လက်ရှိနေတဲ့နေရာကနေ အလုပ်ကိစ္စနဲ့ မိုင်(၅ဝ)ဝေးတဲ့နေရာကို ပြောင်းတော့မယ်ဆိုတော့ မောင်ကြီးကပြောတယ် "အိမ်မှာ အင်တာနက်မရှိဘူး... ရောက်ပြီး တစ်ပတ်လောက်မှရမယ်နော်"တဲ့။ အင်တာနက်မရှိရင် ကျွန်မ မနေတတ်မှန်းသူသိလို့ ပြောတာပါ။ မရှိတော့လည်း မရှိဘူးပေါ့.. ဘယ်တတ်နိုင်မလဲလို့။ အင်တာနက်မရှိတော့ လုပ်စရာတွေ ပိုလုပ်ရတာပေါ့လို့။ ဖတ်စရာအကြွေး၊ ရေးစရာအကြွေးတွေက အများကြီးလေ။ အဲဒီလိုနဲ့ အိမ်ပြောင်းသွားတယ်.. အင်တာနက်မရှိတဲ့ သုံးရက်၊ လေးရက်မှာတော့ လုပ်စရာတွေက အများကြီး၊ အိမ်သန့်ရှင်းရေးလုပ်တယ်၊ ဖတ်မယ်ဆိုပြီး တောင်းလုပ်ချထားတဲ့ အီးဘုတ်တွေဖတ်ဖြစ်တယ်။ ရေးမယ်ဆိုပြီး တစ်ဝက်တစ်ပျက်ရပ်ထားတာကြာပြီဖြစ်တဲ့ စာကို ဆက်ရေးတယ်။ အင်တာနက်မရှိလဲ ရနေတာပဲလို့ ကိုယ့်ကိုယ်ကို ထင်နေမိတယ်။ ဒါတောင် တစ်ခါတလေ မြန်မာဖောင့်မပေါ်တဲ့ ဖုန်းနဲ့ ဟိုဝင်ကြည့် ဒီဝင်ကြည့်သေးတယ်။
အဲဒီလိုနဲ့ တစ်ပတ်နေတော့ အင်တာနက်လဲ မလျှောက်ပေးသေးဘူး။ စိတ်က ခုလုလုဖြစ်လာပြီ။ ညီမငယ်တစ်ယောက်ကို အရေးတကြီး မေးလ်ပို့စရာရှိတာကို သွားသတိရမိတော့ စိတ်က ပိုပိုခုလာတယ်။ အရေးကြီးတဲ့မေးလ်ပို့စရာရှိတယ်လို့ မောင်ကြီးကိုလောတော့ သူက သူ့ဖုန်းကိုကွန်ပြူတာနဲ့ ချိတ်ပေးတယ်။ အဲဒီမှာ ဖုန်းနဲ့ကွန်ပြူတာကို ချိတ်ပြီးသုံးလို့ရတယ်ဆိုတာကို သိလိုက်တော့ အင်တာနက်မရှိလဲ ရပါတယ်ဆိုတဲ့စိတ်က နေမသိ၊ ထိုင်မသာပိုဖြစ်လာတယ်။ ဖုန်းကလည်း အင်တာနက်ကို အကန့်အသတ်နဲ့ပဲ သုံးရတော့ တစ်နေ့မှာ ခဏလောက်ဝင်ရလည်း မဆိုးဘူးဆိုပြီး ဆေးလိုနေတဲ့ ဆေးသမားလို ချိတ်ချိတ်ပေးဖို့ ပူဆာတော့တယ်။
ဖုန်းနဲ့ကွန်ပြူတာကိုဆက်ပြီး အင်တာနက်ချိတ်ပြီဟေ့ဆိုတာနဲ့ အီးမေးလ်ဖွင့်တယ်၊ တစ်ပြိုင်ထဲမှာ ဂူဂယ်readerဖွင့်တယ်၊ တစ်ပြိုက်ထဲမှာ ဖေ့စ်ဘုတ်ဖွင့်တယ်၊ ဘလော့ဖွင့်တယ်။ ပြီးရင် အီးမေးလ်က မေးလ်ကိုစစ်တယ်။ ပြီးရင် အင်တာနက်ကို ပိတ်လိုက်ရော... မဟုတ်ရင် ဖုန်းကကန့်သတ်ထားတာပြည့်လို့ တစ်နေ့နည်းနည်း နည်းနည်းစားနေရကနေ လုံးဝမစားရတော့တဲ့အခါ ပိုနေရခက်မှာ စိုးလို့ပါ။ ပြီးမှ readerကို စိတ်ပြေနပြေဖတ်တယ်။ ဟိုးအရင်က သေသေချာချာ မဖတ်ဘဲ ခေါင်းစဉ်ပဲဖတ်တဲ့ဆိုက်တချို့ကိုတောင် တစ်လုံးချင်းဖတ်ဖြစ်တယ်။ ဒါပေမယ့် အင်တာနက်ဖြတ်လိုက်တော့ loading.. loadingနဲ့ပဲ တချို့ဆိုက်က ပုံတွေလည်းမပေါ်လာဘူး။ ဖတ်ရင်း.. ဖတ်ရင်း မပြီးခင် နောက်တစ်မျက်နှာကလည်း ဖွင့်မလာတော့ဘူး။ အဲလိုနဲ့ နှမြောတသနဲ့ Xကိုနှိပ်လိုက်ရတော့တယ်။ ဒါပေမယ့် အဲဒီနေ့တစ်နေ့အတွက်တော့ စိတ်ထဲမှာ နေသာထိုင်သာရှိသွားပါတယ်။
