Wednesday, February 29, 2012

၅ထောင်တန်ဖုန်းအပေါ် ဘလော့ဂါတစ်ယောက်ရဲ့ခံစားချက်


ဒေါက်တာ စာရေးဆရာဘလော့ဂါသက်တန့်ချိုက "ငါးထောင်တန်ဖုန်းအပေါ် ဘလော့ဂါတို့ရဲ့အမြင်"ကို ရေးပါဦးတဲ့။ ကျွန်မကို သူတက်(tag)ထားတယ်လို့ပြောတယ်။ ဟိုးတလောက 8yarဆိုတဲ့ ဘလော့ဂါတက်ထားတဲ့ "ဒီဇင်ဘာပိတ်ရက်မှာ ဘာလုပ်လဲ"ဆိုတာကိုတောင် ကျွန်မ မရေးခဲ့ရသေးဘူး။ (ဆောရီး8yar.. ပိတ်ရက်မရှိတော့ ရေးစရာလဲမရှိခဲ့လို့ပါ)။ အဲဒီလိုပဲ ဖုန်းအကြောင်း မသိနားမလည်သူကျွန်မကို သက်တန့်ချိုက လာတက်ပြန်တယ်။

မြန်မာပြည်က ၅ထောင်တန်ဖုန်းအကြောင်းကို အင်တာနက်စာမျက်နှာပေါ်မှာ ဖတ်ရဖူးပါတယ်။ ၅ထောင်တန်ဖုန်းသတင်း မထွက်ခင်တုန်းက မြန်မာပြည်ဟမ်းဖုန်းအကြောင်းကို ကျွန်မနည်းနည်းပဲသိထားပါတယ်။ တကယ်နည်းနည်းဆိုမှ နည်းနည်းလေးပါ။ GSM, ကမ်းရိုးတန်းဖုန်း၊ လက်ဆွဲခြင်းဖုန်းဆိုတဲ့ အခေါ်လေးတွေကိုပါပဲ။ ကျွန်မကိုယ်တိုင်ကလည်း မြန်မာပြည်မှာသိပ်မရှိလို့ နောက်ပြီး ကိုယ့်မိသားစုထဲကလည်း ဝယ်မသုံးနိုင်လို့ မသိပါဘူး။ ဘယ်လိုဟမ်းဖုန်းပဲပြောပြော တအားအော်ပြောရပြီး၊ ဟလို ကြားလား..ဟလို ကြားလားဆိုတာလောက်ပဲ သုံးဖူးပါတယ်။ ဒါပေမယ့် ဘယ်ဖုန်းမျိုးဖြစ်ဖြစ် ဈေးနှုန်းကတော့ မသေးကြပါဘူး။ ဆင့်ကဒ်တစ်ကဒ်ကို သိန်းဆယ်ဂဏန်းလောက် ပေးရတယ်လို့ဆိုပါတယ်။ ဒါကြောင့် မြန်မာပြည်မှာ ချမ်းသာတဲ့လူတွေလောက်ပဲ ဟမ်းဖုန်း ကောင်းကောင်းသုံးနိုင်ပါတယ်။ ဒါက ကျွန်မသိတဲ့ မြန်မာဟမ်းဖုန်းပါ။

သက်တန့်ချိုက အခုလို မေးခွန်းထုတ်ပြီး မေးထားပါတယ်..

(၁)ယခု ဆက်သွယ်ရေးက ချထားပေးမယ့် နှစ်သိန်းဝန်းကျင် ဖုန်းကို တန်ဖိုးနည်းဖုန်းလို့ သင်မြင်ပါသလား?

သိန်းဆယ်ဂဏန်းကျော်တန် ဖုန်းတွေ ဝယ်သုံးနေသူတွေအဖို့တော့ နှစ်သိန်းဝန်းကျင်တန်ဖုန်းက တန်ဖိုးနည်းတယ်လို့ ဆိုကြမှာပါ။ ဒါပေမယ့် သာမန်လက်လုပ်လက်စားတစ်ယောက်အတွက် နှစ်သိန်းဆိုတာ အင်မတန်များတဲ့ဈေးပါ။ ဒါပေမယ့် နှစ်သိန်းဈေးပဲ၊ ဈေးလုံးဝမလျော့နိုင်ဘူးဆိုရင်တော့ ဖုန်းလိုင်းကိုကောင်းအောင်၊ ကြည်အောင်လုပ်ပေးဖို့ တောင်းဆိုပါတယ်။ အဓိကဖြစ်တဲ့ ဖုန်းလိုင်းကောင်းတယ်၊ ကြည်တယ်ဆိုရင် တကယ်လိုချင်သူတွေက မဖြစ်မနေ ငွေစုပြီးဝယ်ကြပါလိမ့်မယ်။

(၂) ငါးထောင်တန်ဖုန်းပေါ်လာစေဖို့ စတေကာကပ်ခြင်းနဲ့ တီရှပ်များပြုလုပ်ခြင်းအပေါ် သင်ဘယ်လိုမြင် မိပါသလဲ?

ပြည်သူတွေမှာ တောင်းဆိုပိုင်ခွင့်ရှိပါတယ်။ ဒါဟာ လူလူချင်း အလွယ်တကူပြောဆိုနိုင်တဲ့၊ ဆက်သွယ်ဆက်ဆံနိုင်တဲ့ ကိရိယာတစ်ခု၊ လူတိုင်းတတ်နိုင်တဲ့ ဈေးနှုန်းတစ်ခုပါ။ တောင်းဆိုခွင့်ရှိပါတယ်။

(၃)
ငါးထောင်တန်ဖုန်းပေါ်လာစေဖို့ စုပေါင်းလက်မှတ်ထိုးပြီး လွှတ်တော်ကိုတင်ပြခြင်းအပေါ် သင်ဘယ်လိုမြင် မိပါသလဲ?

လိုချင်တာကို တောင်းဆိုဖို့က ကိုယ်ရဲ့တာဝန်ပါ။ ဒီတောင်းဆိုမှုအပေါ် သူတို့ဘယ်လိုသဘောထားလဲဆိုတာ သူတို့ရဲ့တာဝန်ပါ။ အဓိက,က ပြည်သူတွေကြားမှာဖြစ်နေတာကို လွှတ်တော်ထဲကလူတွေ သိသွားနိုင်ဖို့ပါပဲ။ အလေးထားပြီး စဉ်းစားဆုံးဖြတ်ပေးကြရင်တော့ အတိုင်းထက်အလွန်ပေါ့။ ဒါကြောင့်လည်း ပြည်သူ့လွှတ်တော်လို့ ခေါ်ဝေါ်ကြတာပေါ့။

(၄)
ငါးထောင်တန်ဖုန်းများပေါ်ပေါက်လာစေဖို့ သင့်အနေနဲ့ ကြိုဆိုပါသလား?

လူတိုင်း ဝယ်နိုင်ပြီး၊ လူလူချင်း ဆက်သွယ်ရလွယ်ကူစေမယ့် အရာတစ်ခု၊ တကယ်ဖြစ်လာမယ်ဆိုရင် လူတိုင်းဝမ်းသာကြမှာပါ။ လိုင်းပါကြည်ပြီး ကောင်းနေရင်တော့ ပိုဝမ်းသာကြမှာပေါ့။ အရင်တုန်းက သိန်း၂ဝ၊ သိန်း ၃ဝတန်ဖုန်းတွေဆိုတာ ကျွန်မတို့လို ဆင်းရဲသားတွေအတွက် အိပ်မက်တောင် မမက်ခဲ့ဖူးတဲ့အရာပါ။ တခြားနိုင်ငံမှာတော့ အမှိုက်ကျုံးသမားတွေတောင် ဟမ်းဖုန်းကိုယ်စီရှိပါတယ်။

ကျွန်မကြုံဖူးသလောက် အင်္ဂလန်က ဆင့်ကဒ်တစ်ခု စတာလင် ၅ပေါင် (မြန်မာငွေ ၅ထောင်ဝန်းကျင်)
ယိုးဒယားဆင့်ကဒ်တစ်ခု ဘတ် ၅ဝ (မြန်မာငွေ ၂ထောင်ဝန်းကျင်)
ဒီလိုဆင့်ကဒ်က ကိုယ်ငွေထည့်ရင် ထည့်သလောက်ပဲ ကုန်ပါတယ်။ အထွက်call ပဲ ပိုက်ဆံကုန်တယ်။ အဝင်call ပိုက်ဆံမနုတ်ပါဘူး။ ကဒ်ထဲမှာ ပိုက်ဆံမရှိလည်း အဝင်callလက်ခံပါတယ်။ တာချီလိတ်မှာ လူတိုင်းနီးနီး ဟမ်းဖုန်းကိုင်ကြပါတယ်။ ယိုးဒယားဟမ်းဖုန်းပါ။ ဟမ်းဆက်ပဲ ဈေးနည်းနည်းကြီးပါတယ်။ ဈေးပေါတဲ့ ဟမ်းဆက်အဟောင်းနဲ့လည်း ဆင့်ကဒ်တွေထည့်သုံးနိုင်တာမို့ လူတိုင်းနီးနီး ဟမ်းဖုန်းကိုင်နိုင်ကြပါတယ်။ ဒီလိုပိုက်ဆံထည့်သုံးရတဲ့ ကဒ်မှာ ဒိတ်လွန်ရက်စွဲရှိပါတယ်။ အနည်းဆုံး ၂နှစ်သုံးခွင့်ရှိပါတယ်။ ၂နှစ်ကျော်လို့ ဒီနံပါတ်ကိုပဲ ဆက်သုံးချင်သေးရင် ဖုန်းကုမ္ပဏီကိုမက်ဆေ့ပို့ပြီး ငွေသွင်းရုံပါပဲ။ သိပ်များများ မသွင်းရပါဘူး။ ကျွန်မ မှတ်မိသလောက် ယိုးဒယားဆင့်ကဒ်ဆိုရင် မြန်မာငွေ ထောင်ဂဏန်းလောက်ပါပဲ။ ငွေသွင်းတာကလဲ ကိုယ့်ဖုန်းထဲ ပိုက်ဆံထည့်ပြီး သူတို့ကိုဖြတ်ခိုင်းတာပါပဲ။ ဖုန်းရုံးအထိသွားပြီး သွားတန်းစီနေစရာ၊ စောင့်နေစရာမလိုပါဘူး။


(၅) ငါးထောင်တန်ဖုန်းအပေါ် သင့်အမြင်လေး ချရေးပေးပါ။

ဖုန်းတွေ ဈေးကြီးကြီးပေးဝယ်၊ ကားတွေ ဈေးကြီးကြီးပေးဝယ်ရတဲ့ခေတ် ပျောက်သင့်ပြီလို့ထင်ပါတယ်။ လူတိုင်းတတ်နိုင်၊ ရနိုင်တဲ့အခွင့်အရေးရှိမှ ပြည်သူနဲ့တစ်သားထဲ၊ ပြည်သူနဲ့တစ်တန်းထဲဆိုတဲ့ စကားက ပိုအဓိပ္ပာယ်ရှိမယ်လေ။ ငါးထောင်တန်ဖုန်းသာ တကယ်ဖြစ်လာခဲ့ရင်
ဝေးကွာနေတဲ့မိသားစုကြားမှာ နွေးထွေးမှုတွေ ပိုပိုလာမယ်။ ဆက်သွယ်ရလွယ်လာမယ်၊ လုပ်စရာတွေ မြန်မြန်ဆန်ဆန် လုပ်နိုင်၊ ပြီးလာနိုင်မယ်။ အချိန်လင့်သွားတာမျိုး၊ စောင့်နေရတာမျိုး နည်းလာမယ်.... ဒါမှလည်း ခေတ်မီဖွံ့ဖြိုး တိုးတက်တယ်ဆိုတဲ့ နိုင်ငံရဲ့ဆောင်ပုဒ်ကို ပိုအသက်ဝင်လာစေမယ်လို့ မြင်မိပါတယ်။

ငါးထောင်တန်ဖုန်းအပေါ် ကျွန်မအမြင် ကျွန်မသိသလောက်ကတော့ ဒီလောက်ပါပဲ။ အသိအမြင်၊ ဗဟုသုတလေးတွေကို ထပ်မံဖြည့်စွက်ပေးကြပါလို့.....

နိုင်းနိုင်းစနေ


Share/Bookmark

Monday, February 27, 2012

အချိန်ကို မစောင့်ပါနဲ့......


စောင့်တယ်ဆိုတာ ဝမ်းနည်းပူဆွေးခြင်းတစ်မျိုး၊ နောင်တတစ်မျိုးဖြစ်တယ်။ အဲဒီဝမ်းနည်းပူဆွေးခြင်းကို ဘာနဲ့မှ ကုသလို့မရပါဘူး။ ကုသလို့မရတဲ့ဘဝက အသစ်တဖန်ပြန်ဖြစ်လို့လည်း မရပါဘူး.. အကြောင်းက ဘဝမှာလည်း ဒိတ်လွန်နေ့စွဲတွေ ရှိလို့ပါပဲ။

(၁) မိဘကိုပြုစုစောင့်ရှောက်ဖို့ အချိန်ကိုမစောင့်ပါနဲ့...

လူတွေကပြောတယ်။ ငါချမ်းသာတဲ့တစ်နေ့ ငါ့မိဘတွေကို ပိုက်ဆံတွေပုံပေးပစ်မယ်။ ပိုက်ဆံပုံပေါ်ထိုင်ပြီး သူတို့ဝယ်ချင်တာဝယ်၊ စားချင်တာ စားပါစေ။ ငါအချိန်ရှိတဲ့တစ်နေ့ ငါ့မိဘကိုခေါ်ပြီး ကမ္ဘာပတ်ပစ်မယ်။ သူတို့အသက်ရှင်တုန်း တဝကြီးပေးပျော်လိုက်မယ်။

ပိုက်ဆံချမ်းသာမယ့်အချိန်ထိ စောင့်ရရင် သင့်မိဘရဲ့သွားတွေက အစားဝါးနိုင်တော့မှာ မဟုတ်ပါဘူး။ အချိန်ရှိမယ့်အချိန်ထိ စောင့်ရရင် သင့်မိဘတွေ လမ်းလျှောက်နိုင်တော့မှာ မဟုတ်ပါဘူး။ ဟိုဟာဖြစ်၊ ဒီဟာဖြစ်ဖို့ အချိန်ကိုစောင့်နေတဲ့ သားသမီးတွေကြောင့် ဒိတ်လွန်သွားတဲ့ မိဘတွေလည်းရှိကြပါတယ်။ တကယ်တော့ အဖေအမေကို ဂရုစိုက်ဖို့ဆိုတာ မခက်ခဲပါဘူး။ ကျွန်တော်တို့ရဲ့ နေ့စဉ်အချိန်လေးမှာ ဖုန်းလေးတစ်ချက်၊ နွေးထွေးတဲ့စကားလေးတစ်ခွန်း၊ အပြုစုလေးတစ်ခုက သူတို့ရင်ကို ကြည်နူးမှုတွေနဲ့ ဆွတ်စိုစေနိုင်ပါတယ်။

ဖခင်များနေ့မှာ အဖေ့အတွက် ငါးတစ်ကောင်ဝယ်ပြီး သင်ကိုယ်တိုင်အရောက်သွားပေးကြည့်... အဖေက ပါးစပ်တောင်မပိတ်နိုင်ဘဲ ပြုံးပျော်နေတာကို သင်တွေ့ရလိမ့်မယ်။ မိခင်များနေ့မှာ အမေ့အတွက် အနွေးထည်တစ်ထည်ဝယ်ပြီး သင်ကိုယ်တိုင် အရောက်သွားဝတ်ပေးကြည့်... အမေရဲ့မျက်နှာလုံးထဲ ကြည်နူးရိပ်လေးတွေ တွဲခိုနေတာကို သင်တွေ့ရလိမ့်မယ်။ မိဘတွေက အလွယ်တကူနဲ့ ရောင့်ရဲတင့်တိမ်တတ်သူတွေပါ။ ဒါပေမယ့် သူတို့ရဲ့မေတ္တာက အနှိုင်းမဲ့ခဲ့ပါတယ်။

"အိမ်ကို မကြာခဏပြန်ပါ"
ဒါဟာ ကျွန်တော်တို့အပေါ်ထားတဲ့ မိဘတွေရဲ့ နွေးထွေးတဲ့မျှော်လင့်ချက်ဖြစ်တယ်။ သူတို့ရဲ့ချစ်ခြင်းမေတ္တာက ကျွန်တော်တို့ကို ဒီလိုလုပ်ဖို့ (အိမ်ကို မကြာမကြာပြန်ဖို့) မခက်ခဲစေခဲ့ပါဘူး။


(၂) မိဘမေတ္တာကို တန်ဖိုးထားပါ

သင့်မှာ ဂရုစိုက်၊ ပြုစုရမယ့်မိဘတွေရှိသေးလို့ သင်ကံကောင်းနေပါသေးတယ်။ ဒါကို သင်တန်ဖိုးထားတတ်ခဲ့ပြီလား? မိဘတွေက တဖြည်းဖြည်း အိုမင်းလာခဲ့ပြီ... နွေ၊ မိုး၊ ဆောင်း ဥတုဘယ်နှခုကို သူတို့ဖြတ်ကျော်နိုင်ဦးမလဲ? ကိုယ့်ရဲ့ရှေ့ဆက်ရက်တွေကို ဝမ်းနည်းပူဆွေးနောင်တတွေ မကျန်ခဲ့ပါစေနဲ့။

