်အထင်နဲ့ ဆိုင်ကယ်ချက်ချင်းရပ်ပြီး မေးတယ်။
"ကျွန်မရဲ့ ဘာပစ္စည်းများ ကျခဲ့သလဲ?"

"မိန်းကလေးရဲ့ လူတွေမှာရှိသင့်တဲ့ ရည်မွန်ခြင်းကျခဲ့ပါတယ်" လို့ အဒေါ်ကြီးက ပြန်ပြောတယ်။

အဖြစ်အပျက်ထဲက အဒေါ်ကြီးရဲ့စကားဟာ အဓိပ္ပာယ်လေးနက်လွန်းတယ်။ အခုခေတ်လူတွေကို တွေးတောစရာတွေပေးတယ်။ လုပ်စရာတွေနဲ့ အမြဲအလုပ်များတဲ့ နေ့စဉ်ဘဝတွေထဲမှာ ကျွန်တော်တို့ဟာ ကိုယ်ပေါ်မှာပစ္စည်းတချို့ကို ဆောင်ထားဖို့ မမေ့ခဲ့ကြဘူး။ ကျွန်တော်တို့ဆောင်ထားဖို့ မမေ့တဲ့အရာတွေက ဖုန်း၊ ကွန်ပြူတာ၊ လက်ကိုင်အိတ်၊ ...... စတာတွေဖြစ်တယ်။ ဒါပေမဲ့ ဒီထက်ပိုအရေးပါတဲ့ ဒြပ်မဲ့အရာတချို့ကိုတော့ ကိုယ်ပေါ်မှာဆောင်ထားဖို့ ကျွန်တော်တို့ မေ့နေခဲ့ကြတယ်။ တစ်ခါတလေမှာ ကျွန်တော်တို့ ကိုယ့်ကိုယ်ကို ဒါမှမဟုတ် သူတစ်ပါးကို သတိပေးသင့်ပါတယ်။

"သင်ရဲ့ ရည်မွန်ခြင်း ကျကျန်ခဲ့ပြီ"
"သင်ရဲ့ မေတ္တာစိတ် ကျကျန်ခဲ့ပြီ"
"သင်ရဲ့ ကိုယ့်ကိုယ်ကိုချိုးနှိမ်စိတ် ကျကျန်ခဲ့ပြီ"
"သင့်မျက်နှာပေါ်ကအပြုံး ကျကျန်ခဲ့ပြီ"
"သင်ရဲ့ မျှတစိတ် ကျကျန်ခဲ့ပြီ"
"သင်ရဲ့ ပျော်ရွှင်ခြင်း ကျကျန်ခဲ့ပြီ"
"သင်ရဲ့ ခွင့်လွှတ်စိတ် ကျကျန်ခဲ့ပြီ"
"သင်ရဲ့ အကောင်းမြင်စိတ် ကျကျန်ခဲ့ပြီ"

ကျွန်တော်တို့ သတိမထားမိချိန်မှာ ကျွန်တော်တို့ဆီက ပစ္စည်းတချို့ အမြဲကျကျန်နေခဲ့ပြီလား?
အမြန်ပြန်ပြီး ကောက်ယူလှည့်ပါ....

မူရင်း-- http://space.atmovies.com.tw/space/space.cfm?action=data&type=clist&CID=GB&sid=347162&mid=0&page=37

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Monday, December 12, 2011

ဆံညှပ်အခုတစ်ရာ


ဟိုးရှေးရှေးတုန်းက ဘုရင်တစ်ပါးမှာ သမီးတော် (၇)ယောက်ရှိတယ်။ သမီးတော်တွေဟာ ချောမောလှပကြပြီး ရှည်လျားနက်မှောင်တဲ့ဆံပင်ကိုယ်စီ ပိုင်ဆိုင်ထားကြတယ်။ ဒါကြောင့် ဘုရင်က သမီးတော်တိုင်းကို လှပတဲ့ဆံညှပ်အခု(၁ဝဝ)ဆီ လက်ဆောင်ပေးခဲ့တယ်။

တစ်နေ့မနက်မှာ ပထမသမီးတော်ဟာ အိပ်ရာကထပြီး ခါတိုင်းလိုပဲ ဆံပင်တွေကို ဖြီးသင်နေခဲ့တယ်။ အဲဒီလိုဖြီးသင်နေတုန်း သူ့ရဲ့ဆံညှပ်တစ်ချောင်း ပျောက်နေတာကို သူသတိထားမိလိုက်တယ်။ ဒါနဲ့ ဒုတိယသမီးတော်ဆီကနေ ဆံညှပ်တစ်ချောင်း သူတိတ်တိတ်လေးခိုးယူလိုက်တယ်။

ဒုတိယသမီးတော်ကလည်း သူ့ဆံညှပ်တစ်ချောင်းပျောက်နေတာကို သတိထားမိတော့ တတိယသမီးတော်ရဲ့ ဆံညှပ်တစ်ချောင်းကို ခိုးယူလိုက်တယ်။ တတိယသမီးတော်ကလည်း သူ့ဆံညှပ်တစ်ချောင်းပျောက်နေတာကို သတိထားမိတော့ စတုတ္ထသမီးတော်ရဲ့ဆံညှပ်တစ်ချောင်းကို ခိုးယူလိုက်တယ်။ စတုတ္ထသမီးတော်က ပဉ္စမသမီးတော်ရဲ့ဆံညှပ်ကိုခိုးယူတယ်။ ပဉ္စမသမီးတော်က ဆမသမီးတော်ရဲ့ဆံညှပ်ကိုခိုးယူတယ်။မသမီးတော်က သတ္တမသမီးတော်ရဲ့ဆံညှပ်ကို ခိုးယူတယ်။ အဲဒီလိုနဲ့ သမီးတော်အငယ်ဆုံးရဲ့ဆံညှပ်က ၉၉ခုပဲရှိတော့တယ်။

နောက်တစ်နေ့မှာ အိမ်နီးချင်းနိုင်ငံက မင်းသားတစ်ပါးဟာ ဘုရင်ကြီးဆီ ရုတ်တရက် အလည်ရောက်လာခဲ့တယ်။ မင်းသားက "မနေ့က ကျွန်တော်မျိုးမွေးထားတဲ့ ခိုတစ်ကောင်ဟာ ဆံညှပ်တစ်ခုကို ကိုက်ချီလာခဲ့တယ်။ အရှင်မင်းကြီးရဲ့ သမီးတော်တွေရဲ့ဆံညှပ်ဖြစ်မယ်ထင်လို့ ကျွန်တော်မျိုးလာရောက်ရခြင်းဖြစ်ပါတယ်။ ဘယ်သမီးတော်ရဲ့ ဆံညှပ်ပျောက်သွားသလဲ ဘုရား" လို့ ဘုရင်ကြီးကို လျှောက်တင်တယ်။

