Wednesday, January 11, 2012

ချီးမွမ်းခြင်းဆိုတဲ့ ပဲ့တင်သံ


ချီးမွမ်းခြင်းက တော်သင့်ရုံလူတစ်ယောက်ကို သူရဲကောင်းဖြစ်စေနိုင်သလို၊ မျက်နှာကြောတင်းသူကို အပြုံးတွေ ပွင့်လန်းစေနိုင်တယ်။ တခြားသူကို ဟန်မဆောင်ဘဲ ချီးမွမ်း၊ ချီးကျူးတတ်တာဟာ ဘဝကို ပိုလှပကောင်းမွန်စေပါတယ်။

လူတိုင်းလူတိုင်းမှာ မိမိကိုယ်ကိုတန်ဖိုးထားခြင်း၊ ဂုဏ်ယူခြင်းတွေရှိတယ်။ လူတစ်ယောက်ကို ရိုးရိုးသားသား ချီးမွမ်းတာ၊ ထောက်ခံတာဟာ သူ့တန်ဖိုးကို အကောင်းဆုံးအသိအမှတ်ပြုတာ၊ တန်ဖိုးထားတာပဲဖြစ်တယ်။ ဟန်မဆောင်တဲ့ကျေးဇူး၊ ဟန်မဆောင်တဲ့စိတ်ကောင်းစေတနာနဲ့ ချီးကျုးခြင်းတွေက လူလူချင်းကြားအကွာအဝေးကို ပိုနီးကပ်စေနိုင်သလို သူစိမ်းဆန်ခြင်း၊ ကွာဟချက်တွေကိုလည်း ပပျောက်စေနိုင်ပါတယ်။

နိုင်ငံခြားရင်းနှီးမြုပ်နှံကုမ္ပဏီတစ်ခုမှာ သန့်ရှင်းရေးသမားတစ်ဦးရှိတယ်။ သူဟာ လူတွေအလျစ်လျူရှုခံရဆုံး၊ အထင်သေးခံရဆုံးသူဖြစ်တယ်။ ဒါပေမယ့် ဒီလိုလူတစ်ဦးဟာ ညတစ်ညမှာ ကုမ္ပဏီမီးခံသေတ္တာ အလုယှက်ခံရချိန်မှာ သူခိုးဓမြနဲ့ သတ်ပုတ်ခဲ့သူဖြစ်တယ်။ အဖြစ်အပျက်ပြီးနောက် ဂုဏ်ပြုပွဲမှာ လူတွေက သူ့ကိုအကြောင်းရင်းမေးတော့ သူ့အဖြေက လူတွေထင်မှတ်မထားတဲ့အဖြေ ဖြစ်နေခဲ့တယ်။ ကုမ္ပဏီ အထွေထွေမန်နေဂျာက သူ့အနားကဖြတ်သွားတိုင်း "မင်းလှဲကျင်းတာ အရမ်းသန့်ရှင်းတယ်" လို့ သူ့ကိုအမြဲ ချီးမွမ်းခဲ့လို့ပါတဲ့။ ဒီလို သာမန်တဲ့စကားတစ်ခွန်းက သန့်ရှင်းရေးအလုပ်သမားကို ခံစားစေခဲ့ပြီး ကိုယ့်အသက်ကိုတောင်မမူဘဲ ကုမ္ပဏီကိုပေးဆပ်ချင်ခဲ့တယ်။

အမေရိကန် စီးပွားရေးလုပ်ငန်းရှင် Mary. Kayက
"လောကမှာ ငွေကြေးထက်၊ ဘဝထက် လူတွေပိုလိုအပ်တဲ့အရာနှစ်ခုရှိတယ်။ အဲဒီနှစ်ခုက အသိအမှတ်ပြုခံရခြင်းနဲ့ ချီးမွမ်းခြင်းပါပဲ" လို့ ပြောခဲ့တယ်။

