Wednesday, January 25, 2012

အိပ်မက် မက်ရဲကြသူများ


(၁)
သူ့အသက် (၂၄)နှစ်
အသက် ၁ဝနှစ်မှာ မတော်တဆမှုနဲ့ သူ့လက်၂ဖက် ဆုံးရှုံးသွားခဲ့တယ်။

အသက် ၁၂ နှစ်မှာ သူရေကူးစသင်တယ်။
အသက် ၁၆နှစ်မှာ သူစာရေးစသင်တယ်။
အသက် ၁၉နှစ်မှာ သူစန္ဒားယားစတီးသင်တယ်။ လက်မရှိတော့ စန္ဒားယားကို ခြေထောက်နဲ့ သူတီးသင်ခဲ့တယ်။

ဆက်လျှောက်ပါ.. အနည်းဆုံးတော့ ငါ့မှာ လှပတဲ့ခြေတစ်စုံရှိသေးတယ်တဲ့...

လက်နှစ်ဖက် ဆုံးရှုံးသွားရတော့ ကျွန်တော့်ဘဝမှာ လမ်းနှစ်လမ်းပဲရှိခဲ့တယ်။ တစ်လမ်းက သေရင်သေ မသေရင် ပျော်ပျော်ရွှင်ရွှင်နဲ့ ရှင်သန်နေဖို့ပါပဲ။ လုပ်ချင်တာကို ကျွန်တော်ဖြစ်အောင်လုပ်တယ်။ စန္ဒားယားကို လက်နဲ့ပဲတီးရမယ်လို့ ဘယ်သူမှ မသတ်မှတ်ခဲ့ပါဘူး.....လို့ သူက ပြောခဲ့ပါတယ်။ ဘဝကို အကောင်းမြင်စိတ်နဲ့ ရင်ဆိုင်နိုင်သူ၊ လက်မရှိပေမယ့် ခြေထောက်နဲ့ ဘဝကိုရဲရဲရေးခဲ့သူဟာ ပထမအကြိမ် Talentပြိုင်ပွဲမှာ ပထမဆုကို ရခဲ့ရုံသာမက ခြေလက်အစုံရှိသူတွေကိုပါ ခွန်အားတွေပေးနိုင်ခဲ့ပါတယ်။

(၂)
သူ့အသက်က (၁၈)နှစ်၊ သူ့မှာ တစ်ယောက်တည်းထီးထီးနေတဲ့ရောဂါရှိပြီး ဦးနှောက်လည်း သိပ်မဖွံ့ဖြိုးခဲ့ပါဘူး။ သူ့ဖေဖေကို "ဆရာ" လို့ သူခေါ်ခဲ့တယ်။ ဒိုင်လူကြီးတွေက ဘာဖြစ်လို့ အဖေကို ဆရာလို့ခေါ်သလဲမေးတော့ ကျွန်တော့်ကို ပညာတွေအများကြီး သူသင်ပေးလို့ပါတဲ့။ ပရိသတ်ကြိုက်တဲ့ ခုနှစ်၊ လ၊ ရက်ပြောလိုက်ရင် အဲဒီနေ့ဟာ တနလာင်္နေ့လား! အင်္ဂါနေ့လား! ဆိုတာကို တိတိကျကျ မှန်မှန်ကန်ကုန် ပြောတတ်သူဟာ အနုပညာကျောင်းကိုတက်ဖို့ ရည်မှန်းချက်ရှိတယ်လို့ ဆိုပါတယ်။ တယောကိုတစ်ဖက်ကဆွဲရင်း ခြေထောက်က ဒရမ်တီးရင်း သူကောင်းကောင်းဖြေဖျော်နိုင်ခဲ့တယ်။ Talentပြိုင်ပွဲမှာ ဆုမရခဲ့ပေမယ့် ပရိသတ်နဲ့ဒိုင်လူကြီးရဲ့ အကြိုက်ဆုံးကတော့ သူရဲ့အပြုံးဖြစ်တယ်လို့ ဆိုပါတယ်။

(၃)
သူက အသက်(၅၅)နှစ်ရှိတဲ့ ဈေးသည်တစ်ဦးပါ။ ဈေးထဲမှာဈေးရောင်းရင်း ဘဝကိုရုန်းကန်နေသူဆိုပေမယ့် သူဟာအမြဲပြုံးရွှင်နေသူဖြစ်တယ်။ နေ့စဉ်ထိတွေ့နေတဲ့ ဟင်းသီး၊ ဟင်းရွက်၊ အသားငါးနာမည်တွေကို Luciano Pavarottiရဲ့နာမည်ကြီးသီချင်းတစ်ပုဒ်ထဲ စာသားတွေထည့်ပြီး သံမြင့်သူဆိုခဲ့တယ်။ ကိုယ်တိုင်အဆိုကျင့်၊ ကိုယ်တိုင်သီချင်းစပ်ပြီး ဈေးရောင်းရင်းနဲ့ ငယ်ငယ်လေးကတည်းက သီချင်းဆိုတာကိုနှစ်သက်တဲ့ သူ့အိပ်မက်ကို အကောင်အထည်ဖော်ခဲ့ပါတယ်။ သူ အောင်မြင်ခဲ့ပါတယ်.. ဒုတိယအကြိမ်မြောက် Talentပြိုင်ပွဲမှာ ဒုတိယဆုကို သူအောင်မြင်စွာ ဆွတ်ခူးနိုင်ခဲ့ပါတယ်။

