Tuesday, January 31, 2012

ရောင်ခြည်စက်ဝန်းသက်ရောက်မှု


ခွေးအဟောင်ခံရသူတိုင်းဟာ သူခိုးဟုတ်ချင်မှ ဟုတ်မယ်၊ စာပို့လုလင်လည်း ဖြစ်နိုင်တယ်။
မုတ်ဆိတ်ရှည်ထားသူတိုင်းဟာ အနုပညာသည် ဟုတ်ချင်မှဟုတ်မယ်။
ဆံပင်ရှည်ထားသူတိုင်းဟာလည်း လမ်းသရဲဟုတ်ချင်မှဟုတ်မယ်။

သောကြာနေ့ညနေတိုင်း ဦးမောင်က နေမကောင်းဖြစ်နေတဲ့မိခင်ကို ပြန်ကြည့်တဲ့မိန်းမဖြစ်သူကို ဘူတာရုံလိုက်ပို့တတ်တယ်။ မိန်းမစီးတဲ့ရထားထွက်သွားပြီး နောက်(၁ဝ)မိနစ်အကြာမှာ ဦးမောင်ရဲ့ညီမဖြစ်သူ လိုက်ပါလာမယ့်ရထားက ဘူတာဆိုက်တယ်။ မိန်းမ မရှိတုန်း အိမ်မှာလာကူချက်ပြုတ်ပေးတဲ့ ညီမဖြစ်သူကို ဦးမောင်ကစောင့်ကြိုပြီး အိမ်ခေါ်ပြန်တယ်။ တနင်္ဂနွေနေ့ညနေမှာတော့ ညီမကို ဘူတာရုံလိုက်ပို့ပြီး (၁ဝ)မိနစ်အကြာမှာ ပြန်ရောက်လာတဲ့မိန်းမကို ဦးမောင်အိမ်ခေါ်ပြန်တယ်။

ဒီလိုနဲ့ တနင်္ဂနွေနေ့ညနေမှာ ညီမစီးတဲ့ရထားထွက်သွားပြီးနောက် မိန်းမရောက်အလာကို ဦးမောင်စောင့်နေခဲ့တယ်။ အဲဒီမှာ ဝန်ထမ်းတစ်ဦးက ဦးမောင်နားလျှောက်လာပြီး ရယ်ရယ်ပြုံးပြုံးနဲ့ပြောတယ်။

"ခင်ဗျားကြီး ... တော်တော်အကြံပိုင်တာပဲနော်။ တစ်နေ့နေ့တစ်ချိန်ချိန်မှာ ခင်ဗျားဒီလိုလုပ်တာကို သူတို့မိသွားမှာ မကြောက်ဘူးလား?"

တခြားလူတွေနဲ့ ဆက်ဆံပြောဆိုတဲ့အခါ ကျွန်တော်တို့ဟာ "ကြိုတင်မှန်းဆ"တဲ့ အကြည့်နဲ့ သူတို့ကိုကြည့်မိတတ်ကြတယ်။ သူတို့ကို ကျွန်တော်တို့ရဲ့ "ဘောင်"ထဲသွင်းပြီး အဲဒီဘောင်နဲ့ ဒီလူကတော့ဖြစ် လူကောင်း၊ ဒီလူကတော့ဖြစ် လူဆိုးဆိုပြီး ခွဲခြားလေ့ရှိတယ်။ "သူကြည့်ရတာ နောက်မီးလင်းနေသလိုပဲ၊ သူကတော့ဖြစ် အရမ်းလူလည်ကျတတ်တာပဲ" စတဲ့အတွေးတွေနဲ့ တစ်ဘက်လူရဲ့ကိုယ်ပေါ် ကျွန်တော်တို့ ပုံချတတ်တယ်။ အမှန်တရားနဲ့ လမ်းလွဲသွားတာမျိုးတွေရှိတယ်။

ဒီလိုပုံပြင်တစ်ပုဒ်ကို ကြားဖူးမယ် ထင်ပါတယ်။
အမျိုးသမီးနှစ်ယောက်ဟာ စားပွဲခုံတစ်ခုံမှာထိုင်ပြီး ကော်ဖီသောက်နေကြတယ်။ သူတို့ထဲက တစ်ယောက်က ယူလာတဲ့ထီးကို စားပွဲခြေရင်းမှာ ထောင်ထားလိုက်တယ်။ တအောင့်အကြာမှာ ကော်ဖီအရင်သောက်ပြီးတဲ့တစ်ယောက်က ထအထွက်မှာ ယောင်တောင်တောင်နဲ့ ထောင်ထားတဲ့ထီးကို ကောက်ယူပြီးထွက်သွားတယ်။ ဒါကို ထီးပိုင်ရှင်က အော်ပြောတယ်။