သမီးတော်တွေက မင်းသားရဲ့စကားကိုကြားတော့ သူပျောက်ပါတယ်၊ ငါပျောက်ပါတယ်လို့ ပြောချင်ပေမယ့် သူတို့ဆီမှာက ဆံညှပ်အခုတစ်ရာဆီရှိနေတော့ မပြောနိုင်ခဲ့ကြဘူး။ အဲဒီမှာ သမီးတော်လေးက "သမီးတော်ရဲ့ ဆံညှပ်တစ်ချောင်း ပျောက်သွားပါတယ်"လို့ ပြောလိုက်တယ်။ စကားပြောပြောပြီးချင်း ဆံညှပ်တစ်ချောင်းလျော့နေတဲ့ သမီးတော်ရဲ့ဆံနွယ်တွေဟာ ဖြည်လျောကျလာခဲ့တယ်။ ဆံနွယ်တွေနဲ့ လှပနေတဲ့ သမီးတော်ရဲ့အလှကို မင်းသားရင်သပ်ရှုမောသွားခဲ့ပါတယ်။ နောက်ဆုံးတော့ ပုံပြင်ရဲ့အဆုံးက မင်းသားနဲ့မင်းသမီး ပျော်ပျော်ရွှင်ရွှင် ညားကြလေသတည်းပေါ့.....

ဆံညှပ်အခုတစ်ရာဟာ လုံးဝပြီးပြည့်စုံတဲ့ လူ့ဘဝလို့ဆိုရင် ဆံညှပ်တစ်ခုလျော့နေတဲ့ ဘဝက မပြီးပြည့်စုံတဲ့ဘဝလို့ ဆိုရပါမယ်။ မပြီးပြည့်စုံတဲ့ဘဝဟာ နောင်တစ်ချိန်မှာ ပြောင်းလဲခွင့်ရှိတဲ့ အခွင့်အရေးကို ရပါလိမ့်မယ်။ အဆုံးမရှိတဲ့ ပြောင်းလဲခွင့်နဲ့ကြုံနိုင်ပါတယ်။ ချွတ်ယွင်းချက်ရှိတာနဲ့ စိတ်ညစ်မှိုင်တွေနေတော့မလား? လူ့ဘဝရဲ့ မပြည့်စုံခြင်းကို ဘယ်လိုရင်ဆိုင်မလဲ?

မျက်ကွယ်ပြုတယ်ဆိုတိုင်း ပြီးဆုံးသွားမှာမဟုတ်ဘူး။
ရင်ဆိုင်ရတယ်ဆိုတိုင်း ခက်ခဲတာမဟုတ်ဘူး။
အထီးကျန်တယ်ဆိုတိုင်း မပျော်ရွှင်တာမဟုတ်ဘူး။
ရယူပိုင်ဆိုင်ပြီဆိုတိုင်း ထာဝရတည်မြဲတာမဟုတ်ဘူး။
ရှုံးဆုံးပြီဆိုတိုင်း နောက်တစ်ဖန်မပိုင်ရတော့တာ မဟုတ်ဘူး။
လှည့်ထွက်ခဲ့တယ်ဆိုတိုင်း စိတ်ဓာတ်ပျော့လို့ မဟုတ်ဘူး။
ရွေးချယ်စရာလမ်းမရှိတော့ဘူးလို့ အလျင်စလို မပြောလိုက်ပါနဲ့။
လောကမှာ အမှားနဲ့အမှန်ပဲရှိတယ်လို့ မထင်လိုက်ပါနဲ့။
ကိစ္စတော်တော်များများရဲ့အဖြေဟာ တစ်ခုတည်းရှိတာ မဟုတ်ပါဘူး။
ကျွန်တော်တို့မှာ လျှောက်ဖို့လမ်းတွေ အမြဲရှိနေပါသေးတယ်။
လက်လွတ်တတ်ဖို့ သိနားလည်သူဟာ ပေါ့ပါးတယ်။
မေ့တတ်ဖို့ သိနားလည်သူဟာ လွတ်လပ်တယ်။
စိတ်ညစ်ဖို့ သင်ဆင်ခြင်ပေးနိုင်ရင် ပျော်ရွှင်ဖို့ကိုလည်း သင်ဆင်ခြင်ရှာနိုင်ပါတယ်။

မူရင်း-- http://www.haowenzhangwang.com/jingdianwenzhang/1592.html

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Friday, December 09, 2011

နာကျင်မှုရဲ့အနက်အဓိပ္ပာယ်


ငါးတစ်ကောင်ဟာ ခုန်တဲ့အချိန်မှာ မတော်တဆ ကမ်းပေါ်ကိုခုန်တက်မိတယ်။ ငါးဟာ ရေထဲပြန်ရောက်ဖို့ ဘယ်လိုပဲကြိုးစားကြိုးစား မရခဲ့ဘူး။ ဒီလိုနဲ့နောက်ဆုံးမှာ အင်အားတွေကုန်ခမ်းပြီး ကြိုးစားခုန်ဖို့ ငါးလက်လွတ်လိုက်တယ်။ ကမ်းပေါ်မှာပဲ သေဆုံးသွားဖို့ သူစောင့်နေခဲ့တယ်။

အဲဒီအချိန်မှာ ငါးနံဘေးနား ပုရွက်ဆိတ်တစ်အုံရောက်လာပြီး ငါးသေနိုင်တယ်၊ သေကိုသေရမယ်လို့ ဝိုင်းဝေဖန်ကြတော့တယ်။ အဲဒီမှာ ပုရွက်ဆိတ်လေးတစ်ကောင်က "ငါးသေမယ်လို့ မပြောနိုင်သေးဘူး... သူ့ကို ရေထဲရောက်အောင် ငါတို့လုပ်နိုင်တယ်" လို့ဆိုတယ်။

ပုရွက်ဆိတ်လေးရဲ့ စကားကိုကြားတော့ ကျန်ပုရွက်ဆိတ်တွေက တအံ့တသြနဲ့ "ငါးကိုရေထဲ ဘယ်လိုပြန်ပို့မလဲ?"ဆိုတော့ ပုရွက်ဆိတ်လေးက "ငါးကို ကျွန်တော်တို့ ဝိုင်းဆွဲဖို့မဟုတ်ဘူး။ ငါးကို ကျွန်တော်တို့ ဝိုင်းကိုက်ကြဖို့ပါ" လို့ ပြန်ပြောတယ်။

ပုရွက်ဆိတ်လေးပြောတာကို အားလုံးကအဓိပ္ပာယ်ရှိတယ်ဆိုပြီး ငါးပေါ်ကိုဝိုင်းတက် ကိုက်ကြတော့တယ်။ ပုရွက်ဆိတ်တွေ အားကုန်ကိုက်တော့ ငါးဟာ နာကျင်မှုဒဏ်ကို မခံမရပ်နိုင်ဖြစ်ပြီး ထထခုန်ပါတော့တယ်။ ခုန်ရင်းခုန်ရင်း ငါးဟာ ရေထဲကို ရောက်သွားတော့တယ်။