(၄)
သူက အသက်(၃ဝ)နှစ်ရှိတဲ့ ကျောင်းဆရာတစ်ဦးပါ။ ကျောင်းသား(၇၆)ယောက်ရှိတဲ့ တောရွာတစ်ရွာက ကျောင်းဆရာဖြစ်တယ်။ Talent ပြိုင်ပွဲကို သူဝင်ပြိုင်တာဟာ သူ့ကျောင်းသားတွေအတွက်ပါတဲ့။
"ငါ့ကို မီးတဆောင်ပေးပါ.... ဒီအေးစက်မှုကို နွေးထွေးဖို့
ငါ့ကို သတ္တိတချို့ပေးပါ......ဒီအမှောင်ကို ကျော်ဖြတ်ဖို့
ငါ့ကို ကြံ့ခိုင်မှုတချို့ပေးပါ...... ဒီလမ်းကို အဆုံးထိလျှောက်ဖို့
ငါ့ကို အိပ်မက်တချို့ပေးပါ..... ဒီလက်ရှိဘဝက ရုန်းထွက်ဖို့"

သူကိုယ်တိုင်ရေးဆိုတဲ့ သီချင်းထဲကစာသားလိုပဲ သူ့သီချင်းတွေကိုရောင်းပြီး ရောင်းရငွေနဲ့ သူ့ကျောင်းကကျောင်းသားတွေကို အာဟာရဖြစ်စေတဲ့ အသားငါးတွေ ပိုဝယ်ကျွေးချင်လို့ပါတဲ့။ သူဟာ အဲဒီကျောင်းမှာ ဘာလခမှမယူဘဲ ကျောင်းသားတွေကို အခမဲ့ပညာသင်ပေးနေသူဖြစ်တယ်။ Talentပြိုင်ပွဲကို ဝင်ပြိုင်ရတဲ့ ရည်ရွယ်ချက်ဟာလည်း ဒီကျောင်းသားတွေအတွက်ပါလို့ သူပြောခဲ့ပါတယ်။

(၅)
သူ့အသက်က(၃၇)နှစ်ပါ။ သူဟာ ပန်းကန်ဆေး အလုပ်သမားတစ်ဦးဖြစ်တယ်။ တစ်နေ့ကို အလုပ်ချိန်(၁၂)ကြာမြင့်ပြီး ပန်းကန်အလုံးရေ ၆ထောင်က ၇ထောင်ကြားဆေးရသတဲ့။ သူ့စိတ်ကူးအိပ်မက်က အိမ်ကြီးကြီးတစ်လုံးဝယ်ဖို့ပါတဲ့။ သူဟာ စင်ပေါ်မှာ သူ့အလုပ်ကို သိမ်ငယ်စိတ်မရှိ ပရိသတ်တွေကို ပြောပြခဲ့တယ်။ Talentပြိုင်ပွဲမှာ သူဆုမရခဲ့ပေမယ့် သူ့ရဲ့ပျော်ပျော်နေတတ်တဲ့စိတ်က လူတိုင်းကိုကူးစက်ခဲ့ပါတယ်။

(၆)
သူက အသက်(၁၈)နှစ် တက္ကသိုလ်ကျောင်းသားတစ်ဦးပါ။ ငယ်ငယ်တုန်းက ကျောင်းသားတွေ အနိုင်ကျင့်တာကိုခံရလို့ အခန်းထောင့်မှာ ပုန်းနေတတ်သူဖြစ်တယ်။ ထီးထီးနေတတ်တဲ့ ရောဂါရှိပြီး သူ့မှာသူငယ်ချင်းတွေ မရှိပါဘူး။ ၁ဝနှစ်အရွယ်မှာ ကစားစရာတစ်ခုကို နှစ်သက်ရာကနေ သူ့ဘဝတစ်မျိုးတစ်ဖုံပြောင်းသွားခဲ့တယ်။ အဲဒီကစားစရာကိုပဲ သူဇွဲရှိရှိ အခုအသက်အရွယ်ထိ ကျင့်ခဲ့တယ်။ သူ့ရဲ့ဇွဲလုံ့လကြောင့်၊ ပရိသတ်ရဲ့အားပေးမှုကြောင့် သူဟာလူရာဝင်ခဲ့ပါတယ်။ တတိယအကြိမ်Talentပြိုင်ပွဲမှာ ဒုတိယဆုအပြင် ပရိသတ်အနှစ်သက်ဆုံးဆုကိုလည်း သူရခဲ့တယ်။

