Sunday, January 08, 2012

လောကမှာ သင့်ကိုအချစ်ဆုံးသူ


ဒီလောကမှာ ဒီလိုလူတစ်ယောက်ရှိတယ်။ သင်ငယ်စဉ်အခါမှာ သင့်ကို "လိမ်ညာတယ်ဆိုတာမကောင်းဘူး၊ မလိမ်ညာရဘူး၊ လိမ်တတ်တဲ့ကလေး သစ်သားရုပ် Pinocchioလို နှာခေါင်းရှည်ထွက်လာတတ်တယ်" လို့ သူမကြာခဏပြောတယ်။ သူ့စကားကို သင်ယုံတယ်.. နှာခေါင်းရှည်ထွက်လာပြီး ရုပ်ဆိုးမှာစိုးလို့ သင်မလိမ်ညာရဲခဲ့ဘူး။

ဒါပေမဲ့ သင့်ကို မလိမ်ညာရဘူးလို့ သင်ပြတဲ့သူက အလိမ်ညာတတ်ဆုံးလူ ဖြစ်နေတယ်ဆိုတာကို နောက်တော့ သင်တဖြေးဖြေး သတိထားလာခဲ့မိတယ်။

သင်အကြိုက်ဆုံး အစားအစာဟာ သူ မကြိုက်ဆုံးအစားအစာဖြစ်တယ်။ ဥပမာ- ကြက်သားစားတဲ့အခါ ကြက်ပေါင်၊ ကြက်တောင်ပံ၊ ကြက်ရင်အုံတွေကို သူ မကြိုက်ဘူးလို့ အမြဲပြောတယ်။ ဒါတွေက သင်အကြိုက်ဆုံးဖြစ်နေတတ်တယ်။ ကြက်ပေါင်၊ ကြက်ရင်အုံတွေကို သင်စားနေရင်းက ဒီလောက်မွှေး၊ ဒီလောက်စားကောင်းတဲ့အရာကို မကြိုက်တဲ့သူလည်းရှိတယ်လို့ သင်တွေးနေမိတယ်။ ဒါပေမဲ့ တစ်နေ့မှာ မီးဖိုချောင်ထဲက သင့်စားကြွင်းစားကျန် ကြက်ပေါင်တွေကို စားနေတဲ့သူ့ကို သင်တွေ့ခဲ့မိတယ်။

အဲဒီနေ့က အိမ်ခန်းတွေထဲ ပြေးလွှားရင်း သင်လေတံခွန်လွှတ်တမ်း ကစားနေတယ်။ အဲဒီအချိန် တံခါးဘောင်မှာ သူမှီပြီး တစ်နေရာရာကို ကြည့်နေတယ်။ သင်ပြေးလွှားရင်း ပွင့်နေတဲ့တံခါးရွက်ကို တိုက်မိတယ်။ တံခါးအပိတ်မှာ သူ့လက်ချောင်းကို ညှပ်လိုက်မိတယ်။ သူ့ရဲ့ အားခနဲအော်သံကြားတော့ သင်လန့်ပြီးငိုတယ်။ တခြားလက်တစ်ဖက်နဲ့ ညှပ်မိတဲ့လက်ကို သူဆုပ်ကိုင်ရင်း သူဘာမှမဖြစ်ဘူး၊ မနာဘူးလို့ သင့်ကိုပြောတယ်။ သူ့မျက်နှာပေါ်က အပြုံးတစ်ပွင့်က သင့်ကိုအငိုတိတ်စေခဲ့တယ်။ နောက်ရက်တွေမှာ သူ့လက်ချောင်းဖုယောင်နေတာကို သင်တွေ့ခဲ့မိတယ်။

အဲဒီနောက် သင်တဖြေးဖြေး ကြီးပြင်းလာခဲ့တယ်။ အလယ်တန်းရောက်တော့ သင်အဆောင်နေရတော့မယ်။ သူ့ကို သင်မခွဲချင်ဘူး။ သူကတော့ပြောတယ်.... "အဆောင်နေမယ့်အရွယ်ရောက်ပြီ...ကောင်းလိုက်တာ.. နားညီးသက်သာသွားပြီ၊ အိမ်ရှင်းသွားပြီ" လို့ သူပြောတယ်။ ဒါကို သင်စိတ်ကောက်ပြီး အိမ်ကိုနှစ်ပတ်လောက် မပြန်ခဲ့ဘူး။ နောက်မှ အိမ်နီးချင်းတွေကနေ သင်သိရတာက သင်အိမ်မပြန်တဲ့ရက်တွေ သင့်ကိုသူလွမ်းမျှော်ပြီး မျက်ရည်ကျနေခဲ့တယ်ဆိုတာပါပဲ။