"ဒီမယ်! ရှင် ကျွန်မထီးကို ယူတယ်"

ထီးယူမိတဲ့တစ်ယောက်က မျက်နှာကြီးနီမြန်းပြီး အားတုန့်အားနာနဲ့ ထီးပိုင်ရှင်ကို တောင်းပန်တယ်။ သူထီးယူလာမိတယ် အထင်နဲ့ မှားယူမိကြောင်းပြောတယ်။ ဒီအဖြစ်အပျက်ကြောင့် ထီးမှားယူမိတဲ့အမျိုးသမီးက သူထီးဝယ်ရမယ်ဆိုတာကို သတိရလိုက်တယ်။ အိမ်က ကလေးအတွက်ပါ ဝယ်လိုက်မယ်ဆိုပြီး သူထီးနှစ်ချောင်းဝယ်လိုက်တယ်။

အဲဒီလိုနဲ့ ထီးနှစ်ချောင်းဝယ်ခဲ့တဲ့ အမျိုးသမီးဟာ အိမ်အပြန်လမ်းက ဘတ်စကားပေါ်မှာ သူထီးမှားယူမိတဲ့ ထီးပိုင်ရှင်အမျိုးသမီးနဲ့ မတော်တဆဆုံမိပြန်တယ်။ အဲဒီအမျိုးသမီးက သူ့လက်ထဲကထီးနှစ်ချောင်း ကိုင်ထားတာကို ကြည့်ပြီး "အော်... ရှင်ဒီနေ့ တော်တော်တွက်ချေကိုက်တာပဲနော်"လို့ သူ့ကို ပြောတယ်။

လူတွေဟာ တခြားလူကို ဝေဖန်ပိုင်းခြားချိန်မှာ အမြဲတမ်း ယိမ်းယိုင်မှုတစ်မျိုးရှိတယ်။
အဲဒါကတော့ လူတစ်ယောက်ကို အကြမ်းအားဖြင့် "အကောင်း" ဒါမှမဟုတ် "မကောင်း" ဆိုပြီးနှစ်မျိုးခွဲလိုက်တယ်။ လူတစ်ယောက်က လူတွေကို "ကောင်းတဲ့" ထင်မြင်ချက်မျိုးဖြစ်စေတဲ့အချိန် လူတွေက အဲဒီလူရဲ့အပြောအဆို၊ အမူအရာအားလုံးကို "အကောင်း"ရှုထောင့်ကနေကြည့်ပြီး ဝေဖန်ပိုင်းခြားလိုက်တယ်။ ဆန့်ကျင့်ဘက်အနေနဲ့ "မကောင်းတဲ့" ထင်မြင်ချက်မျိုး ဖြစ်စေတဲ့အချိန် အဲဒီလူဘာလုပ်လုပ် "မကောင်း"တာပဲမြင်တော့တယ်။ ဒီလိုဖြစ်စဉ်ကို "Halo effect" (ရောင်ခြည်စက်ဝန်းသက်ရောက်မှု) လို့ခေါ်တယ်။ လူတွေက လကိုတွေ့တာနဲ့ တပြိုင်နက် လဘေးက ဖြာနေတဲ့ ရောင်ခြည်စက်ဝန်းကိုလည်း သတိထားမိတတ်ကြတယ်။ လူတစ်ယောက်ကလည်း တခြားလူကိုပြတဲ့ သူ့ထင်မြင်ချက်နောက်လိုက်ပြီး သူ့ရဲ့အပြောအဆို၊ အမူအရာတွေကို လူတွေက "Halo effect"နဲ့ဆက်စပ်ပြီး ဝေဖန်ပိုင်းခြားပါလိမ့်မယ်။

ပုံပြင်တစ်ပုဒ်က ဒီလိုဆိုပါတယ်။
တစ်ခါက အမေရိကန်ကိုရောက်တာ သိပ်မကြာသေးတဲ့ လူတစ်ယောက်က မနက်စောစောတစ်ခုမှာ ပန်းခြံထဲလမ်းထွက်လျှောက်ခဲ့တယ်။ ပန်းခြံထဲရောက်တော့ လူဖြူတစ်သိုက် မြက်ခင်းပြင်ပေါ်ထိုင်ပြီး နေလှန်းရင်း စကားစမြည်းပြောနေကြတာကို တွေ့လိုက်တယ်။ အဲဒီမှာ အဲဒီလူက ဒီလိုတွေးလိုက်တယ်။