"တိုင်းပြည်အတွက် သစ္စာရှိနိုင်သမျှရှိပါ။ အိမ်အတွက် ဂရုစိုက်နိုင်သမျှ ဂရုစိုက်ပါ"
"မိဘကိုဂရုစိုက်၊ ပြုစုဖို့ အချိန်ကိုမစောင့်ပါနဲ့" တဲ့။
ဂရုစိုက်ပြုစုတယ်ဆိုတာ ပိုက်ဆံပုံပေးတိုင်း ရနိုင်တာမဟုတ်ပါဘူး။
မိဘအိုမင်းသွားပြီ... ပိုက်ဆံတွေပေးတော့ သူတို့ဘာလုပ်နိုင်မှာမို့လဲ? သူတို့ သိပ်မစားနိုင်တော့ဘူး၊ သူတို့ မဝတ်နိုင်တော့ဘူး။ ဒီလိုအချိန်မျိုးမှာ မိဘကို ဆပ်စရာအကြွေးတွေ ဆပ်နေတယ်လို့ ပိုမထင်မြင်စေချင်ပါဘူး။

တကယ်တော့...
သူတို့လိုအပ်နေတာက သားသမီးတွေနဲ့ နွေးနွေးထွေးထွေး နေရဖို့ပါ။
သူတို့လိုအပ်နေတာက နှေးကွေးတဲ့ခန္ဓာကိုယ်အတွက် ဖေးမတဲ့လက်တစ်စုံကိုပါ။
သူတို့လိုအပ်နေတာက ဆာလောင်တုန်း ခွံကျွေးတဲ့ထမင်းတစ်လုပ်နဲ့ ရေတစ်ပေါက်ကိုပါ။
သူတို့လိုအပ်နေတာက အဖော်မဲ့အထီးကျန်ချိန် အဖော်ပြုမယ့်သူတစ်ယောက်ကိုပါ။
အဝေးကို ရောက်နေတဲ့ သားသမီးတွေ တစ်လတစ်ခါ၊ တစ်နှစ်တစ်ခါ.... သူတို့နဲ့ ပေါင်းစည်းတွေ့ဆုံဖို့၊ ဖျားနာတဲ့အခါ ဂရုစိုက်နွေးထွေးတဲ့စကားကို အထပ်ထပ်အခါခါ ပြောဖို့... ဒါတွေဟာ သူတို့ရင်ထဲက လိုအင်တောင့်တမှုတွေပါ။


(၃) မိဘကိုကျေးဇူးတင်ဖို့ အချိန်ကိုမစောင့်နဲ့...

"ကျေးဇူးတင်တယ်" ဆိုတဲ့စကားလုံးကို ကျွန်တော်တို့ရေးတတ်ပေမယ့် သူထဲကပါဝင်တဲ့ တကယ့်အဓိပ္ပာယ်ကို ကျွန်တော်တို့မသိခဲ့ကြဘူး။ အမေ့ဝမ်းဗိုက်ထဲကနေ ကျွန်တော်တို့လွတ်မြောက်လာတဲ့ တခဏ ကျွန်တော်တို့ရဲ့ဘဝက မိဘတို့ရဲ့မေတ္တာ၊ မိဘတို့ရဲ့ကောင်းချီးမင်္ဂလာထဲ ဝကွက်အပ်လိုက်ပြီဖြစ်တယ်။ ကျွန်တော်တို့ကို သူတို့ရဲ့ချစ်ခြင်းကောင်းကင်ကြီးနဲ့ ကာမိုးလိုက်ပြီဖြစ်တယ်။ သူတို့က ကျွန်တော်တို့ကို ချမ်းသာကြွယ်ဝတဲ့ဘဝ ပေးချင်မှပေးနိုင်လိမ့်မယ်။ ဒါပေမယ့် သူတို့ပေးလိုက်တာက လူတစ်ယောက်ရဲ့ဘဝအတွက် အစားထိုးလို့မရတဲ့ ရှင်သန်ခြင်းတွေဖြစ်တယ်။

မပြောပလောက်တဲ့ အရာလေးနဲ့တင် မိဘကို ပျော်ရွှင်ကြည်နူးသွားအောင် လုပ်နိုင်တာဟာလည်း မိဘကျေးဇူးဆပ်တာပါပဲ။ အခုထိ ကျွန်တော့်အရိုးစွဲမှတ်မိနေတဲ့ ကြော်ငြာလေးတစ်ခုရှိတယ်။ အဲဒီကြော်ငြာမှာ ကောင်လေးတစ်ယောက်က ရေဇလုံတစ်ခုကို မနိုင်မနင်းမ,ပြီး အမေ့ရှေ့မှာ ချလိုက်တယ်။ ပြီးတော့ အပြစ်ကင်းတဲ့ပုံစံနဲ့ "မေမေ... ခြေထောက်ဆေးရအောင်!"လို့ သူပြောတယ်။

ဒီကြော်ငြာက ဒီကနေ့အထိ
လူကြိုက်များလို့ လွှင့်ထုတ်နေတုန်းပဲ။ လူကြိုက်များရတဲ့အကြောင်းက သရုပ်ဆောင်တွေ နာမည်ကြီးလို့မဟုတ်ပါဘူး။ အဲဒီမေတ္တာသံယောဇဉ်က လူတွေရဲ့ရင်ကို ကိုင်လှုပ်နိုင်ခဲ့လို့ဖြစ်တယ်။ ဒီကြော်ငြာကိုကြည့်ပြီး လူတွေမျက်ရည်ကျခဲ့ကြတယ်။ ကောင်လေးအတွက်သာမက ကောင်လေးရင်ထဲကလာတဲ့ နက်ရှိုင်းတဲ့မေတ္တာနဲ့ ကျေးဇူးသိတတ်မှုကြောင့်ဖြစ်တယ်။ ဒီလိုကိစ္စမျိုးကို လူတိုင်းလုပ်နိုင်ကြပါတယ်။ ဒါပေမယ့် လူတိုင်း မလုပ်နိုင်ခဲ့ကြဘူး။ "သင်တို့ရဲ့ကျေးဇူး ဘယ်မှာလဲ?"လို့ ကျွန်တော်စမ်းမေးကြည့်ချင်ပါတယ်။

စိတ်ပညာမှာ အနက်တစ်ခုဖွင့်ဆိုခဲ့ပါတယ်။ ယခုခေတ်လူတွေရဲ့ ပြောဆိုဆက်ဆံမှုတွေမှာ အပြုအမူတစ်မျိုးရှိတယ်။ အဲဒီအပြုအမူက "ချစ်ခြင်းမပါတဲ့ အပြုအမူ" ဖြစ်တယ်။ ချစ်ခြင်းကိုခုတုံးလုပ်ပြီး ကိုယ့်အရင်းနှီးဆုံးလူတွေဆီကနေ ကိုယ်ရလိုချင်တဲ့အရာကို အဓမ္မရယူတာဖြစ်တယ်။ ချစ်ခြင်းကို ဘန်းပြပြီး ကိုယ့်ရည်ရွယ်ချက် ပြီးမြောက်စေတာဖြစ်တယ်။

ကျေးဇူးတင်တယ်၊ ကျေးဇူးဆပ်တယ်ဆိုတာကတော့ ရင်ထဲကနေ လာသင့်တဲ့အရာဖြစ်တယ်။ စကားပုံတစ်ခုက "ရေတစ်စက်မျှသောကျေးဇူးကို စမ်းချောင်းတစ်ခုလုံးနဲ့ ဆပ်သင့်တယ်"တဲ့။ ကိုယ့်အတွက် မိဘတွေ၊ မိသားစုတွေပေးဆပ်ခဲ့တာ "ရေတစ်စက်"မဟုတ်ပါဘူး။ သမုဒ္ဒရာကြီးတစ်စင်း ဖြစ်ပါတယ်။

မိဘတွေ ပင်ပန်းမောပန်းချိန် ရေတစ်ခွက် သင်ပေးကမ်းခဲ့ဖူးသလား?
မိဘတွေ နွမ်းလျအားလျော့ချိန် နှစ်သိမ့်စကားတစ်ခွန်း သင်ပြောခဲ့ဖူးသလား?
မိဘတို့ရဲ့ အိမ်ခန်းကို သင်လှဲကျင်းပေးပေးခဲ့ဖူးသလား?
ကျွန်တော်တို့အတွက် သွေး၊ ချွေး၊ အင်အားတွေ သူတို့သွန်းလောင်းချိန်မှာ သူတို့ရဲ့မောပန်းနွမ်းနယ်မှုကို ကျွန်တော်တို့ ခံစားခဲ့မိဖူးလား?
တစ်နေ့ထက်တစ်နေ့ ငွေရောင်သမ်းလာတဲ့ ဆံနွယ်တွေ၊ တစတစ နက်ရှိုင်းလာတဲ့ ပါးပြင်ပေါ်က အရေးအကြောင်းတွေကို ကျွန်တော်တို့ သတိထားခဲ့မိသလား?

မိဘကို ဂရုစိုက်၊ ပြုစုဖို့ အချိန်ကိုမစောင့်ပါနဲ့။ မိဘကို ကျေးဇူးတင်တယ်ဆိုရင်လဲ ရင်ထဲ၊ အသဲထဲကနေ လှိုက်လှိုက်လှဲလှဲ ပေးဆပ်ပါ။ အချိန်လွန်မှာ ယူကြုံးမရတဲ့ ပူဆွေးနောင်တတွေနဲ့ ကိုယ့်ကိုမချုပ်နှောင်ပါစေနဲ့....


မူရင်း--- http://www.duwenzhang.com/wenzhang/qinqingwenzhang/ganwuqinqing/20091220/83915.html

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Friday, February 24, 2012

လူကိုနွေးထွေးစေတဲ့ စကားငါးခွန်း


(၁) တန်ဖိုးထားထိုက်ဆုံးစကားတစ်ခွန်း "နင့်ကိုငါချစ်တယ်"

ဒီစကားတစ်ခွန်းကို သင်ကြားလိုက်ရပြီဆိုရင် သင်ဟာတခြားသူရဲ့ချစ်ခြင်းကို ခံလိုက်ရတာဖြစ်ပါတယ်။ လောကမှာ အချစ်ခံရထက်တာ ပိုချိုမြိန်၊ ပျိုပျော်ရွှင်တဲ့အရာ ရှိနိုင်ဦးမလား? တကယ်လို့ ဒီလိုစကားတစ်ခွန်းကို သင်လည်း ပြောလိုက်ပြီဆိုရင် စိတ်ကူးထဲကအဖော်ကို သင်ရှာတွေ့ပြီဖြစ်ကြောင်း ပြနေပါတယ်။ လူ့ပင်လယ်ထဲမှာ ကူးခပ်ရင်း တစ်နေ့နေ့ တစ်ချိန်ချိန် သင်မျက်စိဖြတ်ခနဲအလက် "ဟော.. သူ(သူမ)ပဲ!"ဆိုတဲ့ အဖော်ကို သင်တွေ့သွားခဲ့တယ်။ အချစ်ရှိပြီဆိုရင် အထီးမကျန်တော့ဘူး။ အချစ်ရှိပြီဆိုရင် စိတ်မလေတော့ဘူး။ အချစ်ရှိပြီဆိုရင် စိတ်မတွေဝေတော့ဘူး။ အချစ်ရှိပြီဆိုရင် ပေါ့ပေါ့နေလို့မဖြစ်တော့ဘူး။ အချစ်က ရွေးချယ်ခြင်းတစ်မျိုး၊ အချစ်က ပျော်ရွှင်ခြင်းတစ်မျိုး၊ အချစ်က အားအင်တစ်မျိုး၊ အချစ်က တာဝန်တစ်မျိုး... ဖြစ်ပါတယ်။


(၂) နှစ်သိမ့်ထိုက်ဆုံးစကားတစ်ခွန်း "အခုပဲလာခဲ့မယ်"

လူတိုင်းမှာ အကူအညီလိုတဲ့အချိန်တွေ ရှိပါတယ်။ တစ်ပတ်လောက် ပင်ပင်ပန်းပန်းအလုပ်လုပ်ပြီး နားရက်မှာ သင်အနားယူနေတုန်း ရုတ်တရက် အိမ်ကရေစက်ခေါင်းပျက်သွားတယ်။ ရေပိုက်ပြင်သမားကို သင်ချက်ချင်းဖုန်းဆက်တော့ သူက "ကျွန်တော် အခုပဲလာခဲ့မယ်"လို့ ပြန်ဖြေတဲ့အချိန် သင့်စိတ်သက်သာရာရသွားတယ်။ သင်ကားမောင်းနေတုန်း လမ်းတစ်နေရာမှာ ရုတ်တရက် ကားပျက်သွားတယ်။ နောက်ကားတွေက သင့်ကားနောက်တန်းစီပြီး ဟွန်းအဆက်မပြတ်တီးနေတယ်။ သင်စိတ်ပူပန်လှုပ်ရှားပြီး သူငယ်ချင်းတစ်ယောက်ကို သင်ဖုန်းဆက်တယ်။ သူငယ်ချင်းရဲ့ "ငါအခုပဲလာခဲ့မယ်"ဆိုတဲ့စကားက သင့်ရင်ထဲက အစိုင်အခဲကို ပြေလျော့သွားစေပါတယ်။


(၃) လူကိုယုံကြည်မှုတိုးစေဆုံး စကားတစ်ခွန်း "မင်းလုပ်နိုင်တယ်ဆိုတာ ငါယုံတယ်"

ဆရာတစ်ဦးက ကျွန်တော့်ကိုပြောပြဖူးတယ်။ ကျောင်းသားတွေကို သူအချက်ကျကျ ကိုင်တွယ်နည်းက ကျောင်းသားတွေနဲ့ အမြဲတမ်း နှစ်ကိုယ်ကြား ဆွေးနွေးတာပဲဖြစ်တယ်။ အမှတ်ကောင်းတဲ့ ကျောင်းသားဖြစ်ဖြစ်၊ အမှတ်မကောင်းတဲ့ ကျောင်းသားဖြစ်ဖြစ် ဆရာအမြဲပြောလေ့ရှိတာက "မင်းလုပ်နိုင်တယ်ဆိုတာ ဆရာယုံတယ်"ဆိုတာပဲဖြစ်တယ်။ ဒါကြောင့် သူသင်ဖူးတဲ့ ကျောင်းသားတိုင်းလိုလိုဟာ မိမိကိုယ်ကိုယ်ယုံကြည်စိတ် အပြည့်ရှိသူတွေဖြစ်တယ်။ "လုပ်နိုင်သူ"တွေက "ပိုလုပ်နိုင်"ခဲ့ကြပြီး "မလုပ်နိုင်သူ"တွေလည်း "လုပ်နိုင်"ခဲ့ကြတယ်။

ဆွန်ယက်ဆင်ပြောခဲ့တဲ့ စကားတစ်ခွန်းကို ကျွန်တော်အမှတ်ရမိပါတယ်။

"စိတ်ထဲမှာ လုပ်နိုင်တယ်ဆိုတဲ့ ယုံကြည်မှုရှိရင် တောင်ကိုရွေ့တာပဲဖြစ်ဖြစ်၊ ပင်လယ်ကို မြေဖို့တာပဲဖြစ်ဖြစ် နောက်ဆုံးမှာ ပြီးမြောက်အောင်လုပ်နိုင်တယ်။ တကယ်လို့ စိတ်ထဲမှာ လုပ်နိုင်မှာမဟုတ်ဘူးလို့ ယုံကြည်မှုရှိရင် လက်ဖဝါးလှည့်တာ၊ သစ်ကိုင်းကိုချိုးတာလောက် လွယ်ကူတဲ့အလုပ်ကိုတောင် ပြီးမြောက်အောင် လုပ်နိုင်မှာမဟုတ်ပါဘူး"

ကျောင်းသားတွေမှ မဟုတ်ပါဘူး။ လူကြီးတွေလည်း အဲဒီလိုပဲဖြစ်တယ်။ လူတစ်ယောက်ဟာ အခက်အခဲကြုံချိန်၊ အမှားလုပ်မိချိန်၊ ဒါမှမဟုတ် တွေဝေဆုံးဖြတ်ရခက်နေချိန်မှာ သူ့ရဲ့လမ်းညွှန်သူ ဒါမှမဟုတ် သူ့သူငယ်ချင်းက "မင်းကို ငါယုံတယ်"၊ "မင်းလုပ်နိုင်တယ်ဆိုတာ ငါသိတယ်"ဆိုတဲ့စကားတစ်ခွန်း ပြောပေးရုံနဲ့ သူ့ကိုသတ္တိအင်အားတွေ ပြန်လည်ပြည့်တင်းစေပါတယ်။


(၄) အတင်းအဖျင်းကို ပထုတ်နိုင်ဆုံးစကားတစ်ခွန်း "မင်းလမ်းမင်းလျှောက် သူတို့ပြောချင်ရာ ပြောပါစေ"