ချီးမွမ်းရုံနဲ့ဖြစ်ပါ့မလား! ချီးမွမ်းမယ့်အစား ငွေကြေးဆုလာဘ်တွေပေးတာကမှ ပိုကောင်းဦးမယ်လို့ လူတွေ ထင်ကောင်းထင်လိမ့်မယ်။ တကယ်တော့ သူတို့မသိတာက ချီးမွမ်းခြင်းဟာ လူတစ်ယောက်ရဲ့အတွင်းစိတ်နဲ့ စိတ်ဓာတ်အတွက် အကောင်းဆုံးဆုဆိုတာပါပဲ။ အသိအမှတ်ပြုခံရခြင်း၊ ချီးမွမ်းခြင်းကြောင့် ရလာတဲ့ပြည့်ဝခြင်းက ငွေကြေးကြောင့်ရလာတဲ့ ပျော်ရွှင်ခြင်းထက် ပိုသာလွန်နေပါတယ်။

အားပေးချီးကျူးလုပ်တာကို မနှစ်သက်ဘူး၊ မနှစ်မြို့တဲ့ ဆရာတစ်ဦးရှိတယ်။ တစ်ခါက အဲဒီဆရာဟာ လေ့ကျင့်ရေးသင်တန်းတစ်ခုတက်ပြီး တစ်ပတ်အကြာမှာ အရေးပါတဲ့စာတမ်းတိုတစ်ခု တင်ရတယ်။ အဲဒီစာတမ်းတိုကို သူအကောင်းဆုံးရေးခဲ့တယ်။ ဒါကို သူ့အထက်ဆရာက သူ့ကိုအသိအမှတ်ပြုချင်၊ ချီးကျူးချင်တာနဲ့ ပုံဆွဲစာရွက်ဝါတစ်ရွက်ကို ကတ်တစ်ကတ်အဖြစ်ခေါက်ပြီး စာရွက်ပေါ်မှာ "အရမ်းကောင်းတယ်!"ဆိုတဲ့ အားပေးစကားတစ်ခွန်း ရေးလိုက်တယ်။ လူချင်းတွေ့တော့ ဆရာက သူ့ကိုချီးမွမ်းစကားပြောပြီး ရေးထားတဲ့ကတ်ကို ပေးလိုက်တယ်။ ကတ်ကိုရတော့ သူတစ်ချက်ကြည့်လိုက်တယ်။ ပြီးတော့ နေရာမှာတင် တခဏရပ်ပြီး ခေါင်းငိုက်စိုက်နဲ့ ရုံးခန်းထဲကနေ လှည့်ထွက်သွားခဲ့တယ်။ သူ့အဖြစ်ကြောင့် သူ့အထက် ဆရာက နားမလည်ဖြစ်ပြီး "ငါ အမှားလုပ်မိသွားသလား"လို့ တွေးလိုက်မိတယ်။ စိတ်ထဲ မတင်မကျဖြစ်မိတဲ့ဆရာဟာ တပည့်နောက်ကိုလိုက်ကြည့်တော့ တပည့်ဟာ သူပေးတဲ့ကတ်ကိုကိုင်ပြီး တစ်ခန်းဝင်တစ်ခန်းထွက် လူတွေကို လိုက်ကြွားဝါနေတာကို တွေ့လိုက်တယ်။ ဒီအဖြစ်က ဒီမှာတင် တစ်ခန်းရပ်မသွားပါဘူး။ နောက်ပိုင်းမှာ ကတ်ရခဲ့ဆရာဟာ ဒီနည်းကို သူ့အထက်ဆရာထက် ပိုအသုံးပြုခဲ့ပါတယ်။ သူကိုယ်တိုင် လုပ်ထားတဲ့ကတ်တွေကို အသုံးပြုပြီး လူတွေကို သူချီးမွမ်းတတ်ခဲ့၊ အသိအမှတ်ပြုတတ်ခဲ့တယ်။