"အမေရိကန်လူမျိုးတွေရဲ့ဘဝက သိပ်ပေါ့ပါးတာပဲ။ ငွေကြေးရှိသလို ဘဝမှာလည်း ပျော်ပျော်ရွှင်ရွှင်နေတတ်တယ်"

အဲဒီလူဟာ လမ်းဆက်လျှောက်ရင်း တစ်နေရာမှာ လူမည်းတစ်သိုက် မြက်ခင်းပြင်ပေါ်ထိုင်ပြီး စကားစမြည်းပြောနေကြတာကို တွေ့လိုက်ပြန်တယ်။ အဲဒီမှာ သူက ဒီလိုတွေးလိုက်တယ်။

"ဟင်း! လူမည်းအလုပ်လက်မဲ့တွေရဲ့ ပြဿနာက ကြီးမားလှချည်လား! ဒီလူတွေက အစိုးရထောက်ပံ့ကြေးတွေ တောင်းနေတဲ့လူတွေဖြစ်လိမ့်မယ်"

အဖြစ်အပျက်တစ်ခုက ဒီလိုဆိုထားပါတယ်။
ညတစ်ညမှာ လမ်းပေါ်မှာ လမ်းလျှောက်နေတုန်း အိမ်တစ်အိမ်က မီးလင်းနေတာကို တွေ့တော့ လူတချို့က "ဒါဟာ အိမ်မပြန်လာသေးတဲ့ သမီးအတွက် အမေတောင်းဆုပြုနေတာဖြစ်မယ်"လို့ဆိုတယ်။ လူတချို့က "အမလေး... ဒါ လူမြင်မကောင်းတဲ့ ကိစ္စတစ်ခုခု လုပ်နေတာဖြစ်မယ်"လို့ဆိုတယ်။

အင်္ဂလန် စာရေးဆရာ "Hazlitt William"က ဒီလိုဆိုခဲ့ပါတယ်။
"အမှန်ကိုမစူးစမ်းဘဲ မျက်စိမှိတ် ဘက်လိုက်ခြင်းက အသိမရှိတဲ့ ကလေးလေးနဲ့တူတယ်"တဲ့။
ူ့အပြော မှန်ကန်ခဲ့ပါတယ်။

လူအများက သင့်ကို မသိနားမလည်နိုင်သလို သင်ကလည်း သူတို့အားလုံးကို သိနားလည်နိုင်မှာ မဟုတ်ပါဘူး။ ဒီလိုဆိုမှတော့ တခြားလူကို လွယ်လွယ်နဲ့ ကျွန်တော်တို့ မဝေဖန်၊ မပိုင်းခြားသင့်သလို သင့်အပေါ် တခြားလူဝေဖန်ပိုင်းခြားတာကိုလည်း အလေးထားနေဖို့ မလိုပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လူတိုင်း..လူတိုင်းကလည်း အင်္ကျီရဲ့ပထမဆုံးကြယ်သီးကို မှားတပ်ဖူးခဲ့ကြတယ် မဟုတ်ပါလား!

မူရင်း-- http://blog.udn.com/540520/5905247

http://en.wikipedia.org/wiki/Halo_effect

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

12 comments:

မဒမ်ကိုး said...

ကောင်းလိုက်တဲ့ပိုစ့် ကောင်းလိုက်တဲ့အသိတရားအတွေးအခေါ်တွေ ..
တကယ်ကိုပဲ တနေ့ကိုအသိတရားတခု အတွေးတခု ထပ်ထပ်ရစေတယ်
အမြဲလူသားတွေကိုအသိအမြင်တွေထာဝရဖြန်ဝေပေးနိုင်ပါစေ ..

ခင်မင်လေးစားလျှက်

မဒိုးကန်

mstint said...

မှန်လိုက်လေကွယ် သိတတ်စအရွယ်မှာ အင်္ကျီကြယ်သီး
တပ်နည်းကိုမေမေသင်ပေးခဲ့တာ သွားသတိရတယ်။
အင်္ကျီရဲ့အောက်ဆုံးအစနှစ်ခုကိုညီအောင်ညှိပြီးမှ
ကြယ်သီးကိုအောက်ကနေစတပ်ပြခဲ့တယ်း)
ပို့စ်ကောင်းလေးအတွက်ကျေးဇူးပါနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Anonymous said...