ကျွန်တော့်ဖခင် ကျွန်တော်ကိုစကားတစ်ခွန်းပြောဖူးတယ်။

"တကယ်လို့ တခြားလူ မရယူနိုင်တဲ့အရာကို သားရယူချင်ရင် သူတို့မပေးဆပ်နိုင်တဲ့အရာကို သားပေးဆပ်ရလိမ့်မယ်။ တကယ်လို့ တခြားလူအနားယူချိန် သားလည်းအနားယူမယ်၊ တခြားလူအလုပ်လုပ်ချိန်မှ သားအလုပ်လုပ်မယ်။ တခြားလူ ဘဝကို ဘယ်လိုဖြတ်သန်းရင် သားလည်းသူတို့အတိုင်း ဖြတ်သန်းမယ်ဆိုရင် သူတို့ရတာပဲ သားရလိမ့်မယ်"

ဘဝမှာ အောင်မြင်သူတွေဟာ တခြားလူထက် ဝေးဝေးကြည့်တယ်၊ တခြားလူထက် နက်နက်တွေးတယ်၊ တခြားလူထက် ပိုအလုပ်လုပ်တယ်။ အဲဒီလိုပဲ အတင်းအဖျင်း၊ ကောလဟာလတွေလည်း သူတို့နဲ့အဖော်ပြုတာ ခံရတယ်။ ဒါကြောင့် တခြားလူဆီကနေ မတူတဲ့အသံကိုကြားရတဲ့အခါ ကိုယ့်ရဲ့ပြုမူပြောဆိုမှုကို ဆန်းစစ်ရသလို၊ ကိုယ့်ရဲ့ဆုံးဖြတ်ချက်ကိုလည်း ပိုခိုင်မြဲအောင်လုပ်ရပါတယ်။

လူရွန်းပြောသလိုပါပဲ..."သူတို့ပြောချင်ရာ ပြောပါစေ... ကဲ့ရဲ့ဝေဖန် အတင်းအဖျင်းပြောသူတွေရဲ့ ချီးကျူးစကားက ကိုယ်အောင်မြင်မှုရပြီးချိန်မှ ကြားရတတ်တဲ့ စကားဖြစ်တယ်"။


(၅) ပြောရအခက်ဆုံးနဲ့ သဘောထားကွဲလွဲမှုကို အဖြေရှင်းနိုင်ဆုံး စကားတစ်ခွန်း "မင်းမှန်တာလည်း ဖြစ်နိုင်ပါတယ်"

ဒီလိုစကားတစ်ခွန်းက တိုက်ပွဲထဲကလူတစ်ယောက်ကို လက်နက်ချခိုင်းသလိုပါပဲ.. ငြင်းခုန်ရန်ဖြစ်ပွဲမှာ အမှားကိုဝန်ခံတာဟာ အရမ်းမျက်နှာသာမဲ့စေတဲ့ လုပ်ရပ်ပါ။ ဒါပေမယ့် အခြေအနေ တော်တော်များများမှာ ဒီလိုစကားတစ်ခွန်းက ဒေါသကြောင့် တောက်လောက်မယ့်မီးကို အချိန်မီ ငြိမ်းစေနိုင်သလို၊ ပွက်လောရိုက်နေတဲ့ဦးနှောက်ကို ချုပ်ငြိမ်းစေနိုင်သလို၊ ချိန်ရွယ်ထားတဲ့ လက်သီးကို ဖြည်လျော့စေနိုင်သလို၊
ကွဲပြားတဲ့အတွေးအမြင်ကို တစ်နေရာတည်းမှာ စုဆုံစေနိုင်ပါတယ်။ ထိခိုက်ဒဏ်ရာနဲ့ ဆုံးရှုံးမှုကို ကာကွယ်တားဆီးနိုင်သလို အဖွဲ့ရဲ့စည်းလုံးခြင်းနဲ့ တည်ငြိမ်ခြင်းကိုလည်း ထိန်းချုပ်နိုင်ပါတယ်။

ဒီလိုစကားတစ်ခွန်းက မိသားစုအငြင်းပွားမှုမှာ ပိုအသုံးဝင်ပါတယ်။ လင်မယားကြားမှာ ကိစ္စသေးသေးမွှားမွှားနဲ့ စကားများရန်ဖြစ်တဲ့အခါ
တကယ်လို့ တစ်ယောက်ယောက်က ဒီစကားကိုအရင်ဆုံးပြောလိုက်ရင် သဘောထားကွဲလွဲမှုကို ရပ်တန့်စေနိုင်ပါတယ်။ နှစ်ဦးနှစ်ဖက် သွေးအေးသွားမှ ပြဿနာရဲ့အရင်းအမြစ်ကိုရှာပြီး ဖြေရှင်းနိုင်ပါတယ်။ အချင်းချင်းချစ်ကြိုက်လို့ အတူတကွပေါင်းဖက်ကြပြီးမှ ပြဿနာအသေးအမွှားနဲ့ ဘာကြောင့် နှစ်ဦးနှစ်ဖက် ဒဏ်ရာရထိခိုက်အောင် ပြောဆိုငြင်းခုန်ကြမလဲ? "မင်းမှန်တာလည်း ဖြစ်နိုင်ပါတယ်" ဆိုတဲ့စကားတစ်ခွန်းက ဘာမှကို မဆုံးရှုံးစေနိုင်ပါဘူး။


မူရင်း--http://www.duwenzhang.com/wenzhang/shenghuosuibi/shenghuoganwu/20110715/192742.html

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Wednesday, February 22, 2012

ရင့်ကျက်သူမှာမရှိသင့်တဲ့ လက္ခဏာရပ်များ


လူတွေဟာ အသက်ကြီးလို့ ရင့်ကျက်တာမဟုတ်သလို အသက်ငယ်လို့ မရင့်ကျက်တာလည်း မဟုတ်ပါဘူး။ ဘဝရဲ့စိန်ခေါ်မှုကို အကြိမ်ကြိမ်ရင်ဆိုင်ရဲပြီး ကြုံတွေ့ရတဲ့အခက်အခဲကို ဖြေရှင်းကျော်လွှားနိုင်ရင် ရင့်ကျက်တဲ့လမ်း၊ အောင်မြင်တဲ့လမ်းဆီကို လျှောက်လှမ်းနိုင်ပါတယ်။ ပေးဆပ်ဖို့လဲမဝံ့၊ စောင့်မျှော်ဖို့လဲမလုပ်ဘဲ လွယ်လွယ်ပြော၊ လွယ်လွယ်လက်လွတ်တတ်သူက ဘယ်တော့မှ အောင်မြင်တဲ့လမ်းဆီ မရောက်နိုင်ပါဘူး။

ရင့်ကျက်သူမှာမရှိသင့်တဲ့ လက္ခဏာရပ်များ ---

(၁) ချက်ချင်းတုန့်ပြန်တယ်၊ ဆင်းရဲသားစိတ်ထားရှိတယ်။

(i) အခွင့်အရေးတစ်ခုနဲ့ ကြုံတွေ့တိုင်း သူတို့တွေ့တာက အခွင့်အရေးထဲက အခက်အခဲကိုဖြစ်တယ်။ ဒါကြောင့် "No"လို့ ချက်ချင်းငြင်းဆန်တတ်သူဖြစ်တယ်။

(ii) ဆင်းရဲသားစိတ်ထားလိုမျိုး နေ့ချင်းညချင်း ကြီးပွားချင်ကြတယ်။ အလွယ်တကူရတဲ့အရာက တန်ဖိုးရှိတဲ့အရာ မဟုတ်သလို တန်ဖိုးရှိတဲ့အရာကလည်း အလွယ်တကူ မရနိုင်ပါဘူး။ အိုလံပစ် ရွှေတံဆိပ်ပိုင်ရှင်တွေက တစ်ညတည်း ကြိုးစားခဲ့ကြတာမဟုတ်ပါဘူး။ ပြိုင်ပွဲမှာ သူတို့ရလိုက်တာက သူတို့ ကြိုးစားလေ့ကျင့်ခဲ့တဲ့ရလဒ်အတွက် လူတွေရဲ့အသိအမှတ်ပြုခြင်းတွေဖြစ်တယ်။ "Rich Dad Business School" စာအုပ်မှာပြောထားတာက အမေရိကန်မှာ ထီတစ်သန်းဆုပေါက်သူတွေဟာ ၅နှစ်နောက်ပိုင်းမှာ သူတို့ရဲ့ဘဝက အရင်ကလောက်မပျော်ဘူးလို့ ဆိုပါတယ်။


(၂)
(i) ကိုယ့်ဆီမှာရှိတဲ့ အတွေးအခေါ်ဟောင်းတွေကို မပြောင်းလဲချင်ဘူး

လူလူချင်းကြားမှာ အခြေခံကွဲပြားနေတဲ့အချက်က တွေးခေါ်နည်း ခြားနားတာပဲဖြစ်တယ်။ အောင်မြင်သူဖြစ်ချင်ရင် ကိုယ့်ဆီမှာရှိတဲ့ အတွေးအခေါ်ဟောင်းတွေကို အရင်ဆုံးပြောင်းလဲပစ်ရပါတယ်။ အဲဒီနောက် အပြုအမူကို ပြောင်းလဲရပါတယ်။ ကိစ္စရပ်တစ်ခုဆောင်ရွက်တဲ့အခါ အခက်အခဲ၊ အဟန့်အတားကို သင်အရင်ဆုံးမြင်ရင် အောင်မြင်ဖို့မပြောနဲ့ မဖြစ်မြောက်တဲ့အံ့သြဖွယ်ဖြစ်ရပ်မှာ သင်ပါသွားနိုင်ပါတယ်။ ဟောင်းတဲ့အတွေးအခေါ်ဆိုတာ... ချက်ချင်းတုန့်ပြန်တာ၊ ဆင်းရဲသားစိတ်ထားရှိတာ၊ အခက်အခဲကြုံတာနဲ့ နောက်ဆုတ်ပြေးတာ.. တွေဖြစ်တယ်။ ကြံ့ကြံ့ခံတဲ့အားက အရာအားလုံးကို သိမ်းသွင်းနိုင်ပါတယ်။ ဟောင်းအိုတဲ့ အပြုအမူဆိုတာ... အရက်သောက်တယ်၊ ဖဲရိုက်တယ်၊ အကျိုးမရှိတဲ့ ဖြေဖျော်မှုတွေဖြစ်တယ်။

(ii) တခြားလူကို နောက်ကွယ်မှာ ဝေဖန်ကဲ့ရဲ့ဖို့ နှစ်သက်တယ်

ဒီလိုလူမျိုးကို ကျွန်တော်တို့က အားယားနေသူလို့ တင်စားတယ်။ ဒီလိုစကားကို ကျွန်တော်တို့ နားမထောင်ဘူး၊ မပြောဘူး၊ လက်ဆင့်မကမ်းဘူး။ သူပြောဆိုဝေဖန်တဲ့စကားက မှန်တယ်ထားဦး သူ့အတွက်လည်း ဘာကောင်းကျိုးမှ မရှိပါဘူး။

(iii) အမြဲညည်းတွားတယ်၊ အပြုအမူ အပျက်ဆောင်တယ်

လူဆိုတာ ခြောက်ပစ်မကင်းပါဘူး။ ချွတ်ယွင်းချက် အနည်းအများတော့ ရှိတတ်ကြပါတယ်။ ကိုယ်ကျင့်တရားအတွက် မဟုတ်ဘူးဆိုရင် သူတို့ကို ကောင်းတဲ့အကြည့်နဲ့ ကျွန်တော်တို့ကြည့်ဖို့လိုတယ်။ ပိုအရေးကြီးတာက သူ့ရဲ့ချွတ်ယွင်းချက်ကိုပဲ အမြဲမကြည့်ဖို့ဖြစ်တယ်။ သူ့အပေါ် ကိုယ်မကျေမနပ် ညည်းတွားတာတွေက မှန်ခဲ့တယ်ဆိုရင်တောင် မညည်းတွားသင့်ပါဘူး။ အကြောင်းက အောင်မြင်သူတွေဟာ ဘယ်တော့မှ မညည်းတွားလို့ပါပဲ။

(iv) သင်ယူဖို့ ငြင်းဆန်တယ်၊ ပြောင်းလဲဖို့ ငြင်းဆန်တယ်

၂၁ရာစုလောကရဲ့ထူးခြားတဲ့ လဏ္ခာသုံးရပ်က ... အမြန်နှုန်း၊ ပြောင်းလဲနှုန်းနဲ့ ကပ်ဆိုက်နှုန်းဖြစ်တယ်။ ကျွန်တော်တို့ရဲ့နည်းဗျူဟာက သင်ယူမယ်၊ လုပ်ငန်းတွေကို ပြောင်းလဲမယ်။ သင်မြန်မြန်သင်ယူနိုင်လေ သင့်ပြောင်းလဲနှုန်းကမြန်လေ အောင်မြင်မှုကို သင်မြန်မြန်ဆန်ဆန်ရလေဖြစ်တယ်။ ဒီကနေ့ခေတ် လုပ်ငန်းတွေရဲ့ယှဉ်ပြိုင်မှုက လူရဲ့အရည်အချင်း ယှဉ်ပြိုင်မှုဖြစ်တယ်။ လူရဲ့အရည်အချင်း ယှဉ်ပြိုင်မှုက သင်ယူခြင်းရဲ့ယှဉ်ပြိုင်မှုပဲဖြစ်တယ်။ ကပ်ဆိုက်တဲ့ကာလမှာ သင်အောင်မြင်ချင်ရင် များများသင်ယူရတယ်။ ဒီကနေ့ခေတ် သူဌေးသူကြွယ်တချို့ဟာ နောင် ၅နှစ် ၁ဝနှစ်မှာ ၈ဝ%က ဒေဝါရီခံရကိန်းရှိတယ်။ တကယ်လို့ သင်အောင်မြင်ချင်ရင် သင်ယူရမယ်၊ ပြောင်းလဲရမယ်။


(၃) ခံစားချက်ရဲ့ အထိန်းအချုပ်ကို အမြဲခံတယ်

လောကမှာဖြစ်ပျက်နေတဲ့ ကြေကွဲဝမ်းနည်းခြင်းတွေ၊ ကြောက်ရွံ့ခြင်းတွေဟာ လူလူချင်းကြား သည်းမခံနိုင်လို့ ဖြစ်လာတာတွေဖြစ်တယ်။ တချို့က မဖြစ်စလောက်ကိစ္စနဲ့ ဒေါသအကြီးအကျယ်ထွက်တယ်။ ပေါက်ကွဲတယ်။ အောင်မြင်ခြင်းအတွက် အခြေခံအချက်(၅)ချက်မှာ တစ်အချက်က ကိုယ့်ခံစားချက်ကို ထိန်းချုပ်နိုင်ခြင်းဖြစ်တယ်။ နှစ်အချက်က ကျန်းမာရေး။ သုံးအချက်က အချိန်စီမံခန့်ခွဲရေး၊ လေးအချက်က ဘဏ္ဍာစီမံခန့်ခွဲရေး၊ ငါးအချက်က ကောင်းမွန်တဲ့ လူလူချင်းဆက်ဆံပြောဆိုရေးတွေဖြစ်တယ်။

ကောင်းမွန်တဲ့ လူလူချင်းဆက်ဆံပြောဆိုရေးရဲ့ အဓိကအချက်(၃)ချက်က
(i) တခြားသူကို ကိုယ့်ကိုယ်ကိုထက် ပိုဂရုစိုက်တာဖြစ်တယ်။
(ii) အပြစ်မရှာဘူး၊ မညည်းတွားဘူး၊ မဝေဖန်ဘူး။ များများချီးကျူး ချီးမွမ်းတယ်၊ များများခွင့်လွှတ်နားလည်တယ်။
(iii) နားထောင်ကောင်းသူ၊ ပြောဆိုဆက်ဆံရေးကောင်းသူ လုပ်တယ်။ ဂရုစိုက်ဖော်ရွေမှုက အေးစက်လျစ်လျူရှုမှုထက်များတယ်။


(၄) စိတ်မှန်းနဲ့ ကိစ္စရပ်တွေကို ဝေဖန်ပိုင်းခြားတယ်၊ မှန်ကန်တဲ့ အကြောင်းရင်းကို အခြေမခံဘူး

ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာ လူတော်တော်များများက ကိစ္စရပ်တွေကို စိတ်မှန်းနဲ့ပဲ ဝေဖန်ပိုင်းခြားကြတယ်။ ကျွန်တော်ထင်တာက ဒီလိုပါ။ ကျွန်မထင်တာက ဟိုလိုပါ။ ထင်တာပြောရရင်...