လူတွေကို အကောင်းမြင်စိတ်နဲ့ ချီးမွမ်းတတ်တဲ့ စိတ်ပညာရှင်တစ်ဦးဟာ စာတိုက်တစ်တိုက်ဆီ ရောက်ခဲ့တယ်။ စာတစ်စောင်ပို့ဖို့ သူတန်းစီစောင့်နေတုန်း ကောင်တာက စိတ်ရှုပ်၊ စိတ်နောက်နေတဲ့စာရေးမကို သူ အမှတ်မထင် သတိထားလိုက်မိတယ်။ စိတ်ပညာရှင်ဟာ ရုတ်တရက် အကြံတစ်ခုရလိုက်တယ်။ ဒီစာရေးမ ပျော်လာအောင် သူစမ်းသပ်ကြည့်ဖို့ဖြစ်တယ်။

"သူ့ကို ပျော်အောင်လုပ်ချင်ရင်၊ ငါ့ကို ထင်မြင်ချက်ကောင်းပေးစေချင်ရင် နားထောင်လို့ကောင်းတဲ့
စကားနဲ့ သူ့ကိုချီးမွမ်းရမယ်" လို့ သူတွေးလိုက်တယ်။ ပြီးတော့ "သူ့ကိုယ်ပေါ်မှာ ငါချီးမွမ်းရလောက်တဲ့အရာ ဘာရှိသလဲ! ငါ ဟန်မဆောင်ဘဲ တကယ်ချီးမွမ်းချင်တဲ့အရာ ဘာရှိသလဲ?" လို့ မေးခွန်းထုတ်ပြန်တယ်။ ပြီးတော့ စာရေးမကို သူအကဲခတ်တယ်။ နောက်ဆုံးမှာ ချီးမွမ်းစရာကို သူရှာတွေ့လိုက်ပါတယ်။

သူပို့မယ့်စာကို စာရေးမလှမ်းယူပြီး အလေးချိန်ချိန်နေတုန်းမှာ စိတ်ပညာရှင်က ရိုးသားတဲ့စကားတစ်ခွန်းနဲ့ စပြောပါတယ်။

"ခင်ဗျားလို ဖြောင့်စင်းပြီး လှပကောင်းမွန်တဲ့ဆံပင်ရှိနိုင်မယ့် နေ့တစ်နေ့ကို ကျွန်တော်မျှော်လင့်မိပါတယ်"

စိတ်ပညာရှင်ရဲ့စကားကိုကြားတော့ စာရေးမက မျက်လုံးတစ်ချက်ပင့်ကြည့်တယ်။ သူ့မျက်လုံးမှာ အံ့သြမှုတွေနဲ့ ပြည့်နေတယ်။ တဆက်တည်း သူတစ်ချက်ပြုံးလိုက်ပြီး " ဟား... ကျွန်မရဲ့ဒီဆံပင်တွေ အရင်ကနဲ့စာရင် ပိုဆိုးသွားတယ်" လို့ ခပ်လျှိုလျှိုပြောတယ်။ စိတ်ပညာရှင်ရဲ့စကားကြောင့် သူ့စိတ်ခံစားမှု ပိုကောင်းသွားပါတယ်။ စိတ်လိုလက်ရ တအောင့်ကြာလောက် သူတို့ စကားစမြည်းပြောဖြစ်ခဲ့ကြတယ်။ စိတ်ပညာရှင်ပြန်ခါနီးမှာတောင် စာရေးမက "တကယ်တော့ ကျွန်မရဲ့ ဒီဆံပင်နက်နက်တွေကို လူတော်တော်များများ အားကျကြတယ်" လို့ ထပ်ပြောလိုက်ပါသေးတယ်။

လူတစ်ယောက်မှာ ဘယ်လိုအောင်မြင်မှု၊ ဘယ်လိုရာထူးဂုဏ်ပဲရှိရှိ ချီးမွမ်းခြင်းတွေ လိုကိုလိုအပ်ပါတယ်။ သိပ်အရယ်အပြုံးမရှိတဲ့ ကိုယ့်အထက်လူကြီးနဲ့ မျက်နှာချင်းဆိုင်မိတဲ့အခါ သူ့ကို ရိုးသားတဲ့ချီးမွမ်းစကား သင်ဆိုနိုင်ပါတယ်။ မထင်မှတ်တဲ့အချိန်မှာ ကြားလိုက်ရတဲ့ ချီးမွမ်းစကားက သူ့စိတ်ကို ပြုံးရယ်စေမှာ အမှန်ပါ။