ခန္ဓာကိုယ်ပေါ်က နာကျင်မှုပဲဖြစ်ဖြစ်၊ စိတ်ထဲက နာကျင်မှုပဲဖြစ်ဖြစ် နာကျင်မှုတွေက သူ့အဓိပ္ပာယ်နဲ့သူ ရှိနေပါတယ်။ ခန္ဓာရဲ့နာကျင်မှုက ကျွန်တော်တို့ရဲ့ခန္ဓာကိုယ် ထိခိုက်နေပြီဆိုတဲ့အကြောင်း၊ ကျွန်တော်တို့ သတိပြုဖို့လိုအပ်ပြီဆိုတဲ့အကြောင်း သတိပေးတာဖြစ်တယ်။ စိတ်ရဲ့နာကျင်မှုကိုတော့ ဘယ်လိုအဓိပ္ပာယ်ကောက်ယူဖို့ ကျွန်တော်တို့သိနားလည်ရင် ကျွန်တော်တို့အတွက် ကြီးပြင်းရင့်ကျက်ဖို့ အခွင့်အရေးတစ်ခုဖြစ်ပါတယ်။

ခန္ဓာကိုယ်ရဲ့ နာကျင်မှု

ခန္ဓာကိုယ်ထဲက အင်္ဂါအဖွဲ့အစည်းတစ်ခုစီတိုင်းဟာ ကျွန်တော်တို့ ခန္ဓာကိုယ်အသက်တစ်ခုလုံးရဲ့ ကျန်းမာရေးအတွက် တာဝန်ကိုယ်စီရှိတယ်ဆိုတာကို ကျွန်တော်တို့သိထားပါတယ်။ ခန္ဓာကိုယ်ပေါ်က နာကျင်မှုဆိုတာကလည်း အင်္ဂါအဖွဲ့အစည်းတစ်ခုခုရဲ့ သတိပေးအချက်ပြဖြစ်တယ်။ ဒီလိုအချက်ပြက ခန္ဓာကိုယ်ကို ကျွန်တော်တို့ ဂရုစိုက်ဖို့လိုအပ်ပြီဖြစ်ကြောင်း၊ ကျန်းမာရေးအခြေအနေနဲ့ ကင်းကွာနေပြီဖြစ်ကြောင်း ဖော်ပြတာဖြစ်တယ်။

နေ့စဉ်ဘဝမှာ ကျွန်တော်တို့ဟာ နာကျင်မှုကို ကောင်းကောင်းဖယ်ထုတ်တတ်ကြတယ်။ နာကျင်လာပြီဆိုတာနဲ့ အနာပျောက်ဆေးတွေ စားတတ်ကြတယ်။ နာကျင်မှုကိုပျောက်အောင် လုပ်နိုင်တာကောင်းပါတယ်။ ခန္ဓာကိုယ်ထဲမှာ နာကျင်မှုရှိတာဟာလည်း အရေးပါတဲ့အချက်တစ်ခုဆိုတာ ကျွန်တော်တို့ မမေ့သင့်ဘူး။ ခန္ဓာကိုယ်ကို ဂရုစိုက်သင့်ပြီဖြစ်ကြောင်း ကျွန်တော်တို့ကို အသိပေးတဲ့အချက်ပြဖြစ်လို့ပါပဲ။

ဥပမာအားဖြင့် ပြောရရင် နှလုံးရောဂါမဖြစ်ခင် ရင်ဘတ်စူးအောင့်တာမျိုး... ဒီလို စူးအောင့်တာက ကျွန်တော်တို့မှာ ဘာရောဂါဖြစ်နိုင်ပြီဖြစ်ကြောင်း အသိပေးတာပဲဖြစ်တယ်။ အချိန်မီကုသဖို့၊ ဆေးဝါးမှီဝဲဖို့ အချက်ပြတာဖြစ်တယ်။ တကယ်လို့ ဒီလိုနာကျင်မှုအချက်ပြတာမရှိရင် ရောဂါဖြစ်နေမှန်း ကျွန်တော်တို့မသိနိုင်တော့ ခန္ဓာကိုယ်ကို အန္တရာယ်ဖြစ်စေတတ်ပါတယ်။

ဒါကြောင့် အင်္ဂါအဖွဲ့အစည်းတစ်ခုခုရဲ့နာကျင်မှုက ခန္ဓာကိုယ်ကို ပိုဂရုစိုက်သင့်ပြီ၊ ကျန်းမာရေးကို အလေးထားသင့်ပြီဆိုတဲ့ အကျိုးအမြတ်ကိုရတယ်။ ဒီလိုအင်္ဂါအစိတ်အပိုင်းရဲ့ နာကျင်မှုအချက်ပြကို တကိုယ်ကောင်းဆန်တယ်လို့ ပြောလို့ရသလို တကိုယ်ကောင်းမဆန်ဘူးလို့လည်း ပြောလို့ရပါတယ်။ တကိုယ်ကောင်းဆန်တယ်ဆိုတာက ဒီအင်္ဂါအစိတ်အပိုင်းတွေဟာ သူတို့ရဲ့ကျန်းမာရေးအတွက်၊ အနာတရ မဖြစ်ဖို့အတွက် အချက်ပြတာဖြစ်တယ်။ တကိုယ်ကောင်းမဆန်ဘူးဆိုတာက သူတို့ဟာ သူတို့ရဲ့တန်ဖိုးနဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို တာဝန်ထမ်းဆောင်နေတာ၊ ပေးဆပ်နေတာဖြစ်တယ်။

ဒီအင်္ဂါအစိတ်အပိုင်းတွေက သူတို့တာဝန်ကို သူတို့ထမ်းဆောင်နေတယ်။ အချက်ပြတာဟာလည်း သူတို့ရဲ့တာဝန်အရဖြစ်တယ်။ ဒီလိုအချက်ပြကို မှန်ကန်တဲ့တုန့်ပြန်မှုနဲ့ ခန္ဓာကိုယ်ကို အလေးထားသင့်ပြီဖြစ်ကြောင်း အသိပေးတာဖြစ်တယ်။

စိတ်ရဲ့နာကျင်မှု

အခက်အခဲ၊ ဆင်းရဲဒုက္ခ ဒါမှမဟုတ် အသဲကွဲတာနဲ့ ရင်ဆိုင်ကြုံတွေ့တဲ့အခါ ကျွန်တော်တို့ရဲ့စိတ်မှာ နာကျင်တဲ့ဝေဒနာကို ခံစားရတယ်။ ဒီလိုနာကျင်မှုက သင်ခန်းစာတစ်မျိုး၊ ဒီလိုနာကျင်မှုကို ကျွန်တော်တို့ ဘယ်လို သဘောထားမယ်ဆိုတဲ့အပေါ်မူတည်ပြီး ကိုယ့်ကိုယ်ကိုအောင်နိုင်ဖို့ ကျွန်တော်တို့ကို အခွင့်အရေးပေးပါလိမ့်မယ်။ နာကျင်မှု အမျိုးမျိုးရှိတယ်။ ဥပမာ......