(၅) အလုပ်လုပ်ရမှာ ယုံကြည်မှုကို အမှီမပြုဘူး။ လူ့အပြောကိုပဲ အမှီပြုတယ်

လူ့ဘဝက ကိုယ့်အတွက်ရှင်သန်တာဖြစ်တယ်၊ သူတစ်ပါးအတွက် ရှင်သန်တာ မဟုတ်ပါဘူး။ သူတစ်ပါးရဲ့ပါးစပ်က သူ့ကိုယ်ပေါ်မှာရှိတဲ့အတွက် ပြောချင်ရာပြောပါစေ။ ဂရုမစိုက်ပါနဲ့။ လမ်းမှားညွှန်ပြပြီး အဲဒီအမှားအတွက် ကိုယ်တိုင်တာဝန်ယူပေးသူ မရှိပါဘူး။ တကယ့်လမ်းမှန်ကို ညွန်ပြတဲ့ ဆရာကောင်းသမားတွေ ပေါများပါတယ်။

ဒီလောကရဲ့လူအုပ်စုကို နှစ်ဖွဲ့ခွဲရင် တစ်ဖက်က ၅%နဲ့ ကျန်တစ်ဖက်က ၉၅%ဖြစ်တယ်။
၅%သော အောင်မြင်သူတွေက မအောင်မြင်ခင်မှာ လူတွေရဲ့ကဲ့ရဲ့ဝေဖန်တာကို ခံရတယ်။ အရူး၊ လူတုံးလူအလို့ အခေါ်ခံရတယ်။ လေဒီယိုတီထွင်ခဲ့သူဟာ အရူးလို့စွပ်စွဲခံရပြီး အရူးဆေးရုံအပို့ခံခဲ့ရပါတယ်။ လူအများရဲ့(၉၅%)ဘဝလို့ ကျွန်တော်တို့ မဖြတ်သန်းချင်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ အခေါ်ခံရပါစေ၊ အလှောင်ရယ်ခံရပါစေ ကျေနပ်ပါတယ်။

မူရင်း-- http://www.xici.net/d125253821.htm

နိုင်းနိုင်းစနေ ဘာသာပြန်သည်။



Share/Bookmark

Sunday, February 19, 2012

ကျွန်မနဲ့ ငံပြာရည်ချက်


တစ်ခါက ကိုရီးယားက ဘလော့ဂါကိုကိုစိန်နဲ့ ဂျီတော့ခ်မှာဆုံတော့ နှုတ်ဆက်ဖြစ်ပါတယ်။ ထုံးစံအတိုင်း စားပြီးပြီလား? နေကောင်းလား? အလုပ်အဆင်ပြေလား ဘာညာပေါ့။ ကျွန်မနှုတ်ဆက်တဲ့အချိန်က သူထမင်းစားရင်း ကွန်ပြူတာသုံးနေချိန်ထင်ပါတယ် "ထမင်းစားနေတယ်... မိန်းမထည့်ပေးလိုက်တဲ့ ငံပြာရည်ချက်နဲ့" လို့ သူပြန်ဖြေတယ်။

ကျွန်မက တောသားအရမ်းဆန်သူပါ။ အင်းသားရွာတစ်ရွာမှာ ကြီးပြင်းခဲ့ပြီး (၈)တန်းရောက်မှ မြို့ပေါ်ရောက်ခဲ့သူပါ။ ကျွန်မငယ်ငယ်က ရွာမှာ မုန့်ဆိုင်လေးနှစ်ဆိုင်ရယ်၊ တိုဖူးသုပ်ထမ်းရောင်းသူရယ်၊ လမ်းကြုံလို့ ရွာကနေဖြတ်သွားတဲ့ ရေခဲချောင်းသည်ကလွဲလို့ ဘာဆိုင်မှမရှိခဲ့ပါဘူး။ ကျွန်မအတွက် စားစရာဆိုရင် မုန့်ဆိုင်ကမုန့်တချို့နဲ့ ရွာပတ်ဝန်းကျင်မှာရှိတဲ့ အသီးအနှံတွေပဲဖြစ်တယ်။ တစ်ခါတလေ အိမ်ကလူကြီးတွေ မြို့တက်မှ မြို့ပေါ်ကစားစရာတွေ စားရတတ်တယ်။ အိမ်ကလူတွေကလည်း ဘယ်ဟာစားရကောင်းမှန်း သိပုံမရကြဘူး။ များသောအားဖြင့် မြို့ရောက်လို့ သူတို့ဝယ်လာတတ်တာက
် ရွာမှာမရှိတဲ့ လိမ္မော်သီး၊ ဆီးသီး၊ မရွေးမုန့်တွေပဲဖြစ်တယ်။

ကျွန်မ(၈)တန်းရောက်လို့ တောင်ကြီးမြို့ကိုပြောင်းတော့ အဘိုးအဘွားတွေနဲ့ နေခဲ့ရတယ်။ အဲဒီခါကျမှ မုန့်ပုံးလို့ခေါ်တဲ့ ဘီစကစ်တွေကို ကျွန်မစားခဲ့ရတယ်။ ဒါတောင် အဘွားမသိအောင် ခိုးစားခဲ့တာ ခပ်များများပါ။ အဘိုးအဘွားတို့နောက် ဈေးလိုက်သွားရင်လည်း လိုအပ်တာဝယ်ပြီးပြန်ဆိုတော့ ဈေးထဲမှာ မုန့်စားရကောင်းမှန်း၊ မုန့်ဝယ်ရကောင်းမှန်းလည်း ကျွန်မ မသိခဲ့ပါဘူး။ ပိုက်ဆံအပို မကိုင်ရတာလည်းပါတယ်။ စားချိန်တန်လို့ အိမ်ကထမင်းဝိုင်းမှာ အတူတူထိုင်မစားရင် အဆူခံရတတ်တာကြောင့်လည်း ဖြစ်တယ်။ တောင်ကြီးရောက်ပြီး နှစ်တော်တော်ကြာမှ ဒညင်းသီးကို ကျွန်မစစားခဲ့ဖူးတယ်ဆိုရင် ယုံရခပ်ခက်ခက်ပါ။ အဘိုးအဘွားတို့နဲ့ အတူနေခဲ့သမျှ သူတို့ ငပိစားတာ၊ ဒညင်းသီးစားတာ တစ်ခါမှမတွေ့ခဲ့ဖူးပါဘူး။ မုန်ညင်းဆို မုန်ညင်း၊ ပဲပုပ်ဆို ပဲပုပ်ပဲစားတတ်ခဲ့တဲ့ ရှေးလူကြီးတွေမို့ထင်ပါတယ်။

ဒညင်းသီးစားဖူးခဲ့တာလည်း ကျွန်မအစ်မကြောင့်ပါပဲ။ အဘွားဆုံးပြီး ဦးလေးအဒေါ်တွေ အိမ်ခွဲထွက်သွားမှ ဟင်းဖိုးအသုံးစရိတ်ကို သူကိုင်ခဲ့ရလို့ပါ။ ငယ်ငယ်လေးကတည်းက မြို့ပေါ်မှာ အဘွားတို့နဲ့အတူနေခဲ့ရတဲ့ အစ်မက သူစိတ်ကောင်းဝင်ချိန်မှာ ကျွန်မကိုရုပ်ရှင်ခေါ်ပြတတ်သလို ဆိုင်တွေမှာလဲ ခေါ်ကျွေးတတ်ပါတယ်။ တစ်ခါက ဒိန်ချဉ်လိုက်တိုက်လို့ နွားနို့ပုပ်ကို ဘာလို့ဝယ်စားရသလဲလို့ လူကြားထဲမှာမေးခဲ့လို့ သူကျွေးတာစားချင်ရင် ဘာမှမမေး၊ မပြောဖို့ သတိပေးဖူးပါတယ်။

အဲဒီလိုနဲ့ နောက်တော့ ကျွန်မလည်းမြို့ပါးဝလာပြီး ဟိုမြို့ဒီမြို့ ခရီးတွေထွက်ရလို့ မျက်စိပွင့်၊ နားပွင့်လာတော့ မစားဖူးခဲ့တဲ့ အစားတော်တော်များများကို စားခဲ့ရပါတယ်။ ဘယ်အချိန်စားစား ဘယ်အရွယ်မှစစားဖူး စားဖူး... အစားစားရတာ အရွယ်နှောင်းတယ်ဆိုတာ မရှိခဲ့ပါဘူးနော်။

မြန်မာထမင်းဟင်းတွေမှာတော့ ကျွန်မအကြိုက်ဆုံးက ချဉ်ရည်ဟင်းနဲ့ ငါးဟင်းချက်တစ်မျိုးမျိုးပါ။ မြန်မာထမင်းဆိုင်ရောက်တိုင်း ကျွန်မမှာစားတတ်တဲ့ တစ်ခုတည်းသောဟင်းကလည်း ငါးဟင်းပဲဖြစ်ပါတယ်။ ချဉ်ရည်ဟင်းကတော့ အလကားရလို့ပေါ့။ ပြီးရင် ကျွန်မစားမှာက အတို့အမြုပ်တွေထဲက အသီးအရွက်တွေပါ။ ငပိချက်၊ ငပိထောင်းတွေကို ကျွန်မစားပေမယ့် ငပိရည်က အနံ့မခံနိုင်လို့ ငပိရည်နဲ့တို့စရာမှာ တို့စရာကိုပဲ ကျွန်မစားပါတယ်။ ငံပြာရည်ချက်ဆိုတာကို ကြားဖူးခဲ့ပေမယ့် ငပိရည်လို့ပဲထင်ခဲ့တာကြောင့် ကျွန်မ မစားခဲ့ဖူးပါဘူး။

အရည်ဖြစ်တဲ့ ငံပြာရည်ကို ဟင်းဖြစ်အောင် ဘယ်လိုချက်လဲဆိုတာကို ကျွန်မစိတ်ဝင်စားခဲ့ပါတယ်။ ကျွန်မတို့က ငံပြာရည်ဆိုရင် လိုအပ်တဲ့အခါ ကြော်တဲ့ဟင်းထဲထည့်တယ်၊ အသားနယ်တယ်၊ ငရုတ်သီးထောင်းထဲ ထည့်စားတယ်၊ ခေါက်ဆွဲ၊ ထိုဟူးသုပ်၊ အသုပ်တွေထဲ ထည့်သုပ်တယ် .... ဒီလောက်ပဲ ကျွန်မသိခဲ့ပါတယ်။

ကိုကိုစိန်ကို ဘယ်လိုချက်သလဲလို့ မေးတော့... ကြက်သွန်နီ/ဖြူ၊ ပုစွန်ခြောက်ကြော်ပြီး ငံပြာရည်ကို တခြားဟင်းချက်တာထက် ပိုထည့်ချက်တယ်။ ကြက်သွန်နီ ခပ်များများနဲ့ပေါ့ လို့ဆိုတယ်။ သူပြောတဲ့အတိုင်း ကျွန်မချက်စားကြည့်ပါတယ်။ ကျွန်မကတော့ ခပ်စပ်စပ်ကြိုက်သူမို့ ချက်တဲ့အခါ ငရုတ်သီးမှုန့်လေး ထည့်ပါတယ်။ တကယ့် မြန်မာဟင်း ငံပြာရည်ချက်နည်းက ဒီအတိုင်းဟုတ်ချင်မှလည်း ဟုတ်မှာပေါ့။ ဒါပေမယ့် အရင်က ငံပြာရည်ချက်မစားခဲ့ဖူးတဲ့ကျွန်မ အခုတော့ ငံပြာရည်ချက်ကို မကြာခဏ ချက်စားတတ်နေခဲ့ပါပြီ။


ငံပြာရည်ချက်ရန် လိုအပ်တဲ့ပစ္စည်း--- ကြက်သွန်နီ/ဖြူ၊ ပုစွန်ခြောက်၊ ပဲငံပြာရည်၊ ငရုပ်သီးမှုန့်

ကြက်သွန်နီ/ဖြူကို ဆီသပ်၊ ပုစွန်ခြောက်ထည့်ကြော်၊ ပဲငံပြာရည်ထည့်၊ ရေနည်းနည်းထည့်-- ရေနည်းနည်းခမ်းလာတဲ့အထိ ကြို၊ ငရုတ်သီးမှုန့်ထည့်.....

(တကယ့်ငံပြာရည်ချက်နည်းကို သိခဲ့ရင် မျှဝေပေးဖို့ တောင်းဆိုပါတယ်။ အရွက်လေးတွေနဲ့ တို့စားရတာ ကြိုက်လွန်းလို့ပါ။)

နိုင်းနိုင်းစနေ



Share/Bookmark

Saturday, February 18, 2012

Jeremy Linဆီကရတဲ့ သင်ခန်းစာ


အခုတလော တီဗီသတင်းတွေမှာ LinSanityဆိုတဲ့စာလုံးနဲ့ ဘတ်စကက်ဘောသမားတစ်ယောက်ကို ခဏခဏပြတာတွေ့တော့ LinSanity (Lin + Sanity)ဆိုတဲ့စကားလုံးနဲ့အတူ အဲဒီအာရှသား ဘတ်စကက်ဘောသမားကို ကျွန်မစိတ်ဝင်စားလာမိတယ်။ အဲဒီလိုနဲ့ သူ့အကြောင်းကို ဂူဂယ်လ်ရှာကြည့်လိုက်တယ်။ သူ့အကြောင်း ဖတ်မိသမျှကို ဘာသာပြန်မျှဝေပါတယ်။

အင်္ဂလိပ်နာမည် ---- Jeremy Lin
တရုတ်နာမည် ---- Lin Shu-How (林書豪)
မွေးသက္ကရာဇ် ---- သြဂုတ်လ ၂၃ရက် ၁၉၈၈ခုနှစ်
လူမျိုး ------------- တရုတ်(ထိုင်ဝမ်)
ပညာအရေးအချင်း --- ဟားဗတ်တက္ကသိုလ်
မွေးဖွားရာနေရာ ---- Los Angeles, California
အလုပ်အကိုင် ------ NBA ဘတ်စကက်ဘော လက်ရွေးစင်


ကိုယ့်ကို လူတွေအကောင်းမမြင်ချိန်မှာ ကိုယ့်ကိုယ်ကို ယုံကြည်ပါ

Jeremy Linက NBAသမိုင်းမှာ ဒုတိယမြောက် ဟားဗတ်တက္ကသိုလ်ကျောင်းပြီးသူဖြစ်သလို တစ်ဦးတည်းသော ဟားဗတ်ကျောင်းပြီးတဲ့ အာရှလက်ရွေးစင်လည်းဖြစ်တယ်။ NBAထဲမဝင်ခင် သူဟာ Warriorsအသင်းနဲ့ Houston Rocketsအသင်းရဲ့ နောက်လူ(အစားထိုးသူ)အဖြစ်နဲ့သာ ကစားခဲ့ရတယ်။ New York Knicks အသင်းထဲဝင်ခဲ့မှ လူတွေရဲ့ သတိထားမိခြင်းကို ခံခဲ့ရတယ်။ ပွဲစဉ်ငါးပွဲကစားအပြီးမှာ သူရဲ့ ရမှတ်ပေါင်းက (၁၃၆)မှတ်ဖြစ်တယ်။ ၁၉၇၄ခုနှစ်နောက်ပိုင်း NBAရဲ့ အကောင်းဆုံး လက်ရွေးစင်ဖြစ်ခဲ့တယ်။ (၇)ပွဲကစားပြီးမှာတော့ သူ့ရဲ့အမှတ်ပေါင်းဟာ ဘတ်စကက်ဘောဘုရင် Michael Jordan၊ LeBron Jamesတို့ထက်တောင် ပိုမြင့်ခဲ့ပါတယ်။

"NBAဘတ်စကက်ဘောရဲ့လမ်းဟာ လျှောက်လှမ်းရခက်ပါတယ်။ အရာအားလုံးကို ကိုယ်တိုင်ရင်ဆိုင်ဖြေရှင်းရတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်ရတယ်။ အောင်မြင်မှုဆိုတာ များသောအားဖြင့် ကြိုတင်မှန်းဆလို့ မရနိုင်တဲ့အရာပါ။ ဘောလုံးဝေဖန်ကျွမ်းကျင်သူပဲဖြစ်ဖြစ်၊ သတင်းဌာနကပဲဖြစ်ဖြစ်၊ အားကစားသမားပဲဖြစ်ဖြစ်၊ စီးပွားရေးလုပ်ငန်းပဲဖြစ်ဖြစ် ကျရှုံးသူ၊ ရှုံးနိမ့်သူတွေ အများအပြားရှိပေမယ့် အောင်မြင်ဖို့အတွက်၊ အလင်းစက်တစ်ခုအတွက် ကြံ့ကြံ့ခံရှေ့ဆက်ရပါတယ်။"


အခွင့်အရေးရောက်လာချိန်မှာ အမိအရဖမ်းဆုပ်ပါ

Knicksအသင်းရဲ့ ကစားသမားတွေဟာ ပြိုင်ပွဲတိုင်း ဒဏ်ရာအထပ်ထပ်ရခဲ့ကြတယ်။ နောက်တန်းကာကွယ်သူ မရှိခဲ့လို့ Jeremy Linထွက်ကစားဖို့ အခွင့်အရေးရခဲ့တယ်။ အဲဒီမှာ သူအစွမ်းကုန်ကြိုးစားခဲ့တယ်၊ အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့တယ်။

"ဒီအခြေအနေက စစ်သူကြီးမရှိလို့ *Liao Huaရှေ့ဆောင်တိုက်ခိုက်ရသလိုပေါ့။ တကယ်လို့ တကယ့်ရှေ့ဆောင်သူဖြစ်ခဲ့ရင်ရော ဒီဝန်ကိုထမ်းနိုင်တဲ့ အရည်အချင်းတကယ်ရှိမလား? ဒီလိုဆိုရင်တော့ တကယ့်ခွန်အားကိုစုပုံပြီး အခြေအနေကို ပြောင်းလဲရမှာပဲ။ ဒါပေမယ့် သိထားရမှာက ခွန်အားကို မှန်ကန်တဲ့ဦးတည်ရာ၊ မှန်ကန်တဲ့ အသုံးချမှုပဲဖြစ်သင့်ပါတယ်"