လူတော်တော်များများဟာ ကိစ္စတစ်ခုကို Negative Thinking နဲ့ပဲ တွေးပြီး ပြောကြဆိုကြတယ်..... Positive Thinking နဲ့ ပြောတဲ့တွေးတဲ့သူတွေဟာ အနည်းအကျဉ်းပဲ လက်ချိုးရေလို့ရတယ်........ မေးမကြည့်ပဲ ကိုယ်ထင်တာတွေဟာ အမှားတွေပဲတဲ့.... ကလေးတွေကို ငယ်ငယ်လေးကတည်းက Positive Thinking တွေ ရှိကြစေဖို့ ၊ သင်ပြပေးဖို့ဟာ လူကြီးတွေမှာ တာဝန်အပြည့်ရှိပါတယ်.........


ကျေးဇူး မမနိုင်း

Dr. Yi Yi Win said...

လူတစ်ယောက်ကလည်း တခြားလူကိုပြတဲ့ သူ့ထင်မြင်ချက်နောက်လိုက်ပြီး သူ့ရဲ့အပြောအဆို၊ အမူအရာတွေကို လူတွေက "Halo effect"နဲ့ဆက်စပ်ပြီး ဝေဖန်ပိုင်းခြားပါလိမ့်မယ်။ Good!

₭Ǿ2 said...

သိပ်ဟုတ်တာပေါ့ဗျာ ..
ဒီလိုမျိုးလွှဲမှားတဲ့ အတွေးတွေ တယူသန် မှုတွေကြောင့် စကားများမှုတွေနေ့တစ်ဓူဝ ကြုံတွေ့နေရတာ။ တော်တော်များများ ပြဿနာများဟာလည်း တစ်ယောက်နဲ့တစ်ယောက် လွှဲမှားမှုတွေ ခပ်များများပါမယ်ထင်ပါတယ်။

ဘာနေ said...

ဟုတ်ပါ့ ..
သတိထား ရမဲ့အချက်ပဲ ..
ကျနော်ကိုယ်တိုင်တောင် အဲ့လိုအမြင်တွေ ရှိနေတယ်
လမ်းမှာ မိန်းမနဲ့ယောက်ျား တွဲပြီး လမ်းလျှောက်ပြီဆို
အရင်ဆုံးတွေးမိတာက အတွဲ သို့မဟုတ် လင်မယားပဲ
သူတို့အခြေအနေအမှန်က မောင်နှမလည်းဖြစ်ချင်ဖြစ်နေမယ် သားဖလည်း ဖြစ်ချင်ဖြစ်နေမယ် .. မြင်တဲ့သူ စိတ်မှာတော့ ဆန်ကျင်ဘက်ကိုမြင်ပစ်လိုက်တာပဲ ..။ ကျေးဇူးပါဗျာ .. တဖက်သားအပေါ် ထင်မြင်တဲ့ အမြင်လေး ပြောင်းသွားတာပေါ့ ..။ ကိုယ်သေချာ မသိပဲ ကောက်ချက်မဆွဲသင့်ဘူးဆိုတာကို မှတ်သားသွားပါတယ် ။ ပျော်ရွှင်ပါစေ အမ

ParGyi said...

ကောင်းလိုက်တဲ့ နုတ်။ Share ယူသွားပါပြီ မ 9.

အတ္တ said...

:)

ဆန္ဒ said...

အကောင်းဘက်ကကြည့်တတ်မြင်တတ်သူဖြစ်စေဖို့ဒီစာစုကလေးကတွန်းအားတစ်ခုပါ။စာကောင်းပေကောင်းတွေအတွက်ကျေးဇူးပါ။

မြသွေးနီ said...

ကောင်းလိုက်တဲ့ပို့စ်..။
ဘာမဆို တဘက်သတ်အမြင်နဲ့ ကောက်ချက်ချမစောပဲ၊ အကောင်းဘက်ကရှုမြင်တတ်ဖို့ လိုတယ်နော်..။

mmforlove said...

တကယ်ကို ကောင်းလိုက်တာ ...မနိုင်း..ဒီပို့စ်လေး တဖက်မြင်လူတွေ အတွက် တော်တော်ကို အသိတရားရကျမယ်ထင်တယ်...ဒါပေမယ့်လည်း ခွေးမြီးကောက်ခြေထောက်စွပ်တွေတော် ပါမှာမဟုတ်ပါဘူး..ကျေးဇူးတင်ပါတယ် ...မနိုင်း

Aung Htut said...

Halo-effect လေးကို စိတ်ဝင်တစား ဖတ်သွားပါတယ် ခင်ဗျာ။