နစ်နာတဲ့နာကျင်မှု----- ကိုယ်အလေးထားသူ ဒါမှမဟုတ် ကိုယ်အရမ်းချစ်တဲ့သူ အထင်လွဲတဲ့အခါ

ထိခိုက်တဲ့နာကျင်မှု----- ကိုယ်အလေးထားသူ ဒါမှမဟုတ် ကိုယ်အရမ်းချစ်တဲ့သူ စွန့်ပစ်သွားတဲ့အခါ

လိမ်ညာခံရတဲ့နာကျင်မှု----- ကိုယ်အလေးထားသူ ဒါမှမဟုတ် ကိုယ်အရမ်းချစ်တဲ့သူ လိမ်ညာသွားတဲ့အခါ


သစ္စာဖောက်ခံရတဲ့နာကျင်မှု --- ကိုယ်အလေးထားသူ ဒါမှမဟုတ် ကိုယ်အရမ်းချစ်တဲ့သူ သစ္စာဖောက်သွားတဲ့အခါ


ဒီလိုနာကျင်မှုတွေက တစ်ခါတလေမှာ စကားလုံးနဲ့ဖော်ပြလို့ မရသလို ထုတ်ဖော်ပြသလိုလဲ မရနိုင်ဘူး။ နာကျင်တဲ့အခါ ကိုယ့်ကိုယ်ကို မကျေမနပ်ဖြစ်တယ်၊ ကြေကွဲတယ်၊ ထိခိုက်တယ်၊ အော်ဟစ်ဆဲဆို ပေါက်ကွဲချင်စိတ်ဖြစ်တယ်။ စိတ်တိုနာကျင်လွန်းလို့ ခန္ဓာကိုယ်တောင် တုန်လှုပ်နိုင်တယ်။ သွေးတိုးနိုင်တယ်။

ဒါပေမဲ့ ဒီလိုနာကျင်မှုကလည်း သူ့အဓိပ္ပာယ်နဲ့ သူရှိနေခဲ့တယ်။ အဲဒီအဓိပ္ပာယ်ကို ကျွန်တော်တို့ ဖတ်သိနားလည်နိုင်ရင်၊ အပြုသဘောနဲ့ ရင်ဆိုင်ဖြေရှင်းဖို့ သင်ယူတတ်ခဲ့ရင် အချစ်ရဲ့ တကယ့်အနက်အဓိပ္ပာယ်ကိုသိဖို့ ဒီနာကျင်မှုတွေက ကျွန်တော်တို့ကို သိနားလည်စေပါလိမ့်မယ်။ အချစ်မှာ တကယ်နာကျင်ခဲ့ဖူးသူကမှ အချစ်ရဲ့တန်ဖိုး၊ အချစ်ကို ပိုတန်ဖိုးထား နားလည်မှာဖြစ်တယ်။

တစ်ခါဆုံးရှုံးရင် တစ်ခါကြီးပြင်းသတဲ့။ တကယ်လို့ သင့်ကိုယ်သင် ပိုရင့်ကျက်ချင်ရင် တစ်ခါလောက်တော့ အသဲကွဲကြည့်ပါ။ ရင့်ကျက်တဲ့လမ်းဆီ သင်ရောက်သွားပါလိမ့်မယ်။ ဘဝထဲက အခက်အခဲ၊ ဆင်းရဲဒုက္ခနဲ့ ရင်ဆိုင်ကြုံတွေ့ပြီးမှ လူဟာ ပိုကြံ့ကြံ့ခံ သန်မာလာတာဖြစ်တယ်။ သေဆုံးတာကို တွေ့ကြုံဖူးသူတစ်ယောက်က လက်လွတ်ဖို့ကို ပိုသိနားလည်လာတာဖြစ်တယ်။

ဒါကြောင့် ခန္ဓာကိုယ်ပေါ်က နာကျင်မှုပဲဖြစ်ဖြစ်၊ စိတ်ထဲက နာကျင်မှုပဲဖြစ်ဖြစ် သူ့အဓိပ္ပာယ်နဲ့သူရှိပါတယ်။ ဒီနာကျင်မှုတွေကို လက်ခံနိုင်တဲ့စိတ်နဲ့ သေသေချာချာသိနားလည်နိုင်မှ ကျွန်တော်တို့ကို အပြုဆောင်တဲ့အရာတွေ ပိုပေးလာနိုင်မှာဖြစ်တယ်။ နာကျင်မှုထဲကနေ ကြီးပြင်းရင့်ကျက်ဖို့ ပိုသင်ယူနိုင်မှာဖြစ်ပါတယ်။


မူရင်း-- http://www.rs66.com/a/1/87/tengtongdeyiyi_78731_3.html

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Thursday, December 08, 2011

နှစ်တစ်နှစ်ထဲက.. လတစ်လထဲက.. ရက်တစ်ရက်


နှစ်တစ်နှစ်ထဲက လ၊ လတစ်လထဲကရက်၊ ရက်တစ်ရက်ထဲက မွေးနေ့တဲ့... ခါတိုင်းနှစ်တွေလိုပဲ တကယ်တော့ ဘာထူးထူးခြားခြားမှလဲ မရှိပါဘူး။ ဒီဇင်ဘာ၈ရောက်တိုင်း အမှတ်ရနေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကိုးရီးယားက ကိုကိုစိန်က ဦးဦးဖျားဖျား ဟက်ပီဘတ်ဒေးလို့ လာနှုတ်ဆက်တယ်၊ နောက် ကနေဒါက အစ်ကိုကြီးတစ်ယောက်၊ နောက် ရှင်မွှေးကြူ၊ နောက်တော့ မွန်မွန်ဆိုတဲ့ ကောင်မလေးတစ်ယောက်... အမှတ်ရနေတဲ့အတွက် ကျေးဇူးတင်ပါတယ်း)

မွေးနေ့ရောက်တိုင်း ကဗျာရေးပေးနေကျ မိုးလှိုင်ညကို "မေ့နေပြီမဟုတ်လား"လို့ အီးမေးလ်လှမ်းပို့လိုက်တော့ ကဗျာတစ်ပုဒ်ရောက်လာတယ်။ ကိုးရီးယားက ကိုကိုစိန်က လွန်ခဲ့တဲ့(၁)လကတည်းက မွေးနေ့အတွက် သူကဗျာတစ်ပုဒ် ရေးထားကြောင်းပြောတယ်။ ကဗျာမှာ စနေအကြောင်း အကောင်းတွေချည်းရေးထားရင် ဘလော့မှာမတင်ဘူးလို့ ပြောထားတော့ မိုးလှိုင်ညက ကျွန်မအထာကိုသိတယ်။ ကိုကိုစိန်ကတော့ ကဗျာလက်သစ်လေးမို့ ဒီတစ်ခေါက်တော့ ခွင့်လွှတ်လိုက်ပါတယ်.. ဟ..ဟ...

ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်... နှစ်တစ်နှစ်ထဲက၊ လတစ်လထဲက၊ ရက်တစ်ရက်ကို မှတ်မိတဲ့အတွက် ဆုတောင်းပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် ..း)

ဆောင်းရာသီစောတဲ့ မြို့လေးမှာ နေသာရဲ့လား ဒီဇင်ဘာ…

ဒီဇင်ဘာ…
မင်းအိမ်ရှေ့လမ်းတွေမှာ နှင်းခဲတွေကြွေနေလား
နှင်းပွင့်တွေဝေနေလား…
ဒီဇင်ဘာ…
လက်ဖ၀ါးတွေအချင်းချင်း
နွေးနွေးထွေးထွေးနှုတ်ဆက်…
ဒီဇင်ဘာ….
တောင်ကုန်းမြင့်မြင့်
ထင်းရူးပင်လွင့်လွင့်…
မွေးမြေက တောင်ခိုးတွေလွင့်လွင့်ဝေဝေ
ဒီဇင်ဘာ…
ကမ္ဘာခြားတဲ့နှလုံးသားတွေကို
ကမ္ဘာပြားတဲ့မေတ္တာတရားဖြစ်အောင်ရေးခြစ်တတ်သူ
ဒီဇင်ဘာ
မေတ္တာတရားရဲ့ အလျားအနံ့ကို
လတ္တီတွစ်၊ လောင်ဂျီတွစ်.. မလွတ်စေတဲ့သူ…
ဒီဇင်ဘာ…
အသက်ရူလိုက်တိုင်း..
နှလုံးခုန်တိုင်း..
ကမ္ဘာကြီးတိမ်းစောင်းတိုင်း
အနူမြူစီမံကိန်းတစ်ခုလို… စိုးရိမ်နေမိတယ်…
ဆောင်းရာသီစောတဲ့မြို့မှာ
နေသာပါ့ရဲ့လား … ဒီဇင်ဘာ…။ (မိုးလှိုင်ည)


မွေးနေ့လက်ဆောင်

ကမ္ဘာရဲ့ အရှေ့
ကမ္ဘာရဲ့အနောက်
မြန်မာစာတတ်သူ
ပုထုစဉ်ဟုခေါ်တွင်ထင်ရှား
လူအများကသူ့စာသွားဖတ်
နှစ်သက် like လို့
ထင်ရှားအသွင်ယူ
နိုင်းနိုင်းစနေ
လို့ခေါ်တွင်သူ

ရွှင်ကာကြည်ပြုံးနှလုံးသားဖြူ
စာနာစိတ်ထားသဒ္ဒါပြည့်ဝ
အချိန်ရခိုက် ဘာသာပြန်လိုက်
များလူနှစ်ခြိုက်အာသီသရှိ
အဖိုးထိုက်သည့်စာပေနယ်တွင်
နိုင်းနိုင်းစနေ
သူသာအရှင်သခင်

သက္ကရာဇ် ၂၀၁၁
၈ရက်ဒီဇင်ဘာ
ချမ်းစိမ့်အေးမြ
နတ်တော်လဖွား
စာဆိုတော်အလား
နိုင်းနိုင်းစနေ(မီးမီး)အမည်ရှိ
သူ့မွေးနေ့တွင်
အောင်မြင်ကျော်ကြား
လိုတိုင်းတရ
နှောက်ယှက်သူဝေး
စာတွေအစဉ်ရေးစေလို့
တောင်းဆုအပုံအပင်
ပြုလိုက်သည်။(ကိုကိုစိန်)



မမျှော်လင့်ဘဲ အလုပ်မှာကိတ်မုန့်တစ်ခုရခဲ့တယ်.. ဘဝရဲ့ပထမဆုံးသော မွေးနေ့ကိတ်မုန့်ဆိုလည်း မမှားဘူးပေါ့.. အားလုံးကို မျှကျွေးပါတယ်း)

အားလုံး ကျေးဇူးတင်ပါတယ်... တနင်္ဂနွေနေ့ ဘုန်းကြီးကျောင်းရောက်ရင် အားလုံးအတွက် ဆုတောင်းပေးခဲ့မယ်း)

နိုင်းနိုင်းစနေ


Share/Bookmark

Tuesday, December 06, 2011

သူတို့ရဲ့အတွေးအခေါ်


(၁) ဘုရားသခင်ရဲ့အတွေးအခေါ်


"သူတစ်ပါးကို ဂရုစိုက်ကြင်နာပါ။ ရလာတဲ့အကျိုးအမြတ်ကို ကိုယ်ခံစားရမှာ"
ကောင်းကင်ဘုံမှာနေတဲ့သူတိုင်းက ဒီလိုပဲတွေးကြတယ်။ လူ့လောကမှာနေတဲ့ လူတွေမှာလည်း ဒီလိုအတွေးအခေါ်ရှိခဲ့ရင် သူဟာ ဘယ်နေရာရောက်ရောက် ကောင်းကင်ဘုံမှာ ရှင်သန်နေရတာနဲ့ အတူတူပဲဖြစ်တယ်။

(၂) Sima Guang အတွေးအခေါ်

"ဖောက်ထွက်နိုင်မှ ရှင်သန်တဲ့အခွင့်အရေးကိုမယ်"
ချုပ်နှောင်ထားတဲ့ အတွေးအခေါ်ဟောင်းတွေကို ဖောက်ထွက်နိုင်မှ လင်းလက်တဲ့အလင်းတွေကို မြင်ရမှာဖြစ်တယ်။

*Sima Guang(1019–1086) Song Dynasty(宋朝)က နိုင်ငံရေးသမား၊ စာရေးဆရာ၊ သမိုင်းရေးဆရာဖြစ်တယ်။ ကလေးဘဝက သူငယ်ချင်းတွေနဲ့ ပြေးလွှားဆော့ကစားရင်း ရေထည့်ထားတဲ့ စဥ့်အိုးကြီးထဲကျသွားတဲ့ ကလေးတစ်ယောက်ကို စဥ့်အိုးရိုက်ခွဲပြီး ကယ်တင်ခဲ့တယ်။ ကလေးဘဝကတည်းက အခက်အခဲကို စိတ်ငြိမ်ငြိမ်နဲ့ဖြေရှင်းတတ်တဲ့၊ ဖြတ်ထိုးဉာဏ်ကောင်းတဲ့ သူ့ရဲ့"Sima Guang စဥ့်အိုးခွဲ"ပုံပြင်ဟာ ဒီကနေ့တိုင် ကလေးပုံပြင်အဖြစ်၊ ပြဌာန်းစာတစ်ပုဒ်အဖြစ် ထင်ရှားနေဆဲဖြစ်တယ်။

(၃) Sun Tzuအတွေးအခေါ်

"တကယ်လို့ ကိုယ်ဘက်၊ သူ့ဘက်အကြောင်း ကောင်းကောင်းသိနားလည်ရင် စစ်တိုက်တဲ့အခါ ရှုံးနိမ့်မှာမဟုတ်ဘူး"ပြိုင်ဖက်ကို နိုင်ချင်ရင် ပြိုင်ဖက်အကြောင်း သေချာသိနားလည်ရတယ်။

* Sun Tzu (AD -535) "Sun Tzu's Military Principles" (Sun Tzuရဲ့စစ်နည်းဗျူဟာ)ကို ရေးသားခဲ့သူဖြစ်ပါတယ်။