နောက်တော့ သင် တက္ကသိုလ်ရောက်တော့ ကောင်မလေးတစ်ယောက်ကို သင်ချစ်မိတယ်။ ကောင်မလေးအတွက် သင့်အသုံးစရိတ်တွေထဲကနေ အမြဲလက်ဆောင်ဝယ်ပေးတယ်။ ဒါနဲ့ သူ့ဆီကို သင်စာအုပ်ဝယ်ဖို့ ငွေလိုကြောင်း စာပို့တယ်။ စာအုပ်ဝယ်ဖို့ဆိုရင် သူအားပေးတယ်.. သင်လိုတဲ့ပိုက်ဆံကို သူချက်ချင်း ပို့ပေးတယ်။ အလုပ်လုပ်ရတာ သူဘယ်လောက်ပဲဆင်းရဲပင်ပန်းပါစေ... သူ မမောပါဘူးတဲ့။ နွေကျောင်းပိတ်လို့ သင်အိမ်ပြန်တော့ သူ့ကိုအလုပ်ရုံမှာ သင်သွားရှာခဲ့တယ်။ အလုပ်ရုံနဲ့အိမ်က အဝေးကြီး.. ခါးကုန်းကုန်းပြီး အင်စိုက်အားစိုက် အလုပ်လုပ်နေတဲ့ သူ့ကို သင်တွေ့ခဲ့တယ်။

သင်ကျောင်းပြီးတော့ အလုပ်ဝင်ပြီ... အလုပ်အတွက်၊ ဘဝအတွက် သင်နေ့မအား၊ ညမအားခဲ့ဘူး။ တာဝန်နဲ့ နေရပ်ကိုသင်ဖြတ်ရပေမယ့် အိမ်ကိုဝင်ဖို့ သင်မအားခဲ့ဘူး။ ကြာကြာတစ်ခါတော့ သင့်ကို သူဖုန်းဆက်တတ်တယ်။ ဘာအရေးကိစ္စမှ မရှိပါဘူး.. သင့်အသံကိုပဲ သူနားထောင်ချင်လို့၊ နေကောင်းကျန်းမာဖို့၊ အိမ်မှာအရာအားလုံးကောင်းတယ်၊ စိတ်မပူဖို့ သူပြောတယ်။ ဒါကို သင်စိတ်ချလက်ချ ယုံတယ်။ တစ်နှစ်ပတ်လုံး အိမ်မပြန်ခဲ့ဘူး။ နောက်တစ်နှစ်အိမ်ပြန်တော့ အိမ်နီးချင်းတွေက "သူလဲကျလို့ ခြေကျိုး၊ လက်ကျိုးဖြစ်သွားတာတောင် မင်းအိမ်ပြန်လာကြည့်ဖော် မရဘူးနော်" လို့ အပြစ်ဆိုတယ်။

အခုချိန်မှာတော့ သူနဲ့အတူ သင်ရှိနေတယ်။ သူ့ခေါင်းပေါ်ကဆံဖြူတွေကို သင်ကြည့်ရင်း သစ်သားရုပ်Pinocchioရဲ့ ပုံပြင်ကို သင်ပြောပြချင်နေခဲ့တယ်။ သင်ငယ်ငယ်တုန်းက သူပြောပြခဲ့ဖူးသလို... မလိမ်ညာရဘူး၊ လိမ်ညာတဲ့လူ နှာခေါင်းရှည်တတ်တယ်ဆိုတဲ့ ပုံပြင်ကိုပေါ့။