(၇)
သူတို့အသက်က (၆၅)နှစ်နဲ့(၅၅)နှစ်ပါ။ အက,ကတာကို သူတို့ဝါသနာပါတယ်။ ခန္ဓာကိုယ်ကျန်းမာရေးအတွက်၊ စိတ်ဓာတ်ကျန်းမာရေးအတွက် အားလပ်ရက်တိုင်းမှာ အကကို သူတို့လေ့ကျင့်ရင်း Talentပြိုင်ပွဲကို ဝင်ရောက်လာခဲ့သူတွေဖြစ်တယ်။ သားသမီးတွေ ကန့်ကွက်တဲ့ကြားက၊ တားမြစ်တဲ့ကြားက သူတို့အိပ်မက်ကို သူတို့ရွက်လွှင့်ခဲ့ပါတယ်။ ဒီအသက်အရွယ်ထိ စင်ပေါ်ရောက်တဲ့အထိ သူတို့သွက်သွက်လက်လက် ကခုန်နိုင်တာဟာလဲ သူတို့ရဲ့ကြံ့ခိုင်တဲ့အိပ်မက်နဲ့၊ သူတို့ရဲ့ ကြံ့ခိုင်တဲ့ခန္ဓာကိုယ်ကြောင့်ပဲ ဖြစ်မယ်ထင်ပါတယ်။

(၈)
သူက အသက်(၁၉)နှစ်အရွယ် လယ်သမားမိသားစုက ပေါက်ဖွားလာသူတစ်ဦးပါ။ မွေးကတည်းက ညာလက်ဖဝါး ပါမလာခဲ့ပါဘူး။ သူငယ်ရွယ်စဉ်မှာ ဒီလိုမပြည့်စုံခြင်းက သူ့ကိုသိမ်ငယ်စေခဲ့ပါတယ်။ ဒါပေမယ့် သူ့မှာ အိပ်မက်တစ်ခုရှိခဲ့တယ်။ အဲဒီအိပ်မက်က စန္ဒားရားပညာသည်တစ်ဦးဖြစ်ဖို့ပါပဲ။

စန္ဒားရားက သူ့ဘဝကို ပြောင်းလဲခဲ့ပါတယ်၊ သူ့ကို ရှေ့ဆက်လျှောက်ဖို့ အားတွေပေးခဲ့ပါတယ်လို့ သူကပြောခဲ့တယ်။ Talentပြိုင်ပွဲကို သူဝင်ပြိုင်ပြီး မပြည့်စုံတဲ့လက်နှစ်ချောင်းနဲ့ ချိုသာတဲ့စန္ဒားရားသံကို သူတီးခတ်ခဲ့ပါတယ်။ ပြိုင်ပွဲမှာ ဒိုင်လူကြီးက "သမီးရဲ့ကံမကောင်းခြင်း (လက်မရှိတဲ့ ကံမကောင်းခြင်း)ကို ပရိသတ်သိအောင် ပြောပြနိုင်မလား" လို့ဆိုတော့ သူကံမကောင်းဘူးလို့ ဘယ်တော့မှ မထင်ခဲ့ပါဘူးလို့ ပြန်ဖြေပါတယ်။ ဘုရားသခင်က သူ့ကိုအကောင်းဆုံးလက်တစ်စုံ ပေးခဲ့ပါတယ်တဲ့...


ဒါတွေက ကျွန်မအားလပ်ချိန် youtubeမှာ ကြည့်ဖြစ်ခဲ့တဲ့ ဗီဒီယိုကလစ်တချို့ပါ။ China's Got Talentက တင်ဆက်ခဲ့တဲ့ ဗီဒီယိုတချို့ဖြစ်ပါတယ်။ အဲဒီပြိုင်ပွဲက ကျွန်မကြိုက်နှစ်သက်တာတွေကို Facebookမှာ မျှဝေခဲ့ပါတယ်။ အဲဒီမှာ ကျွန်မ friend listထဲပါသူငယ်ချင်းတစ်ယောက်က ကျွန်မကို အသိပေးပါတယ်။ လူတွေ(မြန်မာတွေ)က ဒီတရုတ်ဆိုတဲ့စကားလုံးကို ဒီလောက်မျက်စိစပါးမွှေးစူးနေချိန်မှာ ဘာဖြစ်လို့ FBမှာ တရုတ်အစီအစဉ်ကို တင်နေရသေးသလဲတဲ့... စာရေးသူနဲ့စာဖတ်သူကြားမှာ ငြိုငြင်စရာတွေ ဖြစ်မှာစိုးလို့ပါတဲ့။