(၄) နပိုလီယံအတွေးအခေါ်

တွေးရဲတယ်၊ လုပ်ရဲတယ်၊ ပြင်ပအနှောက်အယှက်ကို မမူဘူး။ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် မိမိယုံကြည်မှုကို လက်ကိုင်ထားတယ်။ ကိုယ်ပိုင်အကြည့်နဲ့ လောကကြီးကို ဆင်ခြင်ဆန်းစစ်တယ်။ ကိုယ်ပိုင်နည်းလမ်းနဲ့ ပြဿနာ၊ အခက်အခဲတွေကို ဖြေရှင်းတယ်။

(၅) အလက်ဆန်ဒါးအတွေးအခေါ်

အလုပ်ကြီးအကိုင်ကြီးနဲ့ အောင်မြင်နေသူတွေက လှေနံဓားထစ် အတွေးအခေါ်ဟောင်း၊ အကျင့်ဟောင်းတွေနဲ့ ကိုယ့်ကိုယ် မချည်နှောင်ထားဘူး။

(၆) ကိုလံဘတ်အတွေးအခေါ်

"တွေးပြီးပြီ၊ စိတ်ကူးပြီးပြီဆိုရင် အကောင်အထည်ဖော်ကို ဖော်ရမယ်"

ဒါဟာ ကိုလံဘတ်ရဲ့အတွေးအခေါ်ဖြစ်တယ်။ အောင်မြင်သူတိုင်းမှာ အောင်မြင်နည်းတွေရှိကြတယ်။ ဒီနည်းကတော့ မဖြစ်နိုင်ဘူးလို့ လူတွေထင်တဲ့ကြားကနေ ဖောက်ထွက်လာတာဖြစ်တယ်။

(၇) Laconia အတွေးအခေါ်

လိုရင်းတိုရှင်းကမှ တကယ်ပြည့်စုံတယ်။ ရိုးရှင်းတဲ့အရာတွေမှာ ဖွံ့ဖြိုးနိုင်စွမ်းပိုများတယ်၊ စိတ်ကူးတွေးတောနယ် ပိုကျယ်တယ်။

*Laconia ဂရိPeloponneseကျွန်းရဲ့အရှေ့တောင်အရပ်မှာရှိတဲ့ ဒေသတစ်ခုဖြစ်တယ်။ အုပ်ချုပ်ရေးဆိုင်ရာမြို့က Spartaမြို့ဖြစ်တယ်။ Laconia လူတွေက စကားပြောရာမှာ တိုတယ်၊ ရှင်းတယ်၊ အချက်အလက်ပြည့်စုံတယ်။ Laconia နဲ့ရင်းမြစ်တူတဲ့အင်္ဂလိပ်စာလုံး laconicရဲ့အဓိပ္ပာယ်က (စကားပြော) တိုတယ်၊ ရှင်းတယ်၊ ကျစ်လစ်ပြည့်စုံတယ် ဆိုတာဖြစ်တယ်။

(၈) Ockhamအတွေးအခေါ်

ရှုပ်ထွေးတဲ့အပြင်ပန်းကို လက်လွှတ်ပြီး ပြဿနာရဲ့အဓိကကို တိုက်ရိုက်ရှာယူတာဖြစ်တယ်။ အဖြစ်မှန်ကို တိုက်ရိုက်ရှာဖွေတာဖြစ်တယ်။ အခုခေတ်လူတွေက အသိပညာ၊ ဉာဏ်ပညာတွေများတယ်ဆိုပြီး ပြဿနာကို ရှုပ်ထွေးတဲ့ဖက်ကနေ ဖြေရှင်းယူကြတာများတယ်။

(၉) Fermi အတွေးအခေါ်

ရိုးရှင်းလေ အကုန်အကျသက်သာလေ၊ ကောင်းလေ။ Fermiအတွေးအခေါ်က ရိုးရှင်းတယ်၊ ချွေတာတယ်၊ တိကျမှန်ကန်တယ်။ နေရာတကာ အသုံးဝင်တယ်ဆိုတာဖြစ်တယ်။

ကိစ္စရပ်ရှုပ်ထွေးရတာဟာ အဓိကအကြောင်းရင်းကို မဖမ်းဆုပ်မိလို့၊ အခြေခံစည်းကမ်းကို မထုတ်ဖော်နိုင်လို့၊ ကိစ္စရပ်ရဲ့အတိုဆုံးကွင်းဆက်ကို မချိတ်ဆက်မိလို့၊ ရှုပ်ထွေးတဲ့နေရာမှာပဲ ရပ်တန့်နေလို့ ... ဖြေရှင်းဖို့ ခက်လေ ဝေးလေဖြစ်ရတယ်။

*Enrico Fermi (29 September 1901 – 28 November 1954) ၁၉၃၈ခုနှစ်မှာ ရေဒီယို သတ္တိကြွခြင်းနဲ့ ရူပဗေဒနိုဘယ်လ်ဆုရခဲ့သူဖြစ်တယ်။ Quantum theory နဲ့ Quantum field theory ကို ထီထွင်ခဲ့သူဖြစ်တယ်။ ကမ္ဘာ့ပထမ အဏုမြူဓာတ်ပေါင်းဖိုကို ဒီဇိုင်းရေးဆွဲ တည်ဆောက်ခဲ့သူဖြစ်တယ်။


(၁ဝ) Rockefeller အတွေးအခေါ်

အစဉ်အမြဲ နိုးကြားထကြွတယ်၊ ဖျတ်လတ်တယ်၊ နေရာတိုင်းမှာ အခွင့်အရေးကို လက်ဦးရယူတယ်။ အရင်းအနှီးနည်းနည်းနဲ့ အကျိုးအမြတ်များများယူတယ်။

*John Davison Rockefeller (July 8, 1839 – May 23, 1937) အမေရိကန်ရဲ့ စက်မှုလုပ်ငန်းရှင်၊ ရင်းနှီးမြှုပ်နှံသူ၊ ပရဟိတဒါနရှင်ဖြစ်တယ်။ အမေရိကန်သမိုင်းမှာ ပထမဆုံးသော သန်းကြွယ်သူဌေးဖြစ်ပြီး ကမ္ဘာ့အချမ်းသားဆုံး စာရင်းဝင်ဖြစ်ခဲ့တယ်။ Standard Oil Company ကို တည်ထောင်ခဲ့သူဖြစ်တယ်။


(၁၁) အက်ဒီဆင်အတွေးအခေါ်

ကွေ့ပတ်သွားသူက နွံမှာပိုအစေးကပ်နိုင်တယ်။ ပြင်ပရဲ့မှာ အကန့်အသတ်ကို အလွယ်တကူခံရတတ်တယ်။ လိမ္မာပါးနပ်သူက သဘာဝတရားကို ပိုအလေးထားတယ်။ ဒါကြောင့်စိတ်နှလုံး ကြည်လင်ရှင်းသန့်တယ်။ အက်ဒီဆင်အတွေးအခေါ်က အကင်းပါးပါးနဲ့ ရည်မှန်းဆက်ပန်းတိုင်ဆီ တည့်တည့်လျှောက်တယ်။ လူတွေ၊ အရာဝတ္ထုတွေရဲ့ အနှောက်အယှက်ကို မမူဘူး။