သူတစ်ပါးကိုချီးမွမ်းဖို့ သင့်ဖက်က ဘာမှ များများစားစား ပေးဆပ်စရာမလိုပါဘူး။ သင်လုပ်ရမှာက အချင်းချင်းပြောဆိုဆက်ဆံချိန်မှာ ဂရုတစိုက်ရှိဖို့နဲ့ သူ့ရဲ့အားသာချက်ကိုတွေ့တဲ့အခါ ချီးမွမ်းစကားဆိုဖို့၊ အသိအမှတ်ပြုဖို့ပဲဖြစ်တယ်။ တခြားသူရဲ့ကောင်းကွက်၊ အားသာချက်ကို သတိပြုမိချိန်မှာ သင့်ကိုယ်သင်လည်း သင့်ဘဝရဲ့ တောက်ပရောင်ခြည်ကို စသတိပြုမိပါလိမ့်မယ်။

ချီးမွမ်းခြင်းမှာ ပဲ့တင်သံရှိပါတယ်။ သင့်ရဲ့ချီးမွမ်းစကားတွေ သင့်ကိုပဲ့တင်ထပ်ပါလိမ့်မယ်...


မူရင်း-- http://www.duwenzhang.com/wenzhang/shenghuosuibi/shenghuoganwu/20110702/191046.html

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

12 comments:

မဒမ်ကိုး said...

ွှဒါလဲ ဟုတ်တာဘဲနော် မမ

ခင်မင်လျှက်
မဒိုးကန်

Anonymous said...

တစ်ဖက်သားကို ချီးမွမ်းပြောဆိုဆက်ဆံခြင်းအကောင်းဆုံးသော အားဆေးတစ်ခွက်ဖြစ်စေပါတယ်...။ ဒါပေမယ့် လူတော်တော်များများက အမှန်တကယ် ကောင်းကွက်ကိုရှာတွေ့ပါလျှက် ချီးမွမ်းစကား ပြောဆိုရမှာကို တွန့်တိုနေကြတတ်တာများတယ်လေ..။။ မနာလို ၀န်တိုစိတ်များနေလေတော့ ဘ၀က မငြိမ်းချမ်းနိုင်ကြတော့ဘူးလေ....။အစ်မရေးထားသော ပို့စ်မဖတ်ဖြစ်သေးတဲ့တိုင်းအောင် ဖတ်ပြီးသမျှအားလုံးကိုတော့ နှစ်သက်ပါတယ်..ပြီးတော့ စာဖတ်ပရိတ်အတွက် တစ်စုံတစ်ခုတော့ အကျိုးဖြစ်စေထွန်းစေတာအမှန်ပဲလေ...။ ဥပမာပြောရရင် စာဖတ်ဝါသနာမပါသူတစ်ယောက်ကို အစ်မရေးသားထားတဲ့ ပို့စ်လေးကို ဖတ်လိုက်ရရင် သူတို့တစ်တွေ စာဖတ်တာကိုစိတ်ဝင်စားလာသလို စာဖတ်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို သိရှိလာကြတယ်လေ...။ အဲဒီစမ်းသပ်ချက်ဟာ စာဖတ်ဝါသနာမပါသေးသူ တော်တော်များများကို ကျွန်တော့်စမ်းသပ်ဖူးတဲ့ အချက်တစ်ချက်ပါပဲ...။အစ်မ စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ လောကအတွက်ရော အစ်မအတွက်ပါ စာပေခရီးကိုကောင်းမွန်စွာလျှောက်လှမ်းနိုင်ပါစေမမ

Anonymous said...