အဲဒီလိုနဲ့ ဆေးမှီဝဲသလို တစ်နေ့ကို နည်းနည်းသုံးလိုက် နေသာထိုင်သာရှိလိုက်နဲ့.. မောင်ကြီးရဲ့ဖုန်းပြည့်ခါနီးပြီဆိုရင် ကျွန်မရဲ့ဖုန်းကို သုံးလိုက်နဲ့ပေါ့။ ဒီကြားထဲမှာ အင်တာနက်မြန်မြန်လျှောက်ပေးဖို့လည်း လောရသေးတယ်။ နားပူနားဆာလုပ်လွန်းလို့ နားညီးသွားတယ် ထင်ပါရဲ့... နားအေးအောင် သူမြန်မြန်လျှောက်ပေးပါတယ်။ ဒါတောင် အင်တာနက်မရှိလည်းရတယ် စာရေးမယ်၊ စာဖတ်မယ်ဆိုလို့ ခနဲ့သေးတယ်။ တကယ်ဆို ဒီရောဂါက အစမှာ မစွဲတာပဲကောင်းပါတယ်။ စွဲပြီးဆိုရင် ဖြတ်ရတော်တော်ခက်တယ်။ ဒါပေမယ့် တစ်နေ့ကိုနည်းနည်းသုံးရလည်း ကျေနပ်တတ်တယ်။ ဒါကလည်း ခေတ်ရေစီးနောက်လိုက်ရတဲ့ အိုင်တီခေတ်ဆိုတော့ အခုဖြစ်၊ အခုတင်၊ အခုမြင်၊ အခုသိမှ အဲဒီတစ်နေ့အတွက် နေသာထိုင်သာရှိသွားတယ်လို့ ခံစားရလို့လေ။ ဒါကြောင့် အင်တာနက်ဒေါင်း(down)တဲ့အခါ အင်တာနက်ပေးပါ.. ပေးပါလို့ ... တောင်းဆိုခဲ့မိတော့တယ်...
နိုင်းနိုင်းစနေ

7 comments:
ဒီပို့လေးကို လေးစားခင်မင်စွာ ကိုယ်ချင်းစာနာစွာ ဖတ်ရှု့အားပေးသွားပါတယ် မနိုင်းရေ
ညီမလေး 99 ရေ-
အင်တာနက်သုံးနေရင် အပြင်မထွက်ဖူး၊ Shopping မထွက်ဖြစ်ဖူးဆိုတော့ အိမ်ကမောင်ကြီးကလည်း အင်တာနက် တပ်မယ်ဆို မငြင်းဘူးလေ...သူငြင်းရင်လည်းကောင်းသား..အင်တာနက်မတပ်ရင်လည်း တော်တော် အနားရမှာပဲနော်..ခုတော့ အင်တာနက်မှမရှိရင် မနေတတ်သလို ဖစ်နေဘီ.. :(
ဖြစ်ရလေ နာ့အစ်မရယ် မောင်ကြီးကလည်း မြန်မြန်လုပ်ပေးလိုက်တာမဟုတ်ဘူး အင်တာနက်ကို ညဖက်အိပ်မက်တွေ ဘာတွေမမက်ဘူးလား ဟီးဟီး ကိုယ်ချင်းစာပါတယ် ကိုယ်သာဆိုရင်လည်း အဲဒီလိုဖြစ်မှာပဲ အခုတောင် ရုံးမှာအချိန်ပြည့်သုံးနေရတာတောင် အိမ်ရောက်နဲ့ ဖုန်းထဲကနေ မသိမသာ ခဏခဏ ဖွင့်ကြည့်တတ်သေးတယ် :P
ရေးထားတာလေးက ချစ်စရာလေး :)
online အမြဲတက်ပါ အားပေးနေမယ်။
ကဲ အမြန်ဆုံးရပါစေ မမရေ
ဘ၀တူတွေမို့ပါး)))
မောင်ကြီးက... သဘောကောင်းတယ်... ဟုတ်???
ဆရာမနဲ့ ဘ၀တူတွေပဲ . . .
ထမင်းမစားဘဲနေနိုင်တယ်ဗျ
( ဗိုက်နာလာရင်တော့ တစ်မျိုးပေါ့ဗျာ )
အွန်လိုင်းမတက်ဘဲ မနေနိုင်ဘူး
Post a Comment