(၁၂) Bubka အတွေးအခေါ်

ဘယ်အရာမဆို နေရာလွတ်တစ်ခုထားတယ်။ အင်အားတွေ အကုန်မသုံးဘူး။ လက်ထဲဆုပ်ကိုင်ထားတဲ့အရာကို တဖြေးဖြေးချင်း ခံစားတတ်ဖို့ သိနားလည်တယ်။

*Sergey Bubka (4 December 1963- ) တုတ်တန်းအမြင့်ခုန် အားကစားသမားတစ်ဦးဖြစ်တယ်။ "ဝေဟင်ထဲကငှက်"အဖြစ် တင်စားခံထားရသူဖြစ်တယ်။ အမျိုးသားတုတ်တန်း အမြင့်ဆုံးခုန်နိုင်သူအဖြစ် (၃၅)ကြိမ် ကမ္ဘာ့စံချိန်တင်ထားသူဖြစ်တယ်။ ကမ္ဘာ့ပြေးခုန်ပစ်ပြိုင်ပွဲမှာ ၆ကြိမ်ဆက်တိုက် ရွှေတံဆိပ်ဆုရခဲ့သူဖြစ်တယ်။


(၁၃) ဝံပုလွေအတွေးအခေါ်

အန္တရာယ်ရှိတဲ့နေရာဟာ အသက်ရှင်နိုင်တဲ့နေရာဖြစ်တယ်။ ဒီလိုအတွေးအခေါ်ရှိတဲ့ လူတွေမှာ တော်ရုံသတ္တိမျိုးကို ပိုင်ဆိုင်ပါတယ်။


(၁၄) အပ်ချုပ်သမားအတွေးအခေါ်

မျက်စိရှေ့ကပြိုင်ဖက်ကမှ တကယ့်ပြိုင်ဖက်ဖြစ်တယ်။ အမှန်တကယ် လက်တွေ့ရှိနေတဲ့ ပြဿနာကမှ အဓိပ္ပာယ်ရှိတဲ့ပြဿနာဖြစ်တယ်။ တကယ်ရှိတဲ့ပြဿနာကို လေးလေးနက်နက် ရင်ဆိုင်ဖြေရှင်းမှ လူတွေဟာ ကိုယ့်အခြေအနေ၊ ကိုယ့်အနေအထားကို တိုးတက်ကောင်းမွန်စေမှာဖြစ်တယ်။


(၁၅) Domino အတွေးအခေါ်

အရေအတွက်ပြောင်းရင် အရည်အသွေးပြောင်းတယ်။ ဒီလောကမှာ သေးငယ်တဲ့ဘယ်အရာကိုမဆို သင်လျစ်လျူမရှုသင့်ဘူး။ သေးငယ်တဲ့အရာတချို့က အပြောင်းအလဲကြီးကို အစပျိုးပေးနိုင်တယ်။

*Domino သုံးပုံဖဲ၊ကက်ဖဲ။

ဆက်ပါဦးမည်......


Share/Bookmark

Monday, December 05, 2011

ပတ်ဝန်းကျင်ရဲ့ သက်ရောက်မှု


ပုံပြင်လေးတစ်ပုဒ်က ဒီလိုဆိုပါတယ်။

တစ်ခါက ဘဲအုပ်စုနှစ်စုရှိသတဲ့။ အုပ်စုတစ်စုက ဥအရမ်းဥတတ်ပြီး နေ့တိုင်းဥလုံးကြီးတွေ ဥတယ်။ ကျန်တဲ့အုပ်စုက ဥ ဥရမှာအရမ်းပျင်းပြီး ၃,၄ရက်နေမှာ ဥသေးသေးလေးတစ်လုံး ဥတယ်။ ဒီဘဲအုပ်စုနှစ်စုဟာ သီးသန့်နေကြပြီး ဘယ်သူကမှ ဘယ်သူ့ကို မနှောက်ယှက်ကြဘူး။ ကိုယ်ပိုင် သီးသန့်ရေကန်၊ မြက်ခင်းတွေနဲ့ ကိုယ့်ဥကို ဥကြတယ်။

ဒီလိုနဲ့ နေ့တစ်နေ့မှာ ပျင်းတဲ့အုပ်စုထဲက ဘဲတစ်ကောင်ဟာ ဥ,ဥတတ်တဲ့ ဘဲအုပ်စုထဲ မျက်စိလည်ရောက်လာခဲ့တယ်။ ဒီအုပ်စုထဲမှာ ဘဲငပျင်းအတွက်မြင်မြင်သမျှ ထူးဆန်းလို့နေတယ်။ ဘဲတွေဟာ သူ့ထက်ငါအလုအယက် ဥ,ဥကြတယ်။ ဥ,ဥဖို့ကို စိတ်အားထက်သန်ကြတယ်။ သွက်လက်နိုးကြားကြတယ်။ ဥတွေကြီးနိုင်သမျှကြီးအောင် ကြိုးစားဥကြသလို ဥအမွှာလေးတောင် ဥလိုက်ချင်ကြတယ်။ ဘဲငပျင်းအတွက် ဒါဟာအထူးအဆန်းဖြစ်လို့ နောက်ဆုံးမှာ ဒီအုပ်စုထဲ သူနေခဲ့ဖို့ ဆုံးဖြတ်လိုက်ပြီး တခြားဘဲတွေလို နေ့တိုင်းဥ,ဥဖို့ သူဆုံးဖြတ်လိုက်တယ်။ ဒီလိုနဲ့ တစ်လအကြာမှာ သူလုပ်နိုင်ခဲ့ပါတယ်။ နေ့တိုင်း ဥလုံးကြီးတွေကို သူဥနိုင်ခဲ့တယ်။