*Liao Huaဟန်မင်းဆက်လက်ထက်က တရုတ်စစ်သူကြီး


သင့်မိသားစုတွေ သင့်ကိုအမြဲထောက်ခံအားပေးတယ်။ ထိုနည်းအတိုင်း သူတို့ကို ကျေးဇူးပြန်ဆပ်ပါ

New York Knicksအသင်းက သူ့ကို တရားဝင်စာချုပ်မချုပ်ခင် Jeremy Linဟာ နယူးယောက်မှာရှိတဲ့ အစ်ကိုအိမ်က ဆိုဖာပေါ်မှာ အိပ်နေဆဲပဲဖြစ်တယ်။ သူ့အိမ်သူအိမ်သား မိသားစုတွေက သူ့ကိုထောက်ခံအားပေးတယ်၊ ယုံကြည်တယ်။ ဒါဟာလည်း သူ့ကို ကြံ့ကြံ့ခံဆက်လျှောက်စေနိုင်ခဲ့တဲ့ အဓိကသော့ချက်ပဲဖြစ်တယ်။ ဒါဟာ အပြန်အလှန် ပေးဆပ်ခြင်းဖြစ်တယ်။ သူတို့ကို သင်လိုအပ်ချိန်မှာ သင့်အနားမှာ သူတို့ရှိတယ်။ အဲဒီလိုပဲ သင့်ကိုသူတို့လိုအပ်တဲ့အခါ သူတို့ဘေးမှာ သင်ရှိနိုင်ရမယ်။

"မိသားစုနဲ့ သူငယ်ချင်းတွေရဲ့ အားပေးမှုတွေဟာ ကျွန်တော်တို့ကို ရှေ့ဆက်လျှောက်ဖို့ ခွန်အားတွေဖြစ်စေခဲ့တယ်။ တပြိုင်တည်းမှာပဲ မိသားစုနဲ့ သူငယ်ချင်းတွေအတွက် ကိုယ့်ရဲ့ အားပေးကူညီမှုကိုလည်း မမေ့သင့်ပါဘူး"

သင်နဲ့သင့်တော်တဲ့ ပုံစံစနစ်ကိုရှာပါ

Jeremy Lin ဟာ Michael Jordan တို့လို အမှတ်ပဲရအောင်ကစားတဲ့ ကစားသမားမဟုတ်ပါဘူး။ သူဟာ ဘောလုံးလက်ဆင့်ကမ်းသူ၊ ပါဝင်ထောက်ပံ့သူအနေနဲ့ အမှတ်ရအောင် ကစားသူဖြစ်တယ်။ Warriors အသင်းနဲ့ Houston Rockets အသင်းမှာ ကစားတုန်းက အပေးအယူမမျှခဲ့ပေမယ့် Knicksအသင်းမှာတော့ အကျိုးရှိခဲ့ပါတယ်။ သင့်ကိုယ်သင် ဘာလုပ်နေသလဲဆိုတာကို သင်သိသင့်တယ်။ ဒါဟာ မှန်ကန်တဲ့စနစ် (အလုပ်၊ အဖွဲ့အစည်း၊ လုပ်ငန်း)တွေမှာ သင့်ရဲ့လုပ်နိုင်စွမ်းကို ထုတ်ဖော်ပြသစေပါတယ်။ ဒီလိုမှမဟုတ်ရင် သင့်ရဲ့အရည်အချင်းက လူတွေရဲ့လျစ်လျူရှုတာကို ခံရလိမ့်မယ်။

"ကျွန်တော်တို့က မှန်ကန်တဲ့နေရာ၊ မှန်ကန်တဲ့လုပ်ငန်း၊ မှန်ကန်တဲ့ဈေးကွက်ကို ရှာတွေ့ဖို့ လိုအပ်တယ်။ ဒါမှ ပိုအကျိုးရှိတဲ့ လုပ်နိုင်စွမ်းကို ဖော်ထုတ်ပြသနိုင်မှာဖြစ်တယ်"


အဖွဲ့ထဲက တိမ်မြှုပ်နေတဲ့ လုပ်နိုင်စွမ်းရှိသူတွေကို လျစ်လျူမရှုမိစေနဲ့

ကုမ္ပဏီတစ်ခုမှာ လူတွေကို သင်ကြီးကြပ်ရတယ်။ အဲဒီလူတွေထဲမှာ Jeremy Linလိုလူတစ်ယောက် မရှိဘူးလို့ သင်ပြောနိုင်မလား? "မောင်နီ"၊ "မဖြူ"တို့က တခြားကိစ္စတွေမှာ လက်စွမ်းမပြနိုင်တော့ဘူးလား? ကျွန်တော်တို့က လူတွေကို တံဆိပ်ကပ်တတ်တာ အကျင့်ဖြစ်နေခဲ့တယ်။ သူက ဟားဗတ်ကျောင်းသား၊ အာရှသား၊ ကြည့်ရတာ မကစားနိုင်ဘူးထင်ပါတယ်။ ဒီလို အမြင်သေးတဲ့အကြည့်မျိုး တခြားလူကို သင်အရင်ကြည့်လိုက်ပြီလား? Warriors အသင်းနဲ့ Houston Rockets အသင်းရဲ့နည်းပြလို ထူးချွန်တဲ့ လက်ရွေးစင်တစ်ယောက်ကို သင်လက်လွတ်လိုက်မလား?

နယူးယောက်တိုင်းမ် သတင်းထောက် Howard Beck က Jeremy Linကို အခုလို သရုပ်ဖော်ပြောဆိုခဲ့ပါတယ်။ " If you gathered everyone who overlooked or underestimated Lin over the last several years, you could fill Times Square."

"ကျွန်တော်တို့ Moneyball ရုပ်ရှင်ထဲမှာ ဒီလိုခပ်ဆင်ဆင်ပုံပြင်မျိုးကို ကျွန်တော်တို့ကြည့်ဖူး၊ ဖတ်ဖူးပါလိမ့်မယ်။ ကျွန်တော်ရဲ့အနာဂတ်မှာ တူတဲ့အမှားမျိုးထပ်မဖြစ်စေဖို့ ကျွန်တော်မျှော်လင့်တယ်။ အဖွဲ့အစည်းမှာဖြစ်ဖြစ်၊ လူတစ်ဦးတစ်ယောက်ချင်းမှာပဲဖြစ်ဖြစ်ပေါ့။"

၂ဝ၁၂ ဖေဖော်ဝါရီလ ၂၇ရက်မှာ ထုတ်ဝေမယ့် Time မဂ္ဂဇင်းပေါ်က Lin


တခြားသူရဲ့အရိပ်လုပ်ဖို့ မကြိုးစားပါနဲ့။ လူတွေနှစ်သက်တာက သင့်နဂိုကိုပါ။

နာမည်ကြီးသူတွေအတိုင်း တုပရမယ်လို့ မဆိုပါဘူး။ ကျွန်တော်တို့က Steve Jobs၊ ဘေလ်ဂိတ်တွေ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် သူတို့ရဲ့ပုံပြင်၊ သူတို့ဖြတ်သန်းတဲ့ အတွေ့အကြုံကို ကျွန်တော်တို့တွဲဖက် အသုံးပြုနိုင်ပါတယ်။ သူတို့နဲ့ တပုံစံတည်းဖြစ်ဖို့တုပရင် ကိုယ့်ရဲ့ထူးခြားတဲ့လက္ခဏာတွေ ပျောက်ဆုံးကုန်သလို
အလှောင်ရယ်လဲခံရလိမ့်မယ်။

နှိမ့်ချတတ်ရမယ်

တကယ်လို့ တစ်နေ့နေ့မှာ သတင်းစာခေါင်းကြီးပိုင်းမှာ သင်အကြောင်းပါခဲ့မယ်ဆိုရင် ဘဝမြင့်မသွားပါနဲ့။ Jeremy Linကတော့ သတင်းထောက်တွေ အင်တာဗျူးချိန်မှာ နှိမ့်ချတဲ့စိတ်ထားနဲ့ ပြန်ဖြေခဲ့တယ်။ ဒါဟာလည်း သူ့အသင်းအဖွဲ့၊ သူပရိသတ်တွေ သူ့ကိုပိုနှစ်သက်စေတဲ့ အကြောင်းရင်းဖြစ်တယ်။

"တီဗီပေါ်ပဲရောက်ရောက်၊ သတင်းစာပေါ်ပဲရောက်ရောက်၊ စင်ပေါ်ပဲရောက်ရောက်၊ ဟောပြောတာပဲဖြစ်ဖြစ် ကိုယ်ဟာဘယ်သူလဲဆိုတာကို ကိုယ်တိုင်သိရတယ်။ ဂုဏ်ကို ကိုယ့်အသင်းအဖွဲ့အတွက်ပေးပါ။ တောက်ပခြင်းက တခဏတာဖြစ်တယ်။ လူတွေနဲ့ ပြောဆိုဆက်ဆံတဲ့အခါ သာမန်စိတ်ပဲထားပါ။ ဒါမှ ကြာရှည်တည်မြဲနိုင်မှာဖြစ်တယ်"


ကိုယ်ဘေးကလူလည်း ထူးချွန်ကြောင်း လူတွေကိုသိပါစေ။ သင့်ကို သူတို့ပိုနှစ်သက်လိမ့်မယ်။

အစောပိုင်းက ကစားသမားTyson Chandler ဘယ်လောက်တော်မှန်း လူတွေမသိခဲ့ကြဘူး။ နောက်ပိုင်း သူနဲ့ Jeremy Lin ဘောလုံးအတူကစားမှ လူတွေ သတိထားခဲ့မိကြတယ်။ Chandlerအလွယ်တကူ ဘောလုံးသွင်းနိုင်အောင် Jeremy Linက တစ်ဖက်အသင်းရဲ့အာရုံကိုချေဖျက်ပေးတယ်။ ဒါဟာလည်း Knicksအသင်းကို အချိန်တိုတိုအတွင်း အောင်မြင်မှုရစေခဲ့တာဖြစ်တယ်။ သူတို့က တစ်ကိုယ်တော် မလှုပ်ရှားဘူး အသင်းအဖွဲ့ရဲ့ စုစည်းမှုကိုယူတယ်။ ပြိုင်ပွဲကို ကြည့်ရတာအားရစေတယ်။ အင်တာဗျူးချိန်မှာ အသင်းသားတွေကို ချီးကျူးဖို့ Jeremy Lin မမေ့ခဲ့ဘူး။

"သင့်ဟာ အသင်းအဖွဲ့ထဲက starဆိုရင် အသင်းရဲ့ပူးပေါင်းဆောင်ရွက်မှု၊ အသင်းအင်အားရဲ့အရေးပါမှုကို လျစ်လျူမရှုမိပါစေနဲ့။ အချိန်တော်တော်များများမှာ လိုအပ်နေတာက အသင်းအဖွဲ့ရဲ့ပူးပေါင်းဆောင်ရွက်မှုပါ။ တစ်ကိုယ်တည်း နာမည်ကြီးဖို့၊ စတားဖြစ်ဖို့ မဟုတ်ပါဘူး။"

Tyson Chandler & Jeremy Lin

ဘဝမှာ ကံကောင်းခြင်း ဒါမှမဟုတ် ကံကြမ္မာရဲ့ အရေးပါမှုကို မမေ့ပါနဲ့

တချို့က ဘုရားသခင်ကို ယုံကြည်တယ်။ တချို့က ကံကြမ္မာကို ယုံကြည်တယ်။ တချို့က ကံကောင်းခြင်းကို ယုံကြည်တယ်။ ဘယ်ဟာကိုပဲ သင်ယုံကြည်ယုံကြည် ကျေးဇူးတရား အပြည့်အဝထားပါ။

ကျွန်တော်က အတိုင်းအတာတစ်ခုထိ ကံကောင်းခြင်းရဲ့ အရေးပါမှုကို ယုံကြည်တယ်။ Stanford တက္ကသိုလ်မှာ Steve Jobs ဟောပြောခဲ့တဲ့ "Connecting the dots"လိုပေါ့။ ဒီကံကောင်းခြင်းအစက်လေးက သင်အခုလက်ရှိကြိုးစကို ဦးဆောင်နေလိမ့်မယ်။ အစက်တိုင်းက ကံကောင်းခြင်း၊ ကံတရား ဒါမှမဟုတ် ဘုရားသခင်ရဲ့လမ်းညွှန်မှုလည်းဖြစ်နိုင်တယ်။ ဒါကို သင်ဘယ်လိုပဲ အမည်ပေးပေး လက်ခံပြီး ကြည်နူးလိုက်ပါ။




http://en.wikipedia.org/wiki/Jeremy_Lin

http://www.inside.com.tw/2012/02/12/9-lessons-jeremy-lin-can-teach-us-before-we-go-to-work-monday-morning

http://www.forbes.com/sites/ericjackson/2012/02/11/9-lessons-jeremy-lin-can-teach-us-before-we-go-to-work-monday-morning/

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Thursday, February 16, 2012

အောင်မြင်သူတို့ရဲ့ ငယ်စဉ်ဘဝ


စကားပြောကောင်းတယ်? ထက်မြက်တယ်? ရဲရင့်တယ် သတ္တိရှိတယ်? ဒါဟာ ဟီလာရီကလင်တန်ကို လူတွေကပေးတဲ့ ထင်မြင်ချက်တွေဖြစ်မယ်။ လူတွေက သူ့ကိုပဲဘယ်လိုပဲဆိုဆို သူဟာ ကမ္ဘာ့နိုင်ငံရေးလောကမှာ ထိပ်တန်းရောက် အမျိုးသမီးနိုင်ငံရေးသမားဆိုရင် မှားမယ်မထင်ပါဘူး။ ဟီလာရီဟာ ခင်ပွန်းဖြစ်သူကလင်တန်ရဲ့ အရည်အချင်းလောက် မနိမ့်ကျရုံမက သူဟာငယ်ငယ်လေးကတည်းက ထက်မြက်သူ၊ ထူးချွန်သူ၊ ဦးဆောင်နိုင်မှုရှိသူ၊ ပြောဆိုဆက်ဆံရေး ကျွမ်းကျင်သူဖြစ်ခဲ့တယ်။

ဟီလာရီကို အမေရိကန်ချီကာဂိုမြို့ လူလတ်တန်းစားမိသားစုက မွေးဖွားခဲ့တယ်။ (၄)နှစ်သမီးအရွယ်မှာ ဟီလာရီကို ကြံ့ခိုင်တဲ့စိတ်စွမ်းအားနဲ့ ဆုံးဖြတ်နိုင်စွမ်းရှိစေဖို့ ဖြစ်ရပ်တစ်ခုက လေ့ကျင့်ပေးခဲ့တယ်။ အဲဒီတုန်းက သူတို့နေတဲ့ရပ်ကွက်ထဲမှာ ဟီလာရီကို အမြဲအနိုင်ကျင့်တတ်တဲ့ ကောင်မလေးတစ်ယောက်ရှိခဲ့တယ်။ အမြဲအနိုင်ကျင့်ခံရလို့ အဲဒီကောင်မလေးကို ဟီလာရီအရမ်းကြောက်ခဲ့တယ်။ အနိုင်ကျင့်ခံရတိုင်း မိခင်ကိုငိုယိုပြီး သူတိုင်တယ်။ မိခင်က အနိုင်ကျင့်ခံရရင် မကြောက်မရွံ့နဲ့ ပြန်တုန့်ပြန်ရတယ်လို့ ဟီလာရီကို ပြောပြတယ်။ မိခင်စကားအတိုင်း အနိုင်ကျင့်ခံရတိုင်း ဟီလာရီမငိုခဲ့တော့ဘူး။ မကြောက်မရွံ့နဲ့ မားမားရပ်ရင်ဆိုင်ခဲ့တယ်။ ဟီလာရီရဲ့ ဦးဆောင်မှုပါရမီက တစ်နေ့တခြား ပေါ်လွင်လာခဲ့ပါတယ်။ နောက်ပိုင်း သူ့ဘေးမှာ ကလေးတွေအများကြီး စုရုံးဝိုင်းရံတာကို ခံခဲ့ရတယ်။


ဘောလုံးကွင်းထဲမှာ လူဘယ်နှယောက်ရဲ့အာရုံကို ဒေးဗစ်ဘက်ခ်ဟမ်း ဖမ်းစားဆွဲဆောင်နိုင်ခဲ့သလဲ? စာရင်းပြုစုနိုင်ခဲ့ဖူးပါသလား?