ဒါပေမယ့် အခုချိန်မှာ သင်လည်း လိမ်ညာတတ်ခဲ့တယ်။ ဈေးကြီးတဲ့ပစ္စည်းတွေဝယ်ပြီး ကပ်ထားတဲ့ဈေးနှုန်းစာရွက်ကို သင်ခွာခဲ့တယ်။ ပြီးတော့ ဒါဈေးချတာ.. ဈေးပေါတယ်လို့ သူ့ကို သင်ညာတယ်။ ဒါမှ သူ စိတ်မဆိုးမှာဖြစ်တယ်။ အလုပ်မှာ စိတ်ဖိအား၊ အလုပ်ဖိအားတွေကို သင်ခံရတယ်။ ဒါပေမယ့် သူနဲ့စကားပြောတဲ့အခါတိုင်း ကျေနပ်တဲ့အသံနဲ့ အလုပ်မှာကောင်းကြောင်း၊ စိတ်ချချနေဖို့ သူ့ကို သင်ပြောတယ်။

သင့်ကိုယ်သင် လိမ်ညာတတ်သူဖြစ်အောင်လုပ်မယ်လို့ သင်ဆုံးဖြတ်တယ်။ သူပြုံးရယ်ဖို့အတွက်၊ လောကမှာ အလိမ်ညာတတ်ဆုံး------ မိခင် အတွက်ပေါ့။


မူရင်း--- http://www.duwenzhang.com/wenzhang/qinqingwenzhang/20111115/207067.html

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

11 comments:

rose said...

Heart touching words, thanks for sharing, sis. By the way, I'm little bit confused about when is Mother's Day. In different countries, they celebrate different dates.

Anonymous said...

ဖတ်ရတာ စိတ်မကောင်းပါဘူး
ကျနော်လဲ အခု လိမ်ညာနေရပါပြီ.... မိဘတွေကို လွမ်းလိုက်တာဗျာ..

နိုင်းနိုင်းစနေ said...

Today 18.Jan is ပြာသိုလပြည့်နေ့ in Myanmar. ပြာသိုလပြည့်နေ့ is Mother' Day in Myanmar. For other countries I had written in here http://www.99sanay.com/2008/01/blog-post_5117.html , pls have a look :)

thanks :)

မဒမ်ကိုး said...

အမေ့ကိုလွမ်းလိုက်တား(

မြတ်နိုး said...

အရမ်းကိုငိုချင်သွားတယ် အမေ့ကိုလွမ်းလိုက်တာ

naynattnwe said...

အရမ်းကိုကောင်းတဲ့စာသားလေနော်

Myanmar Online Music said...

မင်္ဂလာပါ...

သီချင်းတွေလာ နားထောင်ကြပါဦးခင်ဗျာ....

Myanmar Online Music: MyanmarOnlineMusic.Com

အားလုံးကိုဖိတ်ခေါ်ပါတယ်..

ကျေးဇူးပါ...

Anonymous said...

ကြင်ကြင်နာနာ မချစ်ခဲ.တဲ.အမေမျိုးရှိလို.မို.
အမေနဲ.ပတ်သတ်ပြီးခံစားချက်မရှိပါဖူး..
ကျောင်းတတ်တော.ပိုက်ဆံတောင်းတိုင်းအမြဲငြူစူနေ
လို.ကျောင်းထွက်ချင်စိတ်တောင်ပေါက်ရတယ်
ဒီပိုစ်လေးဖတ်ပြိးတော.အဲလိုမေတ္တာထားတတ်တဲ.အမေ
မျိုးရချင်လိုက်တာ

mkd said...

မနိုင်းရေကူးသွားတယ်..။အရမ်းကေါင်းတယ်ဗျာ..ကျွန်တော့်ဆိုဒ်မှာတင်လို့စိတ်မဆိုးနဲ့နော်..ကျွန်တော်ကစာပေချစ်လို့ပါ..ငါ့အစ်မကျန်းမာပျော်ရွှင်ပါစေဗျာ...။

₭Ǿ2 said...

မေမေရေ

မြသွေးနီ said...

ဒီပို့စ်လေးဖတ်ပြီး ကွယ်လွန်သွားတဲ့ အမေ့ကို လွမ်းမိတယ်...။
ကိုယ်တိုင် မိခင်နေရာရောက်လာတော့ လိမ်ညာနေတတ်ရပြီ..။