သူ့စေတနာကို ကျွန်မနားလည်ပါတယ်။ တရုတ်စာတွေကို ကျွန်မဘာသာပြန်ခဲ့တယ်ဆိုပေမယ့် ဘာသာပြန်တဲ့စာတွေထဲမှာ လူမျိုးရေး၊ နိုင်ငံရေး၊ ဘာသာရေးတွေ မပါခဲ့ပါဘူး။ လူတွေကို ကျွန်မမျှဝေချင်တာက စိတ်ဓာတ်တစ်ခု၊ အင်အားတစ်ခု၊ ဖေးမကူညီမှုတစ်ခု၊ ကြံ့ခိုင်မှုတစ်ခု၊ ချစ်ခြင်းမေတ္တာ..တွေပါ။

Talentပြိုင်ပွဲမှာ ပြိုင်ပွဲဝင်တွေဟာ ကိုယ့်စိတ်ကူးအိပ်မက်ကို မလွတ်စတမ်းဆုပ်ကိုင်ပြီး ပြိုင်ပွဲတွေကို တစ်ခုပြီးတစ်ခုဖြတ်သန်း၊ ဒိုင်လူကြီးနဲ့ ပရိတ်သတ်ကပေးတဲ့ အမှတ်တွေကို တစ်ခုပြီးတစ်ခုရယူလို့ စတိတ်စင်သေးသေးလေးကနေ စတိတ်စင်စင်ကြီးကြီးအထိ တက်လှမ်းပြီး အောင်မြင်မှုတွေကို စွတ်ခူးခဲ့ကြတယ်။

ကျွန်မတို့
လူတိုင်းမှာလည်း အိပ်မက်တွေရှိတယ်။ အိပ်မက်ကိုမလွတ်စတမ်း ဖမ်းဆုပ်နိုင်သူတွေရှိသလို၊ ရှေ့ဆက်လျှောက်တဲ့လမ်း ပျောက်နေသူတွေလည်း ရှိကြတယ်။ လမ်းတဝက်မှာ အားပြတ်နေသူတွေလည်းရှိသလို သူတစ်ပါး ပါးစပ်ဖျားမှာ အိပ်မက်ပျောက်သွားသူတွေလည်းရှိတယ်။ အဲဒီလမ်းပျောက်သူ၊ အားပြတ်သူတွေ လိုအပ်နေတာက အားပေးမှု၊ ဖေးမမှု၊ ကြံ့ခိုင်တဲ့စိတ်ဓာတ်ပါ။ အဲဒီခွန်အား၊ အဲဒီကြံ့ခိုင်မှုတွေက အောင်မြင်တဲ့ ဘဝစတိတ်စင်ပေါ်ကိုရောက်ဖို့ အခက်အခဲတွေကို တစ်ခုပြီးတစ်ခု ကျော်ဖြတ်ပေးနိုင်မယ်ဆိုခဲ့ရင် ...... ကျွန်မကို ဆက်မျှဝေခွင့်ပေးပါ....

နိုင်းနိုင်းစနေ


Share/Bookmark

5 comments:

lau said...

Thanks Sis :)

မဒမ်ကိုး said...

မှန်ပါတယ် လူမျိုးစွဲတွေ ဘာသာစွဲတွေနောက်ထားပြီး တခါတလေမှာ အတုယူသင့်တဲ့ စိတ်ထားတွေကို အတုယူကြရမှာပါ မမရေ

အမြဲ လေးစားအားကျလျှက်

မဒိုးကန်

zp said...

ဒါမျိုး ဖတ်တာ ငါသိပ်ကြိုက်တယ် မမ၉၉။ကျေးဇူးနော်

Anonymous said...

http://www.myanmar.mmtimes.com/2012/article/553/arti02.html

Anonymous said...

Ma Nine Nine

I agree with you! Which ever nationality they are, it depends on people themselves. I have been to China, India and now working in UK. I met different people. Some are nice, some are not. It depends on individual I will say.

Keep it going!

တရုတ်စာတွေကို ကျွန်မဘာသာပြန်ခဲ့တယ်ဆိုပေမယ့် ဘာသာပြန်တဲ့စာတွေထဲမှာ လူမျိုးရေး၊ နိုင်ငံရေး၊ ဘာသာရေးတွေ မပါခဲ့ပါဘူး။ လူတွေကို ကျွန်မမျှဝေချင်တာက စိတ်ဓာတ်တစ်ခု၊ အင်အားတစ်ခု၊ ဖေးမကူညီမှုတစ်ခု၊ ကြံ့ခိုင်မှုတစ်ခု၊ ချစ်ခြင်းမေတ္တာ..တွေပါ။

KB