ဘောလုံးကွင်းထဲမှာ ဒီကမ္ဘာကျော်ဘောလုံးသမား ကိုယ်ထင်ပြပြီဆိုတာနဲ့ ပရိသတ်ရဲ့ညာသံ၊ အော်ဟစ်သံတွေက ကွင်းတစ်ခုလုံးကို လွှမ်းသွားစေသလို ကင်မရာမီးရောင်ကလည်း တဖျပ်ဖျပ်နဲ့ ရပ်နားခဲ့တယ်လို့ မရှိခဲ့ပါဘူး။ ဘက်ခ်ဟမ်းဟာ (၃)နှစ်အရွယ်ကတည်းက ဘောလုံးစကန်ခဲ့ပါတယ်။ ဘောလုံး"ကန်"တယ်ဆိုတာထက် ဘောလုံး"ကစား"တဲ့အချိန်က ပိုများခဲ့ပေမယ့် ဖခင်ဖြစ်သူက သူ့ကိုတစိုက်မတ်မတ် လေ့ကျင့်ပေးခဲ့တယ်။ အဆော့သန်တဲ့ဘက်ခ်ဟမ်းဟာ ဘောလုံးကိုတဖြေးဖြေး နှစ်သက်သွားခဲ့ပါတယ်။

ကျောင်းတက်တဲ့အရွယ်ရောက်တော့ ဘက်ခ်ဟမ်းနဲ့ဖခင် "အလောင်းအစား"တစ်ခု လုပ်ခဲ့တယ်။ တကယ်လို့ သတ်မှတ်ထားတဲ့နေရာကနေ ဘက်ခ်ဟမ်း ဂိုးတစ်ခါသွင်းနိုင်တိုင်း ဖခင်က သူ့ကို ငွေအကြွေ ၅ဝပဲနိပေးတယ်။ ဂိုးဝင်တိုင်း မုန့်ဖိုးရတဲ့ ဘက်ခ်ဟမ်းက ကလေးပီပီ ပျော်ရွှင်ခဲ့ပါတယ်။ တဖြေးဖြေး ကြီးပြင်းလာမှ ဖခင်ရဲ့ပြုစုပျိုးထောင်မှုနဲ့ စေတနာကို သူနားလည်ခဲ့ပါတယ်။


မန်ဒဲလားက တောင်အာဖရိကတိုက်ရဲ့ ပထမဦးဆုံးသော လူမည်းသမ္မတဖြစ်တယ်။ တောင်အာဖရိကရဲ့ လူမျိုးခွဲခြားရေး၊ အသားအရောင်ခွဲခြားရေး ပပျောက်အောင် (၁ဝ)နှစ်ကျော်ကြာ သူ မဆုတ်မနစ်ကြိုးပမ်းခဲ့လို့ တစ်ကမ္ဘာလုံးက လူတွေရဲ့ထောက်ခံမှုနဲ့ အားပေးမှုကိုရခဲ့တယ်။ မန်ဒဲလားဟာ ခေတ်တစ်ခေတ်ရဲ့သင်္ကေတလို့ လူတွေကဆိုကြတယ်။ မန်ဒဲလားရဲ့ တော်လှန်ရေးစိတ်ဓာတ်၊ လိုအင်ပြင်းပြတဲ့ တရားမျှတမှုနဲ့ စဉ်းစားတွေးခေါ်မှုတွေက ငယ်စဉ်ကတည်းက သူ့အသွေးသားထဲ စီးဆင်းနေခဲ့ပြီဖြစ်တယ်။

ရွာလေးတစ်ရွာမှာ မွေးဖွားကြီးပြင်းခဲ့တဲ့ မန်ဒဲလားဟာ သူ(၉)နှစ်အရွယ်မှာ ဖခင်သေဆုံးသွားခဲ့တယ်။ ရပ်ရွာအငြင်းပွားမှုတွေကို ရွာသူကြီးက ဖြေရှင်းတိုင်း လူဖြူအစိုးရရဲ့ဥပဒေနဲ့ ကန့်သတ်ချုပ်ချုယ်ခံရတာကို သူအမြဲတွေ့မြင်ခဲ့ရတယ်။ အဲဒီနောက် တရားမျှတမှုနဲ့ တန်းတူတဲ့အခွင့်အရေး၊ တန်းတူတဲ့အတွေးအမြင်ကို ရှာဖွေရမယ်လို့ သူသဘောပေါက်ခဲ့တယ်။ အသက်တဖြေးဖြေး ကြီးပြင်းလာပြီးနောက် သူ့ဦးဆောင်မှုနဲ့ ကျောင်းထဲက လူဖြူဥပဒေကို သူဆန့်ကျန်ပုန်ကန်ခဲ့တယ်။ ကျောင်းသားလှုပ်ရှားမှုအဖြစ် ဦးဆောင်ခဲ့လို့ သူကျောင်းထုတ်ခံခဲ့ရတယ်။ ပုန်ကန်ထကြွမှုတိုင်းမှာ မန်ဒဲလား ရည်ရွယ်ချက်တစ်ခု ချမှတ်ခဲ့တယ်။ အဲဒီရည်ရွယ်ချက်က တောင်အာဖိရိက,က လူမည်းတစ်ဦးတိုင်းအတွက် စစ်မှန်တဲ့ တရားမျှတမှုကို ရှာဖွေတောင်းဆိုဖို့ဖြစ်တယ်။


ဂီတလောကမှာ မိုးဇက်(Mozart)ကို ထူးခြားတဲ့ ကလေးပါရမီရှင်လို့ သတ်မှတ်ထားခဲ့တယ်။ ငယ်ငယ်လေးကတည်းက မိုးဇက်ရဲ့ ဂီတနဲ့ပတ်သက်တဲ့ ပါရမီ၊ ထူးချွန်မှုဟာ ပေါ်လွှင်နေပြီဖြစ်တယ်။ ဂီတအနုပညာအပေါ် ပြင်းပြတဲ့ဆန္ဒ၊ စွဲလမ်းနှစ်သက်တဲ့ စိတ်သဘောထားကို မိုးဇက်ရဲ့ကလေးဘဝမှာ သင်တွေ့နိုင်ပါတယ်။ လူတိုင်းက ပါရမီရှင်မဖြစ်နိုင်ပေမယ့် အရွယ်ရောက်တဲ့ကလေးတချို့အတွက် ကလေးပါရမီရှင် မိုးဇက်ဟာ အတုယူစရာ၊ အားကျသင်ယူဖွယ်ရာ ဖြစ်ခဲ့ပါတယ်။

မိုးဇက်ဟာ ကလေးဘဝတည်းက စန္ဒရားရှေ့အမြဲသွားပြီး စန္ဒရားခလုတ်ကိုနှိပ်ပြီး စိတ်ဝင်တစား နားထောင်တတ်တယ်။ ပြီးတော့ သူတစ်ကြိမ်ပဲ နားထောင်ဖူးတဲ့ တေးသွားအတိုင်း လိုက်တီးတတ်တယ်။ တစ်ခါတုန်းက ဖခင်က မိတ်ဆွေတွေနဲ့အတူ အိမ်ကိုပြန်လာခဲ့တယ်။ (၄)နှစ်အရွယ် မိုးဇက်တစ်ယောက် စားပွဲခုံပေါ်ထိုင်ပြီး တစ်ခုခုရေးနေတာတွေ့တော့ ဖခင်က ဘာလုပ်နေလဲလို့မေးတယ်။ မိုးဇက်က စန္ဒရားသံစဉ်တွေကို ရေးနေတယ်လို့ဆိုတယ်။ သူရေးနေတဲ့ စာရွက်ကိုယူကြည့်တော့ ဖခင်ဟာ အံ့သြတုန်လှုပ်သွားခဲ့တယ်။ မိတ်ဆွေကို ယူပြပြီး ဖခင်ကပြောတယ်.. "ကြည့်စမ်း! သူရေးထားတာတွေက ညီညာမှန်ကန်ပြီး အဓိပ္ပာယ်ရှိလိုက်တာ"။ အဲဒီနောက်ပိုင်း မွေးရာပါ ပါရမီကို ကြိုးစားမှု၊ စိတ်ပါဝင်စားမှုတွေ သူထည့်ပေါင်းခဲ့တယ်။

HP (Hewlett-Packard Company)ရဲ့ စီမံခန့်ခွဲရေး အမျိုးသမီးအရာရှိဟောင်း Carly Fiorinaဟာ အမျိုးသားဦးဆောင်သူတွေကြားမှာ လှပထင်ရှား ကျော်ကြားခဲ့သူဖြစ်တယ်။ လုပ်ရည်ကိုင်ရည်ရှိပြီး၊ ဇွဲသတ္တိနဲ့ပြည့်စုံတဲ့ Carlyကို အမေရိကန် Fortuneမဂ္ဂဇင်းက "သြဇာအရှိဆုံး အမျိုးသမီးလုပ်ငန်းရှင်" အဖြစ်သတ်မှတ်ခဲ့လို့ တစ်ကမ္ဘာလုံးရဲ့ စိတ်ဝင်စားမှုကို ခံခဲ့ရတယ်။ Carlyဟာ ကလေးဘဝကတည်းက မိခင်ရဲ့ကြံ့ခိုင်မှု၊ သင်ယူမှုနဲ့ ဘဝကိုချစ်တတ်မှုတွေ သင်ယူနိုင်ခဲ့တယ်။

Carlyကို အမေရိကန် တက်ဆက်ပြည်နယ်က ဥရောပသွေးပါတဲ့မိသားစုက မွေးဖွားခဲ့တယ်။ ဖခင်က ဗဟိုအစိုးရဌာနက တရားသူကြီးတစ်ဦးဖြစ်ပြီး မိခင်က အနုပညာသည်တစ်ဦးဖြစ်တယ်။ ကလေးဘဝတည်းက မိခင်ဟာ သူ့ရဲ့အလေးစားဆုံးသူဖြစ်ခဲ့တယ်။ ဘဝကိုချစ်၊ သဘာဝကိုချစ်တဲ့မိခင်ဟာ Carlyကို လူလုပ်တဲ့သဘောတရားတွေ သင်ပေးခဲ့တယ်။ Carlyရဲ့ လုပ်နိုင်စွမ်းတွေကို ထုတ်ဖော်ပြသစေခဲ့တယ်။ Carlyဟာ ငယ်ငယ်လေးတည်းက ဖခင်နဲ့အတူ နိုင်ငံပေါင်းစုံလည်ပတ်ခဲ့ဖူးလို့ မျက်စိပွင့်နားပွင့်ရှိခဲ့သလို ကိစ္စရပ်တစ်ခု၊ ပြဿနာတစ်ခုရဲ့ အတိမ်အနက်ကို တွေးတောဆင်ခြင်တတ်စိတ်တွေ မွေးမြူနိုင်ခဲ့တယ်။ ဒါဟာလည်း သူ့ကို ရဲရင့်သူ၊ ဆွဲဆောင်မှုရှိသူ၊ မိမိကိုယ်ကိုယ်ယုံကြည်မှုရှိသူနဲ့ ဘဝကို ချစ်ခင်တတ်သူအဖြစ် သက်ရောက်စေခဲ့ပါတယ်။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Monday, February 13, 2012

တုံးအတဲ့မိန်းမ နဲ့ ထက်မြက်တဲ့မိန်းမ


တုံးအတဲ့မိန်းမက ယောက်ျားနဲ့အတိုက်အခံပြုတယ်။
ထက်မြက်တဲ့မိန်းမက ယောက်ျားကို အားပေးကူညီတယ်။

တုံးအတဲ့မိန်းမက ယောက်ျားရဲ့ချွတ်ယွင်းချက်ကိုပဲ ထိုးဆွပြီး အမြဲစိတ်တိုတယ်။
ထက်မြက်တဲ့မိန်းမက ယောက်ျားရဲ့အားသာချက်ကိုပဲကြည့်ပြီး အမြဲပျော်ရွှင်တယ်။

တုံးအတဲ့မိန်းမက နေရာ၊ အခြေအနေမခွဲဘဲ ယောက်ျားနဲ့ငြင်းခုန်ရန်ဖြစ်တယ်၊ ယောက်ျားကို လူပုံအလယ်မှာ မျက်နှာသာမဲ့စေတယ်။
ထက်မြက်တဲ့မိန်းမက လူတွေကြားမှာ ယောက်ျားကိုမျက်နှာသာပေးတယ်။ ဆုံးမစရာ၊ ပြောစရာရှိရင် နှစ်ကိုယ်ကြားမှာပဲပြောတယ်။

တုံးအတဲ့မိန်းမက ယောက်ျားကို သိမ်ငယ်အောင်လုပ်တယ်။ ယောက်ျားကိုသိမ်ငယ်စေတာဟာ ကိုယ့်ကိုသိမ်ငယ်စေတယ်ဆိုတာကို သူမေ့နေလို့ဖြစ်တယ်။
ထက်မြက်တဲ့မိန်းမက ယောက်ျားကို တန်ဖိုးထားလေးစားတယ်။ ယောက်ျားကို လေးစားတာဟာ ကိုယ့်ကိုပိုပေါ်လွင်စေကြောင်း သူနားလည်လို့ဖြစ်တယ်။

တုံးအတဲ့မိန်းမက အတိတ်ဟောင်းကို ခဏခဏထုတ်ပြီး ယောက်ျားကို တဗျစ်တောက်တောက်ပြောတယ်။
ထက်မြက်တဲ့မိန်းမက ယောက်ျားနဲ့အတူ လှပတဲ့အနာဂတ်ရောက်ဖို့ ဦးတည်တယ်။

တုံးအတဲ့မိန်းမက ယောက်ျားရဲ့အမှားကို မလွတ်တမ်းဆုပ်ကိုင်ပြီး ယောက်ျားအကြောင်းအကုန်သိသူလို့ ကိုယ့်ကိုယ်ကိုထင်တယ်။
ထက်မြက်တဲ့မိန်းမက ယောက်ျားရဲ့အမှားကိုခွင့်လွှတ်ပြီး ယောက်ျားဆိုတာ ဘယ်တော့မှ မကြီးပြင်းတတ်တဲ့ကလေးလို့ဆိုတယ်။

တုံးအတဲ့မိန်းမက "နင် ထွက်သွား!" လို့ အော်ဟစ်တယ်။
ထက်မြက်တဲ့မိန်းမက "ငါ့အနားက မခွာနဲ့"လို့ဆိုတယ်။

တုံးအတဲ့မိန်းမက ယောက်ျားကို မြားတစ်စင်းလို တင်းတင်းဆွဲတယ်။ တင်းတင်းဆွဲလေ ဝေးဝေးကိုရောက်လေပါပဲ။
ထက်မြက်တဲ့မိန်းမက ယောက်ျားကို လေတံခွန်လို လွှတ်တယ်။ လက်ထဲက ကြိုးကို စိတ်အေးလက်အေးကိုင်တယ်။

တုံးအတဲ့မိန်းမက ကိုယ်တော်၊ ကိုယ်တတ်ကြောင်းကို ပိုအရေးစိုက်တယ်။
ထက်မြက်တဲ့မိန်းမက ထောက်ပံ့၊ မှီခိုအားထားဖို့ကို ပိုနားလည်တယ်။

တုံးအတဲ့မိန်းမက ယောက်ျားအနား တဖဝါးမှမခွာ ထိန်းကျောင်းတယ်။
ထက်မြက်တဲ့မိန်းမက ယောက်ျားအနား ခွာလိုက်၊ ကပ်လိုက်လုပ်တယ်။

တုံးအတဲ့မိန်းမက ချက်ပြုတ်လျှော်ဖွပ်တာကို သိပေမယ့် ကိုယ့်ကိုယ်ကို မပြုပြင်၊ မဖီးလိမ်းချင်ဘူး။
ထက်မြက်တဲ့မိန်းမက ချက်ပြုတ်လျှော်ဖွပ်တာကို သိသလို ကိုယ့်ကိုယ်ကိုလဲ ဖီးလိမ်းပြုပြင်ဖို့ မမေ့ဘူး။

တုံးအတဲ့မိန်းမက ယောက်ျားကို ဖိအားနဲ့ စိတ်ဖိစီးမှုတွေပေးတယ်။
ထက်မြက်တဲ့မိန်းမက ယောက်ျားကို စိတ်အားထက်သန်မှုနဲ့ လှုပ်ရှားမှုကိုပေးတယ်။

တုံးအတဲ့မိန်းမက သူ့မျက်ရည်ကြားမှာ ယောက်ျားကိုကျရှုံးစေတယ်။
ထက်မြက်တဲ့မိန်းမက သူ့အရယ်အပြုံးကြားမှာ ယောက်ျားကိုအောင်မြင်စေတယ်။

မူရင်း---http://www.duwenzhang.com/wenzhang/jingdianwenzhang/yuju/20101221/165373.html

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

I Love you


Wilbur Faissနဲ့ Theresaတို့ဟာ အမေရိကန်က အသက်အရှည်ဆုံး၊ အိမ်ထောင်သက်အရှည်ဆုံး ဇနီးမောင်နှံအဖြစ် အမေရိကန် "Worldwide Marriage Encounter" က အသိအမှတ်ပြုခဲ့ပါတယ်။ Wilbur က အသက် (၁ဝဝ)ရှိပြီး Theresa က အသက်(၉၆)နှစ်ဖြစ်ပါတယ်။ သူတို့ရဲ့အိမ်ထောင်သက်က (၇၈)နှစ်ရှိပါပြီ။

သူတို့နှစ်ယောက်ဟာ ၁၉၂၆ခုနှစ် ကပွဲတစ်ခုမှာတွေ့ဆုံပြီး မြင်မြင်ချင်းချစ်ခဲ့ကြသူတွေဖြစ်တယ်။ ၁၉၃၃ခုနှစ်မှာ သူတို့လက်ထက်ခဲ့ကြတယ်။ ဒုတိယကမ္ဘာစစ်ကို အတူဖြတ်သန်းခဲ့သလို အမေရိကန်ရုရှား သွေးအေးစစ်ပွဲနဲ့လည်း ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမယ့် သူတို့ရဲ့အချစ်တွေ ခိုင်မြဲခဲ့ကြတယ်။