နှစ်လရက်တွေ အလီလီပြောင်းခဲ့တယ်။ အလုပ်ကြိုးစားတဲ့ဘဲအုပ်စုနဲ့ ပျင်းတဲ့ဘဲအုပ်စုရဲ့ဘဝက မပြောင်းခဲ့ဘူး။ ဒီလိုနဲ့ တစ်နေ့မှာ အလုပ်ကြိုးစားတဲ့ဘဲအုပ်စုထဲက ဘဲတစ်ကောင်ဟာ လမ်းမှားပြီး ဘဲငပျင်းအုပ်စုနား ရောက်သွားခဲ့တယ်။ ဒီအုပ်စုရဲ့ဘဝဟာ ဘာတိုးတက်မှုမှမရှိခဲ့ဘူး။ အစာတွေ သွားမရှာချင်ခဲ့ဘူး။ ဥ,ဥဖို့ကိုလည်း သူတို့စိတ်မဝင်စားကြဘူး။ အစားကောင်းမစားရရင် ဒါမှမဟုတ် အစာရှာမရရင် သူတို့ဟာ ဥ မဥကြဘူး။ ပျင်းပျင်းရိရိနဲ့ ဥ,ဥချင်တဲ့အခါမှ ဥပြီး မဥချင်တဲ့အခါ ၃,၄ရက်နေတာတောင် တစ်လုံးမဥကြဘူး။ ဒါကြောင့် ဒီအုပ်စုရဲ့ ဥ,ဥနှုန်းက အရမ်းကျဆင်းခဲ့တယ်။ ဥ,ဥတတ်တဲ့ဘဲက ဒါတွေကိုကြည့်ပြီး အရမ်းတုန်လှုပ်သွားခဲ့တယ်။ ဒါပေမဲ့ သူ့အုပ်စုထဲ သူချက်ချင်းမပြန်နိုင်ခဲ့တော့ ဒီဘဲငပျင်းအုပ်စုထဲမှာပဲ ခဏတာနေဖို့ ဆုံးဖြတ်လိုက်တယ်။ ဘဲငပျင်းတွေနဲ့ နေရင်းနေရင်း အချိန်ကြာလာတာနဲ့အမျှ သူ့ရဲ့အကျင့်ဟာလည်း တဖြေးဖြေးပြောင်းလဲလာခဲ့တော့တယ်။ တစ်လအကြာမှာ နေ့တိုင်း ဥတစ်လုံးကျ ဥတတ်တဲ့သူဟာ နေ့တိုင်းဥမဥတတ်ခဲ့တော့ဘူး။

လူတွေလည်း ဒီလိုပါပဲ။ ဒါပေမဲ့ ပတ်ဝန်းကျင်က လူတစ်ယောက်ရဲ့အကျိုးဖြစ်ထွန်းမှုကို ပြောင်းလဲနိုင်ပါတယ်။ တကယ်လို့ နှိုးကြားတက်ကြွတဲ့အုပ်စုထဲ သူနေရင် သူ့ဘေးပတ်ဝန်းကျင်ကလူတွေရဲ့ ကူးစက်မှုကြောင့် သူဟာ ကြိုးစားတက်ကြွစိတ်တွေ ဝင်လာတယ်။ ကိုယ့်အကောင်းဆုံးကို သူလုပ်လာနိုင်တယ်။ အောင်မြင်သူ ဒါမှမဟုတ် ဦးဆောင်သူ ဒါမှမဟုတ် ကိုယ်ပိုင်လုပ်ငန်းတွေကို သူတည်ထောင်လာနိုင်ပါတယ်။ တကယ်လို့ ပျင်းရိတဲ့အုပ်စုထဲ ရောက်သွားရင်တော့ တော်ထက်တဲ့လူတစ်ယောက်ကိုတောင် လူပျင်းတစ်ယောက် ဖြစ်သွားစေနိုင်ပါတယ်။ တကယ်လို့ ဒီအုပ်စုကို သူ မပြောင်းလဲနိုင်ရင် အုပ်စုနောက် သူလိုက်ပြောင်းသွားပါတယ်။ လူဆိုတာ ပျင်းရိတတ်တဲ့အမျိုးပါ။ ကိုယ့်ဘေးပတ်ဝန်းကျင်က တိုးတက်လိုစိတ်မရှိဘူး၊ အပျော်အပါးထဲမှာပဲ နစ်နေမယ်၊ အလုပ်လုပ်ရာမှာလည်း ပြီးရင်ပြီးရော သဘောထားမယ်။ ဘာစီမံကိန်းမှ မရှိဘူး။ အကောင်အထည်မရှိဘူး။ ဖွဲ့စည်းမှုတွေကလည်း လျော့ရဲနေတယ်ဆိုရင် ဒီလိုဝန်းကျင်ရဲ့ကူးစက်မှုအောက်မှာ အလုပ်ကြိုးစားတဲ့လူတစ်ယောက်ဟာလည်း ကြာလာတော့ သာမန်နဲ့ပဲ ပြီးသွားနိုင်ပါတယ်။

တကယ်လို့ လူတစ်ယောက်ဟာ ကိုယ်တိုင်တိုးတက်လိုစိတ်လဲ မရှိဘူးဆိုရင် ပတ်ဝန်းကျင်ကြောင့် အထူးသဖြင့် ပျင်းရိတဲ့ပတ်ဝန်းကျင်ရဲ့ကူးစက်ခြင်းကို အလွယ်တကူခံရတတ်ပါတယ်။ ကိုယ်တိုင်လည်းပြောင်းလဲဖို့ မကြိုးစားတော့ဘဲ ရေလိုက်ငါးလိုက်ပဲ နေလိုက်တတ်ကြတယ်။

လူတွေက ပတ်ဝန်းကျင်ကို မပြောင်းလဲနိုင်ဘူး။ ဒါပေမဲ့ ပတ်ဝန်းကျင်က လူကိုပြောင်းလဲနိုင်တယ်။
ပတ်ဝန်းကျင်ကို ကိုယ်မပြောင်းလဲနိုင်တဲ့အခါ ကိုယ်ကိုယ်တိုင် ပြောင်းလဲကြရတယ်။ လူတွေမှာ အဆုံးအစမဲ့ လုပ်နိုင်စွမ်းတွေရှိပါတယ်။ ကြိုးစားတိုးတက်လိုစိတ်ရှိသူတွေက တက်တက်ကြွကြွနဲ့ ကိုယ့်ဘေးပတ်လည်က ပတ်ဝန်းကျင်ကို အသုံးပြုပြီး အကျိုးဖြစ်ထွန်းစေမယ့် ကိုယ့်စိတ်ကူးအိပ်မက်ကို အကောင်အထည်ဖော်ကြတယ်။ ကိုယ့်လုပ်နိုင်စွမ်းကို တူးဆွကြတယ်။ တင့်သင့်တဲ့အခွင့်အရေးကြားမှာ လုပ်နိုင်စွမ်းကို တကယ့်ခွန်အားအဖြစ် ပြောင်းလဲကြတယ်။ တကယ်လို့ လူတစ်ယောက်ဟာ အလုပ်တစ်ခုမှာ သာမန်အဆင့်လောက်ပဲရှိတယ်။ အခြေအနေ တိုးတက်မှုမရှိဘူးဆိုရင် သူ့ကိုတခြားအလုပ်အတွက် အခွင့်အရေးတစ်ခု ပေးလိုက်ကြည့်ပါ။ အဲဒီအလုပ်မှာ သူ့ရဲ့လုပ်နိုင်စွမ်းတွေ တွေ့ကောင်းတွေ့နိုင်ပြီး အရင်ကထက် ပိုကောင်းမွန်အောင်၊ ပိုတိုးတက်အောင် သူလုပ်ဆောင်ကောင်း လုပ်ဆောင်နိုင်ပါလိမ့်မယ်။

လူတိုင်းရဲ့ လုပ်နိုင်စွမ်းက အဆုံးအစမဲ့ပါတယ်။ တူးဆွနိုင်ဖို့ပဲ လိုပါတယ်။


မူရင်း-- http://www.rs66.com/a/1/87/huanjingduirendeyingxiang_78803.html

နိုင်းနိုင်းစနေ ဘာသာပြန်သည်။



Share/Bookmark