အရမ်းကောင်းပါတယ်နော်အစ်မ..။ မဆိုသလောက်ချီးမွမ်းစကားလေးတစ်ခွန်းက တစ်ဘ၀စာလောက် ပဲ့တင်ထက်စေနိုင်ပါတယ်..။ သိနေကြပေမယ့် ချီးမွမ်းစကားတွေကို ချွေတာနေကြတယ်လေ။ ချီးမွမ်းစကားကို မနာလိုဝန်တိုခြင်းဟာ ဘ၀မှာငြိမ်းချမ်းမှုတွေနဲ့ တစ်ဖြေးဖြေးဝေးစေပါတယ်...။ အခုလို အစ်မရေးသားချက်တွေက စာဖတ်ပရိတ်သတ်အတွက် များစွာအကျိုးဖြစ်စေပါတယ်အစ်မ..။ စိတ်ချမ်းသာကိုယ်ကျန်းမာစွာနဲ့ လောကကို စာပေတွေနဲ့ ဆက်လက်တန်းဆာဆင်နိုင်လို့ ဘ၀ရဲ့ လိုအပ်မှုတွေအားလုံး လွယ်လင့်တကူ တမ်းတလိုက်ရုံနဲ့ ပြည့်စုံပါစေနော်မမ.။

Anonymous said...

အရမ်းကောင်းပါတယ်..။

မြသွေးနီ said...

ချီးမွမ်းဖို့ ဘယ်တော့မှ ၀န်မလေးပါနဲ့..
ချီးမွမ်းတာဟာ ငွေကြေးအကုန်အကျ အနည်းဆုံးနဲ့ လူတစ်ယောက်ကို အသိအမှတ်ပြုလိုက်ခြင်းပဲ..လို့ ဖတ်ဖူးတယ်..။

lau said...

Thanks Sis !

zp said...

မမ၉၉ လည်းအရမ်းတော်တာပဲ ခဏ ခဏ ဖတ်စရာတင်ပေးနိုင်တယ်။
ဟုတ်တယ် အမ ဒီအနောက်နိုင်ငံမှာ ကျောင်းတက်တော့ ဘယ်သူကမှ မင်းညံ့တယ်လို့ မပြောဘူး။မင်းတော်လိုက်တာ...ဒီလိုပဲ ချီးမွမ်းအားပေးကြတယ်။မင်းက သိပ်ညံ့တာပဲလို့ ပြောရင် လူတစ်ယောက်က စိတ်ဓာတ်ကျနိုင်တယ်။

ချော(အစိမ်းရောင်လွင်ပြင်) said...

သိပ်ကောင်းတဲ့ပိုစ့်လေး မနိုင်းရေ
လူတွေ အားလုံး အတုယူသင့်တဲ့ အလေ့အကျင့်တစ်ခုလို့ထင်ပါတယ်။
ကောင်းတာလုပ်ရင်တောင် ကဲ့ရဲ့စရာကို ရှာကြံပြောတတ်တဲ့ ဒီခေတ်ကြီးထဲမှာ မနိုင်းရဲ့ ပိုစ့်ထဲက စာသားတွေက မှတ်သားဖို့ အလွန် ကောင်းပါတယ်။
ကိုယ်တိုင်လည်း ချီးမွမ်းတတ်အောင် ကြိုးစားရဦးမယ် မနိုင်းရေ။

Myanmar Online Music said...

မင်္ဂလာပါ...

သီချင်းတွေလာ နားထောင်ကြပါဦးခင်ဗျာ....

Myanmar Online Music: MyanmarOnlineMusic.Com

အားလုံးကိုဖိတ်ခေါ်ပါတယ်..

ကျေးဇူးပါ...

နိုင်းနိုင်းစနေ said...

အားလုံးကို ကျေးဇူးတင်ပါတယ်း)

Parpar Gyi said...

မ 99 စနေ တကယ်ကောင်းပါလို့ ကျွန်တော့် Page မှာ ပြန်တင်ထားပါတယ်။

Anonymous said...

ဘယ်သူမှချီးမွမ်းစကားမဆိုတဲ့ပတ်ဝန်းကျင်မှာဆိုရင်.......ကိုယ့်ရဲ့ကောင်းကွက်ကိုရှာပြီး.........
ကိုယ့်ကိုကိုယ်ချီးကျူးအားပေးရမှာဘဲပေါ့နော်....