ဒီကနေ့မှာတော့ သူတို့ဇနီးမောင်နှံမှာ သမီးနှစ်ယောက်၊ မြေး ၅ယောက်နဲ့ မြစ် ၇ယောက်ရှိနေပါပြီ။ အိမ်ထောင်သက်အရှည်ဆုံးအဖြစ် အသိအမှတ်ပြုခံရတော့ သူတို့အံ့သြမိကြသတဲ့။ အိမ်ထောင်သက်ရှည်ရတဲ့ လျှို့ဝှက်ချက်ကိုမေးတော့ အဓိက,က "အချစ်"ကြောင့်လို့ဆိုပါတယ်။ Wilburက ဇနီးရဲ့အတွေးစိတ်ကူးတွေကို မေးပြီး ဇနီးအတွက် ဘာလုပ်ပေးနိုင်မလဲလို့ သူအမြဲစဉ်းစားကြောင်း ပြောပါတယ်။ အသက်(၉၆)နှစ်ရှိပြီဖြစ်တဲ့ ဇနီးကို နေ့တိုင်း "I Love you"လို့ သူပြောခဲ့ပါတယ်လို့ ဆိုပါတယ်။

"အခုခေတ်မှာ လူတော်တော်များများရဲ့ အိမ်ထောင်ရေးက မမြဲတာများတယ်။ တစ်ယောက်နဲ့တစ်ယောက် ညှိနှိုင်းလို့မရ၊ နားလည်မှုမရရင် ကွာရှင်းမယ်ဆိုတာချည်းပဲ။ ဒါကိုတော့ ကျွန်မတို့ နားမလည်နိုင်ပါဘူး" လို့ Teresaကပြောပါတယ်။

"Wilburတို့ ဇနီးမောင်နှံဟာ လွန်ခဲ့တဲ့(၇၈)နှစ်မှာ အချင်းချင်း ကတိသစ္စာဆိုခဲ့ကြတယ်။ အဲဒီကတိသစ္စာကို အခုချိန်ထိ လက်ကိုင်ထားနိုင်ခဲ့တယ်"လို့ Worldwide Marriage Encounter အဖွဲ့ကပြောခဲ့ပါတယ်။

http://www.ksdk.com/news/local/story.aspx?storyid=300501

နိုင်းနိုင်းစနေ


Share/Bookmark

Saturday, February 11, 2012

အကြွေစေ့နှစ်စေ့ရဲ့ ပုံပြင်


၁၉၄၅ခုနှစ် အောက်တိုဘာလ(၂၇)ရက်နေ့မှာ ဘရာဇီးနိုင်ငံ Pernambucoပြည်နယ်က ရွာလေးတစ်ရွာမှာရှိတဲ့ လယ်သမားမိသားစုကနေ ကောင်လေးတစ်ယောက် မွေးဖွားခဲ့တယ်။ အဲဒီမိသားစုဟာ ဆင်းရဲလွန်းတာကြောင့် ကောင်လေးဟာ (၄)နှစ်သားအရွယ်ကတည်းက လမ်းပေါ်မှာ မြေပဲဆံလိုက်ရောင်းခဲ့ရတယ်။ ဒါတောင် အစားနပ်မှန်မှန် သူ မစားခဲ့ရသလို အဝတ်လုံလုံလည်း မဝတ်ခဲ့ရပါဘူး။

ကျောင်းစတက်တဲ့အရွယ်မှာ ကောင်လေးဟာ ကျောင်းအားချိန်တိုင်း အဖော်သူငယ်ချင်းနှစ်ယောက်နဲ့ ဖိနပ်လိုက်တိုက်ခဲ့တယ်။ တကယ်လို့ ဖိနပ်တိုက်သူမရှိရင် သူတို့ဗိုက်ငတ်ရပါတယ်။

ကောင်လေး(၁၂)နှစ်အရွယ် တစ်ညမှာ ပင်မင်းဆိုင်သူဌေးတစ်ဦး ဖိနပ်လာတိုက်ခဲ့တယ်။ ကောင်လေးနဲ့ အဖော်နှစ်ယောက်ဟာ သူ့ထက်ငါဖိနပ်တိုက်ရဖို့အတွက် သူဌေးဆီဝိုင်းအုံသွားခဲ့ကြတယ်။ ကောင်လေးသုံးယောက်ရဲ့ တောင့်တနေတဲ့ မျက်လုံးအစုံကိုကြည့်ပြီး သူဌေးဆုံးဖြတ်ရခက်သွားတယ်။ နောက်ဆုံး သူဌေးက အကြွေစေ့နှစ်စေ့ထုတ်ပြီး "ဘယ်သူ ပိုက်ဆံလိုရင် ဘယ်သူ့ကို ငါ့ဖိနပ်တိုက်စေမယ်။ ဖိနပ်တိုက်ခ နှစ်ကျပ်ပေးမယ်"လို့ဆိုတယ်။

အဲဒီတုန်းက ဖိနပ်တစ်ခါတိုက်မှ ပြား(၂ဝ)ရတာပါ။ အခု(၁ဝ)ဆလောက်ရမယ့် ပိုက်ဆံက မိုးပေါ်ကကျလာတဲ့ မုန့်တွေလိုပဲ ကောင်လေးသုံးယောက်ရဲ့ မျက်လုံးကို အရောက်လက်သွားစေခဲ့ပါတယ်။

"ကျွန်တော် မနက်ကတည်းက အစာမစားရသေးပါဘူး။ စားဖို့ပိုက်ဆံသာ ထပ်မရခဲ့ရင် ကျွန်တော်ဆာပြီသေသွားလိမ့်မယ်"လို့ အဖော်ကောင်လေးတစ်ယောက်က ဆိုတယ်။

"ကျွန်တော့်အိမ်မှာ အစာပြတ်နေတာ ၃ရက်ရှိသွားပါပြီ။ အမေကလည်း နေမကောင်းဘူး။ အိမ်အတွက် ကျွန်တော်စားစရာဝယ်ပြန်ပေးရမယ်။ ဒီလိုမှမဟုတ်ရင် ညအိမ်ပြန်ရောက်ရင် ကျွန်တော် အရိုက်ခံရတော့မယ်"လို့ နောက်ကောင်လေးတစ်ယောက်က ဆိုတယ်။

သူဌေးလက်ထဲက ပိုက်ဆံနှစ်ကျပ်ကိုကြည့်ပြီး ကောင်လေးခဏလောက် စဉ်းစားလိုက်တယ်။ ပြီးမှ "တကယ်လို့ ဒီပိုက်ဆံနှစ်ကျပ်ကို ကျွန်တော်ရခဲ့မယ်ဆိုရင် သူတို့နှစ်ယောက်ကို တစ်ယောက်တစ်ကျပ်စီ ကျွန်တော်ပေးလိုက်မယ်" လို့ပြောတယ်။ ကောင်လေးရဲ့အပြောကိုကြားတော့ သူဌေးကြီးနဲ့ ကျန်အဖော်နှစ်ယောက်ပါ အံ့အားသင့်သွားကြတယ်။

"သူတို့က ကျွန်တော်ရဲ့အကောင်းဆုံးသူငယ်ချင်းတွေပါ။ သူတို့ဆာနေတာ တစ်ရက်ရှိသွားပါပြီ။ ကျွန်တော်ကတော့ နေ့လယ်တုန်းက မြေပဲဆံလေး နည်းနည်းစားထားရတော့ ဖိနပ်တိုက်ဖို့ အားရှိနေပါသေးတယ်။ သူဌေးရဲ့ဖိနပ်ကို ကျွန်တော်တိုက်ပါရစေ။ သူဌေးကို ကျေနပ်စေရပါမယ်" လို့ ကောင်လေးက ဆက်ပြောပါတယ်။

ကောင်လေးကြောင့် သူဌေးခံစားသွားမိတယ်။ ကောင်လေးကို သူဖိနပ်တိုက်စေခဲ့ပြီး ငွေနှစ်ကျပ်ကိုပေးလိုက်တယ်။ ကောင်လေးက ဘာမှမပြောဘဲ ငွေနှစ်ကျပ်ကိုယူပြီး သူ့အဖော်နှစ်ယောက်ကို ချက်ချင်းခွဲပေးလိုက်တယ်။

ရက်အနည်းငယ်ကြာတော့ သူဌေးက ကောင်လေးကိုရှာပြီး ကျောင်းအားချိန်တိုင်း သူ့ပင်မင်းဆိုင်မှာ အလုပ်လုပ်စေခဲ့တယ်။ ညစာထမင်းပါ ကျွေးခဲ့တယ်။ လုပ်အားခနည်းပေမယ့် ဖိနပ်လိုက်တိုက်တာထက်စာရင် ပိုကောင်းခဲ့ပါတယ်။

ဒါဟာ ကိုယ့်ထက်ပို ဆင်းရဲကျပ်တည်းသူကို ကူညီခဲ့လို့ ရလာတဲ့အခွင့်အရေးဆိုတာကို ကောင်လေးသိတယ်။ ဒါကြောင့် နောင်နောက်ခါမှာ သူတတ်စွမ်းသလောက် သူ့ထက် ပိုကျပ်တည်းတဲ့လူတွေကို တွေ့တိုင်း ကောင်လေးကူညီခဲ့တော့တယ်။

နောက်တော့ သူဟာ ကျောင်းရပ်နားပြီး အလုပ်ရုံမှာ အလုပ်သမားဝင်လုပ်ခဲ့တယ်။ အလုပ်သမားတွေ အလုပ်သမားအခွင့်အရေးရဖို့ သူတောင်းဆိုခဲ့တယ်။ အသက် (၂၁)မှာ အလုပ်သမားအသင်းထဲ သူဝင်ခဲ့တယ်။ အသက်(၄၅)နှစ်မှာ အလုပ်သမားပါတီကို သူတည်ထောင်ခဲ့တယ်။

(၂ဝဝ၂)ခုနှစ် အောက်တိုဘာလမှာ "ဒီနိုင်ငံမှာရှိတဲ့ လူတွေအားလုံး တစ်နေ့ကို ထမင်းသုံးနှပ်မှန်မှန် စားစေရမယ်"ဆိုပြီး သူရွေးကောက်ပွဲဝင်ခဲ့တယ်။ ပြည်သူအများရဲ့ အားပေးထောက်ခံမှုကို သူရခဲ့ပြီး ဘရာဇီးနိုင်ငံရဲ့(၃၅)ဦးမြောက်သမ္မတဖြစ်လာခဲ့တယ်။ သူဟာ ဘရာဇီးသမိုင်းမှာ ပထမဦးဆုံး အလုပ်သမားကနေ သမ္မတဖြစ်လာသူဖြစ်တယ်။ (၂ဝဝ၆)ခုနှစ်မှာ ဒုတိယအကြိမ် သမ္မတအဖြစ် သူဆက်လက်အရွေးခံခဲ့ရပြန်တယ်။

သူသမ္မတဖြစ်တဲ့ (၈)နှစ်အတွင်းမှာ သူပြောခဲ့တဲ့ကတိအတိုင်း လက်တွေ့အကောင်ဖော်ခဲ့တယ်။ တစ်နိုင်ငံလုံးမှာရှိတဲ့ ၉၃%သောကလေးငယ်တွေနဲ့ ၈၃%သော အရွယ်ရောက်သူတွေကို တစ်နေ့သုံးနပ်မှန်စေခဲ့တယ်။

သူ့ရဲ့ဦးဆောင်မှုအောက်မှာ ဘရာဇီးနိုင်ငံကို "မြက်စားတဲ့ ဒိုင်နိုဆော"ဘဝကနေ "အမေရိကားတိုက်ရဲ့ ခြင်္သေ့"အဖြစ် တစ်ကမ္ဘာလုံးရဲ့ ၁ဝနိုင်ငံမြောက် စီးပွားရေးနိုင်ငံကြီး ဖြစ်စေခဲ့တယ်။

သူကတော့ တခြားသူမဟုတ်ပါဘူး။ (၂ဝ၁ဝ)နှစ်ကုန်ပိုင်းမှာ သမ္မတအဖြစ်က တာဝန်ရပ်နားခဲ့တဲ့ ဘရာဇီးသမ္မတာဟောင်း Luiz Inacio Lula da Silva ပဲဖြစ်ပါတယ်။


ကိုယ့်ကိုယ်ကို ဘယ်တော့မှ လက်မလျော့နဲ့.. သူတစ်ပါးကိုလည်း ဘယ်တော့မှ မစွန့်လွှတ်ပါနဲ့တဲ့။

တော်ထက်တဲ့ တစ်ကိုယ်ကောင်းဆန်ခြင်းက တစ်ပါးသူကောင်းစားရေးအတွက်ပါ။
သူတစ်ပါးကို ကူညီနေစဉ်အတောအတွင်းမှာ သင် ဘုရားဖြစ်လာလို့ပါပဲ။

သူတစ်ပါးကို ဂရုစိုက်လေလေ ကိုယ့်ကိုယ်ကို စိုးရိမ်ပူပန်စိတ် နည်းလေလေတဲ့ ---- Dalai Lamaက ဟောခဲ့ပါတယ်။

http://en.wikipedia.org/wiki/Luiz_In%C3%A1cio_Lula_da_Silva

မူရင်း -- http://www.5719.cn/html/xinling/zheligushi/201201/liangmeiyingbidefenpei_7822.html

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Friday, February 10, 2012

အင်တာနက်ဒေါင်း(တောင်း)တဲ့ရောဂါ


လက်ရှိနေတဲ့နေရာကနေ အလုပ်ကိစ္စနဲ့ မိုင်(၅ဝ)ဝေးတဲ့နေရာကို ပြောင်းတော့မယ်ဆိုတော့ မောင်ကြီးကပြောတယ် "အိမ်မှာ အင်တာနက်မရှိဘူး... ရောက်ပြီး တစ်ပတ်လောက်မှရမယ်နော်"တဲ့။ အင်တာနက်မရှိရင် ကျွန်မ မနေတတ်မှန်းသူသိလို့ ပြောတာပါ။ မရှိတော့လည်း မရှိဘူးပေါ့.. ဘယ်တတ်နိုင်မလဲလို့။ အင်တာနက်မရှိတော့ လုပ်စရာတွေ ပိုလုပ်ရတာပေါ့လို့။ ဖတ်စရာအကြွေး၊ ရေးစရာအကြွေးတွေက အများကြီးလေ။ အဲဒီလိုနဲ့ အိမ်ပြောင်းသွားတယ်.. အင်တာနက်မရှိတဲ့ သုံးရက်၊ လေးရက်မှာတော့ လုပ်စရာတွေက အများကြီး၊ အိမ်သန့်ရှင်းရေးလုပ်တယ်၊ ဖတ်မယ်ဆိုပြီး တောင်းလုပ်ချထားတဲ့ အီးဘုတ်တွေဖတ်ဖြစ်တယ်။ ရေးမယ်ဆိုပြီး တစ်ဝက်တစ်ပျက်ရပ်ထားတာကြာပြီဖြစ်တဲ့ စာကို ဆက်ရေးတယ်။ အင်တာနက်မရှိလဲ ရနေတာပဲလို့ ကိုယ့်ကိုယ်ကို ထင်နေမိတယ်။ ဒါတောင် တစ်ခါတလေ မြန်မာဖောင့်မပေါ်တဲ့ ဖုန်းနဲ့ ဟိုဝင်ကြည့် ဒီဝင်ကြည့်သေးတယ်။

အဲဒီလိုနဲ့ တစ်ပတ်နေတော့ အင်တာနက်လဲ မလျှောက်ပေးသေးဘူး။ စိတ်က ခုလုလုဖြစ်လာပြီ။ ညီမငယ်တစ်ယောက်ကို အရေးတကြီး မေးလ်ပို့စရာရှိတာကို သွားသတိရမိတော့ စိတ်က ပိုပိုခုလာတယ်။ အရေးကြီးတဲ့မေးလ်ပို့စရာရှိတယ်လို့ မောင်ကြီးကိုလောတော့ သူက သူ့ဖုန်းကိုကွန်ပြူတာနဲ့ ချိတ်ပေးတယ်။ အဲဒီမှာ ဖုန်းနဲ့ကွန်ပြူတာကို ချိတ်ပြီးသုံးလို့ရတယ်ဆိုတာကို သိလိုက်တော့ အင်တာနက်မရှိလဲ ရပါတယ်ဆိုတဲ့စိတ်က နေမသိ၊ ထိုင်မသာပိုဖြစ်လာတယ်။ ဖုန်းကလည်း အင်တာနက်ကို အကန့်အသတ်နဲ့ပဲ သုံးရတော့ တစ်နေ့မှာ ခဏလောက်ဝင်ရလည်း မဆိုးဘူးဆိုပြီး ဆေးလိုနေတဲ့ ဆေးသမားလို ချိတ်ချိတ်ပေးဖို့ ပူဆာတော့တယ်။

ဖုန်းနဲ့ကွန်ပြူတာကိုဆက်ပြီး အင်တာနက်ချိတ်ပြီဟေ့ဆိုတာနဲ့ အီးမေးလ်ဖွင့်တယ်၊ တစ်ပြိုင်ထဲမှာ ဂူဂယ်readerဖွင့်တယ်၊ တစ်ပြိုက်ထဲမှာ ဖေ့စ်ဘုတ်ဖွင့်တယ်၊ ဘလော့ဖွင့်တယ်။ ပြီးရင် အီးမေးလ်က မေးလ်ကိုစစ်တယ်။ ပြီးရင် အင်တာနက်ကို ပိတ်လိုက်ရော... မဟုတ်ရင် ဖုန်းကကန့်သတ်ထားတာပြည့်လို့ တစ်နေ့နည်းနည်း နည်းနည်းစားနေရကနေ လုံးဝမစားရတော့တဲ့အခါ ပိုနေရခက်မှာ စိုးလို့ပါ။ ပြီးမှ readerကို စိတ်ပြေနပြေဖတ်တယ်။ ဟိုးအရင်က သေသေချာချာ မဖတ်ဘဲ ခေါင်းစဉ်ပဲဖတ်တဲ့ဆိုက်တချို့ကိုတောင် တစ်လုံးချင်းဖတ်ဖြစ်တယ်။ ဒါပေမယ့် အင်တာနက်ဖြတ်လိုက်တော့ loading.. loadingနဲ့ပဲ တချို့ဆိုက်က ပုံတွေလည်းမပေါ်လာဘူး။ ဖတ်ရင်း.. ဖတ်ရင်း မပြီးခင် နောက်တစ်မျက်နှာကလည်း ဖွင့်မလာတော့ဘူး။ အဲလိုနဲ့ နှမြောတသနဲ့ Xကိုနှိပ်လိုက်ရတော့တယ်။ ဒါပေမယ့် အဲဒီနေ့တစ်နေ့အတွက်တော့ စိတ်ထဲမှာ နေသာထိုင်သာရှိသွားပါတယ်။

အဲဒီလိုနဲ့ ဆေးမှီဝဲသလို တစ်နေ့ကို နည်းနည်းသုံးလိုက် နေသာထိုင်သာရှိလိုက်နဲ့.. မောင်ကြီးရဲ့ဖုန်းပြည့်ခါနီးပြီဆိုရင် ကျွန်မရဲ့ဖုန်းကို သုံးလိုက်နဲ့ပေါ့။ ဒီကြားထဲမှာ အင်တာနက်မြန်မြန်လျှောက်ပေးဖို့လည်း လောရသေးတယ်။ နားပူနားဆာလုပ်လွန်းလို့ နားညီးသွားတယ် ထင်ပါရဲ့... နားအေးအောင် သူမြန်မြန်လျှောက်ပေးပါတယ်။ ဒါတောင် အင်တာနက်မရှိလည်းရတယ် စာရေးမယ်၊ စာဖတ်မယ်ဆိုလို့ ခနဲ့သေးတယ်။ တကယ်ဆို ဒီရောဂါက အစမှာ မစွဲတာပဲကောင်းပါတယ်။ စွဲပြီးဆိုရင် ဖြတ်ရတော်တော်ခက်တယ်။ ဒါပေမယ့် တစ်နေ့ကိုနည်းနည်းသုံးရလည်း ကျေနပ်တတ်တယ်။ ဒါကလည်း ခေတ်ရေစီးနောက်လိုက်ရတဲ့ အိုင်တီခေတ်ဆိုတော့ အခုဖြစ်၊ အခုတင်၊ အခုမြင်၊ အခုသိမှ အဲဒီတစ်နေ့အတွက် နေသာထိုင်သာရှိသွားတယ်လို့ ခံစားရလို့လေ။ ဒါကြောင့် အင်တာနက်ဒေါင်း(down)တဲ့အခါ အင်တာနက်ပေးပါ.. ပေးပါလို့ ... တောင်းဆိုခဲ့မိတော့တယ်...

နိုင်းနိုင်းစနေ


Share/Bookmark

အိမ်ထောင်ရေးအချစ်တည်မြဲတဲ့ ပုံသေနည်း


တကယ်လို့ "အိမ်ထောင်ရေးအချစ်တည်မြဲတဲ့ ပုံသေနည်း"ရှိခဲ့မယ်ဆိုရင် သင်လိုက်နာနိုင်မလား?

လိုက်နာနိုင်မယ်လို့ ထင်ပါတယ်... ဘယ်သူမဆို တည်မြဲတဲ့ မပြောင်းလဲအချစ်ကို လိုချင်ကြတာပဲ မဟုတ်လား! အမေရိကန်ပညာရှင် Catherine Johnsonက လေ့လာဆန်းစစ်မှုတွေလုပ်ပြီး "အိမ်ထောင်ရေးအချစ် တည်မြဲတဲ့ ပုံသေနည်း"ကို ရေးသားခဲ့ပါတယ်။

Catherineက အိမ်ထောင်စုံတွဲ (၁ဝဝ)တွဲကို တွေ့ဆုံပြီးဆန်းစစ်မှု ပြုလုပ်ခဲ့တာဖြစ်တယ်။ အဲဒီအိမ်ထောင်စုံတွဲရဲ့ အိမ်ထောင်သက်က အနည်းဆုံး(၇)နှစ်နဲ့ အများဆုံး(၅၅)နှစ်ရှိသူတွေ ဖြစ်ကြတယ်။ အောက်ကအချက်တွေကတော့ လင်မယားအချစ်တည်မြဲရေးမှာ နှစ်ဦးစလုံးရှိအပ်တဲ့နည်းတွေဖြစ်တယ်။

ချစ်ခင်ရင်းနှီးပုံသေနည်း

ကျွန်မတွေ့ဆုံခဲ့တဲ့ လင်မယားအတွဲတစ်ရာထဲမှာ အများစုက အချင်းချင်းသိပြီးတဲ့နောက်မှာ ချက်ချင်း ချစ်ခင်ရင်းနှီးသွားကြသူတွေဖြစ်တယ်။ တားဆီးလို့မရနိုင်တဲ့ ခံစားချက်မျိုးနဲ့ခံစားရပြီး အတူတကွ ဘဝကိုအတူမျှဝေဖို့ သူတို့မျှော်လင့်ကြသတဲ့။

ဒီလို ချစ်ခင်ရင်းနှီးတဲ့ ပုံသေနည်းမှာ ညီညွတ်တဲ့၊ အလေးထားတဲ့ ခင်မင်ရင်းနှီးမှုတွေပါတယ်။ ဒါဟာ တူညီတဲ့ပြင်းပြမှုအပေါ် အခြေခံသလို အချင်းချင်းမတူညီမှုအပေါ်မှာလည်း အခြေခံတယ်။ စိတ်ဝင်စားစရာ ရှုထောင့်တစ်ခုကို အိမ်ထောင်သည် အမျိုးသမီးတစ်ဦးက အခုလို ပြောပြခဲ့တယ်။ "ပျော်ရွှင်တဲ့အိမ်ထောင်ရေးက ဆန့်ကျင်ဖက်အကျင့်စရိုက်ရှိတဲ့ လူနှစ်ယောက်ကနေ ညီညွှတ်တဲ့အနေအထားမှာ ဖြစ်လာတာဖြစ်တယ်"လို့ တင်ပြခဲ့ပါတယ်။ သူ့ရဲ့အမျိုးသားက အကောင်းမြင် ပျော်ပျော်နေတတ်သူဖြစ်ပြီး သူက အဆိုးမြင်စိတ်တွေများသူဖြစ်တယ်။ ဒါပေမယ့် သူတို့နှစ်ယောက်မှာ တူညီတဲ့ကိုးကွယ်မှုဘာသာရှိတယ်။ လူမျိုးတူတယ်။ သူက သူ့အမျိုးသားရဲ့စိတ်ဓာတ်ကို စွဲလမ်းတယ်၊ သူ့အမျိုးသားက သူ့ရဲ့သိမ်မွေ့ပျော့ညံ့တာကို ချစ်တယ်။ သူတို့ရဲ့အိမ်ထောင်ရေးက လူတွေပြောနေကြတဲ့ ကိုယ်အခြမ်းကို ရှာတွေ့သွားတာပဲဖြစ်တယ်။

မျှဝေပုံသေနည်း

တစ်ယောက်က မနက်စာပြင်ဆင်နေချိန် ကျန်တစ်ယောက်က ခွေးထွက်ကျောင်းမယ်။ မနက်စာစားပြီးနောက် မနက်ပိုင်းသတင်းစာကို နှစ်ယောက်အတူဖတ်မယ်။ အိမ်ထောင်ရေးတည်မြဲတဲ့ လင်မယားလိုလိုတိုင်းက ဒီအတိုင်းပဲဖြစ်တယ်။ ဒီလိုပုံစံက ဘာပျော်ရွှင်စရာမှ မဖြစ်စေနိုင်ဘူးဆိုပေမယ့် ဒါဟာ အိမ်ထောင်ရေးထဲ အချင်းချင်းယုံကြည်မှုနဲ့ တာဝန်ယူမှုကို ထည့်ပေးပါတယ်။

ခွင့်လွှတ်ပုံသေနည်း

အချစ်တည်မြဲတဲ့ လင်မယားတွေက ရန်ဖြစ်ခဲပါတယ်။ သူတို့ကြားမှာ စိတ်ဆိုးစရာနဲ့ ကြုံတွေ့ခဲ့သည့်တိုင် မှန်ကန်တဲ့ဖြေရှင်းနည်းနဲ့ သူတို့ဖြေရှင်းတတ်တယ်။ သူတို့မှာ မတူတဲ့ ဖြေရှင်းတဲ့နည်း ကိုယ်စီရှိကြမှာပေါ့။ အဓိက,က အချင်းချင်း ဖေးမအားပေးတာမျိုးက ပိုကောင်းတဲ့အကျိုးရလဒ်ကို ဖြစ်ထွန်းစေပါတယ်။

အာဟာရဖြည့်ပုံသေနည်း

အိမ်ထောက်ဖက် အချင်းချင်းကြားမှာ ကိုယ့်အာရုံကို တစ်ဖက်လူရဲ့ကောင်းကွက်ပေါ်မှာပဲ စုပုံကျရောက်စေတဲ့အခါ သူတို့ရဲ့အိမ်ထောင်ရေးက စိုပြေမှာဖြစ်တယ်။ ဒါဟာ အိမ်ထောင်ဖက်နှစ်ဦးစလုံး အကောင်းမြင်တတ်သူ (postive thinker)တွေ ဖြစ်ရမယ်လို့ မဆိုပါဘူး။ သူတို့ဟာ ဝမ်းနည်းကြေကွဲတတ်သူ၊ အလောကြီးတတ်သူ၊ စိုးရိမ်ပူပန်စိတ်များသူလည်း ဖြစ်နိုင်ပါတယ်။ ရင့်ကျက်တဲ့အိမ်ထောင်ရေးအချစ်က "ငါတို့မှာ ချွတ်ယွင်းချက်တွေရှိတယ်ဆိုတဲ့ အမှန်တရားကို ငါတို့လက်ခံနိုင်ရမယ်"ဆိုတဲ့ အနက်ကိုဆောင်ပါတယ်။

ပြောင်းလဲပုံသေနည်း

ပျော်ရွှင်တဲ့ အိမ်ထောင်သည်လင်မယားတိုင်းက ကိုယ့်ကိုယ်ကို ပြောင်းလဲရမယ်ဆိုတာကို သိနားလည်ကြတယ်။ အိမ်ထောင်ကျပြီး ဘဝကပိုကောင်းလာတယ်လို့ သူတို့ပြောကြတယ်။ သူတို့ရဲ့အိမ်ထောက်ဖက်တွေကလည်း ဒါကိုသဘောတူလက်ခံတယ်။

ပျော်ရွှင်ချမ်းမြေ့တဲ့ လင်မယားတွေဟာ အိမ်ထောင်ရေးကပ်ဆိုးကို ကြုံခဲ့ရဖူးသတဲ့။ ဒါပေမယ့် သူတို့ရဲ့အိမ်ထောင်ရေးက ကံကောင်းပြီး ဆက်ရှင်သန်ခဲ့ပြီး တစ်နေ့တခြား ပျော်ရွှင်လာခဲ့တယ်လို့ဆိုတယ်။ ဒါဟာလည်း အိမ်ထောင်ဖက်တွေဟာ သူတို့ရဲ့ချွတ်ယွင်းချက်ကို သူတို့ပြောင်းလဲသင့်တယ်ဆိုတာကို သိကြလို့ဖြစ်တယ်။ ကောင်းမွန်တဲ့ အိမ်ထောင်ရေးတစ်ခုက လူတွေရဲ့ ချစ်ခြင်းမေတ္တာကို ပိုကောင်းမွန်အောင် ပြောင်းလဲဖို့ အထောက်အကူဖြစ်စေပါတယ်။

နားလည်ပုံသေနည်း

လင်မယားအများစုက အိမ်ထောင်ဖက်အပေါ် သစ္စာစောင့်ထိန်းရုံနဲ့ အိမ်ထောင်ရေးကို ပျော်ရွှင်မှုပေးနိုင်မှာ မဟုတ်ဘူးလို့ ဆိုကြတယ်။
ဒါပေမယ့် အိမ်ထောင်ရေးကိုတော့ တည်မြဲစေတာ အမှန်ပါပဲ။ လင်မယားကြားမှာ သစ္စာစောင့်ထိန်းခြင်းက အခြေခံလိုအပ်ချက်ဖြစ်တယ်။ ဒါဟာ အိမ်ထောင်ဖက်အပေါ်လိုအပ်တဲ့ သင့်လိုအပ်ချက်ကို ကိုက်ညီစေသလို သူနဲ့ ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်း သင်ပြောဆိုဆက်ဆံစေနိုင်တယ်။ သူ့ခံစားချက်အမှန်ကို ဖွင့်ပြောစေနိုင်သလို သူ့အပေါ် သင်နားလည်မှုရှိတယ်ဆိုတာကို သူခံစားသိမြင်နိုင်မှာဖြစ်တယ်။

တန်းတူညီမျှပုံသေနည်း

ပျော်ရွှင်တဲ့လင်မယားရဲ့ တန်းတူညီမျှနည်းကို ငွေကြေးထိန်းသိမ်းရေးမှာ ထင်ထင်ရှားရှားမြင်သာစေပါတယ်။ ပျော်ရွှင်တဲ့လင်မယားတိုင်းက “မိသားစုဝင်ငွေဟာ အတူတကွခံစားဖို့ဖြစ်တယ်။ သူဟာလည်းမဟုတ်သလို ငါ့ဟာလည်းမဟုတ်ပါဘူး။ ငွေကြေးခွဲဝေရေးအပေါ် သူတို့ဘယ်တော့မှ ငြင်းခုန်ရန်ဖြစ်တာမျိုးမရှိဘူး”လို့ တွေဝေစိတ်မရှိ သူတို့ပြောပါတယ်။

သူငယ်ချင်းပုံသေနည်း

အိမ်ထောင်ရေးအချစ်တည်မြဲတဲ့ ဒီ“သူငယ်ချင်း”တွေကြားမှာ ဇနီးဖြစ်သူက သူစိတ်ကူးအိပ်မက်ကို သူလွတ်လွတ်လပ်လပ် လိုက်လံရှာဖွေ ဖမ်းဆုပ်နိုင်ပါတယ်။ သူ့ဆုံးဖြတ်ချက်၊ သူ့စိတ်ကူးအိပ်မက်ကို လင်ယောက်ျားနားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ သူအပေါ်ထားတဲ့ လင်ယောက်ျားရဲ့ အချစ်နဲ့လေးစားမှုက အကြွင်းမဲ့ဆိုတာကို သူသိတယ်။ လင်ယောက်ျားကလည်း ဒီအတိုင်းပဲ နားလည်ထားတယ်လို့ဆိုပါတယ်။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Sunday, February 05, 2012

ပြန်လာခဲ့မယ်..း)


အရင်ပတ် စနေနေ့က နေအိမ်အဟောင်းနဲ့ မိုင်(၅ဝ)ကျော်ဝေးတဲ့ နေရာသစ်တစ်ခုကို ပြောင်းဖြစ်တယ်။ အဓိက,က မောင်ကြီးရဲ့အလုပ်ကြောင့်ပါပဲ။ ကျွန်မတော့ လက်ရှိအလုပ်ကထွက်ပြီး သျှောင်နောက်လိုက်ခဲ့ရတဲ့ ဆံထုံးပေါ့း) နေရာသစ်မှာ အင်တာနက်မတပ်ရသေးတော့ ဘလော့ပေါ် စာတွေမရေးတင်ဖြစ်ဘူး။ နေကောင်းလား? ခရီးထွက်နေလားလို့ စိတ်ပူတဲ့အီးမေးလ်တွေအတွက် ကျေးဇူးတင်ပါတယ်လို့.. နောက်တစ်ပတ် အိမ်မှာအင်တာနက်ရတဲ့အခါ ပြန်လာခဲ့ပါမယ်..း)

အချိန်ရှိရင် ဘလော့ဂါမိုးလှိုင်ညရိုက်ထားတဲ့ "ဆိုက်ကား"ဆိုတဲ့ မှတ်တမ်းဗွီဒီယိုလေးကိုကြည့်ဖို့ မိတ်ဆက်ပေးလိုက်ပါတယ်။

http://www.youtube.com/watch?v=fyzCFOR9l9o

နိုင်းနိုင်းစနေ


Share/Bookmark